အခန်း (၂၃၇-၂၃၈)
Vol. 24 Ch. 237-238
🫧 Chapter 237
ကျန်းလင်သည် မုန့်ရှန်း ပေးထားသော မြေပုံအရ ငရဲပြည်တွင် လျှောက်လည်နေခဲ့၏။
ယမန်နေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် မြင်တွေ့ခဲ့ရသော နေရာများကိုပါ တစ်ပါတည်း ဝင်ရောက် လေ့လာကြည့်ရှုနေပေသည်။
ယမန်နေ့ညက ဖမ်းဆီးခံလိုက်ရသော ထိုအမည်းရောင် အရိပ် ရှိနေခဲ့သည့် နေရာသို့ ဖြတ်သန်းသွားသောအခါ ထိုအပျက်အစီးပုံကြီး ပျောက်ကွယ်နေပြီ ဖြစ်ကြောင်း ကျန်းလင် တွေ့ရှိလိုက်ရ၏။
မူလက အိမ်ခြောက်လုံး ရှိခဲ့သော ထိုနေရာသည် ညီညာပြန့်ပြူးသော မြေကွက်လပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။
ဘေးနားတွင် ဝိညာဉ်တမန်တော် အချို့ အလုပ်ရှုပ်နေကြပြီး ဤမြေကွက်လပ်ကို စီမံကိန်းဆွဲနေသည့်ပုံ ပေါက်နေ၏။
ကျန်းလင်တို့ လျှောက်လည်နေချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာသည်လည်း အနီးနားတွင် ပျံသန်းနေပြီး ပရိသတ်များကို ရှုခင်းများ လိုက်လံ ပြသပေးနေပေသည်။
လမ်းဘေးတစ်နေရာအရောက်ကျန်းလင်သည် ဘေးနားရှိ ကလေးကို မေးလိုက်သည်။
"ငါ့နာမည်က ကျန်းလင်၊ မင်းနာမည်က ဘယ်သူလဲ"
"လီစုန့်၊ ကျွန်တော့်နာမည် လီစုန့်လို့ ခေါ်တယ်"
ကလေးသည် ကျန်းလင်၏ အရှေ့သို့ ပြေးထွက်သွားပြီး ကျန်းလင်နှင့် မျက်နှာချင်းဆိုင်လျက် နောက်ပြန်လျှောက်နေ၏။
"ခင်ဗျားကို ကျွန်တော် သိတယ်၊ ကျန်းလင်၊ မြေအောက်ကမ္ဘာ ယဉ်ကျေးမှုကိုဖြန့်ဝေသူလေ"
ကျန်းလင် : "...."
ကျန်းလင်က "မြေအောက်ကမ္ဘာ ယဉ်ကျေးမှုကို ဖြန့်ဝေသူ" ဟု ထပ်မံ မေးလိုက်၏။
လီစုန့် သည် ကျန်းလင်ကို ကြည့်ကာ "ဟုတ်တယ်၊ ခင်ဗျားတို့ အရှေ့ဘက် ခန်းမဆောင်မှာ ဒါတွေကို ဖြန့်ဝေပေးတာ ရှိ၊ မရှိတော့ ကျွန်တော် မသိဘူး၊ သို့သော် တောင်ဘက်ခန်းမဆောင်မှာတော့ ဒါက တော်တော်လေး အတွေ့ရများတယ်" ဟု ပြန်ဖြေလိုက်ပေသည်။
"ပြောကြတာတော့ အချိန်ကာလတစ်ခုရောက်တိုင်း မြေအောက်ကမ္ဘာက ယုံကြည်မှုလိုအပ်လာတဲ့ အခါ ဒါမှမဟုတ် လူသားတွေက မြေအောက်ကမ္ဘာကို မေ့ပျောက်လုနီးပါးဖြစ်လာတဲ့ အခါမျိုးမှာ"
"ဘယ်လိုပဲဖြစ်ဖြစ် အခွင့်အရေးတစ်ခုတော့ လိုအပ်တယ်လေ"
"အဲဒီလို အချိန်မျိုး ရောက်တိုင်း မြေအောက်ကမ္ဘာယဉ် ကျေးမှုကို ဖြန့်ဝေသူ တစ်ယောက် ပေါ်လာတတ်တယ်"
လှေကားတစ်ခု အနီးသို့ ဖြတ်သွားသောအခါ လီစုန့်သည် ခေါင်းပင် လှည့်မကြည့်ဘဲ လေထဲတွင် နောက်ပြန် တစ်ပတ် ကျွမ်းထိုးကာ ကျော်ဖြတ်သွား၏။
ထို့နောက် သူက ဆက်လက်၍ "ဥပမာ ပြောရရင် ကျွန်တော်တို့ တောင်ဘက် ခန်းမဆောင်မှာတင် အဲဒီလိုလူ အချို့ရှိတယ်၊ ကျုံးခွေရယ်၊ ပြီးတော့ အရင်က ရှဲ့ပိအန်းနဲ့ ဖန့်ဝူကျို တို့ရယ်လေ"
"ဒါပေမယ့် ကျုံးခွေက တစ်နေ့လုံး အလုပ်ရှုပ်နေတော့ ခင်ဗျား သူ့ကို တွေ့ရဖို့မလွယ်လောက်ဘူး၊ ရှဲ့ပိအန်းတို့ ကတော့ မကြာသေးခင်ကပဲ မြောက်ဘက် ခန်းမဆောင်ကို အနားယူဖို့ သွားကြတယ်လို့ကြားတာပဲ"
ကျန်းလင်သည်လည်း ယခုသေချာ အာရုံစိုက် နားထောင်နေခဲ့ပေသည်။
