← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း(၃၃)

ဟျဲဟွာ ဘူတာရုံ...။

ပြန်မရောက်တာ တော်တော်တောင် ကြာသွားပြီ။ လမ်းမတွေထက်မှာတော့ မေလရဲ့ သာယာတဲ့ လေညင်းလေးတွေက လွှမ်းခြုံလို့နေတယ်။ လမ်းလျှောက်နေကြတဲ့ လူတွေရဲ့ ဝတ်စားဆင်ယင်မှုကလည်း တော်တော်လေး ပေါ့ပေါ့ပါးပါး ရှိလှပါတယ်။ သူတို့တွေက သရုပ်ဆောင်တွေလား၊ ဒါမှမဟုတ် လာကြည့်တဲ့ ပရိသတ်တွေလားဆိုတာတော့ မာရူး သေချာမသိဘူး။

အဲဒီအချိန်မှာပဲ ဂစ်တာတစ်လုံးကို ကျောပိုးပြီး လမ်းလျှောက်လာတဲ့ လူတစ်ယောက်ကို သူ တွေ့လိုက်ရတယ်။ အဲဒီလူက ကဖေးဆိုင်တစ်ဆိုင်ရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်ပြီး အဲဒီနေရာကိုပဲ သူ့ရဲ့ စင်မြင့်တစ်ခုလို သဘောထားပြီး ဂစ်တာ စတီးပါတော့တယ်။ အမ်ပလီဖိုင်ယာမပါဘဲ တီးနေတာဆိုတော့ ဂစ်တာသံက သိပ်ပြီး အဝေးကြီးအထိတော့ မရောက်ပါဘူး။

ဒါပေမဲ့လည်း လူတွေကတော့ သူ့အနားမှာ စုရုံးလာကြတာပါပဲ။ အဲဒီလူရဲ့ သာယာလှတဲ့ သီချင်းသံက တကယ့်ကို ဆွဲဆောင်မှု ရှိတာကိုး။ ကျောင်းသားတွေ၊ စုံတွဲတွေနဲ့ တခြားလူအစုံအလင်က သူ့အနားကို တိုးဝှေ့လာကြတယ်။

“နားထောင်ချင်လား” လို့ မီဆိုက မေးလိုက်တော့ မာရူးက ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီလူရဲ့ ဂီတက ပိုက်ဆံပေးပြီး နားထောင်ရလောက်အောင်ကို ကောင်းမွန်လွန်းပါတယ်။ ခဏအတွင်းမှာပဲ သူ့အနားမှာ လူအုပ်ကြီးက ဝိုင်းနေပြီလေ။

ပထမဆုံး သီချင်းတစ်ပုဒ် ပြီးသွားတဲ့အခါ သူက ပရိသတ်ကို ခေါင်းညိတ်ပြီး အရိုအသေပေးလိုက်တယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်တာတော့ သေချာပါတယ်။ သူက ဂစ်တာအိတ်ကို ဖွင့်လိုက်တဲ့အခါ လူတွေကလည်း သူတို့ရဲ့ ပိုက်ဆံအိတ်တွေကို အသီးသီး ဖွင့်ကြတော့တာပေါ့။ မာရူးလည်း ဝမ်တစ်ထောင် ထုတ်ပေးလိုက်တယ်။ ကလေးတစ်ယောက်ဆိုရင် သူ့လက်ထဲက မဖောက်ရသေးတဲ့ ပေါင်မုန့်တစ်ထုပ်ကိုတောင် အဲဒီလူကို ပေးလိုက်သေးတယ်။

“ကျေးဇူးတင်ပါတယ်”

အဲဒီဂီတသမားက ပေါင်မုန့်ကို တစ်လုပ်ကိုက်လိုက်ရင်း ကလေးကို ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီနောက်မှာတော့ တစ်ခြားတစ်ယောက်က သူ့ကို သောက်စရာ တစ်ခုခု ထပ်ပေးပြန်ရော။

“ဟာ... ဒီနေ့တော့ ငါ တော်တော် ကံကောင်းတာပဲ” လို့ အဲဒီလူက ရယ်ရင်း ပြောလိုက်တယ်။ စားသောက်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ နောက်ထပ် သီချင်းတစ်ပုဒ်ကို ထပ်ပြီး စတင်လိုက်ပြန်ပါတယ်။ သူက ဘာကိရိယာမှ မသုံးဘဲ သူ့ရဲ့ လက်ချောင်းလေးတွေနဲ့ အသံကိုပဲ သုံးပြီး တီးခတ် သီဆိုနေတာပါ။ နောက်ထပ် လေးပုဒ်လောက် ဆိုပြီးတဲ့အခါမှာတော့ သူက နေရာကနေ ထရပ်လိုက်တယ်။

“နောက်ထပ် ဖျော်ဖြေပွဲကိုတော့ မာရိုနီယာ ပန်းခြံမှာ လုပ်ပါ့မယ်”

အဲဒီလို ပြောပြီး သူ ထွက်သွားတဲ့အခါ ပရိသတ် တချို့ကလည်း ပုလွေမှုတ်သူနောက်ကို လိုက်သွားတဲ့ ကြွက်တွေလိုမျိုး သူ့နောက်ကနေ တကောက်ကောက် လိုက်သွားကြတော့တာပေါ့။

“သွားကြမလား” လို့ မီဆိုက မေးလိုက်တယ်။

“ဘယ်ကိုလဲ”

“ဒီနေရာကို လာမှတော့ ပြဇာတ်ကြည့်တာကလွဲလို့ ဘာလုပ်စရာ ရှိဦးမှာလဲ။ ခပ်တိုတို ပြဇာတ်လေး တစ်ပုဒ်လောက်ပဲ ကြည့်ရအောင်”

မီဆိုက မာရူးရဲ့ လက်မောင်းကို ဆွဲပြီး ခေါ်သွားပြန်တယ်။ မာရူးကတော့ သူမရဲ့ လက်ထဲကနေ သူ့လက်မောင်းကို အသာအယာ ဖယ်ထုတ်လိုက်ပြီး ကိုယ့်ဘာသာကိုယ်ပဲ လမ်းလျှောက်လာခဲ့တယ်။

“မင်းကတော့ တကယ့် လူထူးလူဆန်းပဲနော်”

“ကျွန်တော် အဆွဲခံရတာကို မကြိုက်လို့ပါ”

“ဒီအထိတောင် အဆွဲခံပြီး လိုက်လာခဲ့ပြီးပြီပဲကို”

“ဒါဆိုရင်လည်း အိမ်ပြန်လို့ ရတာပဲလေ”

“... တောက် စကားကို တော်တော် ပြောတတ်တာပဲ”

မီဆိုက ရှေ့ကနေ အရင် လျှောက်သွားတယ်။ သူတို့ နှစ်ယောက်စလုံးရဲ့ ရှေ့မှာတော့ လူအုပ်ကြီးက အတော်လေးကို များနေတာပါ။ နွေးထွေးတဲ့ စနေနေ့ တစ်ရက်ဆိုတော့ လူတွေ အပြင်ထွက်လည်ကြတာကလည်း မဆန်းပါဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက် ပြဇာတ်ရုံ အသေးလေး တစ်ခုဆီကို ဦးတည်နေတုန်းမှာပဲ အသံတစ်ခုက လှမ်းခေါ်လိုက်တယ်။

“ပြဇာတ်ကြည့်မလို့ မဟုတ်လား”

ခန့်ခန့်ညားညား ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဆီက ထွက်လာတဲ့ အသံပါ။ ကြည့်ရတာ ကောလိပ်ကျောင်းသား တစ်ယောက် ဖြစ်မယ့်ပုံပဲ။ သူ့လက်ထဲမှာတော့ လက်မှတ်တွေနဲ့ လက်ကမ်းစာစောင် တချို့ ရှိနေတယ်။

