အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း(၃၁)
“မေးစရာရှိလို့လား”
မာရူးက သူ့ရှေ့က ဖန်ခွက်ကို ခဏလောက် စိုက်ကြည့်နေမိတယ်။ အဖေနဲ့ ဒီလိုမျိုး အေးအေးဆေးဆေး စကားပြောဖြစ်ခဲ့တာ ဘယ်တုန်းက နောက်ဆုံးပါလိမ့်။ ဖြစ်နိုင်တာကတော့ သူ အမြတ်တနိုး ချစ်ခဲ့ရတဲ့ အမျိုးသမီးနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ညတုန်းက ထင်ပါရဲ့။ အဲဒီနေ့တုန်းက အဖေ ပြောခဲ့တဲ့စကားကို သူ မှတ်မိနေသေးတယ်... ‘နောက်ဆုံးတော့ မင်းနဲ့ အတူတူ သောက်ခွင့်ရပြီပေါ့’ တဲ့။
သားအဖ နှစ်ယောက်...
တစ်အိမ်တည်းမှာ မိသားစုအဖြစ် နှစ်ပေါင်းနှစ်ဆယ်ကျော် အတူနေလာခဲ့ကြပေမဲ့ သူတို့ကြားက ဆက်ဆံရေးကတော့ ထူးထူးဆန်းဆန်းကြီးကို အနေရခက်နေတုန်းပါပဲ။ အဲဒီတုန်းက ‘အဖေ’ လို့ ခေါ်လိုက်တိုင်းလည်း ဘာကြောင့်ရယ်မသိ မာရူး စိတ်ထဲမှာ တစ်မျိုးကြီး ရှက်နေခဲ့မိတာ။
ကိုယ်တိုင် သမီးလေးတစ်ယောက် ရလာတဲ့ အချိန်ကျမှပဲ အဲဒီလို အရာတွေအတွက် မာရူး နောင်တရလာခဲ့တယ်။ အဖေနဲ့ ဒီထက်ပိုပြီး စကားတွေ အများကြီး ပြောခဲ့သင့်တာ။ သူ့သားရဲ့ အေးစက်စက် ဆက်ဆံမှုတွေအပေါ် အဖေလည်း စိတ်မကောင်း ဖြစ်ခဲ့ရမှာပဲ။
ပြီးတော့ အခုလည်း... ပျော်ရွှင်နေတဲ့ မျက်နှာထားနဲ့ အရက်ကို အားရပါးရ မော့နေတဲ့ အဖေ့ကို မာရူး ကြည့်နေမိတယ်။
“အဖေ့ရဲ့ အိပ်မက်က ဘာလဲဟင်”
“အိပ်မက် ငါ့ရဲ့လား ”
“ဟုတ်ကဲ့"
“...မင်း အထက်တန်းကျောင်းသား ဖြစ်လာတော့ တကယ်ပဲ နည်းနည်း ပြောင်းလဲသွားတာပဲ။ မင်းအမေက ပုံကြီးချဲ့ပြောနေတာလို့ ငါ ထင်နေခဲ့တာ"
အဖေက ပြုံးလိုက်ပြီး...
“ငါ့အိပ်မက် ဆိုပါတော့... မင်းအရွယ်တုန်းကတော့ ငါက လက်ဝှေ့သမားတစ်ယောက် ဖြစ်ချင်ခဲ့တာ။ အထက်တန်းကျောင်းတုန်းကဆို ငါက တော်တော်လေး လက်ရည်ရှိတာကွ"
“ပရိုဖြစ်တဲ့အထိ သွားချင်ခဲ့တာလား"
“အဲဒီလိုပါပဲ"
အဖေက အပျော်တမ်းပြိုင်ပွဲတွေ အများကြီး ဝင်ပြိုင်ခဲ့ဖူးတာကို မာရူး သိပေမဲ့ ပရိုဖြစ်ချင်ခဲ့တဲ့အထိ ဖြစ်ခဲ့မှန်းတော့ သူ မသိခဲ့ဘူး။ စဉ်းစားကြည့်တော့ အဖေ့ရဲ့ အတိတ်က ဘယ်လိုမျိုးလဲဆိုတာ သူ တစ်ခါမှ မကြားခဲ့ဖူးဘူးပဲ။ ဘယ်တုန်းကမှလည်း မမေးခဲ့မိဘူးလေ။ သူက တကယ့်ကို ဂရုမစိုက်တတ်တဲ့သူပဲ မဟုတ်လား။ ကိုယ့်မိဘတွေအကြောင်းတောင် သူ သိတာ သိပ်နည်းလွန်းခဲ့တာပဲ။
“ဟုတ်တယ်လေ။ ဒါပေမဲ့ ငါတို့အိမ်က ပိုက်ဆံ သိပ်မရှိဘူး။ ငါ ကျောင်းတက်နေတုန်းမှာပဲ အဖေ့ရဲ့ စီးပွားရေးက ပျက်သွားတာ။ အဲဒီအချိန်မှာပဲ ငါ့အဖေ... အော်၊ မင်းရဲ့ အဘိုးပေါ့... သူလည်း နေမကောင်း ဖြစ်သွားခဲ့သေးတယ်"
အဖေက ပုလင်းကိုလှမ်းယူပြီး မာရူးရဲ့ ဖန်ခွက်ထဲကို ထည့်ပေးတယ်။ မာရူးလည်း ဖန်ခွက်ကို လက်နှစ်ဖက်နဲ့ လှမ်းကိုင်လိုက်တာပေါ့။
“ဒါမျိုးတွေကို ဘယ်အချိန်ကတည်းက တတ်နေတာလဲ"
မာရူးက ပြုံးစစနဲ့ နေလိုက်တယ်။ သူ့ရဲ့ အရင်က အကျင့်ဟောင်းတစ်ခုပေါ့။ ဒါက ဘယ်ကနေ ဘယ်လို ထွက်လာမှန်းကို မသိတာ။ အဖေကတော့ သူ့ရဲ့ ဖန်ခွက်ထဲက အရက်ကို တစ်ကျိုက်တည်းနဲ့ မော့ချလိုက်တယ်။
“ငါ့အမေက သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အလုပ်ထဲကို ခြေစုံပစ်ဝင်ခဲ့ရသလို၊ ငါလည်း လက်ဝှေ့ကို ဆက်မလုပ်နိုင်တော့ဘူး။ မူလက ငါတို့အိမ်က အခြေအနေကောင်းတော့ ငါ ကောလိပ်တက်နိုင်ပေမဲ့ နောက်ဆုံးတော့ အထက်တန်းပြီးတာနဲ့ အလုပ်စလုပ်ခဲ့ရတယ်။ ငါ့ညီမတွေလည်း ငါနဲ့ အတူတူပါပဲ။ မဟုတ်ဘူး၊ တကယ်တော့ သူတို့က ပိုဆိုးတာ။ အဲဒီတုန်းက မိန်းကလေးတွေအပေါ် ဆက်ဆံပုံက သိပ်မကောင်းလှဘူးလေ"
“ဒါဆို အဖေက အလုပ်ကို ချက်ချင်းပဲ ရသွားတာလား"
“စက်ရုံတချို့မှာ ခဏလုပ်ပြီးမှ မိုင်းတွင်းထဲ ရောက်သွားတာ။ ၁၉၈၇ ဝန်းကျင်လောက်ထင်တယ်"
မာရူးက အဖေ့ရဲ့ လက်တွေကို လှမ်းကြည့်လိုက်တယ်။ ဘာကြောင့်ရယ်မသိ အဲဒီလက်တွေက သူ့အမြင်မှာ အရင်ကထက် ပိုပြီး ညိုမည်းနေသလိုပဲ။
