အခန်း (၈၆၁-၈၆၂)
Vol. 85 Ch. 861-862
အခန်း (၈၆၁) ရောက်ရှိရာအရပ်
"ဟုတ်တယ်... သူ ဘေးကင်းရဲ့လား" မင်လန်က လုံချန်းကို စိုးရိမ်တကြီး မေးလိုက်မိသည်။ အရာအားလုံးသည် ထိုကလေးငယ်ကြောင့် စတင်ခဲ့ခြင်းဖြစ်သည်ကို သူမ မသိရှာပါချေ။
လုံချန်း ဒဏ်ရာရရှိခဲ့ခြင်းမှာလည်း ရှုလျန်နှင့် တိုက်ခိုက်ခဲ့ရခြင်းကြောင့်သာ ဖြစ်၏။
"သူ ထွက်သွားပြီ။ အင်အားတွေ ပိုပြီးရရှိဖို့ ကိုယ်ပိုင်ခရီးတစ်ခု ထွက်မယ်လို့ ပြောတာနဲ့ ငါလည်း သူ့ကို လွှတ်ပေးလိုက်တယ်" လုံချန်းက မုသားစကားကို အတည်ပေါက် ပြောလိုက်ရသည်။ ကလေးတစ်ယောက်နှင့် တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရခဲ့သည့် အသေးစိတ် အကြောင်းအရာများကို သူ မပြောပြလိုတော့ပေ။
"သူ ထွက်သွားပြီ ဟုတ်လား" မင်လန်က သံသယဖြင့် ပြန်မေး၏။
"အင်း... သူက ငါတို့နဲ့ ဆန့်ကျင်ဘက် အရပ်ကို သွားမှာဆိုတော့ နောက်တစ်ခါ ပြန်တွေ့ဖို့ မလွယ်တော့ပါဘူး" လုံချန်းက သက်ပြင်းချရင်း ရှင်းပြလိုက်သည်။ "ငါတို့မှာလည်း သူ့ခရီးနဲ့မတူတဲ့ ကိုယ်ပိုင်လမ်းစဉ် ရှိနေတာပဲလေ"
စကားအဆုံးတွင် လုံချန်းသည် ထိုင်ချလိုက်ပြီး နာကျင်နေသော ခြေထောက်များကို အနားပေးလိုက်၏။ သူသည် ခန္ဓာကိုယ်ကို ဖြေလျှော့ကာ နားခိုနေမိသည်။
မင်လန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော ကျိရှန်ကို ကြည့်လိုက်၏။
"သူ သတိလစ်နေတာပါ၊ ဘာဒဏ်ရာမှ မရပါဘူး။ ငါ အသေအချာ စစ်ဆေးပြီးပြီ၊ စိတ်မပူနဲ့" မင်လန် စိုးရိမ်နေသည်ကို မြင်သောအခါ လုံချန်းက လှမ်းပြောလိုက်သည်။
မင်လန်က ခေါင်းညိတ်ပြပြီး လုံချန်း၏ ဘေးတွင် ဝင်ထိုင်လိုက်၏။
"လန်အာ... အပြင်ကို တစ်ချက်လောက် ကြည့်ပေးစမ်းပါဦး။ ငါတို့ ဘယ်နေရာ ရောက်နေသလဲဆိုတာ သိချင်လို့" အလှမ်းကွာသော နေရာတွင်ရှိသည့် ပြတင်းပေါက်ကို လက်ညှိုးထိုးပြရင်း လုံချန်းက ဆိုလိုက်သည်။
မင်လန်က ထရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်လောကကို ဝေ့ဝဲကြည့်လိုက်၏။
"ကြည့်ရတာ မြို့ငယ်လေး တစ်မြို့ထဲ ရောက်နေပုံပဲ။ အဆောက်အဦးတွေက ဟိုဘက်မြို့ကလို ခမ်းနားတာမျိုး မရှိဘူး။ လူတွေရဲ့ ဝတ်စားဆင်ယင်ပုံကလည်း တစ်မျိုးပဲ" မင်လန်က သူမ မြင်ရသည်ကို ဖော်ပြလိုက်သည်။
