အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း(၂၃)
“ငါ့ရဲ့ ဆုံးဖြတ်ချက်က ဘာဖြစ်လို့လဲ” လို့ ဒေးမြောင်က မေးလိုက်တယ်။
မာရူးက ခဏလောက် ငြိမ်သွားပြီးမှ ပြန်ဖြေတယ်။
“မင်း ကိုယ့်ရုပ်ရည်ကိုယ် အားမလိုအားမရ ဖြစ်နေတာကို ငါသိပါတယ်။ ရုပ်ရည်က အရေးမကြီးဘူးလို့လည်း ငါမပြောချင်ဘူး၊ ဘာလို့လဲဆိုတော့ တကယ်လည်း အရေးကြီးတာကိုး။ ရုပ်ရည်ကောင်းရင် အခွင့်အရေးတွေ ပိုရဖို့ လွယ်တာ အမှန်ပဲလေ"
မာရူးက စကားကို ဆက်ပြောတယ်။
“မင်း ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ကြိုးစားတာကို ငါသဘောတူပါတယ်။ ဒါပေမဲ့ ရုပ်ရည်တစ်ခုတည်းအပေါ်မှာပဲ မကန့်သတ်ထားစေချင်ဘူး။ စောစောက မင်းပြောတော့ ဗီဒီယိုဂိမ်းဆော့တာက မင်းအတွက် ထွက်ပေါက်တစ်ခုဆို အဲဒါလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီဂိမ်းတွေက မင်းဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ၊ မင်းရဲ့ အချိန်တွေအများကြီး ပေးထားခဲ့ရတာ မဟုတ်လား။ အားကစားကို ပိုအာရုံစိုက်မယ်လို့ ဆုံးဖြတ်တာက ကောင်းပေမဲ့ အဲဒီဆုံးဖြတ်ချက်က စိတ်လိုက်မာန်ပါ ဖြစ်နေရင်တော့ မကောင်းဘူး။ နောက်တစ်ချိန်မှာ လူတွေက မင်းကို ပိန်လိုက်တာလို့ လှောင်ကြပြန်ရင် မင်းက ပြန်ဝအောင် လုပ်ဦးမှာလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို လိုက်လုပ်နေရတာက ပျော်စရာကောင်းတဲ့ ဇာတ်သိမ်း ဖြစ်လာမှာ မဟုတ်ဘူး"
မာရူး ခဏလောက် စကားကို ရပ်လိုက်တယ်။
ဒါက ပြောရဆိုရ တော်တော်ခက်တဲ့ အကြောင်းအရာပဲ။ ဘယ်အရာကမှ အဖြေမှန်ရယ်လို့ မရှိဘူးလေ။ ဒေးမြောင်အနေနဲ့ ပတ်ဝန်းကျင်ရဲ့ အမြင်တွေကို လျစ်လျူရှုပြီး ရှင်သန်ဖို့ဆိုတာလည်း မလွယ်ဘူး မဟုတ်လား။ ဒါပေမဲ့ သူများတွေ သတ်မှတ်ထားတဲ့ ပုံစံခွက်ထဲကို အတင်းဝင်ဖို့လည်း မလိုပါဘူး။ ဒေးမြောင်အနေနဲ့ သူ့ဘဝအတွက် ဟန်ချက်ညီညီ နေထိုင်တတ်ဖို့ပဲ လိုတာပါ။ ဒါက စကားလုံးတွေနဲ့ ရှင်းပြလို့ရတဲ့ အရာမျိုးမဟုတ်ဘဲ ကိုယ်တိုင် ကြုံတွေ့ခံစားကြည့်မှ သိနိုင်မယ့် အရာမျိုးလေ။
“ဒေးမြောင်"
“အင်း ”
“ဒီအချက် ၃ ချက်ကိုပဲ လိုက်နာကြည့်စမ်းပါ။ ပထမအချက်က ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အထင်မသေးနဲ့။ တစ်ယောက်ယောက်က မင်းကို နှိမ်တဲ့စကားတွေ ပြောလာရင် အဲဒီလို မပြောဖို့ ပြတ်ပြတ်သားသား တားလိုက်။ ဒုတိယအချက်က ကိုယ့်ကိုယ်ကိုယ် ပိုပြီး ချီးကျူးပေးပါ။ အသေးအဖွဲ ကိစ္စလေးတွေကအစပေါ့။ နောက်ဆုံးအချက်ကတော့... ဒါက ဆရာမ မီဆိုလည်း ပြောခဲ့တဲ့ အချက်ပဲ။ မင်းရဲ့ အသံကို သတိထားပါ။ ကိုယ့်အသံကိုယ် ရှင်းရှင်းလင်းလင်း ကြားရတဲ့အထိ ကျယ်ကျယ်ပြောတတ်အောင် လေ့ကျင့်ပါ"
“... အင်း၊ ငါ လုပ်ကြည့်ပါ့မယ်"
“ဒါက ငါ အခုချက်ချင်း စဉ်းစားမိတာတွေကို ပြောပြတာပါ။ အဲဒီအတိုင်း တိတိကျကျ လိုက်လုပ်နေဖို့တော့ မလိုပါဘူး"
မာရူး ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်တယ်။ ဒီအကြံပေးချက်တွေက သူ့ရဲ့ ဘဝအတွေ့အကြုံတွေနဲ့ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေပေါ်မှာ အခြေခံထားတာ ဆိုပေမဲ့ တကယ်ရော ထိရောက်ပါ့မလားဆိုတာ သူကိုယ်တိုင်လည်း မသေချာဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ဒေးမြောင်ရဲ့ မျက်နှာက အရင်ကထက်စာရင် ပိုပြီး စိတ်သက်သာရာ ရသွားတဲ့ပုံပဲ။
“ဒါပေမဲ့ ငါ တကယ်ရော လုပ်နိုင်ပါ့မလား။ အဲဒီလို ယုံကြည်မှုရှိတဲ့သူ တစ်ယောက် ဖြစ်လာနိုင်ပါ့မလား"
“ငါ ပြောဖူးတယ် မဟုတ်လား။ လူဆိုတာ ချက်ချင်းကြီး ပြောင်းလဲသွားတာမျိုး မဟုတ်ဘူး။ အရေးကြီးတာက မင်း တကယ် ကြိုးစားကြည့်ဖို့ပဲ။ မင်း ပြောင်းလဲသွားသလား၊ မပြောင်းလဲဘူးလားဆိုတာကို နောက်ကျရင် မင်းကိုယ်တိုင် သိလာပါလိမ့်မယ်"
မာရူးက ဒေးမြောင်ရဲ့ ပုခုံးကို ခပ်ဖွဖွလေး ပုတ်လိုက်တယ်။ သူကတော့ အကြံပေးရတာ အကျင့်ဖြစ်နေပြီလေ။ အရင်ဘဝတုန်းကလည်း ဒါမျိုးတွေ ခဏခဏ လုပ်ခဲ့ဖူးတာကိုး။ အဲဒီအတွေ့အကြုံတွေက အခုဘဝမှာလည်း သူ့ကို တော်တော်လေး အထောက်အကူ ဖြစ်စေပါတယ်။
“သွားကြစို့။ အပြင်မှာ အေးနေပြီ"
“အိုကေ"
“ဟေ့ ဒိုဂျင် ပြန်ကြရအောင် ”