‘အချိန်ပိုင်း အလုပ်သမားကိုး’ လို့ မာရူး မှတ်ချက်ပြုလိုက်မိတယ်။

ဒါက ဟျဲဟွာ ဘူတာရုံမှာ အမြဲတမ်းလိုလို တွေ့ရတတ်တဲ့ အရာတွေထဲက တစ်ခုပေါ့။ တချို့ကတော့ ပြဇာတ်အဖွဲ့ထဲက အငယ်ဆုံး အဖွဲ့ဝင်တွေက လုပ်ကြတာ ဖြစ်ပေမဲ့ အများစုကတော့ ငှားရမ်းထားတဲ့ အချိန်ပိုင်း အလုပ်သမားတွေသာ ဖြစ်ပါတယ်။ မာရူးကတော့ သူတို့အကြောင်းကို ကောင်းကောင်း သိတာပေါ့။ သူတို့ရဲ့ လုပ်ခက ရောင်းရတဲ့ လက်မှတ်အပေါ်မှာ မူတည်နေတာကြောင့် လူတွေနောက်ကို သံပတ်ပေးထားသလို တကောက်ကောက် လိုက်တတ်ကြတာကိုး။

“ဒါက ကျွန်တော်တို့ ပြဇာတ်ရုံက တင်ဆက်တဲ့...”

အဲဒီလူက ဒီလောက်အထိ ပြောလိုက်တဲ့ အချိန်မှာပဲ မီဆိုက အဲဒီလူရဲ့ ပုခုံးကို ကိုင်ပြီး ဘေးကို တွန်းထုတ်လိုက်တယ်။

“တို့တွေက အလုပ်သဘောချင်း တူတူပဲဟာ။ ဒီလိုမျိုး မလုပ်ကြရင် မကောင်းဘူးလား”

အဲဒီလူက မျက်မှောင်ကြုတ်ရင်း ပါးစပ်ပိတ်သွားတယ်။ အီးနင်းမိလိုက်တဲ့ မျက်နှာမျိုးနဲ့ပေါ့။ သူက သူ့အဝတ်အစားတွေကို ခါလိုက်ပြီး ‘သောက်ကျိုးနည်း ကံမကောင်းလိုက်တာ’ လို့ တိုးတိုးလေး ရေရွတ်ရင်း ထွက်သွားတော့တယ်။

“ဘာ ကံမကောင်းဘူး ဟုတ်လား ” မီဆိုက ဟိန်းလိုက်တယ်။

“သွားစမ်းပါ။ ငါ့အလုပ်ကို လာမနှောင့်ယှက်နဲ့။ စိတ်ပျက်စရာကြီး”

အဲဒီလူက မီဆိုကို တစ်ချက် စူးစိုက်ကြည့်ပြီး ထွက်သွားတယ်။ မီဆိုက စိတ်တိုတိုနဲ့ တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမဲ့ မာရူးကို တစ်ချက် ကြည့်လိုက်ပြီးမှ ကိုယ့်ဘာသာကိုယ် ပြန်ထိန်းလိုက်တယ်။

“ဟင်း... ဒီဘက်မှာ အခုတလော ဒီလို လူပေလူတေတွေ တော်တော် များလာတာပဲ” လို့ သူမက ပြောလိုက်တယ်။

“စိတ်ထဲ မထားပါနဲ့။ သူလည်း ပိုက်ဆံရှာနေရတာပဲဟာ”

“ဟုတ်ပါပြီလေ၊ ပိုက်ဆံရှာတာပေါ့။ ဒါကြောင့်လည်း ငါက သည်းခံနေတာ။ ဒါပေမဲ့ ဒါက... နေပါဦး၊ မင်း အရင်က ဒီကို လာဖူးတာလား”

“အင်း... အကြိမ်အနည်းငယ်လောက်ပေါ့”

မာရူးက ပျင်းရိပျင်းတွဲပဲ ပြန်ဖြေလိုက်ပြီး အဲဒီလူကို လှည့်ကြည့်လိုက်တယ်။ အဲဒီလူက မိန်းကလေး ကျောင်းသား တချို့ဆီကို ပြုံးဖြဲဖြဲနဲ့ ချဉ်းကပ်သွားပြန်ပြီ။ သူက လက်ဟန်ခြေဟန်မျိုးစုံနဲ့ ရှင်းပြနေတာကြောင့် အဲဒီ မိန်းကလေးတွေတောင် လမ်းဆက်မလျှောက်နိုင်တော့ဘဲ ရပ်သွားရတယ်။

“အဲဒီကောင်တော့ တစ်ယောက်ကို မိပြန်ပြီ” လို့ မီဆိုက ပြောလိုက်တယ်။

မာရူးက အဲဒီလူနဲ့ ကျောင်းသူလေးတွေကို ထပ်ကြည့်လိုက်တယ်။ အဲဒီလူရဲ့ စကားလုံးတွေက တဖြည်းဖြည်းနဲ့ ပိုပြီး ဖိအားပေးလာသလိုပဲ။ ကျောင်းသူလေးတွေလည်း အတော်လေးကို အခက်တွေ့နေပုံရတယ်။ အဲဒီလူက သူတို့ဆီကို လက်မှတ်တွေ ထိုးပြနေတယ်။ လက်မှတ်မဝယ်မချင်း သူတို့ကို လွှတ်မယ့်ပုံ မပေါ်ဘူး။ နောက်ဆုံးတော့ အဲဒီ ကျောင်းသူလေးတွေဟာ ခဏလောက် တိုးတိုးတိုးတိုး တိုင်ပင်လိုက်ကြပြီး သူတို့ရဲ့ ပိုက်ဆံအိတ်တွေဆီကို လက်လှမ်းလိုက်ကြတော့တယ်။

မာရူးက အဲဒီအုပ်စုဆီကို လျှောက်သွားလိုက်တယ်။ ဒီလိုမျိုး ပြဇာတ်တွေနဲ့ မိတ်ဆက်ပေးတာက မဆိုးပေမဲ့... ဒီလူ လုပ်နေတဲ့ ပုံစံကိုတော့ သူ မကြိုက်ဘူး။ ခြိမ်းခြောက်သလိုမျိုး လုပ်တာတော့ မဖြစ်သင့်ဘူးလေ။

“အချစ် လက်မှတ်တွေပဲ သွားဝယ်လိုက်ကြပါ”

“ရှင် ” လို့ ကျောင်းသူလေးတွေက ပြန်ထူးလိုက်ကြတယ်။

မာရူးကို အဲဒီလူက စူးစိုက်ကြည့်နေတာကို သူ ခံစားလိုက်ရတယ်။

“ကျောင်းသားတွေဆိုရင် ပိုသက်သာတဲ့ ဈေးနဲ့ ကြည့်လို့ရတာ ရှိတယ်။ အဲဒါကိုပဲ သွားကြည့်လိုက်ကြပါ”

“အာ... ကျေးဇူးတင်ပါတယ်ရှင်”

မာရူး ညွှန်ပြလိုက်တဲ့ ဘက်ကို မိန်းကလေးတွေက ခပ်မြန်မြန်လေး ထွက်သွားကြတော့တယ်။ အဲဒီလူက ‘ဟေး... ဟေး... ပြန်လာကြဦးလေ၊ ဒီမှာက ပိုကောင်းတာတွေ ရှိပါတယ်’ လို့ လှမ်းအော်နေတာတောင် သူတို့ကတော့ နောက်ကို လှည့်မကြည့်ကြတော့ပါဘူး။