"ဒါဆိုရင် ငါတို့ တခြားတစ်နေရာကို ရောက်လာတာပေါ့။ ကောင်းပါတယ်... ဘာမှ စိုးရိမ်စရာ မရှိတော့ဘူးပေါ့။ ဒီနေရာမှာ ရှိနေတာက ငါတို့အတွက် ပိုကောင်းလိမ့်မယ်လို့ သူ ထင်လို့နေမှာပါ။ မဆိုးပါဘူး" လုံချန်းက သူ၏ ခန္ဓာကိုယ်ကို ခဏတာ ထိန်းချုပ်ခဲ့သူ၏ လက်ချက်ဖြစ်ကြောင်း နားလည်လိုက်သဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ပြန်လာခဲ့ပါ... ငါတို့ အလုပ်တွေ ပြန်မစခင် ခဏလောက် အနားယူကြရအောင်" သူက ပြုံးရင်း ဆိုလိုက်၏။
သူသည် မျက်လုံးများကို မှိတ်ကာ စိတ်ကို လျှော့ချလိုက်သည်။ မင်လန်သည်လည်း သူ၏ ဘေးတွင် ဝင်ထိုင်လိုက်၏။ သူမသည် လုံချန်း၏ ပုခုံးပေါ်သို့ ခေါင်းမှီရန် ပြင်လိုက်သော်လည်း သူ၏ ဒဏ်ရာများကို ထိခိုက်မိမည်စိုးသဖြင့် ပြန်လည် ထိန်းလိုက်ရသည်။ သူမသည် မတ်မတ်ထိုင်ရင်း သူ့ကိုသာ စိုက်ကြည့်နေမိတော့သည်။
တစ်နာရီခန့်အကြာတွင် လုံချန်း အိပ်ပျော်သွားတော့သည်။ အရာရာ ရှုပ်ထွေးလှသော ကိစ္စများ ဖြစ်ပျက်ပြီးနောက်တွင်မှ သူသည် စိတ်အေးလက်အေး နားခိုနိုင်တော့သည်။ မင်လန်ကမူ သူ့ကို အစောင့်အရှောက် လုပ်ပေးနေသည့်အလား မအိပ်ဘဲ စောင့်နေခဲ့၏။
နောက်ထပ် နှစ်နာရီခန့် ကြာသောအခါတွင်မှ ကျိရှန် နိုးလာတော့သည်။
ကျိရှန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ ထိုင်လိုက်ပြီး ရေရွတ်မိသည်။ "ဟင်... ငါ ဘယ်ရောက်နေတာလဲ"
"လုံချန်း..." အိပ်ပျော်နေသော လုံချန်းကို မြင်သောအခါ သူက အာမေဍိတ်သံဖြင့် ခေါ်လိုက်မိ၏။
"သူ အဆင်ပြေပါတယ်၊ အိပ်ပျော်နေတာ" မင်လန်က ရှင်းပြလိုက်သည်။
'ငါတို့ တိုက်ခိုက်ခံနေရတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ' ကျိရှန်သည် တွေးတောရင်း ထရပ်လိုက်၏။ သူတို့ ရန်သူများ လက်မှ မြို့ထဲတွင် ပုန်းနေသည်လား သိချင်သဖြင့် ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ အပြင်ကို ကြည့်လိုက်သည်။
"ဒါ ဘာကြီးလဲ"
သူသည် မြင်ကွင်းကြောင့် မှင်တက်သွားတော့သည်။ အပြင်ဘက်သည် လုံးဝ ခြားနားနေ၏။ စည်ကားလှသော မြို့ကြီးအစား ယခုအခါ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေသော မြို့ငယ်လေး တစ်မြို့ထဲသို့ သူတို့ ရောက်နေခြင်း ဖြစ်သည်။
"ငါတို့ ဘယ်မှာလဲ" သူက မင်လန်ကို မေးလိုက်သည်။
"ငါလည်း မသိဘူး။ သူကိုယ်တိုင်တောင် ငါ့ကို အဲဒီအတိုင်း ပြန်မေးနေတာ" မင်လန်က ခေါင်းယမ်းရင်း ဖြေလိုက်၏။
