အခန်း (၁-၂)
Vol. 1 Ch. 1-2
အတိတ်သို့တကျော့ပြန်ခရီး (စာစဉ် - ၁)
အခန်း(၁)
ပွမ် ပွမ် ပွမ်
လမ်းမပေါ်မှာ ဘတ်စ်ကားတစ်စင်း ဟွန်းသံတွေ တညံညံပေးရင်း အသည်းအသန် ပြေးလွှားနေတယ်။ ဘယ်ဘက်ကို တစ်ခါ၊ ညာဘက်ကို တစ်လှည့်နဲ့... မောင်းတဲ့သူကတော့ ကားကို မထိန်းနိုင်တော့တာ သေချာသလောက်ပဲ။ အရှိန်ကလည်း ပြင်းလွန်းတော့ ဘယ်အချိန်မှာ မှောက်မလဲဆိုတာ ရင်တမမပဲ။
လမ်းပေါ်က တခြားကားသမားတွေလည်း တိုက်မိမှာစိုးလို့ အလန့်တကြားနဲ့ ကားတွေကို ရပ်ပေးလိုက်ကြရတယ်။ ဘတ်စ်ကားကြီးဟာ လမ်းကြောင်းတော်တော်များများကို ဖြတ်ကျော်ပြီး လူသူကင်းရှင်းတဲ့ လူသွားပလက်ဖောင်းပေါ်ကို အတင်းထိုးတက်သွားတော့တယ်။
ဝုန်း
လျှပ်စစ်မီးတိုင်ကို အရှိန်နဲ့ ဝင်တိုက်မိပြီးမှ ဘတ်စ်ကားကြီး ရုတ်တရက် ရပ်တန့်သွားတယ်။ မီးတိုင်ကလည်း ကားပေါ်ကို ပိကျသွားတာပေါ့။ အနားက လူတွေလည်း သူတို့ကားပေါ်ကနေ ဆင်းလာပြီး ပျက်စီးသွားတဲ့ ကားကြီးနားမှာ စုရုံးလာကြတယ်။ ကားတံခါးတွေ ပွင့်လာပြီး အထဲက ခရီးသည်တွေလည်း ထိတ်လန့်တကြားနဲ့ တိုးဝှေ့ထွက်လာကြတော့တာပေါ့။
“၁၁၉ ကို တစ်ယောက်ယောက် ဖုန်းဆက်ကြပါဦး ” လို့ ထွက်ပြေးလာတဲ့သူတွေထဲက တစ်ယောက်က အော်ပြောလိုက်တယ်။
“ကားဆရာ သေတော့မယ်ဗျို့”
၂၀၃၁ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်။ ဟန်မာရူးဆိုတဲ့ ဘတ်စ်ကားဆရာတစ်ယောက် ကွယ်လွန်သွားခဲ့ပါပြီ။ သေဆုံးချိန်မှာ သူ့အသက်က ၄၅ နှစ်ပေါ့။
‘မင်းဘဝမှာ ဘာတွေများ နောင်တရစရာ ရှိသလဲ’
မျက်လုံးပွင့်လာတဲ့အချိန်မှာ မာရူးရဲ့ ခေါင်းထဲကို ပထမဆုံး ဝင်လာတဲ့အတွေးက ဒါပါပဲ။ အနီးအနားက ကမ်းခြေကို လှိုင်းပုတ်သံတွေကို သူ ကြားနေရတယ်။ ထထိုင်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လေအေးလေးက သူ့မျက်နှာကို ခပ်နွေးနွေးလေး တိုက်ခတ်သွားတယ်။
* * * * * * * * *
“ဒါ ဘယ်နေရာလဲ ”
“နိုးပြီလား။ ကျမလည်း ရှင့်ကို အခုပဲ နှိုးတော့မလို့"
သူ့နောက်ဘက်က ထွက်လာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံကြောင့် သူ ပိုပြီးတော့တောင် ဝေဝေဝါးဝါး ဖြစ်သွားရတယ်။
“ဒါက...”
မာရူးရဲ့ စကားက ရေရေရာရာ ထွက်မလာဘူး။ ကံကောင်းချင်တော့ အဲဒီအမျိုးသမီးက သူ ဘာတွေ ဇဝေဇဝါဖြစ်နေလဲဆိုတာကို ကောင်းကောင်းသိပုံရတယ်။
“ရှင် ဘယ်ရောက်နေလဲဆိုတာ ခဏနေရင် သိရမှာပါ။ အေးအေးဆေးဆေးပဲ စဉ်းစားကြည့်ပါဦး"
အင်္ကျီအဖြူဝတ်ထားတဲ့ အမျိုးသမီးရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာတော့ မာရူးတစ်ယောက် သူ့အခြေအနေကို သူ ချက်ချင်း သဘောပေါက်သွားတယ်။ ဒီလို အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပေမဲ့ တကယ့်တကယ် ဖြစ်လာတော့လည်း စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူးလေ။
“အော်... ငါ သေသွားပြီကိုး"
မာရူးက ကိုယ့်ကိုယ်ကိုယ် အတည်ပြုလိုက်တယ်။ အမျိုးသမီးကလည်း ခေါင်းညိတ်ပြီး အတည်ပြုပေးလိုက်တာပေါ့။
“ဟုတ်ပါတယ်။ ရှင် သေသွားပြီ"
“ခင်ဗျားက နတ်သမီးလား” မာရူးက သိချင်စိတ်နဲ့ မေးလိုက်တယ်။
အဲဒီစကားကို ကြားတော့ အမျိုးသမီးက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး
“အဲဒီလိုလည်း ပြောလို့ရပါတယ်။ တချို့က နတ်သမီးလို့ ခေါ်ကြပေမဲ့ တချို့ကတော့ သေမင်းလို့ ခေါ်ကြတာပေါ့။ ဘယ်လိုပဲ ခေါ်ခေါ် နာမည်တွေက အရေးမကြီးပါဘူး။ အခု ကျမပြောမယ့် စကားကသာ အရေးကြီးတာပါ"
အဲဒီအမျိုးသမီးက ရှေ့ကနေ ခပ်သွက်သွက် လျှောက်သွားတယ်။ မာရူးလည်း သူမနဲ့ အမှီလိုက်နိုင်အောင် ခြေလှမ်းတွေကို ခပ်မြန်မြန်လေး လှမ်းလိုက်ရတာပေါ့။ တစ်မိနစ်လောက် လျှောက်ပြီးတဲ့အခါမှာတော့ ကမ်းခြေတစ်ခုလုံးမှာ တစ်ခုတည်းသော ထီးလေးတစ်လက်ကို တွေ့လိုက်ရတယ်။
အမျိုးသမီးက ထီးအောက်က ကုလားထိုင်ကို ညွှန်ပြရင်း
“ထိုင်ပါဦး" လို့ ပြောလိုက်တယ်။
ဒါနဲ့ မာရူးလည်း ထိုင်ချလိုက်တာပေါ့။ အမျိုးသမီးကလည်း ဘေးက ကုလားထိုင်မှာ ဝင်ထိုင်လိုက်ပြီး စကားကို ဆက်ပြောတယ်။
“မစ္စတာဟန်၊ ရှင်ဟာ ၂၀၃၁ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်၊ ၁၁ နာရီ ၂၃ မိနစ် ၁၄ စက္ကန့်မှာ တိတိကျကျ သေဆုံးသွားတာပါ။ ရှင် ဘယ်လို သေသွားလဲဆိုတာ မှတ်မိသေးလား”
ထူးထူးဆန်းဆန်းပဲ၊ မာရူး အဲဒါကို မှတ်မိနေတယ်။
“မှတ်မိပါတယ်” လို့ သူ ပြန်ဖြေလိုက်တယ်။
မာရူးက အဲဒီဖြစ်ရပ်ကို ခပ်ဝေးဝေးက အမှတ်တရတစ်ခုလို ပြန်စဉ်းစားကြည့်လိုက်တယ်။ သူ ဘတ်စ်ကားကို နောက်ဆုံးဂိတ်အထိ မောင်းလာခဲ့တာပေါ့။ အဲဒီအချိန်မှာ လမ်းပေါ်ကနေ တစ်ခုခုက သူ့ဆီကို တည့်တည့်ကြီး ပျံဝဲကျလာတယ်။ အဲဒါက ရှေ့မှန်ကို ခွဲပြီး သူ့ရင်ဘတ်ကို လာမှန်တယ်၊ ပြီးတော့မှ ကားဆရာထိုင်ခုံ ဘေးနားကို ကျသွားခဲ့တာ။ သူ မှတ်မိသလောက်ဆိုရင် အဲဒါက တူခေါင်းနဲ့တောင် တူသလိုလိုပဲ။
သူ့ရဲ့ အသက်ရှူသံတွေကလည်း တဖြည်းဖြည်းနဲ့ အားနည်းလာပြီး ခန္ဓာကိုယ်ကိုလည်း မထိန်းနိုင်တော့ဘူး။ ခရီးသည်တွေရဲ့ ဘေးကင်းရေးကို ငဲ့ပြီး မာရူးက ဘရိတ်ကို အမြန်နင်း၊ ပြီးတော့ လူသူကင်းတဲ့ လူသွားလမ်းပေါ်ကို ကားကို ကွေ့ချလိုက်ရတယ်။
အဲဒီအချိန်တုန်းကတော့ ဒီလိုလုပ်တာက အကောင်းဆုံးနည်းလမ်းပဲလို့ သူ တွေးခဲ့တာပေါ့။ ပြီးတော့... ဘာမှ မသိတော့ဘူး။ နောက်တစ်ခါ မျက်လုံးပွင့်လာတော့ ဒီနေရာကို ရောက်နေတာပဲ။ ဒါနဲ့ သူ့စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာတယ်။
“ခရီးသည်တွေ... ဘေးကင်းကြရဲ့လား” သူ မေးလိုက်တယ်။
“ရှင့်ကြောင့် သူတို့အားလုံး အသက်ချမ်းသာရာ ရခဲ့ကြပါတယ်။ ရှင်သာ တစ်ဝက်တစ်ပျက်နဲ့ လက်လျှော့လိုက်ရင် ကုန်တင်ကားတစ်စီးနဲ့ တည့်တည့်ကြီးတိုက်ပြီး အားလုံး သေကုန်ကြမှာ" လို့ အမျိုးသမီးက ပြန်ပြောပြတယ်။
အဲဒီစကားကြောင့် မာရူး စိတ်ထဲမှာ နည်းနည်းတော့ နေသာထိုင်သာ ရှိသွားတယ်။
“တော်သေးတာပေါ့...”
