← Chapters

အခန်း (၇၀၅-၇၀၆)

Vol. 71 Ch. 705-706

အခန်း (၇၀၅-၇၀၆)

Vol. 71 Ch. 705-706

အခန်း (၇၀၅) - ဗီလိန်တွေရဲ့ ရန်စမှုကို ငြင်းပယ်ခြင်း ၊ ဗောဓိသီးကို လုယူခြင်း ၊ အပြောင်းအလဲ ၊ကောင်းမွန်တဲ့ လှံသိုင်းပဲ

လီယန်ချူးသည် ဆိတ်ငြိမ်သော နေရာတစ်ခုသို့ ရောက်ရှိလာပြီး ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်ကာ မျက်စိမှိတ်၍ စိတ်အပန်းဖြေနေလိုက်သည်။

ချင်လော့ရွှန်း အမည်ရသော ထိုအမျိုးသမီးက အဘယ်ကြောင့် သူ့ကို ရင်းနှီးသည်ဟု ပြောရသနည်း၊ သူမ၏ ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို သူ သေချာမသိသော်လည်း။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ထိုအမျိုးသမီးနှင့် ဆက်လက် စကားပြောနေပါက ဦးနှောက်မရှိသော ဗီလိန်အချို့ ထွက်လာပြီး သူ့ကို လာရောက်ရန်စကြပေလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးတွင် သူ တစ်ပါးနှင့် လက်ပတ်မခံချင်သောကြောင့်သာ တိုက်ရိုက် ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

ချင်လော့ရွှန်းသည် လီယန်ချူး၏ ကျောပြင်ကို ကြည့်ကာ တစ်ခုခုကို စဉ်းစားနေပုံရ၏။

"ငါ ကြည့်တာ မှားသွားတာလား မဟုတ်ဘူး... ဒီလူ့ဆီမှာ နတ်ဘုရား အငွေ့အသက်တွေ သိသိသာသာ ရှိနေတာပဲ"

ချင်လော့ရွှန်းသည် အကြည့်လွှဲလိုက်ပြီးနောက် လှပသော ကိုယ်ဟန်ဖြင့် လှည့်ထွက်သွားတော့သည်။

...

သတ်မှတ်ချိန် နီးကပ်လာသောအခါ လူအုပ်ကြီးမှာ တောင်တန်းအတွင်းသို့ အုပ်စုလိုက်ကြီး ချီတက်သွားကြသည်။

ရွှီထျန်းနန်က ကျူယန့်ကို မြူဆွယ်ခေါ်ထုတ်သွားပြီ ဖြစ်၏။

တောင်တောအတွင်း၌ မြူပါးပါးများ ဝေ့ဝဲလာသလို၊ ကြီးမားလှသော ဟိန်းဟောက်သံကြီးများမှာလည်း တဖြည်းဖြည်း ဝေးကွာသွားသည်။ ထိုအသံမှာ အလွန်ပင် ဟိန်းထွက်နေပြီး မြေကြီးများပင် တုန်ခါသွားစေကာ တောင်ပြိုတော့မည့်အလား ခံစားရစေသည်။

လူတိုင်း၏ အသက်ရှူသံများ မြန်ဆန်လာသည်။ ဤကျူယန့်၏ အစွမ်းမှာ အလွန်ပင် ကြီးမားလှ၏။ ယခင်က အဆင့်မြင့် ယင်ဝိညာဉ် ကျွမ်းကျင်သူတစ်ဦးမှာ ကျူယန့်၏ ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး ခုခံရန်ပင် အချိန်မရလိုက်ပေ။ ယခုအခါ ရွှီထျန်းနန်က ၎င်းကို ခေါ်ထုတ်သွားပြီဖြစ်ရာ သူတို့အတွက် ဗောဓိပင်ပေါ်မှ ဗောဓိသီးများကို လုယူရန် အခွင့်အရေး ရပြီဖြစ်သည်။

လူအုပ်ကြီးမှာ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ ရှေ့သို့ ရောက်ရှိလာကြသည်။

ဤသစ်ပင်ကြီးမှာ သစ်ကိုင်းသစ်ရွက်များ ဝေဆာနေပြီး ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေကာ နှစ်ပေါင်း မည်မျှကြာအောင် ရှင်သန်နေခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။ သစ်ပင်ပေါ်တွင် အသီးများစွာ ရှိနေပြီး ထိုအသီးများမှာ မြတ်နိုးဖွယ်ကောင်းသော အလင်းတန်းများ တောက်ပနေကြသည်။

ထိုအနံ့ကို တစ်ချက် ရှူရှိုက်လိုက်ရုံနှင့်ပင် လူကို လန်းဆန်းတက်ကြွသွားစေကာ စိတ်နှလုံးကို အေးချမ်းသွားစေပြီး စိတ်အတွင်းရှိ ရှုပ်ထွေးသော အတွေးများကို စွန့်လွှတ်လိုက်နိုင်သကဲ့သို့ ခံစားရစေသည်။

"ဗောဓိသီးပဲ လင်ရွှီးနတ်ဘုရားနယ်မြေကို လာရတာ တကယ်ကို တန်ပါတယ်ဗျာ"

ယင်ဝိညာဉ် ကျင့်ကြံသူတစ်ဦးက ကျေနပ်အားရစွာ ရေရွတ်လိုက်သည်။

အဝေးမှ တောင်တောထဲတွင်မူ ကျူယန့်နှင့် ရွှီထျန်းနန်တို့ တိုက်ခိုက်နေသော ကြီးမားသည့် အသံများ ထွက်ပေါ်နေဆဲ ဖြစ်သည်။

"မြန်မြန် အမြန်လက်ဦးမှု ယူကြ ဘယ်သူ့အရည်အချင်းနဲ့ ဘယ်သူ ရမလဲဆိုတာ ကြည့်ကြတာပေါ့ "

အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

ယခင်က ရွှီထျန်းနန်နှင့် လူအုပ်ကြီးသည် သဘောတူညီချက် တစ်ခု ထားရှိခဲ့ကြသည်။ ဤဗောဓိသီးများကို မိမိတို့ အရည်အချင်းရှိသလောက် ယူကြရန်နှင့် အတူတူလာသော အဖော်အချင်းချင်း ပြန်လည် တိုက်ခိုက်ခြင်း မပြုရန်၊ ပြုလုပ်ပါက အားလုံးဝိုင်း၍ နှိမ်နင်းရန် ဖြစ်သည်။

ဤအချက်မှာ အလွန်ပင် ပျော့ပျောင်းလွန်းသော ယာယီအဖွဲ့အစည်းကို ထိန်းချုပ်ထားနိုင်သည့် တစ်ခုတည်းသော စည်းကမ်းဖြစ်သည်။ မဟုတ်ပါက လူတိုင်းမှာ အချင်းချင်း သတ်ဖြတ်ကြရင်း အခြားသော ဘေးအန္တရာယ်များကို ဖိတ်ခေါ်မိသကဲ့သို့ ဖြစ်ပေလိမ့်မည်။

ယင်ဝိညာဉ် ကျင့်ကြံသူတစ်ဦးမှာ မအောင့်နိုင်တော့ဘဲ လေထဲသို့ ခုန်တက်သွား၏။ ဗောဓိပင်ရှေ့တွင် ပြင်းထန်သော အစီရင်များ မရှိပေ။ သူသည် ဗောဓိသီးတစ်လုံးကို အလွယ်တကူပင် ခူးယူလိုက်နိုင်သဖြင့် မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။

သို့သော် နောက်တစ်စက္ကန့်တွင်

ဗုန်း

ရုတ်တရက် ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ထိုလူမှာ လေထဲတွင်ပင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤထူးဆန်းသော အပြောင်းအလဲကြောင့် လူတိုင်း၏ စိတ်နှလုံးမှာ လေးလံသွားပြီး မျက်လုံးများ ပြူးကာ ထိတ်လန့်သွားကြသည်။

"ဝူး..."

ကြီးမားသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြန်သည်။ သို့သော် လူအများမှာ ဘာကိုမှ မမြင်ရပေ။

ဒုန်း ဒုန်း ဒုန်း

မြေကြီးပေါ်တွင် ကြီးမားသော တုန်ခါမှုများ ဖြစ်ပေါ်လာပြီး အခြားသော ယင်ဝိညာဉ် ကျင့်ကြံသူ နှစ်ဦးမှာလည်း တစ်စုံတစ်ခု၏ နင်းချခြင်းကို ခံလိုက်ရကာ အသားစိုင်များအဖြစ်သို့ ကြေမွသွားရပြန်သည်။

"ပုံရိပ်ယောင်အတတ်ပဲ"

ကျဲ့ခုန်း ဘုန်းကြီးက အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဗုဒ္ဓအလင်းတန်းများက ကမ္ဘာမြေကို လင်းထိန်သွားစေ၏။ သူသည် လွန်ခဲ့သော အကြိမ်က ကျန်းထင်ရှန်းတွင် ရရှိခဲ့သော ရတနာကြောင့် ကြီးမားသော ကျင့်စဉ်စွမ်းအားများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ယခုအခါ သူ အစွမ်းကုန် ထုတ်ဖော်လိုက်သောအခါ အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိုစဉ် ကြီးမားလှသော သားရဲဆိုးကြီးတစ်ကောင်၏ ပုံသဏ္ဌာန်မှာ တဖြည်းဖြည်း ပေါ်လာတော့သည်။ ၎င်းမှာ အမြင့် သုံးလံခန့် ရှိပြီး ခေါင်းဖြူကာ ခြေထောက်နီနေသည်။

"ကျူယန့် "

ကျဲ့ခုန်း ဘုန်းကြီးမှာ အံ့သြတကြီး အော်ဟစ်လိုက်မိသည်။ သူတင်မကဘဲ ဤနေရာရှိ ကျင့်ကြံသူအားလုံးမှာ အသက်ရှူပင် မှားသွားကြ၏။

စောစောက ကျူယန့်ကို ရွှီထျန်းနန်က မြူဆွယ်ခေါ်ထုတ်သွားသည်ကို သူတို့ မျက်စိနှင့် တပ်အပ် မြင်ခဲ့ရသည် မဟုတ်လား သို့သော် အဘယ်ကြောင့် ဤဗောဓိပင်အောက်တွင် ကျူယန့်တစ်ကောင် ရှိနေရပြန်သနည်း။

သူတို့ တုံ့ပြန်ရန် အချိန်မရခင်မှာပင် ထိုကျူယန့်သည် လူအုပ်ကြားထဲ၌ သတ်ဖြတ်ခြင်းကို စတင်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံသူ သုံးဦးမှာ ခန္ဓာကိုယ်များ ကြေမွ၍ သေဆုံးကုန်၏။ ထိုသားရဲဆိုး၏ ဟိန်းသံက ကောင်းကင်ယံကို တုန်ခါစေသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။

လီယန်ချူးသည် အတူတူတိုက်ခိုက်ရာတွင် ကျွမ်းကျင်သော ကလေးငယ် နှစ်ဦးမှာ ကျူယန့်၏ လက်အောက်တွင် တစ်ချက်မျှသာ ခုခံနိုင်ပြီး အစအနမကျန် ချေမှုန်းခံလိုက်ရသည်ကို တွေ့လိုက်ရ၏။ ဤကျူယန့်၏ အစွမ်းမှာ တကယ့်ကို တတိယအဆင့် ပင် ဖြစ်သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သားရဲဆိုးကြီး၏ အစွမ်းမှာ ဗောဓိသီးကို လာရောက်လုယူသော ကျင့်ကြံသူများအတွက် ငရဲခန်းတစ်ခုပင် ဖြစ်တော့သည်။