"ဟင်း... နောက်ဆုံးအချိန်မှာ သူက စွမ်းအား တစ်ခုခုကို သုံးပြီး ငါတို့ကို ဒီနေရာကို ပို့လိုက်တာ ဖြစ်ရမယ်။ သူ နိုးလာတဲ့အခါကျမှ ငါတို့ ဘယ်မှာလဲဆိုတာ စုံစမ်းရမှာပဲ" ကျိရှန်က လုံချန်းကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"ငါ အပြင်ကို ထွက်ပြီး ငါတို့ ဘယ်ရောက်နေလဲဆိုတာ သွားစုံစမ်းလိုက်ဦးမယ်။ မြေပုံတစ်ခုခု ရနိုင်မလားလည်း ကြည့်ရမယ်။ မင်း ဒီမှာနေပြီး သူ့ကို စောင့်ရှောက်ထားလိုက်ဦး။ ငါ ချက်ချင်း ပြန်လာခဲ့မယ်" ထိုသို့ ဆိုကာ ကျိရှန်းသည် တံခါးဆီသို့ ဦးတည်လိုက်တော့သည်။
သူသည် အခန်းထဲမှ ထွက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့၏။ အဆောက်အဦး တစ်ခုလုံးမှာ စွန့်ပစ်ထားသည့်အလား လူသူကင်းမဲ့နေသည်။
ကျိရှန်သည် အဆောက်အဦးအပြင်သို့ ထွက်ကာ ခြောက်ကပ်နေသော လမ်းမများပေါ်တွင် လူရှာရန် ကြိုးစားကြည့်သော်လည်း လမ်းပေါ်တွင် လူတစ်ယောက်မှ မရှိသလောက်ပင်။
မြို့ထဲတွင် လူမရှိသလောက် ဖြစ်နေခြင်းလော သို့မဟုတ် လူများ အပြင်မထွက်ကြခြင်းလော မသိချေ။ လမ်းပေါ်တွင် လူမတွေ့သဖြင့် ကျိရှန်သည် အိမ်တစ်အိမ်၏ တံခါးကို ခေါက်လိုက်လေသည်။
မကြာမီမှာပင် တံခါးပွင့်လာ၏။
အဖွားအိုတစ်ဦး ထွက်လာပြီး ကျိရှန်ကို စိုက်ကြည့်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ မောင်ရင်"
"အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် အဖွား။ ကျွန်တော် ဒီကို အခုမှ ရောက်တာပါ၊ လမ်းမှားလာမိလို့ ထင်ပါတယ်။ ဒီနေရာက ဘယ်နေရာလဲဆိုတာနဲ့ ဒီမှာ မြေပုံတစ်ခုခု ဘယ်မှာ ရှာလို့ရမလဲဆိုတာ သိချင်လို့ပါ" ကျိရှန်က မေးမြန်းလိုက်သည်။
"ဪ... ငါတို့ရဲ့ မြို့ဟောင်းလေးထဲကို မျက်နှာသစ်တစ်ယောက် ဘာလို့ ရောက်လာသလဲလို့ တွေးနေတာ။ လမ်းမှားလာတာကိုး။ ဒီနေရာကတော့ စွန့်ပစ်ခံ တားမြစ်မြို့လေးပါပဲ။ ဒီကို ဘယ်သူမှ မလာကြသလို ရှိတဲ့လူတွေလည်း တဖြည်းဖြည်းနဲ့ ထွက်သွားကြပြီ" အဖွားအိုက သက်ပြင်းချရင်း ဆိုလိုက်၏။
ကျိရှန်းသည် ထိုမြို့၏ ကံကြမ္မာ သို့မဟုတ် အခက်အခဲများကို စိတ်မဝင်စားသဖြင့် အသေးစိတ် ထပ်မမေးတော့ဘဲ သူ သိလိုသည်ကိုသာ အာရုံစိုက်လိုက်သည်။
"မြေပုံတစ်ခုခု ရနိုင်မလား အဖွား။ ဒါမှမဟုတ် ဒီကနေ အနီးဆုံး တိုင်းပြည်ကို ဘယ်လောက် ဝေးလဲဆိုတာ ပြောပြနိုင်မလား"
"ဒီမှာတော့ မြေပုံ မရှိပါဘူး။ ဒါပေမဲ့ ဟိုဘက်အရပ်ကို သွားမယ်ဆိုရင်တော့ အနီးဆုံး တိုင်းပြည်ကို ရောက်လိမ့်မယ်။ သုံးရက်လောက် လမ်းလျှောက်သွားရင် ထျန်းမေး တိုင်းပြည်ရဲ့ မြို့တော်ကို ရောက်လိမ့်မယ်" အဖွားအိုက လမ်းညွှန်ပြသလိုက်၏။
