← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း(၉)

“ဘာဖြစ်လို့လဲ……ဟင်”

ကောင်လေးက မျက်နှာပျက်ပျက်နဲ့ မေးလိုက်တယ်။ စောစောကမှ ကလပ်အကြောင်း လာမေးတဲ့ မိန်းကလေးဘက်ကို သူလှည့်ကြည့်လိုက်ပြီး...

“နင် သွားစရာရှိတာ နောက်ကျနေမယ်၊ သွားတော့လေ”

“... အင်းပါ”

မိန်းကလေးက သူ့ကို မျက်မှောင်ကြုတ်ပြီး တစ်ချက်ကြည့်ကာ သူငယ်ချင်းမလေးနဲ့အတူ ထွက်သွားတော့တယ်။ အဲဒီအချိန်မှာပဲ အခန်းထဲကနေ လူငါးယောက် ထပ်ထွက်သွားကြပြန်ရော။

‘သွားပါပြီ’

ယွန်းဂျုံတစ်ယောက် စိတ်ထဲကနေ ညည်းတွားလိုက်မိတယ်။ ငါးယောက်တောင် ငါးယောက်ကြီးများတောင် ထွက်သွားတာ မူလကတည်းက လူအင်အား နည်းနေရတဲ့ကြားထဲ အခုတော့ ပိုဆိုးကုန်ပြီ။ သူတို့ကို လက်ဆောင်အိတ်လေးတွေ ဘာတွေ ပေးမယ်လို့ ကမ်းလှမ်းခဲ့ရမှာလား သူမ ရင်ထဲမှာ စိုးရိမ်စိတ်တွေ တိုးလာနေတုန်း တစ်ယောက်ယောက်က လှမ်းမေးလိုက်တယ်။

“အခုထိ ဘယ်လို ပြဇာတ်မျိုးတွေ ကပြခဲ့ဖူးသလဲဟင်”

“ရှင် ”

မမျှော်လင့်ထားတဲ့ မေးခွန်းမို့ ယွန်ဂျောင် အံ့ဩသွားရတယ်။ စောစောက ‘တစ်ကိုယ်တော် ပြဇာတ်’ လို့ အော်ပြောလိုက်မိတာကို ဒီလိုမျိုး လာမေးလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူးလေ။

“သိချင်လို့ပါ၊ အရင်က ကပြခဲ့တဲ့ ပြဇာတ်အမျိုးအစားတွေကိုလေ”

“ဪ...”

ကျောင်းသားတွေက သူမ တကယ်ဖြေချင်နေတဲ့ မေးခွန်းတွေကို မေးလာတော့မှ ယွန်ဂျောင်လည်း ပြန်ပြီး ယုံကြည်မှု ရှိလာတော့တယ်။ ပြဇာတ်ဆိုတာကလည်း... တကယ်ကို စွဲမက်စရာကောင်းတဲ့ အနုပညာတစ်ခု မဟုတ်လား။

“ယွန်းဂျုံကတော့ သူ့မျက်နှာအမူအရာကို တကယ် ပြင်ရဦးမယ်”

ဘန်ဂျောင်ဟော့ခ်လည်း ဒန်မီပြောတဲ့စကားကို ထောက်ခံလိုက်မိတယ်။ ယွန်ဂျောင်က စိတ်ထဲရှိတာကို အမူအရာမှာ တန်းဖော်ပြတတ်တဲ့သူ။ ဒါက တစ်ခါတလေ ပြဿနာရှိတယ်။

အခုလည်း ကြည့်လေ၊ တကယ်တမ်း တည်ငြိမ်နေရမယ့်အချိန်မှာ သူက အရမ်းတွေ စိတ်လှုပ်ရှားနေတာ။ ဇာတ်ညွှန်းကို ကိုင်လိုက်ရင်တော့ တကယ်ကို အလေးအနက်ထားတတ်ပေမဲ့ ကျန်တဲ့အချိန်တွေမှာတော့ လူတွေကို ကြောင်သွားစေမယ့်အလုပ်တွေကို ခဏခဏ လုပ်တတ်တာမျိုး။

“ပထမနှစ် ကျောင်းသားလေးတို့၊ ဒါလေးကို တစ်ချက်လောက် ကြည့်ပေးပါဦး”

ဂျောင်ဟော့ခ်က ယွန်ဂျောင်ကို အေးအေးဆေးဆေး နေဖို့ အချက်ပြလိုက်ပြီး ရှေ့ကို ထွက်လာခဲ့တယ်။ သူက ဗီဒိုထဲကနေ ဓာတ်ပုံမှတ်တမ်းစာအုပ်တစ်အုပ်ကို ထုတ်လိုက်တယ်။ စုစုပေါင်း ၁၂ အုပ် ရှိတာပေါ့။

“ဒီစာအုပ်တွေကို တစ်နှစ်တစ်အုပ်နှုန်းနဲ့ တို့တွေ လုပ်ခဲ့ကြတာ။ ကလပ်ရဲ့ တစ်နှစ်တာ လှုပ်ရှားမှုတွေ အကုန်ပါတာပေါ့။ ကဲ... လတ်တလောဟာလေးကို တစ်ချက် ကြည့်ရအောင်”

သူက ၂၀၀၂ ခုနှစ် မှတ်တမ်းစာအုပ်ကို ဖွင့်ပြလိုက်တော့ ပထမနှစ် ကျောင်းသားတွေက ဖုန်တွေတက်နေတဲ့ အဲဒီစာအုပ်ကြီးနားကို စုရုံးလာကြတယ်။

“ပထမဆုံးပုံကတော့ အမြဲတမ်း ကလပ်ခန်းထဲက အဖွဲ့လိုက်ပုံပဲ။ မင်းတို့တွေသာ ဝင်ခဲ့မယ်ဆိုရင် ၂၀၀၃ ခုနှစ်ရဲ့ အဖွဲ့လိုက်ပုံထဲမှာ ပါရမှာနော်”

“ဟား... လူတွေ အများကြီးပဲ”

ကျောင်းသားလေးတွေက တစ်ယောက်တစ်ပေါက် မှတ်ချက်ပေးကြတယ်။ အဲဒီစကားကို ကြားတော့ ဂျောင်ဟော့ခ်က သူ့သူငယ်ချင်းတွေဘက်ကို လှည့်ကြည့်လိုက်မိတယ်။ ကလပ်အဖွဲ့ဝင် လေးယောက်စလုံးရဲ့ မျက်နှာမှာ ခါးသီးတဲ့ အမူအရာတွေ ဖြစ်သွားကြတာပေါ့။

“အင်း... အရင်ကတော့ အများကြီး ရှိခဲ့တာပေါ့”

သူ့အသံက အရင်ကထက် သိသိသာသာကို တိုးဝင်သွားတယ်။ ဂျောင်ဟော့ခ်လည်း ဖြစ်ပေါ်လာတဲ့ အနေရခက်မှုကို ဖုံးကွယ်ဖို့အတွက် ချောင်းတစ်ချက် ဟန့်လိုက်ရတယ်။ တခြားသူတွေကလည်း အခြေအနေက ကြည့်ရတာ အရမ်းတွေ ဝမ်းနည်းစရာကြီး ဖြစ်နေပြီဆိုတဲ့ အချက်ပြတွေ သူ့ဆီ ပို့နေကြပြီလေ။

“ဒါကတော့ တို့တွေ ပထမဆုံး ကပြခဲ့တဲ့ ပြဇာတ်ပေါ့။ အဲဒီတုန်းက တတိယနှစ် အစ်ကိုကြီးတစ်ယောက်က ဦးဆောင်ပြီး တို့လေးယောက်ကတော့ ဒီမှာလေ... ဇာတ်ပို့နေရာက ပါဝင်ခဲ့ကြတာ”

အဲဒီအချိန်မှာပဲ...

“ဇာတ်ပို့ဆိုတာထက် သူကလည်း ဇာတ်ဆောင်တစ်ယောက်ပါပဲ”

မင်းဆောင်က ဝင်ပြောလိုက်တယ်။ ဂျောင်ဟော့ခ်က သူ့ကို လေသံတိုးတိုးနဲ့ ချက်ချင်းပဲ ဖြတ်ပြောလိုက်တာပေါ့။

“ဒီမှာ လာပြီး ရင်းနှီးမနေနဲ့လေ”

“အာ... ဆောရီး၊ ဆောရီး”

မင်းဆောင်က ‘သူကလည်း အဓိကဇာတ်ဆောင်နေရာက ပါခဲ့တာပါ’ လို့ ချက်ချင်းပဲ စကားကို ပြန်ပြင်ပြောလိုက်တယ်။ ပြဇာတ်ကလပ်က အဖွဲ့ဝင်တွေဟာ အသစ်ဝင်လာမယ့်သူတွေကို အလေးအနက်ထားပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်ကြတယ်။

အဖွဲ့ထဲ ရောက်သွားရင်တော့ ရင်းရင်းနှီးနှီး ရှိသွားမှာဖြစ်ပေမဲ့ အခုလို လူသစ်စုဆောင်းချိန်မှာတော့ ကျောင်းသားတွေကို တလေးတစား ဆက်ဆံဖို့ ကြိုးစားကြတယ်။ ဒါက ကလပ်စတင်တည်ထောင်ချိန်ကတည်းက ရှိခဲ့တဲ့ အစဉ်အလာတစ်ခုပေါ့။ ဂျောင်ဟော့ခ်ကတော့ ဒီအစဉ်အလာကို ဖျက်ဆီးဖို့ စိတ်ကူးမရှိဘူး။

မင်းဆောင်က မှတ်တမ်းစာအုပ်ကို ပြုံးပြုံးလေးနဲ့ နောက်တစ်မျက်နှာ ထပ်လှန်လိုက်တယ်။ အဲဒီမှာ ပြဇာတ်ကပြပြီးချိန်က ပုံလေးတွေ ပါတာပေါ့။

“ဒါ ဂျောင်ဟော့ခ်လေ။ တော်တော်လေးကို ကွဲထွက်နေတာ မဟုတ်လား”

ပထမနှစ် ကျောင်းသားတွေကလည်း ခေါင်းကို တညိတ်ညိတ်နဲ့ ထောက်ခံကြတယ်။ ဂျောင်ဟော့ခ်က ရှက်လို့ အဲဒီစာမျက်နှာကို မြန်မြန်ကျော်ဖို့ လုပ်ပေမဲ့ မင်းဆောင်က ခွင့်မပြုဘူး။

“သူက တကယ် သရုပ်ဆောင်ကောင်းတာ။ စီနီယာတွေတောင် သူ့ကို အသိအမှတ်ပြုကြတယ်။ အဖွဲ့ထဲ ဝင်လာရင် သူ့ရဲ့ တကယ့် စွမ်းရည်တွေကို တွေ့ရလိမ့်မယ်”

