← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

🫧 Chapter 235

မုန့်ရှန်းနှင့် ကျွမ်းယောင်တို့၏ တိုက်ပွဲသည် နာရီဝက်ခန့်အထိ ကြာမြင့်ခဲ့ပေသည်။

ထိုနာရီဝက် အတွင်းတွင် ကျန်းလင်တို့သည် ကျွမ်းယောင် ၏ ဝိညာဉ်ခန္ဓာကိုယ် အဆက်မပြတ်ပြောင်းလဲနေပြီးလိုက်လျော ညီထွေ ဖြစ်လာနေသည်ကို ကြည့်နေခဲ့ကြ၏။

သူသည် မွေးရာပါ ကျင့်ကြံသူ တစ်ဦးနှင့်ပင်တူနေတော့ သည်။

ယခုအခါ သူသည် အမှန်တကယ်ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့၏။

အနည်းငယ် လမ်းပြပေးလိုက်ရုံဖြင့် သူသည် ချက်ချင်းပင် ကျင့်ကြံခြင်း လုပ်ငန်းစဉ်အတွင်းသို့ ဝင်ရောက်သွားနိုင်မည် ဖြစ်ပေသည်။

မြေအောက်ကမ္ဘာတွင် သရဲတစ္ဆေ အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသော်လည်း ယနေ့အချိန်အထိ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ မရောက်ရှိသေးသော သရဲတစ္ဆေများစွာ ရှိနေသေးသည်ကို သိထားရမည် ဖြစ်၏။

"မဆိုးဘူးပဲ၊ အတော်လေး လက်စွမ်းရှိတာပဲ"

လက်ရုပ်သိမ်းလိုက်ပြီးနောက် မုန့်ရှန်းသည် ကျွမ်းယောင် ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

ထို့နောက် သူသည် စာအုပ်တစ်အုပ်ကို ထုတ်ယူကာ စောစောက တိုက်ပွဲအတွင်းမှ ရရှိခဲ့သော ခံစားချက်များနှင့် တွေ့ရှိချက် အသစ်အချို့ကို မှတ်တမ်းတင်လိုက်၏။

စာရေးနေရင်းနှင့်ပင် သူသည် ကျန်းလင်တို့ကို ရှင်းပြရန် မေ့မသွားချေ။

"တာဝန်ကောင်း တစ်ခုကို သတ်မှတ်တဲ့ စံနှုန်းက ဘာလဲဆိုတော့"

"ငါတို့ အမြင်အရ စွမ်းရည်တစ်ခုက သတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုအထိ တိုးတက်လာတဲ့ အခါမှာ အခြေခံ အကျဆုံး တိုက်ပွဲတွေကပဲ ငါတို့ရဲ့ ပုန်းကွယ်နေတဲ့ စွမ်းရည်တွေကို ပိုပြီး နှိုးဆွပေးနိုင်သလို၊ ကိုယ့်ကိုကိုယ် ပိုသိလာစေနိုင်တယ်"

"ဘယ်အချိန်ပဲ ဖြစ်ဖြစ် ခွန်အားကြီးမားမှု ဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ခွန်အားကြီးမားအောင်လုပ်ရတာကနေ စတင်ရတာချည်းပဲ"

"တိုက်ပွဲတွေ ထဲမှာဆိုရင် ငါတို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး နားလည်လာဖို့ လွယ်ကူတယ်"

ထိုသို့ ပြောပြီးနောက် သူ ခေါင်းမော့လိုက်ပြီး "တောင်ဘက် ခန်းမဆောင်မှာ ပြိုင်ဘက်က ခွန်အားကြီးလေ ငါတို့အတွက် အခွင့်အရေး တစ်ခု ဖြစ်လေပဲ" ဟု ဆက်ပြောလိုက်၏။

"ကိုယ့်ကိုယ်ကိုယ် ပိုပြီး ခွန်အားကြီးလာစေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ပိုပြီး နားလည်လာစေဖို့ အခွင့်အရေး တစ်ခုပဲ"

"ဒါကြောင့် စိန်ခေါ်မှုပိုများတဲ့ တာဝန်တွေက ပိုပြီးအလုအ ယက် ခံရတယ်"

ဝိညာဉ်တမန်တော်များသည် တာဝန်တစ်ခု အတွက် ယှဉ်ပြိုင်ကြသောအခါ ၎င်းသည် မိမိတို့၏ကိုယ်ပိုင် စွမ်းအားကို စမ်းသပ်ခြင်း တစ်မျိုးလည်း ဖြစ်နေသည် မဟုတ်လော။

ထို့အပြင် အလွန်ခက်ခဲသော တာဝန်များအတွက်ဆိုလျှင် ဤကဲ့သို့ ပြိုင်ပွဲ ပုံစံက မြေအောက်ကမ္ဘာကို တာဝန်ယူရန သင့် လျော်သော ဝိညာဉ်တမန်တော်များကို အမြန်ဆုံး ရှာဖွေနိုင်စေပြီး အချည်းနှီး အသက်သေဆုံးရမည့် အခြေအနေ အချို့ကိုလည်း ရှောင်ရှားနိုင်စေပေသည်။

အကယ်၍ ခွန်အားမလုံလောက်ဘဲ တာဝန်ကိုလက်ခံခဲ့လျှင် အမြောက်စာအဖြစ်သာ အသုံးချခံရမည် ဖြစ်၏။

