အခန်း (၁၇၁၅-၁၇၁၆)
Vol. 172 Ch. 1715-1716
အခန်း (၁၇၁၅) - လမ်းညွှန်လက်မှတ်ခ
"စစ်ဘုရင်ကိုယ်တိုင် ထွက်တိုက်မယ် ဟုတ်လားစစ်ဘုရင်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ သူက စစ်မျက်နှာတစ်ခုလုံးကို ထိန်းချုပ်နေတာ၊ နယ်မြေသေးသေးလေးတစ်ခုအတွက် မဟုတ်ဘူး။
သူ့ရဲ့ တိုက်ရိုက်သွေးမျိုးဆက် သေဆုံးသွားခဲ့ရင်တောင်မှ အရင်က ချမှတ်ထားတဲ့ စစ်ဗျူဟာကိုတော့ အလွယ်တကူ ပြောင်းလဲမှာမဟုတ်ဘူး။
ဒါဟာ ထောင်ချောက်တစ်ခု ဖြစ်မနေနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။
ဒကာလေးမှာ ဒီလိုအတွေးမျိုး ရှိနေတာကတော့ ခင်ဗျားရဲ့ အမြင်က ကလေးတွေ အချင်းချင်း ရန်ဖြစ်ကြသလို အဆင့်မှာပဲ ရှိနေသေးလို့ပဲ"
ဖန့်ချန်ကို ပြန်လည်ချေပလိုက်သူမှာ ခုနက ရင်းနှီးဖော်ရွေသော ကျင့်ကြံသူမဟုတ်ဘဲ မသေမျိုးလှေထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် ခူတုကျောင်းတိုက်မှ ဘုန်းကြီးတစ်ပါး ဖြစ်နေသည်။
စကားပြောလိုက်သူမှာ ငါးဦးပါအဖွဲ့၏ ခေါင်းဆောင်၊ အဆင့် ၄ မသေမျိုး ဘုန်းကြီးပင်။
"စီနီယာ မိန့်ကြားတာ မှန်ပါတယ်။ ကျွန်တော့်ရဲ့ စဉ်းစားဆင်ခြင်မှု အားနည်းသွားပါတယ်"
ဖန့်ချန်က အငြင်းအခုန်မပြုဘဲ ပြုံးလျက် လက်အုပ်ချီ၍ ဆိုလိုက်သည်။
"မင်းတို့ ဘယ်ကလာတာလဲ၊ ဘယ်ကိုသွားမှာလဲ၊ မင်ဝမ်ကြယ်မှာ အခြေချနေထိုင်မှာလား၊ ဒါမှမဟုတ် ဒီက ဟင်းလင်းပြင် ကြယ်တာရာ အစီအရင်ကြီးကို အသုံးပြုမှာလား"
ခေါင်းဆောင်ဘုန်းကြီးက အေးစက်သော မျက်နှာပေးဖြင့် မေးမြန်းသည်။
ဖန့်ချန်က ယခုအချိန်တွင် သူ၏အရှိန်အဝါကို အဆင့် ၂ မသေမျိုးအဆင့်ထိသာ ဖိနှိပ်ထားသည်။
အဖိုးကြီးရှန့်ကလည်း အဆင့် ၆ မသေမျိုး ဖြစ်သော်လည်း အရှိန်အဝါကို အဆင့် ၂ အထိသာ ပြသထားရာ၊ ရှေ့မှ အဆင့် ၄ မသေမျိုး အပါအဝင် ဘုန်းကြီးငါးပါးလုံးမှာ မည်သည့် အရိပ်အယောင်ကိုမျှ ရိပ်မိခြင်း မရှိကြချေ။
"စီနီယာ... ကျွန်တော်တို့ သခင်နဲ့ အစေခံ နှစ်ယောက်စလုံးက ဖေးယွီကြယ်တာရာကပါ။ အမြဲတမ်း အပြင်မှာ ကုန်သွယ်ရင်း နယ်မြေအသစ်တွေ စူးစမ်းရှာဖွေနေကြတာပါ။
အခုတော့ စီးပွားရေးကလည်း မကောင်းတော့ဘူး၊ ရှေ့ပြေးတပ်ဖွဲ့လည်း လူစုကွဲသွားပြီဆိုတော့ ဖေးယွီကြယ်ကိုပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်တာပါ"
ဖန့်ချန်က လက်အုပ်ချီ၍ ဆိုသည်။
"ဖေးယွီကြယ်စုလား အဲဒါက ဒီကနေဆိုရင် အဝေးကြီးပဲ"
ခေါင်းဆောင်ဘုန်းကြီးက မျက်မှောင်ကြုတ်ကာ ဖန့်ချန်ကို စေ့စေ့ကြည့်ရင်း သူ လိမ်ညာနေခြင်း ရှိ၊ မရှိ အကဲခတ်နေသည်။
ထို့နောက် သူက ရုတ်တရက် ထပ်မေးသည်
"ရှေ့ပြေးတပ်ဖွဲ့က ဘယ်လိုဖြစ်ပြီး လူစုကွဲသွားတာလဲ မင်းတို့လှေပေါ်မှာ မင်းတို့ နှစ်ယောက်တည်းပဲ ရှိတာလား "
"ထိုက်ချန်းနယ်မြေမှာ စစ်ဖြစ်နေတာလေ စီနီယာ။ ကျွန်တော်တို့ ရှေ့ပြေးတပ်ဖွဲ့က ကံမကောင်းစွာနဲ့ စစ်မြေပြင်ထဲ မှားဝင်မိပြီး တိုက်ရိုက်ပတ်သက်မိလို့ လူစုကွဲသွားတာပါ။
