အခန်း (၈၅၇-၈၅၈)
Vol. 85 Ch. 857-858
အခန်း (၈၅၇) လျှို့ဝှက်ချက်
"မင်း နောက်နေတာလား။ ငါ့ခန္ဓာကိုယ်ကို နတ်ဘုရားတစ်ပါးက ဝင်ရောက်ပူးကပ်နေတယ်ဆိုတာ မဖြစ်နိုင်တာ။ ငါ့မှာ ဘယ်လောက်ပဲ ရှားပါးတဲ့ သွေးမျိုးဆက် ရှိနေပါစေဦးတော့... နတ်ဘုရားတစ်ပါးက ငါ့ကို ကယ်ဖို့ ဆင်းလာတယ်ဆိုတာတော့ မယုံနိုင်စရာပဲ။ သာမန်လူတစ်ယောက်မှာ သူ့ရဲ့ သွေးမျိုးဆက် ရှိနေရုံနဲ့ နတ်ဘုရားတစ်ပါးက အောက်လောကကို ဆင်းလာမှာ မဟုတ်ဘူး" လုံချန်းက ခေါင်းယမ်းရင်း ပြန်ပြောလိုက်သည်။
"တကယ်လို့ သူက သူ့ရဲ့ သွေးမျိုးဆက်ရှိတဲ့ သူတွေကို အဲဒီလောက်အထိ အလေးအနက်ထားပြီး ဂရုစိုက်တယ်ဆိုရင် ငါ့မိသားစုဝင်တွေ တစ်ယောက်မှ သေမှာ မဟုတ်ဘူးလေ။ သူတို့အားလုံးမှာလည်း သူ့ရဲ့ သွေးမျိုးဆက် ရှိနေတာပဲ မဟုတ်လား။ သူသာ ရှိနေရင် လုံမျိုးနွယ်စုကို အပျက်စီးခံမှာ မဟုတ်ဘူး" သူက ဆက်ပြော၏။
"လုံမျိုးနွယ်စုဆိုတာ မင်းရဲ့ မိသားစု မဟုတ်ပါဘူး။ အင်း... ငါဆိုလိုတာက လုံမျိုးနွယ်စုထဲမှာ ဘယ်သူမှ မင်းနဲ့ သွေးမတော်စပ်ဘူးလေ။ ဒီအမှန်တရားကို မင်းလည်း သိနေမှာပါ" လုံထျန်းက တိုးတိုးလေး ဆိုလိုက်သည်။
"အင်း... ငါ သိပါတယ်" လုံချန်းက ရေရွတ်ရင်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ အာမေဍိတ်သံဖြင့် ဆိုသည်။ "နေဦး... ငါ့မိသားစု မဟုတ်ဘူးဆိုတာ ဘာကို ဆိုလိုတာလဲ။ ငါတို့ မိသားစု မဟုတ်ဘူးလို့ ပြောရမှာပေါ့။ ဒီခန္ဓာကိုယ်က မင်းပိုင်တာဆိုတော့ မင်းဟာလည်း ငါပဲလေ။ ငါက ဒီထဲကို ဝင်လာတဲ့ ဝိညာဉ်သက်သက်ပဲ။ ဒီခန္ဓာကိုယ်နဲ့ သွေးက မင်းပိုင်တာပဲ မဟုတ်လား"
"ဪ... ဟုတ်သားပဲ။ တစ်ခါတလေကျရင် မင်းဟာ ငါပဲဆိုတာကို ငါ မေ့မေ့သွားတယ်" လုံထျန်းက ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ရေရွတ်လိုက်၏။
"ဘာပဲဖြစ်ဖြစ်၊ ငါလည်း သူ့အကြောင်း အကုန်လုံးတော့ မသိပါဘူး။ ငါ့ကို ဒီသွေးမျိုးဆက် ကျောင်းတော်ရဲ့ အရှင်သခင် ဝိညာဉ်အဖြစ် ခန့်အပ်ထားလို့သာ ကျောင်းတော်အကြောင်း ဗဟုသုတတွေ ရှိနေတာပါ။ တစ်နည်းအားဖြင့် ပြောရရင် အတုအယောင် ကျောင်းတော်အတွက် ရွှင်း ရှိသလိုမျိုး ငါက ဒီကျောင်းတော်အတွက် ရှိနေတာပေါ့။ ငါက အချက်အလက်အချို့ကို သိခွင့်ရရုံသက်သက်ပါပဲ၊ ဒါပေမဲ့ အဲဒါက အကုန်လုံးတော့ မဟုတ်ဘူး။ ငါကိုယ်တိုင်တောင် အရာရာကို မသိဘူး" သူက ဆက်ပြောသည်။
"မင်းရဲ့ မိခင်အရင်းဟာ ဒီသွေးမျိုးဆက်ရှိတဲ့သူ မဟုတ်ဘူးဆိုတာ ငါ သိတယ်။ ဒါကြောင့် မင်းဟာ မင်းရဲ့ ဖခင်ဆီကနေ ဒီသွေးမျိုးဆက်ကို ရခဲ့တာပေါ့။ မင်းဖခင် ဘယ်မှာရှိနေသလဲ၊ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာတော့ ငါ မသိဘူး။ ပြီးတော့ ဒီသွေးမျိုးဆက်ရဲ့ ပိုင်ရှင်က ဘာလို့ တခြားသူတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး မကယ်တင်ခဲ့တာလဲ ဆိုတာလည်း ငါ မသိဘူး"