'ဒါက တောင်ဘက် ခန်းမဆောင်ရဲ့တာဝန် ဖြန့်ဝေမှု စနစ်ပဲ'

"ကောင်းတယ်"

လျိုပုဝေသည် နားထောင်ရင်း လက်သီးများပင် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့၏။

သူ ခဏနေလျှင် တာဝန်ဌာန အပေါက်ဝသို့သွားရောက် စမ်းသပ်ကြည့်မည်။

ကျန်းလင် စဉ်းစားနေရင်း ရုတ်တရက် အသံကိုနှိမ့်ချကာ မေးလိုက်သည်။

"အထူး တာဝန်တွေကိုကော လုလို့ ရနိုင်လား"

မုန့်ရှန်းသည် သူ့ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး

"ရတယ်၊ ဒါပေမယ့် တာဝန်ဌာနမှာ ချထားပေးနိုင်တဲ့ အထူး တာဝန်တွေက အများကြီး မရှိဘူး မကြာသေးခင်က တစ်ခု ရှိခဲ့ပေမယ့် တခြား ဝိညာဉ်တမန်တော်တစ်ပါးက ယူသွားပြီ" ဟု ပြန်ဖြေလိုက်၏။

ထိုအခါကျန်းလင်၏ မျက်လုံးများ အနည်းငယ် အရောင်လဲ့သွားတော့သည်။

'ရှိရင် ရပြီပဲ'

'ရှိနေသရွေ့တော့ အခွင့်အရေးဆိုတာ အမြဲတမ်း ရှိနေမှာပါ'

ကျန်းလင် အရှေ့ဘက်ခန်းမဆောင်တွင် ရှိနေစဉ်က အထူး တာဝန်များနှင့် တစ်ခါမှ မကြုံဖူးခဲ့ချေ။ အရှေ့ဘက် ခန်းမဆောင်သည် ဝိညာဉ်တမန်တော်များထံသို့ တိုက်ရိုက် ခွဲဝေပေးခြင်း ဖြစ်နိုင်သည်ဟု သူ တွေးမိသည်။

သို့သော် တောင်ဘက် ခန်းမဆောင်၏ ဤကဲ့သို့ တာဝန်လုရသည့် စနစ်ကမူ စနစ်၏ တာဝန်ကို ပြီးမြောက်အောင် လုပ် ဆောင်ရန် သူ့အတွက် ပိုအထောက်အကူ ဖြစ်စေပေသည်။

[လခွမ်း၊ တကယ်ကြီး တိုက်ခိုက်ဖို့ သက်သက်အတွက်ပါလား]

[အစ်ကိုကြီးကျွမ်း ရှုံးသွားရင် ပြစ်ဒဏ်တွေ ဘာတွေ ရှိမလား]

[ကျွမ်းယောင်ကိုက လေ့ကျင့်‌ဖော်အဖြစ် တစ်ကြိမ်ကူညီပေးလိုက်ရုံပါ၊ ဒါပေမဲ့ အခု အခြေအနေကို ကြည့်ရတာ ဒီဝိညာဉ်တမန်တော်ကြီးကော ကျွမ်းယောင်ပါ အတော်လေး အကျိုးအမြတ် ရလိုက်ကြတဲ့ ပုံပဲ]

[တောင်ဘက် ခန်းမဆောင်က ဒီလိုမျိုးလုပ်တာ တော်တော်လေး ကောင်းတယ်လို့ ငါ ထင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ခွန်အားကြီးတာကမှ တကယ့် ခွန်အားကြီးတာပဲ၊ ခွန်အားကြီးလာမယ့် ဘယ်အခွင့်အရေးကိုမှ လက်လွတ်မခံဘူး]

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် ကျန်းလင် စောစောက တိုးတိုးလေး မေးလိုက်သော စကားကို မကြား လိုက်ရဘဲ မုန့်ရှန်း ပြောပြခဲ့သော တောင်ဘက် ခန်းမဆောင် ၏တာဝန်ခွဲဝေမှုစနစ် အကြောင်းကိုသာအုတ်အော်သောင်း နင်း ဆွေးနွေးနေကြတော့၏။

စောစောက ကျွမ်းယောင်ငယ်ရွယ်သွားသည့် ကိစ္စနှင့် ပတ်သက်၍မူ သူတို့ လက်ရှိ သိပ္ပံပညာဖြင့် ရှင်းပြနိုင်သော အရာများ မဟုတ်သဖြင့် ဝိညာဉ်ခန္ဓာကိုယ်၏ထူးခြားမှုကြောင့်သာ ဖြစ်မည်ဟု ယူဆလိုက်ကြပေသည်။

သေချာ လေ့လာလိုသောပရိသတ် အချို့ကမူ တိုက်ရိုက်ထုတ်လွှင့်မှု ပြင်ပတွင် သီးသန့် အဖွဲ့များ ဖွဲ့ကာ ဆွေးနွေးနေကြပြီ ဖြစ်၏။

[ငါလည်း ကောင်းတယ်လို့ ထင်တယ်]

[ဒါကြောင့်ပဲ တောင်ဘက် ခန်းမဆောင်က ဝိညာဉ်တမန်တော် တစ်ပါးချင်းစီရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဒီလောက်တောင် ကြောက်စရာ ကောင်းပြီး တိုက်ရိုက်ခိုက်ရတာကို ကြိုက်နေကြတာကိုး]

