အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း(၂၉)
ပထမဆုံး သူ့ကို ဆီးကြိုလိုက်တာကတော့ တက်ကြွတဲ့ အားမာန်တွေပါပဲ။ နောက်ထပ်ကတော့ သူ့ကို စိုက်ကြည့်နေတဲ့ မျက်လုံး ၁၁ စုံပေါ့။ မာရူးက ပုခုံးတစ်ချက် တွန့်လိုက်ပြီးမှ မီဆိုကို နှုတ်ဆက်လိုက်တယ်။
“မင်္ဂလာပါ”
“အေး”
ပြန်ဖြေတာက တိုတိုလေးဆိုပေမဲ့ သူကတော့ ဒါမျိုးကို နေသားကျနေပါပြီ။ မာရူးက သရုပ်ဆောင်တွေအတွက် အအေးဘူးတွေ ထားထားတဲ့ ပရိသတ်ခုံတန်းတစ်ခုဆီ လျှောက်သွားလိုက်တယ်။ ပြီးတော့ သူ့စာအုပ်ကို ကိုင်ပြီး အဲဒီမှာပဲ ဝင်ထိုင်လိုက်တာပေါ့။ ဒီနေရာကဆိုရင် သရုပ်ဆောင်တွေကို ကောင်းကောင်း မြင်နေရတာကိုး။
မာရူးက ဘယ်ဘက်ကို လှည့်ကြည့်လိုက်တော့ ဒီပြဇာတ်မှာ သုံးမယ့် ပစ္စည်းတွေကို တွေ့လိုက်ရတယ်။ ဆိုဖာတွေ၊ စားပွဲတွေ၊ စားပွဲခင်းတွေ၊ သစ်သားပင်တုတွေနဲ့ တခြားဟာတွေပေါ့…။
“အာ... အာ... အာ... အာ...။ အသံကို နည်းနည်း လျှော့ကြစမ်း။ ဝမ်းဗိုက်ထဲမှာ အားပိုထည့်။ ရင်ဝမ်းခြားကြွက်သားကို အမိအရ သုံးစမ်း။ ကိုယ့်ကိုယ်ကိုယ် အတွင်းထဲကနေ ပြန်ကြည့်နေတယ်လို့ ခဏလောက် စိတ်ကူးကြည့်လိုက်။ ‘အာ’ လို့ပြောဖို့ ပါးစပ်ဟလိုက်တဲ့အခါ မင်းတို့ရဲ့ အသံကြိုးတွေ ပွင့်သွားတာကို မြင်နေရမယ်။ လေက မင်းတို့ ဗိုက်ထဲကနေ ပါးစပ်အထိ တစ်လျှောက်လုံး ဖြတ်သွားလိမ့်မယ်။ ဒါပေမဲ့ လေတွေကို အပြင်ထွက်မသွားစေနဲ့၊ အသံပဲ ထွက်ပါစေ။ မင်းတို့ ဗိုက်ထဲကနေ အသံတွေ အကုန်လုံး ထွက်လာအောင် ကြိုးစားကြည့်” လို့ မီဆိုက ကျောင်းသားတစ်ယောက်ရဲ့ ဗိုက်ကို ကိုင်ရင်း ပြောနေတယ်။
သူမက လက်တစ်ဖက်ကို ကျောင်းသားရဲ့ ဗိုက်ပေါ်မှာ တင်ထားပြီး ကျန်တဲ့လက်တစ်ဖက်ကတော့ သူတို့ မှားနေတဲ့ နေရာတွေကို ကိုင်ပြနေတာပေါ့။ အဲဒီလို လုပ်ပေးလိုက်တိုင်း ကလပ်အဖွဲ့ဝင်တွေက သူတို့ရဲ့ အနေအထားကို ပြန်ပြင်ပြီး ထပ်ခါထပ်ခါ ကြိုးစားကြတယ်။ မာရူးကတော့ သူတို့ အစောဆုံး အတူတူ လေ့ကျင့်တုန်းကနဲ့ အခု အခြေအနေ ကွာခြားသွားတာကို အလွယ်တကူပဲ သတိထားမိနေတာပေါ့။
ပထမဆုံးအချက်ကတော့ ကလပ်အဖွဲ့ဝင်တွေဟာ အရင်ကထက် အများကြီး ပိုပြီး တည်ငြိမ်လာကြတယ်။ သူတို့ရဲ့ အသံတွေကလည်း တုန်ယင်မနေတော့ဘူး။ အခုဆိုရင် အသံက နက်ရှိုင်းလာပြီ။ ဒါတွေ အားလုံးက လေ့ကျင့်မှုတွေရဲ့ ကျေးဇူးပေါ့။
“ကောင်းပြီ၊ အခု မြန်မြန် လျှောက်ကြမယ်”
မီဆိုကလည်း ပြောလိုက်ရော ကျောင်းသားတွေက ချက်ချင်းပဲ ဝိုင်းဖွဲ့လိုက်ကြတယ်။ ရှေ့ကလူကို အမှီလိုက်ဖမ်းတော့မယ့်အတိုင်း လျှောက်နေကြတာ။ တကယ်တော့ သူတို့ လျှောက်တာ တော်တော်လေး မြန်ပါတယ်။
“အခု မင်းတို့ ဘယ်လို လှုပ်ရှားနေလဲဆိုတာကို မှတ်မိအောင် ကြိုးစား။ ခြေတစ်လှမ်းချင်းစီ လှမ်းတဲ့အခါမှာ ဘယ်ကြွက်သားတွေကို သုံးနေလဲဆိုတာကို အတိအကျ ခံစားကြည့်။ အသက်ရှူတာကို ဘယ်လို ရှူနေလဲဆိုတာ မှတ်ထား။ မင်းတို့ရဲ့ ခေါင်းပေါ်မှာ ကင်မရာတစ်လုံးက အပေါ်စီးကနေ ရိုက်နေတယ်လို့ စိတ်ကူးကြည့်လိုက်၊ တတိယလူတစ်ယောက်ရဲ့ အမြင်မျိုးနဲ့ပေါ့”
ငါးမိနစ်လောက် ဒီလို လုပ်ပြီးတဲ့အခါမှာတော့ မီဆိုက လက်ခုပ်တစ်ချက် တီးလိုက်ပြီး “ဖြည်းဖြည်းချင်း” လို့ အမိန့်ပေးလိုက်တယ်။ ကျောင်းသားတွေက စလိုးမိုးရှင်း ဗီဒီယို ရိုက်နေသလိုမျိုး တော်တော်လေးကို နှေးသွားကြတယ်။ ဒါပေမဲ့ မာရူးအတွက်တော့ ဒါတွေက အထူးအဆန်း မဟုတ်တော့ပါဘူး။
သူ ရှုတင်မန်နေဂျာလုပ်တုန်းက ဒါမျိုးတွေ အများကြီး တွေ့ဖူးတာကိုး။ သရုပ်ဆောင်တွေအတွက် ဒါမျိုးတွေ လုပ်တာက ပုံမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုက အရမ်း အရေးကြီးတာလေ။ အတွေ့အကြုံ မရှိတဲ့ သရုပ်ဆောင်တစ်ယောက် ဒါကြောင့်ပဲ အဆူခံနေရတာကို သူ မှတ်မိနေသေးတယ်။
မာရူးကိုယ်တိုင်လည်း လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက အဲဒီလို လေ့ကျင့်ခန်းမျိုးကို စမ်းကြည့်ဖူးတယ်။ တကယ့် သရုပ်ဆောင်တွေ လေ့ကျင့်နေတာကို မြင်တော့ သိချင်စိတ်နဲ့ ဝင်ရောခဲ့တာပေါ့။ သေချာတာပေါ့၊ အများကြီးတော့ မသင်ယူနိုင်ခဲ့ပါဘူး။ အဓိကကတော့ သူတို့ရဲ့ နည်းပြနဲ့ သိပ်ပြီး မရင်းနှီးခဲ့လို့ပါ။ ဒါပေမဲ့ သူ အလုပ်တစ်ခု ရသွားတဲ့ အချိန်မှာတော့ အဲဒီလူ ဘာလုပ်နေလဲဆိုတာ ကြားခဲ့ရတယ်။ အဲဒီ နည်းပြကလည်း သူ့လိုပဲ ကုမ္ပဏီတစ်ခုမှာ လခစား ဝန်ထမ်း ဖြစ်သွားခဲ့တာပါပဲ။
“လက်ချောင်းတွေ၊ ခြေချောင်းတွေကို မလှုပ်နဲ့ လှုပ်ရှားမှု တိုင်းက အဓိပ္ပာယ် ရှိပါစေ ဒါက အခုအချိန်မှာ အရမ်း အရေးကြီးတယ်။ သရုပ်ဆောင်တဲ့ အခါမှာ အပို လှုပ်ရှားမှုတွေ မရှိစေချင်ဘူး။ နားလည်လား ”
