အခန်း (၈၆၃-၈၆၄)
Vol. 85 Ch. 863-864
အခန်း (၈၆၃) အစီအစဉ်
"မင်းကသာ ကလေးဖြစ်တာ" မြွေဘုရင်က လုံချန်းကို ပြက်ရယ်ပြုကာ ပြန်ပြောလိုက်၏။
လုံချန်းကမူ ခါးသက်သက် အပြုံးတစ်ခုကိုသာ ပြုံးမိတော့သည်။ ဟင်းလင်းပြင် လက်စွပ်အတွင်း၌ မည်သို့ ဖြစ်ပျက်နေသည်ကို သူ နားလည်၏။ ပြီးခဲ့သည့်အကြိမ်က မုဆိုးကြယ်သည် မြွေဘုရင်ကို အနိုင်ယူခဲ့ဖူးသည်။ မြွေဘုရင်သည် အရှင်သခင်ဘွဲ့အား နှင်းခဲလေးထံတွင် ရှုံးနိမ့်ခဲ့ရပြီးပြီ ဖြစ်သလို ယခုအခါ ဒုတိယအင်အားအကြီးဆုံး ဘွဲ့ကိုလည်း မုဆိုးကြယ်ထံတွင် လက်လွှတ်ခဲ့ရပြန်ပြီ မဟုတ်လော။
အင်အားကြီးသူများက တရားမျှတမှု မရှိဟု သူ မည်မျှပင် ပြောဆိုနေပါစေ မိမိ ရှုံးနိမ့်သွားခဲ့သည်ကိုမူ သူကိုယ်တိုင်လည်း သိရှိနေပေသည်။ မြွေဘုရင်ကဲ့သို့ ဝါကြွားတတ်သူတစ်ဦးအဖို့ ဤသို့သော အခြေအနေမျိုးတွင် စိတ်ထဲ၌ အရှက်ရကာ အနိုင်ကျင့်ခံနေရသည်ဟု ခံစားနေရမည်မှာ အသေအချာပင် ဖြစ်၏။
မြွေဘုရင်သည် ရှက်ရမှန်းမသိဘဲ အရှက်မဲ့စွာ ဝါကြွားတတ်သူ ဖြစ်လင့်ကစား ဤမျှအထိ သိသိသာသာ နိမ့်ကျသွားမှုအပေါ်တွင်မူ လျစ်လျူရှုနိုင်စွမ်း မရှိရှာပေ။
လုံချန်းသည် မြွေဘုရင့်အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။
"ငါ နောက်တာပါကွာ။ ငါ့ရဲ့ အစွမ်းအထက်ဆုံး သားရဲက ဘယ်လိုလုပ်ပြီး ကလေးတစ်ယောက် ဖြစ်နိုင်မှာလဲ" လုံချန်းက မြွေဘုရင် စိတ်သက်သာရာရစေရန် ပြောလိုက်၏။
"ဟား... ဒါပေါ့။ မင်း နားလည်သွားတာ ကောင်းပါတယ်။ ငါ့လက်အောက်မှာဆိုရင် မင်းရဲ့ အနာဂတ်က တောက်ပနေမှာပဲ။ ငါ့အပေါ်မှာပဲ သစ္စာရှိပြီး ငါပြောတာတွေကိုသာ နားထောင်စမ်းပါ" မြွေဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်လေသည်။
"ကဲ... အခုတော့ ခန္ဓာကိုယ်ကို ကြီးလိုက်တော့။ ငါတို့ ခရီးဆက်ဖို့ လိုပြီ။ အချိန်တွေ အများကြီး နောက်ကျနေပြီမို့ ကျိရှန်ကို သွားခေါ်ပြီး ဒီကနေ ထွက်ကြရအောင်" လုံချန်းက ရှင်းပြလိုက်၏။
"ဟင်... ဟို လူသားအသေးလေး ပြန်ရောက်နေပြီလား။ ရပါတယ်။ မင်းက ငါယုံကြည်ရတဲ့ နောက်လိုက်တစ်ယောက် ဖြစ်နေလို့ သူ့ကိုပါ ငါ တစ်ခါတည်း သယ်ပေးလိုက်ပါ့မယ်" မြွေဘုရင်က ဆိုရင်း ခန္ဓာကိုယ်ကို စတင် ကြီးထွားစေတော့သည်။
သူသည် စိတ်လှုပ်ရှားနေသဖြင့် လူငါးယောက်ခန့်ကို အလွယ်တကူ တင်ဆောင်နိုင်သည့် အရွယ်အစားအထိ ကြီးထွားလာခဲ့၏။ အမှန်တကယ်တွင်မူ သူ သယ်ဆောင်ရမည်မှာ သုံးဦးတည်းသာ ဖြစ်ပေသည်။ ယခင်က မုဆိုးကြယ်နှင့် နှင်းခဲလေးတို့ကြောင့် သူသည် အရေးမပါတော့ဟု ခံစားခဲ့ရသော်လည်း ယခုအခါ လုံချန်း၏ ချီးမွမ်းစကားကြောင့် သူ၏ မူလမာန်မာနများ ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်၏။