“ဒါပေမဲ့ စိတ်မကောင်းစရာက ဒီတစ်ခါတော့ ကျွန်တော်က စင်မြင့်နောက်ကွယ်က မန်နေဂျာအဖြစ်ပဲ လုပ်မှာဆိုတော့ မင်းဆောင်ပြောတာကို ခဏမေ့ထားလိုက်ပါ” ဂျောင်ဟော့ခ်က မင်းဆောင်ကို နောက်ကို တွန်းထုတ်လိုက်ရင်း စကားဆက်ပြောတယ်။ “ကဲ... ကြည့်ကြပါဦး။ တို့တွေရဲ့ အရင်က အောင်မြင်မှုတွေကို ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချရင် ပိုကောင်းမှာပါ”

သူတို့တွေကို အချိန်အလုံအလောက် ပေးထားမှာပါ။ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့် ရှိတာပေါ့။ ဘယ်သူ့ကိုမှ အတင်းအကျပ် ဝင်ခိုင်းမှာ မဟုတ်ဘူး။ ဒါက ဒီကလပ်ရဲ့ လုပ်ထုံးလုပ်နည်း မဟုတ်ဘူးလေ။ ဆယ်မိနစ်လောက် ကြည့်ပြီးတဲ့နောက်မှာတော့ ကျောင်းသားတွေက ခေါင်းပြန်မော့လာကြတယ်။ သူတို့ထဲက တချို့ကတော့ ဆုံးဖြတ်ချက် ချလိုက်ကြပြီဆိုတာ ဂျောင်ဟော့ခ် သိလိုက်တယ်။ ဒါပေမဲ့ ကောင်းတဲ့ဘက်ကတော့ မဟုတ်ဘူးပေါ့။

“ဟို... ဟိုဘက်က တဲအိမ်လေးလိုမျိုး စင်မြင့်ကလေ...” တစ်ယောက်က လှမ်းမေးတယ်။

“ဟုတ်ကဲ့၊ ဘာဖြစ်လို့လဲ”

“ဒါတွေ အကုန်လုံး ရှင့်တို့ဘာသာ လုပ်ခဲ့ကြတာလား”

“အင်းလေ”

“ရွေပေါ်ထိုးတာတွေ၊ တူထုတာတွေ၊ လွှတိုက်တာတွေရောပဲလား”

“ဒါပေါ့”

“......”

အဲဒီကျောင်းသားက မျက်နှာပျက်ပျက်နဲ့ ခေါင်းညိတ်ပြတယ်။ ဂျောင်ဟော့ခ်လည်း ခါးသီးတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်မိတာပေါ့။ အခြေအနေသာ ဆိုးသွားမယ်ဆိုရင် တစ်ကလပ်လုံးမှာ ဒုတိယနှစ် လေးယောက်တည်းပဲ ကျန်တော့မယ့်အခြေအနေ။

“ကဲ... ဝတ်စုံတွေကိုရော ကြည့်ချင်ကြသေးလား”

ဂျောင်ဟော့ခ်က ပြောပြောဆိုဆိုနဲ့ အခန်းထဲက ထွက်လာခဲ့တယ်။ ကျောင်းသားတွေကလည်း သူ့နောက်ကနေ ကပ်လိုက်လာကြတာပေါ့။ သူက ခန်းမတံခါးကို ဖွင့်လိုက်တဲ့အခါမှာတော့ ကျောင်းသားတွေဆီကနေ အံ့ဩသံလေးတွေ ထွက်လာတယ်။

“ဒါတွေက တို့တွေ ကိုယ်တိုင်ချုပ်တာ ရှိသလို၊ ကုမ္ပဏီတွေကနေ ဝယ်ထားတာတွေလည်း ရှိတယ်။ နှစ်တွေအကြာကြီး စုဆောင်းလာခဲ့တာဆိုတော့ ဒီလောက်တောင် များသွားတာပေါ့”

ဂျောင်ဟော့ခ်က ဒီဝတ်စုံတွေကို ကြည့်ပြီး တကယ်ကို ဂုဏ်ယူမိတာ။ ဒါတွေက ဒီကလပ်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ သည်းခံမှုတွေရဲ့ ပြယုဂ်တွေပဲလေ။

ဒါပေမဲ့ ကျောင်းသားတွေရဲ့ မျက်နှာကတော့ လန်းမလာဘူး။ ဒီအောင်မြင်မှုတွေက ဒီကလပ်မှာ လုပ်ရမှာ ဘယ်လောက် ပင်ပန်းမလဲဆိုတာကို သက်သေပြနေသလို ဖြစ်နေတာကိုး။ နားလည်ပေးလို့ ရပါတယ်။ သူကတော့ သူတို့ကို နည်းနည်းလောက် ထပ်ပြီး စမ်းသပ်ကြည့်ချင်သေးတယ်။

“ပြဇာတ်ကလပ်က ပိုက်ဆံလည်း နည်းနည်းတော့ ကုန်တယ်နော်။ ကျောင်းကပေးတဲ့ ဘတ်ဂျက်က မလောက်ဘူးလေ။ ပြီးတော့ ဆရာတွေကို ဖိတ်ကြားရတဲ့ စရိတ်တွေလည်း ရှိသေးတယ်”

ပိုက်ဆံ အထက်တန်းကျောင်းသားတွေအတွက် ပိုက်ဆံဆိုတာ အင်မတန် ထိလွယ်ရှလွယ်တဲ့ ကိစ္စပဲ။ ဂျောင်ဟော့ခ်က ဒါကို ကောင်းကောင်းသိတယ်။ သေချာတာပေါ့၊ ဝေခွဲမရဖြစ်နေတဲ့ ကျောင်းသားတွေရဲ့ မျက်နှာဟာ ချက်ချင်းပဲ ဆုံးဖြတ်ချက် ပြတ်သားသွားတဲ့ ပုံစံမျိုး ပြောင်းသွားတော့တာပဲ။

“ဆောရီးပါ... ဆောရီး...”

တချို့က နှုတ်ဆက်ပြီး ထွက်သွားကြတယ်။

ဂျွန်ဟော့ တကယ်တော့ သူတို့ကို မနှုတ်ဆက်ချင်ပါဘူး။ ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ။ သူတို့ကို လိုက်ဆွဲထားလို့မှ မရတာ။ အတင်းအကျပ် သရုပ်ဆောင်ခိုင်းတာက ပြဇာတ်ကို ဖျက်ဆီးတာနဲ့ အတူတူပါပဲ။

* * * * * * * * *

ပထမနှစ် ကျောင်းသားတွေ နှုတ်ဆက်ပြီး ထွက်သွားကြတယ်။ တစ်ယောက် ထွက်သွားတိုင်း ဒုတိယနှစ်တွေရဲ့ မျက်နှာက ပိုပိုပြီး မှောင်မှောင်လာတာကို မာရူး မြင်နေရတယ်။

အထူးသဖြင့် ယွန်းဂျုံဆိုရင် တစ်ကမ္ဘာလုံးကို ဆုံးရှုံးလိုက်ရသလိုမျိုး ဖြစ်နေရှာတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ အပြင်ပန်းကြည့်ရင် တည်ငြိမ်နေသလို ရှိပေမဲ့ သူတို့လည်း တော်တော်လေး စိတ်လှုပ်ရှားနေကြပုံပဲ။ သူတို့ကြည့်ပြီး မာရူးတောင် လိုက်ပြီး စိတ်ပူလာရတယ်။

“ဒီပုံစံအတိုင်းဆိုရင် အကုန်လုံး ထွက်ပြေးကုန်တော့မှာပဲ”

ဒိုဂျင်က သူ့နားကို ကပ်ပြီး တိုးတိုးလေး ပြောတယ်။

ဒုတိယနှစ်တွေ စကားပြောလေ၊ လူတွေက ပိုပြီး ထွက်ပြေးလေပဲ။

အချိန်နဲ့ ငွေကြေးဆိုတာ လူတိုင်းအတွက် တန်ဖိုးရှိတာကိုး။ နှစ်ခုစလုံးကို တောင်းဆိုတာက ကျောင်းသားအသစ်တွေအတွက်တော့ နည်းနည်း များလွန်းသလို ဖြစ်နေတာ။

ဓာတ်ပုံမှတ်တမ်းစာအုပ်ကလည်း တကယ်ကို ဖိအားပေးနေသလိုပဲ။ ကြည့်လို့တော့ ကောင်းပါရဲ့၊ ဒါပေမဲ့ ဒါကိုလုပ်ဖို့ ဘယ်လောက်တောင် အချိန်ပေးရမလဲဆိုတာကို သက်သေပြနေတာလေ။ ပစ္စည်းတစ်ခုချင်းစီကို အသေးစိတ် လုပ်ရတာတွေ၊ စင်ပေါ်မှာ သရုပ်ဆောင်ရတာတွေက... အလုပ်များမယ့်အပြင် ပင်ပန်းမှာလည်း သေချာနေတာကိုး။

ဓာတ်ပုံတွေကို ကြည့်ရုံနဲ့တင် သူတို့ရဲ့ အားအင်တွေကို ခံစားနေရသလိုပဲ။ အသစ်တွေ ထွက်ပြေးကုန်တာလည်း မဆန်းပါဘူး။

“အဟမ်း…. အဟမ်း”

ကတုံးနဲ့ ကောင်လေးက ရှေ့ကို ထွက်လာတယ်။ ကတုံးဆိုတာက လူကို ကြောက်စရာကောင်းအောင် လုပ်တတ်ပေမဲ့ ဒီကောင်လေးကတော့ ကြည့်ရတာ ချစ်စရာကောင်းတဲ့ သစ်စေ့လေးတစ်စေ့လိုပဲ။ ကြည့်ရတာ မျက်စိပသာဒ ရှိပါတယ်။

“ကဲ... စိတ်မခိုင်တဲ့သူတွေတော့ ထွက်သွားကြပြီထင်တယ်”

သူက လက်ခုပ်တစ်ချက်တီးရင်း ပြောတယ်။

“တို့တွေ မိတ်ဆက်ကြရအောင်။ ငါ့နာမည်က ချွဲမင်းဆောင်၊ စက်မှုအင်ဂျင်နီယာဌာနကပါ”

မင်းဆောင်က ဆံပင်တိုတိုနဲ့ မိန်းကလေးဘက်ကို လှည့်ကြည့်လိုက်တယ်။

“ငါက လင်ဒန်မီ၊ ဒီဇိုင်းဌာနက ဒုတိယနှစ်။ စကားပြောရတာရော၊ ဝတ်စုံတွေ ချုပ်ရတာရော ဝါသနာပါတယ်”