“ဟုတ်ကဲ့ ”
ချက်ချင်း ပြန်ဖြေလိုက်ကြပေမဲ့ ကလပ်အဖွဲ့ဝင်တွေကတော့ အရမ်းကို ဖြည်းဖြည်းချင်း လှုပ်ရှားနေကြတုန်းပါပဲ။ ကြည့်ရတာ နောက်ထပ် ဆယ်မိနစ်လောက်အထိ ဒီအတိုင်း ဆက်လုပ်ရဦးမယ့်ပုံပဲ။ အပြင်ပန်း ကြည့်ရင်တော့ လွယ်သလိုလို ရှိပေမဲ့ ဒီလို ဖြည်းဖြည်းချင်း လှုပ်ရှားတာက အင်အား တော်တော် ကုန်တာပါ။ စစ်တပ်မှာ အချိန်အတော်ကြာ တောင့်တောင့်ကြီး ရပ်နေရသလိုမျိုးပေါ့။
ကျောင်းသားတွေက တစ်ယောက်ပြီး တစ်ယောက် မျက်မှောင်ကြုတ်လာကြတယ်။ တစ်ခါတစ်လေ ဟန်ချက်ပျက်ပြီး လူအုပ်ကြီးထဲကနေ ထွက်သွားတာမျိုးတောင် ရှိတယ်။ အဲဒီလို ဖြစ်သွားတိုင်း မီဆိုက ဒေါသတကြီးနဲ့ လှမ်းအော်တော့တာပဲ။
“အာရုံစိုက်စမ်း ”
သူမကတော့ တကယ့် ခြင်္သေ့မကြီးအတိုင်းပါပဲ။ မာရူးကတော့ သူ့စာအုပ်ကို ဖွင့်ပြီး စာဖတ်နေလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင် အဲဒီလို ပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေထဲ ဝင်ပါဖို့ စိတ်ကူးမရှိတာတော့ အမှန်ပါပဲ။ မိနစ်အနည်းငယ်လောက် ကြာပြီးတဲ့နောက်မှာတော့ သူတို့အားလုံး တန်းပြန်စီလိုက်ကြတယ်။ မီဆိုက ၁၅ မိနစ် နားခွင့် ပေးလိုက်တာပေါ့။
မာရူး စာအုပ်ကို ပိတ်ပြီး ရှေ့ကို ကြည့်လိုက်တယ်။ ကလပ်အဖွဲ့ဝင်တွေ ရေရဖို့အတွက် အသည်းအသန် လုနေကြတာကို သူ မြင်နေရတယ်။ သူ့ရှေ့က ရေဘူးကို ဒိုဂျင်ဆီ လှမ်းပစ်ပေးလိုက်တာပေါ့။
“ဘုရားရေ၊ ဒါကြီးက တကယ် ဆိုးတာပဲ ”
“မင်း အသက်ရှင်နေသေးတာပဲ တော်ရောပေါ့”
“ဟူး... ဟူး...”
ဂွန်ဆော့တောင် မနက်ပိုင်း လေ့ကျင့်ခန်းတွေကြောင့် အမောတကော ဖြစ်နေရှာတယ်။ ယူရင်ကတော့ နားနေတဲ့ အချိန်မှာတောင် ဖုန်းကို ကိုင်နေတုန်းပဲ။ အခုဆိုရင် ဖုန်းက သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပြီလေ။
“ခြေထောက်တွေ နာလိုက်တာ” လို့ ဆိုယွန်းက သူမရဲ့ ခြေသလုံးတွေကို နှိပ်ရင်း ပြောတယ်။ သူမက အရင်ကထက် သိသိသာသာကို ပိန်သွားတာ။ နည်းနည်းတော့ ဝတုတ်တုတ် ဖြစ်နေတုန်းဆိုပေမဲ့ အခုတော့ ပိုပြီး သွက်လက်ပုံ ပေါက်နေပြီ။
အီဆူနဲ့ ထယ်ဂျွန်းကတော့ အရင်အတိုင်းပဲ ကြည့်ကောင်းနေတုန်းပါပဲ။ အော်... ပြန်ပြင်ရဦးမယ်။ ထယ်ဂျွန်းက မျက်လုံးထဲမှာ ပင်ပန်းတဲ့ အရိပ်အယောင်တွေကြောင့် အရင်လောက်တော့ မချောတော့ဘူး။ ဒီကောင်လေးက လူကောင်ထွားသလောက် အမောမခံနိုင်တာ အံ့ဩစရာပဲ။ ဒေးမြောင်ထက်တောင် ပိုဆိုးနေတာ ဆိုတော့ စဉ်းစားသာ ကြည့်တော့။
‘ဒါ ဝိတ်ချတဲ့စခန်းများလား ’
ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ဒီလေ့ကျင့်ခန်းတွေက ကိုယ်အလေးချိန် လျှော့ချဖို့အတွက် တကယ် ထိရောက်တာကတော့ ငြင်းလို့မရပါဘူး။
“ငါ့ ဘယ်ဘက် ခြေထောက် ကြွက်တက်တော့မယ်လို့ ထင်နေတာ”
“ဂရုမစိုက်နဲ့တော့”
“ဟူး... ဒုတိယနှစ်မှာ စင်မြင့်မန်နေဂျာပဲ လုပ်မယ်ဆိုတာ ဘာဖြစ်သွားတာလဲ ” လို့ မင်ဆောင်က ဂျောင်ဟော့ခ်ကို လှမ်းပြောတယ်။
သူတို့က ဒုတိယနှစ်မှာ မန်နေဂျာ လုပ်မယ်လို့ ပြောထားပေမဲ့ တကယ်တမ်းကျတော့ မီဆိုရဲ့ လေ့ကျင့်ခန်းတွေထဲမှာ တက်တက်ကြွကြွ ပါဝင်နေတာ။ နှစ်ယောက်စလုံးကလည်း ဇာတ်ကောင်နေရာ ကောင်းကောင်းတွေ ရထားကြတာကိုး။ ဇာတ်လိုက်ရဲ့ အဖေနဲ့ ဦးလေး နေရာတွေပေါ့။
“ဟူး... ဒန်မီ၊ ငါ့ခြေထောက်လေး နှိပ်ပေးပါဦးလား နာလို့ပါ”
“တော်စမ်းပါ၊ ငါလည်း ပင်ပန်းနေတာပဲ”
“အမလေး... နင်ကတော့ တကယ်ကို အေးစက်သွားပြီပဲ”
ယွန်းဂျုံနဲ့ ဒန်မီတို့လည်း စကားတွေ ပြောနေကြတယ်။ သူတို့အားလုံးဆီကနေ အပူရှိန်တွေ ထွက်နေတာ။ မာရူးကတော့ သူတို့ကြားထဲ ဝင်ထွက်သွားလာရင်း လိုအပ်တဲ့ ရေအေးတွေနဲ့ မုန့်တွေကို လိုက်ဝေပေးနေတာပေါ့။
“မိုက်တယ်၊ ဂျာကြီး” လို့ ယွန်းဂျုံက မှတ်ချက်ပေးတယ်။
မာရူးရဲ့ ဘွဲ့နာမည်က အဲဒီလို ဖြစ်သွားတာပေါ့။ ဘယ်သူက အရင် စခေါ်လိုက်တာလဲဆိုတာကို သူကိုယ်တိုင်တောင် မမှတ်မိတော့ပါဘူး။ အစတုန်းကတော့ နောက်ပြောင်ပြီး ခေါ်ကြတာပေမဲ့ အခုတော့ အားလုံးက ဒါကို နေသားကျသွားပြီ။
ဂျာကြီး။ တစ်ခါပြန်ပြီး ဒီလို အခေါ်ခံရလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ တကယ်ကို ထူးဆန်းပါတယ်။
“ကြိုးစားကြဦးနော်၊ ဟုတ်ပြီလား ”
“ကြိုးစားမှာပေါ့။ အချိန်သိပ်မရှိတော့ဘူးလေ”
နားချိန်လေးကပဲ မာရူးတစ်ယောက် လူတွေနဲ့ နည်းနည်း ရောနှောခွင့်ရတဲ့ အချိန်ပါ။ ပြီးတော့ ဒီအချိန်မှာပဲ ကလပ်အဖွဲ့ဝင်တွေ ဘာတွေ သင်ယူနေရလဲဆိုတာကို သူ သိခွင့်ရတာ။ သူတို့တွေက လေ့ကျင့်ခန်း ပြင်းထန်တာကို ညည်းညူရင်းနဲ့ပဲ မီဆိုကို ချီးကျူးနေကြတာပေါ့။ မာရူးတောင်မှ မီဆိုဟာ သူမရဲ့ အလုပ်မှာ ဘယ်လောက် တော်လဲဆိုတာ သိနိုင်တာပဲလေ။
