အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း(၃)
“ငါက Healer ကိုင်တာ။ နောက်မှ တစ်ပွဲလောက် အတူတူ ဆော့ကြတာမယ်"
“အိုကေ”
သူတို့ စကားပြောနေရင်းနဲ့ပဲ ဒုတိယချိန် တက်ဖို့ အချိန်ရောက်လာပါတယ်။ အတန်းထဲကို လမ်းလျှောက်ဝင်လာတဲ့ ကိုရီးယားစာ ဆရာက မေးရိုးကားကား၊ ဆံပင်အရှည် လှိုင်းတွန့်လေးနဲ့ဗျ။ အမှန်အတိုင်း ပြောရရင် သူ့ပုံစံက နည်းနည်းတော့ ထူးဆန်းတယ်လို့ ဆိုရမယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ငါ့နာမည်က ပတ်မွန်ဂျောင်၊ ရှေ့လျှောက် တစ်နှစ်လုံး မင်းတို့ကို စာပေဘာသာရပ် သင်ပေးသွားမယ့်သူပေါ့။ မင်းတို့လည်း ငါ့နာမည်ကို မှတ်မိနေကြမှာ မဟုတ်ပါဘူး၊ ဒါကြောင့် စာပေဆရာလို့ပဲ ခေါ်ကြပါ"
ဆရာက စင်မြင့်ခုံကို မှီရပ်ရင်း တစ်အတန်းလုံးကို ဝေ့ကြည့်လိုက်တယ်။ အတန်းပိုင်ဆရာနဲ့ တွေ့တုန်းကနဲ့မတူဘဲ မာရူးက ဒီဆရာ့ကို မြင်တော့ မပြုံးဘဲ မနေနိုင်ခဲ့ဘူး။ ဒီလူနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အမှတ်တရတွေ အများကြီး ရှိခဲ့ပုံရပါတယ်။
“မင်းတို့ နည်းနည်းတော့ စိတ်ပျက်နေကြတယ် မဟုတ်လား။ ဒီမှာ မိန်းကလေးတစ်ယောက်မှ မပါလို့လေ"
“ . . . ”
ဘယ်သူမှ ပြန်မဖြေကြဘူး။ ပထမဆုံးနေ့မို့လို့လည်း ဖြစ်မှာပေါ့။ မာရူးကိုယ်တိုင်ကလည်း လူမှုရေးမှာ သိပ်သွက်လက်တဲ့ အမျိုးအစား မဟုတ်ပါဘူး။ ဒါ့အပြင် ဆရာက သူ့ထက် အများကြီး ငယ်နေသလို ခံစားရတာကြောင့် စကားပြောဖို့ နည်းနည်း တွန့်ဆုတ်နေမိတာလည်း ပါတာပေါ့။
“ကဲ... ကောင်လေးတွေ၊ မင်းတို့ စကားမပြောရင် တို့တွေ သူငယ်ချင်းဖြစ်လာမှာ မဟုတ်ဘူးနော်။ ပြောစမ်းပါဦး၊ မင်းတို့အတန်းထဲမှာ မိန်းကလေးတွေ မရှိလို့ စိတ်ညစ်နေကြတယ် မဟုတ်လား"
“ဟုတ်ကဲ့"
ကလေးအချို့က ပြုံးစိစိနဲ့ ပြန်ဖြေကြတယ်။
“ငါလည်း မင်းတို့အတွက် နည်းနည်းတော့ စိတ်မကောင်းပါဘူး။ ချွေးနံ့တွေ နံစော်နေတဲ့ အတန်းထဲမှာ မင်းတို့ရဲ့ လူပျိုပေါက် ဘဝကို တစ်နှစ်လုံး ကုန်ဆုံးရမှာဆိုတော့... နှမြောစရာကြီးကွာ။ မင်းတို့ကလည်း ဘာလို့ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကိုမှ ရွေးခဲ့ကြတာလဲ။ အနုပညာတို့၊ ဒီဇိုင်းဘာသာရပ်တို့ သွားခဲ့ရမှာ။ အဲဒီမှာဆို ယောင်္ကျားလေးနဲ့ မိန်းကလေး တစ်ဝက်စီလောက် ရှိတာ။ အခုဆို ပန်းချီအတန်းမှာ မိန်းကလေးတွေ ပိုတောင် များသေးတယ်"
“တကယ်လား ဆရာ ”
“လျှပ်စစ်အင်ဂျင်နီယာအတန်းမှာ မိန်းကလေး တစ်ယောက်မှ မရှိတာ တကယ်ပဲလား ”
အခုမှ ကျောင်းသားတွေက တစ်ယောက်တစ်ပေါက် စကားပြောလာကြတော့တယ်။
“တကယ်ပေါ့ကွ။ စိတ်မကောင်းစရာပဲ။ ငါပြောသားပဲ၊ မင်းတို့ရဲ့ မကြာခင်ကံကြမ္မာမှာ စောင့်ကြိုနေတာက ပန်းခင်းလမ်း မဟုတ်ဘူး၊ ချွေးနံ့တွေပဲလို့"
“ဝိုး... ”
“ဒါကြောင့် မင်းတို့ ကလပ်အသင်းတွေ ရွေးတဲ့အခါ အထူးသတိထားကြ။ အားကစားဘက် ရွေးလိုက်လို့ကတော့ ဒီသုံးနှစ်အတွင်းမှာ မိန်းကလေးဆိုတာကို မြင်ရဖို့တောင် အခွင့်အရေး ရှိမှာ မဟုတ်ဘူး"
အဲဒီအချိန်မှာပဲ ပျော်ပျော်နေတတ်မယ့်ပုံရှိတဲ့ ကောင်လေးတစ်ယောက်က လက်ထောင်လိုက်တယ်။
“ဒါဆို ဘယ်ကလပ်တွေမှာ မိန်းကလေး အများဆုံးရှိလဲ ဆရာ ”
“မေးခွန်းကောင်းပဲ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်ရင် ဒီလိုမေးခွန်းမျိုး မေးတတ်ရတယ်ကွ။ ကဲ... သူ့ကို လက်ခုပ်တီးပေးလိုက်ကြဦး"
ဖြောင်း ဖြောင်း ဖြောင်း
ဒီဆရာက စာသင်ချိန်ကို ပျော်စရာဖြစ်အောင် လုပ်တတ်တဲ့ နေရာမှာတော့ ဆရာတစ်ဆူပါပဲ။ မာရူးလည်း အားရပါးရ လက်ခုပ်တီးပေးလိုက်မိတယ်။
“မိန်းကလေးတွေ ရှိတဲ့ကလပ်ဆိုရင်တော့... ပထမဆုံးက မန်ဂါကလပ်ပေါ့။ ပွဲတော်တွေမှာ ပန်းချီတွေရောင်း၊ Cosplay တွေလုပ်ကြတဲ့သူတွေလေ။ အဲဒီမှာ မိန်းကလေး အချို့ရှိတယ်။ ပြီးတော့ အိုရီဂါမီကလပ်၊ ရုပ်ရှင်ဝေဖန်ရေးကလပ်တွေလည်း ရှိတယ်။ အဲဒီကလပ်မှာတော့ ဒီနှစ် ငါကပဲ အကြံပေးဆရာ လုပ်ဖြစ်မယ် ထင်တယ်။ မိန်းကလေးတွေ တော်တော်များများ လာတတ်ကြတာကိုး။ အဓိကကတော့ ရုပ်ရှင်ရုံသွားပြီး ရုပ်ရှင်ကြည့်ရရုံပဲဆိုတော့လေ။ ပန်းချီကလပ်လည်း ကောင်းပါတယ်”
“ဆရာကတော့ ဘယ်တစ်ခုကို အကြံပေးချင်လဲ ”
“ဟင်း... မသိဘူးလေ။ ဒီနှစ် မိန်းကလေးတွေ အများကြီး ဝင်လာတယ်ဆိုတော့ ဘယ်ကလပ်မဆို အဆင်ပြေမှာပါ။ စက်မှုပိုင်းမှာတောင် မိန်းကလေး ၅ ယောက်တောင် ရှိတယ်လေ ဒါ ပေ မဲ့... လျှပ်စစ်ပိုင်းမှာတော့ သုညပေါ့"
ဆရာ့စကားလည်း ဆုံးရော၊
“အား... ကျိန်စာသင့်ပြီ"
“ယောင်္ကျားလေးတွေချည်းပဲလား ”
ကျောင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် ညည်းတွားသံတွေ ထွက်လာကြတယ်။ မာရူးကတော့ သူ့မှတ်ဉာဏ်တွေကို တစ်ခေါက် ပြန်ရှာကြည့်နေမိတယ်။ သူ ကျောင်းတက်တုန်းကတော့ အတန်းထဲမှာ မိန်းကလေးတစ်ယောက် ပါခဲ့တယ်လို့ သူ ကျိန်းသေမှတ်မိနေတာ။
သူမနဲ့ ပတ်သက်တာ ဘာမှ မမှတ်မိပေမဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့တာတော့ အသေအချာပါပဲ။
‘ဒါဆို အရာအားလုံးက အတိတ်ကအတိုင်း ဖြစ်မနေဘူးပေါ့။’
ဒါဟာ အတိတ်ကို အပြည့်အဝ ပြန်ရောက်သွားတာမျိုးတော့ မဟုတ်ဘူး ထင်တယ်။ ၂၀၀၃ ခုနှစ်ဆိုတဲ့ အချက်ကလွဲရင် တခြား အသေးအဖွဲလေးတွေ ပြောင်းလဲကုန်ပုံရတယ်။
‘အတော်များများကတော့ အတူတူပဲ၊ ဒါပေမဲ့ တစ်ချို့အရာလေးတွေတော့ ပြောင်းသွားပြီလား။’
* * * * * * * * *
ဆရာနဲ့ အေးအေးဆေးဆေး စကားပြောပြီးတဲ့နောက် ကလေးတွေက တစ်ယောက်ချင်းစီ မိတ်ဆက်ကြတော့တယ်။ ဆရာက သူတို့ရဲ့ နာမည်၊ ဒီနှစ်အတွက် ရည်မှန်းချက်နဲ့ အတန်းဖော်တွေကို ပြောချင်တဲ့ စကားတွေကို မေးပါတယ်။
“ကျွန်တော်က...”
