အခန်း (၈၅၅-၈၅၆)
Vol. 85 Ch. 855-856
အခန်း (၈၅၅) အတုအယောင်
"ထျန်းရှန်နဲ့ ပတ်သက်ပြီး မင်းသိထားသမျှ အရာအားလုံးဟာ အလိမ်အညာတွေပဲ" လုံထျန်းက ခပ်တိုးတိုး ဆိုလိုက်၏။
ထိုစကားလုံးများသည် လုံချန်း၏ ရင်ဘတ်ကို တူဖြင့် ထုနှက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ရွှင်းသည် သူမ၏ အစီအစဉ်များနှင့် ပတ်သက်၍ တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း သူ၏ စိတ်စွမ်းအားဖြင့် သူမ၏ အတွေးများကို ဖတ်ရှုရာမှ သိထားခဲ့သော်လည်း ယခုကဲ့သို့ အခြေခံအုတ်မြစ်ကတည်းက လိမ်ညာထားလိမ့်မည်ဟုမူ သူ မထင်မှတ်ခဲ့မိချေ။
သူ မြင်တွေ့ခဲ့ရသော မှတ်ဉာဏ်အပိုင်းအစများနှင့် အိပ်မက်များအရ ထျန်းရှန်အကြောင်း သူသိထားသည်မှာ အမှန်တရားဟု သူ ယုံကြည်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ထိုအရာအားလုံးမှာ အပေါ်ယံ အလိမ်အညာသက်သက်သာ ဖြစ်ကြောင်း သူ သိလိုက်ရပြီ ဖြစ်သည်။
"ဒါဆို အမှန်တရားက ဘာလဲ" လုံချန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ထျန်းရှန်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သန်းလောက်က မွေးဖွားခဲ့တာ။ သူဟာ လူသူကင်းမဲ့တဲ့ လမ်းဘေးမှာ စွန့်ပစ်ခံခဲ့ရတဲ့ မိဘမဲ့ ကလေးတစ်ယောက်ပေါ့။ လူတစ်ယောက်က သူ့ကို တွေ့ပြီး အိမ်ကို ခေါ်သွားခဲ့တယ်။ အဲဒီလူဟာ ချမ်းသာကြွယ်ဝတဲ့ ကျင့်ကြံသူမျိုးနွယ်စုက ဖြစ်ပြီး ထျန်းရှန်ကို ကျင့်ကြံခြင်းပညာတွေ သင်ပေးခဲ့တယ်။ ဒါပေမဲ့ ထျန်းရှန်ဟာ ကျင့်ကြံခြင်းမှာ ပါရမီ လုံးဝ မရှိဘူး။ ငါးနှစ်လောက် ကြိုးစားတာတောင် သူဟာ ဘာမှ ဖြစ်မလာခဲ့ဘူး" လုံထျန်းက သူသိသမျှကို စတင်ပြောပြတော့သည်။
"သူဟာ ကျင့်ကြံလို့ မရတဲ့အတွက် ကျင့်ကြံခြင်းနဲ့ သက်တမ်းကို မတိုးနိုင်ဘူးလေ။ ဒါပေမဲ့ သေရမှာကို အရမ်းကြောက်တဲ့သူ ဖြစ်တဲ့အတွက် ကန့်သတ်ထားတဲ့ သက်တမ်းနဲ့ မရှင်သန်ချင်ဘူး။ အဲဒါကြောင့် သူဟာ တခြားနည်းလမ်းတွေကို ရှာဖွေတော့တာပဲ။ ပထမဆုံးအနေနဲ့ သူဟာ ရှေးဟောင်းကျမ်းစာတွေနဲ့ မှတ်တမ်းတွေကို ဖတ်ရှုပြီး သူ့ကို ကူညီနိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့တယ်" သူက ဆက်ပြော၏။
"သူ နည်းလမ်းတစ်ခုတော့ ရှာတွေ့သွားပုံရတယ်" လုံချန်းက အရိပ်အမြွက် ရသွားဟန်ဖြင့် ဆိုလိုက်သည်။