ဒီလှေပေါ်မှာတော့ ကျွန်တော်တို့ သခင်နဲ့ အစေခံ နှစ်ယောက်ရယ်၊ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ရယ်ပဲ ရှိပါတယ်"
ဖန့်ချန်က မိယွီ ကို ထုတ်ပြလိုက်ပြီးနောက် ပြန်ထည့်လိုက်သည်။
ခေါင်းဆောင်ဘုန်းကြီးက ခေါင်းကို အသာအယာ ငြိမ့်ပြပြီးနောက်၊ ကျန်ဘုန်းကြီးလေးပါးကို လှေ၏ ထောင့်စေ့အောင် ရှာဖွေခိုင်းလိုက်သည်။ ပိတ်ပင်ထားသော ပစ္စည်းများ သို့မဟုတ် အခြားလူများ မရှိသည်ကို တွေ့ရတော့မှ သူက အပြုံးခပ်ပါးပါးဖြင့် ဆိုသည်။
"မင်းတို့နှစ်ယောက် မင်ဝမ်ကြယ်ထဲ ဝင်တော့မယ်ဆိုရင် စည်းကမ်းတွေကို သိတယ်မဟုတ်လား"
"သိပါတယ် စီနီယာ၊ လမ်းညွှန်လက်မှတ် ဝယ်ရမှာပါ"
ဖန့်ချန်က ခေါင်းညိတ်ပြသည်။
"ဒါဆိုရင်လည်း ပြီးတာပဲ။ ဂိတ်ကို ဖြတ်တဲ့အခါ မသေမျိုးကျောက်တုံးတွေကို ပြည့်ပြည့်စုံစုံ ပေးဆောင်ခဲ့ပါ၊ ပြဿနာ မရှာနဲ့"
စကားဆုံးသည်နှင့် ခေါင်းဆောင်ဘုန်းကြီးသည် သူ၏တပည့်များကို ခေါ်ဆောင်ကာ နောက်ထပ် လှေတစ်စင်းကို စစ်ဆေးရန် ထွက်ခွာသွားတော့သည်။
ဤနေရာတွင် လုံခြုံရေးမှာ အပြင်ပန်းကြည့်လျှင် တင်းကျပ်သယောင်ရှိသော်လည်း တကယ်တမ်း၌ အလွန်ပင် ပေါ့လျော့နေကြောင်း ဖန့်ချန် သတိပြုမိလိုက်သည်။
သူတို့သည် ဖေးယွီကြယ်စုက ဖြစ်ကြောင်း အထောက်အထား မတောင်းသလို၊ မင်ဝမ်ကြယ်သို့ မရောက်ခင် ဘယ်ကလာသလဲ ဆိုသည်ကိုလည်း အသေးစိတ် မမေးမြန်းကြချေ။
သူတို့၏ အဓိက ရည်ရွယ်ချက်မှာ လမ်းညွှန်လက်မှတ်ခ ပေးဆောင်ချိန်တွင် ပြဿနာမရှာရန် မှာကြားဖို့သာ ဖြစ်သည်။
ဤသည်မှာ ခူတုကျောင်းတိုက် သို့မဟုတ် ၎င်း၏ နောက်ကွယ်မှ မိစ္ဆာဝင်သူများသည် စစ်စရိတ်အတွက် ငွေရှာရန်သာ အဓိကထားနေကြောင်း သက်သေပြနေသည်။
မိစ္ဆာဝင်သူများ အုပ်ချုပ်သည့် နယ်မြေအတွင်းသို့ သူလျှိုများ ခိုးဝင်လာမည်ကိုပင် သူတို့ သိပ်ဂရုမစိုက်ကြချေ။
မကြာမီတွင် ဖန့်ချန်၏ မသေမျိုးလှေမှာ ဂိတ်ဝသို့ ရောက်ရှိလာသည်။ ငွေကောက်ခံသူမှာလည်း ခူတုကျောင်းတိုက်မှ ဘုန်းကြီးပင် ဖြစ်သည်။
"မင်းတို့မှာ လူနှစ်ယောက်၊ ဝိညာဉ်တိရစ္ဆာန် တစ်ကောင်ဆိုတော့ စုစုပေါင်း လမ်းညွှန်လက်မှတ် သုံးစောင် လိုမယ်။ တစ်စောင်ကို မသေမျိုးကျောက်တုံး တစ်ရာစီပဲ"
ငွေကောက်သော ဘုန်းကြီးက ခပ်အေးအေးပင် ဆိုသည်။
သူ၏ မျက်ဝန်းထဲတွင် မောက်မာမှုများ ရှိနေပြီး၊ မသေမျိုးကျောက်တုံး တစ်ရာဟု ကြားလျှင် ထိုနှစ်ဦး မည်သို့ တုံ့ပြန်မည်ကို အကဲခတ်နေသည်။
"အိမ်မွေးတိရစ္ဆာန်ကလည်း လမ်းညွှန်လက်မှတ်ခ ပေးရတာလား"
ဖန့်ချန်က ထူးဆန်းသော မျက်နှာပေးဖြင့် မေးလိုက်ပြီး ချက်ချင်း ငွေမထုတ်ပေးသေးပေ။
"တိရစ္ဆာန်က မင်းနောက်လိုက်လာတာဆိုတော့ လမ်းညွှန်ခ ပေးရမှာပေါ့။ မဟုတ်ရင်တော့ မင်းတို့နှစ်ယောက်ပဲ ဝင်သွားပြီး တိရစ္ဆာန်ကို အပြင်မှာ ပစ်ထားခဲ့လိုက်လေ၊ မသေမျိုးကျောက်တုံး တစ်ရာ သက်သာတာပေါ့"
ဘုန်းကြီးက မျက်မှောင်ကြုတ်ကာ ဆိုသည်။