“ဟေး... သူငယ်ချင်းတို့...”
“ရှက်ဖို့ကောင်းလိုက်တာဗျာ...”
မာရူးကတော့ ရင်းနှီးနေတဲ့ မျက်နှာတွေနဲ့ မရင်းနှီးတဲ့ မျက်နှာတွေကို အတန်းထဲမှာ လိုက်ကြည့်ရင်း စောင့်နေလိုက်တယ်။
“ဘာပဲဖြစ်ဖြစ်၊ နောက်တစ်နှစ်လုံး တို့တွေ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတာပေါ့"
ဒိုဂျင်က သူ့မိတ်ဆက်ခြင်းကို အဆုံးသတ်လိုက်တယ်။
“နောက်ဆုံးတစ်ယောက်... အော်၊ မာရူး အဲဒါ ကိုရီးယားစစ်စစ် နာမည်ပဲ မဟုတ်လား။ ကြိုက်တယ်"
ကိုရီးယားစာ ဆရာပီပီ သူ့နာမည်ရဲ့ အဓိပ္ပာယ်ကို သိနေပုံရတယ်။ မာရူးက ‘ဟုတ်ကဲ့’ လို့ ဖြေပြီး မတ်တတ်ရပ်လိုက်တယ်။ သူ့အရပ်က ၁၇၅ စင်တီမီတာလောက် ရှိတာဆိုတော့ ဒီအတန်းထဲက ကလေးတွေထဲမှာ တော်တော်လေး အရပ်ရှည်တယ်လို့ ပြောရမယ်။ ဒါပေမဲ့ မာရူးကတော့ ဒီအရပ်ထက် ပိုမရှည်တော့ဘူးဆိုတာကို ကြိုသိနေတာပေါ့။
“အင်း... ကျွန်တော့်နာမည်က ဟန်မာရူးပါ။ ပထမနှစ်မှာတော့ အေးအေးဆေးဆေးပဲ ဖြတ်သန်းသွားချင်ပါတယ်။ အားလုံးနဲ့ အဆင်ပြေပြေဖြစ်အောင် နေသွားပါ့မယ်"
“အေးအေးဆေးဆေး ဟုတ်လား။ ကောင်းတာပေါ့။ ကဲ... ထိုင်နိုင်ပြီ"
မာရူးက ရိုးရိုးရှင်းရှင်းပဲ မိတ်ဆက်ပြီး ထိုင်လိုက်တယ်။ ဆရာကတော့ ဘယ်သူမှ မမေးဘဲနဲ့ သူ့ရဲ့ ပထမဆုံး အချစ်အကြောင်းတွေကို လျှောက်ပြောပြီး အတန်းကို ပိတ်လိုက်ပါတော့တယ်။ ကျောင်းသားတွေကတော့ အတန်းပိုင်ဆရာထက်စာရင် ဒီဆရာ့ကို ပိုခင်မင်သွားကြပုံရတယ်။ အားလုံးက ပျော်နေကြတာပေါ့။ ‘ဒီဆရာ စကားများလိုက်တာ’ လို့ တိုးတိုးလေး ညည်းနေတဲ့ လူအချို့ကလွဲလို့ပေါ့။
“သူက ပျော်တတ်မယ့်ပုံပဲနော်"
“အင်း... ဟုတ်တယ်"
ပထမဆုံး စာသင်ချိန်ကတော့ အဆင်ပြေပြေပဲ ပြီးဆုံးသွားပါတယ်။ ကျောင်းဆင်းချိန်မှာ မာရူးက တခြားကလေးတွေကို လိုက်ကြည့်နေမိတယ်။ လူကြီးတစ်ယောက်ရဲ့ အမြင်နဲ့ ကြည့်နေမိလို့လားတော့ မသိဘူး၊ သူ့ဘေးနားက ကလေးတွေအားလုံးက ငယ်ငယ်လေးတွေနဲ့ ချစ်စရာကောင်းနေကြတာ။ လူမိုက်ပုံစံ ဖမ်းနေတဲ့သူတွေတောင်မှပေါ့။
‘ဒါပေမဲ့ မိန်းကလေးတွေကတော့...’
မာရူးက အရင်ဘဝတုန်းက သူမကို လက်ထပ်ခွင့် တောင်းခဲ့တုန်းက အချိန်တွေကို ပြန်သတိရသွားတယ်။ နောင်ဘဝတွေမှာတောင် ထပ်ပြီး လက်ထပ်ခွင့် တောင်းပါ့မယ်လို့ ပြောပြီး သူ လက်စွပ်လေး ပေးခဲ့တာလေ။ သူ့မိန်းမက အဲဒီအကြောင်း ပြန်ပြောတိုင်း အမြဲ ရယ်နေတတ်တာ။
‘ကောင်းပါပြီ၊ သူနဲ့ပဲ ပြန်တွဲရတာပေါ့။’
ဘဝသစ်တစ်ခု ရထားပြီပဲ။ ရတုန်းမှာ ပျော်ပျော်နေလိုက်ရုံပေါ့။ ဒါပေမဲ့ အနာဂတ်မှာတော့ ကျော်ဖြတ်ရမယ့် အခက်အခဲအချို့ ရှိနေဦးမှာပဲ။
“အား... ဝင်ခွင့်စာမေးပွဲတွေနဲ့ စစ်မှုထမ်း...”
ဝင်ခွင့်စာမေးပွဲတွေကတော့ ကိစ္စမရှိပါဘူး။ စာပြန်ကျက်ရမှာကို သူ ဝန်မလေးဘူး။ ဘဝရဲ့ တခြားအရာတွေနဲ့ ယှဉ်ရင် စာကျက်ရတာက သူ့အတွက် အများကြီး ပိုလွယ်ပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းရမှာကတော့...
