အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း(၃၅)
မာရူးက သူ စတင်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ဇာတ်ညွှန်းတွေကို အရှိန်နဲ့ ဖတ်သွားတော့တယ်။ သူ့မျက်လုံးတွေက ရှေ့မှာရှိတဲ့ စာရွက်ပေါ်မှာပဲ စွဲမြဲနေခဲ့တယ်။ ကလေးတစ်သိုက်ကို ပုံပြင်ပြောပြနေသလိုမျိုး စကားကို ဖြည်းဖြည်းချင်း ပြောသွားတာ။ သူ့ရဲ့ အသံထွက်ကလည်း တော်တော်လေး ကောင်းမွန်လှတယ်။ နည်းနည်းတော့ တိုးနေပေမဲ့ ဒါကတော့ အချိန်နဲ့အမျှ ပြင်ဆင်လို့ ရနိုင်တဲ့ အရာမျိုးပါပဲ။
“ဘယ်လိုလဲ ”
မီဆိုက လှည့်ကြည့်လိုက်တယ်။
“ဘာကိုလဲ ”
သရုပ်ဆောင်တစ်ယောက်က မေးလိုက်တယ်။ သူ့ရဲ့လေသံထဲမှာ ဇဝေဇဝါဖြစ်နေတာ သိသိသာသာကို ပေါ်လွင်နေတာ။
“ဒီကောင်လေးကို ဘယ်လိုမြင်လဲလို့ ”
“အင်း... သူက အဆင်ပြေပါတယ်။ စကားပြောတာတော့ အတော်လေး ကောင်းသားပဲ"
“မင်းကရော ”
“သူ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ထူးထူးခြားခြားတော့ မဟုတ်လှပါဘူး"
မီဆို လှည့်ကြည့်လိုက်တဲ့အခါ ကျန်တဲ့သူတွေကလည်း ဒီလိုပဲ တညီတညွတ်တည်း ပြောကြတာပေါ့။ သူ့မှာ ထူးခြားချက် ဘာမှမရှိဘူးလို့ပဲ မြင်ကြတယ်။
“မာရူး"
“ဗျာ ”
မာရူးက သိသိသာသာကို စိတ်ပျက်နေတဲ့လေသံနဲ့ ပြန်ထူးလိုက်တယ်။
“ဇာတ်ညွှန်းကို ကြည့်နေတာ ခဏလောက် ရပ်ပေးလို့ ရမလား ဖတ်နေရင်းနဲ့ ငါတို့ကိုပဲ မျက်နှာမူထားစမ်းပါ"
“တကယ်ပဲ... ဒါတွေ ဘာလို့ လုပ်ခိုင်းနေရတာလဲ ”
“လုပ်သာလုပ်စမ်းပါကွာ၊ နော်။ ငါ မုန့်ဝယ်ကျွေးမယ်"
“ကျွန်တော်က မုန့်မစားချင်ဘူးဆိုရင်ကော ”
“မင်းက ငါ့ကို စမ်းသပ်နေတာလား ”
“...ကဲပါ၊ လုပ်ပါ့မယ်"
မာရူးက ပရိသတ်ဘက်ကို ခေါင်းမော့လိုက်တယ်။ မီဆို စောင့်ကြည့်နေတာပေါ့။ ဇာတ်ညွှန်းကိုပဲ ကြည့်နေတာနဲ့ ပရိသတ်ကို ကြည့်တာက ကွာခြားချက် ကြီးမားလွန်းပါတယ်။ မျက်လုံးချင်းဆုံဖို့ ကြိုးစားတာက သရုပ်ဆောင်တစ်ယောက်အတွက် ဖိအားတွေ အများကြီး ဖြစ်စေတာလေ။
သရုပ်ဆောင်တစ်ယောက်ရဲ့ အာရုံက ပရိသတ်ထိုင်ခုံတွေဆီ ရောက်သွားတာနဲ့ တစ်ပြိုင်နက် မရေမတွက်နိုင်တဲ့ အချက်အလက်လေးတွေက သူ့ရဲ့ခေါင်းထဲကို ဝင်ရောက်လာတော့တာပဲ။ ဒါဟာ သရုပ်ဆောင်တစ်ယောက် အမှားလုပ်မိဖို့ အများဆုံး အကြောင်းရင်းတစ်ခုပါပဲ။
ဒါဆိုရင်... မာရူးကရော ဘယ်လိုနေမလဲ ဒီလို အခြေအနေတွေကြားထဲမှာတောင် သူ တည်တည်ငြိမ်ငြိမ်နဲ့ ဖတ်နိုင်ပါ့မလား စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ မာရူးရဲ့ နှုတ်ခမ်းတွေ စလှုပ်ရှားလာတယ်။ သူက သူ့ရဲ့ဇာတ်ညွှန်းကို အောက်ချထားပြီး သူ့မျက်လုံးတွေကတော့ မီဆိုရဲ့ မျက်လုံးတွေပေါ်မှာ တည့်တည့်ရှိနေခဲ့တယ်။
မီဆို ရယ်လိုက်မိတယ်။ ဒီကောင်လေးက ပရိသတ်ကို ကြည့်ပြီးမှ ပိုပြီးတော့တောင် တည်ငြိမ်လာတာကိုး။ သူက ပရိသတ်ကိုလည်း တပြေးညီ လိုက်ကြည့်ပေးနေသေးတယ်။ ဒီလိုတွေ လုပ်ပေးဖို့ သူမ မတောင်းဆိုခဲ့ပေမဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းနေတာ။
“တစ်ခါမှ လေ့ကျင့်မထားတဲ့ ကောင်လေးတစ်ယောက်က ဒီလိုမျိုး ပြောနိုင်မယ်လို့ တကယ်ပဲ ထင်လား ” သူမက သူမရဲ့ ဂျူနီယာတွေကို တိုးတိုးလေး မေးလိုက်တယ်။
“နေပါဦး၊ ဒါ သူ့အတွက် ပထမဆုံးအကြိမ်လား ”
“အင်း"
“အို... ဒါဆိုရင်တော့ အရာအားလုံးက ပြောင်းလဲသွားပြီ။ သူက လေ့ကျင့်ထားပြီးသားလို့ ကျွန်တော် ထင်ခဲ့တာ။ အဲဒါကြောင့်ပဲ ထူးထူးခြားခြား မရှိဘူးလို့ ပြောခဲ့တာပေါ့"
“ကျွန်တော်လည်း အတူတူပဲ"
“ကျွန်တော်လည်းပဲ"
ဒီသရုပ်ဆောင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နယ်ပယ်မှာတော့ ကျွမ်းကျင်သူတွေပါပဲ။ ဒါကြောင့်လည်း မာရူး စင်ပေါ်တက်လာတဲ့အခါ ဘာမှမထူးခြားဘူးလို့ မြင်ခဲ့ကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်မှန်း သိလိုက်ရတဲ့အခါမှာတော့ စင်ပေါ်က မာရူးရဲ့ အမူအရာဟာ ချီးကျူးစရာကလွဲလို့ တခြားပြောစရာ မရှိတော့ပါဘူး။
“ဒါဆို ဒီနှစ်ပြိုင်ပွဲအတွက် သူက အဓိကပြယုဂ် ဖြစ်လာမှာလား ”
“မဟုတ်ဘူး"
“ဒါဆို ဘာလဲ ”
“သူက စင်မြင့်မန်နေဂျာသက်သက်ပဲလေ"
“စင်မြင့်မန်နေဂျာသက်သက် ဟုတ်လား ”
“အင်း"
“ဒါဆို ဘာလို့ သူ့ကို ဒါတွေ ခိုင်းနေရတာလဲ သူကြည့်ရတာ ဒါတွေ လုပ်ချင်ပုံလည်း မရဘူး"
“အဲဒါပဲလေ။ သူကြည့်ရတာ တစ်ဝက်လောက်တော့ လုပ်ချင်နေတဲ့ပုံပဲ။ သူ့ဘေးမှာ ခဏလောက် နေကြည့်ရင် ငါ သိနိုင်ပါတယ်"
မီဆိုက စကားပြောရင်း မာရူးကို နောက်တစ်ခေါက် လှမ်းကြည့်လိုက်တယ်။ ဒီကောင်လေးကို နားလည်ဖို့ ခက်ခဲလှပေမဲ့ သူ့အကြောင်း တစ်ခုတော့ သူမ သိသွားပါပြီ။ တစ်ယောက်ယောက်ကသာ သူ့ကို လမ်းညွှန်ပြသပေးလိုက်ရင် သူဟာ ဘယ်တော့မှ ရပ်တန့်မသွားဘဲ ရှေ့ကိုပဲ ဆက်သွားနေမယ့်သူမျိုးပါ။