“တောက် လူအမျိုးမျိုး ကြားထဲမှာမှ ဒီလို အလကားကောင်တွေနဲ့ လာတိုးနေရတယ်”

အဲဒီလူက မာရူးရဲ့ ရှေ့မှာ လာရပ်လိုက်တယ်။

“မင်းလည်း လက်မှတ်ရောင်းမလို့လား”

“မဟုတ်ပါဘူး”

“ဒါဆိုရင် ဘာလုပ်နေတာလဲ။ ဘာလို့ ငါ့ရဲ့ ရောင်းအားကို လာပိတ်နေရတာလဲ။ မင်းက တခြား ပြဇာတ်ရုံကလား။ မဟုတ်နိုင်ပါဘူး၊ မင်းကြည့်ရတာ အထက်တန်းကျောင်းသားလေးပဲဟာကို။ သောက်ကျိုးနည်းကွာ”

“စကားကို ယဉ်ယဉ်ကျေးကျေး ပြောပါဦး။ ပြီးတော့ ဆင်းရဲတဲ့ ကျောင်းသားလေးတွေကို လက်မှတ်တွေ အတင်းအကျပ် ဝယ်ခိုင်းတာလည်း မကောင်းပါဘူး”

“အတင်းအကျပ် ငါကလား ဟား... ဒီလိုမျိုး ကောင်းမွန်တဲ့ မိတ်ဆက်ပေးမှုကိုများ အတင်းအကျပ်လို့ ခေါ်ရသလား။ ဟမ် ဟမ် ”

အဲဒီလူက မာရူးရဲ့ ပုခုံးကို လက်နဲ့ အကြိမ်ကြိမ် တို့လိုက်တယ်။ သူတို့ နှစ်ယောက် မျက်လုံးချင်း ဆုံလိုက်တဲ့ အချိန်မှာပဲ စာသားပူဖောင်းလေး တစ်ခု ပေါ်လာပြန်ရော။

[ဒီ ချီးထုပ်လေးကတော့]

ကောင်းပါပြီ၊ ဒါကိုတော့ မြင်နေဖို့တောင် မလိုပါဘူး။

“ဒီလို ချီးထုပ်လေး ဖြစ်နေတဲ့အတွက် တောင်းပန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ စီးပွားရေးကို ဝင်နှောင့်ယှက်မိတဲ့အတွက်တော့ တကယ်ပဲ တောင်းပန်ပါတယ်”

မာရူးက ဦးညွှတ်လိုက်တယ်။ တကယ်တော့ အစကတည်းက သူက ဒီလောက်အထိ ပြောဖို့ စိတ်ကူးမရှိပါဘူး။ အဲဒီ မိန်းကလေးတွေကို ကူညီပေးပြီးတာနဲ့ ထွက်သွားဖို့ပဲ စဉ်းစားထားတာ။ ဒါပေမဲ့ သူ စကားပြောလေလေ၊ စိတ်ထဲမှာ ပိုပြီး အနှောင့်အယှက် ဖြစ်လာလေပဲ။ ဘာလို့ ဒီကိစ္စအပေါ်မှာ ဒီလောက်အထိ စိတ်တိုနေရတာပါလိမ့် ဒါက သူ့ကို ဒီလောက်အထိ စိတ်ဒုက္ခပေးရမယ့် အရာမျိုးမှ မဟုတ်တာ။

“ဟား... သွားတော့။ မင်းက ငါ့ကို စိတ်အနှောင့်အယှက် ပေးနေပြီ”

“သိပ်ပြီး အတင်းအကျပ် မလုပ်ပါနဲ့။ အဲဒီကလေးတွေ နောက်တစ်ခါ ဒီကို မလာတော့ဘဲ နေလိမ့်မယ်”

“နားလည်ပြီလို့ ပြောနေတာပဲဟာကို၊ သွားစမ်းပါ။ သောက်...”

အဲဒီလူက သူ့လက်သီးကို မြှောက်လိုက်တယ်။ မာရူးကတော့ သိပ်ပြီး အံ့ဩမသွားပါဘူး။ သူ့ခေါင်းထဲကို ပထမဆုံး ဝင်လာတဲ့ အတွေးက ‘ငါ့ကို ရိုက်လိုက်ရင်တော့ ရဲတိုင်လိုက်ရုံပဲ’ ဆိုတဲ့ အတွေးပါ။ အသက်ကြီးတဲ့ လူတွေအပေါ် အသုံးပြုလေ့ရှိတဲ့ ရှေးရိုးစွဲ ကာကွယ်ရေး နည်းလမ်းပေါ့။

သူက ရှေ့ကို တစ်လှမ်း တိုးလိုက်ပြီး သူ့ကို ထိုးကြည့်စမ်းပါဆိုတဲ့ ပုံစံမျိုး လုပ်လိုက်တယ်။ အဲဒီအခါကျမှ အခက်တွေ့သွားတာက ဟိုလူ ဖြစ်နေတယ်။ သူက စိတ်ပျက်လက်ပျက်နဲ့ မျက်နှာလွှဲလိုက်ပြီး လက်မှတ်ရောင်းဖို့ နေရာသစ်တစ်ခုကို လိုက်ရှာဖို့ ထွက်သွားတော့တယ်။

“မင်းကတော့ တကယ့် လူထူးလူဆန်းပဲဆိုတာ သိရဲ့လား” လို့ မီဆိုက ပြောလိုက်တယ်။

မာရူးလည်း အဲဒါကို သဘောတူရမှာပဲ။ သူကိုယ်တိုင်လည်း ဒီလိုမျိုး လုပ်မိလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။ ဒါဟာ သူ့ရဲ့ ငယ်စဉ်ဘဝမှာရော၊ လူကြီးဘဝမှာရော တစ်ခါမှ မစဉ်းစားဖူးခဲ့တဲ့ အရာမျိုးပါ။ ဒါဆို ဒါက ဘာဖြစ်တာပါလိမ့် အဲဒီ အချိန်ပိုင်း အလုပ်သမားအပေါ်မှာ ဘာကြောင့် ဒီလောက်အထိ စိတ်တိုသွားရတာလဲ သူ ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။ စဉ်းစားလေလေ ခေါင်းက ပိုပြီး ကိုက်လာလေလေပဲ။

‘အနာဂတ်မှာ တစ်ခုခု ဖြစ်ခဲ့လို့လား’

မှတ်ဉာဏ်တွေက တဖြည်းဖြည်းနဲ့ ပိုပြီး ဝေဝါးလာနေတယ်။ အဲဒီ မှတ်ဉာဏ်တွေဟာ သူ့မျက်စိရှေ့တင် တဖြည်းဖြည်း နစ်မြုပ် ပျောက်ကွယ်သွားတာကို မြင်နေရတာက တစ်ခါတလေမှာ တကယ့်ကို ကြောက်စရာ ကောင်းလှပါတယ်။

‘အနည်းဆုံးတော့ အရေးကြီးတဲ့ အချိန်တွေမှာတော့ မှတ်မိနေသေးတာပဲလေ’

“သွားရအောင်”

“... ကောင်းပါပြီ”

* * * * * * * * *

မီဆို ခေါ်သွားတဲ့ နေရာကတော့ အဆောက်အဦး တစ်ခုရဲ့ ဒုတိယထပ်မှာ ရှိတဲ့ ပြဇာတ်ရုံ အသေးလေး တစ်ခုပါ။ ပြဇာတ်ရုံ နာမည်က ‘မိုးပြာရောင်’တဲ့။

“မိုးပြာရောင် ”

“ရင်းနှီးနေသလိုပဲလား ”