“အား... ဆာဂျင်ကင်၊ အဲဒီ ခွေးသူတောင်းစား"
မာရူး တိုးတိုးလေး ဆဲလိုက်သံကို ကြားတော့ ဒိုဂျင်က လန့်သွားတယ်။
“ဟင် ဗျာ ငါ့ကို ပြောတာလား ”
“မဟုတ်ပါဘူး၊ တစ်ခုခု သတိရသွားလို့ပါ"
“အော်... အဲလိုလား"
ဒိုဂျင်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်တယ်။
‘စစ်မှုထမ်းသွားဖို့က နှစ်တွေ အများကြီး လိုသေးတာပဲ၊ အဲဒီအချိန်ကျမှပဲ စဉ်းစားတော့မယ်။’
ပြန်ပြီး စစ်မှုထမ်းသွားရမှာကို တွေးမိတိုင်း ကြက်သီးတွေ ထနေမိပေမဲ့လည်း ဘာမှတော့ မတတ်နိုင်ပါဘူး။ အနည်းဆုံးတော့ နိုင်ငံကြီး ပြန်ပေါင်းမသွားသရွေ့ပေါ့။ တတိယအချိန် ပြီးသွားပြီးတော့ စတုတ္ထအချိန်ကလည်း နောက်ကနေ ကပ်ပါလာတယ်။ ဆရာအသစ်နှစ်ယောက်ကတော့ ပုံမှန်အတိုင်းပဲ စာသင်သွားကြတယ်။ တကယ် ထူးဆန်းနေတာက ကိုရီးယားစာ ဆရာတစ်ယောက်တည်းပါ။
* * * * * * * * *
“ကဲ... အခုတော့ နေ့လယ်စာစား၊ သန့်ရှင်းရေးလုပ်ပြီး ကျောင်းပြန်ကြရအောင် ”
ဒိုဂျင်က ဝမ်းသာအားရ အော်လိုက်တယ်။ ပထမဆုံးနေ့မို့လို့ ကျောင်းက နေ့လယ် ၂ နာရီမှာတင် ဆင်းတာလေ။
“တို့တွေ ဘယ်မှာ စားကြမလဲ ”
“ဟိုဘက်က ဆောက်လက်စ အားကစားခန်းမကို မြင်လား အဲဒီအောက်တည့်တည့်မှာပဲ"
ဒိုဂျင်က ပြောလိုက်တဲ့အခါ မာရူးက အဲဒီနေရာကို နေ့တိုင်းနီးပါး ပြေးသွားခဲ့ဖူးတာကို သတိရသွားတယ်။
“မင်းက ကျောင်းအကြောင်း တော်တော်သိတာပဲနော်"
“ကျောင်းပိတ်ချိန်မှာ လိုက်ကြည့်ထားတာလေ"
မဆိုးတဲ့ကောင်ပဲ။ သူ ဒိုဂျင်နဲ့အတူ ထမင်းစားဆောင်ဘက်ကို လျှောက်လာခဲ့တယ်။ ကျောင်းက ‘L’ ပုံစံမျိုး ဆောက်ထားတာဗျ။ တစ်ဖက်က အတန်းတွေရှိတဲ့ ပင်မအဆောက်အဦး၊ နောက်တစ်ဖက်ကတော့ လက်တွေ့ခန်းတွေရှိတဲ့ အဆောက်အဦးပေါ့။ ထမင်းစားဆောင်က လက်တွေ့ခန်းတွေရှိတဲ့ အဆောက်အဦးဘေးမှာပါ။ အပေါ်ထပ်မှာ ဆောက်လုပ်ရေးတွေ လုပ်နေတာကြောင့် တော်တော်လေးတော့ ဆူညံနေတယ်။
“အဲဒါကြီး ပြီးသွားရင်တောင် တို့တွေ သုံးရမှာ မဟုတ်ဘူး"
“မဖြစ်နိုင်တာ"
“ငါပြောတာယုံ၊ အဲဒီမှာ တို့တွေ လုပ်ရမယ့် တစ်ခုတည်းသော အားကစားက သန့်ရှင်းရေး လုပ်တာပဲ ဖြစ်လိမ့်မယ်"
“မင်းက ဘယ်လိုလုပ် သိတာလဲ ”
“ဗီဇအရ သိနေတာကွ"
မာရူးက မပြီးသေးတဲ့ အားကစားခန်းမကြီးကို ပြုံးကြည့်ရင်း ပြောလိုက်တယ်။ ကျောင်းအုပ်ကြီးက အဲဒါကြီး ဆောက်ဖို့ ပိုက်ဆံတွေ အများကြီး သုံးထားတာ၊ ဒါပေမဲ့ ပြီးသွားတော့လည်း ပိတ်ထားလိုက်တာပဲလေ။ ပွဲတော်တွေရှိမှပဲ သုံးတာ။ တကယ်တမ်း ကျောင်းသားတွေ အဲဒီကို သွားရတဲ့ အကြောင်းရင်းက သန့်ရှင်းရေး လုပ်ဖို့ပါပဲ။
သူတို့ မသုံးရတဲ့နေရာကို သန့်ရှင်းရေး လုပ်နေရလို့ သူ့သူငယ်ချင်းတွေ ညည်းခဲ့ကြတာတွေကို မာရူး သတိရမိသေးတယ်။ အမှတ်တရလေးတွေပေါ့။
သူ အားကစားခန်းမကြီးကို ထားခဲ့ပြီး ထမင်းစားဆောင်ထဲ ဆင်းလာခဲ့တယ်။ ကံကောင်းတာက ဒီနေ့ လူတန်းကြီးက သိပ်မရှည်ဘူး။ ဒီနေ့ မီနူးကတော့ ငါးကြော်၊ ပဲနို့ဟင်းနဲ့ အစပ်ချက်ထားတဲ့ တို့ဟူးပေါ့။
“သောက်တလွဲ ဟင်း"
“ဘာဟင်းလဲ ”
“အော်... ပဲနို့ဟင်းကို ပြောတာပါ"
မာရူးက သူ့အတန်းထဲက တခြားကလေးတွေကို လိုက်ရှာကြည့်လိုက်တယ်။
“ဟိုမှာ ”
တစ်ယောက်နဲ့တစ်ယောက် မျက်မှန်းတော့ တန်းမိနေကြပြီဆိုတော့ အားလုံးက စားပွဲတစ်ခုတည်းမှာပဲ စုထိုင်နေကြတယ်။ တခြားအတန်းတွေလည်း အဲလိုပါပဲ။ ဒါပေမဲ့ ဘယ်သူမှ တစ်ယောက်နဲ့တစ်ယောက် သေသေချာချာ မသိကြသေးတော့ နေ့လယ်စာစားချိန်က တော်တော်လေး တိတ်ဆိတ်နေတယ်။ ဒါတွေက သိပ်မကြာခင်မှာပဲ ပြောင်းလဲသွားမယ်ဆိုတာကိုတော့ မာရူး ကောင်းကောင်း သိနေတာပေါ့။ အထက်တန်းကျောင်းသားတွေဆိုတာ အရမ်းဆူညံတဲ့ သတ္တဝါတွေ မဟုတ်လား။
“အီး...”
ဒိုဂျင်က ဟင်းကို တစ်ငုံ သောက်ကြည့်ပြီးတော့ မျက်နှာပျက်သွားတယ်။ သူကတော့ သိပ်ကြိုက်ပုံမရဘူး။ မာရူးကတော့ အစားအသောက် သိပ်မရွေးတဲ့သူဆိုတော့ မြိန်မြိန်ယှက်ယှက်ပဲ စားနိုင်ပါတယ်။
‘ဒါတောင်မှ စစ်တပ်က ထမင်းကိုတောင် ငါက အရသာရှိတယ်လို့ ထင်ခဲ့သေးတာပဲ။’
ထမင်းစားပြီးတော့ အပြင်ထွက်လာတဲ့အခါ စီနီယာအချို့ ကွင်းထဲမှာ ပြေးလွှားနေတာကို တွေ့ရတယ်။ တစ်ဖက်မှာ ဘောလုံးကန်နေကြပြီး နောက်တစ်ဖက်မှာတော့ ဘတ်စကက်ဘော ကစားနေကြတယ်။ အတန်းပေါင်းစုံက ကလေးတွေ ရောထွေးနေတာဆိုတော့ ကွင်းတစ်ခုလုံးက သူ့အမြင်မှာတော့ တော်တော်လေးကို ရှုပ်ယှက်ခတ်နေတာပဲ။
“ဟူး... အလယ်တန်းထက်စာရင် အများကြီး ပိုဆိုးတာပဲ"
ဒိုဂျင်က အံ့ဩတကြီးနဲ့ လျှာရိုက်လိုက်တယ်။ မာရူးကတော့ တစ်မျိုး ခံစားရတယ်။
‘ဒါ စစ်တပ်ကျနေတာပဲ။’
ဆံပင်တိုတိုနဲ့ ကောင်လေးတစ်သိုက် အားကုန်ပြေးလွှားနေကြတာလေ။ မိန်းကလေးတစ်ယောက်လောက် ရံဖန်ရံခါ ပါနေတာကို ဖယ်လိုက်ရင်တော့ ဒါဟာ စစ်တန်းလျားနဲ့ အတော်လေး တူပါတယ်။
‘အော်... ဟုတ်သားပဲ။ အဲဒါကြောင့်ပဲ တို့တွေ ဒီနေရာကို စစ်တန်းလျားလို့ နာမည်ပေးခဲ့ကြတာကိုး။’
တကယ့်ကို လိုက်ဖက်တဲ့ နာမည်ပြောင်ပါပဲ။ မာရူး အတန်းထဲကို ပြန်ဝင်လာခဲ့တယ်။
ပြတင်းပေါက်ကနေ မတ်လရဲ့ အေးစက်စက် လေညင်းတွေနဲ့အတူ နေရောင်ခြည်က ဖြာကျနေတယ်။ ပြတင်းပေါက်နားက ကလေးတွေကတော့ အိပ်ပျော်ကုန်ကြပြီ။ တစ်ယောက်နဲ့တစ်ယောက် အခုထိ စိမ်းနေကြသေးပေမဲ့ တစ်ပတ်လောက်ကြာရင်တော့ ပြောင်းလဲသွားမှာပါ။ လူအနည်းစုကလွဲရင် အားလုံးကတော့ ကိုယ့်အုပ်စုနဲ့ကိုယ် ဖြစ်သွားကြမှာပဲ။
