← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အတိတ်သို့ တကျော့ပြန်ခရီး

Name: Life, Once Again!

Author: 어진용, Wise Dragon

Status: Completed (1,303 Chapters)

Translator - Verna

စာစဉ် - (၂)

အခန်း(၁၁)

ယွန်းဂျုံတစ်ယောက် ပြဇာတ်ကလပ်အခန်းတံခါးကို စိတ်လှုပ်ရှားစွာနဲ့ လှမ်းကြည့်နေမိတယ်။

“အမလေး... တကယ်ပဲ ဂျူနီယာလေးတွေ ရောက်လာတော့မှာလား။ ရင်တွေလည်း တုန်လိုက်တာ...”

“ငြိမ်ငြိမ်လေး နေစမ်းပါဟ” လို့ ဒန်မီက ပြောလိုက်ပေမဲ့ ဒန်မီကိုယ်တိုင်လည်း သူ့လောက်နီးပါး စိတ်လှုပ်ရှားနေတယ်ဆိုတာ ယွန်းဂျုံ ကောင်းကောင်းသိပါတယ်။ ကြည့်လေ... ဒန်မီ့ခြေထောက်တွေ တုန်နေတာကိုပဲ ကြည့်။

“၁၂ ယောက်... တို့လိုချင်တဲ့ အရေအတွက်လောက်တော့ မပြည့်ပေမဲ့ ဒီလောက်ဆိုရင်ကို တော်တော်လေး အဆင်ပြေနေပါပြီ”

“လူဆယ်ယောက်ကျော်ရင်ကို ပြဇာတ်ကောင်းကောင်း တစ်ပုဒ် ကလို့ရပြီလေ!”

“ကလို့ရရင်တော့ ဟုတ်တာပေါ့။ ငါ့အထင်တော့ စင်မြင့်နောက်ကွယ်က အလုပ်တွေကို လုပ်မယ့်သူ နည်းနည်းပါးပါးတော့ ပါလာလိမ့်မယ်။ အဲဒါကိုလည်း ထည့်စဉ်းစားထားဦး” လို့ ဂျောင်ဟော့ခ်က ကြားဖြတ်ပြောလိုက်တယ်။

ယွန်းဂျုံကတော့ စိတ်ပျက်သလိုနဲ့ နှုတ်ခမ်းလေး ဆူသွားရှာတယ်။ ဂျောင်ဟော့ခ်ကတော့ အမြဲတမ်းပဲ... လက်တွေ့ကျကျတွေ လာပြောနေတော့တာပဲ။ အမြဲတမ်း အကျိုးအကြောင်းနဲ့ စဉ်းစားတတ်တာကတော့ ကောင်းပါတယ်၊ ဒါပေမဲ့...

“ကဲပါ... အကောင်းမြင်စမ်းပါ။ သူတို့အားလုံးက သရုပ်ဆောင်ပဲ လုပ်ချင်ကြမှာပါ” လို့ ယွန်းဂျုံက ပြောလိုက်တယ်။

“အေး... အဲဒါဆိုရင်တော့ ကောင်းတာပေါ့” လို့ ဂျောင်ဟော့ခ်က ပြန်ဖြေရင်း ထောင့်နားမှာရှိတဲ့ အိုးတစ်လုံးကို ရွှေ့လိုက်တယ်။ ဒါက လွန်ခဲ့တဲ့ ၆ နှစ်လောက်က သုံးခဲ့တဲ့ ပစ္စည်းတစ်ခုပဲ။ အဲဒါကို မြင်တော့...

“ငါတို့ အခုသုံးနေတဲ့ ဝတ်စုံတွေကိုလည်း တစ်နေ့ကျရင် ဂျူနီယာတွေက အမှိုက်လိုမျိုး ဆက်ဆံကြမလား မသိဘူးနော်”

“ဖြစ်နိုင်တာပဲ”

“စိတ်မကောင်းစရာကြီးပဲ”

“ဟေ့... တို့တွေ ကျောင်းဆင်းဖို့ နောက်ထပ် နှစ်နှစ်တောင် လိုသေးတာပဲကို”

ယွန်းဂျုံက အဲဒီလိုပြောပြီး ဂျောင်ဟော့ခ်ကို နောက်ဘက်ကနေ မဲ့ပြလိုက်တယ်။ ဒါက သူငယ်ငယ်ကတည်းက ရှိလာတဲ့ အကျင့်တစ်ခုပေါ့။ လူကြီးတွေကတော့ ပါးစပ်နဲ့ အဲဒီလို အသံတွေမလုပ်ဖို့ ခဏခဏ ဆူကြပေမဲ့ သူကတော့ ဒီအကျင့်ကို ဖျောက်လို့ မရသေးဘူး။

“သူတို့တွေ လာနေကြပြီ”

ဒန်မီက သူ့လက်ပတ်နာရီကို ကြည့်ပြီး ပြောလိုက်တယ်။

ယွန်းဂျုံကတော့ တံခါးဝကို စိတ်မရှည်သလိုနဲ့ လှမ်းကြည့်နေမိတယ်။ ၁၀ မိနစ်ပဲ လိုတော့တယ်။ ပထမနှစ်တွေ ရောက်လာဖို့ ၁၀ မိနစ်ပဲ လိုတော့တာ။

* * * * * * * * *

“နင် ဖွင့်လိုက်လေ”

“မ-မဟုတ်တာ၊ နင်ပဲ ဖွင့်ပါ”

“ဘာလဲ... နင် ကြောက်နေတာလား ”

“မဟုတ်ပါဘူး၊ ဒါပေမဲ့...”

“ဖွင့်မှာဖြင့် ဖွင့်စမ်းပါ”

“ဘာလို့ ငါ့ကိုပဲ ဖွင့်ခိုင်းနေတာလဲ၊ နင် ဖွင့်ပါလား”

“မဖွင့်ချင်ဘူး...”

“......”

မာရူးက သူ့သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ငြင်းခုန်နေတာကို ခဏလောက် ကြည့်နေပြီးမှ ရှေ့ကို ထွက်လာခဲ့တယ်။

သူ တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်တယ်။ နှစ်ပေါင်းများစွာ သုံးလာခဲ့လို့ ထင်ပါရဲ့၊ လက်ကိုင်ဖုလေးက တော်တော်လေးတော့ ဟောင်းနွမ်းနေပြီ။ သူ လှည့်လိုက်တဲ့အခါ တံခါးက တကျွီကျွီ အသံနဲ့ ပွင့်သွားတော့တယ်။

“အားလုံးနီးပါး ရောက်ကုန်ကြပြီပဲ။ ကဲ... စကြရအောင်”

အသံရှင်က မင်းဆောင်ပဲ ဖြစ်တယ်။ ဆံပင်ကတုံးလေးနဲ့ စီနီယာပေါ့။

ဒုတိယနှစ်တွေက အခန်းရဲ့ ဘယ်ဘက်ခြမ်းမှာ စုနေကြတယ်။ မာရူးကတော့ လောလောဆယ် ပထမနှစ် အုပ်စုရှိရာဘက်ကိုပဲ သွားလိုက်တာပေါ့။

“ကြိုဆိုပါတယ်။ အခုကစပြီး မင်းတို့အားလုံးက ကလပ်အသင်းဝင်တွေ ဖြစ်သွားပြီဆိုတော့ ငါ နည်းနည်း ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ အရင်ဆုံး တို့တွေ လုပ်စရာ တစ်ခုရှိတယ်။ အားလုံး... နောက်ကို လှည့်ကြည့်လိုက်ပါဦး”

ပထမနှစ်တွေ အကုန် နောက်လှည့်ကြည့်လိုက်ကြတယ်။ မာရူး အရင်က မတွေ့ဖူးတဲ့ ကျောက်သင်ပုန်းအဖြူလေးတစ်ခု ရှိနေတာကိုး။

အပေါ်ဆုံးမှာတော့ ဒုတိယနှစ် စီနီယာတွေရဲ့ နာမည်တွေကို ရေးထားတယ်။ အထူးသဖြင့် ‘လီယွန်းဂျုံ’ ဆိုတဲ့ နာမည်ကိုတော့ ‘ကလပ်ဥက္ကဋ္ဌ!’ ဆိုတဲ့ စာလုံးနဲ့အတူ အပြာရောင်နဲ့ ရေးထားတာ။

“အဲဒီမှာ မင်းတို့နာမည်တွေကို တစ်ယောက်ချင်းစီ လာရေးကြပါ။ ကိုယ်ယူထားတဲ့ အထူးပြုဘာသာရပ်ကိုလည်း ထည့်ရေးဦးနော်” လို့ မင်းဆောင်က ဆက်ပြောတယ်။

