အခန်း (၂၃၉-၂၄၀)
Vol. 24 Ch. 239-240
🫧 Chapter 239
တာဝန်ဌာနတွင် အမျိုးမျိုးသော ကျင့်ကြံခြင်း နည်းလမ်းများကို လဲလှယ်နိုင်ကြောင်း လီစုန့် ထံမှ သိလိုက်ရပြီးနောက် ကျန်းလင်သည် ဝိညာဉ်ဈေးတန်းရှိ ထိုသိုင်းကျမ်းများနှင့် သင်ခန်းစာများကို ထပ်မံ၍လိုက်မကြည့်တော့ချေ။
ထိုဈေးဆိုင်များတွင်လည်း အသုံးဝင်သော သိုင်းကျမ်း အချို့ ရှိနိုင်သော်လည်း တရားဝင်လမ်းကြောင်း ရှိနေပါလျက်နှင့် သူ ဘာကြောင့် အနီးအနားကို ပစ်ထားပြီး အဝေးကြီးကို သွားကာ လမ်းလွှဲများကို လိုက်ရှာနေရမည်နည်း။
အချိန်ဖြုန်းရာ ရောက်သည့်အပြင် ကျင့်ကြံခြင်း အစပိုင်းမှာပင် လမ်းလွဲသွားနိုင်ချေ ရှိပေသည်။
အရှေ့သို့ ထပ်မံ၍ အနည်းငယ် လျှောက်သွားလိုက်ရာ ဝိညာဉ်ဈေးတန်း၏ အလယ်ဗဟို ဧရိယာသို့ ရောက်ရှိသွားလောက်ပြီ ဖြစ်၏။
အရှေ့ဘက်တွင် အလွန် စည်ကား သိုက်မြိုက်လာတော့ သည်။
"အားပေးကြ၊ အားပေးကြ"
"သွား ချလိုက် ချလိုက်"
"ဝူးဟူး အမိုက်စားပဲ၊ တော်တယ်"
ခပ်လှမ်းလှမ်းတွင် ရှိနေစဉ်ကပင် အရှေ့ဘက်မှ ထွက်ပေါ် လာသော အလွန် ဆူညံနေသည့် အသံမျိုးစုံကို ကျန်းလင် ကြားနေရပြီ ဖြစ်ပေသည်။
လီစုန့် ပင်လျှင် ပို၍ တက်ကြွလာပြီး ကျန်းလင်၏ အရှေ့သို့ ချက်ချင်း ပျံသန်းသွားကာ ထိုဘက်သို့လှမ်းကြည့်နေတော့ ၏။
လေထဲသို့ အခါအားလျော်စွာ ပျံတက်သွားသော အရိပ်များနှင့် အမျိုးမျိုးသော အရောင်အသွေးများကို ကြည့်ရင်း ကျန်းလင်သည် အရှေ့ဘက်တွင် ဘာလုပ်နေကြသနည်း ဆိုသည်ကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်ပေသည်။
"ဒီဘက်က တာဝန်ဌာန အပေါက်ဝက ပြိုင်ပွဲစင်မြင့်တွေနဲ့ မတူဘူး၊ လွတ်လပ်တဲ့ ပြိုင်ပွဲကွင်းတွေလေ"
"အားလုံးက ခန္ဓာကိုယ်ထဲက ဝိညာဉ်အငွေ့အသက်တွေကို သတ်မှတ်ချက် တစ်ခုထက်ကျော်လွန်ပြီး သုံးခွင့်မရှိဘူး၊ ကျွမ်းကျင်မှုနဲ့ တိုက်ကွက်တွေကိုပဲ ယှဉ်ပြိုင်ကြတာ"
လီစုန့် ကိုယ်တိုင် ရှင်းပြနေပြီး သူ့အသံထဲတွင်ပင် စိတ်လှုပ်ရှားမှု အချို့ ပါဝင်နေပေသည်။
သူ့ စိတ်များက ထိုနေရာသို့ ရောက်နေပြီ ဆိုတာ သိသာလှ၏။
သို့သော် ကျန်းလင်ကမူ အရှိန်မပျက်ဘဲ ဆက်လျှောက်နေဆဲ ဖြစ်ပြီး လီစုန့် အနေဖြင့် လမ်းပြ၏တာဝန်ကို ကျေပွန်လိုပါက သူ့အနား နှစ်မီတာအတွင်းမှ ထွက်ခွာသွား၍ မရချေ။
ထို့ကြောင့် လီစုန့် မှာ ထိုနေရာတွင်သာနေပြီး အလောတကြီး ဖြစ်နေရတော့သည်။
သူသည် စိတ်လောလွန်းသဖြင့် ကျန်းလင်၏ပတ်ပတ်လည်ကို နှစ်ပတ်ခန့် ပျံသန်းလိုက်သော်လည်း ကျန်းလင်ကိုအမြန်သွားရန် နှုတ်မှ ဖွင့်မပြောရဲချေ။
သူလုပ်နိုင်သည်မှာ တရစပ် ရှင်းပြနေခြင်းသာ ဖြစ်၏။
"ဒီနေရာမှာက သရဲတစ္ဆေ အမျိုးစုံ ရှိတယ်၊ ဒီကောင်တွေက အားနေရင် တိုက်ကွက် အသစ်တွေကို စဉ်းစားနေကြတာ၊ ပြီးရင် အဆက်မပြတ် စမ်းသပ်ကြ၊ လေ့ကျင့်ကြတာလေ"
"တောင်ဘက် ခန်းမဆောင် တစ်ခုလုံးမှာ ကျွမ်းကျင်မှုနဲ့ တိုက်ကွက်တွေကို လေ့လာချင်တယ် ဆိုရင်တော့ ဝိညာဉ်ဈေးတန်းထဲက ဟာတွေက အကောင်းဆုံးတော့ မဟုတ်နိုင်ပေမယ့် အများဆုံးနဲ့ အစုံလင်ဆုံးဖြစ်မယ် ဆိုတာတော့ သေချာတယ်"
