← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း(၁၃)

“ဒါက နည်းနည်းတော့ များသွားပြီ”

ဒေးမြောင်ကလည်း တော်တော်လေး စိတ်မကောင်းဖြစ်နေပုံရတယ်။ ကိုယ်ပိုင်ပစ္စည်းလေးတွေ အဖျက်ဆီးခံလိုက်ရသလိုမျိုးကို ခံစားနေရတာ။

“မင်း တစ်ခုခု သိထားတာ ရှိလား၊ မာရူး”

ဒိုဂျင်က လှမ်းမေးတယ်။

“ငါလား လောလောဆယ်တော့ မသိသေးဘူး”

“လောလောဆယ်တော့ ဟုတ်လား”

မာရူးက သူ့ကို လက်ကာပြပြီး လူစုခွဲလိုက်တယ်။

ကန်ဒိုဝူး... အဲဒီကောင်ကတော့ သံသယဖြစ်စရာ အကောင်းဆုံးပဲ။ ဒါပေမဲ့ လူတစ်ယောက်ကို အပြင်ပန်းရုပ်ရည်ကြည့်ပြီးတော့တင် ဆုံးဖြတ်လို့တော့ မရဘူးလေ။ အရင်ဘဝတုန်းက ရုပ်ရည်ကြောင့်နဲ့တင် ဘဝပျက်သွားခဲ့ရတဲ့ လူတွေကို မာရူး အများကြီး မြင်ဖူးခဲ့တာကိုး။

အတန်းတွေက ၅ နာရီမှာ ပြီးသွားတာဆိုပေမဲ့ အခုတော့ ၆ နာရီတောင် ကျော်နေပြီ။ သူတို့အခန်းထဲမှာလည်း ဆရာတချို့ ရံဖန်ရံခါ ဖြတ်သွားတာကလွဲလို့ ဘယ်သူမှ မရှိတော့ဘူး။

“တတိယနှစ်တွေထဲက တချို့ကတော့ ညဘက်အထိ စာဆက်ကျက်ဖို့ ကျောင်းမှာ ကျန်ခဲ့ကြတာကို ငါ သတိထားမိတယ်”

“သူတို့တွေ အကုန်လုံးက ဆော့နေကြတာမှ မဟုတ်တာ။ တချို့က အလုပ်ရဖို့၊ တချို့က တက္ကသိုလ်တက်ဖို့ ကြိုးစားနေကြတာလို့ ငါ ကြားတယ်”

ဒေးမြောင်က မျက်နှာကျက်ကို ကြည့်ရင်း ပြန်ဖြေတယ်။

ခန်းမထဲက ထွက်လာတော့ အတန်းတချို့မှာ မီးလင်းနေတုန်းပဲ။ တက္ကသိုလ်ဝင်ခွင့်အတွက် စာလုပ်နေတဲ့ ကျောင်းသားတွေ စုနေကြတာ ဖြစ်မှာပေါ့။

“စက်မှုကျောင်းဆိုတော့ အကုန်လုံးက ပျော်ပျော်ပါးပါးပဲ နေကြမယ်လို့ ငါ ထင်ခဲ့တာ” ဒိုဂျင်က ပြောတယ်။

“တတိယနှစ်တွေအတွက်တော့ ခံစားချက်ချင်း တူမှာမဟုတ်ဘူးလေ။ ငါလည်း တက္ကသိုလ်တော့ သွားချင်တာပဲ”

“မင်းက ဘယ်ကို သွားချင်လို့လဲ”

“လောလောဆယ်တော့ ဆိုးလ်ထဲက တစ်နေရာရာပေါ့”

“ဟား... မင်းက စာတော်လို့လား”

သူတို့နှစ်ယောက် စကားပြောနေတာကို နားထောင်ရင်း မာရူး အတန်းတံခါးကို ဖွင့်လိုက်တယ်။ လျှပ်စစ်အင်ဂျင်နီယာဌာန၊ အတန်း (ခ)။ ပြတင်းပေါက်ကနေတစ်ဆင့် အပြင်က ကွင်းပြင်ကြီးကို မြင်နေရတယ်။ ထောင့်စွန်းတစ်နေရာမှာ ဘတ်စကက်ဘော ကစားနေတဲ့သူ တစ်ယောက်စ၊ နှစ်ယောက်စ ရှိနေတုန်းပဲ။

“သွားကြစို့”

မာရူးက လွယ်အိတ်ကို ကောက်လွယ်ပြီး ထွက်လာခဲ့တယ်၊ သူ့နောက်ကနေ သူငယ်ချင်းနှစ်ယောက်ကလည်း ကပ်လိုက်လာတာပေါ့။ ကျောင်းနားက စားသောက်ဆိုင်ရှေ့ ရောက်တော့ သူတို့ သုံးယောက် လမ်းခွဲလိုက်ကြတယ်။

လမ်းလျှောက်နေရင်း မာရူး ခဏလောက် ရပ်လိုက်မိတယ်။ သူက အိမ်ပြန်မယ့်အစား ကျောင်းရဲ့ ဘယ်ဘက်ခြမ်းဆီကို လမ်းကြောင်းပြောင်းလိုက်တာ။

နောက်ဆုံးတော့ နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ပစ်ထားတဲ့ ကျောင်းဘေးက ကစားကွင်းဟောင်းလေးရှေ့ကို သူ ရောက်သွားတယ်။

လေထဲမှာ နီရဲနေတဲ့ အစက်ကလေးတွေ ဝဲနေတာကို မြင်ရတယ်။ စီးကရက်တွေပေါ့။ မြို့ထဲက လူပေလူတေလေးတွေလေ။ တချို့က အုပ်စုလိုက် သောက်နေကြသလို တချို့ကတော့ တစ်ယောက်တည်း သောက်နေကြတယ်။ ဆရာတွေ ရံဖန်ရံခါ လာတတ်ပေမဲ့ ဒီကလေးတွေကတော့ တစ်ခါမှ အမိမခံရဘူး။

မာရူးကိုယ်တိုင်လည်း အရင်ဘဝတုန်းက ဒီနေရာမှာ ဆေးလိပ်သောက်ခဲ့ဖူးတဲ့ အမှတ်တရတွေ ရှိခဲ့တာပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ သောက်ပြီးတာနဲ့ ချက်ချင်း ပြန်လွှင့်ပစ်ခဲ့တာ။ သူ့လျှာထဲမှာ အရသာက တော်တော်လေး ဆိုးလွန်းလို့လေ။

မာရူးက စက်ဘီးကို ရပ်ပြီး အထဲကို လမ်းလျှောက်ဝင်သွားလိုက်တယ်။ ကလေးအများစုကတော့ အရပ်ဝတ်တွေနဲ့။ သူ့ကျောင်းက ကျောင်းသားတွေဆိုတာတော့ သေချာပါတယ်။ ယူနီဖောင်းဝတ်ထားတဲ့ သူတချို့လည်း ရှိတယ်၊ ဒါပေမဲ့ အဲဒါတွေက မိန်းကလေးတွေချည်းပဲ။ ဒုံဆောင် နိုင်ငံတကာကျောင်းက ဖြစ်မှာပေါ့။

အဲဒီကျောင်းက မာရူးတို့ကျောင်းနဲ့ တော်တော်လေး နီးတာဆိုတော့ ကျောင်းပွဲတော်တွေဆိုရင် တစ်ကျောင်းနဲ့တစ်ကျောင်း လာလည်ကြတာ များတယ်။ ဒီလူမိုက်လေးတွေက အဲဒီတုန်းကတည်းက သူငယ်ချင်း ဖြစ်ခဲ့ကြတာ နေမှာပါ။

ဒိုဝူးကို လိုက်ရှာကြည့်လိုက်တော့... အော်၊ ဟိုမှာပဲ။ သူ့အတန်းထဲက သူငယ်ချင်းတွေနဲ့အတူ ထောင့်တစ်နေရာမှာ ရှိနေတာ။ မရင်းနှီးတဲ့ မျက်နှာတစ်ခုလည်း ပါသေးတယ်။

တခြားကျောင်းကများလား ဘာပဲဖြစ်ဖြစ်လေ၊ သူက ဒိုဝူးနဲ့ပဲ စကားပြောချင်တာ။ မာရူးက ဒိုဝူးရှိတဲ့နေရာဆီ လျှောက်သွားလိုက်တယ်။