"ဒါဟာ သူတို့တွေက သွေးမျိုးဆက်ရဲ့ အစိတ်အပိုင်းလေး တစ်ခုကိုတောင် နိုးထအောင် မလုပ်နိုင်ခဲ့လို့ ဖြစ်လိမ့်မယ်။ မင်းကတော့..." လုံထျန်းက လုံချန်းကို အပေါ်အောက် အကဲခတ်ရင်း ရေရွတ်လိုက်၏။
"မင်းကတော့ မင်းရဲ့ သွေးမျိုးဆက်ကို အတော်အတန် နိုးထအောင် လုပ်နိုင်ခဲ့တယ်"
"အဲဒါအတွက်တော့ အဲဒီ အတုအယောင် သွေးမျိုးဆက် ကျောင်းတော်ကို ကျေးဇူးတင်ရမှာပေါ့။ ငါ့ကို ယဇ်ကောင်အဖြစ် သုံးဖို့ ဖန်တီးထားတာ ဆိုပေမဲ့လည်း ငါ အဲဒီကနေ အကျိုးအမြတ်တွေ အများကြီး ရခဲ့တာပဲ။ ရှေ့လျှောက်လည်း ပိုပြီး ရဦးမှာပါ" လုံချန်းက သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှ လက်များကို ကြည့်ရင်း ပြန်ဖြေလိုက်၏။
"ဟုတ်တာပေါ့။ မင်းကို မသေစေတဲ့ အရာက မင်းကို ပိုပြီး အင်အားကြီးစေတာပဲလေ။ ဒီကိစ္စမှာတော့ မင်းကို ချက်ချင်း မသေစေတဲ့ အရာက မင်းကို အင်အားကြီးအောင် လုပ်ပေးလိုက်တာပေါ့" လုံထျန်းက နောက်ပြောင်သလိုမျိုး ဆိုလိုက်သည်။
"အဲဒီလိုလည်း ပြောလို့ရတာပေါ့။ ဒါဆို ငါ့ရဲ့ သွေးမျိုးဆက် တစ်စိတ်တစ်ပိုင်း နိုးထလာလို့ သူက ငါ့ခန္ဓာကိုယ်ထဲကို ဝင်နိုင်ခဲ့တာလား"
"ငါ ထင်တာကတော့ အဲဒီလိုပဲ။ ဒါမှမဟုတ် မင်း ရင်ဆိုင်နေရတဲ့ ရန်သူကြောင့်လည်း ဖြစ်နိုင်တယ်။ အပြင်မှာ သူတို့ စကားပြောနေတာ ကြားရသလောက်တော့ သူတို့ အချင်းချင်း သိနေကြတဲ့ပုံပဲ။ အဲဒါကြောင့် သူ ပေါ်လာတာလည်း ဖြစ်နိုင်မလား" လုံထျန်းက တွေးတောစွာ ဆို၏။
လုံချန်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း အပြင်လောကသို့ မြင်နိုင်မည့် နည်းလမ်းကို ရှာမတွေ့ချေ။
"မင်းက အပြင်ကို ဘယ်လိုမြင်နေတာလဲ" သူက မေးလိုက်သည်။
"ဟားဟားဟား... အားမထုတ်ပါနဲ့ဦး။ ငါက ဒီသွေးမျိုးဆက် ကျောင်းတော်ရဲ့ အရှင်သခင် ဝိညာဉ်လေ။ ငါက အပြင်ကို အမြဲတမ်း မြင်နေရတာ။ အဲဒါကြောင့် မင်း ဘာတွေ ဖြစ်နေသလဲဆိုတာ ငါ သိနေတာပေါ့။ မင်းက ငါ မဟုတ်တဲ့အတွက် မြင်လို့ မရဘူး။ နောက်ပြီး မင်းက ဒီကို ယာယီ ရောက်နေတဲ့ အသိစိတ်သက်သက်ပဲလေ" လုံထျန်းက ပြန်ဖြေလိုက်၏။
"ဒါဆို ရွှင်းရော အပြင်ကို မြင်ရလား။ သူသာ မြင်ရရင် အမှန်တရားကို သိသွားမှာပေါ့။ တခြား တစ်ယောက်ယောက်က ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတယ်ဆိုတာ သူ သိသွားမှာလား" လုံချန်းက ထိတ်လန့်တကြား မေးလိုက်သည်။