“ငါ လောဘတက်မိသွားတာ။ သူ့လို ကလေးတွေကို သရုပ်ဆောင်ခိုင်းရတာ ငါ ဝါသနာပါမှန်း မင်းတို့လည်း သိသားပဲ"
“ဟုတ်ကဲ့။ အဲဒါက ခင်ဗျားရဲ့ ထူးထူးဆန်းဆန်း ဝါသနာပဲ။ ခင်ဗျားကြောင့် ကလေး တော်တော်များများ ‘ဟျဲဟွာရဲ့ တစ္ဆေတွေ’ ဖြစ်ကုန်ကြတာလေ။ နောက်ဆုံးတော့ ကျွန်တော့်ကိုတောင် အဲဒီလို ဖြစ်အောင် လုပ်ခဲ့တာ မဟုတ်လား ”
“ဒါနဲ့ မင်း နောင်တရနေတာလား ”
ဂျူနီယာ သရုပ်ဆောင်လေးက ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်တယ်။
“အသက်မဲ့နေတဲ့ ဝိညာဉ်တစ်ခုအနေနဲ့ လူ့ပတ်ဝန်းကျင်ထဲ ရောက်နေမယ့်အစား ဒီမှာပဲ တစ္ဆေတစ်ကောင်လို နေရတာက ပိုကောင်းပါတယ်"
“ဟုတ်တယ်၊ အဲဒါကြောင့်ပဲ ငါ မင်းကို ဒီခေါ်လာတာပေါ့။ မင်းတို့လို လူမျိုးတွေက သရုပ်ဆောင်ရမယ်။ မဟုတ်ရင် မင်းတို့ဘဝက လုံးဝကို အဓိပ္ပာယ်မရှိဘဲ ဖြစ်နေမှာ"
“ခင်ဗျား စကားပြောတဲ့ ပုံစံကတော့...”
“ဘာလဲ မကြိုက်ရင် မင်းလည်း ငါ့ရဲ့ စီနီယာ လုပ်လိုက်လေ"
“ရပါတယ်ဗျာ။ အဲဒါက ပိုတောင် ပင်ပန်းဦးမယ်။ အဲဒါက တကယ့်ကို ဆိုးရွားတဲ့ ဘဝကြီးလို့ မထင်ကြဘူးလား သူငယ်ချင်းတို့ ”
ကျန်တဲ့သူတွေက အားရပါးရ ခေါင်းညိတ်ပြလိုက်ကြတော့ မီဆိုဆီက မျက်စောင်းနောက်တစ်ချက် ထပ်ရတာပေါ့။
“ဘုရားရေ... မင်းတို့အားလုံးကို ကြည့်စမ်းဦး။ မင်းတို့ကတော့ ကိုယ့်ခြေကိုယ့်လက်တောင် မသိကြတော့ဘူးပဲ"
“ကျွန်တော်တို့ ကြီးပြင်းလာပြီလို့ ဆိုလိုတာပါ"
မီဆိုကတော့ သူတို့ရဲ့ တုံ့ပြန်မှုကို လုံးဝ မမုန်းပါဘူး။ တကယ်တော့ သူမက ဒါကို သဘောတောင် ကျနေပါသေးတယ်။ ဂျူနီယာတွေက ဂျူနီယာအဖြစ်ပဲ အမြဲတမ်း ရှိနေစရာ အကြောင်းမရှိဘူးလေ။ သူတို့မှာ သူတို့ရဲ့ စီနီယာတွေကို ကျော်တက်ပြီး ပြိုင်ဘက်တွေကို အနိုင်ယူနိုင်တဲ့ အခွင့်အရေး အပြည့်အဝ ရှိပါတယ်။ မီဆိုက အရင်တုန်းက သူမရဲ့ ဂျူနီယာတွေကို ပြောခဲ့တဲ့ စကားတစ်ခွန်းကို ပြန်သတိရလိုက်မိတယ်။
‘မင်းတို့မှာ အရည်အချင်းတွေ ရှိလာပြီဆိုရင် မာနလည်း ရှိဖို့ လိုတယ်။ အဲဒီလိုရှိမှ စီနီယာတွေက သူတို့ရဲ့ နေရာတွေအတွက် စိုးရိမ်လာပြီး ပိုပြီး တိုးတက်အောင် လုပ်ကြမှာ။ အဲဒါကြောင့်ပဲ မင်းတို့တွေက ကြိုးကြိုးစားစား လေ့လာပြီး ငါ့ကို ဒီပြဇာတ်ရုံကနေ မောင်းထုတ်နိုင်အောင် လုပ်ကြစမ်းပါ။ အဲဒါက မင်းတို့ ဂျူနီယာတွေအနေနဲ့ ငါ့ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပဲ။’
အခုဆိုရင် ဒီပြဇာတ်ရုံမှာ သူမအတွက် နေရာ မရှိတော့ပါဘူး။ မိုးပြာရောင် ရဲ့ ပရိသတ်တွေကလည်း သူမကို လာကြည့်ကြတာ မဟုတ်တော့ဘဲ သူမရဲ့ ဂျူနီယာတွေကိုပဲ လာကြည့်ကြတာ ဖြစ်သွားပါပြီ။
“ဒါနဲ့ စီနီယာ၊ စီနီယာ့ရဲ့ အသက်က အသက် ၃၀ ပြည့်တော့မယ်လို့ ကြားတယ်၊ တကယ်ပဲလား ”
“မင်း သေချင်နေတာလား ”
“လုပ်ပါ စီနီယာကလည်း၊ နောက်တာပါဗျာ"
ဂျူနီယာတွေက ရယ်မောကြတော့တယ်။ မီဆိုက သူမရဲ့ စကားတွေကို ပြန်ရုပ်သိမ်းလိုက်မိတယ်။ ဒီကောင်တွေက သူမကို ကျော်တက်ဖို့ လိုသေးတာပဲ။ အဲဒီအချိန်မှာပဲ မာရူးက သူ့ရဲ့ ဖတ်ကြားခြင်းကို အဆုံးသတ်လိုက်တယ်။
သူက လုံးဝ ရပ်တန့်မသွားခဲ့သလို၊ စကားထစ်တာမျိုး ဒါမှမဟုတ် အသက်ရှူမမှန်တာမျိုးလည်း မရှိခဲ့ပါဘူး။ အစကနေ အဆုံးအထိ ဇာတ်ညွှန်းတစ်ခုလုံးကို တကယ့်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဖတ်သွားခဲ့တာ။
မီဆို စတင်ပြီး တွေးတောမိသွားတယ်။
ဒီကောင်လေး သရုပ်ဆောင်တာကို တကယ် စလုပ်တဲ့အခါကျရင် ဘယ်လိုများ ဖြစ်နေမလဲ
ဖတ်ကြားမှု အစီအစဉ် ပြီးဆုံးသွားတဲ့အခါ မီဆိုက ဘာစကားမှ မပြောဘဲ သူမရဲ့ ကားဆီကို လျှောက်သွားတော့တယ်။ မာရူးလည်း ကျောင်းကို ပြန်ရတော့မယ်ဆိုတဲ့ အသိနဲ့ စိတ်သက်သာရာရစွာ နောက်ကနေ လိုက်သွားတာပေါ့။
* * * * * * * * *
သူ ထွက်ခွာသွားတဲ့အချိန်မှာ သရုပ်ဆောင်တွေက တစ်ဦးမကျန် သူ့ကို အားပေးစကားတွေ ပြောခဲ့ကြတယ်။ စင်ပေါ်ကနေ ဇာတ်ညွှန်းတစ်ခုကို ဖတ်ကြည့်ရတာက မဆိုးတဲ့ အတွေ့အကြုံပါပဲ။ အာရုံစိုက်မှုကို ခံရတဲ့ အဲဒီခံစားချက်က... တစ်မျိုးတော့ စိတ်လှုပ်ရှားဖို့ ကောင်းသား။ ဒါပေမဲ့ သူကတော့ အပြင်ပန်းမှာ မပြခဲ့ပါဘူး။ သူ့ရဲ့ ပျော်ရွှင်မှုကို မီဆိုကို မသိစေချင်ဘူးလေ။
“မင်း သရုပ်ဆောင်စေချင်တယ်၊” မီဆိုက ကားစီယာတိုင်ကို ကိုင်ရင်း ပြောလိုက်တယ်။
သူမက တည့်တည့်ကြီးကို ပြောချင်တာကို ပြောချလိုက်တာ။ မာရူးက ဒီလို ပွင့်လင်းလွန်းတဲ့ လူမျိုးတွေကို ကိုင်တွယ်ရတာ သိပ်ပြီး မကျွမ်းကျင်လှဘူး။
“ရုတ်တရက်ကြီး...”