ချန်ယန်၊ ကျဲ့ခုန်း ဘုန်းကြီး၊ ဖေးဟေးဟု နှင့် ခြင်္သေ့စီးထားသော အဖြူရောင်ဝတ်စုံနှင့် ချင်လော့ရွှန်း၊ ထို့ပြင် မြက်ခင်းပြင် ရွှေရောင်တဲနန်းမှ ပါရမီရှင် မုယုံလုံချန် တို့အပြင် အခြားသော ယင်ဝိညာဉ် အထွတ်အထိပ် ကျွမ်းကျင်သူများမှာ အားလုံး စုပေါင်း၍ ကျူယန့်ကို တိုက်ခိုက်ကြတော့သည်။

ထိုသားရဲဆိုး၏ တိုက်ခိုက်မှုမှာ တကယ့်ကိုပင် တားဆီးခံလိုက်ရ၏။ ၎င်းမှာ သားရဲဆိုးက အစွမ်းညံ့လွန်း၍ မဟုတ်ဘဲ ဤနေရာရှိ ကျင့်ကြံသူများ၏ အစွမ်းက အလွန်ပင် ပြင်းထန်နေသောကြောင့် ဖြစ်သည်။

တာ့ရှန်ကော်ဘုရားကျောင်းမှ ကျဲ့ခုန်း ဘုန်းကြီးမှာ ကျန်းထင်ရှန်းတွင် တွေ့ခဲ့စဉ်ကထက် အဆပေါင်းများစွာ ပို၍ သန်မာလာ၏။ သူ၏ ခန္ဓာကိုယ်မှာ ရွှေဆေးသုတ်ထားသည့်အလား ဖြစ်နေပြီး ကျူယန့်၏ တိုက်ခိုက်မှုကို သူ၏ ကိုယ်ခန္ဓာနှင့်ပင် တိုက်ရိုက် ခုခံနေခြင်း ဖြစ်သည်။

ဒေါင် ဒေါင် ဒေါင်

ကောင်းကင်နှင့် မြေကြီးကြားတွင် ခေါင်းလောင်းတီးသံကဲ့သို့ အသံများ ထွက်ပေါ်နေသည်။ ကျဲ့ခုန်း ဘုန်းကြီးမှာ သံတူနှင့် အဆော်ခံရသော သံမှိုကဲ့သို့ အပြင်းအထန် အရိုက်ခံနေရသော်လည်း သူသည် ဘာဒဏ်ရာမှ မရသည့်အပြင် အဝေးသို့ လွင့်စင်သွားတိုင်း ချက်ချင်းပင် ပြန်လည် ပြေးဝင်လာသည်။

ချန်ယန်၏ လက်ထဲမှ လှံရှည်မှာလည်း တောက်ပသော အရှိန်အဝါများ ထွက်ပေါ်နေပြီး အလွန်ပင် ထက်မြက်လှသည်။ သူသည်လည်း ကျူယန့်ကို များစွာ အနှောင့်အယှက် ပေးနေ၏။ ဤနေရာတွင် သူတို့နှစ်ဦးနှင့် အစွမ်းချင်း တူညီသူများမှာလည်း မနည်းလှပေ။

ထိုကျူယန့်မှာ အစပိုင်းတွင်သာ အရှိန်အဝါ ပြင်းထန်ခဲ့သော်လည်း တဖြည်းဖြည်း အားနည်းလာပုံရသည်။ စောစောကဆိုလျှင် သူသည် ကလေးငယ်နှစ်ဦးကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်လား။

"ဒီသားရဲရဲ့ အရှိန်အဝါက ကျဆင်းနေပြီ၊ အားလုံး ဝိုင်းပြီး သတ်ကြစို့ "

ချန်ယန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လှံကို ကိုင်ကာ ရှေ့သို့ တိုးဝင်သွား၏။ ဤကျူယန့်ကို မသတ်နိုင်ပါက ဗောဓိသီးကို ရရှိရန် နည်းလမ်းမရှိပေ။ ကျူယန့်သည် ဗောဓိပင်ရှေ့တွင် စောင့်ကြပ်နေသဖြင့် မည်သူမျှ အနားမကပ်နိုင်ကြခြင်း ဖြစ်သည်။

စောစောက အခွင့်အရေးကို အသုံးချပြီး ဗောဓိသီးကို လုယူရန် ကြိုးစားသောသူမှာ ကျူယန့်၏ လက်သီးတစ်ချက်ဖြင့်ပင် ကြေမွသွားခဲ့ရသည်။ ချန်ယန်၏ စကားကြောင့် ကျင့်ကြံသူများမှာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကြသည်။

တရားရုံးချုပ် အကြီးအကဲ ရွှီထျန်းနန်၏ အစီအစဉ်မှာ ဘယ်နေရာမှာ ဘာမှားသွားသည်ကို မသိရသော်လည်း၊ ယခုအချိန်တွင် လူတိုင်းမှာ ချန်ယန်၏ အစိုးရဘက်တော်သား အဆင့်အတန်းကို ဂရုမစိုက်နိုင်တော့ဘဲ အားလုံး စုပေါင်း၍ ကျူယန့်ကို တိုက်ခိုက်ကြတော့သည်။

ဝူး... ဗုန်း

ကြောက်မက်ဖွယ်ကောင်းသော ကျင့်စဉ်အတတ်များစွာ ပေါက်ကွဲထွက်လာသည်။ ဤနေရာရှိ လူများထဲတွင် ယန်ဝိညာဉ်နယ်ပယ်သို့ ရောက်သူ မရှိသော်လည်း ထွက်ပေါ်လာသော အစွမ်းမှာ လျော့တွက်၍ မရပေ။ မူလက ယန်ဝိညာဉ်နှင့် ဒုတိယအဆင့်ကြားမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသော်လည်း၊ ယခု ကျူယန့်မှာ ဒဏ်ရာအပြင်းအထန် ရထားသကဲ့သို့ အစွမ်းများ ကျဆင်းနေခြင်း ဖြစ်သည်။

ထို့ပြင် ဤနေရာတွင် တတိယအဆင့်ဝက် ကျွမ်းကျင်သူများစွာ ရှိနေပြီး နည်းလမ်းပေါင်းစုံကို အသုံးပြုနေကြရာ ကျူယန့်၏ တိုက်ခိုက်မှုကို အမှန်တကယ်ပင် ဟန့်တားထားနိုင်ကြသည်။

