← Chapters

အခန်း (၈၆၅-၈၆၆)

Vol. 85 Ch. 865-866

အခန်း (၈၆၅-၈၆၆)

Vol. 85 Ch. 865-866

အခန်း (၈၆၅) အနာဂတ်စီမံကိန်း

"ငါ သူ့ကို စောင့်ခိုင်းထားတာ တကယ်ကို ကြာခဲ့ပါပြီ။ ထပ်ပြီးတော့ နှောင့်နှေးမနေတာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ကံကြမ္မာနိယာမနဲ့ ပတ်သက်လို့ကတော့... ဒါက ကံကြမ္မာနဲ့ ဆိုင်တဲ့အရာဆိုတော့ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို တိုးတက်စေမယ်လို့ မထင်မိဘူး။ သူ့ရဲ့ နေရပ်ကိစ္စတွေကို အရင်ဖြေရှင်းပြီးမှပဲ ငါ ဒါကို အေးအေးဆေးဆေး ကျင့်ကြံတော့မယ်" လုံချန်းက ရေရွတ်လိုက်၏။

"အခြေအနေတွေက တကယ်ပဲ ဆိုးရွားနေမယ်ဆိုရင်တောင် အနည်းဆုံးတော့ သူ့ရဲ့ မိဘတွေကို ဘေးကင်းရာကို ခေါ်ထုတ်ပေးနိုင်မှာပါ" သူက ဆက်ပြောသည်။

"ဟုတ်ပါတယ်... သူ့အစ်ကို ဆုံးရှုံးသွားပြီးတဲ့နောက်မှာ သူ့မိဘတွေကပဲ သူ့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်တွေ ကျန်တော့တာလေ။ သူတို့ကို အသက်ရှင်လျက် ပြန်တွေ့ရရင် အစ်မမင်ယု တကယ်ကို ဝမ်းသာမှာပါ" မင်လန်က သက်ပြင်းချရင်း ခေါင်းညိတ်ဆိုပေ၏။

"ငါ အချိန်မီ ရောက်သွားဖို့ပဲ မျှော်လင့်ရတာပေါ့" လုံချန်းက အဝေးက မိုးကုပ်စက်ဝိုင်းကို ကြည့်ရင်း ဆိုလိုက်သည်။

လေပူအချို့က သူ၏ အရေပြားကို လာရောက်ထိတွေ့နေစဉ် သူသည် မိမိ ရင်ဆိုင်ရမည့် အနာဂတ်အကြောင်းကို တွေးတောနေမိသည်။

ယခင်က သူသည် ထျန်းရှန်ကို မှန်အတွင်း၌ ပိတ်လှောင်ထားသည်ဟု ထင်မှတ်ခဲ့သဖြင့် ရွှင်း၏ စကားကို နောက်ဆုံးအထိ နားမယောင်ပါက စိုးရိမ်စရာ မရှိဟု ယူဆခဲ့သော်လည်း ယခုမူ အခြေအနေများမှာ ထိုသို့ မဟုတ်တော့ချေ။

နောက်ဆုံးရရှိထားသော အချက်အလက်များအရ ဤအကြံအစည်ကြီးမှာ သူ ထင်ထားသည်ထက် များစွာ ပိုမို ကြီးမားလှပေသည်။ ထျန်းရှန်သည် မှန်အတွင်း၌ ပိတ်မိနေသူ မဟုတ်ဘဲ ဤအကြံအစည်ကြီးတစ်ခုလုံးကို ဖန်တီးခဲ့သည့် တရားခံ ဖြစ်နေပေသည်။

လုံချန်း၏ ကံကောင်းမှု ရှိပါက ထျန်းရှန်သည် အိပ်မောကျနေဆဲ ဖြစ်ပြီး သူ့အကြောင်းကို သိရှိနိုင်ဦးမည် မဟုတ်ချေ။ သို့သော်လည်း ကံမကောင်းပါက ထိုလူသည် နိုးထနေပြီဖြစ်ကာ သူ့ကို စောင့်ကြည့်နေပေလိမ့်မည်။

ထိုသည်က သူ့အတွက်တော့ အဆိုးရွားဆုံးသော အခြေအနေပင် ဖြစ်တော့သည်။

သူသည် ကောင်းကင်ယံကို မော့ကြည့်လိုက်ရင်း ထျန်းရှန်သည် ဤကမ္ဘာ၏ တစ်နေရာရာမှ သူ့ကို စောင့်ကြည့်နေမလားဟု တွေးတောနေမိ၏။