သူ ငရဲပြည်သို့ လာရောက် တာဝန်ထမ်းဆောင်ချိန်တွင် ခန်းမဆောင် လေးခုစလုံးမှာ ကူးသန်းသွားလာခွင့် ပိတ်ပင်ထားပြီး ဖြစ်၏။
ထို့ကြောင့်အရပ်လေးမျက်နှာရှိ ငရဲပြည်များ၏အပြန်အလှန် ဆက်သွယ်မှုနှင့် အသိပညာများသည်လည်း အတိုင်းအတာ တစ်ခုအထိ ပြတ်တောက်နေခဲ့ပြီဟု ဆိုနိုင်ပေသည်။
ကျန်းလင်။ "သူတို့က ဘယ်လို နည်းလမ်းတွေနဲ့ ဖြန့်ဝေခဲ့ကြတာလဲ၊ အားလုံးက ငါနဲ့ အတူတူပဲလား"
လီစုန့်က ခေါင်းခါပြကာ "မတူဘူး၊ ပေါ်လာတဲ့ အကြိမ်တိုင်းမှာ ဖြန့်ဝေတဲ့ နည်းလမ်းတွေက မတူညီကြဘူး"
ယဉ်ကျေးမှု ဖြန့်ဝေခြင်း ဆိုသည်မှာ လူသားများကို မြေအောက်ကမ္ဘာနှင့် ငရဲပြည် တည်ရှိနေကြောင်းကို နောက်တစ်ကြိမ် ပြန်လည် သိရှိလာစေရန် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်။
ထိုနှစ်များက တိုက်ရိုက်ထုတ်လွှင့်မှုများ၊ မိုဘိုင်းဖုန်းများ ဆိုသည်မှာ ဘယ်မှာလာ ရှိမည်နည်း။
လွန်ခဲ့သော နှစ်အနည်းငယ်က ဆိုလျှင် လူ့လောကတွင် မိုဘိုင်းဖုန်းပင် သုံးစွဲမှု မကျယ်ပြန့်သေးချေ။
ဤနှစ်ပိုင်းများ အတွင်းမှသာ လူတိုင်းအသုံးပြုလာကြခြင်း ဖြစ်၏။
လီစုန့်ထိုသို့ ပြောသည်ကို ကြားသောအခါ ကျန်းလင်သည် ထိုစီနီယာကြီးများ အပေါ် အနည်းငယ် သိချင်စိတ်ဖြစ်ပေါ် လာတော့သည်။
အကယ်၍ အခွင့်အရေးရပါက သူတို့နှင့် မြေအောက်ကမ္ဘာ ယဉ်ကျေးမှု ဖြန့်ဝေခြင်း ကိစ္စများကို အပြန်အလှန် ဆွေးနွေးကြည့်ချင်မိပေသည်။
'သူတို့ ဘယ်လို လုပ်ခဲ့ကြတာလဲ၊ ပြီးတော့ ဘယ်လို စတင်ခဲ့ကြတာလဲ'
'သူတို့မှာကော စနစ်ရဲ့ ဆုလာဘ်တွေ ရှိနေခဲ့တာလား'
ကျန်းလင် အစောပိုင်းက တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်တွင် စနစ်သည်လည်း ရုတ်တရက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
သူ အချိန်အနည်းငယ်ကြာ လေ့လာကြည့်ပြီးနောက် နေ့စဉ် အလုပ်များကို တိုက်ရိုက်ထုတ်လွှင့်ရုံသာ ဖြစ်ပြီး မိမိအတွက်ကော ငရဲပြည်အတွက်ပါ အန္တရာယ် မရှိကြောင်း တွေ့ရှိခဲ့ရပေသည်။
မည်သို့ပင်ဖြစ်စေ စနစ်ကို ဖြုတ်ပစ်၍လည်း မရနိုင်သဖြင့် အရင်ဆုံး စမ်းသပ်ကြည့်လိုက်လျှင် ဘာများ အပန်းကြီးသွားမည်နည်းဟု သူ တွေးခဲ့မိသည်။
၎င်းမှာ ယဉ်ကျေးမှု ဖြန့်ဝေခြင်း၏အစပြုခြင်း ဖြစ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
လီစုန့်၏ စကားများကို ပြန်တွေးရင်း ကျန်းလင်သည် အရှေ့ဘက် ခန်းမဆောင်မှ ယမမင်းကြီးကလည်း ဤကဲ့သို့ပင် ယူဆထားခြင်းများလား ဟု တွေးတောနေမိ၏။
သို့သော် တွေးကြည့်လိုက်လျှင် သူသည် နေ့စဉ် အလုပ်များကိုသာ တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်သဖြင့် မည်သည့် ပြဿနာမျှ ရှိမည် မဟုတ်လောက်ချေ။
မြေအောက်ကမ္ဘာ တာဝန်ဌာနသို့ ဖြတ်သန်းသွားသောအခါ လျိုပုဝေ သည် အခြား ဟေးဝူချန် (အမည်းရောင် ဝိညာဉ်တမန်တော်) တစ်ပါးနှင့် ပြိုင်ပွဲဝင်နေသည်ကို ကျန်းလင် တွေ့လိုက်ရပေသည်။
ထိုဟေးဝူချန် ကို ကျန်းလင် မြင်ဖူး၏၊ သူတို့ တောင်ဘက် ခန်းမဆောင်သို့ ရောက်လာသော နေ့က မုန့်ရှန်းနှင့် အတူ လာကြိုခဲ့သော ဖန်းရိပင်။