ဖန့်ချန်က အပိုစကား မပြောတော့ဘဲ မသေမျိုးကျောက်တုံး သုံးရာကို ထုတ်၍ ပေးလိုက်သည်။
ဘုန်းကြီးက စစ်ဆေးပြီးနောက် သုံးဦးလုံးအတွက် တိုကင်တစ်ခုစီ ပေးလိုက်သည်။
တိုကင်ပေါ်တွင် မင်ဝမ်ခူတု ဟူသော စာလုံးလေးလုံးကို ရေးထွင်းထားသည်။
၎င်းပေါ်တွင် အနည်းငယ်သော ဗုဒ္ဓအလင်းတန်း များ ကိန်းဝပ်နေရာ၊ ခူတုကျောင်းတိုက်မှ အတုအပ မလုပ်နိုင်ရန် အထူးပြုလုပ်ထားသော အရှိန်အဝါ ဖြစ်ကြောင်း သိသာလှသည်။
"ဘာ လူတစ်ယောက်ကို လမ်းညွှန်ခ တစ်ရာ ဟုတ်လား မိတ်ဆွေ... ဒါက မသေမျိုးကျောက်တုံး တစ်ရာနော်၊ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာ မဟုတ်ဘူး။ ကျွန်တော်တို့ အပြင်မှာ ဘယ်နှစ်နှစ်လောက် ရုန်းကန်မှ မသေမျိုးကျောက်တုံး တစ်ရာ ရမလဲဆိုတာ ခင်ဗျား သိလား။
ကံကောင်းရင်တောင် ဆယ်စုနှစ်နဲ့ချီ ကြာမယ်၊ ကံမကောင်းရင် အနှစ် ရာနဲ့ချီတောင် မရနိုင်ဘူး၊ ရှုံးတောင် ရှုံးဦးမှာ "
ဘေးက လှေပေါ်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဖန့်ချန်ကို အရင်က နှုတ်ဆက်ခဲ့သည့် ရင်းနှီးဖော်ရွေသော ကျင့်ကြံသူပင် ဖြစ်သည်။ သူသည် မြင့်မားလှသော လမ်းညွှန်ခအပေါ် မကျေမနပ် ဖြစ်နေခြင်းပင်။
သို့သော် နောက်တစ်ခဏတွင် အဆင့် ၄ မသေမျိုး ဘုန်းကြီးအချို့သည် သူတို့၏ တပည့်များနှင့်အတူ ဟင်းလင်းပြင်ကို ဖြတ်၍ ရောက်လာကြပြီး ထိုကျင့်ကြံသူကို အေးစက်စွာ ကြည့်လိုက်ကြသည်။
"လမ်းညွှန်ခ မပေးချင်ရင် လာတဲ့လမ်းအတိုင်း ပြန်လှည့်သွားလို့ရတယ်၊ မင်ဝမ်ကြယ်ထဲ မဝင်နဲ့။ ဒီမှာ ပြဿနာလာရှာနေမယ်ဆိုရင်တော့ မင်းတို့ကို သူလျှိုအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးလိုက်မယ်၊ ပြန်ဖို့လည်း မစဉ်းစားနဲ့တော့"
ခူတုကျောင်းတိုက်မှ ဘုန်းကြီးတစ်ပါးက အေးစက်စွာ ဆိုလိုက်သည်။
"ကျွန်တော် ပေးပါ့မယ်"
ထိုကျင့်ကြံသူက ချက်ချင်းပင် အရှုံးပေးလိုက်ကာ၊ နှမျောတသစွာဖြင့် လမ်းညွှန်ခ ပေးဆောင်လိုက်ရသည်။
ကံကောင်းသည်မှာ သူ၏လှေပေါ်တွင် သူတစ်ဦးတည်းသာ ရှိသဖြင့် မသေမျိုးကျောက်တုံး တစ်ရာသာ ကုန်ကျခြင်းပင်။
ငွေရရှိသွားသည်နှင့် ခူတုကျောင်းတိုက်မှ ဘုန်းကြီးများလည်း ပြန်လည် ထွက်ခွာသွားကြသည်။
ဖန့်ချန်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး၊ ငွေကောက်သော ဘုန်းကြီးထံမှ ဟင်းလင်းပြင် ကြယ်တာရာ အစီအရင်ကြီး တည်ရှိရာ အရပ်ကို မေးမြန်းလိုက်သည်။ ထို့နောက် မသေမျိုးလှေကို ထိန်းချုပ်ကာ မင်ဝမ်ကြယ်ထဲသို့ ဝင်ရောက်၍ အစီအရင်ကြီးရှိရာဆီသို့ ပျံသန်းလာခဲ့သည်။
ရင်းနှီးဖော်ရွေသော ကျင့်ကြံသူသည်လည်း အစီအရင်ကြီးဆီသို့ သွားမည့်ပုံရပြီး၊ ခရီးစဉ်မှာ အတူတူပင် ဖြစ်နေသည်။ ထိုသူသည် ဖန့်ချန်၏ လှေနှင့် အရှိန်ချင်း ညှိကာ ဘေးချင်းယှဉ်ပျံသန်းရင်း စကားစမြည် ပြောဆိုလာသည်။
ဖန့်ချန်က ထိုသူမှာ သတင်းအချက်အလက် စုံလင်သူဖြစ်ကြောင်း မြင်သဖြင့်၊ လှေတစ်စင်းစီမှ အော်ဟစ်ပြောဆိုနေရသည်မှာ အလုပ်ရှုပ်သောကြောင့် မိမိ၏လှေပေါ်သို့ တိုက်ရိုက် တက်လာရန် ဖိတ်ခေါ်လိုက်သည်။