ယခုကဲ့သို့ အင်အားကြီးချင်စိတ် ပြင်းပြခဲ့ဖူးသည့် အချိန်မျိုး သူ့ဘဝတွင် မရှိခဲ့ဖူးချေ။ သို့သော် မိမိတွင် အချိန်ရှိသေးသည်ကိုလည်း သူ သိပေသည်။

သူ၏ သွေးမျိုးဆက်မှာ အပြည့်အဝ နိုးထခြင်း မရှိသေးပေ။ သူ၏ သွေးမျိုးဆက် အပြည့်အဝ နိုးထလာသည့် အချိန်ကျမှသာ သူသည် ထျန်းရှန်၏ မျက်စိထဲသို့ ကျရောက်ပေလိမ့်မည်။ ထိုအချိန်အထိမူ သူ ဘေးကင်းနေဦးမည် ဖြစ်၏။

'ငါ့ရဲ့ သွေးမျိုးဆက် အပြည့်အဝ မနိုးထခင်မှာ ငါ တတ်နိုင်သမျှ အင်အားကြီးအောင် လုပ်ရမယ်' သူ၏ လက်ဖဝါးကို ကြည့်ရင်း တွေးတောလိုက်မိသည်။

နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကိုလည်း သူ တွေးမိသေး၏။ အကယ်၍ သူက စမ်းသပ်ချက်များကို အပြီးမသတ်ဘဲ လက်လျှော့လိုက်မည်ဆိုလျှင် သူ၏သွေးမျိုးဆက်က ဆက်ပြီး နိုးထလာတော့မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူက ဘေးကင်းရာတွင် ရှိနေနိုင်မည် ဖြစ်သည်။

သို့သော် ထိုအစီအစဉ်ကို သူ ချက်ချင်းပင် လက်လွှတ်လိုက်ရ၏။ အကြောင်းမှာ ဤကိစ္စတွင် ရှုပ်ထွေးလှသော အချက်အလက်များစွာ ပါဝင်နေသောကြောင့် ဖြစ်ပေသည်။ ပထမအချက်မှာ စမ်းသပ်ချက်များကို မလုပ်တော့ပါက ဤကြီးမြတ်လှသော သွေးမျိုးဆက်ကို နိုးထစေမည့် ခရီးစဉ်မှာ ရပ်တန့်သွားမည်ဖြစ်ကာ သူ မဆုံးရှုံးလိုသော အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရပေလိမ့်မည်။

ဒုတိယအချက်မှာ သူက ဆက်လက် မနိုးထစေရန် ကြိုးစားလင့်ကစား ထျန်းရှန်က သူ၏ သွေးမျိုးဆက်ကို မခိုးယူတော့ပါဟု အာမခံချက် မရှိခြင်းပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထျန်းရှန်၏ ကရုဏာကို မျှော်ကိုးနေရမည့်အစား ထျန်းရှန်အား အနိုင်ယူနိုင်မည့် စစ်မှန်သော အင်အားကို ရရှိရန်သာ သူ ရွေးချယ်လိုက်ပေသည်။

သူသည် တကယ်ပင် အင်အားကြီးလာပြီး နိယာမများကို တတ်နိုင်သမျှ များများ သင်ယူကာ သူ၏ ကျင့်ကြံမှုကို အထွတ်အထိပ်သို့ ပို့ဆောင်နိုင်မည်ဆိုလျှင် ထျန်းရှန်အား ရင်ဆိုင်ရန် ယုံကြည်ချက် ရှိလာပေလိမ့်မည်။ ထိုအရာသည်ပင် သူ၏ ရည်မှန်းချက် ဖြစ်လာခဲ့ပြီ ဖြစ်၏။

"လုံချန်း..." ကျိရှန်က လှမ်းခေါ်လိုက်သဖြင့် လုံချန်း၏ အာရုံများ ပြန်လည် စုစည်းလာသည်။

"အင်း... ဘာလဲ" လုံချန်းက ကျိရှန်ကို ကြည့်ကာ ပြန်ထူးလိုက်၏။

"မင်း ဟိုတိုင်းပြည်ရဲ့ အင်အားကို မြင်ခဲ့တယ် မဟုတ်လား" ကျိရှန်းက ဆိုသည်။ "အဲဒီတိုင်းပြည်ဟာ အင်အားအကြီးဆုံး တိုင်းပြည်တောင် မဟုတ်သေးဘူး၊ ဒါပေမဲ့ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတွေ အများကြီး ရှိနေတာ။ ငါ ဘာကို ပြောချင်လဲဆိုတာ မင်း နားလည်တယ် မဟုတ်လား"