"ဟုတ်တယ်၊ ရှာတွေ့သွားတယ်။ သူ အသက် ဆယ့်ငါးနှစ်အရွယ်မှာ သူ့ကို ကူညီနိုင်မယ့် နည်းလမ်းတစ်ခုကို တွေ့သွားတာပဲ။ အဲဒါကတော့ သွေးကျင့်စဉ်ပဲ" လုံထျန်းက ရှင်းပြလိုက်၏။
"သွေးကျင့်စဉ်ဆိုတာ ဘာလဲ။ ငါ တစ်ခါမှ မကြားဖူးဘူး" လုံချန်းက ရေရွတ်လိုက်သည်။
"အဲဒါက အရမ်းကို အမှောင်ဆန်တဲ့ နည်းလမ်းတစ်ခုပဲ။ အဓိပ္ပာယ်ကတော့ မင်း လူတွေ ပိုသတ်လေလေ မင်းရဲ့ သက်တမ်းက ပိုရှည်လေလေပဲ။ ဥပမာအားဖြင့် သွေးကျင့်စဉ် ကျင့်ကြံသူတစ်ယောက်ဟာ သက်တမ်း ဆယ်နှစ်ကျန်သေးတဲ့ သာမန်လူတစ်ယောက်ကို သတ်လိုက်ရင် အဲဒီလူရဲ့ ကျန်ရှိတဲ့ သက်တမ်းဟာ ကျင့်ကြံသူရဲ့ သက်တမ်းထဲကို ပေါင်းထည့်သွားမှာပေါ့။ ဒါဟာ အရမ်းကို ယုတ်မာညစ်ထေးပေမဲ့ အစွမ်းထက်တဲ့ နည်းလမ်းပဲ" လုံထျန်းက သက်ပြင်းချရင်း ဆိုလိုက်၏။
"သူ ပထမဆုံး သတ်ခဲ့တဲ့သူက ဘယ်သူလဲဆိုတာ မင်း ခန့်မှန်းနိုင်လား" သူက မေးလိုက်ပြန်သည်။
"သူ့ကျောင်းက ကလေးတွေလား။ ဒါမှမဟုတ် ခုခံနိုင်စွမ်းမရှိတဲ့ သက်ကြီးရွယ်အိုတွေလား" လုံချန်းက ခန့်မှန်းကြည့်၏။
"တစ်ယောက်မှ မဟုတ်ဘူး။ သူ အသက် ဆယ့်ခြောက်နှစ်မှာ ပထမဆုံး သတ်ခဲ့တာကတော့ ဆယ်နှစ်အရွယ် မိန်းကလေးလေးတစ်ယောက်ပဲ။ အဲဒီမိန်းကလေးဟာ သူ့ကို လမ်းဘေးကနေ ကောက်ယူမွေးစားခဲ့တဲ့ ကျေးဇူးရှင်ရဲ့ သမီးအရင်းလေးပဲ။ သူဟာ သူမရဲ့ အသက်ကို ယူလိုက်ပြီး အလောင်းကို မြေမြှုပ်ပစ်ခဲ့တယ်၊ ပြီးတော့ သူ ပျောက်ဆုံးသွားတဲ့ပုံစံမျိုး ဖြစ်အောင် လုပ်ခဲ့တာပေါ့"
"တကယ့်ကို ယုတ်မာတာပဲ...။ သူ လူတွေအများကြီးကို သတ်နိုင်ပါလျက်နဲ့ ဘာလို့ သူ့ကျေးဇူးရှင်ရဲ့ သမီးကိုမှ သတ်ရတာလဲ" လုံချန်းက သက်ပြင်းချရင်း မေးလိုက်သည်။
"သူဟာ အဲဒီလူရဲ့ တစ်ဦးတည်းသော သမီးလေ။ သူ မရှိတော့တဲ့နောက်မှာတော့ သူ တစ်ယောက်တည်းပဲ ကျန်တော့တာပေါ့။ သူ ကျင့်ကြံလို့ မရရင်တောင်မှ အရင်ကထက် ပိုပြီး ချစ်ခြင်းဂရုစိုက်ခြင်းတွေကို သူ ရရှိခဲ့တယ်။ အဲဒါက သူ့အတွက်တော့ အကွက်ဆိုက်သွားတာပေါ့" လုံထျန်းက ဆိုလိုက်၏။
"အဲဒီနောက်မှာ ဘာဆက်ဖြစ်လဲ"
"အဲဒီနောက်မှာတော့ အရာအားလုံးက တဖြည်းဖြည်း ရွေ့လျားလာခဲ့တယ်။ သူဟာ လူတွေကို ဆက်တိုက် သတ်ပြီး မြေမြှုပ်ခဲ့တယ်။ သက်တမ်းရှည်ဖို့အတွက် သူဟာ လူသတ်မှုကို ဆက်လုပ်နေသလို ပိုပြီး အင်အားကြီးလာမယ့် နည်းလမ်းကိုလည်း ရှာဖွေနေခဲ့တယ်။ အဲဒီအချိန်မှာပဲ သူ လူတစ်ယောက်ကို သတ်လိုက်မိတယ်... အဲဒီလူကပဲ သူ့ဘဝကို ထာဝရ ပြောင်းလဲပစ်လိုက်တာပဲ..."