“ဒိုဝူး”

“... ဘာလဲ”

ကောင်လေးက မာရူးကို မြင်တော့ အံ့ဩသွားပုံပဲ။ သူက ကိုင်ထားတဲ့ စီးကရက်ကို သူ့သူငယ်ချင်းဆီ ကမ်းပေးလိုက်တယ်။

“မင်းကို မေးစရာလေး ရှိလို့”

“ငါ့ကိုလား ”

“အင်း”

“ဘာလဲ”

“ပြီးခဲ့တဲ့ စနေနေ့တုန်းက မင်း ခန်းမထဲမှာ ဆေးလိပ်သောက်ခဲ့တယ် မဟုတ်လား”

“စနေနေ့ ဘာဖြစ်လို့လဲ”

ဒိုဝူးက မာရူးကို မဲ့ပြုံးလေးနဲ့ ကြည့်နေတယ်။ ဒါဆို သူ သောက်ခဲ့တာ သေချာတာပေါ့။

‘ငါက အရင်ကတည်းက ဒီလောက်အထိ တည်ငြိမ်တတ်တာလား သူတို့ရဲ့ မျက်နှာအမူအရာတွေကိုလည်း ပိုပြီး ဖတ်တတ်လာသလိုပဲ’ မာရူး သတိပြုမိသွားတယ်။

အရင်ဘဝတုန်းကဆိုရင် သူက စိတ်သိပ်မရှည်တတ်ဘူး။ အထူးသဖြင့် မတရားတာ မြင်ရင်ပေါ့။ တခြားသူတွေကို တတ်နိုင်သလောက် ကူညီပေးတတ်တဲ့ လူစားမျိုး။ အဲဒါကြောင့်ပဲ သူ့အထက်လူကြီးနဲ့ ခဏခဏ ပြဿနာတက်ရသလို သူ့ကို တကယ် စိတ်ရင်းနဲ့ စကားပြောချင်တဲ့ ဝန်ထမ်းဆိုတာလည်း မရှိခဲ့ဘူး။ အဲဒါကြောင့်ပဲ သူက ဘတ်စ်ကားဆရာ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလေ။

ဒါပေမဲ့လည်း အရင်ဘဝတုန်းက သူက ဒီလောက်အထိ သတ္တိမကောင်းခဲ့ပါဘူး။ လူမိုက်တွေ စုနေတဲ့နေရာမျိုးထဲကို ဘာကြောက်စိတ်မှမရှိဘဲ လမ်းလျှောက်ဝင်သွားနိုင်မယ့်သူမျိုး မဟုတ်ဘူးလေ။

‘အသက်အရွယ်ကြောင့်လည်း ပါမှာပေါ့’

ဒါတွေကို လောလောဆယ် ဘေးဖယ်ထားလိုက်ရအောင်။

“မင်း အဲဒီမှာ ဆေးလိပ်သောက်နေတုန်း ဝတ်စုံတွေ ဘာတွေ တွေ့ခဲ့သေးလား”

“မတွေ့ပါဘူး၊ မင်းက ဒါကို ဘာလို့ လာမေးနေတာလဲ။ ဆရာ့ကို သွားတိုင်မလို့လား”

“ငါက အဲဒီလိုလူမျိုးလို့ မင်း တကယ် ထင်နေတာလား။ အလေးအနက် မေးနေတာပါ”

ဒိုဝူးက မြေပြင်ပေါ်ကို တံတွေးတစ်ချက် ထွေးလိုက်ပြီး မာရူးနားကို တိုးလာတယ်။

“တောက်! မင်းကတော့ ငါ့ကို တကယ် စိတ်တိုအောင် လုပ်နေတာပဲ”

“အဲဒါကတော့ မင်းရဲ့ ပုဂ္ဂိုလ်ရေးပြဿနာပါ သူငယ်ချင်းရာ။ ငါ့ကိုပဲ ပြောပြပါ၊ ငါးထပ်မှာ ဆေးလိပ်သောက်တုန်းက ပစ္စည်းတွေကို မြင်ခဲ့လား”

“အေး... မြင်ခဲ့တယ်။ ဘာဖြစ်လဲ”

ဒိုဝူးရဲ့ မျက်နှာက ပိုပြီး နီးကပ်လာတယ်။ စီးကရက်နံ့ကလည်း... ဘုရားရေ၊ တော်တော်လေး ပြင်းတာပဲ။

“သိချင်လို့ မေးကြည့်တာပါ...”

မာရူးက ဒိုဝူးရဲ့ မျက်လုံးတွေကို တည့်တည့် ပြန်ကြည့်လိုက်တယ်။ ကောင်လေးကတော့ မျက်တောင်တစ်ချက်တောင် မခတ်ဘူး။

“မင်း အဲဒီဝတ်စုံတွေကို စီးကရက်နဲ့ တို့ခဲ့သေးလား”

ဒါက သူ ပြောချင်တဲ့ အဓိကစကားပဲ။ ဒိုဝူးက ခဏလောက် ကြောင်သွားပြီး...

[[ဒီကောင် ဘာတွေ လာပြောနေတာလဲ ဘာအပေါက်တွေလဲ ]]

သူ့ခေါင်းပေါ်မှာ စာသားပူဖောင်းလေး တစ်ခု ဝဲလာတယ်။ ဒါဆိုရင်တော့ အဖြေက ရှင်းသွားပြီ။ ဒိုဝူးက ဝတ်စုံတွေနဲ့ ဘာမှမပတ်သက်ဘူး။ ဂျောင်ဟော့ခ် ပြောတာ မှန်လောက်တယ်၊ တတိယနှစ်တွေ လုပ်သွားတာ ဖြစ်မှာပါ။

“ဘာတွေ လာပြောနေတာလဲ မသိဘူး...”

ဒိုဝူးက ရေရွတ်လိုက်တယ်။ မာရူးကတော့ စကားကို အဲဒီမှာတင် ဖြတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။

“မင်းရဲ့ အချိန်တွေကို ဖဲ့ပေးလို့ ကျေးဇူးပဲ။ ဆက်သောက်ပါဦး။ ဒါပေမဲ့ အရမ်းတော့ မသောက်နဲ့ဦး၊ နောက်မှ ဒုက္ခရောက်နေဦးမယ်”

“ဘာ... ဘာပြောတယ်”

“မနက်ဖြန်မှ တွေ့မယ်”

အနည်းဆုံးတော့ ဒိုဝူးက တခြားသူရဲ့ ပစ္စည်းကို ဖျက်ဆီးမယ့် လူစားမျိုးတော့ မဟုတ်ဘူး။ ဒီအရွယ် လူမိုက်လေးတွေက လူကြည့်ကောင်းဖို့လောက်ပဲ စိတ်ဝင်စားကြတာကိုး။ ဒါပေမဲ့... တကယ့် လူယုတ်မာလေးတွေလည်း ရှိတတ်ပါသေးတယ်။ မာရူးက အပြင်မှာထားထားတဲ့ သူ့စက်ဘီးဆီကို ပြန်လျှောက်လာခဲ့တယ်။

* * * * * * * * *

ဒိုဝူးက ထွက်သွားတဲ့ မာရူးရဲ့ ကျောပြင်ကို ခဏလောက် စိုက်ကြည့်နေပြီးမှ သူ့သူငယ်ချင်းတွေဆီ ပြန်လာခဲ့တယ်။

“အဲဒီကောင်က ဘာလာလုပ်တာလဲ” သူ့သူငယ်ချင်းတွေက မေးကြတယ်။

“မသိဘူးလေ။ အကြောင်းပြချက်မရှိဘဲ ငါ့ကို လာရန်စနေတာ”

“သူက ဘာပြောလို့လဲ”

“ဝတ်စုံတွေကို စီးကရက်နဲ့ တို့ထားသလား ဘာလား လာမေးနေတာ”

“အာ! ဘာလဲ၊ အဲဒါလား”

သူ့သူငယ်ချင်းထဲက တစ်ယောက်က တစ်ခုခု သိနေတဲ့ပုံပဲ။ အဲဒီကောင်က လူကြည့်ကောင်းအောင် ခေါင်းစွပ်ဦးထုပ်ကြီး ဆောင်းထားတာ၊ ကြည့်ရတာ လမ်းဘေးက ကုန်သည်တစ်ယောက်နဲ့တောင် တူနေသေးတယ်။

“ဘာလဲ၊ မင်း တစ်ခုခု သိနေတာလား”

“မင်း စီးကရက်တစ်လိပ်သောက်ပြီးတာနဲ့ အိမ်သာသွားမယ်ဆိုပြီး ထွက်သွားတယ် မဟုတ်လား”

“အေးလေ”

“ငါတို့လည်း အပြင်ထွက်ဖို့ လုပ်နေတုန်း ထောင့်က ဝတ်စုံတွေကို တွေ့တာနဲ့ ခဏ လျှောက်ကြည့်လိုက်ကြတာလေ။ ပြီးတော့...”