“ဇာတ်ညွှန်းတွေ ဖတ်ကြမယ် ” လို့ မီဆိုက နောက်ဘက်ကနေ အော်ပြောလိုက်တယ်။
ကလပ်အဖွဲ့ဝင်တွေက သူတို့ရဲ့ ဇာတ်ညွှန်းတွေကို ယူပြီး ပြေးသွားကြတယ်။ မာရူးက သူတို့ကို ခဏလောက် ကြည့်နေပြီးမှ သူ့စာအုပ်ကို ပြန်ထုတ်လိုက်တယ်။
“အရမ်းကြီး အထီးကျန်မနေနဲ့နော်၊ ဟားဟား” လို့ ဒိုဂျင်က ထွက်သွားရင်း ပြောသွားတယ်။
အထီးကျန်တာဆိုတာ အဖွဲ့အစည်းတစ်ခုထဲမှာ ပါဝင်ခဲ့ဖူးတဲ့သူမှ ခံစားရနိုင်တဲ့ အရာမျိုးပါ။ မာရူးက တစ်ခါတလေ အပယ်ခံရသလို ခံစားရပေမဲ့ တစ်ခါမှတော့ အထီးမကျန်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူက တခြား အဖွဲ့ဝင်တွေလိုမျိုး တက်ကြွတဲ့ အားမာန်တွေနဲ့ စိတ်အားထက်သန်မှုတွေကို မခံစားဖူးတာကိုး။ သူတို့နဲ့ တန်းတူထားဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
သူ စာဖတ်နေရင်းနဲ့ အဖွဲ့ဝင် တစ်ယောက်ချင်းစီရဲ့ ပြောစကားတွေက သူ့နားထဲ စိမ့်ဝင်လာတယ်။ ဒီတစ်ခါ သူတို့ ကပြမယ့် ပြဇာတ်က ‘Warm Table’ ဆိုတဲ့ ပြဇာတ်ပါ။ မီဆိုကိုယ်တိုင် ယူလာတဲ့ ပြဇာတ်ပေါ့။ အဲဒါက သူတို့အရွယ် ဆယ်ကျော်သက်တွေ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေအကြောင်းကို ရေးထားတာ။ ပြဇာတ်မှာ အခန်း နှစ်ခန်းပဲ ပါတယ်။ ဇာတ်လမ်းဖြစ်ပျက်တဲ့ အိမ်ရဲ့ အတွင်းဘက်နဲ့ အပြင်ဘက်ပေါ့။ မာရူးက အဲဒီ ပစ္စည်းတွေကို အရင်က လုပ်ပေးခဲ့ဖူးတာကို မှတ်မိနေသေးတယ်။
အာ... သူ အာရုံတွေ ပြန်လွင့်နေပြန်ပြီ။ စာဖတ်တာကိုပဲ ပြန်အာရုံစိုက်ရမယ်။ ကလပ်အဖွဲ့ဝင်တွေရဲ့ အသံတွေက သူ့ရဲ့ အာရုံထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ ဒါကို သူ မကြာခင်ကမှ သတိထားမိတာ၊ စာဖတ်တဲ့ အခါတိုင်းမှာ သူ့ရဲ့ အာရုံစူးစိုက်မှုက တော်တော်လေး ကောင်းလာတာ။
ပုံမှန်စာအုပ်တွေ ဖတ်တဲ့အခါမှာပဲနော်။ သင်္ချာနဲ့ အင်္ဂလိပ်စာအုပ်တွေမှာတော့ ဒီလို အာရုံစိုက်လို့ မရဘူး၊ ထူးဆန်းတဲ့ အက္ခရာတွေနဲ့ ကိန်းဂဏန်းတွေ ပါနေတာကိုး။
“ကိုရီးယား စာပေမှာတော့ အမှတ်အပြည့် ရနိုင်လောက်ပါတယ်”
သူက ပြုံးစိစိနဲ့ စာမျက်နှာကို လှန်လိုက်တယ်။ သရုပ်ဆောင်တစ်ယောက်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထဲမှာ သရုပ်ဆောင်တစ်ယောက်ရဲ့ ဘဝက ဘယ်လိုမျိုးလဲ၊ ဘယ်လို ဇာတ်ကောင်တွေမှာ ပါဝင်ခဲ့လဲဆိုတာကို ရေးထားတာ။ စာရေးတာ ကောင်းလွန်းတော့ သူလည်း ဖတ်ရင်းနဲ့ သဘောကျနေမိတာပေါ့။
တစ်နေရာရောက်တော့ သူ တော်တော်လေး သဘောကျတဲ့ စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရတယ်။
‘ငါ့ဘဝက ဒီလို ဖြစ်လာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ ပထမဆုံး ဇာတ်ရုပ် မရခင်တုန်းကတော့ ငါဟာ နောင်တစ်ချိန်မှာ တစ်ပတ်ရစ် ကားအရောင်းစာရေး ဖြစ်လာမယ်လို့ပဲ ထင်ခဲ့တာ။ သရုပ်ဆောင် တစ်ယောက် ဖြစ်လာမယ်လို့ တွေးကြည့်ရင်… ဘဝဆိုတာ တကယ်ကို ထူးဆန်းတဲ့ အရာပါပဲ။’
စာရေးသူ ပြောတာ မှန်ပါတယ်။ ဘဝဆိုတာ တကယ်ကို ထူးဆန်းတဲ့ အရာပါပဲ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ ရှေ့မှာ ဘာတွေရှိမှန်း မသိပေမဲ့လည်း ငါတို့အားလုံးက ပိုပြီး သက်သောင့်သက်သာ ရှိဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကြိုးပမ်းနေကြတာပဲ။ အနာဂတ်က ငါဟာ အခု လက်ရှိ ငါ့ထက် ပိုကောင်းတဲ့ ဘဝမျိုးမှာ ရှင်သန်နိုင်ဖို့ပေါ့။ သူ နောက်ထပ် စာမျက်နှာ အနည်းငယ်ကို ဆက်ဖတ်နေတုန်း တစ်ယောက်ယောက်က သူ့ကို လှမ်းခေါ်လိုက်တယ်။
“ဟန်မာရူး”
မီဆိုပါပဲ။ မာရူး စာအုပ်ကို ချပြီး သူမဆီ လျှောက်သွားလိုက်တယ်။
“ဟုတ်ကဲ့ ”
“ဒါလေးကို တစ်ချက်လောက် ဖတ်ကြည့်စမ်း”
သူမက သူ့ဆီကို ဇာတ်ညွှန်း လှမ်းပစ်ပေးလိုက်တယ်။ အဲဒါက ဇာတ်လိုက်က သူ့သူငယ်ချင်းနဲ့ ရန်ဖြစ်ပြီးတဲ့နောက် တစ်ယောက်တည်း ပြောတဲ့ စကားတွေပေါ့။ မာရူး စပြီး ဖတ်လိုက်တယ်။
“ငါ လုပ်တာ မှားသွားတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ သူ လုပ်တာကလည်း ဘာမှ မထူးပါဘူး။ ဒီလောက် ကိစ္စသေးသေးလေးအတွက် သူ စိတ်မဆိုးသင့်ဘူး”
သူ ဖြည်းဖြည်းချင်း ဖတ်သွားတယ်။ မီဆိုက တစ်ခါတလေကျရင် သူ့ကို ဒီလို ဇာတ်ညွှန်းတွေ ဖတ်ခိုင်းတတ်တယ်။ ဘာကြောင့်လဲဆိုတာ သူ အခုထိ မသိသေးပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ကို သုံးပြီး စံနမူနာ မကောင်းတဲ့ ဖတ်ပုံမျိုးကို ပြချင်လို့များလား
“ကောင်းပြီ၊ ပြန်ပေးတော့”