လီယန်ချူးသည်လည်း အံ့သြနေမိသည်။

ချင်လော့ရွှန်း အမည်ရ အမျိုးသမီးသည် လက်ထဲမှ ရွှေကြိုးတစ်မျှင်ကို ဝှေ့ယမ်းနေပြီး ထိုရွှေကြိုး၏ အရှိန်အဝါမှာ ကြီးမားလှသဖြင့် ကျူယန့်ပင်လျှင် နာကျင်စွာ သွားစိနေရ၏။ နီးဆွန်း သွေးပါသော ခြင်္သေ့ကြီးမှာလည်း လှုပ်ရှားမှု မြန်ဆန်ပြီး ကိုယ်ခန္ဓာ သန်မာလှသဖြင့် ကျူယန့်ကို အတော်လေး အနှောင့်အယှက် ပေးနေသည်။

ပို၍ ထူးဆန်းသည်မှာ မုယုံလုံချန် ဖြစ်သည်။ သူ၏ လက်မောင်း နှစ်ဖက်တွင် ရွှေရောင်နဂါးများ ပတ်နွယ်နေပြီး မျက်ဝန်းများမှာ အေးစက်လှ၏။ သူ၏ လက်သီးတစ်ချက်ချင်းစီတိုင်းမှာ ကျူယန့်၏ အစွမ်းနှင့် တိုက်ရိုက် ယှဉ်နိုင်စွမ်း ရှိသည်။ သူနှင့် ကျဲ့ခုန်း ဘုန်းကြီးကဲ့သို့ ကိုယ်ခန္ဓာ သန်မာသော ကျင့်ကြံသူများက ကျူယန့်၏ တိုက်ခိုက်မှုများကို ရှေ့တန်းမှ ခံစစ်ယူထားကြခြင်း ဖြစ်သည်။

လီယန်ချူးသည်လည်း အချောင်မခိုတော့ပေ။ သူသည် ကျူယန့်၏ နောက်ကျောဘက်သို့ ရောက်သွားပြီး လှံဖြင့် ထိုးချလိုက်တော့သည်။

နတ်ဘုရားခြေလှမ်း

ဇွပ်

လှံသည် ကျူယန့်၏ ကိုယ်ခန္ဓာထဲသို့ အဆင်ပြေချောမွေ့စွာ တိုးဝင်သွားသည်။

သို့သော် ကျားခေါင်းရွှေလှံ၏ ထက်မြက်မှုနှင့်ပင် လှံဦးခေါင်းလောက်သာ ဝင်သွားနိုင်သေးသည်။ ၎င်းမှာ ကျူယန့်၏ ခံစစ် ပထမဆုံးအကြိမ် ဖောက်ထွက်ခံရခြင်း ဖြစ်သည်။

လီယန်ချူး ခဏမျှ မှင်တက်သွားမိသည်။ သူ အားအများကြီး မစိုက်ရသေးပါဘူး။

ဝူး...

ကျူယန့်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကိုယ်ပေါ်မှ နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လာကာ ရှေ့မှလူများကို နောက်သို့ ဆုတ်သွားစေသည်။ လီယန်ချူးကမူ ကျားခေါင်းရွှေလှံကို ကျစ်ကျစ်ပါအောင် ပြန်ဆုပ်ကိုင်ထားသည်။

"ဒီလူက ကျူယန့်ရဲ့ ခံစစ်ကို လှံတစ်ချက်တည်းနဲ့ ဖောက်နိုင်တယ်၊ သူ့အစွမ်းကို လျှော့တွက်လို့ မရဘူး"

ချန်ယန်၏ မျက်လုံးများမှာ ခက်ထန်သွားသည်။ သူကိုယ်တိုင်လည်း လှံကို အသုံးပြုသူ မဟုတ်ပါလား။ လီယန်ချူး၏ ခုနက လှံသိုင်းမှာ ထူးခြားသော နည်းစနစ်များ မပါဝင်သော်လည်း၊ အားအင် အလွန်ကြီးမားပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်လှသည်ကို သူ သတိပြုမိလိုက်သည်။

လူအုပ်ကြီးမှာ ကျူယန့်ကို ဝိုင်းအုံ တိုက်ခိုက်နေကြသည်။

ဒုန်း ဒုန်း ဒုန်း

ကြီးမားသော အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ကျူယန့်၏ အစွမ်းမှာ တဖြည်းဖြည်း အားနည်းလာပြီး ဟိန်းဟောက်သံများလည်း တိုးဝင်သွားသည်။

လီယန်ချူးသည် မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ခုခုတော့ မှားနေပြီ။

ထိုကျူယန့်၏ ကိုယ်ပေါ်မှ အငွေ့အသက်များက အလွန်ပင် ထူးဆန်းနေ၏။ ဤအချက်ကို သူ ကျားခေါင်းရွှေလှံဖြင့် ကျူယန့်၏ ခံစစ်ကို ဖောက်ဝင်ခဲ့စဉ်ကတည်းက စတင်ခံစားမိခဲ့ခြင်း ဖြစ်သည်။

အခန်း (၇၀၆) - ရွှီထျန်းနန်... မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ ၊ ဗောဓိသီးကို မြင်ရသော်လည်း မရနိုင်ခြင်း ၊ လူဆိုးတွေရဲ့ အမြင်ကိုပါ ရိုက်ချိုးလိုက်ခြင်း

ဤကျူယန့်၏ သားရဲဆိုးအရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှပြီး လူအတော်များများကို ဆက်တိုက် သတ်ဖြတ်နေခဲ့သည်။ သို့သော် တဖြည်းဖြည်းနှင့် ၎င်း၏ အငွေ့အသက်များမှာ စတင်ကျဆင်းလာပြီး ခန္ဓာကိုယ်၏ ခုခံနိုင်စွမ်းမှာလည်း အားနည်းလာပုံရ၏။

ဗုန်း ဗုန်း

ကျင့်ကြံသူ အချို့၏ စုပေါင်းတိုက်ခိုက်မှုကြောင့် ၎င်းမှာ နောက်သို့ ဆုတ်သွားရပြီး ဗောဓိပင်ကြီးကို ပြင်းထန်စွာ ဝင်တိုက်မိသွားသည်။

ဝူး...

