← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း(၅)

ဒိုဂျင်က တစ်ယောက်ချင်းစီကို တစ်ခုခုလုပ်ပြဖို့ တောင်းဆိုလိုက်တိုင်း ကလေးတွေကလည်း ကြုံသလို ကခုန်ပြတာမျိုး ဒါမှမဟုတ် လူတစ်ဦးတစ်ယောက်ရဲ့ အမူအရာကို တုပပြတာမျိုးနဲ့ ပြန်တုံ့ပြန်ကြတယ်။ ဒိုဂျင်တို့အုပ်စုဆီက ရယ်သံတွေလည်း တဝါးဝါး ထွက်လာတော့တာပေါ့။ တခြားသူတွေ ရယ်နေတာကို မြင်တော့ မာရူးလည်း လိုက်ပြုံးမိသွားတယ်။

ဒီကလေးတွေက စာဘက်မှာတော့ နည်းနည်းနောက်ကျနေတာ မှန်ပါတယ်၊ လူကြီးအမြင်နဲ့ကြည့်ရင်တော့ သူတို့က လူမှုပတ်ဝန်းကျင်အတွက် ပြဿနာကောင်တွေလို့ ထင်စရာပဲ။ ဒါပေမဲ့ ဘာဖြစ်လဲ စာမတော်တာနဲ့ပဲ လူတစ်ယောက်ရဲ့ စရိုက်ကို တိုင်းတာလို့မရဘူးလေ။ ဒါပေမဲ့... စာမတော်တဲ့ကလေးတိုင်းက လူကောင်းတွေလို့ ဆိုလိုတာတော့လည်း မဟုတ်ဘူးပေါ့။

“ဟေ့၊ ငါ့ကိုလည်း တစ်ခုလောက် ပေးဦးလေ” လို့ အတန်းနောက်ဘက်က ကောင်လေးတစ်ယောက်က လှမ်းပြောတယ်။

ဒိုဂျင်ကတော့ အဲဒီကောင်လေးကို မဲ့ပြုံးတစ်ချက်နဲ့တင် လျစ်လျူရှုထားလိုက်တယ်။

“လုပ်ပါကွာ၊ မင်းကလည်း ကပ်စေးမနှဲပါနဲ့” လို့ ကောင်လေးက ညည်းညည်းညူညူ ပြောပြန်တယ်။

“ပါးစပ်ပိတ်ထားစမ်း၊ သွားဝယ်စားချေ”

ဒိုဂျင်က ထူးထူးခြားခြား ဒေါသသံနဲ့ ပြန်အော်လိုက်တယ်။ ဟိုဘက်က ကောင်လေးကတော့ ပခုံးတွန့်ပြရုံကလွဲလို့ ဘာမှမပြောတော့ဘူး။

“အဟက်၊ လူကြည့်ကောင်းအောင် လုပ်နေတာလား မပေးချင်ဘူးလို့ ပြောလိုက်ရင် ပြီးနေတာကို"

“လူကြည့်ကောင်းတာတွေ ဘာတွေ လာမပြောနဲ့"

သူတို့နှစ်ယောက်ကြားမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေတဲ့ အကြည့်တွေက မီးပွင့်မတတ်ပဲ။ ဒါပေမဲ့ အဲဒီတင်းမာမှုက သိပ်တော့မကြာပါဘူး။ တခြားကလေးတွေ အတန်းထဲ ဝင်လာတဲ့အခါမှာတော့ အခြေအနေက ပြန်အေးဆေးသွားတယ်။ မာရူးက အတန်းနောက်ဘက်က ကောင်လေးကို လှမ်းကြည့်လိုက်တယ်။

အဲဒီကောင်လေး နာမည်က ကန်ဒိုဝူးတဲ့။ အရင်က ရှေ့ဆုံးမှာ ထိုင်တာ၊ ဒါပေမဲ့ ရက်နည်းနည်းကြာတော့ တခြားသူရဲ့ နေရာကို လုယူပြီး နောက်ဘက်ကို ပြောင်းသွားတာ။ အဲဒီနေရာက ဖယ်ပေးလိုက်ရတဲ့ ကောင်လေးခမျာမှာတော့ ရှေ့ဆုံးမှာ သွားထိုင်ရတော့တာပေါ့။ ဒိုဝူးက အတန်းထဲမှာ ကြည့်ရတာ အေးအေးဆေးဆေးရှိလှတဲ့ ကောင်လေးတစ်ယောက်ဆီက နေရာကို လုလိုက်တာပါ။

အဲဒီလိုလူမျိုးတွေ အတန်းတိုင်းမှာ ရှိတတ်ကြတာပဲလေ။ စာလည်း သိပ်မတော်သလို ပေါင်းသင်းဆက်ဆံရေးမှာလည်း သိပ်မသွက်တဲ့သူတွေပေါ့။ သူများခိုင်းတာကိုပဲ ငြိမ်ခံနေတတ်တဲ့သူတွေပေါ့။

မာရူးက အတန်းထဲကို တစ်ခေါက် ထပ်ကြည့်လိုက်တယ်။ အဲဒီရှေ့ဆုံးက ကောင်လေးနဲ့ ဘယ်သူမှ သူငယ်ချင်းမဖြစ်ဘူးဆိုရင်တော့... သူဟာ အတန်းထဲက လူမိုက်တွေရဲ့ ခိုင်းဖတ် ‘ဘတ္တလာ’ ဘဝကို ရောက်သွားမှာ သေချာသလောက်ပဲ။

‘အော်... ငါ မှတ်မိပြီ။’

အတန်းထဲက တရားဝင်ခိုင်းဖတ်ပေါ့။ ဒီကောင်လေး ဖြစ်မှာပါ။ အရင်ဘဝတုန်းက မှတ်ဉာဏ်တွေထဲမှာ အတန်းထဲကလူတိုင်း သူတို့အလုပ်တွေကို ပုံချခိုင်းစေခဲ့တဲ့ ကလေးတစ်ယောက်အကြောင်း သူ မှတ်မိနေတယ်။ လူတွေက ‘ကူညီပါဦး’ လို့ ပြောကြပေမဲ့ တကယ်တော့ ဒါက ခြိမ်းခြောက်ပြီး ခိုင်းနေတာပဲလေ။

မာရူးကတော့ ဘေးကနေပဲ ကြည့်နေမိတယ်။ အဲဒီတုန်းက စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေကိုပဲ သူ မှတ်မိတော့တယ်၊ အဲဒီကောင်လေးရဲ့ နာမည်ကိုရော မျက်နှာကိုရော သူ မမှတ်မိတော့ဘူး။ အဲဒီတုန်းကလည်း သူ ဘာမှ ဝင်မကူညီခဲ့ပါဘူး။

တကယ်တော့ ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စပဲလို့ သူ အဲဒီအချိန်က တွေးခဲ့တာလေ။ သူငယ်ချင်းတွေ ပြန်ဆုံကြတဲ့အခါ အဲဒီကောင်လေး ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရသွားတယ်ဆိုတဲ့ ကောလာဟလတွေကို လူတွေ ပြောနေကြတာကို သူ မှတ်မိနေသေးတယ်။

“ဟေ့၊ မင်ဂျီက ကိုယ်လုံးကိုယ်ပေါက် တကယ်မိုက်တယ်နော်” လို့ အတန်းထဲက ကောင်လေးတစ်ယောက်က ပြောလိုက်တယ်။

“ဟာ... ချီးပဲ၊ မနေ့က ငါ Boss ကို သတ်နိုင်ခါနီးမှ လွတ်သွားတယ်ကွာ” လို့ တခြားတစ်ဖက်က ကောင်လေးတစ်ယောက်က အော်ပြောပြန်တယ်။

“ကျောင်းဆင်းရင် ဘတ်စကတ်ဘော ကစားကြမလား ”

“ဒီနေ့ နေ့လယ်စာ ဘာကျွေးမှာလဲ ဟင် ”

အတန်းထဲမှာ အသံတွေက ဆူညံလာပေမဲ့ ရှေ့ဆုံးက ကောင်လေးကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ငြိမ်ငြိမ်လေးပဲ ရှေ့ကို ကြည့်နေတယ်။ သူက သီချင်းနားထောင်နေတာမျိုး ဒါမှမဟုတ် စာဖတ်နေတာမျိုးလည်း မဟုတ်ဘူး။ သူ အတန်းထဲကို ခဏခဏ လှမ်းကြည့်နေပုံအရ စကားဝိုင်းထဲမှာ ပါဝင်ချင်နေမှန်း သိသာပါတယ်။