ကြည့်ရတာ စကားနည်းမယ့်ပုံရှိတဲ့ လူကောင်ကြီးကြီး ကျောင်းသားက အရင်ဆုံး ထလာတယ်။ သူက မာကာ အဖုံးကို ဖွင့်ပြီး စရေးတော့တာပဲ။ ပြီးတော့မှ မိန်းကလေး နှစ်ယောက်ကလည်း သူတို့နာမည်တွေကို လိုက်ရေးကြတယ်။

ဟောင်ဂွန်ဆော့၊ လီယူရင်၊ ကင်ဆိုယွန်း။

သူတို့ သုံးယောက်လုံးက ဒီဇိုင်းဌာနက။ ဆိုယွန်းက မာကာကို မာရူးဆီ လှမ်းပစ်ပေးပြီး မာရူးတို့ အုပ်စုကိုလည်း လိုက်ရေးဖို့ အချက်ပြလိုက်တာပေါ့။

“မာရူး ”

သူ့နောက်ဘက်ကနေ တစ်ယောက်ယောက်က ရေရွတ်လိုက်သံ ကြားလိုက်ရတယ်။ ဒီလို တုံ့ပြန်မှုမျိုးကိုတော့ သူ နေသားကျနေပါပြီ။ ကျောင်းပြီးလို့ လူသစ်တွေနဲ့ တွေ့တဲ့အခါတိုင်းလည်း သူ့နာမည်ကို ကြားရင် အမြဲတမ်း အံ့ဩတတ်ကြတာကိုး။

ငယ်ငယ်တုန်းကတော့ ဒါက သူ့အတွက် စိတ်ရှုပ်စရာ ဖြစ်ခဲ့ပေမဲ့ အသက်ကြီးလာတော့လည်း အကောင်းဘက်ကပဲ မြင်တတ်လာတယ်။ မှတ်ရလွယ်တဲ့ နာမည်တစ်ခု ပိုင်ဆိုင်ထားတာက ဘဝမှာ တကယ့်ကို အားသာချက်တစ်ခုပဲ မဟုတ်လား။

“မနေ့ကတော့ ငါတို့ မိတ်ဆက်ပြီးကြပြီဆိုတော့ ထပ်ပြီး မိတ်ဆက်မနေတော့ဘူးနော်။ တို့တွေက စီနီယာတွေဆိုပေမဲ့ မင်းတို့ ထင်သလောက် မဆိုးပါဘူး။ ဒါကြောင့် အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတာပေါ့၊ ဟုတ်ပြီလား ဒါပေမဲ့... မင်းတို့ အမှားလုပ်ရင်တော့ ငါတို့က ထောက်ပြရမှာပဲ။ ငါတို့က ဒီမှာ ပျော်ဖို့ချည်းပဲ လာကြတာမှ မဟုတ်တာ”

ဂျောင်ဟော့ခ်ရဲ့ စကားကြောင့် အခန်းထဲက အခြေအနေက ရုတ်တရက် တည်ငြိမ်သွားတော့တယ်။

“ဟေ့ကောင်... ဘာလို့ အားလုံးကို ခြောက်လှန့်နေတာလဲ။ ဂျူနီယာလေးတွေရဲ့ မိတ်ဆက်သံကို အရင် နားထောင်ကြရအောင်လေ”

မင်းဆောင်က လက်ခုပ်တစ်ချက်တီးလိုက်ပြီး ပထမနှစ် တန်းစီနေတဲ့ အဆုံးက ဂွန်ဆော့ကို ညွှန်ပြလိုက်တယ်။

“မင်းက အရပ်လည်း ရှည်တယ်၊ လူကောင်လည်း တော်တော် ထွားတာပဲ။ နာမည်က... ဟောင်ဂွန်ဆော့။ ကဲ... မင်းကပဲ အရင်စလိုက်ပါ။ နာမည်၊ ဒီကလပ်ကို ဝင်ရတဲ့ အကြောင်းရင်းနဲ့ မင်းရဲ့ ရည်မှန်းချက်တွေပေါ့။ တခြား ပြောချင်တာရှိရင်လည်း ပြောလို့ရတယ်နော်”

မင်းဆောင်က ပြုံးပြုံးလေးနဲ့ ထိုင်ချလိုက်တယ်။

“မင်္ဂလာပါ၊ ကျွန်တော်က ဒီဇိုင်းဌာနက ပထမနှစ် ဟောင်ဂွန်ဆော့ပါ။ ကျွန်တော် ဒီကျောင်းကို လာခဲ့တာက ဒီကလပ်ကို ဝင်ချင်လို့ပါ။ နောင်တစ်ချိန်မှာ စီနီယာတို့ အားလုံးနဲ့အတူ ပြဇာတ်ကောင်းကောင်း တစ်ပုဒ်ကို တင်ဆက်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ပန်းတိုင်ကတော့ ဆိုးလ်အနုပညာစင်တာမှာ ပြဇာတ် ကပြဖို့ပါပဲ”

ဂွန်ဆော့က တည်ငြိမ်ပြတ်သားတဲ့ လေသံနဲ့ ပြောသွားတာ။ သူပြောသမျှ အရာအားလုံးက တကယ်ဖြစ်လာတော့မယ့်အတိုင်းပဲ။ ဒါက မောက်မာတာမျိုး မဟုတ်ဘဲ သူ့အသံထဲမှာ ယုံကြည်မှု အပြည့်ရှိနေတာကို မာရူး ခံစားရတယ်။

တကယ့်လူပါပဲ။ ကြည့်ရတာကတည်းက တခြားသူတွေနဲ့ မတူဘူး။ ဒီလို အိပ်မက်တွေ ရှိနေမယ်လို့ ဘယ်သူ ထင်မှာလဲ...

“နေဦး ဂွန်ဆော့။ မင်းက ပြဇာတ်ကလပ်ကြောင့်နဲ့ စက်မှုကျောင်းကို လာတက်တာလား ”

“ဟုတ်ကဲ့”

“တကယ်ကြီးလား ”

“ဟုတ်ကဲ့”

“ဘာဖြစ်လို့လဲ တခြားကျောင်းတွေမှာလည်း ပြဇာတ်ကလပ်တွေ ရှိတာပဲလေ”

“ကျွန်တော့်အစ်ကို ရှိခဲ့တဲ့ ပြဇာတ်ကလပ်ကိုပဲ ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ကြည့်ချင်လို့ပါ”

“အစ်ကို ”

“ဟုတ်ကဲ့”

ယွန်းဂျုံက ခဏလောက် စဉ်းစားနေပြီးမှ ဗီဒိုဆီကို ပြေးသွားတော့တယ်။ အဲဒီထဲမှာရှိတဲ့ မှတ်တမ်းစာအုပ်တွေက ကလပ်ရဲ့ သမိုင်းကြောင်းတွေကို သိမ်းဆည်းထားတာကိုး။

“မမေးလို့ မဖြစ်တော့ဘူး။ မင်းအစ်ကိုက ဘယ်သူလဲ ”

သူမကတော့ သိချင်စိတ်ကို ဘယ်လိုမှ ထိန်းမထားနိုင်တဲ့ ပုံစံမျိုးပဲ။ တကယ်တော့ ခုနကထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေသလိုပဲ။ တက်တက်ကြွကြွရှိလိုက်တာ။ ဟုတ်တယ်... အဲဒါက အသင့်တော်ဆုံး စကားလုံးပဲ။ တက်ကြွတာ။

“ဟောင်ဂွန်ဆူး ပါ၊ ကလပ်ရဲ့ ပထမဆုံး မျိုးဆက်ကပါ”

“...... ငါ ထင်တဲ့အတိုင်းပဲ”

အဲဒီနာမည်ကို ကြားလိုက်တာနဲ့ တစ်ကလပ်လုံးက ဆူညံသွားတော့တယ်။ ဒါကလည်း ဖြစ်သင့်ပါတယ်လေ။ မာရူးတောင် အဲဒီနာမည်ကို သိနေတာကိုး။

သူက မာရွန်နီယာပန်းခြံမှာ တစ်ကိုယ်တော် ပြဇာတ်တွေ ကပြရင်းနဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရတဲ့သူပဲလေ။ ပထမဆုံး သရုပ်ဆောင်တဲ့ ကားမှာတင် ဝေဖန်ရေးသမားတွေရဲ့ အသိအမှတ်ပြုမှုကို ရခဲ့သလို ဆုတောင် ရခဲ့သေးတာ။ နောက်ပိုင်းမှာတော့ သူက မော်ဒန်ပြဇာတ်တွေဘက်မှာ အဓိက လုပ်ဖြစ်နေတာပေါ့။