‘ဒီမှာလည်း အပြင်လူတွေ ရှိခဲ့တာပဲ။’
သူ အကုန်လုံးကို မမှတ်မိတော့ပေမဲ့ အတန်းထဲမှာ အပယ်ခံလို ဖြစ်နေတဲ့သူ အချို့ ရှိခဲ့တာကိုတော့ သူ သတိရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း သူတို့အချင်းချင်း အုပ်စုဖွဲ့မိသွားကြတာပါပဲ။
“သူတို့တွေက ‘မုန့်ဝယ်ပေးရတဲ့ ခိုင်းဖတ်’ တွေနဲ့ တူနေတာပဲ။ အဲဒီတုန်းကတော့ အဲဒီစကားလုံးက မရှိသေးဘူးပေါ့"
“ဘာလဲ ”
ဒိုဂျင်က နားမလည်တဲ့ပုံစံနဲ့ မေးလိုက်တယ်။
“ဘာမှမဟုတ်ဘူး၊ တစ်ယောက်တည်း စကားပြောနေတာ"
“မင်းက ဘာလို့ ခဏခဏ တစ်ယောက်တည်း ပြောနေတာလဲ ငါ့ကိုလည်း ပြောဦးလေကွာ"
“သွား... သွားအိပ်တော့။ မင်း မျက်လုံးတွေက အိပ်ချင်နေပြီ"
“ဟုတ်တယ်၊ ငါ အိပ်ချင်နေတာ"
ဒိုဂျင်က စားပွဲပေါ်ကို မှောက်ချလိုက်ပါတော့တယ်။
* * * * * * * * *
“နောက်မကျစေနဲ့နော်။ မနက်ဖြန်ကစပြီး သတ်မှတ်ထားတဲ့ နေရာတွေကို သန့်ရှင်းရေး စလုပ်ရမှာဆိုတာ မှတ်ထားကြ။ အိမ်ပြန်ရင်လည်း စာကျက်ကြဦး ကြားလား။ ကျောင်းပြင်ပ မဟုတ်ကဟုတ်က နေရာတွေမှာ မင်းတို့ရဲ့ ရုပ်ဆိုးဆိုး မျက်နှာတွေကို မမြင်ချင်ဘူး။ ဒါပဲ"
ဆရာက ကျောက်သင်ပုတ်ကို လက်နဲ့ အသာပုတ်ပြီး အတန်းထဲက ထွက်သွားတယ်။ ကလေးတွေလည်း ပင်ပင်ပန်းပန်းနဲ့ ခုံကနေ ထလိုက်ကြတော့တယ်။
“မင်း ဘယ်မှာ နေတာလဲ ”
“ဂူဝေါလ်ဒေါင်မှာ"
“တော်တော်ဝေးတာပဲ။ ဘတ်စ်ကားနဲ့ လာတာလား ”
“စက်ဘီးနဲ့"
“မချမ်းဘူးလား ”
“ချမ်းတာပေါ့၊ ဒါပေမဲ့ ပိုက်ဆံတော့ ပိုသက်သာတယ်လေ"
“အင်း... ဟုတ်တာပေါ့"
“မနက်ဖြန်မှ တွေ့မယ်"
မာရူးက နှုတ်ဆက်ပြီး အတန်းထဲက ထွက်လာခဲ့တယ်။ ပထမဆုံးနေ့ကတော့ အဆင်ပြေပြေပဲ ကုန်ဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ မှတ်ဉာဏ်တွေကြောင့် အမှားတစ်ခုခု လုပ်မိမလားလို့ စိုးရိမ်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။ အရာအားလုံးက လွမ်းစရာလေးတွေချည်းပါပဲ။
မာရူးက အိမ်ပြန်လမ်းကနေ လမ်းခွဲပြီး လမ်းကြားလေးတစ်ခုထဲ ဝင်လာခဲ့တယ်။ ကျောင်းနားက ဂိမ်းဆိုင်လေးဆီကို သွားနေတာပါ။
“ဒီနေရာက ဘာမှ မပြောင်းလဲသေးပါလား"
သူ အထက်တန်း သုံးနှစ်အတွင်းမှာ ဒီနေရာမှာ ပိုက်ဆံတွေ အများကြီး သုံးခဲ့ဖူးတာလေ။
သူတို့ သူငယ်ချင်းတစ်အုပ်စုလုံး ‘သွားမလား ’ လို့ တစ်ယောက်ယောက်က ပြောလိုက်တာနဲ့ ကျောင်းဆင်းတာနဲ့ ဒီဂိမ်းဆိုင်မှာ စုမိကြတာပဲ။ စာကျက်တာထက် Starcraft တို့၊ Warcraft တို့၊ Lineage တို့ကို ပိုပြီး ကြိုးကြိုးစားစား ဆော့ခဲ့ကြတာ။
‘ငါ ဒီဘဝမှာလည်း ဂိမ်းတွေ ထပ်ဆော့ဖြစ်ဦးမလား မသိဘူး။’
မာရူးက ကိုယ့်ဘာသာ တွေးရင်း ဂိမ်းဆိုင်ကနေ လှည့်ထွက်လာခဲ့တယ်။
ဘဝသစ်။
ပျော်စရာကောင်းတဲ့ ဘဝ။
ပျော်စရာကောင်းတဲ့ ဘဝဆိုတာ ဘယ်လိုမျိုးပါလိမ့် မာရူးက သူ့ရဲ့ ၄၅ နှစ်တာ ဘဝမှာ ဘာတွေလုပ်ခဲ့လဲဆိုတာ သေသေချာချာ မမှတ်မိတော့ဘူး။ လက်ထပ်ပြီးတော့ မိသားစုအတွက်ပဲ နေထိုင်ခဲ့တာ၊ ဒါပေမဲ့ အဲဒီမတိုင်ခင်ကတော့ ဘာရည်ရွယ်ချက်မှ မရှိဘဲ လုပ်ချင်ရာတွေ လုပ်ခဲ့တာပဲ။ ဝင်ခွင့်စာမေးပွဲကို အမှတ်အသင့်အတင့်နဲ့ အောင်လို့ တက္ကသိုလ် တက်ခဲ့တယ်။ အဲဒီမှာ ပထမဆုံး စာမေးပွဲ ကျပြီးတော့ စစ်ထဲ တည့်တည့်ရောက်သွားခဲ့တာ။ နောက်ဆုံးတော့ ဘွဲ့ရခဲ့ပြီးတော့ အလုပ်မျိုးစုံ လုပ်ခဲ့တာပေါ့။
အလုပ်တွေ။
မာရူးက ခြေလှမ်းတွေကို နည်းနည်း လျှော့လိုက်တယ်။ သူ့အပေါ်တည့်တည့်မှာ တိမ်တိုက်တစ်ခု လွင့်နေတာကို သူ မြင်နေရတယ်။ တစ်သျှူးစိုလေးတစ်ခုနဲ့ တူတဲ့ အဲဒီတိမ်တိုက်က လေတိုက်ရာကို လွင့်မျောနေတာ။ မာရူးက သူ့ဘဝဟာလည်း အဲဒီတိမ်တိုက်နဲ့ တော်တော်လေး ဆင်တူတယ်လို့ တွေးမိတယ်။
‘ငါ့ဘဝက ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ခဲ့ပါဘူး... ဒါပေမဲ့ သိပ်ပြီး ကောင်းမွန်တဲ့ ဘဝမျိုးလည်း မဟုတ်ခဲ့ဘူးပဲ။’
အိပ်မက်တွေထက် အလုပ်က အရင်။ လုပ်ချင်တာတွေထက် လုပ်သင့်တာတွေက အရင်။ သူ ဘယ်တုန်းကမှ စွန့်စားမှုတွေ မလုပ်ခဲ့ဘူး၊ အနာဂတ်အတွက်လည်း အဝေးကြီး မကြည့်ခဲ့ဘူး။
တောက်
မာရူး ကိုယ့်ဘာသာတောင် မသိလိုက်ဘဲ တောက်တစ်ချက် ခေါက်မိသွားတယ်။ ပျော်စရာတွေလည်း ရှိခဲ့တာပါပဲ။ စိတ်လှုပ်ရှားစရာတွေလည်း ကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ဘဝကို စကားလုံးတစ်လုံးတည်းနဲ့ အနှစ်ချုပ်ပြစရာတော့ ဘာမှ မရှိခဲ့ဘူး။ အော်... တစ်ခုတော့ ရှိတာပေါ့။
အသင့်အတင့်။
သူ့ဘဝက အရာရာမှာ အသင့်အတင့်ပါပဲ။
‘ငါ ဘယ်လို ရှင်သန်ချင်တာလဲ ’
အဲဒီမေးခွန်းက မာရူးရဲ့ စိတ်ထဲကို လွန်ခဲ့တဲ့ ၄၅ နှစ်လုံးလုံးထက် ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်ခတ်လာပါတော့တယ်။
မာရူးက လေးလံတဲ့ မျက်နှာထားနဲ့ အိမ်ထဲကို ဝင်လာခဲ့တယ်။
“ကျောင်းမှာ ဘယ်လိုနေလဲ ဘာမှ ထူးထူးခြားခြား မရှိဘူးမလား ”
မေမေက ခဏနားပြီးမှ သူ့ကို မေးလိုက်တယ်။ သားဖြစ်သူက စက်မှုကျောင်း သွားတက်နေတာဆိုတော့ နည်းနည်းတော့ စိုးရိမ်နေပုံရတယ်။
“အဆင်ပြေပါတယ် မေမေ"
“တခြားကလေးတွေကရော ”
“သူတို့က အေးဆေးပါပဲ"
“အေးဆေး ဟုတ်လား ”
“သူတို့လည်း လူတွေပဲလေ။ ရာဇဝတ်သားတွေ ရှိနေတဲ့ ထောင်မှ မဟုတ်တာ။ စိတ်မပူပါနဲ့။ ကျွန်တော်လည်း ဘာမှ ထူးထူးဆန်းဆန်း မလုပ်ဘူး၊ သူတို့လည်း ဘာမှ မလုပ်ကြပါဘူး"