မီဆိုက လျှို့ဝှက်ချက် တစ်ခု ရှိနေသလိုမျိုး ပြုံးရင်းနဲ့ အထဲကို ဝင်သွားတယ်။ မာရူးက သူမနောက်ကနေ လိုက်ဝင်သွားတဲ့ အခါမှာတော့ ဝင်ပေါက်ရဲ့ ဘေးနားမှာ လူတန်းကြီး တစ်ခုကို တွေ့လိုက်ရတယ်။ အထဲကနေ စကားပြောသံ တချို့ကိုလည်း သူ ကြားနေရတယ်။

“နေရာ သတ်မှတ်ထားတဲ့ သူတွေကို အရင်ဆုံး လက်ခံပါ့မယ်။ အကြာကြီး စောင့်ခိုင်းမိတဲ့ အတွက် တောင်းပန်ပါတယ်နော်”

အသက် ၂၀ ကျော်လောက် ရှိမယ့် အမျိုးသမီး တစ်ယောက်က ပြုံးရွှင်စွာနဲ့ လူတွေကို လမ်းညွှန်ပေးနေတာပါ။

“ခဏလောက် စောင့်ရအောင်။ ပရိသတ်တွေကို အနှောင့်အယှက် မပေးချင်ဘူး”

“ကောင်းပါပြီ”

မီဆိုကတော့ များသောအားဖြင့် အတော်လေးကို ဖိအားပေးတတ်တဲ့ သူမျိုး ဖြစ်ပေမဲ့ သူ့အလုပ်နဲ့ ပတ်သက်လာရင်တော့ ဘယ်သူ့ထက်မဆို ပိုပြီးတော့ အလေးအနက် ရှိတတ်သူပါ။ နောက်ဆုံးတော့ သူတို့ အလှည့် ရောက်လာတယ်။

“စီနီယာ ”

“ဟေး”

“မတွေ့တာ တော်တော် ကြာသွားပြီနော်”

“ကြာတယ် ဟုတ်လား ငါ လွန်ခဲ့တဲ့ နှစ်ပတ်ကမှ ဒီကို လာခဲ့သေးတာပဲကို”

“ဒါပေမဲ့ အဲဒီတုန်းက ကျွန်မ ဒီမှာ မရှိဘူးလေ။ တစ်ယောက်ယောက်နဲ့ တွေ့ဖို့ လာတာလား”

“မဟုတ်ပါဘူး။ ဒီကလေးကို ပြဇာတ် လာပြတာ”

အမျိုးသမီးရဲ့ အကြည့်တွေက မာရူးဆီကို ရောက်လာတယ်။ မာရူးကလည်း ခပ်တိုတိုပဲ ခေါင်းညိတ်ပြီး ပြန်နှုတ်ဆက်လိုက်တယ်။

“သူက ကြည့်ရတာ အေးအေးဆေးဆေး ရှိလှချည်လား။ ဘယ်သူလဲဟင်”

“ငါလည်း မသိဘူးလေ”

အမျိုးသမီးက ခဏလောက်တော့ ကြောင်သွားတဲ့ မျက်နှာမျိုး ဖြစ်သွားတယ်။

“နေရာတွေ ကျန်သေးလား မကျန်ရင်တော့ တို့တွေ နောက်မှာပဲ မတ်တတ်ရပ် ကြည့်လိုက်မယ်” လို့ မီဆိုက ဆက်ပြောတယ်။

“နေရာ အနည်းငယ်တော့ ကျန်ဦးမယ် ထင်ပါတယ်”

“ဒါဆိုရင်တော့ ငါ စောင့်လိုက်မယ်။ နောက်ထပ် လာမယ့် လူတွေ ရှိဦးမလား ဆိုတာကိုပါ ကြည့်ချင်လို့”

“ဟုတ်ကဲ့ပါ”

မာရူးက မီဆိုနဲ့အတူ ပြဇာတ်ရုံထဲကို လှမ်းဝင်လိုက်တယ်။ အထဲမှာတော့ မီးတွေကို မှိန်ထားတာကြောင့် အတော်လေး မှောင်နေတာပေါ့။ အဆောက်အဦးထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ် ထည့်ထားတဲ့ ပြဇာတ်ရုံ တစ်ခုလုံးမှာ ခုံပေါင်း ၇၀ လောက်ပဲ ရှိပုံရပါတယ်။ သက်သက်သာသာ ထိုင်လို့ မရပေမဲ့ အဲဒါကပဲ ပြဇာတ်ရုံတွေရဲ့ ဆွဲဆောင်မှု တစ်ခုပေါ့။

“ပြဇာတ် စတင်တဲ့ အခါမှာတော့ စားသောက်တာကို ရပ်ပေးကြပါနော်။ ပြဇာတ် ပြီးသွားတဲ့ အခါမှာလည်း ဓာတ်ပုံရိုက်ဖို့ အချိန် အလုံအလောက် ပေးမှာမို့လို့ ပြဇာတ် ကပြနေတုန်းမှာတော့ ဓာတ်ပုံရိုက်တာတွေကို သည်းခံပေးကြပါ။ ဒါတွေကတော့ ပြဇာတ်ကို အပြည့်အဝ ခံစားနိုင်ဖို့ အတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေမို့လို့ နားလည်ပေးကြပါနော်”

လူတန်းမှာ ရှိနေတဲ့ အမျိုးသမီးက စင်ပေါ်မှာ စကားပြောနေတာပါ။ ပရိသတ်တွေကလည်း သူတို့ရဲ့ အစားအသောက်တွေကို ချက်ချင်းပဲ သိမ်းဆည်းလိုက်ကြတော့တာပေါ့။

“နေရာလွတ် မရှိတော့ဘူးပဲ”

“ကျွန်တော် မတ်တတ်ရပ် ကြည့်လို့ ရပါတယ်”

“အင်း... ဒါဆိုရင်လည်း အတူတူ ရပ်ကြည့်ကြတာပေါ့။ ဒါကလည်း တကယ်တော့ ပျော်စရာ ကောင်းမှာပါ”

မီဆိုကတော့ ထူးထူးဆန်းဆန်းကို စိတ်လှုပ်ရှားနေပုံရတယ်။ ဟျဲဟွာ ဘူတာရုံကို ရောက်တဲ့ အချိန်ကစပြီး သူမဟာ ပုံမှန်နဲ့ မတူဘဲ တစ်မျိုးကြီး ဖြစ်နေတာပါ။ ပိုပြီးတော့... စိတ်လှုပ်ရှားနေတာလား ကလေးတွေ ပျော်နေသလိုမျိုးပေါ့။ ပြဇာတ်ရုံထဲမှာ မီးတွေ တဖြည်းဖြည်း မှိန်သွားပြီး ပြဇာတ် စတင်တော့မယ့် အချက်ကို ပြလိုက်တယ်။ အဲဒီ အချိန်မှာပဲ တစ်စုံတစ်ယောက်က သူတို့ နှစ်ယောက်နားကို စကားလာပြောတယ်။

“ရောက်လာပြီကိုး”

“အင်း”

မာရူးက မီဆိုနဲ့ စကားပြောနေတဲ့ အဲဒီလူကို ကြည့်လိုက်တယ်။ အမှောင်ရိပ်ထဲမှာမို့လို့ အဲဒီလူရဲ့ မျက်နှာကို သေသေချာချာ မမြင်ရပါဘူး။

“ကောင်းပါပြီ၊ ဒါဆိုရင်တော့ နောက်မှ တွေ့ကြတာပေါ့”

“ဘယ်ကို သွားမလို့လဲ”

“ဒါရိုက်တာက ကျွန်တော့်ကို တွေ့ချင်လို့တဲ့”

“ဟင်း... အခုတော့ မင်းက တကယ့် စတားကြီး ဖြစ်နေပြီပေါ့ ဟုတ်လား”