သူက သူ့သူငယ်ချင်းကို ပြုံးစစနဲ့ ကြည့်လိုက်တယ်။ လေးယောက်သား တစ်ပြိုင်တည်း တဝါးဝါး ရယ်လိုက်ကြတော့တာပေါ့။ ဒိုဝူးလည်း ဘာဖြစ်ခဲ့လဲဆိုတာကို အဲဒီမှာတင် ရိပ်မိသွားတော့တယ်။

“ဒါဆို မင်းတို့ အပေါက်တွေ တို့လိုက်တာပေါ့ ဟုတ်လား”

“ဟေး... ဒါမျိုးလေး မပါရင် ဘယ်ကြည့်ကောင်းပါ့မလဲ”

“အေးလေ၊ သေချာတာပေါ့”

သူ့သူငယ်ချင်းတွေက စီးကရက်ကို တစ်ချက် ထပ်ဖွာလိုက်ပြီး ထွက်သွားတဲ့ မာရူးဆီကို လှမ်းအော်လိုက်ကြတယ်။

“ဟေ့! ဟန်မာရူး! အဲဒါ ငါတို့ လုပ်လိုက်တာကွ!”

မာရူးက နောက်ကို လှည့်ကြည့်တာကို သူ မြင်လိုက်ရတယ်။ ဒိုဝူးကတော့ သူ့သူငယ်ချင်းတွေကို ကြောင်ကြည့်နေမိတာပေါ့။ ဒီငတုံးက ဘာဖြစ်လို့ ဒါတွေကို အခုမှ လာအော်ပြောနေတာပါလိမ့် သူ့သူငယ်ချင်းကတော့ သူ့ကို အူကြောင်ကြောင် ပြန်ပြုံးပြတယ်။

“ဘာဖြစ်လို့လဲ ပျော်စရာကောင်းတယ် မဟုတ်လား”

“ပျော်စရာကောင်းတာထက် မင်းက တကယ့် ငတုံးပဲ၊ ဘုရားရေ”

“... ဘာပြောတယ် ဒါလေးလုပ်တာကို ဘာဖြစ်လို့ ငါ့ကို ငတုံးလို့ ခေါ်ရတာလဲ။ ဘာလဲ၊ မင်းက ကြောက်နေတာလား”

ကြောက်တယ်

ဒိုဝူးက စီးကရက်ကို မြေပြင်ပေါ် လွှင့်ပစ်လိုက်တယ်။ သူ တော်တော်လေး စိတ်ညစ်သွားပြီ။ ဒီလူတွေနဲ့ ပေါင်းလာတာ တစ်ပတ်လောက် ရှိပြီ... သူတို့နဲ့ စကားပြောဖြစ်တာကလည်း အလကားရတဲ့ စီးကရက်တွေကြောင့်ပဲ။ ပြီးတော့ အုပ်စုထဲမှာ မပါရင် လူတောမတိုးသလို ဖြစ်နေမှာစိုးလို့လေ။

“မင်း ဘာပြောလိုက်တာလဲ”

“ဘာလဲ၊ ငတုံးလို့ အခေါ်ခံရတော့ မင်းက စိတ်ဆိုးနေတာလား”

ခေါင်းစွပ်ဦးထုပ်နဲ့ကောင်က သိသိသာသာကို စိတ်တိုလာပြီ။ ကျန်တဲ့ သုံးယောက်ကလည်း ရယ်နေရာကနေ သူတို့နှစ်ယောက်ကြားကို ကြည့်နေကြတယ်။

“ဟက်၊ တကယ်ပါပဲ”

ဒိုဝူးက သူ့ဒေါသကို ပြန်ထိန်းလိုက်တယ်။ ဒီမှာ တကယ်ကြီး ရန်မဖြစ်ချင်ဘူး။ အစကတည်းက သူ ဆုံးဖြတ်ထားတာလေ။ သူက စာကို အသေအလဲ ကြိုးစားပြီး တက္ကသိုလ်ကောင်းကောင်း တက်မှာ။ ဒါက သူ့ရဲ့ အထက်တန်းကျောင်း ရည်မှန်းချက်ပဲ။

“မင်း တကယ် ကြောက်နေတာလား”

ခေါင်းစွပ်နဲ့ကောင်က သူ့ကို ပြုံးပြီး လှောင်တယ်။

ဒိုဝူးအတွက်တော့ သူ့ဒေါသကို ဖိထားဖို့ တော်တော်လေး ခက်လာပြီ။

“ဟေ့... ဟေ့... ကောင်လေးတို့၊ တော်လိုက်ကြတော့”

“စိတ်အေးအေးထားပါ ဒိုဝူးရာ”

“အေးလေ ဒိုဝူးကလည်း၊ ဘာလို့ စိတ်တိုနေတာလဲ။ ဟေ့... တို့တွေ ဂိမ်းဆိုင်ပဲ သွားကြရအောင်လေ”

သုံးယောက်သားက ခေါင်းစွပ်နဲ့ကောင်ကို ဝိုင်းချော့ကြတယ်။ အဲဒီကြားထဲမှာ ဒိုဝူးကို နှိမ်တဲ့ စကားလုံးတချို့ကိုလည်း မသိမသာ ညှပ်ပြောသွားကြသေးတာ။

ခေါင်းစွပ်နဲ့ကောင်က “ငါကတော့ စိတ်မဆိုးပါဘူး၊ အဲဒီကောင်ကပဲ အပိုတွေ လုပ်နေတာ” လို့ ပြောပြီး မြေပြင်ပေါ် တံတွေးထွေးလိုက်တယ်။

ဝိုး... ဒါပါပဲ။ ဒိုဝူးရဲ့ အမြင်အာရုံတွေက အဲဒီခေါင်းစွပ်နဲ့ကောင်ရဲ့ မေးစေ့ဆီမှာတင် ရပ်သွားတယ်။ အဲဒီနေရာကိုသာ တည့်တည့်ထိုးလိုက်ရင် အဲဒီကောင် မှောက်သွားမှာ သေချာတယ်။ အေး... တစ်ချက်တည်းပဲ။ အဲဒီကောင်ရဲ့ မိသားစုက တော်တော်ချမ်းသာတယ်ဆိုတာ သူ မှတ်မိပေမဲ့ ဘာပဲဖြစ်ဖြစ်လေ။ ဒီငတုံးကို အရင်ဆုံး ဆုံးမဖို့က အရေးကြီးတယ်။ ဒါပေမဲ့ သူက လက်သီးနဲ့ထိုးဖို့ ပခုံးကို နောက်ဆုတ်လိုက်တဲ့ အချိန်မှာပဲ...