‘တကယ့်လူပဲ’

သူ ဘတ်စ်ကားမောင်းသမား လုပ်ဖို့ အလုပ်ထွက်ခဲ့တုန်းက အချိန်တွေကို သူ မှတ်မိနေသေးတယ်။ ဟောင်ဂွန်ဆူးရဲ့ ရုပ်ရှင်က ကြည့်ရှုသူ ၁၂ သန်းကျော်တဲ့အထိ အောင်မြင်ခဲ့တာလေ။ သူ ကားမောင်းနေရင်းနဲ့ ‘ဝိုး... အဲဒီလူကတော့ တကယ့် သရုပ်ဆောင်ကောင်းပဲ’ လို့ တွေးခဲ့တာကို သူ သေသေချာချာ မှတ်မိနေပါတယ်။

“လွန်ခဲ့တဲ့ တစ်ခေါက်က သူ့ကို ဒေးဟတ်ဂရိုမှာ တွေ့ခဲ့သေးတယ်။ လမ်းပေါ်မှာ သရုပ်ဆောင်နေတာလေ”

“ဟုတ်တယ်။ သူ အင်ဒီဒါရိုက်တာတစ်ယောက်ရဲ့ ရုပ်ရှင်မှာ ပါဝင်လိမ့်မယ်လို့ ငါ ကြားထားသေးတယ်”

“တကယ်လား ဝိုး... သရုပ်ဆောင် မိသားစုကြီးပေါ့ ဟုတ်လား ”

ဒုတိယနှစ်တွေကတော့ မျှော်လင့်ချက်တွေနဲ့ မျက်နှာတွေ ဝင်းပနေကြတော့တယ်။ ဂွန်ဆော့ ဘေးက မိန်းကလေးတွေတောင် သူ့ကို စိတ်လှုပ်ရှားစွာနဲ့ လှမ်းကြည့်နေကြတာ။

“အာ... အဓိကဇာတ်ဆောင်နေရာကတော့ ပါသွားပြီပေါ့” လို့ ဒိုဂျင်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်တယ်။ ဒေးမြောင်ကတော့ အားကျတဲ့ မျက်နှာနဲ့ ဂွန်ဆော့ကို ကြည့်နေတာပေါ့။

ကလပ်ခန်းထဲမှာ တော်တော်လေးကို အသက်ဝင်လာခဲ့ပြီ။ ဒါက ကောင်းတဲ့အချက်ပဲလို့ မာရူး တွေးလိုက်မိတယ်။ အနည်းဆုံးတော့ ဒီကောင်လေးက သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အများကြီး သိထားမှာလေ။ ဂွန်ဆော့ကသာ သူတို့ကို နည်းနည်းလောက် သင်ပေးမယ်ဆိုရင် အားလုံး အဆင်ပြေသွားမှာပါ။ အဲဒီအချိန်မှာပဲ တံခါးပွင့်လာပြီး နောက်ထပ် နှစ်ယောက် ဝင်လာပြန်တယ်။

“တောင်းပန်ပါတယ်!”

“ဆောရီးပါ!”

ကောင်လေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အခန်းထဲကို ခုန်ဝင်လာကြတယ်။ မာရူးကတော့ အံ့ဩသလိုနဲ့ ‘အော်...’ လို့ ရေရွတ်လိုက်မိတယ်။ ကောင်လေးက တော်တော်လေး ချောသလို မိန်းကလေးကလည်း ဝိုင်းစက်ပြီး လှပတဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားတာ။ နှစ်ယောက်လုံးက ကြည့်ရတာ ရင့်ကျက်တဲ့ ပုံစံမျိုးပဲ။

‘ကြည့်လို့ ကောင်းလိုက်တာ’

ဒုတိယနှစ်တွေက သူတို့ကို လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြတယ်။

“ကိစ္စမရှိပါဘူး။ အာ... မင်းတို့ သူတို့ကို မတွေ့ဖူးကြသေးဘူး မဟုတ်လား သူတို့က မနေ့ကမှ လျှောက်လွှာလာအပ်ကြတာလေ။ ကဲ... ရောက်ပြီဆိုမှတော့ မိတ်ဆက်ကြရအောင်”

ကောင်လေးက အုပ်စုကို သေသေချာချာ ဦးညွှတ်နှုတ်ဆက်လိုက်တယ်။

“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က လျှပ်စစ်အင်ဂျင်နီယာဌာနက ပထမနှစ် ပတ်ထယ်ဂျွန် ပါ”

“မင်္ဂလာပါရှင်! ကျွန်မက ကွန်ပျူတာဌာနက ပထမနှစ် ကင်အီဆိုး ပါ”

မင်းဆောင်က ကျောက်သင်ပုန်းကို ညွှန်ပြပြီး နာမည်ရေးဖို့ အချက်ပြလိုက်တယ်။ ဒေးမြောင်က သူတို့ကို မာကာဖောင် ကမ်းပေးလိုက်တာပေါ့။

“ကျေးဇူးပါ”

အီဆိုးက ဒေးမြောင်ဆီကနေ ပြုံးပြီး မာကာကို ယူလိုက်တော့ ဒေးမြောင်တစ်ယောက် ရှက်ရှက်နဲ့ မျက်နှာလွှဲသွားရှာတယ်။ သူတို့ နှစ်ယောက် နာမည်ရေးပြီးတဲ့ အချိန်မှာတော့ ကျောက်သင်ပုန်းပေါ်မှာ နာမည်တွေနဲ့ ပြည့်သွားတော့တယ်။

“ကဲ... မမ ဥက္ကဋ္ဌကြီး၊ ရှေ့ကို ထွက်ခဲ့ပါဦး”

ယွန်းဂျုံက ချောင်းတစ်ချက် ဟန့်ရင်း ရှေ့ကို ထွက်လာခဲ့တယ်။

“တို့တွေ ၁၂ ယောက်ဟာ အခုကစပြီး ဒီကလပ်မှာ တစ်နှစ်ပတ်လုံး အတူတူ အလုပ်လုပ်ကြရတော့မှာပါ။ ပင်ပန်းမှာ ဖြစ်ပေမဲ့ ဒီအချိန်အတွင်းမှာ ပြဇာတ်ကောင်းကောင်း တစ်ပုဒ်ကို တို့တွေ ဖန်တီးကြရအောင်! အခုတော့ ကလပ်နဲ့ ပတ်သက်တဲ့ အခြေခံ အချက်အလက်တွေကို ပြောပြသွားမယ်။ ပြီးရင် ဖုန်းနံပါတ်တွေလည်း အပြန်အလှန်ဖလှယ်ကြရအောင်။ အာ... ဒါနဲ့ တစ်ခုရှိတယ်။ ကလပ်မှာ ရည်စားထားတာကို တားမြစ်ထားတယ်နော်။ ဟုတ်ပြီလား ”

ယွန်းဂျုံက မျက်တောင်တစ်ချက် ခတ်ပြရင်း ပြောလိုက်တယ်။ အဲဒီအချိန်မှာ ဒိုဂျင်ရဲ့ မျက်နှာကြီး တစ်ခုလုံး ပျက်သွားတာကို မာရူး မြင်လိုက်ရတယ်။

“...... အဲဒါက လိမ်တာပါ! ကလပ်အကျိုးကို မထိခိုက်သရွေ့တော့ ရည်စားထားလို့ ရပါတယ်! ဒါပေမဲ့ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လာရင်တော့... ဘာဖြစ်မလဲ သိတယ်မဟုတ်လား ”

ယွန်းဂျုံက ဗီလိန်တစ်ယောက်လိုမျိုး မျက်နှာပေးနဲ့ ရယ်တော့တာပဲ။ တကယ့်ကို ထူးဆန်းတဲ့ လူစားမျိုးပါပဲ။ ဒန်မီက ထလာပြီး သူမရဲ့ ပုခုံးကို အားနဲ့ ဆွဲလိုက်တယ်။

“နင်ကတော့... စီနီယာပီပီသသ နေစမ်းပါဦး”

“ဘာဖြစ်လို့လဲလို့ ”

“ဟူး...”