ဒါပေမဲ့လည်း စိတ်သက်သာရာရတာက ခဏပါပဲ။ သူကတော့ တခြားသူတွေကို ကယ်နိုင်ခဲ့ပေမဲ့ ကိုယ်တိုင်ကတော့ သေနေပြီလေ။ အခုဆိုရင် သူ့မိန်းမနဲ့ သမီးလေးကို ဘယ်သူက စောင့်ရှောက်မှာလဲ အဲဒီအချိန်မှာပဲ သူ့ရဲ့ အသက်အာမခံအကြောင်းကို သတိရသွားတယ်။
“ဝမ် သန်းငါးရာဆိုရင်တော့ ငါ့သမီးလေး လူလားမြောက်တဲ့အထိ တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်မှာပါ၊ ဟုတ်တယ်မလား ”
သူ့မေးခွန်းကို ကြားတော့ အမျိုးသမီးက ပြုံးလိုက်တယ်။
“ရှင်ကတော့ မိသားစုအကြောင်းပဲ တွေးနေတော့တာပဲ"
“ဟုတ်ကဲ့၊ ကျွန်တော့်သမီးလေးက အထက်တန်းကျောင်း တက်တော့မှာပါ။ ကျွန်တော်က ဝင်ငွေလည်း သိပ်မကောင်းတော့ သမီးလေးအတွက် ဘာမှ သိပ်မလုပ်ပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီငွေလေးနဲ့ဆိုရင်တော့...”
မာရူးက ပြောရင်းနဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။
“မစ္စတာဟန်” လို့ အမျိုးသမီးက ခေါ်လိုက်တယ်။
“ဟုတ်ကဲ့ ”
“ရှင် ဘဝကို အစကနေ ပြန်စချင်သလား”
မာရူး ခဏလောက် ဆွံ့အသွားတယ်။
“ဗျာ”
အဲဒီအချိန်မှာပဲ ဝတ်စုံဖြူဝတ်ထားတဲ့ အဘွားအိုတစ်ယောက်ဟာ အမျိုးသမီးရဲ့ နောက်ဘက်ကနေ ထွက်လာတယ်။ ဒီအဘွားကို မာရူး ကောင်းကောင်းသိတာပေါ့။ သူ့အိမ်နီးချင်း၊ အမှိုက်တွေကောက်ပြီး အသက်မွေးရရှာတဲ့ အဘွားယူဘုတ်ဂျာပဲ။
“အမေ” လို့ မာရူးက အဲဒီအဘွားကို ခေါ်လိုက်တယ်။ တကယ်တော့ သူနဲ့ သွေးမတော်သားမစပ်ပါဘူး။ ဒါပေမဲ့ အမြဲတမ်း စကားစမြည် ပြောဖြစ်ကြရင်းနဲ့ ဒီလိုပဲ ခေါ်ဖြစ်သွားတာပါ။
“အဘွားယူက သူမ ရရှိထားတဲ့ အခွင့်အရေးကို ဦးဟန်ကို ပေးဖို့ ဆုံးဖြတ်လိုက်ပြီ" လို့ အမျိုးသမီးက ပြောတယ်။
“အခွင့်အရေး… ဘာအခွင့်အရေးလဲ”
မာရူးက ပိုပြီးတော့တောင် ကြောင်သွားရပြန်တယ်။
“တစ်ခါပြန်ပြီး အသက်ရှင်ခွင့်ပေါ့"
ဒီရှင်းပြချက်ကလည်း မာရူးအတွက်တော့ သိပ်ပြီး ထူးမခြားနားပါဘူး။ အဘွားအိုက မာရူးနားကို လျှောက်လာပြီး သူ့လက်ကို နူးညံ့စွာ ဆုပ်ကိုင်လိုက်တယ်။
“သားကြောင့် အမေ အေးအေးချမ်းချမ်း နေခဲ့ရပါတယ်။ အမေ့သားသမီးတွေထက်တောင် ပိုပြီး ဂရုစိုက်ပေးခဲ့တဲ့အတွက် သားကို ကျေးဇူးအများကြီး တင်ပါတယ်ကွယ်"
မာရူးက အဘွားရဲ့ အရေပြားတွေ တွန့်နေတဲ့ လက်ကလေးတွေကို ငုံ့ကြည့်လိုက်တယ်။ ဆောင်းတွင်းမှာ အဘွားတစ်ယောက်တည်း လက်တွန်းလှည်းကြီးနဲ့ ပင်ပင်ပန်းပန်း သွားနေတာ မြင်တိုင်း သူ အမြဲ ကူညီပေးခဲ့ဖူးတာကိုး။ ဘာကိုမှ မျှော်လင့်ပြီး ကူညီခဲ့တာ မဟုတ်ပါဘူး။ အဘွားကို ရံဖန်ရံခါ ပြုံးနေတာလေး မြင်ချင်ရုံသက်သက်ပါပဲ။
“အမေ့ကိုယ်စား ကျွန်တော်က ပြန်ပြီး အသက်ရှင်ရမယ်လို့ ပြောတာလား အမေ”
သူ မေးလိုက်တယ်။ ဘေးနားက အမျိုးသမီးကပဲ အတည်ပြုပေးလိုက်ပါတယ်။
“ဟုတ်ပါတယ်"
မာရူးက ငြင်းတဲ့အနေနဲ့ ခေါင်းကို ခပ်ပြင်းပြင်း ခါလိုက်တယ်။
“မလုပ်ပါနဲ့ အမေ။ ကျွန်တော်က ဒီလိုအခွင့်အရေးမျိုးနဲ့ မထိုက်တန်ပါဘူး...”
သူ့စကားမဆုံးခင်မှာပဲ အဘွားက ကြားဖြတ်ပြောလိုက်တယ်။
“အမေကတော့ နောက်တစ်ခါ ပြန်ပြီး မရှင်ချင်တော့ပါဘူး။ အမေ့ဘဝက အရမ်းပင်ပန်းလွန်းခဲ့တာ။ နောက်ထပ် စစ်ပွဲတွေလည်း မကြုံချင်တော့ဘူး၊ အမြဲတမ်း ပြေးလွှားနေရတဲ့ ဘဝမျိုးကိုလည်း ပြန်မလိုချင်တော့ဘူး။ အခုလို အခြေအနေကပဲ အမေ့အတွက် ပိုကောင်းပါတယ်။ အမေ့သူငယ်ချင်းတွေလည်း အကုန်လုံး ကောင်းကင်ဘုံမှာ ရှိနေကြတာပဲ"
အဘွားက နူးနူးညံ့ညံ့ ပြုံးပြီး စကားကို ဆက်ပြောတယ်။
“ဒါပေမဲ့ သားကတော့ မတူဘူးလေ မာရူး။ သားက ငယ်ပါသေးတယ်။ သားကို ဒီအတိုင်းကြီး သေခွင့်မပေးနိုင်ဘူးကွယ်"
အဘွားက မာရူးရဲ့လက်ကို နည်းနည်းလေး ပိုပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။
“ဒါကို အမေနဲ့ အမြဲ စကားပြောပေးခဲ့တဲ့အတွက် အမေ့ဆီက ရတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်ပါကွယ်"
“အမေရယ်...”