“ဟုတ်ကဲ့”
မာရူးက ဇာတ်ညွှန်းကို ပြန်ပေးပြီး စာပြန်ဖတ်နေလိုက်တယ်။ စာဖတ်လို့ ပြီးတဲ့အချိန်မှာတော့ နာရီကို မော့ကြည့်လိုက်တယ်။ ငါးနာရီ ထိုးတော့မယ်။ သူ အိမ်ပြန်ရဖို့ ဆယ်မိနစ်ပဲ လိုတော့တာ။ သူ ပစ္စည်းတွေ စသိမ်းလိုက်တယ်။ ရေဘူးနဲ့ စာအုပ်ကို အိတ်ထဲ ပြန်ထည့်လိုက်တာပေါ့။ ကလပ်အဖွဲ့ဝင်တွေကတော့ သူ့ရှေ့မှာ အလုပ်ရှုပ်နေကြတုန်းပဲ။
“ရှေ့ကို ကြည့်စမ်း၊ မြေကြီးကို ကြည့်မနေနဲ့ မင်းတို့က ပရိသတ်ကို မင်းတို့ရဲ့ ဦးခေါင်းထိပ်ကို ပြချင်လို့လား ”
မီဆိုကတော့ အော်နေတုန်းပါပဲ။ ဆိုယွန်းကလည်း လန့်ပြီး ခေါင်းကို မော့လိုက်တယ်။ နည်းနည်း များသွားလို့ ထင်ပါရဲ့၊ မီဆိုဆီကနေ ‘တောက်’ တစ်ချက် ထပ်ကြားလိုက်ရသေးတယ်။ မီဆိုရဲ့ သင်ကြားပြသပုံက တကယ်ကို တော်လွန်းလို့ မာရူးတောင် အံ့ဩနေမိတာ။ သူမက သရုပ်ဆောင်ခြင်းနဲ့ ပတ်သက်ရင် သူမရဲ့ ကတိအတိုင်း တည်တယ်။ လူတစ်ယောက်က သရုပ်ဆောင်တာကို ရူးသွပ်မှသာ ကောင်းကောင်း သရုပ်ဆောင်နိုင်မယ် ဆိုတာလေ။
“တစ်ခုခုကို တကယ် ရူးသွပ်တယ်ဆိုတာ ပျော်ရုံတင် မဟုတ်ဘဲ အဲဒီအပေါ်မှာပဲ အမြဲတမ်း အာရုံစိုက်နေတာလား… အဲဒီလိုလား ”
မာရူးက သူ့ခုံမှာ ထိုင်ရင်း ကလပ်ကို ကြည့်နေမိတယ်။ သူတို့တွေ ဘဝကို ဘယ်လို ဖြတ်သန်းချင်နေကြတာပါလိမ့်။ သရုပ်ဆောင်တာကို ရူးသွပ်တာက ဘဝအတွက် ဘယ်လောက်အထိ အထောက်အကူ ဖြစ်မှာလဲ မာရူးက သူ့ခေါင်းထဲမှာ တွက်ချက်ကြည့်နေမိတယ်။ ဘယ်လိုပဲ တွက်တွက် သူ့ခေါင်းထဲမှာတော့ ကျရှုံးတဲ့ ဘဝမျိုးကိုပဲ မြင်နေရတာ။
‘ငါတော့ ဒီအတိုင်းဆိုရင် အဆိုးမြင်ဝါဒီ ဖြစ်တော့မှာပဲ’
သူကိုယ်တိုင်ကလည်း တော်တော်လေး အေးစက်ပြီး တွက်ကပ်တတ်တဲ့သူ ဖြစ်လာတာကို သူ သိနေတာပေါ့။ ဒါက တကယ်ကို ရှက်ဖို့ကောင်းပါတယ်၊ အထူးသဖြင့် သူ့ရှေ့မှာ တက်ကြွနေတဲ့ ကလပ်အဖွဲ့ဝင်တွေကို ကြည့်ရင်းနဲ့ပေါ့။ အခုတောင်မှ သူ့ဦးနှောက်က ဒီအချိန်မှာ အင်္ဂလိပ်စာ ဒါမှမဟုတ် သင်္ချာကို ပိုပြီး လေ့လာသင့်တယ်လို့ ပြောနေတာ။ ဒီအချိန်ကို သုံးပြီး စာလေ့…
ဖြောင်း
မာရူး ကိုယ့်ပါးကိုယ် ပြန်ရိုက်လိုက်တယ်။ မဟုတ်ရင် သူ့ခေါင်းထဲက အတွေးတွေထဲကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူးလို့ သူ ခံစားလိုက်ရလို့ပါ။ ဒါပေမဲ့ ကိစ္စက…
“မာ-မာရူး၊ ဟေ့ကောင်”
“ဘာဖြစ်တာလဲ ”
သူက ပြင်းပြင်းထန်ထန်ကြီး ရိုက်လိုက်တာကိုး။ မီဆို အပါအဝင် အားလုံးက သူ့ကို ဝိုင်းကြည့်နေကြတယ်။ သူကတော့ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြုံးပြလိုက်တာပေါ့။
“ခြင်ရှိလို့ပါ”
ဧပြီလမှာ ခြင်တဲ့လား…။ တကယ့်ကို မဟုတ်ကဟုတ်က ဆင်ခြေပါပဲ၊ ဒါပေမဲ့ အနည်းဆုံးတော့ အလုပ်ဖြစ်သွားတာပေါ့။
“အာ… ဘာတွေလဲကွာ”
“သားကြီး၊ မင်းကတော့ တို့ကို လန့်အောင် လုပ်တာပဲ”
“မင်းကလည်း တော်တော် ပြင်းပြင်းထန်ထန် လုပ်တာပဲနော်၊ ဟုတ်တယ်မလား ”
ကလပ်အဖွဲ့ဝင်တွေက ပြုံးပြီး ပြန်ပြောကြတယ်။ မာရူးကတော့ ပြုံးဖြဲဖြဲနဲ့ပဲ ပါးစပ်ပိတ်နေလိုက်တယ်။ နာရီက ၅ နာရီ ထိုးသွားပြီ။ သူ ခုံကနေ ချက်ချင်းဆိုသလို ထရပ်လိုက်တာပေါ့။ သူ အိတ်ကို လွယ်ပြီး မီဆိုဘက် လှည့်လိုက်တယ်။ သူမဆီကနေ ထွက်လာနေကျ စကားတွေကို သူ စောင့်နေတာ။
“ညစာ စားချိန် ရောက်ပြီ။ ပထမနှစ်တွေ၊ အပြင်သွားပြီး စားစရာ တစ်ခုခု သွားဝယ်ကြ”
မီဆိုက သူမရဲ့ ပိုက်ဆံအိတ်ထဲကနေ ပိုက်ဆံအချို့ ထုတ်ပြီး ပေးလိုက်တယ်။ ပထမနှစ်တွေ အားလုံး ခန်းမထဲကနေ ထွက်သွားကြပြီး ဒုတိယနှစ်တွေကတော့ ဇာတ်ညွှန်းအကြောင်းတွေ အချင်းချင်း စကားပြောနေကြတယ်။ အားလုံးကတော့ နည်းမျိုးစုံနဲ့ နားဖို့ ကြိုးစားနေကြပုံပါပဲ။
မီဆိုတောင်မှ သူမရဲ့ ကုလားထိုင်ပေါ်မှာ မှီပြီး လှဲနေသလို ဖြစ်နေတာ။ မာရူး ခဏစောင့်ပြီးမှ သူမနား လျှောက်သွားလိုက်တယ်။
“ကျွန်တော် ပြန်တော့မယ်နော်”
“……”
မီဆိုက ဘာမှ ပြန်မပြောဘူး။ တစ်ခုခု မှားနေလို့လား မာရူးကတော့ သူမ တော်တော်လေး ပင်ပန်းနေလို့ ပြန်မဖြေတာလို့ပဲ သတ်မှတ်ပြီး ထွက်လာခဲ့တယ်။ ဒါပေမဲ့ သူ တံခါးကို နည်းနည်းလေး ဟလိုက်တဲ့ အချိန်မှာပဲ နောက်ကနေ အသံတစ်သံ ကြားလိုက်ရတယ်။
“အိမ်ပြန်တော့မလို့လား ” လို့ မီဆိုက မေးတယ်။ သူမက ဘယ်အချိန်ကတည်းက ရောက်နေတာပါလိမ့် သူမက တံခါးဝကနေ သူ့ရှေ့မှာ အရင် ထွက်သွားတယ်။ မာရူးက လှေကားဘက်ကို ဦးတည်ရင်း ခေါင်းညိတ်ပြလိုက်တာပေါ့။
ဒါပေမဲ့… မီဆိုကလည်း သူ့နောက်ကနေ လိုက်လာတယ်။ လမ်းတစ်ဝက်လောက် ရောက်တော့ မာရူးက သူမကို မော့ကြည့်လိုက်တယ်။
“ပြောစရာ ရှိလို့လား ခင်ဗျာ ”