ဒန်မီက ရှေ့ကို ထွက်လာပြီး သူ့ဖုန်းကို ထုတ်လိုက်တယ်။

“ဒီမှာ ဖုန်းမရှိတဲ့သူ ရှိလား ”

ဘယ်သူမှ လက်မထောင်ကြဘူး။

“ကောင်းပြီ။ ဒါဆို အကုန် ထုတ်လိုက်ကြ”

ပထမနှစ်တွေ အကုန် ဖုန်းတွေ ထုတ်လိုက်ကြတယ်။ ဖုန်းအစုတ်ကလေးတွေကနေ စလိုက်ဖုန်းတွေအထိ စုံလို့ပါပဲ။ မာရူးလည်း သူ့ဖုန်းကို ထုတ်လိုက်တာပေါ့။

“ငါတို့ ဖုန်းနံပါတ်တွေ ပေးမယ်၊ သေသေချာချာ မှတ်ထားကြဦး။ ကလပ်က တစ်ခါတလေ မမျှော်လင့်ဘဲ စုရတာမျိုးတွေ ရှိတတ်တယ်။ အထူးသဖြင့် ပြဇာတ်ကပြဖို့ နီးလာတဲ့ အခါမျိုးမှာပေါ့။ နားလည်လား ”

“နားလည်ပါတယ်!”

“ကောင်းပြီ... ယွန်းဂျုံ အရင်စလိုက်”

ဒုတိယနှစ်တွေက သူတို့နာမည်နဲ့ ဖုန်းနံပါတ်တွေကို တစ်ယောက်ချင်းစီ ပြောသွားကြတယ်။

“ကဲ... အခု ဂွန်ဆော့ကနေ စပြီး နာမည်နဲ့ ဖုန်းနံပါတ်တွေ ပြောကြဦး။ အကုန်လုံးလည်း လိုက်မှတ်ထားကြနော်။ တို့တွေက တစ်နှစ်ပတ်လုံး အတူတူ နေကြရမှာဆိုတော့ အခုကတည်းက သူငယ်ချင်းတွေ ဖြစ်အောင် လုပ်ထားကြရမယ်” လို့ ဒန်မီက ပြောတယ်။

ဂွန်ဆော့က ချက်ချင်းဆိုသလို စပြောတော့တာပဲ။ သူ့အသံက တော်တော်လေးကို အနက်အဓိပ္ပာယ် ရှိတာ။ နားထဲမှာ ကော်နဲ့ကပ်ထားသလိုမျိုး စွဲကျန်ရစ်စေတဲ့ အသံမျိုးပေါ့။ ဒါက သရုပ်ဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ ပါရမီများလား။ နောက်ဆုံးတော့ အီဆိုးအထိ မိတ်ဆက်လို့ ပြီးသွားခဲ့ပြီ။

“ကဲ... အဲဒါတွေ ပြီးပြီဆိုတော့ တို့တွေ ခဏလောက် စကားပြောကြရအောင်။ မင်းတို့ရဲ့ အကြောင်းလေးတွေ ဘာတွေပေါ့။ နေဦး... ငါ ဆိုင်သွားပြီး မုန့်တွေ သွားဝယ်လိုက်ဦးမယ်”

“ကျွန်တော် သွားလိုက်မယ်!” လို့ ဒိုဂျင်က အော်ပြောတယ်။

ဒန်မီက ပြုံးပြီး သူ့ကို လက်ယမ်းပြလိုက်တယ်။

“ရပါတယ်၊ မင်းကို နောက်ကျရင် ခိုင်းစရာတွေ အများကြီး ရှိဦးမှာ။ အခုလောလောဆယ်တော့ အနားယူပြီး ပျော်ပျော်နေလိုက်ဦး၊ ဟုတ်ပြီလား ”

ဒန်မီက ယွန်းဂျုံကို ခေါ်ပြီး ထွက်သွားတယ်။ တံခါးက တကျွီကျွီ အသံနဲ့ ပိတ်သွားတော့တယ်။ အဲဒီနောက်မှာတော့...

“ကဲ... ဂျူနီယာတို့”

မင်းဆောင်ရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားတော့တယ်။ သူက ပိုက်လုံးအစုတ်တစ်ခုကို ယူပြီး ခြိမ်းခြောက်တဲ့ မျက်နှာပေးနဲ့ အခန်းထဲကို တိတ်ဆိတ်သွားစေခဲ့တယ်။

‘ငါ ထင်သားပဲ’ လို့ မာရူး တွေးလိုက်မိတယ်။

စီနီယာတွေက သူတို့ကို တစ်ခုခု လုပ်ဖို့ ကြိုးစားကြလိမ့်မယ်ဆိုတာ သူ ရိပ်မိသားပဲ။

“ငါ အခုကတည်းက ကြိုပြောထားမယ်၊ ငါတို့က မင်းတို့နဲ့ အဆင်ပြေပြေ နေချင်တာပါ။ ငါက ပြုံးရတာကို ကြိုက်တယ်။ ဟုတ်ပြီလား ဒါပေမဲ့ တစ်ခါတလေကျရင်လည်း တခြားဟာတွေ လိုအပ်တာပေါ့”

သူက ပိုက်လုံးနဲ့ နံရံကို ဒုန်းခနဲ ရိုက်လိုက်တော့ ကလေးတွေ လန့်ပြီး တွန့်သွားကြတယ်။

“ဒါက အလကား ပြထားတာ မဟုတ်ဘူးနော်။ ငါ တကယ် ရိုက်မှာ။ မိန်းကလေးလား ယောင်္ကျားလေးလား မခွဲခြားဘူး”

ပထမနှစ်တွေကတော့ ကြောက်လန့်တကြားနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတော့တယ်။ မာရူးကလွဲလို့ပေါ့။ အတွေ့အကြုံဆိုတာ ဘယ်လောက် အရေးကြီးလဲဆိုတာ သူ အရင်ကထက် ပိုပြီး သဘောပေါက်သွားတယ်။ တကယ့် ကုမ္ပဏီကြီးတွေမှာ ခြိမ်းခြောက်ခံရတာနဲ့ ယှဉ်ရင် ဒါက ကလေးကစားစရာလိုပါပဲ။

တကယ်တော့ ကြည့်ရတာ ချစ်စရာတောင် ကောင်းနေသေးတယ်။ ဒီကောင်လေးက ကလပ်အပေါ် ဘယ်လောက်အထိ ဂရုစိုက်လဲဆိုတာကို သူ ခံစားရတယ်။ မင်းဆောင်က အာဏာပြချင်လို့ ဒီပိုက်လုံးကို ကိုင်ထားတာ မဟုတ်တာ သိသာပါတယ်။

တကယ်တော့ မင်းဆောင်ရဲ့ လက်တွေ နည်းနည်း တုန်နေတာကိုတောင် မာရူး မြင်နေရသေးတယ်။ စီနီယာတွေဆီကနေ သင်လာခဲ့ပြီးမှ သူကိုယ်တိုင် ပထမဆုံးအကြိမ် လုပ်ကြည့်နေတာ ဖြစ်မှာပေါ့။

မာရူးက ဂျောင်ဟော့ခ်ဘက်ကို လှည့်ကြည့်လိုက်တယ်။ သူကလည်း တတ်နိုင်သလောက် တည်ငြိမ်အောင် နေနေပုံရပေမဲ့ သူလည်း တော်တော်လေး စိတ်လှုပ်ရှားနေတယ်ဆိုတာ သိသာလှပါတယ်။

“နားလည်လား ” လို့ မင်းဆောင်က မေးတယ်။

“ဟုတ်ကဲ့!”

“ကောင်းပြီ”

မင်းဆောင်က ပိုက်လုံးကို ပစ်ချလိုက်တယ်။ သူ နည်းနည်းတော့ စိတ်သက်သာရာ ရသွားပုံပဲ။

“တကယ်ပါ၊ အခုကစပြီး တို့တွေ ပျော်ပျော်ရွှင်ရွှင် နေကြရအောင်။ ဒါက တကယ့်ကို ကောင်းတဲ့ ကလပ်ပါ။ မင်းတို့ ဘယ်လောက် ကြိုးစားမလဲဆိုတဲ့အပေါ် မူတည်ပြီး ကောင်းမွန်တဲ့ အမှတ်တရတွေ အများကြီး ရလိမ့်မယ်။ ငါကတော့ ဂျောင်ဟော့ခ်နဲ့အတူ စင်နောက်ကွယ်က အလုပ်တွေကိုပဲ အဓိက လုပ်မှာဆိုတော့ မင်းတို့နဲ့ အချိန်အများကြီး ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ မမ စီနီယာတွေကတော့ မင်းတို့နဲ့ အတူရှိမှာဆိုတော့ သူတို့အပေါ် သေသေချာချာ ဆက်ဆံကြဦး၊ ဟုတ်ပြီလား ”

“ဟုတ်ကဲ့”

သူက ရိုးရိုးသားသားပဲ ပြောနေတာပါ။ မင်းဆောင်က ကလပ်အပေါ် ဘယ်လောက်အထိ ချစ်လဲဆိုတာ မာရူး ကောင်းကောင်း မြင်နေရတယ်။ ပထမနှစ်တွေရဲ့ မျက်နှာကလည်း ဒါကို ရိပ်မိသွားကြလို့ ထင်ပါရဲ့၊ တဖြည်းဖြည်းနဲ့ အေးဆေးသွားကြတယ်။

“ယွန်းဂျုံကတော့ နည်းနည်း ထူးဆန်းတယ်နော်။ အဲဒါကိုတော့ မင်းတို့ နေသားကျအောင် လုပ်ရလိမ့်မယ်”

“ဟက်...”