"မမြင်ရပါဘူး။ သူ မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တဲ့ အချိန်မှာ အတုအယောင် သွေးမျိုးဆက်ကျောင်းတော်နဲ့ မင်းကြားက ဆက်သွယ်မှုက ယာယီ ပြတ်တောက်သွားလို့ပဲ" လုံထျန်းက ရှင်းပြလိုက်သည်။
"ဒါဆို ရွှင်းက အပြင်မှာ ဘာဖြစ်နေလဲဆိုတာ မသိနိုင်ဘူးပေါ့" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်၏။ "သူမက တစ်ခုခု ဖြစ်နေပြီဆိုတာကိုတော့ သံသယဝင်မှာပဲ၊ ဒါပေမဲ့ ဘာလဲဆိုတာတော့ သိမှာ မဟုတ်ဘူး။ အဲဒါက ကောင်းလား၊ ဆိုးလားတော့ ငါ မသိဘူး"
"ကောင်းဖို့က များပါတယ်။ ဘာလို့လဲဆိုတော့ စစ်မှန်တဲ့ ထျန်းရှန်ကလည်း အတုအယောင် ကျောင်းတော်ကနေတစ်ဆင့် မင်းကို မြင်နေနိုင်လို့ပဲ။ အဲဒီတော့ သူ အသေးစိတ်ကို မသိတာက ပိုကောင်းတာပေါ့" လုံထျန်းက ပြုံးရင်း ဆိုလိုက်သည်။
"ဒါဆို ဒါဟာ ငါတို့ရဲ့ နောက်ဆုံး တွေ့ဆုံမှု ဖြစ်သွားမှာလား။ ငါ ထွက်သွားပြီးရင် သွေးမျိုးဆက် အပြည့်အဝ နိုးထလာမှပဲ ဒီကို ပြန်လာလို့ ရမှာလား"
"ဖြစ်နိုင်သလို မဖြစ်နိုင်တာလည်း ရှိတာပေါ့" လုံထျန်းက ပြန်ဖြေ၏။
"ဪ... အခွင့်အရေး ရတုန်း နောက်ထပ် မေးခွန်းတစ်ခုလောက် မေးချင်သေးတယ်။ ငါ့ရဲ့ ဝိညာဉ်က တကယ်တမ်း ဘယ်ကလာလဲဆိုတာ မင်း သိလား" လုံချန်းက မေးလိုက်သည်။
လုံချန်းသည် ခေတ်သစ် ကမ္ဘာမြေက လာသည်ကို ရွှင်း မသိချေ။ လုံထျန်းသည် စစ်မှန်သော သွေးမျိုးဆက် ကျောင်းတော်၏ အစိတ်အပိုင်း ဖြစ်သည့်အတွက် သိနိုင်မလားဟု သူ သိချင်နေမိခြင်း ဖြစ်သည်။
"မင်း ကမ္ဘာလို့ ခေါ်တဲ့ ဂြိုဟ်အကြောင်း ပြောတာလား။ မင်းရဲ့ မှတ်ဉာဏ်တွေကို ငါ မြင်ပါတယ်။ ရွှင်းနဲ့ မတူတာက ငါက စစ်မှန်တဲ့ သွေးမျိုးဆက်ကျောင်းတော်က ဖြစ်တဲ့အတွက် မင်းရဲ့ အတွေးတွေကို ဖတ်ဖို့ ဘာကန့်သတ်ချက်မှ မရှိဘူး။ အဲဒါကြောင့် ငါ သိတာပေါ့။ နေဦး... မင်းက သူခိုးတစ်ယောက်ကို တားရင်းနဲ့ သေခဲ့တာ မဟုတ်လား" လုံထျန်းက မေးလိုက်၏။
"အင်း... ဟုတ်ပါတယ်။ ငါ့ရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တာပါ။ ပိုကောင်းတဲ့ ကမ္ဘာကြီးအတွက် သေပေးခဲ့တဲ့အတွက် ငါ့ကို ချီးကျူးဖို့တော့ မလိုပါဘူး" လုံချန်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်သည်။
လုံထျန်းက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းကို အရှိန်အဟုန်ဖြင့် ချလိုက်၏။ "မင်းလို လူအ... ငါက မင်းကို ချီးကျူးနေတာ မဟုတ်ဘူး။ မင်းက တကယ့်ကို အူကြောင်ကြောင် နိုင်တာပဲ။ သူခိုးမှာ လက်နက် ပါနိုင်တယ်ဆိုတာ မင်း ဘယ်လိုလုပ် မစဉ်းစားမိတာလဲ။ မင်း သူ့ခြေထောက်ကိုပဲ ပစ်မှတ်ထားရမှာလေ။ ဒါမှမဟုတ် သူ့လက်တွေကို အမြဲ စောင့်ကြည့်နေရမှာ။ ဒါဆို မင်း သေမှာ မဟုတ်ဘူး။ ကလေးတစ်ယောက်လို အတွေ့အကြုံမရှိဘဲ သေသွားတာကို ကြည့်ရတာ တကယ် စိတ်ပျက်ဖို့ ကောင်းတယ်"
