အခန်း (၁၇၁၇-၁၇၁၈)
Vol. 172 Ch. 1717-1718
အခန်း (၁၇၁၇) - ဓားတစ်ချက်
"လိုက်ပို့နေတဲ့လူ ဟုတ်လား ဘယ်သူလဲ မင်းတို့ ဘာတွေပြောနေတာလဲ "
လင်ချန် ခေတ္တမျှ မှင်တက်သွားပြီးနောက် ပြန်လည်ဆဲဆိုလိုက်သည်။
"မင်းတို့ လူမှားနေပြီ မဟုတ်လား ငါတစ်ယောက်တည်း ဒီကိုလာတာ တာဝန်တစ်ခုခု ရှိလို့ဆိုတာ ဝန်ခံပါတယ်၊ ဒါပေမဲ့ မင်းတို့ပြောနေတဲ့ ကိစ္စနဲ့တော့ လုံးဝမတူဘူး "
"ဟန်မဆောင်စမ်းနဲ့၊ မင်းလို အမာခံတပည့်တစ်ယောက်က ဘယ်လိုတာဝန်မျိုးမို့လို့ ဒီကို ခိုးဝင်လာရမှာလဲ။
မင်းတို့ နတ်ဘုရားဘုရင်နယ်မြေက အမာခံတွေဟာ ထိုက်ချန်းနယ်မြေကို ရောက်လာရင် အစီအရင်လှေ ထဲမှာပဲ နေ့တိုင်းအိပ်ချင်နေကြတာ၊ မတော်တဆ ခေါင်းပြတ်ပြီး အသက်ပျောက်သွားမှာကို သေမလောက် ကြောက်ကြတာ မဟုတ်လား။
ဒါပေမဲ့ အခု မင်းကိုကြည့်စမ်း... အစီအရင်လှေကိုတောင် စွန့်ခွာပြီး တစ်ယောက်တည်း တာဝန်လာထမ်းဆောင်တယ်။
ဒါကို ငါတို့က ယုံမယ်ထင်နေတာလား တကယ်လို့ တခြားတာဝန်ဆိုရင် အပြင်စည်းကျင့်ကြံသူ တစ်ယောက်ယောက်ကို ခိုင်းလိုက်ရင် မရဘူးလား"
လူငယ်က အေးစက်စွာ ချေပလိုက်သည်။
ထိုစကားများက လင်ချန်ကို ခဏမျှ ဆွံ့အသွားစေသည်။
"ဒါကြောင့် လူကိုသာ အပ်လိုက်စမ်းပါ၊ ငါတို့ မင်းကို လွှတ်ပေးမယ်။
မင်းအတွက်ကတော့ တာဝန်မအောင်မြင်ရုံပဲရှိတာ၊ အလွန်ဆုံး ဆူပူကြိမ်းမောင်းခံရရုံပေါ့။
မင်းရဲ့ အမာခံတပည့်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ဆိုရင် မင်းကို တကယ်အပြစ်ပေးဝံ့တဲ့သူ ရှိလို့လား "
လူငယ်က ဆက်လက်ဖြားယောင်းသွေးဆောင်နေသည်။
"မင်း ဒီနေ့ဒီအချိန်ထိ ရောက်လာဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရမှာပဲ။
ခဏတာ မာန်မာနကြောင့်နဲ့ ဒီနှစ်တွေတစ်လျှောက် ကြိုးစားခဲ့သမျှ အရာအားလုံးကို အဖျက်ဆီးမခံပါနဲ့"
"မင်းတို့ ပြောတာတွေအတွက် ငါပြောစရာမရှိပေမဲ့၊ ငါ တကယ်ပဲ ဘယ်သူ့ကိုမှ မင်ဝမ်ကြယ်ထဲ လိုက်ပို့မလာခဲ့ဘူး။
တကယ်လို့ မင်းတို့ ငါ့နောက်ကို ဆက်လိုက်နေဦးမယ်ဆိုရင်တော့ ငါ မင်းတို့နဲ့ အသေအလဲ တိုက်ရလိမ့်မယ်။
အားလုံးမှာ အစီအရင်လှေ မရှိကြဘူးဆိုတော့၊ ငါ တစ်ယောက်ယောက်ကို ဆွဲခေါ်ပြီး အတူတူ သေဖို့ကတော့ မခက်ဘူး မဟုတ်လား "
လင်ချန်က ရှက်ရမ်းရမ်းကာ အော်ဟစ်လိုက်သည်။
"တကယ်တော့ မခက်ပါဘူး"
အရိပ်ထဲတွင် ဖန့်ချန်သည် ဤလူစု၏ ကျင့်ကြံခြင်းအဆင့်ကို အကဲခတ်ပြီးဖြစ်သည်။
အမာခံတပည့် ရှစ်ဦးအနက် ထိုလူငယ်က အဆင့် ၅ မသေမျိုး ဖြစ်ပြီး အဆင့်အမြင့်ဆုံးဖြစ်သည်။