"ဝိညာဉ်တမန်တော်တွေတောင် ဒီကိုလာပြီး ခဏခဏ ယှဉ်ပြိုင်လေ့ ရှိကြတယ်"
"ဒါပေမယ့် ဒီနေရာက တာဝန်ဌာနက ပြိုင်ပွဲစင်မြင့်တွေနဲ့ ယှဉ်ရင်တော့ စည်းကမ်းနည်းနည်း နည်းတယ်၊ အဲဒီလောက် စနစ်မကျဘူး၊ လွတ်လပ်မှု အရမ်း များတယ်"
"မသေသရွေ့ မသန်မစွမ်းဖြစ်အောင် အရိုက်ခံရရင်တောင် ဘယ်သူကမှ ဝင်မပြောဘူး"
လီစုန့် ပြောရင်း ပြောရင်းဖြင့် နောက်ပိုင်းတွင် စကားပြောနှုန်း အနည်းငယ်မြန်လာသော်လည်း ကျန်းလင်ကတော့ စကားလုံး တစ်လုံးမကျန် ရှင်းလင်းစွာ ကြားနေရဆဲ ဖြစ်ပေသည်။
လီစုန့် ၏ရှင်းပြချက်များဖြင့် ကျန်းလင်သည် ဝိညာဉ်ဈေးတန်း၏ အလယ်ဗဟို ဧရိယာသို့ ဖြည်းညင်းစွာ ရောက်ရှိလာခဲ့၏။
ထိုအရာမှာလီစုန့် ပြောသော လွတ်လပ်သော ပြိုင်ပွဲကွင်းများပင် ဖြစ်ပေသည်။
လွတ်လပ်သော ပြိုင်ပွဲကွင်းများရှိ စင်မြင့်များသည် တာဝန်ဌာန အပေါက်ဝထက် များပြားလှပြီး စင်မြင့်များ အားလုံး ပြည့်နှက်နေပေသည်။
ထိုအထဲတွင် အလယ်ဗဟို အကျဆုံး နေရာရှိ စင်မြင့်တစ်ခုကမူ အလွန်ထင်ရှားနေ၏။
၎င်းမှာအခြား စင်မြင့်များထက် တစ်ဆခန့် ကြီးမားနေရုံသာမက သွေးရောင် အနီရဲရဲဆေးသုတ်ထားသေးပေသည်။
ဤအချိန်တွင် ထိုအနီရောင် စင်မြင့်ပေါ်၌ သရဲတစ္ဆေ နှစ်ကောင် ထိပ်တိုက် ရင်ဆိုင်နေကြ၏။
သို့သော် တစ်ကောင်က မတ်တတ်ရပ်လျက် ယုံကြည်မှု အပြည့်ရှိသော မျက်နှာထားဖြင့် ရှိနေပြီး၊ အခြား တစ်ကောင်ကမူ လည်ပင်း အညှစ်ခံထားရကာ လေထဲတွင် မြှောက်ထားခြင်း ခံနေရပေသည်။
"ချလေကွာ၊ ဒါတောင် မနိုင်ရင် ငါ့ကို ပေးချ"
အနီရောင် စင်မြင့်၏ အစွန်းတွင် မျက်နှာ၌ အမာရွတ် တစ်ခု ရှိသော သရဲတစ်ကောင်က ဆက်ကြည့်မနေနိုင်တော့ဘဲ စင်မြင့်ပေါ်သို့ ခုန်တက်သွားတော့၏။
"ဖယ်ကြ ဖယ်ကြ၊ ငါ လာပြီ"
စင်မြင့်ပေါ်တွင် ရပ်နေသော သရဲက အသစ်တက်လာသူကို မြင်သောအခါ လက်ထဲရှိ သရဲကို လွှင့်ပစ်လိုက်ပြီး ကိုယ်နေဟန်ထား ပြန်မပြင်ရသေးခင်မှာပင် အသစ်တက်လာသော သရဲက စတင် တိုက်ခိုက်နေပြီ ဖြစ်ပေသည်။
ဤနေရာတွင် သင် ကိုယ်နေဟန်ထား အသင့်ဖြစ်သည်အထိ မည်သူကမျှ စောင့်နေမည် မဟုတ်ချေ။
'ကိုယ်ခံပညာ စည်းကမ်း'
'ဒီနေရာမှာ ဘယ်သူက မင်းကို ကိုယ်ခံပညာ စည်းကမ်းတွေ လာပြောနေမှာလဲ'
'ဒါ့အပြင် သူတို့က သရဲတွေလေ၊ သရဲတွေနဲ့ ဘာအကြောင်း ပြချက် သွားပြောနေမလဲ'
သာမန် အချိန်များတွင် အားလုံးက အသိတရား ရှိကြသေးသော်လည်း ပြိုင်ပွဲစင်မြင့်ပေါ် ရောက်သွားပြီ ဆိုလျှင်တော့ မည်သူကမျှ အဲဒီလောက် ဂရုမစိုက်ကြတော့ချေ။
"ဒီနေရာမှာ စည်းကမ်း ဆိုတာ မရှိဘူး၊ မသေသရွေ့ ဘာလုပ်လုပ် ရတယ်"
ဘေးနားမှ လီစုန့် က တရစပ် ဝင်ပြောနေပြန်၏။
"ခင်ဗျားက တစ်ယောက်ချင်း ယှဉ်ပြိုင်ချင်ရင်တော့ ဘေးနားက စင်မြင့်လေးတွေမှာ သွားလုပ်လို့ ရတယ်။ ဒါပေမယ့် အလယ်က စင်မြင့်ကတော့ ခင်ဗျား တက်သွားတာနဲ့ ကွင်းတစ်ခုလုံးကို စိန်ခေါ်လိုက်တယ်လို့ အဓိပ္ပာယ်ရတယ်"
"ဘယ်သရဲမဆို ခင်ဗျားကို လာတိုက်ခိုက်လို့ ရတယ်"
"အုပ်စုဖွဲ့ပြီး ဝိုင်းထိုးလို့လည်း ရတယ်"