“ရုတ်တရက်ကြီး ဖြစ်ရမလား။ ငါတို့ ခေါင်မိုးပေါ်မှာ စကားပြောကတည်းက ငါ မင်းကို အရိပ်အမြွက်တွေ ပေးနေတာပဲ။ မင်း ကလပ်ကို ခဏခဏ လာတယ်။ မင်း ဒီမှာ လုပ်တဲ့ လှုပ်ရှားမှုတွေကို တကယ်ပဲ ပျော်နေတာ သိသာပါတယ်။ တခြား အဖွဲ့ဝင်တွေကို ကြည့်နေရတာကိုလည်း မင်း သဘောကျနေတာပဲ"
“အဲဒါတော့ မှန်ပါတယ်"
“ဒါဆို ဘာလို့ မပါဝင်တာလဲ ကလပ်ထဲကို ခြေတစ်လှမ်း ထပ်တိုးလိုက်ရုံပဲလေ"
“ပြဿနာက အဲဒီ ခြေတစ်လှမ်းရဲ့ အတိုင်းအတာပဲ"
“ဘာကို ဆိုလိုတာလဲ ”
“မင်း ပေးဆပ်ရမယ့် အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေပေါ့"
“...”
မာရူး ခဏလောက် စဉ်းစားနေမိတယ်။ သူ့ရှေ့က အမျိုးသမီးဟာ သရုပ်ဆောင်လောကအကြောင်း ဘာမှမသိဘဲနဲ့ မထင်မှတ်ဘဲ ဒီလောကထဲကို ရောက်ရှိလာခဲ့ပြီး အောင်မြင်မှုတွေ အများကြီး ရရှိခဲ့တဲ့သူပါ။ သူမရဲ့ ကားကို ကြည့်ရုံနဲ့တင် သူမ ဘယ်လောက်အထိ ဝင်ငွေကောင်းနေလဲဆိုတာ သိသာလှပါတယ်။ ဖြစ်နိုင်တာက သူမဟာ မာရူး အိပ်မက်မက်ခဲ့တဲ့ ဘဝမျိုးမှာ ရှင်သန်နေတာလည်း ဖြစ်နိုင်တယ်။
ဘာအဟန့်အတားမှ မရှိဘဲ ကိုယ့်ရဲ့ အိပ်မက်နောက်ကိုပဲ လိုက်နေတဲ့ ဘဝမျိုး။ ဖြစ်နိုင်ရင် သူမရဲ့ အကြောင်းတွေကို နားထောင်ကြည့်တာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဖြစ်မလား သူမက အသက်အရွယ်အရ သူ့ထက် ငယ်တာတော့ မှန်ပေမဲ့ အဲဒါက သူမရဲ့ ဘဝပုံပြင်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။
“ဆရာမ”
“ဘာလဲ ”
“သရုပ်ဆောင်ဖြစ်ခဲ့တာကို နောင်တရဖူးလား ”
“နောင်တလား ”
“အေး”
မီဆိုက ကားကို ခဏ ရပ်လိုက်တယ်။ သူမက စီယာတိုင်ကို လက်နဲ့ပုတ်ရင်း ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်နေတယ်။ ဖြစ်နိုင်တာက သူမ အတိတ်က တစ်စုံတစ်ရာကို ပြန်သတိရနေတာလည်း ဖြစ်မှာပါ။
“ဒါပေါ့၊ ရဖူးတာပေါ့။ အကြိမ်ပေါင်း မနည်းပါဘူး။ ငါက သရုပ်ဆောင်ကျောင်းကို တက်ချင်ခဲ့ပေမဲ့ ငါ့မိသားစုက မတတ်နိုင်ခဲ့ဘူး။ သင်တန်းတက်ဖို့လည်း ပိုက်ဆံမရှိဘူး။ အဲဒါကြောင့် ငါ ဒီကို လာခဲ့တာ။ ဟျဲဟွာကိုပေါ့၊ အဲဒီမှာဆိုရင် ငါ အောင်မြင်နိုင်မယ်လို့ ထင်ခဲ့တာလေ။ ငါက အမျိုးသားအဆင့် ပြိုင်ပွဲတွေမှာတောင် ဆုရခဲ့ဖူးတာပဲ။ ဘွဲ့တွေ၊ ပညာရေးတွေက ဘာမှ မအရေးမကြီးဘူးလို့ ငါ ထင်ခဲ့တာ"
မီဆိုက သူမရဲ့ ဆံပင်ရွှေဝါရောင်တွေကို နောက်ကို သပ်တင်လိုက်တယ်။
“အဲဒါနဲ့ပဲ ငါ တွေ့တဲ့ ပထမဆုံး ပြဇာတ်ရုံကို သွားခဲ့တာ။ ချက်ချင်းပဲ အငြင်းခံလိုက်ရတယ်။ သူတို့ ငါ့ကို လူတွေ့စစ်ဆေးဖို့တောင် မစဉ်းစားခဲ့ကြဘူး။ အဲဒီတော့ ငါ တကယ့်ကို ဆင်းရဲတဲ့ ပြဇာတ်ရုံတစ်ခုကို သွားကြည့်ခဲ့တယ်။ သူတို့က ငါ့ကို သရုပ်ဆောင်အဖြစ် လက်ခံလိမ့်မယ်လို့ ထင်ခဲ့တာပေါ့။ သူတို့က ငါ့ကို သန့်ရှင်းရေးသမားအဖြစ် စလုပ်မှပဲ လက်ခံနိုင်မယ်လို့ ပြောခဲ့ကြတယ်။ အဲဒါနဲ့ ငါက အနည်းဆုံး ပြဇာတ်တစ်ခုလောက်မှာ ပါခွင့်ရမလားလို့ မေးကြည့်ခဲ့တယ်။ သူတို့ ငါ့ကို ဘာပြန်ပြောလဲ သိလား ”
“ဘာပြောလို့လဲ ”
“နေရာတိုင်းမှာ ငါ့ထက် အရည်အချင်းရှိတဲ့ ကလေးတွေ အများကြီး ရှိနေရက်နဲ့ မင်းကို ဘာကြောင့် ငှားရမလဲဆိုတဲ့ အကြောင်းပြချက်တစ်ခု ပေးပါတဲ့။ အဲဒီစကားက ငါ့ကို ချက်ချင်း ပါးစပ်ပိတ်သွားစေခဲ့တာပဲ"
မီဆိုက ခါးသီးစွာ ပြုံးလိုက်တယ်။
“မင်း ဒီစကားလုံးကို ကြားဖူးတယ်မလား ‘ဟျဲဟွာဘူတာရုံရဲ့ တစ္ဆေတွေ’ ဆိုတာ ”
မာရူး ခေါင်းညိတ်လိုက်တယ်။ ဒီစကားလုံးကို သူ ကောင်းကောင်း သိတာပေါ့။ သရုပ်ဆောင်ရမှာကို လက်မလွှတ်နိုင်ကြဘဲ အောင်မြင်မှုနောက်ကို လိုက်ရင်း ဘူတာရုံမှာပဲ လေလွင့်နေကြတဲ့ သရုပ်ဆောင်တွေကို ခေါ်တာလေ။ သူတို့ရဲ့ ဝါသနာကြောင့် ဘူတာရုံကနေ မထွက်ခွာနိုင်ကြတော့တဲ့ သူတို့တွေဟာ တစ္ဆေတွေပါပဲ။
“သရုပ်ဆောင်လို့ အခေါ်ခံရတာကတော့ နားထောင်လို့ ကောင်းတာပေါ့။ ပြဿနာက ဒီ ‘တစ္ဆေတွေ’ ဟာ တကယ်တမ်းကျတော့ တော်တော်လေးကို တော်တဲ့သူတွေ ဖြစ်နေတာပဲ။ ဒီမှာ ပြဇာတ်ရုံတွေ အများကြီး ရှိပေမဲ့ သရုပ်ဆောင်တွေက အဲဒီထက် အများကြီး ပိုများနေတာ။ ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်လွန်းတယ်။ နာမည်ကြီးတဲ့ ပြဇာတ်ရုံတစ်ခုမှာဆိုရင် ပြဇာတ်တစ်ခုအတွက် လူတွေ့စစ်ဆေးတာကို ရာနဲ့ချီတဲ့သူတွေ လာကြတာ။ ပြဇာတ်ရုံ သေးသေးလေးတွေတောင်မှ အထက်တန်းအောင်ထားရုံလောက်နဲ့ သရုပ်ဆောင်အဖြစ် လက်ခံမှာ မဟုတ်ဘူး"