'ထျန်းမေး တိုင်းပြည် ဟုတ်လား။ ငါတို့ အရင် ရှိခဲ့တဲ့ နေရာနဲ့ ထျန်းမေးကြားမှာ တိုင်းပြည် နှစ်ပြည်လောက် ခြားနေတာ။ သုံးရက်ခရီးဆိုရင်တော့ ငါတို့ ရောက်နေတဲ့ နေရာကို ခန့်မှန်းလို့ ရပြီ' ကျိရှန်းက တွေးတောလိုက်မိသည်။
"ကျေးဇူးတင်ပါတယ် အဖွား" သူက အဖွားအိုကို နှုတ်ဆက်ကာ ပြန်လှည့်လာခဲ့၏။
ကျိရှန်သည် လုံချန်းနှင့် မင်လန်တို့ ရှိရာ စွန့်ပစ်ထားသော အဆောက်အဦးဆီသို့ ပြန်လျှောက်လာခဲ့သည်။
ထိုသို့ လမ်းလျှောက်နေစဉ် သူ၏ နောက်ကွယ်မှ မြင်းခွာသံများကို ကြားလိုက်ရ၏။
လှည့်ကြည့်လိုက်ရာ မြင်းများစီးလာသော လူတစ်စုကို တွေ့လိုက်ရသည်။
သူတို့၏ ဝတ်စားဆင်ယင်ပုံအရ ဓားပြများ ဖြစ်ပုံရ၏။
"ဒါကြောင့် လမ်းမတွေက ခြောက်ကပ်နေတာကိုး။ ဟင်း... သူတို့က အဲဒီလောက် အားမကြီးပေမဲ့ ဒီမြို့မှာ ကျင့်ကြံသူ တစ်ယောက်မှ မရှိတာ ဖြစ်ရမယ်။ အဲဒါကြောင့် သူတို့က လူတွေကို ကြောက်အောင် လုပ်ပြီး အုပ်ချုပ်နေတာပေါ့" ကျိရှန်က ဓားပြများကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ပြဿနာ မဖြစ်လိုသဖြင့် ကျိရှန်သည် ဓားပြများ ဖြတ်သွားနိုင်ရန် လမ်းဘေးသို့ ကပ်ပေးလိုက်၏။
"ဆရာကြီး... ဟိုမှာ လူသစ်တစ်ယောက်" ဓားပြတစ်ယောက်က သူတို့၏ ခေါင်းဆောင်ကို လက်ညှိုးထိုးပြလိုက်သည်။
"အေး... ကြည့်ရတာ လူသစ်ပဲ။ သူ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ အဝင်အထွက်တွေမှာ ငါတို့လူတွေ စောင့်နေတာပဲ။ ဘယ်သူက ဝင်လာနိုင်မှာလဲ" နောက်ထပ် ဓားပြတစ်ယောက်က ဆိုလိုက်လေသည်။
အခန်း (၈၆၂) အလိုမရှိခြင်း
ကျိရှန်သည် သူတို့၏ စကားဝိုင်းကို ကြားနေရသော်လည်း အဝင်အထွက်လမ်းများ ပိတ်ထားသည့်အကြောင်း ကြားရသည်အထိ သူတို့ကို လျစ်လျူရှုထားလိုက်၏။
သူတို့သည် ဤနေရာသို့ နေရာပြောင်းခြင်းဖြင့် ရောက်ရှိလာခြင်း ဖြစ်သဖြင့် လမ်းများ ပိတ်ထားခြင်းမှာ သူတို့အတွက် အရေးမကြီးလှသော်လည်း ဤအချက်ကပင် သူတို့ကို သံသယဖြစ်စေတော့မည်မှာ အသေအချာပင် ဖြစ်သည်။
သူတို့သည် သူ့ကို စတင်စစ်ဆေးမေးမြန်းကြတော့မည်ဖြစ်ရာ ကိစ္စများမှာ ပို၍ ရှုပ်ထွေးလာတော့မည်ကို ကျိရှန် သိမြင်လိုက်သည်။ သူသည် မလိုအပ်ဘဲ တိုက်ခိုက်ခြင်းကို မပြုလိုသဖြင့် ဆင်ခြေတစ်ခုခုအား စတင် စဉ်းစားလိုက်၏။
