← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း(၁၉)

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဘယ်သူမှ တစ်ခွန်းမှပင် မဟဝံ့ကြ။ အခုထိဆိုရင် ၅ မိနစ်စာ မိန့်ခွန်းပြောပြီးတဲ့သူ စုစုပေါင်း ၅ ယောက်ရှိသွားပြီ။

ဒေးမြောင်ပြီးတော့ ယွန်ရင် တက်ရသည်။ သူမ လက်ထဲမှာ ဖုန်းမပါဘဲ မြင်ရသည်မှာ တော်တော်လေး ထူးဆန်းနေ၏။ ကုလားထိုင်ပေါ် ရောက်သွားတော့ သူမပုံစံက ဒေးမြောင်နှင့် တစ်ပုံစံတည်းပင်။ ပါးစပ်ကတော့ စကားတွေ ပြောနေတာ သေချာသော်လည်း ဘာတွေပြောနေမှန်း ဘယ်လိုမှ နားမလည်နိုင်။ စကားလုံးတွေကိုတောင် ပီသအောင် မပြောနိုင်ရှာဘူး။

ယွန်ရင်က စင်ဒရဲလားပုံပြင်အကြောင်း ပြောနေခြင်းဖြစ်သော်လည်း ဘယ်သူမှ ရိပ်မိပုံမရ။ ကုလားထိုင်ပေါ်က ဆင်းဆင်းချင်း သူမ ပထမဆုံးလုပ်သည့်အလုပ်မှာ ပြေးသွားပြီး သူမဖုန်းကို လှမ်းကိုင်လိုက်ခြင်းပင်။

နောက်တစ်ယောက်ကတော့ ဆိုယွန်း။ သူမက အစပိုင်းမှာတော့ ယုံကြည်မှုရှိပုံရသော်လည်း စင်ပေါ်ရောက်သွားတော့ ချက်ချင်းဆိုသလို တောင့်ခဲသွားတော့သည်။ ကိုရီးယားကျောင်းသားတွေက Presentation လုပ်ရသည့် အတွေ့အကြုံ သိပ်မရှိကြတာကိုး။ ဒါကြောင့် တကယ်တမ်း စင်ပေါ်တင်လိုက်သည့်အခါ သူတို့အတွက် အင်မတန် ဖိအားများသွားပုံရသည်။

နောက်ဆုံးတော့ သူမလည်း သိပ်ပြီး ကောင်းကောင်းမလုပ်နိုင်ခဲ့ရှာဘူး။ တော်သေးတာတစ်ခုကတော့ သူမက ‘ဝက်ကလေးသုံးကောင်’ ပုံပြင်ကို ကျန်တဲ့နှစ်ယောက်ထက်စာရင် နည်းနည်းလေး ပိုပြီး ရှင်းပြနိုင်ခဲ့သည်။

နောက်တစ်ယောက်ကတော့ ဒိုဂျင်။ သူကတော့ နေ့စဉ်ဘဝမှာကတည်းက လူအများအာရုံစိုက်ခံရတာကို ကြိုက်တဲ့သူမို့လို့ သူ့အတွက်တော့ သိပ်မဆိုးလှဘူး။ အနည်းဆုံးတော့ မီဆိုက သူ့ကို အခက်တွေ့အောင် မလုပ်ခင်အထိပေါ့။ ကျန်တဲ့ ၃ ယောက်နဲ့ လုံးဝမတူတဲ့ မေးခွန်းမျိုးကို မီဆိုက မေးလိုက်သည်။

“စကားပြောနေရင်း ငါလက်ညွှန်ပြတဲ့ဘက်ကို ကြည့်ထား”

မီဆိုက အီဆူကို တည့်တည့်ကြီး လက်ညှိုးထိုးပြလိုက်သည်။ ဒိုဂျင် ပြောရမည့် အကြောင်းအရာကတော့...

“မင်းတို့နှစ်ယောက် တွဲလာတာ ရက် ၁၀၀ ပြည့်ပြီလို့ သဘောထားလိုက်။ အထိမ်းအမှတ်အနေနဲ့ သူမအတွက် မင်း ဘာတွေ ပြင်ဆင်ထားလဲဆိုတာ ရှင်းပြစမ်း”

ဒိုဂျင်ခမျာ စိတ်ဖိစီးသွားလို့ စကားပြောနေရင်း လက်သည်းတွေကိုတောင် ကိုက်နေမိသည်။ ဒါတောင်မှ အကုန်လုံးကို အစီအစဉ်တကျဖြစ်အောင် သေသေချာချာ ရှင်းပြနိုင်ခဲ့ပါသေးသည်။ အဓိပ္ပာယ်ရှိတဲ့ အစီအစဉ်မျိုးပေါ့။ ဒိုဂျင်ကတော့ သူ့နေရာကို ပြန်ရောက်တာနဲ့ ချက်ချင်းပဲ ရေသောက်ဖို့ တောင်းတော့တာပဲ။

နောက်တစ်ယောက်ကတော့ ထယ်ဂျွန်။

သူ့ကိုတော့ ခက်ခဲတဲ့မေးခွန်းတွေ၊ ပုံပြင်တွေ ဘာမှမပေးဘဲ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခိုင်းရုံသက်သက်သာ။ ဒါပေမဲ့... မီဆို သူမရဲ့ ဘောပင်နဲ့ ဘယ်သူ့ကို လက်ညှိုးထိုးပြနေလဲဆိုတာကိုတော့ သူ စောင့်ကြည့်နေရသည်။ ပရိသတ်ကို အချိန်အကြာကြီး စိုက်ကြည့်နေရတာမို့ သူ နည်းနည်းတော့ ရုန်းကန်နေရပုံရ၏။

နောက်ဆုံးကျတော့ သူ့ရဲ့ စာကြောင်းအတော်များများကို ‘အဲဒါကြောင့်...’ ဆိုတဲ့ စကားလုံးနဲ့ပဲ အဆုံးသတ်သွားတော့သည်။

“နည်းနည်းတော့ တိုးတက်လာပြီပဲ” လို့ မီဆိုက ပထမဆုံးအကြိမ် ဝေဖန်ချက်ပေးသည်။

နည်းနည်းတော့ တိုးတက်လာပြီတဲ့။ ထယ်ဂျွန်းမတိုင်ခင် ပြောသွားခဲ့တဲ့ ကလေးတွေရဲ့ မျက်နှာကတော့ အခုမှပဲ ဝင်းပသွားတော့သည်။

“နောက်တစ်ခါ... မင်းနဲ့ မင်း လာခဲ့”

ဂွန်ဆော့နဲ့ အီဆူကို ခေါ်လိုက်ခြင်းပင်။ သူတို့ကတော့ ကုလားထိုင်ပေါ် တက်မထိုင်ရဘူး။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေရသည်။ နှစ်ယောက်လုံး ကြည့်ရတာ စိုးရိမ်နေတဲ့ပုံလည်း မပေါက်ဘူး။ ဂွန်ဆော့ကတော့ ထုံးစံအတိုင်း ကျောက်ရုပ်ကြီးလို တည်ငြိမ်နေပြီး အီဆူကတော့ ချစ်စရာ ယုန်ကလေးတစ်ကောင်လို ပြုံးနေ၏။

“၅ မိနစ်။ မင်းတို့ရဲ့ တာဝန်က တစ်ဖက်လူကို ကိုယ့်ဘာသာတရားထဲဝင်အောင် စည်းရုံးရမယ်။ ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ စလိုက်ကြ”

မီဆိုကတော့ အေးအေးဆေးဆေး ကြည့်ဖို့ ကုလားထိုင်ပေါ်မှာ ဝင်ထိုင်လိုက်သည်။ အခုထိတော့ တစ်ဖက်လူ စကားပြောနေတုန်းမှာ သူမက ပရိသတ်ဘက်ကိုပဲ လှည့်ကြည့်နေခဲ့တာ။ မာရူးနဲ့တောင် မျက်လုံးချင်း အကြိမ်ကြိမ် ဆုံခဲ့သေးသည်။ ဒါပေမဲ့ ဒီတစ်ခါတော့ မတူဘူး။ သူမက ကျောင်းသားနှစ်ယောက်ကို တကယ့်ကို အလေးအနက်ထားပြီး စောင့်ကြည့်နေ၏။