လုံချန်းက ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်၏။ "ငါ နားလည်ပါတယ်။ သတိထားဖို့ ပြောချင်တာ မဟုတ်လား။ အဆင့်နိမ့်တဲ့ တိုင်းပြည်တစ်ပြည်မှာတောင် ဒီလောက် အင်အားကြီးတယ်ဆိုရင် အင်ပါယာတွေရဲ့ အင်အားက ပိုပြီး ကြောက်စရာ ကောင်းနေမှာပဲ"

"အတိအကျပဲ" ကျိရှန်က ဆိုသည်။ "ငါတို့ ပေါ့ပေါ့တန်တန်နဲ့ တိုးဝင်သွားလို့ ရတဲ့ နေရာမျိုး မဟုတ်ဘူး"

"ငါ အဲဒါကို သတိပြုမိပါတယ်။ ဒါပေမဲ့ ငါတို့က အင်ပါယာတစ်ခုလုံးကို သွားတိုက်မှာ မဟုတ်ဘူး။ မင်ယုရဲ့ မိတ်ဆွေ အင်ပါယာဆီကို သွားမှာပါ။ ဖြစ်လာနိုင်တဲ့ စစ်ပွဲမှာ ငါတို့ သူတို့ကို ကူညီနိုင်မလားဆိုတာ ကြည့်ရမယ်။ တကယ်လို့ မတတ်နိုင်ဘူးဆိုရင်လည်း သူတို့ကို ခေါ်ပြီး ထွက်လာခဲ့ရုံပါပဲ။ အရှုံးကြီးမယ့် စစ်ပွဲထဲမှာ ငါတို့ ဇွတ်တိုးပြီး တိုက်နေဖို့ မလိုဘူးလေ" လုံချန်းက ဆို၏။

"မင်း အဲဒီလို နားလည်ထားတာ ကောင်းပါတယ်။ အဲဒါ တစ်ခုတည်းကိုပဲ ငါ စိုးရိမ်နေတာ" ကျိရှန်က စိတ်အေးသွားဟန်ဖြင့် ပြောလိုက်သည်။

သူက ဆက်ပြော၏။ "ဪ... ဟုတ်သားပဲ၊ အခု အချိန်လေး ရတုန်း ပြောပြပါဦး။ ရှုလျန်နဲ့ ဘာတွေ ဖြစ်ခဲ့တာလဲ။ သူက ဘယ်လိုလုပ်ပြီး..."

သူ စကားမဆုံးမီမှာပင် လုံချန်းက အလျင်အမြန်ပင် ကြားဖြတ် ပြောလိုက်ရသည်။ ရှုလျန်နှင့် ပတ်သက်၍ လုံချန်းသည် မင်လန်ကို မုသားစကား ပြောထားခဲ့သော်လည်း ကျိရှန်ကမူ ထိုအကြောင်းကို မသိပေ။ ကျိရှန်သည် ရှုလျန်က မည်သို့ကြောင့် ထိုမျှအထိ အစွမ်းထက်သွားကြောင်း သိချင်နေခြင်း ဖြစ်၏။

"အေးလေ... သူက ငါတို့ကို ထားခဲ့ပြီး သူ့လမ်းသူ သွားခဲ့တာပဲ။ ငါလည်း သူ့ကို လွမ်းနေမိတယ်" လုံချန်းက ကျိရှန်ကို မျက်ရိပ်ပြရင်း ပြောလိုက်သည်။

"ရပါတယ်... အနာဂတ်မှာ ငါတို့ ပြန်တွေ့ကြဦးမှာပေါ့" သူက ဆက်ပြော၏။

ကျိရှန်သည် တစ်ခုခု မှားနေသည်ကို သတိပြုမိလိုက်သည်။ လုံချန်းက သူ့ကို မျက်စိမှိတ်ပြနေသည် မဟုတ်လော။ လုံချန်း၏ စကားများမှတစ်ဆင့် မည်သို့ ဖြစ်နေသည်ကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။

"ဟုတ်တယ်... ငါလည်း သူ့ကို လွမ်းမှာပါ" ကျိရှန်က လုံချန်းနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောလိုက်ပေသည်။