“လာပြီ ”
ရာသီဥတုက အေးနေပေမဲ့ သူ့ရဲ့ ရင်ထဲမှာတော့ နွေးထွေးတဲ့ ခံစားချက်တစ်ခု ရှိနေခဲ့တယ်။
* * * * * * * * *
ဒေးမြောင် အိမ်ကို ပြန်ရောက်လာခဲ့တယ်။ သူ အိမ်ထဲဝင်လိုက်တာနဲ့ မီးဖိုချောင်က မီးတွေ လင်းလာတယ်။ သူ့အမေပဲ ဖြစ်မှာပါ။
“ပြန်ရောက်ပြီလား ”
“ဟုတ်ကဲ့"
“ညဉ့်နက်နေပြီ၊ မြန်မြန်အိပ်တော့"
“ဟုတ်ကဲ့ပါ အမေ"
အမေက သူ့အခန်းထဲ ပြန်ဝင်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ဒေးမြောင်က နောက်ကနေ လှမ်းခေါ်လိုက်တယ်။
“ကျွန်တော် ပြောင်းလဲတော့မယ် အမေ"
ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ပြောထွက်ဖို့ ရှက်စရာကောင်းပေမဲ့ ဒါကို သူ့အမေကို သိစေချင်တယ်။ သူ အနိုင်ကျင့်ခံနေရတာကို အမေ သိသွားတုန်းက ငိုခဲ့တာတွေကို သူ မှတ်မိနေသေးတာကိုး။ မူလက သွားဖို့ စီစဉ်ထားတဲ့ ကျောင်းထက် ညံ့တဲ့ကျောင်းကို ပြောင်းဖို့ သူပြောတုန်းကလည်း အမေက ဘာမှကန့်ကွက်ဘဲ လက်ခံပေးခဲ့တာလေ။
‘အမေလည်း တော်တော် စိတ်ဆင်းရဲခဲ့ရမှာပဲ။’
အမေ သူ့အပေါ် ဘယ်လောက် ဂရုစိုက်ခဲ့သလဲဆိုတာကို သူ အခုမှ မြင်နိုင်တော့တယ်။
“အဲ... အေးပါ၊ အေးပါ"
အမေကတော့ နည်းနည်း ကြောင်သွားတဲ့ မျက်နှာနဲ့ပဲ သူ့အခန်းထဲ ဝင်သွားတော့တယ်။ ပြောင်းလဲဖို့ဆိုတာ မလွယ်ဘူးလို့ မာရူးက ပြောခဲ့ဖူးတယ်လေ။
‘ဒါပေမဲ့လည်း...’ ည ၁၂ နာရီ။ ပုံမှန်ဆိုရင်တော့ သူ ဂိမ်းဆော့ပြီး မအိပ်ဘဲ နေမှာ ဖြစ်ပေမဲ့ အခုတော့ အိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဂိမ်းဆော့တာကို လုံးဝဖြတ်ပစ်လိုက်တာမျိုးတော့ မဟုတ်ပါဘူး။ ကျန်းမာတဲ့ အလေ့အကျင့်တစ်ခု ဖြစ်လာအောင်ပဲ ပြောင်းလဲလိုက်တာပါ။ ဟန်ချက်ညီဖို့က အရေးကြီးတယ် မဟုတ်လား။
“ဖိုက်တင်း…ဒေးမြောင်"
* * * * * * * * *
“ငါ သူ့ကို တောင်းပန်ရမယ်” လို့ ဒိုဂျင်က ပြောလိုက်တယ်။
ဒေးမြောင် ပြန်သွားပြီးတဲ့နောက် သူတို့နှစ်ယောက် ခဏလောက် ထပ်စကားပြောဖြစ်ကြသေးတယ်။ ဒိုဂျင်က သူ့သူငယ်ချင်းအတွက် စိတ်မကောင်း ဖြစ်နေတာလေ။ အဲဒါကြောင့်လည်း အိမ်ကနေ အခုလို ထွက်လာခဲ့တာပေါ့။ သူက အနိုင်ကျင့်တဲ့သူ၊ ဒေးမြောင်ကတော့ အနိုင်ကျင့်ခံရတဲ့သူ။ ကျောင်းချင်း မတူတော့တာ မှန်ပေမဲ့ သူ့ရဲ့ အပြစ်ရှိစိတ်ကတော့ ပျောက်မသွားဘူးလေ။
“တောင်းပန်ချင်ရင်လည်း တောင်းပန်လိုက်ပေါ့"
“... ရှက်ဖို့ကောင်းလို့ပါ"
“တွေဝေနေတာက ပိုဆိုးပါတယ်။ မင်း ဘာပဲဖြစ်ဖြစ် လုပ်မှာပဲ မဟုတ်လား ”
“အင်း၊ လုပ်ရမှာပေါ့"
“တောင်းပန်လိုက်၊ ပြီးတော့ သူ့ကို အားပေးလိုက်ပေါ့"
“တောက် ငါ နည်းနည်း စိတ်တိုသွားလို့ သူ့ရဲ့ အားနည်းချက်ကို ထိုးနှက်မိသွားတာ။ ငါ့ပါးစပ်ကတော့ တကယ်ပဲ ”
ဒိုဂျင်က ကိုယ့်ကိုယ်ကိုယ် စိတ်တိုပြီး အိမ်ကို ပြန်သွားတော့တယ်။ မာရူးလည်း ဦးထုပ်ကို ဆောင်းပြီး အိမ်ပြန်ဖို့ စက်ဘီးစနင်းလိုက်တယ်။ တော်တော်လေးတော့ နောက်ကျနေပြီ။ အိမ်ပြန်ရောက်တော့ မနက် ၁ နာရီတောင် ရှိနေပြီလေ။ လက်ဆေးပြီး အခန်းထဲ ဝင်လိုက်တယ်။
ဒါပေမဲ့ သူ အိပ်ဖို့ ပြင်လိုက်တဲ့အချိန်မှာတင် တံခါးခေါက်သံ ကြားလိုက်ရတယ်။
“မာရူး"
သူ့အဖေပဲ။ မာရူးက တံခါးဖွင့်ဖို့ ပြန်ထလိုက်တယ်။
“မင်း အရက်သောက်ချင်ရင် မင်းအဖေဆီကနေပဲ အရင် လာသင်စမ်း"
အဖေက အဲဒီစကားပဲ ပြောပြီး ထွက်သွားတော့တယ်။ မာရူးကတော့ ပြုံးပြုံးကြီးနဲ့ပဲ ခုတင်ပေါ် ပြန်လှဲလိုက်မိတယ်။ ‘သူက ငါနဲ့ တကယ်တူတာပဲ။’
ခုတင်ဘေးက နာရီသံ တချက်ချက်ကို သူ ကြားနေရတယ်။ မာရူး မျက်လုံးတွေကို မှိတ်လိုက်တယ်။ ဒီနေ့မှာ ထူးထူးခြားခြားတွေ အများကြီး ဖြစ်ခဲ့သလို၊ ဘာမှ မဖြစ်ခဲ့သလိုမျိုးလည်း ခံစားရတယ်။ ဒါပေမဲ့ ဒီနေ့တစ်နေ့လုံးကို သူ အလဟဿ မဖြုန်းတီးခဲ့ဘူးဆိုတာကိုတော့ သူ သေချာ သိနေခဲ့တယ်။
* * * * * * * * *
မာရူးရဲ့ ဖုန်းက တုန်ခါပြီး အသံမြည်လာတယ်။ သူ ဖုန်းကို ခဏဖွင့်ကြည့်ပြီး ပြန်ပိတ်လိုက်တယ်။ ဖုန်းခေါ်တာလား ဒီလောက် စောစောစီးစီးကြီး သူ ဖုန်းချပြီး ပြန်အိပ်ဖို့ ကြိုးစားပေမဲ့ ဖုန်းက ထပ်မြည်လာပြန်တယ်။ ဒီတစ်ခါတော့ သူ သက်ပြင်းတစ်ချက်ချပြီး ဖုန်းကို ကိုင်လိုက်ရတော့တယ်။
“ဟဲလို...”