ကြည့်ရတာ ဒီအမျိုးသမီးရဲ့ ဘဝဟာ မာရူး ပထမဆုံး တွေးထားခဲ့သလိုမျိုး ပန်းခင်းလမ်းတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ အထက်တန်းကျောင်းက သရုပ်ဆောင်မှုဆိုတာကတော့ နောက်ဆုံးမှာ အထက်တန်းကျောင်းသားတွေရဲ့ အပျော်တမ်း အချိန်ဖြုန်းမှုသက်သက်ပါပဲ။ ကျွမ်းကျင်သူတွေရဲ့ လောကနဲ့တော့ ယှဉ်လို့မရပါဘူး။
“ဒါနဲ့ သင်တန်းတွေ၊ ကျောင်းတွေ မတက်နိုင်ခဲ့တော့ ဘာလုပ်ခဲ့လဲ ”
သူ သိချင်လာတယ်။ ဒီလို အခြေအနေမျိုးမှာ လူတစ်ယောက်က ဘာတွေလုပ်နိုင်မှာပါလိမ့်
“ငါလား ”
“ဟုတ်ကဲ့"
“အဲဒီအချိန်တုန်းက ငါ့ရဲ့ အိပ်မက်က သရုပ်ဆောင်ဖြစ်ဖို့ပဲ။ ဒါမပါဘဲ ငါ မရှင်သန်နိုင်ဘူး။ ဒါပေမဲ့ လက်တွေ့ဘဝကတော့ တကယ်ကို စုတ်ပြတ်နေခဲ့တာ။ ငါ့အဖေက ထွက်ပြေးသွားတယ်၊ မေမေကလည်း နေမကောင်းဘူး၊ အကြွေးရှင်တွေကလည်း ငါ့နောက်ကို အမြဲ လိုက်နေကြတာ။ အဲဒါကြောင့်... ငါ လက်လျှော့လိုက်တယ်"
“လက်လျှော့လိုက်တယ် ဟုတ်လား ”
ဘာလဲ သူမ ဘာကို ဆိုလိုတာလဲ သူမက အခု ဒီမှာ သူမရဲ့ အကောင်းဆုံး ဘဝမှာ ရှင်သန်နေတာ သိသာနေတာပဲ။ သူမရဲ့ အိပ်မက်ကို လက်လျှော့လိုက်တယ် ဟုတ်လား
“ဒါပေါ့၊ ငါ လက်လျှော့လိုက်တယ်။ လက်လျှော့လိုက်ပြီး လက်တွေ့ဘဝနဲ့ လက်ဝှေ့ထိုးသလို တိုက်ခိုက်ခဲ့ရတာပေါ့။ ငါ့ရဲ့ အိပ်မက်ကို လက်လျှော့ခဲ့ပေမဲ့ အဲဒီအကြောင်းကိုတော့ ငါ ဘယ်တော့မှ မတွေးဘဲ မနေခဲ့ဘူး။ ငါ စက်ရုံတစ်ခုမှာ တစ်နှစ်လောက် အလုပ်ဝင်လုပ်ခဲ့တယ်။ အဲဒါက တစ်ဖက်တစ်လမ်းကနေ အဆင်ပြေသွားခဲ့တာပေါ့။ အဲဒီကရတဲ့ ပိုက်ဆံနဲ့ ငါ တစ်ကိုယ်တော် ပြဇာတ်တစ်ခုကို ဖန်တီးခဲ့တယ်"
မီဆိုက မာရူးကို တည့်တည့် စိုက်ကြည့်လိုက်တယ်။
“အဲဒီလိုနဲ့ပဲ ငါ့ရဲ့ စုတ်ပြတ်သတ်နေတဲ့ အိပ်မက်နောက်ကို ငါ ဆက်ပြီး လိုက်နိုင်ခဲ့တာပေါ့"
ပြီးတော့... သူမက ပြုံးလိုက်ပါတော့တယ်။
* * * * * * * * *
အခန်း(၃၆)
အဲဒီ စုတ်ပြတ်သတ်နေတဲ့ အိပ်မက်နောက်ကို လိုက်ဖို့ပေါ့လေ။
အဲဒီစကားစုက မာရူးရဲ့ရင်ကို တော်တော်လေး ထိမှန်သွားစေတယ်။ အထူးသဖြင့် မီဆိုဟာ နောက်ဆုံးမှာ သူမရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်ဆိုတာ သူသိနေတာကြောင့်လည်း ပါတာပေါ့။ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်နိုင်မှသာ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မှာပါ။ မီဆိုဟာ အခုလိုမျိုး မအောင်မြင်ခဲ့ရင်တောင် ဒီစကားကိုပဲ ပြောမှာပဲလို့ မာရူး ခံစားနေမိတယ်။ ခဏလေး စောင့်ပါဦး၊ နောက်တစ်ခါကျရင် ကျိန်းသေ ပိုကောင်းအောင် လုပ်ပြပါ့မယ်။
သူမဟာ ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒီလိုမျိုး ကြံ့ခိုင်မှုကြောင့်ပဲ သူမဟာ လွတ်လွတ်လပ်လပ် ရှင်သန်နိုင်ခဲ့တာပေါ့။ သူမဟာ တခြားသူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်သလို၊ စိတ်အနှောင့်အယှက်ဖြစ်စေဖို့ သက်သက်နဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုလည်း မပြောတတ်ပါဘူး။ သူမ ပြောလိုက်တဲ့စကားက အမြဲတမ်း မှန်ကန်တယ်ဆိုတာကိုလည်း သူမကိုယ်တိုင် ယုံကြည်ချက်အပြည့် ရှိနေတာ။ ဒါပေမဲ့လည်း…
“ခင်ဗျား တော်တော်လေး မိုက်တာပဲ"
“ဟုတ်တယ်မလား ငါလည်း ငါ့ကိုယ်ငါ မိုက်တယ်လို့ ထင်တယ်။ အဲဒါကြောင့်လည်း နင်က…”
“ဒါပေမဲ့ ကျွန်တော်တော့ မသိဘူးဗျာ။ ပြဇာတ်တွေက ပျော်ဖို့ကောင်းပါတယ်၊ စိတ်လည်းဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော် ဖုံးကွယ်ထားခဲ့ပေမဲ့ စင်ပေါ်မှာ ဇာတ်ညွှန်းဖတ်ရတာက တကယ်တော့ အရမ်းပျော်ဖို့ကောင်းခဲ့တာ။ လူတွေရဲ့ အာရုံစိုက်မှုကို ခံရတာက သိပ်ပြီး မဆိုးလှဘူးဆိုတာကိုလည်း ကျွန်တော် သိခဲ့ရတယ်"
“ဒါဆိုရင် ဘာဖြစ်လို့လဲ လုပ်လိုက်ရုံပေါ့"