"ဟေ့... ငါက တိုက်ခိုက်ရေးသမား မဟုတ်ဘူးလေ။ ငါ အဲဒီတုန်းက ကိုင်တွယ်ပုံ မှားသွားတယ်ဆိုတာ ဝန်ခံပါတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ ငါ့ရဲ့ စေတနာကိုတော့ အသိအမှတ်ပြုသင့်တာပေါ့" လုံချန်းက သက်ပြင်းချလိုက်မိသည်။
"စေတနာ ကောင်းရုံနဲ့ မပြီးဘူး၊ လက်တွေ့ လုပ်ဆောင်နိုင်စွမ်းလည်း ရှိရမယ်။ မင်း ကယ်လိုက်တဲ့ အိတ်ပိုင်ရှင် အမျိုးသမီးက သူ့အိတ်အတွက်နဲ့ လူတစ်ယောက် သေသွားတာကို မြင်ရလို့ ပျော်နေမယ် ထင်လား။ မင်းက သူ့ကို ကူညီခဲ့တယ်လို့ ထင်နေတာ၊ ဒါပေမဲ့ အဲဒီနောက်မှာ သူက စိတ်ဒဏ်ရာ ကုသဖို့ ဆေးကုသမှု ခံယူခဲ့ရတယ်၊ အဲဒီဆေးဖိုးက အိတ်ထဲက တန်ဖိုးထက်တောင် ပိုများဦးမယ်။ ပြီးတော့ မင်းရဲ့ မိသားစုလည်း ရှိသေးတယ်လေ။ ဟင်း... နောက်တစ်ခါကျရင် ရှုထောင့်ပေါင်းစုံကနေ ကြည့်တတ်အောင် ကြိုးစားပါ။ ကူညီမယ်ဆိုရင် စနစ်တကျ အစီအစဉ်နဲ့ ကူညီပါ" လုံထျန်းက ဆုံးမစကား ဆိုလိုက်၏။
"သူက စိတ်ဒဏ်ရာ ကုသဖို့ ဆေးကုသခဲ့ရတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ။ ငါ့မှတ်ဉာဏ်ထဲမှာတောင် အဲဒီအချက်အလက် မပါဘူး။ မင်းက ငါ့ကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတာ မြင်နေရတာလား" လုံချန်းက သံသယဖြင့် မေးလိုက်သည်။
သူ၏ စကားကြောင့် လုံထျန်း မှင်တက်သွားပြီး စကား ပြန်မပြောတော့ချေ။
"ဖြေစမ်းပါဦး။ မင်း ငါ့ကမ္ဘာကို မြင်နေရတာလား။ အဲဒီကမ္ဘာက အခု ငါရောက်နေတဲ့ စကြဝဠာထဲမှာပဲ ရှိတာလား။ ပြီးတော့ မင်း အဲဒီနေရာကို ဘယ်လိုမြင်ရတာလဲ" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ လုံထျန်း တစ်ခုခုကို သိနေပြီး မပြောဘဲ ဖုံးကွယ်ထားသည်ဟု သူ သေချာပေါက် ခံစားလိုက်ရသည်။
သူသည် လုံချန်းကို အကြောင်းအရာ အများကြီး ပြောပြခဲ့ပြီးပြီ မဟုတ်လော။ အခုကျမှ အဘယ်ကြောင့် ဖုံးကွယ်နေရသနည်း။ ကမ္ဘာမြေနှင့် ပတ်သက်၍ မည်သို့သော လျှို့ဝှက်ချက် ရှိနေသနည်း။
လုံချန်းက ထပ်မံ မေးမြန်းသော်လည်း အဖြေ မရရှိခဲ့ချေ။
"နေဦး... အပြင်မှာတော့ တိုက်ပွဲစတော့မယ် ထင်တယ်။ နောက်မှ ဆက်ပြောကြတာပေါ့။ ငါ့ကို ကြည့်ခွင့်ပေးစမ်းပါဦး" လုံထျန်းက မျက်လုံးများကို မှိတ်လိုက်ရင်း တိုးတိုးလေး ဆိုလိုက်လေသည်။
အခန်း (၈၅၈) မိတ်ဆွေများ
လုံထျန်းသည် စကားပြောခြင်းကို ရပ်တန့်ကာ မျက်လုံးများအား မှိတ်လိုက်၏။ သူသည် အပြင်လောကတွင် ဖြစ်ပျက်နေသည်များကို အမှန်တကယ် မြင်တွေ့နေရခြင်းလော သို့မဟုတ် ဤအကြောင်းအရာအား ဆက်မပြောလိုသဖြင့် လျစ်လျူရှုလိုက်ခြင်းလော ဆိုသည်မှာ မသေချာချေ။