“ဘာမှ မဟုတ်ပါဘူးကွာ။ ဒါနဲ့ ဒီကလေးက ဘယ်သူလဲ”

“ဘယ်သူ သိမှာလဲ၊ နောင်တစ်ချိန်မှာ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်လာမယ့် သူလား ”

“ဟင်း... ဟုတ်လို့လား”

မာရူးက မျက်လုံးကို မှေးပြီး ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်လုံးတွေက အမှောင်ထဲမှာ ကျင့်သားရ စပြုလာပြီ ဖြစ်ပေမဲ့ အဲဒီလူရဲ့ မျက်နှာကို သေသေချာချာ မမြင်ရခင်မှာပဲ အဲဒီလူက အဝေးကို ထွက်သွားတော့တယ်။

“မီဆိုနဲ့ အတူ အလုပ်လုပ်ရမှာမို့လို့ စိတ်မကောင်းပါဘူးကွာ။ သူကတော့ တကယ့် လူထူးလူဆန်းကြီးပဲ” လို့ သူက မထွက်သွားခင်မှာ ပြောသွားသေးတယ်။

မာရူးလည်း မရယ်ဘဲ မနေနိုင်တော့ဘဲ တိုးတိုးလေး ရယ်မိသွားတာပေါ့။ မီဆိုက တစ်ခုခု ပြောဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ အဲဒီအချိန်မှာပဲ ပြဇာတ်က စတင်သွားပြီ။

“စပြီ”

“ပါးစပ်ပိတ်ပြီး ကြည့်စမ်းပါ”

“ဟုတ်ကဲ့ပါဗျာ”

ဒေါင်...။

ခေါင်းလောင်းသံ တစ်ချက်နဲ့အတူ စင်မြင့်ထက်မှာ မီးမောင်းလေးတွေ လင်းထိန်သွားပါတော့တယ်။

* * * * * * * * *

အခန်း(၃၄)

ပြဇာတ်တွေက ရုပ်ရှင်တွေထက်စာရင် လူကြိုက်နည်းတာတော့ အမှန်ပဲ။ ရုပ်ရှင်ကိုတော့ ဘယ်နေရာမှာမဆို ကြည့်လို့ရတယ်။ ဈေးလည်း ပိုသက်သာသလို တစ်ခါတလေ နားလည်ရတာလည်း ပိုလွယ်တယ်။ ဒီလိုအချက်တွေကြောင့်ပဲ ပြဇာတ်ဟာ ဘယ်သူမှ သိပ်ပြီး စိတ်မဝင်စားကြတဲ့ အချိန်ဖြုန်းစရာ တစ်ခုလို ဖြစ်လာခဲ့တာပေါ့။

တစ်ချို့လူတွေဆိုရင် သူတို့တစ်သက်မှာ ပြဇာတ်တစ်ပုဒ်တောင် မကြည့်ဖူးကြဘူး။ ကြည့်စရာတွေကလည်း ရုပ်ရှင်တွေအပါအဝင် တခြားအရာတွေ အများကြီး ရှိနေတာကိုး။ ဒါပေမဲ့ ပြဇာတ်တစ်ပုဒ်တည်းနဲ့တင် လူတစ်ယောက်ကို ပြဇာတ်တွေအပေါ် စွဲလန်းသွားအောင် လုပ်နိုင်တယ်ဆိုတာကိုတော့ မီဆို ယုံကြည်နေတယ်။ 'ပြဇာတ်တွေမှာ ကိုယ်ပိုင်ဆွဲဆောင်မှု ရှိတယ်၊ ပျော်ဖို့လည်း ကောင်းတယ်၊ အဲဒါကိုတော့ မင်း ငြင်းလို့မရဘူး'။

မီဆိုက မာရူးကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ဒီကောင်လေးက အတွေးအခေါ် ရှိတယ်။ သတ္တိလည်း ရှိတယ်။ ကိုင်တွယ်ရတော့ နည်းနည်း ခက်မယ်။ ဒါပေမဲ့ ဇဝေဇဝါလည်း ဖြစ်နေပုံရတယ်။ အနည်းဆုံးတော့ မီဆိုအမြင်မှာတော့ အဲဒီလိုပဲ။

ဒီကောင်လေး ဘာတွေနဲ့ စိတ်ဒွိဟ ဖြစ်နေလဲဆိုတာကိုတော့ သူမ မသိဘူး။ သူမ မြင်သလောက်တော့ ဒီကောင်လေးက တော်တော်လေး စာကြိုးစားတဲ့ပုံပဲ။ မီဆို ပေးသမျှ အလုပ်တိုင်းကို သူ ပြီးအောင် လုပ်သလို ကလပ်အစည်းအဝေးတွေကိုလည်း တစ်ခါမှ နောက်မကျဘူး။ အရင်တုန်းက သူမ အတူတူ အလုပ်လုပ်ခဲ့ဖူးတဲ့ လူကြီးတွေလိုပဲ သူက မြန်ဆန်ပြီး ထိရောက်မှု ရှိတယ်။

ဟုတ်တယ်၊ လူကြီးတစ်ယောက်လိုပဲ။ မာရူးက လူကြီးတစ်ယောက်လို ပြုမူနေတာ။ တစ်သက်လုံး လူကြီးဖြစ်ခဲ့သလိုမျိုးပဲ။ သူက တခြားသူတွေရဲ့ ကိစ္စတွေထဲမှာ ခဏခဏ ဝင်ပါတတ်ပေမဲ့ စည်းတစ်ခုကိုတော့ ဘယ်တော့မှ မကျော်ဘူး။ သူက ဘယ်တော့မှ ဒေါသမထွက်ဘဲ ပြဿနာတွေကို အေးအေးဆေးဆေး ဖြေရှင်းတတ်တယ်။ ပြီးတော့ သူ့မှာ အမြဲတမ်း အရန်အစီအစဉ်တွေ ရှိနေတတ်တယ်။ ခုနတုန်းက ဟိုကျောင်းသားဆီမှာ အရိုက်ခံဖို့ ရှေ့ထွက်သွားခဲ့တုန်းကလိုမျိုးပေါ့။

မာရူးမှာ... ဘာလှုံ့ဆော်ချက်မှ မရှိဘူး။ သူက ဘာကိုမှ ဆုံးရှုံးစရာမရှိတော့တဲ့ အသက်အရွယ်ကို ရောက်နေသလိုပဲ။ ကြီးကြီးမားမား အကျိုးဆက်တွေ မရှိဘဲ မိမိအလိုရှိရာကို လုပ်နိုင်တဲ့ အသက်အရွယ်မျိုးပေါ့။ အကျိုးဆက် ဆိုတာမျိုး သိပ်မရှိဘဲ စိတ်ကြိုက် လုပ်နိုင်တာကြောင့်ပဲ ဆယ်ကျော်သက် ဘဝဟာ တောက်ပနေရတာလေ။

ဒါပေမဲ့ မီဆိုကတော့ မာရူးဆီကနေ အဲဒီလို အလင်းရောင်မျိုးကို မမြင်ရဘူး။ ဒါက ဆိုးတဲ့အရာတော့ မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ်စီ ရှင်သန်ပုံတွေ ရှိကြတာပဲ၊ မာရူးကတော့ သူ့နည်းသူ့ဟန်ကို ရှာတွေ့ထားတာ သိသာပါတယ်။