"ဘယ်သူလဲ" လုံချန်းက စူးစမ်းလိုက်၏။
"သူ သတ်လိုက်တာက မင်းရဲ့ ဘိုးဘေးတွေထဲက တစ်ယောက်ပဲ။ အဲဒီလူဟာ သူ့မြို့ကို ဖြတ်သန်းသွားလာနေတဲ့ သာမန်လူတစ်ယောက်ပေါ့။ မင်းရဲ့ ဘိုးဘေးဟာ သူ့ရဲ့ သွေးမျိုးဆက် နိုးထခြင်း မရှိသေးဘူး။ တကယ်တော့ အစကတည်းက မင်းတို့ရဲ့ သွေးမျိုးဆက်ကို ဘယ်သူမှ နိုးထအောင် မလုပ်နိုင်ခဲ့ကြဘူး"
"ထျန်းရှန်က ဒီနိုးထခြင်းမရှိသေးတဲ့ သွေးမျိုးဆက်ရှိတဲ့လူကို သတ်လိုက်တဲ့အခါမှာ သူဟာ အဲဒီ သွေးမျိုးဆက်ရဲ့ အစိတ်အပိုင်းတစ်ခုကို ရရှိသွားတယ်။ သူရလိုက်တဲ့ အစိတ်အပိုင်းလေးက နိုးထဖို့အတွက် မလုံလောက်ပေမဲ့ စစ်မှန်တဲ့ သွေးမျိုးဆက် ကျောင်းတော်နဲ့ သူ့ကြားမှာ အဝေးထိန်း အဆက်အသွယ်တစ်ခု တည်ဆောက်ဖို့တော့ လုံလောက်ခဲ့တယ်။ အဲဒီကနေတစ်ဆင့် သူဟာ သွေးမျိုးဆက် ကျောင်းတော်ထဲကို ဝင်ရောက်ခွင့် ရသွားတာပဲ" လုံထျန်းက ရှင်းပြလိုက်သည်။
"ဪ... ဆိုလိုတာက သူဟာ သွေးမျိုးဆက်ကို အမွေရတာ မဟုတ်ဘဲ ခိုးယူခဲ့တာပေါ့။ အဲဒီနောက်မှာ ဘာဖြစ်လဲ" လုံချန်းက မေးလိုက်၏။
"သူဟာ အမွေဆက်ခံမှု ကနေတစ်ဆင့် သွေးမျိုးဆက်ကို မရခဲ့ပေမဲ့ သူခိုးယူလိုက်တဲ့ နည်းလမ်းကလည်း အလုပ်ဖြစ်ခဲ့တယ်။ သူဟာ အရင်းအမြစ်အချို့ရှိတဲ့ သွေးမျိုးဆက် ကျောင်းတော်ရဲ့ ပထမထပ်ကို ဝင်ခွင့်ရခဲ့တယ်။ သူဟာ အဲဒီအရင်းအမြစ်တွေကို သုံးပြီး အသိပညာတွေနဲ့ အင်အားတွေကို ရယူခဲ့တာပေါ့"
"မကြာခင်မှာပဲ မြို့သူမြိုသားတွေဟာ ကလေးတွေနဲ့ လူကြီးတွေ ပျောက်ဆုံးနေမှုရဲ့ နောက်ကွယ်မှာ သူ ရှိနေတာကို သိသွားပြီး သူ့ကို ရင်ဆိုင်ခဲ့ကြတယ်။ သူ့ကို မွေးစားခဲ့တဲ့ အဖေလည်း အဲဒီထဲမှာ ပါတာပေါ့။ သူဟာ အရင်ကထက် အများကြီး ပိုပြီး အင်အားကြီးနေပြီဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ အဲဒီမှာတင် သူဟာ တစ်မြို့လုံးကို သတ်ပစ်ခဲ့ပြီး ထွက်ခွာသွားတော့တာပဲ"
"သူဟာ သွေးမျိုးဆက် ကျောင်းတော်ထဲက စာအုပ်တွေကို ဆက်ဖတ်ရင်းနဲ့ ကျောင်းတော်ရဲ့ အစအနတွေနဲ့ လျှို့ဝှက်ချက်အချို့ကို သိခဲ့ရတယ်။ ပထမထပ်မှာ ရှိတာတွေကို အကုန်လေ့လာပြီးတဲ့နောက်မှာ သူ ဒုတိယထပ်ကို တက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ့မှာရှိတာက အပြည့်အဝရှိတဲ့ သွေးမျိုးဆက် မဟုတ်ဘဲ ခိုးယူထားတဲ့ အစိတ်အပိုင်းလေးပဲ ဖြစ်နေတော့ သူ့ကို အထဲဝင်ခွင့် မပြုခဲ့ဘူး" သူက ဆက်ပြောပြသည်။