"မိတ်ဆွေ လင် က မိစ္ဆာဝင်သူတစ်ယောက်လား"
ခဏတာ စကားပြောပြီးနောက် ဖန့်ချန်က မေးလိုက်သည်။
လင်ချန် က ရယ်မောလျက် ဆဲရေးလိုက်သည်
"ကျွန်တော်သာ မိစ္ဆာဝင်သူဆိုရင် ခူတုကျောင်းတိုက် ဘုန်းကြီးတွေက ကျွန်တော့်ဆီက လမ်းညွှန်ခ တောင်းရဲပါ့မလား ကျွန်တော်က သူတို့ဆီက ပြန်တောင်းရမှာပေါ့"
စကားအဆုံးတွင် သူက သက်ပြင်းချလိုက်သည်
"နှမြောစရာပဲဗျာ၊ ကျွန်တော်လည်း မိစ္ဆာဘေးဒုက္ခနဲ့ ကြုံခဲ့ရပေမဲ့ မိစ္ဆာတော့ မဝင်ခဲ့ဘူး။
အကယ်၍သာ မိစ္ဆာဝင်ခဲ့မယ်ဆိုရင် အခုအချိန် ထိုက်ချန်းနယ်မြေမှာ ကျွန်တော့်ရဲ့ အဆင့်အတန်းက သေးမှာမဟုတ်ဘူး။
ကြားတာတော့ မိစ္ဆာဝင်သူတွေမှာ မဟာမိတ်အဖွဲ့ကြီး ရှိတယ်တဲ့၊ အခု ထိုက်ချန်းနယ်မြေရဲ့ ၆၀-၇၀ ရာခိုင်နှုန်းလောက်ကို အဲဒီအဖွဲ့ကပဲ အုပ်ချုပ်နေတာ။
အရင်က သာမန် ကျင့်ကြံသူအဆင့်ပဲ ရှိတဲ့လူတွေတောင် မိစ္ဆာဝင်သွားလို့ အဲဒီထဲမှာ ရာထူးကောင်းကောင်းတွေရပြီး အဆင့်အတန်း မြင့်မားသွားတာတွေ ရှိတယ်ဗျ၊ အားကျစရာပဲ"
ပြောပြီးနောက် သူက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ
"မိတ်ဆွေ ကျန်း ကော မိစ္ဆာဝင်သူ မဟုတ်ဘူးမလား"
"မဟုတ်ပါဘူး" ဖန့်ချန်က ပြုံး၍ ခေါင်းခါပြသည်။
"ကျွန်တော် ထင်သားပဲ။ မိတ်ဆွေသာ မိစ္ဆာဝင်သူဆိုရင် လမ်းညွှန်ခ ပေးစရာ မလိုဘူးလေ။
ဒီခူတုကျောင်းတိုက် ဘုန်းကြီးတွေကတော့ တကယ့်ကို အရှက်မရှိတာဗျာ၊ မိစ္ဆာဝင်သူတွေဘက်ကို ကပ်လိုက်ရုံတင်မကဘူး၊ အဲဒါကို အကြောင်းပြပြီး ကိုယ်ကျိုးရှာနေကြတာ။
ဒီတစ်နှစ်တည်းမှာတင် သူတို့ မသေမျိုးကျောက်တုံး ဘယ်လောက်တောင် ကောက်ရလိုက်ပြီလဲ မသိဘူး"
လင်ချန်က အေးစက်စွာ ဆိုသည်။
"မိတ်ဆွေ လင်က မိစ္ဆာဝင်သူတွေကို တော်တော် မုန်းပုံရတယ်၊ ဘာလို့ မင်ဝမ်ကြယ်ကို လာတာလဲ ဝမ်တောက်မသေမျိုးဂိုဏ်း ဘက်ကို သွားလို့ရတာပဲ၊ သူတို့အုပ်ချုပ်တဲ့ နယ်မြေကလည်း ကျယ်တာပဲလေ"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
"ဘယ်သူက မမုန်းဘဲ နေမလဲ သူတို့ကြောင့်သာ မဟုတ်ရင် ထိုက်ချန်းနယ်မြေက ဒီလောက် ဖရိုဖရဲ ဖြစ်ပါ့မလား။
ဒါပေမဲ့ မုန်းတာက မုန်းတာပေါ့ဗျာ၊ ကျွန်တော့်အိမ်က ဒီမှာရှိနေတာ ဘယ်ကို ပြေးရမှာလဲ။
တော်သေးတာက ဒီမိစ္ဆာဝင်သူတွေက လုပ်ပုံကိုင်ပုံ အတော်လေး ကြင်နာကြတယ်ဗျ။ သူတို့ကို ပြန်မခုခံသရွေ့ ဘာမှမဖြစ်ဘူး၊ နေ့တိုင်း ဆဲနေလည်း သူတို့ ဂရုမစိုက်ဘူး"
လင်ချန်က သက်ပြင်းချရင်း ဆိုသည်။
ဖန့်ချန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ခရီးဆက်လာခဲ့သည်။
ကြင်နာတယ် ဟုတ်လား နိုးထလာတဲ့ မိစ္ဆာမျိုးနွယ်တွေရဲ့ မျက်လုံးထဲမှာ လူတိုင်းဟာ မိစ္ဆာမျိုးနွယ်တွေပဲ၊ နိုးထမလာသေးတာပဲ ရှိတာ။ မလိုအပ်ဘဲနဲ့ ကိုယ့်လူမျိုးအချင်းချင်း ဘယ်သူက သတ်ဖြတ်နေမှာလဲ။
ရက်အနည်းငယ် ကြာပြီးနောက်...