“အဲ... အေးပါ၊ အေးပါ"
မေမေက အံ့ဩသွားတဲ့ မျက်နှာနဲ့ သူ့ဆီကနေ လှည့်ထွက်သွားတယ်။ သားဖြစ်သူက ရုတ်တရက်ကြီး စကားတွေကို ပွင့်ပွင့်လင်းလင်း ပြောလာတာကြောင့် တော်တော်လေး အံ့ဩသွားပုံရပါတယ်။ တကယ်တော့ မာရူးက စစ်ထဲမဝင်ခင်အထိ ဒီလောက် စကားပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူမှ မဟုတ်တာလေ။
* * * * * * * * *
အခန်း(၄)
မာရူးက မျက်နှာကျက်ကို မော့ကြည့်ရင်း ခုတင်ပေါ်မှာ ခဏလောက် လှဲနေမိတယ်။ ရှေ့ဆက်ရမယ့် သူ့ဘဝကို ဘယ်လိုဖြတ်သန်းရမလဲဆိုတဲ့ အတွေးတွေက ခေါင်းထဲမှာ တဝဲလည်လည်။
'တက္ကသိုလ်ကောင်းကောင်းတစ်ခု တက်ကြည့်ရမလား။ လူရည်ချွန်တစ်ယောက် ဖြစ်အောင် ကြိုးစားကြည့်မလား။ မဟုတ်သေးပါဘူး၊ ငါက အဲဒီလောက်အထိ ဉာဏ်ကောင်းတာမှ မဟုတ်တာ။ စာသင်ရတာ သိပ်မခက်ဘူးဆိုပေမဲ့ အသေအလဲ ကြိုးစားရမှာကျတော့လည်း သိပ်ပြီး အဆင်မပြေလှဘူး။'
မာရူးက စင်ပေါ်က သင်္ချာစာအုပ်တစ်အုပ်ကို ဆွဲထုတ်ကြည့်လိုက်တယ်။ စာအုပ်ထဲက ဂရပ်ဖစ်ပုံတွေနဲ့ ညီမျှခြင်းတွေကို မြင်လိုက်ရုံနဲ့တင် သူ အသက်ရှူကျပ်ချင်လာတယ်။ အင်္ဂလိပ်စာအုပ်ကို ကြည့်တော့လည်း ဒီအတိုင်းပါပဲ။
“ဟူး... စာကျက်ရမှာလား။ တော်ပါပြီဗျာ၊ ကျေးဇူးတင်ပါတယ်”
မာရူးက စာအုပ်နှစ်အုပ်လုံးကို မမြင်ရတဲ့နေရာဆီ လွှင့်ပစ်လိုက်တယ်။ စာကို အပတ်တကုတ် ကြိုးစားပြီး တက္ကသိုလ်ကောင်းကောင်းတစ်ခု တက်ချင်စိတ် ရှိပေမဲ့ ပထမဆုံးခြေလှမ်းကို စတင်ဖို့ကျတော့ သူ့အတွက် တော်တော်လေး ခက်ခဲနေတယ်။
'ထီပေါက်မယ့် နံပါတ်လေးတွေသာ သိခဲ့ရင်... ဒါမှမဟုတ် ရှေ့မှာ အောင်မြင်လာမယ့် ကုမ္ပဏီတွေအကြောင်း သိခဲ့ရင် ကောင်းမှာပဲ...'
နောင်တစ်ချိန်မှာ ဘယ်ကုမ္ပဏီတွေက ဈေးကွက်မှာ အကြီးအကျယ် အောင်မြင်လာမလဲဆိုတာ သူ မှတ်မိနေသေးတယ်။ ဒါပေမဲ့ ဒီအချက်အလက်တွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတော့မယ်ဆိုတာ သူ သဘောပေါက်လိုက်တယ်။ မှတ်ဉာဏ်တွေ ပျောက်ဆုံးကုန်လို့ သူ ဇဝေဇဝါ ဖြစ်နေမှာကို ကောင်းကင်ဘုံက မလိုလားလို့လည်း ဖြစ်နိုင်တာပေါ့။
“ချရေးထားရမလား” သူ တွေးနေမိတယ်။
ဒါပေမဲ့ သူ ထိုင်ပြီး စာအုပ်ရှာဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ—
“အဲဒီလို လုပ်လို့မရဘူးနော်”
သူ့နောက်ဘက်ကနေ စကားပြောသံတစ်ခု ထွက်လာတယ်။ ကြည့်လိုက်တော့ ကိုယ်ကျပ်ဝတ်စုံကို ကျကျနန ဝတ်ထားတဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်က အခန်းထဲကို ရောက်နေပြီ။
“ဟို...”
“ရှင် ဒီနေ့တစ်နေ့လုံးကို ဘာပြဿနာမှမရှိဘဲ ဖြတ်သန်းနိုင်ခဲ့တာပဲ။ အခြေအနေအရ ကြည့်မယ်ဆိုရင် ရှင် တော်တော်လေး အသားကျနေပြီလို့ ပြောလို့ရတာပေါ့”
“အာ... ဟုတ်ကဲ့”
“ဒါပေမဲ့ အနာဂတ်မှာ ဖြစ်လာမယ့် အကြောင်းအရာတွေကို မှတ်မိဖို့ ကြိုးစားတာမျိုးတော့ ကျမ ခွင့်မပြုနိုင်ဘူး။ အဲဒါက သဘောတူညီချက်ကို ချိုးဖောက်တာပဲ”
လေထဲမှာ ဝဲနေတဲ့ အမျိုးသမီးက ကြမ်းပြင်ပေါ်ကို ဖြည်းဖြည်းချင်း ဆင်းသက်လာတယ်။ မာရူးကတော့ အသံကို တတ်နိုင်သလောက် လျှော့ထားရတယ်။ သူတို့စကားပြောသံကို အမေကြားပြီး အခန်းထဲ ဝင်လာရင် ပြဿနာတက်ကုန်မှာ မဟုတ်လား။
မာရူးရဲ့ စိတ်ကို ဖတ်မိသလိုမျိုး အမျိုးသမီးက ပြန်ပြောတယ်။
“မပူပါနဲ့။ ဒီနေရာကို ကျမ ပိတ်ထားပြီးသားပါ။ ဒီနေ့ ရှင့်ကို အချက်အလက်တချို့ ရှင်းပြဖို့ လာခဲ့တာ”
“ဘာတွေများလဲ ခင်ဗျာ”
“ရှင် သိသင့်သိထိုက်တာတွေကို အတည်ပြုပေးရုံတင်ပါ။ မကြာခင်မှာ ရှင့်ရဲ့ မှတ်ဉာဏ်အများစုက ပျောက်ကွယ်သွားလိမ့်မယ်။ ပြောရရင် ရှင့်ရဲ့ မသိစိတ်ထဲကို ရောက်သွားမှာပေါ့။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ လွမ်းဆွတ်သလိုလို၊ အရင်က ကြုံဖူးသလိုလိုမျိုးတော့ မှတ်မိနေလိမ့်မယ်။ လူအတော်များများက အရင်က ကြုံဖူးသလိုလို ခံစားရတာဟာ တကယ်တော့ အနာဂတ်မှာ အဲဒီအဖြစ်အပျက်ကို သူတို့ ကြုံခဲ့ဖူးလို့ပဲ”
“ကျွန်တော့်လိုမျိုး ဘဝကို ပြန်စနေရတဲ့လူတွေ အများကြီး ရှိသေးတာလား”
“ရှိတာပေါ့။ ဒါပေမဲ့ သူတို့ဟာ အတိတ်ကို ပြန်ရောက်လာတယ်ဆိုတာကို လူအနည်းစုပဲ သတိထားမိကြတာ။ ‘ငါသာ ငယ်ငယ်တုန်းက အချိန်တွေကို ပြန်သွားနိုင်ရင် အခုထက် ပိုကောင်းအောင် လုပ်နိုင်မှာပဲ’ ဆိုတဲ့ အတွေးမျိုး ရှင် တွေးခဲ့ဖူးတယ် မဟုတ်လား။ ရယ်စရာကောင်းတာက အဲဒီလို တွေးလိုက်တဲ့ အချိန်ဟာ ရှင့်ရဲ့ အနာဂတ်ကနေ ပြန်ရောက်လာတဲ့ အချိန်ပဲ။ ရှင်ကသာ အဲဒါကို မမှတ်မိတော့တာ”
သူမက ပြုံးပြီး ဆက်ပြောတယ်။
“ဘာပဲဖြစ်ဖြစ် ရှင် ဒီနေ့ အိပ်ပျော်သွားပြီဆိုတာနဲ့ ရှင့်ရဲ့ မှတ်ဉာဏ်အတော်များများက ပျောက်သွားလိမ့်မယ်။ ဒါပေမဲ့ ရှင် အနာဂတ်က ပြန်လာတာပဲဆိုတဲ့ အချက်ကိုတော့ မှတ်မိနေဦးမှာမို့လို့ သိပ်ပြီး စိုးရိမ်မနေပါနဲ့”
မာရူးက လက်မြှောက်ပြီး သူမရဲ့ စကားကို ဖြတ်လိုက်တယ်။
“မေးစရာရှိလို့လား”
“စောစောက လူတွေရဲ့ ခေါင်းပေါ်မှာ စကားပြောတဲ့ ပူပေါင်းလေးတွေ မြင်နေရလို့”
“အော်... မြင်သွားပြီကိုး”
“ကျွန်တော် တကယ်ပဲ တခြားလူတွေရဲ့ စိတ်ကို ဖတ်နိုင်တာလား”
“ဟုတ်ပါတယ်။ အဲဒါက အဘွားယူဆီက ရှင့်အတွက် ပေးတဲ့ နောက်ထပ် လက်ဆောင်တစ်ခုပေါ့”
“လက်ဆောင်...”