“မင်္ဂလာပါ။ ခင်ဗျားမှာ အချိန်လေး နည်းနည်းလောက် ရှိမလားဟင်” လို့ ဂွန်ဆော့က စကားစလိုက်သည်။

မာရူးတော့ တော်တော်လေး အံ့ဩသွားရသည်။ အေးစက်စက် ကျောက်ရုပ်မျက်နှာကြီးက ချက်ချင်းဆိုသလို ပြုံးချိုနေတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ မျက်နှာမျိုး ဖြစ်သွားတာကိုး။ တကယ့်ကို ဖော်ဖော်ရွေရွေပါပဲ။ အီဆူကလည်း ပြန်ပြီး နှုတ်ခမ်းဟလိုက်သည်။

“ရှိတာပေါ့။ ကျွန်မနဲ့ စကားပြောဖို့ အဲဒီမှာ ထိုင်မလားဟင်”

အီဆူက ဂွန်ဆော့ရဲ့ လက်ကို လှမ်းကိုင်လိုက်သည်။ ကောင်လေးခမျာ ခဏလောက် တောင့်ခဲသွား၏။ ဒါက သူ မျှော်လင့်မထားတဲ့ အခြေအနေမျိုးလေ။ မာရူးကတော့ ဒီအခြေအနေကို တော်တော်လေး သဘောကျနေသည်။ အကယ်၍ သူတို့ထဲက တစ်ယောက်ယောက်သာ မရှိခဲ့ရင် ဒီလိုအဖြစ်မျိုး ပေါ်လာမှာ မဟုတ်ဘူး။ ဥပမာ ဂွန်ဆော့နေရာမှာ ဒေးမြောင်သာဆိုရင် ဒါမှမဟုတ် အီဆူနေရာမှာ ယွန်ရင်သာဆိုရင် ၅ မိနစ်လုံးလုံး တစ်ယောက်တည်းပဲ စကားပြောနေရမှာ သေချာသည်။

ဂွန်ဆော့က သူ့လက်ကို ခဏလောက် ငုံ့ကြည့်လိုက်ပြီး နောက်ထပ်လက်တစ်ဖက်နဲ့ အီဆူရဲ့လက်ကို ထပ်အုပ်လိုက်သည်။ ပြီးတော့ ခေါင်းငုံ့ပြီး ဆုတောင်းစကား စပြောတော့သည်။

“အို... ကောင်းကင်ဘုံမှာရှိတဲ့ အဖေမြတ်ဘုရား...”

“ဟို... လေ...”

အီဆူတစ်ယောက် ကြောင်သွားရှာသည်။ စကားပြောဖော်က မျက်လုံးတွေကို မှိတ်ပြီး တန်းပြီး ဆုတောင်းနေတာကိုး။ သူမ တစ်ခုခုလုပ်ဖို့ ကြိုးစားပေမဲ့ သူမ လှုပ်ရှားလိုက်တိုင်း သူက သူမလက်ကို သူ့ဆီ ပြန်ဆွဲယူထားသည်။ နောက်ဆုံးတော့ အီဆူခမျာ ဂွန်ဆော့ ဆုတောင်းနေတာကိုပဲ ကြောင်ကြည့်နေရတော့သည်။ သူမ ပြောခွင့်ရလိုက်တဲ့ တစ်ခွန်းတည်းသော စကားကတော့ ဆုတောင်းအပြီးမှာ ‘အာမင်’ လို့ ပြောလိုက်တာပဲ ရှိသည်။

“ကောင်းတယ်။ နှစ်ယောက်လုံး အသံကောင်းကြတယ်။ ပြီးတော့ ဉာဏ်လည်း တော်တော်ပြေးကြတာပဲ”

မီဆိုဆီက ပထမဆုံးအကြိမ် ချီးကျူးစကား ထွက်လာခြင်းပင်။ ဂွန်ဆော့ကတော့ အရိုအသေပေးပြီး သူ့နေရာသူ ပြန်လာခဲ့သည်။ ဂွန်ဆော့ရဲ့ နားရွက်တွေ နီရဲနေတာကို မာရူး သတိထားမိလိုက်၏။ ကောင်လေးလည်း တော်တော်လေးတော့ စိတ်လှုပ်ရှားနေခဲ့တာ သေချာသည်။

‘ဒါကို ထိန်းချုပ်နိုင်တာကပဲ သူ့ကို သရုပ်ဆောင်တစ်ယောက် ဖြစ်စေတာနေမှာ’

နေဦး။ မာရူး ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အခုထိ စမ်းသပ်မှု မလုပ်ရသေးတာ သူ တစ်ယောက်တည်းပဲ ကျန်တော့သည်။ ဒုတိယနှစ်တွေကိုတော့ အစကတည်းက စမ်းသပ်မှုထဲမှာ ထည့်မထားဘူးလေ။ မာရူးလည်း သူ့အလှည့်အတွက် ထရပ်ဖို့ ပြင်လိုက်သည်။

“အားလုံး ထရပ်ကြ”

မီဆိုက စမ်းသပ်မှုတွေ အကုန်ပြီးသွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ ပြောလိုက်ခြင်းပင်။ ကျန်တဲ့ ပထမနှစ်တွေက မီဆိုကို တစ်ချက်ကြည့်လိုက်၊ မာရူးကို တစ်ချက်ကြည့်လိုက်နဲ့ ဇဝေဇဝါ ဖြစ်နေကြသည်။

“ဘာဖြစ်လို့လဲ”

ပထမနှစ်တွေက ခေါင်းခါပြကြသည်။ မာရူးကတော့ ငြိမ်ငြိမ်လေးပဲ ရပ်နေ၏။ စမ်းသပ်မှု မလုပ်ရလည်း သူ့အတွက် ကိစ္စမရှိပါဘူး။

“ခေါင်းဆောင်၊ ရှေ့ကို ထွက်လာခဲ့”

မီဆိုက ကုလားထိုင်ကို ညွှန်ပြလိုက်သည်။ မာရူး ရှေ့ကို လှမ်းထွက်လိုက်တော့ ကုလားထိုင်က လူတွေရဲ့ ဖိနပ်ရာတွေကြောင့် ပေကျံနေတာကို သတိထားမိလိုက်သည်။ ဒီမိန်းမက ဒီလိုနေရာမျိုးမှာ ဘာမှမဖြစ်သလို ထိုင်နေတာလား မာရူးလည်း သူမရဲ့ ရဲတင်းမှုကို အံ့ဩရင်းနဲ့ပဲ သူ့ဖိနပ်ကို ချွတ်ပြီး ကုလားထိုင်ပေါ် တက်ရပ်လိုက်သည်။

“ဒုတိယနှစ်တွေ၊ အဲဒီမှာပဲ နေပြီး နားထောင်ကြ”

ဒုတိယနှစ်တွေက ခေါင်းညိတ်ပြသည်။

“ပထမနှစ်တွေ... ဒိုက်ထိုးကြစမ်း”

“ဗျာ ”

ခန်းမဆောင်ထဲမှာ ခဏလောက် ဆူညံသွားပေမဲ့ နောက်ဆုံးတော့ ပထမနှစ်တွေအားလုံး ဒိုက်ထိုးတဲ့ ပုံစံမျိုး လုပ်လိုက်ကြရသည်။ ယောင်္ကျားလေးတွေကတော့ ကျင့်သားရနေပုံပေါ်ပေမဲ့ မိန်းကလေးတွေကတော့... သူတို့ လက်မောင်းတွေ တုန်နေတာကို မာရူး မြင်နေရသည်။

* * * * * * * * *

“မင်းနာမည် ဘယ်သူလဲ”

“ဟန်မာရူး ပါခင်ဗျာ”