“မင်းတို့ ဒါကို လုပ်လိုက်တာလား”

နောက်ဘက်ကနေ အသံတစ်ခု ထွက်လာတယ်။ မာရူးပဲ။ ဒီကောင် သူတို့ဆီကို ဘယ်အချိန်ကတည်းက ပြန်လျှောက်လာတာပါလိမ့် တခြားလူတွေကတော့ သတိထားမိလိုက်ပုံရတယ်။

“ငါကတော့ အမှိုက်တွေလို့ ထင်လို့ပါ။ ဟုတ်တယ်မလား သူငယ်ချင်းတို့”

ခေါင်းစွပ်နဲ့ကောင်က ပြောတယ်။ သူ့သူငယ်ချင်းတွေကလည်း လိုက်ပြီး ပြုံးဖြီးဖြီး လုပ်နေကြတာပေါ့။

“ဘာလို့ လုပ်တာလဲ။ သူများပစ္စည်းကို”

“အမှိုက်လို့ ထင်လို့ပေါ့။ ဘာလဲ၊ မင်းက နားမကြားဘူးလား”

ခေါင်းစွပ်နဲ့ကောင်က ရှေ့ကို တစ်လှမ်းတိုးလာတယ်။ ဒိုဝူးလည်း ရှေ့ကို တိုးဖို့ လုပ်လိုက်ပေမဲ့ မာရူးက သူ့ပခုံးကို လှမ်းဖမ်းလိုက်တယ်။

“အဲလိုလား” မာရူးက ပြောတယ်။

ဒိုဝူးက မာရူးရဲ့ လက်ထဲကနေ ရုန်းဖို့ လုပ်ကြည့်ပေမဲ့ ထင်ထားတာထက် ပိုပြီး တင်းကျပ်နေတယ်။ မာရူးက ဒိုဝူးကို သူ့စက်ဘီးရှိရာဆီအထိ ဆွဲခေါ်လာခဲ့တယ်။ အဲဒီအချိန်မှာ ဒိုဝူးက ဘာစကားမှတောင် ပြန်မပြောနိုင်တော့ဘူး။ ဒါက သူ့အတွက်တော့ တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စကြီးပဲ။

“ဒါဆို မင်း မသိခဲ့ဘူးပေါ့”

မာရူးက မေးတယ်။

“ဘာကိုလဲ”

“သူတို့ ဝတ်စုံတွေကို တို့လိုက်တာလေ”

“အဲဒါက အရေးကြီးလို့လား”

“အရေးကြီးတာပေါ့။ ဘာပဲဖြစ်ဖြစ်၊ မင်း မလုပ်ခဲ့ဘူးဆိုရင် ရပြီ”

“ဟေ့!”

ဒိုဝူးက မာရူးကို အော်လိုက်တယ်။ ဒီကောင်က သူ့ကို လုံးဝ လျစ်လျူရှုလွန်းနေတာကိုး။ ဒါပေမဲ့ သူက ထပ်ပြီး အော်ဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ အဟန့်ခံလိုက်ရပြန်တယ်။

“မင်း သူငယ်ချင်းကောင်းတွေ ရှာဖို့ ကြိုးစားသင့်တယ်။ အထက်တန်းကျောင်းက သူငယ်ချင်းဆိုတာ တစ်သက်လုံး မြဲတတ်တာကွ၊ သိလား ဒါနဲ့ စောစောက သည်းခံလိုက်တာ တော်တယ်။ မင်းရဲ့ ပခုံးတွေ ခဏခဏ တုန်နေတာကို ငါ မြင်နေရတယ်။ ငါသာ မင်းနေရာမှာဆိုရင်လည်း အဲဒီကောင်ကို ထိုးမိမှာပဲ”

“တောက်! မဟုတ်ဘူး၊ နားထောင်စမ်းဦး-”

“မင်းက တော်တော်လေး ရင့်ကျက်တာပဲ။ ရန်ပွဲမှာ သည်းခံနိုင်တဲ့လူကမှ တကယ့် လူကြီးကွ။ မနက်ဖြန်မှ တွေ့မယ်။ အပြင်မှာ အေးတယ်၊ အပြန်ကျရင် သတိထားဦး”

မာရူးက စက်ဘီးလေးစီးပြီး ထွက်သွားတော့ ဒိုဝူးက ခဏလောက် ကြောင်ပြီး စိုက်ကြည့်နေမိတယ်။

“ဟင်း...”

သူ ဘာမှတောင် ပြန်မပြောနိုင်တော့ဘူး။ ဘယ်လိုလူမျိုးပါလိမ့်...

“တောက်!”

သူက ရှေ့က ကျောက်ခဲကလေးကို ခပ်ပြင်းပြင်း ကန်လိုက်ပြီး ထွက်လာခဲ့တော့တယ်။ သူ့ရဲ့ ‘သူငယ်ချင်းတွေ’ ဆီကို ပြန်သွားဖို့ အကြောင်းမရှိတော့ဘူးလေ။ ပြီးတော့...

“အဲဒီကောင်က ဘာဖြစ်လို့ သူများစကားကို နားမထောင်တာပါလိမ့်...”

အာ! တကယ် စိတ်ညစ်ဖို့ကောင်းတာပဲ!

အပြင်မှာ လေက အေးနေပေမဲ့ သူ့ရင်ထဲမှာတော့ မီးတောက်နေသလိုပဲ။ နောက်ဆုံးတော့ ဒိုဝူးက စတိုးဆိုင်မှာ သူ့အတွက် ရေခဲမုန့်တစ်ချောင်း ဝယ်စားဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

* * * * * * * * *

အိမ်ပြန်ရောက်တော့ မာရူး ခဏလောက် စဉ်းစားနေမိတယ်။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲ ဆရာ့ကို ပြောပြလို့ ရတာပေါ့။ တေးဆစ်ဆိုရင်တော့ ဒီကလေးတွေကို အပြစ်ပေးမှာပဲ။

‘ဒါပေမဲ့ ငါက အထက်တန်းကျောင်းသားလေ’

အထက်တန်းကျောင်းသားတွေမှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိကြတယ်။ လူကြီးတွေကို ဒီထဲမှာ ဝင်ပါခိုင်းတာက သိပ်တော့ မကောင်းလှဘူး။ အထူးသဖြင့် ပထမနှစ် ကျောင်းသားတစ်ယောက်အနေနဲ့ပေါ့။

ပြီးတော့... ဂျောင်ဟော့ခ်ကိုယ်တိုင်ကလည်း ဒီကိစ္စကို အကြီးအကျယ် မဖြစ်စေချင်ဘူးလေ။

“အသင်းရဲ့ ဂုဏ်သိက္ခာကလည်း မကောင်းဘူးဆိုတော့... ဟင်း”

အခြေအနေသာ ဆိုးသွားရင် ပြဇာတ်ကလပ်ပဲ အပြစ်အတင် ခံရမှာ။ ဆရာတွေကိုတော့ ခဏ ထားလိုက်ဦးမယ်။ ဒါဆို သူ ဘာလုပ်သင့်လဲ

“ဖုံးကွယ်ထားလိုက်ရမလား”

ပျက်စီးသွားတဲ့ ဝတ်စုံက ငါးစုံတောင် ရှိတာ။ တချို့ကတော့ ဂါဝန်တွေဆိုတော့ ပြင်ရခက်ပေမဲ့ အဝတ်စလေးတွေနဲ့ ဖုံးလိုက်လို့တော့ ရနိုင်ပါတယ်။ ဒါဆိုရင်ကော သူ လျစ်လျူရှုထားလိုက်ရမလား ဒါမှမဟုတ် တစ်ယောက်ယောက်ကို ပြောပြလိုက်ရမလား

လျစ်လျူရှုထားလိုက်တာက သူ့အတွက်တော့ အများကြီး ပိုလွယ်တာပေါ့။ ဒါပေမဲ့ သူက အဲလို မလုပ်ချင်ဘူး။ အဲဒီအချိန်မှာပဲ သူ့အခန်းတံခါးကို တစ်ယောက်ယောက် လာခေါက်တယ်။ သူ့ညီမလေး ဖြစ်မှာပါ။

အေး... ဟုတ်သားပဲ။ သူမရဲ့ မျက်နှာလေးက တံခါးကြားကနေ ပြူထွက်လာတယ်။

“ကွန်ပျူတာ သုံးလို့ရမလား”

ထုံးစံအတိုင်း ဒီတောင်းဆိုချက်ပါပဲ။

“သုံးလေ”

“... တကယ်လား”

“ဘာလဲ၊ ငါက မင်းကို ထပ်ပြောနေရဦးမှာလား။ သုံးချင်ရင် သုံးလိုက်ပါ”

“ကိုကြီးက ဂိမ်းမဆော့ဘူးလား”

“မဆော့ပါဘူး”

အဲဒီအချိန်မှာပဲ သူ့ညီမက သူ့ကို ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကို ကြည့်သလိုမျိုး ကြည့်နေပြန်တယ်။

“ဘာလဲ၊ မင်း မသုံးချင်တော့ဘူးလား” မာရူးက မေးတယ်။

“သုံးမယ်လေ!”