“ဒါကို ဘယ်လိုသုံးမလဲဆိုတာကတော့ ရှင့်ဘာသာ ရှာဖွေရမှာပေါ့။ အဲဒါမှ ဘဝက ရင်ခုန်ဖို့ကောင်းမှာ မဟုတ်လား။ ရှင့်မှာ ရှာဖွေဖို့ ကျန်သေးတဲ့ တခြားစွမ်းရည်တွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ ရှင့်ဘဝတစ်လျှောက်လုံးမှာ အဲဒါတွေကို လုံးဝမတွေ့တာမျိုးလည်း ဖြစ်နိုင်တာပေါ့”
“တခြားစွမ်းရည်တွေလည်း ရှိသေးတာလား။ စူပါဟီးရိုးလိုမျိုးလား—”
“စူပါဟီးရိုးတစ်ယောက်လိုမျိုး ဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီထက် ပိုပြီး ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေပါတယ်။ အသေးစိတ်တော့ ကျမ ပြောပြလို့ မရဘူး။ ရှင့်ရဲ့ စွမ်းရည်တွေက လူသားတွေနဲ့ ဆက်နွှယ်နေတယ်လို့ပဲ ပြောနိုင်မယ်”
“လူသားတွေနဲ့ ”
“ဟုတ်တယ်”
လူသားတွေနဲ့ ဆက်နွှယ်တဲ့ စွမ်းရည်တဲ့...။ အဲဒီလို စွမ်းအားတွေက စူပါဟီးရိုးတွေထက် ဘယ်လိုလုပ် ပိုစွမ်းနိုင်မှာလဲ။ စောစောက သူမြင်ခဲ့တဲ့ စကားပြောပူပေါင်းလေးတွေက တကယ်ပဲ လူတွေရဲ့ စိတ်ကို ဖတ်ခိုင်းတာဆိုရင်တော့ စူပါဟီးရိုးထက်တောင် ပိုကောင်းနေဦးမယ်။ ကိုယ်လိုချင်တဲ့အချိန်တိုင်း တခြားလူတွေရဲ့ စိတ်ကို ကြည့်နိုင်တာထက် ကောင်းတဲ့ စွမ်းရည် ဘယ်မှာ ရှိဦးမှာလဲ။
‘ဒါတော့ cheat ကြီးပဲကွ'
သူ တော်တော်လေး စိတ်လှုပ်ရှားသွားတယ်။ ဒီစွမ်းရည်ကိုသာ ကောင်းကောင်းသုံးတတ်မယ်ဆိုရင် ဘဝက ပျော်စရာကြီး ဖြစ်နေတော့မှာ။
ဒါပေမဲ့ စိုးရိမ်စိတ်လည်း နည်းနည်းတော့ ဝင်လာမိတယ်။ စောစောက စကားပြောပူပေါင်းလေးတွေက ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းတောင် မသိတာ။ မထင်မှတ်တဲ့ နေရာတွေမှာ ပေါ်လာရင်တော့ သူ့အတွက် ဒုက္ခရောက်နိုင်တယ်။ အသက် ၄၅ နှစ်အထိ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံအရ ဘာမဆို အတိုင်းအထက်အလွန် ဖြစ်သွားရင် မကောင်းဘူးဆိုတာ သူ သိတာပေါ့။
“ရှင် သဘောပေါက်သွားတဲ့ပုံပဲ။ ဟုတ်ပါတယ်။ အဲဒီစွမ်းရည်တွေက ရှင့်ဘဝအတွက် အထောက်အကူ ဖြစ်နိုင်သလို အရာရာကို ရှုပ်ထွေးသွားအောင်လည်း လုပ်နိုင်တယ်။ အတိတ်ကို ပြန်လာတဲ့လူတိုင်းဟာ ပျော်ရွှင်တဲ့ ဇာတ်သိမ်းကို ရကြတာတော့ မဟုတ်ဘူးနော်”
“ကြားရတာ နည်းနည်းတော့ စိတ်ပူစရာပဲ”
“အရာအားလုံးက ရှင့်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ရှင် ဘယ်လိုနေမလဲ၊ ရှင့်ရဲ့ စွမ်းရည်တွေကို ဘယ်လိုသုံးမလဲဆိုတာပေါ့။ ဒါပေမဲ့ ရှင့်ရဲ့ စွမ်းအားတွေကို အကန့်အသတ်မရှိ သုံးလို့ရမှာတော့ မဟုတ်ဘူး။ မကြာခင်မှာ ရှင် သိလာပါလိမ့်မယ်။ ဘဝမှာ ဘာမှ အလကားမရဘူးဆိုတာကိုပဲ မှတ်ထားပါ”
ဘာမှ အလကားမရဘူး...။ အဲဒီစကားစုက သူ့ရဲ့ စိတ်ထဲကို အရှိန်နဲ့ တိုးဝင်လာတယ်။
မာရူး ခေါင်းညိတ်ပြလိုက်တယ်။ သူ အစမှတ်ကို ပြန်ရောက်လာပြီဆိုတာကို ထပ်ခါတလဲလဲ သတိရနေမိတယ်။ ဒါကြောင့်လည်း ဒီပထမဆုံးခြေလှမ်းက သူ့အတွက် အလွန်အရေးကြီးနေတာပေါ့။
“တစ်ခုခု ဆိုးဆိုးရွားရွား မဖြစ်သရွေ့ ကျမတို့ ထပ်တွေ့ဖြစ်မှာ မဟုတ်တော့ဘူး”
“အော်... ဟုတ်ကဲ့”
“ဘာပဲဖြစ်ဖြစ် ပျော်စရာကောင်းတဲ့ ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
အမျိုးသမီးရဲ့ ပုံရိပ်က တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်သွားတယ်။
သူမ လုံးဝမပျောက်သွားခင်မှာ—
“မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ပါစေ”
အမျိုးသမီးက တိုးတိုးလေး ကပ်ပြောသွားတယ်။
အမျိုးသမီး ပျောက်ကွယ်သွားပြီးနောက် မာရူးက မျက်နှာကျက်ကို မိနစ်အနည်းငယ်လောက် စိုက်ကြည့်နေမိတယ်။
* * * * * * * * *
အမေက ဧည့်ခန်းထဲကနေ ထမင်းစားဖို့ လှမ်းခေါ်နေပြီ။ အပြင်ဘက်က ဟင်းရည်နံ့ကို သူ ရနေတယ်။ ကျောင်းကဟင်းတွေထက် အဆပေါင်းများစွာ ပိုမွှေးတဲ့ ဒွန်းဂျန်းဟင်းရည်နံ့ပေါ့။
“မွှေးနေတာပဲ” သူ တံခါးဖွင့်ပြီး ထွက်လာရင်း ပြောလိုက်တယ်။
“ဘာလဲ၊ တစ်ညတည်းနဲ့ မင်းရဲ့ အရသာခံအာရုံတွေ ပြောင်းသွားတာလား။ အရင်ကတော့ ဒီလိုဟင်းမျိုးကို သိပ်မကြိုက်ပါဘူးဆို”
“ကျွန်တော် အခု အထက်တန်းကျောင်းသား ဖြစ်နေပြီလေ။ လူကြီးဖြစ်နေပြီ”
“အော်... ဟုတ်ပါပြီရှင်။ လူကြီးမင်းက လူကြီးဖြစ်နေပြီပေါ့လေ” အမေက နောက်ပြောင်တဲ့ လေသံနဲ့ မေးတယ်။
မာရူးက ဘာမှပြန်မပြောဘဲ ထိုင်ပြီး စားလိုက်တယ်။ ရင်းနှီးနေတဲ့ အရသာပဲ။ အိမ်ရဲ့အရသာပေါ့။ လူကို အလိုလို ပြုံးမိသွားစေတဲ့ အရသာမျိုး။