လုံချန်းသည် မိမိ၏ စကားက ထိရောက်သွားသည်ကို မြင်သောအခါ ကျေနပ်စွာ ပြုံးမိသည်။
သူသည် မင်လန်ဘက်သို့ လှည့်လိုက်၏။ သူ၏ ညာဘက်လက်ကို သူမ၏ ဒူးအောက်မှ လျှိုသွင်းကာ ဘယ်ဘက်လက်ဖြင့် သူမ၏ ကျောပြင်အား ထိန်းပြီး ပွေ့ချီလိုက်သည်။
ထို့နောက် သူသည် လေပေါ်တွင် လှေကားထစ်များ ရှိနေသည့်အလား တစ်လှမ်းချင်း တက်လှမ်းသွား၏။ သူသည် လေပေါ်တွင် ပျံသန်းနိုင်စွမ်း မရှိသေးသော်လည်း ကောင်းကင် အဆင့် အစွမ်းကြောင့် လေထုကို နင်းကာ လမ်းလျှောက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
လုံချန်းသည် မြွေဘုရင့် ကျောပေါ်သို့ ရောက်သောအခါ မင်လန်ကို ညင်သာစွာ ချပေးလိုက်၏။
သူတို့နှစ်ဦး အတူတူ ထိုင်လိုက်ကြသည်။
"မြို့ပေါ်ကနေ ပျံသန်းသွား။ ကျိရှန်ကို ရှာရမယ်" လုံချန်းက အမိန့်ပေးလိုက်၏။
"ဟင်... သူ့ကို ရှာရဦးမှာလား။ ဟိုလူပုလေးက ထပ်ပြီး ပျောက်သွားပြန်ပြီလား။ ဟင်း... ထားလိုက်ပါတော့လေ။ ငါလို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကပဲ မင်းအတွက် ကူညီရှာဖွေပေးရမှာပေါ့" မြွေဘုရင်က ရေရွတ်ရင်း ပျံသန်းလိုက်လေသည်။
ခဏမျှ ပျံသန်းပြီးနောက် သူက မှတ်ချက်ချလိုက်၏။ "ဟိုမှာ မြင်နေရတာ အဲဒီလူ မဟုတ်လား။ ကြည့်ရတာ သူက မိတ်ဆွေသစ်တွေတောင် ရှာတွေ့နေပုံပဲ"
လုံချန်းသည်လည်း ထိုအခိုက်တွင် ကျိရှန်ကို မြင်တွေ့လိုက်ရပြီ ဖြစ်၏။
ကျိရှန်သည် ဓားပြအချို့နှင့် ရင်ဆိုင်နေရသည်။ သို့သော် တိုက်ပွဲကမူ စတင်ခြင်း မရှိသေးပေ။
လုံချန်းသည် ဝင်ရောက်တိုက်ခိုက်ရန် အလောတကြီး မပြုပေ။
"ရန်သူတွေက အားနည်းလွန်းပါတယ်။ သူ အလွယ်တကူ ကိုင်တွယ်နိုင်ပါလိမ့်မယ်" သူက ပြုံးရင်း ဆိုလိုက်သည်။
ကျိရှန်သည် မည်သည့် ဖိအားမှ ရှိမနေသည်ကို မင်လန်ပင် မြင်နိုင်စွမ်း ရှိပေသည်။
"တိုက်ပွဲတွေက ဘာလို့ နင်တို့နောက်ကိုပဲ အမြဲ လိုက်နေရတာလဲ။ သူ အပြင်ထွက်သွားတာ ခဏလေး ရှိသေးတယ်၊ အခု တိုက်ပွဲနဲ့ တိုးနေပြန်ပြီ။ နင်ကျတော့လည်း တစ်လလောက် တိုက်ပွဲမရှိဘဲ ဘေးကင်းကင်းနဲ့ မနေနိုင်ဘူး။ နင်တို့မှာ ပြဿနာတွေကို ဆွဲဆောင်နိုင်တဲ့ အနံ့အသက်တစ်ခုခုများ ရှိနေလား" မင်လန်က လုံချန်းကို နောက်ပြောင်ကာ မေးလိုက်၏။
