← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း(၃၇)

မာရူးဟာ လက်ထဲမှာ အစားအသောက်တွေ ကိုင်ပြီး ကျောင်းအဆောက်အဦးရဲ့ လှေကားတွေအတိုင်း တက်လာခဲ့တယ်။ ခန်းမတံခါးကို ဖွင့်လိုက်တာနဲ့ ချွေးနံ့တွေက သူ့မျက်နှာဆီ အရှိန်နဲ့ တိုးဝင်လာတာပဲ။ အထဲက လူတိုင်းကလည်း သူ့ကို အံ့သြတကြီးနဲ့ ဝိုင်းကြည့်နေကြတာကို သူ ခံစားမိနေတယ်။

“ကဲ... စားကြစို့ ”

မီဆိုက အော်ပြောရင်း အစားအသောက် ပန်းကန်တွေကို ချပေးလိုက်တယ်။ ကလေးတွေအားလုံးကလည်း ဗိုက်ဆာနေတဲ့ မျက်လုံးတွေနဲ့ အတင်းတိုးဝှေ့ပြီး ရောက်လာကြတာပေါ့။

“ကျေးဇူးတင်ပါတယ်ခင်ဗျာ ”

“ကျေးဇူးပဲနော် ”

တစ်ယောက်ချင်းစီက ပလတ်စတစ်ဗူးတွေကိုယ်စီယူပြီး သူတို့နေရာမှာ ပြန်ထိုင်ကြတယ်။ မာရူးလည်း သူတို့နဲ့အတူ ဝင်ထိုင်လိုက်တာပေါ့။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ ကျန်တဲ့ ကလပ်အဖွဲ့ဝင်တွေက ဝိုင်းဖွဲ့ပြီး အတူတူ စားနေကြတာကို တွေ့လိုက်ရတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဒီအဖွဲ့ဟာ တော်တော်လေးကို စည်းလုံးသွားကြပြီ။ ထမင်းစားနေတဲ့ အချိန်မှာတောင် သူတို့က လေ့ကျင့်ခန်းတွေအကြောင်းပဲ ပြောနေကြတာ။ မာရူးက သူ့ထမင်းဗူးကိုယူပြီး စင်မြင့်ဘက်ကို လျှောက်သွားလိုက်တယ်။ အဲဒီက ခုံတစ်ခုမှာ တစ်ယောက်တည်း ထိုင်စားဖို့ ပြင်နေတုန်း မီဆိုက သူ့နားကို လျှောက်လာပြီး အတူတူ ဝင်ထိုင်လိုက်တယ်။

“ဘာလို့ တစ်ယောက်တည်း လုပ်နေတာလဲ"

“သူတို့နဲ့ သွားရောနေစရာ အကြောင်းမရှိလို့ပါ။ ဟိုမှာ သူတို့တွေ အရေးကြီးတဲ့ အကြောင်းအရာတွေ ဆွေးနွေးနေကြတာလေ"

အဲဒီအချိန်မှာပဲ ဟိုဘက်က လူ ၁၁ ယောက်အဖွဲ့ဟာ စကားပြောတာကို ခဏရပ်ပြီး သူ့ကို လှမ်းကြည့်လိုက်ကြတယ်။

“ဟေ့ အဲဒီမှာ ဘာလုပ်နေတာလဲ။ ဒီကိုလာလေ မာရူး ”

ဒါက ယွန်းဂျုံပဲ။ သူမက သူ့ကို လက်ကုတ်ပြီး အသည်းအသန် လှမ်းခေါ်နေတာ။ ဂျောင်ဟျော့ခ်တောင် သူ့ကို လှမ်းကြည့်နေသေးတယ်။ ဒိုဂျင်နဲ့ ဒေးမြောင်အကြောင်းကတော့ ပြောနေစရာတောင် မလိုပါဘူး။ သူတို့တွေက တကယ်ကို သဘောကောင်းကြတာပဲ။

“မစိုးရိမ်ကြပါနဲ့ ကလေးတို့ရယ်။ ငါ ဒီက ဂျာကြီးနဲ့ ခဏ စကားပြောစရာ ရှိလို့ပါ” လို့ မီဆိုက ပြန်ဖြေပေးလိုက်တယ်။

ကလေးတွေက ‘အော်... ဟုတ်သားပဲ’ ဆိုတဲ့ မျက်နှာပေးတွေနဲ့ သူတို့အချင်းချင်း စကားပြန်ပြောနေကြတော့တယ်။ ခေါင်းဆောင် တဲ့လား။ ဒီနာမည်ပြောင်ကို မကြားရတာ တစ်လလောက် တောင် ရှိသွားပြီ။

“ဒါနဲ့... စောစောက ပြောချင်တယ်ဆိုတဲ့ အကြောင်းအရာက ဘာလဲ” လို့ မီဆိုက ဝက်သားကြော် သုံးတုံးလောက်ကို ပါးစပ်ထဲ အတင်းထိုးထည့်ရင်း မေးလိုက်တယ်။ မာရူးကလည်း ဟင်းရည်ကို တစ်ငုံ သောက်လိုက်ပြီးမှ ပြန်ဖြေတာပေါ့။

“နောက်သုံးပတ်နေရင် အရည်အချင်းစစ်ပွဲတွေ ဝင်တော့မယ်လို့ ကြားတယ်လေ"

“ဟုတ်တယ်။ မင်းသာ ပါဝင်ချင်တယ်ဆိုရင်တော့ တကယ်ကို...”

မာရူးက ခေါင်းခါပြလိုက်တယ်။

“ကျွန်တော် ပြိုင်ပွဲထဲမှာတော့ မပါဝင်ချင်ဘူး"

“မင်းပဲ ပါချင်တယ်ဆို"

“ပါချင်တာတော့ ဟုတ်တယ်။ ဒါပေမဲ့ ပြိုင်ပွဲဝင် အနေနဲ့တော့ မဟုတ်ဘူး"

“ဘာဖြစ်လို့လဲ"

“သူတို့ကြားထဲမှာ ကျွန်တော် အနှောင့်အယှက် မဖြစ်ချင်လို့ပါ။ ကျန်တဲ့ ကလပ်အဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ တစ်လလုံးလုံး အသေအလဲ ကြိုးစားထားခဲ့ကြတာလေ"

“အင်း"

“ဇာတ်ကောင်တွေလည်း အကုန် ရွေးပြီးပြီလို့ ကြားတယ်။ ပြဇာတ်ပစ္စည်းတွေလည်း အကုန် ပြီးနေပြီလေ။ အဲဒီမှာ ကျွန်တော့်အတွက် နေရာ ရှိပါဦးမလား"

“မရှိတော့ဘူး"

“သူတို့နေရာကို မဝင်ယူချင်ဘူးလား"

“ကျွန်တော် အဲဒီလောက်အထိတော့ အသည်းအသန် မဖြစ်ပါဘူး"

“ဪ... ဒါဆိုရင် အသည်းအသန် ဖြစ်လာရင်တော့ ဝင်ယူမယ်ပေါ့ ဟုတ်လား"

“ရှင်သန်ဖို့အတွက်ဆိုရင် ကျွန်တော် မလုပ်နိုင်တဲ့အရာ သိပ်မရှိပါဘူး"

သူ့မိန်းမနဲ့ သမီးကို ငတ်မသေအောင် ထားနိုင်ဖို့အတွက်ဆိုရင် သူ ဘာမဆို လုပ်မှာပဲ။ ဒါဟာ အသက် ၄၅ နှစ်အရွယ် သူ့ဘဝရဲ့ ဆုံးဖြတ်ချက်ပဲလေ။ အခုချိန်မှာ အဲဒီစိတ်ဓာတ်ကို ပြသစရာ လူ မရှိတော့ဘူးဆိုပေမဲ့ သူကတော့ ဒီတန်ဖိုးကို အခိုင်အမာ ဆုပ်ကိုင်ထားတုန်းပဲ။

“အခု မင်းပုံစံက တော်တော်လေး အတ္တဆန်နေသလိုပဲ"

“အဲဒါက မကောင်းလို့လား"

“မဟုတ်ပါဘူး။ လူဆိုတာ လောဘရှိဖို့ လိုတယ်။ သူတို့ဘဝအတွက် ကိုယ်ပိုင်နေရာကို ရှာဖွေတတ်ရမယ်။ အရာရာကို လက်ဝါးဖြန့်ပြီး စောင့်နေလို့ မရဘူး၊ ကိုယ်တိုင် အရယူရမှာ။ အဲဒီလို ရပြီးမှပဲ တခြားသူတွေအတွက် ပူပန်ပေးနိုင်တာ"

“မှန်ပါတယ်"