“ထတော့လေ ဟန်မာရူး ”
အသံက နားထဲကို စူးဝင်သွားတဲ့အထိ တော်တော်ကျယ်တာပဲ။ မာရူးက ဖုန်းကို နားကနေ နည်းနည်း ခွာလိုက်ရတယ်။ ဒါ ဘယ်သူပါလိမ့် ဒီနေ့က တနင်္ဂနွေနေ့၊ မနက် ၈ နာရီ ၄၃ မိနစ်ပဲ ရှိသေးတာ။ အရုဏ်တက်ချိန်ကြီးကို ဘယ်သူက ဒီလောက်အထိ ရူးနေရတာလဲ... ဪ... ယွန်းဂျုံကိုး။ ဒါဆိုရင်တော့ မဆန်းပါဘူး။
“ဟုတ်ကဲ့၊ နိုးနေပါပြီ စီနီယာ"
သူ ခုတင်ပေါ်က ထလိုက်ပေမဲ့ အသံကတော့ လူမမာတစ်ယောက်လိုပဲ အားနည်းနေတုန်းပဲ။
“ကျောင်းကို လာခဲ့ဦ”
“ဗျာ ”
“ကျောင်းကို လာခဲ့လို့”
ဒါ ဘာကြီးလဲ မာရူး ရက်စွဲကို ပြန်စစ်ကြည့်လိုက်တယ်။ ဟုတ်ပါတယ်၊ ဒီနေ့က တနင်္ဂနွေနေ့ အစစ်ပါ။ ကျောင်းသားတွေ ကျောင်းတက်ရမယ့် နေ့မှ မဟုတ်တာ။
“ဒီနေ့က တနင်္ဂနွေနေ့လေ ”
“အေးလေ”
“အဲ့ဒီတော့ ”
“ငါ သိပါတယ်၊ ကျောင်းကို လာခဲ့နော်၊ ဟုတ်ပြီလား မင်း လာနိုင်မှာပါ၊ ဘုရားကျောင်း သွားစရာမရှိဘူး မဟုတ်လား မင်းကြည့်ရတာ ဘာသာရေး လိုက်စားတဲ့ပုံလည်း မပေါက်ပါဘူး။ ဟုတ်တယ်မလား ဟုတ်တယ်မလား ”
မာရူးက သူမကို အသက်ဝဝရှူပြီး ခဏလောက် ငြိမ်ငြိမ်နေပါဦးလို့ ပြောချင်နေပေမဲ့ အောင့်ထားလိုက်တယ်။
“ကျွန်တော် ဘုရားကျောင်း သွားမလို့ပါ"
တကယ်တော့ ဟန်မိသားစုက မျိုးရိုးစဉ်ဆက် ဘာသာမဲ့တွေပါ။ ဒါပေမဲ့ ဒီနေ့တော့ ယေရှုခရစ်တော်ရဲ့ ကောင်းချီးမင်္ဂလာတွေ သူ့အတွက် လိုအပ်နေသလို ခံစားရလို့ပါ။
“တကယ်လား ”
“အင်း”
“ဘယ်အချိန် ပြီးမှာလဲ ”
“အဲ...”
သူ့မိန်းမက တနင်္ဂနွေနေ့ဆိုရင် အိမ်ကို ဘယ်အချိန် ပြန်ရောက်တတ်တာလဲ
“မွန်းလွဲပိုင်း အစီအစဉ်တွေအပြီးဆိုတော့ နေ့လယ် ၂ နာရီ ဒါမှမဟုတ် ၃ နာရီလောက်မှ ပြီးမှာဗျ"
“အဲဒီလောက်တောင် နောက်ကျတာလား”
“အင်းလေ။ ဘာကိစ္စလဲတော့ မသိပေမဲ့ ကျွန်တော် စိတ်မကောင်းပါဘူး"
မာရူးက အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်တယ်။ တနင်္ဂနွေနေ့ကြီးမှာ ကျောင်းသွားဖို့ လုံးဝ စိတ်မကူးထားသလို၊ သူ့ရဲ့ အားလပ်ရက်ကိုလည်း ကျောင်းကိစ္စတွေအတွက် အလဟဿ မဖြုန်းတီးနိုင်ဘူးလေ။ ဒါပေမဲ့ သူ ဖုန်းချဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ... သူ့ညီမက အခန်းထဲကို အော်ပြီး ဝင်လာတယ်။
“ငါ သူငယ်ချင်းတွေနဲ့ သွားတွေ့တော့မယ် အဖေနဲ့အမေက ခုနတင် အပြင်သွားကြပြီ။ ပိုက်ဆံ ဝမ် နှစ်သောင်း ထားခဲ့လို့ ငါ တစ်ဝက် ယူသွားမယ်နော်၊ ဟုတ်ပြီလား ”
တံခါးက ဒုန်းခနဲ ပြန်ပိတ်သွားတယ်။ မာရူးကတော့ စိတ်ပျက်လက်ပျက်နဲ့ ဖုန်းကို နားမှာ ပြန်ကပ်လိုက်ရတယ်။
ခုနက ဘုရားကျောင်း သွားမယ်ဆိုတာ ဘာလဲ မာရူး သက်ပြင်းတစ်ချက် ချလိုက်ပြီး...
“ငါးထပ်က ခန်းမကြီးမှာလား ”
* * * * * * * * *
မာရူး ကျောင်းကို ရောက်လာခဲ့ပေမဲ့ အိပ်ချင်စိတ်ကတော့ မပြေသေးဘူး။ တနင်္ဂနွေနေ့ကြီးမှာ ကျောင်းကိုလာရတယ်ဆိုတာ... တကယ်ကို ရယ်စရာပဲ။
“ဟူး...”
ကျောင်းဝင်းထဲမှာ တိတ်ဆိတ်နေတယ်။ စက်မှုကျောင်းက ကျောင်းသားတွေက တနင်္ဂနွေနေ့ကြီးမှာ ကျောင်းကို လာစရာအကြောင်း...
ဪ၊ ဟိုမှာ တစ်ယောက်သွားနေပြီ။ ဟိုဘက်မှာလည်း နောက်တစ်ယောက်။ တကယ်တော့ ကျောင်းလာတဲ့သူတွေ တော်တော်များသားပဲ။
“ဟင် ”
ဂစ်တာအိတ်လွယ်ပြီး ပြေးနေတဲ့ ကောင်လေးတစ်ယောက်၊ ပြီးတော့ ပွယောင်းယောင်း ဘောင်းဘီနဲ့ သူငယ်ချင်းတွေကို သွားတွေ့နေတဲ့ ကောင်မလေးတစ်ယောက်။ ဘောလုံးကွင်းထဲမှာလည်း လူတွေ ရှိနေသေးတယ်။
“ဪ...”
တနင်္ဂနွေနေ့မှာ ကျောင်းသားတွေ ကျောင်းလာကြတာပဲ။ ကြည့်ရတာ သူတို့တွေအားလုံးက ကလပ်အသင်း လှုပ်ရှားမှုတွေအတွက် လာကြတာ ဖြစ်မှာပါ။ ဂီတကလပ်၊ အကလပ်၊ ပြီးတော့ အားကစားကလပ်က ကလေးတွေနဲ့ သူတို့ရဲ့ အကြံပေးဆရာတွေကိုပါ မြင်နေရတယ်။ စိတ်ဝင်စားစရာပဲ၊ လူတွေက သူတို့ရဲ့ ကလပ်အသင်းတွေအပေါ် ဒီလောက်အထိ အလေးအနက်ထားကြလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။
“တနင်္ဂနွေနေ့ကြီးမှာ ကျောင်းလာရတယ်လို့...”
