စိတ်ဓာတ်ကျဖွယ်အခြေအနေမှ လွတ်မြောက်ခြင်း
Vol. 11 Ch. 171
ရွှီချင်းသည် နောက်ဆုံးစကားများအား နားထောင်ရသည်ကို အလေ့အကျင့်မရှိသလို ကျေးကျွန်အဖြစ် လက်ခံရမည်ကိုလည်း စိတ်မပါပေ။ လူ့စိတ်က ခန့်မှန်းရခက်သည် မဟုတ်ပါလား။ နောင်တချိန်တွင် အလစ်တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေရသည်ထက် ရန်သူအား တစ်ခါတည်း သတ်ပစ်လိုက်သည်က ပို၍ ကောင်းသည်။
ရန်သူများနှင့် ပတ်သက်၍ သူ့စိတ်ထဲတွင် ‘ သေသွားသော ရန်သူက ဘေးအကင်းဆုံး ဖြစ်သည် ’ ဟူသော အတွေးသာ ရှိသည်။
ရန်သူများကို သူ မြန်မြန် သတ်နိုင်လေလေ သူ ပို၍ အန္တရာယ်ကင်းသွားမည်သာ ဖြစ်သည်။
ယင်းယူဆချက်က သူ မရင်းနှီးသော အနီရောင်လွင်ပြင်သို့ ရောက်လာသောအခါတွင် ပို၍ မှန်ကန်သည်။ ဤနေရာသည် ဆိုးဝါးသောနေရာဒေသတစ်ခုဖြစ်နေပြီး လီထူဂိုဏ်းသည်ပင် ရံဖန်ရံခါမှသာ ဝါဒဖြန့်ရန် ရောက်လာတတ်သည်ကို သူ သိထားသည့်အတွက်ကြောင့်သာ သူ တစ်လကျော်ကြာသည်အထိ သိုသိုသိပ်သိပ်နေကာ ဂရုတစိုက် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
တချိန်တည်းမှာပင် ကျင်းကန်းဂိုဏ်းနှင့် အနီးဆုံးရတနာမုဆိုးစခန်းသည်လည်း ငါးဆယ်ကီလိုမီတာအကွာအဝေးတွင် ရှိသည်။ ထို့ကြောင့် ရွှီချင်းနှင့် ကျင်းကန်းဂိုဏ်းအကြားရှိ တိုက်ပွဲသည် နှင်းမုန်တိုင်းထဲ သက်ဆင်းသွားရမည်ဖြစ်ပြီး တစ်ယောက်မှ သတိထားမိကြတော့မည် မဟုတ်ပေ။
ထို့ပြင် အဆောင်တန်ခိုးဖြင့် သူ့ရုပ်ရည်သွင်ပြင်ကိုလည်း ပြောင်းလဲထားခဲ့ပြီး သူ၏မှော်လှေကိုလည်း ဂိုဏ်းထဲတွင် တချိန်လုံး ဖုံးကွယ်ထားခဲ့သည်။ မှော်လှေ၏ သရုပ်မှန်ကို မြင်ဖူးသူမှာ ကျန်းစန်းတစ်ယောက်သာ ရှိသည်။
ထိုအစီအမံများက အချိန်တိုအတွင်း ရွှီချင်းလုပ်နိုင်သည့်အရာများ ဖြစ်သည်။ ထိုအစီအစဉ်တွင် ပြစ်ချက်များ ရှိနေသေးသော်လည်း ဤခရီး ချောချောမွေ့မွေ့ ဖြစ်သွားရသည့်အကြောင်းအရင်းမှာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သူ ရောက်လာမည့်အချိန်ကို မှားယွင်းတွက်ချက်မိခဲ့ခြင်းကြောင့် ဖြစ်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သူ၏တိုးတက်နှုန်းကိုလည်း လျော့တွက်ခဲ့သည်။
ပို၍ အရေးကြီးသည်မှာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ရွှီချင်းထံတွင် အခြေတည်အဆင့်ကျင့်ကြံသူများကို အပြင်းအထန် ဒဏ်ရာရသွားစေနိုင်သော နတ်တိုက်ကွက်တစ်ခု ရှိနေလိမ့်မည်ဟု တစ်ခါမှ ထင်မှတ်မထားခြင်း ဖြစ်သည်။