‘ငါ အခုပဲ တစ်ခုခု လုပ်မှဖြစ်တော့မယ်’ လို့ မာရူးက ကိုယ့်ဘာသာ တွေးလိုက်တယ်။

တခြားကလေးတွေ အဲဒီကောင်လေးနဲ့ မရင်းနှီးခင်မှာ သူက စပြီး လှုပ်ရှားမှ ဖြစ်မှာပါ။

အကယ်၍ အဲဒီကောင်လေးက “တတန်းလုံးရဲ့အပယ်ခံ” လို့ အမှတ်တံဆိပ် အကပ်ခံလိုက်ရရင် ဘယ်သူမှ သူ့နား ကပ်ချင်မှာ မဟုတ်တော့ဘူး။ ကိုယ်ပါ အဲဒီလို အသတ်မှတ်ခံရမှာ ကြောက်ကြတာကိုး။

“မင်းတို့ တခြား level တင်လို့ကောင်းတဲ့နေရာ သိသေးလား နံပါတ် (၈) အရိုးစုဂူကတော့ အမှိုက်ပဲ၊ လူတွေလည်း များလွန်းတယ်” လို့ ကောင်လေးတစ်ယောက်က ညည်းပြတယ်။

“ငါ ပြောသားပဲ၊ အဲဒီထက် ကောင်းတဲ့နေရာ လုံးဝမရှိတော့ပါဘူးဆိုမှ"

ရှေ့ဆုံးက ကောင်လေးက တစ်ခုခု ပြောချင်နေတဲ့ပုံစံနဲ့ သူ့နှုတ်ခမ်းကို ခဏလောက် ကိုက်ထားလိုက်တယ်။ ဒါပေမဲ့... နောက်ဆုံးတော့ သူက သက်ပြင်းအရှည်ကြီး ချပြီး ခေါင်းငုံ့သွားပြန်တယ်။

မာရူးလည်း သူ့ထိုင်ခုံမှာ ထိုင်ရင်း သက်ပြင်းလိုက်ချမိတယ်။

“ဘာဖြစ်လို့လဲ ” လို့ ဒိုဂျင်က ရုပ်ပြစာအုပ်ဖတ်နေရာကနေ ခေါင်းမော့ပြီး မေးလိုက်တယ်။

“ဟေ့၊ ဒိုဂျင်” လို့ မာရူးက ခေါ်လိုက်တယ်။

“ဘာလဲ ”

“ငါတို့တွေ အချင်းချင်း ကူညီသင့်တယ် မဟုတ်လား ”

“မင်း ဘာတွေ လာပြောနေတာလဲ ”

ဒိုဂျင်က မာရူးကို ဇဝေဇဝါမျက်နှာနဲ့ ကြည့်နေတယ်။ မာရူးက ပြန်ပြုံးပြပြီး ထိုင်ခုံကနေ ထလိုက်ကာ ရှေ့ဆုံးတန်းဆီကို လျှောက်သွားလိုက်တော့တယ်။

* * * * * * * * *

ပတ်ဒေးမြောင်က သူ့နာမည်အတိုင်းပဲ တောက်ပတဲ့ဘဝနဲ့ နေချင်ခဲ့တာပါ၊ ဒါပေမဲ့ မူလတန်းကျောင်းသား ဘဝကတည်းက အခြေအနေက ထင်သလို ဖြစ်မလာခဲ့ဘူး။

“ဟား မင်းကြည့်ရတာ တကယ့်ဟာသကောင်ပဲ၊ ဟုတ်တယ်မလား ” လို့ အဲဒီတုန်းက ကလေးတစ်ယောက်က သူ့ကို ပြောခဲ့ဖူးတယ်။

ဒေးမြောင်ရဲ့ ဘဝတစ်ခုလုံးက အဲဒီစကားတစ်ခွန်းကြောင့် ပြောင်းလဲသွားခဲ့ရတာ။ အခုထိလည်း အဲဒါကို သူ ကောင်းကောင်း မှတ်မိနေတုန်းပဲ။ တတိယတန်းတုန်းက သူငယ်ချင်းတစ်ယောက်ဆီက အဲဒီစကားကို ကြားပြီးကတည်းက သူ စကားသိပ်မပြောတော့ဘူး။

သူက ဘာလို့ အဲဒီလောက်ထိ ခံစားလွယ်နေရတာလဲ တစ်ချိန်မှာတော့ အတန်းထဲက လူတိုင်းက သူ့ရဲ့ ရယ်စရာကောင်းတဲ့ ရုပ်ရည်ကို လက်ညှိုးထိုး ပြောဆိုလာကြတော့တာပေါ့။ လူတွေက သူ့နာမည်ရင်းနဲ့ မခေါ်ကြတော့ဘူး။ အဲဒီအချိန်မှာပဲ သူဟာ ရုပ်ဆိုးတဲ့သူတစ်ယောက် ဖြစ်နေပြီဆိုတာကို သူ လက်ခံလိုက်ရတော့တယ်။

မူလတန်းကျောင်းပြီးတဲ့အထိ သူ ခေါင်းငုံ့ပြီးပဲ နေခဲ့သလို၊ အလယ်တန်းကျောင်းတုန်းကလည်း စကားသိပ်မပြောဘဲပဲ ဖြတ်သန်းခဲ့တယ်။ အဲဒီတုန်းကလည်း သူ အနှိမ်ခံခဲ့ရတာပါပဲ။

ဒေးမြောင်က သူ့မျက်နှာကို သူ မုန်းတယ်။ သူ့ပါးတွေက ဖားတစ်ကောင်လို ဖောင်းနေပြီး မျက်လုံးနဲ့ နဖူးကလည်း ပုံမှန်ထက် သေးလွန်းနေတယ်။ သူ စကားပြောတာ နည်းသထက်နည်းလာပေမဲ့ အနှိမ်ခံရတာကတော့ ပိုဆိုးလာခဲ့တယ်။ အလယ်တန်းကျောင်း ဆင်းပွဲပြီးတာနဲ့ ဒေးမြောင် အိမ်ကို ချက်ချင်း ပြန်လာခဲ့တယ်။

သူငယ်ချင်းတွေရဲ့ ပျော်ရွှင်နေတဲ့ အသံတွေကို သူ မကြားချင်ဘူး။

‘ငါ ဒီလိုအတိုင်း ဆက်မနေနိုင်တော့ဘူး’ လို့ သူ တွေးခဲ့တယ်။

အဲဒီအချိန်ကစပြီး ဒေးမြောင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါကြောင့်ပဲ ရိုးရိုးကျောင်းတွေအစား စက်မှုကျောင်းကို သွားဖို့ ရွေးချယ်ခဲ့တာ။ ပတ်ဝန်းကျင်သစ်မှာဆိုရင် သူ့ရဲ့ စရိုက်ကလည်း လိုက်ပြီး ပြောင်းလဲသွားနိုင်မယ်လို့ မျှော်လင့်ခဲ့တာလေ။

‘ပြီးတော့... စက်မှုကျောင်း သွားရင် အလယ်တန်းကျောင်းက ကလေးတွေနဲ့ ပြန်ဆုံစရာ မလိုတော့ဘူးပေါ့’ ဒါကတော့ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ။

သူ့မေမေကတော့ သူ့ရွေးချယ်မှုကို ဘာမှ ကန့်ကွက်မပြောခဲ့ဘူး။ အဲဒါက ကျောင်းမှာ သူ ဘာတွေ ကြုံတွေ့နေရလဲဆိုတာကို မေမေ သိနေတယ်ဆိုတဲ့ သဘောပေါ့။

နောက်တော့... ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာပေါ့။ သူက တက်တက်ကြွကြွ နှုတ်ဆက်ပြီး သူငယ်ချင်းတွေနဲ့ ပေါင်းချင်ခဲ့တာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘာမှ ဖြစ်မလာခဲ့ဘူး။

‘ကြောက်... ကြောက်စရာကြီး။’

စက်မှုကျောင်းက ကလေးတွေက တကယ့်ကို တစ်မျိုးပဲ။ သူ့ဘေးက ကောင်လေးက ဒုတိယနေ့မှာတင် စီးကရက်တစ်ထုပ် ယူလာတယ်။ တခြားတစ်ယောက်ကလည်း ဘယ်နေရာမှာ အရက်ဝယ်လို့ရလဲဆိုတာကို စိတ်ဝင်တစား ပြောနေကြတယ်။ သူ့အတွက်တော့ အရာအားလုံးက စိမ်းနေပြီး ကြောက်စရာကောင်းနေတာ။ တစ်ခွန်းလောက် စကားပြောလိုက်တာနဲ့ အထိုးခံရတော့မလို ခံစားနေရတယ်။

ပြီးတော့ ဒီလိုကိစ္စမျိုးလည်း ရှိသေးတယ်။

“ဟေ့၊ နေရာချင်း လဲရအောင်” လို့ လူမိုက်ရုပ်ပေါက်နေတဲ့ ကောင်လေးတစ်ယောက်က ဒေးမြောင်ကို နေရာလဲခိုင်းတယ်။ ဒေးမြောင်လည်း ဘာစကားမှမပြောဘဲ သူ့အိတ်ကို ယူပြီး ရှေ့ဆုံးကို ငြိမ်ငြိမ်လေး ရွှေ့ပေးလိုက်ရတယ်။