ကျူယန့်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်ရာ ထိုအသံမှာ အလွန်ပင် ဟိန်းထွက်နေ၏။

လီယန်ချူးသည် မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီရွှီထျန်းနန်က ဒီကျင့်ကြံသူတွေ အားလုံးကို ဒီနေရာမှာပဲ အသေတွင်းထဲ ထည့်ချင်နေတာလား ဘယ်သူက ကျူယန့်ကို ပုံရိပ်ယောင်အတတ်နဲ့ ဖုံးကွယ်ပေးထားတာလဲ။

လီယန်ချူး၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်နေမိသည်။

ထိုစဉ် ကျူယန့်၏ ကိုယ်ပေါ်မှ ပြင်းထန်သော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။

ဖောက်

လက်သီးတစ်ချက်တည်းနှင့်ပင် မောက္ခလမ်းစဉ်ကျင့်ကြံသူတစ်ဦး၏ ကိုယ်ခန္ဓာမှာ အပိုင်းပိုင်းအပြတ်ပြတ် ကွဲကြေသွားရသည်။ ထိုကျင့်ကြံသူမှာ အဆင့်အတန်း မနိမ့်လှဘဲ ဝိညာဉ်မွေးမြူခြင်းအတတ်တွင် ကျွမ်းကျင်သူ ဖြစ်သော်လည်း၊ ကျူယန့်နှင့် တိုက်ရိုက် ရင်ဆိုင်ရသည့်အခါတွင်မူ မည်သို့မျှ မတတ်နိုင်ဘဲ အသက်ဆုံးရှုံးသွားရခြင်း ဖြစ်သည်။

ဝူး...

ကျူယန့်က ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။

ထိုစဉ် လူရိပ်တစ်ခု လျှပ်ခနဲ ရောက်ရှိလာပြီး ပျံသန်းနေသော ဓားမြှောင်ပေါင်း သောင်းခြည်ကို ထုတ်လွှတ်ကာ ကျူယန့်ကို တိုက်ရိုက် ဗုံးကြဲတိုက်ခိုက်လိုက်တော့သည်။

ဝူး... ဝူး...

ကျူယန့်မှာ ထိုတိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်စဉ်သွားရပြီး ၎င်း၏ ကိုယ်ပေါ်တွင်လည်း သွေးစိမ်းရှင်ရှင် ထွက်နေသော ဒဏ်ရာကြီးငယ်များစွာ ပေါ်လာတော့သည်။

ရောက်လာသူမှာ အခြားသူမဟုတ်၊ သွားရာမှ ပြန်လှည့်လာသော ရွှီထျန်းနန် ပင် ဖြစ်၏။

ရွှီထျန်းနန်သည် အနီရောင် အရာရှိဝတ်စုံကြီးကို ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါသော ကိုယ်ဟန် ရှိသော်လည်း၊ ယခုအခါတွင်မူ သူ၏ မျက်မှောင်များမှာ ကျုံ့ထားသည်။

"ထူးဆန်းလိုက်တာ... ဘာလို့ ကျူယန့်က နောက်တစ်ကောင် ရှိနေရပြန်တာလဲ"

သူသည် စောစောက ကျူယန့်တစ်ကောင်ကို မြူဆွယ်ခေါ်ထုတ်သွားခဲ့သည်မှာ သေချာလှသည်။ သူ၏ အစွမ်းထက်လှသော မူလဝိညာဉ် အာရုံခံစွမ်းအားဖြင့် ဤနေရာမှ ကြီးမားသော ဟိန်းဟောက်သံများကို ကြားရသဖြင့် အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်၏။ အချိန်မီ ရောက်လာခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုရပေမည်။

"ရွှီထျန်းနန် ဒီကိစ္စအတွက် မင်း ငါတို့ကို ရှင်းပြချက် ပေးရမယ်"

မျက်နှာအသားအရည် အလွန်ညိုမည်းသော အဘိုးအိုတစ်ဦးက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ မူလကပင် သူ၏ မျက်နှာမှာ မည်းနက်နေသော်လည်း၊ ယခုအခါ ရွှီထျန်းနန်၏ အစီအစဉ်ထဲတွင် အသုံးချခံလိုက်ရသည်ဟု ထင်နေသဖြင့် သူ၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်နေတော့သည်။

ရွှီထျန်းနန်၏ မျက်နှာတွင် ခက်ခဲသော အရိပ်အယောင်များ ပေါ်လာပြီး

"ဝမ်အဘိုး... ဒါ ဘာဖြစ်တာလဲဆိုတာ ကျွန်တော်လည်း တကယ် မသိဘူးဗျ"

"တရားရုံးချုပ် က ငါတို့ကို အသုံးချပြီး မြှားစာလုပ်တာပဲ ကျူယန့်ကိုတောင် ပုံရိပ်ယောင်အတတ်နဲ့ ဖုံးပေးထားသေးတယ်၊ တကယ့်ကို ကောင်းမွန်တဲ့ အကွက်ပဲ "

ထိုအဘိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဤနေရာသို့ ရောက်လာသူအများစုမှာ လောကအနှံ့ ကျင်လည်နေကြသည့် မြေခွေးအိုကြီး များ သို့မဟုတ် မျိုးဆက်သစ် ပါရမီရှင်များ ဖြစ်ကြ၏။ အချို့မှာ မောက်မာရိုင်းစိုင်းကြသော်လည်း ဦးနှောက်မညံ့ကြပေ။ သူတို့အားလုံးမှာ ရွှီထျန်းနန်၏ အသုံးချခြင်း ခံလိုက်ရပြီဟု ထင်နေကြသည်။