"ဟေ့ လူ... ရပ်စမ်း" ဓားပြများက ကျိရှန်၏ ရှေ့တွင် မြင်းများကို ရပ်လိုက်ရင်း လှမ်းပြောလိုက်ကြသည်။
ကျိရှန်သည် ခြေလှမ်းများကို ရပ်ကာ သူတို့ကို မော့ကြည့်လိုက်၏။
"ဘာကိစ္စရှိလို့လဲ" သူက မေးလိုက်သည်။
"မင်းက ဘယ်သူလဲ။ ငါတို့မြို့ထဲမှာ မင်း ဘာလုပ်နေတာလဲ" ဓားပြခေါင်းဆောင်က ကျိရှန်ကို စိုက်ကြည့်ရင်း မေးလိုက်၏။
"ကျွန်တော်က လမ်းမှားလာမိတဲ့ ခရီးသွား ကျင့်ကြံသူတစ်ယောက်ပါ။ ထျန်းမေးတိုင်းပြည်ရဲ့ တည်နေရာကို သိချင်လို့ ဒီကို ရောက်လာတာပါ" ကျိရှန်းက ရှင်းပြလိုက်သည်။
"မြို့အဝင်အထွက်တွေမှာ ငါတို့လူတွေ အစောင့်ချထားပါလျက်နဲ့ မင်းက ဘယ်လိုလုပ်ပြီး မြို့ထဲကို ဝင်လာတာလဲ။ ပြီးတော့ မင်းက ထျန်းမေး တိုင်းပြည်ကို သွားမယ့် လမ်းကို ရှာနေတာဆိုရင် ဘာလို့ အစောင့်တွေကို မမေးဘဲ ဒီထဲ ရောက်နေတာလဲ။ ငါတို့ကို လာပြီး လှည့်စားလို့ရမယ် ထင်နေတာလား။ တကယ်တမ်း မင်းက ဘယ်သူလဲ" ဓားပြခေါင်းဆောင်က ကျိရှန်၏ စကားထဲမှ အားနည်းချက်များကို ရှာဖွေတွေ့ရှိသွားသဖြင့် အော်ဟစ်မေးမြန်းလိုက်လေသည်။
ကျိရှန်သည် သူ၏ အဖြေကြောင့် ဤကဲ့သို့သော မေးခွန်းများ ထွက်ပေါ်လာမည်ကို သိနှင့်ပြီးဖြစ်သဖြင့် အသင့်ပြင်ထားသော အဖြေတစ်ခုအား ထုတ်ပြောလိုက်၏။
"ငါက အဝင်ဝကနေ ဝင်လာတာ မဟုတ်ဘူး။ အဝင်ဝကို လိုက်ရှာနေရမှာ အချိန်ကုန်မှာစိုးလို့ တံတိုင်းကိုပဲ ကျော်ဝင်လာခဲ့တာ။ အဲဒါကြောင့် မင်းတို့လူတွေကို မတွေ့ခဲ့တာပေါ့။ တကယ်လို့ သူတို့ကို တွေ့ခဲ့ရင် အခုချိန်မှာ ငါ ဒီလမ်းပေါ်မှာ ရှိနေမှာ မဟုတ်တော့ဘူး။ ဒီလို လူသူကင်းမဲ့တဲ့ မြို့ပျက်ကြီးထဲမှာ ဘယ်သူကများ အချိန်ဖြုန်းပြီး လျှောက်သွားနေချင်မှာလဲ" သူက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။
ဓားပြများက သူ၏ ရှင်းပြချက်မှာ ဖြစ်နိုင်သည်ဟု ယူဆလိုက်ကြ၏။
"ဒါဆိုရင် မင်း ထျန်းမေး တိုင်းပြည်ကို သွားမယ့်လမ်းကို အခုထိ ရှာမတွေ့သေးဘူးပေါ့" ဓားပြတစ်ယောက်က မေးလိုက်သည်။
"လူတစ်ယောက်မှ မတွေ့သေးလို့ ဘာမှ မသိသေးပါဘူး။ ငါ သွားနိုင်အောင် လမ်းညွှန်ပေးကြပါဦး" ကျိရှန်က ဆိုလိုက်၏။
ဓားပြခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။