“ငကြောက်” လို့ နောက်ဘက်က ပြောသံကို သူ ကြားလိုက်ရတယ်။

အဲဒီအချိန်မှာပဲ ဒေးမြောင်ဟာ အလယ်တန်းကျောင်းတုန်းက အိပ်မက်ဆိုးတွေ ပြန်ပေါ်လာသလို ခံစားလိုက်ရတယ်။ မဟုတ်ဘူး၊ ဒီတစ်ခါက ပိုတောင် ဆိုးသေးတယ်၊ သူ့ကျောပြင်ဆီကို စူးစိုက်ကြည့်နေတဲ့ လူမိုက်တွေရဲ့ အပေါင်းအသင်းတွေရဲ့ အကြည့်တွေကို သူ ခံစားနေရတယ်။

သူ ဘာလို့ စက်မှုကျောင်းကို လာဖို့ ရွေးချယ်ခဲ့မိပါလိမ့် ရိုးရိုးကျောင်းမှာပဲ ဆက်နေခဲ့သင့်တာ။ အဲဒီမှာဆိုရင် ပုံမှန်ကလေးတွေနဲ့ သူငယ်ချင်း ဖြစ်နိုင်ဦးမှာလား

“ဝါး ဟားဟား ”

“ဟာ... မင်းကလည်းကွာ၊ ၅၀၀ လောက်ပဲလေ၊ ပေးပါဦး"

“ဒိုးကွာ”

သူ့ပတ်ဝန်းကျင်မှာ လူတွေက ဆဲဆိုနေကြတယ်။ သူကိုယ်တိုင်က ဆဲဆိုတတ်တဲ့သူ မဟုတ်တော့ အဲဒီစကားလုံးတွေကို ကြားရုံနဲ့တင် ကြက်သီးထမိတယ်။

‘ငါ ဒီလိုဘဝမျိုးနဲ့ နောက်ထပ် သုံးနှစ် ထပ်ကုန်ဆုံးရဦးမှာလား ’ လို့ သူ တွေးနေမိတယ်။

မူလတန်းမှာ သုံးနှစ်၊ အလယ်တန်းမှာ သုံးနှစ် အနှိမ်ခံခဲ့ရပြီးပြီ။ အထက်တန်းကျောင်းမှာပါ အမြဲတမ်း အနိုင်ကျင့်ခံရတဲ့ လူတစ်ယောက်အဖြစ် နေသွားရတော့မှာလား

“မင်းတို့ တခြား level တင်လို့ကောင်းတဲ့နေရာ သိသေးလား နံပါတ် (၈) အရိုးစုဂူကတော့ အမှိုက်ပဲ၊ လူတွေလည်း များလွန်းတယ်” လို့ ကောင်လေးတစ်ယောက်က ညည်းပြတယ်။

“ငါ ပြောသားပဲ၊ အဲဒီထက် ကောင်းတဲ့နေရာ လုံးဝမရှိတော့ပါဘူးဆိုမှ"

သူ့နောက်ဘက်က ကလေးတချို့ ဗီဒီယိုဂိမ်းအကြောင်း ပြောနေတာကို သူ ကြားလိုက်ရတယ်။ သူ ကစားနေတဲ့ ဂိမ်းအကြောင်းပဲ။ level တင်လို့ ပိုကောင်းတဲ့နေရာကိုလည်း သူ သိတာပေါ့။ အခုသာ သူ ပါးစပ်ဟလိုက်ရင်... သူတို့နဲ့ သူငယ်ချင်း ဖြစ်သွားနိုင်မလား

ဒါပေမဲ့ သူ ဝင်မပြောဖြစ်ခဲ့ပါဘူး။ သူ စကားသွားပြောလို့ အအေးမိသလို ဆက်ဆံခံရမှာကို သူ ကြောက်နေတာလေ။ ပြီးတော့ အဲဒီကလေးတွေက လူမိုက်တွေနဲ့လည်း တူနေတယ်။ သူ သွားပြောရင်လည်း လျစ်လျူရှုကြမှာ သေချာပါတယ်။

‘အေးလေ၊ နောက်မှပဲ...’ လို့ သူ ကိုယ့်ဘာသာ ဆင်ခြေပေးလိုက်တယ်။

‘နောက်မှ’ ဆိုတာ ရှိလာမှာ မဟုတ်ဘူးဆိုတာကို ဒေးမြောင် ကောင်းကောင်း သိတာပေါ့။ ဒါပေမဲ့ ၆ နှစ်တာ အနှိမ်ခံခဲ့ရတဲ့ စိတ်ဒဏ်ရာကို အလွယ်တကူ ကျော်လွှားဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူးလေ။ ဒါက မဖြစ်နိုင်တဲ့ ကိစ္စပဲလို့ သူ တွေးနေမိတယ်။ သူ့တစ်ကိုယ်လုံးမှာ ရှိသမျှ အင်အားတွေလည်း ကုန်ခမ်းသွားသလို ခံစားလိုက်ရတယ်။ အရင်တစ်ခါတုန်းကလိုပဲ...

“ဟေ့" နောက်ဘက်က တစ်ယောက်ယောက်က ခေါ်လိုက်တာ သူ ကြားလိုက်ရတယ်။ သူ့သူငယ်ချင်းကို ခေါ်တာနေမှာပါ ဘယ်လိုပဲဖြစ်ဖြစ် သူတော့ မဟုတ်တာ သေချာပါတယ်။

“အာ၊ ဒေးမြောင် မဟုတ်လား ”

“အဲ၊ ဟုတ်... ဟုတ်ကဲ့ ”

တစ်ယောက်ယောက်က သူ့နာမည်ကို ခေါ်လိုက်တာလား ဘယ်သူမှ သူ့နာမည်ကို မခေါ်ကြတာ ကြာပြီလေ... ဒေးမြောင် အံ့သြတကြီးနဲ့ နောက်လှည့်ကြည့်လိုက်တယ်။ အရပ်ရှည်ရှည်နဲ့ ကောင်လေးတစ်ယောက် သူ့နောက်မှာ ရပ်နေတယ်။ ဟန်မာရူး ဆိုတဲ့ တစ်ယောက်လား နာမည်က ထူးခြားနေလို့ သူ မှတ်မိနေတာ။

‘ဒီကလေးကလည်း လူမိုက်ပုံစံပဲ...’

ဒေးမြောင် စိတ်ပူစပြုလာပြန်ပြီ။

* * * * * * * * *

[[ဒီကလေးကလည်း လူမိုက်ပုံစံပဲ...]]

စာတန်းကလေးတစ်ခု ထပ်ပေါ်လာပြန်ပြီ။ အဲဒီစာတန်းလေးကို မြင်တော့ မာရူး အံ့သြပြီး ရယ်မိသွားတယ်။ သူ့ပုံစံက ဘယ်နားက လူမိုက်နဲ့ တူနေလို့ပါလိမ့်

“ပတ်ဒေးမြောင်၊ ဟုတ်တယ်မလား ” လို့ သူ မေးလိုက်တယ်။

“အာ၊ ဟုတ်ကဲ့"

“မင်း World Crash ကစားလား ”

World Crash ဆိုတာ တခြားကလေးတွေ ပြောနေကြတဲ့ ဂိမ်းနာမည်ပဲ။ မာရူးကတော့ ဒီဂိမ်းနဲ့ ရင်းနှီးတာပေါ့။ သူ ဘာလို့ မသိဘဲ နေမလဲ စာမဖတ်တဲ့အချိန်တိုင်း သူ ဒါတွေပဲ လုပ်နေတာလေ။ ဒါပေမဲ့ ဒီဂိမ်းကိုတော့ သူ အများကြီး မကစားဖြစ်ခဲ့ပါဘူး။

“ဟုတ်၊ ကစားပါတယ်"

ဒေးမြောင်က ပြန်ဖြေတယ်။

“level ဘယ်လောက်လဲ ”

“ကျွန်တော်လား ၂၃ ပါ"

အမလေး။ World Crash က ထွက်တာ ၃ ရက်ပဲ ရှိသေးတာ။ level ၂၃ တောင် ရနေပြီလား ဒီကောင်လေး ဘယ်လောက်တောင် ကစားထားလို့လဲ

“ဟေ့၊”

မာရူးက အနားမှာ စကားပြောနေတဲ့ ကလေးသုံးယောက်ကို လှမ်းခေါ်လိုက်တယ်။

“မင်းတို့လည်း World Crash ကစားကြတာလား ”