“အိပ်မက်... အဲဒီတုန်းက ငါ့အိပ်မက်ကတော့ ကိုယ်ပိုင်အိမ်လေး တစ်လုံး ရဖို့ပဲ။ အဲဒီအချိန်မှာ ငါ ပိုက်ဆံတွေ အများကြီး စုခဲ့တယ်။ မင်းအမေနဲ့လည်း အဲဒီတုန်းက ဆုံခဲ့ပြီး လက်ထပ်ဖြစ်ခဲ့ကြတာပေါ့။ မင်းအမေကြောင့်ပဲ မိုင်းတွင်းအလုပ်ကို ငါ လက်လျှော့လိုက်တယ်။ အဲဒီအချိန်မှာ မင်းအမေက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတော့ ငါ နည်းနည်းလောက် နားလို့ရသွားတာပေါ့။ နားနေတုန်းမှာ အလုပ်အသစ် ရှာခဲ့တယ်။ နောက်ဆုံးတော့ စက်ရုံအသေးလေးတစ်ခုထဲ ရောက်သွားတာပေါ့။ မင်းအမေက ကုန်သွယ်ရေးကုမ္ပဏီတစ်ခုမှာ လုပ်နေတော့ ငါတို့ ဝင်ငွေက သိပ်မနည်းဘူး။ ပြီးတော့ မင်း မွေးလာတာပဲ"
“အမေက အလုပ်ကနေ ထွက်လိုက်ရမှာပေါ့"
“အင်း... အဲဒီတုန်းက မင်းအမေ အများကြီး ငိုခဲ့ရတာ။ အခုချိန်မှာတော့ သူက လျှော့ဈေးရှိတာတွေပဲ လိုက်ဝယ်နေတဲ့ အမျိုးသမီးကြီး ဖြစ်နေပေမဲ့ အဲဒီတုန်းကတော့ သူက တကယ်ကို တော်တဲ့သူ။ ကုမ္ပဏီကလည်း သူ့ရဲ့ တန်ဖိုးကို သိပေမဲ့ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးကိုတော့ ဆက်ထားလို့ မရဘူးလေ။ အဲဒီတုန်းက လောကကြီးက တကယ်ကို မတရားခဲ့ဘူး"
အဖေက ဒေါသတကြီးနဲ့ နောက်ထပ် တစ်ခွက် ထပ်မော့လိုက်တယ်။
“ပြီးတော့ IMF ခေတ် ရောက်လာရော။ ငါ့စက်ရုံလည်း ပိတ်လိုက်ရတယ်။ နိုင်ငံရဲ့ အဋ္ဌမမြောက် အကြီးဆုံးကုမ္ပဏီကြီးတောင် ပိတ်လိုက်ရတဲ့ အချိန်မှာ ငါတို့က ဘယ်လိုမှ မခံနိုင်တော့ဘူးလေ။ ကံကောင်းချင်တော့ သူဌေးက ဒေါ်လာတွေ အများကြီး စုထားခဲ့လို့ ငါတို့တွေ အစကနေ ပြန်စဖို့ တော်တော်လေး လွယ်ကူသွားခဲ့တာပေါ့" (IMF: အာရှ ဘဏ္ဍာရေး အကျပ်အတည်း)
“အဲဒါ ဒေါ်လာဈေးက ကိုရီးယားဝမ်နဲ့ ယှဉ်ရင် နှစ်ဆလောက် တက်သွားတဲ့ အချိန်မဟုတ်လား။ သူဌေးကတော့ အများကြီး မြတ်သွားမှာပဲ"
“အဲဒီလိုပါပဲ။ အဲဒီတုန်းက မင်းနဲ့ မင်းအမေ တော်တော်လေး စိတ်ဓာတ်ကျနေခဲ့တာကို ငါ မှတ်မိသေးတယ်"
ဒါက ဆင်ခြေပေးတာသက်သက်ပါ။ မာရူးက ဒါတွေအကုန်လုံးကို အတိတ်မှာကတည်းက သိထားပြီးသားလေ။
“အော်... ဟုတ်သားပဲ။ ကလေးတွေလည်း ဒါကို သိမှာပေါ့။ အခုတော့ မင်းတို့ နှစ်ယောက်လုံးကို ပြုစုပျိုးထောင်ဖို့အတွက် ဘာပြဿနာမှ မရှိတော့ဘူး၊ ဒါကြောင့် စိတ်မပူနဲ့"
အဖေက ခါးသီးသီးလေး ပြုံးလိုက်တယ်။
“ဒါနဲ့... အိပ်မက်တွေပေါ့၊ ဟုတ်လား။ ဟုတ်တယ်၊ အိပ်မက်တွေ။ မာရူး... အိပ်မက်ရှိတာက ကောင်းပါတယ်၊ ဒါပေမဲ့ မရှိရင်လည်း ဘာမှ မဖြစ်ပါဘူး။ လူအများစုက တကယ့်အိပ်မက် မရှိဘဲနဲ့ အိပ်မက်အကြောင်းတွေပဲ လျှောက်ပြောနေကြတာ။ အဲဒီလိုဆိုပေမဲ့လည်း... ငါကတော့ မင်းကို ငါ့လိုမျိုး မနေစေချင်ဘူး၊ ကိုယ်ပိုင်အိပ်မက်လေးတစ်ခုတော့ ရှိစေချင်တယ်"
“အဖေ့လို နေရတာ ဘာမှားလို့လဲ။ အဖေ အခုလည်း တကယ်ကို အောင်မြင်နေတာပဲဟာ"
“ဟား... မင်းကတော့ကွာ"
အဖေက ရှက်ကိုးရှက်ကန်းနဲ့ သောက်လိုက်ပြန်တယ်။ မာရူးက ဆိုဂျူပုလင်းကို ဘေးကို ဖယ်ထားလိုက်တယ်။ သူတို့က မူးအောင် သောက်နေကြတာ မဟုတ်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်ဖို့ သောက်နေကြတာလေ။ သူက ဆိုဂျူအစား ဘီယာဘူးတစ်ဘူးကိုပဲ ဖွင့်လိုက်တော့တယ်။
“ငါ့မှာ အိပ်မက်တွေ အများကြီး ရှိခဲ့ပေမဲ့ အခု လက်ရှိ အိပ်မက်ကတော့ မင်းကို ငါ့လိုမျိုးပဲ အဆင်ပြေပြေ နေစေချင်တာပဲ။ ပြီးတော့ နောင်တစ်ချိန် ငါတို့ အနားယူတဲ့အခါမှာလည်း နည်းနည်းပါးပါး ကူညီပေးမယ် မဟုတ်လား"
“အဖေက အခုကတည်းက အနားယူဖို့အထိ စဉ်းစားနေပြီလား"
“ဒါက ကြိုပြောထားတာပါကွာ"
“စိတ်မပူပါနဲ့၊ ကျွန်တော် အဖေ့ကို စောင့်ရှောက်မှာပါ"
“...ဒါက နောက်တာပါ။ ဘယ်မိဘမှ ကိုယ့်သားသမီးတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ကြပါဘူး။ မင်းကိုယ့်ဘာသာကိုယ် ကောင်းကောင်းမွန်မွန် နေနိုင်ရင်ပဲ ငါ ကျေနပ်ပါပြီ။ ငါ့ရဲ့ အနားယူမယ့် အစီအစဉ်အတွက် ငါ သေသေချာချာ ပြင်ဆင်နေတာကွ။ မင်းအမေနဲ့အတူ ကမ္ဘာပတ်ဖို့အထိ စိတ်ကူးထားတာ"
အဖေ့အသံက စိတ်လှုပ်ရှားနေတဲ့ ကလေးတစ်ယောက်ရဲ့ အသံနဲ့ တူနေတယ်။ ပုံမှန် အေးအေးဆေးဆေး နေတတ်တဲ့ ပုံစံနဲ့တော့ တကယ်ကို ကွာခြားတာပဲ။ မာရူးက ဘီယာတစ်ခွက် ထပ်ငှဲ့လိုက်တယ်။ လျှာပေါ်မှာ တကယ်ကို ချိုမြိန်နေတာပဲ။
“ဒါနဲ့ စကားမစပ်၊ မာရူး။ မင်းရဲ့ အိပ်မက်က ဘာလဲ"
“ကျွန်တော့်ရဲ့လား"
“အင်း... မင်းမှာလည်း ရှိမှာပေါ့၊ ဟုတ်တယ်မလား"