[ဒီလို နှိုင်းယှဉ်ကြည့်လိုက်တော့ Streamer ကြီးတို့ နေတဲ့ ငရဲပြည်က တော်တော်လေး ငြိမ်းချမ်းပြီး အေးချမ်းတဲ့ နေရာပဲ]

တောင်ဘက် ခန်းမဆောင်၏ လုပ်ရပ်သည် ရုတ်တရက် ကြားလိုက်ရလျှင် အနည်းငယ် ကြမ်းတမ်းသည်ဟု ထင်ရပေမည်။

သို့သော် ဤနေရာသည် ငရဲပြည် ဖြစ်ပြီး လူ့လောက မဟုတ်သဖြင့် မူလကတည်းက ရှင်သန်ရသည့် နည်းလမ်းများ မတူ ညီကြပေ။

ထို့အပြင် လူ့လောကတွင်လည်း အမျိုးမျိုးသော စာမေးပွဲများ ရှိနေသည် မဟုတ်လော။

အပတ်စဉ် စာမေးပွဲ၊ လစဉ် စာမေးပွဲ၊ နှစ်ဝက်စာမေးပွဲ၊ မူလတန်း၊ အလယ်တန်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲများအပြင် တက္ကသိုလ် ရောက်လျှင်လည်း ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် အမျိုးမျိုးကို ဖြေဆိုကြရပေသည်။

ထိုအရာများသည်လည်း မိမိ၏ အရည်အချင်းကို အဆက် မပြတ် စမ်းသပ် စစ်ဆေးနေခြင်းပင် မဟုတ်ပါလော။

ငရဲပြည်သည်လည်း ထိုနည်းတူစွာပင် ဖြစ်၏။

ခွန်အားကို အားကိုးရသူများက ခွန်အားကို လေ့ကျင့်ကြပြီး ဉာဏ်ရည်ကို အားကိုးရသူများက ဉာဏ်ရည်နှင့် သက်ဆိုင်သော တာဝန်များကို ယူကြကာ၊ နည်းပညာကို အားကိုးရသူများကလည်း နည်းပညာနှင့် သက်ဆိုင်သော တာဝန်များကို ယူကြပေသည်။

တာဝန် မလုမီ ပြုလုပ်သော ပြိုင်ပွဲများသည် စာမေးပွဲ မဖြေမီ ကျောင်းသား နှစ်ဦးအချင်းချင်း အပြန်အလှန် မေးခွန်းများ မေးကာ အလွတ်ရွတ်ဆိုကြည့်ခြင်းနှင့် အတူတူပင် မဟုတ်လော။

ထိုသို့ တွေးကြည့်လိုက်သောအခါ ပရိသတ်များ၏ လက်ခံနိုင်စွမ်းသည်လည်း အတော်လေး မြင့်မားသွားကြတော့၏။

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်

မုန့်ရှန်းသည် မှတ်စု ရေးမှတ်ပြီးနောက် ပတ်ဝန်းကျင်ရှိ ဝိညာဉ်အငွေ့အသက် အကာအကွယ်ကို ရုပ်သိမ်းလိုက်ပြီး ကျွမ်းယောင် ကို ခေါ်ဆောင်ကာ မြေအောက်ကမ္ဘာသို့ဝင်ရောက်သွားလေသည်။

ကျန်းလင်နှင့် လျိုပုဝေတို့သည်လည်း အနောက်မှ ကပ်ပါသွားကြ၏။

သူတို့သည် ကျွမ်းယောင်ကို အဝါရောင်ရေပန်းလမ်း အထိ လိုက်ပို့ပေးခဲ့ကြသည်။

ထိုလမ်းတွင် ပင့်ကူနီလီလီပန်းများပွင့်လန်းနေပြီး ဝိညာဉ်များသည် အဆုံးမရှိအောင်တန်းစီကာ လျှောက်လှမ်းနေကြပေသည်။

"အရှေ့က ဝိညာဉ်တွေ နောက်ကိုသာ လိုက်သွားလိုက်၊ လူအုပ်ထဲကနေ မထွက်သွားနဲ့"

မုန့်ရှန်းသည် စကားပြောရင်း တစ်ခုခုကို သတိရသွားဟန်ဖြင့် သတိပေးလိုက်၏။

"မုန့်ပေါ် အဖွားအို ဆီကို ရောက်ရင် မင်း နည်းနည်း သတိ ထားဦး၊ သူက မင်းနဲ့ တိုက်ချင်လာတိုက်လိမ့်မယ်၊ အဲ့ကောင်မကြီးက လက်ဆများတယ်၊ မင်း သတိထားမှ ရမယ်"

မည်သို့ပင်ဆိုစေကာမူ သူတို့ တစ်ပွဲ တိုက်ခိုက်ခဲ့ဖူးသဖြင့် မုန့်ရှန်း အနေဖြင့် ကျွမ်းယောင်ကို မည်သည့် ပြင်ဆင်မှုမျှ မရှိဘဲ သွားရောက်စေမည် မဟုတ်ပေ။

ထို့အပြင် ဝိညာဉ်တန်းကြီး တစ်ခုလုံးတွင် ကျွမ်းယောင် ကဲ့သို့ ဝိညာဉ်ခန္ဓာကိုယ် သိပ်သည်းပြီး ခွန်အားကြီးမားသော ဝိညာဉ်မျိုးမှာလည်း လက်ချိုးရေတွက်လို့ ရလောက်အောင် နည်းပါးလှပေသည်။