“အော်... ရောက်လာပြီလား ဘာဒါ။ လာ၊ ထမင်းစား”
တံခါးဝကနေ ဝင်လာတဲ့ ဘာဒါကို ကြည့်ပြီး အမေက ပြောလိုက်တယ်။
“ရတယ် အမေ။ နောက်ထပ် ဒွန်းဂျန်းဟင်းရည်ပဲ မဟုတ်လား။ သမီး လမ်းမှာ သူငယ်ချင်းတွေနဲ့ တုတ်ထိုးစားလာခဲ့ပြီးပြီ”
“အဲဒီလိုဟာမျိုးတွေကို ထမင်းလိုမျိုး စားလို့ ဘယ်ဖြစ်မလဲ”
“အမေကလည်း... မုန့်တွေကလည်း ကာဗိုဟိုက်ဒရိတ်ပဲလေ။ အမေ မသိဘူးလား”
“... ဟူး”
အမေက ခူးလက်စ ထမင်းပန်းကန်ကို ချလိုက်တယ်။ မာရူး အဲဒီခံစားချက်ကို ကောင်းကောင်းနားလည်တာပေါ့။ မိဘတွေဆိုတာ သူတို့သားသမီးတွေကို ထမင်းဝဝလင်လင် စားတာပဲ မြင်ချင်ကြတာ။
“ဟန်ဘာဒါ”
မာရူး လှမ်းခေါ်လိုက်တယ်။
“ဘာလဲ”
“စားစမ်း”
မာရူးက ဘေးနားက ထိုင်ခုံကို ဆွဲထုတ်ပေးလိုက်တော့ ညီမဖြစ်သူက သူ့ကို မျက်စောင်းထိုးကြည့်တယ်။ သူက ထိုင်ခုံကို လက်ညှိုးထိုးပြရင်း—
“စားလိုက်စမ်းပါ။ အနည်းဆုံး တစ်လုပ်လောက်ဖြစ်ဖြစ်”
ဘာဒါက သူမအစ်ကို ဒီလောက်အမိန့်ဆန်ဆန် ပြောလိုက်လို့ နည်းနည်းအံ့ဩသွားပုံရတယ်။ သူမက နှုတ်ခမ်းဆူရင်း စားပွဲမှာ ဝင်ထိုင်လိုက်တယ်။
“ကိုကြီးလည်း အမြဲတမ်း ပေါင်မုန့်ပဲ စားချင်နေတာပဲကို”
သူမက အဆုံးထိ ငြီးတွားနေတုန်းပဲ။ အမှန်အတိုင်းပြောရရင် မာရူးကတော့ အဲဒါကိုတောင် ချစ်စရာလေးလို့ မြင်နေမိတယ်။ သူ ဘာလို့ ညီမဖြစ်သူနဲ့ စကားမပြောဖြစ်တော့တာလဲ။ ဘာလို့ သူမကို ဂရုမစိုက်ဖြစ်တော့တာလဲ။
'ငါ တကယ်ပဲ သူမကို ဂရုမစိုက်ခဲ့တာပဲ။'
တကယ်တော့ သူမ ကွာရှင်းလိုက်တာကိုတောင် အဖြစ်အပျက်ဖြစ်ပြီး တစ်လလောက်ကြာမှ သူ သိခဲ့ရတာ။ အဲဒီတုန်းကတော့ သူမကို စိတ်တိုမိတာပေါ့။ မိသားစုကိုတောင် ဘာလို့ ဒီလိုအကြောင်းမျိုး မပြောရတာလဲဆိုပြီးတော့။
ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ သူကိုယ်တိုင်ကလည်း သူမကို အားကိုးခွင့်မပေးခဲ့ဘူးလေ။ အထက်တန်းကျောင်းတုန်းက သူ သတိမထားမိခဲ့တဲ့ အရာတချို့ကို အခုတော့ သူ မြင်နေရပြီ။ အတွေ့အကြုံဆိုတာ တကယ်ကို အံ့သြစရာကောင်းတာပဲ။
“ငါလည်း ဒီနေ့ကစပြီး နေ့တိုင်း ဒီမှာပဲ ထမင်းစားတော့မှာမို့လို့ မင်းလည်း နည်းနည်းလောက် စားထားဦး”
“...”
ဘာဒါက သူ့ကို ဘေးကနေ စိုက်ကြည့်နေပေမဲ့ သူကတော့ မသိချင်ယောင်ဆောင်နေလိုက်တယ်။ အဲဒီကောင်မလေးက တကယ်ပဲ တစ်လုပ်တည်းစားပြီး ထသွားတော့တာပဲ။
“အခုမှပဲ အစ်ကိုကြီး ပီသတော့တယ်နော်” အမေက မေးတယ်။
“ဘာမှမဟုတ်ပါဘူး”
“အထက်တန်းကျောင်းသား ဖြစ်သွားတော့လည်း တကယ်ပဲ နည်းနည်း လူကြီးဆန်လာတာလား”
အမေက သူ့ကို ပြုံးစစနဲ့ ကြည့်နေတယ်။ သူမရဲ့ သားလေးထဲမှာ အသက် ၄၅ နှစ်အရွယ် လူကြီးတစ်ယောက် ရောက်နေတယ်ဆိုတာ သိရင် အမေ ဘယ်လိုမျက်နှာမျိုး ဖြစ်သွားမလဲ။ အဲဒီလိုမေးလိုက်လို့ စိတ်ကျန်းမာရေးဆေးရုံ အပို့ခံရမှာစိုးတာကြောင့် မာရူးလည်း ဘာမှမပြောတော့ဘဲ နေလိုက်တယ်။
“ကောင်းကောင်း စားလိုက်ရပါတယ် အမေ။ ပန်းကန်တွေကို ကျွန်တော်ပဲ ဆေးလိုက်မယ်”
“ရပါတယ်၊ သွားစာကျက်တော့။ မင်းပဲ မြွေရဲ့ခေါင်း ဖြစ်ချင်တယ်ဆိုလား ဘာဆိုလား ပြောနေတာ မဟုတ်လား”
မြွေရဲ့ခေါင်း...။ အဲဒီစကားလုံးကြောင့် သူ ပြုံးမိသွားတယ်။ အမေနဲ့ ပြောခဲ့တဲ့ စကားဝိုင်းလေးကို သတိရသွားတာပေါ့။ နဂါးရဲ့အမြီးဖြစ်မယ့်အစား အင်ဂျင်နီယာကျောင်းမှာ မြွေရဲ့ခေါင်းပဲ ဖြစ်ချင်တယ်လို့ သူ ပြောခဲ့ဖူးတယ်။
'အဲဒါက တကယ့် ဆင်ခြေကောင်းလေးပဲ။'
တကယ်တော့ သူ စာမကျက်ချင်ရုံ သက်သက်ပါ။ အထက်တန်းကျောင်း မတိုင်ခင်က မှတ်ဉာဏ်တွေကတော့ အခု တဖြည်းဖြည်း ပိုရှင်းလင်းလာပြီ။ တစ်ဖက်မှာလည်း အနာဂတ်က မှတ်ဉာဏ်တွေက ဝေဝါးသထက် ဝေဝါးလာနေတယ်။ မနက်ဖြန်မိုးလင်းလို့ ကျောင်းတက်ရတဲ့အခါ ဘယ်လောက်တောင် ပြောင်းလဲနေဦးမလဲလို့ တွေးရင်း အခန်းထဲကို ဝင်လာခဲ့တယ်။ မာရူးက စားပွဲမှာ ထိုင်လိုက်ပြီး ကွန်ပျူတာကို သူ့ခြေဖျားနဲ့ ဖွင့်လိုက်တယ်။ အကျင့်ဆိုတာ တကယ့်ကို ကြောက်စရာပဲ။
“ဒီအတောအတွင်း ဂိမ်းလေး ဘာလေး ဆော့ဦးမှပဲ”
သူ ဘယ်လောက်အထိ ဆော့နိုင်ဦးမလဲတော့ မသိဘူး။ မာရူးကတော့ ရှုံးမှာကို ကြိုတင်ပြင်ဆင်ထားရင်းနဲ့ပဲ ဂိမ်းကို စဆော့လိုက်တော့တယ်
* * * * * * * * *
တစ်ပတ် ကုန်လွန်သွားခဲ့ပြီ။ ကျောင်းဘဝက ဘာပြဿနာမှမရှိဘဲ ဖြတ်သန်းလာခဲ့တယ်။ မာရူးကတော့ ကျောင်းဘဝကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းမယ်ဆိုတဲ့ သူ့ရဲ့ ကတိအတိုင်း နေထိုင်နေတာပေါ့။