"ရပါတယ်။ မင်း ထျန်းမေး တိုင်းပြည်ကို ဆက်သွားဖို့ မလိုတော့ဘူးလို့ ငါ ထင်တယ်။ မင်းရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်ရုံနဲ့ မင်းဟာ ချမ်းသာတဲ့သူဆိုတာ သိသာနေတာပဲ။ ဒီလောက် ချမ်းသာတဲ့သူကို ခြေကျင်ကြီး ဆက်သွားခိုင်းဖို့ဆိုတာ ငါတို့မှာ စိတ်မရှိပါဘူး။ မင်းရဲ့ ခြေထောက်တွေ နာကုန်ရင် မကောင်းဘူးလေ" ဓားပြခေါင်းဆောင်က ရုပ်ဆိုးလှသော အပြုံးတစ်ခုကို ပြုံးရင်း ပြောလိုက်သည်။
ကျိရှန်သည် သူတို့၏ မျက်နှာပေါ်က ရည်ရွယ်ချက်ဆိုးများကို အထင်အရှား မြင်နေရသော်လည်း ဘာမျှ မပြောချေ။ သူသည် မည်သည်မျှ မသိနားမလည်သည့်အလား ဟန်ဆောင်ကာ မေးလိုက်သည်။ "ဘာကို ဆိုလိုတာလဲ"
"မင်းက အရမ်းချမ်းသာနေတာဆိုတော့ မင်းရဲ့ သိုလှောင်လက်စွပ်ကို ငါတို့ဆီမှာ ထားခဲ့လိုက်လေ။ မင်း ဒီမှာပဲ အိပ်စက်အနားယူလိုက်ပါ။ ဘယ်ကိုမှ သွားနေဖို့ မလိုတော့ဘူး။ မင်းရဲ့ ပစ္စည်းတွေကို ငါတို့ကပဲ သေသေချာချာ စောင့်ရှောက်ပေးထားလိုက်ပါ့မယ်" ဓားပြခေါင်းဆောင်က ပြုံးစိစိဖြင့် ပြောလိုက်ကာ နောက်ထပ် ဓားပြတစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
အခြားသော ဓားပြများသည်လည်း မြင်းပေါ်မှ ဆင်းလာကြပြီး ကြောက်မက်ဖွယ်ကောင်းသော ရယ်သံများဖြင့် ရယ်မောနေကြတော့သည်။
"ဟင်း... ဒါဟာ မင်းတို့အားလုံး ရွေးချယ်လိုက်တဲ့ လမ်းစဉ်ပေါ့လေ" ကျိရှန်က သက်ပြင်းချရင်း မေးလိုက်၏။
ဓားပြများက သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြသည်။ "မင်းရဲ့ သေခြင်းတရားဆီ သွားမယ့် လမ်းစဉ်လား။ ဟုတ်တယ်... အဲဒါကို ငါတို့ ရွေးချယ်လိုက်တာ"
"မင်းတို့က ငါ့ရဲ့ သေခြင်းတရားကို မြင်နေရတယ်လို့ ထင်နေတာလား၊ တကယ်ပဲ အဲဒီအတိုင်း ဖြစ်လာမယ် ထင်လို့လား။ ငါက တကယ်တမ်းတော့ မတိုက်ခိုက်ချင်ပါဘူး။ ငါပြောခဲ့သလိုပဲ၊ ငါ ဘယ်ရောက်နေသလဲဆိုတာကိုပဲ သိချင်ခဲ့တာပါ။ တကယ်လို့ မင်းတို့က ဒီကိစ္စကို အကြီးအကျယ်ဖြစ်အောင် လုပ်ပြီး ငါ့ကို လုယက်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ မင်းတို့ကိုယ်မင်းတို့ပဲ အပြစ်တင်ကြရုံရှိတော့တာပေါ့" ကျိရှန်က လေးနက်သော အသံဖြင့် ဆိုလိုက်ရင်း သူ၏ သိုလှောင်လက်စွပ်ထဲမှ ဓားကို ဆွဲထုတ်လိုက်လေသည်။
"ဟော... မင်းကလည်း ကျင့်ကြံသူတစ်ယောက်ပဲကိုး" ဓားကို မြင်လိုက်ရသောအခါ ဓားပြခေါင်းဆောင်က အာမေဍိတ်သံဖြင့် ဆိုလိုက်၏။ ယခင်က ကျိရှန်ကို ကျင့်ကြံသူတစ်ယောက်ဟု သူ မထင်ခဲ့ချေ။ သို့သော် ကျိရှန် ဓားကို ကိုင်လိုက်သောအခါတွင်မူ သူသည် ကျင့်ကြံသူတစ်ဦးအား ရင်ဆိုင်နေရပြီဟု ခံစားလိုက်ရသည်။