မာရူးက ခေါင်းတခါခါနဲ့ ဧည့်ခန်းထဲကို ထွက်လာခဲ့တော့တယ်။

* * * * * * * * *

အခန်း(၁၄)

မာရူးရဲ့အမေ လီဆွန်ဂျီတစ်ယောက် အိပ်ရာထဲကနေ လန့်နိုးလာပြီး တီဗီရီမုဒ်ကို ကမန်းကတန်း လှမ်းဆွဲလိုက်တယ်။ ခလုတ်နှိပ်လိုက်တာနဲ့ တီဗီက "ဘိ" ခနဲ အသံမြည်ပြီး ပွင့်လာတော့တာပဲ။

“ဒုက္ခပါပဲ... ဘယ်လိုလုပ်ရပါ့”

မနက် ၇ နာရီ ၅၀ မိနစ်။ သမီးဖြစ်သူ ဘာဒါကတော့ ကျောင်းနဲ့နီးလို့ ၁၀ မိနစ်လောက် လမ်းလျှောက်သွားရင် အဆင်ပြေပေမဲ့ မာရူးကတော့...။

“နှိုးစက်က ဘာလို့မမြည်တာပါလိမ့်”

မာရူးတစ်ယောက် စိတ်တိုနေတော့မှာပဲလို့ တွေးပြီး အခန်းပြင်ထွက်လာတဲ့အခါမှာတော့ ပန်းကန်ဆေးနေတဲ့ မာရူးကို တွေ့လိုက်ရလို့ အံ့ဩသွားရတယ်။

“မာ... မာရူး ”

“မေမေ နိုးပြီလား။ ကျွန်တော် မေမေ့အတွက် မနက်စာ ပြင်ထားတယ်၊ အဝတ်အစားလဲပြီးရင် စားလိုက်ဦးနော်”

မာရူးက ပန်းကန်ထဲက ထမင်းကြော်ကို လက်ညှိုးထိုးပြတော့ ဆွန်ဂျီတစ်ယောက် ကြောင်တောင်တောင်နဲ့ ခေါင်းညိတ်ပြမိရှာတယ်။

“ဘာဒါရော ”

“ဟိုမှာလေ”

ဘာဒါကတော့ ဧည့်ခန်းထဲမှာ ပန်းသီးစားရင်း တီဗီကြည့်နေတာပေါ့။ အမေဖြစ်သူ ငေးကြည့်နေတာကို မြင်တော့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ လှမ်းမေးတယ်။

“မေမေ နိုးပြီလား”

“အေး... အေး။ သမီး စားပြီးပြီလား”

“အင်း။ ကိုကြီးက သမီးအတွက် မနက်စာ လုပ်ပေးတယ်”

“တော်သေးတာပေါ့”

ဆွန်ဂျီတစ်ယောက် ပင်ပင်ပန်းပန်းနဲ့ ထမင်းစားပွဲမှာ ထိုင်ချလိုက်တယ်။ မာရူးက ရေနွေးနွေးလေးတစ်ခွက် လာချပေးတော့ နောက်ထပ်တစ်ကြိမ် အံ့ဩသွားရပြန်တယ်။ ဒီရက်ပိုင်း သားဖြစ်သူဆီကနေ ထူးထူးဆန်းဆန်း အပြုအမူတွေ ခဏခဏ မြင်နေရတာကိုး။

“ဘာဖြစ်လို့လဲ မေမေ”

“မဟုတ်ပါဘူး... မေမေ အံ့ဩသွားလို့ပါ”

“အံ့ဩစရာ ဘာရှိလို့လဲဗျာ။ ကျွန်တော် သွားတော့မယ်နော်။ ဟင်းရည်သောက်ချင်ရင် မီးဖိုပေါ်မှာ ရှိတယ်”

“ဟင်းရည် ဘာဟင်းရည်လဲ”

သူမက မီးဖိုဆီကို မျက်လုံးအပြူးသားနဲ့ လှမ်းကြည့်လိုက်တယ်။

“ပဲနို့ဟင်းရည်ပါ။ ကောင်းကောင်းမွန်မွန် မချက်ပေးနိုင်လို့ စိတ်မရှိပါနဲ့။ မကြိုက်ရင်လည်း ထားခဲ့လိုက်ပါ၊ ကျွန်တော် ပြန်လာမှ စားလိုက်မယ်”

မနက်က နှိုးစက်သံကြောင့် သူနိုးလာခဲ့တာ။ မီးဖိုချောင်ထဲသွားတော့ အမေ့ကို မတွေ့တာနဲ့ အခန်းထဲ ချောင်းကြည့်လိုက်တော့ အမေက အိပ်ပျော်နေတုန်းပဲ။ အရင်ဘဝက သူဆိုရင်တော့ ထမင်းစားဖို့ အမေ့ကို အတင်းနှိုးမိမှာဖြစ်ပေမဲ့ အခုတော့ သူကိုယ်တိုင်ပဲ ဟင်းချက်လိုက်တော့တယ်။

သူ ခဏခဏ ချက်နေကျ ပဲနို့ဟင်းရည်ပေါ့။ သူ့ဇနီး လက်ရာလောက်တော့ မကောင်းပေမဲ့ စားလို့တော့ ရပါတယ်။ အနည်းဆုံးတော့ ညီမဖြစ်သူက ညည်းညူခြင်းမရှိဘဲ စားသွားတာပဲလေ။

“သွားပြီနော်”

“အေးအေး... ကားသတိထားဦးဦး”

အမေကတော့ အခုထိ ကြောင်တောင်တောင် ဖြစ်နေတုန်းပဲ။ မာရူးက လက်ဝှေ့ယမ်းပြပြီး အပြင်ထွက်လာခဲ့တယ်။

မတ်လလယ် ရောက်နေပြီဆိုပေမဲ့ ရာသီဥတုကတော့ အေးမြနေတုန်းပါပဲ။ အိမ်နားမှာ ရပ်ထားတဲ့ ကားမှန်တွေပေါ်မှာတောင် ရေခဲစလေးတွေ တင်နေတာကို တွေ့ရတယ်။ ရာသီဥတုလေး နည်းနည်း နွေးလာဖို့ မျှော်လင့်ထားပေမဲ့ ကောင်းကင်ကြီးကတော့ ခွင့်မပြုသေးတဲ့ပုံပဲ။

မာရူး လက်အိတ်စွပ်ပြီး စက်ဘီးကို နင်းလာခဲ့တယ်။ နားထဲမှာတော့ သီချင်းတွေနဲ့ပေါ့။ ဒါက သူ လွန်ခဲ့တဲ့ ၃ နှစ်လုံးလုံး ဖြတ်သန်းခဲ့တဲ့ လမ်းပဲလေ။ နောက်ထပ် ၃ နှစ်လည်း ဒီလမ်းကိုပဲ ထပ်သွားရဦးမှာ။ ရင်းနှီးနေတဲ့ ဆိုင်တွေ၊ သစ်ပင်တွေနဲ့ လူတွေကို ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ ကျောင်းကို ရောက်လာခဲ့ပြီ။ လမ်းမှာ ကျောင်းသားတချို့က သူ့ကိုကြည့်ပြီး စကားပြောနေကြတာကို သတိထားမိလိုက်တယ်။

“အားကျလိုက်တာကွာ။ သူတို့က အရပ်ဝတ်အရပ်စားနဲ့ဆိုတော့ လန်းနေတာပဲ”

“ငါတော့ ငါ့ကျောင်းဝတ်စုံကို တကယ်မုန်းတာ”

‘တစ်လလောက်ပဲ စောင့်ကြည့်လိုက်ကြပါဦး သူငယ်ချင်းတို့ရာ။ အဲဒီအချိန်ကျရင် မင်းတို့ ကျောင်းဝတ်စုံက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ သိလာပါလိမ့်မယ်’

မာရူး စက်ဘီးပေါ်က ဆင်းလိုက်တဲ့အချိန်မှာ ခြံစည်းရိုးကို ကျော်ဖို့ ကြိုးစားနေတဲ့ ကျောင်းသားတချို့ကို တွေ့လိုက်ရတယ်။