"ဟင်း... ငါလည်း သိချင်ပါရဲ့။ ငါကိုယ်တိုင်လည်း အခုချိန်မှာ တော်တော်လေး ငြီးငွေ့နေပါပြီ။ ငါကတော့ အေးအေးဆေးဆေး နေပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ အင်အားကြီးလာချင်တာပါ" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
"ငါတို့ မကြာခင်မှာ အနားယူကြမယ်။ အဲဒီကျရင်တော့ အေးအေးချမ်းချမ်း ရှိမှာပါ" သူက ဆက်ပြော၏။
"အနားယူမယ် ဟုတ်လား" မင်လန်က အံ့အားသင့်စွာ မေးလိုက်သည်။ စစ်ပွဲကို တားဆီးရန် မင်ယု၏ တိုင်းပြည်သို့ အမြန်သွားကြလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။ အနားယူမည်ဆိုသည်မှာ မည်သည်ကို ဆိုလိုခြင်းနည်း။
"ဟုတ်တယ်။ ငါ တစ်ခုခု မလုပ်ခင်မှာ နိယာမ တစ်ခုကို တတ်မြောက်အောင် ကျင့်ကြံဖို့ လိုတယ်။ သင့်တော်တဲ့ အချိန်ကို စောင့်နေရင်းနဲ့ လတော်တော် ကြန့်ကြာနေခဲ့တာ။ အခွင့်အရေး ရှိနေတုန်းမှာ အဲဒါကို နားလည်သဘောပေါက်အောင် ကျင့်ကြံတာက ပိုကောင်းလိမ့်မယ်" လုံချန်းက ရှင်းပြလိုက်သည်။
သူ့ထံတွင် အထွတ်အထိပ် ကံကြမ္မာ နိယာမ ရတနာလုံး ရှိနေသော်လည်း ယခုထိ မကျင့်ကြံရသေးပေ။ ကျိရှန်ကို ရှာတွေ့ပြီးနောက် ကျင့်ကြံမည်ဟု ကြံရွယ်ခဲ့သော်လည်း ရှုပ်ထွေးမှုများစွာ ပေါ်ပေါက်လာသဖြင့် အစီအစဉ်များ နှောင့်နှေးခဲ့ရသည်။ ယခုမူ သင့်တော်သော အချိန်ရောက်ပြီဟု သူ ခံစားလိုက်ရပေသည်။
"လူသူကင်းမဲ့တဲ့ တောင်တစ်ခုခုကို ငါ ရှာလိုက်မယ်။ မင်းတို့ကတော့ အပြင်မှာ စခန်းချပြီး နေလို့ရတာပေါ့" သူက ဆို၏။
ထိုအခိုက် မင်လန်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ပေါ်လာသည်ကို သူ သတိပြုမိလိုက်သည်။ "တစ်ခုခု မှားနေလို့လား"
"အို..." မင်လန်က တစ်စုံတစ်ခု ပြောရန် ဝေခွဲမရ ဖြစ်နေပေသည်။
"တစ်ခုခု စိတ်အနှောင့်အယှက် ဖြစ်နေတာလား" လုံချန်းက မည်သို့ဖြစ်ကြောင်း သိလိုသဖြင့် မေးလိုက်၏။
လုံချန်းနှင့် မင်လန်တို့ စကားပြောနေစဉ် အောက်ခြေ မြေပြင်ပေါ်တွင် တိုက်ပွဲမှာ စတင်နေပြီ ဖြစ်သည်။
ဓားပြများသည် ကျိရှန်ကို တစ်ပြိုင်နက်တည်း ဝိုင်းဝန်းတိုက်ခိုက်ကြ၏။ သူတို့ တိုက်ခိုက်နေသော သူသည် လုံချန်းနှင့် အဆင့်တူနီးပါး ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်ကိုမူ သူတို့ မသိရှိကြပေ။
အခြားတစ်ဖက်တွင်မူ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်မှာ ဝိညာဉ်သန့်စင်ခြင်း အဆင့် မျှသာ ရှိချေသည်။ ဤအခြေအနေမျိုးတွင် အင်အားကွာခြားမှုမှာ ကလေးနှင့် လူကြီးထက်ပင် ပိုမို ဆိုးရွားလှ၏။ ထိုဓားပြများမှာ ကျိရှန်၏ ရှေ့တွင် လက်နက်များ ဝေ့ယမ်းနေသော ကလေးငယ်များမျှသာ ဖြစ်ပေသည်။