ဒန်မီက နောက်ထပ် ကောင်လေးတစ်ယောက်ကို သူ့ဘေးကို ဆွဲခေါ်လိုက်တယ်။ ယွန်းဂျုံက နာမည်အရ ဥက္ကဋ္ဌဆိုပေမဲ့ တကယ့် ခေါင်းဆောင်ကတော့ ဒီကောင်လေးပဲဆိုတာ မာရူး ရိပ်မိလိုက်တယ်။

“ငါ့နာမည်က ဘန်ဂျောင်ဟော့ခ်၊ လျှပ်စစ်အင်ဂျင်နီယာဌာနကပါ။ မင်းတို့ အဖွဲ့ထဲဝင်လာရင် ငါ့အကြောင်းကို ပိုပြီး သိလာမှာပါ”

အခုတော့ ဒုတိယနှစ် လေးယောက်စလုံးရဲ့ နာမည်ကို သိသွားပြီ။ မာရူး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ ပထမနှစ် ခြောက်ယောက်ပဲ ကျန်တော့တယ်။ ယောက်ျားလေး လေးယောက်နဲ့ မိန်းကလေး နှစ်ယောက်။ မိန်းကလေး နှစ်ယောက်ကတော့ သူငယ်ချင်းတွေ ထင်ပါရဲ့။

ဒါဆို ကျန်တဲ့တစ်ယောက်က... တစ်ယောက်တည်းလား ကိုယ်လုံးကိုယ်ပေါက် ထွားထွား၊ နဖူးပြောင်ပြောင်နဲ့ အဲဒီကောင်လေးက တော်တော်လေး တည်ငြိမ်ပြီး စကားနည်းပုံရတယ်။ အထက်တန်းကျောင်းသားတစ်ယောက်အတွက်တော့ ဒါက ရှားပါးတဲ့ အမူအရာပဲ။

“မင်းတို့တွေ ဝင်ကြမှာလား”

ယွန်းဂျုံက မျှော်လင့်ချက်အပြည့်နဲ့ လှမ်းမေးတယ်။

“ဟုတ်ကဲ့”

မာရူး စောင့်ကြည့်နေတဲ့ ကောင်လေးက ပထမဆုံး ဝင်ဖြေလိုက်တာ။ သူက လျှောက်လွှာကို အပ်ပြီး သူ့နေရာမှာ ပြန်ရပ်နေတယ်။

“ယေး... ”

ကြည့်ရတာ ယွန်းဂျုံတစ်ယောက် ပျော်သွားပုံပဲ။ သူ့ကိုကြည့်ပြီး မာရူးပါ လိုက်ပျော်မိတယ်။ တကယ့်ကို တက်ကြွတဲ့သူလေးပဲ။

“မင်းတို့ နှစ်ယောက်ကရော ဘယ်လိုလဲ”

မာရူးက ဒိုဂျင်နဲ့ ဒေမြောင်ကို လှည့်မေးလိုက်တယ်။

ဒေးမြောင်ကတော့ လျှောက်လွှာကို တင်းတင်းဆုပ်ကိုင်ထားရင်း ပြတ်သားတဲ့ အမူအရာ ဖြစ်နေတယ်။ ဒိုဂျင်လည်း ဆုံးဖြတ်ချက် ချလိုက်ပြီ ထင်ပါရဲ့။

“ကျွန်တော်တို့ သုံးယောက်လုံး ဝင်ပါမယ်”

မာရူးက ယွန်းဂျုံလက်ထဲကို လျှောက်လွှာသုံးစောင် ကမ်းပေးလိုက်တယ်။ သူမက ခေါင်းကို တညိတ်ညိတ်နဲ့ ပြန်ထူးရှာတာပေါ့။

“ကျေးဇူးအများကြီး တင်ပါတယ်ရှင်”

ကျေးဇူးတင်နေဖို့ မလိုပါဘူး။ မာရူးက ကျန်တဲ့ မိန်းကလေး နှစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။ သူတို့လည်း တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိုးတိုး ပြောနေကြပြီး ခဏနေတော့ လျှောက်လွှာတွေကို အဲဒီမှာတင် ဖြည့်လိုက်ကြတော့တယ်။

“ရော့... ဒီမှာပါ”

ဒါနဲ့ပဲ ကလပ်ထဲကို ပထမနှစ် ကျောင်းသား ခြောက်ယောက် ရောက်လာခဲ့ပြီပေါ့။

* * * * * * * * *

“မနက်ဖြန်အထိ လူသစ်လက်ခံဦးမှာဆိုတော့ တခြားသူငယ်ချင်းတွေရှိရင်လည်း ထပ်ခေါ်လာခဲ့ကြဦးနော်။ ပြီးတော့ မနက်ဖြန်ကစပြီး တို့တွေက ခပ်ရင်းရင်းနှီးနှီးပဲ ပြောတော့မှာဆိုတော့ အံ့ဩမသွားကြနဲ့ဦး”

ဒန်မီရဲ့ ကြေညာချက်အပြီးမှာပဲ လူစုခွဲလိုက်ကြတယ်။ မာရူးက ကျောင်းနားက စားသောက်ဆိုင်ဆီကို ဦးတည်လိုက်တာပေါ့။ ဒိုဂျင်က ဒီနေ့ အထိမ်းအမှတ်အဖြစ် သူတို့နှစ်ယောက်ကို ကျွေးမယ်လို့ ပြောထားတာကိုး။

“ဒန်မီက တကယ်လှတာနော်၊ ဟုတ်တယ်မလား”

ဒိုဂျင်က စားစရာတွေ ရောက်လာတာနဲ့ ပထမဆုံး အဲဒီစကားကို ပြောတာပဲ။

“ငါကတော့ ယွန်းဂျုံကို မဲပေးတယ်။ အာ... ကျန်တဲ့ ပထမနှစ် မိန်းကလေးတွေလည်း ချစ်စရာကောင်းပါတယ်” ဒေးမြောင်က ကင်ဘပ်ကို ပါးစပ်ထဲ အတင်းထိုးထည့်ရင်း ပြန်ပြောတယ်။

“မင်းကတော့ ကြည့်ရတာ အေးဆေးသလောက် တော်တော်လေး နှာဘူးကျတာပဲ”

“မ-မဟုတ်ပါဘူး”

“မဟုတ်ပါဘူးဆိုတာ ထားလိုက်ပါတော့ကွာ ဟေ့... ယောက်ျားလေးဆိုတာ မိန်းကလေး ကြိုက်တာ သဘာဝပဲလေ၊ ဟုတ်တယ်မလား မာရူး”

မာရူးက ခေါင်းညိတ်ပြလိုက်တယ်။ သူ့စိတ်ထဲမှာတော့ အတွေးတစ်ခု ဝင်နေတာ။ ပြဇာတ်ကလပ်မှာ... သတိထားစရာ အချက်အနည်းငယ် ရှိတယ်။

ပထမအချက်က တတိယနှစ်တွေ တစ်ယောက်မှ မရှိတာပဲ။ အရင်နှစ်က မှတ်တမ်းစာအုပ်ထဲမှာ လူတွေအများကြီး ပါနေတာပဲလေ။ ဒါပေမဲ့ အခုတော့ တစ်ယောက်မှ မရှိတော့ဘူး တစ်ခုခုတော့ ဖြစ်ခဲ့တာ သေချာတယ်။

ဒုတိယနှစ်တွေက တစ်ခုခုကို ဖုံးကွယ်ထားကြသလိုပဲ။ အခန်းထဲမှာ သူတို့ပြခဲ့တဲ့ အမူအရာတွေကို ပြန်စဉ်းစားကြည့်ရင်လည်း ဖြစ်နိုင်ပါတယ်။ သူတို့က လူသစ်တွေ ထွက်သွားလို့ ဝမ်းနည်းနေတာတင် မဟုတ်ဘူး။

“ဒါနဲ့... တတိယနှစ်တွေက ဘာလို့ တစ်ယောက်မှ မရှိတာပါလိမ့်”

ဒိုဂျင်ကလည်း အဲဒါကို တော်တော်လေး သိချင်နေပုံပဲ။ ဒေးမြောင်လည်း လိုက်ပြီး စဉ်းစားနေတာပေါ့။

“တာဝန်ခံဆရာက ဘယ်သူလဲဆိုတာ မင်းတို့ သိလား”

မာရူးက မေးလိုက်တယ်။ ဒိုဂျင်က ကျောင်းထဲက သတင်းတွေကို စုဆောင်းရတာ ဝါသနာပါတဲ့သူဆိုတော့ သူ သိနိုင်တယ်လေ။

“သိတာပေါ့၊ တို့ကို သမိုင်းသင်တဲ့ ဆရာလေ”

“ဆရာပတ်တေးဆစ်လား”

“အင်းလေ၊ လူကောင်းပဲ။ ဒါပေမဲ့ နည်းနည်းတော့ ပျင်းဖို့ကောင်းတယ်”

မာရူးလည်း အဲဒီသမိုင်းဆရာအပေါ် အမြင်ကောင်းရှိပါတယ်။ လူကတော့ ပျင်းဖို့ကောင်းပေမဲ့ ကျောင်းသားတွေကို ရှေးဟောင်းနှောင်းဖြစ်ပုံပြင်တွေ ပြောပြတတ်တာကိုး။

ဒိုဂျင်က စားစရာတွေ ထပ်မှာဖို့ ထလိုက်တဲ့အချိန်မှာပဲ တစ်ယောက်ယောက် ဆိုင်ထဲကို ဝင်လာတယ်။

‘သိပ်ပြီးတော့တော့ ချောတာ မဟုတ်ဘူး’ မာရူးက သူ့စိတ်ထဲမှာ မှတ်ချက်တစ်ခု ထပ်တိုးလိုက်တယ်။ ဆိုင်ထဲဝင်လာတာက သမိုင်းဆရာပဲလေ။

* * * * * * * * *

တေးဆစ်က ဆိုင်ထဲက ကျောင်းသား သုံးယောက်ကို လက်လှမ်းပြလိုက်တယ်။

“မင်းတို့ သုံးယောက် ဘာလုပ်နေကြတာလဲ၊ နောက်ကျနေပြီလေ”

“သူငယ်ချင်းတွေ သံယောဇဉ် တည်ဆောက်နေတာပါ ဆရာ”

ဒိုဂျင်က နောက်ပြောင်တဲ့ မျက်နှာပေးနဲ့ ပြန်ဖြေတယ်။

* * * * * * * * *

သူ စာသင်လာတာ ၁၃ နှစ် ရှိပြီ။ အဲဒီအချိန်အတွင်းမှာ တေးဆစ်က ကိုယ့်ကိုယ်ကိုယ် ကတိတစ်ခု ပေးထားခဲ့တယ်။ ကျောင်းသားတိုင်းရဲ့ နာမည်ကို မှတ်မိနေဖို့ပဲ။ ကျောင်းသားကို ခေါ်ချင်တဲ့အခါတိုင်း ‘ဟေ့... ဟိုတစ်ယောက်’ လို့ မခေါ်ချင်ဘူးလေ။ နာမည်နဲ့တပ်ပြီး ခေါ်ချင်တာ။