“မာရူး နာမည်လှသားပဲ။ ကဲ... အခု မာရူးက မင်းတို့အားလုံးကို မိန့်ခွန်းပြောလိမ့်မယ်။ ၅ မိနစ်။ ဒါပေမဲ့ ဒီအတိုင်း ၅ မိနစ်လုံး ဒိုက်ထိုးနေရရင်တော့ မကောင်းဘူး မဟုတ်လား”

“ဟုတ်ကဲ့ပါ”

“ဒါဆို မင်း ဘာလုပ်သင့်တယ်လို့ ထင်လဲ မာရူး”

“ဒါကို မြန်မြန်ပြီးအောင် လုပ်ရမှာပေါ့”

“ဟုတ်တာပေါ့။ ဒါဆိုရင် ကျန်တဲ့ကလေးတွေ ဘာတွေမှားခဲ့လဲဆိုတာကို တွေးပြီး ၅ မိနစ်စာ မိန့်ခွန်းပြောစမ်း။ အကြောင်းအရာကတော့... ငါ့အပေါ် မင်းရဲ့ ပထမဆုံး အမြင်ပေါ့။ အဲဒါဆို အဆင်ပြေမယ်”

မီဆိုက ပထမနှစ်တွေကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ တချို့ကတော့ အလားအလာရှိပုံရပြီး တချို့ကတော့ လုံးဝကို မျှော်လင့်ချက်မရှိသလိုပဲ။ အစွန်ဆုံးက အရပ်ရှည်ရှည် ကောင်လေးဆိုရင် ဒီကိုမလာခင် မိန့်ခွန်းပြောတာကို လေ့ကျင့်ထားတဲ့ပုံပင် ပေါက်နေသည်။ ဒါပေမဲ့ အဲဒါတွေက မီဆိုအတွက် အခုချိန်မှာ အရေးမကြီးပါဘူး။ သူမ မြင်ချင်တာက တစ်ခုတည်း။

‘ဒီကောင်လေးက တော်တော်လေး အကဲခတ် တော်ပုံရတယ်’

အကဲခတ်တာဆိုတာ လူတစ်ယောက်ရဲ့ အာရုံငါးပါးထဲမှာ မပါဘူး။ ဒါက စောင့်ကြည့်လေ့လာရာကနေ လာတာ။ သေချာ စောင့်ကြည့်လေ့လာခြင်းကပဲ လူတစ်ယောက်ရဲ့ အတွေးတွေကို မှန်မှန်ကန်ကန် ခန့်မှန်းနိုင်စေတာကိုး။ မာရူးက အဲဒီနေရာမှာ တော်တော်လေး တော်ပုံရသည်။

ဒါပေမဲ့ ဒီတစ်ခါရော မီဆို ဘာကိုလိုချင်နေလဲဆိုတာကို သူ နားလည်ပါ့မလား

မီဆို မာရူးကို လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာက ဘာမှမပြောင်းလဲဘူး။ တည်ငြိမ်နေဆဲ။ အပြင်ကို ခေါ်ထုတ်ခံရတုန်းကလည်း တည်ငြိမ်သလို၊ ရှေ့ကို ထွက်လာတုန်းကလည်း တည်ငြိမ်နေတာပဲ။ အခုထိလည်း ဘာမှ မပြောင်းလဲသေးဘူး။ အင်း... နည်းနည်းတော့ စိတ်လှုပ်ရှားနေလိမ့်မည်၊ ဒါပေမဲ့ အဲဒါက သူ့ကို ပိုပြီး အာရုံစိုက်နိုင်အောင်ပဲ ကူညီပေးလိမ့်မည်။ ဒါက တကယ်ကို ကောင်းတဲ့အချက်ပဲ။ အံ့ဩစရာပဲ။

လူတွေရဲ့ အကြည့်ကို မကြောက်တာက သရုပ်ဆောင်တစ်ယောက်အတွက် အခြေခံအကျဆုံး အရည်အချင်းပဲ။ အဲဒီသဘောနဲ့ဆိုရင် မာရူးကတော့ အမှတ်ပြည့်နဲ့ အောင်သွားပြီ။

“စလိုက်တော့”

မီဆိုက ခွင့်ပြုချက် ပေးလိုက်တာနဲ့...

“ပထမဆုံးအနေနဲ့ ပြောရရင်... ခင်ဗျားက တော်တော်လေး ပိန်တာပဲ!!”

မာရူးရဲ့ ပါးစပ်ကနေ အော်သံကြီး ထွက်လာတော့သည်။ ဝမ်းဗိုက်ကနေ အသံထုတ်တာ မဟုတ်လို့ အသံက သိပ်ပြီးတော့ အတိမ်အနက် မရှိလှပေမဲ့ ခန်းမဆောင်ကြီးတစ်ခုလုံးကိုတော့ ဟိန်းသွားစေသည်။ မာရူးက နောက်ထပ်ပြောဖို့ အသက်ပြင်းပြင်း ရှူလိုက်ပေမဲ့...

“တော်ပြီ” လို့ မီဆိုက ကြားဖြတ်ပြောလိုက်သည်။ “အနည်းဆုံးတော့ မင်း မှတ်မိသားပဲ။ ပထမနှစ်တွေ၊ ထရပ်ပြီး စောင့်နေကြ”

ကလေးတွေရဲ့ မျက်နှာတွေကတော့ နီရဲနေကြပြီ။ မီဆိုက သူတို့ကို တစ်ခေါက် ထပ်ကြည့်လိုက်သည်။ တချို့က အဝတ်အစားတွေကို ပြန်ပြင်နေကြပြီး တချို့က ဆံပင်တွေကို ပြန်ပြင်နေကြသည်။ သူတို့ထဲမှာ နှစ်ယောက်တည်းကပဲ အဝတ်အစားတွေကိုတောင် မပြင်ဘဲ သူမကို တည့်တည့် စိုက်ကြည့်နေကြ၏။

‘ဒိုဂျင်နဲ့ ဂွန်ဆော့လား သူတို့ကတော့ အနည်းဆုံးတော့ မအဘူးပဲ။ ဂွန်ဆော့ဆိုရင် ပိုတောင် ကောင်းသေးတယ်... သင်ပေးရတာ ပျော်စရာကောင်းဦးမှာ’

“ကျွန်တော် ဆင်းလို့ရပြီလား” လို့ မာရူးက နောက်ကနေ မေးလိုက်သည်။

“ဆင်းခဲ့တော့ မာရူး”

“ဟုတ်ကဲ့”

မာရူးက သူ့ရဲ့ ခြေညှပ်ဖိနပ်ကို ပြန်စီးပြီး သူ့နေရာသူ ပြန်သွားခဲ့သည်။ မီဆိုက ကုလားထိုင်ပေါ်မှာ ပြန်ထိုင်ပြီး စကားကို ဆက်ပြောသည်။

“ငါ အစကတည်းက ပြောခဲ့တယ် မဟုတ်လား။ ကိုယ့်အသံကို တစ်ဖက်လူ ကြားစေချင်တဲ့ စိတ်နဲ့ ပြောပါလို့။ အဲဒါကိုတောင် မင်းတို့ မမှတ်မိကြဘူးလား”

သူမရဲ့ အကြည့်ကို ရှောင်မသွားတဲ့ တစ်ဦးတည်းသောသူက မာရူးပဲ။ သူကတော့ မျက်လုံးလွှဲစရာ အကြောင်းမရှိဘူးလေ၊ ဒါကြောင့် သူမလည်း လွှတ်ထားလိုက်သည်။

“ငါ မင်းတို့ကို သတိပေးစရာ အချက်အနည်းငယ် ပြောချင်တယ်။ တို့တွေ တစ်နှစ်လုံး အတူရှိကြမှာဆိုတော့လေ။ ပထမအချက်က ငါခိုင်းတာကိုပဲ မင်းတို့ လုပ်ရမယ်။ မဟုတ်ရင် မင်းတို့ ဘာလုပ်နေမှန်းတောင် မင်းတို့ သိမှာ မဟုတ်ဘူး။ ဒုတိယအချက်ကတော့ စဉ်းစားပါ။ ငါခိုင်းလို့ လှုပ်ရှားတာမျိုး မဟုတ်ဘဲ အဲဒီအကြောင်းကို သေသေချာချာ စဉ်းစားပါ။ နားလည်လား”

“နားလည်ပါတယ်!!”