“ကျွန်တော်လည်း မသိဘူး။ သိချင်လို့ မေးကြည့်တာပါ။ ကျွန်တော့်အိပ်မက်က တကယ်တမ်း ဘာလဲဆိုတာ ကျွန်တော်လည်း မသိသေးဘူး"
“ကိုယ့်အိပ်မက်ကို ကိုယ်မှမသိရင် ဘယ်သူက သိမှာလဲ"
“ရယ်စရာပဲနော်။ ကိုယ့်အိပ်မက်ကို ကိုယ် သိသင့်တာပေါ့"
မာရူးက ဘီယာကို အသည်းအသန် မော့ချလိုက်ရင်း သူ့မျက်နှာပေါ်မှာတော့ စိတ်ပျက်တဲ့ အမူအရာတွေ ပြည့်နေတာပေါ့။ တစ်ငုံတည်းနဲ့ ကုန်အောင် သောက်လိုက်ပြီး ပါးစပ်ကို သုတ်လိုက်တယ်။ အာ... မှားသွားပြီ။ အဖေ့ရှေ့မှာ ဒီလောက်အထိ အများကြီး မသောက်သင့်ဘူးလေ။
“မင်း တော်တော် သောက်နိုင်သားပဲ"
“ဟားဟား... ဒါ... ဒါပေါ့။ ကျွန်တော်က အဖေ့သားပဲဟာ"
“ဟုတ်တာပေါ့။ ငါ မင်းအရွယ်တုန်းက ဆန်အရက်တွေ လိုက်ပို့တုန်းကလည်း ငါ တော်တော် သောက်ခဲ့တာ။ စက်ဘီးစီးပြီး မြို့ပတ်နေရင်း ပုလင်းထဲကနေ ခိုးပြီး သောက်ရတာ တကယ်ကို အရသာရှိတာကွ"
“အဘိုးက အပြစ်မပေးဘူးလား"
“ပေးတာပေါ့၊ မပေးဘဲ နေမလား"
အဲဒီနောက်မှာတော့ သူတို့နှစ်ယောက် အကြာကြီး စကားပြောဖြစ်ခဲ့ကြတယ်။ မာရူးရဲ့ အဖေက မာရူး မွေးကတည်းက စုဆောင်းထားခဲ့သမျှ ပုံပြင်တွေ အကုန်လုံးကို ပြောပြနေသလိုပါပဲ။ မာရူးမှာလည်း အဖေ့ကို မေးစရာတွေ အများကြီး ရှိခဲ့တာပေါ့။ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ အခုမှပဲ ပြန်လည် ဆက်သွယ်မိသွားကြသလိုမျိုး။ ဒါက ခဏတာ စကားဝိုင်းလေးပဲ ဆိုပေမဲ့ မာရူးအတွက်တော့ အများကြီး ရလိုက်ပါတယ်။
“အခုတော့ အိပ်ကြစို့။ နောက်ကျနေပြီ"
“ဟုတ်ကဲ့"
မာရူးက စားကြွင်းစားကျန်တွေကို လွှင့်ပစ်ပြီး အရက်တွေကို ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်တယ်။ အဖေကတော့ ပြုံးပြုံးလေးနဲ့ သူ့အခန်းထဲ ပြန်ဝင်သွားတာပေါ့။ မာရူးလည်း သူ့အခန်းတံခါးကို ကိုင်လိုက်တယ်။ အဲဒီအချိန်မှာပဲ အဖေက မှောင်နေတဲ့ ဧည့်ခန်းထဲကို ခေါင်းပြန်ပြူထွက်လာတယ်။
“မာရူး"
“ဗျာ ”
“ဒါကို မင်းကို ပြောသင့်လားတော့ မသိဘူး၊ ဒါပေမဲ့ မင်းက နားလည်နိုင်မယ့်ပုံရှိလို့ ငါ ပြောပြမယ်"
အဖေက စကားကို ခဏရပ်ပြီးမှ ဆက်ပြောတယ်။
“မင်းမှာ အိပ်မက်တစ်ခုတော့ ရှိသင့်တယ်လို့ ငါ ထင်တယ်။ အိပ်မက်မရှိရင် ဘဝက အရမ်းပျင်းဖို့ ကောင်းတယ်လေ။ မင်း ဘာပဲလုပ်ဖို့ ဆုံးဖြတ်ဆုံးဖြတ်၊ အဲဒီအထဲမှာ မင်းရဲ့ အိပ်မက်လေးတော့ ပါစေချင်တယ်။ ဒါပေမဲ့...”
အဖေက မာရူးကို လှည့်ကြည့်လိုက်တယ်။ ဘာစကားလုံးမှ ထွက်မလာခဲ့ပါဘူး။ အဲဒီလိုဆိုပေမဲ့လည်း အဖေ ဘာတွေ တွေးနေလဲဆိုတာကို မာရူး ရိပ်မိနေတယ်။ အဖေ့ရဲ့ အမူအရာနဲ့ အသက်ရှူသံတွေက အရာရာကို ပြောပြနေသလိုပဲ။
“မင်း ဒါကို သိစေချင်တယ်။ အိပ်မက်တစ်ခု ရှိတယ်ဆိုတာ တကယ့်ကို သတ္တိရှိတဲ့ အလုပ်တစ်ခုပဲ။ ပြီးတော့... အိပ်မက်ရှိတဲ့သူတွေဟာ အဲဒီအိပ်မက်ကို စွန့်လွှတ်ဖို့အတွက်လည်း အမြဲတမ်း အသင့်ပြင်ထားရမယ်"
အဖေ့ရဲ့ အပြုံးမှာ နောင်တတွေ ရောယှက်နေသလိုပဲ။ ဖြစ်နိုင်တာကတော့ အဖေ့ရဲ့ လက်ဝှေ့သမား အိပ်မက်တွေကို ပြန်သတိရနေတာ နေမှာပါ။ အဖေကရော အဲဒီအိပ်မက်ကို လုံးလုံးလျားလျား စွန့်လွှတ်နိုင်ခဲ့ရဲ့လား။
“ကဲ... သွားအိပ်တော့"
“ဟုတ်ကဲ့။ အိပ်ကောင်းပါစေ အဖေ"
အိပ်မက်ရှိတဲ့သူတွေဟာ စွန့်လွှတ်ဖို့အတွက်လည်း အသင့်ပြင်ထားရမယ်။ မာရူး အဲဒီစကားကိုပဲ ထပ်ခါတလဲလဲ တွေးနေမိတော့တယ်။
* * * * * * * * *
“ပိုက်ဆံ ယူလာလား"
“အင်း"
မာရူးက သူ့သူငယ်ချင်း နှစ်ယောက် စကားပြောနေတာကို စောင့်ကြည့်နေမိတယ်။ သူတို့ နှစ်ယောက်ကတော့ အနားယူချိန်ဆိုရင် ဒီမှာ အမြဲတမ်း စကားလာပြောနေကျလေ။
“ဘာပိုက်ဆံလဲ"
မာရူးက မေးလိုက်တယ်။
“ဆရာအတွက် ပေးရမယ့် ပိုက်ဆံလေ"
သူတို့ တစ်ယောက်ချင်းစီက တစ်သောင်းတန် သုံးရွက်စီ ထုတ်လိုက်ကြတယ်။ စုစုပေါင်း ခြောက်သောင်းဝမ်ပေါ့။ မာရူးကတော့ ဇဝေဇဝါ ဖြစ်နေတာ။ ဒီအကြောင်းကို သူ တစ်ခါမှ မကြားခဲ့ရဘူးလေ။
“ဒါကို ဘယ်တုန်းက ဆုံးဖြတ်လိုက်တာလဲ"
“စနေနေ့တုန်းကလေ"
“အော်... အဲလိုလား"
“မင်း ပေးစရာ မလိုပါဘူး။ ဒါက တို့နှစ်ယောက်ပဲ လုပ်တဲ့အရာမို့လို့"
“တကယ်လား"
သူ ပိုက်ဆံ သုံးစရာ မလိုတာတော့ ကောင်းသားပဲ။
ဒိုဂျင်က လျှာတသပ်သပ် လုပ်ရင်း...