ဒါကြောင့်လည်း တေးဆစ်ဟာ သူစာသင်တဲ့ ကျောင်းသားအများစုရဲ့ နာမည်ကို သိနေတာပေါ့။ ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်သေးဘူး။ တစ်ပတ်ပဲ ရှိသေးတာကိုး။ နောက်ဆုံးတန်းက မျက်လုံးမှေးမှေးနဲ့ ကောင်လေးဆိုရင် သူ နာမည်မသိသေးဘူး။

‘ဒေး... ဆစ် လား အားနာလိုက်တာကွာ၊ နာမည်ကို မမှတ်မိသေးဘူး’

ဒိုဂျင်လိုမျိုး ဆူဆူညံညံ ကျောင်းသားတွေကိုတော့ မှတ်မိဖို့ လွယ်တာပေါ့။ ငြိမ်တဲ့သူတွေကိုတော့ နာမည်မှတ်ဖို့ နည်းနည်း ခက်တယ်။

‘ဟိုဘက်ကတော့ မာရူးပဲ’

ဟန်မာရူး။ လျှပ်စစ်အင်ဂျင်နီယာဌာနက ထူးဆန်းတဲ့နာမည်နဲ့ ကောင်လေး။ သူ့နာမည်က ဆရာတွေကြားမှာ တော်တော်လေး လူသိများတယ်။ ဒီလိုနာမည်မျိုးက မှတ်ရလွယ်တာကိုး။

“သူငယ်ချင်းတွေနဲ့ ပျော်တာလည်း ပျော်ပေါ့၊ ဒါပေမဲ့ ထမင်းကိုတော့ သေသေချာချာ စားကြဦး။ ဒီလို မုန့်တွေချည်းပဲ စားမနေနဲ့” သူက အကြံပေးလိုက်တယ်။

“စိတ်မပူပါနဲ့ ဆရာ အိမ်ကျရင် ထမင်းတစ်အိုးလုံး ကုန်အောင် စားပစ်ဦးမှာ”

“အေး... ကောင်းတယ်၊ လူပျိုပေါက်တွေဆိုတော့ များများစားကြ”

တေးဆစ်က ဆိုင်ရှင်ကို တော့ပိုကီ၊ ဆွန်ဒေးနဲ့ အသီးအရွက်ကြော်တချို့ ပါဆယ်ထုတ်ခိုင်းလိုက်တယ်။ အလုပ်ဆင်းချိန်မှာ ကလပ်အဖွဲ့ဝင်တွေ ကလပ်အခန်းထဲမှာ ပင်ပင်ပန်းပန်း သန့်ရှင်းရေး လုပ်နေကြတာကို သူ သတိရလိုက်လို့ပါ။ သူတို့တွေ တော်တော်ကြာအောင် လုပ်ရဦးမယ့်ပုံဆိုတော့ သူတို့အတွက် မုန့်လေးတွေ ဝယ်သွားပေးဖို့ စိတ်ကူးလိုက်တာ။

* * * * * * * * *

“ဆရာ၊ ကျွန်တော် မေးစရာတစ်ခု ရှိလို့ပါ”

တေးဆစ်က အသံလာရာဘက်ကို လှည့်ကြည့်လိုက်တယ်။ မာရူးပဲ။ မေးရိုးလေးထောင့်နဲ့ ယုံကြည်မှုရှိတဲ့ မျက်လုံးတွေရှိတဲ့ ကောင်လေး။ မာရူးကို ကြည့်ရတာ အိမ်မှာ တော်တော်လေး စည်းကမ်းကြီးတဲ့ ဖခင်ရှိပုံရတယ်။ တခြားကျောင်းသားတွေဆီမှာ တွေ့ရတတ်တဲ့ အနောက်အပြောင်တွေကို သူ့ဆီမှာ သိပ်မတွေ့ရဘူး။

တခြားဆရာတွေလည်း တေးဆစ်လိုပဲ တွေးကြတယ်။ အထူးသဖြင့် အတန်းပိုင်ဆရာဆိုရင် မာရူးက တော်တော်လေး ရင့်ကျက်တယ်လို့ ပြောကြတာ။

“အေး... ပြောလေ၊ ဘာလဲ”

“ကျွန်တော်တို့ ဒီနေ့ ပြဇာတ်ကလပ်ကို ဝင်လိုက်ပါပြီ”

“ဪ... ဒါဆို မင်းတို့က အသစ်ဝင်တဲ့ ခြောက်ယောက်ထဲက သုံးယောက်ပေါ့”

တေးဆစ်က သူတို့ သုံးယောက်အတွက် အသီးအရွက်ကြော်တစ်ပွဲ ထပ်မှာပေးလိုက်တယ်။

“ကျေးဇူးတင်ပါတယ် ဆရာ”

ဒိုဂျင်နဲ့ ဒေးမြောင်ကတော့ ချက်ချင်းပဲ စားတော့တာပေါ့။ မာရူးကတော့ သူ့မေးခွန်းပေါ်မှာပဲ အာရုံရောက်နေတယ်။

“ဒါနဲ့... ဘာကို သိချင်တာလဲ”

“ဒီနေ့ ကလပ်ကို သွားတော့ ဒုတိယနှစ် လေးယောက်ပဲ တွေ့ခဲ့ရလို့ပါ။ တတိယနှစ်တွေ တစ်ယောက်မှ မတွေ့ဘူး”

“ဪ...”

တေးဆစ် စိတ်ထဲမှာတော့ ခါးခါးသီးသီး ပြုံးလိုက်မိတယ်။ ကောင်လေးကတော့ တကယ့်ကို ခက်ခဲတဲ့မေးခွန်းကို တန်းမေးတော့တာပဲ။ သိချင်တာလည်း မဆန်းပါဘူးလေ။

“တစ်ခုခု ဖြစ်ခဲ့လို့လားဟင်။ ဒုတိယနှစ်တွေကလည်း တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ”

ကျန်တဲ့ နှစ်ယောက်ကတော့ အခုမှပဲ အာရုံစိုက်လာကြတယ်။ သူတို့ကတော့ အခုထိ ဘာမှ သတိမထားမိကြသေးဘူး။ မာရူးကတော့ တကယ့်ကို အကဲခတ်တော်တဲ့ ကောင်လေးပဲ။ ဘယ်သူမှ မသိခင် ကလပ်ထဲက အခြေအနေကို သူက ရိပ်မိနေပြီ။ သူက တခြားသူတွေနဲ့တော့ တကယ် မတူဘူး။

“တစ်ခုခုတော့ ဖြစ်ခဲ့တာပေါ့”

“ဟုတ်ကဲ့”

မာရူးက အဲဒီမှာတင် ရပ်လိုက်ပြီး စားစရာတွေကိုပဲ အာရုံစိုက်တော့တယ်။ ဒါက တေးဆစ်ကို ဇဝေဇဝါ ဖြစ်စေတာပေါ့။ သူက ဘာဖြစ်ခဲ့လဲဆိုတာကို သိချင်နေတာ မဟုတ်ဘူးလား ဘာလို့ တတိယနှစ်တွေ မရှိတာလဲ၊ ဘာလို့ ဒုတိယနှစ်တွေက အဲဒီလို မျက်နှာမျိုး လုပ်နေတာလဲဆိုတာကိုရော သူ ဘာလို့ ဆက်မမေးတာလဲ

“မင်း မသိချင်တော့ဘူးလား”

တေးဆစ်က မေးလိုက်တယ်။

“သိချင်တာပေါ့ ဆရာ”

“ကျွန်တော်တို့ကို ပြောပြပါဦး”

ဒိုဂျင်နဲ့ ဒေမြောင်ကတော့ သိချင်ဇောနဲ့ ဝင်မေးကြတယ်။ မာရူးကတော့ နောက်ကနေ ခေါင်းခါပြလိုက်ပြီး...

“ဒုတိယနှစ်တွေဆီကပဲ ကျွန်တော် နားထောင်ပါ့မယ်။ အဲဒါက ပိုပြီး သင့်တော်မယ်လို့ ထင်လို့ပါ” လို့ ပြောလိုက်တယ်။

“... အင်း၊ အေးပါလေ။ သူတို့ဆီက နားထောင်တာက ပိုကောင်းမှာပါ”

တေးဆစ်က ဆိုင်ရှင်က လှမ်းခေါ်လို့ ထလိုက်တယ်။ မာရူးလည်း သူ့နောက်ကနေ လိုက်ထတာပေါ့။ ကျန်တဲ့ နှစ်ယောက်ကတော့ သူ့ကို တစ်ချက်ကြည့်ပြီးမှ လိုက်ထကြတယ်။ ကြည့်ရတာ ဒီကောင်လေးက ကုမ္ပဏီတစ်ခုက ဝန်ထမ်းအငယ်လေးနဲ့တောင် တူနေသေးတယ်။ ဆရာ့အပေါ်မှာ ဘယ်လိုဆက်ဆံရမလဲဆိုတာကို ကောင်းကောင်း သိနေတာမျိုး။

‘သူ့အဖေက သူ့ကို သေသေချာချာ သင်ပေးထားတာပဲ။ ဘယ်သူ့အပေါ်မှာမှ အထင်အမြင် လွဲစရာမရှိအောင် ပြုမူတတ်သားပဲ’

တေးဆစ်က ဆိုင်ထဲက ထွက်လာခဲ့တယ်။ ကျောင်းသား သုံးယောက်က သူ့ကို အရိုအသေပေးပြီး နှုတ်ဆက်ကြတာပေါ့။ အာ... ဒါနဲ့ တစ်ခု သတိရလို့ သူ ဆိုင်ထဲကို ပြန်ဝင်သွားလိုက်တယ်။ ဆိုင်ရှင်က ပြတင်းပေါက်ကနေ တစ်ခုခု ကျန်ခဲ့လို့လားလို့ လှမ်းမေးတယ်။

“မဟုတ်ပါဘူး၊ ဟိုကျောင်းသားတွေရဲ့ စားစရာဖိုးပါ တစ်ခါတည်း ရှင်းပေးချင်လို့ပါ။ ဘယ်လောက်ကျလဲ”

“ခြောက်ထောင်ဝမ်ပါ”

“ရော့... ဒီမှာ”

အဲဒီအချိန်မှာပဲ ဆိုင်ထဲက မာရူးနဲ့ မျက်လုံးချင်း ဆုံသွားတယ်။ မာရူးက ခေါင်းညိတ်ပြီး အရိုအသေပေးတော့ တေးဆစ်လည်း ပြုံးပြလိုက်မိတာပေါ့။