“အော်၊ ဒါပေါ့။ ငါတို့ အဲဒါအကြောင်း ပြောနေတာလေ” လို့ တစ်ယောက်က ပြန်ဖြေတယ်။

“level ဘယ်လောက်လဲ ”

“၁၅ ပါ”

“မင်းတို့ကရော ” လို့ မာရူးက ကျန်တဲ့နှစ်ယောက်ကို မေးလိုက်တယ်။

“ငါက ၁၆”

“ဒီမှာက ၁၄”

သူတို့အားလုံးက ဒေးမြောင်ထက် level နိမ့်ကြတာပဲ။ ကဲ၊ မာရူးကတော့ ကောင်လေးအတွက် လမ်းခင်းပေးလိုက်ပြီ။ အခု ဒေးမြောင် လုပ်ရမှာက ပါးသိုင်းဟပြီး စကားပြောဖို့ပဲ ကျန်တော့တယ်။

ဒေးမြောင် တစ်ကိုယ်လုံး တောင့်ခဲသွားသလို ခံစားလိုက်ရတယ်။ ဟိုကလေးသုံးယောက်က သူ့ကို ကြည့်နေကြပြီလေ။

‘ဒါက...’ သူက သူ့ကို ခေါင်းငြိတ်ပြနေတဲ့ မာရူးကို မော့ကြည့်လိုက်တယ်။ ဒီကောင်လေးက... သူ့ကို ကူညီနေတာလား ဘာဖြစ်လို့လဲ ဒီကောင်လေးက သူ့ကို ကူညီစရာ အကြောင်းမှ မရှိတာ။

‘အာ၊ သူ ငါ့ကို လှောင်နေတာ နေမှာပါ’ အရာအားလုံးက သူ့အတွက် ချက်ချင်း ရှင်းသွားတယ်။ တကယ်ကို စိတ်ပျက်စရာပဲ။ သူတို့က သူငယ်ချင်းလို ဟန်ဆောင်ပြီးမှ သူ့ကို ပြန်စွန့်ပစ်ကြမှာ။ အရင်ကလည်း ဒီလိုမျိုး ခဏခဏ ကြုံခဲ့ရဖူးတာပဲလေ။

‘ဒါမျိုး ဖြစ်နေကျပါပဲ။’ ဒေးမြောင်က သူ့ကို အုပ်စုထဲ ဝင်ခိုင်းနေတဲ့ မာရူးကို လှမ်းကြည့်လိုက်တယ်။

‘မင်း... လူကောင်းယောင်ဆောင်နေတာကို ရပ်လိုက်စမ်းပါ။’

* * * * * * * * *

[မင်း... လူကောင်းယောင်ဆောင်နေတာကို ရပ်လိုက်စမ်းပါ။]

ကောင်လေးနဲ့ မျက်လုံးချင်းဆုံလိုက်တာနဲ့ မာရူး အဲဒီစာတန်းလေးကို မြင်လိုက်ရတယ်။ အဲဒီလို စိတ်ပျက်စရာ မျက်နှာပေးနဲ့ သူ တွေးနေတာ ဒါကိုး။ မာရူးက အဲဒီတုံ့ပြန်မှုအပေါ် ဒေါသတော့မထွက်ပါဘူး၊ စိတ်မကောင်းပဲ ဖြစ်မိတယ်။ အရင်က ဘယ်လောက်တောင် ဒဏ်ရာရခဲ့လို့ ဒီလိုပုံစံနဲ့ တုံ့ပြန်နေရတာလဲ

ဒီအတိုင်းသာ ထားလိုက်ရင် အဲဒီကောင်လေးဟာ လူတောမတိုးတဲ့သူ တစ်ယောက် ဖြစ်သွားတော့မှာ။ အဲဒါက သူကိုယ်တိုင် အလိုရှိတဲ့အရာဆိုရင်တော့ မာရူး ဝင်မစွက်ဖက်ပါဘူး၊ ဒါပေမဲ့ အဲဒီလို မဟုတ်ဘူးဆိုရင်ကော

“ဟေ့၊”

သူ ခေါ်လိုက်တယ်။

“ဘာ... ဘာလဲ ”

“မင်းက တစ်ယောက်တည်း နေရတာ သက်သောင့်သက်သာ ရှိလို့ ဒီလိုလုပ်နေတာလား ”

တခြားသူတွေ မကြားအောင် သူ ရှေ့ကို ကိုင်းပြီး တိုးတိုးလေး မေးလိုက်တယ်။ ဒေးမြောင်ကတော့ ဒေါသတကြီးနဲ့ မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်တယ်။

“မင်း... မင်း ငါ့ကို လှောင်နေတာလား ” လို့ သူ ပြောလိုက်တယ်။

သူ့အသံက သိသိသာသာကို စိတ်ဆိုးနေတဲ့ပုံပဲ။

မာရူးက နောက်ကို လှည့်ကြည့်လိုက်တယ်။ ဟိုကလေးသုံးယောက်က သူတို့ကို ကြည့်နေတုန်းပဲ။

“ငါက အလကားသက်သက် ဝင်ပါတာ မဟုတ်ဘူး၊ ဟုတ်တယ်မလား ”

“ဘာ ”

“မင်း သူတို့နဲ့ စကားပြောချင်နေတာလို့ ငါ ထင်လို့ပါ။ ငါ မှားသွားရင်တော့ ဆောရီးပဲနော်"

“ . . . ”

“မင်းက စာပဲ အာရုံစိုက်ချင်နေတာဆိုရင်တော့... ငါ တောင်းပန်ပါတယ်ကွာ"

ဒေးမြောင်ရဲ့ မျက်လုံးတွေက နည်းနည်း တုန်လှုပ်သွားတယ်။ ဒီကောင်လေးက လူတွေနဲ့ သူငယ်ချင်း ဖြစ်ချင်နေမှန်း မာရူးကတော့ အစကတည်းက သိနေတာလေ။

“ဒါပေမဲ့... အဲဒီလို မဟုတ်ဘူးဆိုရင်တော့၊ ဘာလို့ တစ်ခါလောက် သူတို့နဲ့ စကားမပြောကြည့်ရမှာလဲ ”

ဒေးမြောင်က မာရူးဆီကနေ မျက်မှောင်လွှဲလိုက်တယ်။ မာရူး ပြောတာ မှန်နေတာကိုး။ မာရူးက စေတနာနဲ့ ပြောနေတာမှန်း သူ သိပါတယ်၊ ပြီးတော့ သူကိုယ်တိုင်ကလည်း တခြားသူရဲ့ စေတနာကို တမင်တကာ အမှားကောက်ပြီး ရန်ထောင်ခဲ့မိတာ။

သူသာ ဒီလိုအတိုင်း ဆက်ထိုင်နေရင် သူ့ဘေးက ကလေးတွေလည်း မကြာခင် သူ့ကို စိတ်မဝင်စားတော့ဘဲ နေကြတော့မှာ။

‘သူတို့နဲ့ စကားပြောလိုက်ရင် အဆင်ပြေပါ့မလား သူတို့က ငါ့ကို ထူးထူးဆန်းဆန်းကြီး ပြန်မဆက်ဆံကြဘူး မဟုတ်လား တကယ်ပဲ အဆင်ပြေပါ့မလား ’ တွေးလေလေ စိုးရိမ်ပူပန်မှုတွေက ပိုများလာလေလေပဲ။ သူ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ အများကြီး ကြိုးစားခဲ့တာလေ။

‘ချီးပဲ။’ ဘယ်လို စကားစပြောရမလဲဆိုတာတောင် သူ မေ့သွားသလိုပဲ။ သူ့ပတ်ဝန်းကျင်မှာ အနေရခက်တဲ့ အခြေအနေကြီး ဖြစ်လာတာကို သူ ခံစားနေရတယ်။ ဘုရားရေ၊ သူတို့က ငါ့ကို ထပ်ပြီး လှောင်ကြတော့မှာလား...