သူ့နောက်ကနေ ပြောသံတစ်ခု ကြားလိုက်ရတယ်။ ဒိုဂျင်ပဲ။ မာရူးက ပင်ပန်းနေတဲ့ မျက်နှာနဲ့ပဲ ဒိုဂျင်ကို လှည့်ပြုံးပြလိုက်တယ်။
“သူတို့က လာခဲ့ဆိုတော့လည်း လာရတာပေါ့၊ မဟုတ်ဘူးလား ”
“တောက် ဒီလောက်အထိ ဆိုးမယ်မှန်း သိရင် ငါတော့ လုံးဝ မလုပ်ဘူး"
“မင်း အခုလည်း ပြောင်းလဲလို့ ရသေးတာပဲလေ။ ပြောင်းမလား ”
“နေပါကွာ၊ ငါက နည်းနည်း ညည်းကြည့်တာပါ။ တို့တွေ ကလပ်အလုပ်တွေတောင် မစရသေးဘူးလေ။ ပြီးတော့... မိန်းကလေးတွေလည်း ရှိတယ် မဟုတ်လား ”
ဒိုဂျင်က ပြုံးဖြီးဖြီးနဲ့ ကျောင်းတံခါးထဲ ဝင်သွားတယ်။ မာရူးကတော့ ခေါင်းယမ်းပြီး နောက်ကနေ လိုက်သွားတာပေါ့။ သူတို့နှစ်ယောက် လှေကားကနေတစ်ဆင့် ခန်းမဆီကို အမြန်တက်လာခဲ့ကြတယ်။ ခန်းမထဲကနေ အော်သံတွေ ကြားလိုက်ရတော့ သူတို့နှစ်ယောက်လုံး တောင့်ခဲသွားကြတယ်။
“အားးးး ”
“ဝိုးးးး ”
မာရူးက တံခါးဖွင့်ဖို့တောင် မဝံ့မရဲ ဖြစ်နေတယ်။ ဒိုဝူးကလည်း အဲဒီအတိုင်းပါပဲ။
“ဒါ ဘာအသံကြီးလဲ ”
“မသိဘူး"
“ပြန်လှည့်ရင် ကောင်းမလား ”
“မင်း ဝင်ရင် ငါလည်း ဝင်မယ်"
သူတို့နှစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ တံခါးကို ဖွင့်လိုက်ကြတယ်။
“ဪ... နောက်ဆုံးတော့ ရောက်လာကြပြီကိုး"
အားကစားဝတ်စုံ အမည်းရောင်နဲ့ မီဆိုက သူတို့ကို နှုတ်ဆက်လိုက်တယ်။
* * * * * * * * *
“အားးးးး ”
“ပိုကျယ်ကျယ် ”
“အားးးးးးး ”
“အသံကို အာခေါင်နဲ့ မအော်နဲ့။ ဝမ်းဗိုက်ကနေ ဆွဲထုတ်စမ်း"
ကလပ်အဖွဲ့ဝင်တွေက ခန်းမထဲမှာ အသံလေ့ကျင့်ခန်း လုပ်နေကြတာပါ။ ကြည့်ရတာတော့ အော်နေကြတာနဲ့ ပိုတူပါတယ်။ အဖွဲ့ဝင် ၁၂ ယောက်စလုံး ခန်းမထဲမှာ ရှိနေကြတယ်။
“ဂျောင်ဟျုကနေ စမယ်၊ ပြီးရင် ဘယ်ဘက်ကို တစ်ယောက်ချင်းစီ အစဉ်လိုက် လုပ်သွားကြ။ ငါက ဟိုဘက်အစမှာ ရှိနေမယ်။ ပါးစပ်ကို ကျယ်ကျယ်ဖွင့်၊ အသံလမ်းကြောင်းကို ရှင်းထား၊ ပြီးတော့ ဝမ်းဗိုက်မှာ အားထည့်ထား။ အသံကို အတင်းညှစ်မထုတ်နဲ့။ ဗိုက်ထဲက လေနဲ့ အပြင်ကို တွန်းထုတ်လိုက်"
မီဆိုက စကားပြောရင်း ခပ်ဝေးဝေးကို လျှောက်သွားတယ်။
“ထူးထူးဆန်းဆန်း အသံတွေ ထွက်လာရင်တော့ ပိုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးမှာနော်၊ အဲဒီတော့ အစွမ်းကုန် ကြိုးစားကြ"
မီဆိုက ခန်းမရဲ့ ဟိုဘက်အစကို ရောက်တော့ သက်သောင့်သက်သာ ကိုယ်ဟန်နဲ့ ရပ်လိုက်တယ်။ ပြီးတော့ “စတော့ ” လို့ လှမ်းအော်လိုက်တယ်။
ဂျောင်ဟျုက ‘အားးးး’ ဆိုပြီး စအော်တော့တာပဲ။ ဒါက မာရူး အပြင်ကနေ ကြားခဲ့ရတဲ့ အသံပေါ့။ အခုတော့ မာရူးလည်း ဒီရူးသွပ်မှုထဲမှာ ပါဝင်နေရပြီ။
‘မိစ္ဆာဘုရင်မ မီဆိုကို ကျေနပ်အောင် လုပ်ရမယ့် Quest တစ်ခု မင်း ရလိုက်ပြီ။’ ဒီအချိန်ကြီးမှာ အော်ရမယ် ဟုတ်လား မာရူးကတော့ လောလောဆယ် ပါးစပ်ကိုပဲ ကျယ်ကျယ်ဖွင့်ထားလိုက်တယ်။
အရင်ဘဝတုန်းက ရှုတင်မန်နေဂျာ လုပ်ခဲ့တဲ့ အတွေ့အကြုံအရ သိထားတဲ့ အချက်အလက်တချို့ကို ဒီနေရာမှာ စမ်းသုံးကြည့်ဖို့ သူ စဉ်းစားလိုက်တယ်။
“နောက်တစ်ယောက် ”
မီဆိုရဲ့ အသံက အဝေးကနေ အော်နေတာ ဆိုပေမဲ့ သူတို့နားမှာ ကပ်ပြောနေသလိုမျိုး ရှင်းလင်းနေတာပဲ။ မင်းဆောင်က နောက်တစ်ယောက်အနေနဲ့ စအော်ရတော့မယ်။ ဒါပေမဲ့ သူ စလိုက်တာနဲ့...
“ပိုကျယ်ကျယ်” လို့ မီဆိုက ပြောလိုက်တယ်။
ကောင်လေးရဲ့ အသံက နည်းနည်း ပိုကျယ်လာတယ်။ ဒီလိုနဲ့ နောက်ဆုံးတစ်ယောက် ဖြစ်တဲ့ အီဆောလ်အထိ ရောက်သွားတယ်။
“ကောင်းတယ် ” လို့ မီဆိုက လှမ်းအော်တယ်။
ဒါနဲ့တင် ပြီးပြီလား ဒါပေမဲ့ အဲဒီအချိန်မှာပဲ...
“အားလုံးပဲ၊ ငါ့ဆီကို ဘဲလျှောက် လျှောက်ပြီး လာခဲ့ကြစမ်း"
သူမက ပြုံးပြီး ပြောလိုက်တော့တယ်။
* * * * * * * * *
အခန်း(၂၄)
မာရူးကတော့ အစပိုင်းမှာ သူမ နောက်နေတာလို့ပဲ ထင်ခဲ့တာ။ တခြားသူတွေလည်း အတူတူပါပဲ။ ဒါပေမဲ့ စက္ကန့်နဲ့အမျှ ခက်ထန်လာတဲ့ သူမရဲ့ မျက်နှာပေးကို ကြည့်ပြီး အားလုံးဟာ အလိုအလျောက်ပဲ ဘဲခြေလှမ်းနဲ့ သူမဆီကို တဖြည်းဖြည်းချင်း လျှောက်သွားမိကြတော့တယ်။ မီတာ ၆၀... တော်တော်လေးကို ဝေးတဲ့အကွာအဝေးပဲ။
သူတို့တွေ မောမောပန်းပန်းနဲ့ သူမနားကို ရောက်သွားတဲ့အခါ မီဆိုက လက်ခုပ်တစ်ချက် တီးလိုက်ပြီး... “ကဲ... အခု ပြန်သွားကြ။ ဒီတစ်ခါတော့ ခန္ဓာကိုယ် အဆစ်အမြစ်တွေကို အကုန်လျှော့ထားကြစမ်း”
မီဆိုက ကိုယ်တိုင်လည်း လုပ်ပြလိုက်သေးတယ်။ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းမှာ လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်တွေကို ခါပြနေတာ။ သုံးလှမ်းလောက် လျှောက်ပြီးတိုင်းလည်း လည်ပင်းကိုပါ ဆန့်ထုတ်ပြလိုက်သေးတယ်။
“စကြစို့” ကလပ်အဖွဲ့ဝင်တွေအားလုံး သူမ ခိုင်းတဲ့အတိုင်း နောက်ကို ပြန်လျှောက်သွားကြတယ်။ အစမှတ်ကို ပြန်ရောက်တာနဲ့ တစ်ပြိုင်တည်း အော်ဟစ်လေ့ကျင့်ခန်းကို ပြန်စလိုက်ပြန်ရော။
“လည်ချောင်းကို အကုန်ဖွင့်ထားတယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ အော်စမ်း” အင်း... အဲဒီ ‘လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်’ ဆိုတာကြီးပေါ့။ မာရူးကတော့ ကုမ္ပဏီမှာ အလုပ်လုပ်တုန်းက ကြော်ငြာရှင်တစ်ယောက် ဓာတ်ပုံတစ်ပုံ ယူလာပြီး ‘ဒီလို ခံစားချက်မျိုး ရအောင် လုပ်ပေးပါ’ လို့ လာပြောခဲ့တာကို သတိရသွားမိတယ်။
“အားးးးးး ” ဂျောင်ဟော့ခ်ကို ရှေ့ဆုံးမှာထားပြီး အော်ဟစ်သံတွေ ဆူညံသွားတော့တာပဲ။ ဒီတစ်ခါတော့ အားလုံးရဲ့ အသံတွေက အရင်ကထက် နည်းနည်း ပိုကျယ်လာကြတယ်။ အော်သံတွေက အီဆိုးလ်အထိတောင် ပဲ့တင်ထပ်သွားပြီး ကလပ်အဖွဲ့ဝင်အားလုံးက ယုံကြည်မှုအပြည့်နဲ့ မီဆိုကို လှည့်ကြည့်လိုက်ကြတယ်။ ဒါပေမဲ့ ပြန်ရလိုက်တဲ့ အဖြေကတော့...