သေဆုံးပြီးတဲ့နောက် ဟိုအမျိုးသမီး ပြောခဲ့တဲ့ စကားတွေကို သူ ပြန်သတိရလိုက်မိတယ်။ အရင်လို သူတစ်ပါးအတွက်ပဲ ကြည့်တဲ့သူမျိုး မဖြစ်ပါစေနဲ့တဲ့။ ဒါပေမဲ့ မာရူးကတော့ သူ့ကိုယ်သူ တခြားသူတွေအတွက် ပေးဆပ်နေတဲ့သူလို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ သူက ယဉ်ကျေးပျူငှာမှုနဲ့ အခြေခံ လူမှုနီတိတွေကိုပဲ လိုက်နာခဲ့တာပါ။

ကိုယ်ရထားတာကို ပြန်ပေးဆပ်ပါ၊ စည်းကမ်းတွေကို လိုက်နာပါ၊ ပတ်ဝန်းကျင်က လူတွေကို မထိခိုက်ပါစေနဲ့။ သူ ဒါတွေကိုပဲ လိုက်နာခဲ့တာ။ ဒါပေမဲ့ အခုခေတ် လောကကြီးမှာတော့ အဲဒီလောက် လုပ်တာကိုတင် ‘သူတစ်ပါးအတွက် ပေးဆပ်သူ’ လို့ သတ်မှတ်နေကြတာကိုး။

“ဒါနဲ့... ဘာအကြောင်း မေးချင်လို့လဲ"

“ကျွန်တော် ပြဇာတ်တစ်ခုမှာ ပါဝင်ကြည့်ချင်လို့ပါ"

“ဟင် ”

“ဆရာမပဲ ပြောဖူးတယ်လေ။ အစိုးရက လုပ်တဲ့ စေတနာ့ဝန်ထမ်း ပြဇာတ်တွေအကြောင်း။ ကလေးတွေအတွက်လည်း ကပြပေးလို့ ရတယ်ဆိုတာလေ။ အဲဒါ ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော် စမ်းကြည့်ချင်လို့ပါ"

“အင်း"

မီဆိုက စားလက်စတွေကို အကုန်စားပြီး ခဏလောက် စဉ်းစားနေတယ်။ ဗိုက်ကလေးကို အသာပုတ်ရင်း ကျေနပ်တဲ့ ပုံစံနဲ့ စကားဆက်ပြောတာပေါ့။

“ဆိုလိုတာက... မင်းက အားမစိုက်ဘဲ အေးအေးဆေးဆေးပဲ လုပ်ချင်တာပေါ့ ဟုတ်လား"

“အဲဒီလိုပဲ ပြောရမှာပေါ့"

“ငါ အခုကတည်းက ကြိုပြောထားမယ်နော်၊ လွယ်ကူတဲ့ ပြဇာတ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ ပြင်ဆင်ချိန် တိုတောင်းတဲ့ဟာမျိုးတော့ ရှိတာပေါ့"

“အားနာပါတယ်ခင်ဗျာ။ ကျွန်တော်က သိပ်ပြီး အချိန်မပေးရတဲ့ ပြဇာတ်မျိုးကိုပဲ စမ်းကြည့်ချင်တာပါ"

“နားလည်ပါပြီ။ မင်းက ရေထဲကို ခြေတစ်ဖက်လောက်ပဲ ချကြည့်ချင်တာပေါ့။ ကောင်းပါပြီ၊ ငါ မင်းကို တားစရာ အကြောင်းမရှိပါဘူး။ မူကြိုကျောင်းတွေမှာ ရုပ်သေးပြဇာတ် ကပြပေးနေတဲ့ သူငယ်ချင်းတစ်ယောက် ငါ့မှာ ရှိတယ်။ သူက အီစော့ပုံပြင်တို့၊ အန်ဒါဆင်ပုံပြင်တို့လို လူသိများတဲ့ ပုံပြင်တွေကို ကပြတာ။ အဲဒါကလည်း သိပ်တော့ မလွယ်လှဘူးနော်။ တစ်ခါတလေဆို ရုပ်သေးပြဇာတ်တွေက သာမန်ပြဇာတ်တွေထက်တောင် ပိုခက်သေးတယ်။ ဒါပေမဲ့ အချိန်ကတော့ ပိုမြန်တာပေါ့၊ အဲဒီတော့ မင်းကို မိတ်ဆက်ပေးမယ်။ ပိတ်ရက်တွေဆိုရင် ဘယ်လိုလဲ"

“အဆင်ပြေတယ်”

“ကောင်းပြီလေ။ ဒါဆို စမ်းကြည့်တာပေါ့။ ဒါပေမဲ့ လွယ်တော့မှာ မဟုတ်ဘူးနော်” လို့ မီဆိုက ယုတ်မာတဲ့ အပြုံးမျိုးနဲ့ ပြုံးပြီး ပြောလိုက်တယ်။ သူမက ဖုန်းထုတ်ပြီး တစ်ယောက်ယောက်ဆီကို ဆက်လိုက်တာပေါ့။ စကားအနည်းငယ် ပြောပြီးတာနဲ့ ဖုန်းကို မာရူးဆီ ကမ်းပေးလိုက်တယ်။

“ကိုင်လိုက်ဦး"

“ဟုတ်ကဲ့"

မာရူး ဖုန်းကို ယူလိုက်တယ်။ ဖုန်းထဲကနေ ကလေးတွေရဲ့ ဆူညံသံတွေနဲ့အတူ အမျိုးသမီးတစ်ယောက်ရဲ့ နာကျင်နေတဲ့ အသံကို ကြားလိုက်ရတယ်။

“အစ်မရဲ့ ဆံပင်ကို မဆွဲနဲ့လေ၊ အစ်မ နာတယ်လို့"

ဟိုဘက်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ သူ ကောင်းကောင်း ခန့်မှန်းလို့ ရတာပေါ့။

“အဆင်ပြေရဲ့လားခင်ဗျာ” လို့ မာရူးက အရင် စပြောလိုက်တယ်။ အမျိုးသမီးက ချက်ချင်းဆိုသလို ပြန်ထူးတယ်။

“အာ... ဟုတ်ကဲ့၊ ခဏလေး စောင့်ပေးပါဦးနော် အားနာလိုက်တာ။ နေ... နေဦးလေ ”

တစ်ချိန်တည်းမှာပဲ -

“ဟေ့ အစ်မ စိတ်ဆိုးလာရင် ဘယ်လောက် ကြောက်ဖို့ကောင်းလဲ မသိဘူးလား” လို့ အမျိုးသမီးက ကလေးတွေကို ဆူနေရင်း မာရူးဘက်ကိုတော့ “ခဏလောက် သည်းခံပေးပါဦး” လို့ တောင်းပန်လိုက်တယ်။ နောက်ထပ် ၃ မိနစ်လောက် ကြာမှပဲ ဟိုဘက်က ငြိမ်သွားတော့တယ်။

“ဟူး... ဟဲလို”

“အခု အဆင်ပြေသွားပြီလား"

“အာ... ဟုတ်ကဲ့"

“အဲဒီအရွယ် ကလေးတွေက တကယ်ကို စကားနားမထောင်ကြဘူးနော်။ အသက်ခုနစ်နှစ်အရွယ်ဆိုရင် တကယ့်ကို လူဆိုးလေးတွေပဲ"

“အာ... ဟုတ်ကဲ့"

အမျိုးသမီးရဲ့ အသံထဲမှာ ဇဝေဇဝါ ဖြစ်နေတာကို သူ ခံစားမိလိုက်တယ်။ မာရူးကတော့ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိတာပေါ့။ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ မိဘတစ်ယောက်လို စကားပြောမိသွားတာကိုး။

“ကျွန်တော် ဖုန်းဆက်တာက ခင်ဗျားတို့ရဲ့ ပြဇာတ်ထဲမှာ ပါဝင်ချင်လို့ပါ"

“အာ... ဟုတ်သားပဲ၊ ဟုတ်သားပဲ။ ဒါနဲ့ ခဏလောက်နော်၊ မောင်လေးရဲ့ အသက်က ဘယ်လောက်လဲဟင်။ အားနာပါတယ်နော်၊ ဆယ့်ခုနစ်နှစ်... ဟုတ်တယ်မလား"

သူမက မသေချာတဲ့ လေသံနဲ့ မေးနေတာ။ မာရူးလည်း လောလောဆယ်တော့ သဘောတူလိုက်ရတာပေါ့။

ကျွန်မကတော့ အသက်သုံးဆယ်ပါ။ မီဆိုရဲ့ သူငယ်ချင်းပေါ့။

“ဟုတ်ကဲ့။ စကားကို အေးအေးဆေးဆေးပဲ ပြောလို့ ရပါတယ်ခင်ဗျာ"

“အဆင်ပြေပါ့မလား"