ယခုအခါ ထိုသေမင်း၏ အငွေ့အသက်များကို လောင်ကျွမ်းပစ်လိုက်ပြီးနောက် ကျွမ်ယောင်းသည် တောင်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ၏ မျက်လုံးထဲတွင် အလွန် အရသာရှိသော အစားအစာတစ်ခုကဲ့သို့ ဖြစ်နေတော့၏။

မည်သူမဆို သူ့ကို လာရောက် တိုက်ခိုက်ချင်နေကြမည် ဖြစ်ပေသည်။

၎င်းလူသားကအလွန် မျက်စိကျစရာကောင်းနေသည်မဟုတ်လော။

"ကျေးဇူးတင်ပါတယ် ဝိညာဉ်တမန်တော်ကြီး"

ကျွမ်းယောင် ကျေးဇူးတင်စကား ပြောလိုက်သည်။

ထို့နောက် သူသည် အဆုံးမရှိ ရှည်လျားလှသော ဝိညာဉ်တန်းကြီးကို မော့ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်၏။

"ဝိညာဉ်တမန်တော်ကြီး၊ အပေါ်ကို ရောက်သွားရင် နောက် ထပ် ဘဝသစ် တစ်ခု ဖြစ်သွားပြီ မဟုတ်လား"

မုန့်ရှန်း : "တခြား ဝိညာဉ်တွေ အတွက်တော့ ငါ သေချာ မပြောနိုင်ဘူး၊ ဒါပေမဲ့ မင်း ဝင်စားမယ် ဆိုရင်တော့ လူသား အဖြစ် ပြန်လည် မွေးဖွားလာနိုင်မှာ သေချာတယ်"

ထိုအခါကျွမ်းယောင်သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ခဏမျှ တိတ်ဆိတ်သွားကာ ကျန်းလင်တို့ ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

ထို့နောက် သူသည် ကျောကို မတ်မတ်ဆန့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏

"ဝိညာဉ်တမန်တော်ကြီး၊ ကျွန်တော် ဒီမှာ ဆက်နေချင်တယ်"

"အခုလို အခြေအနေမျိုးက တခြားသူတွေ အတွက်တော့ သေဆုံးခြင်း ဖြစ်နိုင်ပေမယ့်၊ ကျွန်တော့် အတွက်ကတော့ ဘဝသစ် တစ်ခုပဲ"

'အခု သူမှာ ခြေထောက်တွေ ရှိနေပြီ'

'သူ့မှာ အတွေ့အကြုံ ကြွယ်ဝတဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မှုတွေလည်း ရှိနေသေးတယ်လေ'

အကယ်၍ တောင်ဘက် ခန်းမဆောင်က ဒီဝိညာဉ်တမန်တော်ကြီးမုန့် ပြောသလိုမျိုး တကယ် ဖြစ်နေမယ် ဆိုရင် သူလည်း အသုံးဝင်သူ တစ်ယောက် ဖြစ်လာနိုင်သည် မဟုတ်လော။

'ဒါဆိုရင် သူ ဒီမှာ ဆက်နေလို့ ရနိုင်မလား'

' အဆက်မပြတ် လေ့ကျင့်မှုတွေကနေ တစ်ဆင့် ပိုပြီး ခွန်အားကြီးအောင် လုပ်လို့ ရနိုင်မလား'

အသက် ၂၇ နှစ် အရွယ်မှာ သူသည် တာဝန်မှရပ်နားခြင်း ခံလိုက်ရသည်။

ထို့ကြောင့်သူ၏ မကျေနပ်မှုများ အားလုံးသည်လည်း ဆက်လက် လျှောက်လှမ်း၍ မရတော့သော ဘဝတွင် ရပ်တန့်သွားခဲ့ရ၏။

သို့သော် ယခုအခါ မိမိတွင် အခွင့်အရေး ရှိနိုင်သေးကြောင်း ခန့်မှန်းမိသောအခါ ကျွမ်းယောင် နှလုံးသားထဲရှိ မီးတောက် သည် နောက်တစ်ကြိမ် ပြန်လည် လောင်ကျွမ်းလာပြန်တော့သည်။

'သူ ဒီမှာ ဆက်နေချင်တယ်'

'အသက် ၂၇ နှစ် အရွယ်မှာ အတင်းအကျပ် ရပ်တန့်ခံခဲ့ရတဲ့ အဲ တာဝန်ကို သူ ပြန်ဆက်ချင်တယ်'

ယခုအချိန်တွင် သူ့အတွက်ကတော့ သူသည် အသက်ရှင်နေခြင်းသာဖြစ်ပေသည်။

🫧 Chapter 236

အဝါရောင်ရေပန်းလမ်းသည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့၏။

ထို့နောက် မုန့်ရှန်း သည် ဟားဟားဟားဟု ရယ်မောလိုက်ပြီး "ငါ စောင့်နေတာ မင်းရဲ့ ဒီစကားကိုပဲ" ဟု ပြောလိုက်သည်။

'ဒီလောက် ကောင်းတဲ့ မျိုးစေ့လေး တစ်ခု ထွက်သွားရမှာက အရမ်း နှမြောစရာ ကောင်းတယ်လေ'