မာရူး ကျောင်းရောက်တော့ စက်ဘီးပေါ်က ဆင်းလိုက်တယ်။ ဒီနေ့လည်း ကျောင်းတံခါးဝမှာ စည်းကမ်းထိန်းသိမ်းရေး ဆရာက သိန်းငှက်တစ်ကောင်လို စောင့်ကြည့်နေတုန်းပဲ။
“ဆံပင် သွားညှပ်လိုက်စမ်း။ ငါ အကုန် ရိတ်ပေးလိုက်ရမလား”
ဒီနေ့တော့ ဆရာ့လက်ထဲမှာ ကတ်ကြေးအစား ဆံပင်ညှပ်စက်ကြီး ပါလာတယ်။ အရင်တုန်းက ဆံပင်မညှပ်လို့ဆိုပြီး ဆံပင်ကို ဘေးတစ်ဖက် ရိတ်ခံလိုက်ရတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်။ အဲဒီကောင်လေးခမျာ နောက်ဆုံးတော့ ဆံပင်ညှပ်ဆိုင်သွားပြီး အကုန်ရိတ်ပစ်လိုက်ရတော့တာပေါ့။
မာရူးကတော့ ဘာပြဿနာမှမရှိဘဲ ဖြတ်သွားနိုင်ခဲ့တယ်။ ဘာကြောင့်လဲတော့ မသိဘူး၊ သူက ဆံပင်တိုတိုလေးနဲ့ပဲ ပိုပြီး နေလို့ကောင်းနေတာကိုး။ ငယ်ငယ်တုန်းကဆိုရင်တော့ ဆံပင်ရှည်ထားဖို့ အသေအလဲ ကြိုးစားမှာ ဖြစ်ပေမဲ့ အခုတော့ ဆံပင်ရှည်တာက သူ့အတွက် စိတ်ရှုပ်စရာကြီး ဖြစ်နေတယ်။
ဘာလို့ ဆံပင်ကို ဒီလောက်အရေးတယူ လုပ်ခဲ့မိတာလဲဆိုတာ သူ မမှတ်မိတော့ဘူး။
မာရူးက စက်ဘီးထားတဲ့နေရာလေးကို သွားလိုက်တယ်။ အဲဒီမှာရှိတဲ့ စက်ဘီးတစ်စီးက သူ့မျက်စိထဲ ဝင်လာတယ်။ တကယ့်ကို ရှားပါးတဲ့ ပြိုင်ဘီး ပဲ။ မာရူးရဲ့ အမြင်မှာတောင် တော်တော်လေး ဈေးကြီးမယ့်ပုံပဲ။
'ဆရာတစ်ယောက်ယောက်ရဲ့ စက်ဘီးများလား။'
မာရူးက ဖိနပ်ပြောင်းစီးပြီး အတန်းထဲကို ဝင်လာခဲ့တယ်။ အိမ်တွင်းစီးဖိနပ်တွေထဲမှာတော့ 3D-das က အကောင်းဆုံးပဲ။
* * * * * * * * *
အတန်းထဲ ရောက်တော့ ကလေးတချို့က သူ့ကို လက်လှမ်းပြ နှုတ်ဆက်ကြတယ်။ တစ်ပတ်အတွင်းမှာ သူ သူငယ်ချင်းတချို့ ရခဲ့တာပေါ့။ မာရူးက အတန်းထဲကို ဝေ့ကြည့်လိုက်တော့ အုပ်စုတွေ အသီးသီး ကွဲနေတာကို မြင်ရတယ်။ အပေါင်းအသင်းဝင်ဆံ့တဲ့ ကလေးတွေကတော့ အုပ်စုကြီးတစ်ခု ဖြစ်နေကြပြီ။
“ရောက်ပြီလား”
ဒိုဂျင်က စားပွဲပေါ်မှာ အိပ်ရာနိုးနိုးချင်း သူ့ကို နှုတ်ဆက်တယ်။ စားပွဲပေါ်မှာ အိပ်ပျော်နေခဲ့လို့ သူ့ပါးစပ်မှာ သွားရည်တွေတောင် ပေနေတယ်။
“သွားရည်တွေ သုတ်လိုက်ဦး”
“အာ... အေး”
ဒိုဂျင်က သူ့အင်္ကျီလက်နဲ့ သုတ်ပစ်လိုက်တယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ မာရူးနဲ့ ဒီကောင်လေးနဲ့ တော်တော်လေး ခင်သွားကြတယ်။ အဲဒီကောင်လေးက အပေါင်းအသင်း တော်တော်ဝင်ဆံ့တဲ့လူမို့လို့ ခင်ဖို့က တော်တော်လေး လွယ်ပါတယ်။ သူက ချက်ချင်းပဲ အားနာတဲ့မျက်နှာနဲ့ ပြောလာတယ်။
“ဒါနဲ့ မင်းရဲ့ MP3 က...”
“မပူပါနဲ့ကွာ”
“အာ... တကယ် အားနာပါတယ် သားကြီးရာ”
“အဲဒီစကားကို ပါးစပ်မှာ အကျင့်မဖြစ်ခင် တော်လိုက်တော့။ ငါ့ဖုန်းနဲ့ပဲ သီချင်းနားထောင်လို့ ရတာပဲ”
“ဟူး... အဲဒီဆရာ ဒီလောက်အထိ ရခက်လိမ့်မယ်လို့ ငါ မထင်ထားဘူး”
ဒိုဂျင်က အဲဒီ MP3 ကို ပြန်ရဖို့ ဆရာ့ရုံးခန်းကို တစ်ပတ်လုံးလုံး နေ့တိုင်း သွားခဲ့တာ။ အဲဒီဆရာက ကြောက်စရာကောင်းပေမဲ့ သူကတော့ သတ္တိမွေးပြီး ဆက်ပြောနေခဲ့တယ်။ မာရူးက ဘေးကနေ ဒါတွေကို မြင်နေရတာဆိုတော့ ဒိုဂျင်ဟာ တကယ့်လူကောင်းတစ်ယောက်ဆိုတာ သူ သိတာပေါ့။
“ငါ ပြန်မတောင်းနိုင်ရင် မင်းကို အသစ်တစ်လုံး ဝယ်ပေးပါ့မယ် ” သူက ပြောတယ်။
မာရူးက လက်ယမ်းပြီး ငြင်းလိုက်တယ်။ အဲဒါက သိပ်ပြီး အရေးကြီးတဲ့အရာလည်း မဟုတ်ပါဘူး။ ဒီလောက်ကိစ္စလေးနဲ့ ဒိုဂျင်နဲ့ သူငယ်ချင်းဖြစ်ရတာကို အပျက်စီးမခံချင်ဘူး။ တကယ်တော့ MP3 တစ်လုံးတည်းနဲ့ ဒိုဂျင်ရဲ့ စိတ်ဓာတ်ကို သိလိုက်ရလို့ သူ ဝမ်းတောင် သာနေသေးတယ်။
“ရော့ မာရူး၊ ဒါလေး စားကြည့်”
ဒိုဂျင်က သူ့အိတ်ထဲက မုန့်တစ်ခုကို လှမ်းပေးတယ်။ အဲဒီကောင်လေးရဲ့ အိတ်ထဲမှာ မုန့်တွေ အပြည့်ရှိနေပုံပဲ။ စာအုပ်တွေထည့်ရမယ့်နေရာမှာ မုန့်တွေပဲ ပြည့်နေတာကို သူက ဂုဏ်ယူနေသေးတယ်။
“သကြားလုံးရော စားဦးမလား”
“ရတယ်၊ ဒါနဲ့ မင်းဆီမှာ ဒီမုန့်တွေက ဘယ်လိုလုပ် အမြဲတမ်း ရှိနေတာလဲ”
“ငါတို့အိမ်က ကုန်စုံဆိုင် ဖွင့်ထားတာလေ။ မပူပါနဲ့၊ အများကြီး ရှိပါတယ်”
ဒိုဂျင်တို့အိမ်က ကျောင်းဘေးနားမှာတင် ဆိုင်ဖွင့်ထားတာတဲ့။ တခြားနေရာမှာလည်း နောက်ထပ်ဆိုင်တစ်ဆိုင် ရှိသေးတယ်လို့ ကြားတယ်။
“ဟေး ဒိုဂျင်၊ ငါ့ကိုလည်း ပေးဦး ”
“ဒီက အစ်ကိုကြီးအတွက်လည်း တစ်ခုလောက်နော်”
ဒိုဂျင်ရဲ့ သူငယ်ချင်းတချို့ကလည်း သကြားလုံးတောင်းဖို့ လက်လှမ်းနေကြတော့တယ်။
* * * * * * * * *