ထိုနေရာသို့ ရောက်သောအခါ ကျန်းလင် အနည်းငယ် စဉ်းစားလိုက်ပြီး လီစုန့်ကို မေးလိုက်သည်။
"အထူး တာဝန်တွေဆိုတာ ဘယ်လို တာဝန်မျိုးတွေလဲ ဆိုတာကို မင်း သိလား"
"ဒါကိုတော့ ကျွန်တော် တကယ် မသိဘူး"
လီစုန့်မျက်နှာပေါ်တွင် နားမလည်သည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး "အထူး တာဝန်ဆိုတာ လက်ခံဖူးတဲ့ ဝိညာဉ်တမန်တော်တွေပဲ သိနိုင်တယ်"
ကြည့်ရသည်မှာ တောင်ဘက် ခန်းမဆောင်တွင်လည်း အထူး တာဝန်များက ထူးခြားချက်များ ရှိနေပုံရပေသည်။
တာဝန်လက်ခံသည့် နည်းလမ်းကသာ အရှေ့ဘက် ခန်းမဆောင်ထက် အနည်းငယ် ပိုလွတ်လပ်နေခြင်း ဖြစ်၏။
ကျန်းလင် သဘောပေါက်သွားပြီး မေးခွန်း တစ်ခု ပြောင်းမေးလိုက်သည်။
"မင်းတို့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ဘာဖြစ်လို့ အပြင်ထွက်လို့ မရတာလဲ၊ ဒါကိုကော မင်း သိလား"
"ဒါ ကျုံးခွေက ကျွန်တော်တို့ ကျင့်ကြံဖို့ သီးသန့်ဖယ်ချန်ပေးထားတဲ့ အချိန်လေ"
လီစုန့်သည် ခါးကို ထောက်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့်
"ခွန်အားကြီးချင်ရင်တော့ တာဝန်တွေ လက်ခံဖို့နဲ့ အလုပ်လုပ်ဖို့ သက်သက်ပဲ ဂရုစိုက်နေလို့ မရဘူးလေ၊ ကျင့်ကြံဖို့နဲ့ ကျွမ်းကျင်မှု အသစ်တွေ လေ့လာဖို့အချိန် ချန်ထားရမှာပေါ့"
"အားလုံးက ကျင့်ကြံနေကြ၊ သင်ယူနေကြတဲ့ အချိန်ဆိုရင် ကောင်းမွန်တဲ့ ကျင့်ကြံခြင်းလေထုကို ဖန်တီးပေးနိုင်တယ်လေ"
"ကျုံးခွေ ပြောဖူးတယ်၊ အဲဒီလို လေထုမျိုးအောက်မှာ အားလုံးက ပိုပိုပြီးစွမ်းလာမယ်၊ ပိုပိုပြီး ကိုယ့်ကိုယ်ကိုယ် သိစိတ် ရှိလာကြလိမ့်မယ်တဲ့"
ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ဝိညာဉ်တမန်တော်များသာမက ဝိညာဉ်ဈေးတန်းမှ သရဲတစ္ဆေများ အားလုံးလည်း အခန်းထဲ ဝင်ရမည် ဖြစ်၏။
ထိုသို့ လုပ်ဆောင်ခြင်းက အလုပ်လုပ်နေရသော သရဲတစ္ဆေများကိုလည်း ကျင့်ကြံရန် အချိန်အတိုင်းအတာ တစ်ခုအထိ ရရှိစေနိုင်ပေသည်။
"ဘယ်အချိန်ပဲ ဖြစ်ဖြစ် အလုပ်လုပ်ပြီး ပိုက်ဆံရှာတာက ကောင်းတဲ့ ကိစ္စပါ၊ သို့သော် ကိုယ့်ကိုယ်ကိုယ် ကျွေးမွေးနေတဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ထူးချွန်လာအောင် လုပ်ဖို့ကိုလည်း မမေ့သင့်ဘူး"
ဒါကလည်း သူတို့ တောင်ဘက် ခန်းမဆောင်ရဲ့ အားသာချက် တစ်ခုပင် ဖြစ်၏။
ဤကဲ့သို့ စီစဉ်ထားမှု အောက်တွင် အားလုံးသည် ကျင့်ကြံရန် သို့မဟုတ် အခြား အရာများ ပြုလုပ်ရန် ကိုယ်ပိုင် အချိန်များ ရရှိနိုင်ကြပေသည်။
ထိုနေရာသို့ ရောက်သောအခါ လီစုန့်သည် ယမန်နေ့က တင်ခဲ့သော အကြွေးများကို ပြန်တွေးမိသွားပြီး မနေနိုင်ဘဲ သက်ပြင်းချလိုက်တော့၏။
'သူတို့ရဲ့ ပိုက်ဆံရှာတဲ့နှုန်းက လျော်ကြေးပေးရတဲ့ နှုန်းကို လုံးဝ မမီနိုင်တော့ဘူး'
'အချိန်ပိုင်း အလုပ်တစ်ခုလောက် ထပ်ရှာလုပ်ရတော့မလား'
ကျန်းလင်သည် လီစုန့်ကို ကြည့်ရင်း ဤစကားမှာ အတော်လေး အဓိပ္ပာယ် ရှိသည်ဟု ခံစားလိုက်ရသည်။