‘ကောင်းကောင်းစားကြပါဦး၊ ကလပ်က ညီငယ်လေးတို့ရေ’

* * * * * * * * *

“ဟေး... ဟေ့... ပိုက်ဆံတွေ အများကြီး သက်သာသွားပြီဟေ့”

ဒိုဂျင်က ပျော်လွန်းလို့ လက်တွေကို လေထဲမှာ ဝှေ့ယမ်းနေတယ်။ သူနဲ့ ဒေမြောင်ကတော့ အိမ်ပြန်လမ်း တူပုံရတယ်၊ အတူတူ လျှောက်သွားကြတာ။ လမ်းမှာလည်း စကားတွေ တပြောပြောနဲ့ပေါ့။ ကလေးတွေ သူငယ်ချင်းဖြစ်ဖို့ဆိုတာ အတူတူ အချိန်ဖြုန်းတာလောက် ကောင်းတဲ့နည်းလမ်း မရှိတော့ဘူးလေ။

မာရူးက သူတို့နှစ်ယောက် ထွက်သွားတာကို ကြည့်နေပြီးမှ စက်ဘီးလေးစီးပြီး အိမ်ကို ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ သူ ပထမဆုံးလုပ်တာက အိမ်စာတွေ အကုန်လုပ်လိုက်တာပဲ။

သူ့အမေက သူ့ကိုကြည့်ပြီး ‘သူလည်း တော်တော်လေး ရင့်ကျက်လာပြီပဲ’ လို့ တိုးတိုးလေး ရေရွတ်ရင်း ပြုံးနေတာပေါ့။

“မေမေ၊ စနေနေ့ကျရင် ကျွန်တော် နည်းနည်း နောက်ကျမယ်နော်”

“ဘာလို့လဲ”

“ကလပ်တစ်ခု ဝင်ထားလို့လေ၊ ပြဇာတ်ကလပ်”

“ဟုတ်လား၊ အချိန်တွေ အရမ်းကုန်မယ့်အလုပ်ဆိုရင်တော့ မလုပ်နဲ့နော်”

“ရပါတယ်၊ နောက်ကျရင် ဖုန်းဆက်လိုက်မယ်လေ”

“ဟင်း... အဖေတူ သားတူပါပဲ။ မေမေ့စကားကို ဘယ်တော့မှ နားမထောင်ဘူး။ ဒါနဲ့ မာရူး၊ မင်း မုန့်ဖိုး ထပ်လိုသေးလား”

“ရှိပါသေးတယ် မေမေ”

“ထူးဆန်းလိုက်တာ၊ ဖိနပ်အသစ်ဝယ်ဖို့ ပိုက်ဆံစုနေတာ မဟုတ်ဘူးလား”

အမေက ပိုက်ဆံအိတ်ထဲကနေ တစ်သောင်းတန် တစ်ရွက် ထုတ်လိုက်တယ်။

“ရော့... ယူထားလိုက်၊ လိုတဲ့အခါ သုံးဖို့”

“မေမေပဲ သိမ်းထားလိုက်ပါ၊ ကျွန်တော့်မှာ ပိုက်ဆံတွေ အများကြီး မလိုပါဘူး”

“...... မင်း တစ်ခုခု ဖြစ်လို့လား”

“ကျွန်တော် ရင့်ကျက်လာပြီလို့ ပြောသားပဲ။ အဲဒီပိုက်ဆံကို ဘာဒါကိုပဲ ပေးလိုက်ပါ၊ သူက ကျွန်တော့်ထက် ပိုလိုမှာ”

မာရူးက အမေ့ကို အခန်းပြင်ကို ဖြည်းဖြည်းချင်း တွန်းထုတ်လိုက်ပြီး တံခါးပိတ်လိုက်တယ်။ အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းချင်ရင် အရင်ဆုံး စာကို ကြိုးစားရမှာပဲလေ။ တကယ်တော့ သူက ပညာရေးမှာ အရမ်းထူးချွန်ချင်နေတာတော့ မဟုတ်ပါဘူး။ အရင်ဘဝတုန်းက စာသင်ရတာ သူ့အတွက် မဟုတ်ဘူးဆိုတာကို သူ ကောင်းကောင်း သင်ခန်းစာ ရခဲ့ပြီးသား။

‘ဒါပေမဲ့ အမှတ်တွေကြောင့်တော့ ငါ့ဘဝကို ကန့်သတ်မခံချင်ဘူး’

သူ ငယ်ငယ်တုန်းကတော့ လူကြီးတွေကို နားမလည်ခဲ့ဘူး။ ဘဝမှာ သင်္ချာက ဘာလို့ လိုတာလဲ ရူပဗေဒကိုရော ဘာအတွက် သုံးမှာလဲ အခုတော့ အဲဒီဘာသာရပ်တွေ မရှိလည်း ဘဝကို ဖြတ်သန်းလို့ ရတယ်ဆိုတာ သူသိသွားပြီ၊ ဒါပေမဲ့ အဲဒီဘာသာရပ်တွေကို နားလည်ထားရင်တော့ ဘဝမှာ ရွေးချယ်စရာတွေ အများကြီး ရှိလာမယ်ဆိုတာကိုလည်း သူ သင်ယူခဲ့ရတယ်လေ။

မာရူးအတွက်တော့ စာသင်တာဟာ သူ့ဘဝမှာ ရွေးချယ်စရာတွေ ပိုများလာအောင် လုပ်တာပါပဲ။ ဒါပေမဲ့...

“ဟူး...”

သူ ထင်သလောက်တော့ ခရီးမပေါက်ဘူး။

“ခက်လိုက်တာလည်း လွန်ပါရော”

မာရူးလည်း လောလောဆယ်တော့ ဘောပင်ကို ချထားလိုက်တော့တယ်။

* * * * * * * * *

အခန်း(၁၀)

“မနက်ဖြန်မှ တွေ့မယ်နော်”

သူငယ်ချင်းတွေနဲ့ လမ်းခွဲပြီးနောက် ဘာဒါတစ်ယောက် အိမ်ရှေ့က ဆိုင်မှာ မုန့်ဝယ်ပြီး လွယ်အိတ်ထဲ သေသေချာချာ ထည့်ဝှက်ထားလိုက်သည်။ ‘ဒီတစ်ခါတော့ အမိမခံစေရဘူး’ ဟုလည်း စိတ်ထဲက ကြုံးဝါးနေမိ၏။

သူမ၏ အစ်ကိုဖြစ်သူမှာ တစ်စုံတစ်ယောက် မုန့်စားနေလျှင် အနံ့ခံနိုင်စွမ်းက အလွန်ပင် ကောင်းလှသည်။ မူလတန်းတုန်းကတော့ သူမအပေါ် အတော်လေး ကောင်းခဲ့သော်လည်း အလယ်တန်းတက်ကတည်းက အစ်ကိုဖြစ်သူမှာ ထူးထူးဆန်းဆန်း ပြောင်းလဲသွားခဲ့သည်။

အထူးသဖြင့် ဧည့်ခန်းထဲက ကွန်ပျူတာကြီး အစ်ကို့အခန်းထဲ ရောက်သွားကတည်းက သူတို့မောင်နှမ နှစ်ယောက် နေ့တိုင်းလိုလို ရန်ဖြစ်ခဲ့ကြရသည်။

တကယ်တော့ ကျောင်းမဖွင့်ခင်လေးတင် သူတို့နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ထားကြသဖြင့် သူမက အစ်ကို့အခန်းဘက် ခြေဦးတောင် မလှည့်တော့ရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။ ‘အေးလေ... မင်းပဲ သုံးတော့။ ငါလည်း မသုံးဘူး၊ ငပုပု အတ္တသမားကြီးရဲ့ ’ ဟု စိတ်ထဲက ဆိုလိုက်သော်လည်း...

‘ဒါပေမဲ့ ငါ့ Cyworld ပရိုဖိုင်လေးကို အလှပြင်ချင်သေးတယ်...’

နောက်ဆုံးတော့လည်း ဘာဒါသာ အရှုံးပေးလိုက်ရသည်။ သူငယ်ချင်းတွေက သူတို့၏ Avatarပုံလေးတွေကို လှလှပပ ပြင်ထားကြသည်ကို မြင်ရလျှင် သူမလည်း အားကျမိသည်။ အထူးသဖြင့် သူငယ်ချင်းတွေက ပရိုဖိုင်အကြောင်း ကြွားကြသည့်အခါ သူမက ပိုပြီး အစွမ်းပြချင်မိသည်။

ထို့ကြောင့်ပင် သူမက ဒီမုန့်တွေကို ဝယ်လာခဲ့ခြင်းဖြစ်၏။ ဒီမုန့်လေးနဲ့ လာဘ်ထိုးပြီး ကွန်ပျူတာ သုံးခွင့်တောင်းကြည့်လျှင် ရနိုင်မလားပေါ့။

အိမ်ရောက်လျှင် ပထမဆုံးလုပ်သည့်အလုပ်မှာ မာရူး၏ အခန်းတံခါးကို ခေါက်လိုက်ခြင်းဖြစ်သည်။

“အစ်ကိုကြီး”

ပုံမှန်ဆိုလျှင်တော့ ‘ဟေ့ကောင်’ ဟုသာ ခေါ်နေကျဖြစ်သည်။ တံခါးပွင့်လာသောအခါ အစ်ကိုဖြစ်သူက ထုံးစံအတိုင်း ကွန်ပျူတာရှေ့မှာ ရှိနေမည်ဟု ထင်ထားသော်လည်း အံ့သြစရာကောင်းသည်မှာ သူက ကြမ်းပြင်ပေါ်တွင် စာအုပ်အချို့ကို ဖတ်နေခြင်းပင်။ ရုပ်ပြစာအုပ်တွေတောင် မဟုတ်ပေ။

“ဘာကိစ္စလဲ” ဟု မာရူးက မေးသည်။

“ဟို... ကွန်ပျူတာ ခဏသုံးလို့ရမလားလို့"

လက်ထဲက မုန့်ထုတ်လေးနဲ့ လာဘ်ထိုးရန် ပြင်လိုက်စဉ်မှာပင်...