“အဖြေကောင်းပဲ။ မင်းတို့အသံတွေက သုံးလေလေ ပိုပြီး ကျယ်လာလေလေပဲ။ အခုလောလောဆယ်တော့ စကားလုံးတွေကို ပီသအောင် ပြောနိုင်ဖို့ပဲ လေ့ကျင့်ထားကြ”

“ဟုတ်ကဲ့ပါ!!”

“ကောင်းပြီ။ ဒီနေ့တော့ ဒီမှာပဲ နားကြစို့။ တို့တွေ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြရင် မကောင်းဘူးလား”

မီဆိုက သူမရဲ့ ဂျာကင်ကို ဇစ်ဖြုတ်လိုက်တော့ ကလေးအချို့က အံ့ဩပြီး မျက်လုံးလွှဲသွားကြသည်။ ချစ်စရာလေးတွေပဲ။

“အော်... တတိယအချက်။ ငါက အလုပ်လုပ်တဲ့အချိန်မှာပဲ ဒီလောက် အလေးအနက်ထားတာပါ။ ကျန်တဲ့အချိန်တွေမှာတော့ တော်တော်လေး ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူ။ အခု အလုပ်ပြီးသွားပြီဆိုတော့ စိတ်အေးအေးထားလို့ ရပါပြီ။ ဒါပေမဲ့ လေ့ကျင့်ခန်းတွေ စပြီဆိုရင်တော့ တော်တော်လေး တင်းကျပ်မှာနော်။ နားလည်လား”

မီဆိုက ပြုံးပြီး အဆုံးသတ်လိုက်သည်။

* * * * * * * * *

“နောက်မှ ပြန်ဆုံကြတာပေါ့။ မနက်ဖြန်လည်း တွေ့ချင်တွေ့ရမှာ။ ငါ ဖုန်းဆက်ရင် ကိုင်ဖို့ မမေ့နဲ့ဦး၊ သိလား”

မီဆိုက ပြုံးပြုံးကြီးနဲ့ ခန်းမထဲက ထွက်သွားသည်။ သူမ မျက်စိရှေ့က ပျောက်သွားတာနဲ့ ကျောင်းသားတွေအားလုံး သက်ပြင်းအရှည်ကြီး ချလိုက်ကြတော့သည်။

“ဘုရားရေ...”

“ကြောက်စရာကြီးကွာ”

“နောက်ပိုင်း စကားပြောတဲ့အချိန်မှာတောင် ငါ နည်းနည်း ကြောက်နေမိသေးတယ်”

အားလုံးက တစ်ယောက်တစ်ပေါက် မှတ်ချက်ပေးကြသည်။ မီဆိုကတော့ သူတို့အားလုံးအပေါ် အတော်လေး အမှတ်ရစရာတွေ ချန်ထားခဲ့တာပေါ့။ မာရူးက ဒန်မီကို လှမ်းမေးလိုက်သည်။

“အရင်က နည်းပြဆရာကလည်း ဒီလိုပဲလား”

“ဟင့်အင်း... လုံးဝ မတူဘူး။ အရင်တစ်ယောက်က အရမ်း ကြင်နာတာ”

“ဟုတ်လား။ ဒါဆို မင်းက အရင်တစ်ယောက်ထက် အခုတစ်ယောက်ကို ပိုကြိုက်တာလား”

“အင်း...”

ယွန်ဂျောင်က အရင်ဦးဆုံး ဖြေလိုက်သည်။

“ငါကတော့ သူမကို တော်တော်သဘောကျတယ်။ ကြောက်စရာကောင်းပေမဲ့လည်းပေါ့”

ယွန်ဂျောင်ရဲ့ မျက်လုံးတွေက တောက်ပနေတာကို ကြည့်ပြီး မာရူး နည်းနည်းတော့ ကြောက်သွားမိသည်။ သူမက တကယ့်ကို ကလေးဆိုးတစ်ယောက်နဲ့ တူနေတာကိုး။ ဒုက္ခခံရတာကိုမှ ပျော်နေတဲ့ ကလေးမျိုးပေါ့။

“ငါလည်း သူမက တော်တော်လေး မိုက်တယ်လို့ ထင်တယ်” လို့ ဂျောင်ဟော့ခ်က ဝင်ပြောသည်။

အဲဒါဆိုရင်တော့ သေချာသွားပြီ။ မီဆိုက တကယ်ကို မဆိုးလှဘူး။ ဂျောင်ဟော့ခ်ရဲ့ စကားက တကယ်ကို အလေးအနက် ရှိတာကိုး။

“ဒါနဲ့ နောက်တစ်ခါကျရင် တို့တွေ ဘာတွေလုပ်ကြရမှာပါလိမ့်”

“ဘယ်သူသိမှာလဲ။ ဒီလောက်အထိ အားစိုက်တဲ့လူမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး။ အရင်က ဆရာဆိုရင် တစ်ပတ်ကို တစ်နာရီပဲ တို့နဲ့ လေ့ကျင့်ပေးတာ”

ဂျောင်ဟော့ခ်က နာရီကို လှမ်းကြည့်လိုက်သည်။ ည ၇ နာရီ ရှိနေပြီ။ သူတို့ နည်းပြဆရာမနဲ့ ၆ နာရီလုံးလုံး အတူရှိနေခဲ့ကြတာပဲ။

“ဒီလောက်တောင် နောက်ကျသွားပြီလား”

“ဟာ... ငါ လုံးဝ သတိမထားမိဘူး”

ကျောင်းသားတွေ နာရီကိုကြည့်ပြီး အံ့ဩသွားကြသည်။ မာရူးကတော့ နည်းပြဆရာမအကြောင်း ပြန်စဉ်းစားမိသည်။ သူမမှာ လူတွေကို ဆွဲဆောင်နိုင်တဲ့ စွမ်းအားရှိတာတော့ အမှန်ပဲ။ တော်တော်လေးကို ရှိတာပါ။ မဟုတ်ရင် ကလေးတွေကို ၆ နာရီလုံးလုံး အာရုံမလွှဲအောင် ဘယ်လိုမှ ထိန်းထားနိုင်မှာ မဟုတ်ဘူး။ သူမ ပြောခဲ့တဲ့ အလုပ်ပြင်ပမှာ ပေါ့ပေါ့ပါးပါး နေတတ်တယ်ဆိုတာကလည်း လုံးဝကို မှန်နေတာပဲ။

‘သူမက သဘောကောင်းတဲ့ လူကြီးတစ်ယောက်ပဲ’ လို့ မာရူး စိတ်ထဲမှာ မှတ်ချက်ပြုလိုက်ပါတော့သည်။

* * * * * * * * *

အခန်း(၂၀)

လပြည့်ဝန်းကြီးကို မြင်နိုင်လောက်တဲ့အထိ ကောင်းကင်ယံက မှောင်ရီပျိုးစ ပြုနေပြီ။ လမင်းရဲ့ ဘေးနားမှာတော့ ကြယ်နီကလေးတစ်လုံးက တောက်ပစွာ လင်းလက်လို့နေတယ်။

“အဲဒါ အင်္ဂါဂြိုဟ်ပဲ ဖြစ်ရမယ်”

“မဟုတ်လောက်ပါဘူးကွာ၊ ကြည့်ရတာ ဂြိုဟ်တုနဲ့ တူပါတယ်”

“မဟုတ်ဘူး၊ အဲဒါ အင်္ဂါဂြိုဟ်ပဲ ဖြစ်မှာပါ”