"ဒါပေမယ့် ပုံမှန်အချိန်တွေမှာ အလယ်က စင်မြင့်ပေါ်ကို ရဲရဲတင်းတင်း တက်သွားရဲတဲ့ သရဲမရှိသလောက်ပဲ အဲဒီပေါ်ကနေ အောင်အောင်မြင်မြင် ပြန်ဆင်းလာနိုင်တဲ့ သူဆိုရင် ဝိညာဉ်ဈေးတန်းတစ်ခုလုံးရဲ့ အသိအမှတ်ပြု ဘော့စ်ဖြစ်သွားပြီပဲ"
လီစုန့် သည် ကျန်းလင်ကို ရှင်းပြနေရင်း တစ်ဖက်မှလည်း အရှေ့မှ တိုက်ပွဲကို လှမ်းကြည့်နေ၏။
စင်မြင့်ပေါ်သို့ နောက်ထပ် သရဲနှစ်ကောင် တက်သွားသည်ကို မြင်သောအခါ မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့သည်။
"ချ၊ မြန်မြန်ချ"
"မြန်မြန် မြန်မြန် ရှောင်လိုက်"
"အကုန် ဝိုင်းချ"
ဤကဲ့သို့ ဘောစ့် နေရာကို လုယူသည့် ပြိုင်ပွဲမျိုးက အတွေ့ရနည်းလှပေသည်။
ဤအရာကလည်း လီစုန့် တို့ အလွန် စိတ်လှုပ်ရှားရသည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်၏။
အချို့သော သရဲများသည် ကြည့်ရင်း ကြည့်ရင်းဖြင့် သွေးဆူလာကာ လက်သီးများ ဆုပ်၍ ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်သွားကြတော့သည်။
'ဘောစ့် နေရာလုမယ်'
'နိုင် မနိုင်'
'အရင်ဆုံး သွားချကြည့်ပြီးမှ ပြောမယ်'
"...."
ကျန်းလင်သည် လီစုန့် ၏စကားများကို နားထောင်ရင်း ဟိုဘက်မှ ပြိုင်ပွဲစင်မြင့်ကိုလည်း လှမ်းကြည့်နေ၏။
ဤနေရာသို့ ရောက်သောအခါ လီစုန့် ၏အလုပ်အပေါ် သစ္စာရှိမှုကိုပင် သူ အနည်းငယ် လေးစားသွားမိတော့သည်။
'ဒီလောက်တောင် စိတ်လှုပ်ရှားနေတာတောင် ရှင်းပြဖို့ မမေ့သေးဘူး'
ထို့အပြင် အစကနေ အဆုံးအထိ သူ့အနား နှစ်မီတာ အတွင်းမှ မခွာခဲ့ချေ။
ကျန်းလင်သည် လီစုန့် ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်များကို အရှေ့မှ အနီရောင် ပြိုင်ပွဲစင်မြင့်ပေါ်သို့ ပြန်လည် ပို့လွှတ်လိုက်သည်။
ထိုအပေါ်တွင် သရဲခြောက်ကောင် ရှိနေပြီ ဖြစ်၏။
သူ အစောဆုံး တွေ့ခဲ့ရသော သရဲမှာ ယခုအခါ အလယ်ဗဟို အကျဆုံး နေရာတွင် ရပ်နေပြီး အခြားသရဲငါးကောင်၏ ဝိုင်းရံထားခြင်းကို ခံနေရပေသည်။
သူ့ကို 'လက်ရှိ ဘောစ့်' ဟု အကြမ်းဖျင်း သတ်မှတ်လိုက်ကြပါစို့။
သူ့ ကိုယ်ပေါ်တွင် ဝိညာဉ်အငွေ့အသက်များဖြင့် ဖန်တီးထားသော သံချပ်ကာ တစ်ထပ် ဖုံးလွှမ်းနေ၏။
ထိုသံချပ်ကာကို အလွန် ပါးလွှာအောင် ဖိသိပ်ထားသော် လည်း အခြား သရဲတစ္ဆေများက ဝင်ရောက် တိုက်ခိုက်သော အခါ ထိုသံချပ်ကာကို အလွယ်တကူ ဖောက်ထွင်း၍ မရနိုင်ချေ။
ကျန်းလင် မျက်လုံးကို အနည်းငယ် မှေးကြည့်လိုက်ရာ ထိုတိုက်ခိုက်မှုများ သံချပ်ကာပေါ်သို့ ကျရောက်သွားသောအခါ သံချပ်ကာသည် အနည်းငယ် ချိုင့်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ထိုတိုက်ခိုက်မှုများသည် ရုတ်တရက် လမ်းကြောင်း လွဲသွားပြီး ဘေးဘက်သို့ ရောက်ရှိသွားတော့၏။
ဘေးဘက်တွင်မူ မျက်နှာ၌ အမာရွတ် ရှိသော သရဲကမူ အနီးအနားတွင် ချောင်းမြောင်းနေပေသည်။
လက်ရှိ ဘောစ့်က အခြား သရဲများနှင့် အလုပ်ရှုပ်နေချိန်တွင် အမာရွတ်နှင့် သရဲသည် အနောက်ဘက်မှ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လိုက်၏။