ထိုစဉ် လီစုန့် က တီးတိုး ရေရွတ်လိုက်သည်ကို ကြားလိုက်ရ၏ "ဒါပေမယ့် ကျုံးခွေ က အဲဒီလိုလုပ်တာက"
သူသည် ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ပြီးနောက် တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။
"ကျွန်တော့် အထင်တော့ ကျုံးခွေ က အဲဒီလို လုပ်တာက နောက်ထပ် ထည့်သွင်း စဉ်းစားစရာအချက် တစ်ခု ရှိသေးတယ်၊ အဲဒါက ကျွန်တော်တို့ တောင်ဘက် ခန်းမဆောင်ရဲ့ ရန်ပုံငွေ ပြဿနာပဲ"
"ကောလဟာလတွေ အရ ဆိုရင် အရင်တုန်းက တစ်ခေါက် ယမမင်းကြီးအနောက်ဘက် ခန်းမဆောင်ကို သွားခဲ့တယ်၊ ပြန်ရောက်လာပြီးတဲ့နောက် ကျွန်တော်တို့ ငရဲပြည်မှာ အိမ်သစ်တွေ ဆောက်ဖို့ ပိုက်ဆံရှိသွားခဲ့တာပဲ"
"ဒီတစ်ခေါက်လည်း မြောက်ဘက်ခန်းမဆောင်က လျော် ကြေးပေးလိုက်လို့ ကျွန်တော်တို့က ခင်ဗျားတို့ကို ဖိတ်နိုင်ခဲ့တာ"
ထို့နောက်လီစုန့် သည် မျက်လုံးများကိုကစားနေပြီး ဝိညာဉ်တမန်တော် တစ်ပါးဖြတ်သွားတိုင်း ပါးစပ်ကို ပိတ်ထားလိုက်၏။
ထိုဝိညာဉ်တမန်တော်ဖြတ်သွားပြီးမှသာ ထပ်မံ၍ တီးတိုး ပြောဆိုနေတော့သည်။
ထိုပုံစံကိုကြည့်ပြီး ကျန်းလင် အနည်းငယ် ရယ်ချင်သွားမိ၏။
ဤကလေးငယ်လေးမှာ အတော်လေး ချစ်စရာကောင်းပေသည်။
သို့သော် ဤစကားများကို သူ့ကို ပြောပြနေခြင်းက တကယ်ပဲ ကောင်းပါမည်လော။
သေချာပြန်စဉ်းစားကြည့်လျှင်လည်း သူက အရင် မေးခဲ့ခြင်း ဖြစ်ပေသည်။
ကျန်းလင်သည် လီစုန့် ပြောပြသော သတင်းအချက်အလက်များကို တွေးတောနေစဉ် ရုတ်တရက် သူ့အကြည့်သည် လီစုန့် ကိုယ်ပေါ်တွင် ရပ်တန့်သွားတော့၏။
မုန့်ရှန်းက ဤကလေးငယ်ကို သဘောရှိ ခိုင်းစေနိုင်သည်ဟု ပြောခဲ့သော်လည်း ဤအရာက ပိုက်ဆံပေးရသလား ဆိုတာကိုတော့ သူ မပြောခဲ့ချေ။
'သူ ခဏနေရင် လီစုန့် ကို ဘောက်ဆူးပေးရမလား'
ကျန်းလင် : "...."
ကျန်းလင် အနည်းငယ် စဉ်းစားလိုက်ပြီး အချိန်ကျမှ ကြည့်လုပ်တော့မည်ဟု တွေးလိုက်၏။
မည်သို့ပင်ဖြစ်စေ လီစုန့်သည် သူ့နောက်သို့ လိုက်ကာ အကြာကြီး လျှောက်လည်ပေးခဲ့ပြီဖြစ်ပေသည်။
[အစ်ကိုတို့ရေ၊ မနေ့က တောင်ဘက် ခန်းမဆောင်ကိုရန်ပုံငွေ ထောက်ပံ့ပေးမယ် ပြောထားတယ်လေ၊ လှုပ်ရှားနေကြပြီလား]
[လှုပ်ရှားနေပြီ လှုပ်ရှားနေပြီ၊ ခုလေးတင် အထုပ်ကြီးတစ်ထုပ် သွားဝယ်ထားတယ်၊ မီးရှို့ဖို့ပဲ စောင့်နေတာ]
[မင်းတို့က မရှို့ရသေးဘူးပဲ၊ ငါကတော့ ရှို့လိုက်ပြီ၊ တောင်ဘက် ခန်းမဆောင်ကို ရောက်မရောက်တော့ မသိဘူး]
[ဒီကလေး ပြောတာ တော်တော် အဓိပ္ပာယ်ရှိတယ်၊ ဘဝအတွက် ရုန်းကန်နေရတဲ့ အချိန်မှာလည်း ကိုယ့်ရဲ့ အရည် အချင်းကိုမြှင့်တင်ဖို့ မမေ့သင့်ဘူးတဲ့]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် မှတ်ချက်များကို အဆက်မပြတ် ရေးသားနေကြပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အလုံးလေးသည် အလွန် သိတတ်ပြီး တစ်ခါတစ်ရံတွင် ကျန်းလင်တို့၏ဘေးတွင် လှည့်ပတ်နေကာ တစ်ခါတစ်ရံတွင် အနီးအနား၌ လျှောက်သွားနေ၏။
ထုတ်လွှင့်သင့်သည်များကို ထုတ်လွှင့်ပေးပြီး မထုတ်လွှင့်သင့်သည်များကိုမူ တစ်ခွန်းမျှ မပေါက်ကြားစေချေ။