လုံချန်းသည်လည်း သူ့ကို ဆက်လက်၍ မမေးမြန်းတော့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ယခုအခါ မြင်ရုံမျှ မြင်နိုင်စွမ်းရှိနေပြီ ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း အမှောင်ထုမှတစ်ပါး အခြားဘာမျှ မရှိချေ။
သူ မြင်ရသည်မှာ လုံထျန်း၏ ခန္ဓာကိုယ်နှင့် သူ၏ ကိုယ်ပိုင် ဝိညာဉ်ခန္ဓာကိုယ်သာ ဖြစ်၏။ ထိုအရာများမှလွဲ၍ နေရာအနှံ့တွင် စွဲမြဲလှသော အမှောင်ထုကြီးကသာ လွှမ်းမိုးထားလေသည်။
"မင်း အိပ်ပျော်နေတဲ့ အချိန်အတွင်းမှာ အရာရာဟာ အများကြီး ပြောင်းလဲသွားခဲ့ပြီ။ အဲဒါတွေကို မင်းကို ပြောပြဖို့ ငါ့မှာ အချိန်မရှိဘူး။ မင်းကို နောက်တစ်ကြိမ် ထပ်ပြီး အိပ်စက်ခိုင်းလိုက်တာကပဲ ပိုကောင်းလိမ့်မယ်" လုံချန်းက ပြန်ဖြေလိုက်၏။
"ငါက ဘာလို့ သွားရမှာလဲ။ သာမန်လူသားတွေရဲ့ ကိစ္စမှာ မင်း ဝင်မစွက်ဖက်ပါဘူးလို့ မင်း ကတိပေးခဲ့လို့သာ ငါက ဒုက္ခခံဖို့ သဘောတူခဲ့တာလေ။ အခုတော့ မင်းက မင်းရဲ့ကတိကို ဖျက်ဆီးလိုက်ပြီပဲ၊ ငါက ဘာလို့ ဆက်ပြီး ဒုက္ခခံနေရဦးမှာလဲ။ ငါလည်း သူတို့တွေ ကြီးထွားလာတာကို မြင်ချင်တာပေါ့။ ငါဖန်တီးခဲ့တဲ့ အရာတွေက ဘာတွေ ဖြစ်ထွန်းလာလဲဆိုတာကို ငါ မြင်ချင်ခဲ့တယ်၊ ဒါပေမဲ့ ငါ အဲဒါကို စွန့်လွှတ်ခဲ့ရတယ်။ အဲဒီလိုတွေ အနစ်နာခံခဲ့ပါလျက်နဲ့ ငါနိုးလာတဲ့အချိန်မှာ သူတို့တွေ သေဆုံးကုန်တာကိုပဲ မြင်ရတယ်ဆိုတော့ ငါက ဘာကို မျှော်လင့်ရမှာလဲ" ရှုလျန် က ဆိုလိုက်ရာ သူ၏ အရှိန်အဝါများက တဖြည်းဖြည်း မြင့်တက်လာတော့သည်။
သူတို့နှစ်ဦးသည် ယခင်က နောက်ဆုံး ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့် ဟင်းလင်းပြင် ဟင်းလင်းပြင်ကြီးအတွင်း ဝဲပျံနေကြ၏။ သူတို့သည် တစ်ဦး၏ မျက်လုံးကို တစ်ဦးက စိုက်ကြည့်နေကြသည်။ အချိန်များမှာ နောက်ပြန် လည်သွားသည့်အလား သူတို့ စတင်ခဲ့သည့် နေရာဟောင်းသို့ ပြန်ရောက်သွားသည့်အလားပင်။
"မင်း နိုးမနေတာကပဲ ပိုကောင်းပါတယ်။ မင်းမှာ ဘယ်လို အကြောင်းပြချက်ပဲ ရှိရှိ ငါ ဂရုမစိုက်ဘူး။ မင်းဟာ ထာဝရ ပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရပြီးသားလေ။ အခု မင်း အရှုံးမပေးဘူးဆိုရင် မင်း ကြောက်ရွံ့နေတဲ့ အရာတွေ တကယ် ဖြစ်လာလိမ့်မယ်၊ ပြီးတော့ မင်းရဲ့ ဖန်တီးမှုတွေလည်း ပျက်စီးသွားလိမ့်မယ်" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်၏။