မသေမျိုးလှေသည် ကြီးမားလှသော မြို့တော်ကြီးတစ်ခု၏ အထက်ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။
မြို့လယ်ကောင်ရှိ ဟင်းလင်းပြင် ကြယ်တာရာ အစီအရင်ကြီးကို သာမန်မျက်စိဖြင့်ပင် မြင်နေရပြီ ဖြစ်သည်။
ဖန့်ချန်က မသေမျိုးလှေကို သိမ်းဆည်းလိုက်ပြီး လူစုခွဲကာ အစီအရင်ကြီးရှိရာဆီသို့ ပျံသန်းသွားကြသည်။
သူတို့ အစီအရင်ကြီး၏ ရှေ့သို့ ရောက်ရှိသွားသောအခါမှ၊ ထိုအစီအရင်ကြီးကို လူအင်အားဖြင့် ပိတ်ဆို့ထားကြောင်း တွေ့လိုက်ရသည်။
လင်ချန် မှင်တက်သွားပြီး အခြေအနေကို သွားရောက် စုံစမ်းလိုက်သည်။ ထို့နောက် သူသည် ထူးဆန်းသော မျက်နှာပေးဖြင့် ဖန့်ချန်၏ ရှေ့သို့ ပြန်ရောက်လာသည်။
"မိတ်ဆွေ ကျန်း... ကျွန်တော်တို့ ခဏတဖြုတ်တော့ သွားလို့ရမှာ မဟုတ်တော့ဘူးဗျ။ မိစ္ဆာဝင်သူတွေက အရေးကြီးတဲ့ ဝရမ်းပြေးတစ်ယောက်ကို ဖမ်းဖို့ လုပ်နေတာမို့လို့ ဟင်းလင်းပြင် ကြယ်တာရာ အစီအရင်ကြီးကို ခေတ္တ ပိတ်ထားလိုက်ပြီတဲ့... တောက် တကယ် ကံဆိုးတာပဲ "
အခန်း (၁၇၁၆) - အပြစ်ပုံချခံရခြင်း
အရေးကြီးသော ဝရမ်းပြေးကို ဖမ်းဆီးမည် ဟုတ်လား
ဖန့်ချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ မိစ္ဆာနိုးထလာသူများသည် ကျန်းရှောက်မင်ကို လိုက်ရှာနေခြင်းလောဟု သူ သံသယဝင်မိ၏။ သို့မဟုတ် တစ်ဖက်လူက တစ်စုံတစ်ရာကို သိရှိသွားပြီး၊ ကောင်းကင်ဘုံဝင်စားသူဟု ယူဆရသူ သုံးရာကို စုစည်းခွင့်မရအောင် အရပ်ရပ်ရှိ ဟင်းလင်းပြင် ကြယ်တာရာ အစီအရင်ကြီးများကို တိုက်ရိုက် ပိတ်ပစ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။
"တကယ်လို့ တိုက်ရိုက်ပိတ်လိုက်တာဆိုရင်တော့ အချိန်အတော်ကြာတဲ့အထိ ပြန်ဖွင့်မှာမဟုတ်ဘူး၊ ဒါဆိုရင် တခြားနည်းလမ်း ရှာရတော့မယ်"
ဖန့်ချန် အနည်းငယ် စိတ်ပျက်သွားရသည်။ မူလက သူ၌ အဆင်ပြေဆုံး ခရီးသွားနည်းလမ်း ရှိသော်လည်း၊ အထက်ဘုံသုံးဘုံ၏ ယင်လောကကို မိစ္ဆာမျိုးနွယ်များက တားမြစ်ပညာရပ်ဖြင့် ပိတ်ဆို့ထားသည်။
အကယ်၍ ဤမရဏလမ်း များအားလုံးကို ဖွင့်နိုင်ပြီး ဖေးယွီကြယ်စုနှင့် သက်ဆိုင်သော ယင်မြို့တော်ကို သိရှိခဲ့ပါက၊ ဖေးယွီကြယ်စုသို့ သွားရန်မှာ နေ့တစ်ဝက်မျှသာ ကြာမြင့်ပေလိမ့်မည်။
"သခင်လေး... ဒါဆိုရင် ကျွန်တော်တို့ ဒီမှာပဲ ခဏတဖြုတ် တည်းခိုဖို့ နေရာတစ်ခု အရင်ရှာကြမလား"
အဖိုးကြီးရှန့်က တိုးတိုးလေး မေးလိုက်သည်။
"ခဏလောက် တည်းဖို့ နေရာရှာရမှာပေါ့"
ဖန့်ချန်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
လင်ချန်မှာမူ ယခုထိ တတွတ်တွတ် ရေရွတ်ရင်း ခူတုကျောင်းတိုက်၏ မကောင်းကြောင်းများကို ပြောနေဆဲပင်။
"မိတ်ဆွေကျန်း... ခင်ဗျား ပြောကြည့်စမ်း၊ ဒီခူတုကျောင်းတိုက်က ဘယ်လောက် စိတ်ဓာတ်ပုတ်သလဲဆိုတာ။ သူတို့ နှလုံးသားတွေကတော့ မည်းပုပ်နေပြီ ထင်တာပဲ။ ဒီက အစီအရင်ကြီးကို သုံးလို့မရတာ သိသိကြီးနဲ့ ကျွန်တော်တို့ဆီက လမ်းညွှန်ခကို ကောက်သေးတယ်၊ တစ်ခွန်းတောင် သတိမပေးဘူး။
တကယ်လို့ သိခဲ့ရင် ကျွန်တော် လမ်းပတ်သွားလို့ ရတာပေါ့။ အခုတော့ မသေမျိုးကျောက်တုံးတွေလည်း ပေးပြီးပြီဆိုတော့ သွားချင်ရင်တောင် သွားလို့မရတော့ဘူး"
လင်ချန်မှာ နှမျောတသ ဖြစ်နေရှာသည်။
"မိတ်ဆွေလင်... အခြေအနေက ဖြစ်လာမှတော့ ခင်ဗျားလည်း တည်းခိုဖို့ နေရာအရင်ရှာလိုက်ပါဦး။ ကျွန်တော်တို့ သခင်နဲ့ အစေခံလည်း နားခိုဖို့ နေရာရှာရဦးမယ်၊ နောက်မှ အားတဲ့အခါ ပြန်ဆုံကြတာပေါ့"
ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်ကာ အဖိုးကြီးရှန့်ကို ခေါ်၍ လှည့်ထွက်လာခဲ့သည်။
လင်ချန်က ဟိုဟိုဒီဒီ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် လိုက်လာတော့သည်။
"မိတ်ဆွေကျန်း... ကျွန်တော်တို့က တွေ့တွေ့ချင်း ခင်သွားကြတာပဲလေ၊ နေရာခွဲပြီး မရှာတော့ဘဲ နီးနီးနားနားမှာပဲ အတူတူ တည်းကြရအောင်။ ဘာပြဿနာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ကူညီလို့ ရတာပေါ့"
"ဒါလည်း ကောင်းတာပဲ" ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။
သူတို့သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက်၊ နောက်ဆုံးတွင် ဟင်းလင်းပြင် ကြယ်တာရာ အစီအရင်ကြီးနှင့် မနီးမဝေးရှိ စားသောက်ဆိုင် တစ်ခုတွင် အခြေချလိုက်ကြသည်။
ထိုစားသောက်ဆိုင်မှာ အလတ်စား အရွယ်အစား ဖြစ်သော်လည်း သီးသန့်ဝင်းလေးများ ရှိပြီး ဈေးနှုန်းမှာလည်း မကြီးလှပေ။ မသေမျိုးကျောက်တုံး တစ်တုံးလျှင် တစ်လ တည်းခိုနိုင်သည်။
ဖန့်ချန်နှင့် အဖိုးကြီးရှန့်က သီးသန့်ဝင်းလေးတစ်ခုကို ငှားရမ်းလိုက်ပြီး၊ လင်ချန်မှာမူ မသေမျိုးကျောက်တုံးကို နှမြောသဖြင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးဖြင့်သာ ပေးချေရသော သာမန် အခန်းတစ်ခန်းတွင် တည်းခိုလိုက်သည်။
နောက်လာမည့် လအနည်းငယ်အတွင်း...