တစ်ချိန်တည်းမှာပင် ပရိသတ်များ အခါအားလျော်စွာ 'Streamer ကြီး ဘာလုပ်နေသနည်း' ဆိုသည်ကို ကြည့်ရှုလိုသော ဆန္ဒကိုလည်း ဖြည့်ဆည်းပေးနေပေသည်။
[ငါတို့ အားလုံး အရှေ့ (ပိုက်ဆံ) ကို ကြည့်ရမယ်]
[တကယ်လည်း ဟုတ်တာပဲ၊ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်တာကမှ တကယ့် အမှန်တရားပဲ၊ အချစ်ရေးမှာ ဖြစ်ဖြစ်အလုပ်မှာ ဖြစ်ဖြစ်ပေါ့]
[ငါ ဘွဲ့လွန် ဝင်ဖြေဖို့ ဆုံးဖြတ်လိုက်ပြီ၊ အစ်ကိုတို့ရေ ချီတက်ကြစို့]
[အခုအချိန် Streamer ကြီး ဘာတွေးနေမလဲ ဆိုတာ ငါ့ကို ခန့်မှန်းခွင့်ပေးစမ်းပါ]
🫧 Chapter 238
တောင်ဘက်နန်းဆောင်၏ ကျင့်ကြံခြင်း အခန်းကို ဖြတ်သန်းသွားချိန်တွင် ကျန်းလင် သည် လီစုန့် ၏ စကားမှတစ်ဆင့် တောင်ဘက်နန်းဆောင်ရှိ ကျင့်ကြံခြင်း အခန်းများတွင်လည်း ကျင့်ကြံခြင်းကတ်များကို အသုံးပြုရန် လိုအပ်ကြောင်း သိလိုက်ရသည်။
ထို့အပြင် အရှေ့ဘက်နန်းဆောင်မှ ကတ်များကို ဤနေရာတွင် အသုံးပြု၍ မရနိုင်ပါချေ။
ထို့ကြောင့် ကျင့်ကြံခြင်း အခန်းသို့ သွားလိုပါက တာဝန်ပေးစင်တာသို့ သွားရောက်၍ တာဝန်များကို လက်ခံရယူရမည် ဖြစ်သည်။
ထို့နောက် ကျန်းလင်နှင့် လီစုန့် တို့သည် မုန့်ရှန်း ပေးလိုက်သော မြေပုံအတိုင်း လမ်းလျှောက်လာခဲ့ရာ တစ္ဆေဈေးတန်းသို့ ရောက်ရှိသွားကြ၏။
တောင်ဘက်နန်းဆောင်၏ တစ္ဆေဈေးတန်းသည် အရှေ့ဘက်နန်းဆောင်နှင့် အလွန် တူညီသော်လည်း ရောင်းချသော ပစ္စည်းများသာ အနည်းငယ်ကွာခြားနေသည်။
ကျန်းလင်နှင့် လီစုန့် တို့ အထဲသို့ စတင်ဝင်ရောက်သွားသည်နှင့် မျိုးစုံသော အော်ဟစ် ဈေးခေါ်သံများကို ကြားလိုက်ရတော့၏။
"အတောင်ပံ ပေါက်ချင်လား လိပ်ပြာ၊ လင်းယုန်၊ ပုစဉ်းတွေကို ၉၉၈ ယွမ် ရှိရုံနဲ့ တစ်စုံ ရနိုင်ပြီနော်"
"သေချာပေါက် တတ်မြောက်စေရမယ်! တစ္ဆေချီကို ဘယ်လို အသွင်ပြောင်းရမလဲဆိုတာ သင်ပေးမယ်! အကုန်ရှိတယ်နော်"
"လာကြည့်ကြပါဦး လာကြည့်ကြပါဦး နောက်ဆုံးပေါ် တစ္ဆေချီ မိုးသက်မုန်တိုင်း လမ်းညွှန်စာအုပ် ရောက်လာပြီနော်"
"ညီအစ်ကို၊ တစ်ခုခု သင်ယူချင်လားမင်းရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ရတာ သာမန်လူ မဟုတ်ဘူးဆိုတာ သေချာတယ်"
ဆိုင်ခန်းများထဲတွင်ဖြစ်စေ၊ လမ်းဘေး ဈေးဆိုင်များတွင်ဖြစ်စေ အများဆုံး ရောင်းချနေသည်မှာ လျှို့ဝှက်ကျမ်းများ၊ လမ်းညွှန်စာအုပ်များနှင့် သက်ဆိုင်သော အရာများပင် ဖြစ်သည်။
တက်ကြွသော သရဲအချို့သည် လမ်းမပေါ်သို့ တိုက်ရိုက် ပြေးထွက်ကာ ဧည့်သည်များကိုဆွဲခေါ်ပြီး သူတို့ ဆိုင်ရှိ ပစ္စည်းကောင်းများကို ကြော်ငြာနေကြ၏။
ထိုအခါ ကျန်းလင်သည် ဘေးရှိ ဈေးဆိုင်များကို တစ်ချက် အကဲခတ်လိုက်ရာ အမှန်တကယ်ကိုပင် မျိုးစုံသော လျှို့ဝှက်ကျမ်းများ ရှိနေပြီး 'နတ်သမီး အတောင်ပံ' ၊ 'သွေးနီရောင် စစ်ဝတ်စုံ' ၊ 'ဘယ်သူ့ရဲ့ တစ္ဆေချီက မစွမ်းတာလဲ' စသည်ဖြင့် ရှိနေကြသည်။
၎င်းတို့ အားလုံးမှာ ယခင်က အရှေ့ဘက်နန်းဆောင်တွင် မမြင်တွေ့ဖူးခဲ့သော အရာများဖြစ်ပေ၏။