“သုံးလေ"

“ရှင် ”

ဒီလောက် လွယ်လွယ်ကူကူကြီးလား ဘာဒါက မာရူးကို ဇဝေဇဝါဖြင့် မော့ကြည့်လိုက်မိသည်။

“သုံးလို့ပြောနေတာလေ"

“တကယ်လား ”

“ဘာလဲ၊ ငါက ဒါမျိုးကို နောက်နေတယ်လို့ ထင်လို့လား။ ဒါနဲ့ ညစာရော စားပြီးပြီလား"

“မစားရသေးဘူး"

“အရင်စားလိုက်ဦး။ မေမေက ကင်မ်ချီဟင်းချက်ထားခဲ့တယ်"

“ဒါပေမဲ့ မေမေ အိမ်မှာ မရှိဘူးလေ ”

“အော်... အိမ်နီးချင်းတွေဆီ သွားလည်နေတာ။ ခဏလေးစောင့်"

မာရူးက အခန်းထဲက ထွက်သွားသောအခါ ဘာဒါက သူမဝှက်လာသည့် မုန့်ထုတ်ကို ကျောနောက်မှာ ပြန်ဖျောက်ထားလိုက်သည်။ မာရူးက မီးဖိုချောင်ထဲ ဝင်သွား၏။

မကြာခင်မှာပင် ပန်းကန်ခွက်ယောက်သံများနှင့် မီးဖိုဖွင့်သံများကို ကြားလိုက်ရသဖြင့် ဘာဒါက ဘာတွေဖြစ်နေသလဲဟု ချောင်းကြည့်လိုက်မိသည်။

“အစ်ကိုက ကျမအတွက် ထမင်းပြင်ပေးနေတာလား ”

“မပြင်ပေးရင်လည်း နင်က စားမှာမဟုတ်ဘူးလေ။ ထမင်းစားပြီးမှ ဟိုအာလူးကြော်ထုတ်ကို စား။ ထမင်းမစားခင် မုန့်တွေလျှောက်စားရင် ထမင်းကောင်းကောင်းစားမှာမဟုတ်တော့ဘူး"

မာရူးက သူမအတွက် ထမင်း၊ ဟင်းရည်နှင့် အရန်ဟင်းအချို့ကို စနစ်တကျ ပြင်ဆင်ပေးနေသည်။

သူ ဘာတွေဖြစ်နေတာပါလိမ့် ဒါမျိုးက တစ်ခါမှ မကြုံဖူးပေ။ ဟန်မာရူးဆိုသည်မှာ အခွင့်အရေးရလျှင် သူတပါးအစာကိုတောင် လုစားတတ်သည့် လူစားမျိုးမဟုတ်ပါလား။ ဘာဒါကတော့ ကြောင်အမ်းအမ်းဖြင့် ထမင်းစားပွဲမှာ ထိုင်လိုက်မိသည်။

“စားပြီးရင် ပန်းကန်တွေကို စင်ထဲထည့်ထားလိုက်။ ငါ ဆေးလိုက်မယ်"

မာရူးက ဧည့်ခန်းထဲထွက်သွားပြီး တီဗီဖွင့်လိုက်သည်။ သူက တကယ်ပဲ သူမကို ကွန်ပျူတာပေးသုံးတာလား ဒါဆိုရင်တော့ အချိန်ဖြုန်းနေလို့ မဖြစ်တော့။

ဘာဒါက ရှေ့ကထမင်းတွေကို အမြန်ဆုံး ကုန်အောင်စားလိုက်သည်။ အစ်ကိုဖြစ်သူ စိတ်ပြောင်းမသွားခင် သုံးရမည်မဟုတ်ပါလား။ သူမ စားသောက်ပြီးသောအခါ မာရူးက ပန်းကန်ဆေးရန် ထလာသည်ကို တွေ့ရပြန်သည်။

‘ဘာတွေလဲဟ...’

သူ့ကို ဒီလောက် အလိမ္မာတုံးကြီးအဖြစ် မြင်ရသည်မှာ အတော်လေးကို ထူးဆန်းနေသည်။

ဘာဒါက မျက်မှောင်ကြုတ်ပြီး အစ်ကိုဖြစ်သူကို အကဲခတ်ကြည့်လိုက်၏။ ‘ငါ့ပစ္စည်းတစ်ခုခုကိုများ သူဖျက်ဆီးထားလို့လား ’ ဟု တွေးကာ အခန်းထဲဝင်စစ်ကြည့်သော်လည်း ဘာမှမဖြစ်ပေ။ သူ ဘာဖြစ်နေတာပါလိမ့် သူမ အခန်းထဲက ပြန်ထွက်လာသောအခါ မာရူးက ပန်းကန်ထဲတွင် ပန်းသီးစိတ်လေးများကို ထည့်ကာ ကမ်းပေးလာသည်။

“ရော့... ဒါ အချိုတည်းဖို့"

“အော်... ဟုတ်ကဲ့"

“သိပ်ပြီး အကြာကြီး မဆော့နဲ့ဦး။ အိမ်စာလည်း လုပ်ဦးနော်"

“... ဟုတ်ကဲ့"

ဒါကတော့ အတော်လေးကို ထူးဆန်းနေပြီ။ မာရူးတစ်ယောက် ဘာလို့ ရုတ်တရက်ကြီး ဖခင်တစ်ယောက်လို လာလုပ်နေရတာလဲ တီဗီကြည့်နေသည့် ပုံစံကအစ၊ သတင်းတွေကို စူးစူးစိုက်စိုက် ကြည့်နေပုံအထိ... မာရူးက ဖေဖေထက်တောင် ပိုပြီး လူကြီးဆန်နေသလိုပင်။

‘ဘာတွေလဲ မသိဘူး ’

ပုံမှန်အတိုင်း ‘မရဘူး၊ ကွန်ပျူတာက ငါ့ဟာ၊ ဝက်မကြီးရဲ့’ ဟု ပြောလျှင်တောင် ဒီလောက်ကြီး စိတ်ထဲမှာ နေရခက်မည်မဟုတ်ပေ။ ဘာဒါတစ်ယောက် စိတ်ထဲမှာ တစ်မျိုးကြီး ခံစားနေရရင်း မာရူး၏ အခန်းထဲသို့ ဝင်ခဲ့တော့သည်။

* * * * * * * * *

“မာရူးက တစ်မျိုးကြီး ဖြစ်နေတယ်” ဟု ဘာဒါက မှတ်ချက်ပေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ကျမကို ထမင်းပြင်ပေးတယ်၊ အချိုပွဲ ကျွေးတယ်၊ ပြီးတော့ ကွန်ပျူတာတောင် ပေးသုံးသေးတယ်"

အိမ်ပြန်ရောက်လာသော အမေဖြစ်သူကို ဘာဒါက ပြောပြနေခြင်းဖြစ်သည်။

ဒီနေ့တော့ တကယ်ကို ထူးဆန်းလှသည်။ သူမအစ်ကို တစ်ခုခု ကြံစည်နေတာ သေချာသည်။ ဒါမျိုးတွေကို သူက အလကား လုပ်ပေးမည့်သူ မဟုတ်ပေ။

“သူက လူကြီးဆန်လာတာပါအေ။ နင်လည်း သူ့လိုမျိုး ပြောင်းလဲအောင် ကြိုးစားပါဦးလား"

“ညာနေတာ။ သူ တစ်ခုခုလုပ်ထားလို့ ဖြစ်ရမယ်။ ပြောပါဦး မေမေရဲ့"

“မဟုတ်ပါဘူးဆို"

အမေက ပိုက်ဆံအိတ်ထဲက ငွေတစ်သောင်းတန်တစ်ရွက်ကို ထုတ်လိုက်သည်။ ပိုက်ဆံကို မြင်လိုက်ရသည်နှင့် ဘာဒါ၏ မျက်နှာက ချက်ချင်း ပြုံးဖြာသွားတော့သည်။

“မုန့်ဖိုးလား ”

“အေး... မုန့်ဖိုး"

“ဘာဖြစ်လို့လဲ မေမေရဲ့ မနေ့က တောင်းတုန်းကတော့ ခဏစောင့်ဦးဆို"

ဘာဒါက ပျော်လွင်စွာဖြင့် အမေ့လက်ကို ဆွဲကိုင်လိုက်သည်။ ဒီပိုက်ဆံနဲ့ဆိုရင် သူငယ်ချင်းတွေနဲ့ စတစ်ကာဓာတ်ပုံ သွားရိုက်လို့ရပြီ။ ဖုန်းနောက်က ဓာတ်ပုံဟောင်းတွေကလည်း ကွာနေပြီဆိုတော့ အသစ်လဲဖို့ အချိန်တန်ပြီလေ။

“မာရူးက နင့်ကို ပေးလိုက်ပါဆိုလို့ ပေးတာ"

“အင် သူကလား ”

ဘာဒါတစ်ယောက် လက်ထဲက ပိုက်ဆံကို ငုံ့ကြည့်ရင်း တွေးနေမိသည်။

‘ဒီလူကြီး... တကယ်ပဲ ရူးသွားတာလား မသိဘူး ’

* * * * * * * * *

(Author’s Note။။ ထိုအချိန်က ကျောင်းသားများသည် တစ်ပတ်ခြား စနေနေ့တိုင်း ကျောင်းတက်ကြရသည်။)

စနေနေ့

ဒီနေ့ကတော့ ဝါသနာပါရာ ကလပ်အသင်းတွေ ရွေးချယ်ရမည့်နေ့ဖြစ်သည်။ အတန်းထဲတွင် ကျောင်းသားများမှာ နောက်ဆုံးအချိန်အထိ ဆုံးဖြတ်ချက်ချရန် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။

“ဟေ့ကောင်... ဘုတ်ဂိမ်းကလပ်က အကောင်းဆုံးပဲ။ ကောင်မလေးတွေ အများကြီး ရှိတယ်"

“ဟာ... မိန်းကလေးတွေ ကြည့်နေမယ့်အစား ပျော်ရအောင် လုပ်ကြစို့လေ။ ကွန်ပျူတာ ပရိုဂရမ်လေ့လာရေး ကလပ်ကို သွားရအောင်။ သူတို့က ဂိမ်းဆိုင်မှာပဲ ဂိမ်းဆော့နေကြတာ"

“ငါတော့ ကကလပ်ကို လက်လျှော့လိုက်ပြီ။ အမလေး... သူတို့ လေ့ကျင့်တာကလည်း အသည်းအသန်ပဲ။ အဲဒီကလပ်တော့ မဖြစ်ဘူးကွာ"

ကလေးတွေက ‘အကောင်းဆုံး’ ကလပ်ကို ရှာရန် သတင်းတွေ ဖလှယ်နေကြသည်။

“ဒီနေ့ ထမင်းချက်က ငါးအသားလွှာကြော်'နဲ့ ငါးဟင်းရည်တဲ့။ ဟူး... ငါးတွေချည်းပဲ” ဟု ဒိုဂျင်က သက်ပြင်းချရင်း ဆိုသည်။

“မင်းမစားရင် ငါ့ပေးလေ"

“သွားစမ်းပါ။ မင်း မြေပဲသကြားလုံး စားဦးမလား"

“စားတာပေါ့"