"ငါ့ကို လာပြီး မလှည့်စားပါနဲ့။ အဲဒီအချိန် နောက်ပိုင်းမှာ မင်း ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ငါ မသိပေမဲ့၊ မင်းဟာ အရင်တုန်းကလောက် အင်အားမကြီးတော့ဘူးဆိုတာ ငါ မြင်နေရတယ်။ အဲဒါက ငါ့ရဲ့ ဝိညာဉ်ကို ထောင်ချောက်ဆင်ပြီး ပိတ်လှောင်ဖို့ မင်းရဲ့ စွမ်းအားတွေကို သုံးလိုက်လို့ ဖြစ်နိုင်သလို တခြား အကြောင်းရင်းတစ်ခုကြောင့်လည်း ဖြစ်နိုင်တာပဲ။ အမှန်တရားကတော့ မင်းမှာ အရင်က ရှိခဲ့တဲ့ စွမ်းအားရဲ့ အစိတ်အပိုင်းလေး တစ်ခုတောင် မရှိတော့ဘူး ဆိုတာပဲ" ရှုလျန်က လုံချန်း၏ စစ်မှန်သော အနက်အရှိုင်းကို ထိုးဖောက်မြင်နိုင်သည့်အလား တိုးတိုးလေး ဆိုလိုက်သည်။
"ငါ့ဘက်မှာလည်း ငါ့ဝိညာဉ်ပေါ်မှာ တားမြစ်ချက်တွေ ရှိနေလို့ ငါ့ရဲ့ စွမ်းအားအပြည့်ကို မသုံးနိုင်သေးဘူး။ ဒါတွေကို ချိုးဖျက်ဖို့ အချိန်အများကြီး လိုလိမ့်မယ်၊ အဲဒီအချိန်ကိုလည်း မင်း ငါ့ကို ပေးမှာ မဟုတ်ဘူးဆိုတာ ငါ သေချာပေါက် သိပါတယ်။ ငါတို့ရဲ့ တိုက်ပွဲက ဒီစကြဝဠာရဲ့ ကံကြမ္မာကိုတော့ ထိခိုက်စေမှာ မဟုတ်တော့ပါဘူး" သူက ဆက်ပြော၏။
"ဟုတ်တယ်။ ငါ့မှာ စွမ်းအားတွေ မရှိတော့ဘူး။ အဲဒီ အကြောင်းရင်းကိုတော့ မင်း သိဖို့ မလိုပါဘူး။ မင်း အိပ်စက်လိုက်တာကပဲ ပိုကောင်းပါလိမ့်မယ်။ ကျေးဇူးပြုပြီး အိပ်စက်လိုက်ပါတော့။ ငါ့ကို အခက်အခဲ မဖြစ်စေပါနဲ့ဦး" လုံချန်းက ရှုလျန်၏ ခံစားချက်မဲ့နေသော မျက်နှာကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ရှုလျန်က သဘောမတူဘဲ လက်ကို ဝေ့ယမ်းလိုက်၏။
"အခု မင်း အိပ်စက်ရမယ့် အလှည့်ပဲ" သူက ရေရွတ်လိုက်သည်။ "မစိုးရိမ်ပါနဲ့။ ဒါဟာ ပြစ်ဒဏ်တစ်ခု မဟုတ်ပါဘူး။ မင်း နှစ်ပေါင်း ထောင်ချီကြာအောင် အိပ်စက်လိုက်ရုံပါပဲ၊ ပြီးတော့ ပိုပြီး ကောင်းမွန်တဲ့ ကမ္ဘာကြီးမှာ မင်း ပြန်နိုးထလာလိမ့်မယ်။ ငါ ဖန်တီးမယ့် ကမ္ဘာကြီးပေါ့။ အဲဒီကျရင် ငါတို့ မိတ်ဆွေတွေအဖြစ် အဲဒီကမ္ဘာကို အတူတူ ကြည့်ရှုကြတာပေါ့"
သူသည် ညာဘက်လက်ကို မြှောက်ကာ သူ၏ လက်ညှိုးဖြင့် လေထဲတွင် ပိုင်းဖြတ်လိုက်၏။
သူ၏ လက်ညှိုးမှာ ဓားတစ်စင်းကဲ့သို့ပင် ဟင်းလင်းပြင်အတွင်း ရိုက်ခတ်မှုများ ဖြစ်ပေါ်စေသည်။ ဟင်းလင်းပြင်ကြီးမှာ အက်ကွဲသွားပြီး ထိုအက်ကြောင်းမှာ လုံချန်းဆီသို့ ဦးတည်သွားလေသည်။ အက်ကြောင်းမှာ လမ်းခွဲငါးကြောင်းအဖြစ် ပွားထွက်သွားပြီး တစ်ဖန် ထိုလမ်းခွဲတစ်ကြောင်းစီမှ ငါးကြောင်းစီ ထပ်မံ ပွားထွက်သွားကာ လုံချန်းကို ဝိုင်းရံပိတ်ဆို့လိုက်တော့သည်။
"အခု မင်းက သာမန်လူသား ခန္ဓာကိုယ်ထဲမှာ ရောက်နေတာ။ အရင်ကလို မင်း ထွက်ပြေးလို့ မရတော့ဘူး။ မင်း ပူးကပ်နေတဲ့ ဒီလူသားခန္ဓာကိုယ်ကို ငါ ဖျက်ဆီးလိုက်တာနဲ့ မင်းဟာ အရင်ထက် ပိုပြီး အားနည်းသွားလိမ့်မယ်" ရှုလျန်က ဆိုလိုက်၏။