လက်တစ်ဖက်က လက်ရှိ ဘောစ့်၏ လည်ပင်းဆီသို့ လှမ်းသွားကာ လည်ပင်းကို ညှစ်ရန် ကြိုးစားလိုက်ပုံ ရပေသည်။
သို့သော် သူ၏ တံတောင်ဆစ်က လက်ရှိ ဗိုလ်၏ လည်ပင်းနားသို့ ရောက်သွားချိန်တွင် သူ၏ တံတောင်ဆစ် အတွင်းပိုင်းမှ အဖြူရောင် အရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို ကျန်းလင် ရှင်းလင်းစွာ မြင်လိုက်ရ၏။
ထိုအဖြူရောင် အရာသည် လက်ရှိ ဗိုလ်၏ သံချပ်ကာ အက်ကွဲကြောင်း အတွင်းသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားပြီး လည်ပင်းကို ချိန်ရွယ်လိုက်သည်။
ထိုအရာက အလွန် ရုတ်တရက် ထွက်ပေါ်လာသည့်အပြင် လျင်မြန်၊ တိကျ၊ ပြတ်သားလှပေသည်။
တစ်ချက် လှုပ်ရှားလိုက်သည်နှင့် အရေးကြီးသော နေရာကို တိုက်ရိုက် ချိန်ရွယ်လိုက်ခြင်း ဖြစ်၏။
ထိုလက်ရှိ ဘောစ့်သည် အန္တရာယ်ကို အာရုံခံမိသွားပုံ ရပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် သံချပ်ကာ၏ အက်ကွဲကြောင်း အသီးသီးမှနေ၍ ဝိညာဉ်အငွေ့အသက် လှိုင်းများ အပြင်ဘက်သို့ ရိုက်ခတ် ထွက်ပေါ်လာတော့၏။
"လခွမ်း"
ထိုအမာရွတ်နှင့် သရဲသည် အနောက်သို့ ခုန်ဆုတ်လိုက်ရပြီး တံတောင်ဆစ် အတွင်းပိုင်းမှ လက်နက်သည်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
သို့သော် ထိုမျက်စိတစ်မှိတ် အချိန်လေးကပင် ကျန်းလင် သေချာ မြင်တွေ့လိုက်ရရန် လုံလောက်နေပြီ ဖြစ်၏။
ထိုအဖြူရောင် အရာမှာ အဖြူရောင် ဓားတစ်လက် ဖြစ်ပြီး ဝိညာဉ်အငွေ့အသက်နှင့် မတူဘဲ အရိုးဓား တစ်လက်နှင့် ပိုတူနေပေသည်။
ဝိညာဉ်အငွေ့အသက်များကို ကန့်သတ်ထားပြီး နည်းပါးနေသော အခြေအနေမျိုးတွင် ၎င်းကလည်း တိုက်ခိုက်ရေး နည်းလမ်းသစ် တစ်ခုပင် ဖြစ်၏။
ထို့အပြင် ဝိညာဉ်အငွေ့အသက်များဖြင့် ဖန်တီးထားသော ဓားသွားထက်စာလျှင် အရိုးဓားက အရေးကြီးသော အချိန်များတွင် ပို၍ မထင်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိစေနိုင်ပေသည်။
မိမိတွင် အမြဲတမ်း ဝိညာဉ်အငွေ့အသက် အလုံအလောက် ရှိနေမည်ဟု မည်သူမျှ အာမမခံနိုင်ချေ။
ကျန်းလင်သည် မိမိ ခန္ဓာကိုယ် အတွင်းရှိ အရိုးများကို ထိန်းချုပ်ရန် ကြိုးစားကြည့်ရာ ထိုမျှလောက် မလွယ်ကူကြောင်း တွေ့ရှိလိုက်ရ၏။
ထိုခံစားချက်မှာ မိမိ၏ အရိုးနှင့် အသားကို အတင်းအကျပ် ခွဲထုတ်ရန် ကြိုးစားနေသော အင်အားတစ်ခု ရှိနေသကဲ့သို့ ဖြစ်ပေသည်။
သို့သော် သရဲ ဆိုသည်မှာ မူလကတည်းက စွမ်းအင်များ စုစည်းထားသည့် အရာ တစ်ခုသာဖြစ်၏။
ဖြစ်တည်လာချိန်တွင် လူသား၏ ဝိညာဉ် ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံ အတိုင်း ဖွဲ့စည်း တည်ဆောက်ကာ အားဖြည့် စုစည်းထားခြင်းသာ ဖြစ်ပေသည်။
အကယ်၍ အရိုးနှင့် အသားကို ခွဲထုတ်ချင်သည် ဆိုပါက ထိုနေရာတွင် တည်ဆောက်ထားသော ဖွဲ့စည်းပုံကို ခွဲထုတ်ပစ်လိုက်ရုံသာ ဖြစ်၏။
အကြိမ်အနည်းငယ်မျှ ထပ်မံ စမ်းသပ်ကြည့်မည် ဆိုပါက လုပ်နိုင်လာမည်ဟု သူ ထင်ပေသည်။
ဤသည်မှာ သရဲအချို့က သူတို့၏ လက်မောင်းကို ဖြုတ်ချပြီးနောက် အခြား လက်မောင်း တစ်ခုကို ပြန်လည် တပ်ဆင်နိုင်သကဲ့သို့ပင် ဖြစ်၏။