မာရူး ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။
“ဒီအခွင့်အရေးကို အမေ့အတွက် လက်ခံပေးပါနော်"
အဲဒီလိုပြောပြီးတာနဲ့ အဘွားရဲ့ ပုံရိပ်က တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတယ်။ မာရူးကတော့ အမျိုးသမီးကို ကြောင်တောင်တောင်လေး ငေးကြည့်နေမိတာပေါ့။
“ဒါပေမဲ့ ကန့်သတ်ချက်တချို့တော့ ရှိတယ်နော်" လို့ အမျိုးသမီးက ရှင်းပြတယ်။
“ရှင့်ရဲ့ မှတ်ဉာဏ်တွေက အပြည့်အစုံ ပါလာမှာ မဟုတ်ဘူး။ အဲဒီတော့ အတိတ်ကမှတ်ဉာဏ်တွေကို သုံးပြီး ထီပေါက်အောင် လုပ်လို့တော့ မရဘူးပေါ့"
“ကျွန်တော် တကယ်ကြီး အစကနေ ပြန်စလို့ ရတာလား”
အမျိုးသမီးက ခေါင်းညိတ်ပြလိုက်တယ်။ မာရူး စဉ်းစားကြည့်မိတာပေါ့။ ဘဝကို အစကနေ ပြန်စရမယ်ဆိုတာ ဘယ်လိုများနေမလဲ အဲဒီအချိန်မှာပဲ သူ့ခေါင်းထဲကို မေးခွန်းတစ်ခု ပေါ်လာတယ်။
“ဟို... လေ...”
“အခု လက်ရှိ မိန်းမနဲ့လည်း ပြန်ဆုံနိုင်ပါတယ်” လို့ သူမက သူ့မေးခွန်းကို ကြိုပြီး ဖြေလိုက်တယ်။
“သူမနဲ့ ပြန်ဆုံဖို့ ရွေးချယ်မလား ဆိုတာကတော့ ရှင့်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။ အော်... ပြီးတော့ ရှင့်မှာ စွမ်းရည်တချို့လည်း ပါလာလိမ့်မယ်"
“စွမ်းရည်… ဘာစွမ်းရည်မျိုးလဲ ၊ ရုပ်ပြစာအုပ်တွေထဲကလို စွမ်းအားတွေလား၊ ဒါမှမဟုတ် တခြားသူတွေထက် ဟင်းချက် ပိုတော်တာမျိုးလား ”
ဒါပေမဲ့ အမျိုးသမီးကတော့ ဒီတစ်ခါမှာတော့ သူ့မေးခွန်းကို ဖြေပုံမရဘူး။
“ဒါကို လူအများကြီးကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့အတွက် လက်ဆောင်လို့ပဲ မှတ်ယူလိုက်ပါ။ အခုလေးတင် ကောင်းကင်ဘုံကို ပြန်သွားတဲ့ အဘွားယူဆီက ပေးလိုက်တဲ့ လက်ဆောင်လည်း ဖြစ်မှာပေါ့"
အဲဒီအချိန်ကျမှ မာရူးက အဘွားယူဟာ တကယ်တော့ ဘယ်သူများလဲလို့ ပထမဆုံးအကြိမ် တွေးမိတော့တယ်။ သူမဟာ ကောင်းကင်ဘုံမှာ ဘယ်လိုလူမျိုးမို့လို့ သူ့ကို ဒီလောက်တောင် ပေးနိုင်ရတာလဲ။ ဒီတစ်ခါလည်း အမျိုးသမီးက သူ့အတွေးကို ဖတ်မိပုံရတယ်။
“သူမဟာ အသက်ရှင်နေစဉ်မှာ ကမ္ဘာကြီးကို ပြောမပြနိုင်လောက်အောင် ကြင်နာမှုတွေ ဖြန့်ဝေပေးခဲ့တဲ့သူတစ်ယောက်ပါ။ အဲဒါကြောင့်လည်း သူမကို ဘဝသစ်နဲ့ ပြန်ရှင်ဖို့ ကမ်းလှမ်းခဲ့တာပေါ့။ အခုတော့ အဲဒီလက်ဆောင်က ခင်ဗျားဆီ ရောက်သွားပြီပေါ့"
အမျိုးသမီးက သူမရဲ့ လက်ကို ကမ်းပေးလိုက်တယ်။ သူမရဲ့ လက်ဖဝါးပေါ်မှာ ဆေးတောင့်လေး တစ်တောင့် ရှိနေတယ်။
“ဒါကို စားလိုက်ရင် ခင်ဗျားရဲ့ ဆယ်ကျော်သက်ဘဝကို ပြန်ရောက်သွားလိမ့်မယ်"
“အဲဒါက ဘယ်အချိန်လဲ...”
“အထက်တန်းကျောင်း ပထမနှစ်ပေါ့" လို့ သူမက ပြန်ဖြေလိုက်တယ်။
မာရူး အထက်တန်းကျောင်းတုန်းက အကြောင်းတွေကို သိပ်မမှတ်မိတော့ဘူး။ အခုထိ အဆက်အသွယ်ရှိတဲ့ သူငယ်ချင်းတချို့ပဲ မှတ်မိတော့တာ။ ဆယ်စုနှစ် နှစ်ခုလောက် ကြာသွားပြီဆိုတော့ အဲဒီတုန်းက အမှတ်ရချက်တွေကလည်း ဝေဝါးကုန်ပြီလေ။
“နိုးလာတဲ့အခါမှာတော့ ရှင် ပိုပြီး သိလာပါလိမ့်မယ်"
မာရူး ဆေးတောင့်လေးကို လက်ခံလိုက်တယ်။ အမျိုးသမီးက သူ့ကို ပြုံးပြနေတယ်။
“ဒီဘဝမှာတော့ တခြားသူတွေအတွက်ချည်းပဲ အရမ်းကြီး မပေးဆပ်ပါနဲ့ဦး။ တခြားသူတွေ ပျော်ရွှင်ဖို့ ကြိုးစားတာ ကောင်းပေမဲ့ ရှင် ကိုယ်တိုင်လည်း အများကြီး ပေးဆပ်ခဲ့ရပြီးပြီလေ"
မာရူးက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ကျွန်တော်က တခြားသူတွေအကြောင်း သိပ်ပြီး မတွေးတတ်ပါဘူး" လို့ ပြောလိုက်တယ်။
သူ အဲဒီဆေးတောင့်ကို နောက်ဆုံးတစ်ခေါက် ထပ်ကြည့်လိုက်တယ်။ အထက်တန်းကျောင်းတုန်းက အချိန်တွေကို တကယ် ပြန်သွားချင်ရဲ့လားဆိုတာ သူ ကိုယ်တိုင်တောင် သေချာ မသိသေးဘူး။ အဲဒီအချိန်မှာပဲ အရေပြားတွေ တွန့်နေတဲ့ လက်တစ်ဖက်က ဘယ်ကနေ ရောက်လာမှန်းမသိဘဲ သူ့ပါးစပ်ထဲကို ဆေးတောင့် ထည့်ပေးလိုက်တယ်။ မာရူး အံ့သြတကြီးနဲ့ နောက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ကို ပြုံးပြနေတဲ့ အဘွားရဲ့ ပုံရိပ်ကို တွေ့လိုက်ရတယ်။
“ဒီတစ်ခါတော့ ပျော်ပျော်ရွှင်ရွှင် နေပါဦးကွယ်"
အဲဒီနောက်မှာတော့ မာရူးတစ်ယောက် သတိလစ်သွားပြန်တော့တယ်။
* * * * * * * * *
လူတော်တော်များများဟာ ‘အဲဒီအချိန်တုန်းက အခြေအနေကို ပြန်သွားလို့ရရင် ဘယ်လောက်ကောင်းမလဲ...’ လို့ တွေးလေ့ရှိကြပါတယ်။ ဝင်ခွင့်စာမေးပွဲတွေရဲ့ ဒဏ်ကနေ လွတ်မြောက်လာတဲ့အခါမှာလည်း အလုပ်ရဖို့အတွက် ထပ်ပြီး ပူပန်ကြရပြန်ရော။ အလုပ်ရလို့ ဘဝလေး နည်းနည်း အခြေကျလာပြီဆိုရင်လည်း အထက်လူကြီးတွေရဲ့ ဖိအားတွေကို ရင်ဆိုင်ကြရတယ်။ ရာထူးတက်လို့ အသက်ရှူနည်းနည်း ချောင်လာပြန်တော့လည်း သားသမီးတွေ တက္ကသိုလ်တက်ဖို့က ရှေ့မှာ စောင့်နေပြန်ရော။
ဒီလောက် ပင်ပန်းရမှန်းသာ သိခဲ့ရင်... အဲဒီတုန်းက ဘာလို့ ပျော်ပျော်မနေခဲ့ပါလိမ့် ဘာလို့ အခုထက် ပိုပြီး မကြိုးစားခဲ့ပါလိမ့် အဲဒီတုန်းက ဘာလို့ ဒီလို ဆုံးဖြတ်ချက်မျိုး ချခဲ့ပါလိမ့် နေ့တိုင်းမှာ လူသန်းပေါင်းများစွာ၊ သောင်းပေါင်းများစွာဟာ နောင်တတွေနဲ့ သူတို့ရဲ့ အတိတ်ကို ပြန်ကြည့်နေကြတာပါ။
ပြီးတော့... ဟန်မာရူးဟာ အဲဒီလို အိပ်မက်မျိုး တကယ် ဖြစ်လာခဲ့ပြီဆိုတာကို သဘောပေါက်သွားတယ်။ သူ့နောက်မှာ ကွန်ပျူတာ စက်နှိုးထားတဲ့ အသံတိုးတိုးလေးကို သူ ကြားနေရတယ်။ မော်နီတာက ပိတ်ထားပေမဲ့ စက်ထဲက ပန်ကာကတော့ အလုပ်လုပ်နေတုန်းပဲ။ သူ့ဘေးနားက နံရံမှာ ကပ်ထားတဲ့ စာရင်းလေးတစ်ခုကိုလည်း သူ သတိပြုမိသွားတယ်။ အလယ်တန်းကျောင်း ဆင်းတုန်းက သူ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေလား
“ဟူး...”