၎င်းတို့သည် အင်အားရော အရှိန်အဝါ၌ပါ ယှဉ်နိုင်စွမ်း မရှိရုံမျှမက လေပေါ်တွင် လမ်းလျှောက်နိုင်စွမ်းလည်း မရှိကြချေ။
၎င်းတို့ တိုက်ခိုက်လာသောအခါ ကျိရှန်သည် လေပေါ်သို့ တက်လှမ်းလိုက်ရာ သူတို့၏ လက်လှမ်းမမီသော နေရာသို့ ရောက်ရှိသွားတော့သည်။
"ငါ ပြောသားပဲ... ဒီမှာ လာပြီး ပြဿနာမရှာပါနဲ့လို့" သူက သက်ပြင်းချရင်း ရေရွတ်လိုက်၏။
သူသည် သူ၏ ဓားကို သာသာယာယာ ဝေ့ယမ်းလိုက်ရာ ချီစွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ဓားပြခေါင်းဆောင်ဆီသို့ ဦးတည်သွားလေသည်။
ထိုရုတ်တရက် အပြောင်းအလဲကို မြင်လိုက်ရသောအခါ ဓားပြခေါင်းဆောင်၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်သွားတော့သည်။ သူသည် မြင်းကို ဇက်ကြိုးဆွဲကာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။
သူ မြင်းကို လှည့်ရန် ကြိုးစားနေစဉ်မှာပင် တိုက်ခိုက်မှုက သူ၏ လည်ပင်းကို ဖြတ်သန်းသွားခဲ့ပြီ ဖြစ်သည်။ မြင်းမှာ ဆက်လက် လှုပ်ရှားနေပြီး ထိုလူ၏ ခန္ဓာကိုယ်မှာလည်း မြင်းနှင့်အတူ ပါသွားသော်လည်း ဦးခေါင်းမှာမူ ခန္ဓာကိုယ်ပေါ်တွင် မရှိတော့ဘဲ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့လေသတည်း။
ကျန်ရှိနေသော ဓားပြများသည် ထိုလူ လေပေါ်တွင် ဝဲပျံနေသည်ကို မြင်သောအခါ ထိတ်လန့်တကြား ဖြစ်သွားကြသည်။ သူတို့နှင့် ထိုလူကြားရှိ ကွာခြားချက်ကို နားလည်သွားကြသဖြင့် မည်သူမျှ တိုက်ခိုက်ရန် စိတ်မကူးတော့ပေ။
ယင်းအစား သူတို့အားလုံးသည် ထွက်ပြေးကြတော့သည်။
လူများသည် ဆန့်ကျင်ဘက်အရပ်သို့ အလုအယက် ပြေးလွှားနေကြကုန်၏။
"မင်းတို့က ဒါကို ပွဲတော်တစ်ခုလို့ ထင်နေတာလား။ ငါ့ကို တားဆီးဖို့ ဆုံးဖြတ်ခဲ့တယ်၊ ငါ့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ အခုကျမှ လွတ်အောင် ပြေးနိုင်မယ်လို့ ထင်နေတာလား" ကျိရှန်က ပြုံးရင်း ရေရွတ်လိုက်လေသတည်း။
သူသည် ယခင်တိုက်ပွဲတွင် လုံချန်းကို မကူညီနိုင်ခဲ့သဖြင့် စိတ်ပျက်အားငယ်နေခဲ့ရသူ ဖြစ်၏။ လုံချန်း အရိုက်အနှက်ခံနေရသည်ကို သူသည် အားကိုးရာမဲ့စွာ ကြည့်နေခဲ့ရပေသည်။ မိမိကိုယ်ကို အားနည်းသည်ဟု ခံစားနေရသူ ဖြစ်၏။ ယခုအခါတွင်မူ မိမိကို လာရောက် အနိုင်ကျင့်သော ဤအားနည်းသူများကို ရင်ဆိုင်ရသောအခါ ၎င်းတို့ကို သည်အတိုင်း လွှတ်ပေးလိုက်ရမည်ဆိုလျှင် မိမိကိုယ်မိမိ အလွန် အရှက်ရလိမ့်မည်ဟု သူ ခံစားနေရတော့ပေသည်။