ထိုသို့လုပ်ရန်မှာလက်မောင်းအရိုးဆက်နေသော နေရာရှိ ဖွဲ့စည်းပုံကို ဖြုတ်ချလိုက်ပြီးနောက် ပြန်လည်ဆက်သွယ်လိုက်ရုံသာ ဖြစ်ပေသည်။
ထို့ကြောင့် မုန့်ရှန်း၏ ဝိညာဉ်အငွေ့အသက်ကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်းဖြစ်စေ၊ ပြိုင်ပွဲစင်မြင့်ပေါ်ရှိ ဤတိုက်ကွက်များနှင့် ကျွမ်းကျင်မှုများ ဖြစ်စေတောင်ဘက် ခန်းမဆောင် ၏မိမိကိုယ်ကို စူးစမ်းလေ့လာမှုများသည် ကျန်းလင် မျှော် လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့ပေသည်။
🫧 Chapter 240
ပြိုင်ပွဲစင်မြင့်ပေါ်တွင် ရှောင်တိမ်းမှု အနည်းငယ် နှေးကွေးသွားသော သရဲတစ္ဆေများသည် သံချပ်ကာ၏ အက်ကွဲကြောင်းမှ ရိုက်ခတ် ထွက်ပေါ်လာသော ဝိညာဉ်အငွေ့ အသက်များ၏ ဒဏ်ကို ခံလိုက်ရ၏။
၎င်းတို့၏အရေပြား မျက်နှာပြင်ပေါ်တွင် အရည်ပျော်သွားသော အရာများကိုပင်မြင်တွေ့နေရပေသည်။
ထိုအငွေ့အသက်၏ ဖျက်ဆီးနိုင်စွမ်းက မည်မျှ ကြီးမားသနည်း ဆိုသည်ကို သိသာလှ၏။
"အားပေးကြ၊ အားပေးကြ"
"မကြောက်နဲ့၊ ငါတို့ ဝိညာဉ်ဈေးတန်းမှာ ကြောက်တတ်တဲ့ သရဲဆိုတာ မရှိဘူး"
"ဒါတောင် မရှောင်နိုင်ဘူးလား၊ မရတော့ဘူး၊ ငါတက်သွားပြီး ချမှ ဖြစ်တော့မယ်"
သရဲတစ္ဆေများသည် ပြိုင်ပွဲစင်မြင့်ပေါ်သို့ အဆက်မပြတ် တက်သွားကြပြီး လက်ရှိ ဗိုလ်၏ ထိုးကြိတ်ခြင်းကို ခံရကာ လဲကျသွားပြီးနောက် ပြန်လည် ထလာကာ ဆက်လက်တိုက် ခိုက်နေကြ၏။
သို့သော် ပြိုင်ပွဲစင်မြင့်ပေါ်မှ လွှင့်ပစ်ခံလိုက်ရသူများကမူ ဒုတိယအကြိမ် ပြန်တက်ခွင့်မရှိတော့ချေ။
ထိုသရဲတစ္ဆေများသည် လက်ရှိ ဘောစ့်ကို အလယ်ဗဟိုတွင် ဝိုင်းရံထားကြသည်။
အချို့က တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်ကြပြီး အချို့ကမူ ကျားသစ် တစ်ကောင် အမဲလိုက်သကဲ့သို့ ခန္ဓာကိုယ်ကို ဝပ်၍ ရုတ်တရက် ခုန်အုပ် တိုက်ခိုက်ကြပေသည်။
မည်သူကမျှ ညှာတာမှု မရှိဘဲ တိုက်ရိုက်ပင် အသေအလဲ တိုက်ခိုက်နေကြ၏။
လီစုန့် ပြောသကဲ့သို့ပင် မသေသရွေ့ ဘာလုပ်လုပ် ရပေသည်။
တိုက်ပွဲ တစ်ခုလုံးသည် အလွန် ပြင်းထန်ပြီး ပြိုင်ပွဲစင်မြင့်ပေါ်ရှိ သရဲများမှာလည်း အဆက်မပြတ် ပြောင်းလဲနေတော့၏။
[ တကယ် မိုက်တယ်၊ တောင်ဘက် ခန်းမဆောင်ရဲ့ကျွမ်း ကျင်မှုတွေက ကြည့်ရတာ အရမ်းမိုက်တာပဲ]
[ငါတောင် ကြည့်ရင်း သင်ချင်စိတ်ပေါက်လာပြီ၊ အား အား အား ငါ့ရဲ့ ဆယ်ကျော်သက် စိတ်ကူးယဉ်အိမ်မက်တွေ ပြန်နိုးထလာပြီ]
[နဂါးကြီးကို ဆင့်ခေါ်မလို့လား]
[ဒါက ငါ အရင်တုန်းက အမြဲတမ်း အိပ်မက်မက်ခဲ့တဲ့ အရာတွေ မဟုတ်ဘူးလား၊ ဝူးဝူးဝူး]
ဤနေ့တစ်ဝက်လုံး ကျန်းလင်သည် နေရာမှ မရွေ့လျားခဲ့သကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကလည်း ပြိုင်ပွဲစင်မြင့်ကိုသာ အချိန်ပြည့် ချိန်ရွယ်ထားခဲ့၏။
သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ် အရေအတွက်မှာမူ ပို၍ပင် များပြားလာတော့သည်။
ကျန်းလင် ပြိုင်ပွဲကို ကြည့်ရှုနေချိန်တွင် ပရိသတ်များသည်လည်း အားမနေကြဘဲ တစ်ယောက်ပြီး တစ်ယောက် အမျိုးမျိုးသော အလုပ်များကို လုပ်ဆောင်နေကြပေသည်။