“…တောက်”
မီဆိုက မျက်နှာလွှဲပြီး တောက်တစ်ချက် ခေါက်လိုက်တယ်။ သူမက တစ်ခုခု ပြောချင်နေပုံရပေမဲ့ ပါးစပ်ဟပြီးမှ ပြန်ပိတ်သွားတာ။ သူမ ဘာလုပ်မလို့ပါလိမ့် မာရူးကတော့ သူမကို တစ်ချက် ဦးညွှတ်နှုတ်ဆက်ပြီး ဆက်လျှောက်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အရေးကြီးတာတော့ မဟုတ်လောက်ပါဘူး။
ဒါပေမဲ့ သူ သုံးလှမ်းလောက် လှမ်းပြီးတဲ့နောက်မှာတော့—
“ဟေ့” လို့ မီဆိုက လှမ်းခေါ်လိုက်ပြီး “တို့တွေ စကားပြောဖို့ လိုတယ်” တဲ့။
* * * * * * * * *
အခန်း(၃၀)
ခေါင်မိုးထပ်မှာ လေက တော်တော်လေး တိုက်နေတယ်။ မီဆိုက ဆရာတွေဆီကနေ ရလာတဲ့ ခေါင်မိုးထပ်သော့နဲ့ တံခါးကို ဖွင့်ပေးလိုက်တာပါ။ လေ့ကျင့်ဖို့အတွက် သုံးချင်လို့ပါဆိုပြီး သူ ပြောထားခဲ့တာ ဖြစ်မှာပေါ့။
“အလုပ်ရှုပ်နေလား”
“ကျောင်းသားတစ်ယောက်က ဘာလို့ အလုပ်ရှုပ်ရမှာလဲ”
“အော်... ဟုတ်လား”
မီဆိုက လက်ရန်းတွေဆီကို လျှောက်သွားတယ်။ ကွန်ကရစ် လက်ရန်းပေါ်ကို သူ့လက်တွေ တင်လိုက်ပြီး အောက်က ကွင်းပြင်ကြီးကို ငုံ့ကြည့်နေတာပေါ့။ မာရူးလည်း သူ့ဘေးနားကို လျှောက်သွားလိုက်တယ်။ မိုးကုပ်စက်ဝိုင်းဆီမှာ နေမင်းကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို သူ မြင်နေရတယ်။ အောက်ဘက်မှာတော့ ဘောလုံးကလပ်က အဖွဲ့ဝင်တွေ မုန့်တွေ၊ အအေးတွေနဲ့ ဆူဆူညံညံ စကားပြောနေကြတာကို တွေ့ရတယ်။
“မင်းရဲ့ ကြံ့ခိုင်မှုက တော်တော်လေး ကောင်းသားပဲ၊ ဟုတ်တယ်မလား”
“ကျွန်တော်က ငယ်သေးတာကိုး”
“ငယ်သေးတာ ဟုတ်လား”
မီဆိုက သူ့ဘက်ကို လှည့်ကြည့်လိုက်တယ်။ ဒီတစ်ယောက်ကတော့... တစ်မျိုးပဲ။ ခန်းမထဲမှာတုန်းကတော့ သူက ဘုရင်မပဲ။ လူ ၁၁ ယောက်က သူ့စကားကို ကျမ်းစာလို လိုက်နာကြရပြီး သူ့ရဲ့ စကားတစ်ခွန်းက သူတို့အားလုံးကို ဒူးထောက် တောင်းပန်စေခဲ့တာလေ။ အဲဒီမှာတုန်းကတော့ သူက အမြဲတမ်း ယုံကြည်မှုရှိပြီး သန်မာနေခဲ့တာ၊ ဆဲဆိုလိုက်တဲ့အချိန်မှာတောင် နောင်တရရကောင်းမှန်း သိတဲ့သူ မဟုတ်ဘူး။
ဒါပေမဲ့ အခုတော့ သူက...
‘သူ စကားပြောဖို့ ခက်ခဲနေတာလား’
မီဆိုရဲ့ လှုပ်ရှားပုံတွေကို ကြည့်ပြီး သူ သိနိုင်ပါတယ်။ သူ့နှုတ်ခမ်းတွေ တွန့်နေတာရယ်၊ ရံဖန်ရံခါ သက်ပြင်းချနေတာရယ်ကြောင့်ပေါ့။ ဒါ့အပြင်၊
[[ဒီကောင်လေးက တော်တော်လေး ကိုင်တွယ်ရ ခက်တာပဲ]]
ပန်းရောင် စကားပြောပူပေါင်းလေးက အရာအားလုံးကို အတည်ပြုပေးလိုက်သလိုပါပဲ။
“ဘာလဲ၊ ငါ့ခေါင်းပေါ်မှာ တစ်ခုခု ရှိနေလို့လား” မာရူးက ပူပေါင်းလေးကို လှမ်းကြည့်လိုက်တဲ့အခါ မီဆိုက မေးလိုက်တယ်။
“...ခြင်တစ်ကောင်ပါ”
“အာ... အေးပါ”
“တစ်ခုခု ပြောစရာ ရှိတယ်လို့ ကျွန်တော် ထင်နေတာ”
“ပြောစရာ ရှိတာကတော့...”
မီဆိုက ညည်းတွားသံလေးနဲ့အတူ သူ့ဆံပင်တွေကို လက်နဲ့ လိမ်နေမိတယ်။
“မင်းက တကယ်တော့ ဘယ်လိုလူမျိုးလဲ”
“ဗျာ ”
မေးခွန်းက ရုတ်တရက်ကြီး ထွက်လာတာ ဆိုပေမဲ့ မာရူးအတွက်တော့ တော်တော်လေး ထိသွားတဲ့ စကားတစ်ခွန်းပါပဲ။
“ငါ့ဘဝတစ်လျှောက်မှာ ဒီလောက်အထိ စိတ်ဓာတ်ကျစရာကောင်းတဲ့ အထက်တန်းကျောင်းသားမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ မင်းအိမ်မှာ တစ်ခုခု ဖြစ်နေလို့လား၊ ဒါမှမဟုတ် ဘာလဲ”
“ကြည့်စမ်းပါဦး၊ စကားပြောတာက လူကြီးတစ်ယောက်လိုပဲ”
“...အဲလိုလား”
ဟုတ်ပါတယ်၊ မီဆို ပြောတာလည်း မမှားပါဘူး။ မာရူးက သူ့အသက်အရွယ်တူ ကလေးတွေနဲ့ စကားပြောတဲ့အခါမှာတော့ အသက်နဲ့အညီ နေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ လူကြီးတွေနဲ့ စကားပြောတဲ့အခါမှာတော့ သူ ကြိုးတောင် မကြိုးစားတော့ပါဘူး။ သူ့ရဲ့ အသက် ၄၅ နှစ်အရွယ် ပုံစံအစစ်အမှန်က သူတို့ရှေ့မှာ အတိုင်းသား ပေါ်ထွက်လာတာ ဖြစ်မှာပေါ့။
အဲဒါကြောင့်လည်း မနေ့ညက သူ့အခန်းထဲမှာ သူ့အမေက အဲဒီလို ပြုမူခဲ့တာ ဖြစ်မှာပါ။ ဒိုဝူးကလည်း သူ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အော်ခဲ့ဖူးတယ်လေ။ အရာရာကို သိနေသလိုမျိုး ဟန်ဆောင်နေတာကို ရပ်လိုက်စမ်းပါဆိုပြီးတော့ပေါ့။ အဲဒီအကြောင်းကို စဉ်းစားမိတော့ သူ မပြုံးဘဲ မနေနိုင်ခဲ့ဘူး။
“ဘာလဲဟ”
“ဘာမှမဟုတ်ပါဘူး။ ရယ်စရာလေးတစ်ခု သတိရသွားလို့ပါ။ ဒါနဲ့ ကျွန်တော့်ကို ပြောချင်တဲ့ အကြောင်းအရာက ဘာလဲဟင်။ ကျွန်တော့်ရဲ့ ဇာတ်ညွှန်းဖတ်တာကို ဝေဖန်ချင်ရုံသက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်”
“...မင်းက တောင်ပေါ်က ဆင်းလာတာလား”
“မဖြစ်နိုင်တာ”
“မင်း ဘိုးဘိုးနဲ့ အတူနေတာလား”
“ဘိုးဘိုး ဆုံးသွားတာ ကြာလှပြီဗျ”
“......”