ခူတုကျောင်းတိုက်မှ ဘုန်းကြီးများသည် ခဏခဏ လာရောက် စစ်ဆေးကြပြီး ဖန့်ချန်နှင့် အဖိုးကြီးရှန့်၏ နောက်ကြောင်းကို တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါတလဲလဲ မေးမြန်းကြသည်။ အစပိုင်းတွင် အကြိမ်ရေ မများသော်လည်း အချိန်အတန်ကြာလာသောအခါ သုံးရက်လျှင် တစ်ကြိမ်နှုန်းဖြင့် ဘုန်းကြီးအုပ်စုများ ရောက်လာကာ ရှာဖွေစစ်ဆေးကြတော့သည်။
ဖန့်ချန်တို့ဆီတင်မကဘဲ စားသောက်ဆိုင်ရှိ အခြားတည်းခိုသူများကိုလည်း ဤကဲ့သို့ပင် မေးမြန်းစစ်ဆေးခံရသည်။ နောက်ဆုံးတွင် ခူတုကျောင်းတိုက် ဘုန်းကြီးများသည် ကျန်းရှောက်မင်၏ ပုံတူပန်းချီကို ကိုင်ဆောင်ကာ နေရာအနှံ့ လူလိုက်ရှာကြတော့သည်။
မိစ္ဆာမျိုးနွယ်များဘက်က ကျန်းရှောက်မင်၏ ခရီးစဉ်လမ်းကြောင်းကို အကြမ်းဖျင်း သိရှိသွားပြီဖြစ်ကြောင်း ဖန့်ချန် အတည်ပြုနိုင်လိုက်သည်။
မိစ္ဆာမျိုးနွယ်တွေက ကောင်းကင်ဘုံဝင်စားသူ တချို့ကို ဖမ်းမိထားပြီးပြီလား သူတို့ထဲမှာလည်း တာအိုဂိုဏ်းရဲ့ တွက်ချက်ခြင်းပညာကို တတ်တဲ့သူတွေ ရှိနေလို့ ကျန်းရှောက်မင်ရဲ့ တည်နေရာကို ခန့်မှန်းနေကြတာလား။
ဒါမှမဟုတ် မိစ္ဆာဘိုးဘေးက မိစ္ဆာဘေးဒုက္ခအတွင်းမှာ သူ့ခန္ဓာကိုယ်ပေါ်မှာ တစ်ခုခု ချိတ်ထားခဲ့တာလား။
ဖန့်ချန် စဉ်းစားနေစဉ်အတွင်းမှာပင် သီးသန့်ဝင်း၏ တံခါးကြီး ပွင့်သွားပြီး လူတစ်စု ဝင်လာကြပြန်သည်။ အဖိုးကြီးရှန့်က ချက်ချင်းပင် ဖန့်ချန်၏နောက်တွင် ရပ်လိုက်သည်။
ပထမဆုံး ဝင်လာသူများမှာ ခူတုကျောင်းတိုက်မှ ဘုန်းကြီးများ ဖြစ်သည်။ ပုံမှန်အတိုင်း မေးမြန်းပြီး ပြန်သွားကြမည်ဟု ထင်မှတ်ထားသော်လည်း၊ ဤတစ်ကြိမ်တွင်မူ ထိုဘုန်းကြီးများသည် စကားမပြောဘဲ ဘေးသို့ ရိုသေစွာ ဆုတ်ပေးလိုက်ကြသည်။
ထို့နောက် လူငယ် အမျိုးသား၊ အမျိုးသမီး တစ်စု ဝင်လာကြသည်။ စုစုပေါင်း ရှစ်ဦးဖြစ်ပြီး၊ တစ်ဦးချင်းစီမှာ ထူးခြားသော အရှိန်အဝါများ ရှိကြရာ အမာခံတပည့်များ ဖြစ်ကြောင်း သိသာလှသည်။
"အရှင်... ဒီသခင်နဲ့ အစေခံပါပဲ။ အောက်ခြေလူတွေ ပြောတာတော့ သူတို့ ဒီကို ရောက်တာ ခြောက်လတောင် မပြည့်သေးဘူးတဲ့၊ အရှင် သတ်မှတ်ထားတဲ့ အချိန်နဲ့ အတော်လေး နီးစပ်ပါတယ်"
ခူတုကျောင်းတိုက် ဘုန်းကြီးတစ်ပါးက ရိုသေစွာ ဆိုလိုက်သည်။
ဖန့်ချန် ထိုဘုန်းကြီးကို မှတ်မိသည်။ ဤအတောအတွင်း ထိုသူသည် သူတို့ဆီသို့ မကြာခဏ လာရောက်ခဲ့သူ ဖြစ်သည်။
ခြောက်လ မပြည့်သေးဘူး... ဒါဆိုရင် သူတို့ရဲ့ ရှာဖွေမှုက 'ခြောက်လအတွင်း မင်ဝမ်ကြယ်ကို ဝင်လာသူတွေ' ဆိုတဲ့ ဘောင်ထဲမှာ ရှိနေတာပေါ့။
ဖန့်ချန်၏ စိတ်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားသော်လည်း ဘာမှ မပြောဘဲ တစ်ဖက်လူ ဘာလုပ်မည်ကိုသာ စောင့်ကြည့်နေလိုက်သည်။ တစ်ဖက်လူက ကျန်းရှောက်မင်ကို မည်သည့်နည်းဖြင့် ရှာဖွေမည်ကို သူ သိချင်နေသည်။
ဘုန်းကြီးက 'အရှင်' ဟု ခေါ်ဆိုသည့် လူငယ်က အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက်၊ ဖန့်ချန်ကို ခဏမျှ အကဲခတ်ကာ သူ၏ မျက်ခုံးနှစ်ခုကြားမှ အက်ကြောင်းတစ်ခုကို ရုတ်တရက် ဖွင့်လိုက်သည်။