ပုံဆွဲသူက ဆွဲ၊ မှတ်တမ်းတင်သူက တင် စသဖြင့် ဖြစ်၏။
ထိုအထဲတွင် အတက်ကြွဆုံး သူများမှာ ဆယ်ကျော်သက် စိတ်ကူးယဉ် အိပ်မက်များ ရှိခဲ့ဖူးသူများပင် ဖြစ်တော့သည်။
ယခင်က
ပရိသတ်များသည် ဤကဲ့သို့သော တိုက်ကွက်များကို ကျင့်စဉ်ဝတ္ထုများ၊ အန်နီမေးရှင်းများထဲတွင်သာ မြင်တွေ့ခဲ့ရဖူးပြီး လက်တွေ့ဘဝတွင် အမှန်တကယ် မြင်တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။
အရေးအကြီးဆုံးမှာ ဤအရာက သရုပ်ဆောင်နေခြင်း မဟုတ်ပေ၊ ဤအရာက သရုပ်ဆောင်နေခြင်း မဟုတ်ပေ။
'မေးကြည့်စမ်းပါ၊ ဘယ်သူ့မှာကော လူငယ်ဘဝ ဆိုတာ မရှိခဲ့ဖူးဘူးလဲ'
'ဘယ်သူ့ ရင်ထဲမှာကော စိတ်ကူးယဉ် အိပ်မက်တွေ မရှိခဲ့ဖူးဘူးလဲ'
ယခုတော့ သူတို့ နေထိုင်နေသော ကမ္ဘာကြီး ကိုယ်တိုင်က အလွန်ဆန်းကြယ်နေကြောင်း သူတို့ တွေ့ရှိသွားကြပြီ ဖြစ်၏။
ထိုမိုက်မဲလှသော တိုက်ကွက်များနှင့် ကျွမ်းကျင်မှုများသည် အိပ်မက်များ မဟုတ်တော့ချေ။
[ထကြွကြစမ်းပါ လူငယ်တို့]
[ညီအစ်ကိုတွေ ဆိုရင် အမြန် ဝင်လာခဲ့ကြ!]
[နဂါးကြီးကို ဆင့်ခေါ်တာတောင် ဒီလောက် သွေးဆူမှာ မဟုတ်ဘူး]
[တကယ့် အစစ်အမှန် တိုက်ပွဲကြီး ဒါ သရုပ်ဆောင်နေတာ မဟုတ်ဘူးနော်]
အမျိုးမျိုးသော လင့်ခ်များနှင့် ခေါင်းစဉ်များကို ပရိသတ်များက မိမိတို့၏ အသိုင်းအဝိုင်း အသီးသီးသို့ မျှဝေလိုက်ကြ၏။
[အန်နီမေးရှင်း အသိုင်းအဝိုင်း]
[ဒိုင်မင်းရှင်း အသိုင်းအဝိုင်း]
[ဆယ်ကျော်သက် စိတ်ကူးယဉ် အသိုင်းအဝိုင်း] စသည်ဖြင့် ဖြစ်ပေသည်။
[ဒီနေရာမှာ တကယ့် ဒိုင်မင်းရှင်း အချင်းချင်းတိုက်ပွဲကို ကြည့်ရတယ်ဆိုလို့ ငါ ရောက်လာပြီ]
[ရောက်လာပြီ ညီအစ်ကိုတို့ ]
[လခွမ်း၊ ဒါက ဘိုရူတိုထက်တောင် ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းနေတာပဲ]
[လာ၊ ငါ့နောက်က လိုက်ဆို၊ ဘယ်ဘက်လက်က နှေးကွေးတဲ့ လှုပ်ရှားမှု တစ်ခု၊ ညာဘက်လက်က နှေးကွေးတဲ့ လှုပ်ရှားမှု တစ်ခု]
[သရုပ်ဆောင်နေတာ မဟုတ်ဘူး ဟုတ်လား]
ကွန်ပျူတာ အရှေ့တွင် ဖန်းပေါ် သည် ရယ်မောလိုက်ပြီး ခေါင်းကို ရယ်စရာကောင်းသလို ခါယမ်းလိုက်၏။
ဖန်းပေါ် သည်လည်း ငယ်စဉ်က စိတ်ကူးယဉ် အိပ်မက်များ ရှိခဲ့ဖူးသူ တစ်ဦး ဖြစ်ပြီး ထိုအသိုင်းအဝိုင်းထဲတွင် ဝါရင့် စီနီယာ တစ်ဦးပင် ဖြစ်ပေသည်။
သို့သော် အသက်အရွယ် ရလာသည်နှင့်အမျှ ကျောင်းပြီး၊ အလုပ်လုပ်လာရသောအခါ
ဤကမ္ဘာကြီး၏ အစစ်အမှန် မျက်နှာစာကို မြင်တွေ့လာရပြီးနောက် သူ၏ စိတ်ကူးယဉ် အိပ်မက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ဤကမ္ဘာကြီးတွင် နဂါးကြီးများ မရှိသလို အစွမ်းထက်သော ညာဘက်မျက်လုံး ဆိုသည်မျိုးလည်း မရှိချေ။
ထိုသို့ ဆင့်ခေါ်နိုင်သော ဆန်းကြယ်သည့် စွမ်းရည်မျိုးလည်း မရှိပေ။
ရှိသည်ကတော့ ငွေကြေးနှင့် အာဏာသာ ဖြစ်၏။
ဘဝအတွက် ရုန်းကန်နေရခြင်းများသာ ဖြစ်ပေသည်။
ယခုအချိန်အထိ ဤအသိုင်းအဝိုင်းထဲတွင် ကျန်ရှိနေသေးခြင်းမှာလည်း မိမိအတွက် အမှတ်တရ တစ်ခု အနေဖြင့် ထားရှိလို၍သာ ဖြစ်၏။