အော်... ဟို ဆံပင်တွေ ထောင်နေတာကို ကြည့်ရင်တော့ စည်းကမ်းထိန်းသိမ်းရေးဆရာဆီက ပါးရိုက်ခံရဖို့ သေချာနေတာပဲ။ မာရူးကတော့ အဲဒီပြဿနာ မရှိပါဘူး။ ဆံပင်တိုတိုလေးနဲ့ဆိုတော့ အမြန်လမ်းပေါ် မောင်းနေသလို နေလို့ကောင်းနေတာကိုး။

“မင်္ဂလာပါ ဆရာ”

“အေး... အေး”

မာရူး စည်းကမ်းထိန်းသိမ်းရေးဆရာနားကနေ အေးအေးဆေးဆေး ဖြတ်သွားနိုင်ခဲ့တယ်။ စက်ဘီးထားတဲ့နေရာမှာ သွားပြီး သော့ခတ်လိုက်တဲ့အချိန်မှာ တစ်ယောက်ယောက် အနားကို ချဉ်းကပ်လာတာ ခံစားလိုက်ရတယ်။ ဪ... ဟိုတစ်နေ့က တွေ့တဲ့ ပြိုင်ဘီးပိုင်ရှင်ပါလား။ အခုမှပဲ လူချင်း သေသေချာချာ တွေ့ရတော့တယ်။

“ဪ... မင်းကိုး”

မာရူးက ပြောလိုက်တော့ ဒိုဝူးက ချက်ချင်းပဲ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်တယ်။

“ဘာလဲ”

“ဒီလောက်ကောင်းတဲ့ စက်ဘီးပိုင်ရှင်က ဘယ်သူလဲလို့ သိချင်နေတာ။ မပျောက်အောင် သတိထားဦးနော်”

“......”

ဒိုဝူးက ပိုပြီးတော့တောင် မျက်မှောင်ကြုတ်သွားတယ်။ မာရူးကတော့ ကောင်လေး ပါးစပ်မဟခင်မှာတင် လှည့်ထွက်လာခဲ့လိုက်တယ်။ နောက်ဘက်မှာတော့ ဒိုဝူးတစ်ယောက် စက်ဘီးကို ဒေါသတကြီးနဲ့ သော့ခတ်နေတဲ့ အသံကို ကြားလိုက်ရတာပေါ့။

မာရူး အဆောက်အဦးရဲ့ ညာဘက်လှေကားကနေ အတန်းထဲကို ဝင်လာခဲ့တယ်။ အတန်းထဲမှာတော့ သူငယ်ချင်းတွေ အချင်းချင်း ဆူညံပွက်လောရိုက်နေကြပြီ။

“ရောက်ပြီလား”

“အေး”

ဒိုဂျင်က သူ့ဆီကို သကြားလုံးတစ်လုံး လှမ်းပစ်ပေးပြီး နှုတ်ဆက်တယ်။ အော်... ဒီနေ့တော့ စတော်ဘယ်ရီ အရသာ။

“ဟေ့ကောင်... ဒီအတိုင်းဆိုရင်တော့ မင်းသွားတွေ အကုန်ပိုးစားကုန်တော့မှာပဲ”

“မပူပါနဲ့ကွာ၊ ငါ တစ်နေ့ သုံးကြိမ် သွားတိုက်ပါတယ်”

“အိမ်စာ လုပ်ပြီးပြီလား”

“ဟင့်အင်း။ မင်းကိုလာပေးဖို့ လက်ဆောင်ပြင်နေတာနဲ့ အချိန်ကုန်သွားလို့။ မင်းအိမ်စာ ကူးလို့ရမလား”

“... လက်ဆောင် ဒီသကြားလုံးလေး တစ်လုံးတည်းလား”

“နောက်ထပ် တစ်လုံး ထပ်လိုချင်လို့လား”

ဒိုဂျင်က ဖြီးပြလိုက်တော့ မာရူးလည်း သူ့ဗလာစာအုပ်ကို ပစ်ပေးလိုက်တော့တယ်။ ရှေ့ဆုံးတန်းကနေ ဒေးမြောင်နဲ့ သူ့သူငယ်ချင်းတွေကပါ သူတို့ဆီကို လျှောက်လာကြတယ်။

“ဟို... မာရူး၊ ငါလည်း ကြည့်လို့ရမလား”

“မရဘူး”

ဒေးမြောင် မျက်နှာလေး ချက်ချင်း ညှိုးသွားတော့တယ်။ ဒီကောင်လေးကတော့ နောက်ပြောင်တာကို တကယ်ကြီး ထင်နေတာပဲ။ မာရူးက စတာပါလို့ ပြောလိုက်မှပဲ ပြန်ပြုံးနိုင်တော့တယ်။ သူ့နောက်က ကောင်လေးတွေကလည်း မာရူးကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေကြတာပေါ့။

“ဟေ့! ငါက သူ့ကို အရင်ဦးအောင် လက်ဆောင်ပေးထားတာနော်!”

ဒိုဂျင်က မာရူးရဲ့ ဗလာစာအုပ်ကို လေထဲမြှောက်ပြီး ကြွားလိုက်တယ်။ မာရူးက စာအုပ်ကို ပြန်ဆွဲယူပြီး ကလေးတွေအုပ်စုထဲကို ပစ်ပေးလိုက်တယ်။

“တစ်လုံးမကျန်အောင်တော့ လိုက်မကူးကြနဲ့ဦး”

အော်... ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ သူကိုယ်တိုင်လည်း အထက်တန်းကျောင်းသားဘဝမှာ အိမ်စာတွေကို အချိန်မီ လုပ်ဖူးတာ မဟုတ်ဘူးလေ။ သူများဆီက ကူးတာမျိုး ဒါမှမဟုတ် အရိုက်ခံရမှ လုပ်တာမျိုးပဲ ရှိခဲ့တာ။ ဒီအတိုင်းဆိုရင်တော့ ဒီအတန်းမှာ B အဆင့်လောက်တော့ ရနိုင်မယ် ထင်ပါတယ်။

* * * * * * * * *

“ဟန်မာရူး”

“ဟုတ်ကဲ့ပါ ဆရာ”

“မင်းမှာ ဘာပြောစရာ ရှိသေးလဲ”

“မရှိပါဘူး ဆရာ။ တောင်းပန်ပါတယ် ဆရာ”

“နောက်တစ်ခါ ဒါမျိုး မဖြစ်စေနဲ့၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ဆရာ”

ရိုက်ချက်တစ်ချက်စီတိုင်းမှာ သူ့ခြေထောက်တွေက နာလွန်းလို့ ပူထူနေတာပဲ။ မာရူးက စားပွဲပေါ်မှာ ဒူးထောက်နေပြီး ဆရာ့ဆီကနေ ပေတံနဲ့ အရိုက်ခံနေရတာ။ တစ်ချက်ချင်းစီက တကယ်ကို စပ်ဖျဉ်းနေတာပဲ။

ဒါတွေလုပ်ဖို့ ဘယ်လိုသစ်သားမျိုး သုံးထားကြပါလိမ့် သူ့လက်ချောင်းထက်တောင် သေးပေမဲ့ နာလိုက်တာတော့ လွန်ပါရော။ အရင်တုန်းက PVC ပိုက်နဲ့ အရိုက်ခံရတာထက်တောင် ပိုနာသေးတယ်။ အင်္ဂလိပ်စာဆရာက အားနာတဲ့ မျက်နှာထားနဲ့ ကြည့်နေပေမဲ့လည်း ပေတံရဲ့ အရှိန်ကတော့ လျော့မသွားပါဘူး။

“ဒါ ပထမဆုံးအကြိမ်မို့လို့ ဒီလောက်နဲ့ပဲ လွှတ်ပေးလိုက်မယ်။ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ဆရာ”

“ပြီးတော့ ဒီနေ့ မာရူးဆီကနေ အိမ်စာကူးတဲ့ ကောင်တွေလည်း နောက်တစ်ခါ ဒါမျိုး မလုပ်ကြနဲ့ဦး”

“... ဟုတ်ကဲ့”