နတ်သတ္တဝါများက အလွန်ရှားပါးပြီး ၎င်းတို့၏ တန်ဖိုးသည်လည်း ခေါင်ခိုက်နေသည် မဟုတ်ပါလား။ ထိုမှော်လှေကို တည်ဆောက်ရန် ရွှီချင်းက နတ်ဖွတ်အရေခွံကိုသာမက ဝိညာဉ်ကျောက်တုံးတစ်သောင်းကိုပါ အသုံးပြုခဲ့ရသည်။
ထိုကဲ့သို့ ပြင်ဆင်ခြင်းက မည်သည့်အတွက်ကြောင့် အချည်းနှီးဖြစ်သွားရမည်နည်း။
နှင်းမုန်တိုင်းက အရပ်မျက်နှာအနှံ့သို့ ဖြတ်သန်းကာ တဝေါဝေါ တိုက်ခတ်နေသည်။
မှော်လှေမှနတ်စွမ်းအားများသည်လည်း ကြောက်စရာကောင်းလောက်အောင် စုစည်းသွားပြီဖြစ်သည်။ ရွှီချင်းက ညာလက်ကို အောက်ချလိုက်သောအခါ မှော်လှေထိပ်ဦးရှိ ဆူးချွန်မှ ရွှေရောင် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။
ကောင်းကင်ယံမှ လိုက်ကာကြီး ကျဆင်းနေသည့်အလား နှင်းခဲများ ထူထပ်သိပ်သည်းစွာ ကျနေပါသော်လည်း ရွှေရောင်အလင်းတန်းထဲရှိ ကြီးကျယ်မြင့်မြတ်သောအရိပ်အငွေ့များကို ဖုံးကွယ်ခြင်းငှာ မစွမ်းသာချေ။
ထိုအရိပ်အငွေ့များက ဝိညာဉ်များနှင့် သတ္တဝါအားလံးကို ဖိနှိပ်နိုင်ဟန်တူပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ရင်တဒိန်းဒိန်းခုန်သွားစေသည်။ သူ့မျက်လုံးများထဲတွင် ကြောက်လန့်သည့်အရိပ်အယောင်များ သိသိသာသာ ပေါ်လွင်နေပြီး သူက အတွေးစများကို ဖျောက်ကာ ခန္ဓာကိုယ်နှင့်စိတ်ကို ထိန်းချုပ်လိုက်သည်။
ရွှီချင်းက သူ့ကို စကားအနည်းငယ်ပင် ပြောခွင့်မပေးဘဲ နတ်တိုက်ကွက်က သူ့ခန္ဓာနှင့်ဝိညာဉ်အား ဖျက်ဆီးတော့မည်ကို မြင်သောအခါ သူ၏မျက်လုံးများထဲ ဆုံးဖြတ်ချလိုက်သည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူက ရုတ်တရက် အော်ဟစ်လိုက်ပြီး ရွှီချင်း အိပ်မက်ထဲမှာပင် မမက်နိုင်သည့် အရာတစ်ခုကို လုပ်လိုက်သည်။
အမှန်စင်စစ် ရွှီချင်း၏ နတ်တိုက်ကွက် ကျရောက်တော့မည့်ဆဲဆဲတွင် သူ့ကိုယ်သူ ပြန်လည်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ရွှီချင်း၏ရှေ့တွင် ညာလက်ဖြင့် နဖူးကို အလျင်အမြန် ရိုက်ချလိုက်သည်။
လက်ဝါးရိုက်ချက်တစ်ခုတည်းဖြင့် အသက်မသေမှာကို စိုးရိမ်နေသည့်အလား သူက ဘယ်လက်ဖြင့် ဓားမော့တစ်လက်ကို ထုတ်၍ သူ့နှလုံးသားထဲသို့ ထိုးသွင်းလိုက်သည်။
သူက အားအင်အပြည့်ဖြင့် ထိုးသွင်းလိုက်သည့်အတွက်ကြောင့် ဓားမော့က ကျိုးသွားကာ နှလုံးသားထဲ ဝင်သွားသည်။
မရေမတွက်နိုင်သော ဓားမော့အကျိုးအပဲ့များက အခြေတည်အဆင့်စွမ်းအားများကို သယ်ဆောင်၍ သူ့ခန္ဓာကိုယ်ထဲ ပေါက်ကွဲထွက်သွားသည်။
သူ့နဖူးသည်လည်း အစိတ်စိတ်အမြွာမြွာ ဖြစ်သွားပြီး လည်ပင်းအထက်ရှိ အရာအားလုံး ပျက်စီးသွားသည်။