အချို့သော လျှို့ဝှက်ကျမ်းများမှာ အမည်ကို ကြည့်ရုံဖြင့် မည်သည့်အရာ လုပ်ဆောင်နိုင်သည်ကို အကြမ်းဖျင်း ခန့်မှန်း၍ ရနိုင်ပေသည်။
ထိုအရာများကို မြင်ပြီး ကျန်းလင်သည် တစ်ချိန်တည်းမှာပင် သံသယ အနည်းငယ်လည်းဖြစ်ပေါ်လာခဲ့၏။
'ဒီကျင့်ကြံခြင်း နည်းလမ်းတွေက တောင်ဘက်နန်းဆောင်မှာ တကယ်ပဲ ဒီလောက်တောင် ပေါများနေတာလားဟင်'
သူ ဤသို့ လမ်းလျှောက်လာခဲ့သည်မှာ နေရာလေ့လာခြင်းနှင့် တောင်ဘက်နန်းဆောင် အကြောင်းကို နားလည်စေရန်အပြင် အခြားအကြောင်းအရင်း တစ်ခုလည်းရှိနေသည်။
၎င်းမှာ တောင်ဘက်နန်းဆောင်ရှိ ဤကျွမ်းကျင်မှုများနှင့် သိုင်းကွက်များအကြောင်းကို တတ်နိုင်သမျှ ပိုမိုနားလည်သိရှိလိုခြင်းပင်ဖြစ်၏။
ဤအရာများသည် တောင်ဘက်နန်းဆောင်မှ အပြင်သို့ မပေါက်ကြားစေရမည့် အရာများ ဟုတ်မဟုတ်ကို သူ မသိသကဲ့သို့ တောင်ဘက်နန်းဆောင်မှ သရဲများက ဤကိစ္စအပေါ် မည်သို့ သဘောထားသည်ကိုလည်း သူ မသိပါချေ။
ထို့ကြောင့် ကျန်းလင် သည် အစပိုင်းတွင် ပေါ့ပေါ့ဆဆ မေးခွန်းမထုတ်ဘဲ အရင်ဆုံး လေ့လာအကဲခတ်ရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် သူ မထင်မှတ်ထားခဲ့သည်မှာ
တစ္ဆေဈေးတန်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ သိချင်နေသော လျှို့ဝှက်ကျမ်းများနှင့် လမ်းညွှန်စာအုပ်များကဲ့သို့သော အရာများ နေရာအနှံ့ ရှိနေခြင်းပင် ဖြစ်၏။
"အို သခင်ကြီး၊ ခင်ဗျား ကံကောင်းတာပဲ ဒီနေ့ လျှို့ဝှက်ကျမ်းတွေက အုပ်ရေနည်းနည်းပဲ ကျန်တော့တယ်နော်"
ဈေးဆိုင်ရှေ့ရှိ ကောင်လေးသည် ကျန်းလင် ရပ်တန့်သွားသည်ကို မြင်သောအခါ အလုပ်ဖြစ်ပြီဟု ချက်ချင်း ခံစားလိုက်ရသည်။
ထို့နောက် သူသည် တက်ကြွစွာ ထရပ်လိုက်ပြီး လျှို့ဝှက်ကျမ်း တစ်အုပ်ကို ကိုင်ကာ လျှောက်လာခဲ့၏။
"ဒီစာအုပ်ကို ကြည့်ကြည့်ပါ၊ ဒါက သေချာပေါက် ပစ္စည်းကောင်းပဲ သင်လိုက်ရင် လုံးဝ အရှုံးမရှိစေရဘူးလို့ အာမခံတယ်"
"၉၉၈ယွမ် ရှိရုံပဲ၊ ဘယ်လိုလဲ"
ကျန်းလင်သည် သူ၏ လက်ထဲရှိ 'သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး လေမီးဘီး' ဟူသော လျှို့ဝှက်ကျမ်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်ကို လွှဲဖယ်လိုက်သည်။
"၇၀၀ ၇၀၀ ပဲ ထပ်ပြီး လျှော့ပေးလို့ မရတော့ဘူးနော်"
ဈေးသည် ကောင်လေးသည် နာကျင်စွာဖြင့် အရှုံးခံရောင်းပေးလိုက်ရသည့် အမူအရာကို ပြသကာ မိမိသဘောဖြင့် ဈေးစတင် လျှော့ချလေ၏။
"၇၀၀ ရှိရုံနဲ့ ဒီနောက်ဆုံးကျန်တဲ့ လေမီးဘီးက ခင်ဗျားရဲ့အပိုင် ဖြစ်သွားပြီ သင်ပြီးရင် အမြန်နှုန်း ရာခိုင်နှုန်း တစ်ရာ တိုးလာမယ်လို့ အာမခံတယ်နော်"
ထိုအခါ ကျန်းလင်သည် လက်ကာပြလိုက်ပြီး မဝယ်တော့ဘဲ တစ္ဆေဈေးတန်း အတွင်းပိုင်းသို့ ဆက်လက်လျှောက်သွားတော့သည်။
သူသည် ပိုလေ့လာကြည့်ရှုရန် ပြင်ဆင်ထားပြီး ဤကဲ့သို့သော အရာများကို ရွေးချယ်ရာတွင် ပိုသတိထားရမည် ဖြစ်၏။