ရွှီထျန်းနန်က မျက်မှောင်ကြုတ်ကာ

"ပုံရိပ်ယောင်အတတ် ဟုတ်လား"

သူက ချန်ယန်ဘက်သို့ လှည့်ကြည့်ကာ

"ဘာတွေ ဖြစ်ကုန်တာလဲ " ဟု မေးလိုက်သည်။

ချန်ယန်မှာ တရားရုံးချုပ်မှ တိုက်ရိုက်လေ့ကျင့်ပေးထားသော လက်ရုံးတစ်ဦး ဖြစ်သဖြင့် မိမိ၏ အကြီးအကဲက ဗောဓိသီးအတွက်နှင့် မိမိတို့ကို သေတွင်းထဲ ထည့်လိမ့်မည်ဟု မယုံကြည်ပေ။ သူသည် ရွှီထျန်းနန်အနားသို့ သွားကာ ဖြစ်ပျက်သမျှကို အမြန်ဆုံး ရှင်းပြလိုက်သည်။

ရွှီထျန်းနန်၏ မျက်နှာမှာ ပို၍ပင် တင်းမာသွား၏။

"အားလုံး နားထောင်ကြပါ စောစောက ကျွန်တော် ကျူယန့်တစ်ကောင်ကို မြူဆွယ်ခေါ်သွားတာ တကယ့်အမှန်တရားပါ။ ဒီမှာ ဘာလို့ နောက်တစ်ကောင် ရှိနေရလဲဆိုတာ ကျွန်တော် တကယ် မသိဘူး။ အသံတွေ ကြားလို့သာ အမြန် ပြန်လာခဲ့တာပါ"

ဟု ရွှီထျန်းနန်က အသံကျယ်ကျယ်ဖြင့် ရှင်းပြလိုက်သည်။

"အခုထိ ငါတို့ကို လိမ်ချင်နေတုန်းပဲလား ခုနက ပုံရိပ်ယောင်အတတ်က မင်းလက်ချက်ပဲ ဖြစ်ရမယ် "

ဘေးမှ ဖေးဟေးဟု က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းက လမ်းမှန်ကျင့်ကြံသူ မဟုတ်ဘူး၊ ငါ့ရှေ့မှာ နောက်တစ်ခါ ထပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောမယ်ဆိုရင်တော့ ငါ့ရဲ့ အရေးယူမှုကို မခံရအောင် သတိထားပါ "

ရွှီထျန်းနန်သည် ဝမ်အဘိုးအိုကို လေးစားသော်လည်း၊ ဤဖေးဟေးဟုကိုမူ မျက်နှာသာ ပေးမနေတော့ပေ။ သူသည် ဂုဏ်သိက္ခာရှိသော ယန်ဝိညာဉ် အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရာ ဤကဲ့သို့ အအော်အဟစ် ခံနေရသဖြင့် ဒေါသထွက်လာခြင်း ဖြစ်သည်။

"ဟက် တရားရုံးချုပ်ကတော့ တကယ့်ကို အရှိန်အဝါ ကြီးမားတာပဲ "

မုယုံလုံချန်က လှောင်ပြောင်လိုက်သည်။

"မင်းတို့ တရားရုံးချုပ်က ယန်ဝိညာဉ် အဆင့်တွေပဲ ဒီကို လာနိုင်တယ်လို့ တကယ် ထင်နေတာလား "

ရွှီထျန်းနန်က အေးစက်စွာ တုန့်ပြန်လိုက်သည်

"မုယုံလုံချန်... ငါ့စကားက မင်းအတွက်လည်း အကျုံးဝင်တယ်။ မင်း သေချင်တယ်ဆိုရင်တော့ ရှေ့ကို တိုးခဲ့လိုက် "

ရွှီထျန်းနန်၏ ပုံစံမှာလည်း အလျှော့ပေးမည့်သူ မဟုတ်ပေ။ စောစောက စိတ်ရှည်လက်ရှည် ရှင်းပြနေသည်မှာပင် အတော်လေး အောက်ကျခံပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဆက်တိုက် အပြောအဆို ခံနေရသဖြင့် သူသည် ဒေါသပေါက်ကွဲကာ ထပ်မံ ရှင်းပြနေရန် မရည်ရွယ်တော့ပေ။

"ကောင်းပြီလေ တရားရုံးချုပ်က ငါတို့ကို ဒီကို လာဖို့ လှည့်ဖြားတာဟာ ဒီမှာတင် အကုန်သတ်ပစ်ချင်လို့ကိုး ချန်နိုင်ငံ အစိုးရက တကယ့်ကို အကွက်ကြီး ချထားတာပဲ၊ ကျင့်ကြံရေး ဂိုဏ်းတွေကို ပစ်မှတ်ထားနေတာ မဟုတ်လား "

ဖေးဟေးဟုက လူသတ်ရုံတင်မကဘဲ စိတ်ဓာတ်ကိုပါ ထိုးနှက်လိုက်သည်။ ဤလူ၏ ပုံစံမှာ ကြမ်းတမ်းပြီး နဖူးတွင် ဓားဒဏ်ရာ ရှိသော်လည်း၊ ဦးနှောက်ကတော့ မညံ့ပေ။ သူ၏ စကားလုံးများမှာ အလွန်ပင် ကောက်ကျစ်ပြီး ထိရောက်လှသည်။

ရွှီထျန်းနန်၏ မျက်နှာမှာ မှောင်ကျသွားသည်။

ထိုစဉ် မြေကြီးပေါ်မှ ကျူယန့်သည် ဒေါသတကြီး ဟိန်းဟောက်ကာ ရွှီထျန်းနန်ကို ပစ်မှတ်ထား တိုက်ခိုက်လာတော့သည်။ ၎င်းသည် ကြီးမားသော စွမ်းအားများကို ထုတ်ဖော်ကာ ရွှီထျန်းနန်ကိုသာ အသေအလဲ တိုက်ခိုက်နေ၏။