၂၀၀၃ ခုနှစ်က အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့ အနီးဆုံးကို ရောက်ရှိခဲ့တဲ့ နှစ်တစ်နှစ်ပေါ့။ မာရူးက အဲဒီနှစ်ကို မှတ်မိနေတာကတော့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်တဲ့ အမှတ်တရလေး တစ်ခုကြောင့်ပါ။

“ဟိုဘက်က အနီရောင် အစက်ကလေးက ငါတို့ဆီကို အနီးကပ်လာလိုက်၊ ဝေးသွားလိုက်နဲ့ သူ့စိတ်ကြိုက် လုပ်နေနိုင်တာ တကယ့်ကို အထင်ကြီးစရာပဲနော်၊ ဟုတ်တယ်မလား ”

အသက်ကြီးလာတဲ့အထိ မာရူးဟာ အဲဒီစကားဝိုင်းလေးကို တစ်ခါတစ်ရံ သတိရတတ်တယ်။ အဲဒီစကားကို ပြောခဲ့တဲ့သူဟာ ယောင်္ကျားလေးလား၊ မိန်းကလေးလား၊ တကယ့် သူငယ်ချင်းစစ်လား ဆိုတာတောင် မာရူး မမှတ်မိတော့ပါဘူး။ အဲဒီစကားပြောဖြစ်ခဲ့တာက ညဘက်ကြီးဆိုတာကိုပဲ သူ မှတ်မိနေတော့တယ်။

“တောက်! အဲဒီသင်တန်းဆရာမအကြောင်း တွေးမိရင် ပြန်ပြီး စိတ်တိုလာတာပဲကွာ”

“အင်း... မင်းပြောတာ မှန်တယ်၊ နောက်ဆို သူနဲ့ ခဏခဏ တွေ့ရဦးမှာ”

ဒိုဂျင်နဲ့ ဒေးမြောင်တို့က သက်ပြင်းကိုယ်စီ ချလိုက်ကြတယ်။ သူတို့က မီဆိုကို မုန်းကြတာတော့ မဟုတ်ပေမဲ့ သူမရဲ့ သင်ကြားပြသပုံကိုတော့ လုံးဝ သဘောမကျကြဘူး။ တစ်ခါလောက်တော့လည်း သူမရဲ့ လက်ချက်မိဖူးကြတာကိုး။

“ကဲ... လစ်ပြီဟေ့”

“အေး... လစ်”

မာရူးက တခြားသူနှစ်ယောက်နဲ့ လမ်းခွဲပြီး လမ်းတစ်ဖက်ကို ကူးလာခဲ့တယ်။ စက်ဘီးပေါ်တက်ပြီး နင်းဖို့ ပြင်လိုက်တဲ့အချိန်မှာ ‘လက်အိတ်လေး ယူလာခဲ့ရင် ကောင်းမှာပဲ’ လို့ တွေးမိသွားတယ်။ နေဝင်သွားပြီဆိုတော့ လေက တော်တော်လေး အေးစက်လာပြီလေ။

အဲဒီအချိန်မှာပဲ လမ်းဘေးကနေ စက်ဘီးတစ်စီး ဖြတ်မောင်းသွားတယ်။ အဝါရောင် ပြိုင်ဘီးလေးပေါ့။

“ဒိုဝူးလား ”

သူ အခုထိ ပြန်မသွားသေးဘဲ ဒီမှာ ရှိနေတာလား မာရူးက သူနဲ့ သိပ်ခင်တာ မဟုတ်တော့ စက်ဘီးကို ဖြည်းဖြည်းချင်းပဲ နင်းလာခဲ့တယ်။ အဲဒီအချိန်မှာပဲ ဒိုဝူးက လမ်းလယ်ခေါင်မှာ ရုတ်တရက် ရပ်လိုက်တယ်။ တစ်ခုခု ပြောစရာ ရှိလို့လား ဒါပေမဲ့ သူက ဘာမှ မပြောဘဲ ငြိမ်နေတာကြောင့် မာရူးလည်း သူ့ဘေးကနေ ဖြတ်နင်းသွားလိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ဒိုဝူးက မာရူးနဲ့ ဘေးချင်းယှဉ်ပြီး လိုက်နင်းလာပြန်တယ်။

“ဘာလဲ၊ ပြောစရာ ရှိလို့လား ”

“ . . . ”

ဒိုဝူးက ဘာမှ ပြန်မပြောဘူး။ ဒါပေမဲ့ သူ့ပုံစံကတော့ တစ်ခုခုကို ပြောချင်နေပုံပဲ။ မာရူးက ဘရိတ်အုပ်ပြီး ရပ်လိုက်တော့ ဒိုဝူးလည်း လိုက်ရပ်တယ်။

“ဘာဖြစ်လို့လဲ ”

“ . . . ”

“ဘာလဲ၊ မင်းက ကြောက်နေတာလား ”

“တောက်! မင်းကတော့ကွာ... ငါ မင်းကို တကယ် ကြည့်မရတာ”

ဒိုဝူးက ခဏလောက် စိုက်ကြည့်နေပြီးမှ သက်ပြင်းတစ်ချက်ချပြီး မျက်နှာလွှဲသွားတယ်။

“ဟို အဝတ်အစားတွေလေ”

“အဝတ်အစားတွေ ”

“ပြင်ပြီးသွားပြီလား ”

“မင်း သူငယ်ချင်းတွေ အပေါက်ဖောက်သွားတဲ့ ဟာတွေကို ပြောတာလား ”

“သူငယ်ချင်းတွေ မဟုတ်ပါဘူးကွာ။ ဘာပဲဖြစ်ဖြစ် ဘာဖြစ်သွားလဲ အဲဒါတွေက ဝတ်စုံတွေလို့ ကြားတယ်”

“တို့တွေ တတ်နိုင်သလောက်တော့ အကောင်းဆုံး ပြင်ပေးထားပါတယ်။ စိတ်မပူပါနဲ့”

အဲဒီအချိန်မှာပဲ -

[[ငါကတော့ အခြေအနေ ဘယ်လောက် ဆိုးနေမလဲဆိုပြီး စိတ်ပူနေတာ။ ချီးပဲ၊ အလကား သက်သက် စိတ်ပူနေမိတာပဲ]]

မာရူးရဲ့ မျက်စိထဲမှာ စာသားပူဖောင်းလေး တစ်ခု ပေါ်လာတယ်။

“စိတ်ပူတာတွေ ဘာတွေ လာမလုပ်နဲ့၊ တောက်!”

ဒိုဝူးက ကောင်းကင်ကို မော့ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ဆဲဆိုနေပြန်တယ်။

“ပြဿနာ မရှိရင် ပြီးတာပါပဲ။ ကဲ... သွားတော့မယ်”

သူက စက်ဘီးကို လှည့်ပြီး ထွက်သွားတော့တယ်။ အိမ်ပြန်တာ ဖြစ်မှာပေါ့။

“မင်းက ဒါလေး လာမေးဖို့ ငါ့နောက်ကို လိုက်လာတာလား နေဦး... မင်း ငါ့ကို စောင့်နေတာလား ”

“သွားစမ်းပါကွာ!”

ဒိုဝူးက စက်ဘီးကို အတင်းနင်းပြီး ထွက်သွားတာ မာရူးရဲ့ မြင်ကွင်းထဲကနေ ခဏလေးအတွင်း ပျောက်ကွယ်သွားတော့တယ်။

‘သူ့ခမျာ ဒီရက်ပိုင်း စိတ်ထဲမှာ တော်တော်လေး ခံစားနေရမှာပဲ’

လူဆိုတာ တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ အတွေးတွေ များတတ်ကြတာကိုး။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဒိုဝူးဟာ တော်တော်လေးကို အထီးကျန်နေခဲ့တာပဲလို့ မာရူး မြင်မိတယ်။ နေ့လယ်စာစားချိန်ဖြစ်ဖြစ်၊ ကျောင်းပိတ်ချိန်ဖြစ်ဖြစ် ဒိုဝူး တစ်ယောက်တည်းနဲ့ ဘယ်သူနဲ့မှ စကားမပြောတာကို မာရူး သတိထားမိခဲ့တာလေ။ သူ့ရဲ့ သူငယ်ချင်းဟောင်းတွေကတောင် သူ့ကို အုပ်စုထဲက ဖယ်ထုတ်လိုက်ကြပြီ။

“ဒါကတော့ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပဲလေ”

သူသာ တခြားသူတွေကို ကူညီပေးခဲ့မယ်ဆိုရင် အခုလို အခြေအနေမျိုး ရောက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း... မာရူးသာ ကူညီပေးမယ်ဆိုရင် ဒိုဝူးရဲ့ အခြေအနေက အခုထက်တော့ ပိုကောင်းလာနိုင်ပါတယ်။

“ဟင်း...”