သူ သက်ပြင်းတစ်ချက်ချပြီး လက်မနဲ့ နားထင်ကို နှိပ်ရင်း ထထိုင်လိုက်တယ်။ သူ့တင်ပါးအောက်က လျှပ်စစ်စောင်က ထွက်နေတဲ့ အပူရှိန်ကို ခံစားနေရတယ်။
မာရူးက တိုးတိုးလေး ရယ်လိုက်မိတယ်။ ဒီအခန်းကျဉ်းလေး၊ သူ့ပတ်ပတ်လည်က ရှုပ်ပွနေတဲ့ အဝတ်အစားတွေ၊ ထောင့်က ရုပ်ပြစာအုပ်ပုံကြီး၊ ပြီးတော့ စာကြည့်တိုက်က ငှားလာပြီး တစ်ခါမှ မဖတ်ဖြစ်ခဲ့တဲ့ စာအုပ်အဟောင်းကြီး။ ကွန်ပျူတာဘေးက မနေ့ညက စားလက်စ အာလူးကြော်ထုပ်၊ ခုတင်ဘေးက သူ့လွယ်အိတ်အသစ်၊ ပြီးတော့...
မာရူးက ခေါင်းအုံးအောက်ကို စမ်းကြည့်လိုက်တယ်။ ရှိတယ်၊ သူ့ဖုန်းပဲ။ သေခါနီးအထိ မပျောက်ပျက်ခဲ့တဲ့ အကျင့်ပေါ့။ မနက်မိုးလင်းတာနဲ့ ဖုန်းကို အမြဲ နင်းမိတတ်လို့ အိပ်ခါနီးတိုင်း ဖုန်းကို ခေါင်းအုံးအောက် ဒါမှမဟုတ် ဘေးနားမှာ ထားတတ်တဲ့ အကျင့်ရှိတာလေ။
“အထက်တန်း ဒုတိယနှစ်လား” လို့ သူ ကိုယ့်ဘာသာ ရေရွတ်လိုက်တယ်။ မာရူးက သူ့လက်ထဲက ရင်းနှီးခြင်းမရှိတော့တဲ့ ဖုန်းလေးကို ဖွင့်ကြည့်လိုက်တယ်။ ဟုတ်သားပဲ၊ အဲဒီတုန်းက ဖုန်းတွေက ဒီလိုပုံစံမျိုးတွေပေါ့။ ဒါပေမဲ့ ခဏနေရင်တော့...
“အဲဒါက ဘာဖြစ်သွားတာပါလိမ့်”
ဖုန်းတွေရဲ့ ဒီဇိုင်းက ပြောင်းလဲသွားတာတော့ သူ မှတ်မိပေမဲ့ ဘယ်လိုပြောင်းသွားလဲဆိုတာကိုတော့ မမှတ်မိတော့ဘူး။
“အော်... ဒီလိုဖြစ်သွားတာကိုး"
မာရူး သဘောပေါက်သွားတယ်။ သူ့ရဲ့ အမှတ်ရချက်တွေက မပြည့်စုံဘူးဆိုတဲ့ အမျိုးသမီးရဲ့ စကားကို မာရူး ပြန်သတိရလိုက်တယ်။ သူ အသက် ၄၅ နှစ်တုန်းက အကြောင်းအရာ တော်တော်များများကို မမှတ်မိတော့ဘူး။ တကယ်တော့ မနေ့က စားခဲ့တဲ့ အစားအစာတွေအကြောင်းကိုတောင် ပိုပြီး ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။
“ချီးထုပ်၊ မျောက်ကြီး၊ ဘောကြီး၊ ငါးဖောင်ရိုး၊ မျက်ပြူး...”
သူ့ရဲ့ အလယ်တန်းကျောင်းက သူငယ်ချင်းတွေရဲ့ နာမည်ပြောင်တွေကိုတော့ သူ ကောင်းကောင်းမှတ်မိနေတယ်။ သူ အသက် ၄၅ နှစ်တုန်းက အကြောင်းတွေထဲက သူ မှတ်မိတာဆိုလို့... သူ့ဘတ်စ်ကားနံပါတ်က ၃၂ ဆိုတာပဲ ရှိတယ်။ ကားကုမ္ပဏီနာမည်ကိုတော့ သူ မမှတ်မိတော့ဘူး။
အဲဒါကြောင့်ပဲ သူ နိုးလာတဲ့အခါမှာ သိပ်ပြီး ဇဝေဇဝါ မဖြစ်တော့တာလား။ သူ့ရဲ့ အရင်ဘဝက မှတ်ဉာဏ်တွေဟာ အခုလက်ရှိဘဝနဲ့ သိပ်ပြီး ပဋိပက္ခ မဖြစ်တော့ဘူးလေ။ အိပ်မက်ရှည်ကြီး တစ်ခုကနေ နိုးလာသလိုမျိုးပဲ။ နိုးလာတဲ့အခါမှာ သိပ်ပြီး ပြန်မမှတ်မိတော့တဲ့ အိပ်မက်မျိုးပေါ့။
ဒါပေမဲ့ သူ သေချာမှတ်မိနေတဲ့ အရာတချို့တော့ ရှိပါသေးတယ်။ သူ့ရဲ့ ခြေအိတ်နံ့ကို နမ်းမိတိုင်း အတက်ပေါက်တတ်တဲ့ သမီးလေးရယ်၊ ပြီးတော့ သူ့အပေါ် အရမ်းကြင်နာတတ်တဲ့ ဇနီးသည်ရယ်ပေါ့။ သူ့မိသားစုကိုတော့ သူ မှတ်မိနေပါတယ်။
မာရူးက မျက်နှာကျက်ကို မော့ကြည့်လိုက်တယ်။
“ငါ တကယ်ကြီး... ပြန်ရောက်လာတာပဲ"
* * * * * * * * *
အခန်း(၂)
မာရူးတစ်ယောက် အတန်းထဲက ကလေးတွေကို ကြည့်ပြီး ခပ်ပြုံးပြုံး ဖြစ်နေမိတယ်။ မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်နေကြသလိုမျိုးနဲ့ စီးကရက် လဲလှယ်ဖို့ ပြောနေကြတာလေးတွေက တကယ်ကို ချစ်စရာကောင်းနေတာကိုး။ သူကိုယ်တိုင်လည်း အဲ့ဒီအရွယ်တုန်းက သူငယ်ချင်းတစ်ယောက်ကြောင့် ဆေးလိပ် စသောက်ဖူးပေမဲ့ တကယ်တမ်းတော့ ဆေးလိပ်ကို မနှစ်သက်ခဲ့ပါဘူး။ အဲ့ဒီအစား ဆေးလိပ်သောက်တဲ့သူတွေကို လိုက်တားတဲ့ လူစားမျိုး ဖြစ်လာခဲ့တာပါ။
အတန်းထဲကို ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်။ အရပ်ရှည်တဲ့သူ၊ ပုတဲ့သူ၊ လူကောင်ကြီးတဲ့သူ၊ သေးတဲ့သူ... မျက်မှန်နဲ့သူရော၊ မပါတဲ့သူရော၊ ရုပ်ချောတဲ့သူနဲ့ ရုပ်ဆိုးတဲ့သူတွေအထိ စုံလို့ပါပဲ။ တစ်ယောက်ချင်းစီမှာ ကိုယ်စီ အငွေ့အသက်လေးတွေ ရှိကြတယ်။ အဲ့ဒီထဲကမှ မာရူးက ရင်းနှီးနေတဲ့ မျက်နှာတချို့ကို မှတ်မိသွားတယ်။
'မင်းတို့ကောင်တွေကတော့ လုံးဝကို မပြောင်းလဲကြဘူးပဲ' သူငယ်ချင်းဟောင်းတွေရဲ့ ငယ်ရုပ်တွေကို မြင်လိုက်ရတော့ သူ ပြုံးမိသွားတယ်။
သူတို့တွေ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ အကုန်လုံး ဗိုက်ရွှဲကြီးတွေ ဖြစ်ကုန်ကြပေမဲ့ ငယ်ရုပ်လေးတွေကတော့ ပေါ်နေဆဲပါပဲ။ သူတို့ရဲ့ နာမည်တွေ ဒါမှမဟုတ် စရိုက်တွေကို သူ သေချာ မမှတ်မိတော့ပေမဲ့ 'သူငယ်ချင်းဟောင်းတွေ' နဲ့ ပြန်ဆုံရတာကတော့ တကယ့်ကို စိတ်ချမ်းသာစရာပါ။ အခုချိန်မှာတောင် သူ့ရဲ့ အတိတ်မှတ်ဉာဏ်တွေက တဖြည်းဖြည်း ပျောက်ကွယ်နေပြီလေ။