"ဪ... ငါက ဒီလူသားကို ပူးကပ်နေလို့ဆိုပြီး မင်းက သူ့ကို တမင်သက်သက် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတာလား။ လုပ်လေ... လုပ်လိုက်ပါ" လုံချန်းက ထောင်ချောက်ကဲ့သို့ ဖြစ်နေသော အက်ကြောင်းများဆီသို့ တဖြည်းဖြည်းချင်း ဝဲပျံသွားရင်း ပြောလိုက်သည်။
ရှုလျန်သည် သာမန်လူသားတစ်ဦးကို တမင်သက်သက် သေစေလိမ့်မည် မဟုတ်ကြောင်း သူ ယုံကြည်ချက် အပြည့်ရှိနေသည့်အလား။
သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းပစ်နိုင်သော ဟင်းလင်းပြင် အက်ကြောင်းများအနီးသို့ သူ ရောက်ရှိသွားသောအခါ ထိုအက်ကြောင်းများမှာ ရုတ်တရက် ကွယ်ပျောက်သွားတော့သည်။ ရှုလျန်က ဟင်းလင်းပြင်ကို နဂိုအတိုင်း ပြန်ဖြစ်အောင် အမှန်တကယ် လုပ်ဆောင်လိုက်ခြင်း ဖြစ်၏။
"မင်းက အခုထိ မပြောင်းလဲသေးဘူး။ အရင်တုန်းကလည်း လူသားတွေကို ငါ့ကို တိုက်ခိုက်ဖို့ လက်နက်အဖြစ် သုံးခဲ့တယ်၊ အခုလည်း မင်း အဲဒီအတိုင်းပဲ လုပ်နေတုန်းပဲ" ရှုလျန်က လုံချန်းကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူ၏ အသံထဲတွင် ဒေါသအရိပ်အယောင် ပါဝင်နေသော်လည်း ခပ်ပါးပါးမျှသာ ဖြစ်၏။
"မင်းလည်း မပြောင်းလဲသေးပါဘူး။ အခု ပြန်စဉ်းစားကြည့်ရင် ဒီလူသားတွေဆိုတာ မင်းရဲ့ ကလေးတွေပဲ မဟုတ်လား။ အရင်ကလည်း သူတို့ကို မသေစေချင်ခဲ့သလို အခုလည်း မင်း အဲဒီအတိုင်းပါပဲ" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။
"မင်း မရှိတဲ့ အချိန်အတွင်းမှာ လူသားတွေဟာ အများကြီး တိုးတက်လာခဲ့ကြတယ်ဆိုတာ မင်း သိလား။ သူတို့တွေ အများကြီး အောင်မြင်ခဲ့ကြတယ်။ မင်း ပြောခဲ့သလိုပါပဲ၊ မင်း သူတို့တွေကို ပေးခဲ့တဲ့ အလားအလာတွေကို သုံးပြီး သူတို့ဟာ မြင့်မားတဲ့ အဆင့်အတန်းတွေကို တက်လှမ်းနိုင်ခဲ့ကြတယ်။ သူတို့ထဲက တချို့ဆိုရင် အင်မော်တယ်တွေတောင် ဖြစ်လာခဲ့ကြသေးတယ်" သူက ဆက်ပြောရင်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။
"တစ်ခါတလေကျရင် ငါ လုပ်ခဲ့တာတွေက တကယ်ပဲ မှားခဲ့လေသလားလို့ ငါ ခံစားရတယ်။ မင်းကို ငါ ပြစ်ဒဏ်မပေးခဲ့သင့်ဘူး။ မင်း လုပ်ခဲ့တာတွေက မမှားပါဘူး၊ အဲဒါကို ငါ အချိန်အတော်ကြာမှ မြင်ခဲ့ရတာပါ။ လူသားတွေဆီကနေ ငါ အများကြီး သင်ယူခဲ့ရတယ်။ တိုတောင်းလှတဲ့ သက်တမ်းအတွင်းမှာတောင် သူတို့ဟာ အနှစ်သာရရှိရှိ ရှင်သန်ခဲ့ကြတယ်။ သူတို့တွေက ငါ့ကိုရော ဒီကမ္ဘာကြီးကိုရော ပိုပြီး ကောင်းမွန်အောင် ပြောင်းလဲပေးခဲ့တယ်လို့ ငါ ခံစားရတယ်" သူက ဆိုရင်း ရှုလျန်အနီးသို့ တိုးကပ်သွားသည်။