“လုပ်လိုက်ရုံပေါ့… ခင်ဗျားပြောတာ မှန်ပါတယ်။ ကျွန်တော် လုပ်လိုက်သင့်တာပါ။ ဒါပေမဲ့ ကျွန်တော့်မှာ သတ္တိမရှိဘူး။ ကျွန်တော်က သရုပ်ဆောင်တာကို အရူးအမူးဖြစ်နေတာမျိုး မဟုတ်ဘူး။ အခုချိန်မှာတော့ ဒါကို ဝါသနာတစ်ခုလိုပဲ ထားလိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ ထင်နေတုန်းပဲ"
“ဟေး၊ နင်က ဒါကို ဘာမှတောင် မသိသေးဘဲနဲ့။ နင် တကယ်တမ်း သရုပ်ဆောင်တာကို မစမ်းကြည့်ရသေးဘူးလေ။ နင်က ငယ်သေးလို့ ဒါကို နားမလည်တာ ဖြစ်နိုင်တယ်… အဲ၊ အဲဒီစကားကို ငါ ပြန်ရုပ်သိမ်းလိုက်မယ်။ နင်က အဲဒီလိုပြောလို့မရအောင်ကို ရင့်ကျက်လွန်းနေတာကိုး။ ဘာပဲဖြစ်ဖြစ် နင်တစ်ခု နားမလည်တာရှိတယ်။ သတ္တိမရှိတာ မဟုတ်ဘူး၊ နင် ကြောက်နေတာ မဟုတ်လား ”
“အဲဒီလိုပဲ ထင်တာပါပဲ"
မီဆိုက နားလည်သွားတဲ့ ပုံစံမျိုးနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်တယ်၊ နင်မှာ အဲဒီသတ္တိ မရှိတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ နင် အဲဒီလို ခံစားနေရတာဟာ နင်ကိုယ်တိုင် အတွေ့အကြုံ မရှိသေးလို့ပဲ။ ကြောက်ရွံ့မှုဆိုတာ မသိနားမလည်ခြင်းကနေ လာတာလေ။ နင် တစ်ခါမှ မစမ်းကြည့်ရသေးတဲ့အရာတစ်ခုကို ကြောက်နေတာကတော့ သဘာဝပါပဲ။ ဒါပေမဲ့ တကယ်တမ်း စမ်းကြည့်လိုက်တဲ့အခါမှာတော့ အဲဒါက ထင်သလောက် မကြောက်စရာမကောင်းဘူးဆိုတာ နင် သိမှာပါ။ ဟုတ်တယ်မလား ”
ကြောက်ရွံ့မှုဆိုတာ မသိနားမလည်ခြင်းကနေ လာတာတဲ့။ သူမပြောတာ မှန်ပါတယ်။ သူ မသိတာကြောင့် ကြောက်နေခဲ့တာ။ သရုပ်ဆောင်တာကို တစ်ခါမှ မစမ်းကြည့်ဖူးတာကြောင့် ဘယ်ကနေ စရမှန်းတောင် သူ မသိခဲ့ဘူး။ ခြေစုံပစ်ဝင်ဖို့ သူ တွန့်ဆုတ်နေမိခဲ့တယ်၊ အဲဒီတွန့်ဆုတ်မှုကပဲ ကြောက်ရွံ့မှုအဖြစ်ကို မြန်မြန်ဆန်ဆန် ပြောင်းလဲသွားပြီး သူ့ကို ဝါးမြိုသွားခဲ့တာ။
ဒါပေမဲ့ သူသာ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ အဲဒီအလုပ်ဟာ သူ့အတွက် ကြောက်စရာကောင်းတဲ့အရာ ဖြစ်တော့မှာ မဟုတ်ပါဘူး။ အဲဒါဟာ ပျော်စရာ ဒါမှမဟုတ် ပျင်းစရာကောင်းတဲ့ အရာတစ်ခုခုပဲ ဖြစ်လာတော့မှာပါ။
မီဆို ပြောတာ မှန်ပါတယ်။ ဒါပေမဲ့… သူမဟာ သူ့ကို ရှုထောင့်အမှားကနေ ချဉ်းကပ်နေတာ။
“လူတွေဟာ တစ်ခုခုကို မသိတာကြောင့် ကြောက်တတ်ကြတာ မှန်ပါတယ်။ ဒါပေမဲ့… တစ်ခါတလေကျရင်လည်း အဲဒါက ဘာလဲဆိုတာကို အတိအကျ သိနေတာကြောင့် ကြောက်တတ်ကြတာမျိုးလည်း ရှိတယ်ဗျ"
“သိနေလို့ ကြောက်တာ ဟုတ်လား ”
“ဟုတ်ကဲ့"
“…… .”
“ဒီနေ့ ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ်။ ဒါပေမဲ့ ဒါကို ထပ်ပြီး လုပ်ချင်စိတ်တော့ မရှိသေးဘူးဗျာ။ ကလပ်ကိုတော့ ပုံမှန်အတိုင်းပဲ ဆက်တက်သွားမှာပါ။ ရံဖန်ရံခါလည်း ကူညီပေးမှာပေါ့။ ဒါပေမဲ့ အဲဒီအတွက် ကျွန်တော့်ရဲ့ အချိန်တွေကို အများကြီးတော့ မရင်းနှီးချင်ဘူး။ ကျွန်တော့်ရဲ့ အတွေးတွေ ပြောင်းမသွားသရွေ့တော့ပေါ့လေ"
သိနေလို့ ကြောက်တာ။
အခု ကလပ်မှာ အချိန်တွေ အများကြီး ကုန်ဆုံးလိုက်တာဟာ အနာဂတ်မှာ သူ့ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့ သက်ရောက်မှုမျိုး ရှိနိုင်ပါ့မလား ကလပ်ကို သွားမယ့်အစား မာရူးက စာပဲ ကြိုးစားကျက်ဖို့ ဆုံးဖြတ်လိုက်ရင်ကော တခြား တစ်ခုခုမှာ အချိန်တွေ ပိုပြီး ရင်းနှီးလိုက်ရင်ကော သူ့ရဲ့ တကယ့်အိပ်မက်ကို ရှာဖွေဖို့အတွက် အချိန်တွေ ပိုသုံးလိုက်ရင်ကော…
ဖြစ်နိုင်တာကတော့ သူဟာ အနာဂတ်မှာ အခုအချိန်တွေကို ပိုကောင်းအောင် မလုပ်ခဲ့မိလို့ နောင်တရနေမှာပါပဲ။
‘မင်း ငါ့ကို ဘာလို့ ဒီထက် ပိုကောင်းတဲ့ စွမ်းရည်တွေ မပေးခဲ့တာလဲ ’
မင်း ဒီနေ့ ဖြုန်းတီးလိုက်တဲ့ အချိန်ဆိုတာ မနေ့က သေသွားတဲ့သူတစ်ယောက် မသေခင်မှာ အရမ်းကို တောင့်တခဲ့ရတဲ့ အချိန်မျိုးပဲ။
မာရူးဟာ နိုးလာတိုင်း ဒီစကားစုကို မကြာခဏ တွေးမိလေ့ရှိတယ်။ ဒါဟာ သူ့ရဲ့ လက်ရှိအခြေအနေကို အသင့်တော်ဆုံး ဖော်ပြချက်ပဲလေ။ အနာဂတ်က မာရူးဟာ သူ့ရဲ့ အတိတ်က ဆုံးဖြတ်ချက်တွေအတွက် အမြဲတမ်း နောင်တရနေခဲ့တာ။ ဘဝကို နောက်တစ်ကြိမ် ပြန်စခွင့်ရဖို့ သူ တောင့်တခဲ့ရတယ်။ နောက်ဆုံးတော့ သူဟာ အဲဒီအခွင့်အရေးကို အတိအကျ ရခဲ့တာပေါ့။