ဘုရားသခင်က သူ့ကို အတိတ်တွေကနေ ကင်းဝေးပြီး လွတ်လွတ်လပ်လပ် နေစေချင်လို့ ထင်ပါတယ်။
မာရူးက နားကြပ်ကို ပြန်တပ်လိုက်ပြီး နောင်တစ်ချိန်မှာ သူတို့နဲ့ ပြန်ပြီး သူငယ်ချင်း ဖြစ်ကြဦးမှာပဲလို့ တွေးနေမိတယ်။ အခုလောလောဆယ်တော့ သူတို့အားလုံးက တစ်ယောက်နဲ့တစ်ယောက် သူစိမ်းတွေ ဖြစ်နေကြတုန်းပါ။ တချို့ကတော့ နှစ်ယောက်တစ်တွဲ စကားပြောနေကြပေမဲ့ အများစုကတော့ ငြိမ်နေကြတုန်းပဲ။
ဒါက စက်မှုအထက်တန်းကျောင်းမို့လို့လား။ သူ ဒီကျောင်းကို စရောက်တုန်းက ကလေးတော်တော်များများရဲ့ ဖိအားပေးမှုကို ခံခဲ့ရတာ သူ မှတ်မိနေသေးတယ်။ သူတို့ကြည့်ရတာ လူမိုက်တွေလိုလို ဘာလိုလိုနဲ့လေ။ ဒါပေမဲ့ သူတို့နဲ့ စကားပြောကြည့်လိုက်တဲ့အခါမှာတော့ တကယ်တမ်း ဆိုးတဲ့သူတွေ မဟုတ်မှန်း သူ ချက်ချင်း သိလိုက်ရတာပေါ့။
'အာ... ခဏလေး၊ ဒီမှာ အရမ်း စိတ်အနှောက်အယှက်ပေးတဲ့ ကောင်တစ်ယောက် ရှိခဲ့သေးတယ် မဟုတ်လား' စိတ်မကောင်းစရာကတော့ အဲ့ဒီအကြောင်းကို သူ သေချာ မမှတ်မိတော့တာပါပဲ။
ခုံတွေကတော့ တစ်ခုံပြီးတစ်ခုံ ပြည့်လာပါပြီ။ အတန်းထဲကို နောက်ဆုံးမှ ဝင်လာတဲ့သူကတော့ အလေးချိန် ၉၀ ကီလိုကျော်လောက် ရှိမယ့်ပုံပါပဲ။ တခြားကလေးတွေကတော့ သူ့ကို ကြည့်ပြီး နည်းနည်း လန့်နေကြပုံရတယ်။ မာရူးကတော့ အဲ့ဒီကောင်လေးကို တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့ မှတ်မိနေတယ်။ လူဆိုးတော့ မဟုတ်လောက်ပါဘူး။
ဂျောက်... ဂျက်...
အိုဟောင်းနေတဲ့ တံခါးက ပွင့်သွားပြီး အသက် ၄၀ ကျော်လောက် ရှိမယ့် လူတစ်ယောက် လက်ထဲမှာ ဘိလိယက်တံတစ်ချောင်းကို ကိုင်ပြီး ဝင်လာတယ်။ မာရူးကတော့ မြင်မြင်ချင်းပဲ မျက်မှောင်ကြုတ်မိသွားတာပေါ့။ အဲ့ဒီလူနဲ့ ပတ်သက်ပြီး သူ့မှာ မကောင်းတဲ့ အမှတ်တရတွေ အများကြီး ရှိခဲ့တာကိုး။
"ကဲ ကဲ... နားထဲက နားကြပ်တွေကို အကုန်ထုတ်ကြစမ်း။ ဟေ့ကောင်... အဲ့ဒီမှာ အိပ်နေတဲ့ကောင်ကို နှိုးလိုက်။ မင်း... ဟိုကကောင်၊ ပြတင်းပေါက်ကို ဖွင့်စမ်း။ မင်းတို့တွေ ဘာလို့ အကုန်ပိတ်ထားကြတာလဲ လေကောင်းလေသန့်ရအောင် ဖွင့်ထားကြစမ်း။ လိုက်ကာတွေကိုလည်း သေသေချာချာ ခေါက်ထားဦး" သူက အော်ပြောလိုက်တယ်။
သူက တုတ်နဲ့ ညွှန်ပြလိုက်တဲ့အခါ ကျောင်းသားတွေလည်း တစ်ယောက်ပြီးတစ်ယောက် အလုပ်လုပ်ကြတော့တာပေါ့။ အပြင်က အေးစက်တဲ့လေတွေ ဝင်လာတော့ ပြတင်းပေါက်နားက ကလေးတွေကတော့ စိတ်ပျက်လက်ပျက်နဲ့ တုန်တုန်ရင်ရင် ဖြစ်ကုန်ကြတယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ကင်ချောင်ဆစ်၊ မင်းတို့ရဲ့ အတန်းပိုင်ဆရာပဲ။ ဒီကျောင်းမှာ ဒီဂျစ်တယ်သီအိုရီ ဘာသာရပ်ကို သင်မှာ။ ငါ့အသက်က ၄၂ နှစ်၊ အိမ်ထောင်ရှိတယ်၊ အလယ်တန်းကျောင်းတက်နေတဲ့ သားတစ်ယောက်လည်း ရှိတယ်။ ငါ အကြိုက်ဆုံးက တိတ်ဆိတ်တာ၊ အမုန်းဆုံးကတော့ ဆရာပြောတာ နားမထောင်တဲ့ ကျောင်းသားပဲ။ ဒါပဲ... ဘယ်သူမှ မေးစရာ မရှိဘူး မဟုတ်လား"
ဘယ်သူမှ စကားမပြောကြဘူး။ မာရူးလည်း ငြိမ်နေတာပါပဲ။ အဲ့ဒီလူနဲ့ ပတ်သက်မိရင် ဒုက္ခရောက်မှာကို သူ ကောင်းကောင်း သိနေတာကိုး။
"မင်းတို့တွေက လူပေလူတေမို့လို့ ဒီကို ရောက်လာတာလား၊ ဒါမှမဟုတ် အင်ဂျင်နီယာ ဖြစ်ချင်လို့ ရောက်လာတာလားဆိုတာ ငါ စိတ်မဝင်စားဘူး။ မင်းတို့ဆီက ငါ အချက်နှစ်ချက်ပဲ လိုချင်တယ်။ ပထမအချက်က ဆရာပြောတာ နားထောင်ဖို့၊ ဒုတိယအချက်ကတော့ စည်းကမ်းလိုက်နာဖို့ပဲ။ ဒီမှာ အနာဂတ်မှာ ကြီးကြီးမားမား လုပ်ချင်တဲ့သူတွေ အများကြီး ရှိတယ်၊ အဲ့ဒီတော့ သူတို့ရဲ့ အနာဂတ်ကို မဖျက်ဆီးကြနဲ့၊ ကြားလား"
ဆရာက စားပွဲပေါ်ကို တုတ်နဲ့ ဒုန်းခနဲ ရိုက်လိုက်တော့ ကျောင်းသားတွေ လန့်ပြီး တွန့်သွားကြတယ်။
"ဆရာ စကားပြောတဲ့အခါ နားထောင်ကြစမ်း၊ ဟုတ်ပြီလား" သူက ဟိန်းလိုက်တယ်။
"ဟုတ်ကဲ့ပါခင်ဗျာ"
"ကောင်းပြီ။ နောက်ဆိုရင် ငါ တစ်ခုခု မေးတိုင်း အဲ့ဒီလိုပဲ ပြန်ဖြေကြ။ တုံ့ဆိုင်းနေတာမျိုး ငါ လုံးဝ မကြိုက်ဘူး"
"ဟုတ်ကဲ့ပါခင်ဗျာ"
"ကဲ... ဒါဆိုရင် မင်းတို့ ပစ္စည်းတွေယူပြီး ထကြစမ်း"
ကျောင်းသားတွေလည်း သူတို့ရဲ့ အင်္ကျီတွေ၊ လွယ်အိတ်တွေကို ယူပြီး ထရပ်လိုက်ကြတယ်။
ဂျိ... ဂျောက်...