မင်လန်၏ ရှေ့တွင် လုံချန်းက ဤအကြောင်းကို မပြောလိုသဖြင့် သူ ထပ်မမေးတော့ပေ။

မင်လန်ကမူ သူတို့နှစ်ဦးကို သံသယဖြင့် ကြည့်နေတော့သည်။

သူတို့သည် မြေပုံအတိုင်း တည့်တည့် ပျံသန်းလာခဲ့ကြပြီး တစ်ခါတစ်ရံတွင်မှ တောအုပ်များ၌ ခေတ္တရပ်နားကာ သားရဲများကို အမဲလိုက်၍ မီးဖိုဘေးတွင် စားသောက်ပြီးမှ ခရီးဆက်ကြလေသည်။

"ကျွန်တော်တို့ သူ့ကို ရှာမတွေ့သေးဘူး။ တိုင်းပြည်ရဲ့ နေရာအနှံ့အပြားမှာ ရှာဖွေခဲ့ပေမဲ့ အဲဒီကောင်လေးကို ဘယ်မှာမှ မတွေ့ရပါဘူး"

အစောင့်တစ်ဦးက ဧကရာဇ်မင်းနှင့် အင်ပါယာမှ လာသော သံတမန်များကို သတင်းပို့လိုက်၏။

"သူ မြို့ထဲမှာ မရှိတော့ဘူးဆိုတာ ငါတို့ သိပြီးသားပါ။ အဲဒီလို ကိစ္စမျိုး ဖြစ်ပြီးမှ မြို့ထဲမှာ ဆက်နေမယ့်သူက လူမိုက်ပဲ ရှိလိမ့်မယ်။ ဒါပေမဲ့ တိုင်းပြည် တစ်ပြည်လုံးမှာတောင် မရှိဘူးဆိုတော့... သူ ဒီကနေ ထွက်သွားပြီဆိုတာ သေချာသွားပြီ။ သူ ဘယ်ကို သွားတယ်ဆိုတာကိုပဲ ငါတို့ မသိတာ..." ဖူမင်းက သတင်းအချက်အလက်များကို စုစည်းကာ ရေရွတ်လိုက်သည်။

"သူ့အပေါ် တိုက်ခိုက်မှုတွေ မကျရောက်ခင်လေးမှာတင် ခရီးဝေး နေရာပြောင်း အဆောင်တစ်ခုခုကို သုံးပြီး ထွက်ပြေးသွားတာ ဖြစ်ရမယ်" ကုရန်က ထောက်ပြလိုက်၏။

"ဟုတ်နိုင်ပါတယ်၊ ဒါပေမဲ့ နောက်ထပ် သိချင်စရာ တစ်ခု ရှိသေးတယ်။ သူ့ရဲ့ သူငယ်ချင်းလို့ ထင်ရတဲ့ လူအကြောင်းပဲ။ သူတို့ နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားတာလေ။ သူတို့ နှစ်ယောက်စလုံးက အဆောင်ကို တစ်ချိန်တည်း သုံးလိုက်တာလား၊ ဒါမှမဟုတ် တခြားတစ်ခုခုလား။ အဲဒီနေ့ တစ်နေ့လုံး ဖြစ်ပျက်ခဲ့သမျှက ထူးဆန်းလွန်းတယ်။ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေရဲ့ ထက်ဝက်လောက်ကိုတောင် ငါ အခုထိ နားမလည်နိုင်သေးဘူး" တုလျန်ကလည်း ဝင်ပြောလိုက်သည်။

"သူ ဘယ်ကို သွားသလဲဆိုတာ ငါတို့ မသိဘူး။ ငါတို့ ရှာဖွေပြီးသား တိုင်းပြည်တွေဆီကို သူ ပြန်သွားတာလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်တွေ အားလုံးက ပုံတူကားချပ်တွေကိုပဲ သုံးနေတာဆိုတော့ သူ အဲဒီမှာ ရှိနေရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ငါတို့ရဲ့ ရှာဖွေရေးကို အစကနေ ပြန်စရတော့မယ် ထင်တယ်" လင်ယီက စိတ်ပျက်လက်ပျက် ဆိုလိုက်၏။

"မှန်တယ်။ ရှာဖွေရေးကို အစကနေ ပြန်စရမှာဆိုတော့ အရှင်မင်းကြီးကို အရင်ဆုံး သတင်းပို့ရလိမ့်မယ်" ဖူမင်းက ခေါင်းညိတ် သဘောတူလိုက်လေသည်။

အခန်း (၈၆၆) သင်ကြားပြသခြင်း

"ငါတို့ အရှင်မင်းကြီးကို သတင်းပို့ရမယ်။ ရှာဖွေရေးကို အစကနေ ပြန်စဖို့ လိုလိမ့်မယ်" ဖူမင်းက သူ၏ အဖော်များကို ပြောလိုက်၏။