ဒါပေမဲ့ ဘာလုပ်မယ်ဆိုတာကို ချက်ချင်း သိမနေဘဲ သူဟာ ဒီနေရာမှာ ထိုင်ရင်း သူ့ရဲ့ အိပ်မက်တွေက ဘာလဲဆိုတာကို တွေးတောနေမိတယ်။ ဘဝမှာ ဘာလုပ်ချင်တာလဲ၊ အထက်တန်းကျောင်းပြီးရင် ဘယ်ကို သွားသင့်သလဲ။
ဒီပြဿနာကို တွေးတောနေရင်းနဲ့ပဲ စာသင်တာဟာ ဘဝအတွက် သူပြုလုပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပေါ့။ ဒါပေမဲ့ သူ့ရှေ့က လမ်းကိုတော့ သူ သေသေချာချာ မမြင်ရသေးဘူး။ အရင်က တစ်ခါ ဖြတ်သန်းခဲ့ဖူးတဲ့ လမ်းဆိုပေမဲ့ တစ်နည်းနည်းနဲ့တော့ အဲဒီလမ်းဟာ အရင်ကထက် ပိုပြီး ဖြတ်သန်းရ ခက်ခဲနေသလိုပဲ။ ဒီအချိန်တွေတစ်လျှောက်လုံးမှာ သူဟာ အတိတ်ကို ပြန်သွားရရင် အရာရာ အဆင်ပြေသွားလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ တကယ့်တကယ်တော့ ပြောင်းပြန်ကြီး ဖြစ်နေတာ။
မာရူးဟာ သူ့ရဲ့ ၄၅ နှစ်တာ ဘဝသက်တမ်းအတွင်းမှာ ဘာတွေများ အောင်မြင်ခဲ့လို့လဲ အဲဒီတုန်းက သူ့မှာ တိကျတဲ့ ဘဝရည်မှန်းချက်သာ ရှိခဲ့ရင် အခုချိန်မှာ ဒီလောက်အထိ လမ်းပျောက်နေပါ့မလား
စိတ်ထဲမှာ ရည်မှန်းချက်တစ်ခုသာ ရှိခဲ့ရင် ဘဝလမ်းခရီးကို ဖြတ်သန်းရတာ ပိုပြီး လွယ်ကူနေမလား အဲဒီအတွေးတွေကပဲ သူ့ကို မူလပြဿနာဆီကို ပြန်ခေါ်သွားပြန်တယ်။ သူ တစ်ခုခု လုပ်ရမယ်ဆိုတာ သိပေမဲ့ ဘာလုပ်ရမှန်းတော့ သူ မသိဘူး။
မာရူးရဲ့ဘဝဟာ လေတိုက်ရာကို လွင့်မျောနေတဲ့ သစ်ရွက်ခြောက်လေးတစ်ရွက်လို ဖြစ်နေတာ။ ဆိုလိုတာကတော့ သူဟာ အရာရာကို ဖြစ်သလိုပဲ လက်ခံနေခဲ့တာပေါ့။
“နင်ကတော့ တကယ့်ကို ထူးဆန်းတဲ့ကောင်ပဲ။ အရာရာကို ဒီလောက်အထိ တွန့်ဆုတ်နေတဲ့ အထက်တန်းကျောင်းသားမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး” လို့ မီဆိုက သူမရဲ့ နှာခေါင်းကို ရှုံ့ရင်း ပြောလိုက်တယ်။
“ဟုတ်တယ်ဗျ။ ကျွန်တော် ဘာမှ မသိတာကမှ ပိုကောင်းဦးမယ်။ တစ်ခုခုကို နည်းနည်းလောက် သိနေတာကတင် ဘာကြောင့်လဲတော့မသိဘူး စိတ်ကို တကယ် ပျက်သွားစေတယ်"
“... နင် ဘာတွေ ပြောနေတာလဲ ”
“ဘာမှ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ပြောနေတာပါ။ ဪ... ဒါက ဆရာမနဲ့ ဘာမှ မဆိုင်ပါဘူးနော်။ ဆရာမက လူကောင်းတစ်ယောက်ပါ။ အရမ်းလည်း ထက်သန်တဲ့သူပါ။ ကျွန်တော်လည်း ဆရာမနဲ့အတူ သရုပ်ဆောင်တာကို စိတ်ပါလက်ပါ လုပ်ချင်တာပေါ့၊ ဒါပေမဲ့… ကျွန်တော်က အရမ်းကို အေးစက်သွားပြီ ထင်တယ်။ ကျွန်တော့်မှာ သတ္တိမရှိဘူးဗျာ"
မာရူးက ပြုံးလိုက်တယ်။ အနေရခက်တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ဒေါသထွက်တာ မဟုတ်ဘဲ ပြုံးပြီး ကျော်ဖြတ်လိုက်တာပဲလေ။
“အဲဒီမျက်နှာပေးပဲ ”
မီဆိုက မာရူးကို ကြည့်ရင်း ဟိန်းဟောက်လိုက်တယ်၊
“အဲဒီအကြည့်က ကမ္ဘာကြီးအကြောင်း အကုန်သိနေတဲ့ အကြည့်မျိုးပဲ ”
အဲဒါကတော့ တော်တော်လေးကို ထိသွားတဲ့ စကားပဲ။ ဒီအမျိုးသမီးက တကယ်ကို အကဲခတ်တော်တာပဲ။ သူ ပြုံးနေရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။
“ဟူး...”
မီဆိုက စိတ်ပျက်လက်ပျက်နဲ့ သူမရဲ့ နားထင်ကို နှိပ်လိုက်တယ်။ ဒီအမျိုးသမီးက ဘာလို့ သူ့အပေါ်မှာ ဒီလောက်အထိ ဂရုစိုက်နေရတာပါလိမ့် သူ့ရဲ့ ဘယ်အချက်က သူမကို ဒီလောက်အထိ စိတ်ဝင်စားသွားစေတာလဲ
“ဆရာမ” လို့ သူ ခေါ်လိုက်တယ်။
“ဘာလဲ ”
မီဆိုရဲ့ စကားလုံးတွေထဲကနေ စိတ်ပျက်နေတဲ့ အငွေ့အသက်တွေကို မာရူး ခံစားနေရတယ်။ သူမဟာ သူမရဲ့ ခံစားချက်တွေအပေါ်မှာ အရမ်းကို ရိုးသားတာပဲ။ အခုခေတ် လူကြီးတွေကြားမှာ ဒီလိုလူမျိုးကို တွေ့ရခဲပါတယ်။
“ဘာဖြစ်လို့ ကျွန်တော့်အပေါ်မှာ အချိန်တွေ ဒီလောက်အထိ ရင်းနှီးနေရတာလဲ ”
“နင် တကယ်ပဲ မသိဘူးလား ”
“မသိဘူးဗျာ။ ဒီအချိန်တွေကို တခြားကလေးတွေအတွက် သုံးလိုက်တာက ပိုပြီးတော့ အကျိုးမရှိဘူးလား ကျွန်တော် နောက်ဆုံးမှာ သရုပ်ဆောင်ဖြစ်မဖြစ်တောင် ခင်ဗျား မသိဘဲနဲ့ ဘာလို့ အချိန်တွေ ဖြုန်းနေရတာလဲ…”
“အချိန်ဖြုန်းတယ် ဟုတ်လား ”
“ ”
“နင်က ဘယ်လိုလူစားမျိုးလဲဆိုတာ အခုမှ ငါ သဘောပေါက်သွားပြီ"
“ကျွန်တော့်ကို သိသွားပြီလား ”
“အေး။ နင်က တကယ့်ကို စိတ်အနှောင့်အယှက်ပေးတဲ့ကောင်ပဲ ”
“…… .”