မာရူးကို ကြည့်လိုက်ရင် မီဆို ပထမဆုံး ခံစားရတဲ့အရာက 'မျှတမှု' ပဲ။ ဒီကောင်လေးက ဘာကိုမဆို ကိုင်တွယ်နိုင်လောက်အောင် ဘဝအပေါ်မှာ လျှော့လျှော့ပေါ့ပေါ့ နေတတ်တယ်။ အပြင်းထန်ဆုံး မုန်တိုင်းတွေကိုတောင် ကြံ့ကြံ့ခံနိုင်တဲ့ ကျောက်ဆောင်ကြီး တစ်ခုလိုပဲ။

ဒါပေမဲ့ ဒါဟာ သူမရဲ့ စိတ်ကူးသက်သက်လည်း ဖြစ်နိုင်တာပေါ့။ သူမက လူကဲခတ် တော်တယ်လို့ ထင်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ အပြည့်အဝ မယုံကြည်ဘူးလေ။ ဒီကောင်လေးကို ဆက်ပြီး စောင့်ကြည့်ဖို့တော့ လိုသေးတယ်။ ကဲ... အနည်းဆုံးတော့ အခုအချိန်မှာ မာရူးဟာ ကလေးကောင်းတစ်ယောက်ဆိုတာ သူမ သိသွားပြီ။ ပြီးတော့ သူက တော်တော်လေး စရိုက်ထူးတဲ့သူပဲ။ စိုးရိမ်စရာ တစ်ခုပဲ ရှိတာက...

'သူ့ရဲ့ မျှတမှု'။

မာရူးရဲ့ ဒီလို မျှတမှုမျိုးက ရေရှည်မှာတော့ သူ့အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မီဆို တွေးနေမိတယ်။ ပြဇာတ်တွေဟာ သရုပ်ဆောင်တွေကို အမြဲတမ်း ပြောင်းလဲနေဖို့ လိုအပ်တယ်။ ဇာတ်ကောင်အသစ်တွေ၊ ပြဇာတ်အသစ်တွေနဲ့ အမြဲ လိုက်လျောညီထွေ ဖြစ်နေရမှာ။

အဲဒါက စိန်ခေါ်မှုတစ်ခုပဲ။ သရုပ်ဆောင်ခြင်း ဆိုတာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ရတဲ့ အနုပညာတစ်ခုလေ။ အဲဒါက မာရူးရဲ့ လက်ရှိ ပုံစံနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ ဒီကောင်လေးက စိန်ခေါ်မှုအသစ်တွေကို ဆက်ပြီး ရင်ဆိုင်ဖို့ သတ္တိ ရှိပါ့မလား။

'ငါ ထပ်ပြီး အများကြီး တွေးနေပြန်ပြီ'။

မီဆို ခေါင်းယမ်းလိုက်တယ်။ အထူးသဖြင့် ကောင်လေးက သရုပ်ဆောင်ဖို့တောင် စိတ်မပါသေးတဲ့ အချိန်မှာ သူမက အများကြီး တွေးနေမိတာ။ အခုလောလောဆယ် သူမ လုပ်ချင်တာက ဒီကောင်လေးကို ပြဇာတ်တွေအပေါ် စိတ်အားထက်သန်လာအောင် လုပ်ဖို့ပဲ။ 'မင်း ပြဇာတ်တွေကို ကြိုက်တယ်ဆိုတာ ငါ သေချာပေါက် သိတယ်'။

"ဟိ..."

ရယ်သံ ကြားလိုက်ရတော့ မီဆို ခေါင်းမော့ကြည့်လိုက်တယ်။ စင်ပေါ်က သရုပ်ဆောင်တွေက ထီလက်မှတ် တစ်စောင်နဲ့ ဟာသပြဇာတ် ကပြနေကြတာ။ ပြဇာတ်က ရယ်ရမယ့် နေရာရောက်တိုင်း မာရူးက လိုက်ရယ်နေတယ်။ 'သူက ပြဇာတ်ကြည့်တာ တော်တော်လေး အသားကျနေတာပဲ'။

မီဆိုက ထိုင်နေတဲ့ ပရိသတ်တွေကို ငုံ့ကြည့်လိုက်တယ်။ လူတွေက အသံကျယ်ကျယ် ထွက်လာရင် သရုပ်ဆောင်တွေကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ ရယ်ချင်တာကို အတတ်နိုင်ဆုံး အောင့်ထားကြတယ်။ အဲဒါက ရှောင်လွှဲလို့ မရတဲ့ အရာပဲလေ။

မီဆိုလည်း သူမရဲ့ ပထမဆုံး ပြဇာတ်ကို ကြည့်တုန်းက ဒီအတိုင်းပဲ။ အဲဒီတုန်းက သူမက ရှေ့ဆုံးတန်းမှာ ထိုင်နေတာ၊ သရုပ်ဆောင်တွေဆီက အရာရာကို မြင်နိုင် ကြားနိုင်တဲ့ နေရာပေါ့။ သူတို့ ဦးခေါင်းကနေ စီးကျလာတဲ့ ချွေးစက်ကလေးတွေကအစ၊ မောဟိုက်နေတဲ့ အသံတွေအထိ အကုန်ကြားနေရတာ။ သူမ စကားပြောလိုက်ရင် သရုပ်ဆောင်တွေ ကြားသွားမှာကို သူမ အဲဒီတုန်းက တကယ် ယုံကြည်ခဲ့တာ။

အဲဒါကြောင့်ပဲ သူမက ခုံမှာ ငြိမ်ငြိမ်လေး ထိုင်နေဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပေါ့။ ရယ်ချင်တာကိုလည်း အံကြိတ်ပြီး အောင့်ထားခဲ့သလို၊ ငိုချင်တဲ့အခါမှာလည်း ပေါင်ကို ဆိတ်ထားခဲ့တာ။

သူမရဲ့ သူငယ်ချင်းတွေလည်း အတူတူပါပဲ။ သူတို့တွေလည်း သရုပ်ဆောင်တွေအပေါ် ရိုင်းရာမကျအောင် ခုံမှာ ငြိမ်ငြိမ်လေး ထိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတာပေါ့။ သူမ ခေါင်းထဲမှာ လူတစ်ယောက်ကို ပြေးမြင်မိတယ်။ ဟာသခန်းတွေမှာ ဝါးလုံးကွဲအောင် ရယ်ပြီး ဝမ်းနည်းစရာ အခန်းတွေမှာတော့ ရှိုက်ကြီးတငင် ငိုတတ်တဲ့ အဲဒီကောင်လေး။

အဲဒီတုန်းက သူ့ကို ကြည့်ပြီး မီဆို တော်တော်လေး အရှက်ရခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ သူမ ပိုပြီး နားလည်သွားပါပြီ။ အဲဒီကောင်လေးဟာ ပြဇာတ်ရုံထဲက ဘယ်သူ့ထက်မဆို ပိုပြီး ကောင်းမွန်တဲ့ ပရိသတ်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာကိုပေါ့။

"ဟားဟားဟား "

မာရူးက စင်ပေါ်က သရုပ်ဆောင် တစ်ယောက်ကို ကြည့်ပြီး အရင်ကထက် နည်းနည်း ပိုကျယ်ကျယ် ရယ်လာတယ်။ ဒီကောင်လေးရဲ့ ရယ်သံကြောင့် သရုပ်ဆောင်ဟာ သိသိသာသာကို ပိုပြီး တက်ကြွလာတာကို မီဆို သတိထားမိလိုက်တယ်။ ပရိသတ်တွေဆီက တုံ့ပြန်မှုတွေဟာ သရုပ်ဆောင်တွေအတွက် လောင်စာတွေလိုပဲလေ။ ပြီးတော့ ပရိသတ်က အားရပါးရ တုံ့ပြန်တဲ့အခါမှာတော့...