ကျောင်းသားတွေက ခုံတွေကို ပြန်တွန်းလိုက်တဲ့အခါ အသံတွေက ဆူညံသွားတာပေါ့။
"ခုံတွေကို ကြမ်းပြင်ပေါ်မှာ မဆွဲကြနဲ့"
ဆရာက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။ အဲ့ဒီတော့မှ ကျောင်းသားတွေလည်း ဖြည်းဖြည်းချင်း ပြန်တွန်းကြတော့တယ်။
"အခု ငါ အမည်စာရင်း ခေါ်မယ်၊ ခေါ်တဲ့အတိုင်း အစီအစဉ်တကျ ထိုင်ကြ။ နံပါတ် ၁၊ ပတ်ဝူချန်း"
ကျောင်းသားတစ်ယောက်က ရှေ့ကို ထွက်လာပြီး ပထမဆုံးတန်းရဲ့ ဘေးဆုံးခုံမှာ ထိုင်လိုက်တယ်။
"ပတ်ဝူချန်း" ဆရာက ထပ်ခေါ်ပြန်တယ်။
"ဗျာ"
"ထစမ်း"
ဝူချန်းက ကြောင်တောင်တောင်နဲ့ ထရပ်လိုက်တဲ့အခါ ဆရာက သူ့ပခုံးကို ဘိလိယက်တံနဲ့ ခပ်ဖွဖွလေး ထိုးလိုက်တယ်။
"ငါ မင်းကို ပြန်ဖြေခိုင်းထားတယ် မဟုတ်လား"
"အော်... ဟုတ်ကဲ့ပါခင်ဗျာ"
"ဒါကို နှစ်ခါ မပြောခိုင်းနဲ့။ ဒီကျောင်းကို တက်ရင်းနဲ့ ဆရာတွေအကြောင်း မင်းတို့ သိလာပါလိမ့်မယ်။ မင်းတို့ရဲ့ စီနီယာတွေက ငါ့ကို 'ခွေးမသား' လို့ ခေါ်ကြတယ်။ တကယ်တော့ ငါက အဲ့ဒီနာမည်ကို တော်တော်သဘောကျတာ။ ဘာလို့လဲ သိလား ၊ ငါက တကယ်ကို ခွေးရူးတစ်ကောင်လို ပြုမူတတ်လို့ပဲ။ အဲ့ဒီတော့ ဒဏ်ရာမရချင်ရင် ကိုယ့်ဘာသာကိုယ် သတိထားကြ"
ဝူချန်းက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခေါင်းညိတ်လိုက်တယ်။
အော်... ဟုတ်သားပဲ၊ ဆရာက အဲ့ဒီလို လူစားမျိုးပဲ။ မာရူးကတော့ စိတ်ပျက်လက်ပျက်နဲ့ လျှာသပ်မိသွားတာပေါ့။ နောင်အနာဂတ်မှာတော့ ဒီလို ပြုမူတာတွေကို ဥပဒေအရ တားမြစ်ထားပေမဲ့ အခုချိန်မှာတော့ မဟုတ်သေးပါဘူး။ ကျောင်းသားတွေ ဆရာတွေဆီမှာ အရိုက်ခံနေရတာကို သူ အများကြီး မြင်ဖူးခဲ့တာကိုး။ ဒါပေမဲ့... ဒါက သူ စက်မှုကျောင်း တက်နေလို့လားတော့ သူ မသိဘူးပေါ့။
"ကဲ... နောက်တစ်ယောက်၊ နံပါတ် ၂" ဆရာက ဆက်ပြီး ခေါ်နေတယ်။
ကျောင်းသားတွေလည်း သတ်မှတ်ထားတဲ့ ခုံတွေမှာ တစ်ယောက်ပြီးတစ်ယောက် ထိုင်ကြတော့တာပေါ့။ သူတို့တွေ လှုပ်ရှားနေတာကို ကြည့်ပြီး မာရူးက သူ့ရဲ့ စစ်တပ်ထဲက အချိန်တွေကို ပြန်သတိရသွားတယ်။ အာ... သူ နောက်တစ်ခု မှတ်မိသွားပြီ။ သူနဲ့ သူ့သူငယ်ချင်းတွေက ဒီကျောင်းကို 'စစ်တပ်' လို့ ခေါ်ခဲ့ကြတာပဲ။ အဲ့ဒီအမှတ်တရတွေကို သူ လွမ်းလွမ်းဆွတ်ဆွတ် သတိရနေမိတယ်။ တကယ်တမ်းတော့ လွမ်းစရာကြီးတော့လည်း မဟုတ်ပါဘူးလေ...။
"နံပါတ် ၄၀၊ ဟန်မာရူး"
"ဟုတ်ကဲ့ပါခင်ဗျာ"
"မာရူး ၊ ကြမ်းပြင်တို့ ဘာတို့ ပြောတာလား "
"ကောင်းကင်လို့ အဓိပ္ပာယ်ရတဲ့ ကိုရီးစကားစစ်စစ် ပါခင်ဗျာ"
"အော်... ဟုတ်လား။ ကဲ... နောက်ဆုံးမှာ သွားထိုင်တော့"
မာရူးက စတုတ္ထတန်းရဲ့ အဆုံးမှာ ထိုင်လိုက်တယ်။ ဆရာက အတန်းထဲကို လှည့်ကြည့်နေတုန်းမှာပဲ တံခါးပွင့်လာပြီး တခြားဆရာတစ်ယောက်က စကားလာပြောတယ်။ ဆရာက အတန်းထဲကို တုတ်နဲ့ ညွှန်ပြရင်း သတိပေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
"ငါ ခဏနေရင် ပြန်လာခဲ့မယ်၊ ငြိမ်ငြိမ်နေကြ။ အပြင်ကနေ မင်းတို့ အသံကြားရလို့ကတော့ ကျောင်းတက်တဲ့ ပထမဆုံးနေ့မှာ ဘယ်လိုမှ ပျော်ရမှာ မဟုတ်ဘူး၊ ဒါ ငါ့ကတိပဲ"
ဆရာ ထွက်သွားတာနဲ့ တစ်ပြိုင်တည်း ကလေးတွေ အကုန်လုံးက စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချကြတော့တာပေါ့။
"ဟူး..."