ကျန်ခုနစ်ဦးထဲတွင် အဆင့် ၄ နှစ်ဦးရှိပြီး၊ ကျန်သူများမှာ အဆင့် ၃ နှင့် အဆင့် ၂ များသာ ဖြစ်ကြသည်။
အနီးအနားရှိ ခူတုကျောင်းတိုက် ဘုန်းကြီးများမှာလည်း အဆင့် ၃ အောက်တွင်သာ ရှိကြသည်။
ဒီအဆင့် ၅ မသေမျိုးကိုတော့ ဆဌမမြောက်ဓား နဲ့တင် ဖြေရှင်းလို့ရတယ်။
ကျန်တဲ့လူတွေကတော့... ထည့်တွက်နေစရာတောင် မလိုဘူး။
အစီအရင်လှေ မရှိသော အမာခံတပည့်များသည်... ဖန့်ချန်၏ မျက်လုံးထဲတွင် သာမန်ကျင့်ကြံသူများနှင့် ဘာမှမထူးခြားချေ။
"အတူတူ သေမယ် ဟုတ်လား"
လူငယ်က အေးစက်စွာ ရယ်မောလိုက်သည်
"မင်းမှာ ငါတို့နဲ့အတူ သေဖို့ အရည်အချင်းလည်း မရှိဘူး၊ စွမ်းရည်လည်း မရှိဘူး။
ပြောစမ်း... လူကို ဘယ်မှာ ဝှက်ထားတာလဲ၊ တကယ်လို့ ထုတ်မပေးဘူးဆိုရင် သေရတာဟာ တကယ့်ကို ဇိမ်ခံမှုတစ်ခုလို့ မင်း ခံစားရစေရမယ်"
"ဘာလူလဲကွ ငါ မင်ဝမ်ကြယ်ထဲ ဝင်လာတုန်းက ချင်းမင်နယ်စပ်ဂိတ်မှာ ခူတုကျောင်းတိုက်က ကတုံးတွေ စစ်ဆေးတာ ခံခဲ့ပြီးပြီ။
ငါ တစ်ယောက်တည်းပဲ ရှိတာ၊ လမ်းညွှန်လက်မှတ်လည်း တစ်စောင်ပဲ ဝယ်ခဲ့တာ၊ မယုံရင် မင်းဘေးက ကတုံးတွေကို မေးကြည့် "
လင်ချန်က ဒေါသတကြီး ဆဲဆိုသည်။
လူငယ်က ခပ်ပြုံးပြုံးဖြင့်
"ငါ မေးပြီးပြီလေ၊ မင်း ဂိတ်ဝင်တုန်းက တွေ့သမျှလူတိုင်းကို လိုက်စကားပြောနေတယ်လို့ သူတို့ ပြောတယ်။
မင်း စကားပြောခဲ့တဲ့ ကျင့်ကြံသူတွေက မနည်းဘူးပဲ။ အဲဒီအချိန်မှာပဲ မင်း ဝှက်ထားတဲ့လူကို သူတို့ရဲ့ မသေမျိုးလှေတွေပေါ်မှာ ထည့်ပေးလိုက်တာ ဖြစ်နိုင်တယ်။
ငါတို့ကတော့ တစ်စင်းချင်းစီ လိုက်စစ်ဆေးသွားမှာပဲ၊ ဝှက်ထားတဲ့လူကို တစ်နေ့နေ့တော့ ရှာတွေ့မှာပါ။
ဒါပေမဲ့ မင်းကိုယ်တိုင် တိုက်ရိုက်ပြောပြပြီး ငါတို့အချိန်တွေကို မဖြုန်းဖို့ပဲ ငါ မျှော်လင့်တယ်"
"မင်းအမေကိုပဲ သွားပြောလိုက် ငါ့ကို အရင်ဖမ်းမိအောင် လုပ်နိုင်မှ ပြောစမ်းပါ"
လင်ချန်က ဆဲရေးလိုက်ပြီးနောက် စကားဆက်မပြောတော့ဘဲ မသေမျိုးလှေကို အစွမ်းကုန် မောင်းနှင်ကာ ထွက်ပြေးတော့သည်။
နှစ်ဖက်စလုံးသည် ဟင်းလင်းပြင်ထဲတွင် အပြင်းအထန် လိုက်တမ်းပြေးတမ်း ကစားနေကြသည်။
လူငယ်၏ မျက်ဝန်းများမှာ တဖြည်းဖြည်း မှောင်မှိုင်လာပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် သူသည် ရှေ့၌ တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ရှေ့မှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် သူသည် မသေမျိုးလှေကို အလိုအလျောက် ရပ်တန့်ရန် ကြိုးစားလိုက်သော်လည်း၊ လှေ၏အရှိန်က မြန်လွန်းနေသဖြင့် ချက်ချင်း ရပ်၍မရချေ။
ထို့နောက်...