“ဒီလိုလူတွေမှာလည်း သူတို့ရဲ့ မာနဆိုတာ ရှိတယ်လေ။ စဉ်းစားကြည့်ပါဦး၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိုယ့်တပည့်ရှေ့မှာ အားနည်းတဲ့ ပုံစံပြရမှာကို ဟား... ငါသာ အဲဒီလို လုပ်ရမယ်ဆိုရင် ရူးသွားမှာပဲ။ အကြံပေးဆရာက သူ့လစာထဲကနေ သုံးရတာလည်း မဆန်းပါဘူး"
“ဟုတ်လို့လား"
“ဟုတ်တာပေါ့"
“ဒါဆို သူတို့ ဘာလို့ တစ်ယောက်နဲ့တစ်ယောက် အဲဒီလောက်အထိ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေကြတာလဲ"
“သူငယ်ချင်းကောင်းတွေ မဟုတ်လို့ ဖြစ်မှာပေါ့။ ငါပြောတာက... သူက တို့စီနီယာ ဖြစ်နေတာကိုတောင် ဆရာက တို့ကို မပြောပြခဲ့ဘူးလေ"
ဒိုဂျင်ကတော့ တော်တော်လေး ယုံကြည်မှုရှိရှိ ပြောနေပေမဲ့ မာရူးကတော့ ခေါင်းကို အသာအယာ ခါပြလိုက်တယ်။
“ဘာလဲ၊ မင်းက သဘောမတူဘူးလား"
“အဲဒီလို မဟုတ်လောက်ဘူး"
“ဒါဆို ဆရာက ဘာလို့ သူ့အပေါ် အဲဒီလို ဆက်ဆံနေမှာလဲ။ ငါကတော့ သူတို့ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးလို့တောင် ထင်နေတာ"
“လူချင်း မရှိတဲ့ နေရာမှာတောင် သူတို့ အဲဒီလိုပဲ နေကြလိမ့်မယ်လို့ ငါ လောင်းရဲတယ်။ သွားမလား"
မာရူးက တစ်ထောင်တန် တစ်ရွက် ထုတ်လိုက်တဲ့အခါ ဒိုဂျင်နဲ့ ဒေးမြောင်ကတော့ ခေါင်းခါပြကြတယ်။
“အကြံပေးဆရာက ဆရာမရဲ့ မျက်နှာကို ထောက်ထားပေးနေတာပါ။ တို့ရှေ့မှာသာ ဆရာမကို ကလေးတစ်ယောက်လို ဒါမှမဟုတ် ကျောင်းသားတစ်ယောက်လို ဆက်ဆံမယ်ဆိုရင် ဘာဖြစ်သွားမလဲ စဉ်းစားကြည့်ပါဦး"
“အင်း... အဲဒါတော့...”
ဒေးမြောင်က နားလည်သွားတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။
“ဆရာ့ရဲ့ ပုံစံကို မင်းတို့လည်း သိတာပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျောင်းပြီးသွားတဲ့ ကျောင်းသားတွေကိုလည်း ဆရာက အဲဒီလိုပဲ ဆက်ဆံတာကို ငါ သတိထားမိတယ်။ ငါ့အထင်ကတော့ ဆရာက သူတို့ကို တကယ့် လူကြီးတွေလို ဆက်ဆံဖို့ ကြိုးစားနေတာ။ အဲဒါက တကယ်ကို လေးစားဖို့ ကောင်းတဲ့အချက်ပဲ။ ပိုက်ဆံကိစ္စကိုလည်း တတ်နိုင်သလောက် တိတ်တိတ်ဆိတ်ဆိတ် ကိုင်တွယ်ဖို့ ကြိုးစားနေတာလည်း အဲဒီကြောင့်ပဲ ဖြစ်မှာ။ ဆရာက ဆရာမနဲ့ တော်တော်လေး ရင်းနှီးနေတော့ ဘာပြဿနာမှ မဖြစ်စေချင်တာလေ။ မင်းလည်း ပြောခဲ့ဖူးတယ် မဟုတ်လား ဒိုဂျင်။ တစ်ယောက်ယောက်နဲ့ ပိုရင်းနှီးလေလေ၊ ပိုပြီးတော့ လေးလေးစားစား ဆက်ဆံသင့်လေလေ ဆိုတာ"
“အေး... ဟုတ်တယ်။ ဆရာက တကယ့်ကို လူမိုက်ကြီးပဲ"
သူတို့ နှစ်ယောက်လုံး သဘောတူလိုက်ကြတယ်။
“ဒါနဲ့... မင်းတို့ ပိုက်ဆံကို ဘယ်လိုပေးမှာလဲ။ ဆရာကတော့ ယူမှာ မဟုတ်ဘူးလို့ ထင်တယ်"
“တို့တွေ ဆရာမကို ပေးဖို့ စီစဉ်ထားတာ"
“အော်... အဲလိုလား"
“ဒါပေမဲ့ ရယ်စရာကောင်းတာ တစ်ခု ရှိသေးတယ်"
“ဘာလဲ"
“ဆရာက တို့ကို ညစာ အမြဲတမ်း ဝယ်ကျွေးတယ်။ နေ့တိုင်းပဲ။ ဆရာမကလည်း တစ်ခုခုကို ဖုံးကွယ်ထားရတာ သိပ်မကြိုက်တော့ သူက တို့ကို တစ်နာရီ လေးသောင်းဝမ် ရတယ်လို့ ပြောပြထားတယ်"
မာရူး အံ့သြသွားပြီး မရယ်ဘဲ မနေနိုင်ခဲ့ဘူး။ ဆရာမက တကယ်ကို ဘာမှ ဖုံးကွယ်ထားတာ မရှိတာပဲ။ အဲဒါကြောင့်လည်း ခေါင်မိုးပေါ်က သူတို့ရဲ့ စကားဝိုင်းက ဖြစ်လာခဲ့တာကိုး။
ဒါပေမဲ့ ခဏလေး...။
အကယ်၍ ဆရာမက အခုလိုမျိုး အလုပ်လုပ်နေတယ်ဆိုရင်...
“ဒါပေမဲ့ သူက အလုပ်လုပ်တဲ့နေ့တိုင်း လာတာပဲလေ။ စနေ၊ တနင်္ဂနွေတွေမှာလည်း တစ်နေ့လုံး နေတာ မဟုတ်လား"
“အင်း... ဟုတ်တယ်။ အဲဒါတွေ အကုန်လုံးအတွက် သူက ပိုက်ဆံရနေမယ်ဆိုရင်တော့ တကယ်ကို မယုံနိုင်စရာပဲ။ အဲဒါကြောင့် တို့တွေ မေးကြည့်ခဲ့တာ"
“သူ ပိုက်ဆံ ဘယ်လောက်ရလဲဆိုတာကို မင်းတို့ တကယ်ကြီး မေးလိုက်တာလား"
“အင်း"
“ဟူး...”
ဒီလိုမေးခွန်းမျိုးကို မေးရဲတဲ့အထိ သတ္တိရှိတဲ့ ဒိုဂျင်ကတော့ တကယ်ကို မလွယ်ဘူးပဲ။
“သူက စနေ၊ တနင်္ဂနွေတွေပဲ လာပြီး စုစုပေါင်း ရှစ်သိန်းဝမ်ပဲ ရဖို့ ရှိတာ။ ဒါပေမဲ့ သူက နေ့တိုင်း လာနေတာလေ။ အဲဒီထဲက ထက်ဝက်ကျော်လောက်ကလည်း တို့ကို ညစာ ဝယ်ကျွေးတာနဲ့တင် ကုန်နေလောက်ပြီ"
မာရူးက မီဆိုတစ်ယောက် ကျောင်းသားတွေကို ညစာဝယ်ကျွေးဖို့ ပိုက်ဆံတွေ ထုတ်ပေးနေတာကို ပြန်သတိရလိုက်တယ်။
“သူက အရှုံးခံပြီး လုပ်နေတာပဲ"
“ဟုတ်တယ် မဟုတ်လား"
“မင်းတို့တွေ ကြိုးစားကြဦးနော်"
“အဲဒါက တို့ရဲ့ အစီအစဉ်ပဲ"
သူတို့ နှစ်ယောက်လုံး ပြုံးဖြဲဖြဲ လုပ်နေကြတယ်။
အချိန်ဆိုတာ ကိုယ့်လက်ထဲကနေ လျောကျသွားတဲ့ သဲပုံလေးတစ်ခုလိုပါပဲ။ သတိမထားလိုက်မိခင်မှာပဲ အရာအားလုံးက လွင့်စင်ကုန်ပြီ။ ကလပ်ကတော့ အဆင်ပြေပြေ လည်ပတ်နေတာပေါ့။ ပစ္စည်းတွေ လုပ်တာကနေ လေ့ကျင့်ခန်းတွေ လုပ်တဲ့အထိ။ မာရူးကတော့ အချိန်အများစုကို ပစ္စည်းတွေ လုပ်ရင်းနဲ့ပဲ ကုန်ဆုံးခဲ့တာ။
“ဒါတွေ ဘယ်ကနေ ရှာလာတာလဲ"
“ဟိုဟိုဒီဒီ လိုက်ကြည့်ရင်း တွေ့လာတာပါ"
ခန်းမတစ်ခုလုံးမှာ သစ်သားပြားတွေ အပုံလိုက် ရှိနေတာ။ နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ထားခဲ့တာဆိုတော့ ကြည့်လို့တော့ သိပ်မကောင်းလှဘူး၊ ဒါပေမဲ့ ဆေးလေးတွေ သုတ်လိုက်တော့လည်း တော်တော်လေး ကြည့်ကောင်းသွားပါတယ်။
မာရူးက သစ်သားပြားတွေကို တူနဲ့ ရိုက်ပြီး ကူညီပေးနေခဲ့တယ်။ ကလေးတွေ ကိုယ့်ဘာသာ နည်းလမ်းရှာပြီး လုပ်နေတာကို သူ ကြည့်မနေနိုင်ခဲ့တာလည်း ပါတာပေါ့။ ကြည့်ရတာ အရမ်း အန္တရာယ်များနေလို့လေ။
“ဝိုး... မာရူး"
“ဟား... တို့ ဂျာကြီးကတော့ အရာရာ လုပ်နိုင်တာပဲ"
ဒါပေါ့... သူ လုပ်နိုင်တာပေါ့။ သူက ဒီလိုအလုပ်မျိုးကို နှစ်ပေါင်းများစွာ လုပ်လာခဲ့တာလေ။ မာရူးက အောက်ခြေမှာ အထောက်အပံ့ဖြစ်အောင် သစ်သားပြားတွေ ထပ်ထည့်ပြီး သူတို့ရဲ့ ဆိုင်လေးကို ထောင်လိုက်တယ်။ သစ်သားပြားတွေနဲ့ အကြမ်းထည် လုပ်ထားတာဆိုပေမဲ့ အလေးချိန်ကတော့ တော်တော်လေး ရှိတာ။ တခြားကျောင်းသားတွေလည်း လာပြီး ဝိုင်းကူကြတာပေါ့။
“အိုး...”