“မင်းက PT တက်ဖို့ ပြင်နေတာလား ဘာတွေ အဲလောက် စိုးရိမ်နေတာလဲ သူတို့ကလည်း ကလေးတွေပဲဟာ။ ဂိမ်းအကြောင်းပဲ ပြောလိုက်စမ်းပါ။ ဘယ်လို ပြုမူရမလဲဆိုတာကို တွေးမနေနဲ့၊ လုပ်ရမှာကိုသာ လုပ်လိုက်"

မာရူး ပြောလိုက်တာပါ။ PT ဆိုတာ ဘာလဲဆိုတာ သူ မသိပေမဲ့ ကျန်တဲ့စကားလုံးတွေကိုတော့ သူ နားလည်ပါတယ်။

အဲဒီစကားလုံးတွေက ဒေးမြောင်ကို သတ္တိတွေ ပေးလိုက်တယ်။

* * * * * * * * *

“နံပါတ် (၈) အရိုးစုဂူက ကောင်းပေမဲ့ အဲဒီထက် ပိုကောင်းတဲ့နေရာတွေ ရှိသေးတယ်ဗျ"

သူတို့ အရင်က ပြောလက်စ စကားဝိုင်းကို သူ ဆက်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

“တကယ်လား ” တုံ့ပြန်မှုက ချက်ချင်းဆိုသလို ထွက်လာတာ။

“မင်းလည်း World Crash ကစားတာလား ”

“level ဘယ်လောက်လဲ ”

ဟုတ်သားပဲ၊ စကားပြောဆိုတာက ဒီလိုမျိုးပါလား။ ဘာမှ တွေးနေစရာ မလိုဘူး။ ဒေးမြောင်ဟာ ချက်ချင်းဆိုသလိုပဲ စိတ်ထဲမှာ သက်သောင့်သက်သာ ဖြစ်သွားတော့တာပေါ့။

* * * * * * * * *

အခန်း(၆)

ဒေးမြောင်က တခြားကလေးတွေနဲ့ အေးအေးဆေးဆေး စကားစပြောနေတုန်းမှာပဲ မာရူးကတော့ ခဏနေဦးဆိုတဲ့အမူအရာနဲ့ သူ့ထိုင်ခုံဆီ ပြန်လာခဲ့တယ်။

“ဟား ... မင်းကတော့ တကယ့်လူစွမ်းကောင်းပဲကွာ"

ဒိုဂျင်က ပြုံးဖြဲဖြဲနဲ့ မာရူးရဲ့ပခုံးကို ပုတ်ရင်း ပြောလိုက်တယ်။

“အဲဒီကောင်က ငါ့ကိုလည်း လာနှောင့်ယှက်နေတာနဲ့ အတော်ပဲ"

“ဒါဆို မင်းကရော ဘာလို့ သူ့ကို ပြန်မပြောတာလဲ" မာရူးက မေးလိုက်တယ်။

“အင်းလေ ... အဲဒါက သူ့ပုဂ္ဂိုလ်ရေးကိစ္စပဲဟာ။ ငါကတော့ ဘာမှ ဝင်မလုပ်ချင်ပါဘူး"

မာရူးလည်း အရင်ဘဝတုန်းက ဒီအတိုင်းပဲ တွေးခဲ့ဖူးတာပေါ့။ အနိုင်ကျင့်ခံရတယ်ဆိုတာ ... ပုဂ္ဂိုလ်ရေးကိစ္စပဲလေ။ ဒါပေမဲ့ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် ဘေးနားကသာ တစ်ယောက်ယောက်က နည်းနည်းလောက် ကူညီပေးလိုက်ရင် အလွယ်တကူ ဖြေရှင်းလို့ရတဲ့ ကိစ္စမျိုးပါ။ အလုပ်ရှုပ်မှာစိုးလို့သာ သူ လျစ်လျူရှုခဲ့တာ။ အဲဒီအချိန်မှာပဲ အရင်က အမျိုးသမီး ပြောခဲ့တဲ့ ‘ရှင်က လူကောင်းတစ်ယောက်ပါ’ ဆိုတဲ့ စကားကို သူ ပြန်သတိရသွားတယ်။

မာရူးကတော့ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ တစ်ခါမှ မသတ်မှတ်ခဲ့ပါဘူး။ လုံးဝကို မဟုတ်တာပါ။ တခြားသူတွေထက် တာဝန်သိစိတ် နည်းနည်းပိုရှိတာပဲ ရှိတာ။ အရင်ဘဝတုန်းကတော့ ဒေမြောင်ရဲ့ အခြေအနေကို သူ လုံးလုံးလျားလျား လျစ်လျူရှုခဲ့တာပဲလေ။ ဒါပေမဲ့ အခုတော့ ...

“အခုကစပြီး မင်းကို ကောင်းကြီး လို့ပဲ ခေါ်တော့မယ်"

ဒိုဂျင်က သူ့ကို ပြောလိုက်တယ်။

ကောင်းကြီး တဲ့လား။ အဲဒီစကားကြောင့် သူ ရယ်မိသွားပေမဲ့ အဲဒီနာမည်ပြောင်က သိပ်တော့လည်း မဆိုးပါဘူး။

* * * * * * * * *

“ဒီနေ့ ကလပ်အသင်းတွေ ရွေးရမှာဆိုတော့ သေသေချာချာ စဉ်းစားထားကြနော်၊ ဟုတ်ပြီလား"

ဆရာက အတန်းထဲကို ကြေညာလိုက်တယ်။ နေ့လယ်စာစားချိန်မှာ ဘယ်ကနေ ရောက်လာမှန်းမသိဘဲ ဒါလေးပြောပြီး ပြန်ထွက်သွားတာ။

“ငါတို့ ဘာလုပ်ကြမလဲ ”

ကလေးတစ်ယောက်က မေးလိုက်တယ်။

“ဘောလုံးအသင်းပဲ ဖြစ်ဖြစ် ဝင်လိုက်ပါတော့ကွာ"

“ဂိမ်းဆိုင်သွားတဲ့ ကလပ်မျိုးရော မရှိဘူးလား ”

“ဒီမှာ ဂိမ်းသုတေသနကလပ် ရှိတယ်လို့ ကြားတယ်နော်"

ကလေးတွေကတော့ တစ်ယောက်နဲ့တစ်ယောက် တဗျစ်ဗျစ် ပြောနေကြတာပေါ့။ မာရူးလည်း စာရင်းကို ကြည့်လိုက်တော့ ကလပ်အသင်းပေါင်း ၅၀ ကျော်တောင် ရှိတာကို တွေ့ရတယ်။ ဒီကျောင်းမှာက မနက်ပိုင်းနဲ့ ညပိုင်း စာကျက်ချိန်တွေ မရှိတော့ ကလပ်အသင်းတွေက တော်တော်လေး အားကောင်းတယ်လို့ မြန်မာစာဆရာက ပြောဖူးတယ်။

(ကျောင်းပွဲတော်တွေဆိုရင် တခြားကျောင်းက ကျောင်းသားတွေတောင် လာကြည့်ကြတာ။ ဘေးနားက မိန်းကလေးအထက်တန်းကျောင်းက ကျောင်းသူတွေကို ပြောတာပါ။ အရင်က ‘ဒုံဆောင် မိန်းကလေး စက်မှုအထက်တန်းကျောင်း’ လို့ ခေါ်ပေမဲ့ အခုတော့ ‘ဒုံဆောင် နိုင်ငံတကာ အထက်တန်းကျောင်း’ လို့ နာမည်ပြောင်းသွားပြီ။ မနှစ်ကတော့ သူတို့ရဲ့ Dancingကလပ်က လာကသွားတာ တော်တော်လေးကို ဟိုးဟိုးကျော်သွားတာပေါ့။ ငါတို့ကျောင်းက အကအဖွဲ့ဆိုရင် သူတို့နားမှာ ဖုန်တောင် မထနိုင်ဘူး။ အဲဒါကြောင့်ပဲ ဒီနှစ်မှာ ငါတို့ကျောင်းက အဖွဲ့ကလည်း အသေအလဲ ပြန်ကြိုးစားနေကြတယ်လို့ ကြားတာပဲ။ မင်းတို့လည်း ကိုယ်အလေးချိန် လျှော့ချချင်တာပဲဖြစ်ဖြစ်၊ ကောင်မလေးတွေနဲ့ ခင်ချင်တာပဲဖြစ်ဖြစ် အဲဒီကို သွားကြပေါ့။)

မာရူးလည်း အဲဒီအကြောင်းကို ဝေဝေဝါးဝါး မှတ်မိနေသေးတယ်။ ကျောင်းပွဲတော်မှာ ကြည့်ကောင်းအောင် အသေအလဲ ကြိုးစားကြတဲ့ ကလပ်အသင်း တချို့ရှိတာလေ။

‘ဂီတကလပ်က လူတွေဆိုရင်လည်း တကယ့်ကို အထင်ကြီးစရာပဲ။’ လို့ သူ ပြန်စဉ်းစားမိတယ်။

ပွဲတော်တုန်းက ကျောင်းအဝင်ဝမှာတင် သူတို့ သီချင်းဆိုနေကြတာကို သူ မှတ်မိနေတာကိုး။

“ဟေ့ မာရူး၊ မင်း ဘာဝင်ဖို့ စဉ်းစားထားလဲ ”

ဒိုဂျင်က မေးလိုက်တယ်။

မာရူးကတော့ ဘာအစီအစဉ်မှ သိပ်မရှိပါဘူး။ အရင်ဘဝတုန်းကတော့ ရုပ်ရှင်ဝေဖန်ရေးကလပ် ဝင်ခဲ့တာ။ စနေနေ့တိုင်း ရုပ်ရှင်သွားကြည့်ပြီး ဂိမ်းဆိုင်သွားဆော့ရုံပဲရှိတဲ့ သာမန်ကလပ်လေးတစ်ခုပေါ့။