မာရူးကတော့ ထုံးစံအတိုင်း ဒိုဂျင်ပေးတဲ့ ချိုချဉ်လေးနဲ့ ကျောင်းတက်ရက်ကို စတင်လိုက်တယ်။ ရှေ့ဆုံးက ဒေးမြောင်တောင်မှ သူတို့နဲ့ စကားပြောဖို့ နောက်ကို လှည့်လာခဲ့တယ်။

“ဟေး ဒေးမြောင်... မင်းလည်း ချိုချဉ် စားမလား"

“အော်... အင်း၊ ကျေးဇူးပဲနော်"

ဒေးမြောင်က ပြုံးပြုံးလေးနဲ့ ချိုချဉ်ကို ယူလိုက်တယ်။ အခုဆို သူတို့တွေ တော်တော်လေး ရင်းနှီးသွားကြပြီ။ တကယ်တော့ ဒေးမြောင်က အပြုံးချိုတဲ့သူပဲ။ သူက အရာရာမှာ နည်းနည်း ထိခိုက်လွယ်နေသေးပေမဲ့ အချိန်ကတော့ ဒါတွေကို ကုစားပေးသွားမှာပါ။

‘အဲဒီတုန်းက သူနဲ့ စကားပြောလိုက်တာ မှန်သွားတယ်’ လို့ မာရူးက တွေးလိုက်မိတယ်။

ဒါက စေတနာအနည်းငယ်နဲ့ လုပ်လိုက်တဲ့ ကိစ္စလေးပါ။ သိပ်လည်း မခက်ခဲလှပါဘူး။ ဒါပေမဲ့ အဲဒီ စေတနာလေးကြောင့်ပဲ ဒေးမြောင်တစ်ယောက် ပြန်ပြီး ရယ်မောနိုင်လာခဲ့တာလေ။

“ဝိုး... ဒေးမြောင် ငါ မနေ့ညက ဂိမ်းထဲမှာ ဘာရခဲ့လဲ ကြည့်ဦး ”

ကျောင်းသားတစ်ယောက်က အတန်းထဲကို အော်ပြီး ဝင်လာတယ်။ အတန်းထဲက ကလေးတစ်ဝက်လောက်က World Crash အကြောင်း ပြောနေကြတာ။

“ငါလည်း ရတယ်လေ"

“ငါကတော့ ဘာမှ မရဘူး။ ဒါပေမဲ့ Level တော့ တော်တော်တက်သွားတယ်။ Respawn Timer က အတော်ပဲဆိုတော့ ညစာတောင် မစားဘဲ တစ်ညလုံး အမဲလိုက်နေတာ"

“ဟေး ဒေးမြောင်... Level တင်လို့ကောင်းတဲ့ တခြားနေရာ ရှိသေးလား၊ ငါ့ကို ပြောပြဦး"

ဒေးမြောင်က ကျန်တဲ့ကလေးတွေကို နေ့လယ်စာစားချိန်ကျမှ ပြောပြမယ်လို့ ပြန်ဖြေလိုက်တယ်။ ဗီဒီယိုဂိမ်းအကြောင်း ပြောတဲ့အချိန်တိုင်းမှာ ဒေးမြောင်က အမြဲတမ်း ဗဟိုချက်မ ဖြစ်နေတတ်တာ။ ပထမဆုံးနေ့က ကြောက်လန့်နေတဲ့ သူ့ရဲ့ ပုံစံမျိုးက လုံးဝ မရှိတော့ဘူး။ ဒါဟာ ဒေးမြောင်ရဲ့ တကယ့် စရိုက်ရင်းပဲ ဖြစ်မှာပါ။

‘သူနဲ့ စကားပြောလိုက်တာ တကယ် ကောင်းသွားတယ်’ လို့ မာရူး ထပ်တွေးမိပြန်တယ်။

မာရူးက သူ့ကိုယ်သူ အံ့ဩစရာကောင်းတဲ့ အရာတွေ လုပ်မယ့်သူလို့ မသတ်မှတ်ထားပါဘူး။ သူက အေးအေးဆေးဆေး ကျောင်းတက်ချင်တယ်၊ ပြီးရင် လူမှုပတ်ဝန်းကျင်ထဲကို တိုက်ပွဲဝင် ဝင်မယ်၊ သူ့ရဲ့ ဇနီးသည်ကို ပြန်ရှာမယ်၊ ပြီးရင် ပုံမှန် ဖခင်တစ်ယောက် ဖြစ်လာမယ်။ အဲဒီလုပ်ငန်းစဉ်ကြားမှာ ပျော်စရာလေးတွေ ရှိနေတာကတော့ အပိုဆုပေါ့။

[ဒီတစ်ခါတော့ ပျော်ပျော်ရွှင်ရွှင် နေပါဦးကွယ်။]

အဘွားအိုရဲ့ အသံက သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်နေတုန်းပဲ။

‘ပျော်စရာဆိုတာ စွန့်စားခန်းတွေ ရှိနေမှ မဟုတ်ပါဘူး။’

အရင်ကထက် နည်းနည်းလေး ပိုပြီး လွတ်လပ်တဲ့ ဘဝလေး ဖြစ်နေရုံနဲ့တင် သူ့အတွက် လုံလောက်ပါပြီ။ ဒီထက်ပိုရင်တော့ ဒါက လောဘ ဖြစ်သွားမှာပေါ့၊ လောဘဆိုတာကလည်း ပျက်စီးခြင်းရဲ့ အကြောင်းရင်း တစ်ခုပဲ မဟုတ်လား။ သူ နားကြပ်ကို တပ်လိုက်ပြီး မျက်လုံးမှိတ်လိုက်တယ်။ ကျောင်းစာမစခင် သီချင်းနားထောင်တာကလည်း မဆိုးတဲ့ စိတ်ကူးတစ်ခုပါပဲ။

* * * * * * * * *

ကန်ဒိုဝူးက သူ့ရှေ့မှာ စကားပြောနေတဲ့ ကောင်လေးတွေကို တစ်ချက် လှမ်းကြည့်လိုက်တယ်။

‘နားငြီးလိုက်တာ...’ လို့ သူ တွေးမိတယ်။ သူ ကစားစရာအဖြစ် သတ်မှတ်ဖို့ ကြံထားတဲ့ ကောင်လေးက သူ့ဘာသာ သူငယ်ချင်းအုပ်စု ရသွားပြီလေ။

ပတ်ဒေးမြောင်ပေါ့။ အဲဒီကလေးက ခိုင်းဖတ်အဖြစ် လုပ်ဖို့ တကယ့်ကို အသင့်တော်ဆုံးပဲ၊ ဒါပေမဲ့ အခုတော့ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူ ဖြစ်နေပြီ။

‘ချီးပဲ။’

အခုတော့ သူ့ရဲ့ အိမ်စာတွေကို ကူလုပ်ပေးမယ့်သူ နောက်တစ်ယောက်ကို သူ ထပ်ရှာရဦးမယ်။ အတန်းထဲကို ဝေ့ကြည့်နေတုန်းမှာ ဒိုဂျင်နဲ့ မျက်လုံးချင်း ဆုံသွားတယ်။

“ဘာကြည့်နေတာလဲဟ” လို့ ဒိုဂျင်က လှမ်းစိန်ခေါ်တယ်။

ဟက်... ရယ်ရတာ။ ဒီကောင်က တကယ့်ကို မသိမသာ နေရမှန်း မသိတဲ့ကောင်ပဲ။

“ဘာလဲ၊ ငါ့မျက်လုံးနဲ့ ငါ ကြည့်တာကို မရဘူးလား"

“တခြားကို ကြည့်စမ်း။ မင်းလိုလူမျိုး စိုက်ကြည့်နေတာကို ငါ မကြိုက်ဘူး"

“ဟား... ကြည့်စမ်းပါဦး၊ လူမိုက်ပုံစံ ဖမ်းနေတာလား"

“တခြားကို ကြည့်လို့ ပြောနေတယ်လေ။ အေးလေ... ငါပဲ မျက်နှာလွှဲပေးလိုက်ပါ့မယ်"

ဒိုဂျင်က တောက်တစ်ချက် ခေါက်ပြီး မျက်နှာလွှဲသွားတယ်။ ဒိုဝူးက အဲဒီငတုံးရဲ့ ခေါင်းကို ရိုက်ပစ်ချင်ပေမဲ့ သူပဲ လူကြီးလူကောင်း ဆန်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလို ကိစ္စလေးနဲ့တော့ ရန်မဖြစ်ချင်ဘူးလေ။ ပြီးတော့ ဒီကျောင်းက ဆရာတွေကလည်း တစ်ယောက်မှ မရိုးကြဘူး... ရန်ဖြစ်တာကတော့ တကယ်ကို မတန်တဲ့ ကိစ္စပဲ။

စီနီယာတစ်ယောက် ပြောပြတဲ့ ပုံပြင်တစ်ပုဒ် ရှိတယ်။ လျှပ်စစ်ဌာနက ကလေးတစ်ယောက်နဲ့ စက်မှုဌာနက ကလေးတစ်ယောက် ရန်ဖြစ်ကြတာ၊ ခန်းမထဲကို ခေါ်သွားပြီးတဲ့နောက်မှာ နှစ်ယောက်လုံး ငြိမ်ကုပ်သွားကြတာပဲတဲ့။ ဆရာက သူတို့ကို ပိုက်လုံးနဲ့ အသားကုန် ဆော်ပစ်လိုက်တာကိုး။ အဲဒီသတင်းက ဒိုဝူးကို ရန်ဖြစ်ဖို့ စိတ်မကူးရဲအောင် လုပ်လိုက်တာပဲ။

‘အတန်းပိုင်ဆရာကလည်း ပုံမှန်ပုံစံမျိုး မဟုတ်ဘူး။’

သူက သူ့ဘဝကို အမှိုက်ပုံးထဲ ထည့်ဖို့ အင်ဂျင်နီယာကျောင်း လာတက်တာ မဟုတ်ဘူးလေ။ သူက တက္ကသိုလ် တက်ဖို့အထိ ရည်ရွယ်ထားတာ။ သူက ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်ပြီး စာစဖတ်ဖို့ ကြိုးစားတယ်။ ကျောင်းပြီးတဲ့အထိ ဘာပြဿနာမှ မရှိဘဲ နေသွားဖို့ သူ ဆုံးဖြတ်ထားတာလေ။

‘ဒါပေမဲ့ အဲဒီအတွက် ခိုင်းဖတ်တော့ တစ်ယောက် လိုတာပေါ့။’

သုံးနှစ်လုံးလုံး စာချည်းပဲ ထိုင်လုပ်နေရမှာလား ရူးသွားမှာပေါ့ သူ့ကို ကူညီပေးမယ့် ‘သူငယ်ချင်းကောင်း’ တစ်ယောက်တော့ လိုတာပေါ့။