“ရပါတယ်ခင်ဗျာ"

“ဒါဆိုရင်တော့ တို့တွေ ခပ်ရင်းရင်းနှီးနှီးပဲ ပြောကြရအောင်နော်…”

မာရူးက မီဆိုကိုကြည့်ပြီး အပြုံးကို ထိန်းထားလိုက်တယ်။ ‘ဆန့်ကျင်ဘက်တွေက ဆွဲဆောင်တတ်တယ်’ ဆိုတာ ဒါကို ပြောတာနေမှာပါ။ ဒီအမျိုးသမီးက မီဆိုနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။

“ဘာဖြစ်လို့လဲ” လို့ မီဆိုက မေးလိုက်တယ်။ မာရူးက ဖုန်းရဲ့ မိုက်ခရိုဖုန်းကို လက်နဲ့အုပ်ပြီး ပြန်ဖြေတာပေါ့။

“အံ့သြသွားလို့ပါ"

“ဘာကို အံ့သြတာလဲ"

“သူ့ရဲ့ စရိုက်က ဆရာမနဲ့ တော်တော်လေး ကွာခြားနေလို့လေ"

“ထူးဆန်းတဲ့ စကားတွေ ပြောမနေဘဲ ဖုန်းကို ဆက်ကိုင်စမ်းပါ။ နင်ကသာ လျစ်လျူရှုထားရင် သူ ငိုတော့မှာ"

“သူက ငိုတတ်လို့လား"

“မြန်မြန်လုပ်စမ်းပါ ”

မာရူး ဖုန်းကို နားမှာ ပြန်ကပ်လိုက်တယ်။

“ဟဲလို ”

“... ဟိုလေ၊ တို့ တစ်ခုခု မှားပြောမိလို့လား"

“မဟုတ်ပါဘူး၊ လုံးဝ မမှားပါဘူး"

“တကယ်နော် မင်းက ရုတ်တရက်ကြီး ငြိမ်သွားတော့ တို့များ တစ်ခုခု မှားသွားပြီလားလို့။ ဟူး…တော်သေးတာပေါ့"

အမျိုးသမီးက သက်ပြင်းချရင်း စိတ်အေးသွားရှာတယ်။ သူမကလည်း တော်တော်လေးကို ကိုင်တွယ်ရခက်မယ့် ပုံပဲ။ မီဆိုရဲ့ ပတ်ဝန်းကျင်က လူတွေက အကုန်လုံး ဒီလိုတွေချည်းပဲလား။

“ကျွန်တော့်အပေါ်မှာ အေးအေးဆေးဆေးပဲ ဆက်ဆံလို့ ရပါတယ်ခင်ဗျာ"

“ဪ... ဟုတ်သားပဲ။ အင်း... ဒါပေမဲ့ လူချင်းတောင် မတွေ့ရသေးဘဲနဲ့ အဲဒီလို လုပ်တာက ရိုင်းရာကျမလားလို့။ မင်းကော အဲဒီလို မထင်ဘူးလား"

“ဟားဟား... ဟုတ်ကဲ့၊ ခင်ဗျား ပြောတာ မှန်ပါတယ်"

“ဒါနဲ့ မင်းက ကလေးတွေအတွက် ပြဇာတ် ကပြချင်တာပေါ့ ဟုတ်လား"

“ဟုတ်ကဲ့။ အနှောင့်အယှက် မဖြစ်ဘူးဆိုရင် ကျွန်တော် ကူညီပေးချင်လို့ပါ"

“အနှောင့်အယှက် တို့တွေမှာ လူလိုနေတာနဲ့ အတော်ပဲပေါ့ မီဆိုကို ကူညီခိုင်းတာကို သူက ကလေးတွေနဲ့ဆို ဓာတ်မတည့်ဘူးဆိုပြီး ငြင်းနေတာ... တော်တော်လေး ဆိုးတယ်နော်"

“ဟုတ်ကဲ့၊ သူက ဆိုးတာပါ"

မီဆို မကြားအောင် သေသေချာချာ လုပ်ပြီးမှ မာရူးက ပြန်ဖြေလိုက်တယ်။

“ကျွန်တော် ယူလာရမယ့် အရာများ ရှိမလားခင်ဗျာ” လို့ သူက ဆက်မေးတာပေါ့။

“မလိုပါဘူး၊ ဘာမှ မလိုဘူး။ မင်းက အခုချက်ချင်း လာပြီး လေ့ကျင့်ရုံပါပဲ"

“အခုချက်ချင်းလား"

“ဟုတ်တယ်။ မင်း မနက်ဖြန် လာမှာ မဟုတ်ဘူးလား"

ဪ... မီဆိုအတွက်တော့ “ပိတ်ရက်” ဆိုတာ “မနက်ဖြန်” ကို ပြောတာကိုး။ မာရူးက မီဆိုဘက်ကို လှည့်ကြည့်လိုက်တော့ သူမက သူ့ကိုကြည့်ပြီး လက်နှစ်ချောင်းထောင်ပြကာ ပြုံးဖြီးဖြီး လုပ်နေတယ်။ တကယ့် အမျိုးသမီးပဲ။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ မနက်ဖြန် ကျွန်တော် ရောက်လာပါ့မယ်။ ဘယ်ကို လာရမလဲခင်ဗျာ"

“ဆူဝန်မြို့ကို လာခဲ့ပါ"

ကံကောင်းတာက မြို့တူနေတာပဲ။

မနက်ဖြန် မနက် ၉ နာရီ ဘူတာရုံကို လာနိုင်မလားဟင်။

“ဟုတ်ကဲ့၊ လာနိုင်ပါတယ်ခင်ဗျာ"

“ကောင်းပြီ၊ အိုကေပဲ။ ကျေးဇူးအများကြီး တင်ပါတယ်နော်၊ တို့ကို ကူညီနေကျ တစ်ယောက်က မနက်ဖြန်ကျမှ အလုပ်ထွက်သွားလို့ တို့မှာ လူမရှိတော့လို့ စိတ်ပူနေတာ"

“ကျေးဇူးတင်ရမှာက ကျွန်တော်ပါခင်ဗျာ။ အနည်းဆုံးတော့ ကျွန်တော့်မှာ လုပ်စရာ တစ်ခုခု ရှိသွားပြီလေ"

အမျိုးသမီးက ‘မနက်ဖြန်မှ တွေ့မယ်’ လို့ ပြောပြီး ဖုန်းချလိုက်တယ်။ သူမရဲ့ စကားပြောပုံလေးက သူ့ကို အလိုလို ပြုံးမိသွားစေတယ်။ သူမက တကယ့်ကို စိတ်ချမ်းသာဖို့ကောင်းပြီး အေးချမ်းတဲ့ အသံလေး ပိုင်ဆိုင်ထားတာပါ။

“ပြီးပြီလား” လို့ မီဆိုက မေးလိုက်တယ်။

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာမ"

“ဒါနဲ့... မင်းက ဘာဖြစ်လို့ ရုတ်တရက်ကြီး သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာလဲ။ ငါကတော့ ဝမ်းသာတာပေါ့၊ ဒါပေမဲ့ သိချင်လို့ပါ"

“ပထမဆုံး ခြေလှမ်းကို လှမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော် ပြဇာတ်တွေကို ကြိုက်ပါတယ်။ အစကတည်းက စိတ်ဝင်စားခဲ့တာ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အချိန်တွေကို အလကား ဖြုန်းမိမလားဆိုပြီး ကြောက်နေခဲ့တာပါ။ ဒါပေမဲ့ အကုန်လုံးကို ပုံအောပြီး လုပ်ဖို့တော့ အဆင်မသင့်သေးဘူး။ တစ်ခါတလေကျရင် စမ်းကြည့်ပြီးတာနဲ့ ပြန်ထွက်သွားချင်လည်း သွားမှာပါ"

“ငါ့အမြင်မှာတော့ မင်းက အဲဒီလို လူစားမျိုး မဟုတ်ပါဘူး။ မင်းတို့လို ကလေးတွေက တစ်ခုခုကို တကယ် စိတ်ဝင်စားသွားပြီဆိုရင် အဲဒီအပေါ်မှာပဲ အာရုံစိုက်တတ်ကြတာ။ အဲဒါကြောင့်လည်း ငါက သူတို့ကို သိပ်ပြီး စွဲစွဲမြဲမြဲ ဖြစ်နေတာပေါ့"

“ဘယ်သူသိမှာလဲ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်အရာမှာမှ အသေအလဲ မလုပ်တတ်ဘူးလို့ပဲ ထင်တာပဲ"

“ငါတော့ အဲဒီလို မထင်ဘူး။ လူတွေက ကိုယ့်အကြောင်းကိုယ် တခြားသူတွေထက် ပိုသိတယ်လို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ တခြားသူက ပြောပြမှ ကိုယ့်ကျောပေါ်မှာ ချီးပေနေတာကို သိကြတဲ့ လူစားမျိုးတွေလည်း အများကြီးပဲ။ တစ်ခါတလေမှာ ကိုယ့်အပေါ် တခြားသူရဲ့ အကဲဖြတ်ချက်က ကိုယ့်အကဲဖြတ်ချက်ထက်တောင် ပိုပြီး တန်ဖိုးရှိတတ်သေးတယ်"

“ဒါကိုတော့ ကျွန်တော် ဝန်ခံပါတယ်"

“ဝန်ခံဖို့က လွယ်ပါတယ်။ နင်ကမှ စကားကို နားမထောင်တာ"

“ဆရာမ"

“ဘာလဲ"

“ဆရာမမှာ ရည်းစား မရှိဘူး မဟုတ်လား"

“......”