“အလှဆင်လေးတွေ ထပ်ထည့်လိုက်ရင်တော့ တော်တော်လေး မိုက်သွားမှာ"
မာရူးက အဲဒီ ပစ္စည်းလေးကို ကြည့်ပြီး ပြုံးလိုက်တယ်။ အနည်းဆုံးတော့ သူ ကလပ်အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ခဲ့ပြီလေ။ အဲဒါက သူ့ကို စိတ်ထဲမှာ နည်းနည်းတော့ နေသာထိုင်သာ ရှိသွားစေတယ်။
အဖေနဲ့ စကားပြောခဲ့တဲ့ ညပြီးကတည်းက ဘာမှတော့ သိပ်ပြီး မပြောင်းလဲသွားပါဘူး။ သူ အိပ်မက်တွေအကြောင်းကို ရံဖန်ရံခါ စဉ်းစားဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ သူ့အိပ်မက်က ဘာလဲဆိုတာကိုတော့ သူ မသိသေးဘူး။ သူ့ရဲ့ ၄၅ နှစ်တာ ဘဝသက်တမ်းမှာ သူ တကယ် လုပ်ချင်ခဲ့တဲ့အရာဆိုတာရော ရှိခဲ့လို့လား။ အသက်ဆက်ဖို့အတွက် ရုန်းကန်နေရတာနဲ့ပဲ သူ ဘာတွေကို စွန့်လွှတ်ခဲ့ရပါလိမ့်။ အဲဒီအတွေးတစ်ခုတည်းကပဲ လွန်ခဲ့တဲ့ တစ်ပတ်လုံး မာရူးရဲ့ ခေါင်းထဲမှာ နေရာယူထားခဲ့တာ။
သူ့ရဲ့ မူလမေးခွန်းဖြစ်တဲ့ ‘ငါ ဘယ်လို ရှင်သန်ရမလဲ’ ဆိုတဲ့ အတွေးက ‘ငါ ဘယ်လို အိပ်မက်မျိုးကို လိုချင်တာလဲ’ ဆိုတဲ့ ဆီကို ကူးပြောင်းသွားခဲ့ပြီ။
အိပ်မက်...။ မာရူး ဘာတွေကို အိပ်မက်မက်ချင်တာပါလိမ့်။
* * * * * * * * *
အခန်း(၃၂)
“နေပါဦး၊ ကျွန်မက အဆင်ပြေပါတယ်ဆိုနေမှ”
“ယူထားလိုက်ပါရှင်”
“ဆရာကလည်းဗျာ...”
တေးဆစ်က စာအိတ်ကို မီဆိုရဲ့ ကုတ်အင်္ကျီအိတ်ထဲ အတင်းထည့်ပေးလိုက်တော့ မီဆိုက သက်ပြင်းတစ်ချက် ချလိုက်မိတယ်။
“ပိုက်ဆံက ကျွန်မဘာသာ ရှာနိုင်ပါတယ် ဆရာရယ်”
“ယန်နည်းပြက ရှာနိုင်တာတော့ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ဒါက သပ်သပ်လေ”
“ကျွန်မ ကျောင်းသူဘဝတုန်းက ပိုကောင်းသား၊ အခုတော့ တမျိုးကြီး ဖြစ်နေပြီ”
တေးဆစ်က ပြုံးလိုက်တယ်။ မီဆိုလည်း ဒီဆရာ့ကိုတော့ ဘယ်လိုမှ မနိုင်တော့ပါဘူးလို့ တွေးရင်း စာအိတ်ကို ဘောင်းဘီအိတ်ထဲ ပြောင်းထည့်လိုက်တာပေါ့။
“ဆရာလည်း ဒီလောက်အထိ အများကြီး မရတာ ကျွန်မ သိသားပဲ၊ ရပါတယ် ဆရာရယ်၊ တကယ်ပြောတာ”
“ကျွန်တော်က တစ်ယောက်တည်း နေတာဆိုတော့ အဆင်ပြေပါတယ်။ ပြီးတော့ ကျွန်တော် အကုန်တွေ့တာပဲ၊ မင်း ကလေးတွေကို အစားအသောက် ကျွေးတာနဲ့တင် ပိုက်ဆံတွေ အများကြီး ကုန်နေတာ မဟုတ်လား”
“အဲဒါတွေကို စိတ်မပူပါနဲ့လို့ ပြောထားသားပဲ။ ဆရာသာ ကျွန်မကို ပုံမှန်ကြေးအတိုင်း ပေးမယ်ဆိုရင် ဆရာ့မှာ အများကြီး ပိုကုန်မှာနော်၊ ဟုတ်တယ်မလား”
“အဲဒါကြောင့်လည်း ကျွန်တော် ကျေးဇူးတင်တာပေါ့။ မင်းကို စခေါ်တုန်းက တကယ်ကို အားနာနေခဲ့တာ။ တခြား ကလပ်တွေကလည်း မင်းကို အလိုရှိနေကြတာဆိုတော့ မင်းရဲ့ အချိန်တွေကို ဖဲ့ယူသလို ဖြစ်နေမှာ စိုးလို့လေ။ အော်... ဒါနဲ့၊ ပြီးခဲ့တဲ့တစ်ခေါက်က မင်း ထုတ်လုပ်ထားတဲ့ ကောလိပ်ပြဇာတ်ကို ကျွန်တော် သွားကြည့်ခဲ့သေးတယ်။ တကယ်ကို ကောင်းတာပဲဗျာ”
“အာ... ဆရာ သွားကြည့်ခဲ့တာလား၊ ကျွန်မကို ပြောပါဦးတော့။ လက်မှတ်ကိုတော့ ဆရာ့ပိုက်ဆံနဲ့ ဝယ်ကြည့်ခဲ့တာ မဟုတ်ပါဘူးနော်”
“ဝယ်ကြည့်တာပေါ့။ အဲဒီပြဇာတ်က သေသေချာချာ အဖိုးအခ ပေးကြည့်ရမယ့် တန်ဖိုးရှိတာပဲဟာ”
“ဟင်း... ဆရာကတော့လေ၊ ဆရာ့တပည့်ကို ဘယ်တော့မှများ အသုံးချမှာလဲ မသိဘူး”
မီဆိုက သူ့ခေါင်းသူ ပွတ်ရင်း အထက်တန်းကျောင်းတုန်းက အချိန်တွေကို ပြန်သတိရသွားတယ်။ တေးဆစ်နဲ့ ကလပ်အဖွဲ့ဝင်တွေ ကျောင်းကို စရောက်ခါစ အချိန်ပေါ့။ အဲဒီတုန်းက သူတို့အတွက် အဆင်မပြေတာတွေ အများကြီး ကြုံခဲ့ရပေမဲ့ ဟိုအရူးကောင် တစ်ယောက်ကြောင့် သူတို့ရဲ့ ပြဇာတ်ကို အောင်အောင်မြင်မြင် ကပြနိုင်ခဲ့ကြတာ။
အကယ်၍ အဲဒီတုန်းက သူမသာ ကလပ်ကို မဝင်ခဲ့ဘူးဆိုရင် ဘာဖြစ်နေမလဲ သူမရဲ့ ဘဝဟာ အခုလောက် စိတ်ဝင်စားဖို့ ကောင်းမှာ မဟုတ်ဘဲ အတော်လေးကို ပျင်းစရာ ကောင်းနေမှာ သေချာပါတယ်။
“တခြား အဖွဲ့ဝင်ဟောင်းတွေရော ရံဖန်ရံခါ လာတတ်ကြသေးလားဟင်”
“လာတာပေါ့၊ သူတို့အားလုံးလည်း အခုဆို အဆင်ပြေနေကြပါပြီ။ ကျွန်တော် တကယ်ကို ဂုဏ်ယူမိပါတယ်”
“ဒါပေါ့၊ ဆရာ့တပည့်တွေပဲဟာ။ ဒါနဲ့ ဆရာ...”