မာရူး ဒိုဝူးအကြောင်းကို ထပ်ပြီး စဉ်းစားနေမိတယ်။ သူက တကယ်တမ်းကျတော့ လူဆိုးလေးတစ်ယောက် မဟုတ်ပါဘူး။ ငါ သူ့ကို ကူညီပေးသင့်လား

* * * * * * * * *

တီဗီကြည့်နေတဲ့ ဘာဒါတစ်ယောက် အိမ်ရှေ့တံခါး ပွင့်သွားတဲ့ အသံကို ကြားလိုက်ရတယ်။

“မေမေလား ”

အမေ့အစား မာရူး ဝင်လာတာပါ။ အေးစက်စက် လေညင်းတွေကလည်း မာရူးနဲ့အတူ အိမ်ထဲကို တိုးဝင်လာတယ်။

“တံခါးမြန်မြန်ပိတ်ပါ၊ ချမ်းတယ်ဟ” လို့ ဘာဒါက လှမ်းအော်လိုက်တယ်။

“အေးပါ၊ အေးပါ”

မာရူးက ဘာမှ ပြန်မပြောဘဲ တံခါးကို ပိတ်လိုက်တယ်။ ဒါက တော်တော်လေးတော့ ထူးဆန်းနေတယ်။ သူက ဒီလောက်အထိ အလိုက်သိတတ်တဲ့သူ မဟုတ်ဘူးလေ။ ပုံမှန်ဆိုရင် ‘နင်ပဲ လာပိတ်လေ’ လို့ ရန်ပြန်တွေ့ရမှာ။ သူ တစ်ခါတစ်ရံ ကောင်းပြတတ်တာကလည်း မုန့်ဖိုးရတဲ့အချိန် ဒါမှမဟုတ် စားစရာတွေ ပါလာတဲ့ အချိန်မှသာ ဖြစ်တာပါ။ အခုရက်ပိုင်းမှာ သူက အမြဲတမ်း စိတ်ကောင်းဝင်နေတာ တကယ်ကို ထူးဆန်းလွန်းတယ်။

“ညစာ စားပြီးပြီလား ”

နောက်ထပ် တစ်ခု! သူက ဘာလို့ သူမကို စားဖို့ သောက်ဖို့တွေ လိုက်မေးနေတာလဲ ပုံမှန်ဆိုရင် သူမကို ထမင်းကျွေးဖို့ ပြန်တောင်းဆိုရမှာလေ! ခေါက်ဆွဲပြုတ် စားရင်တောင် တစ်လုပ်လောက် ပေးပါဦးဆိုပြီး လုစားနေကျဟာကို!

“ဘာမှ မစားရသေးဘူး”

“နေဦး၊ ငါ တစ်ခုခု လုပ်ပေးမယ်”

သူက သဘာဝကျကျပဲ မီးဖိုချောင်ထဲကို ဝင်သွားတယ်။ ဘာဒါက သူ့ကို ကြောင်ကြည့်နေပြီးမှ ဖုန်းထုတ်ပြီး သူငယ်ချင်းဆီ စာပို့လိုက်တယ်။

‘ဟေး... အစ်ကိုဖြစ်သူက ရုတ်တရက်ကြီး ကောင်းပြနေရင် အဲဒါ ထူးဆန်းတယ် မဟုတ်လား ’

အဖြေက ချက်ချင်းဆိုသလို ပြန်ရောက်လာတယ်။

‘၁၀၀ ရာခိုင်နှုန်း ထူးဆန်းတာပေါ့’

‘အဲဒါကို သူက အမြဲတမ်း ကောင်းပြနေရင်ရော ’

‘အဲဒါဆိုရင်တော့ သူ တစ်ခုခု ဆိုးဆိုးရွားရွား အမှားလုပ်ထားလို့ပဲ။ ၁၀၀၀ ရာခိုင်နှုန်း သေချာတယ်’

ဘာဒါ စိုးရိမ်နေတဲ့အတိုင်းပါပဲ၊ ဒါပေမဲ့ မာရူးက ဘာအမှားမှ လုပ်ထားတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ သူမကို မုန့်ဖိုးတောင် ပေးလိုက်သေးတာ။

‘ဒါပေမဲ့ သူ ဘာမှ အမှားမလုပ်ထားရင်ရော ’

‘အဲဒီလို အစ်ကိုမျိုး ဒီကမ္ဘာမှာ မရှိဘူး’

အဖြေက တော်တော်လေးကို ပြတ်သားလွန်းလှတယ်။ တခြား သူငယ်ချင်းတွေကို မေးကြည့်တော့လည်း အဖြေက အတူတူပါပဲ။ သူတို့အတွက်တော့ အစ်ကိုဆိုတာ နဂိုကတည်းက ရန်သူတော်ကြီးတွေလိုပဲလေ။ ဘာဒါလည်း အရင်လအထိတော့ အဲဒီအတိုင်းပဲ တွေးခဲ့တာပါ။

‘ဘာတွေ ဖြစ်ကုန်တာလဲ ’

အစ်ကိုဖြစ်သူက မီးဖိုချောင်ထဲမှာ သီချင်းတညည်းညည်းနဲ့ ဟင်းချက်နေတယ်။ သူ ဟင်းချက်တာကို ဘယ်မှာ သင်လာတာပါလိမ့် ဟင်းရည်တွေ ဘာတွေကို ကျွမ်းကျွမ်းကျင်ကျင် ချက်နေတာ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိတဲ့သူကျနေတာပဲ။ အခုဆို အမေတောင် ဟင်း သိပ်မချက်တော့ဘူး။ အမေကလည်း မာရူးကိုပဲ ညစာ အမြဲ ချက်ခိုင်းချင်နေပုံရတယ်။ အဲဒါလည်း မဆန်းပါဘူးလေ။

အစ်ကိုချက်တဲ့ ဟင်းက တကယ်ကို အရသာ ရှိတာကိုး။

“ဝက်သားကပ်ကြော် စားမလား ”

“အင်း... စားမယ်”

သူက ရေခဲသေတ္တာထဲမှာ အသား ဘယ်နေရာမှာ ရှိလဲဆိုတာကို ချက်ချင်း ရှာတွေ့ပြီး ချက်ပြုတ်တော့တာပဲ။ အဲဒါက တကယ် ထူးဆန်းတယ်။ အသားက ဘယ်နေရာမှာ ရှိမှန်း သူ ဘယ်လိုလုပ် သိတာလဲ ဒါက အမေနဲ့တောင် တူနေသလိုပဲ။

‘အမေ...’