မကြာသေးမီက နှစ်သစ်ကူး အားလပ်ရက်တွင် ဖန်ပေါ် သည် အခွင့်အရေးရခိုက် အနားယူရန် အချိန်အနည်းငယ် ရရှိခဲ့ပေသည်။
သူ အခြားလူများထံသို့ ဖိုင်များ ပေးပို့နေစဉ် ထိုအသိုင်း အဝိုင်းများကို မြင်လိုက်ရသောအခါ အတိတ်ကို ပြန်လည် သတိရသွားသကဲ့သို့ ဖြစ်သွား၏။
သူ့ မျက်စိရှေ့ရှိ လင့်ခ်များကို ကြည့်ရင်း သူ ပြုံးလိုက်မိသည်။
လူတချို့က Cosplay လုပ်ထားတာ ဒါမှမဟုတ် တည်းဖြတ်ထားတဲ့ ပုံတွေ ဖြစ်မှာပါဟု သူ တွေးလိုက်ပေသည်။
ယနေ့လည်း အားနေသဖြင့် သူသည် မောက်စ်ကို ရွှေ့ကာ လင့်ခ်ထဲသို့ ဝင်၍ သူ၏ ရယ်စရာကောင်းသော လူငယ်ဘဝကို ပြန်လည် အမှတ်ရရန် ပြင်ဆင်လိုက်၏။
[စနစ် သတိပေးချက် : သင်သည် 'မရဏလောကမှအံ့ဖွယ်နေ့ရက်များ ' တိုက်ရိုက်ထုတ်လွှင့်မှုသို့ ဝင်ရောက်သွားပါပြီ]
ဝင်ဝင်ချင်းမှာပင် ဖန်းပေါ် သည် အမာရွတ်နှင့် သရဲ၏လက်ထဲတွင် အရိုးဓား ထွက်ပေါ်လာသည့် မြင်ကွင်းကို မြင်လိုက်ရပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အလုံးလေးသည် နေရာအနှံ့ အဆက် မပြတ်ပြောင်းလဲနေသဖြင့် အသေးစိတ် အချက်အလက်များကို ပိုပြည့်စုံစွာမြင်တွေ့ရ၏။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ထိုလူများ၏ သွက် လက်သော လှုပ်ရှားမှုများနှင့် ထူးဆန်းသော တိုက်ကွက်များကို ကြည့်ရင်း ဖန်းပေါ် အနည်းငယ် သံသယဝင်သွားရတော့ သည်။
'ဒါက သရုပ်ဆောင်ထားတာလား'
'ဒါမှမဟုတ် နောက်ပိုင်းမှ တည်းဖြတ်ထားတာလား'
'မဟုတ်သေးဘူး၊ ဒါက တိုက်ရိုက်ထုတ်လွှင့်နေတာ မဟုတ်ဘူးလား'
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းများ ပြောင်းလဲသွားသည်နှင့်အမျှ ဖန်းပေါ် သည် လေထဲတွင် စိတ်လှုပ်ရှားစွာပျံသန်းနေသော 'လူ' တစ်ယောက်ပြီး တစ်ယောက်ကို မြင်တွေ့လိုက်ရ၏။
ပြိုင်ပွဲစင်မြင့်ပေါ်တွင် ထိုလူများ ရှောင်တိမ်းလိုက်ချိန်တွင် လေထဲသို့ ပေါ့ပါးစွာ ကျဆင်းလာသည်ကိုပါ မြင်တွေ့လိုက်ရပေသည်။
'အခုခေတ် တိုက်ရိုက်ထုတ်လွှင့်မှု အထူးပြုလုပ်ချက်တွေက ဒီလောက်တောင် ကောင်းနေပြီလား'
'တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေက ဒီလောက်တောင် ချောမွေ့နေတာလား'
ရုတ်တရက် ဖန်းပေါ် ၏အကြည့်များ ရပ်တန့်သွားတော့၏။
အဘယ်နည်းဆိုလျှင်သူသည် ခြေထောက် ဖြတ်ခံလိုက်ရပြီး ပြိုင်ပွဲစင်မြင့်ပေါ်မှ လွှင့်ပစ်ခံလိုက်ရသော လူတစ်ယောက်ကို မြင်လိုက်ရ သောကြောင့်ပင်။
ထိုမြင်ကွင်းက အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေသဖြင့် ဤတိုက်ရိုက်ထုတ်လွှင့်မှုက အတော်လေးအကြမ်း ဖက်လွန်းသည်ဟု သူ တွေးလိုက်မိ၏။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်ရန်ပြင်လိုက်ချိန်တွင် လွှင့်ပစ်ခံလိုက်ရသော ထိုလူက မြေပြင်ပေါ်ရှိ သူ့ခြေထောက်ကို ကောက်ယူကာ ပြတ်သွားသောနေရာတွင် ပြန်လည်တပ်ဆင်လိုက်သည်ကို တွေ့လိုက်ရပေသည်။
'ပြန်တပ်လိုက်တယ်'
ထို့အပြင် ခဏအကြာတွင် အကောင်းပကတိအတိုင်းပြန် လည် ပြေးလွှားနေသည်ကိုပါ မြင်လိုက်ရ၏။
"...."