"အခုချိန်မှာ အဲဒါက အရေးကြီးသေးလို့လား" ကျိရှန်က အေးဆေးစွာ ပြုံးရင်း မေးလိုက်သည်။
"အရေးမကြီးပါဘူး။ မင်းက ကျင့်ကြံသူတစ်ယောက်ဆိုတော့ မင်းရဲ့ လက်စွပ်ထဲမှာ ပိုပြီး တန်ဖိုးရှိတဲ့ အရာတွေ ပါမှာပေါ့" ဓားပြခေါင်းဆောင်က ဖြဲပြုံးကြီးဖြင့် ဆိုလိုက်၏။ "အားလုံး... အတူတူ ဝိုင်းတိုက်ကြစမ်း"
သူသည် ကျိရှန်၏ အသွင်သဏ္ဌာန်မှန်ကို သိရှိရန် အားမထုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးသည် မြေပုံတစ်ခုပင်မရှိဘဲ တစ်ယောက်တည်း လှည့်လည်သွားလာနေလိမ့်မည် မဟုတ်ဟု သူ ယူဆလိုက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤလူမှာ အရေးမပါသော သာမန်ကျင့်ကြံသူတစ်ဦးသာ ဖြစ်လိမ့်မည်ဟု သူ တထစ်ချ ယုံကြည်နေတော့သည်။
ဓားပြအားလုံးသည် ကျိရှန်ကို တစ်ပြိုင်နက်တည်း ဝိုင်းဝန်းတိုက်ခိုက်ကြတော့လေသည်။
လုံချန်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ အတော်လေး သက်သာလာသည်ကို ခံစားလိုက်ရသည်။ နာကျင်မှုများ ကျန်ရှိနေသေးသော်လည်း ယခင်ကထက်စာလျှင် ပို၍ ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ ခြေထောက်များမှာလည်း တုန်ယင်ခြင်း မရှိတော့ဘဲ အတွင်းဒဏ်ရာ အများစုမှာလည်း ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။
သူသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လက်မောင်းများကို ဆန့်ကာ သမ်းဝေလိုက်၏။
"ငါ့ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးပါပဲ" သူက မင်လန်၏ ခေါင်းကို ပွတ်သပ်ပေးရင်း ဆိုလိုက်သည်။
"ကျိရှန် ဘယ်မှာလဲ" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်၏။
မင်လန်က ထရပ်ကာ ရှင်းပြလိုက်သည်။ "သူ အပြင်ထွက်သွားတာ နည်းနည်းကြာပြီ။ ငါတို့ ဘယ်ရောက်နေလဲဆိုတာ သွားစုံစမ်းတာလေ။ မကြာခင် ပြန်လာလိမ့်မယ် ထင်တယ်၊ သူ ထွက်သွားတာ သိပ်မကြာသေးဘူး"
"ဪ..." လုံချန်းသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ အပြင်လောကကို ကြည့်လိုက်၏။ "ဒီနေရာက ဘေးအန္တရာယ် ရှိပုံမရပါဘူး။ သူ့အတွက် စိုးရိမ်နေဖို့ မလိုဘူး ထင်တယ်"
သူသည် ပြန်လှည့်လာကာ မင်လန်ကို စိုက်ကြည့်လိုက်၏။
"နင်ကော ခဏလောက် အိပ်ချင်သေးလား။ ငါ အစောင့်အရှောက် လုပ်ပေးမယ်လေ" သူက မေးလိုက်သည်။