“ဗျာ ”
“ဆရာ့ရဲ့ ဒီစတိုင်လ်ကို တစ်ခုခု မလုပ်ချင်ဘူးလား၊ အထူးသဖြင့် စကားပြောတဲ့ ပုံစံကိုလေ”
“အဲဒါက ဘာဖြစ်လို့လဲ”
“အသက် ၃၈ ဆိုပေမဲ့ အခုပုံစံက ၄၀ လောက် ဖြစ်နေပြီ”
“ဟင်း... ဒီအတိုင်းဆိုရင်တော့ ဆရာ ဘယ်တော့မှ မိန်းမရမှာ မဟုတ်ဘူး”
“အဲဒါကတော့ ဝမ်းနည်းစရာပဲနော်”
တေးဆစ်ကတော့ အမြဲတမ်းလိုပဲ အေးအေးဆေးဆေးပါပဲ။ မီဆိုက အဲဒီလူရဲ့ အဝတ်အစားတွေကို ကြည့်လိုက်တယ်။ အစွန်းအထင်းတွေနဲ့ ဂျင်းဘောင်းဘီရယ်၊ အတော်လေး ဟောင်းနေပြီဖြစ်တဲ့ ဂျာကင်ကို ဝတ်ထားတာ။ ဂျာကင်အောက်မှာတော့ အဖိုးကြီးတွေ တောင်တက်ရင် ဝတ်လေ့ရှိတဲ့ ချည်ထိုးဆွယ်တာ တစ်ထည်ကို တွေ့ရတယ်။
“ဆရာ့မှာ ရည်းစားရော ရှိရဲ့လား”
“ဟမ်း... ဟမ်း...”
“သိသားပဲ၊ ဆရာ နောက်မှ နောင်တရလိမ့်မယ်နော်”
“လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းကလည်း ဒီအတိုင်းပဲ တွေးခဲ့ဖူးတာ၊ ယန်နည်းပြကတော့ တကယ်ကို ကိုင်တွယ်ရ ခက်တဲ့သူပဲ”
“ဘာလို့လဲ”
“မင်းက လူတွေကို နာကျင်အောင် ပြောဖို့ ဘယ်တော့မှ တွန့်ဆုတ်မနေဘူးလေ။ ကဲ... ကျွန်တော့်အကြောင်း ထားလိုက်ပါတော့၊ ကလေးတွေကိုပဲ ဆက်ပြီး သင်ပေးပါဦး။ ကလေးတွေ ဒီလောက်ထိ တက်ကြွနေတာကို မတွေ့ရတာ ကြာပြီ။ ပြဇာတ်ပစ္စည်းတွေကလည်း တကယ်ကို ကောင်းကောင်း လုပ်ထားတာပဲ”
“အဲဒီပစ္စည်းတွေကို မာရူး လုပ်ထားတာလေ”
“မာရူး ”
“ဟုတ်တယ်၊ သူ့အကြောင်း ပြောရရင်တော့ သူက နည်းနည်း ထူးဆန်းတယ်ဗျ။ သူ့အသက်နဲ့ မလိုက်အောင်ကို ပြုမူတတ်တာ”
“သူက တခြားကလေးတွေထက် အများကြီး ပိုပြီး အတွေးအခေါ် ရှိတယ်လေ၊ ယဉ်လည်း ယဉ်ကျေးပါတယ်။ အာ... ယဉ်ကျေးတာထက် သူက...”
“တခြားသူကို ငဲ့ညှာတတ်တာ။ သူ့နဲ့ စကားပြောရတာက ခက်ခဲတဲ့ လူတစ်ယောက်နဲ့ အရက်အတူတူ သောက်နေရသလိုမျိုး ခံစားရစေတယ်။ သူက တစ်ခုခုကို အမြဲတမ်း စိတ်ပူနေသလိုပဲ၊ ပြီးတော့ အရာအားလုံးကို ကြုံတွေ့ဖူးပြီးသား ပုံစံမျိုးလည်း ပေါက်နေတာ”
“သူက တခြားကျောင်းသားတွေထက် ပိုပြီး ရင့်ကျက်နေရုံပါ”
“ရင့်ကျက်တာထက်ကို ပိုနေတာပါ။ ဆရာလည်း သူ့နဲ့ တစ်ခါလောက် စကားပြောကြည့်ပါဦး။ ကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ လူအိုကြီးတစ်ယောက် ပုန်းနေသလိုမျိုး တကယ် ခံစားရတာ”
“အဲဒါကတော့ နည်းနည်းတော့...”
“တကယ်ကို အဲဒီအတိုင်းပဲဗျ”
မီဆိုက ဖုန်းကို ထုတ်လိုက်တယ်။ ကျောင်းဆင်းချိန်ကို အချက်ပေးတဲ့ ခေါင်းလောင်းသံ မြည်လာပြီလေ။ ကလေးတွေနဲ့ ပြန်ဆုံရမယ့် အချိန်ပေါ့။
“ဒါဆို ကျွန်မ သွားတော့မယ်နော်”
“အေးအေး... ကောင်းကောင်း လုပ်ပါဦး”
“စိတ်မပူပါနဲ့။ ပြီးတော့ ဆရာ... အဲဒီအဝတ်အစားတွေကိုလည်း တကယ် ပြောင်းဝတ်ဖို့ လိုနေပြီနော်၊ သိလား”
“စဉ်းစားပေးပါ့မယ်”
“စဉ်းစားနေရုံတင် မဟုတ်ဘူး၊ တကယ်လုပ်စမ်းပါ ”
“အေးပါ၊ အေးပါ၊ သွားတော့ သွားတော့”
တေးဆစ်က လက်ကာပြရင်း သူမကို လွှတ်လိုက်တယ်။ မီဆိုကတော့ ခေါင်းကိုသာ ခါမိတော့တာပေါ့။ ပထမနှစ် ကျောင်းသားက အသက် ၅၀ လောက်လို ပြုမူနေပြီး ၃၀ ကျော် လူကြီးကတော့ ၆၀ လောက်လို ပြုမူနေတယ်။ ဒါတွေက ဘာကြီးလဲ
‘ဟင်း... နောက်ကျရင် ဆရာ့အတွက် အဝတ်အစားတွေ ကျွန်မဘာသာပဲ ဝယ်ပေးရတော့မယ်’
အဲဒီလူကို ကြည့်ရတာ သူမအတွက် တကယ်ကို စိတ်ပျက်စရာ ကောင်းနေတာကိုး။
‘သူသာ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဂရုစိုက်မယ်ဆိုရင် တကယ်ကို ကြည့်ကောင်းမယ့်သူမျိုးလေ’
လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက တေးဆစ်ဟာ ကျောင်းရဲ့ ကြယ်ပွင့်တစ်ယောက် ဖြစ်ခဲ့ဖူးတာ။ သူ့ရဲ့ ရုပ်ရည်၊ အပြုံးနဲ့ စကားပြောပုံတွေက အထက်တန်းကျောင်းသူတိုင်းရဲ့ အသည်းစွဲပေါ့။ မီဆို နောက်ကို တစ်ခေါက် ပြန်လှည့်ကြည့်လိုက်မိတယ်။ တေးဆစ်က သူမကို ကြည့်ပြီး ပြုံးနေဆဲပါပဲ၊ ဟိုအင်မတန် ဟောင်းနွမ်းနေတဲ့ ဂျာကင်အိုကြီးကို ဝတ်ထားရင်းနဲ့ပေါ့။
“ဟူး...”