အခြေအနေက တစ်စထက်တစ်စ ပိုပြီး ထူးဆန်းလာတယ်။ သူက ဘာလို့ အရင်လို သူမကို ‘ဝက်မကြီး’ လို့ မခေါ်တော့တာလဲ အဲဒီအချိန်မှာပဲ သူမ မေးထားတဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ဆီက စာပြန်ရောက်လာတယ်။ သူငယ်ချင်းစစ်စစ်တော့ မဟုတ်ပါဘူး၊ အသိလေး တစ်ယောက်ပေါ့။

‘ငါ့အစ်ကိုလည်း အဲဒီလိုပဲ၊ သူက တော်တော် စိတ်ကောင်းရှိတယ်’

“... မဖြစ်နိုင်တာ”

အစ်ကိုဆိုတာ ညီမတွေကို နှောင့်ယှက်ဖို့ သက်သက် ရှိနေတဲ့ သတ္တဝါတွေ မဟုတ်ဘူးလား ဘာဒါက မာရူးကို မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေမိတယ်။

* * * * * * * * *

‘သူ ဘာဖြစ်နေတာလဲ ’

ဘာဒါဟာ အခုရက်ပိုင်း ပုံမှန်အတိုင်း ဖြစ်နေပေမဲ့ အခုတော့ သူ့ကို ကြည့်ရတာ တစ်ခုခု အလိုမကျသလိုမျိုး၊ သူကပဲ သူမရဲ့ အရုပ်ကို လုယူသွားသလိုမျိုး ကြည့်နေတယ်။ သူမ သူ့ကို တစ်ခုခု စိတ်ဆိုးနေတာလား သူတို့ ဆက်ဆံရေးက အစကတည်းက ဒီလောက်အထိ ဆိုးခဲ့တာလား

‘ဒါကြောင့်လည်း သူမ ကွာရှင်းတာကို ငါ့ကို အသိမပေးခဲ့တာ ဖြစ်မှာပေါ့’

အရင်ဘဝတုန်းကတော့ သူက မိသားစုဝင် ဖြစ်ပေမဲ့ သူမအပေါ် အရမ်း ဂရုမစိုက်ခဲ့ဘူး။ အဲဒီအတွက် သူ နောင်တရမိတယ်၊ ဒါကြောင့်ပဲ ဒီဘဝမှာတော့ သူမကို အရင်ထက် ပိုကောင်းအောင် ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့တာပါ။ လူမှုပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရတဲ့အခါ သူမ အားကိုးနိုင်မယ့် အစ်ကိုတစ်ယောက် ဖြစ်ချင်ခဲ့တာ။

‘ငါ မင်းကို အရင်ထက် ပိုကောင်းအောင် ထားပါ့မယ်’

မာရူးက ညီမဖြစ်သူကို နွေးထွေးတဲ့ အပြုံးလေးနဲ့ ပြန်ပြုံးပြလိုက်တယ်။

* * * * * * * * *

“သူ တကယ်ကြီး ရူးသွားပြီ၊ အဲဒါ သေချာတယ်”

အစ်ကိုဖြစ်သူက သူမကို အကြောင်းပြချက် မရှိဘဲ ပြုံးပြနေတာလား တစ်ခုခုတော့ မှားနေပြီ။ ဘာဒါ အခြေအနေကို စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။

“ဟေ့” လို့ သူမက လှမ်းခေါ်လိုက်တယ်။

“ဘာလဲ ”

“ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ ”

“ဘာကိုလဲ ”

“ဘာလို့ ငါ့ကို ဒီလောက်အထိ ကောင်းပြနေရတာလဲ ”

“... ဘာ ”

“တကယ်ပါပဲ။ တစ်ခုခု အမှားလုပ်ထားရင်လည်း အမှန်အတိုင်း ပြောလိုက်စမ်းပါ။ ငါ ခွင့်လွှတ်ပေးပါ့မယ်။ ဒီလောက်အထိ ကောင်းပြနေဖို့ မလိုပါဘူး”

ဒီလောက်ဆိုရင်တော့ သူ ဝန်ခံမှာပဲလို့ ဘာဒါ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ သူမ ထင်တာ လုံးဝ မှားသွားခဲ့တယ်။ အစ်ကိုဖြစ်သူက သူမကို သနားစရာ ကလေးလေး တစ်ယောက်လို ကြည့်ပြီးတော့ -

“နောက်ဆို မင်းကို အသားတွေ အများကြီး ပိုကျွေးပါ့မယ်၊ ကတိပေးတယ်”

* * * * * * * * *

ဘာဒါ ထမင်းပန်းကန်ကို ကိုင်ပြီး တီဗီရှေ့ကို လျှောက်သွားတာကို မာရူး ကြည့်နေမိတယ်။ သူ တွေးထားတဲ့အတိုင်းပါပဲ၊ ဒီအရွယ် မိန်းကလေးတွေရဲ့ စိတ်ကို ခန့်မှန်းရတာ တကယ် မလွယ်ဘူး။ သမီးတစ်ယောက်ရဲ့ အဖေ ဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံအရ ဒါကို သူ ကောင်းကောင်း သိတာပေါ့။

“ပြန်လာပြီ” လို့ အမေက ပြောပြီး ဈေးအိတ်တွေနဲ့ အိမ်ထဲ ဝင်လာတယ်။

“ကျွန်တော် ဟင်းချက်ထားတယ် မေမေ”

“ငါ ချက်မယ်လို့ ပြောထားသားနဲ့”

“မေမေက ကျွန်တော့်ကို ချက်စေချင်နေတာ ကျွန်တော် သိပါတယ်။ ကူချင်ရင်တော့ ပန်းကန်ဆေးတာ ကူပေးပါ”

အမေက ပြုံးပြီး မီးဖိုချောင်ထဲ ဝင်သွားတယ်။ ဝက်သားဟင်းကို မြင်တော့ အမေ့ဆီကနေ အံ့ဩသံလေး ထွက်လာတယ်။ မာရူးကတော့ ပြုံးပြီးပဲ တုံ့ပြန်လိုက်တယ်။ “ဇနီးသည် မရှိတဲ့ အချိန်တွေမှာ ကျွန်တော် ခဏခဏ ချက်နေကျပါ” လို့တော့ သူ အမေ့ကို ပြောပြလို့ မရဘူးလေ။

မာရူး သူ့အခန်းထဲ ပြန်ဝင်လာပြီး ကွန်ပျူတာကို ခြေဖျားနဲ့ စက်နှိုးလိုက်တယ်။ အခုဆို အထက်တန်းကျောင်းသား ဘဝကို သူ တော်တော်လေး အသားကျနေပြီ။ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရင်း ဆယ်ကျော်သက်တွေ ဘယ်လို ပြုမူတတ်လဲဆိုတာကိုလည်း ပြန်သင်ယူခဲ့သလို၊ ၂၀၀၃ ခုနှစ်ဆိုတဲ့ အချိန်ကာလကိုလည်း သူ တော်တော်လေး ရင်းနှီးသွားပြီ။ ဘယ်သူကပဲ ကြည့်ကြည့် မာရူးဟာ ၂၀၀၃ ခုနှစ်က သာမန် အထက်တန်းကျောင်းသားလေး တစ်ယောက်ပါပဲ။

* * * * * * * * *

မာရူးက မောက်စ်နဲ့ မက်ဆင်ဂျာကို ဖွင့်လိုက်တယ်။ ဂိမ်းဆော့ဖို့တော့ သူ စိတ်မပါဘူး။ အရင်ဘဝတုန်းက ဒါတွေကို အများကြီး ဆော့ခဲ့ဖူးတာကိုး။ မာရူး သူငယ်ချင်းတွေကို မက်ဆင်ဂျာမှာ နှုတ်ဆက်လိုက်ပြီး ဝက်ဘ်ဘရောက်ဇာကို ဖွင့်လိုက်တယ်။

“အရင်တုန်းက ရှာဖွေရေး အင်ဂျင်တွေ အများကြီး ရှိခဲ့တာပဲနော်”

အဲဒီခေတ်က အခုလိုမျိုး ရှာဖွေရေး အင်ဂျင်တွေ တစ်ခုတည်းအောက်မှာ စုစည်းမသွားသေးတဲ့ ခေတ်လေ။ မာရူး မှတ်မိနေတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို ဖွင့်လိုက်ပြီး ‘ပြဇာတ်များ’ လို့ ရိုက်ထည့်လိုက်တယ်။ ပထမဆုံး ပေါ်လာတာတွေက ကောလိပ် ပြဇာတ်တွေအကြောင်းချည်းပါပဲ။ ဘလော့ဂ်အချို့လည်း ပါတာပေါ့။ အဲဒီအချိန်တုန်းက ဘလော့ဂ်ရေးတဲ့သူ သိပ်မရှိသေးဘူး။ မာရူးလည်း ဟိုဟိုဒီဒီ ကြည့်ပြီးနောက်မှာ ကိုယ်ပိုင် ဘလော့ဂ်တစ်ခု ဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။