"ကဲ ဒီထီလက်မှတ်က ပိုက်ဆံကို ဘယ်သူ ယူမလဲဆိုတာ ခုပဲ ဆုံးဖြတ်ကြစို့ "

သရုပ်ဆောင်က ပိုပြီး စိတ်ပါလက်ပါ သရုပ်ဆောင်တော့တာပေါ့။ မီဆိုက သူမရဲ့ အတွေးတွေကို ခဏ ဘေးဖယ်ထားလိုက်တယ်။ အဲဒီအတွေးတွေက သူမရဲ့ ပြဇာတ်ကြည့်နေတဲ့ အာရုံကို လာပြီး မနှောင့်ယှက်စေချင်ဘူးလေ။

ပြဇာတ်ပြီးသွားတော့ သရုပ်ဆောင်တွေဟာ စင်ပေါ်မှာ နှုတ်ဆက်ကြပြီး ပရိသတ်တွေဆီကနေ လက်ခုပ်သံတွေ တဖြောင်းဖြောင်း ရရှိခဲ့ကြတယ်။

"အခု ဓာတ်ပုံတွေ စရိုက်လို့ ရပါပြီ အများကြီး ရိုက်ကြပါဦး၊ ပြီးတော့ ဖြစ်နိုင်ရင် ကျွန်တော်တို့အဖွဲ့ကိုလည်း ကြော်ငြာပေးကြပါဦးနော် "

မီးတွေ ပြန်ပွင့်လာပြီးတဲ့နောက်မှာတော့ ဓာတ်ပုံရိုက်တဲ့ အစီအစဉ် ရောက်လာပါတယ်။ တချို့ကတော့ တက်တက်ကြွကြွနဲ့ ဓာတ်ပုံရိုက်ကြပေမဲ့ တချို့ကတော့ ဒီအတိုင်းပဲ ပြန်သွားကြတယ်။ အစတုန်းက လက်မှတ်ဖြတ်ပေးနေတဲ့ မိန်းကလေးဟာ ထွက်ပေါက်မှာ စစ်တမ်းစာရွက်လေးတွေ လိုက်ဝေနေတယ်။

"ဒါလေးကို ဖြည့်ပြီး ပြန်လာပေးရင် ကျွန်မတို့ လျှော့ဈေး ပေးပါ့မယ်။ အွန်လိုင်းကနေလည်း ဖြည့်လို့ ရပါတယ်။ တစ်ယောက်ချင်းစီရဲ့ ထင်မြင်ချက်က အရေးကြီးလို့ ဖြည့်ပေးကြပါဦးနော် "

ပရိသတ် ထက်ဝက်လောက်ပဲ စစ်တမ်းစာရွက်ကို ယူသွားကြတယ်။ ယူသွားတဲ့သူတွေထဲက တစ်ဝက်လောက်ကလည်း အမှိုက်ပုံးထဲကို တန်းပြီး ပစ်ထည့်သွားကြတာ။ အဲဒီမိန်းကလေးကတော့ မတွန့်မရှေဘဲ ကျန်နေတဲ့ စစ်တမ်းစာရွက်တွေကို ပြုံးပြုံးလေးပဲ ပြန်သိမ်းလိုက်တယ်။

"ဒီတစ်ခါ ဆယ်ယောက်တောင် ယူသွားတယ်၊ ဒါ စံချိန်သစ်ပဲ "

ခုနစ်ဆယ်မှာ ဆယ်ယောက်။ အဲဒါက သိပ်ပြီး အများကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီမိန်းကလေးကို စိတ်လှုပ်ရှားသွားစေဖို့တော့ လုံလောက်ပါတယ်။

"ဘယ်လိုနေလဲ"

မီဆိုက မေးလိုက်တယ်။

"ပျော်ဖို့ ကောင်းပါတယ်။ ပြဇာတ်မကြည့်ဖြစ်တာ တော်တော် ကြာနေပြီ"

"ကြာပြီ ဟုတ်လား"

"ဟုတ်ကဲ့၊ အနှစ် နှစ်ဆယ်လောက်..."

မာရူးက သူ့အမှားကို သတိထားမိသွားပြီး ချောင်းဟန့်လိုက်တယ်။

"မင်း အနှစ် နှစ်ဆယ်လို့ ပြောလိုက်တာ မဟုတ်လား"

"မဟုတ်ပါဘူး၊ ဆရာမ နားကြားမှားတာ ဖြစ်မှာပါ"

"အင်းလေ၊ ထားလိုက်ပါတော့"

အဲဒီအချိန်မှာတော့ ပြဇာတ်ရုံတစ်ခုလုံး လူသူကင်းရှင်းသွားပါပြီ။ မီဆိုက ပြဇာတ်ရုံရဲ့ ရှေ့ဆုံးတန်းက ခုံတစ်ခုဆီ လျှောက်သွားတယ်။ မာရူးလည်း သူမနဲ့အတူ ထိုင်လိုက်တာပေါ့။ ခဏလောက် စောင့်ပြီးတဲ့နောက်မှာတော့ သရုပ်ဆောင်တွေဟာ သူတို့ဆီကို လျှောက်လာကြတယ်။

"စီနီယာ၊ ရောက်နေတာလား အထူးသဖြင့် အခုလို အချိန်မျိုးမှာ "

သူကတော့ အဖေခန်းက သရုပ်ဆောင်တဲ့သူပဲ။ တခြား သရုပ်ဆောင်တွေလည်း သူမကို မြင်ရတော့ အတော်လေး ဝမ်းသာသွားကြပုံရတယ်။ အင်း... တစ်ယောက်ကလွဲရင်ပေါ့။

"ကြ-ကြိုဆိုပါတယ် "

အမျိုးသား သရုပ်ဆောင် တစ်ယောက်ကတော့ သိသိသာသာကို စိတ်လှုပ်ရှားနေတယ်။ မီဆိုက သူ့ကို ပြုံးပြလိုက်ပြီး 'တို့တွေ နည်းနည်း ပိုပြီး ရင်းနှီးဖို့ အချိန်တန်ပြီ မဟုတ်လား' လို့ ပြောနေသလိုပဲ။

"မင်းတို့အားလုံး အဆင်ပြေနေပုံရပါတယ်၊ ပြဇာတ်က ပျော်စရာ ကောင်းတယ်"

"အဲဒါကတော့ စီနီယာ သင်ပေးခဲ့တာကြောင့်ပါပဲ။ ဒါနဲ့ တကယ်ပဲ စီနီယာ ဒီကို ဘာလို့ ရောက်လာတာလဲ တို့ကို မုန့်ကျွေးမလို့လား "

"မုန့်ကျွေးဖို့ဆိုရင်တော့ ငါ နည်းနည်း နောက်ကျမှ လာမှာပေါ့။ တကယ်တော့..."