ထို့နောက် သူသည် ဘုရင်ကြီးဘက်သို့ လှည့်လိုက်သည်။

"မင်းရဲ့ တိုင်းပြည်ကို အမြဲတမ်း သတိနဲ့ စောင့်ကြည့်ခိုင်းထားပါ။ ဟိုလူတွေ ဒီကို ပြန်လာတာမျိုးလည်း ဖြစ်နိုင်တယ်။ တကယ်လို့ အဲဒီလို ဖြစ်လာခဲ့ရင် သူတို့ကို ဖမ်းဆီးဖို့က မင်းရဲ့ တာဝန်ပဲ။ သူတို့ကို ဖမ်းနိုင်ရင်တော့ မင်းအတွက် ဆုလာဘ်တွေ အများကြီး ရလိမ့်မယ်" သူက ဘုရင်ကြီးကို ဆိုလေသည်။

ပြန်လည်ဖြေကြားမည့် စကားကိုပင် မစောင့်တော့ဘဲ သူသည် သူ၏လူများနှင့်အတူ ထွက်ခွာသွားတော့၏။

သူသည် ကျန်ရှိသော လေးဦးနှင့်အတူ နန်းတော်ပြင်ပသို့ ခြေလှမ်းလိုက်သည်။ သူတို့သည် မိမိတို့၏ သားရဲများပေါ်သို့ တက်လှမ်းကာ အင်ပါယာဆီသို့ ဦးတည်ထွက်ခွာသွားကြတော့သည်။

"ငါတို့ လမ်းခရီးတစ်လျှောက်မှာ ဆက်ပြီး ရှာဖွေသွားကြမလား၊ ဒါမှမဟုတ် အင်ပါယာဆီကိုပဲ တန်းတန်းမတ်မတ် သွားကြမလား" တုလျန်က ဖူမင်းကို မေးလိုက်၏။ အင်ပါယာသို့ မရောက်မချင်း မည်သို့ ဆက်လုပ်ရမည်နည်းဟု သူမ သိလိုနေခြင်း ဖြစ်သည်။

"ဟိုကောင်လေးက အင်ပါယာဘက်ကို ဦးတည်သွားဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းပေမဲ့ လုံးဝ လျစ်လျူရှုထားလို့တော့ မရဘူး။ တကယ်လို့ သူက အဲဒီဘက်ကို သွားနေတာမှန်ရင် ငါတို့ ဖြတ်သန်းသွားမယ့် တိုင်းပြည်တွေထဲမှာ ရှိနေနိုင်တာပဲ" သူမက ဆက်ပြောသည်။

"ငါတို့ အချိန်မဖြုန်းသင့်ဘူး။ တကယ်လို့ သူက အင်ပါယာဘက်ကို သွားနေတာမှန်ရင် ငါတို့ ရှာဖွေရေးကို အမြန်ဆုံး ပြန်စနိုင်လေ သူ့ကို ဖမ်းမိဖို့ ပိုလွယ်လေပဲ။ လမ်းခရီးမှာ ရှာဖွေနေရင်းနဲ့ အချိန်ကုန်မခံတာက ပိုကောင်းလိမ့်မယ်" ကုရန်က သူ၏ အမြင်ကို တင်ပြလိုက်၏။

"နင် ပြောချင်တာက အဲဒီလူတွေကို ဖမ်းမိနိုင်မယ့် အခွင့်အရေးကို ငါတို့က လက်လွှတ်လိုက်ရမယ်ပေါ့လေ။ တကယ်လို့ ငါတို့သာ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံကို ဖမ်းပြီး ခေါ်သွားနိုင်ရင် ဘယ်လောက်တောင် ချီးကျူးခံရမလဲ စဉ်းစားကြည့်စမ်း။ အခုလို လက်လွှတ်လိုက်မယ်ဆိုရင်တော့ ချီးကျူးခံရဖို့နေနေသာသာ မျက်စိရှေ့တင် ရှိနေတာကိုတောင် မဖမ်းနိုင်ခဲ့ဘူးဆိုပြီး ကဲ့ရဲ့လှောင်ပြောင်တာ ခံရလိမ့်မယ်" တုလျန်က ကုရန်ကို အလျှော့မပေးဘဲ ငြင်းခုံလိုက်သည်။ သူမ၏ အစီအစဉ်ကသာ ပိုကောင်းသည်ဟု သူမက ယူဆထားပေသည်။