“ဟေး ဒိုဝူး... ဆေးလိပ် သွားသောက်မလား"

ဒိုဝူး ခေါင်းမော့ကြည့်လိုက်တယ်။ အော်... သူနဲ့ အမျိုးအစားတူတဲ့ လူတွေပဲ။ သူတို့ထဲက တစ်ယောက်က ကိုရီးယားဆေးလိပ်ထုပ်ကို သူ မြင်ရုံလေး ထုတ်ပြတယ်။

“ဟူး... သောက်တလွဲပဲ၊ မင်းကတော့ တကယ့်ကို အရသာမရှိတဲ့ လူစားပဲ” လို့ သူ တိုးတိုးလေး ညည်းလိုက်မိတယ်။

“သွားစမ်းပါ။ သောက်မှာလား၊ မသောက်ဘူးလား"

“သောက်မှာပေါ့။ ဒါနဲ့ ဘယ်မှာ သွားသောက်မှာလဲ"

“စီနီယာတစ်ယောက် ပြောတယ်၊ ဒီနေ့ ငါးထပ်က ခန်းမကြီး ဖွင့်ထားတယ်တဲ့။ အဲဒီက ပြတင်းပေါက်မှာ သွားသောက်လို့ ရတယ်"

“အော်... ကောင်းသားပဲ"

“လာလေ။ မင်းဆီမှာ မီးခြစ် ပါလား"

“ပါတာပေါ့"

ဒိုဝူးက ကျန်တဲ့ကလေးတွေနဲ့အတူ ထရပ်လိုက်တယ်။ ငါးကြော်က သူ့အတွက် တော်တော်လေး လေးလံနေတာဆိုတော့ ဆေးလိပ်တစ်လိပ်လောက် သောက်လိုက်ရင် နေသာထိုင်သာ ရှိသွားမှာပါ။

ဒါပေမဲ့ တံခါးနားကို ရောက်တဲ့အချိန်မှာပဲ ဒိုဝူးရဲ့ လက်ထဲက ဆေးလိပ်ထုပ် ပြုတ်ကျသွားတယ်။ ကြမ်းပြင်ပေါ်မှာ လိမ့်သွားပြီး သီချင်းနားထောင်နေတဲ့ ကောင်လေးရဲ့ ဘေးနားမှာ သွားရပ်တယ်။ အဲဒီကောင်လေးက ငုံ့ပြီး ဆေးလိပ်ထုပ်ကို ကောက်ပေးတယ်။ ဒိုဝူး သူ့ကို မှတ်မိတာပေါ့။ မာရူးလေ။ တစ်ခါမှ စကားမပြောဖူးပေမဲ့ ကြည့်ရတာ တစ်မျိုးကြီး စိတ်အနှောင့်အယှက် ဖြစ်ရတဲ့သူပေါ့။

ဒီလူက ‘ဟိုလို’ ကလေးမျိုးနဲ့ တူတယ်။ ဆရာတွေရှေ့မှာ လူလိမ္မာပုံစံ ဖမ်းနေတဲ့သူမျိုးပေါ့။ ဒါပေမဲ့...

“ကျန်းမာရေးအတွက် မကောင်းတဲ့အလုပ်ကို ဘာလို့ လုပ်နေတာလဲ” လို့ သူ ဆေးလိပ်ထုပ် ပြန်ပေးတဲ့အချိန်မှာ ပြောလိုက်တာကလွဲလို့ ကျန်တာ ဘာမှ မရှိဘူး။ ပြီးတော့ သူက သီချင်းထဲမှာပဲ အာရုံပြန်ဝင်သွားတယ်။ အဲဒါက တော်တော်လေး အံ့ဩဖို့ကောင်းတာပဲ။ ဒိုဝူးကတော့ ဒီကောင် ဆရာ့ကို သွားတိုင်တော့မှာပဲလို့ ကျိန်းသေပေါက် ထင်ထားခဲ့တာလေ။

ဒါဆိုရင်လည်း...

“မင်းလည်း သောက်မလို့လား” လို့ သူ မေးကြည့်လိုက်တယ်။

“ဆောရီးပဲ၊ ငါ ဆေးလိပ်ဖြတ်ထားတာ ကြာပြီ"

“... ဗျာ ”

“ဘာမှမဟုတ်ပါဘူး။ မင်းတို့လည်း ဖြတ်လိုက်ကြတာ ပိုကောင်းမယ်။ နောင်တရလိမ့်မယ်၊ တကယ်ပြောတာ။ အထူးသဖြင့် မင်းရဲ့ သမီးလေး... ဟင်း ဘာမှမဟုတ်တော့ဘူး"

သမီး ဘာသမီးလဲ ဒီကောင် ဘာတွေ လျှောက်ပြောနေတာလဲ

“ဟေ့ကောင်... လာလေ။ စာမစခင် သောက်ရမှာ၊ မြန်မြန်လုပ်"

သူ့သူငယ်ချင်းတွေက နောက်ကနေ အလျင်စလို ခေါ်နေကြတယ်။ ဒိုဝူး နာရီကို ကြည့်လိုက်တယ်။ ၁ နာရီထိုးဖို့ ၁၅ မိနစ်ပဲ လိုတော့တယ်။

“လာပြီ၊ လာပြီ"

* * * * * * * * *

“ဘုရားရေ... အဲဒီကောင်ကို မြင်ရတာကိုက စိတ်တိုစရာကြီး” လို့ ဒိုဂျင်က ညည်းတွားတယ်။

မာရူးကတော့ သူ့ကို တိတ်တိတ်လေး ကြည့်နေမိတယ်။ တကယ်တော့ ဘေးလူအမြင်နဲ့ ကြည့်ရင် ဒိုဂျင်နဲ့ ဒိုဝူးက တော်တော်လေး တူသလိုပဲ။ နှစ်ယောက်လုံးက လူပေလူတေပုံစံတွေပဲလေ။ ဒိုဂျင်ကတော့ သူ အလယ်တန်းတုန်းက ဘယ်လောက် ပေတေခဲ့လဲဆိုတာကို ပြောပြဖူးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာတော့ သူ့ရဲ့ လုပ်ရပ်တွေက သူ့ကို ရှက်စရာကောင်းတယ်လို့ ခံစားရစေခဲ့တယ်လေ။ သူ အဲဒီအတွက် တော်တော်လေး နောင်တရခဲ့ဖူးတယ်။

“အဲလိုလား... လူမိုက်ကြီးဟောင်းရဲ့"

“ဟေ့ကောင်... ဖယ်စမ်းပါ။ ငါ အဲဒီဘဝကနေ ထွက်လာတာ ကြာပြီ။ ငါက လူကောင်းဖြစ်နေပြီ”

“ဒါနဲ့ ဘာလို့ အဲဒီကနေ ထွက်လာတာလဲ"

“ငါလား ရှက်ဖို့ကောင်းလို့ပေါ့"

“မဟုတ်ဘူးလေ၊ ဘာကြောင့် ရှက်ဖို့ကောင်းတယ်လို့ တွေးမိတာလဲလို့ မေးတာ"

“အော်... ငါ အနိုင်ကျင့်ဖူးတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ ဟေ့... အခုတော့ ငါတို့က သူငယ်ချင်းတွေ ဖြစ်နေပြီနော်၊ အဲလိုကြီး စိုက်မကြည့်နဲ့ဦး။ ဘာပဲဖြစ်ဖြစ်၊ သူက အလယ်တန်း ဒုတိယနှစ်တုန်းက ငါ့ကို ပြောတယ်... ငါလုပ်နေတာတွေက တကယ့်ကို ကလေးဆန်တယ်တဲ့။ သူက အနိုင်ကျင့်ခံနေရတဲ့ကြားထဲမှာတောင် တည်တည်ငြိမ်ငြိမ် ရှိနေတဲ့သူမျိုး။ အဲဒီအချိန်မှာ ငါ စဉ်းစားမိတယ်၊ ငါသာ သူ့နေရာမှာဆိုရင် သူ့လောက် ယုံကြည်မှု ရှိပါ့မလားလို့။ အဲဒီနေ့မှာတင် ငါ ရပ်လိုက်တာပဲ။ ငါ့လုပ်ရပ်တွေက အဲဒီအချိန်ကစပြီး တကယ့်ကို ကလေးကစားသလိုမျိုး ခံစားလာရလို့လေ"

“တကယ့် လူကောင်းတစ်ယောက်ပဲ"

“သူက တကယ့်ကို ကောင်းတာ။ ပြီးတော့ သူက စာလည်း တအားတော်တာဗျ။ တောက် သူ စာလုပ်ဖို့ ပြောတုန်းက လုပ်ခဲ့သင့်တာ။ ငါကတော့ ဆေးလိပ်သောက်ပြီး လူမိုက်ပုံစံ ဖမ်းနေတာနဲ့ပဲ... ချီးပဲ၊ ရှက်ဖို့ကောင်းလိုက်တာ"

ဒိုဂျင်က ပြုံးပြုံးလေးနဲ့ သူ့ရဲ့ ဇာတ်လမ်းကို အဆုံးသတ်လိုက်တယ်။ သူငယ်ချင်းတွေဆိုတာ တစ်ယောက်ကိုတစ်ယောက် လွှမ်းမိုးမှု ရှိတတ်ကြတာပဲ။

မာရူးက ဒေးမြောင်ကို လှည့်ကြည့်လိုက်တယ်။ အထက်တန်းကျောင်းဆိုတာ ကလေးတွေက ရင့်ကျက်ခြင်းနဲ့ မရင့်ကျက်ခြင်းရဲ့ နယ်စပ်ကို ဝင်ရောက်လာတဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ သူငယ်ချင်းတွေက မိသားစုထက်တောင် ပိုပြီး အရေးပါလာတတ်တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ စကားတစ်ခွန်းက မင်းရဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲစေနိုင်တယ်လေ။ ဒေးမြောင်က သူ့ကို ပြုံးပြတယ်။ အင်း... ဒါက ကောင်းတဲ့ လက္ခဏာပဲ။

‘ဘဝသစ်မှာ ရှင်သန်နေရတာ... ငါတစ်ယောက်တည်း ဘဝသစ် ရနေတာ မဟုတ်ဘူး၊ ငါတို့အားလုံး ဘဝသစ်မှာ အတူတူ ရှင်သန်နေကြတာပဲ။’

လူကောင်းတစ်ယောက်။ အဲဒီစကားလုံးကို တွေးလိုက်တာနဲ့ သူ ပြုံးမိသွားပြန်တယ်။

“ဘာလို့ ပြုံးနေတာလဲဟ” လို့ ဒိုဂျင်က မေးတာကို သူ ကြားလိုက်ရတယ်။

* * * * * * * * *

All Chapters