“ဘာပြောချင်တာလဲဗျ”
မီဆိုက သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး သူ့ဘက်ကို လှည့်ကြည့်လိုက်တယ်။
“ငါ တည့်တည့်ပဲ ပြောမယ်။ မင်းက ဒီအတိုင်းပဲ ဆက်ထိုင်နေတော့မှာလား”
“ကျွန်တော်လား”
“အေး၊ မင်းကို ပြောတာ”
မီဆိုက လက်ပိုက်လိုက်တယ်။
“ငါ အရင်က ကလေးတွေ အများကြီး သင်ပေးခဲ့ဖူးတယ်။ မင်းတို့ အသက်အရွယ်ဆိုရင် ဘယ်လောက်ပဲ ရင့်ကျက်တယ် ပြောပြော၊ တချို့ နေရာတွေမှာတော့ ငယ်သေးတယ်လို့ ခံစားရတုန်းပဲ။ ဒါကလည်း မတတ်နိုင်ဘူးလေ၊ ဘဝအတွေ့အကြုံက အဲဒီလောက်မှ မရှိသေးတာ။ အဲဒါကြောင့်ပဲ မင်းတို့အရွယ် ကလေးတွေက အဖွဲ့အစည်းတစ်ခုခုမှာ ပါဝင်နေရတာကို တန်ဖိုးထားကြတာပေါ့။ ‘ငါလည်း သူတို့လိုပဲ လုပ်နေတယ် ’ ဆိုတဲ့ ခံစားချက်မျိုးကို သူတို့ လိုချင်ကြတာ။ အဲဒီအဖွဲ့အစည်းရဲ့ အပြင်ဘက်မှာ ရှိနေတဲ့သူတွေကတော့ ‘အထဲ’ ကို မဝင်နိုင်တဲ့အတွက် အမြဲတမ်း အထီးကျန်သလို၊ စိုးရိမ်သလို ခံစားနေရတတ်တယ်”
မီဆိုက သူ့ဘာသာ ‘တောက်’ တစ်ချက် ခေါက်လိုက်တယ်။ အရာရာကို အစအဆုံး ရှင်းပြနေရတာကို သူ စိတ်ပျက်နေတဲ့ ပုံပါပဲ။
“ငါ ကလပ်အသင်းတွေကို တာဝန်ယူလိုက်တိုင်း မင်းလို ကလေးမျိုးတွေ အမြဲတမ်း ပေါ်လာတတ်တယ်။ ညာဘက်မှာပဲ အမြဲတမ်း ရပ်နေတတ်တဲ့ ကလေးတွေပေါ့။ ငါကတော့ သူတို့ကို လျစ်လျူရှုထားလိုက်တာပဲ။ ဘာလို့လဲဆိုတော့ သူတို့က ကလပ်ကနေ ထွက်သွားမလား၊ ဒါမှမဟုတ် ဘယ်ဘက်ကို ကူးလာမလားဆိုတာ ငါ သိနေလို့ပဲ။ ကလပ်အသင်း ပြောင်းတာက သိပ်မှ မခက်တာလေ”
သူ နည်းနည်းတော့ စိတ်လှုပ်ရှားနေပုံရတယ်။
[[ငါ ကလေးတစ်ယောက်ရှေ့မှာ ဘာတွေ လုပ်နေတာပါလိမ့်]]
သူတို့ မျက်လုံးချင်း ဆုံလိုက်တဲ့အချိန်မှာ ပန်းရောင် ပူပေါင်းလေး တစ်ခု ပေါ်လာပြန်တယ်။ အဲဒီအရောင်က တစ်ခုခုကို ဆိုလိုတာ ဖြစ်နိုင်တယ်လို့ မာရူး တစ်ခါက တွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ စကားပြောပူပေါင်းတွေရဲ့ အရောင်က အမြဲတမ်း ပန်းရောင် ဖြစ်နေတာကို ကြည့်ပြီးတော့ ဒါက ဘုရားသခင်ရဲ့ အကြိုက် ဖြစ်မှာပါလို့ပဲ သူ တွေးလိုက်တော့တယ်။
မီဆိုက စိတ်ပျက်လက်ပျက်နဲ့ သူ့ရဲ့ ဆံပင်စည်းကို ဖြုတ်လိုက်တယ်။ သူ့ရဲ့ အဝါရောင် ဆံပင်တွေက ခေါင်မိုးထပ်က လေနဲ့အတူ ဝဲလွင့်နေတာပေါ့။ ကြည့်ရတာ လှပတဲ့ အမျိုးသမီးတစ်ယောက်ထက်စာရင် ရေဂျယ်လီ တစ်ကောင်နဲ့ ပိုတူတယ်လို့ မာရူး တွေးမိလိုက်တယ်။ ဘာလို့ အဲဒီလို တွေးလိုက်မိလဲဆိုတာတော့ သူလည်း သေချာ မသိပါဘူး။
‘သူက လှပတဲ့ ရေဂျယ်လီလေး ဖြစ်မှာပါ’
“နောက်တစ်ခါ ”
“ဗျာ ”
“မင်း တခြားအကြောင်းတွေ ထပ်တွေးနေပြန်ပြီ”
သူကတော့ တကယ့်ကို တော်တဲ့သူပါပဲ။ သရုပ်ဆောင်တစ်ယောက်ဆိုတော့လည်း ဒါက မဆန်းပါဘူးလို့ မာရူး တွေးလိုက်မိတယ်။
“ဟုတ်ကဲ့၊ ဟုတ်ပါတယ်”
“ငါ သိသားပဲ။ မင်းနဲ့ စကားပြောတာက ဘယ်လိုမှ အဆင်မပြေဘူး။ မင်း ငါ့ကို မကြောက်ဘူးလား”
“အင်း... နည်းနည်းတော့ ကြောက်တာပေါ့”
“တကယ်ကို ထူးဆန်းတယ်။ အထက်တန်းကျောင်းသားတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အထိ တည်ငြိမ်နေနိုင်တာလဲ။ တစ်လတောင် ရှိသွားပြီ။ မဟုတ်ဘူး၊ တစ်လတောင် ကျော်သွားပြီ။ အဲဒီအချိန်တွေအထိ မင်းက ဘာမှ မလုပ်ဘဲ ဘယ်လို နေနေတာလဲ။ မင်း ကလပ်ကနေ ထွက်သွားလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ မင်းက အစည်းအဝေးတွေကိုလည်း နောက်မကျဘူး၊ ရံဖန်ရံခါလည်း ပါဝင်လုပ်ဆောင်နေတုန်းပဲ။ အဲဒီလိုမျိုး လုပ်နေပေမဲ့လည်း မင်းက ဘယ်တော့မှ စည်းမကျော်ဘူး။ မင်း ရှိနေတဲ့ နေရာလေးမှာတင် တော်တော်လေး သက်သောင့်သက်သာ ရှိနေသလိုမျိုးပဲ”
မီဆိုက လက်ရန်းကို ဆုပ်ကိုင်ပြီး လေထဲကို “အား ” လို့ အော်ဟစ်လိုက်တယ်။ ကွင်းပြင်ထဲက ကလေးတွေကတော့ ဇဝေဇဝါနဲ့ လှည့်ကြည့်နေကြတာပေါ့။ မာရူးက ရှက်လို့ သူ့ကို နည်းနည်းလေး နောက်ကို ဆွဲလိုက်တဲ့အခါ သူက ထပ်ပြီး တုံ့ပြန်လာပြန်တယ်။
“ဘုရားရေ... မင်းကတော့ ငါ့ကို ရူးအောင် လုပ်နေတာပဲ”
မီဆိုက ရှုံးနိမ့်သွားတဲ့ ပုံစံမျိုးနဲ့ သက်ပြင်းချလိုက်တယ်၊
“အသက် ၄၀ ကျော် လူတွေကို ဘယ်လို ခေါ်လဲ သိလား”
“ရင့်ကျက်တည်ငြိမ်သောအရွယ်”
“...အဲဒါရဲ့ အဓိပ္ပာယ်ကိုရော သိလား”
“ကျွန်တော် နားလည်သလောက်တော့ ဘဝအပေါ်မှာ တော်တော်လေး အာရုံစိုက်ထားနိုင်လို့ ဘယ်အရာကမှ ကိုယ့်ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို မနှောင့်ယှက်နိုင်တော့တဲ့ အရွယ်ကို ပြောတာပါ”
“တောက် မင်းကို မြင်လိုက်ရတဲ့ အချိန်မှာ ငါ စဉ်းစားမိတာ အဲဒါပဲ။ ‘ရင့်ကျက်တည်ငြိမ်သောအရွယ်’။ မင်းက မင်းရဲ့ လမ်းစဉ်မှာ လုံးဝကို မလှုပ်မယှက် ရှိနေသလိုပဲ”
“အဲဒါ ကောင်းတဲ့အချက် မဟုတ်ဘူးလားဗျ”
“ကောင်းတာပေါ့။ ဒါပေါ့၊ အဲဒါက တကယ့်ကို ကောင်းတာ။ ဒါပေမဲ့ မင်းရဲ့ အခြေအနေမှာတော့ အဲဒါက နည်းနည်း များလွန်းနေတယ်။ မင်းအကြောင်း ငါ အများကြီး မသိဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့...”