ဂျောင်ဟော့ခ်က နောက်ဘက်ကနေ မထိန်းနိုင်ဘဲ ရယ်မိသွားတော့တယ်။ ပထမနှစ်တွေကတော့ မရယ်ရဲကြသေးဘူး။ အားလုံးထဲမှာ တစ်ယောက်ကလွဲလို့ပေါ့။

“ဟင်း...” လို့ မာရူးကလည်း ရယ်လိုက်မိတယ်။ လူတွေ အများကြီးက သူ့ကို လှမ်းကြည့်နေကြတာကို သတိထားမိမှ သူ မျက်နှာလွှဲလိုက်တာပေါ့။

“မာရူး! ငါ မင်းကို သဘောကျတယ်။ လူဆိုတာ ဒီလိုပဲ ပြုံးနေရတာပေါ့”

မင်းဆောင်က မာရူးရဲ့ ပုခုံးကို ပြုံးပြုံးလေးနဲ့ ခပ်ဖွဖွ ပုတ်လိုက်တယ်။ ဒါက သူ့ရဲ့ တကယ့် အမူအရာ ဖြစ်မှာပါ။ သူက ပိုက်လုံးကိုင်ပြီး လူတွေကို ခြောက်လှန့်ရမယ့် လူစားမျိုး မဟုတ်ပါဘူး။ တကယ်လို့ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လာခဲ့ရင်တောင်...

မာရူးက ဂျောင်ဟော့ခ်ကို လှည့်ကြည့်လိုက်တယ်။ အဲဒီလူကသာ ဒီပိုက်လုံးနဲ့ တကယ် ရိုက်မယ့်သူမျိုး ဖြစ်လိမ့်မယ်။

“ရောက်ပြီ!”

ယွန်းဂျုံနဲ့ ဒန်မီတို့ အခန်းထဲ ပြန်ဝင်လာတော့ အနေရခက်တဲ့ အခြေအနေကြီးက လုံးဝကို ပျောက်ကွယ်သွားတော့တယ်။

အဲဒီအစား ချိုမြိန်တဲ့ အချိုရည်တွေနဲ့ အရသာရှိတဲ့ အာလူးကြော်တွေက နေရာယူလိုက်ပြီး သူတို့ရဲ့ ပထမဆုံး တွေ့ဆုံပွဲကို ပျော်ပျော်ရွှင်ရွှင်ပဲ အဆုံးသတ်လိုက်ကြပါတော့တယ်။

* * * * * * * * *

အခန်း(၁၂)

မာရူး ပထမဆုံးကြည့်ဖူးတဲ့ ပြဇာတ်ကတော့ ပြဿနာတွေနဲ့ လုံးပန်းနေရတဲ့ မိသားစုအကြောင်း ရိုက်ကူးထားတဲ့ ဟာသပြဇာတ်တစ်ခုပါ။ သူ တက္ကသိုလ်တက်နေတုန်းက သူငယ်ချင်းတွေနဲ့အတူ ရုံသေးသေးလေးတစ်ခုမှာ လက်မှတ်ဝယ်ပြီး သွားကြည့်ခဲ့တာပေါ့။

ကြည့်နေတုန်းမှာတော့ ဇာတ်လမ်းက တော်တော်လေး ရှုပ်ထွေးမယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ရိုးရိုးလေးပါ။ အမြဲတမ်း အရက်သောက်နေတဲ့ အဖေက တကယ်တော့ အရက်သမား မဟုတ်သလို၊ အမြဲတမ်း အော်ဟစ်ဆူပူနေတဲ့ အမေကလည်း တကယ်တော့ အရမ်းကြောက်တတ်တဲ့သူ ဖြစ်နေတယ်။ အိမ်မှာဆို အမြဲတမ်း ဆဲဆိုနေတတ်တဲ့ သားကလည်း တကယ်တော့ ပရဟိတတွေ လိုက်လုပ်နေတဲ့ နူးညံ့တဲ့သူဖြစ်ပြီး၊ မိသားစုကို မုန်းတယ်လို့ အမြဲပြောနေတဲ့ သမီးကလည်း တကယ်တော့ သူ့မိသားစုကို အရမ်းချစ်တဲ့သူ ဖြစ်နေတာပါ။ နောက်ဆုံးမှာတော့ အချင်းချင်း နားလည်မှုတွေ ရသွားပြီး ဇာတ်သိမ်းသွားပါတယ်။

သရုပ်ဆောင်တွေရဲ့ မျက်နှာအမူအရာ တစ်ခုချင်းစီ၊ အသက်ရှူသံတွေနဲ့ ချွေးစက်ကလေးတွေအထိ အနီးကပ် မြင်တွေ့လိုက်ရတာက အဲဒီတုန်းက မာရူးအတွက်တော့ တကယ့်ကို အံ့အားသင့်စရာကြီး ဖြစ်ခဲ့တာပေါ့။ အဲဒီနေ့ကစပြီး မာရူးတစ်ယောက် ပြဇာတ်တွေကို ခပ်စိပ်စိပ် ကြည့်ဖြစ်လာတယ်။ သူ ရှုတင်မန်နေဂျာလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း ပြဇာတ်တွေကို ဝါသနာပါလို့ပါပဲ။

“ပြဇာတ်တဲ့လား...”

သူက စားပွဲကို ငုံ့ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ တစ်ချိန်က သူကိုယ်တိုင်လည်း သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ခဲ့ဖူးတာလေ။ စင်ပေါ်မှာ သရုပ်ဆောင်နေတဲ့သူတွေကို ကြည့်ပြီး ခဏတဖြုတ်တော့ အားကျခဲ့ဖူးတယ်။

သူတို့က သူတို့ဘဝကို သူတို့ ကျေနပ်နေကြပုံပဲ။ အဲဒီတုန်းက အလုပ်အကိုင် ရှာဖို့ ရုန်းကန်နေရတဲ့ မာရူးအတွက်တော့ သူတို့က တကယ့်ကို ကြည့်ကောင်းလွန်းနေတာကိုး။ ဒါပေမဲ့ စင်အောက်က သူတို့ရဲ့ ဘဝအမှန်ကို သိသွားတဲ့အခါမှာတော့ အဲဒီအတွေးကို ချက်ချင်းပဲ လက်လျှော့လိုက်ရတော့တာပေါ့။

“ဟေး... မာရူး”

စတုတ္ထအချိန် မစခင်လေးမှာ ဒိုဂျင်က လှမ်းခေါ်လိုက်တယ်။ နေ့လယ်စာ မစားခင် နောက်ဆုံးအချိန်ပေါ့။

“မင်းကို ကြည့်ရတာ တစ်ခါတလေကျရင် စိတ်နဲ့လူနဲ့ မကပ်သလိုပဲနော်”

“မကပ်သလို ဖြစ်နေတာ မဟုတ်ဘူး၊ တကယ်ကြီး မကပ်နေတာ။ အိပ်ချင်နေလို့ပါကွာ”

“မဟုတ်ပါဘူး၊ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ။ မင်း ညက...”