"အဲဒါက သူ ဒီမှာ ရှိနေခဲ့မယ်ဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ပထမအချက်က သူဟာ အင်ပါယာဘက်ကို ဦးတည်သွားနေပြီး ငါတို့နဲ့ လမ်းကြောင်းတူနေဖို့ဆိုတာ တစ်ထောင်မှာ တစ်ပုံတောင် မရှိဘူး။ ငါတို့ကသာ လမ်းတစ်လျှောက်မှာရှိတဲ့ တိုင်းပြည်တွေမှာ လိုက်ရှာနေမယ်ဆိုရင် အင်ပါယာကို ပြန်ရောက်ဖို့ လပေါင်းများစွာ ကြာသွားလိမ့်မယ်" ကုရန်က ခေါင်းယမ်းရင်း ပြန်ပြောလိုက်၏။

"တကယ်လို့ သူက အဲဒီမှာ ရှိနေရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ မရှိခဲ့ရင်တော့... ငါတို့ဟာ အရှင်မင်းကြီးကို အမြန်သတင်းပို့ပြီး ပိုပြီး ကျယ်ပြန့်တဲ့ ရှာဖွေရေးကို စတင်နိုင်မယ့်အစား ဒီမှာ အချိန်ဖြုန်းနေမိတဲ့ လူမိုက်တွေ ဖြစ်သွားမှာပေါ့" သူက ဆက်ပြောသည်။

"မင်းတို့ ဘာလို့ ငြင်းခုံနေကြတာလဲ။ ဒီအတွက် ငါတို့မှာ ခေါင်းဆောင်တစ်ယောက် သတ်သတ်မှတ်မှတ် ရှိပြီးသား မဟုတ်လား" ပုရှိုက ငြင်းခုံမှုကို တားဆီးလိုက်၏။ သူသည် ဖူမင်းကို ကြည့်လိုက်ရင်း မေးလိုက်သည်။ "မင်းကော ဘယ်လို ထင်သလဲ"

ဖူမင်းသည် ခေတ္တမျှ မျက်လုံးများကို မှိတ်ကာ စဉ်းစားလိုက်၏။ အခြားသူများကလည်း သူ၏ အဖြေကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။

မကြာမီမှာပင် သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး "မင်းတို့ နှစ်ယောက်စလုံး ပြောတာ မှန်ပါတယ်။ ငါတို့ အချိန်မဖြုန်းသင့်သလို ရှာဖွေရေးကိုလည်း လျစ်လျူမရှုသင့်ဘူး။ အကောင်းဆုံးကတော့ လမ်းခရီးမှာရှိတဲ့ တိုင်းပြည်တွေက ဘုရင်တွေကို ငါတို့ဆီမှာ ရှိတဲ့ ပုံတူကားချပ်အသစ်တွေ ပေးခဲ့မယ်၊ သူတို့ကို သူတို့ရဲ့ တိုင်းပြည်တွေမှာ ပြန်ပြီး ရှာဖွေခိုင်းရမယ်"

သူသည် အချိန်ကုန်သက်သာစေသလို တစ်ဖက်တွင်လည်း လမ်းတစ်လျှောက်၌ သတင်းပေးချက်များ ချန်ထားနိုင်မည့် အလယ်အလတ် လမ်းစဉ်ကို ရွေးချယ်လိုက်လေသည်။

၎င်းတို့နှင့် အလှမ်းဝေးကွာသော နေရာတစ်နေရာ၌ လုံချန်းနှင့် မင်လန်တို့သည် တဲတစ်လုံးအတွင်း ရှိနေကြသည်။ ညအချိန် ရောက်နေပြီဖြစ်သဖြင့် သူတို့သည် စခန်းချ နားခိုနေကြခြင်း ဖြစ်၏။

ကျိရှန်ကမူ အခြားတဲတစ်လုံးတွင် ရှိနေသည်။ သူတို့သည် ညစာ စားသောက်ပြီးကြပြီဖြစ်ရာ ယခုအခါ အိပ်စက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ရှားကမူ တဲများ၏ အပြင်ဘက်တွင် ကင်းစောင့်ပေးနေ၏။

မင်လန်သည် လုံချန်း၏ ရှေ့တွင် ထိုင်နေပြီး လုံချန်းက သူမကို စိုက်ကြည့်နေသည်။

"ဒါကြောင့် ပုံရိပ်ယောင်ဆိုတာ ကမ္ဘာတွေကို ဖန်တီးနိုင်သလို ကမ္ဘာတွေကိုလည်း ဖျက်ဆီးနိုင်တာပေါ့" လုံချန်းက ဆို၏။