မီဆိုက စက်နှိုးလိုက်တယ်။ ကားလေးက လမ်းပေါ်ကို ပြန်ပြီး လိမ့်တက်သွားပြီ။
“နင် ဘာတွေ ဒုက္ခရောက်နေလဲဆိုတာ ငါ သိပြီ။ ဘုရားရေ"
“ကျွန်တော် ဘာဒုက္ခရောက်နေလို့လဲ ”
“အေး"
မီဆိုက ပြတင်းပေါက်ကို နည်းနည်းလေး ဖွင့်လိုက်တော့ နွေဦးရဲ့ လေညင်းတွေ ဝင်လာတယ်။ သူမရဲ့ ဆံပင်တွေက လေထဲမှာ လွင့်နေတုန်းမှာပဲ သူမရဲ့ မျက်နှာက နည်းနည်းလေး ပြေလျော့သွားတယ်။
“နင်က အနာဂတ်ကို အဝေးကြီး ကြည့်နေတာကိုး"
“အဝေးကြီး ဟုတ်လား ”
“အေး။ နင်က အနာဂတ်ကို အရမ်းကြီး အဝေးကြီးကို ကြည့်နေတာ။ ငါပြောချင်တာက နင့်အရွယ် ကလေးအချို့ ဒီလိုမျိုး တွေးတတ်ကြတာတော့ မှန်ပါတယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေ၊ တက္ကသိုလ်တွေ၊ ပြီးတော့ စစ်မှုထမ်းတာတွေ အကြောင်းပေါ့"
မီဆိုက နားလည်တဲ့ပုံစံနဲ့ ခေါင်းညိတ်ပြလိုက်ပေမဲ့ သူမရဲ့ မျက်နှာကတော့ ချက်ချင်းဆိုသလိုပဲ ပြန်ပြီး ဒေါသထွက်တဲ့ ပုံစံမျိုး ပြောင်းသွားပြန်တယ်။
“ဒါပေမဲ့ အဲဒါတွေက နောက်ဆုံးမှာ အိပ်မက်တွေပဲလေ။ တကယ်တမ်း မရှိသေးတဲ့အရာတွေ၊ မဖြစ်သေးတဲ့အရာတွေပေါ့။ ဒီလိုမျိုး စိုးရိမ်နေတဲ့ ကလေးတွေကို ငါက နည်းနည်းလောက် လှုပ်နှိုးလိုက်ရင် သူတို့က ပစ္စုပ္ပန်ကို ပြန်ကြည့်တတ်ကြတယ်။ ဒါပေမဲ့ နင်ကတော့ မတူဘူး"
သူမရဲ့ လေသံက တကယ့်ကို ယုံကြည်ချက်အပြည့်ရှိနေတာ။
“ဘယ်လိုကြောင့်လဲ၊ ဘာလို့လဲဆိုတာတော့ ငါ မသိဘူး၊ ဒါပေမဲ့ နင်က အနာဂတ်ရဲ့ အမှတ်တစ်ခုကို တကယ့်ကို တိတိကျကျကြီး ကြည့်နေသလိုပဲ။ နင် အဲဒီမှာ အရင်က ရောက်ဖူးနေသလိုမျိုးလေ။ အဲဒါက နင့်အတွက် အရမ်းကို လက်တွေ့ကျနေတာကြောင့် နင်က ဒါကိုပဲ စိုးရိမ်နေတော့တာပေါ့။ ငါပြောတာ မှားလို့လား ”
တကယ်ကို အံ့သြစရာကောင်းတဲ့ လူပဲ။ မာရူး ခေါင်းညိတ်ပြလိုက်တယ်။ သူမကို အမှန်တရားကို ငြင်းဆိုနေဖို့ အကြောင်းပြချက် မရှိပါဘူး။
“ငါ သိသားပဲ။ ငါ သိသားပဲ၊ တောက် နင်က စိတ်ကူးယဉ်လွန်းတာကိုး။ အဲဒါကြောင့်ပဲ နင်က အနာဂတ်အကြောင်းကို ခဏခဏ တွေးနေတာ။ ငါသာဆိုရင်လည်း အဲဒီလိုပဲ ဖြစ်မှာပဲ ငါ အနာဂတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာကိုသာ အတိအကျ သိနေမယ်ဆိုရင် အခု ငါလုပ်နေတဲ့အရာတွေကို ငါ လုပ်နိုင်မှာ မဟုတ်ဘူး ငါ တကယ်ကို ကြောက်နေမှာပဲ ”
ပွမ် ပွမ်
မီဆိုက စိတ်ပျက်လက်ပျက်နဲ့ ကားစီယာတိုင်ကို ထုလိုက်တယ်။ သူမရှေ့က ကားက သူမရဲ့ လမ်းပေါ်ကနေ ဘေးကို ကပ်ပေးသွားတယ်။
“ဒါပေမဲ့ နင်သိလား၊ မဖြစ်သေးတဲ့အရာတစ်ခုအတွက် ဒီလောက်အထိ အများကြီး တွေးနေတာဟာ တကယ့်ကို မိုက်မဲလွန်းတဲ့ အလုပ်ပဲလို့ ငါ ထင်တယ်။ သေချာတာပေါ့၊ နင့်ဘက်ကတော့ တစ်မျိုး တွေးရင်လည်း တွေးမှာပေါ့။ ငါတောင်မှ တစ်ခါတစ်လေ အဲဒီလို ဖြစ်တတ်တာပဲ"
မီဆိုက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်တယ်။
“ဝေါလ်တာ ဘင်ဂျမင်က ဒီလို ပြောဖူးတယ်"
ဝေါလ်တာ ဘင်ဂျမင်။ သူ ဒီနာမည်ကို အရင်က ကြားဖူးပါတယ်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့အတွက် သူဖတ်ဖြစ်ခဲ့တဲ့ ရိုးရှင်းတဲ့ ဒဿနိကဗေဒ စာအုပ်တွေထဲမှာ ခဏခဏ ပါလေ့ရှိတာကိုး။ အဲဒါကြောင့်ပဲ မီဆို ဘာပြောချင်တာလဲဆိုတာကို သူ အခု သိလိုက်ရပြီ။
“တိုးတက်မှုဆိုတာ…”
“အခြေအနေတိုင်းမှာ ပထမဆုံး ခြေလှမ်းသက်သက်သာ ဖြစ်တယ်၊ ဘယ်တော့မှ ဒုတိယ၊ တတိယ ဒါမှမဟုတ် n+1 မဟုတ်ဘူး"
မီဆိုက သူ့ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်လိုက်တယ်။ မာရူးက အဲဒီစကားစုကို ပြန်တွေးနေမိတယ်။ မီဆိုရဲ့ အကြံပေးချက်နဲ့အတူပေါ့။ သူ အနာဂတ်ကို အဝေးကြီး ကြည့်နေမိတာလား အရမ်းကို တိကျလွန်းတဲ့ အရာတစ်ခုအတွက် သူ စိုးရိမ်နေတာလား
တိုးတက်မှု။
သူ ရှေ့ကို ဆက်သွားချင်ရင် ခြေလှမ်းလှမ်းဖို့ လိုအပ်ပါတယ်။ အဲဒီခြေလှမ်းတစ်လှမ်းသာ မရှိရင် သူ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး။ တစ်လှမ်းချင်းစီ၊ တစ်လှမ်းချင်းစီနဲ့ ခြေလှမ်းတွေ များလာတဲ့အခါကျမှသာ သူဟာ သူ့ရဲ့ဘဝကို ပြန်ကြည့်နိုင်မှာပါ။ ဖြစ်တောင် မဖြစ်သေးတဲ့အရာတစ်ခုအတွက် သူဟာ အရမ်းတွေ ကြောက်နေခဲ့တာ ဖြစ်နိုင်ပါတယ်။
ပထမဆုံး ခြေလှမ်း။ လှမ်းဖို့အတွက် အမြဲတမ်း အကြောက်ရဆုံးဖြစ်တဲ့ အဲဒီတစ်လှမ်းပေါ့။