"သေလိုက်ပါတော့ကွာ"
"ဟေ့ကောင်... ငါတို့ကတော့ လူအိုကြီး တစ်ယောက်နဲ့ တိုးပြီထင်တယ်"
ကလေးတွေအားလုံးက ဆရာ့ကို အတင်းပြောရာမှာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကြတယ်။ မာရူးကတော့ ဒါကို ကြည့်ပြီး တော်တော်လေး သဘောကျနေမိတယ်။ အရင်တုန်းက သူကိုယ်တိုင်လည်း 'လူအိုကြီး' လို့ အခေါ်ခံခဲ့ရဖူးတာကို သတိမရရင်ပေါ့။
"တောက်... ငါက ဆရာမလေးနဲ့ တိုးချင်တာကို "
သူ့ဘေးက ကောင်လေးက ပြောလိုက်တယ်။ မာရူးက လှည့်ကြည့်လိုက်တော့ အဲ့ဒီကောင်လေးရဲ့ နာမည်က ဟန်ဒိုဂျင်တဲ့။ မျိုးရိုးနာမည်ချင်း တူနေတော့ သူတို့နှစ်ယောက်က ဘေးချင်းကပ် ထိုင်နေရတာပေါ့။
နံပါတ် ၃၉ နဲ့ နံပါတ် ၄၀။
"ဆရာမဖြစ်ဖြစ်၊ ဆရာဖြစ်ဖြစ် အတူတူပါပဲကွာ"
မာရူးက သူ့ရဲ့ လွယ်အိတ်ကို စားပွဲဘေးမှာ ချရင်း ပြောလိုက်တယ်။
"မင်းက ဘာမှ မသိဘဲနဲ့။ ဆရာမတွေက ရိုက်ရင် နည်းနည်း သက်သာသေးတယ်။ ဆရာကိုင်ထားတဲ့ ဘိလိယက်တံကို မမြင်ဘူးလား အဲ့ဒါနဲ့ အရိုက်ခံရရင်တော့ သေပြီသာမှတ်တော့"
ဒိုဂျင်က ထိတ်လန့်တကြားနဲ့ ပုံကြီးချဲ့ပြီး ပြောနေတယ်။ သူကတော့ အတန်းထဲမှာ လူပြက်လုပ်မယ့် လူစားမျိုးပဲ။ ထူးထူးဆန်းဆန်းပဲ၊ အဲ့ဒီကောင်လေးရဲ့ မျက်နှာက မာရူးအတွက် ရင်းနှီးနေသလိုပဲ။ နောင်တစ်ချိန်မှာ သူတို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။
"ဒိုဂျင်... ဟုတ်လား"
မာရူးက အတည်ပြုဖို့ မေးလိုက်တယ်။
"အေး။ မာရူး... မဟုတ်လား ၊ နာမည်က သောက်ဆန်းကြီး"
"ငါကတော့ ကြိုက်ပါတယ်။ မှတ်ရလွယ်တဲ့ နာမည်မျိုးလေ"
"အဲ့ဒါတော့ ဟုတ်တယ်။ ဒါနဲ့... မင်း ဘာတွေ နားထောင်နေတာလဲ"
ဒိုဂျင်က မာရူးရဲ့ MP3 ကို ညွှန်ပြပြီး မေးလိုက်တယ်။
"အနောက်တိုင်း သီချင်းတချို့ပါ" မာရူးက ပြန်ဖြေလိုက်တယ်။
"ငါ့ကိုလည်း ပေးနားထောင်ဦး"
ကောင်လေးက လက်လှမ်းလိုက်တော့ မာရူးက ပြုံးပြီး ပေးလိုက်တယ်။
"အိုး... ဒီသီချင်းလေး ကောင်းသားပဲ"
ဒိုဂျင်က သီချင်းသံစဉ်အတိုင်း ခေါင်းလေး ငြိမ့်နေတုန်းမှာပဲ တံခါးပွင့်လာပြီး ဆရာ ပြန်ဝင်လာတယ်။
"ဟေ့"
ဆရာ့ရဲ့ ဘိလိယက်တံက ဒိုဂျင်ဆီကို ဦးတည်နေတယ်။ စိတ်မကောင်းစရာကတော့ ဒိုဂျင်က ဆရာ့အသံကို မကြားလိုက်တာပါပဲ။ မာရူးက ဒိုဂျင်ရဲ့ ပခုံးကို ပုတ်လိုက်တယ်။ ကောင်လေးက မျက်လုံးပွင့်လာတာနဲ့ နားကြပ်ကို အသည်းအသန် ဖြုတ်လိုက်ပေမဲ့ ဆရာကတော့ မြင်သွားပါပြီ။
"ငါ MP3 တွေနဲ့ ပတ်သက်ပြီး ဘာပြောခဲ့လဲ"
ဆရာက မေးလိုက်တယ်။
" . . . "
ဒိုဂျင်ကတော့ ဘာမှ မပြောနိုင်ဘဲ အံ့သြတကြီးနဲ့ ပါးစပ်လေး ဟနေရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။
"ပေးစမ်း၊ မင်းကတော့ကွာ"
"အာ... တောင်းပန်ပါတယ် ဆရာ။ နောက်ခါ မလုပ်တော့ပါဘူး"
"ကြည့်စမ်း... အခု ငါ့ကို ပြန်ပြောနေတာလား "
ဆရာက ဒိုဂျင်ရဲ့ ပခုံးကို တုတ်နဲ့ စပြီး ထိုးတော့တာပဲ။ ဒိုဂျင်ရဲ့ ပခုံးက နောက်ကို လန်သွားပြီး မျက်နှာလည်း ရှုံ့မဲ့သွားတယ်။ သူက မာရူးကို လှည့်ကြည့်လိုက်တော့ မာရူးက နားလည်ပါတယ်ဆိုတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး ဆရာ့ကိုပဲ ပြန်ကြည့်ဖို့ အချက်ပြလိုက်တယ်။
"ဒီ... ဒီမှာပါခင်ဗျာ"
"ဒါကို ပြန်လိုချင်ရင် မင်းမိဘတွေဆီက ခွင့်ပြုချက်စာ ယူလာခဲ့၊ သိလား "
ဆရာက စင်မြင့်ဆီကို ပြန်သွားတယ်။
"တောင်းပန်ပါတယ်ကွာ"
ဒိုဂျင်က မာရူးကို အားနာတဲ့ မျက်နှာနဲ့ လှည့်ပြောတယ်။
"ရပါတယ်၊ ကိစ္စမရှိဘူး"
"ငါ ဒါကို ပြန်ရအောင် လုပ်ပေးပါ့မယ်၊ ကတိပေးတယ်ကွာ"
"နေပါစေ၊ ငြိမ်ငြိမ်လေးပဲ နေလိုက်။ ခဏနေရင် သူ ပြန်ပေးမှာပါ"
မာရူးကတော့ သိပ်ပြီး စိတ်မပူပါဘူး။ သူ့ခန္ဓာကိုယ်က အထက်တန်းကျောင်းသား ဖြစ်နေပေမဲ့ စိတ်ဓာတ်ကတော့ လူကြီးတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုး ဖြစ်နေပြီလေ။ မှတ်ဉာဏ်တွေ ပျောက်နေပေမဲ့ အတွေ့အကြုံတွေကတော့ ပျောက်မသွားပါဘူး။ အဲ့ဒီတော့ ဒီလို ကိစ္စသေးသေးလေးအတွက် သူ စိတ်မဆိုးတတ်တော့ဘူးလေ။
"ရှေ့ပဲ ကြည့်နေလိုက်တော့။ ဆရာ ငါတို့ကို ထပ်သတိထားမိသွားမှာ စိုးလို့"
ဒိုဂျင်က ခေါင်းညိတ်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ...
[[သူ့ပုံစံကြည့်ပြီး နည်းနည်း စိတ်ပူနေတာ။ ဒါပေမဲ့ လူကောင်းတစ်ယောက် ဖြစ်မယ့်ပုံပဲ။ တော်သေးတာပေါ့။]]
ဒိုဂျင်ရဲ့ ခေါင်းပေါ်မှာ ထူးဆန်းတဲ့ အရာတစ်ခု ဝဲနေတာကို မာရူး မြင်လိုက်ရတယ်။
'သူ ငါ့ကို ဘာလို့ အဲ့ဒီလိုကြီး ကြည့်နေတာပါလိမ့် '
မာရူးရဲ့ အကြည့်ကြောင့် ဒိုဂျင် နည်းနည်း စိတ်လှုပ်ရှားသွားတယ်။ တကယ်တော့ အတန်းဖော်က သူ့ကို အဲ့ဒီလိုကြီး စိုက်ကြည့်နေတာက သူ့ကို ပိုပြီးတော့တောင် အားနာလာစေတာပေါ့။
'ငါ့ကြောင့် MP3 အသိမ်းခံလိုက်ရလို့ စိတ်ဆိုးနေတာလား ' မာရူးက မျက်နှာလွှဲလိုက်တယ်။ ဒါပေမဲ့ ကောင်လေးရဲ့ မျက်နှာက နည်းနည်း ထူးဆန်းနေသလိုပဲ။
မာရူးက တစ်ခုခုကို မြင်လိုက်ရသလိုမျိုးနဲ့ သူ့မျက်လုံးတွေကို ပွတ်နေမိတယ်။
'သူ့မျက်လုံးထဲ တစ်ခုခု ဝင်သွားလို့လား ' ဒိုဂျင်ကတော့ ဇဝေဇဝါ ဖြစ်နေတာပေါ့။ ထားပါတော့လေ။ သူ ဆရာ့ကိုပဲ ပြန်ကြည့်ရမယ်။ အာရုံမစိုက်လို့ အဆူခံရမှာကို သူ မလိုချင်ဘူးလေ။
'ဒါက ဘာကြီးလဲ '
ခဏလောက်ပဲ ဖြစ်ဖြစ် မာရူးက ဒိုဂျင်ရဲ့ မျက်နှာပေါ်မှာ 'အဲ့ဒါ' ကို မြင်လိုက်ရတယ်။ သူက စိတ်ကူးယဉ်နေတာလားလို့ ထင်ပြီး မျက်တောင်ကို အကြိမ်ကြိမ် ခတ်ကြည့်ပေမဲ့လည်း ပျောက်မသွားပါဘူး။
'စကားပြောတဲ့ ပူပေါင်းလေးလား '
ဒိုဂျင်ရဲ့ ခေါင်းပေါ်မှာ ပန်းရောင် ပူပေါင်းလေးတစ်ခု ဝဲနေတာပါ။ ရုပ်ပြစာအုပ်ထဲကလိုမျိုးလေ။ အဲ့ဒီမှာပဲ သူ ဟိုအမျိုးသမီး ပြောခဲ့တဲ့ စကားကို သတိရသွားတယ်။ စွမ်းရည်တချို့ ရလိမ့်မယ်ဆိုတာလေ။
'ဒါက... စိတ်ထဲက အတွေးတွေကို ဖတ်လို့ရတာလား ' သူ တွေးမိတယ်။ မာရူးက ဒီထက်ထူးဆန်းတဲ့ အရာတွေကိုတောင် ကြုံဖူးထားတော့ ဒါကိုလည်း စိတ်ကူးယဉ်မှုသက်သက်လို့ သတ်မှတ်ပြီး လျစ်လျူမရှုတော့ပါဘူး။ အရင်တုန်းကဆိုရင်တော့ စိတ်ကူးယဉ်နေတာလို့ပဲ ထင်ခဲ့မှာပေမဲ့ အခုတော့ အခြေအနေက မတူတော့ဘူးလေ။ မာရူးက ဒိုဂျင်ကို ထပ်ကြည့်လိုက်ပေမဲ့ အဲ့ဒီ ပူပေါင်းလေးကတော့ မရှိတော့ပါဘူး။
'ဒါကို မြင်ရဖို့ တစ်ခုခု လိုအပ်လို့လား '
အဲ့ဒီ ပူပေါင်းလေးက ချက်ချင်း ပျောက်သွားတာကိုး။ အကယ်၍ ဒါက တကယ်ပဲ စိတ်ထဲက အတွေးတွေကို ဖတ်လို့ရတာဆိုရင်တော့...