လူသားများ ပြောလေ့ရှိသည့်အတိုင်း ကျင့်စဉ်ဖောက်ပြန်ကာ သွေးရူးသွေးနှမ်း ဖြစ်သွားခြင်းမျိုး မရှိနိုင်သော်လည်း ကျင့်ကြံနေစဉ် အတွင်း တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်သွားလျှင်ဖြစ်စေ၊ တစ်နေရာရာတွင် ပုံမှန်မဟုတ် ဖြစ်သွားလျှင်ဖြစ်စေ ပြဿနာ ကြီးသွားပေလိမ့်မည်။
ထို့အပြင် ကျန်းလင်သည် မျက်စိရှေ့ရှိ အခြေအနေနှင့် ပတ်သက်၍လည်း အနည်းငယ် ဇဝေဇဝါဖြစ်နေဆဲ ဖြစ်သည်။
သူသည် ရှေ့သို့ အနည်းငယ် ထပ်မံလျှောက်သွားပြီး လမ်းဘေး တစ်ဖက်တစ်ချက်ရှိ ဆိုင်ခန်းများကို အကဲခတ်ကြည့်လိုက်၏။
ထိုဆိုင်ခန်းများ၏ အမည်များမှာလည်း အတော်လေး ထူးဆန်းနေကြပြီး 'သေချာပေါက် တတ်မြောက်စေရမည်' ၊ 'ရာခိုင်နှုန်းပြည့် ကျွမ်းကျင်မှု' ၊ 'ရွှေစာလုံး လျှို့ဝှက်ကျမ်းရုံ' စသည်ဖြင့် ဖြစ်ကြသည်။
ဆိုင်ခန်းများ၏ တံခါးပေါက်တွင် သရဲများ အဝင်အထွက် ရှိနေကြပြီး ကြည့်ရသည်မှာ အမှန်တကယ်ပဲ အလုပ်ဖြစ်နေပုံ ပေါ်၏။
-----
လီစုန့်သည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်ကာ ဘေးမှနေ၍ ဘယ်ညာ ကြည့်ရှုနေသော်လည်း ကျန်းလင်၏ အနီး နှစ်မီတာ ပတ်လည်မှ ထွက်မသွားခဲ့ချေ။
ယခုအချိန်တွင် ကျန်းလင်သည် ထိုသိုင်းကျမ်းများကို အလွန် စိတ်ဝင်စားနေပုံရသည်ကို မြင်သောအခါ လီစုန့် က စကားစပြောလိုက်သည်။
"တစ္ဆေဈေးတန်းက ဒီသိုင်းကျမ်းတွေနဲ့ လမ်းညွှန်စာအုပ်တွေက တကယ်တော့ သိပ်မကွာပါဘူး ဆိုင်ခန်းတွေထဲက အရာတွေက အဈေးအကြီးဆုံးပဲ၊ အဲဒီနောက်ကတော့ လမ်းဘေး ဈေးဆိုင်တွေပေါ့ ပိုပြီးဈေးပေါတာကို လိုချင်ရင်တော့ လမ်းသွယ်လေးတွေထဲမှာ သွားရှာရမယ်"
ကျန်းလင်သည်လည်း လီစုန့်၏ အကြည့်အတိုင်း လမ်းသွယ်ထဲသို့ လှမ်းကြည့်လိုက်၏။
လမ်းသွယ်၏အရိပ်ထဲတွင် သရဲအရိပ်အချို့က နံရံကို မှီရပ်နေကြပြီး အချို့ကမူ ဆောင့်ကြောင့်ထိုင်နေကာ တစ်စုံ တစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်နေကြသည်။
လျှို့ဝှက် အရောင်းအဝယ် လုပ်နေသည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။
လီစုန့် "လမ်းသွယ်ထဲက ပစ္စည်းတွေက ဈေးပေါရုံတင် မကဘူး၊ တခြား လမ်းဘေးဆိုင်တွေနဲ့ ဆိုင်ခန်းတွေမှာ မရှိတဲ့ ရှားပါးပစ္စည်းတွေကိုပါ ရနိုင်သေးတယ်" ဟု ပြောလိုက်သည်။
ကျန်းလင် က မျက်ခုံးပင့်လိုက်ပြီး "ဒါတွေက ယုံကြည်ရရဲ့လား"
ကျန်းလင်သည် လီစုန့် အား သူ ဘယ်နေရာကနေ သင်ယူခဲ့သလဲဟု မမေးခဲ့ပါချေ။
အကြောင်းမှာ ဤကောင်လေး၏ မူလခန္ဓာကိုယ်မှာ ကျားပေါက်လေး တစ်ကောင်သာ ဖြစ်လောက်ပြီး တစ္ဆေချီများဖြင့် ဖန်တီးထားသော ထိုကျွမ်းကျင်မှုများနှင့် မတူညီသောကြောင့် ဖြစ်သည်။
"သေချာပေါက်"
လီစုန့်သည် ခေါင်းလှည့်လာကာ ကျန်းလင်ကို ပြုံးဖြီးဖြီးဖြင့် ကြည့်ရင်း "သေချာပေါက် ယုံကြည်လို့ မရဘူးပေါ့"
"တရားဝင် နည်းလမ်းကတော့ တာဝန်ပေးစင်တာမှာ သွားပြီး လဲလှယ်ရမှာပဲ ဒီတစ္ဆေဈေးတန်းထဲက အရာတွေကတော့ ဆင်းရဲတဲ့ သရဲတွေ၊ ဒါမှမဟုတ် ဖြတ်လမ်းကနေ သွားချင်တဲ့ သူတွေအတွက် ချန်ထားပေးတာတွေချည်းပဲ"
"ဒါပေမယ့် သိုင်းကျမ်းစုံလင်မှုကို ပြောရမယ်ဆိုရင်တော့ ဒီနေရာက အများဆုံးပဲ! ဒါပေမယ့် ယုံကြည်ရလား မရဘူးလား ဆိုတာကတော့ ဝယ်တဲ့သူ ကိုယ်တိုင် ဆုံးဖြတ်ရမှာပဲ"