လုံချန်းသည် အတိတ်က ဖြစ်ရပ်များကို စိတ်ဝင်တစား နားထောင်နေမိသည်။ နောက်ဆုံးတော့ သူ့ကို မည်သည်မျှ ဖုံးကွယ်မထားသော သူတစ်ယောက်နှင့် သူ ဆုံခဲ့ရပြီ ဖြစ်သည်။ ဤမျှလောက် များပြားလှသော အချက်အလက်များကို သိခွင့်ရသည့်အတွက် သူ ဝမ်းသာနေမိ၏။
"ဒါဆို သူ အပေါ်ထပ်ကို တက်လို့ မရခဲ့ဘူးပေါ့။ သူ့မှာ ပထမထပ်က အရင်းအမြစ်တွေနဲ့ အသိပညာတွေ ရှိနေပြီဆိုတော့ အခြေချနေထိုင်ပြီး လူသားတွေကို အုပ်ချုပ်ဖို့ လုံလောက်နေပြီ မဟုတ်လား" လုံချန်းက ရေရွတ်လိုက်သည်။
"အဲဒါက လုံလောက်သင့်တာပေါ့၊ ဒါပေမဲ့ သူက အားမရဘူး။ သူဟာ အဲဒီလောက်နဲ့ မတင်းတိမ်နိုင်ခဲ့ဘူး။ ဒါကို လောဘလို့ပဲ ခေါ်မလား၊ အင်အားကြီးချင်တဲ့ ဆာလောင်မှုလို့ပဲ ဆိုမလား... သူကတော့ အပေါ်ထပ်ကို တက်ကိုတက်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ သူ အစီအစဉ်တစ်ခုကို ကြံစည်ခဲ့တာပဲ" လုံထျန်းက ရှင်းပြလိုက်၏။
လုံချန်းက မည်သည့် အစီအစဉ်နည်းဟု မေးရန် ပြင်လိုက်သော်လည်း လုံထျန်းက ဦးအောင် ပြောလိုက်သည်။
"အစီအစဉ်ကတော့ ဒီသွေးမျိုးဆက် ရှိတဲ့လူတွေကို ထပ်ရှာဖို့ပဲ။ မင်းရဲ့ ဘိုးဘေးလိုမျိုး သွေးမျိုးဆက်ကို အမွေဆက်ခံထားတဲ့ သူတွေကို ရှာဖို့ပေါ့။ ပြဿနာက သူဟာ မင်းရဲ့ ဘိုးဘေးကို ဘာမှမမေးဘဲ သတ်လိုက်မိတာပဲ။ ဒါကြောင့် မင်းဘိုးဘေးရဲ့ မိသားစုအကြောင်း သူ ဘာမှ မသိခဲ့ဘူး။ တကယ်လို့ သူသာ သိခဲ့ရင် သူတို့အားလုံးကို သတ်ပြီး သူ့ရဲ့ သွေးမျိုးဆက် သိပ်သည်းဆကို မြှင့်တင်နိုင်မှာပေါ့၊ ဒါပေမဲ့ သူ မသိခဲ့ဘူး။ အဲဒါကြောင့် သူဟာ တခြားနည်းလမ်းတစ်ခုကို ကြံစည်ခဲ့တယ်"
"သူဟာ အတုအယောင် သွေးမျိုးဆက် ကျောင်းတော်တစ်ခုနဲ့ အတုအယောင် သွေးမျိုးဆက် တစ်ခုကို ဖန်တီးခဲ့တယ်။ အဲဒီထဲမှာ သူ့ရဲ့ ကိုယ်ပိုင်သွေးနဲ့ ဝိညာဉ်အဆီအနှစ်အချို့ ပါဝင်တာပေါ့။ အဲဒီ သွေးမျိုးဆက် တစ်စက်စီကို လက်စွပ်ပေါင်း ထောင်ချီထဲမှာ ထည့်ခဲ့တယ်။ ပြီးတော့ အဲဒီ လက်စွပ် ထောင်ချီရဲ့ အုပ်ထိန်းသူ ဝိညာဉ်အဖြစ် ရွှင်းကို ဖန်တီးခဲ့တယ်။ သူဟာ အဲဒီ လက်စွပ်တွေကို တစ်ကမ္ဘာလုံးအနှံ့ ပစ်လွှတ်လိုက်ပြီး စစ်မှန်တဲ့ သွေးမျိုးဆက်ရှိတဲ့သူကို ရှာတွေ့ဖို့ စောင့်ဆိုင်းနေခဲ့တာပေါ့"