သူ စောစောက ကျွမ်းယောင် အရှေ့တွင် တောင်ဘက် ခန်းမဆောင်၏လုပ်ငန်းလည်ပတ်မှုပုံစံများကို အများကြီး ပြောပြခဲ့ရသည်မှာလည်း အလကား မဖြစ်သွားတော့ချေ။

"ငါ့နောက်ကို လိုက်ခဲ့"

ဘေးနားရှိဝိညာဉ်များက ဤဘက်သို့ သတိထားမိသွားကြပြီး မနေနိုင်ဘဲ မျှော်လင့်တကြီးဖြင့် လှမ်းကြည့်လိုက်ကြ၏။

မုန့်ရှန်းသည် မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ပြီး "မင်းတို့ ငါနဲ့ နာရီဝက်လောက် အတူတူတိုက်နိုင်တယ်ဆိုရင် လိုက်ခဲ့လို့ ရတယ်"

ရည်မှန်းချက် မရှိ၊ အရည်အချင်းမရှိသော ဝိညာဉ်များ အတွက်မူ ငရဲပြည်တွင် နေရစ်ပြီး နေ့စဉ်နှင့်အမျှထပ်တလဲ လဲ ဘဝကိုဖြတ်သန်းနေရခြင်းက ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

ထိုဝိညာဉ်သည် စိတ်ပျက်လက်ပျက်ဖြင့် အကြည့်ကို ရုပ်သိမ်းလိုက်၏။

သူက ဝိညာဉ်တမန်တော်ကြီး၏ဘေးတွင် ရပ်နေရုံနှင့်ပင် ခြေထောက်များတုန်ယင်နေပြီ ဖြစ်ပေသည်။

တစ်ယောက်ချင်း တိုက်ခိုက်ရမည် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ထိုဝိညာဉ်သည် ကျွမ်းယောင်ကို ခိုးကြည့်လိုက်ပြီး ဤလူက မည်သို့သော အဆင့်အတန်း ရှိသဖြင့် ဝိညာဉ်တမန်တော်ကြီးနှင့် နာရီဝက်လောက်အထိ တိုက်ခိုက်နိုင်ရသနည်း ဆိုသည်ကို တွေးတောနေမိ၏။

သေချာ ထပ်ကြည့်လိုက်သောအခါ ကျွမ်းယောင်း၏ ခန္ဓာကိုယ်သည် သူတို့ထက် ပိုသိပ်သည်းနေသည်ကို တွေ့ရပေသည်။

'တကယ်ပဲ ဝိညာဉ်တွေ အချင်းချင်းကြားမှာလည်း ကွာခြားချက်တွေ ရှိနေတာပဲ '

'အသက်ရှင်နေတုန်းက မတူညီတာကို ထားလိုက်တော့၊ ဘာလို့ သေသွားတဲ့ အခါမှာတောင် ဒီလောက်ကွာဟနေရတာလဲ'

[ဒါဆို အစ်ကိုကြီးကျွမ်းက ဒီမြေနေရာကို ဆက်ပြီးစောင့် ရှောက်ဖို့ ကျန်ရစ်ခဲ့တော့မှာပေါ့]

[အား အား အား ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာပြီ]

[အားပေးပါတယ်]

[အလေးပြုပါတယ်]

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျွမ်းယောင်အတွက် မနေနိုင်ဘဲ ဝမ်းသာသွားကြတော့၏။

သို့သော် ဘေးနားရှိ ထိုဝိညာဉ်၏တုံ့ပြန်မှုကို ကြည့်ပြီး သူတို့လည်း ရယ်ရခက် ငိုရခက် ဖြစ်သွားကြပေသည်။

[အမေက ငါ့ကို စာကြိုးစားခိုင်းတာ အကြောင်းပြချက်မရှိဘဲ မဟုတ်ဘူးဆိုတာ ရုတ်တရက် သိလိုက်ရတယ်]

[ထူးချွန်တဲ့ သူတွေက ဘယ်နေရာ ရောက်ရောက် အလုအ ယက်ခံရတာပဲ]

[သင်ခန်းစာ ရသွားပြီ သင်ခန်းစာ ရသွားပြီ၊ အခုချက်ချင်း သွားပြီး ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်လိုက်ဦးမယ်]

[လူ့ဘဝ ဆိုတာ မွေးလာတုန်းက ဘာမှ မပါသလို သေသွားရင်လည်း ဘာမှ ယူသွားလို့ မရဘူးလို့ အားလုံးက ပြောကြတယ်၊ ဒါပေမဲ့ ထူးချွန်မှုကတော့ ယူသွားလို့ရတယ်လေ သင်ယူထားတဲ့ အရာတွေက လူ့လောကမှာတင် သုံးလို့ရတာ မဟုတ်ဘဲ ငရဲပြည်မှာပါ အသုံးဝင်တယ်]

ထိုအချက်ကို တွေးမိသောအခါ အချို့သော ပရိသတ်များ သည် ရုတ်တရက် စိတ်လှုပ်ရှားလာကြတော့၏။

ထို့ကြောင့်အတွေးများကလည်း ရဲတင်းလာကြပေသည်။

[ငါသာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒတွေကို ကောင်းကောင်း တတ်ထားရင် ငရဲပြည်ကို လျှပ်စစ်မီးသွယ်တန်းပေးလို့ ရနိုင်မလား]

[ငါက ဂိမ်းကုမ္ပဏီကပဲ၊ လျှပ်စစ်မီးရသွားပြီဆိုရင် ငါက ဂိမ်းတစ်ခု သွားလုပ်ပေးမယ်]