နှစ်တွေကတော့ အဲဒီလူအပေါ်မှာ တကယ်ကို မညှာတာခဲ့ပါလား။
ဒီနေ့ မီဆိုရဲ့ ပုံစံက ထုံးစံထက် ပိုပြီး ဆိုးနေသလိုပဲ။ မာရူးလည်း သူမရဲ့ ဒေါသနဲ့ မတွေ့အောင်လို့ သူမ အာရုံမစိုက်နေတုန်း ခန်းမထဲကနေ ခိုးထွက်ဖို့ ကြိုးစားကြည့်တယ်။
“ဟန်မာရူး ”
သွားပါပြီ၊ နောက်ကျသွားပြီ။ ဒီတစ်ခါတော့ သူမ ဘာတွေများ ပြောဦးမှာပါလိမ့်
“အဲဒီမှာပဲ ရပ်နေစမ်း။ ကျန်တဲ့သူတွေကတော့ ဇာတ်ညွှန်းတွေကို ဆက်ပြီး လေ့ကျင့်နေကြ။ ငါပြန်လာတဲ့အခါ မင်းတို့ထဲက တစ်ယောက်ယောက်များ မှားလို့ကတော့ မလွယ်ဘူးနော်၊ သိလား”
“ဟုတ်ကဲ့ပါ ဆရာမ ”
“ကောင်းပြီ”
မီဆိုက မာရူး ရပ်နေတဲ့ ခန်းမအဝင်ဝဆီကို လျှောက်လာတယ်။ သူမက တစ်ခုခုကို ဆုံးဖြတ်ချက် ချလိုက်ပုံရပြီး အဲဒါက မာရူးအတွက်တော့ ဒုက္ခတစ်ခုပါပဲ။
“ဟို... ဘာဖြစ်လို့...”
“ငါ့နောက်ကို လိုက်ခဲ့”
“ဗျာ ”
မီဆိုက သူ့လက်မောင်းကို လှမ်းဆွဲလိုက်တယ်။ သူမက သူ့ကို တစ်နေရာရာကို အတင်းဆွဲခေါ်သွားဖို့ ပြင်နေတာ။ မာရူးကတော့ ဒီအတိုင်း အဖြစ်မခံနိုင်ဘူးလေ။ အကြောင်းပြချက် မရှိဘဲနဲ့ အခုလို အတင်းဆွဲခေါ်ခံရတာကို သူ မကြိုက်ဘူး။
“လိုက်ခဲ့စမ်းပါ”
“အဟက်... အခု ငါ့ကို ပြန်ပြီး ရုန်းချင်တာလား ငါက မိန်းကလေးမို့လို့ အင်အားမရှိဘူး ထင်နေတာလား ကြည့်ထားလိုက်၊ ငါက...”
မီဆိုက သူ့အင်္ကျီလက်ကို အားနဲ့ ဆွဲတယ်။ သူမက တကယ်ပဲ အင်အားရှိပါတယ်။ အထူးသဖြင့် မိန်းကလေး တစ်ယောက်အတွက်တော့ အတော်လေးကို သန်မာတာပါ။ ဒါပေမဲ့ မာရူးကတော့ အဲဒီလောက်နဲ့ မလှုပ်ပါဘူး။ ဒီလောက်ကိုတော့ သူ အေးအေးဆေးဆေး ခံနိုင်တာပေါ့။ သူ့ရဲ့ ခန္ဓာကိုယ်က အရင်ဘဝကထက်စာရင် ထူးထူးခြားခြားကို သန်မာနေတာလေ။ ဒါကလည်း ဘဝသစ်မှာ ရလာတဲ့ လက်ဆောင်တွေထဲက တစ်ခု ဖြစ်မှာပါ။
“အင်းးးးး”
မီဆိုက ပိုပြီးတော့ အားစိုက်ဆွဲတယ်။
“ဟိုလေ... ဆရာမ ပြောစရာရှိရင် ဒီအတိုင်း ပြောလို့ ရပါတယ်...”
“ပါးစပ်ပိတ်ထားစမ်း။ ဒါက ငါ့ရဲ့ သိက္ခာနဲ့ ဆိုင်တယ်”
သိက္ခာ ဒီနေရာမှာလား
မီဆိုက ရှိသမျှ အားကုန်သုံးပြီး သူ့ကို ဆွဲတယ်။ သူမက ဒါကို တကယ်ကြီး ပြိုင်ဆိုင်မှု တစ်ခုလို ဖြစ်နေတာ။ မာရူး နောက်ကို လှည့်ကြည့်လိုက်မိတယ်။ သူ့နောက်ကနေ အသံတွေ ကြားနေရတာကိုး။ ကလပ်အဖွဲ့ဝင်တွေ အားလုံးက သူတို့ကို စိုးရိမ်တကြီးနဲ့ ကြည့်နေကြတာ။
“မျက်နှာလွှဲလိုက်ကြစမ်း ”
မီဆိုက အော်လိုက်တော့ ကလပ်အဖွဲ့ဝင်တွေလည်း ချက်ချင်းပဲ တခြားကို လှည့်ကြည့်လိုက်ကြတော့တာပေါ့။ မြေခွေးလေးတွေလိုပဲ။ မာရူး ခေါင်းခါရင်းနဲ့ ရှေ့ကို တိုးလိုက်တယ်။ အခုတော့ သူပါ ရှက်လာပြီလေ။
“မလှုပ်နဲ့နော်၊ မင်းကို ငါ အတင်းဆွဲခေါ်မှာ”
“ဆရာမ နိုင်ပါတယ်ဗျာ၊ ကဲ”
“ဟေ့ ”
“သွားကြရအောင်လေ”
မာရူးက မီဆိုကို ထားခဲ့ပြီး အောက်ကို ဆင်းလာခဲ့တယ်။ သူမရဲ့ အသက်ရှူသံ ပြင်းပြင်းတွေကို ကြားနေရပေမဲ့ သူကတော့ မသိချင်ယောင်ဆောင်နေလိုက်တယ်။ အရင်ဘဝတုန်းက ရှုတင်မန်နေဂျာလုပ်တုန်းက သရုပ်ဆောင်တွေ အများကြီးနဲ့ ကြုံခဲ့ဖူးတာလေ။ အဲဒီအချိန်မှာ သူ သိခဲ့ရတဲ့ အချက်တစ်ခုကတော့... သရုပ်ဆောင် တော်တော်များများဟာ တကယ်ကို ဖြူစင်တဲ့ စိတ်ထားရှိကြတာပဲ။
ဖြူစင်တယ်ဆိုတာက ကောင်းအောင် ပြောတာပါ။ တကယ်တမ်းကတော့ သူတို့တွေက ကလေးဆန်ကြတာ။ သရုပ်ဆောင်ခြင်းဆိုတာ ပြဇာတ်တစ်ခုထဲကို ကိုယ့်ကိုယ်ကိုယ် အကုန်ပုံအော ထည့်ရတဲ့ အနုပညာတစ်ခုလေ။ အရှက်အကြောက် ရှိနေရင်တော့ သရုပ်ဆောင်လို့ မရဘူး။
အဲဒါကြောင့်လည်း သရုပ်ဆောင် တော်တော်များများဟာ ထူးဆန်းတဲ့ စရိုက်တွေ ရှိတတ်ကြတာ။ လူတွေကတော့ သူတို့တွေကို ရိုင်းတယ်လို့တောင် အထင်လွဲကြတာပေါ့။ အဲဒါက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ အဲဒီသရုပ်ဆောင်တွေ အောင်မြင်နေတယ်ဆိုတဲ့ သဘောပဲလေ။ သူတို့တွေ ရိုင်းနေပေမဲ့လည်း ပိုက်ဆံရှာနိုင်လောက်အောင် အရည်အချင်း ရှိကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။
မအောင်မြင်တဲ့ သရုပ်ဆောင် အများစုကတော့ တတ်နိုင်သလောက် နှိမ့်ချပြီး နေကြတာပေါ့။ ဒါပေမဲ့ အလုပ်အကိုင် အခြေကျနေတဲ့ သူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ပြုမူတတ်ကြတယ်။
ဒါနဲ့ မီဆိုကလည်း တော်တော်လေး နာမည်ကြီးတဲ့ နည်းပြတစ်ယောက် ဖြစ်မှာပါလို့ သူ သတိရလိုက်တယ်။ သူမက အသက် ၃၀ တောင် မပြည့်သေးဘူးဆိုတော့ အနာဂတ်ကလည်း တောက်ပနေဦးမှာလေ။ ပြောရရင်တော့...