“ပြီးတော့ ထပ်ပြောရရင်” လို့ မီဆိုက ဆက်ပြောတယ်၊
“နင်က ပထမဆုံး ခြေလှမ်းကို မှားလှမ်းမိရင် ဒုတိယခြေလှမ်းမှာ ပြန်ပြင်လို့ ရတာပဲ။ ဒုတိယခြေလှမ်းက မှားနေပြန်ရင်ကော တတိယခြေလှမ်းမှာ လမ်းကြောင်း ပြောင်းလိုက်လို့ ရတာပဲလေ။ မကြောက်ပါနဲ့။ မတွန့်ဆုတ်ပါနဲ့။ ငါ မြင်ရသလောက်တော့… နင် စဉ်းစားခဲ့တာ တော်တော်လေး ကြာနေပြီ။ နင် တကယ် လိုအပ်နေတာက ရှေ့ကို လှမ်းလိုက်ဖို့ မဟုတ်ဘူးလား ”
မီဆိုက ပါးစပ်ပိတ်လိုက်ပြီး ကားမောင်းတာကိုပဲ အာရုံစိုက်လိုက်တော့တယ်။ သူမမှာ ထပ်ပြောစရာ မရှိတော့တဲ့ ပုံစံမျိုးပါပဲ။ မာရူးက သူ့ရဲ့ ခြေထောက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်မိတယ်။ သူ… အဲဒီ ပထမဆုံးခြေလှမ်းကို လှမ်းပြီးပြီလား
သူတို့ ကျောင်းကို ပြန်ရောက်တဲ့အချိန်မှာတော့ ညနေ ၅ နာရီ ရှိနေပြီ။ မီဆိုက ကျောင်းအထိ လိုက်မသွားဘဲ ကျောင်းနားက ဝက်သားပြားကြော် ဆိုင်မှာ ကားရပ်လိုက်တယ်။
“ဦးလေး၊ ကျွန်မတို့အတွက် ၁၃ ယောက်စာလောက် ကြော်ပေးပါဦး။ ကောင်းကောင်းလေး လုပ်ပေးနော်"
“ကောင်းပါပြီဗျာ"
သူမက စားပွဲတစ်ခုမှာ ထိုင်လိုက်တယ်။ ၁၃ ယောက်စာ… မာရူးက မီဆိုကို နားမလည်နိုင်တဲ့ ပုံစံနဲ့ ကြည့်လိုက်မိတယ်။
“စားလေ။ နင် ဗိုက်ဆာနေတာ ငါ သိပါတယ်"
“ကျွန်တော် အဆင်ပြေ…”
“အဆင်ပြေတယ်ဆိုတာတွေ လာမပြောနဲ့ ပါးစပ်ပိတ်ထား စားရုံပဲ စား ငါက နင့်ပါးစပ်ထဲ အတင်းထည့်ကျွေးတာကို တကယ်ပဲ မြင်ချင်နေတာလား ”
မီဆိုကတော့ ဒီတစ်ခါမှာ လွှတ်ပေးမယ့်ပုံ မပေါ်ဘူး။ မာရူးလည်း သူမရဲ့ ဒေါသကို ထပ်မဆွချင်တော့တာကြောင့် ထိုင်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။ မီးဖိုချောင်ထဲက ဝက်သားပြားကြော်သံတွေကို သူ ကြားနေရတယ်။ စောစောက သူတို့ပြောခဲ့တဲ့ စကားဝိုင်းကို သူ ခဏလောက် ပြန်စဉ်းစားကြည့်လိုက်မိတယ်။
“စဉ်းစားကြည့်တော့ ခင်ဗျားရဲ့ အဖြေကို ကျွန်တော် မကြားရသေးဘူးပဲ"
“အာ၊ အဲဒါလား"
သူမက အရမ်းကို ပင်ပန်းနေတဲ့ မျက်နှာပေးနဲ့၊ ပြန်ဖြေဖို့အတွက် အင်အားမရှိတော့တဲ့ ပုံစံမျိုး ဖြစ်နေတယ်။
“ဟေး” လို့ သူမက ခေါ်လိုက်တယ်။
“ဗျာ ”
“လမ်းပေါ်မှာ ကျောက်မီးသွေးခဲ တစ်ခဲကို တွေ့တယ်ဆိုပါစို့။ အရမ်းကို မည်းနက်နေတဲ့ အခဲကြီးပေါ့။ ဒါပေမဲ့ အဲဒီထဲမှာ တစ်ခုခု တောက်ပနေတာကိုလည်း နင် တွေ့ရတယ်။ အဲဒါဆိုရင် နင် ဘာလုပ်မလဲ ”
“အဲဒီထဲမှာ ဘာရှိလဲဆိုတာ သိရအောင် ကျွန်တော် သုတ်ကြည့်မိမှာပေါ့"
“ဟုတ်တယ်မလား နင်လည်း အဲဒီလိုပဲ လုပ်မှာပဲ၊ ဟုတ်တယ်မလား ”
“… အဲဒါဆို ကျွန်တော်က အဲဒီ ကျောက်မီးသွေးခဲလို့ ပြောချင်တာလား ”
“မဟုတ်ပါဘူး"
“ဒါဆိုရင် ”
“ချီးထုပ် နင်က ချီးထုပ်ပဲ ”
“ဗျာ ”
“ငါလည်း ဘာမှ မသိတော့ဘူး။ နင် လုပ်ချင်တာသာ လုပ်တော့။ ငါ ဂရုမစိုက်တော့ဘူး။ တောက် စိတ်ပျက်ဖို့ကောင်းလိုက်တာ"
“…… .”
“ဘာလဲ ဘာလို့ ငါ့ကို အဲဒီလိုကြီး ကြည့်နေတာလဲ ”
“ခင်ဗျား စိတ်ဆိုးနေလားလို့ သိချင်လို့ပါ"
“ဗျာ… ဘာ ”
“သိချင်လို့ပါ"
“အဲဒါကို နောက်တစ်ခါ ထပ်ပြောကြည့်စမ်း"
“ကျွန်တော် ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားပေးလို့ ရမလား ”
“နင့်ရဲ့ မေးရိုးကို ငါ ဖြဲပစ်မယ် ”
မီဆိုက အမြီးကို နင်းခံလိုက်ရတဲ့ ကြောင်တစ်ကောင်လိုမျိုး ပြုမူနေတာကြောင့် မာရူး နည်းနည်းလေး ပြုံးမိသွားတယ်။ တစ်နည်းနည်းနဲ့တော့ သူ တော်တော်လေး စိတ်ပေါ့ပါးသွားသလို ခံစားရတယ်။ သူ့ရဲ့ ပြဿနာတစ်ခုခု ပြေလည်သွားသလိုမျိုးပဲ။ တခြားလူတွေနဲ့ ဒီလိုမျိုး ရောရောနှောနှော နေတတ်တာဟာ ပါရမီတစ်ခု ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာပဲ မီဆိုက သူ့ကို နည်းနည်းတော့ စိုးရိမ်တကြီးနဲ့ လှမ်းကြည့်လိုက်တယ်။
“ဒါဆိုရင်… နင် စမ်းကြည့်ချင်လား ”
ဟား။ သူမကတော့ လုံးဝ မပြောင်းလဲဘူးပဲ၊ ဟုတ်တယ်မလား မာရူး ခေါင်းခါလိုက်တယ်။
“ဟင့်အင်း"
“အာ… လုပ်ပါဦး ”
“ဒါပေမဲ့…”
“ဟင် ”
“ကျွန်တော် တခြား တစ်ခုခုကို စမ်းကြည့်ချင်တယ်"
ခြေလှမ်းတစ်လှမ်း။ သူလည်း ရှေ့ကို နည်းနည်းလောက်တော့ လှမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
* * * * * * * * *