ဤတစ္ဆေဈေးတန်းထဲတွင် ကျွမ်းကျင်မှု အသစ်များကို နေ့စဉ် စဉ်းစားကြံဆနေသော သရဲများမနည်းလှသလို လျှို့ဝှက်ကျမ်း အသစ်များကလည်း တစ်အုပ်ပြီးတစ်အုပ် ထွက်ပေါ်လာနေသည်။
ထို့ကြောင့် အတော်လေး ပေါများနေပြီ ဖြစ်၏။
သို့သော် ဤအရာများ အားလုံးသည် တရားဝင်အသိအမှတ် ပြုချက် ရထားခြင်း မရှိကြပါချေ။
ကံကောင်းပါက အသုံးဝင်ပြီး ကောင်းမွန်သော စာအုပ် တစ်အုပ်၊ နှစ်အုပ်ခန့် ရှာတွေ့နိုင်သော်လည်း ထိုသို့ဖြစ်လျှင်ပင် နောက်ပိုင်း ကျင့်ကြံချိန်တွင် အခြား ပြဿနာများ မပေါ်လာနိုင်ဟု မည်သူကမျှ အာမမခံရဲကြချေ။
ထိုအခါကျန်းလင် သည် မျက်နှာအမူအရာ မပြောင်းလဲသော်လည်း စိတ်ထဲတွင်တော့ တွေးလိုက်မိသည်။
'ဪ တရားဝင် လဲလှယ်လို့ရတဲ့ လမ်းကြောင်း ရှိနေတာကိုး'
"အရှေ့ဘက်နန်းဆောင်က သရဲတွေရော လဲလှယ်လို့ ရနိုင်သလား"
၎င်းမှာ ကျန်းလင် အမြဲတမ်း မေးချင်နေခဲ့သော မေးခွန်းပင် ဖြစ်၏။
"ဒါပေါ့"
လီစုန့် သည် နှုတ်ခမ်းထောင့်ကို ကွေးလိုက်ကာ သေးငယ် သော ကျားစွယ်လေး နှစ်ချောင်းကို ဖော်ပြရင်း
"သေချာပေါက် ရတာပေါ့"
"ခင်ဗျားဆီမှာ ပံ့ပိုးမှုအမှတ်တွေ ရှိနေသရွေ့ သွားပြီး လဲလှယ်လို့ ရတယ်! ပံ့ပိုးမှုအမှတ်တွေကိုတော့ တာဝန်ပေးစင်တာမှာ တာဝန်တွေ လုပ်ပြီး ယူလို့ရတယ်နော်"
ကျန်းလင်: "......"
သူသည် လီစုန့် ကို တစ်ချက် ကြည့်လိုက်ပြီး မည်သည့်စကားမျှ မပြောတော့ချေ။
သူ သိချင်နေသည်ကို ဤကလေးက စောစောစီးစီးကတည်းက သိနေခဲ့ပြီး တမင် မပြောဘဲ ဤနေရာတွင် သူ့ကို စောင့်နေသကဲ့သို့ သူ ခံစားလိုက်ရ၏။
-----
[ဟားဟားဟား ဒီကလေးလေးက အရမ်းဆော့တာပဲ]
[Streamer : မင်း သေချာ စကားမပြောနိုင်ဘူးလား ဘာလို့ တမင်ရပ်ပြီး ပြောနေရတာလဲ]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိကြည့်ရှုသူများသည်လည်း ပေါင်ကို ရိုက်ကာ ရယ်မောနေကြတော့သည်။
[လီစုန့်: ငါ့အသားတွေ ယားနေတာကို မတွေ့ဘူးလား]
[အပေါ်ထပ်ကလူ မင်းက ကျားခေါင်းထည့်သင့်တာ]
ကြည့်ရှုသူများ၏ အမြင်တွင် ဤကလေးသည် အတော်လေး ချစ်စရာကောင်းနေ၏။
ရုပ်ရည်သွင်ပြင်ကြောင့်သာ မဟုတ်ဘဲ သူသည် Live လွှင့်သူ၏ဘေးတွင် လိမ္မာစွာ လိုက်ပါနေပြီး လမ်းပြပေးကာ မေးခွန်းများကို ဖြေကြားပေးနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကြည့်ရှုသူများသည် သဘာဝကျကျပင် သူ့ကိုပါ သဘောကျနေကြခြင်း ဖြစ်၏။
သို့သော် ဤကလေး၏ စကားပြောဆိုပုံကတော့
[ဟားဟားဟား]
[ငရဲပြည်က ကလေးတွေကလည်း ဒီလောက်တောင် ဆော့တတ်ကြတာလားဟင်]
ထိုအခါ ကြည့်ရှုသူ အချို့သည် သူတို့၏မြေပဲလှော်များကို ချက်ချင်းပင် ထုတ်ယူလိုက်ကြတော့သည်။
[[ကျန်းချင်ယွီ] က Streamer ကို လေယာဉ် ၁စီး လက် ဆောင်ပေးလိုက်ပြီး မှတ်ချက်ပေးခဲ့သည်: Live လွှင့်တဲ့သူ ကြိုးစားပါ၊ သိုင်းကျမ်းတွေ အကုန်လုံးသင်ယူပြီး ပြန်လာခဲ့]
[ဟီးဟီးဟီး လျှို့ဝှက်ကျမ်းတွေ အများကြီးပဲ၊ Streamer ရေ သွားကြစို့!]