မာရူးက သူ့မျက်နှာဆီကို ပစ်လိုက်တဲ့ ပလတ်စတစ် ဇွန်းခက်ကို အသာလေး ရှောင်လိုက်တယ်။ သူမက ဘယ်လို လူစားမျိုးလဲဆိုတာ သူ အခုတော့ အသေအချာ သိသွားပြီလို့ ယုံကြည်လိုက်တာပေါ့။

“နင်က တကယ်ကို ထူးဆန်းတဲ့ ကောင်လေးပဲ။ ကဲ... သွားတော့။ နင်ပြောသလိုပဲ ဒီမှာ နင့်အတွက် နေရာ မရှိတော့ဘူး"

“ဟုတ်ကဲ့၊ သွားပါ့မယ်"

“ဒါပေမဲ့ သေသေချာချာတော့ ပြန်စဉ်းစားကြည့်ဦးနော်။ ငါ လုံးဝ မှားသွားတာလည်း ဖြစ်နိုင်ပေမဲ့ နင့်ဆီမှာ အရည်အချင်းရှိတာကိုတော့ ငါ မြင်နေရတယ်။ နင် စမ်းကြည့်သင့်ပါတယ်။ စိုးရိမ်စိတ်တွေကို မေ့ထားလိုက်ပါ။ သရုပ်ဆောင်တွေဟာ သူတို့ရဲ့ ဘဝကို မီးတောက်တွေထဲကို တိုက်ရိုက် ခုန်ဝင်ပြီးမှ စတင်ကြတာ။ ပတ်ဝန်းကျင်က သူတို့ကို ဘယ်လို မြင်မလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို မြင်မလဲ၊ ကိုယ့်ကို ချည်နှောင်ထားတဲ့ စည်းကမ်းတွေကို လျစ်လျူရှုပြီး တည့်တည့်ကြီး ခုန်ဝင်ရမှာ"

မီဆို မတ်တတ်ရပ်လိုက်တယ်။ ကလပ်အဖွဲ့ဝင်တွေလည်း သူတို့ရဲ့ အစားအသောက်တွေကို စားပြီးသွားပုံရတယ်။ သူတို့အားလုံးက လေ့ကျင့်ခန်းတွေ ပြန်စဖို့ အဆင်သင့် ဖြစ်နေတဲ့ အနေအထားနဲ့ သူတို့နှစ်ယောက်ကို လှည့်ကြည့်နေကြတာ။

“နောင်ကျရင် သူတို့ကို ကြည့်ပြီး မနာလို မဖြစ်စေနဲ့နော်၊ ကြားလား"

“ဒါပေါ့”

မီဆို ရှေ့ကို လှမ်းသွားလိုက်တယ်။ မာရူးက ကလပ်အဖွဲ့ဝင်တွေ လေ့ကျင့်ခန်း ပြန်စနေတာကို မိနစ်အနည်းငယ်လောက် ကြည့်နေပြီးမှ သူကိုယ်တိုင်လည်း ထလိုက်တာပေါ့။ အခုဆို ၇ နာရီ ရှိပြီ။ သူ ဒီခန်းမထဲမှာ ဒီလောက်အထိ နောက်ကျအောင် မနေဖူးဘူး။

သူ ထွက်ပေါက်ဆီကို လျှောက်သွားရင်း တခြားသူတွေရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်နေမိတယ်။ မာရူးက သူတို့ကို အနှောင့်အယှက် မပေးချင်ဘူး။ တံခါးကို အသာလေး ဖွင့်ပြီး “နှုတ်ဆက်ခဲ့ပါတယ်” လို့ တိုးတိုးလေး ပြောရင်း ခန်းမထဲကနေ ထွက်လာခဲ့တယ်။

ကျောင်းရဲ့ စင်္ကြံလမ်းကတော့ ဒီလောက် နောက်ကျနေပြီဆိုပေမဲ့ မီးတွေကတော့ လင်းထိန်နေတုန်းပဲ။ မာရူးက တခြား ကလပ်အခန်းတွေဆီကနေ ထွက်လာတဲ့ ဆူညံသံမျိုးစုံကို ကြားနေရတုန်းပဲ။ အရုပ်ကလပ်ထဲကနေ သစ်သားတွေကို တူနဲ့ ထုရိုက်သံတွေ ထွက်လာသလို၊ ဂီတကလပ်ထဲက တစ်ယောက်ယောက်က ဘေ့စ်ဂစ်တာ တီးပြီး လေ့ကျင့်နေတာကိုလည်း သူ ကြားနေရတယ်။

သူတို့အားလုံး အသေအလဲ ကြိုးစားနေကြတာ။ တစ်ယောက်ချင်းစီက သူတို့ လိုချင်တဲ့အရာကို ရဖို့အတွက် သူတို့ရဲ့ အချိန်တွေကို ပေးပြီး ဒီအရည်အချင်းတွေကို ဝယ်ယူနေကြတာပေါ့။ သူတို့အားလုံး ဒီကနေ သူတို့ လိုချင်တာတွေ ရနိုင်ပါစေလို့ သူ မျှော်လင့်မိတယ်။

မာရူးက အမှိုက်ထုတ်ကို ကိုင်ပြီး ပထမထပ်ကို ဆင်းလာခဲ့တယ်။ ပထမထပ်ကတော့ စင်္ကြံလမ်းအဆုံးက ဆရာတွေရဲ့ ရုံးခန်းကလွဲလို့ ကျန်တဲ့နေရာတွေက မှောင်မည်းနေတာပဲ။ တိတ်ဆိတ်လည်း တိတ်ဆိတ်နေတာပေါ့။

ပထမထပ်ကြီး ဒီလောက်အထိ တိတ်ဆိတ်နေတာကို သူ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ဘာကြောင့်လဲတော့ မသိဘူး၊ သူ့အတွက် တော်တော်လေးကို အသစ်အဆန်း ဖြစ်နေသလိုပဲ။ သူ ဆုံးဖြတ်ချက် တစ်ခုကို အပြီးသတ် ချလိုက်လို့များလား။

မာရူး အမှိုက်ထုတ်ကို ပြန်လည်အသုံးပြုတဲ့ အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်ပြီး သူ့စက်ဘီးပေါ် ပြန်တက်လိုက်တယ်။ အိမ်အပြန်လမ်းမှာ ကျောင်းသား အနည်းငယ် လမ်းပေါ်မှာ အတူတူ လမ်းလျှောက်နေတာကို သူ တွေ့လိုက်ရတယ် -

“မနက်ဖြန် ဘယ်မှာ တွေ့ကြမလဲ"

“မနက်ဖြန် ငါတို့ တစ်ခုခု လုပ်ကြမှာလား"

အဝေးကနေ သူတို့ ပြောနေတာတွေကို သူ ကြားနေရတယ်။ မာရူးရဲ့ မျက်နှာပေါ်မှာ အပြုံးလေး တစ်ခု ပေါ်လာတာပေါ့။

“ငါကတော့ မနက်ဖြန်ကျရင် ငါ လုပ်ချင်တာကိုပဲ လုပ်တော့မယ်” လို့ သူ တိုးတိုးလေး ပြန်ဖြေမိသွားတော့တယ်။

* * * * * * * * *

အခန်း(၃၈)

တနင်္ဂနွေနေ့ မနက်ခင်းမှာ မာရုတစ်ယောက် အနိုင်နိုင် အိပ်ရာနိုးလာခဲ့တယ်။ အိပ်ရာကနေ ထလိုက်ရင်း ထူထဲတဲ့ စောင်တွေကို ဘေးကို တွန်းဖယ်လိုက်တော့ မနက် ၇ နာရီခွဲ ရှိနေပြီ။ တံခါးဖွင့်ပြီး မီးဖိုချောင်ထဲ ဝင်လာခဲ့ပေမဲ့ တစ်ယောက်မှ ရှိမနေဘူး။