သူသည် သူ၏ အားလပ်ချိန်များတွင် မင်လန်အား ပုံရိပ်ယောင် နိယာမအား သဘာဝအတိုင်း နားလည်သဘောပေါက်နိုင်စေရန် သူ သိရှိနားလည်ထားသော ပုံရိပ်ယောင် အကြောင်းများကို ပြောပြနေခြင်း ဖြစ်သည်။

သူ၏ သိရှိနားလည်မှုများက မင်လန်အတွက် တိုက်ရိုက် အထောက်အကူ မပြုနိုင်သော်လည်း မြင့်မားလှသော ဤနိယာမကို သူမအနေဖြင့် တစ်စုံတစ်ရာသော အသိအမြင်များ ရရှိနိုင်ရန်အတွက် ရည်ညွှန်းချက်တစ်ခုအဖြစ် အသုံးဝင်လိမ့်မည်ဟု သူ ယူဆထားပေသည်။

နိယာမတစ်ခု၏ အနှစ်သာရကို နားလည်သဘောပေါက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူ ကျင့်ကြံအားထုတ်ရသူများစွာ ရှိပေသည်။ ထို့နောက်မှသာ ထိုနိယာမတစ်ခုလုံးကို ပိုင်နိုင်အောင် ထပ်မံ အားထုတ်ရပြန်သည်။ မည်သူ့အတွက်မဆို လွယ်ကူလှသည် မဟုတ်သော်လည်း မဖြစ်နိုင်သည့် အရာတော့ မဟုတ်ချေ။

လုံချန်းကိုယ်တိုင်မူ နိယာမ ရတနာလုံးများကို အသုံးပြု၍ နိယာမများကို တတ်မြောက်ခဲ့ခြင်း ဖြစ်သော်လည်း ထိုသို့ ဖြတ်လမ်းနည်းအား သုံးခဲ့လင့်ကစား သူသည်လည်း အသိအမြင် အချို့ကို ရရှိခဲ့ပေသည်။ သူသည် မင်လန်ကိုလည်း ထိုအသိအမြင်အချို့ ရရှိစေကာ သူမ၏ အားလပ်ချိန်များတွင် ပုံရိပ်ယောင်များ အကြောင်းကို တွေးတောစေလိုသည်။ အသိအမြင်တစ်ခုခုကို စတင် ရရှိခြင်းသည် နိယာမများအား နားလည်သဘောပေါက်ရန် ပထမဆုံးသော ခြေလှမ်း ဖြစ်ပေသည်။

"ငါ ပြောတာတွေကို အကုန်လုံး နားလည်ရဲ့လား" လုံချန်းက မေးလိုက်၏။

"နင်ပြောတာတွေကိုတော့ ငါ အကုန်ကြားပါတယ်။ ဒါပေမဲ့ နားလည်လားဆိုတာတော့ မသေချာဘူး။ အရာအားလုံးက ဝေဝါးလွန်းနေတယ်။ လက်နဲ့ ဆုပ်ကိုင်လို့ မရတဲ့ တိမ်တိုက်တစ်ခုလိုပဲ ခံစားရတယ်" မင်လန်က ခေါင်းယမ်းရင်း ပြန်ဖြေသည်။

"ငါ နားလည်ပါတယ်။ ဒါက တကယ်ကို ခက်ခဲပါလိမ့်မယ်၊ ဒါပေမဲ့ နင် ပုံရိပ်ယောင်တွေကို သင်ယူနိုင်ပါတယ်။ အဓိကကတော့ ဒါကို နင်ကိုယ်တိုင် နားလည်သဘောပေါက်ဖို့ လိုတာပဲ။ ငါ ပြောတာတွေက ရည်ညွှန်းချက်တစ်ခုပဲ ဖြစ်နိုင်တယ်။ အဲဒါတွေက နင့်ရဲ့ ကိုယ်ပိုင်နိယာမအတွက် အခြေခံအုတ်မြစ်တွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် အတင်းအကျပ်တော့ မကြိုးစားပါနဲ့။ နင့်ရဲ့ ကိုယ်ပိုင် အမြင်တစ်ခုခုကိုပဲ ဖန်တီးဖို့ လိုတယ်" လုံချန်းက ရှင်းပြရန် ကြိုးစားလိုက်၏။