ထိုအဓိပ္ပာယ်မရှိသော မြင်ကွင်းကြောင့် ရွှီချင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
“ လူသားတစ်ယောက်လား၊ သေချင်ယောင်ဆောင်နေတာလား ”
သူက မြေပြင်ပေါ် လဲကျနေသော အလောင်းကို ကြည့်လိုက်ပြီး အလောင်းထံမှ အရှိန်အဝါများ ကွယ်ပျောက်သွားသည်ကို တွေ့လိုက်ရသည်။ အလောင်းတွင် မည်သည့်သက်စောင့်အားမျှ မကျန်တော့သည်မှာ ထင်ရှားသည်။
ခေါင်းပြတ်သွားပြီးနောက် ခန္ဓာကိုယ်တစ်ခြမ်းသာ ကျန်တော့သည့် လူတစ်ယောက်က သေချင်ယောင်ဆောင်နေသည့် အခြေအနေမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။
ထို့ပြင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက လူသားမဟုတ်သော မျိုးနွယ်မှ မဟုတ်သည်ကိုလည်း သူ ခံစားမိနေသည်။
ယင်းသည် တိုက်ခိုက်နေစဉ်အတောအတွင်း ပထမဆုံးအကြိမ် ရွှီချင်း တွေဝေတွန့်ဆုတ်သွားရခြင်း ဖြစ်သည်။ အလောင်းပေါ်ရှိ အဖိုးတန်သော နတ်စွမ်းအားကို ဖြုန်းတီးပစ်လိုက်ရမည်လား သူ မသိပေ။
သူ ကလေးအရွယ်ကတည်းက လူများစွာ သတ်ခဲ့ဖူးသည့်တိုင်အောင် ယခုလိုအဖြစ်အပျက်မျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူ တိုက်ခိုက်ရန် ပြင်ထားသည့် နတ်တိုက်ကွက်ကို ထိန်းချုပ်လိုက်သည်။
သို့တိုင်အောင် သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ရေစက်များပေါ်လာကာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ပျက်စီးနေသော အလောင်းကို အပြီးတိုင် ဖျက်ဆီးလိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အလောင်းအစိတ်အပိုင်းများက မြေပြင်ပေါ် ပြန့်ကျဲသွားသည်။
ထိုအလောင်းအစိတ်အပိုင်းထဲမှ ပုံရိပ်ယောင်ဝိညာဉ်တစ်ခု ထွက်လာသည်။ ထိုဝိညာဉ်အရိပ်က ဝိုးတစ်ဝါးဖြစ်နေပြီး အချိန်မရွေး ပျောက်ကွယ်နိုင်သည့်အလား တုန်ခါနေသည်။
အနီးကပ်ကြည့်ပါက ထိုအရိပ်လေးသည် ဝိုးတစ်ဝါး ဖြစ်နေပါသော်ငြား ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ရုပ်သွင်ဖြစ်နေသည်ကို မြင်ရပေမည်။ သို့သော်လည်း ထိုဝိညာဉ်အရိပ်က လူသေဝိညာဉ်လိုမျိုး မဟုတ်ဘဲ မှင်စာလေးတစ်ကောင်နှင့် ပို၍ ဆင်သည်။
ထိုဝိညာဉ်အရိပ်က အလွန် မှိန်ဖျော့နေပါသော်လည်း ရွှီချင်း၏ အမြင်အာရုံထဲတွင် အသက်ရှင်နေသည့်ခံစားချက်မျိုး ရနေသည်။
ရွှီချင်း၏ မျက်လုံးများမှေးသွားပြီး လူသတ်ချင်စိတ်များ ပြန်လည်ထကြွလာသည်နှင့်တစ်ပြိုင်နက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ဝိညာဉ်က မနီးမဝေးမှ မြေပြင်ပေါ်ရှိ သံတုတ်ကလေးဆီသို့ ရုတ်တရက် ပြေးဝင်သွားသည်။