ထိုအက်ကြောင်းထဲတွင် အတိုင်းအဆမရှိသော မသေမျိုးစွမ်းအင်များ လှုပ်ခတ်နေပြီး နတ်ဘုရားအလင်းတန်းများ ဝေ့ဝဲနေ၏။ ဖန့်ချန်သည် အေးစိမ့်သော အရှိန်အဝါတစ်ခု သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ဟု ခံစားလိုက်ရပြီး၊ သူ၏ နတ်ဘုရားဝိညာဉ် က အနည်းငယ် လှုပ်ခတ်သွားသည်နှင့် ထိုခံစားချက်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားတော့သည်။
"သူ့ဆီမှာ အစီအရင်ဗဟိုချက် မရှိဘူး"
လူငယ်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး လှည့်ထွက်သွားသည်။ ခူတုကျောင်းတိုက် ဘုန်းကြီးများလည်း ချက်ချင်း လိုက်သွားကြတော့၏။
ထိုလူစုမှာ လာတုန်းကကဲ့သို့ပင် မြန်မြန်ဆန်ဆန် ပြန်ထွက်သွားကြပြီး ဖန့်ချန်နှင့် စကားတစ်ခွန်းမျှပင် မပြောခဲ့ကြချေ။
အစီအရင်ဗဟိုချက် မရှိဘူး ဟုတ်လား
အဖိုးကြီးရှန့်က ခေါင်းငုံ့ထားသော်လည်း သူ၏မျက်နှာမှာ ထူးဆန်းနေသည်။ အမာခံတပည့်ဖန့်ရဲ့ ကိုယ်ပေါ်မှာ အစီအရင်ဗဟိုချက် ဘယ်လိုလုပ် မရှိဘဲ နေမှာလဲ။
ကြည့်ရတာ သူတို့က ကျန်းရှောက်မင်ကို ရှာမတွေ့တော့၊ လိုက်ပို့တဲ့လူဆီကနေ စပြီး လက်စဖျောက်ဖို့ ကြံနေတာပဲ။ အင်အားကြီးဂိုဏ်းတွေက အမာခံတပည့်တွေကို သုံးပြီး လူကိုယ်တိုင် လိုက်ပို့မယ်လို့ သူတို့ တွက်ထားပုံရတယ်။ ခုနက လူငယ်က တခြားလူရဲ့ ကိုယ်ပေါ်မှာ အစီအရင်ဗဟိုချက် ရှိ၊ မရှိကို မြင်နိုင်တာလား။
ဖန့်ချန် စဉ်းစားနေမိသည်။ တစ်ဖက်လူက သူ၏ အစီအရင်ဗဟိုချက်ကို မမြင်နိုင်ခြင်းမှာ သူ၏ ဝိညာဉ်က ဖုံးကွယ်ပေးထားခြင်းကြောင့် ဖြစ်ကြောင်း သိသာလှသည်။
ထိုစဉ်မှာပင် သာမန်တည်းခိုခန်းများရှိရာဘက်မှ ဆဲဆိုသံများ ရုတ်တရက် ထွက်ပေါ်လာပြီး၊ နောက်တစ်ခဏတွင် လူရိပ်တစ်ခုမှာ ဟင်းလင်းပြင်ကို ဖြတ်၍ ပျံတက်သွားကာ မသေမျိုးလှေတစ်စင်းကို ထိန်းချုပ်၍ အသည်းအသန် ထွက်ပြေးတော့သည်။
ခုနက လူငယ် ရှစ်ဦးသည်လည်း ထိုသူ၏နောက်သို့ ထပ်ကြပ်မကွာ လိုက်သွားကြသည်။ သူတို့၏ မသေမျိုးလှေများကို ဖန့်ချန် မြင်ဖူးသည်။ တစ်စင်းမှာ တာဝေစာကြည့်တိုက် မှဖြစ်ပြီး၊ နောက်တစ်စင်းမှာ နေနက်အင်ပါယာ နှင့် နောက်တစ်စင်းမှာ ကျို့ယိုမသေမျိုးဂိုဏ်း တို့မှ ဖြစ်ကြသည်။
ဖန့်ချန်အတွက် ဒါက မထူးဆန်းသော်လည်း၊ သူ့ကို အံ့အားသင့်စေသည်မှာ ထွက်ပြေးသွားသူမှာ လင်ချန် ဖြစ်နေခြင်းပင်
ဤသည်မှာ လင်ချန်သည် တစ်စုံတစ်ဦးသော ဂိုဏ်း၏ အမာခံတပည့် ဖြစ်နေနိုင်ကြောင်း ပြသနေသည်။
"အဖိုးကြီးရှန့်... ခင်ဗျား ဒီမှာ ခဏစောင့်နေ၊ ကျွန်တော် ခဏသွားလိုက်ဦးမယ်"
ဖန့်ချန်က မှာကြားလိုက်ပြီးနောက်၊ သူ၏ ကိုယ်ခန္ဓာမှာ အရိပ်ထဲသို့ ခဏချင်း ငုပ်လျှိုးသွားကာ ပျောက်ကွယ်သွားတော့သည်။
ရှန့်နင် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးမိနေသည်။
"တကယ့်ကို ကောင်းမွန်တဲ့ လှုပ်ရှားမှုပညာပဲ..."