“ ဘဲလျှောက် လျှောက်ပြီးပြန်သွား” နောက်ထပ် ပြစ်ဒဏ်တစ်ခုပေါ့။ မာရူးကတော့ ဒီအမျိုးသမီးက သူတို့ကို အစပိုင်းမို့လို့ အနိုင်ကျင့်ပြီး နေရာပေးချင်နေတာလို့ပဲ ထင်ခဲ့တာ။ အားလုံး ပင်ပန်းသွားပြီဆိုရင်တော့ ရပ်လိုက်မှာပါလေလို့ တွေးခဲ့မိတယ်။ ဒါပေမဲ့ ဒါက သူထင်သလို မဟုတ်မှန်း သိလိုက်ရဖို့ သိပ်ပြီး အချိန်မကြာလိုက်ပါဘူး။
* * * * * * * * *
“ဟူး... ဟူး... ဟူး...”
နဖူးပေါ်ကနေ ချွေးစက်တွေ တလိမ့်လိမ့် ကျနေပြီ။ အဝေးကနေ ကြည့်နေတဲ့ မီဆိုရဲ့ ပုံစံက မာရူးအတွက်တော့ တကယ့်ကို မိစ္ဆာမကြီးကျနေတာပဲ။ အမျိုးသမီးက အနားကို လာခဲ့ဖို့ လက်ဟန်ပြလိုက်တယ်။ မာရူးအပါအဝင် နောက်ဆုံးမှာ ကျန်နေခဲ့တဲ့ လေးယောက်လည်း မနည်းရုန်းကန်ပြီး ဘဲခြေလှမ်း သူမဆီကို ရောက်အောင် လျှောက်လာခဲ့ကြရတယ်။
အခုဆိုရင် သူတို့ရဲ့ ဒီထူးဆန်းတဲ့ လေ့ကျင့်ခန်းက တစ်နာရီတိတိ ပြည့်သွားပြီ။ အော်ဟစ်တာနဲ့ ဘဲခြေလှမ်း လုပ်တာကနေ အခုတော့ ဘဲခြေလှမ်း တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ လုပ်နေရတဲ့အထိ ဖြစ်လာတာ။ အော်စရာလည်း အားမရှိတော့ဘူး၊ လျှောက်ဖို့ပဲ ကျန်တော့တာလေ။
“ဘဲကတော့ ဂွက်ဂွက်... ကြက်ကလေးတွေကရော ”
“ကျိ... ကျိ ”
ဂျောင်ဟော့ခ်၊ ထယ်ဂျွန်း၊ မာရူးနဲ့ ဂွန်းဆော့တို့ကတော့ အားကုန်သုံးပြီး ကြိုးစားနေကြရရှာတာပေါ့။ မိနစ် ၅၀ ကျော်လာတဲ့အချိန်မှာတော့ သူတို့ရဲ့ ခြေလှမ်းတွေကို တွန်းအားပေးနေတာက သူတို့ရဲ့ စိတ်ဓာတ် တစ်ခုတည်းပဲ ရှိတော့တယ်။ နေ့တိုင်း စက်ဘီးစီးပြီး လေ့ကျင့်ထားတဲ့ မာရူးရဲ့ ပေါင်သားတွေတောင် အခုချိန်မှာတော့ ဒီလောက်အထိ ဘဲခြေလှမ်း လုပ်ရတဲ့ဒဏ်ကို မခံနိုင်တော့ဘူး။ လေးယောက်သား မောဟိုက်နေတဲ့ အသံတွေနဲ့အတူ မီဆိုနားကို မနည်းရောက်သွားကြတယ်။
“မျက်လုံးတွေက အသက်ဝင်လာပြီပဲ၊ ကောင်လေးတွေ”
မီဆိုက သူတို့ကို ကြည့်ပြီး ပြုံးလိုက်တယ်။ ဒီအမျိုးသမီးက တကယ်ပဲ ဘယ်လိုလူမျိုးပါလိမ့် မာရူးကတော့ သူ့ခြေထောက်တွေ ထပ်ပြီး တုန်မနေအောင် သွားကို တင်းတင်းကြုတ်ထားလိုက်ရတယ်။
“ဘယ်လိုလဲ၊ လုပ်နိုင်သေးရဲ့လား ”
“... ဟုတ်ကဲ့”
သူတို့ဆီက ထွက်လာတဲ့အသံတွေက အရင်လို ယုံကြည်မှု မရှိတော့ဘူး။ တစ်နာရီလုံးလုံး ဒီလို လျှောက်ထားရတာဆိုတော့လည်း မပြောနဲ့လေ။
“ကဲ... အခု ထိုင်လို့ရပြီ။ ကျန်တဲ့သူတွေကတော့ နံရံကို ကြည့်ထားကြ ”
မီဆိုက ခန်းမတစ်ခုလုံး ဟိန်းထွက်သွားအောင် အော်လိုက်တယ်။ သူမရဲ့ အသံကတော့ ထုံးစံအတိုင်း ကျယ်လောင်နေတုန်းပဲ။ အလယ်မှာတင် လက်လျှော့သွားတဲ့ တခြားကလေးတွေလည်း သူမရှိရာဘက်ကို လှည့်ကြည့်လိုက်ကြတယ်။
“ဒီကို ပြေးလာခဲ့ကြ ”
“ဟုတ်ကဲ့ ”
ကျန်တဲ့ ကလပ်အဖွဲ့ဝင်တွေလည်း အသည်းအသန် ပြေးလာကြတော့တာပေါ့။ သူတို့က ပင်ပန်းနွမ်းနယ်နေတဲ့ လေးယောက်ကို ကြည့်ပြီး အားနာတဲ့ မျက်နှာပေးတွေ ဖြစ်နေကြတယ်။
“ပထမဆုံး လက်လျှော့ခဲ့တဲ့သူ”
“ဟုတ်ကဲ့ ”
ဒေးမြောင်က စိတ်လှုပ်ရှားလွန်းလို့ အသံကုန်ဟစ်ပြီး ပြန်ထူးလိုက်တယ်။
“တံခါးဘေးမှာ အားဖြည့်အချိုရည်တွေ ရှိတယ်။ အဲဒါတွေ သွားယူလာခဲ့”
“ဟုတ်ကဲ့ ”
ဒေးမြောင်က နောက်ဖက်တံခါးဆီကို ပြေးထွက်သွားတော့တယ်။ ပင်ပန်းနေတဲ့ကြားက မာရူးက သူ့ကို လှမ်းကြည့်နေမိတယ်။ ဒီဝဝတုတ်တုတ် ကောင်လေး ဒီလောက်အမြန် ပြေးတာကို သူ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။
ဂလု ဂလု။