‘မဆိုးပါဘူး၊’ အနည်းဆုံးတော့ လတိုင်း ရုပ်ရှင်ကြည့်ရတာပဲလေ။ ဒီတစ်ခါလည်း အဲဒီကလပ်ပဲ ပြန်ဝင်ရမလား တခြားဟာတွေကလည်း သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းလှဘူး။ သူ ရုပ်ရှင်ကလပ်အကြောင်း ဖတ်နေတုန်းမှာပဲ ခေါင်းလောင်းသံ မြည်လာတယ်။ အိပ်ငိုက်ခြင်းနဲ့ စစ်ခင်းရမယ့် အင်္ဂလိပ်စာ အချိန် ရောက်လာပြီလေ။

“မင့်သကြားလုံးလေး စားလိုက်ဦး"

ဒိုဂျင်က သူ့ဆီ သကြားလုံး လှမ်းပစ်ပေးတယ်။ မာရူးလည်း မဆိုင်းမတွဘဲ ပါးစပ်ထဲ ထည့်လိုက်တယ်။ အေးမြတဲ့အရသာက အိပ်ချင်ပြေဖို့ တကယ်ပဲ အထောက်အကူ ဖြစ်စေပါတယ်။

* * * * * * * * *

ခန္ဓာကိုယ် ဝဝတုတ်တုတ်နဲ့ အမျိုးသမီးတစ်ယောက် အတန်းထဲ ဝင်လာတယ်။ သူတို့ရဲ့ အင်္ဂလိပ်စာဆရာမပေါ့။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး၊ ကျောင်းသားတွေနဲ့ ရံဖန်ရံခါ စကားစမြည် ပြောတတ်တဲ့ သာမန်ဆရာမတစ်ယောက်ပါပဲ။ ဆရာမက ပေါ့ပ်သီချင်းတချို့ကို ဖွင့်ထားပြီး စာသင်နေတုန်းမှာပဲ တံခါးခေါက်သံ ကြားလိုက်ရတယ်။

ဒေါက် ဒေါက်

အပြင်က လူတစ်စုကြောင့် စာသင်နေတာ ခေတ္တရပ်သွားရတယ်။

“အော် ... လာကြလေ"

ဆရာမက ဘာမှမပြောဘဲ သူတို့ကို အထဲဝင်ဖို့ လက်ဟန်ပြလိုက်တယ်။ ဘာကိစ္စလဲဆိုတာကို သူ သိနေပုံရတယ်။

“ဟေ့ ဟေ့ ... အိပ်နေတဲ့သူတွေ ထကြတော့"

ဆရာမက ပြောလိုက်တယ်။

မာရူး ခေါင်းထောင်ပြီး တံခါးဆီ ကြည့်လိုက်တော့ စိုးရိမ်တကြီး မျက်နှာပေးတွေနဲ့ ကျောင်းသားတချို့ ဝင်လာတာ တွေ့ရတယ်။ စီနီယာတွေ ထင်ပါရဲ့။ မိန်းကလေး နှစ်ယောက်နဲ့ ယောက်ျားလေး နှစ်ယောက်။ ယောက်ျားလေး နှစ်ယောက်က မိန်းကလေး တစ်ယောက်နဲ့အတူ ခပ်တောင့်တောင့်ကြီး လျှောက်လာကြပေမဲ့ နောက်ဆုံးက ဝင်လာတဲ့ မိန်းကလေးကတော့ ဒီကျောင်းကြီးကို သူပိုင်သလိုမျိုး ယုံကြည်ချက်အပြည့်နဲ့ ဝင်လာတာ။

မာရူးရဲ့ အကြည့်က အလိုအလျောက်ပဲ အဲဒီမိန်းကလေးဆီ ရောက်သွားတယ်။ သူ့ဆံပင်တွေက ကျောင်းစည်းကမ်းနဲ့ မညီလောက်အောင်ကို တော်တော်လေး ရှည်တာ။ နေဦး ... သူ ဆံပင်ကို ကောက်ထားတာပဲ။

အဲဒီမိန်းကလေးမှာ တောက်ပတဲ့ မျက်လုံးတွေ၊ ပန်းရောင်သန်းနေတဲ့ နှာခေါင်းလေးနဲ့ ဘယ်အချိန်မဆို စကားတွေ တဗျစ်ဗျစ် ပြောတော့မယ့် ပါးစပ်လေး ရှိတယ်။ သူက ဆရာမနေရာကို ဝင်ယူလိုက်ပြီး ကျန်တဲ့ သုံးယောက်ကို လှမ်းခေါ်လိုက်တယ်။

“မြန်မြန်လာကြလေ၊ ငါတို့မှာ အချိန်သိပ်မရှိဘူး"

“အော် ... အေးအေး"

ကျန်တဲ့ သုံးယောက်က ပြန်ဖြေပြီး သူတို့နေရာကို အမြန်ဝင်ယူလိုက်ကြတယ်။

ဒါ ဘာဖြစ်တာပါလိမ့် မာရူးကတော့ လက်ပိုက်ပြီး သူတို့ လေးယောက်ကို ကြည့်နေတာပေါ့။

“တစ်၊ နှစ်၊ သုံး" လို့ မိန်းကလေးက ပြောလိုက်တဲ့အခါ ...

“မင်္ဂလာပါ ကျွန်တော်တို့က ‘မိုးပြာရောင်’ ပြဇာတ်ကလပ်ပါ ”

အသံကတော့ တော်တော်ကျယ်တာပဲ။ အိပ်ငိုက်နေတဲ့ ကလေးတွေတင်မကဘဲ သူပါ လန့်နိုးသွားရတယ်။

‘အော် ... ပြဇာတ်ကလပ်ကိုး။’ စဉ်းစားကြည့်တော့လည်း ရှိသားပဲ။ အထက်တန်းကျောင်း ပြဇာတ်ကလပ်။ သူတို့ ပြိုင်ပွဲတစ်ခုခု သွားပြိုင်တာကလွဲလို့ ကျန်တာတော့ သူ သိပ်မမှတ်မိတော့ဘူး။

“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မကတော့ ပြဇာတ်ကလပ်ရဲ့ ဥက္ကဋ္ဌ ဒုတိယနှစ်က လီယွန်းဂျုံ ပါရှင်" လို့ မိန်းကလေးက ပြောလိုက်တယ်။ သူက ‘ဒုတိယနှစ်’ ဆိုတဲ့ စကားလုံးကို တော်တော်လေး အလေးပေး ပြောသွားတာ။

“မောင်လေး၊ ညီမလေးတို့ကို လာတွေ့ရတာက ပြဇာတ်ကလပ်အကြောင်း နည်းနည်း ကြော်ငြာချင်လို့ပါ။ ကျွန်မတို့ ကလပ်ဟာ အရင်က အမျိုးသားအဆင့် ဆယ်ကျော်သက် ပြဇာတ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရခဲ့ဖူးတဲ့အထိ အရည်အချင်းရှိပါတယ်။ ကျွန်မတို့ ကလပ်နဲ့အတူ အမှတ်တရတွေ ဖန်တီးချင်တဲ့ အဖွဲ့ဝင်သစ်တွေကို ဖိတ်ခေါ်ပါတယ်ရှင်"

“ပြဇာတ်ကလပ်က ကောင်းပါတယ်၊ သူတို့မှာ ကိုယ်ပိုင်အခန်းလည်း ရှိသလို ပွဲတော်တွေမှာလည်း သူတို့အတွက် ကဏ္ဍတွေ သီးသန့်ရှိတာလေ" လို့ အင်္ဂလိပ်စာ ဆရာမကတောင် ဝင်ပြောပေးသေးတယ်။ ဆရာမက မိန်းကလေးကို ဆက်ပြောဖို့ လက်ဟန်ပြလိုက်တယ်။

“ကျွန်မတို့မှာ တတိယနှစ် စီနီယာတွေ အကုန်ထွက်သွားလို့ အဖွဲ့ဝင် နည်းနည်း လိုနေတာ။ ဒီထဲမှာ ပြဇာတ်ကြည့်ဖူးတဲ့သူ ရှိလား ”

မိန်းကလေးက မျှော်လင့်ချက်အပြည့်နဲ့ အတန်းထဲကို ဝေ့ကြည့်လိုက်တယ်။ ဒါပေမဲ့ ဘယ်သူမှ လက်မထောင်ကြဘူး။