အခန်း (၈၆၄) မေ့လျော့ခြင်း
မိမိကို သတ်ရန် ကြံစည်ခဲ့ပြီးမှ ထွက်ပြေးသွားကြသော ထိုလူများကို ကြည့်ရင်း ကျိရှန်သည် ဒေါသတဟုန်ဟုန် ထွက်နေတော့သည်။
ကျိရှန်က ထွက်ပြေးသွားသော လူများကို တိုက်ခိုက်နေစဉ် လုံချန်းက အခြေအနေအားလုံး အဆင်ပြေသည်လားဟု တစ်ချက် အကဲခတ်လိုက်၏။ ကျိရှန်တစ်ယောက် ရန်သူများကို ကောင်းကောင်း ကိုင်တွယ်နိုင်သည်ကို စိတ်ချသွားမှသာ မင်လန်ဘက်သို့ အာရုံပြန်လှည့်လိုက်သည်။
"ပြောပါဦး... မင်း ဘာလို့ ဒီလောက်တောင် စိုးရိမ်တကြီး ဖြစ်နေရတာလဲ" သူက မေးလိုက်၏။
"အဲဒါက အစ်မမင်ယုအကြောင်းပါ... ငါတို့အားလုံး ကိုယ့်အကြောင်းကိုယ် ပြောဖြစ်ကြတုန်းက အစ်မရဲ့ အခြေအနေတွေကို ကြားခဲ့ရတယ် မဟုတ်လား။ အစ်မ ထွက်လာခဲ့တုန်းက သူ့ရဲ့ အင်ပါယာက စစ်ပွဲဖြစ်ခါနီး အခြေအနေမှာ ရှိနေခဲ့တာလေ။ နင်ကလည်း အစ်မရဲ့ အင်ပါယာကို သွားဖို့ လမ်းစမှာ ရှိနေတာဆိုတော့... အစ်မရဲ့ မျက်နှာမှာ သူ့အင်ပါယာအတွက် စိုးရိမ်နေတာတွေကို ငါ မြင်နေရတယ်။ သူကိုယ်တိုင် ထုတ်မပြောပေမဲ့ တကယ်တော့ သူ တအား စိုးရိမ်နေရှာတာပါ။ အခုလို အချိန်ဆွဲနေတာမျိုးက ကောင်းပါ့မလားလို့ ငါ တွေးမိလို့ပါ" မင်လန်က တိုးညှင်းသော အသံဖြင့် ဆိုလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ လုံချန်း၏ မျက်နှာမှာ ဆွံ့အသွားတော့သည်။ သူသည် မယုံနိုင်စရာ ကောင်းလှသည့်အလား မိမိ၏ နဖူးကို မိမိ ပြန်ရိုက်လိုက်မိ၏။
"အို... အဲဒါ ငါ့ခေါင်းထဲကနေ လုံးဝ ထွက်သွားခဲ့တာပဲ။ ငါ ဒီတိုက်ကြီးကို လာခဲ့တာက ကျိရှန်ကို ရှာဖို့သက်သက် မဟုတ်ဘူး။ သူ့ကို ရှာတွေ့ဖို့က ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတာ။ အဓိက ရည်မှန်းချက်က အင်ပါယာဆီ သွားဖို့ပဲ။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ငါ ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ" သူက အာမေဍိတ်သံဖြင့် ရေရွတ်လိုက်မိသည်။
"နင် တကယ်ပဲ မေ့သွားတာလား" မင်လန်က မယုံနိုင်သကဲ့သို့ မေးလိုက်၏။
"ငါ တကယ် မေ့သွားတာတော့ မဟုတ်ပါဘူး။ အဓိက ရည်ရွယ်ချက်ဆီ သွားဖို့ အချိန်မရသေးတာရယ်၊ ကျိရှန်ကို အခုမှ ရှာတွေ့တာရယ်ကြောင့် ခေါင်းထဲက ခေတ္တ လွတ်သွားတာပါ။ အချိန်တွေ အများကြီး ဖြုန်းခဲ့တာလည်း မဟုတ်ပါဘူး" လုံချန်းက ခေါင်းယမ်းရင်း ဆိုလိုက်သည်။