သူ့မိသားစုက ဘာသာမဲ့တွေဆိုတော့ တနင်္ဂနွေ မနက်ခင်းတွေမှာ အေးအေးလူလူပဲ ရှိတတ်ကြတာလေ။ ရေချိုးခန်းထဲမှာ မျက်နှာသစ် သန့်စင်ပြီးတော့ ထမင်းနဲ့ ကြက်ဥနဲ့ပဲ ရိုးရိုးရှင်းရှင်း မနက်စာ လုပ်စားလိုက်တယ်။ စားသောက်ပြီးသွားတော့ ရှစ်နာရီ ထိုးနေပြီ။

အဲဒီအချိန်မှာပဲ သူ့အဖေက အိပ်ရာနိုးနိုးချင်း ဖရိုဖရဲ ဖြစ်နေတဲ့ ဆံပင်တွေနဲ့ အခန်းထဲက ထွက်လာတယ်။

“သွားစရာ ရှိလို့လား” လို့ အဖေဖြစ်သူက မေးတော့

“ဟုတ်ကဲ့”

“ဘယ်ကိုလဲ”

“ပြဇာတ် သွားကမလို့”

“အော်... အေးအေး”

မာရုက အိမ်ရှေ့တံခါးလက်ကိုင်ကို ဆွဲပြီး နှုတ်ဆက်လိုက်တယ်။ အပြင်ကို ထွက်ခါနီးလေးမှာပဲ အဖေဖြစ်သူရဲ့ နောက်ကျမှ ရောက်လာတဲ့ တုံ့ပြန်သံကို ကြားလိုက်ရတယ်။

“ပြဇာတ် ဟုတ်လား”

“ဟုတ်ကဲ့၊ ပြဇာတ်”

“ဟင် ”

မာရုကတော့ ပြုံးပြရုံပဲ ပြုံးပြပြီး ထွက်လာခဲ့တော့တယ်။

မာရုက ဆူဝန် ဘူတာဘက်ကို ဦးတည်တဲ့ လမ်းအတိုင်း လျှောက်လာခဲ့တယ်။ ဘူတာကို ရောက်တော့ ဘူတာကြမ်းပြင်တစ်ခုလုံးမှာ သံပြားတွေ ခင်းထားတာကို တွေ့ရတယ်။ သူ့မှတ်ဉာဏ်ထဲမှာတော့ ဒီဘူတာက တော်တော်နဲ့ မပြီးနိုင်ဘဲ ပြုပြင်ရေး လုပ်နေတာ ကြာလှပြီ။

မေလအစပိုင်းဆိုတော့ ရာသီဥတုက အတော်လေး နွေးလာပြီဖြစ်ပေမဲ့ ဆောင်းအကုန် နွေအကူးမို့လို့ တစ်ခါတလေ တိုက်ခတ်လာတဲ့ ဆောင်းလေအေးတွေက နွေဦးရဲ့ အငွေ့အသက်ကို နှောင့်ယှက်နေတုန်းပဲ။ လမ်းတစ်ဖက်မှာတော့ စားသောက်ကုန် ရောင်းတဲ့ ကားလေးတွေကို မာရု သတိထားမိသွားတယ်။ ပဲနို့ပူပူလေးတွေနဲ့ ပေါင်မုန့်မီးကင် ဆန်းဒဝစ်ချ် ရောင်းတဲ့ ကားလေးတွေပေါ့။ အဲဒီမှာ ငါးစီးလောက် ရှိတယ်။ အားလုံးက ဆင်တူတဲ့ အစားအစာတွေ ရောင်းနေကြတာပဲ၊ ဒါပေမဲ့ တစ်စီးနဲ့ တစ်စီး ရောင်းကောင်းပုံချင်းတော့ သိသိသာသာ ကွာခြားနေတယ်။

‘ငါမှတ်မိသလောက်ဆိုရင် ဒီကားတွေလည်း မကြာခင် ဖယ်ရှားခံရတော့မှာပဲ။’

နောက်နှစ်အနည်းငယ် ကြာတဲ့အခါမှာ အစိုးရဝန်ထမ်းတွေက ဒီကားတွေ ရပ်တဲ့နေရာမှာ ပန်းအိုးတွေ လာချထားကြလိမ့်မယ်။ ကားပိုင်ရှင်တွေကတော့ မတရားဘူးလို့ ခံစားရမှာ ဖြစ်ပေမဲ့ တစ်ဖက်မှာလည်း အနီးအနားက ဆိုင်ပိုင်ရှင်တွေက မြေခွန်တောင် မဆောင်ဘဲ ဈေးရောင်းနေတဲ့ ဒီကားတွေကို ကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေကြတာလေ။

ဘယ်ဘက်ကမှ အနိုင်အရှုံး မရှိတဲ့ အခြေအနေမျိုးပါပဲ။ မာရုက ပေါင်မုန့်မီးကင်တစ်ခု ဝယ်စားလိုက်တယ်။ မနက်စာ စားလာခဲ့ပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ ဘယ်လောက်ပဲ စားစား အားမရနိုင်သေးဘူး။

‘ဒီကားတွေ ဘယ်တော့ ထွက်သွားမလဲ မသိနိုင်ဘူး၊ ဒါကြောင့် ရှိတုန်းလေး စားထားမှပဲ။’

ပေါင်မုန့်မီးကင်နဲ့ စွပ်ပြုတ်လေး သောက်ပြီး ဗိုက်ဖြည့်ပြီးတဲ့နောက် မာရုက ဘူတာရှေ့ကို လျှောက်လာခဲ့တယ်။ ၉ နာရီထိုးဖို့ ၁၀ မိနစ်အလိုမှာ...

ဝုန်း... ဝုန်း... ဆိုပြီး ဖုန်းတုန်ခါသံ ထွက်လာတယ်။

နံပါတ်အစိမ်းတစ်ခုဆီက ဖုန်းလာနေတာ။

“ဟန်မာရုလားရှင်”

“ဟုတ်ကဲ့၊ ကျွန်တော်ပါ”

မနေ့က မီဆိုနဲ့အတူတူ စကားပြောခဲ့တဲ့ အမျိုးသမီး ဖြစ်နေတယ်။

“ဘယ်နေရာမှာလဲ”

“ကျွန်တော် ဆူဝန်ဘူတာ အပြင်ဘက်မှာပါ”

“တကယ်လား ခဏလေးနော်။ လူကူးတံတားအောက်က လမ်းမဘက်ကို ထွက်လာခဲ့ပေးလို့ ရမလား။ ကျွန်မ လိုက်ရှာကြည့်မယ်။ ကားအနီလေးနဲ့ပါ”

“ဟုတ်ကဲ့”

မာရု ဖုန်းချပြီး လမ်းမဘက်ကို လျှောက်လာခဲ့တယ်။ ကားတွေ ကြားထဲကနေ ကားအနီလေး တစ်စီး သူ့ဆီကို မောင်းလာတာ တွေ့လိုက်ရတယ်။ အနားမှာ ကားရပ်ဖို့ နေရာမရှိတာကြောင့် ကားနောက်ကနေ လိုက်ရင်း အနီးအနားက လမ်းဆုံဘက်ကို သူ လျှောက်သွားလိုက်တယ်။

“ဟုတ်ကဲ့”

“တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မ နောက်ကျသွားလား”

“အတိအကျပါပဲ။ ကျွန်တော် တက်ခဲ့ရမလား”

“ရတာပေါ့”

မာရု ဘေးထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ထိုင်လိုက်တာနဲ့ လတ်ဆတ်တဲ့ သံပရာနံ့က သူ့ကို ဆီးကြိုလိုက်သလိုပဲ။ မီဆိုရဲ့ အနံ့အသက်မကောင်းတဲ့ ကားနဲ့တော့ တခြားစီပဲ။ သူ့ရှေ့မှာတော့ ကားကို အလှဆင်ထားတဲ့ အရုပ်ကလေးတွေ အများကြီးရှိနေတယ်။ ကားနောက်ကြည့်မှန်မှာတောင် ယုန်ရုပ်ကလေး တစ်ရုပ် ချိတ်ထားသေးတယ်။

အဲဒီအရုပ်တွေက အနည်းဆုံး ၁၀ ရုပ်လောက် ရှိလိမ့်မယ်။ နောက်ထပ် ရှိဦးမလားလို့ မာရု နောက်ကို လှည့်ကြည့်လိုက်တော့... ရှိတာပေါ့၊ ကားနောက်ခန်းထဲမှာ လက်ချောင်းမှာ စွပ်ပြီး ကပြရတဲ့ အရုပ်ကလေးတွေတောင် တွေ့သေးတယ်။