ပြဇာတ်တဲ့လား။ မာရူးကတော့ အရင်ဘဝတုန်းက တော်တော်များများ ကြည့်ဖူးပါတယ်။ ကောလိပ်ပြီးခါစ အလုပ်လိုက်ရှာနေတုန်းက ခဏတဖြုတ် ရှုတင်မန်နေဂျာလုပ်ခဲ့ဖူးတာကိုး။ အဲဒီတုန်းကတော့ သိပ်တော့ မကောင်းလှပါဘူး။ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေရဲ့ အခိုင်းအစေလို ဖြစ်နေတာ။ အထွေထွေမန်နေဂျာ ခိုင်းသမျှ အလုပ်မျိုးစုံကိုလည်း လုပ်ပေးခဲ့ရသေးတယ်။

သရုပ်ဆောင် တစ်ယောက်တည်းကိုပဲ တာဝန်ယူရတာလည်း မဟုတ်ဘူး။ သရုပ်ဆောင်မျိုးစုံအတွက် တက္ကစီဒရိုင်ဘာလို ဖြစ်နေတာ။ ဇာတ်ပို့တွေကို စင်ပေါ်အမှီ ပို့ပေးရသလို ကင်မရာတွေ သယ်ရတာကအစ ကျွန်တစ်ယောက်လို အနှိမ်ခံပြီး လုပ်ခဲ့ရတာ။ အဲဒီတုန်းက လူမလောက်ရင် ဇာတ်ပို့တွေကို သွားခေါ်ဖို့ (ပြဇာတ်တွေကြောင့် နာမည်ကြီးတဲ့) ဟျဲဟွာ ဘူတာရုံဆီကို ခဏခဏ သွားခဲ့ရတာပေါ့။

အဲဒီလိုနဲ့ပဲ ပြဇာတ်တွေ တော်တော်များများ ကြည့်ဖြစ်သွားတာ။ တစ်ချိန်က သရုပ်ဆောင် ဖြစ်ချင်တဲ့ အိပ်မက်တောင် ရှိခဲ့ဖူးသေးတယ်။ ဒါပေမဲ့ ကုမ္ပဏီအသေးလေးတစ်ခုမှာ ရုံးလုပ်ငန်း ရသွားပြီးတဲ့နောက်မှာတော့ အဲဒီအတွေးကို အမြန်ပဲ လက်လျှော့လိုက်တာပေါ့။

အဲဒီအချိန်မှာပဲ မာရူးရဲ့ အကြည့်က စင်ပေါ်က မိန်းကလေးနဲ့ ဆုံသွားတယ်။ မိန်းကလေးရဲ့ အကြည့်က မာရူးကို အလိုအလျောက် လက်ထောင်မိသွားစေတဲ့အထိ ဖိအားပေးနေသလိုပဲ။

“အော် ... မောင်လေးက ကြည့်ဖူးတာလား ”

မိန်းကလေးက မေးလိုက်တယ်။

“ဟုတ်ကဲ့"

“ဘယ်လိုနေလဲ ”

“အင်း ... တချို့ဟာတွေက ပျော်စရာကောင်းပေမဲ့ တချို့ကျတော့လည်း သိပ်မဟုတ်ဘူးဗျ"

သူ ရိုးရိုးသားသားပဲ ဖြေလိုက်တယ်။ ကံကောင်းချင်တော့ ယွန်ဂျုံက အဲဒီအဖြေကို သဘောကျပုံရတယ်။ အတန်းထဲမှာ ပြဇာတ်ကြည့်ဖူးတဲ့သူ တစ်ယောက်ရှိနေတာကိုတင် သူက ပျော်နေတာလေ။

“သရုပ်ဆောင် ဘယ်နှစ်ယောက်လောက် ပါလဲ ”

“တစ်ကိုယ်တော် ပြဇာတ်တချို့ ရှိသလို အများစုကတော့ ရှစ်ယောက်အောက်ပါပဲ"

“ဝိုး ...”

ယွန်းဂျုံက ရှေ့ကို ငုံ့ပြီး ပြောလိုက်တယ်။ သူက မာရူးနားထိတောင် ပြေးလာပြီး စကားတွေ ထပ်ပြောချင်နေပုံရတယ်။ မာရူးကတော့ အဲဒီဖိအားကြောင့် နောက်ကို နည်းနည်းလောက် ဆုတ်လိုက်မိတာပေါ့။

“မင်း ပြဇာတ်တွေကို တော်တော် စိတ်ဝင်စားပုံရတယ်နော်"

ယွန်းဂျုံက ပြောတယ်။

“ဗျာ အော် ... မဟုတ်ပါဘူး၊ သိပ်ပြီးတော့….တော့ မဟုတ်ပါဘူး"

“တကယ်လား ”

“ဟုတ်ကဲ့ ...”

“ဒါဆို မင်း မကြိုက်တာလား ”

“အင်း ... မဟုတ်ပါဘူး"

“ဒါဆို မင်း ကြိုက်တယ်လို့ပဲ သတ်မှတ်လိုက်မယ်နော်"

သူကတော့ အဖြေကို သူ့ဘာသာသူပဲ ဆုံးဖြတ်သွားတာ။ တကယ့်ကို ဆုံးဖြတ်ချက် ပြတ်သားတဲ့သူပဲ မဟုတ်လား တစ်ဖက်လူ ဘာကြိုက်တယ်၊ ဘာမုန်းတယ်ဆိုတာကို သူကပဲ တစ်ခါတည်း သတ်မှတ်ပေးသွားတာ။ ပြီးတော့ ...

‘တက်ကြွလိုက်တာ။’ သူက ဘေးနားမှာရှိနေရုံနဲ့တင် ကိုယ့်ကိုယ်ကိုယ် အသက်ဝင်လာသလို ခံစားရစေတဲ့ ကလေးမျိုးပဲ။ စကားပြောရင်လည်း တခြားသူတွေကို သူ့ရဲ့ အရှိန်အဟုန်ထဲ ပါလာအောင် ဆွဲခေါ်သွားနိုင်တဲ့သူမျိုး။

မာရူး အတန်းထဲကို ဝေ့ကြည့်လိုက်တော့ ကျောင်းသားတွေက အတန်းဆင်းခါနီးအချိန်လိုမျိုး ယွန်းဂျုံဆီမှာပဲ အာရုံရောက်နေကြတာ တွေ့ရတယ်။ အဲဒီမိန်းကလေးမှာ လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ ပါရမီတစ်ခု ရှိတာတော့ အမှန်ပဲ။

ယွန်းဂျုံက အသက်တစ်ချက်ပြင်းပြင်းရှူပြီး စကားကို ဆက်ပြောတယ်။

“အပိုစကားတွေ ခဏဖယ်ထားလိုက်ရအောင်။ ပြဇာတ်တစ်ခုမှာ လူမျိုးစုံ လိုအပ်ပါတယ်။ ဝတ်စုံဒီဇိုင်နာတွေ၊ ပစ္စည်းပြင်ဆင်တဲ့သူတွေ၊ စင်မြင့်မန်နေဂျာတွေနဲ့ သရုပ်ဆောင်တွေ ... ဟုတ်တာပေါ့၊ ကျွန်မတို့က ကလပ်အသင်းဆိုတော့ ကိုယ်တိုင်ပဲ အားလုံး လုပ်ကြရတာပေါ့"

အပိုစကားတဲ့လား။ မိန်းကလေးရဲ့ ပွင့်လင်းမှုကို ကြည့်ပြီး မာရူး ပြုံးမိသွားတယ်။ တခြားကလေးတွေလည်း တော်တော်လေး အံ့သြသွားပုံရတယ်။ ဒီလိုမိန်းကလေးမျိုးက ဒီလိုစကားမျိုး ပြောလိမ့်မယ်လို့ မထင်ထားကြတာကိုး။ ဒါပေမဲ့ ယွန်းဂျုံကတော့ သူတို့ရဲ့ တုံ့ပြန်မှုကို ဂရုမစိုက်ပါဘူး။

“ပင်ပန်းပါတယ်၊ အချိန်မျိုးစုံမှာ စုပြီး အလုပ်လုပ်ကြရတာ။ ပစ္စည်းတွေ ဖန်တီးဖို့ အချိန်အများကြီး ပေးရသလို ငှားလို့မရရင် ဝတ်စုံတွေကိုလည်း ကိုယ်တိုင်ပဲ ချုပ်ကြရတာ။ မနှစ်ကဆိုရင် သစ်သားပြားတွေ၊ တူတွေနဲ့ ပစ္စည်းတွေ ကိုယ်တိုင် လုပ်ခဲ့ကြတာလေ။ စားသောက်ဆိုင်ပုံစံ လုပ်ချင်လို့ပေါ့။ အိမ်တစ်လုံးနဲ့ တူအောင် လုပ်ဖို့ကို အချိန်တော်တော် ပေးခဲ့ရတာ။ တချို့ဆိုရင် ထိခိုက်ဒဏ်ရာတောင် ရကြသေးတယ်။ ဒီမှာ ကြည့်လိုက် ...”