"ကျိရှန်" သူက လှမ်းခေါ်လိုက်၏။
ကျိရှန်သည် ဓားပြတစ်ဝက်ခန့်အား သတ်ဖြတ်ပြီးဖြစ်ကာ ကျန်ရှိနေသော သူများကိုလည်း ဆက်လက် သတ်ဖြတ်ရန် ပြင်နေစဉ် လုံချန်း၏ ခေါ်သံအား ကြားလိုက်ရခြင်း ဖြစ်သည်။
ကျိရှန်သည် တိုက်ခိုက်မှုကို ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်၏။
မြွေဘုရင့် ကျောပေါ်တွင် မင်လန်နှင့်အတူ ထိုင်နေသော လုံချန်းကို သူ မြင်လိုက်ရသည်။
"ငါတို့ ဘယ်ရောက်နေသလဲဆိုတာ မင်း သိခဲ့ပြီလား" လုံချန်းက မေးလိုက်၏။
"သိခဲ့ပြီ" ကျိရှန်က ပြန်ဖြေသည်။
"ကောင်းပြီ... အဲဒီဓားပြတွေနဲ့ အချိန်ဖြုန်းမနေနဲ့တော့။ ပြန်လာခဲ့။ ငါတို့ အမြန်သွားစရာ နေရာရှိတယ်" လုံချန်းက အလောတကြီး ဆိုလိုက်၏။
လုံချန်း၏ အသံထဲတွင် အရေးတကြီး ဖြစ်နေမှုကို သတိပြုမိလိုက်သဖြင့် ကျိရှန်သည် လုံချန်း တစ်စုံတစ်ခုအတွက် နောက်ကျနေပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။
သူသည် ထွက်ပြေးနေကြသော ဓားပြများကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးမှ သက်ပြင်းချလိုက်၏။
သူသည် ခေါင်းယမ်းလိုက်ပြီး မြွေဘုရင်ဆီသို့ လျှောက်လာခဲ့သည်။ မြွေဘုရင့် ကျောပေါ်သို့ ရောက်သောအခါ လုံချန်း၏ ဘေးတွင် ဝင်ထိုင်လိုက်၏။
"ဒီကနေ သွားရင် နှစ်ရက်ခရီးလောက်မှာ ထျန်းမေး တိုင်းပြည်ရဲ့ မြို့တော် ရှိတယ်" သူက လုံချန်းကို သူတို့ ရှိနေသည့် နေရာနှင့် ပတ်သက်၍ အကြမ်းဖျင်း ပြောပြလိုက်သည်။
လုံချန်းက ခေါင်းညိတ်လိုက်ပြီး သူ၏ လက်စွပ်ထဲမှ မြေပုံတစ်ခုကို ထုတ်လိုက်၏။
ထိုမြေပုံမှာ လွန်ခဲ့သော မြို့တွင် သူ ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။ သူသည် မြေပုံပေါ်တွင် ထျန်းမေး တိုင်းပြည်ကို လိုက်ရှာလိုက်၏။
"ဒါက ထျန်းမေး တိုင်းပြည်... ဒါကတော့ ကြယ်တာရာ အင်ပါယာပဲ။ အဲဒါ မင်ယုရဲ့ နေရပ် ဖြစ်ရမယ်" လုံချန်းက မြေပုံကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"ထူးဆန်းတာပဲ။ မင်ယုပြောတဲ့ ဒီပဋိပက္ခမှာ ပါဝင်နေတဲ့ ချန်တီ အင်ပါယာနဲ့ သုံးလောက အင်ပါယာတွေကို မြေပုံပေါ်မှာ မတွေ့ရဘူး။ ဒီမြေပုံပေါ်မှာတော့ ဒီတိုက်ကြီးမှာ အင်ပါယာတစ်ခုပဲ ရှိသလို ပြထားတယ်၊ အဲဒါက ကြယ်တာရာ အင်ပါယာပဲ။ ကျန်တဲ့ အင်ပါယာ နှစ်ခုက ဘယ်ရောက်သွားတာလဲ" သူက ဇဝေဇဝါဖြင့် တွေးတောနေမိသည်။
"မင်ယုရဲ့ နေရပ်အကြောင်းဆိုရင် သူ့ကိုပဲ ခေါ်ထုတ်ပြီး မေးကြည့်ပါလား" ကျိရှန်က အကြံပေးလိုက်၏။