လျှပ်တစ်ပြက်အတွင်း ၎င်းက လေဟာနယ်ထဲကို ဖောက်ထွင်း၍ သွားနိုင်သည့်အလား သံတုတ်လေးဘေးတွင် ပေါ်လာသည်။ ၎င်းသည် အသက်လုပြေးနေရသည့်အလား ၎င်း၏မျက်နှာတွင် စိတ်မရှည်သည့်အမူအရာများဖြင့် ပြည့်နှက်နေပြီး သံတုတ်ကလေးအနားသို့ မရောက်ခင် ရွှီချင်း၏ သတ်ဖြတ်ခြင်းခံလိုက်ရမှာကို စိုးရွံ့နေဟန်တူ၏။
မျက်တောင်တစ်ချက်ခတ်အတွင်း ဝိညာဉ်အရိပ်က သံတုတ်နှင့် အပြည့်အဝ ပေါင်းစည်းသွားသည်။ သံတုတ်ကလေး အပြင်းအထန် တုန်ခါသွားသည်။ သံတုတ်ကလေး၏အရောင်မှာ ပို၍ မည်းနက်တောက်ပြောင်သွားပြီး အေးစိမ့်စိမ့်အငွေ့အသက်များပင် ထုတ်လွှတ်လိုက်သည်။
အမှန်စင်စစ် သာမန်ပစ္စည်းတစ်ခုက ရတနာတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသည့်အလား သံတုတ်လေးက အလင်းဖျော့ဖျော့ပင် ထုတ်လွှတ်လိုက်သည်။
တိုက်ပွဲစတင်ကတည်းက ဒုတိယအကြိမ်မြောက် ရွှီချင်း အံ့အားသင့်သွားရသည်။
ချီရွှဲ့ထုံဂိုဏ်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် ယခင်ကလိုမျိုး ကျင့်ကြံခြင်းကို အပေါ်ယံ နားလည်ခြင်းသာ မဟုတ်တော့ပေ။ ထိုအချိန်၌ သံတုတ်ကလေးကို ကြည့်ရင်း သူ့အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သံတုတ်ကလေး၌ ပြောင်းလဲသွားသောအရာကို သူ တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်ပြီ ဖြစ်သည်။
“ လက်နက်စောင့်ဝိညာဉ် ရသွားတာလား ”
ဤလောကကြီးထဲ၌ သာမန်ရတနာများနှင့် မှော်ရတနာများအကြားတွင် ကွာခြားချက်များစွာ ရှိသည်။ ထိုကွာခြားချက်များအနက် တစ်ခုမှာ သာမန်ရတနာများတွင် ဝိညာဉ်များမရှိကြဘဲ မှော်ရတနာများတွင် ဝိညာဉ်များ ရှိကြခြင်းဖြစ်သည်။
အမှန်တကယ်တော့ ဝိညာဉ်ရှိသည့် သာမန်ရတနာတိုင်းကို မှော်ရတနာအဖြစ် မဆိုနိုင်ပေ။ သို့သော်လည်း ပစ္စည်းတစ်ခုမှာ လက်နက်ဝိညာဉ်ရှိသွားသည်နှင့် မှော်ရတနာဖြစ်လာနိုင်ချေရှိသည်။
ရွှီချင်းက ဖမ်းဆုပ်ဟန်လုပ်လိုက်ရာ သံတုတ်ကလေးက တရွှီရွှီမြည်သံပေး၍ သူ့လက်ထဲ ပြန်ရောက်လာသည်။ သူက သံတုတ်ကလေးကို အချိန်အတော်ကြာသည်အထိ အေးစက်စက်စိုက်ကြည့်လိုက်သည်။ သူ့ညာလက်က ရံဖန်ရံခါ အားများ ထည့်သွင်းလိုက်ပြီး တစ်ခါတရံ အားလျော့လိုက်သည်။ အကြိမ်အနည်းငယ်ကြာပြီးနောက် သူ ပို၍ပင် တိတ်ဆိတ်သွားသည်။