သူမက အရည်အချင်းရှိတဲ့သူမို့လို့ နှိမ့်ချနေဖို့လည်း မလိုဘူး၊ အဲဒါကြောင့်လည်း သူမမှာ အရမ်းကို ခိုင်မာတဲ့ ကိုယ်ပိုင်အမြင်တွေ ရှိနေတာ။ သူမလို လူမျိုးတွေကိုတော့ လိုက်ပြီး အရှုံးပေးနေလို့ မရဘူး။ အဲဒီလိုဆိုရင် မင်းကို ပိုပြီး ကပ်နေဦးမှာ။
အကောင်းဆုံး နည်းလမ်းကတော့ သူမကို လျစ်လျူရှုထားတာ ဒါမှမဟုတ် သူမ အလိုကျ လိုက်လုပ်ပေးလိုက်တာပဲ။ အဲဒီနှစ်ခုထဲကမှ မာရူးကတော့ သူမကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီရဲ့ အကျိုးသက်ရောက်မှုကလည်း ချက်ချင်းပါပဲ။
“......”
မီဆိုက စိတ်ပျက်နေတဲ့ မျက်နှာနဲ့ လှေကားကနေ ဆင်းလာတယ်။ သူမက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မာရူး စောင့်ကြည့်နေတဲ့ ကားပါကင်ဆီကို လျှောက်သွားတယ်။
“ကဲ... လာခဲ့စမ်းပါ၊ ငါက လူကြီးတစ်ယောက်ပါ၊ တစ်ခါလောက်တော့ ငါ့နောက်ကို လိုက်ခဲ့စမ်းပါဦး”
“ကျွန်တော်တို့ ဘယ်ကို သွားမှာလဲ”
“မင်းကို တစ်ခုခု ပြချင်လို့”
“ဘာလဲဟင်”
“ဟျဲဟွာ ဘူတာရုံ”
“ဟို... ကောလိပ် ပြဇာတ်ရုံတွေ အများကြီး ရှိတဲ့ နေရာလား”
“အင်း”
“ဘာလို့လဲ”
“မင်း ဘာဖြစ်လို့ ထင်လို့လဲ”
မီဆိုက သူမရဲ့ ကားတံခါးကို ဖွင့်လိုက်တယ်။
“တက် ”
မီဆိုက မာရူးကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ကောင်လေးက သူ့စာအုပ်ကို နောက်တစ်မျက်နှာ ထပ်လှန်နေပြန်ပြီ။ ကလေးတစ်ယောက်က ဒီလောက်အထိ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တာကို တွေးကြည့်ရင်... တကယ်ကို ကြောက်စရာတောင် ကောင်းနေသလိုပဲ။
“ဘာတွေ ဖတ်နေတာလဲ”
“သရုပ်ဆောင် တစ်ယောက်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိလေ၊ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်”
ကောင်လေးက စကားပြောနေရင်းနဲ့တောင် သူမကို လှည့်မကြည့်ဘူး။ သူက သူဖတ်နေတဲ့ အခန်းထဲမှာပဲ အာရုံရောက်နေတာ။ မီဆိုကတော့... အမှန်အတိုင်း ပြောရရင် မာရူးကို တကယ်ကို လိုချင်နေတာပါ။ အကယ်၍ သာမန်ကလေး တစ်ယောက်သာ အခုလို ပြုမူနေမယ်ဆိုရင် သူမကတော့ အစကတည်းက လျစ်လျူရှုထားမှာ သေချာပါတယ်။ ဒါပေမဲ့...
‘သူက ဇာတ်ညွှန်းတွေကို ဒီလောက်အထိ တည်တည်ငြိမ်ငြိမ် ဖတ်နိုင်တာ၊ အထူးသဖြင့် သူ့ရဲ့ အသက်ရှူပုံက...’
တစ်ခါတုန်းက ဂွန်ဆော့တစ်ယောက် ကလပ်ကို နောက်ကျနေတုန်းက မီဆိုက မာရူးကို ဟိုကောင်လေးရဲ့ ဇာတ်ညွှန်းကို ဖတ်ခိုင်းခဲ့ဖူးတယ်။ အဲဒါက တော်တော်လေးကို ရှည်တဲ့ ဇာတ်ညွှန်းတစ်ခုပါ၊ သာမန်ကျောင်းသား တစ်ယောက်ဆိုရင်တော့ အလယ်မှာတင် အသက်ရှူ ပြတ်သွားနိုင်တာမျိုးပေါ့။ သူမကတော့ မာရူး တစ်ယောက် အသက်ရှူတွေ ပြတ်ပြီး စကားတွေ ထစ်ကုန်မှာပဲလို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ ဘာဖြစ်သွားလဲ သိလား
မာရူးက ဇာတ်ညွှန်းကို အစကနေ အဆုံးအထိ တစ်ချက်မှ မလွဲဘဲ အေးအေးဆေးဆေး ဖတ်သွားတာကို သူမ တွေ့လိုက်ရတယ်။ သူ့ရဲ့ အသံက ဖတ်နေတုန်း တစ်ချက်တောင် မတုန်လှုပ်ဘူး။ သူက ဒီလို ဇာတ်ညွှန်းတွေကို ဖတ်နေကျ ပုံစံမျိုးပဲ။ ဒါက အရေးကြီးဆုံး အစိတ်အပိုင်းလေ။ ခံစားချက်တွေ ထည့်သွင်းတာကတော့ နောက်မှ လုပ်ရမယ့် အလုပ်ပါ။
အသက်ရှူပုံနဲ့ စကားပြောပုံ က သရုပ်ဆောင်တိုင်းအတွက် အရေးကြီးဆုံး အရာနှစ်ခုပဲ။ အဲဒီအချက်နဲ့ ကြည့်မယ်ဆိုရင်... မာရူးက မွေးရာပါ ပါရမီရှင် တစ်ယောက်ပဲ။ သူမသာ သူ့ကို သေသေချာချာ လေ့ကျင့်ပေးမယ်ဆိုရင် အထက်တန်းကျောင်း ပြိုင်ပွဲတွေမှာ ဒိုင်တွေရဲ့ အကြည့်ကို ဖမ်းစားနိုင်မှာ သေချာတယ်လို့ မီဆိုက ယုံကြည်နေတာ။
ပြဿနာက ကောင်လေးက စိတ်ဝင်စားပုံ မရတာပဲ။ မဟုတ်ဘူး... အဲဒါက မှားတယ်။ ကောင်လေးက စိတ်ဝင်စားပါတယ်။ အဲဒါကြောင့်လည်း သူ ဒီကို ရောက်နေတာပေါ့။ သူက စိတ်ဓာတ်တွေ ဝေခွဲမရ ဖြစ်နေတာ။ ဘာအကြောင်းကြောင့်လဲ ဆိုတာကိုတော့ မီဆိုလည်း သေချာ မသိဘူး။ ဒါပေမဲ့ အဲဒါက သာမန် အထက်တန်းကျောင်းသား တစ်ယောက် ကြုံတွေ့ရမယ့် အရာထက်စာရင် အများကြီး ပိုပြီး ရှုပ်ထွေးနေမှာ သေချာပါတယ်။
အဲဒါကြောင့်လည်း မီဆိုက ဒီနေ့ ဒါကို လုပ်ဖို့ ဆုံးဖြတ်လိုက်တာ။ ဒီလို အရည်အချင်းတွေကို ဒီအတိုင်း ပစ်ထားလိုက်ဖို့က သူမရဲ့ စတိုင်လ် မဟုတ်ဘူးလေ။
“မင်းထဲက ‘အဲဒီအရာ’ ကို ငါ ထုတ်ယူပြမယ်”
“ဘာကို ထုတ်မှာလဲဟင်”
“ကြည့်နေလိုက်”
မီဆိုက ပြုံးရင်းနဲ့ လီဗာကို နင်းလိုက်ပါတော့တယ်။
ဆရာမက နောက်ထပ် ဘာတွေ ပြဦးမလဲဆိုတာ သိချင်သေးလား
* * * * * * * * *