မင်လန်၏ ကြောင်တောင်တောင် မျက်နှာလေးကို မြင်သောအခါ သူသည် ခါးသက်သက် ပြုံးလိုက်မိသည်။ "ဟင်း... ငါက ဆရာကောင်း တစ်ယောက် မဟုတ်ဘူး ထင်တယ်။ ငါက ဒါတွေကို အလွယ်တကူ ရခဲ့တာဆိုတော့ သာမန်လူတွေ ဘယ်လို နားလည်လဲဆိုတာ ငါ မသိဘူး။ ငါသာ နင့် နေရာမှာဆိုရင်လည်း ငါပြောတဲ့ စကားတွေကနေ နားလည်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်"

"မဟုတ်ပါဘူး... နင်က မကောင်းတဲ့ ဆရာ မဟုတ်ဘူး။ ငါကသာ မကောင်းတဲ့ ကျောင်းသားပါ" မင်လန်က လုံချန်း၏ စကားကို ငြင်းဆိုလိုက်၏။

လုံချန်းက သူမ၏ ခေါင်းကို ပွတ်သပ်ပေးရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဘာမှ စိုးရိမ်မနေပါနဲ့။ ကြိုးစားကြည့်ပေါ့။ နောက်ထပ် တစ်နာရီလောက်ကို ငါပြောတာတွေကို အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်ဦး" ထိုသို့ ဆိုကာ သူသည် ထရပ်လိုက်၏။ "ငါ အပြင်ကို ခဏ လမ်းလျှောက်ထွက်လိုက်ဦးမယ်"

မင်လန်သည် သူ ထွက်သွားသည်ကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်ပေ၏။

လုံချန်းသည် တဲအပြင်သို့ ထွက်လာခဲ့ရာ အနီးအနားရှိ ကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်နေသော ကျိရှန်ကို တွေ့လိုက်ရသည်။

ကျိရှန်သည် ကောင်းကင်ယံက လမင်းကြီးကို ငေးကြည့်နေ၏။ လမင်းကြီးသည် အထီးကျန်နေသည့်အလား ထင်ရပေသည်။ ကြယ်တာရာများ ဝန်းရံထားသော်လည်း လမင်းကြီးမှာ ကျိရှန်ကဲ့သို့ပင် တစ်ကိုယ်တည်း ဖြစ်နေပုံရ၏။

လုံချန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိသော်လည်း သူ့ကို အနှောင့်အယှက် မပေးလိုသဖြင့် မခေါ်တော့ပေ။

သူသည် အခြားတစ်ဖက်ရှိ ရှားဆီသို့ လျှောက်သွားခဲ့၏။

'အဲဒီကိစ္စ ဖြစ်ပြီးကတည်းက ရက်တွေ အတော်ကြာသွားပြီ၊ ဒါပေမဲ့ ရွှင်းက အခုထိ ပေါ်မလာသေးဘူး။ လုံထျန်း ပြောတာတော့ သူ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်တုန်းက အတုအယောင် သွေးမျိုးဆက်ကျောင်းတော်နဲ့ ငါ့ကြားက ဆက်သွယ်မှု ခေတ္တ ပြတ်တောက်သွားတာတဲ့။ တကယ်လို့ ခေတ္တပဲဆိုရင် အခုချိန်မှာ ရွှင်း ပြန်ရောက်နေသင့်ပြီ' လမ်းလျှောက်ရင်း သူ တွေးတောနေမိသည်။

သူသည် ဆက်လက် တွေးတောနေမိရင်း ပိုမို ဆိုးရွားသော အခြေအနေများကို စဉ်းစားမိပြန်သည်။ 'တခြား တစ်ခုခုများ ထပ်ဖြစ်သွားတာလား။ တကယ်လို့ ဆက်သွယ်မှုက အပြီးအပိုင် ပြတ်တောက်သွားတာဆိုရင် ငါ့ရဲ့ သွေးမျိုးဆက်ကို အပြည့်အဝ နိုးထစေမယ့် လမ်းစ ပျောက်ဆုံးသွားတော့မှာပဲ'

သူသည် ရွှင်းကို အကြိမ်အနည်းငယ် လှမ်းခေါ်ကြည့်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ ရွှင်းသည် သူ ခေါ်နေသည်ကို ကြားနိုင်စွမ်း မရှိတော့သည်မှာ သေချာသလောက်ပင်။ ဆက်သွယ်မှုက ပြန်မရသေးသည်လော သို့မဟုတ် ရွှင်းက သူ့ကို လျစ်လျူရှုထားသည်လောဟု သူ တွေးတောနေမိလေသည်။

All Chapters