ထိုမည်းနက်တောက်ပြောင်သော သံတုတ်ကလေး၌ လက်နက်စောင့်ဝိညာဉ်ရှိနေပြီး ထိုလက်နက်စောင့်ဝိညာဉ်က ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးဖြစ်သည်ကို သူ သိသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက လျှို့ဝှက်နည်းလမ်းတစ်မျိုးကို အသုံးချ၍ အသေခံလိုက်ပြီး သူ့ဝိညာဉ်ကို လက်နက်ဝိညာဉ်အဖြစ် ပြောင်းကာ သံတုတ်ကလေးထဲ ဝင်ရောက်သွားခြင်း ဖြစ်သည်။
“ ထွက်ခဲ့စမ်း ”
ရွှီချင်းက အနည်းငယ် ဒေါသထွက်နေသည့်လေသံဖြင့် အော်ပြောလိုက်သည်။
ရုတ်တရက် သံတုတ်ကလေး တုန်ခါသွားပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏အရိပ် ပေါ်လာသည်။ ရွှီချင်း၏မျက်နှာအမူအရာကို ကြည့်၍ သူသည် တစ်ကိုယ်လုံး တုန်ရီသွားပြီး တောင်းပန်တိုလျှိုးသည့်အပြုံးဖြင့် ကပျာကယာ ပြုံးပြလိုက်သည်။
“ သခင်လေး၊ အမိန့်ရှိပါ ”
သူ့အပြောအဆိုက အလွန် လိမ္မာပါးနပ်နေပြီး သူ့မျက်နှာတွင်လည်း ဖားယားနေသည့်အမူအရာများဖြင့် ပြည့်နှက်နေသည်။ အချိန်ကြာမြင့်စွာ သူ လေ့ကျင့်ထားခဲ့သည့်အလား ရှက်ကိုးရှက်ကန်းဖြစ်နေသော အမူအရာများ ရှိမနေပေ။ အမှန်တကယ်တွင်လည်း သူ လေ့ကျင့်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် တစ်ဘဝလုံး သတိကြီးကြီးထား၍ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ သူက ရှေးဟောင်းစာအုပ်များအား ဖတ်ရှုရသည်ကိုလည်း သဘောကျသည်။ တခြားသူများ၏အမြင်တွင် သူ၏အတွေးများက ပုံမှန်မဟုတ်ပေ။
သို့သော်လည်း သူက ထိုသို့ မတွေးပေ။ ဤလောကပျက်ကြီးထဲ၌ ရွှမ်ယောက်အသွင်သဏ္ဍာန်ကိုပင် အသက်မသွင်းနိုင်သောလူက များများစားစား မရှိကြောင်း သူ ကောင်းကောင်း သိထားသည်။ ထို့ပြင် သူ့ဂိုဏ်းသည်လည်း သေးငယ်နေသည်ဖြစ်ရာ ကံကြမ္မာကောင်းများနှင့် ပါရမီရှင်များအတွက် သူက ဓားသွေးကျောက်ဖြစ်နိုင်ချေများသည်။
ထိုကဲ့သို့ ဓားသွေးကျောက်ကိစ္စနှင့်ပတ်သက်၍ သူ ဖတ်ခဲ့ဖူးသည့် မရေမတွက်နိုင်သော ရှေးဟောင်းစာအုပ်များထဲတွင် ထိုလူများအားလုံး အသေဆိုးနှင့် သေသွားရသည်ကို တွေ့ခဲ့ရသည်။ တစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ပေ။ ထို့ကြောင့် သူ ကြောက်လန့်တုန်ရီကာ သူ့အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်ခဲ့ရသည်။
အားလုံးကို လက်လျော့ပြီး စိတ်အေးလက်အေးဖြင့်လည်း သူ မနေနိုင်ပေ။
သို့ဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ ကံဆိုးမည်ဟု ယူဆမထားခဲ့ပါသော်လည်း မမျှော်လင့်ထားသော အန္တရာယ်အတွက် ပြင်ဆင်မှုများ လုပ်ခဲ့သည်။ သူ ငယ်စဉ်က မြို့ပျက်တစ်ခုတွင် ရရှိခဲ့သော တစ်ဝက်တစ်ပျက်ဖြစ်နေသည့် ပညာရပ်ကို တိတ်တဆိတ် လေ့ကျင့်ခဲ့သည်။