[[တစ်ညလုံး အာသာဖြေနေတာလား ]]

ဒိုဂျင်ရဲ့ ခေါင်းပေါ်မှာ စာသားပူဖောင်းလေး တစ်ခု ပေါ်လာတာကြောင့် မာရူး အံ့ဩသွားပြီး ပြုံးမိသွားတယ်။

“ဘာလို့ ရယ်နေတာလဲဟ”

“အာသာဖြေခဲ့လို့လေ၊ ဘာဖြစ်လို့လဲ”

“ဗျာ ”

ဒိုဂျင်ကတော့ ဇဝေဇဝါနဲ့ မျက်မှောင်ကြုတ်ကြည့်နေတော့တာပေါ့။

“ဒါနဲ့... မင်း မက်ဆေ့ချ် ရပြီလား”

မာရူးက စကားလမ်းကြောင်း လွှဲလိုက်တယ်။ ဒိုဂျင်က သိပ်ပြီး စူးစမ်းတတ်တဲ့သူ မဟုတ်လို့ တော်သေးတာပေါ့။

“ကျောင်းဆင်းရင် လူစုကြမယ်ဆိုတာလား”

“အင်း”

“ရတာပေါ့၊ ဒါပေမဲ့ ဘာလို့ လူစုကြမှာလဲ”

“ဘယ်သူသိမှာလဲ”

မာရူး အတန်းထဲမှာ အဲဒီအကြောင်းကို ဆက်ပြီး စဉ်းစားနေပေမဲ့ အဖြေတော့ မထွက်လာပါဘူး။ နောက်ဆုံးတော့ အတန်းပြီးသွားပြီး ပထမနှစ်တွေ ထမင်းစားဆောင် သွားဖို့ ကြေညာချက် ထွက်လာတယ်။ ကလေးတွေကတော့ စစ်ပွဲတစ်ခု ဖြစ်နေသလိုမျိုး စင်္ကြံလမ်းတစ်လျှောက် ပြေးလွှားနေကြတော့တာပေါ့။

“အမလေး... ကြည့်စမ်း၊ ပြေးနေလိုက်ကြတာ”

ဒိုဂျင်က ပြောလိုက်တယ်။ အတန်းထဲမှာ သူတို့နှစ်ယောက်တည်း ကျန်ခဲ့တာကိုး။ သူတို့အတွက်ကတော့ အေးအေးဆေးဆေး စားရတာက အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ တကယ်တော့ နောက်ထပ် တစ်ယောက် ကျန်သေးတာပါ။ ဒေးမြောင်က သူတို့အုပ်စုထဲ ဝင်ဖို့ ဖြည်းဖြည်းချင်း လျှောက်လာတယ်။

“အား... ငါ နည်းနည်းတော့ ကြောက်နေတယ်”

ဒေးမြောင်က မမျှော်လင့်ဘဲ ပြောလာတယ်။

“ဘာကိုလဲ”

ဒိုဂျင်က မေးလိုက်တယ်။

“စီနီယာတွေ ဘာလုပ်မလဲဆိုတာ စိုးရိမ်လို့ပါ"

“မင်းကလည်း အပိုတွေ တွေးနေပြန်ပြီ”

“ဒါပေမဲ့ စောစောက မင်းလည်း မြင်တယ်မဟုတ်လား၊ ဟိုဘိလိယက်တံကြီးလေ”

“အဲဒါကတော့ တကယ် ကြောက်စရာကြီးပါ”

“သူတို့ ငါတို့ကို တကယ် ရိုက်မှာလားမသိဘူးနော်”

“မဖြစ်နိုင်တာ”

မာရူးက စကားထဲ ဝင်ပြောလိုက်တယ်။

“ဂျောင်ဟော့ခ်ကတော့ တကယ် ရိုက်မယ့်ပုံပဲ”

“မဆန်းပါဘူးလေ”

ဒိုဂျင်နဲ့ ဒေးမြောင်ကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ကြတယ်။

“ဪ... လွန်ခဲ့တဲ့ ရက်နည်းနည်းက ငါ တတိယနှစ် စီနီယာတစ်ယောက်ကို ပြဇာတ်ကလပ်အကြောင်း မေးကြည့်ဖူးတယ်”

ဒိုဂျင်က သူတို့နှစ်ယောက်ကို အနားကပ်ဖို့ အချက်ပြရင်း ပြောပြတယ်။

“ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းက တစ်ခုခု ဖြစ်ခဲ့တယ်တဲ့။ အဲဒါကြောင့် တတိယနှစ်တွေ အကုန်လုံးနဲ့ ဒုတိယနှစ် တော်တော်များများ ထွက်သွားကြတာတဲ့”

“တကယ်လား ဘယ်လို မတော်တဆမှုမျိုးလဲ ရန်ဖြစ်ကြတာလား... ”

“အသေးစိတ်တော့ ငါလည်း မသိဘူး။ အဲဒီစီနီယာကလည်း သိပ်မသိဘူးတဲ့”

“မတော်တဆမှု... ဟုတ်လား”

မာရူးက ဖြစ်နိုင်ခြေ တချို့ကို စဉ်းစားကြည့်လိုက်တယ်။ ပထမတစ်ခုက ကျောင်းသားနှစ်ယောက် တွဲကြရာကနေ ပြဿနာတက်တာမျိုး။ ဒါပေမဲ့ ဒီကျောင်းက ရည်းစားထားတာကို သိပ်ပြီး အရေးတယူ လုပ်တဲ့ကျောင်း မဟုတ်ပါဘူး။ ဆရာတွေတောင်မှ ရံဖန်ရံခါ ကျောင်းသားတွေ တွဲနေကြတာကို စနောက်တတ်ကြသေးတာပဲ။ စာမေးပွဲအမှတ်ကို မထိခိုက်သရွေ့တော့ တွဲလို့ ရတာပဲလေ။

ယွန်းဂျုံကိုယ်တိုင်လည်း ကလပ်ထဲမှာ ပြဿနာမတက်သရွေ့တော့ ဘာမှ ပြောမယ့်သူ မဟုတ်ပါဘူး။ ဒါဆိုရင်... ရန်ဖြစ်တာလား ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တစ်ခုခု ဖြစ်ခဲ့တာလား။

“ငါတို့ မေးကြည့်သင့်လား”

“အချိန်တန်ရင် သိရမှာပါ”

“မမေးတာက ပိုကောင်းမယ် ထင်တယ်...”

သူတို့ သုံးယောက်သား ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ရင်း ပြောနေကြတော့တယ်။

* * * * * * * * *

“ရောက်လာကြပြီလား”

ကလပ်အစည်းအဝေးက စတုတ္ထထပ်က ကလပ်ခန်းမှာ မဟုတ်ဘဲ ငါးထပ်က ခန်းမကြီးထဲမှာ လုပ်တာပါ။ ဝတ်စုံတွေနဲ့ ပြဇာတ်ပစ္စည်းတွေက ဟိုတစ်စ ဒီတစ်စ ပြန့်ကြဲနေတာပဲ။

‘ဒါတွေ အကုန်လုံး ကလပ်ခန်းထဲ ပြန်ထည့်ရင်တော့ အခန်းက ကျဉ်းကျပ်သွားတော့မှာပဲ’ လို့ မာရူး ရိပ်မိလိုက်တယ်။ ကလပ်ခန်းက သူထင်ထားသလောက် မကျယ်ဘူးလေ။ ဒီပစ္စည်းတွေသာ အထဲရောက်သွားရင်... ၁၂ ယောက်လုံး ဝင်ဆံ့ဖို့တောင် မလွယ်လောက်ဘူး။

“ငါတို့ ဘာလို့ ခေါ်လိုက်လဲ သိကြတယ် မဟုတ်လား။ ဒန် ဒန့် ဒန်!”

ယွန်းဂျုံက ဝတ်စုံတွေကို စိတ်လှုပ်ရှားစွာနဲ့ လက်ညှိုးထိုးပြလိုက်တော့ ဂွန်ဆော့က မေးခွန်းတစ်ခုနဲ့ ပြန်တုံ့ပြန်တယ်။

“ဒါတွေ အကုန်လုံး ကလပ်ခန်းထဲ ရွှေ့ရမှာလား”

“ဟုတ်တယ်၊ ဒါပေမဲ့ အရင်ဆုံး အမျိုးအစား ခွဲရဦးမယ်။ တစ်ခါမှ မလွှင့်ပစ်ခဲ့ကြတော့ ပုံနေတာပဲ။ အကုန်လုံးက တန်ဖိုးရှိတဲ့ အမှတ်တရတွေဆိုပေမဲ့ မလိုတာတွေကိုတော့ စွန့်ပစ်ရလိမ့်မယ်”

ယွန်းဂျုံက ဝမ်းနည်းတဲ့ လေသံနဲ့ ပြောတယ်။ သူကတော့ အကုန်လုံးကို သိမ်းထားချင်တာပေါ့။

“ဘယ်လို ခွဲရမလဲဟင်”

မာရူးက မေးလိုက်တယ်။

“အင်း... ကြည့်လိုက်လို့ လိုမယ်ထင်ရင် ဘယ်ဘက်မှာ ထား၊ မလိုဘူးထင်ရင် ညာဘက်မှာ ထားလိုက်လေ”

“......”

“......”