"ဒီလိုလုပ်ဖို့အတွက် သူဟာ သွေးတွေအများကြီး ဆုံးရှုံးခဲ့ရတော့ နှစ်ပေါင်း ထောင်ချီကြာတဲ့အထိ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ရတယ်။ ကံကောင်းရင်တော့ စစ်မှန်တဲ့ အမွေခံ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်က လက်စွပ်ကို ရှာတွေ့လိမ့်မယ်လို့ သူ မျှော်လင့်ခဲ့တာပေါ့"
အခန်း (၈၅၆) နတ်ဘုရားတို့၏ အရှင်သခင်
"အဲဒီလက်စွပ်တွေက ထူးဆန်းတဲ့ နည်းလမ်းတွေနဲ့ အလုပ်လုပ်တာ။ သွေးမျိုးဆက် အမွေခံက ထိမှသာ အလုပ်ဖြစ်တာလေ။ တခြားလူတွေက အဲဒီလက်စွပ်တွေကို သွားထိရင်တော့ လက်စွပ်တွေက သူတို့ကို သတ်ပြီး ဝါးမျိုပစ်လိုက်တာပဲ"
"နှစ်ပေါင်း ထောင်ချီအတွင်းမှာ လူအတော်များများက ဒီလက်စွပ်တွေကို တွေ့ခဲ့ကြတယ်၊ အသတ်လည်း ခံခဲ့ကြရတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ အမွေခံကိုတော့ ရှာမတွေ့ခဲ့ဘူး" လုံထျန်းက ပြောလိုက်သည်။
"ငါ ပေါ်လာတဲ့အထိပေါ့... ဟုတ်လား။ နေဦး... ဒါဆိုရင် ထျန်းရှန်က မှန်ထဲမှာ ဘယ်လိုလုပ် ပိတ်မိနေတာလဲ။ ရွှင်းရဲ့ အတွေးတွေကို ငါဖတ်ကြည့်တုန်းကတော့ သူ ထောင်ကလွတ်ဖို့ ငါ့ကို အသုံးချရမယ်လို့ သိထားတာလေ။ သူ အဲဒီမှာ ဘယ်လိုဖြစ်ပြီး ပိတ်မိသွားတာလဲ။ ဒါမှမဟုတ် ငါ သူ့အတွေးတွေကို ဖတ်နိုင်မှန်း သိလို့ သူက ငါ့ကို အယုံသွင်းနေတာလား" လုံချန်းက အံ့အားသင့်စွာ မေးလိုက်၏။
"သူကိုယ်တိုင်လည်း ဒါကို မသိဘူး။ သူ့ကို ဖန်တီးခဲ့တာ သူပဲလေ။ သူကတော့ ထျန်းရှန်ဟာ ဒီသွေးမျိုးဆက်ရဲ့ တကယ့်မူလအစလို့ ယုံကြည်နေတုန်းပဲ။ သူ့ရဲ့ စိတ်ထဲမှာတော့ အဲဒီ အတုအယောင် သွေးမျိုးဆက် ကျောင်းတော်ကို အစစ်လို့ ထင်နေတာ။ သူ တစ်ခုခုမှားယွင်းပြီး သူကိုယ်တိုင် ဖန်တီးထားတဲ့ အရာထဲမှာ ပြန်ပိတ်မိနေလို့ သူ့ကို ကူညီပြီး ထုတ်ပေးနိုင်မယ့် အင်အားကြီးတဲ့ အမွေခံတစ်ယောက် လိုအပ်နေတယ်လို့ သူက ထင်နေတာပေါ့"
"တကယ်တမ်းတော့ ထျန်းရှန်ဟာ အဲဒီမှာ ပိတ်မိနေတာ မဟုတ်ဘူး။ သူ ဘယ်မှာရှိနေလဲဆိုတာ ငါလည်း မသိဘူး။ ရွှင်းကို ဖန်တီးပြီး အိပ်ပျော်သွားကတည်းက သူဟာ သွေးမျိုးဆက် ကျောင်းတော်ထဲကို တစ်ခါမှ ဝင်မလာခဲ့ဘူး။ သူ နိုးနေပြီလား၊ အိပ်နေတုန်းလားဆိုတာတောင် ငါ မသေချာဘူး" လုံထျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဤအကြောင်းအရာများမှာ လုံချန်းအတွက် လက်ခံရခက်လောက်အောင် များပြားလှသော်လည်း သူသည် ဖြစ်ပျက်ခဲ့သမျှကို ခေါင်းထဲတွင် အစဉ်လိုက် ပြန်လည်စီစဉ်ရင်း နားထောင်နေမိ၏။