ကျောင်းသားတချို့က စိတ်ပျက်လက်ပျက်နဲ့ ပြန်ထူးကြတယ်။ မာရူးလည်း ထိုင်ခုံမှာ ပြန်ထိုင်ပြီး နာနေတဲ့ ခြေထောက်တွေကို ပွတ်နေမိတယ်။ အိမ်စာ မျှဝေတာက ပြဿနာမရှိပေမဲ့ သူ အချက်တစ်ခုကိုတော့ မှားသွားခဲ့တယ်။

အဲဒါက သူ အင်္ဂလိပ်စာမှာ တော်တော်လေး ညံ့နေတာပဲ။

သူက အင်္ဂလိပ်စာ အိမ်စာကို သူ့ဘာသာသူ ထင်ရာစိုင်းပြီး ဖြေခဲ့တာလေ။ ကျန်တဲ့ကောင်တွေကလည်း တစ်လုံးမကျန် လိုက်ကူးကြတော့တာပေါ့။ ရှစ်ယောက်မြောက် ကောင်လေးလည်း အဲဒီအမှားအတိုင်းပဲ လာပြတော့ ဆရာက ရိပ်မိသွားတာပေါ့။

“ဟေ့ကောင်... နာလား”

ဒိုဂျင်က သူ့ကို တိုးတိုးလေး လှမ်းမေးတယ်။

“နာတာပေါ့ဟ။ မင်း မေးရက်တယ်”

“တောက်... ဆရာက ဒီလောက်အထိ ချက်ချင်းကြီး စစ်လိမ့်မယ်လို့ မထင်ထားဘူးကွာ။ နောက်ဆိုရင်တော့ အင်္ဂလိပ်စာ အိမ်စာကိုတော့ အချင်းချင်း မကူးကြတော့တာ အကောင်းဆုံးပဲ”

“... အခုမှ လာပြောနေတာလား”

“ဆောရီးကွာ”

အင်္ဂလိပ်စာဆရာ စင်မြင့်ဆီကို ပြန်သွားတယ်။ စာသင်ချိန် ပြန်စတော့မယ်လို့ မာရူး ထင်ထားပေမဲ့ မှားသွားတယ်။ ဆရာ့မျက်နှာက ပိုပြီးတော့တောင် မှောင်လာတာကိုး။

“ကန်ဒိုဝူး၊ လင်ဂျီချူး”

ဒီတစ်ခါတော့ နှစ်ယောက်။ ဒိုဝူးနဲ့ ဂျီချူးက ထိုင်ခုံကနေ ထရပ်လိုက်ကြတယ်။

“ဟင် တို့အတန်းထဲမှာ ဒီလိုကောင်မျိုး ရှိသေးတာလား”

ဒိုဂျင်က ဂျီချူးကို ကြည့်ပြီး အံ့ဩတကြီး ပြောလိုက်တယ်။

မာရူးလည်း တော်တော်လေး အံ့ဩသွားတာ။ အတန်းထဲက လူတိုင်းကို သိပြီလို့ ထင်ထားပေမဲ့ ဂျီချူးနဲ့တော့ တစ်ခါမှ စကားမပြောဖူးသေးဘူး။ ကောင်လေးက တော်တော်လေး ပိန်ပြီး မျက်မှန်ဝိုင်းလေးနဲ့၊ ဆံပင်ကလည်း မာရူး သတိထားမိသလောက်ဆိုရင် တော်တော်လေး ရှည်နေတာပဲ။ သူ စည်းကမ်းထိန်းသိမ်းရေးဆရာဆီမှာ အမိမခံရတာက ကြည့်ရတာ အေးအေးဆေးဆေးနဲ့ ပုံမှန်ကျောင်းသားတစ်ယောက်လို ဖြစ်နေလို့ ထင်ပါတယ်။

“ဘယ်သူက ကူးတာလဲ” ဆရာက မေးလိုက်တယ်။

မာရူးကတော့ ဒိုဝူးက ကူးတာပဲလို့ တန်းသိလိုက်တယ်။ ကျန်တဲ့သူတွေလည်း အတူတူပဲ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဒိုဝူးက ပထမဆုံးနေ့ကတည်းက လူမိုက်ပုံစံ ဖမ်းနေတာကိုး။

တစ်ဖက်က ဂျီချူးကတော့... အပယ်ခံတစ်ယောက်လို ဖြစ်နေရှာတာ။ ဒီလိုကောင်မျိုးက ဒိုဝူးဆီမှာ အိမ်စာ သွားကူးစရာ အကြောင်းမရှိဘူးလေ။ မာရူး ထင်တာကတော့ ဒိုဝူးက အစကတည်းက အိမ်စာ လုပ်မယ့်ကောင်မျိုး မဟုတ်ပါဘူး။

‘မဟုတ်ဘူး... ငါ နောက်တစ်ခါ ကိုယ့်ဘာသာ ထင်ရာစိုင်းပြန်ပြီ’

မာရူး လောလောဆယ်တော့ စောင့်ကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

“ဘယ်သူက ကူးတာလဲလို့ ငါ မေးနေတယ်လေ”

ဆရာက တော်တော်လေး ဒေါသထွက်နေတဲ့ လေသံနဲ့ ပြောလိုက်တယ်။

ဒီဆရာ့ကို ကျောင်းသားတွေက ‘ပန်းရောင်ဝက်ကလေး’ လို့ နာမည်ပေးထားကြတာ။ သူက ဝလို့ မဟုတ်ဘဲ ပါးနှစ်ဖက်က အမြဲတမ်း ပန်းရောင်သန်းနေလို့လေ။ အခုတော့ အဲဒီပန်းရောင်ပါးတွေက ရဲရဲနီလာနေပြီ။ လက်ထဲက ပေတံကလည်း တင်းတင်းဆုပ်ထားလို့ တုန်တုန်ရင်ရင် ဖြစ်နေတာပေါ့။

‘တောက်... အရိုက်ခံရရင်တော့ မလွယ်ဘူး’ မာရူး သူ့ခြေထောက်တွေကို ပြန်ပွတ်နေမိတယ်။

အဲဒီအချိန်မှာပဲ ဂျီချူးရဲ့ လက်တွေ လှုပ်ရှားလာတာကို မြင်လိုက်ရတယ်။ သူက ဝန်ခံဖို့ ပြင်နေတာ ထင်ပါရဲ့။

“ကျွန်တော် လုပ်တာပါ”

ဒါပေမဲ့ အဖြေက တခြားတစ်နေရာကနေ ထွက်လာတာ။

“ဒိုဝူး... မင်းလား ”

တကယ့်ကို အံ့ဩစရာပဲ။ ဒိုဝူးက လက်ထောင်လိုက်တာလား

“ဟုတ်ကဲ့ပါ ဆရာ”

“မင်းတို့ကတော့ကွာ... ငါက မင်းတို့ကို အလုပ်ရှုပ်အောင်လို့ အိမ်စာ ပေးနေတာ မဟုတ်ဘူး၊ မင်းတို့အတွက် လေ့ကျင့်ခန်းဖြစ်အောင် ပေးနေတာ။ မင်းတို့ နားလည်လား”

“တောင်းပန်ပါတယ် ဆရာ”

“စားပွဲပေါ်မှာ သွားဒူးထောက်လိုက်စမ်း၊ ကန်ဒိုဝူး။ တခြားသူကို အိမ်စာပေးကူးတဲ့လူကို ငါ ဘယ်လောက်မုန်းလဲ မင်း သိတယ် မဟုတ်လား”

ဒိုဝူးက ဘာစကားမှ ထပ်မပြောဘဲ စားပွဲပေါ်မှာ သွားဒူးထောက်လိုက်တယ်။ မာရူးကတော့ သူ့ကို အံ့ဩတကြီးနဲ့ ကြည့်နေမိတာပေါ့။ ဒိုဝူးက တကယ်ပဲ ဂျီချူးကို အိမ်စာပေးကူးတာလား မဖြစ်နိုင်ပါဘူး။ ဂျီချူးလည်း သူ့နေရာမှာ ရပ်နေရင်း တော်တော်လေး အံ့ဩနေတဲ့ပုံပဲ။ ဒါဆို သူက ဘာလို့ ဝန်ခံလိုက်တာလဲ