မီဆိုက စကားကို ခဏရပ်ပြီး မာရူးကို စိုက်ကြည့်လိုက်တယ်။

"ဘာဖြစ်လို့လဲ"

"စင်ပေါ်ကို တစ်ချက်လောက် တက်ကြည့်ချင်လား"

"ဘယ်ကိုလဲ"

"စင်ပေါ်ကိုလေ၊ သိသာနေတာပဲ"

မီဆိုက ခုနလေးတင် သရုပ်ဆောင်တွေ ရှိနေတဲ့ စင်ကို လက်ညှိုးထိုးပြလိုက်တယ်။ သရုပ်ဆောင်တွေကလည်း မာရူးအတွက် လမ်းဖယ်ပေးရင်း ခေါင်းကို တညိတ်ညိတ် လုပ်နေကြတာပေါ့။

"သူမက မင်းကို မျက်စိကျနေတာပဲ၊ ဟုတ်တယ်မလား"

"သနားစရာ ကလေးလေး"

"ကံကောင်းပါစေကွာ"

ဒါမျိုးက အရင်တုန်းကလည်း ခဏခဏ ဖြစ်ခဲ့ဖူးပုံရတယ်။ မာရူးက သရုပ်ဆောင်တွေဘက်ကို လှည့်ကြည့်လိုက်တယ်။ သူတို့တွေက ပရိသတ်ခုံတွေမှာ နေရာယူလိုက်ကြပြီ။ ဒါဆို... သရုပ်ဆောင်က ဘယ်သူလဲ

"တက်သွားလေ"

မီဆိုက သူ့ကို တက်သွားဖို့ လက်ဟန်ပြနေတယ်။ ကံမကောင်းလိုက်တာ။ မာရူး ခဏလောက် တွန့်ဆုတ်နေပေမဲ့ စင်ပေါ်ကိုပဲ တက်သွားလိုက်တော့တယ်။ သူမကို ငြင်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်မှ မရှိတာ။

စင်ပေါ်ကို ရောက်သွားတဲ့အခါ စင်က အောက်က ကြည့်တာထက် အများကြီး ပိုကျယ်နေတယ်။ ပရိသတ်ခုံတွေကလည်း အများကြီး ပိုကြီးနေသလိုပဲ။

"ဘယ်လိုနေလဲ" မီဆိုက မေးလိုက်တယ်။

"ကျွန်တော် ထင်ထားတာထက် ပိုကြီးတာပဲ"

"ဟုတ်တယ် မဟုတ်လား အောက်က ကြည့်ရင်တော့ တော်တော်လေး သေးတယ်လို့ ထင်ရတာ မဟုတ်လား "

"ဟုတ်ကဲ့"

မီဆိုက ဂုဏ်ယူတဲ့ အမူအရာနဲ့ ခေါင်းညိတ်လိုက်တယ်။

"စင်မြင့်ကို နေရာလပ်မရှိအောင် ဖြည့်ထားဖို့က တို့ရဲ့ အလုပ်ပဲ။ အကယ်၍ အဲဒီစင်က ပရိသတ်အမြင်မှာ ဗလာကြီး ဖြစ်နေတယ်ဆိုရင် အဲဒါ သရုပ်ဆောင်တွေ အလုပ်ကောင်းကောင်း မလုပ်လို့ပဲ"

"နားလည်ပါပြီ"

မာရူး အဲဒါကို မြင်နိုင်ပါတယ်။ ပြဇာတ် ကပြနေတုန်းမှာ စင်က ဗလာကြီး ဖြစ်နေတယ်လို့ သူ တစ်ခါမှ မခံစားခဲ့ရဘူး။ တစ်နည်းအားဖြင့် ပြောရရင် မီဆိုက သူမရဲ့ ဂျူနီယာတွေရဲ့ အရည်အချင်းကို ချီးကျူးလိုက်တာပါပဲ။

"ကဲ... ဒါဆိုရင်တော့"

သူမက စကားကို စလိုက်တယ်။

မီဆိုက မာရူးဆီကို ဇာတ်ညွှန်းစာအုပ် တစ်အုပ် လှမ်းပစ်ပေးလိုက်ရာ သူက လက်နှစ်ဖက်နဲ့ ဖမ်းယူလိုက်တယ်။

"မီးတွေ ဖွင့်ပေးပါဦး"

သရုပ်ဆောင် တစ်ယောက်က မီးထိန်းခန်းထဲကို ဝင်သွားတယ်။ ပြဇာတ်ရုံတစ်ခုလုံး မှောင်သွားပြီး သူ ရပ်နေတဲ့ နေရာမှာတင် မီးမောင်းထိုးလိုက်တော့တယ်။

"တစ်ချက်လောက် ဖတ်ကြည့်ချင်လား" မီဆိုက မေးလိုက်တယ်။

"ဒီမှာလား"

"အင်း"

မာရူးက ဇာတ်လမ်းကွက်တွေကို ခဏလောက် စိုက်ကြည့်နေပြီးမှ မေးခွန်းတစ်ခု မေးလိုက်တယ်။

"ဘာဖြစ်လို့လဲ"

"...ဒီအတိုင်းပဲ လုပ်လိုက်လို့ မရဘူးလား"

"လုပ်ဖို့အတွက် အကြောင်းပြချက်တစ်ခု လိုအပ်တယ်လေ"

"ဒါပေမဲ့ မင်း ကျောင်းမှာတုန်းကတော့ အမြဲ လုပ်နေကျပဲ မဟုတ်လား"

"အဲဒါကတော့ တခြားကျောင်းသားတွေ လေ့ကျင့်ဖို့အတွက် အထောက်အကူ ဖြစ်စေလို့ပါ"

သူ့ကို ပြဇာတ်ကြည့်ဖို့ ခေါ်လာပေးတဲ့အတွက် သူမကို သူ ကျေးဇူးတင်ပါတယ်။ အဲဒီလို အားရပါးရ မရယ်ဖြစ်တာ တော်တော်ကြာနေပြီကိုး။ ဒါပေမဲ့ စင်ပေါ်မှာ သူမအတွက် ဘာလို့ ဇာတ်ညွှန်းဖတ်ပြရမှာလဲဆိုတာကိုတော့ သူ နားမလည်နိုင်ဘူး။ မီဆိုကတော့ ဒါကို တော်တော်လေး ဇွတ်လုပ်ခိုင်းနေတာပဲ။

"မင်းကတော့ တကယ်ကို အရှုံးမပေးချင်ဘူးပဲနော်၊ တကယ့် အထက်တန်းကျောင်းသားတွေပါပဲ"

မီဆိုက သူမရဲ့ ဂျူနီယာတွေဘက်ကို စိတ်တိုတိုနဲ့ လှည့်လိုက်တယ်။ ဒါပေမဲ့...

"လုပ်ပါ စီနီယာ "

"ဟုတ်တယ်၊ သူမကို ပြလိုက်စမ်းပါ "

"မိုက်တယ် "

သူတို့တွေလည်း မီဆိုဆီကနေ တော်တော်လေး အနှိမ်ခံခဲ့ရပုံပဲ။ မီဆိုက 'ဒီ လူအတွေ' လို့ လေသံတိုးတိုးနဲ့ ဆဲလိုက်တဲ့အခါကျမှ သူတို့တွေ ပါးစပ်ပိတ်သွားကြတော့တယ်။

"ဒါဟာ ကလပ်လှုပ်ရှားမှုတွေရဲ့ တိုးချဲ့မှု တစ်ခုပဲ"

"ကျွန်တော်က စင်မြင့်မန်နေဂျာလေ"

"မင်းရဲ့ အလုပ်က ဒီအကြောင်းနဲ့ ပတ်သက်တဲ့ မင်းရဲ့ ခံစားချက်တွေကို တခြား အဖွဲ့ဝင်တွေကို ဖော်ပြဖို့ပဲ။ အဲဒါဆိုရင်ကော လုံလောက်ပြီလား"

မလုံလောက်ပါဘူး၊ တကယ်တော့ လုံးဝ မလုံလောက်တာပါ။ မာရူးကတော့ အငြင်းအခုန်တွေကို ထပ်ပြီး မရှည်ချင်တော့တာကြောင့် ဇာတ်ညွှန်းကိုပဲ ဖွင့်လိုက်တယ်။ ကျောင်းကိုပဲ ပြန်ချင်နေတာကြောင့် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပထမဆုံး စာကြောင်းကို စပြီး ဖတ်လိုက်တော့တယ်။

"အဲဒါ သူ၏ အပြစ်သာ ဖြစ်သည်"

ဇာတ်ညွှန်းဖတ်ခြင်း စတင်ပါပြီ။

* * * * * * * * *

All Chapters