ရွှီထျန်းနန်သည် လက်ရှိတွင် တတိယအဆင့်ဝက် ဖြစ်သော်လည်း၊ သူသည် မူလက ယန်ဝိညာဉ် ကျွမ်းကျင်သူ ဖြစ်သဖြင့် ကျင့်စဉ်စွမ်းအား ကြီးမားပြီး နတ်ဘုရားအတတ်များကို ကျွမ်းကျင်လှသည်။ သူ၏ မူလဝိညာဉ် အာရုံခံစွမ်းအားမှာလည်း အဘက်ဘက်မှ အသုံးဝင်လှသဖြင့် ကျူယန့်ကို ဆက်တိုက် ပြန်လည် တွန်းလှန်ထားနိုင်၏။

သို့သော် ကျူယန့်၏ တိုက်ခိုက်မှုများမှာ ရွှီထျန်းနန်၏ မူလဝိညာဉ်ကို ထိခိုက်မှု မပေးနိုင်သလောက်ပင် ဖြစ်နေသည်။ ရွှီထျန်းနန်၏ အာရုံခံစွမ်းအားမှာ လက်တွေ့လောကကို လွှမ်းမိုးနိုင်ပြီး ကျူယန့်၏ ကိုယ်ခန္ဓာကို ပြင်းထန်စွာ ဒဏ်ရာပေးနိုင်သောကြောင့်သာ ကျူယန့်မှာ အနည်းငယ် သတိထားနေရခြင်း ဖြစ်သည်။

ရွှီထျန်းနန်၏ မျက်နှာမှာလည်း လေးလံနေသည်။ ပုံမှန်ဆိုလျှင် ကျူယန့်ကဲ့သို့ သားရဲမျိုးမှာ သူ၏ မူလဝိညာဉ် အာရုံခံစွမ်းအားကို ခုခံနိုင်စွမ်း မရှိသင့်ပေ။ ယခုမူ သူ၏ စွမ်းအားအပြည့်ကို မထုတ်ဖော်နိုင်သကဲ့သို့ ဖြစ်နေရသည်။

ရွှီထျန်းနန်က ရှေ့တန်းမှ ရင်ဆိုင်နေရသဖြင့် အခြားသူများအတွက် ဖိအားမှာ အလွန်ပင် လျော့နည်းသွား၏။ လူအများစုမှာ ကျူယန့်ကို မတိုက်ခိုက်တော့ဘဲ ဗောဓိပင်ရှိရာသို့ အလုအယက် ပြေးဝင်သွားကြတော့သည်။

လီယန်ချူး၏ အမြင်အရ အနည်းဆုံး လူ သုံးလေးယောက်ခန့်မှာ ဗောဓိသီးများကို ခူးယူနိုင်လိုက်ပြီ ဖြစ်သည်။ ထိုအထဲတွင် မြက်ခင်းပြင် ပါရမီရှင် မုယုံလုံချန်လည်း ပါဝင်၏။ သူတို့အားလုံးမှာ ရွှီထျန်းနန်က သူတို့ကို ထောင်ချောက်ဆင်သည်ဟု ယူဆထားကြသဖြင့် ရွှီထျန်းနန်၏ အသက်အန္တရာယ်ကို ဂရုမစိုက်ကြဘဲ ဗောဓိသီးများကို ယူကာ ချက်ချင်းပင် လှည့်ထွက်သွားကြသည်။

"မိုက်မဲလိုက်တာ"

ရွှီထျန်းနန်က အေးစက်စွာ အော်လိုက်သည်။

သို့သော် နောက်တစ်ခဏ၌ ဗောဓိသီး ရရှိသွားသော သူများ၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွား၏။ သူတို့လက်ထဲမှ ဗောဓိသီးများမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွားပြီး ဗောဓိပင်ပေါ်တွင် ပြန်လည် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

မုယုံလုံချန်သည် မျက်မှောင်ကြုတ်ကာ ဗောဓိပင်ကို ကြည့်လိုက်ပြီး

"တကယ်ကို ထူးဆန်းတာပဲ"

လူတိုင်းမှာ မိမိတို့၏ အမြန်ဆုံး ခြေလှမ်းများကို အသုံးပြုကာ မြင့်မားလှသော ဗောဓိပင်ဆီသို့ ထပ်မံ ပြေးဝင်သွားကြပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူတို့သည် ဗောဓိသီးကို ခူးရသည်နှင့် ချက်ချင်းပင် ပါးစပ်ထဲသို့ ထည့်လိုက်ကြ၏။

သို့သော် ဗောဓိသီးမှာ ပါးစပ်ထဲသို့ မရောက်ခင်မှာပင် လေထဲ၌ ပျောက်ကွယ်သွားပြန်သည်။ ပြန်ကြည့်လိုက်သည့်အခါ ဗောဓိပင်ပေါ်မှ အသီးခူးလိုက်သည့် နေရာ၌ အသီးမှာ နဂိုအတိုင်း ရှိနေဆဲ ဖြစ်သည်။

"ဒါက ဗောဓိပင်ရဲ့ ဆန်းကြယ်မှုလား၊ ဒါမှမဟုတ် ပုံရိပ်ယောင် မျက်လှည့်အတတ်လား "

မုယုံလုံချန်က တွေးတောနေစဉ်မှာပင် ပြင်းထန်လှသော လေတိုက်ခတ်သံကို ခံစားလိုက်ရသည်။

ဝတ်ပြုဦးထုပ်နှင့် အဘိုးအို ဒါအိုကျင့်ကြံသူ တစ်ဦးသည် သူ၏ မြင်းမြီးယပ် ကို ဝှေ့ယမ်းကာ သူ့ကို တိုက်ခိုက်လာခြင်း ဖြစ်သည်။ ထိုယပ်မှ ကြိုးမျှင်များမှာ အလွန်ပင် ထက်မြက်လှသည်။

မုယုံလုံချန်၏ အကြည့်များမှာ အေးစက်သွားသည်။ သူသည် ဗောဓိသီး ရပြီးလျှင် အခွင့်အရေးရှာ၍ လူအချို့ကို သတ်ဖြတ်ပြီးမှ ထွက်ခွာရန် ရည်ရွယ်ထားသူ ဖြစ်သည်။ သို့သော် ဤချင်းချန်တောင်မှ ထျယ်ရှန်း တာအိုဆရာ က ဤမျှအထိ မအောင့်နိုင်ဘဲ သူ့ကို အရင် လက်ဦးမှုယူ တိုက်ခိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