* * * * * * * * *
"ဒီနေ့တော့ မနက်ပိုင်း အတန်းတွေပဲ ရှိမယ်၊ အဲ့ဒီတော့ ဘယ်သူမှ မအိပ်ကြနဲ့။ ငါတို့ တစ်နှစ်ပတ်လုံး အဆင်ပြေပြေ ဖြတ်သန်းကြရအောင်၊ ဟုတ်ပြီလား " ဆရာက ပြောလိုက်တယ်။
"ဟုတ်ကဲ့ပါခင်ဗျာ"
ကျောင်းသားတွေရဲ့ အသံတွေကတော့ နည်းနည်း ပျင်းရိပျင်းတွဲ ဖြစ်နေပါပြီ။
ဆရာက နှာခေါင်းရှုံ့ပြီး အတန်းထဲက ထွက်သွားတယ်။ MP3 ကိုလည်း ယူသွားတာပေါ့။
"တကယ် တောင်းပန်ပါတယ်ကွာ။ ငါက ခဏလေးပဲ နားထောင်မလို့ပါ"
ဒိုဂျင်က ချက်ချင်းပဲ တောင်းပန်စကား ပြောလိုက်တယ်။
သူက ဒီလို ကိစ္စမျိုးတွေကို တော်တော်လေး အလေးထားတဲ့ပုံပါပဲ။ သူက အမှားလုပ်မိရင် တောင်းပန်တတ်တဲ့ လူစားမျိုးပေါ့။ အဲ့ဒါက မာရူးကို တကယ်ပဲ စိတ်ချမ်းသာစေပါတယ်။ သူ့ရဲ့ အသက် ၄၅ နှစ်တာ ကာလအတွင်းမှာ ဒီလိုလူမျိုးကို သူ သိပ်မတွေ့ခဲ့ရဘူးလေ။
အရင်တုန်းက သူ ကြုံခဲ့ရတဲ့ လူတွေနဲ့ ယှဉ်ရင်တော့ ဒိုဂျင်က တကယ့်ကို သူတော်စင်လေးပါပဲ။
"စိတ်မပူပါနဲ့ကွာ။ ရက်အနည်းငယ်နေရင် သူ ပြန်ပေးမှာပါ" မာရူးက ပြောလိုက်တယ်။
"ဟုတ်တယ်မလား သူ ပြန်ပေးမှာပါနော်"
"အကယ်၍ သူ မပေးရင်လည်း နောက်တစ်ခု ထပ်ဝယ်လိုက်ရုံပေါ့။ ဒါက သိပ်လည်း မဈေးကြီးပါဘူး"
"ဘာာ မဈေးကြီးဘူးလား ဒါက အသစ်ထွက်တဲ့ မော်ဒယ် မဟုတ်လား။ ဝမ် နှစ်သိန်းခွဲလောက် တန်တယ်ဆို "
"အာ..."
မာရူးကတော့ အံ့သြပြီး ခပ်ပြုံးပြုံး ဖြစ်သွားရတယ်။ အခု သူက အထက်တန်းကျောင်းသား ဖြစ်နေတာကိုး။ ပြီးတော့ အခုချိန်မှာ MP3 တွေက တကယ့်ကို နာမည်ကြီးပြီး ဈေးကြီးတဲ့ ပစ္စည်းတွေလေ။ အဲ့ဒီ MP3 က သူ့မိဘတွေ ကျောင်းဆင်းလက်ဆောင်အဖြစ် ဝယ်ပေးထားတာကို သူ သတိရသွားတယ်။
"ရပါတယ်၊ ငါ ဒါကို ပြန်ရအောင် လုပ်မှာပါ"
မာရူးက ချက်ချင်းပဲ စကားပြောင်းလိုက်တယ်။
"အေးပါကွာ။ ဒါနဲ့... မင်းတို့အိမ်က ချမ်းသာတာလား "
"ငါက နည်းနည်း ကြွားချင်လို့ ပြောလိုက်တာပါ။ ဒါကို ပြန်မရရင်တော့ ငါ အိမ်မှာ အသတ်ခံရမှာ"
"ဟုတ်တယ်မလား အာ... အားနားစရာပဲကွာ"
"သူငယ်ချင်းချင်းပဲ၊ သိပ်ပြီး အားနာမနေပါနဲ့ကွာ"
သူငယ်ချင်း... မာရူးက အဲ့ဒီစကားလုံးကို ပြောလိုက်ရတာ တော်တော်လေး စိတ်ချမ်းသာနေမိတယ်။ ဒီစကားလုံးကို မပြောဖြစ်တာ တော်တော်ကြာနေပြီလေ။ ဟုတ်တယ်၊ အထက်တန်းကျောင်းက သူငယ်ချင်းတွေကမှ တကယ့် သူငယ်ချင်းစစ်တွေပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ခေါ်လို့ရတဲ့ သူငယ်ချင်းမျိုးတွေလေ။
"သူငယ်ချင်း အေးလေ ငါတို့ သူငယ်ချင်းတွေပေါ့ "
ဒိုဂျင်က မာရူးကို ခပ်ဖွဖွလေး တိုက်လိုက်ပြီး ပြုံးဖြီးဖြီးနဲ့ ပြောလိုက်တယ်။
သူ့ရဲ့ ဖော်ရွေမှုနဲ့ဆိုရင်တော့... တစ်ပတ်အတွင်းမှာပဲ အတန်းထဲက လူတိုင်းနဲ့ သူငယ်ချင်း ဖြစ်သွားနိုင်မယ့်ပုံပါပဲ။
"ဒီနေ့ တကယ်ပဲ စာသင်မှာလား "
ဒိုဂျင်က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။
"ဖြစ်နိုင်တာပဲ"
"ငါတို့က စက်မှုကျောင်းဆိုတော့ သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်ကြီးတော့ သင်မှာ မဟုတ်ဘူး မဟုတ်လား "
ကိုရီးယားဘာသာဆရာကို စောင့်နေရင်း သူတို့နှစ်ယောက် ခဏလောက် စကားပြောဖြစ်ကြတယ်။ သူတို့ရဲ့ စကားဝိုင်းက သဘာဝကျကျပဲ ဗီဒီယိုဂိမ်းတွေအကြောင်းကို ရောက်သွားပြီး သူတို့နှစ်ယောက်လုံးက MMO ဂိမ်းတစ်ခုကို အတူတူ ကစားနေကြမှန်း သိလိုက်ရတယ်။ ပြောစရာ အကြောင်းအရာ တစ်ခုခု ရှိသွားတဲ့အခါမှာတော့ သူတို့ရဲ့ စကားဝိုင်းက ပိုပြီးတော့တောင် စိုပြေလာပါတော့တယ်။
* * * * * * * * *