မီဆိုက စကားမဆက်ခင် အသက်ကို ပြင်းပြင်းရှူလိုက်တယ်။
“မင်းက မနက်ဖြန် ကမ္ဘာပျက်တော့မယ်ဆိုတာကို ကြိုသိနေတဲ့ လူတစ်ယောက်လို ပြုမူနေတာပဲ”
* * * * * * * * *
များလွန်းတယ်၊ ဟုတ်လား။ မာရူး သူ့စက်ဘီးသော့ကို ဖွင့်နေတုန်းမှာ အဲဒီအတွေးက သူ့ခေါင်းထဲမှာ တဝဲလည်လည် ဖြစ်နေတယ်။ သူ ပြောတာ မမှားပါဘူး။ သူက အမြဲတမ်း သူ့ရဲ့ နောက်ထပ် ခြေလှမ်းအတွက် စဉ်းစားနေခဲ့တာလေ။ သူ စာကိုလည်း အစွမ်းကုန် ကြိုးစားနေတာပါ။ နှာခေါင်းသွေးထွက်တဲ့အထိတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သုံးပတ်လောက်က အဲဒီလိုမျိုး ကြိုးစားကြည့်ခဲ့ဖူးပေမဲ့ သူက အဲဒီလောက်အထိ စာလုပ်နိုင်တဲ့သူ မဟုတ်မှန်း သူ သိသွားခဲ့တယ်။
ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်လို့ လူတွေက ပြောကြတယ်။ စာကျက်တာကလည်း အဲဒီထဲက တစ်ခုပေါ့။ စာတော်တာက ပါရမီကြောင့် မဟုတ်ဘဲ ကြိုးစားအားထုတ်မှုကြောင့်ပဲ ဖြစ်လိမ့်မယ်။ မာရူးက အသက်ကြီးလာမှပဲ အဲဒီစကားရဲ့ အမှန်တရားကို သိခဲ့ရတာပါ။ အဲဒီစကားက လူကြီးတွေက ကလေးတွေကို လှည့်စားဖို့အတွက် လုပ်ကြံပြောထားတဲ့ စကားတစ်ခုသက်သက်ပါပဲ။
စာတော်တဲ့ ကလေးတွေက ကြိုးစားကြတယ်။ စာမတော်တဲ့ ကလေးတွေကတော့ ပျင်းလို့။ ဒါက ကလေးတွေကို တိုင်းတာဖို့ တကယ့်ကို လွယ်ကူတဲ့ နည်းလမ်းတစ်ခုပါပဲ။ အဲဒါက ကလေးတစ်အုပ်ကို ဘတ်စကက်ဘော တစ်လုံး ပေးလိုက်ပြီး ဂိုးသွင်းခိုင်းတာနဲ့ တူတူပါပဲ။ တချို့ကတော့ သွင်းနိုင်မှာပေါ့။ ကျန်တဲ့သူတွေကတော့ မသွင်းနိုင်ဘူး။ အဲဒါက သိသာပါတယ်။ ကလေးအများစုက မသွင်းနိုင်ဘူးဆိုတာကို အားလုံးက မျှော်လင့်ထားကြတာပေါ့။ ဒါပေမဲ့ အဲဒီဘတ်စကက်ဘောက ခဲတံတစ်ချောင်းအဖြစ် ပြောင်းလဲသွားတဲ့အခါမှာတော့ အဲဒီအမြင်တွေ အကုန်လုံး ပျောက်ကွယ်သွားတော့တာပဲ။
မင်းက ခြင်းထဲဘောလုံးပစ်သွင်းတာလည်း လုပ်နိုင်ရမယ်
လူကြီးတွေ အမြဲပြောနေကျ စကားပေါ့။ မာရူးလည်း အဲဒီလိုပဲ ခဏခဏ ပြောခဲ့ဖူးပါတယ်။
“ကျွန်တော်လည်း မလုပ်နိုင်ဘူးဆိုတာကို တစ်ခါမှ သတိမထားမိခဲ့ဘူးပဲ”
သူ့မှာသာ ပိုက်ဆံတွေ၊ အာဏာတွေ ရှိခဲ့ရင်။ ဒါဆိုရင်တော့ သူ့ကလေးတွေကို သူတို့ တကယ်လုပ်ချင်တာတွေကို လုပ်ခွင့်ပေးနိုင်မှာပေါ့။
အာ... အဲဒီအချိန်မှာပဲ မာရူး သတိထားမိသွားတယ်။
‘မင်းက မနက်ဖြန် ကမ္ဘာပျက်တော့မယ်ဆိုတာကို ကြိုသိနေတဲ့ လူတစ်ယောက်လို ပြုမူနေတာပဲ’
သူက သူ့ရဲ့ အနာဂတ် မိသားစုအကြောင်းကို စဉ်းစားနေတုန်းပဲ။ သူ့ရဲ့ အနာဂတ် ဇနီးသည်နဲ့ သမီးလေးအကြောင်းပေါ့။ မာရူး စက်ဘီးပေါ်ကို တက်လိုက်တယ်။ သူက လက်ရှိအချိန်ကို စဉ်းစားနေပေမဲ့ သူ့မျက်လုံးတွေကတော့ အနာဂတ်ဆီကိုပဲ စူးစိုက်နေတာ။ သူက လက်ရှိဘဝရဲ့ အခြေအနေကို ဂရုမစိုက်တာက အဝေးကြီးမှာ ရှိနေတဲ့ တစ်ခုခုကို အရမ်း စိတ်ပူနေလို့ပဲ။ အဲဒါကပဲ သူ ကလပ်အပေါ်မှာ ဘာခံစားချက်မှ မရှိရတဲ့ တစ်ခုတည်းသော အကြောင်းရင်း ဖြစ်မှာပေါ့...