သူသည် အဆင့် ၆ မသေမျိုး ဖြစ်သော်လည်း၊ ဖန့်ချန် မည်သို့ ထွက်ခွာသွားသည်ကိုပင် ရိပ်မိခြင်း မရှိချေ။ ဤသည်မှာ သူ စိတ်အေးသွားရသည့် အချက်ပင်။ သူတောင် မရိပ်မိမှတော့ ကျန်တဲ့လူတွေလည်း သိနိုင်မှာ မဟုတ်တော့ဘူး။
ဟင်းလင်းပြင်ထဲတွင် လင်ချန်သည် မသေမျိုးလှေကို အစွမ်းကုန် အရှိန်မြှင့်၍ ပျံသန်းနေသည်။ သူသည် နယ်စပ်ဂိတ်ဘက်သို့ မသွားပေ၊ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် လုံခြုံရေး ပိုမိုတင်းကျပ်ကြောင်း သူ သိနေသောကြောင့်ပင်။ ယခုကဲ့သို့ အခြေအနေမျိုးနှင့် သူ လုံးဝ ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။
တစ်ခုတည်းသော နည်းလမ်းမှာ မင်ဝမ်ကြယ်ပေါ်တွင်ပင် နောက်က လိုက်လာသူများကို အပြတ်အသတ် ခါထုတ်ပစ်ရန်ပင်။ ထိုက်ချန်းနယ်မြေမှ အမာခံတပည့် ရှစ်ဦးသည် မနားတမ်း လိုက်လာကြပြီး၊ သူတို့၏နောက်တွင်လည်း ခူတုကျောင်းတိုက် ဘုန်းကြီးအုပ်စုကြီး ပါလာသည်။
လင်ချန် နောက်သို့ လှည့်ကြည့်ကာ ချက်ချင်းပင် အော်ဟစ် ဆဲဆိုလိုက်တော့သည်။
"မင်းတို့ ထိုက်ချန်းနယ်မြေက အမာခံတပည့်တွေက ဒီလောက်တောင် အရှက်မရှိတာလား လူအများကြီးနဲ့ တစ်ယောက်တည်းကို ဝိုင်းနှိပ်စက်နေကြတာလားတတ်နိုင်ရင် ငါ့ရဲ့ နတ်ဘုရားဘုရင်နယ်မြေ ထိ လိုက်ခဲ့စမ်းပါ၊ ငါ မင်းတို့ကို ပါးရိုက်ပြီး သတ်ပစ်မလား ကြည့်ရတာပေါ့ "
ခုနက မျက်ခုံးကြားတွင် ထူးခြားသော အစွမ်းရှိသည့် လူငယ်က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည်။
"မိတ်ဆွေ... 'ရောက်တဲ့အရပ်က ထုံးစံကို လိုက်ရတယ်' ဆိုတာ မသိဘူးလား မင်းလည်း ပြေးစရာလမ်း မရှိတော့ဘူးလို့ ခံစားနေရပြီဆိုရင်တော့ ရပ်လိုက်ပါ၊ ငါတို့ ကောင်းကောင်းမွန်မွန် စကားပြောရအောင်။ မင်း ဘယ်ကလာတာပဲဖြစ်ဖြစ်၊ ငါတို့နဲ့ စကားပြောလို့ တည့်မယ်ဆိုရင် သူငယ်ချင်းတွေ ဖြစ်သွားနိုင်တာပဲ "
"စကားပြောစရာလား မင်းတို့ ဘာကြံစည်နေလဲဆိုတာ ငါ မသိဘူး မမှတ်နဲ့။ ဟွန်း... မင်းတို့လို အရှက်မရှိတဲ့ မိစ္ဆာဝင်သူတွေက ငါ့ကို မင်းတို့အဖွဲ့ထဲ ဆွဲသွင်းချင်နေတာပဲ၊ ငါ အဲဒီလောက် မအဘူးကွ "
လင်ချန်က အော်ဟစ်နေသည်။
လူငယ်၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားပြီး အေးစက်စွာ ဆိုလိုက်သည်။
"မင်းကို အဖွဲ့ထဲ သွင်းမယ် ဟုတ်လား မင်းက အဲဒီလောက် တန်ဖိုးရှိလို့လား မင်း လိုက်ပို့နေတဲ့လူကိုသာ အပ်လိုက်စမ်းပါ၊ မင်းကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးမယ်။ အမာခံတပည့် တစ်ယောက်ဆိုတာ ငါတို့အတွက်တော့ သိပ်အရေးမပါဘူး၊ ဒါကြောင့် ငါတို့ ကတိဖျက်မှာ မဟုတ်ဘူး"
အရိပ်ထဲတွင် ဖန့်ချန်သည် နဂါးနက်လှေကို စီးနင်းကာ သူတို့၏ အထက်ကောင်းကင်ယံမှ လိုက်ပါလာနေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ၊ ထိုလူအုပ်ကြီးသည် လင်ချန်ကို သူ (ဖန့်ချန်) ဟု ထင်မှားနေကြပြီဖြစ်ကြောင်း သူ အသေအချာ ယုံကြည်သွားတော့သည်။