အထူးတလည် အကြောင်းပြချက်တော့ မရှိပါဘူး။

သူ့ရဲ့ ဒုတိယအကြိမ် ဘဝသစ်အတွက် နေ့စဉ်မှတ်တမ်းလေး တစ်ခု ထားချင်ရုံ သက်သက်ပါ။ ခဏလောက် စဉ်းစားပြီးနောက်မှာတော့ ဘလော့ဂ်နာမည်ကို ပေးလိုက်တယ် -

{အတိတ်သို့ တကျော့ပြန်ခရီး}

ပြီးတော့ ပထမဆုံး ရေးတင်လိုက်တာကတော့ -

{ပျော်စရာကောင်းပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို တည်ဆောက်ကြစို့။}

* * * * * * * * *

ဒေးမြောင် စာရိုက်နေရင်း ခဏလောက် ရပ်လိုက်တယ်။ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့နေတာ နှစ်နာရီလောက် ရှိပြီ။ နာမည်ကြီး ဂိမ်းနေရာတွေမှာ လူ သိပ်မရှိတာကို သိတာနဲ့ သူငယ်ချင်းတွေကို ခေါ်ပြီး ဂိမ်းဆော့နေတာပါ။

“ဟား... level တွေ တက်နေတာပဲ။”

“ပိုက်ဆံလည်း တော်တော် ရတာပဲဟ။”

“ပစ္စည်းလေးတွေ ရရင်တော့ အားလုံး အဆင်ပြေပြီ။”

သူက အတန်းဖော်တွေနဲ့ ဂိမ်းဆော့နေတာပါ။ အမှန်အတိုင်း ပြောရရင် သူ တော်တော်လေး ပျော်နေမိတယ်။ ဒါပေမဲ့ မောက်စ်ကို ပြန်ကိုင်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ သင်တန်းဆရာမ မီဆိုရဲ့ အော်သံက သူ့ခေါင်းထဲကို ပြန်ဝင်လာတယ်။ အဲဒီ အော်သံကြောင့် သူ တောင့်ခဲသွားရတယ်။ ပြဇာတ်ကလပ်မှာ တောင့်ခဲနေတဲ့ သူ့ပုံစံက အခု ဂိမ်းဆော့နေတဲ့ သူ့ပုံစံနဲ့ ထပ်တူကျသွားသလို ခံစားလိုက်ရတယ်။ သူ ရှက်လွန်းလို့ မလှုပ်ရှားနိုင်တော့ဘူး။

“ဟေ့... ဒေးမြောင်။”

“မင်း သေသွားပြီလား ”

သူ့ရဲ့ ဇာတ်ကောင်က မလှုပ်တော့တာကြောင့် သူငယ်ချင်းတွေက လှမ်းမေးနေကြတယ်။ ဒေးမြောင် သူ့ရဲ့ ဇာတ်ကောင်လေးကို ခဏလောက် ကြည့်နေမိတယ်။ သူ ဒီဇာတ်ကောင်အတွက် အချိန်တွေ အများကြီး ပေးခဲ့တာ။ ထိပ်တန်း အဆင့်တွေထဲမှာ မပါသေးပေမဲ့ တော်တော်လေးတော့ အဆင့်မြင့်နေပြီလေ။ အချိန်ရော ငွေရော ရင်းနှီးထားရတာကိုး။

‘... ဒါပေမဲ့ အဲဒါက ငါ မဟုတ်ဘူး’

အဲဒီအတွေးက သူ့ကို စိတ်မကောင်း ဖြစ်စေတယ်။ ဘာလို့ ငါ့ဘဝက ဒီဂိမ်းလိုမျိုး မဖြစ်ရတာလဲ ငါ ကြိုးစားသလောက် ဘာလို့ ချက်ချင်း အောင်မြင်မှု မရတာလဲ အဲဒီအချိန်မှာပဲ စိတ်ထဲက တစ်ဖက်ကလည်း ‘ဂိမ်းပဲ ဆက်ဆော့နေပါ’ လို့ ပြောနေသလိုပဲ။ ဒါပေမဲ့ အဲဒီအတွေးကြောင့်ပဲ ဂိမ်းဆော့ချင်စိတ်က ပိုပြီး ပျောက်ကွယ်သွားရတယ်။ သူ သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး ကွန်ပျူတာ ပိတ်လိုက်တော့တယ်။

မော်နီတာကြီးက မှောင်သွားပြီး အခန်းထဲမှာ တိတ်ဆိတ်လို့ သွားတယ်။ ခုနလေးတင် သူငယ်ချင်းတွေနဲ့ ပျော်နေခဲ့တာကို... ဒေးမြောင် ထိုင်ခုံကနေ ထရပ်လိုက်တယ်။ သူ တစ်နေရာရာကို သွားချင်နေတယ်။ ဟုတ်သားပဲ၊ ဒိုဂျင်က သူ့ကို လေ့ကျင့်ခန်း ပိုလုပ်ဖို့ ပြောထားသားပဲ။ လုပ်ကြည့်ရင် ကောင်းမလား။ သူ ဖိနပ်စီးပြီး အပြင်ထွက်ဖို့ ပြင်လိုက်တယ်။

“ဘယ်သွားမလို့လဲ သား ” လို့ ညစာအတွက် မုန့်လုပ်နေတဲ့ အမေက လှမ်းမေးတယ်။

“ပြေးမလို့ မေမေ”

“တကယ်လား ”

အမေ့မျက်နှာမှာ ခဏလေးအတွင်း အပြုံးလေး တစ်ခု ပေါ်လာတာကို ဒေးမြောင် သတိထားမိလိုက်တယ်။ အဲဒီအပြုံးက သူ့ကို ပိုပြီး စိတ်မကောင်း ဖြစ်စေတယ်။ ဒါဆို အမေကလည်း သူ ဝနေတာကို ကြည့်မရဖြစ်နေတာပေါ့။

“သွားပြီ မေမေ”

“အေး... အေး... နောက်မကျစေနဲ့ဦးနော်”

ဒေးမြောင် ဖုန်းနဲ့ နားကြပ်ကို ယူပြီး အပြင်ထွက်လာခဲ့တော့တယ်။

* * * * * * * * *

“အရမ်း နောက်မကျစေနဲ့ဦး။ ပိတ်ရက်ဆိုပေမဲ့ အဲဒါက အကြောင်းပြချက် မဟုတ်ဘူးနော်”

“ဟုတ်ကဲ့!”

ဒိုဂျင် ညဆိုင်းဆင်းမယ့် အမေ့ကို နှုတ်ဆက်ပြီး သူ့အခန်းထဲကို ပြေးဝင်လာခဲ့တယ်။ အိမ်မှာ အမေ မရှိတဲ့ အချိန်က အပျော်ဆုံး အချိန်ပေါ့။ အဲဒါကတော့ ‘အောကား’ ကြည့်တဲ့ အချိန်ပါပဲ။ သူငယ်ချင်းတစ်ယောက်ဆီက ရထားတဲ့ ဗီဒီယိုကို သူ ဖွင့်လိုက်တယ်။ ဗီဒီယိုရဲ့ အစပိုင်းမှာ ရင်းနှီးနေတဲ့ စာတန်းလေးတစ်ခု ပေါ်လာတယ်။

“FBI ကလည်း အောကား လိုက်ကြည့်နေတာလား မသိဘူး”

ဘာပဲဖြစ်ဖြစ်၊ သူ အဲဒါကို ကျော်လိုက်လို့ ရတာပဲ။ အဲဒီအချိန်မှာပဲ သူ့ဖုန်းက မြည်လာတယ်။

“ဒေးမြောင်လား ”

* * * * * * * * *

All Chapters