“ဒီမှာ ပစ္စည်းတွေ အများကြီးပဲနော်” လို့ အမျိုးသမီးက မာရုကို နှုတ်ဆက်လိုက်တယ်။

မာရု အဲဒီအမျိုးသမီးကို ပထမဆုံးအကြိမ် သေသေချာချာ ကြည့်လိုက်မိတယ်။ သူက တော်တော်လေး ချောတာပဲ။ ပခုံးအထိ ကျနေတဲ့ ဆံပင်အရှည် အနက်ရောင်လေးနဲ့။ သူ့မျက်နှာက အသက် ၃၀ အောက်လို့ ထင်ရပေမဲ့ မျက်လုံးတွေကတော့ အသက်ကြီးတဲ့ပုံ ပေါက်နေတယ်။ ခဏခဏ ပြုံးတတ်လွန်းလို့ ထင်ပါရဲ့၊ မျက်နှာပေါ်မှာ အရေးအကြောင်းလေးတွေ နည်းနည်း ရှိနေတယ်။ ပါးချိုင့်လေး တစ်ဖက်လည်း ပါသေးတယ်။

ကြည့်ရတာ သိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တူတယ်။ မီဆိုနဲ့တော့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ ဒီလိုလူမျိုးက မီဆိုနဲ့ တွေ့ရင် ဘာတွေများ ပြောကြမလဲဆိုတာ မာရု စဉ်းစားလို့တောင် မရဘူး။

“ဒါတွေက ပြဇာတ်အတွက်လား” လို့ မာရုက နောက်ခန်းကို ညွှန်ပြရင်း မေးလိုက်တယ်။

“ဟုတ်တယ်။ တချို့က ပြဇာတ်ကဖို့၊ တချို့ကျတော့လည်း ကလေးတွေကို လက်ဆောင်ပေးဖို့ပေါ့”

သူက ဂီယာချိန်းပြီး ကားကို စမောင်းထွက်လိုက်တယ်။ ထူးထူးခြားခြားပဲ သူ မောင်းနေတာက လက်နဲ့ပြောင်းရတဲ့ Manual ကား ဖြစ်နေတယ်။ ဂီယာပြောင်းတဲ့အခါမှာ ကလပ်နင်းတာတွေက တော်တော်လေး ကျွမ်းကျင်နေတာပဲ။ ခဏလေးအတွင်းမှာပဲ သူ့မျက်နှာက ဝါရင့် တက္ကစီဒရိုင်ဘာတစ်ယောက်ရဲ့ မျက်နှာနဲ့ ထပ်တူကျသွားသလို မာရု ခံစားလိုက်ရတယ်။

“ကျွန်မ အော်တိုကား မမောင်းတာ ထူးဆန်းနေလို့လား”

သူက မာရု စိုက်ကြည့်နေတာကို သတိထားမိသွားပုံရတယ်။ မာရုက ခေါင်းယမ်းလိုက်ပြီး...

“Manualကားက မောင်းရတာ အော်တိုထက် ပိုခံစားချက်ရှိလို့ပါ။ အော်တိုက ပိုလွယ်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ ကုန်တင်ကားတွေ ဘာတွေ မောင်းတဲ့အခါ...”

အာ... သူ မှားသွားပြန်ပြီ။ သူ ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်ပြီး သူ့ကို ခိုးကြည့်လိုက်တယ်။

“ခုနက ဘာပြောလိုက်တာလဲ...”

“အဲဒါ ကျွန်တော့်အဖေ ပြောပြတာပါ။ Manualက ပိုကောင်းတယ် ဆိုတာလေ”

“အော်... ဟုတ်လား။ ကျွန်မအဖေလည်း အဲဒီလိုပဲ ပြောဖူးတယ်။ ဒါကြောင့် ပထမဆုံး လိုင်စင်လုပ်ကတည်းက Manual နဲ့ပဲ ဖြေခိုင်းတာ။ အားတဲ့အခါကျရင် လုပ်ငန်းသုံး ယာဉ်မောင်းလိုင်စင် ပါ သွားဖြေကြည့်မလို့ပဲ”

“လုပ်ငန်းသုံး ယာဉ်မောင်းလိုင်စင်ား”

“ဟုတ်တယ်” လို့ သူက တောက်ပတဲ့ အပြုံးနဲ့ ပြန်ဖြေတယ်။

ဒီလိုရုပ်ရည်မျိုးနဲ့ လူတစ်ယောက်ဆီကနေ အဲဒီစကားကို ကြားရတာ ထူးဆန်းနေပေမဲ့ မာရုကတော့ လောလောဆယ် လျစ်လျူရှုထားလိုက်တယ်။

“အော်... ဒါနဲ့ ကျွန်မ နာမည် မပြောရသေးဘူးနော်။ ကျွန်မနာမည်က ကန်ဆွန်ဂျီ ပါ။ မနေ့က ပြောခဲ့သလိုပဲ၊ အသက်က သုံးဆယ်... ပြီးတော့ အလုပ်ကတော့ ဟိုဟိုဒီဒီ လျှောက်လုပ်နေတာပါပဲ”

“ကျွန်တော်က ဟန်မာရုပါ၊ ကျောင်းသားပါ။ ဆရာမ မီဆိုရဲ့ လက်အောက်မှာ ကျောင်းပြဇာတ်အဖွဲ့အတွက် အလုပ်လုပ်နေတာပါ။ အခုကစပြီး ကျွန်တော့်ကို ပေါ့ပေါ့ပါးပါးပဲ ပြောပါ”

“အဲဒါ အဆင်ပြေပါ့မလား”

“ဟုတ်ကဲ့၊ ရပါတယ်”

“အင်း... ဒါဆိုရင်... ပေါ့ပေါ့ပါးပါးပဲ ပြောကြည့်မယ်နော်”

သူက ဘာကြောင့်မှန်းမသိ တစ်ခုခုကို အားနာနေသလိုပဲ။ ဒီအရွယ် အမျိုးသမီးတစ်ယောက်က ဒီလောက်အထိ ချစ်ဖို့ကောင်းနေပါလားလို့ မာရု တွေးမိရင်း ပြုံးကာ ရှေ့ကိုပဲ ကြည့်နေလိုက်တယ်။

“ကလေးတွေနဲ့ရော ကစားဖူးလား”

“ဟုတ်ကဲ့၊ ကစားဖူးပါတယ်”

ကစားဖူးတာပေါ့၊ အများကြီးတောင်။ သူ့သမီးလေးအတွက် သူ ဘာမဆို လုပ်ပေးခဲ့တာပဲ။ သူ့ရဲ့ မင်းသမီးလေးအတွက်ဆိုရင် မျက်နှာပေးမျိုးစုံနဲ့ ဖျော်ဖြေခဲ့ရတာလေ။

“ဟုတ်လား၊ ဒါဆိုရင်တော့ အံ့သြစရာပဲ။ မင်းအရွယ် ကောင်လေးတွေက ဒါမျိုး သိပ်မကြုံဖူးကြဘူး”

“အဲဒါတော့ ဟုတ်ပါတယ်”

“ဒါပေမဲ့ ခက်တော့ ခက်လိမ့်မယ်နော်။ တချို့ကလေးတွေက တော်တော် ဆိုးကြတာ။ ကျွန်မကတော့ သူတို့ကို စိတ်မဆိုးပါဘူး၊ အားလုံးက ချစ်ဖို့ကောင်းကြတာပဲ။ ဒါနဲ့... မင်းက စိတ်တိုလွယ်သလား”

သူ့အသံက နည်းနည်း စိုးရိမ်နေပုံရတယ်။ အရင်က ရန်ဖြစ်တတ်တဲ့သူတွေနဲ့ ကြုံဖူးလို့များလား။

“ကျွန်တော် စိတ်မတိုတတ်ပါဘူး၊ သိပ်ပြီး စိုးရိမ်မနေပါနဲ့”

“ဟူး... တော်သေးတာပေါ့။ မင်းကြည့်ရတာ နည်းနည်း ကြောက်စရာကောင်းသလိုပဲ။ အော်... ဆော်ရီးနော်၊ အဲဒီလို ပြောတာ မဟုတ်ပါဘူး...”