"ဒါဆိုရင် ငါ့ကို အင်အားကြီးလာအောင် လုပ်ခိုင်းပြီး ဘာလို့ မှန်ဆီကို သွားခိုင်းနေရတာလဲ။ အဲဒီလူက ဘာလို့ ငါ့ကို လာမသတ်သေးတာလဲ" သူက မေးလိုက်သည်။
"ငါထင်တာတော့... သူ လာသတ်ဖို့ မလိုလို့နေမှာပါ။ အဲဒီမှန်က မင်းထင်သလို မဟုတ်ဘူး။ အဲဒါက သွေးမျိုးဆက်ကို စုပ်ယူဖို့ သူဖန်တီးထားတဲ့ ရတနာတစ်ခုပဲ။ မင်း အင်အားကြီးလာလို့ အဲဒီမှန်ကို ထိလိုက်တာနဲ့ မင်းရဲ့ သွေးတွေအားလုံး စုပ်ယူခံရပြီး မင်း သေသွားလိမ့်မယ်။ အဲဒါက မှန်ရဲ့ တကယ့်ရည်ရွယ်ချက်ပဲ။ အဲဒီအခါကျမှ ထျန်းရှန်က သတင်းရလိမ့်မယ်။ သူဟာ အတုအယောင် သွေးမျိုးဆက် ကျောင်းတော်ထဲကို အေးအေးဆေးဆေး လမ်းလျှောက်ဝင်လာပြီး သူလိုအပ်တဲ့ သွေးတွေရှိနေတဲ့ မှန်ကို ယူသွားရုံပဲပေါ့" လုံထျန်းက ရှင်းပြလိုက်၏။
"မင်းကို ဘာလို့ အခုလာမသတ်သလဲဆိုရင်တော့ သူ မသေချာလို့ ဖြစ်လိမ့်မယ်။ သူက မင်းကို အင်အားကြီးလာစေချင်တယ်၊ အဲဒီကျမှ မင်းရဲ့ စစ်မှန်တဲ့ သွေးမျိုးဆက်က အပြည့်အဝ နိုးထလာမှာလေ။ အဲဒါကို သူ လိုချင်နေတာ။ ဒီတစ်ခါတော့ သူက နိုးထခြင်း မရှိသေးတဲ့ သွေးမျိုးဆက်ကို မလိုချင်တော့ဘူး၊ အပြည့်အဝ နိုးထနေတဲ့ သွေးမျိုးဆက်ကိုပဲ လိုချင်တာ။ ဒါကြောင့် အဲဒီ အတုအယောင် သွေးမျိုးဆက် ကျောင်းတော်ဆိုတာက မင်းကို အရှိန်အဟုန်မြှင့်ပေးဖို့ ဖန်တီးထားတာပဲ" သူက ဆက်ပြောသည်။
"ရွှင်းက စစ်မှန်တဲ့ သွေးမျိုးဆက် ကျောင်းတော်အကြောင်း မသိဘူးဆိုတော့... ငါ ဝင်ခဲ့တဲ့ စမ်းသပ်မှုတွေဟာ အတုတွေပေါ့။ ငါ ရခဲ့တဲ့ ဆုလာဘ်တွေကရော အတုတွေလား" လုံချန်းက သက်ပြင်းချရင်း မေးလိုက်၏။
"ဆုလာဘ်တွေကတော့ အစစ်တွေပါ။ အဲဒါတွေက ထျန်းရှန် စစ်မှန်တဲ့ သွေးမျိုးဆက် ကျောင်းတော်ရဲ့ ပထမထပ်မှာ တွေ့ခဲ့တဲ့အရာတွေလေ။ သူက မင်းအတွက် အဲဒီအရာတွေကို အတုအယောင် ကျောင်းတော်ထဲ ရွှေ့ထားပေးတာ" လုံထျန်းက ဆိုလိုက်သည်။
"သွေးမျိုးဆက်ကို နိုးထစေဖို့ဆိုတာ အခက်ခဲဆုံး အလုပ်ပဲ။ အစကတည်းက ဘယ်သူမှ မလုပ်နိုင်ခဲ့ကြတာက သက်သေပဲလေ။ သွေးမျိုးဆက် အပြည့်အဝ နိုးထလာမှသာ စစ်မှန်တဲ့ သွေးမျိုးဆက် ကျောင်းတော်ထဲကို ဝင်ခွင့်ရတာ။ ထျန်းရှန်ကတော့ သွေးမျိုးဆက်ကို ခိုးယူထားတဲ့သူဖြစ်လို့ တစ်နည်းနည်းနဲ့ ဝင်ခွင့်ရခဲ့ပေမဲ့ သူလည်း ဒုတိယထပ်ကို မတက်နိုင်ခဲ့ဘူး။ စစ်မှန်တဲ့ အမွေခံတွေတောင်မှ သွေးမျိုးဆက် ရာနှုန်းပြည့် မနိုးထသေးရင် ဝင်လို့မရဘူး"