ကလပ်အဖွဲ့ဝင်တွေ အချိုရည်တွေကို အချင်းချင်း ဝေမျှသောက်ကြရင်း နောက်ဆုံးတော့ နားချိန်လေး ရခဲ့ပြီ။ နောက်ဆုံးမှ ရောက်လာတဲ့ လေးယောက်လည်း နာကျင်နေတဲ့ သူတို့ရဲ့ ပေါင်သားတွေကို နှိပ်နယ်ရင်း ညည်းတွားနေကြတော့တယ်။
“ငါ စကားအချို့ ပြောမယ်။ သေသေချာချာ ပြန်ဖြေကြ၊ နားလည်လား ”
“ဟုတ်ကဲ့ ”
“ဒုတိယနှစ်တွေ”
“ဟုတ်ကဲ့ ”
“မနှစ်က မင်းတို့ ဘယ်ပွဲတော်တွေကို သွားခဲ့ကြသလဲ ”
“မြို့က ကျင်းပတဲ့ပွဲတော်နဲ့ ကန်ဝူးတက္ကသိုလ်က ကျင်းပတဲ့ပွဲတော်ကို သွားခဲ့ပါတယ်”
ယွန်းဂျုံက ပြန်ဖြေလိုက်တယ်။ သူမရဲ့ အမူအရာက တကယ့်ကို ကလပ်ဥက္ကဋ္ဌ တစ်ယောက် ပီသနေတာပဲ။
“ဒေသတွင်း ပြိုင်ပွဲတွေကရော ”
“... မသွားဖြစ်ခဲ့ပါဘူး”
“မသွားဖြစ်တာလား၊ မသွားနိုင်ခဲ့တာလား ”
ယွန်းဂျုံက သူမရဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်တယ်။ တစ်ခုခု ပြန်ပြောချင်ပုံရပေမဲ့ ငြိမ်နေရှာတယ်။
“ဒီလောက် နာမည်ကြီးခဲ့တဲ့ ကလပ်တစ်ခုက ဘာဖြစ်လို့ ဒီလိုမျိုး အောက်ဆုံးကို ကျသွားခဲ့ရတာလဲဆိုတာကို ဒီပထမနှစ်တွေ သိသင့်တယ်လို့ မင်းတို့ မထင်ဘူးလား ”
“......”
“ထိုင်ကြ”
“ဟုတ်ကဲ့”
ယွန်းဂျုံ ထိုင်ချလိုက်သလို မီဆိုကလည်း သူမရဲ့ ခေါက်ကုလားထိုင်ပေါ်မှာ ဝင်ထိုင်လိုက်တယ်။
“ဟေ့... ပထမနှစ်တို့”
“ဟုတ်ကဲ့”
“ကိုရီးယားနိုင်ငံမှာ ဆယ်ကျော်သက်တွေအတွက် ပြဇာတ်ပွဲတော် ဘယ်နှစ်ခု ရှိလဲဆိုတာ မင်းတို့ သိကြလား ”
ဘယ်သူမှ မဖြေနိုင်ကြဘူး။ မာရူးလည်း လုံးဝ မသိတာပေါ့။
“တကယ်ပဲ ဘယ်သူမှ မသိကြဘူးလား ခန့်မှန်းကြည့်ရင်တောင် ရပါတယ်”
ဂွန်းဆော့ကတော့ တိတ်တိတ်လေး လက်ထောင်လိုက်တယ်။
“ငါ ထင်သားပဲ။ ကဲ... ပြောပြပါဦး”
“ပထမဆုံးကတော့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ကိုရီးယားအနုပညာကောင်စီတို့က ထောက်ပံ့ပေးတဲ့ အမျိုးသားအဆင့် ပြဇာတ်ပွဲတော် ရှိပါတယ်”
“ဟုတ်တယ်”
“ပြီးတော့ တက္ကသိုလ်တွေက ကျင်းပတဲ့ ပွဲတော်တွေလည်း ရှိပါသေးတယ်။ ကန်ဝူး၊ ဟွီးချွန်းနဲ့ ဂျူးကျောင်း တက္ကသိုလ်တွေက ကျင်းပတဲ့ ပွဲတော်တွေက တော်တော်လေး နာမည်ကြီးပါတယ်”
“ကောင်းပြီ... ဆက်ပြောဦး”
“အမျိုးသားအဆင့် ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး ကျင်းပတဲ့ မြို့နယ်အဆင့်နဲ့ ဒေသတွင်း ပွဲတော်တွေလည်း ရှိပါသေးတယ်”
“ရှင်းပြတာ တော်တော်လေး ကောင်းတယ်။ ဆက်လုပ်”
မီဆိုက လက်ခုပ်တီးပြီး ချီးကျူးလိုက်တယ်။ ပထမနှစ် ကျောင်းသားတွေလည်း လိုက်ပြီး လက်ခုပ်တီးကြတာပေါ့။
‘ဒီကောင်ကတော့ တကယ်ကို မတူတာပဲ’ လို့ မာရူးက မှတ်ချက်ချလိုက်တယ်။
ဒီကျောင်းကိုမှ ပြဇာတ်ကလပ်အတွက် တကူးတက လာတက်တဲ့သူဆိုတော့လည်း မဆန်းပါဘူးလေ။ ဂွန်းဆော့ကတော့ ကြည့်ရတာ တစ်နေ့ကျရင် နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်လာမယ့်ပုံပဲ။
‘ဒါပေမဲ့ အနာဂတ်မှာ ဒီနာမည်နဲ့ သရုပ်ဆောင်တစ်ယောက်အကြောင်း ငါ မကြားဖူးပါလား ’
ဂွန်းဆော့ရဲ့ အစ်ကိုအကြောင်းကိုတော့ သူ ခဏခဏ ကြားဖူးပေမဲ့ ဂွန်းဆော့အကြောင်းကျတော့ ဘာမှ မသိရဘူး။ သူ ဘာများ ဖြစ်သွားလို့ပါလိမ့်
မာရူးက ခေါင်းကို ခါလိုက်မိတယ်။ အဲဒါတွေကို သူ မတွေးချင်တော့ဘူး။ ဖြစ်နိုင်တာကတော့ ဂွန်းဆော့ရဲ့ ဘဝထဲကို မာရူး ရောက်လာတဲ့အတွက် ဒီကောင်လေးရဲ့ အနာဂတ်ကလည်း နည်းနည်းတော့ ပြောင်းလဲသွားနိုင်တာပေါ့။ အများကြီး မဟုတ်ရင်တောင်မှ အပြောင်းအလဲကတော့ အပြောင်းအလဲပဲလေ။
‘ငါသာ တတ်နိုင်မယ်ဆိုရင်...’