[ငါက ကွန်ပျူတာတွေ သွားစီစဉ်ပေးမယ်]

[လခွမ်း မင်းတို့တွေ မတွေးကြနဲ့တော့၊ ငါပါ စိတ်လှုပ်ရှားလာပြီ]

ပရိသတ် အများအပြားသည် အင်တာနက်ပေါ်တွင် အမျိုးမျိုးသော စာအုပ်များနှင့် သင်တန်းများကို စတင် မှာယူနေကြတော့၏။

ပျင်းရိသူအချို့ပင်လျှင် မနေနိုင်ဘဲ ကိုယ်နေဟန်ထားကို ပြင်လိုက်ကြပေသည်။

'မြေအောက်ကမ္ဘာကို တည်ဆောက်ရေးတွေ လုပ်မယ်ဆိုတာ'

'တွေးကြည့်လိုက်တာနဲ့တင် တော်တော်လေး မိုက်တာပဲ'

သို့သော် သေချာ စဉ်းစားကြည့်မည် ဆိုပါက ငရဲပြည်တွင်လည်း နယ်ပယ် အသီးသီးမှ ပညာရှင်များ ရှိခဲ့ဖူးမည်သာ ဖြစ်၏။

သို့ဆိုလျှင် အဘယ်ကြောင့် ဖွံ့ဖြိုးတိုးတက် မလာခဲ့သနည်း။

'လူ့လောကနှင့် ငရဲပြည်၏သံလိုက်စက်ကွင်းများ မတူညီသောကြောင့်များလား'

'သို့မဟုတ် အခြားကန့်သတ်ချက်များ ရှိနေသလား'

မည်သို့ပင်ဖြစ်စေ သူတို့ သေချာသိနိုင်သည်ကတော့ထိပ်တန်းပညာရှင် တစ်ယောက် ဖြစ်လာပါက သေပြီးနောက်တွင်လည်း အသုံးဝင်လာနိုင်သေးသည် ဆိုခြင်းပင် ဖြစ်၏။

'ဒါဆိုရင် လုံလောက်ပါပြီ'

ထိုညတွင် နောက်ထပ် ရေပန်းစားသော ခေါင်းစဉ်တစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။

#မင်း မွေးလာတုန်းက မပါလာပေမယ့် သေသွားရင် ယူသွားလို့ရတဲ့ အရာက ဘာလဲ

အောက်ဘက်တွင် မှတ်ချက်များ သောင်းနှင့်ချီ၍ ရှိနေ၏။

[မင်းသာ လုံလောက်အောင် ထူးချွန်မယ် ဆိုရင် မင်းရဲ့ ဝိညာဉ်ကိုပါ ခေါ်သွားလိမ့်မယ်]

[မြေအောက်ကမ္ဘာမှာ တည်ဆောက်ရေးတွေ လုပ်ချင်လား၊ လာလေ စာလာသင်]

[ငါ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ပေမယ့် ငရဲပြည်ကိုတော့ ]

[လခွမ်း သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ကောင်းကောင်း တတ်ရင် ငရဲပြည်ကိုတောင် လျှပ်စစ်မီး သွယ်ပေးလို့ ရတယ်တဲ့လား]

-----

အချိန်အတန်ကြာပြီးနောက်

မိဘအချို့သည် ဤအချက်ကို ကလေးများကို ဆုံးမရန် စိတ်ခွန်အားပေး စကားအဖြစ်အသုံးပြုလာကြတော့၏။

"မင်း စာသင်နေတာ အခုလက်ရှိအတွက် သင်နေတယ်လို့ ထင်နေလား၊ မင်း ငါ့အတွက် သင်ပေးနေတယ်လို့ ထင်နေလား"

"မဟုတ်ဘူး၊ မင်းက မင်းကိုယ် မင်းအတွက် သင်နေတာ"

"မင်း သေသွားတဲ့အခါ ဘာမှ ယူသွားလို့ မရဘူး၊ ဒါပေမယ့် မင်း ခေါင်းထဲမှာရှိနေတဲ့ အရာတွေကိုပဲ ယူသွားလို့ ရတယ်"

"သေပြီးတဲ့နောက် ကောင်းကောင်းနေချင်ရင် ကိုယ်တိုင် အရည်အချင်း ရှိမှရမယ်"

ကလေးသည် နားမလည်ဘဲ ခေါင်းညိတ်ပြလိုက်ပြီး အပြစ်ကင်းစင်စွာဖြင့် မေးလိုက်၏။

"ဒါဆို သမီးခေါင်းထဲမှာ ကာတွန်းကားတွေ အများကြီး မှတ်ထားလိုက်ရင် အောက်ရောက်သွားတဲ့ အခါဆက်ကြည့်လို့ ရမလား"

မိဘ : "...."

'သူတို့ ပြောနေတာ ကိစ္စတစ်ခုတည်း ဟုတ်ရဲ့လား'

သို့သော် ကလေးကတော့ စိတ်လှုပ်ရှားသွားပြီး "ဒါဆို သား အာထရာမန်း ကားတွေ အများကြီး ကြည့်ထားလိုက်ရင် အောက်ရောက်သွားတဲ့ အခါ သူတို့ကို ခေါ်ထုတ်ပြီး တိုက်ခိုက်ခိုင်းလို့ရမလား" ဟု မေးလိုက်ပြန်သည်။

"...."