"ဟုတ်သားပဲ"
လုံချန်းသည် ကမ္ဘာတုထဲမှ မင်ယုကို ခေါ်ထုတ်လိုက်သည်။
မင်ယု ထွက်လာသည်နှင့် ကျိရှန်နှင့် လုံချန်းတို့ကို မြင်လိုက်ရ၏။
"ကျိရှန်... နင် ဒီရောက်နေပြီပဲ။ ဒီတိုက်ကြီးမှာ တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ ဘယ်လိုလဲ" သူမက မေးလိုက်သည်။
ကျိရှန်က သက်ပြင်းချရင်း ခေါင်းယမ်းလိုက်၏။ "မမေးတာ ပိုကောင်းပါလိမ့်မယ်။ သာယာတဲ့ အချိန်တွေလို့တော့ ပြောလို့ မရဘူးပေါ့။ ဒါပေမဲ့ ငါ့ဘဝမှာ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်တဲ့ အကောင်းဆုံး မှတ်ဉာဏ်အချို့ကိုတော့ ရရှိခဲ့ပါတယ်"
"ဟင်..." မင်ယုသည် မည်သည်များ ဖြစ်ပျက်ခဲ့ကြောင်း တွေးတောရင်း ဇဝေဇဝါ ဖြစ်သွားသော်လည်း သူမ၏ အာရုံကို လုံချန်းက လွှဲပြောင်းယူလိုက်ပြန်သည်။
"သူ့အကြောင်း ခဏထားလိုက်ဦး၊ ဒီကို အာရုံစိုက်စမ်း။ ငါတို့ရဲ့ ရည်မှန်းချက်က နင့်ရဲ့ ကြယ်တာရာ အင်ပါယာကို သွားဖို့ဆိုတာ မေ့သွားပြီလား။ ငါ့မှာ မေးစရာ ရှိလို့။ ဒီမှာ ကြည့်စမ်း... ဒါက ဒီတိုက်ကြီးရဲ့ မြေပုံပဲ။ ငါတို့ ရှာနေတဲ့ ကြယ်တာရာ အင်ပါယာကိုတော့ တွေ့ရတယ်၊ ဒါပေမဲ့ ထူးဆန်းတာတစ်ခု သတိထားမိလို့"
"ချန်တီ အင်ပါယာနဲ့ သုံးလောက အင်ပါယာတွေကို မြေပုံပေါ်မှာ မတွေ့ရဘူး။ နင် တစ်ခုခု နားလည်လား" သူက မင်ယုကို မေးလိုက်၏။
မင်ယုသည် သူ၏ ရှေ့တွင် ထိုင်ကာ မြေပုံကို ကြည့်လိုက်သည်။
"ဒါက ကြယ်တာရာ အင်ပါယာပဲ။ နယ်နိမိတ်တွေကလည်း အတူတူပါပဲ။ ဒါပေမဲ့ တခြား အင်ပါယာတွေကို ဘာလို့ မြေပုံပေါ်မှာ မပြထားတာလဲ" မင်ယုကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေပုံရ၏။
"တကယ်တမ်း စစ်ပွဲက ဖြစ်ပွားသွားပြီး ကြယ်တာရာ အင်ပါယာက ကျန်တဲ့ အင်ပါယာတွေကို ချေမှုန်းပစ်လိုက်တာများလား" မင်လန်က ဝင်ပြောလိုက်သည်။
"ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုခု မရှိဘဲနဲ့တော့ အဲဒီလို မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တခြား အင်ပါယာတွေ မြေပုံပေါ်မှာ မရှိတာကို ကြည့်ရင်တော့ အဲဒါက ဖြစ်နိုင်ခြေ ရှိတာပဲ" မင်ယုက တွေးတောရင်း ဆိုလိုက်၏။
"နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ နင် မြေပုံဝယ်ခဲ့တဲ့ တိုင်းပြည်က ကြယ်တာရာ အင်ပါယာရဲ့ လက်အောက်ခံ ဖြစ်နေတာမျိုးပါ။ ပဋိပက္ခတွေ ဖြစ်နေတော့ ကြယ်တာရာ အင်ပါယာက သူတို့ရဲ့ မြေပုံတွေပေါ်ကနေ တခြား အင်ပါယာတွေရဲ့ နာမည်ကို ဖယ်ရှားပစ်လိုက်တာလည်း ဖြစ်နိုင်တာပဲ" ကျိရှန်က အကြံပြုလိုက်သည်။