မုယုံလုံချန်က အော်ဟစ်လိုက်ပြီး လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။

ဤသည်မှာ လူဆိုးတစ်ဦး၏ အမြင်ကိုပါ ရိုက်ချိုးလိုက်ခြင်း (ရွှေရောင်တဲနန်း ပါရမီရှင်ကို ကျူယန့်နှင့် မှားခြင်း) ဖြစ်ပေတော့သည်။

ဗုန်း ဗုန်း

နှစ်ဦးသား အပြင်းအထန် တိုက်ခိုက်ကြတော့သည်။ မုယုံလုံချန်၏ အရှိန်အဝါမှာ အလွန်ပင် ဗိုလ်ကျစိုးမိုးနိုင်ပြီး သူ၏ လက်မောင်းများတွင် ရွှေရောင်နဂါးများ ပတ်နွယ်နေ၏။ ထျယ်ရှန်း တာအိုဆရာမှာ ကျင့်စဉ် မြင့်မားသော်လည်း မုယုံလုံချန်၏ ပြိုင်ဘက် မဟုတ်ပေ။ အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်အတွင်းမှာပင် သူသည် ဘေးအန္တရာယ်နှင့် ရင်ဆိုင်လာရသည်။

"အားလုံးပဲ ဒီမှာ ကျူယန့် အကောင်ပေါက်လေး တစ်ကောင် ရှိနေတာကို ဘာလို့ ဘေးကနေ လက်ပိုက်ကြည့်နေကြတာလဲ "

ထျယ်ရှန်း တာအိုဆရာမှာ သူ၏ ဆံပင်နှင့် မုတ်ဆိတ်များ ထောင်ထနေပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ ဤလူများမှာ တကယ့်ကို ကိုယ်ကျင့်တရား မရှိကြကြောင်း၊ ကျူယန့် အကောင်ပေါက်တစ်ကောင် ဤနေရာတွင် ရှိနေသည်ကို အဘယ်ကြောင့် စုပေါင်း၍ မနှိမ်နင်းကြသနည်းဟု သူက ယူဆနေသည်။

မုယုံလုံချန်မှာမူ ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်မိတော့သည်။

"မင်း တာအိုဆရာအိုကြီး မင်းရဲ့ ခွေးမျက်လုံးကို သေချာဖွင့်ပြီး ကြည့်စမ်း၊ ငါက ဘယ်သူလဲဆိုတာကို "

ထျယ်ရှန်း တာအိုဆရာမှာ အခြားသူများနှင့် မတူဘဲ တရားရုံးချုပ်နှင့် ရင်းနှီးမှု ရှိသူ ဖြစ်သည်။ သူသည် အခြားသူများ လက်ဦးမှု မယူနိုင်ခင် ဗောဓိသီးကို ရယူချင်သဖြင့် ဤသို့ လုပ်ဆောင်ခြင်း ဖြစ်၏။ သူသည် ရွှီထျန်းနန်နှင့်လည်း ဒီကိစ္စကို ကြိုတင် တိုင်ပင်ထားဖူးသည်။ အကယ်၍ ထူးခြားသော အပြောင်းအလဲ ဖြစ်လာပါက ဗောဓိသီးကို အရင် ရအောင်ယူရန် ဖြစ်သည်။

သူ့ကို ကြည့်ကာ ဟိန်းဟောက်နေသော ထို (မုယုံလုံချန်) ကို ကြည့်ပြီး ထျယ်ရှန်း တာအိုဆရာ၏ မျက်နှာမှာ တည်တင်းသွားသည်။

"အားလုံးပဲ ဗောဓိသီးကို တစ်ယောက်တည်း ယူဖို့ မစဉ်းစားကြနဲ့၊ ဒီကျူယန့်အကောင်ပေါက်ကို အရင်သတ်ကြစို့၊ မဟုတ်ရင် ဘာမှ ဖြစ်မြောက်မှာ မဟုတ်ဘူး"

"..." မုယုံလုံချန် ဆွံ့အသွားရသည်။

လောကမှာ ဤမျှအထိ မျက်နှာပြောင်တိုက်ပြီး အရှက်မရှိသောသူ ရှိသေးသည်လား သူကိုယ်တိုင်မှာ နာမည်ကြီး လူဆိုးတစ်ဦး ဖြစ်သော်လည်း၊ ဤတာအိုဆရာအိုကြီးကို ကြည့်ပြီး ဒေါသထွက်လွန်းသဖြင့် ရယ်မောမိတော့သည်။

ပို၍ ဆိုးသည်မှာ အခြားသော ကျင့်ကြံသူ အချို့သည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဤတာအိုဆရာအိုကြီး၏ စကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု ယူဆကာ သူ့ကို ဝိုင်းသတ်ရန် ပြင်လာကြခြင်း ဖြစ်သည်။

"ဒီကျူယန့်အကောင်ပေါက်ကို အရင်သတ်ပြီးမှ ဗောဓိသီးကို ခွဲယူကြတာပေါ့ "

လူရိပ်များစွာသည် မုယုံလုံချန်ရှိရာသို့ တိုက်ရိုက် ပြေးဝင် တိုက်ခိုက်ကြတော့သည်။

"..." မုယုံလုံချန်

မင်းတို့ အမေကို... ချန်နိုင်ငံ ကျင့်ကြံသူတွေ ငါ့ကို သတ်ချင်ရင်လည်း တည့်တည့်ပြောလေ ငါ့ကို ကျူယန့်အကောင်ပေါက်လို့ ခေါ်နေကြသေးတယ် မင်းတို့ မျက်စိကန်းနေတာလား၊ ဒါမှမဟုတ် စိတ်ဓာတ်တွေကပဲ မည်းမှောင်နေတာလား။

All Chapters