"ပထမထပ်က စာအုပ်အားလုံးကို ဖတ်ပြီးတဲ့နောက်မှာ သူဟာ သွေးမျိုးဆက်ကို တဖြည်းဖြည်း နိုးထစေမယ့် နည်းလမ်းတွေကို သိခဲ့ရတယ်။ ဒါပေမဲ့ သူ့ရဲ့ ခိုးယူထားတဲ့ သွေးမျိုးဆက်အတွက်တော့ အဲဒါက အသုံးမဝင်ဘူးလေ။ သူက အဲဒီနည်းလမ်းတွေကို သုံးပြီး အမွေခံအတွက် သွေးမျိုးဆက်နိုးထဖို့ ပိုလွယ်ကူစေမယ့် စမ်းသပ်မှုတွေကို ဖန်တီးခဲ့တာ။ အဲဒါကြောင့်ပဲ အတုအယောင် ကျောင်းတော်မှာ စမ်းသပ်မှုတွေ ပြီးဆုံးသွားတဲ့အခါ မင်းရဲ့ သွေးမျိုးဆက်က နိုးထလာတာပေါ့။ သူ ဘယ်လိုလုပ်ပြီး ဒါတွေအားလုံးကို လုပ်နိုင်ခဲ့သလဲဆိုတာ ငါကိုယ်တိုင်တောင် အံ့သြမိတယ်" လုံထျန်း၏ အသံတွင် အံ့သြချီးကျူးမှုများ သိသိသာသာ ပါဝင်နေ၏။
"ဒါဆိုရင် ငါဟာ ထျန်းရှန် ဒုတိယထပ်ကို တက်လှမ်းနိုင်ဖို့အတွက် အသုံးပြုမယ့် လှေကားထစ်သက်သက်ပေါ့" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။
"အဲဒီလိုလည်း မြင်လို့ရတာပေါ့" လုံထျန်းက ပြောလိုက်၏။
ထိုနေရာတွင် အလင်းတန်းများ တဖြည်းဖြည်း ပြည့်နှက်လာသည်ကို လုံချန်း တွေ့လိုက်ရသည်။ သို့မဟုတ် သူ၏ မျက်လုံးများက အမှောင်ထုထဲတွင် ကျင့်သားရသွားသဖြင့် ရှေ့တွင်ရှိနေသော လူတစ်ယောက်ကို မြင်လာရခြင်းလည်း ဖြစ်နိုင်၏။
သူ့ရှေ့တွင် သူနှင့် ရွယ်တူဟု ထင်ရသော လုံထျန်းကို မြင်လိုက်ရသည်။
"မင်းက ငါနဲ့တူသားပဲ။ မင်းက အသက် ဆယ်နှစ်အရွယ် ကလေးပုံစံပဲ ရှိနေမယ်လို့ ငါ ထင်နေတာ" လုံချန်းက တိုးတိုးလေး ပြောလိုက်၏။
"ဪ... မင်း မြင်ရပြီပေါ့။ ကောင်းတာပေါ့" လုံထျန်းက ခေါင်းညိတ်လိုက်သည်။
"ငါ ဘာကိုမှတော့ ခံစားလို့ မရသေးဘူး" လုံချန်းက ဆို၏။
"ရပါတယ်... အဲဒါအတွက် စိတ်မပူပါနဲ့"
"အဖြေကတော့ ရှင်းပါတယ်။ ငါ့ရဲ့ သွေးမျိုးဆက် အပြည့်အဝ နိုးထလာရင် အဲဒီမှန်ကို သွားမထိရုံပေါ့။ အစားစားပြီး ပိုက်ဆံမရှင်းဘဲ ထွက်ပြေးသလိုမျိုးပေါ့" လုံချန်းက ပြုံးရင်း ဆိုလိုက်သည်။
"ရွှင်းမှာလည်း မှတ်ဉာဏ် အတုတွေ ရှိနေတာ သိသာနေပြီဆိုတော့ သူ့ကို ထျန်းရှန်အကြောင်း အမှန်အတိုင်း ပြောပြလို့ရတာပေါ့။ ဒါပေမဲ့ သူက ငါ့ကို ယုံမှာလားဆိုတာကတော့..." သူက ဆက်လက် တွေးတောနေမိ၏။