‘ဂျီချူးအစား အရိုက်ခံဖို့လား ’

မာရူးက ဒိုဝူးကို သေသေချာချာ အကဲခတ်နေတုန်းမှာပဲ ဆရာ့ရဲ့ ပေတံက လေထဲကနေ အရှိန်နဲ့ ကျလာတော့တာပေါ့။

* * * * * * * * *

အင်္ဂလိပ်စာအချိန် ပြီးသွားပြီ။ မာရူးက ဒိုဂျင်နဲ့ ဒေးမြောင်ကို အရင်လွှတ်လိုက်ပြီး ဒိုဝူးကိုပဲ စောင့်ကြည့်နေလိုက်တယ်။ ကောင်လေးက တစ်ရက်အတွင်းမှာတင် အထီးကျန်သူတစ်ယောက်လို ဖြစ်သွားတာ။

အရင်ကဆိုရင် အနားယူချိန်တိုင်းမှာ ဆူညံနေတာဖြစ်ပေမဲ့ အခုတော့ တစ်ယောက်တည်း ရုပ်ပြစာအုပ် ဖတ်နေတော့တယ်။ သူနဲ့ အရင်က ပေါင်းနေတဲ့ ကောင်တွေကတော့ သူတို့ဘာသာ စကားပြောနေကြပြီး ဟို ကတုံးနဲ့ကောင်က အုပ်စုရဲ့ အလယ်မှာ ရောက်နေတာပေါ့။

ဂျီချူးက ဒိုဝူးအနားကို တိတ်တိတ်ကလေး ချဉ်းကပ်သွားတယ်။ မာရူးကတော့ ပြတင်းပေါက်ကို ကြည့်နေဟန်ဆောင်ရင်း သူတို့စကားပြောတာကို နားစွင့်နေလိုက်တယ်။

“ဟို...”

ဂျီချူးက စကားစလိုက်တယ်။

“ဘာလဲ”

“ဘာလို့... ဘာလို့လဲဟင်”

“ဘာကိုလဲ”

“မ-မဟုတ်ပါဘူး၊ ဘာမှမဟုတ်တော့ပါဘူး”

ဂျီချူးက သူ့နေရာကို သူ ပြန်သွားတော့တယ်။ ကြည့်ရတာ အခြေအနေက တော်တော်လေး မြန်မြန်ဆန်ဆန်ပဲ ပြီးသွားတာပဲ။ အဲဒီအချိန်မှာပဲ နောက်ထပ် အခြေအနေတစ်ခု ဖြစ်လာတာကို မာရူး သတိထားမိလိုက်တယ်။

ဒိုဝူးရဲ့ သူငယ်ချင်းဟောင်းတွေက ဒိုဝူးဆီကို လျှောက်လာကြတယ်။ သူတို့က သူ့ရှေ့မှာတင် ရပ်ပြီး တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြတာ။

“ဟင်း... ဘာကောင်လဲမသိဘူး။ ငါတော့ ဒီလိုကောင်မျိုး ရှိနေတာတောင် မသိခဲ့ဘူး” ဟု ကတုံးနဲ့ကောင်က စကားစလိုက်တယ်။

မာရူးက သူ့မှတ်ဉာဏ်ထဲမှာ အဲဒီကောင်ရဲ့ နာမည်ကို လိုက်ရှာကြည့်တယ်။

အော်... ဂျောင်ချန်ဟူးလား

ချန်ဟူး... ချန်ဟူး... ဝိုး၊ နာမည်ကြားရုံနဲ့တင် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားတာပဲ။

သူ့နောက်ကျောကို တစ်ယောက်ယောက်က လာထိုးလိုက်သလိုမျိုး ခံစားလိုက်ရပြီး လှည့်ကြည့်လိုက်ရင်တော့ ပြုံးပြနေတဲ့ မျက်နှာတစ်ခုကို တွေ့ရသလိုမျိုးလား ဘာလို့ ဒီနာမည်ကို ဒီလောက်အထိ မုန်းနေရတာလဲဆိုတာ သူ သေသေချာချာ မမှတ်မိတော့ဘူး။

ဒါပေမဲ့ ကောင်းတဲ့အကြောင်းရင်းတော့ မဟုတ်တာ သေချာပါတယ်။ စဉ်းစားကြည့်တော့ အရင်ဘဝတုန်းက သူ့အတန်းထဲမှာ တကယ့်ကို ဆိုးတဲ့လူမိုက်တစ်ယောက် ရှိခဲ့တာပဲ။ သူ သေသေချာချာ မမှတ်မိတော့ပေမဲ့ အဲဒါက ချန်ဟူး ဖြစ်လိမ့်မယ်လို့ မာရူး ရိပ်မိလိုက်တယ်။

ဒါဆို ဒိုဝူးကရော သူက အထင်မှားခံနေရတာလား

“ကြည့်ရတာတော့ ဟိုပိန်ညှောင်ကောင်မှာလည်း သူငယ်ချင်း ရှိနေတာပဲ မဟုတ်လား” ချန်ဟူးက ဒိုဝူးကို တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်တယ်။ သူ့သူငယ်ချင်းတွေကလည်း လိုက်ရယ်ကြတာပေါ့။

“ဟေ့... အဲဒီလို မလုပ်ပါနဲ့ကွာ။ ဒီလိုကောင်တွေမှာလည်း သူငယ်ချင်း ရှိနိုင်တာပဲလေ”

“ဒုက္ခိတတွေဆိုတော့ အချင်းချင်း ဖေးမရတာပေါ့”

“ဟားဟား... မသန်စွမ်းသူတွေကို လှောင်တာ မကောင်းဘူးလေကွာ၊ ဟားဟားဟား”

အုပ်စုလိုက် ခဏလောက် ရယ်မောပြီးတဲ့နောက်မှာတော့ ဒိုဝူးကို စိုက်ကြည့်ပြီး အပြင်ဘက်ကို ထွက်သွားကြတော့တယ်။ ဒိုဝူးကတော့ တစ်ယောက်တည်း ကျန်ခဲ့ပြီး လက်ထဲက ခဲတံကို ချိုးပစ်လောက်တဲ့အထိ တင်းတင်းဆုပ်ထားရှာတာပေါ့။

သူ့မျက်လုံးတွေက တံခါးကနေ ထွက်သွားတဲ့ အဲဒီအုပ်စုနောက်ကို လိုက်ကြည့်နေတယ်။ ဒီအတိုင်းဆိုရင်တော့ တစ်ခုခု ဖြစ်တော့မှာ သေချာတယ်။ မာရူးက ဒိုဝူးဆီကို လျှောက်သွားလိုက်တယ်။

“မင်း ဘာလုပ်နေတာလဲ”

ဒိုဝူးက မေးလိုက်တယ်။ သူ့မျက်လုံးတွေကတော့ သူ့သူငယ်ချင်းဟောင်းတွေဆီမှာပဲ ရှိနေတုန်းပဲ။

“မင်း... တောက်! မင်း ငါ့ကို တစ်ခုခု ရန်ငြိုးရှိနေတာလား”

ဒိုဝူးက မာရူးကို စိုက်ကြည့်ရင်း ထရပ်လိုက်တယ်။

[[စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ဒီကောင် ဘာဖြစ်နေတာလဲ]]

မာရူးကတော့ အဲဒီစာသားပူပေါင်းလေးကနေတစ်ဆင့် သူ့ရဲ့ စိတ်ပျက်မှုကို ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူ စိတ်တော့မဆိုးပါဘူး။

“သူတို့အဆင့်ထိ လိုက်မကျပါနဲ့ဦး” လို့ မာရူးက ပြောလိုက်တယ်။

“ဘာ ”

“အပေါစား ဆဲဆိုမှုတွေနောက်ကို လိုက်မပါသွားပါနဲ့လို့ ပြောတာပါ”

ဒိုဝူးရဲ့ မျက်နှာက ဇဝေဇဝါ ဖြစ်သွားတာပေါ့။ မာရူးကတော့ ပြုံးပြုံးလေးနဲ့ပဲ ကောင်လေးရဲ့ ပခုံးကို ပုတ်ပေးလိုက်တော့တယ်။

* * * * * * * * *

All Chapters