ထိုမပြည့်စုံသောပညာရပ်ကို သာမန်လူများအနေဖြင့် လေ့ကျင့်နိုင်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ထိုပညာရပ်ကို တစ်ခါသာ အသုံးပြုနိုင်ပြီး အသက်ကိုစတေးကာ လက်နက်စောင့်ဝိညာဉ်ကဲ့သို့ သတ္တဝါတစ်မျိုး ဖြစ်လာရမည် ဖြစ်သောကြောင့်ပင်။
ထို့ပြင် ကျရှုံးနိုင်ချေလည်း အလွန်တရာမြင့်မားသည်။ တစ်ခါကျရှုံးလိုက်သည်နှင့် ဝိညာဉ် ပျောက်ကွယ်သွားရမည်ဖြစ်သည်။
သို့သော်ငြား ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ထိုမပြည့်စုံသော ပညာရပ်ကို အလွန် အလေးထားသည်။ ယင်းက သူ့အသက်ကို ကယ်တင်ပေးနိုင်မည့် ပညာရပ်အဖြစ် ခံစားခဲ့ရ၏။
ထိုပညာရပ်ကို သူ မရပ်မနား လေ့ကျင့်ခဲ့ပြီး ထိုပညာတွင်လည်း သူက ပါရမီပါနေဟန်တူသည်။
သူ အမှန်တကယ် အသတ်ခံရမည့်တစ်နေ့တွင် ရန်သူကို သူ့သခင်အဖြစ် အသိအမှတ်ပြုခြင်းဖြစ်စေ၊ တာအိုကျမ်းသစ္စာကျိန်ဆိုခြင်းဖြင့် ဖြစ်စေ ယုံကြည်အောင် ပြောဆိုရန်မှာ အလွန် ခက်ခဲမည်ဖြစ်ကြောင်း သူ ခံစားခဲ့ရသည်။
ယင်းနည်းလမ်းက မလုံခြုံဘဲ ရန်သူက အချုပ်အနှောင်အဆောင်များဖြင့်ဖြစ်စေ ရတနာများဖြင့်ဖြစ်စေ သူ့ကို ချုပ်နှောင်ထားနိုင်သည်။
ဘေးအကင်းဆုံးနည်းလမ်းမှာ ရန်သူ၏ လက်နက်ကို စောင့်ရှောက်သော ဝိညာဉ်ဖြစ်လာရန်ဖြစ်သည်။
ထို့ပြင် ကျင့်ကြံသူအများစုက လက်နက်စောင့်ဝိညာဉ်များကို အလွန် ဂရုစိုက်ကြသည် မဟုတ်ပါလား။
ရှေးဟောင်းစာအုပ်များကို သူ ပို၍ ဖတ်ရှုမိသည်နှင့်အမျှ ထိုအတွေးက တစတစ ခိုင်မာလာခဲ့သည်။
ယနေ့တွင် သူ့တစ်ဘဝလုံး လေ့ကျင့်ခဲ့သည့် လက်နက်စောင့်ဝိညာဉ်ပညာရပ်ကို အသုံးပြုလိုက်ပြီ ဖြစ်သည်။ ယင်းအတွက်ကြောင့် သူ အသက်မရှင်နိုင်တော့သည့်အခြေအနေမှ လွတ်မြောက်သွားခဲ့ရသည်။
ထိုမြှောက်လုံးပင်လုံးများကြောင့် ရွှီချင်းမှာ ပို၍ပင် ဒေါပွလာရသည်။ ထိုကဲ့သို့ အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ပြီး ၎င်းအား သတ်ရန် သူ ချီတုံချတုံ ဖြစ်သွားရသည်။ လက်နက်စောင့်ဝိညာဉ်များက အမှန်တကယ် အဖိုးတန်သည် မဟုတ်ပါလား။
“ ခင်ဗျားက ဘယ်လိုလုပ် လက်နက်စောင့်ဝိညာဉ်ဖြစ်သွားတာတုံး ”
ရွှီချင်းက အေးစက်စက်မေးမြန်းလိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ကပ်ဖားရပ်ဖားလုပ်သည့်အမူအရာဖြင့် ခပ်သွက်သွက်ရှင်းပြလိုက်သည်။