'ကလေးတွေရဲ့ ခေါင်းထဲမှာ ဘာတွေ တွေးနေသလဲ ဆိုတာကို ငါတို့ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူးလေ'

ငရဲပြည်၌

မုန့်ရှန်းသည် ကျွမ်းယောင်နှင့် ပတ်သက်၍ ဆက်လက် စီစဉ်ပေးစရာများ ရှိနေသဖြင့် ကျန်းလင်တို့နှင့် လမ်းခွဲလိုက်ကြ၏။

သို့သော် မခွဲခွာမီ မုန့်ရှန်းသည် မြေအောက်ကမ္ဘာ မြေပုံနှင့် ငရဲပြည် လမ်းကြောင်း တည်နေရာများ ပြသထားသော မြေပုံများကို ကျန်းလင်နှင့် လျိုပုဝေတို့အား တစ်စောင်စီ ပေးခဲ့ပေသည်။

ထို့အပြင် ကျားခေါင်းနှင့်တူသော ထိုအမြွှာ သရဲကလေး နှစ်ကောင်ကိုလည်း ခေါ်လာခဲ့ပြီး "ဒီကောင်လေး နှစ်ကောင်က မနေ့က ပြဿနာ ရှာထားလို့၊ ဒီကာလအတွင်းမှာ မင်းတို့ သဘောရှိ ခိုင်းစေလို့ရတယ်"

မုန့်ရှန်း "ဘယ်ကို သွားချင်လဲ၊ ဒါမှမဟုတ် ဘာဝယ်ချင်လဲ ဆိုတာကို သူတို့ နှစ်ကောင်ကိုမေးလို့ရတယ်" ဟု ဆက်ပြောလာသည်။

အမြွှာညီအစ်ကို နှစ်ယောက်သည် ပါးစပ်လေးများဆူကာ ရပ်နေကြသော်လည်း မည်သည့်စကားမျှ ဝင်မပြောကြချေ။

ယမန်နေ့က ဖျက်ဆီးလိုက်သော ထိုအိမ်များအတွက်လျော် ကြေးငွေများကို မည်သို့ ပြန်ဆပ်ရမည်နည်း ဆိုသည်ကို သူတို့ စဉ်းစားရဦးမည် ဖြစ်ပေသည်။

မုန့်ရှန်းထွက်သွားပြီးနောက် အမြွှာထဲမှ တစ်ကောင်က လျိုပုဝေနောက်သို့ လိုက်ပါသွားပြီး တာဝန်ဌာနဆီသို့ သွားကြကာ အခြား တစ်ကောင်ကမူ ကျန်းလင်၏ဘေးတွင် ကျန်ရစ်ခဲ့၏။

သို့သော် ကျန်းလင်သည် အဝေးသို့မသွားဘဲ ငရဲပြည်လမ်း တစ်လျှောက်တွင် လျှောက်လည်နေခဲ့သည်။

တစ်ချက်က မုန့်ရှန်းစောစောက ပြောခဲ့သော ကိစ္စကို သွားရောက် ကြည့်ရှုလို၍ဖြစ်၏။

နောက်တစ်ချက်ကမူ ဤတစ်ကြိမ် တောင်ဘက် ခန်းမဆောင်သို့ လာရောက်ခြင်းသည် သူ့ဘေးထွက်တာဝန် ဖြစ်သော တောင်ဘက် ငရဲပြည်၏ထူးခြားချက်များကို လူသိများအောင် ဖြန့်ဝေပေးရန် အတွက်လည်း ဖြစ်ပေသည်။

နိုင့်ဟယ်တံတားဘက်သို့ ရောက်သောအခါ ကျန်းလင်သည် မုန့်ရှန်းက ကျွမ်းယောင်းကို ဘာကြောင့် မုန့်ပေါ် အဖွားအို၏ လက်ဆကိုသတိထားရန် ပြောခဲ့သနည်း ဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားတော့၏။

နိုင့်ဟယ်တံတား အရှေ့ရှိ ကျောက်အိုးကြီး အရှေ့တွင် မုန့်ပေါ် အဖွားအိုသည် လက်တစ်ဖက်ဖြင့် ဟင်းရည်အိုးကို မွှေနေပြီး အခြား လက်တစ်ဖက်ဖြင့် ပါဝင်ပစ္စည်း တစ်ခုခုကို ထည့်နေပေသည်။

သူမ ခါးဘေး တစ်ဖက်တစ်ချက်စီတွင် နောက်ထပ်လက်အချို့ထွက်ပေါ်နေပြီး လက်တစ်ဖက်လျှင် ဟင်းရည်တစ်ပန်းကန်စီ ကိုင်ဆောင်ကာ တန်းစီနေသော ဝိညာဉ်များ အရှေ့သို့ အစဉ်လိုက် ကမ်းပေးနေ၏။

၎င်းမှာအလွန် စနစ်ကျပြီး အစီအစဉ် ကျနလှပေသည်။

ဟုတ်ပေသည်၊ တောင်ဘက် ခန်းမဆောင်မှ ဤမုန်းဖော် အဖွားအိုတွင် လက်အများအပြားရှိနေပေသည်။

သို့သော် ကျန်းလင်သည် ထိုလက်များမှာ ဝိညာဉ်အငွေ့အ သက်များဖြင့် ဖန်တီးထားခြင်း မဟုတ်ဘဲ မုန်းဖော် အဖွားအို၏ခန္ဓာကိုယ် အတွင်းမှ တကယ်ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ခံစားသိရှိနိုင်ပေသည်။