ခဏလောက် တိတ်ဆိတ်သွားတယ်။ အမလေး... ယွန်းဂျုံရယ်။ မင်းကတော့ ဒါကို လုပ်ချင်ပုံ မရဘူးပဲ။ တစ်ယောက်ယောက်က အတင်းခိုင်းလို့ လုပ်နေရတာ ဖြစ်မှာပါ။

အဲဒီ တစ်ယောက်ယောက်ဆိုတာကတော့...

“ပျက်စီးနေတဲ့ အခြေအနေပေါ် မူတည်ပြီး ခွဲလိုက်ကြ။ အဝတ်အစားတွေမှာ အပေါက်ကြီးတွေ ပါနေရင် ညာဘက်မှာ ထားလိုက်။ ပြဇာတ်ပစ္စည်းတွေထဲကလည်း သုံးလို့မရအောင် ပျက်နေရင် ညာဘက်မှာ ထား။ နားလည်တယ်နော် ”

ဂျောင်ဟော့ခ်က ပြောလိုက်တယ်။

အဲဒါပေါ့၊ ဒီလူပဲ ဖြစ်ရမယ်။

“ဟောင်းနေတဲ့ အရာတွေကတော့ ပျက်စီးမှာပဲလေ။ ဒါပေမဲ့ ဒါတွေမှာ အမှတ်တရတွေ ရှိတယ်၊ လွှင့်ပစ်လိုက်ရင်တော့...”

ယွန်းဂျုံက ရှေ့တိုးပြီး ပြောပေမဲ့ ဂျောင်ဟော့ခ်က ဂရုမစိုက်ဘဲ ကျော်သွားတာပဲ။

သူ့ကိုကြည့်ရတာ ကလပ်အကြောင်း မိတ်ဆက်တုန်းက စိုးရိမ်နေတဲ့ ပုံစံမျိုးနဲ့ တခြားစီပဲ။ ဒါက သူ့ရဲ့ ပုံစံအမှန် ဖြစ်မှာပါ။

“ဟေ့၊ ဟေ့! ဒါလေးတော့ မလွှင့်ပစ်ပါနဲ့၊ နော် ”

တချို့တွေကတော့ ဘယ်အချိန်ကြည့်ကြည့် ဒီပုံစံအတိုင်းပါပဲ။ အထူးသဖြင့် ယွန်းဂျုံကတော့ ရိုးရာဝတ်စုံလေးကို လက်ကနေ မချနိုင်အောင် ဖြစ်နေတာ။

ဒါပေမဲ့ ဂျောင်ဟော့ခ်ကတော့ တကယ့်ကို ရက်စက်ပါတယ်။ အဲဒီဝတ်စုံလေးက ညာဘက်ခြမ်းကို လွင့်စင်သွားတော့တာပဲ။ နားလည်ပေးလို့လည်း ရပါတယ်။ အဲဒီဝတ်စုံက အဝတ်စုတ်ကလေးတွေ ဖြစ်နေပြီလေ။

“ဘူးးးး...”

ယွန်းဂျုံက နောက်ဆုံးတန်းကနေ နှုတ်ခမ်းဆူပြတယ်။

ဂျောင်ဟော့ခ်က ရှက်ရှက်နဲ့ သက်ပြင်းချလိုက်ပြီး ပထမနှစ်တွေဘက် လှည့်ပြောတယ်။

“ဥက္ကဋ္ဌကို ဂရုမစိုက်နဲ့။ မသေချာဘူးဆိုရင် အလယ်မှာ ထားခဲ့လိုက်။ ငါတို့ ပြန်ကြည့်လိုက်မယ်”

သူကတော့ တော်တော်လေး စနစ်ကျတဲ့သူပဲ။ ဆရာတွေ သဘောကျမယ့် ကျောင်းသားမျိုးပေါ့။

“ကဲ... မြန်မြန်လုပ်ပြီး အိမ်ပြန်ကြရအောင်!”

ပထမနှစ်တွေ အလုပ်စကြတယ်။ မာရူးနဲ့ သူ့သူငယ်ချင်းတွေကတော့ လောလောဆယ် ပြဇာတ်ပစ္စည်းတွေကိုပဲ အရင်ကိုင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကတ်ကြေးတွေ၊ ဇွန်းတွေ၊ ပြီးတော့ ထူးဆန်းတဲ့ သံချောင်းတွေအထိ အပုံကြီးထဲမှာ ပါနေတာပဲ။ အဟောင်းစုတဲ့သူတွေဆီ ရောင်းလိုက်ရင်တောင် အမြတ်တော်တော် ရနိုင်မယ့် သံထည်တွေ အများကြီးပဲ။

“ဘုရားရေ... အများကြီးပဲဟ”

ဒိုဂျင်က ပြောလိုက်တယ်။

ဒေးမြောင်တောင်မှ မီးဖိုချောင်သုံး သံတူးရွင်းဟောင်းတစ်ခုကို ဆွဲထုတ်ရင်း

“ဟေး... ဒါမျိုး ငါ့အဘွားအိမ်မှာ မြင်ဖူးတယ်” လို့ ပြောနေသေးတယ်။

သူတို့တွေက ဘယ်လို ပြဇာတ်မျိုးတွေ ကခဲ့ကြတာပါလိမ့်။ ဖုန်းအဟောင်းတွေနဲ့ လက်ပတ်မျိုးစုံလည်း ပါသေးတယ်။ ဒီပစ္စည်းတွေက ဘယ်လောက်တောင် သက်တမ်းရင့်နေပြီလဲ။

ယွန်းဂျုံတစ်ယောက် ဒါတွေကို မလွှင့်ပစ်ချင်တာလည်း မဆန်းပါဘူး။ မာရူးတောင်မှ တစ်ခုချင်းစီမှာ ရှိနေတဲ့ အမှတ်တရတွေကို ခံစားနေရသလိုပဲ။

မာရူး နောက်လှည့်ကြည့်လိုက်တယ်။ ဂျောင်ဟော့ခ်က အလယ်က အပုံကို ဝေခွဲမရတဲ့ မျက်နှာနဲ့ ကြည့်နေတာ တွေ့ရတယ်။ သူ့ကြည့်ရတာလည်း တော်တော်လေးတော့ နှမြောနေပုံပဲ။ ပန်းချီကားတစ်ချပ်ကို အတန်ကြာ ကြည့်နေပြီးမှ ဘယ်ဘက်အပုံထဲ ထည့်လိုက်တယ်။

“အေးလေ... အဲဒါပေါ့!”

ယွန်းဂျုံက ဝမ်းသာအားရ ခုန်ပေါက်နေတယ်။

ချစ်စရာလေး။ ကြည့်ရတာ တကယ့်ကို ဖြူစင်တဲ့သူလေးပဲ။

‘... ဟေး မာရူး၊ မင်းလည်း အထက်တန်းကျောင်းသားပဲ။ သတိထားဦးလေ’

သူ့ရဲ့ အမြင်တွေက အသက် ၄၅ နှစ်အရွယ် လူကြီးတစ်ယောက်ရဲ့ အမြင်ဘက်ကိုပဲ ခဏခဏ ရောက်ရောက်သွားတယ်။ အဲလိုလုပ်လို့ မဖြစ်ဘူးလေ။ ဒီလူတွေကို လူကြီးတစ်ယောက်ရဲ့ အမြင်နဲ့ ကြည့်နေလို့ မရဘူး။ သူလည်း သူတို့လိုပဲ အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်အောင် နေရမယ်။

“ပင်ပန်းသွားကြပြီ!”