“ ပြီးခဲ့တဲ့ နှစ်တွေတုန်းက အိမ်မက်တစ်ခုကို ကျနော်မျိုး မက်ခဲ့ပါတယ်။ အိပ်မက်ထဲမှာ ကံကြမ္မာအရှင်သခင်ကိုတွေ့နေတဲ့ အနာဂတ်က ကျနော်မျိုးကို တွေ့ခဲ့ရပါတယ်။ အဲဒီအရှင်သခင်က ဒီရက်စက်ကြမ်းတမ်းတဲ့လောကကြီးကို ညင်သာနူးညံ့အောင် သွတ်သွင်းပေးမှာပါ။ အိပ်မက်ထဲမှာ ကျနော်မျိုးက စိတ်လှုပ်ရှားပြီး သူ့နောက်ကို လိုက်ဖို့ ကျိန်ဆိုခဲ့ပါတယ်။ အဲဒါကြောင့် ကျနော်မျိုးက လက်နက်စောင့်ဝိညာဉ်ဖြစ်မယ့်နည်းလမ်းနောက်ကို လိုက်ဖို့ မပြည့်စုံတဲ့ပညာရပ်ကို ငွေကုန်ကြေးကြခံပြီး ဝယ်ခဲ့တာပါ ”
“ အဲဒီအတွက် ကျနော်မျိုး အမြဲ အသင့်ပြင်ထားခဲ့ပါတယ် ”
“ လူနားလည်အောင် ပြောစမ်းပါ ”
ရွှီချင်း၏အကြည့်က အေးစက်သွားပြီး လူသတ်ချင်စိတ်များ ထောင်းခနဲ ထလာသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ တုန်ရီသွားရပြီး သူ့ကိုယ်သူ လိမ္မာပါးနပ်လှသည်ဟု တွေးမိလိုက်သည်။ သူက ထိုရက်စက်ကြမ်းကြုတ်သော ကလေးက မသတ်ခင် သူ့ကိုယ်သူ ပိတ်ရိုက်ခဲ့ရသည်။
ထိုကလေး အံ့အားသင့်နေသည်ကို အခွင့်အရေးယူ၍ လက်နက်စောင့်ဝိညာဉ်အဖြစ်သို့ သူ ပြောင်းလဲခဲ့ရပြီး ထိုအခါမှသာ အသက်ဘေးမှ လွတ်မြောက်သွားခဲ့ရသည်။
အမှန်တကယ်ပင် သူ့မှာ ရွေးချယ်စရာမရှိခဲ့ပေ။ သူ၏ရှေ့မှောက်ရှိ အနှီဝံပုလွေပေါက်လေးက ကျေးကျွန်လက်ခံရန် စိတ်ကူးမရှိဘဲ သူ့ကိုသာ ဖျက်ဆီးပစ်ချင်နေခဲ့သည်။ သူသာ အနည်းငယ် ချီတုံချတုံဖြစ်နေခဲ့ပါက ယခုအချိန်တွင် သေနေလောက်ပြီ ဖြစ်သည်။
ထိုကဲ့သို့ စိတ်ပျက်အားလျော့ဖွယ်အခြေအနေမှ ယခုလို အသက်ရှင်နိုင်သည့်လမ်းကို ရှာတွေ့လိုက်ခြင်းကြောင့် သူ အမှန်ပင် စိတ်ပင်ပန်းနေရသည်။ သူ့အတွက် ယခုအနေအထားက မလွယ်ကူကြောင်း ခံစားနေရ၏။
ထိုသို့ဖြင့် သူက ပြန်လည်တွေးတောပြီးနောက် အမှန်အတိုင်း ရှင်းပြလိုက်သည်။ သူ့စကားဆုံးသောအခါ သူက မန္တန်တစ်ခုကိုပင် စီရင်၍ သူ့အသက်ဝိညာဉ်အမျှင်တန်းတစ်ခုကို ပိုင်းဖြတ်ကာ ရွှီချင်းလက်သို့ အပ်လိုက်သည်။ ယင်းသည် သခင်အဖြစ် အသိအမှတ်ပြုသည့်လက္ခဏာ ဖြစ်သည်။
ထိုစကားကို ရွှီချင်း ကြားသောအခါ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ သက်စောင့်ဝိညာဉ်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် သံတုတ်ကလေးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် တစ်ခါတရံ လူသတ်ငွေ့များ ဆူဝေလာပြီး ရံဖန်ရံခါ ငြိမ်သက်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ရင်ထိတ်သွားရပြီး သစ္စာရှိကြောင်း အလျင်အမြန် ဖော်ပြလိုက်သည်။