"ငါတို့တွေ အတိတ်က ကိစ္စတွေကို ဘေးဖယ်ထားပြီး အသစ်ကနေ ပြန်စကြရင် မကောင်းဘူးလား။ မင်း မရှိဘဲနဲ့ ဒီကမ္ဘာကြီး တိုးတက်လာတာကို တစ်ယောက်တည်း ထိုင်ကြည့်နေရတာ တကယ်ကို အထီးကျန်လှပါတယ်။ အရင်တုန်းကလို ငါတို့တွေ ပြန်ဖြစ်ကြရင် မကောင်းဘူးလား။ အရင်လိုပဲ ငါတို့တွေ အတူတူ ဆုံးဖြတ်ချက်တွေ ချပြီး ဒီကမ္ဘာကြီးကို ပိုပြီး ကောင်းမွန်အောင် အတူတူ လုပ်ဆောင်ကြရအောင်လား" လုံချန်းက မေးလိုက်၏။
သူတို့နှစ်ဦးကြားရှိ ဟင်းလင်းပြင်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။ လုံချန်း၏ နောက်ကွယ်မှ ဟင်းလင်းပြင်မှာ ပို၍ မှောင်မည်းသွားပြီး ရှုလျန်၏ နောက်ကွယ်မှ ဟင်းလင်းပြင်မှာမူ ရှုလျန်သည် နေမင်းကြီးအလား လင်းလက်တောက်ပနေ၏။
"မင်း တကယ်ပဲ ငါ့ရဲ့ လုပ်ရပ်တွေကို နားလည်ပေးတာလား။ တကယ်ပဲ အတူတူ အလုပ်လုပ်ဖို့ ဆန္ဒရှိတာလား" ရှုလျန်က အံ့အားသင့်စွာ မေးလိုက်သည်။
"အင်း... ဟုတ်တာပေါ့။ မင်း ငါ့ကို ခွင့်လွှတ်ပေးပြီး သာမန်လူသားတွေရဲ့ ကိစ္စမှာ ငါတို့တွေ ဝင်မစွက်ဖက်တော့ပါဘူးလို့ ကတိပေးရင်ပေါ့" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်၏။
ရှုလျန်သည် သိသိသာသာ မှင်တက်သွားသော်လည်း သူ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။ သူသည် လုံချန်း၏ အသိအမှတ်ပြုမှုကို ရရှိလိုက်ပြီ ဖြစ်၏။ သူ လုပ်ရပ်များက မမှားကြောင်း သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူတို့နှစ်ဦးလုံးသာ ကမ္ဘာကြီး ပိုကောင်းအောင် အတူတူ လုပ်ဆောင်ကြမည်ဆိုလျှင် ပိုဆိုးလာမည့်အရာ မည်သည်များ ရှိလာမည်နည်း။
ရှုလျန်သည် သူ၏ မျက်နှာတွင် လှပသော အပြုံးတစ်ခု ပေါ်လွင်လာကာ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။
"ငါ သဘောတူပါတယ်" ရှုလျန်က ရေရွတ်လိုက်၏။ "ကမ္ဘာကြီးကို ပိုပြီး ကောင်းမွန်အောင် အတူတူ လုပ်ကြရအောင်"
"မင်းမှာလည်း လူသားတွေရဲ့ မှတ်ဉာဏ်တွေ ရှိနေမှာပဲနော်။ လူသားတွေဆီမှာတော့ မကောင်းတဲ့ စိတ်တွေကို မေ့ပစ်ဖို့အတွက် အချင်းချင်း ဖက်ကြတဲ့ ဓလေ့တစ်ခု ရှိတယ်လေ" လုံချန်းက လက်မောင်းနှစ်ဖက်ကို ဖြန့်လိုက်ရင်း ဆိုလိုက်သည်။ "အဲဒါက တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းတယ်"
ရှုလျန်က ခေါင်းညိတ်လိုက်သည်။ သူ နေထိုင်ခဲ့သည့် ရွာကလေးတွင် ထိုသို့ ပြုလုပ်တတ်ကြသည်ကို သူ သိရှိသည်။
သူသည် လုံချန်းကို ဖက်ရန်အတွက် အနီးသို့ တိုးကပ်သွား၏။
သူတို့နှစ်ဦးသည် အချင်းချင်း ဖက်လိုက်ကြသည်။ ထိုအခိုက်အတန့်မှာပင် လုံချန်း၏ မျက်နှာတွင် ပါးနပ်လှသော အပြုံးတစ်ခု ပေါ်ပေါက်လာတော့လေသည်။