“ကဲ... တစ်ခုခု စားလိုက်ကြဦး”

မင်းဆောင်နဲ့ ဒန်မီက Choco Pieတွေနဲ့ အအေးဘူးတွေ သယ်ပြီး အခန်းထဲ ဝင်လာတယ်။ တာဝန်ခံဆရာ တေးဆစ်လည်း ပါလာတာပေါ့။

“ကြိုးစားကြဦး။ အရမ်းတော့ နောက်မကျစေနဲ့နော်၊ ဟုတ်ပြီလား အကြာကြီး လုပ်ရမယ်ဆိုရင် ငါ့ကို ဖုန်းဆက်လိုက်ဦး။ လုံခြုံရေးကို ငါ ပြောပေးထားမယ်”

ဆရာက ပြောပြီးတာနဲ့ ချက်ချင်းပဲ ပျောက်သွားတယ်။ မုန့်တွေဝယ်ပေးတာလည်း သူပဲ ဖြစ်မှာပါ။ ပြောရရင် မာရူး မေးချင်နေတဲ့ မေးခွန်းတစ်ခု ရှိတယ်။ သူ ဒန်မီဘက် လှည့်လိုက်တယ်။

“ဒီကလပ်ကို ဆရာကပဲ စတင်တည်ထောင်ခဲ့တာလို့ ကြားတယ်၊ ဟုတ်လား ”

“အာ... ဟုတ်တယ်၊ အစပိုင်းမှာ သူပဲ လူတွေစုပြီး ဒီကလပ်ကို စခဲ့တာ။ ‘မိုးပြာရောင်’ ဆိုတဲ့ နာမည်ကို ပေးခဲ့တာလည်း သူပဲ။ သူက ငါတို့ရဲ့ စီနီယာကြီးပေါ့”

“ဪ... နားလည်ပြီ”

“သူက လူကောင်းပါ”

ဒန်မီက သူ့ကို ဆိုဒါဘူးတစ်ဘူး ထပ်ပေးတာကို မာရူးက ဦးညွတ်ပြီး လက်ခံလိုက်တယ်။ ခဏလောက် အနားယူပြီး စားသောက်ပြီးတဲ့နောက်မှာတော့ အားလုံး အလုပ်ပြန်စကြတယ်။

“ဟို... စီနီယာ”

ဝတ်စုံတွေ ခွဲနေတဲ့ နေရာကနေ တစ်ယောက်ယောက် လက်ထောင်လိုက်တယ်။ ကိုယ်လုံးထွားထွားနဲ့ မိန်းကလေးပဲ။ သူ့မျက်နှာမှာ စိုးရိမ်တဲ့ အမူအရာ ဖြစ်နေတယ်။ ကင်ဆိုယွန်းလား ဆိုယွန်းဘေးက ဆံပင်ညိုညိုနဲ့ မိန်းကလေး ယူရင်းကလည်း စိုးရိမ်နေတဲ့ မျက်နှာနဲ့ပဲ။

မာရူး ထရပ်ပြီး ကြည့်လိုက်တယ်။ စီနီယာတွေလည်း အနားကို လျှောက်သွားကြတာ မြင်ရတယ်၊ သူတို့မျက်နှာတွေလည်း တူတူပဲ၊ ပျက်သွားကြတာပဲ။

“ဒါ ဘယ်သူလုပ်တာလဲ !”

ယွန်းဂျုံတစ်ယောက် အော်လိုက်မိတော့တယ်။

သူ့နဖူးမှာ သွေးကြောတွေ ထောင်လာတာကို မာရူး အတိုင်းသား မြင်နေရတယ်။ သူလည်း တခြား ပထမနှစ်တွေနဲ့အတူ အနားကို လျှောက်သွားလိုက်တယ်။

ကြမ်းပြင်ပေါ်မှာ ဝတ်စုံတွေ တန်းစီနေတာပဲ။ အကုန်လုံးက သန့်သန့်ရှင်းရှင်းလေးတွေ။ နေဦး... တစ်ခုချင်းစီမှာ အမည်းစက်လေး တစ်စက်စီ ပါနေတာပဲ။ မာရူး ခေါင်းငုံ့ပြီး အနီးကပ် ကြည့်လိုက်တယ်။

“စီးကရက် အပေါက်တွေပဲ” ဒိုဂျင်က ပြောလိုက်တယ်။ အားလုံးက သူ့ကို ဝေခွဲမရတဲ့ မျက်လုံးတွေနဲ့ လှည့်ကြည့်ကြတယ်။

“ဒီမှာလည်း၊ ဒီမှာလည်း၊ ဒီမှာလည်းပဲ။ ဒိုဂျင် ပြောတာ မှန်မယ် ထင်တယ်။ တစ်ယောက်ယောက်က စီးကရက်နဲ့ တမင် အပေါက်ဖောက်ထားတာပဲ”

ဂျောင်ဟော့ခ်က ဝတ်စုံတစ်ခုကို ယူပြီး သေသေချာချာ အနံ့ခံကြည့်လိုက်တယ်။

“အနံ့ရတယ်၊ သိပ်တော့ မပြင်းဘူး”

ဒုတိယနှစ်တွေကတော့ ပိုပြီး စိတ်ပျက်သွားကြပုံပဲ။ မာရူး ခဏလောက် စဉ်းစားကြည့်လိုက်တယ်။ ဒီနေ့က... တနင်္လာနေ့။ စီနီယာတွေက ဒါတွေကို သောကြာနေ့မှာ ရွှေ့ထားကြတာလို့ ကြားတယ်။

“သောကြာနေ့တုန်းက ဒီဝတ်စုံတွေက ဒီအတိုင်းပဲလားဟင် ” သူ မေးလိုက်တယ်။

“မဖြစ်နိုင်တာ။ အဲဒီတုန်းက ဘာမှ မဖြစ်ဘူး။ အထူးသဖြင့် ဒီဝတ်စုံနှစ်ခုဆိုရင် အရမ်းဈေးကြီးလို့ ငါတို့ အသေသေချာချာ သိမ်းထားတာ”

“ဒါဆို သောကြာနေ့ကနေ အခုအချိန်အတွင်းမှာ ဖြစ်သွားတာပေါ့”

“မဖြစ်နိုင်ဘူး”

ဂျောင်ဟော့ခ်က ခေါင်းခါပြတယ်။

“စနေနေ့ပြီးတာနဲ့ ခန်းမတံခါးကို ငါတို့ သေသေချာချာ ပိတ်ခဲ့တာ။ အခုမှ ငါကိုယ်တိုင် ပြန်ဖွင့်တာလေ”

“ဒါဆို သောကြာနေ့ကနေ စနေနေ့အတွင်းမှာ ဖြစ်တာပေါ့”

“ဟုတ်တယ်”

“ဆရာတွေကတော့ ဒီမှာ ဆေးလိပ်သောက်မှာ မဟုတ်ဘူး”

“ဒါဆို ကျောင်းသားတွေပဲ ဖြစ်ရမယ်။ တတိယနှစ်တွေ ဖြစ်နိုင်တယ်”

အဲဒီအချိန်မှာပဲ မာရူးရဲ့ ခေါင်းထဲမှာ တစ်ခုခုကို ပြန်မြင်ယောင်လာတယ်။ ဒိုဝူးနဲ့ သူ့သူငယ်ချင်းတွေ စီးကရက်ကိုယ်စီနဲ့ အပြင်ထွက်လာကြတာကို သူ မြင်ခဲ့တာ သတိရသွားတယ်။

အဲဒီတုန်းက သူတို့ ခန်းမအကြောင်း ပြောနေကြတာလား ဂျောင်ဟော့ခ်က မာရူးရဲ့ မျက်နှာ ပျက်သွားတာကို သတိထားမိပုံရတယ်။

“မင်း တစ်ခုခု သိနေတာလား ”

မာရူး ခေါင်းခါပြလိုက်တယ်။ ဘယ်သူ့ကိုမှ လက်ညှိုးမထိုးချင်သေးဘူးလေ။

“မဟုတ်ပါဘူး၊ ဘယ်သူ လုပ်နိုင်မလဲဆိုတာ စဉ်းစားနေတာပါ”

“ဟူး... ဒါကို တခြားသူတွေကို မပြောကြနဲ့ဦး၊ ဟုတ်ပြီလား ပြဇာတ်ကလပ်ရဲ့ နာမည်က အရင်ကတည်းက နည်းနည်း ပျက်နေတာ။ ဒါကို တခြားသူတွေ သိသွားရင် ငါတို့အတွက် ပိုဆိုးသွားလိမ့်မယ်။ အဲဒါကြောင့်... လောလောဆယ်တော့ လျှို့ဝှက်ထားကြရအောင်”

ဂျောင်ဟော့ခ်က အခြေအနေကို ချက်ချင်းပဲ ထိန်းလိုက်တယ်။ ဒီလူက ဘာလို့ ဥက္ကဋ္ဌ မဟုတ်ရတာလဲဆိုတာ တွေးစရာပဲ။

“အပေါက်ပါတဲ့ ဝတ်စုံတွေကို ဒီဘက်မှာ ထားလိုက်။ ငါတို့ ပြန်ပြင်လို့ ရပါတယ်။ ကဲ... အလုပ်ပြန်လုပ်ကြရအောင်။ ဒါကို အမြန်လက်စသတ်မှ ဖြစ်မယ်”

“ဟုတ်ကဲ့!”

ခန်းမကြီးထဲမှာ ပြဇာတ်ပစ္စည်းတွေ ရွှေ့ပြောင်းသံတွေ ပြန်လည် ဆူညံသွားတော့တယ်။

* * * * * * * * *

All Chapters