ထိုအချက်က ကျန်းလင်ကို အနည်းငယ်အံ့သြသွားစေခဲ့၏။

တောင်ဘက် ခန်းမဆောင်၏ပုံစံသည် အရှေ့ဘက် ခန်းမဆောင်နှင့် အမှန်တကယ်ပင် အနည်းငယ် ကွာခြားနေပေသည်။

"ကျွန်တော်တို့ ဆီက မုန့်ပေါ် အဖွားအိုက ခင်ဗျား‌လောက်သာ လုံလောက်အောင် ခွန်အားကြီးရင် လုပ်လို့ ရတယ်"

ထိုအခါဘေးနားရှိ ကျားခေါင်းနှင့် ကလေးငယ်က ဝင်ပြောလိုက်သည် "ဒီရာထူးက ယှဉ်ပြိုင်မှု အရမ်း ပြင်းထန်တယ်၊ မိန်းမတွေပဲ လုပ်လို့ ရတယ် ဆိုတဲ့ ကန့်သတ်ချက်သာ မရှိရင် ဦးလေးမုန့် တောင် ဝင်စမ်းကြည့်ချင်နေလောက်တယ်"

'ဘာကြောင့်လဲ'

မုန့်ရှန်းသည် တာဝန် လုယူပြီး ကျွမ်းယောင် ကို သွားရောက် ခေါ်ဆောင်ခဲ့သည်မှာ ကျွမ်းယောင်နှင့် တစ်ပွဲ တိုက်ခိုက်ချင်၍ မဟုတ်လော။

မုန့်ပေါ် အဖွားအို ရာထူးဆိုလျှင် ဤနေရာတွင် တိုက်ရိုက် စောင့်နေရုံဖြင့် ခွန်အားကြီးသော ဝိညာဉ်များရောက်လာသောအခါ တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်နိုင်မည် ဖြစ်ပေသည်။

ဤအချက် တစ်ခုတည်းနှင့်ပင် ဝိညာဉ်တမန်တော် အများအပြားကို စိတ်လှုပ်ရှားစေနိုင်၏။

တောင်ဘက် ခန်းမဆောင် ဆိုသည်မှာ မင်းမှာ အရည်အချင်းရှိရင် နေရာရနိုင်တဲ့ နေရာမျိုးပဲ။

[ဒင်~ နေ့စဉ်တာဝန် 'မြေအောက်ကမ္ဘာ ယဉ်ကျေးမှုကို ဖြန့်ဝေခြင်း ဝိညာဉ်လမ်းပြခြင်း' ပြီးမြောက်သည့် အတွက် ဂုဏ်ယူပါတယ်]

[ဒင်~ နေ့စဉ်တာဝန် 'မြေအောက်ကမ္ဘာ ယဉ်ကျေးမှုကို ဖြန့်ဝေခြင်း တာဝန်ဌာန ပြိုင်ပွဲပုံစံ' ပြီးမြောက်သည့် အတွက် ဂုဏ်ယူပါတယ်]

ကျန်းလင် : "..."

'ဝိညာဉ်လမ်းပြခြင်း' ဆိုသည့် မြေအောက်ကမ္ဘာ ယဉ်ကျေးမှု တာဝန်ကို ကျန်းလင်သည် အရှေ့ဘက် ခန်းမဆောင်တွင် ရှိစဉ်ကပင် လုပ်ဆောင်ခဲ့ပြီးဖြစ်ပေသည်။

'အခု ဒါကဆက်ပြီး လုပ်လို့ ရသေးတာလား'

'တောင်ဘက် ခန်းမဆောင်နှင့် အရှေ့ဘက် ခန်းမဆောင်၏ ယဉ်ကျေးမှု ကွာခြားချက်များကြောင့် သူ အရှေ့ဘက် ခန်းမဆောင်တွင် လုပ်ဆောင်ခဲ့ဖူးသော တာဝန်အချို့ကို တောင်ဘက် ခန်းမဆောင်တွင် ထပ်မံ လုပ်ဆောင်နိုင်သေးခြင်းများလား'

ကျန်းလင် စိတ်ထဲတွင် အံ့သြသွားပြီး 'ဒါက'

'ဒါ အလကားရတဲ့ ရမှတ်တွေ မဟုတ်ဘူးလား'

'ဒါဆိုရင် သူ အနောက်ဘက် ခန်းမဆောင်နဲ့ မြောက်ဘက် ခန်းမဆောင်ကို သွားတဲ့အခါ နောက်ထပ် တစ်ကြိမ် ထပ်ပြီး လုပ်လို့ ရနိုင်သေးတာပေါ့'

အရင်က စနစ် ပေးခဲ့တဲ့ အရံတာဝန်တွေနဲ့ ပေါင်းလိုက်ရင် စနစ် တာဝန်တွေကို နောက်ထပ် တစ်ခေါက် ပိုလုပ်လို့ ရသွားသည် မဟုတ်ပေလော။

ဤအခိုက်အတန့်တွင် ကျန်းလင်သည် ဂိမ်းများထဲတွင် လူသားများ ငါးဖမ်းရသည့် ပျော်ရွှင်မှုကို ရုတ်တရက် နားလည်သွားတော့သည်။

All Chapters