"နေဦး... မင်း ပြောတော့ ငါတို့က စစ်မှန်တဲ့ သွေးမျိုးဆက် ကျောင်းတော်ထဲမှာ ရောက်နေတာဆို။ ပြီးတော့ ငါ့ရဲ့ သွေးမျိုးဆက် အပြည့်အဝ မနိုးထသေးရင် ဒီထဲကို ဝင်လို့မရဘူးလို့လည်း မင်း ပြောခဲ့တယ် မဟုတ်လား။ အခု ငါက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ" သူက ရုတ်တရက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်းက တရားဝင် ကျောင်းတော်ထဲကို ရောက်နေတာ မဟုတ်ပါဘူး။ ဒါဟာ အသိစိတ်တွေ ကိန်းအောင်းနေတဲ့ နေရာသက်သက်ပါ။ ငါကတော့ ဒီကိုရောက်ပြီးကတည်းက ကျောင်းတော်နဲ့ ဆက်သွယ်မှု ရှိနေပေမဲ့ မင်းကတော့ မရသေးဘူး။ မင်း ဒီကို ယာယီ ရောက်နေတာကတော့... အင်း... မင်း မကြာခင် ပြန်သွားရတော့မှာပါ" လုံထျန်းက ပြန်ဖြေလိုက်၏။
လုံထျန်း တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း လုံချန်း သိလိုက်သည်။
"ငါ ဒီကို ဘာလို့ ရောက်နေတာလဲ။ ငါ့ကို ဘာတွေ ဖုံးကွယ်ထားတာလဲ" လုံချန်းက တည်ကြည်စွာ မေးလိုက်၏။
လုံထျန်းသည် လုံချန်းကို ပြောပြသင့်မသင့် ခဏမျှ တုံ့ဆိုင်းနေမိသည်။ ခဏအကြာတွင်မူ သူက အဖြေ ပေးလိုက်သည်။ "ကောင်းပြီလေ... ငါ နည်းနည်းတော့ ပြောပြနိုင်ပါတယ်။ အခု မင်းရဲ့ ခန္ဓာကိုယ်ကို ဒီသွေးမျိုးဆက်ရဲ့ မူလပိုင်ရှင်က ဝင်ရောက် ထိန်းချုပ်နေတာ။ သူက ခန္ဓာကိုယ်ကို စောင့်ရှောက်နေတယ်။ အဲဒါကြောင့် မင်း ဒီကို ရောက်နေတာပေါ့။ သူ အလုပ်ပြီးသွားရင် မင်း အပြင်ကို ပြန်သွားရလိမ့်မယ်"
"သွေးမျိုးဆက်ရဲ့ မူလပိုင်ရှင် ဟုတ်လား။ ထျန်းရှန်တောင် ဝင်လို့မရတဲ့ စစ်မှန်တဲ့ သွေးမျိုးဆက်ကျောင်းတော်ကို ဖန်တီးခဲ့သူလား။ သူက ဘယ်သူလဲ" လုံချန်းက အံ့သြတကြီး မေးလိုက်၏။
"သူဟာ တကယ့်ကို ကြီးမြတ်တဲ့သူတစ်ယောက်ပါ။ ငါကိုယ်တိုင်တောင် ဒါကို သိလိုက်ရတုန်းက မယုံနိုင်အောင် ဖြစ်ခဲ့ရတာ" လုံထျန်းက ရေရွတ်လိုက်သည်။
"သူက နတ်ဘုရားတစ်ပါးလား" လုံချန်းက မှင်တက်စွာ မေးလိုက်၏။
"မင်း သူ့ကို နတ်ဘုရားလို့ ခေါ်ချင်လည်း ခေါ်နိုင်ပါတယ်။ ဒါမှမဟုတ် နတ်ဘုရားတွေကို ဖန်တီးခဲ့တဲ့ နတ်ဘုရားလို့လည်း ခေါ်လို့ရတာပေါ့။ ဒီကမ္ဘာကြီးရဲ့ မူလအစလို့တောင် ပြောလို့ရတယ်။ သူ့အကြောင်းကို ငါကိုယ်တိုင်လည်း ဘယ်လို ဖော်ပြရမလဲဆိုတာ မသေချာဘူး" လုံထျန်းက ပြန်ဖြေလိုက်လေသည်။