အကယ်၍ ဒီကောင်လေးသာ တစ်နေ့နေ့မှာ အကူအညီ လိုလာခဲ့မယ်ဆိုရင်... မာရူးကတော့ အနားမှာ ရှိနေပေးချင်မိတယ်။ လူကြီးတစ်ယောက်ရဲ့ တာဝန်က ကလေးတွေရဲ့ အိပ်မက်တွေဆီ ရောက်အောင် ကူညီပေးဖို့ပဲ မဟုတ်လား။ သူတို့နှစ်ယောက်ရဲ့ အကြည့်တွေ ခဏလောက် ဆုံသွားကြတယ်။
ဂွန်းဆော့က ဇဝေဇဝါနဲ့ ကြည့်နေတော့ မာရူးက ပခုံးတွန့်ပြလိုက်တယ်။
“နိုင်ငံထဲမှာရှိတဲ့ ပြဇာတ်ကလပ်တွေ အားလုံးရဲ့ ရည်မှန်းချက်ကတော့ အမျိုးသားအဆင့် ပြိုင်ပွဲကို သွားဖို့ပဲ။ ပွဲတော်ကြီးက နွေရာသီမှာ ကျင်းပတာ၊ အဲဒီမတိုင်ခင်မှာ ဒေသတွင်း ပြိုင်ပွဲတွေ ရှိတယ်။ ဒီ ဂျောင်ဂီဒို ဒေသကိုတော့ မြို့နယ်အဆင့် ပြိုင်ပွဲ ၄ ခု ခွဲထားတယ်။ တစ်နည်းပြောရရင် မင်းတို့က မြို့နယ်အဆင့်မှာ ပထမရမှ ဒေသတွင်းပြိုင်ပွဲကို တက်ခွင့်ရမယ်၊ အဲဒီမှာ ထပ်ပြီး ပထမရမှ အမျိုးသားအဆင့်ကို သွားခွင့်ရမှာ။ ဒါတွေက ဇွန်လလောက်မှာ စတော့မှာ။ အခု ဘယ်နှစ်လပိုင်းလဲဆိုတာ သိလား ”
“မတ်လပါ”
“တော်တော်လေးတော့ ခက်ခဲလိမ့်မယ်။ မတ်လကလည်း ကုန်တော့မှာဆိုတော့ ငါတို့မှာ လေ့ကျင့်ဖို့ ၂ လပဲ အချိန်ရှိတော့တယ်”
ဒုတိယနှစ်တွေရဲ့ မျက်လုံးတွေကတော့ ပြူးထွက်ကုန်ကြပြီ။
“ကျ... ကျွန်မတို့ အမျိုးသားအဆင့်အထိ သွားကြမှာလား ”
“အဲဒါက မေးနေစရာ လိုသေးလို့လား ”
ဒန်မီကတော့ အံ့ဩလွန်းလို့ နောက်ကိုတောင် ဆုတ်သွားမိတယ်။ ယွန်းဂျုံကတော့ သူမရဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကို မာရူးက ဘေးကနေ မြင်နေရတယ်။
“ဟို... ဆရာမ...”
ဂျောင်ဟော့ခ်က လက်ထောင်လိုက်တယ်။
“ဘာလဲ ”
“ကျွန်တော်တို့ဆီမှာ တတိယနှစ်တွေ တစ်ယောက်မှ မရှိဘူးဗျ”
“ငါ သိပါတယ်။ ဒီနေ့ကစပြီး မင်းတို့ ၁၂ ယောက်တည်းနဲ့ပဲ ရှေ့ဆက်သွားကြရမှာ”
“......”
“ကဲ... ထားလိုက်ပါတော့။ အဓိကအကြောင်းအရာကို ပြန်သွားရအောင်။ ဒီကလပ်က ဘာဖြစ်လို့ ဒီလိုအခြေအနေ ရောက်သွားရတာလဲဆိုတာကို ပြောရအောင်။ မင်းတို့ရဲ့ အကြံပေးဆရာဆီကနေ ငါ အကြောင်းစုံ ကြားထားပြီးသားမို့လို့ ရှင်းပြနိုင်ပေမဲ့... ဒုတိယနှစ်တို့၊ မင်းတို့ ကိုယ်တိုင်ပဲ ရှင်းပြချင်လား ”
ယွန်းဂျုံကတော့ ထောင့်မှာ အသက်မပါသလို ဖြစ်နေရှာတယ်။ မီဆိုက ဆက်ပြောတယ်…
“မင်းတို့ပဲ ပြောသင့်တယ် မဟုတ်လား အရင်ဆုံး ဒီကလပ်က ဘယ်လိုမျိုးလဲဆိုတာကို ငါ အရင်ပြောပြမယ်”
မီဆိုက ပထမနှစ် ကျောင်းသားတွေကို ညွှန်ပြရင်း စကားကို စလိုက်တယ်။
“ကဲ... စကြစို့။ ‘မိုးပြာရောင်’ ဆိုတဲ့ အမည်ကို ငါတို့ဆရာ ထက်ဆစ်က ပေးခဲ့တာ။ အခုဆိုရင် ၁၃ နှစ်တောင် ရှိသွားပြီပေါ့...”
သူမရဲ့ မျက်နှာမှာတော့ လွမ်းဆွတ်နေတဲ့ အမူအရာတွေ ပေါ်လာတယ်။
မီဆိုက ခန်းမကြီးကို တစ်ခေါက် ထပ်ပြီး ဝေ့ကြည့်လိုက်တယ်။ သူမကိုယ်တိုင်လည်း တစ်ချိန်တုန်းက ဒီကလပ်မှာ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးတယ်ဆိုတာကို မာရူးကတော့ ချက်ချင်း သိလိုက်တာပေါ့။
“အာ... ငါ မပြောရသေးဘူးပဲ။ ငါက မင်းတို့ရဲ့ စီနီယာပါ။ ငါက ဒီကလပ်ရဲ့ ပထမဆုံးမျိုးဆက်ပေါ့။ မင်းတို့တွေကတော့... ၁၃ ဆက်မြောက်ပေါ့”
သူထင်တဲ့အတိုင်းပါပဲ။
“အဲဒီတုန်းက ငါတို့အားလုံးက ပထမနှစ်တွေပဲ။ ဆရာသစ်၊ ကျောင်းသားသစ်၊ အဆောက်အဦးသစ်... အရာအားလုံးက အသစ်စက်စက်တွေပေါ့။ ကလပ်ကိုလည်း ကျောင်းသားတွေ ကိုယ်တိုင်ပဲ စတင်ခဲ့ကြတာ။ အဲဒီလိုနဲ့ပဲ ကလပ်က ဖြစ်တည်လာခဲ့တာပေါ့။ ဆရာကလည်း ငါတို့ကို အများကြီး ကူညီပေးခဲ့ပါတယ်။ အဲ... ပြောရဦးမယ်၊ ထက်ဆစ်က လုံးဝ အိုမသွားဘူးဆိုတာ မင်းတို့ သိကြလား အဲဒီတုန်းကလည်း သူ့ပုံစံက အခုလိုပဲ”
သူမကတော့ ပေါ့ပေါ့ပါးပါးနဲ့ စကားပြောနေပြီ။ ကလေးတွေလည်း စိတ်သက်သာရာရသွားကြပြီး သူတို့ရဲ့ နေရာတွေမှာ အေးအေးဆေးဆေး ပြန်ထိုင်လိုက်ကြတော့တယ်။
“အမှန်အတိုင်းပြောရရင် အဲဒီတုန်းက ငါက ပြဇာတ်ကလပ်ကို ဝင်ဖို့ စိတ်ကူးတောင် မရှိခဲ့ဘူး။ ပန်းချီဆွဲတာကိုပဲ အရူးအမူး ဝါသနာပါခဲ့တာလေ။ အဲဒီတုန်းက မိန်းကလေးတွေ ကြိုက်တတ်တဲ့ မန်ဂါ ဆွဲတဲ့သူ ဖြစ်ချင်ခဲ့တာ။ တခြားကလေးတွေ ပန်းသီးပုံ ဆွဲနေချိန်မှာ ငါက လူပုံတွေ လိုက်ဆွဲနေခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို လုပ်နေတုန်းမှာပဲ အရူးတစ်ယောက်က ငါ့ဆီ ရောက်လာပြီး ‘ပြဇာတ် လုပ်ကြရအောင် ’ လို့ လာပြောခဲ့တာ။ သူက တကယ့်ကို အရူးပဲ။ လုံးဝကို ရူးနေတာ။ သူက တစ်အတန်းလုံးကို စည်းရုံးဖို့ ကြိုးစားခဲ့တာလေ”