‘ငါက တခြားအရာတစ်ခုအပေါ်မှာပဲ အာရုံစိုက်လွန်းနေခဲ့တာပဲ’
သူ့ပါးစပ်တွေ ခြောက်ကပ်လာတယ်။ ဒါကပဲ သူ့ရဲ့ နေ့ရက်တွေက အကျိုးရှိနေပေမဲ့ ဘာလို့ ဒီလောက်အထိ ဗလာကြီး ဖြစ်နေရလဲဆိုတဲ့ အကြောင်းရင်း ဖြစ်မှာပေါ့။ အရာရာကို တစ်ခုပြီးတစ်ခု အောင်မြင်အောင် လုပ်နေပေမဲ့ ဘာလို့ ဒီလောက်အထိ အေးစက်နေပြီး မပြည့်စုံသလို ခံစားနေရလဲဆိုတဲ့ အကြောင်းရင်းပေါ့။ ဘာလို့ သူ ဒီလောက်အထိ စိုးရိမ်နေရတာလဲ။
“ငါ ဘာလုပ်ချင်တာလဲ”
အဲဒီမေးခွန်းက သူ့ဆီကို အရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် ရောက်လာပြန်တယ်။ အိပ်မက်။ အဲဒီစကားလုံးက... မာရူး စက်ဘီးကို စနင်းလိုက်တယ်။ သူ တစ်ယောက်ယောက်နဲ့ စကားပြောဖို့ လိုအပ်နေပြီ။
မာရူး အိမ်ပြန်ရောက်တာနဲ့ ပထမဆုံး လုပ်တာက ရေချိုးလိုက်တာပါပဲ။ အနားက စတိုးဆိုင်ကို သွားပြီး မုန့်အချို့ ဝယ်လိုက်တယ်။ ကြက်သွန်နီ အာလူးကြော်နဲ့ ပုစွန်ခြောက် အာလူးကြော်ပေါ့။ အိမ်ပြန်ရောက်လို့ တီဗီကြည့်ရင်း အချိန်ဖြုန်းနေတုန်း သူ့ညီမလေး အိမ်ပြန်ရောက်လာတယ်။ အာလူးကြော်တွေကို မြင်တာနဲ့ သူက သူ့နားကို တန်းရောက်လာတော့တာပဲ။
“သမီး နည်းနည်း စားလို့ရမလား”
မာရူးက ခေါင်းခါပြလိုက်တယ်။
“ဆောရီးပဲ၊ ဒါက တခြားလူအတွက်”
“တခြားလူအတွက် ဟုတ်လား”
သူ့ညီမလေးက စိတ်ပျက်တဲ့ မျက်နှာပေးနဲ့ ထရပ်လိုက်ပြီး ‘အေးလေ... အဲလိုပဲ နေလိုက်စမ်းပါ’ လို့ တိုးတိုးလေး ရေရွတ်ရင်း ထွက်သွားတော့တယ်။ နောက်ထပ် နှစ်နာရီလောက် ကုန်လွန်သွားတယ်။ အခုဆိုရင် ၈ နာရီ ထိုးတော့မယ်။ အမေက ပြန်ရောက်လာတယ်၊ ညစာစားတယ်၊ ပြီးတော့ တန်းအိပ်တော့တာပဲ။ ဟိုဘက်အခန်းကနေ အမေ ပင်ပင်ပန်းပန်း အသက်ရှူနေတဲ့ အသံတွေကို သူ ကြားနေရတယ်။ အချိန်တွေ ထပ်ပြီး ကုန်လွန်သွားပြန်တယ်။
သူ့ညီမလေးက ကွန်ပျူတာ သုံးပြီးတော့ သမ်းဝေရင်း သူ့အခန်းထဲက ထွက်လာတယ်။ သူ့ရဲ့ မုန့်တွေကို စက္ကန့်အနည်းငယ်လောက် ကောက်ကျစ်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေပြီးမှ သူ့အခန်းထဲ သူ ပြန်ဝင်သွားတယ်။ တီဗီဇာတ်လမ်းတွဲတွေ ပြီးသွားတဲ့အချိန်မှာတော့ နာရီက ၁၀ နာရီကို ညွှန်ပြနေပြီ။ အမေက မီးဖိုချောင်ထဲကို ပြန်ထွက်လာတယ်။
“အရမ်း နောက်မကျစေနဲ့ဦး”
“စိတ်မပူပါနဲ့”
“ဒါနဲ့ အဲဒီမုန့်တွေက ဘာအတွက်လဲ။ တီဗီကြည့်ဖို့လား”
“မဟုတ်ဘူး၊ သောက်ဖို့အတွက်”
“...အိပ်တော့တော့”
“ဟုတ်ကဲ့”
အမေ ပြန်ဝင်သွားပြီးနောက် မာရူးက ချန်နယ်ကို ပြောင်းလိုက်တယ်။ နောက်ထပ် တစ်နာရီလောက် ကုန်သွားပြန်တယ်။ တံခါးပွင့်လာပြီး သက်ပြင်းအရှည်ကြီး ချရင်း အမျိုးသားတစ်ယောက် ဝင်လာတယ်။ အဲဒါ ဖေဖေပါ။
“ဖေဖေ”
“အာ... အေး၊ မာရူး”
“အခုမှ ပြန်လာတာလား”
“အေး၊ ဟုတ်တယ်။ မင်း တီဗီကြည့်နေတာလား”
“မဟုတ်ပါဘူး”
“ဒါဆိုရင် ”
“ဖေဖေ့ကို စောင့်နေတာပါ”
“ငါ့ကိုလား”
ဖေဖေက အံ့ဩတကြီးနဲ့ မျက်လုံးတွေ ဝိုင်းသွားတယ်။ မာရူးက ဖေဖေ့ရဲ့ စက်ရုံကုတ်အင်္ကျီကို ချွတ်ပေးလိုက်တယ်။
“ရော့၊ အရင်ဆုံး ခြေလက်သန့်စင်လိုက်ပါဦး”
“အဲ... အေးပါ”
ဖေဖေက အံ့ဩနေတဲ့ ပုံစံနဲ့ပဲ ရေချိုးခန်းထဲကို ဝင်သွားတယ်။ မာရူးက ရေခဲသေတ္တာထဲကနေ ဘီယာအချို့နဲ့ ဆိုဂျူ နှစ်ပုလင်းကို ထုတ်လိုက်တယ်။ ဖန်ခွက် နှစ်လုံးနဲ့ ဆိုဂျူခွက်လေး နှစ်လုံးလည်း ပါတာပေါ့။ ဖေဖေ ပြန်ထွက်လာတဲ့အချိန်မှာတော့ ပိုပြီးတော့တောင် ဇဝေဇဝါ ဖြစ်သွားပုံရတယ်။ ဖန်ခွက် နှစ်လုံးကို သတိထားမိသွားလို့ ဖြစ်မှာပါ။
“ဖေဖေ”
“အေး”
“ကျွန်တော့်ကို အရက်အကြောင်း သင်ပေးပါဦး”
“ဘာ ”
“ပြီးခဲ့တဲ့တစ်ခေါက်က ဖေဖေ ပြောခဲ့တယ်လေ၊ သောက်တတ်အောင် သင်ပေးပါဦးလို့ ပြောပါဆိုပြီးတော့”
“အဲ... အေးပါ”
ဖေဖေက အံ့ဩတကြီးနဲ့ ထိုင်ချလိုက်တယ်။ သူ့သားက ရုတ်တရက်ကြီး ဒီလိုမျိုး သူ့ဆီ လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...။ မာရူးက ဆိုဂျူပုလင်းကို ဖွင့်ပြီး ငှဲ့ပေးလိုက်တယ်။ ဖေဖေ့အတွက်ကိုတော့ တစ်ဝက်ပဲ သူ ငှဲ့ပေးလိုက်တာပါ။
“နောက်ကျနေပြီဆိုတော့ ဖေဖေ့ကို တစ်ဝက်ပဲ ငှဲ့ပေးမယ်နော်”
“...အေးပါ”
ဖေဖေက ပြုံးပြီး ဆိုဂျူပုလင်းကို ယူလိုက်ကာ မာရူးအတွက်လည်း ခွက်တစ်ဝက် ငှဲ့ပေးလိုက်တယ်။
“ကျေးဇူးတင်ပါတယ်”
ခွက်ချင်း ထိလိုက်တဲ့ အသံလေးနဲ့အတူ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး အရက်ခွက်ကို အတူတူ သောက်လိုက်ကြတယ်။ ဒုတိယတစ်ခွက် ထပ်ငှဲ့ပေးပြီးနောက် မာရူးက စကားစလိုက်တယ်။
“ဖေဖေ့ကို ကျွန်တော် မေးချင်တာ တစ်ခု ရှိလို့ပါ”
* * * * * * * * *