မိန်းကလေးက သူ့လက်ကို အတန်းထဲ လှမ်းပြလိုက်တယ်။ သူ့ရဲ့ ဘယ်ဘက်လက်သန်းလေးမှာ အမာရွတ် အရှည်ကြီးတစ်ခု ရှိနေတာ။

“ဟေ့ ယွန်းဂျုံ၊ ပြောရမယ့်အတိုင်းပဲ ပြောလေ" လို့ နောက်ဘက်ကနေ နောက်ထပ် မိန်းကလေးတစ်ယောက်က ယွန်းဂျုံကို တို့ရင်း သတိပေးလိုက်တယ်။ ယွန်းဂျုံက ရေပူနဲ့ အပက်ခံရသလိုမျိုး လန့်ပြီး နောက်ကို ခုန်ဆုတ်သွားတာပေါ့။

သူက သူ့ပုံပြင်တွေထဲမှာပဲ သူ စီးမျောနေတတ်တဲ့သူမျိုး ထင်ပါရဲ့။ မာရူးကတော့ အဲဒီလိုလူမျိုးတွေကို မမုန်းပါဘူး။ ရံဖန်ရံခါ စိတ်အနှောင့်အယှက် ဖြစ်ရပေမဲ့ သူတို့က အဖွဲ့အစည်းတစ်ခုလုံးကို အမြဲတမ်း တက်ကြွနေစေတာလေ။ သူတို့လိုလူမျိုးတွေက လူကြားထဲမှာ အမြဲတမ်း တောက်ပနေတတ်တာ။ ယွန်းဂျုံက တစ်ချက်နားပြီး ပြန်ပြောတယ်။

“အဲဒါကြောင့်ပဲ ကျွန်မတို့ ပြဇာတ်ကလပ်ကို ဝင်ဖို့ ဖိတ်ခေါ်နေတာပါ။ ခက်ခဲမယ်ဆိုတာကတော့ သေချာပေမဲ့ တကယ်ကို တန်ဖိုးရှိမှာပါလို့ ကျွန်မ ကတိပေးပါတယ်။ လပေါင်းများစွာ ပြင်ဆင်ခဲ့ရတဲ့ ပြဇာတ်ကို စင်ပေါ်မှာ တကယ် ကပြရတဲ့အခါ ခံစားရတဲ့ ခံစားချက်မျိုးကိုတော့ ကျွန်မ စကားနဲ့တောင် ဖော်ပြလို့ မရဘူး။ မကြာခင်မှာပဲ ... ရှင်တို့ အဲဒီလုပ်ငန်းစဉ်တစ်ခုလုံးကို ချစ်သွားကြပါလိမ့်မယ်"

သူ့ကြည့်ရတာ တကယ့်ကို တောက်ပနေတာပဲ။ ဘေးက စီနီယာတွေလည်း အတူတူပါပဲ။ ပြဇာတ်အကြောင်း ပြောလေလေ၊ သူတို့ရဲ့ ကိုယ်ဟန်အနေအထားက ပိုပြီး မတ်လာလေ၊ ပိုပြီး ဂုဏ်ယူနေကြပုံရလေပဲ။

“ဒါပေါ့ ခက်ခဲမှာပါ။ ကျွန်မ ဒါကို ခဏခဏ ပြောနေတာ အကြောင်းရှိပါတယ်။ လုံးဝ မလွယ်ကူလို့ပါ။ အဲဒါကြောင့်လည်း ကျွန်မတို့က လူတိုင်းကို ရှာနေတာ မဟုတ်ဘဲ ...”

ယွန်းဂျုံ အဲဒီလောက်အထိ ပြောပြီးတဲ့အချိန်မှာပဲ နောက်ထပ် မိန်းကလေးတစ်ယောက်က ကြားဖြတ်ဝင်လာတယ်။ ဆံပင်တိုတိုနဲ့ ယောက်ျားလေးဆန်ဆန် ပုံစံမျိုးပေါ့။ ဒါပေမဲ့ ဒီမိန်းကလေးက ယွန်းဂျုံထက်တောင် ပိုပြီး မိန်းကလေးဆန်သေးတယ်။ မိတ်ကပ်တောင် လိမ်းထားတာ။ ဆရာမတွေနဲ့ ပြဿနာတက်လောက်ရုံလောက်ပဲပေါ့။

“ဒါပေါ့ ခက်ခဲမှာပေါ့။ ဒါပေမဲ့ ဒါတင်မကပါဘူး။ ပြဇာတ်ဆိုတာ လူမျိုးစုံနဲ့ ဖန်တီးရတာပါ။ သရုပ်ဆောင်တွေချည်းပဲ မဟုတ်ပါဘူး။ Staffတွေ ဆိုရင် ယွန်းဂျုံပြောသလောက်ကြီး အလုပ်မရှုပ်ပါဘူး။ ပြဇာတ်တွေ၊ လေ့ကျင့်ခန်းတွေကြားမှာ ကူညီပေးရုံပဲလေ။ ဒါပေမဲ့ သူတို့မပါရင်တော့ ပြဇာတ်ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ... စိတ်ဝင်စားရင် လာခဲ့ကြပါဦးနော်" လို့ မိန်းကလေးက ခေါင်းလေးညိတ်ပြီး ပြောသွားတယ်။

မာရူးရဲ့ အမြင်မှာတော့ သူက တော်တော်လေး တည်ငြိမ်တဲ့ မိန်းကလေးပဲ။ ယွန်းဂျုံက “တိုက်စစ်ဖွင့် ” လို့ အော်တဲ့သူမျိုးဆိုရင် သူကတော့ ယွန်းဂျုံကို ထိန်းပေးမယ့်သူမျိုး၊ လူတွေကို စည်းရုံးနိုင်စွမ်း ရှိတဲ့သူမျိုးပေါ့။ မိန်းကလေးနှစ်ယောက် စကားပြောပြီးတဲ့နောက်မှာတော့ ယောက်ျားလေးတွေ ရှေ့ထွက်လာကြတယ်။ သူတို့ကတော့ စောစောက မိန်းကလေးတွေလောက် အားအင်မရှိလှဘူး။

“ကျွန်တော်တို့က Staffတွေပါ။ ပထမနှစ်တုန်းက သရုပ်ဆောင် လုပ်ခဲ့ပြီးတဲ့နောက်မှာ အဖွဲ့သားတွေကို ပိုပြီး ကူညီချင်လို့ ဒါကို ရွေးခဲ့တာပါ။ ကျွန်တော်တို့ ကလပ်အခန်းကို လာရင် အများကြီး တွေ့ရပါလိမ့်မယ်။ စီနီယာတွေ နှစ်ပေါင်းများစွာ ဖန်တီးခဲ့တဲ့ အရာတွေပေါ့။ ဒန်မီ ပြောခဲ့သလိုပဲ စိတ်ဝင်စားတဲ့သူတိုင်းကို ကြိုဆိုပါတယ်။ ဒီကလပ်မှာ နောက်တစ်နှစ်၊ နှစ်နှစ်လောက်အထိ အတူတူ အလုပ်လုပ်ချင်ပါတယ်ဗျာ" လို့ တစ်ယောက်က ပြောတယ်။

နောက်တစ်ယောက်က ရှေ့ထွက်လာတယ်။ အားကစားသမား ဆံပင်ပုံစံနဲ့ ပထမတစ်ယောက်နဲ့ မတူဘဲ သူကတော့ နှာခေါင်းပြားပြားနဲ့။

“စိတ်ဝင်စားရင် လာခဲ့ကြပါနော်။ ကျွန်တော်တို့ကို သရုပ်ဆောင်သင်ပေးဖို့ ဆရာတစ်ယောက်တောင် ငှားထားပါတယ်။ လျှောက်လွှာပုံစံကို ဒီမှာ ထားခဲ့ပါ့မယ်။ မနက်ဖြန်အထိ လက်ခံမှာမို့လို့ လာခဲ့ကြပါ။ ဪ ... ပြီးတော့ ကလပ်အခန်းကိုလည်း အချိန်မရွေး လာလည်လို့ ရပါတယ်။ နောက်ပြီး ... မင်းတို့ရဲ့ ရုပ်ရည်အခြေအနေအတွက် စိုးရိမ်နေတယ်ဆိုရင်လည်း မပူပါနဲ့။ ကျွန်တော့်ကိုပဲ ကြည့်လိုက်လေ"

အဲဒီကောင်က ပြုံးဖြဲဖြဲနဲ့ ပြောလိုက်တယ်။ ဒီနှစ်ယောက်ထဲမှာတော့ သူက ပိုပြီးတော့ လူတွေကို ဆွဲဆောင်နိုင်တဲ့သူမျိုး ဖြစ်ပုံရပါတယ်။

* * * * * * * * *

All Chapters