“ သခင်လေး၊ ကျနော်မျိုးအသက်က ဘာမှအဖိုးမတန်ပါဘူး။ အခုလောလောဆယ် ကျနော်မျိုးက လက်နက်စောင့်ဝိညာဉ်တစ်ခုပါ။ ကျနော်မျိုးက သခင်လေးရဲ့ မှော်ပစ္စည်းတွေကို အစွမ်းထက်သထက် အစွမ်းထက်လာပြီး အဆုံးမဲ့စွမ်းအားတွေ ပိုင်ဆိုင်သွားအောင် ကူညီနိုင်တယ်ဆိုပေမဲ့၊ ကျနော်မျိုးက အခြေတည်အဆင့် လက်နက်စောင့်ဝိညာဉ်တစ်ခုဖြစ်ပြီး သာမန်ရတနာကို ပိုပြီး အစွမ်းထက်လာအောင် လုပ်ပေးနိုင်တယ်ဆိုပေမဲ့၊ ကျနော်မျိုးမှာ အသုံးဝင်တဲ့နေရာတွေ အများ၊ အများကြီး ရှိတယ်ဆိုပေမဲ့ သခင်လေးစကားတစ်ခွန်းနဲ့ ကျနော်မျိုးကို ဖျက်ဆီးပစ်နိုင်ပါတယ်ခင်ဗျာ ”
“ သခင်လေး၊ ကျနော်မျိုးကို သတ်ဖို့ လောနေစရာ မလိုပါဘူး။ ကျနော်မျိုးရဲ့ အလောင်းပေါ်မှာ အသွင်သဏ္ဍာန်ပြောင်းစေတဲ့ ဆေးလုံးတစ်လုံးရှိတယ်။ အဲဒီဆေးလုံးကို စားလိုက်ရင် သခင်လေးရဲ့ ကျ့င်ကြံခြင်းက အဆပေါင်းများစွာ တိုးတက်သွားမှာပါ ”
“ ပြီးတော့ သခင်လေးခင်ဗျား၊ ကျနော်မျိုးဂိုဏ်းအောက်မှာ ရတနာခန်းတစ်ခန်း ရှိပါသေးတယ်။ အဲဒီမှာ ချီရွှဲ့ထုံဂိုဏ်းက သတ္တမမြောက်တောင်ထိပ်နဲ့ အထူးသင့်တော်တဲ့ အစီအရင်ဒူးလေးတစ်လက် ရှိပါတယ်။ ကျနော်မျိုးမှာ မှော်လှေမရှိလို့ အဲဒါကို သုံးလို့မရပါဘူး။ အစက အဲဒါကို လက်ဆောင်အနေနဲ့ ပေးဖို့ စီစဉ်ထားခဲ့တာပါ ”
“ ပြီးတော့ သခင်လေးခင်ဗျား၊ ကျနော်မျိုးတို့ မြန်မြန်ထွက်သွားမှရပါမယ်။ ကျွန်တော်မျိုး ဖိတ်ကြားထားတဲ့ တာအိုရောင်းရင်းက မနက်ဖန် ရောက်မှာပါ။ ပြီးတော့ လီထူဂိုဏ်းက သံအမတ်တစ်ယောက်တည်း မကြာခင် ရောက်ပါတော့မယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ဒူးထောက်ရန် ရွေးချယ်လိုက်သည်နှင့် လုံးဝဒူးထောက်ရမည်ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားသည်။ ထိုအခါမှသာ သူ အသက်ရှင်နိုင်မည် ဖြစ်သည်။
ရွှီချင်းက အသက်မဲ့နေသောအမူအရာဖြင့် လက်ကိုဝှေ့ယမ်းကာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ သက်စောင့်ဝိညာဉ်ကို သိမ်းထားလိုက်သည်။ ထို့နောက် သူက လေထဲသို့ ဖမ်းဆုပ်၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အလောင်းပေါ်ရှိ သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။ သူက ခြေရာလက်ရာများကို ဖျောက်ရန် အလောင်းအား ဖျက်ဆီးတော့မည့်အခိုက်တွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သူ့ကို ကပျာကယာ လှမ်းတားလိုက်သည်။
“ သခင်လေး၊ သခင်လေး အဲ … အဲဒီသိုလှောင်အိတ်က အပေါ်ယံတစ်ခုပါ။ ကျနော်မျိုးကိုယ်ပေါ်မှာ အဆောင်နဲ့ ဖွက်ထားတဲ့ အိတ်တစ်ခု ရှိပါသေးတယ် ”
ရွှီချင်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို စူးစိုက်၍ ကြည့်လိုက်သည်။