"ငါ အဆင်ပြေပါတယ်။ အိပ်ဖို့ မလိုပါဘူး" မင်လန်က ခေါင်းယမ်းရင်း ဆိုလိုက်၏။
"ကောင်းပြီ... ဒါဆို အပြင်ထွက်ကြရအောင်။ သူ့ကို သွားရှာပြီးရင် ငါတို့ ခရီးဆက်ကြတာပေါ့" လုံချန်းက မင်လန်၏ လက်ကို ဆွဲကိုင်ရင်း ပြောလိုက်သည်။
သူတို့နှစ်ဦး အတူတူ အပြင်သို့ ထွက်လာခဲ့ကြ၏။
ကျိရှန်ကို မြန်မြန်ဆန်ဆန် ရှာတွေ့နိုင်ရန်အတွက် လုံချန်းသည် မြို့ထဲတွင် လမ်းလျှောက်ရင်း သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်သည်။
လမ်းလျှောက်နေစဉ်အတွင်း သူသည် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရဆဲ ဖြစ်သဖြင့် မြွေဘုရင်ကိုလည်း ခေါ်ထုတ်လိုက်၏။
"ဟား... မင်း နောက်ဆုံးတော့ ဒီဘုရင်ကို ခေါ်ထုတ်လိုက်ပြီပေါ့။ ဟိုငှက်စုတ်လေးကော ဘာဖြစ်သွားလဲ။ သူ့ကို သုံးရတာ ငြီးငွေ့သွားပြီလား" မြွေဘုရင် ထွက်လာသည်နှင့် တစ်ပြိုင်နက် အာမေဍိတ်သံဖြင့် ဆိုလိုက်တော့သည်။
"ဪ... ဟုတ်သားပဲ။ သူ့ကိုလည်း ခေါ်လိုက်ဦးမယ်" လုံချန်းက ခေါင်းညိတ်ရင်း ပြောလိုက်၏။ "မင်း အထဲကို ပြန်ဝင်သွားလို့ ရပြီ"
"ဟေ့... ဟေ့၊ နေဦးလေ။ ဒီဘုရင်က အထဲမှာ ပျင်းနေပြီ။ အပြင်မှာပဲ နေပါရစေဦး။ ဒီကမ္ဘာကြီးက ဒီဘုရင်ရဲ့ စစ်မှန်တဲ့ ဘုန်းတန်ခိုးကို မြင်တွေ့ဖို့ လိုအပ်နေတာ။ ငါ့ကို သူတို့ လွမ်းနေအောင် မင်း လုပ်လို့ မရဘူးလေ။ သူတို့ရဲ့ ကောင်းကျိုးအတွက် မင်းနဲ့အတူ အပြင်မှာ လိုက်ပေးဖို့ ငါ သဘောတူလိုက်မယ်" မြွေဘုရင်သည် အထဲသို့ ပြန်မဝင်လိုသည့်အမူအရာဖြင့် အတင်းပြောနေတော့သည်။
"မင်း စကားပြောပုံက အထဲကို ပြန်ဝင်ဖို့ ကြောက်နေသလိုပဲလား။ အထဲမှာ ဘာဖြစ်လို့လဲ" လုံချန်းက သူ့ကို သံသယဖြင့် စိုက်ကြည့်ရင်း မေးလိုက်၏။
"ဟင်... ဘာမှ မဖြစ်ပါဘူး။ မင်း ဘာတွေ ပြောနေတာလဲ။ အလကား လျှောက်မပြောနဲ့ဦး။ ဒီဘုရင်ကို အထဲမှာ လူရာမသွင်းလို့ မဟုတ်တာတော့ သေချာတယ်" မြွေဘုရင်က မမေးဘဲနှင့်ပင် ဗူးပေါ်သလို ငြင်းချက်ထုတ်နေတော့သည်။
"ဪ... ဒါကြောင့်ကိုး။ မင်းက ကလေးလေးကျနေတာပဲ" လုံချန်းက ပြုံးစိစိဖြင့် ရေရွတ်လိုက်ရင်း မြွေဘုရင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။
"ဒီကလေးကို ဘုရင်တစ်ပါးလို ဆက်ဆံစမ်းပါ... အဟမ်း... ငါဆိုလိုတာက ဒီဘုရင်ကို ကလေးတစ်ယောက်လို လာမဆက်ဆံနဲ့" မြွေဘုရင်သည် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။ "မင်းကသာ ကလေး"