ဖန်းပေါ် သည် တစ်ခဏမျှ ကြောင်အမ်းအမ်းဖြစ်သွားတော့ သည်။
'ဒါက တကယ်ပဲ အတော်လေး မှော်ဆန်နေသလိုပဲ'
သို့သော် အစစ်အမှန် ဟုတ်မဟုတ်ကို ခဏထားလိုက်လျှင်တောင် စင်မြင့်ပေါ်မှ ပြိုင်ပွဲက အမှန်တကယ် စိတ်လှုပ်ရှားဖို့ ကောင်းနေပေသည်။
သူ့ အထင်အရ အန်နီမေးရှင်း အများအပြားသည်ပင် ဤမျှလောက် ချောမွေ့ပြီး ပြင်းထန်အောင်မလုပ်နိုင်ကြချေ။
ဖန်းပေါ် တစ်ယောက် ပိုမို စိတ်နစ်မြုပ်လာချိန်တွင် သူ့ အနောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့၏။
"အဖေ၊ အဖေပဲ ဒါတွေက အတုတွေမို့လို့ သားကိုကြည့်ခွင့် မပေးဘူး ဆို"
အထက်တန်းကျောင်း တက်ခါစလူငယ်လေးသည် သူ့အဖေကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေ၏။
လွန်ခဲ့သော နှစ်ရက်ခန့်ကပင် သူ့ အဖေက သူ့ကို ဝေဖန်ခဲ့သေးသည် မဟုတ်လော။
ဤအရာများက အတုတွေဖြစ်ပြီး ကြည့်နေလို့လည်း ဗဟုသုတ မတိုးနိုင်သလို အချိန်ဖြုန်းရာသာ ရောက်သည် စသဖြင့် ပြောခဲ့သေး၏။
ယခုတော့ အဖေဖြစ်သူက စာကြည့်ခန်းထဲတွင် ပုန်း၍ခိုးကြည့်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ဖန်းပေါ် သည် ထိုအသံကြောင့် လန့်ဖျပ်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်ရာ မိမိ၏သားဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။
"အဖေ မတော်တဆ နှိပ်မိသွားတာပါ၊ အခုပဲ ပြန်ထွက်မလို့ လုပ်နေတာ"
ဖန်းရှောင်မော့ နှုတ်ခမ်းကို ရွဲ့လိုက်ပြီး "မလိမ်ပါနဲ့၊ သား အဖေ့ကို စောင့်ကြည့်နေတာ ဆယ်မိနစ်လောက် ရှိနေပြီ အဖေ သတိမထားမိတာလေ၊ ပြီးတော့ ဒီပြိုင်ပွဲက တော်တော်လေးကိုကြည့်ကောင်းနေတာပဲ"
ထိုစကားကို ကြားသောအခါ ဖန်းပေါ် မျက်နှာပေါ်ရှိ ရှက်ရွံ့မှုက ပို၍ပင် ကြီးမားလာတော့၏။
"မကြည့်တော့ဘူး မကြည့်တော့ဘူး"
သို့သော် ဖန်းရှောင်မော့ သည် ရုတ်တရက် မျက်လုံးများကို ကစားလိုက်ပြီး "အဖေ သား ပြောပြမယ်၊ ဒါတွေ အားလုံးက အစစ်တွေ၊ အဖေ မယုံရင် အင်တာနက်မှာ တရားဝင်မီဒီယာတွေရဲ့အသိအမှတ်ပြုချက်ကို သွားကြည့်လိုက်" ဟု ပြောလိုက်ပေသည်။
အကယ်၍ အဖေဖြစ်သူသာ ဤအရာများသည် အစစ်အမှန် ဖြစ်ကြောင်း ယုံကြည်သွားပါက နောက်ပိုင်းတွင် သူတို့ သားအဖ နှစ်ယောက် အတူတူ ကြည့်၍ရပြီ မဟုတ်ပါလော။
ဖုန်း အသိမ်းခံရမည်ကိုလည်း အချိန်တိုင်း စိုးရိမ်နေစရာမလိုတော့ချေ။
"တရားဝင် မီဒီယာတွေရဲ့ အသိအမှတ်ပြုချက် ဟုတ်လား။ မင်း ငါ့ကို လာနောက်နေတာလား"
ထိုအခါ ဖန်းပေါ် က လှောင်ပြုံး ပြုံးလိုက်၏။ ဤအရာကိုတော့ သူ မယုံကြည်ပေ။
"လာ၊ ဖုန်းပေး၊ မင်း ငါ့ကို ရှာပြစမ်း"
ဖန်းပေါ် က အလွန် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
တရားဝင် အသိအမှတ်ပြုချက် ဆိုသည်မှာ နောက်ပြောင်လို့ ရသည့် အရာမျိုး မဟုတ်ချေ။
ထိုအခါဖန်းရှောင်မော့ သည် ဖုန်းကို ယူကာ အချက်အလက်များ ရှာဖွေပြီးနောက် အဖေဖြစ်သူ၏ တုံ့ပြန်မှုကို မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေတော့၏။
ကြည့်ရင်း ကြည့်ရင်းဖြင့် အဖေဖြစ်သူ၏ မျက်နှာထားက လေးနက်လာသည်ကို သူ တွေ့ရှိသွားတော့သည်။
ထို့နောက် အံ့သြသွားခြင်း၊ ထိတ်လန့်သွားရခြင်းဟူသောခံစားချက်အဖုံဖုံမှာဖန်းပေါ်၏မျက်နှာ၌ပေါ်လာတော့သည်။
"လခွမ်း "
ကြည့်ရင်း ကြည့်ရင်းဖြင့် ဖန်းရှောင်မော့သည် တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။
"အဖေ၊ အဖေ အဆင်ပြေရဲ့လား"
သို့သော်သူ"အဖေ" ဟု တစ်ခွန်းသာ ခေါ်လိုက်ရသေးသည်၊ နောက်တစ်စက္ကန့်တွင် သူ၏ အဖေဖြစ်သူသည် မျက်လုံးများ ပြူးကျယ်သွားပြီး နေရာမှာတင် တန်းတန်းမတ်မတ် သတိ လစ်သွားသည်ကို မြင်လိုက်ရတော့သည်။
"အဖေ"
ဤတစ်ကြိမ်တွင်မူ ဖန်းရှောင်မော့ တစ်ယောက် အမှန်တကယ်ထိတ်လန့်သွားတော့၏။
'ဒါ ဒါ ဘာဖြစ်သွားတာလဲ’