"ဪ... အင်း။ အဲဒါက ပိုပြီး ဖြစ်နိုင်တယ်။ နိုင်ငံရေး ကစားကွက်ပေါ့" လုံချန်းက ထိုရှင်းပြချက်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ယူဆကာ ရေရွတ်လိုက်မိသည်။
မင်ယုလည်း ထိုအချက်မှာ ဖြစ်နိုင်သည်ဟု ယူဆကာ ခေါင်းညိတ်ပြ၏။
ဇဝေဇဝါ ဖြစ်နေမှုများ ရှင်းလင်းသွားပြီးနောက် လုံချန်းသည် မင်ယုကို အထဲသို့ ပြန်လည် ပို့ဆောင်လိုက်သည်။ မင်ယုကမူ သူမ၏ နေရပ်သို့ မကြာမီ ရောက်တော့မည်ဖြစ်သဖြင့် ဝမ်းသာနေရှာပေသည်။
ခရီးစဉ်ကို ဆုံးဖြတ်ပြီးနောက် မြွေဘုရင်သည် ကြယ်တာရာ အင်ပါယာ ရှိရာအရပ်သို့ ပျံသန်းထွက်ခွာခဲ့တော့သည်။
မင်ယုတစ်ယောက် သူမ၏ နေရပ်သို့ ပြန်ရတော့မည်ဖြစ်သဖြင့် စိတ်လှုပ်ရှားနေသည်ကို မြင်ရသည်မှာ လုံချန်းအတွက် ဝမ်းသာစရာ ဖြစ်သော်လည်း တစ်ဖက်တွင်မူ မိမိ၌ရှိသော နိယာမ ရတနာလုံးအား အသုံးမပြုနိုင်သေးသဖြင့် အနည်းငယ် စိတ်ပျက်မိပြန်သည်။ ထိုနိယာမကို နားလည်သဘောပေါက်ရန် လပေါင်းများစွာ အချိန်ယူရမည်ဖြစ်သော်လည်း ယခုအခါတွင်မူ သူ့၌ ထိုကဲ့သို့သော အချိန်မျိုး မရှိတော့ချေ။
မိမိကိုယ်မိမိ ပြန်တွေးကြည့်ရင်း ရယ်ချင်စိတ်ပင် ပေါက်လာတော့သည်။ နိယာမ ရတနာလုံးများကို ရဖို့ သူ မည်မျှပင် ကြိုးစားခဲ့ရသနည်း။ ထိုသည်က လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ပေမည့် ယခုအခါတွင် သူ့လက်ထဲ၌ ရှိနေပါလျက်နှင့် သူ မသုံးနိုင်သေးသည် မဟုတ်လော။
"နင် လေ့လာချင်တာကို မလေ့လာရသေးလို့ စိတ်ပျက်နေတာလား" လုံချန်း နိယာမတစ်ခုကို သင်ယူချင်နေခဲ့သည်အား သိသော မင်လန်က မေးလိုက်၏။
"ဘာမှ မဟုတ်ပါဘူး။ နောက်မှ သင်ယူလို့လည်း ရတာပဲ။ ငါ့မှာ နောက်မှ အချိန်မရှိတော့မှာမှ မဟုတ်တာ" လုံချန်းက ပြုံးရင်း ပြန်ဖြေလိုက်သည်။ "သူ့ကို အိမ်ပြန်ပို့ပြီးမှ ငါ သင်ယူတော့မယ်"
"ဟုတ်ပါတယ်... အဲဒါက ပိုကောင်းပါတယ်။ အစ်မက စောင့်နေရတာ ကြာလှပြီဆိုတော့ ထပ်ပြီး နှောင့်နှေးနေရင် မကောင်းဘူးလေ" မင်လန်က ခေါင်းညိတ်ရင်း ဆိုလိုက်၏။
"အင်း... ငါ သူ့ကို စောင့်ခိုင်းထားတာ တကယ်ကို ကြာခဲ့ပါပြီ။ သူ့မိသားစုတွေ ဘယ်အချိန်မှာ အသတ်ခံရမလဲဆိုတာ မသိနိုင်တဲ့ အခြေအနေမှာ သူ့ကို ထပ်ပြီး စောင့်ခိုင်းထားရမယ်ဆိုရင် တကယ်ကို မကောင်းပါဘူး။ မြန်မြန်သွားတာကပဲ အကောင်းဆုံးပါ" လုံချန်းက အဝေးက မိုးကုပ်စက်ဝိုင်းကို စိုက်ကြည့်ရင်း ရေရွတ်လိုက်လေသည်။