မီဆိုက ပြုံးရင်းနဲ့ ခေါင်းကို ခါလိုက်မိတယ်။
“ဘာပဲဖြစ်ဖြစ် ‘မိုးပြာရောင်’ ဆိုတဲ့ ကလပ်က သူ့နဲ့ ဆရာတို့ရဲ့ လက်ထက်မှာ ပေါ်ပေါက်လာခဲ့တာပေါ့။ ထူးဆန်းတာက အဲဒီလူက အဖွဲ့ဝင်တွေကို ရွေးတဲ့အခါမှာလည်း ထူးဆန်းဆုံး လူတွေကိုပဲ ရွေးခဲ့တာ။ တကယ့်ကို ရှုပ်ယှက်ခတ်နေတာပဲ။ ဒါပေမဲ့ လေ့ကျင့်တဲ့အချိန်မှာတော့... ငါတို့က ဘယ်သူ့ထက်မဆို ပိုပြီးတော့ အလေးအနက်ထားခဲ့ကြတယ်”
သူမက ခဏလောက် ထွက်သွားပြီး မိနစ်အနည်းငယ် ကြာတဲ့အခါမှာတော့ မှတ်တမ်းစာအုပ်တစ်အုပ်နဲ့ ပြန်ရောက်လာတယ်။ အဲဒါက ဒီကလပ်ရဲ့ ပထမဆုံးမျိုးဆက် မှတ်တမ်းစာအုပ်ပေါ့။
မီဆိုက ‘တန်း တန့် တန်’ ဆိုပြီး စာအုပ်ကို ဖွင့်ပြလိုက်တယ်။ စာအုပ်ကတော့ ဟောင်းနွမ်းနေပြီ။ တချို့ပုံတွေဆိုရင် စုတ်ပြဲနေပြီး တချို့ကတော့ အရောင်တွေတောင် ဝါနေပြီ။ မီဆိုက ပုံတစ်ပုံကို သေသေချာချာ ထုတ်ပြလိုက်တယ်။
အဲဒါက စင်ပေါ်မှာ တောက်ပတဲ့ အပြုံးတွေနဲ့ ရပ်နေကြတဲ့ လူ ၁၇ ယောက်ရဲ့ ဓာတ်ပုံပဲ။ သူတို့လက်ထဲမှာ ဆုတံဆိပ်ကြီးတစ်ခု ကိုင်ထားကြပြီး သူတို့နောက်မှာတော့ ‘အမျိုးသားအဆင့် ပြိုင်ပွဲမှာ အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါသည်’ ဆိုတဲ့ ဆိုင်းဘုတ်ကြီး ရှိနေတယ်။
“ပထမဆုံးပြိုင်ပွဲမှာတင် ပထမရခဲ့တာလား ”
ဂွန်းဆော့က မေးလိုက်တယ်။ မီဆိုက ခေါင်းညိတ်ပြတယ်။
“မင်းတို့ ပြိုင်ပွဲဝင်တယ်ဆိုတာက အနိုင်ရဖို့အတွက်ပဲ။ အမှတ်တရလေးတွေ ဖန်တီးချင်လို့ ဝင်တာလား အဲဒီလို အလကားစကားတွေ လာမပြောနဲ့။ ငါပြောခဲ့တယ် မဟုတ်လား အဲဒီအရူးက ကလပ်ထဲကို အရူးတွေကိုပဲ စုခဲ့တာလို့။ ငါလည်း အဲဒီထဲက တစ်ယောက် ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့က အဲဒီပြိုင်ပွဲမှာ ပထမရဖို့အတွက် အသေအလဲ ကြိုးစားခဲ့ကြတာ။ စာသင်ချိန်မှာလည်း လုပ်တယ်၊ ကျောင်းဆင်းရင်လည်း လုပ်တယ်။ ပိတ်ရက်တွေတောင် မနားခဲ့ကြဘူး။ စာကျက်ဖို့က အရေးကြီးတာ မှန်ပေမဲ့ ငါတို့အတွက်တော့ ပြဇာတ်က ပထမပဲ။ နေ့လယ်စာစားပြီးရင် လေ့ကျင့်တယ်၊ ဆရာတွေက ဆူလို့ရှိရင် ကျောင်းခေါင်မိုးပေါ် တက်ပြီး လေ့ကျင့်တယ်။ ကျောင်းကွင်းထဲမှာ အော်ဟစ်လေ့ကျင့်လွန်းလို့ အသံတွေတောင် ဝင်ကုန်ကြတယ်။ တချို့ဆိုရင် ပြဇာတ်ပစ္စည်းတွေ လုပ်ရင်းနဲ့ လက်တွေတောင် ထိခိုက်ကုန်ကြသေးတယ်”
သူမက စကားပြောရင်းနဲ့ ပိုပြီးတော့ စိတ်လှုပ်ရှားလာပုံရတယ်။
“အဲဒီတုန်းက ငါတို့က အနားက တခြား ပြဇာတ်ကလပ်တွေကို သွားပြီး အကူအညီ တောင်းခဲ့ကြဖူးတယ်။ ဘယ်သူကမှ ငါတို့ကို အလေးအနက် မထားခဲ့ကြဘူး။ အထူးသဖြင့် အဲဒီအနားက မိန်းကလေးကျောင်းကပေါ့။ သူတို့ကလပ်ကလည်း တော်တော်လေး နာမည်ကြီးတာ။ သူတို့ရဲ့ အကြံပေးဆရာဆီကို အကြံဉာဏ် သွားတောင်းတော့ ‘မင်းတို့လို အပျော်တမ်းသမားတွေက ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး’ လို့ လာပြောခဲ့တာ။ အဲဒါကြောင့် ငါတို့က သူတို့ကို ပြန်ပြီး သက်သေပြခဲ့ရတာပေါ့”
မီဆိုက သူတို့ကို ဓာတ်ပုံ ထပ်ပြလိုက်တယ်။ ပုံထဲက လူတိုင်းရဲ့ အပြုံးတွေက တကယ့်ကို စစ်မှန်လွန်းလှတယ်။ မာရူးကတော့ အဲဒီပုံကို ကြောင်တောင်တောင်လေး ငေးကြည့်နေမိတယ်။ ၁၃ နှစ်တောင် ကြာသွားပေမဲ့ အဲဒီပုံထဲကနေ ထွက်ပေါ်နေတဲ့ အင်အားကတော့ တကယ့်ကို အံ့သြစရာပဲ။
“အဲဒါဟာ ‘မိုးပြာရောင်’ ရဲ့ အစပဲ။ အဲဒီနောက်ပိုင်းမှာတော့ အဲဒီအရူးတွေ ထွက်သွားကြလို့ ဒုတိယနှစ်မှာ ပထမ မရခဲ့ပေမဲ့ ဂုဏ်ထူးဆောင်ဆုတော့ ရခဲ့ပါသေးတယ်။ ဒါပေမဲ့... အခုတော့...”
မီဆိုက ဒုတိယနှစ်တွေကို ကြည့်လိုက်တဲ့အခါ သူမရဲ့ မျက်နှာက တင်းမာသွားတော့တယ်။
“အခု ပြန်လာကြည့်တော့မှ ဒီကလပ်က ဒီလိုအခြေအနေ ဖြစ်နေတာကို တွေ့ရတော့တာပဲ”
သူမက ယွန်းဂျုံကို စိတ်ပျက်တဲ့ မျက်နှာပေးနဲ့ ကြည့်လိုက်တယ်။
“ပထမနှစ်တွေကို ရှင်းပြလိုက်စမ်း”
ယွန်းဂျုံက လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရရင်း ထရပ်လိုက်တယ်။ သူမရဲ့ ထုံးစံအတိုင်း တက်ကြွနေတဲ့ ပုံစံမျိုး လုံးဝ မရှိတော့ဘူး။
“ငါ အရင်ကတည်းက ပြောပြသင့်တာပါ။ အခုမှ ပြောရတဲ့အတွက် တောင်းပန်ပါတယ်။ ငါ အရင်က ပြောခဲ့ဖူးတယ် မဟုတ်လား တို့တွေကလွဲလို့ စီနီယာတွေနဲ့ ဒုတိယနှစ်တွေ အကုန်လုံး ထွက်သွားကြပြီဆိုတာလေ”
သူမက သက်ပြင်းတစ်ချက်ချပြီး စကားကို ဆက်ပြောတယ်...
“သူတို့တွေ အကုန်လုံး ထွက်သွားရတဲ့ အကြောင်းရင်းကတော့... မတော်တဆဖြစ်ရပ်တစ်ခုကြောင့်ပါပဲ”
* * * * * * * * *