သူက မာရုကို ပြုံးပြီး ကြည့်လိုက်တယ်။ မာရုကလည်း သူ့မျက်လုံးတွေကို ပြန်ကြည့်လိုက်တဲ့အခါ သူ့ခေါင်းထဲမှာ စာတန်းလေးတွေ ပေါ်လာတယ်။

[[သူ့ရဲ့ ပထမဆုံး အမူအရာကြောင့် နည်းနည်း ကြောက်ဖို့ကောင်းမလားလို့၊ ဒါပေမဲ့ ကြည့်ရတာ အဆင်ပြေပုံရပါတယ်။ တော်သေးတာပေါ့။ ငါ နည်းနည်း ကြောက်နေမိတာ၊ ဒါပေမဲ့ ကောင်လေးက လူကောင်းလေးပဲ။]]

သူ့ရဲ့ စိတ်ထဲက အတွေးတွေက သူ ပြောလိုက်တဲ့ စကားတွေအတိုင်းပါပဲ။ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ စတီယာရင်ကို ညာဘက်ကို ကွေ့လိုက်တယ်။ ဒီစွမ်းအားက တကယ်ပဲ အသုံးဝင်တာပဲ။ လူတွေရဲ့ အပြင်ပန်း အမူအရာနဲ့ အတွင်းစိတ် ဘယ်လောက် ကွာခြားသလဲဆိုတာကို သိခွင့်ရတာကိုး။

‘ငါ့ကိုယ်ငါလည်း အပါအဝင်ပေါ့’

ကားလေးက မတ်စောက်တဲ့ ကုန်းတက်လမ်းအတိုင်း တက်လာခဲ့တယ်။ ဘူတာကနေ မိနစ် ၂၀ လောက် ဝေးတဲ့ မြို့ပြင်က ရပ်ကွက်လေးတစ်ခုမှာ ကားရပ်လိုက်တယ်။ အဲဒီမှာ နှစ်ထပ် ကလေးထိန်းကျောင်းလေး တစ်ကျောင်း ရှိတယ်။

အဲဒီကျောင်းက ဆရာမလို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်က အရှေ့မှာ စောင့်နေပြီး သူတို့နှစ်ယောက်ကို လက်လှမ်းပြ နှုတ်ဆက်နေတယ်။

“သူက ဒီမှာ အလုပ်လုပ်တာလေ။ စိတ်ထား သိပ်ကောင်းတာ။ ကဲ... ဆင်းကြစို့” လို့ ဆွန်ဂျီက ရှင်းပြတယ်။

ဆွန်ဂျီက နှုတ်ဆက်စကားပြောပြီး ကားနောက်ဖုံးကို ဖွင့်လိုက်တယ်။ ဆရာမကလည်း အရုပ်တွေကို ကူသယ်ပေးဖို့ ရောက်လာတယ်။ မာရုလည်း အရုပ်အချို့ကို ကူသယ်ပေးလိုက်တယ်။

ကျောင်းထဲ ရောက်တော့ သုံးယောက်သား အိမ်တွင်းစီး ဖိနပ်တွေ လဲစီးပြီး ဧည့်ခန်းလို့ ထင်ရတဲ့နေရာကို လျှောက်လာခဲ့ကြတယ်။ အဲဒီမှာ ကလေးတချို့ ဆရာမတွေနဲ့အတူ ပြေးလွှား ဆော့ကစားနေတာကို မာရု တွေ့လိုက်ရတယ်။

“ဒါက ကိုယ်ပိုင်ကျောင်းလား” လို့ မာရု မေးလိုက်တယ်။

ဆွန်ဂျီက ခေါင်းငြိမ့်ပြတယ်။

‘ဒီနေရာလေးက တော်တော် ကောင်းတာပဲ’

သူ့သမီးလေးကိုလည်း အရင်တုန်းက ကလေးကြိုကျောင်း ပို့ဖူးတာပေါ့။ အဲဒီတုန်းက ရွေးခဲ့တဲ့ကျောင်းက တော်တော်လေး ဈေးကြီးပေမဲ့ သူ့ဇနီးကလည်း အလုပ်လုပ်နေတာဆိုတော့ ထားနိုင်ခဲ့တာ။ ကလေးကို မိဘတွေဆီမှာ ထားဖို့လည်း စဉ်းစားခဲ့သေးတယ်၊ ဒါပေမဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ ဘယ်လောက် ခက်ခဲသလဲဆိုတာ သိသွားပြီးနောက်မှာတော့ အဲဒီလို မလုပ်ဖြစ်တော့ဘူး။

“ဒီနေရာလေးက တော်တော် အဆင်ပြေတာပဲ။ အစိုးရဆီကလည်း ထောက်ပံ့ကြေး တော်တော် ရမှာပဲနော်။ အဆောက်အဦကလည်း ကောင်း၊ ဆရာမတွေလည်း အများကြီးပဲ... ကလေးတွေအတွက် ကြိုပို့ယာဉ်ရော ရှိလား”

ဆွန်ဂျီက သူ့ကို အံ့သြသလို ကြည့်လိုက်တော့ မာရု နေရခက်ပြီး ချောင်းဟန့်လိုက်မိတယ်။

“မာရုက အများကြီး သိတာပဲနော်။ လူကြီးတစ်ယောက်ကျနေတာပဲ” လို့ ဆွန်ဂျီက ပြောတယ်။

“လူကြီးလို ဖြစ်နေတာ မဟုတ်ပါဘူး။ ဟိုဟိုဒီဒီ အသုံးမကျတဲ့ အကြောင်းအရာတွေ အများကြီး သိနေရုံတင်ပါ”

“မဟုတ်ပါဘူး၊ ဒါမျိုးတွေ သိထားတာ ကောင်းပါတယ်။ နောက်ကျရင် အိမ်ထောင်ကျတဲ့အခါ ဖခင်ကောင်းတစ်ယောက် ဖြစ်မှာ သေချာတယ်”

ဆွန်ဂျီက ပြုံးလိုက်တယ်။ ဒီလိုအမျိုးသမီးကို ဇနီးအဖြစ် ရတဲ့သူကတော့ ကံကောင်းမှာပဲလို့ မာရု တွေးမိလိုက်တယ်။

မာရုက ဆွန်ဂျီ ခိုင်းတဲ့အတိုင်း အရုပ်တွေကို သေတ္တာကြီးထဲ ထည့်လိုက်တယ်။ ကလေးတွေက စပ်စုတဲ့ မျက်လုံးလေးတွေနဲ့ အနားကို ရောက်လာကြတယ်။ အများစုက လေးနှစ်သားအရွယ်တွေပေါ့။

“ဒါ ဘာလဲ”

“ဘာကြီးလဲ”

ကလေးတွေဆိုတော့ စကားကို ပီပီသသ မပြောနိုင်ကြသေးဘူး။

“ဒါတွေက အရုပ်တွေလေ”

ဆွန်ဂျီက ကလေးတွေရဲ့ အရပ်နဲ့ အညီ ဒူးထောက်ထိုင်ပြီး ရှင်းပြနေတယ်။ သူ စကားပြောတဲ့ ပုံစံက တခြားဆရာမတွေအတိုင်းပဲ။ မာရု ခဏလောက် ကြည့်နေပြီးမှ ဆွန်ဂျီ ပြောခဲ့တဲ့ စကားကို သတိရပြီး အိမ်သာဘက်ကို ထွက်လာခဲ့တယ်။

သူ့ကို ကြည့်ရတာ ကြောက်စရာကောင်းတယ်ဆိုတဲ့ စကား...

သူ့တစ်သက်မှာ ဒီလိုစကားမျိုး တစ်ခါမှ မကြားဖူးဘူး။ နောက်ပြောင်တတ်တယ်၊ ဆိုးတယ် စသဖြင့်တော့ ကြားဖူးပါတယ်... ဒါပေမဲ့ ကြောက်စရာကောင်းတယ်လို့တော့ တစ်ယောက်မှ မပြောဖူးဘူး။

သူက ကလေးတွေသုံးတဲ့ မှန်လေးရှေ့မှာ ငုံ့ပြီး သူ့မျက်နှာကို ပြန်ကြည့်လိုက်တယ်။

‘... တကယ်ပဲ ငါ့မျက်နှာက နည်းနည်း တင်းမာနေသလိုပဲ’

ဟိုအကြောင်း ဒီအကြောင်းတွေ အများကြီး လျှောက်တွေးနေလို့များလား။ မာရု မှန်ထဲမှာ ပြုံးပြကြည့်လိုက်တယ်။ တော်သေးတာပေါ့၊ အပြုံးကတော့ သိပ်ပြီး တင်းမာမနေသေးဘူး။

အိမ်သာက ထွက်လာတော့ ကလေးတွေ ရယ်သံကို ကြားလိုက်ရတယ်။ ဘာဖြစ်နေသလဲဆိုတာ သိချင်လို့ သူ ခပ်သွက်သွက် လျှောက်သွားလိုက်တယ်။

“ဟားဟား”

မာရု ပထမဆုံး မြင်လိုက်ရတာက ယုန်မျက်နှာဖုံးကြီး စွပ်ထားတဲ့ ဆွန်ဂျီပဲ။ ကလေးတွေကို ကစားပေးဖို့ ဝတ်ထားတာ ဖြစ်ပုံရပေမဲ့ ကလေးတွေရဲ့ တုံ့ပြန်မှုကတော့... သိပ်ပြီး မကောင်းလှဘူး။

“ယုန်ဘီလူးကြီး ”

“ယုန်ဘီလူးကြီး လာပြီ ”

ကြည့်ရတာ ပုံမှန်တော့ မဟုတ်ဘူး။ မျက်နှာဖုံးမှာ ပါတဲ့ သွားကြီးတွေက အရမ်းကြီးနေလို့ ဖြစ်မယ်။ ဆွန်ဂျီက ကြမ်းပြင်ပေါ်မှာ ကွေးကွေးလေး ထိုင်နေတုန်း ကလေးတွေက သူ့ကို ဝိုင်းထိုးနေကြတယ်။

လေးနှစ်သား ကလေးတွေရဲ့ လက်သီးက သိပ်မနာဘူးလို့ ထင်ကောင်းထင်နိုင်ပေမဲ့... ကိုယ်တိုင် သမီးလေး မွေးဖူးတဲ့ မာရုကတော့ အဖြေကို ကောင်းကောင်းသိတယ်။

သေမတတ် နာတာလေ။

“နေ... နေဦးလေ ကလေးတို့ရဲ့ ”

“ဝါးဟားဟား ”

အင်း... ကလေးတွေ ပျော်နေရင်လည်း ပြီးတာပါပဲ။ မာရုက မနေ့က ဖုန်းထဲမှာ ကြားခဲ့ရတဲ့ အသံတွေကို ပြန်သတိရသွားတယ်။ အခု ဖြစ်နေတာမျိုးပဲ နေမှာ။

“ကလေးတို့ ငါ နာနေပြီ ”

ဒါပေမဲ့ ကလေးတွေကတော့ ဘယ်ရပ်မလဲ။ မာရုက ဒီမြင်ကွင်းကို ပြုံးကြည့်နေတုန်းမှာပဲ ဆွန်ဂျီက မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်တယ်။

“ခဏလောက် လေ့ကျင့်ကြရအောင်”

“ဟုတ်ကဲ့၊ အဲဒီလိုပဲ လုပ်ကြတာပေါ့”

ဆွန်ဂျီက ကလေးတွေကို ဆရာမဆီမှာ အပ်ခဲ့ပြီး မာရုဆီကို လျှောက်လာတယ်။ သူ့လက်ကို ဆွဲပြီး လှေကားဘက်ကို ခေါ်သွားတယ်။

“ကလေးတွေ အိပ်တုန်း လေ့ကျင့်ကြမယ်။ နောက်ထပ် ကလေးတွေလည်း ထပ်လာဦးမှာဆိုတော့ ဒီမှာပဲ လေ့ကျင့်ရအောင်”

“ဟုတ်ကဲ့။ ဒါပေမဲ့ အမက ယဉ်ယဉ်ကျေးကျေးကြီး ပြန်ပြောနေပြန်ပြီ”

“အင် အော်... ဆော်ရီး၊ အကျင့်ပါနေလို့။ စိတ်အနှောင့်အယှက် ဖြစ်သွားလား”

“ရပါတယ်။ အမ စိတ်တိုင်းကျသာ လုပ်ပါ၊ အမလို့ပဲ ခေါ်လို့ရမလား”

“ရတာပေါ့။ ကြိုက်သလို ခေါ်။ မီဆိုကတော့ ကျွန်မကို ခွေးပေါက်ကလေးလို့ ခေါ်တာ”

ခွေးပေါက်ကလေး... အင်း၊ ထင်ထားတာထက် ပိုလိုက်ဖက်တာပဲ။

“လေးနာရီလောက် လေ့ကျင့်မယ်။ နေမင်းနဲ့ လေမင်း ပုံပြင်ရယ်၊ နေနဲ့လ ဖြစ်သွားတဲ့ မောင်နှမနှစ်ယောက် ပုံပြင်ရယ်ကို မင်း သိတယ်မလား”

“သိတာပေါ့”

“အဲဒီနှစ်ခုကို ဒီအရုပ်တွေနဲ့ ကကြမယ်”

ဆွန်ဂျီက ယုံကြည်မှုအပြည့်နဲ့ လက်စွပ်အရုပ်ကလေးတွေကို ထုတ်လိုက်တယ်။ ကျားရုပ်၊ ကလေးနှစ်ယောက်၊ ခရီးသည်၊ ပြီးတော့ နေနဲ့ လ။

“ပျော်စရာကောင်းပုံရတယ် မဟုတ်လား”

သူက ကလေးတွေထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေပုံရတယ်။ မာရုလည်း သူ့လက်ချောင်းတွေမှာ အရုပ်ကလေးတွေကို စွပ်ကြည့်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဆွန်ဂျီက သူ့ကို မေးတယ်။

“ဘယ်လိုနေလဲ”

“ဗျာ ”

“သေသေသပ်သပ် ရှိရဲ့လားလို့”

သူ့မျက်လုံးတွေက ချီးကျူးခံရဖို့ မျှော်လင့်ချက်တွေနဲ့ တောက်ပနေတယ်။ မာရု ဒီမျက်လုံးမျိုးကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ။ အော်... မှတ်မိပြီ၊ သူ့သမီးလေး ပထမဆုံးအကြိမ် ပုံဆွဲပြီး လာပြတုန်းက မျက်လုံးမျိုးပဲ။

“အမကိုယ်တိုင် လုပ်ထားတာလား”

“ဟုတ်တယ်။ ဘယ်လိုနေလဲ”

“ဝါး... တကယ် ကောင်းတာပဲ။ ဆိုင်က ဝယ်ထားတဲ့အတိုင်းပဲ”

“တကယ်လား အဲဒီလောက်တောင် ကောင်းလို့လား”

ဆွန်ဂျီက သူ့အရုပ်ကလေးတွေလိုပဲ ပါးစပ်ကြီး ဖြဲပြီး ပြုံးလိုက်တယ်။

“ဒါပေမဲ့ မီဆိုကတော့ ကျွန်မအရုပ်တွေကို အမြဲ နှိမ်တာ”

“အဲဒီဆရာမကတော့ ဘယ်သူ့ကိုမှ ချီးကျူးတတ်တဲ့လူ မဟုတ်ပါဘူး”

“ဟုတ်တယ်မလား ဟုတ်တယ်မလား ”

မာရု ခေါင်းငြိမ့်ပြလိုက်တော့ ဆွန်ဂျီရဲ့ အပြုံးက ပိုကျယ်လာတယ်။ သူ ခဏခဏ အစခံရတာ ဖြစ်မယ်။ မီဆိုက ဆွန်ဂျီကို မျက်နှာသေနဲ့ ဘယ်လိုတွေ အနိုင်ကျင့်နေမလဲဆိုတာ မာရု အလွယ်တကူ မြင်ယောင်နေမိတယ်။

“အရင်ဆုံး ဇာတ်လမ်းကို ပြောပြမယ်။ ဇာတ်လမ်းအနှစ်သာရကတော့ မပြောင်းစေချင်ဘူး။ ပြဇာတ်ကရင်းနဲ့ လိုသလို ဖြည့်ပြောတာ လက်တန်းကတော့ ရပါတယ်၊ ဒါပေမဲ့ ကျွန်မဘက်က ပြန်တုံ့ပြန်နိုင်ရမယ်၊ ပြီးတော့ ဇာတ်လမ်းနဲ့ အရမ်းကြီး သွေဖည်မသွားဖို့တော့ လိုမယ်”

“ကျွန်တော်တော့ ဖြည့်ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒါက ပထမဆုံးအကြိမ်လေ”

“တကယ်လား ကဲ... ဒါဆို ဒီကို ခဏလာဦး”

ဆွန်ဂျီက သူ ထုတ်လာတဲ့ ဇာတ်ညွှန်းကို ဖွင့်လိုက်တယ်။ မာရုက သူ့ဘေးမှာ ရပ်လိုက်တော့ လတ်ဆတ်တဲ့ သံပရာနံ့လေးက သူ့ဆီကို တိုးဝင်လာတယ်။

သူ့နှလုံးခုန်သံက ခဏလောက် မြန်သွားတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့မိန်းမ စူပုတ်နေတဲ့ မျက်နှာကြီးက ခေါင်းထဲကို ဖျတ်ခနဲ ရောက်လာတယ်။

“ဖူးးးး... ဟားဟား”

“ဘာဖြစ်လို့လဲ”

“မဟုတ်ပါဘူး၊ တစ်ခုခုကို သတိရသွားလို့ပါ”

ဆွန်ဂျီက ခေါင်းငြိမ့်ပြပြီး ဇာတ်ညွှန်းကို စတင်ဖတ်ကြားလိုက်တော့တယ်။

* * * * * * * * *

All Chapters