ထိုလူငယ် အပါအဝင် အမာခံတပည့် ရှစ်ဦးနှင့် ခူတုကျောင်းတိုက် ဘုန်းကြီး ဆယ်ဂဏန်းကျော်တို့သည်... ရုတ်တရက် ပေါ်ပေါက်လာသော ထိုဓားချက်ကြောင့် မသေမျိုးလှေနှင့်အတူ အလယ်တည့်တည့်မှ နှစ်ခြမ်း ကွဲသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားအသိ သည် သူတို့၏ ရုပ်ခန္ဓာကို ခဏချင်းအတွင်း ချေမှုန်းဖျက်ဆီးပစ်လိုက်သည်။ တစ်စုံတစ်ဦးက လျှို့ဝှက်ကာကွယ်မှုများ ထားရှိခဲ့လျှင်တောင်မှ၊ ဤမျှ မြန်ဆန်လှသော ဓားချက်အောက်တွင် မည်သည့်အစွမ်းကိုမျှ မထုတ်နိုင်ဘဲ နေရာတင် အသက်ပျောက်သွားကြရသည်။
ဟင်းလင်းပြင်ထဲတွင် ဘာမှမသိနားမလည်သော မျက်နှာပေးများဖြင့် ဝိညာဉ်ပေါင်း နှစ်ဆယ်ကျော် ကျန်ရစ်ခဲ့သည်။
ထို့နောက် ထိုဝိညာဉ်များကို ယင်ဘူး ထဲသို့ စုပ်ယူခြင်း ခံလိုက်ရပြီး၊ တစ်ပါတည်း ပျက်စီးသွားသော အစီအရင်လှေ ရှစ်ခုကိုလည်း သိမ်းဆည်းလိုက်သည်။
အားလုံးပြီးစီးသွားသောအခါ ဖန့်ချန်သည် အရိပ်ထဲသို့ တစ်ဖန် ပြန်လည် ငုပ်လျှိုးသွားတော့သည်။
လင်ချန်မှာမူ အဆက်မပြတ် ထွက်ပြေးနေရင်း တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားရသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ၊ ကြောင်အသွားတော့သည်။
သူ့နောက်က လိုက်လာသည့် ရန်သူများမှာ မည်သည့်အချိန်က ပျောက်ကွယ်သွားမှန်း မသိတော့ချေ။
"သူတို့က ငါ့ရှေ့ကနေ ပိတ်ဆို့ဖို့ လမ်းဖြတ်သွားကြတာလား "
လင်ချန်က သံသယများဖြင့် မသေမျိုးလှေကို ရပ်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက်၊ သူသည် မသေမျိုးလှေကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး အောက်ဘက်ရှိ တောတောင်များထဲသို့ ငုပ်လျှိုးပျောက်ကွယ်သွားတော့သည်။
ဖန့်ချန်က လင်ချန်ထံမှ အကြည့်ကို လွှဲလိုက်ပြီး၊ နဂါးနက်လှေကို စီးနင်းကာ မင်ဝမ်ကြယ်ပေါ်တွင် လှည့်လည် ပျံသန်းနေသည်။
မူလက သူသည် ဤနေရာ၏ မရဏလမ်းကို ဖွင့်ရန် အစီအစဉ် မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ လက်ထဲတွင် ပြည့်စုံသော အစီအရင်ဗဟိုချက် တစ်ခုနှင့် ပျက်စီးနေသော အစီအရင်ဗဟိုချက် နှစ်ခုသာ ကျန်တော့သောကြောင့် ဖြစ်သည်။
သူသည် ထိုအဖိုးတန်ပစ္စည်းကို အရေးအကြီးဆုံးနေရာတွင် အသုံးပြုရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ သူသည် အမာခံတပည့် ရှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ပျက်စီးနေသော အစီအရင်ဗဟိုချက် ရှစ်ခု ထပ်မံရရှိခဲ့သဖြင့် လက်ထဲတွင် ပေါပေါများများ ရှိလာပြီဖြစ်သည်။
ထို့ပြင် ဤအမာခံတပည့် ရှစ်ဦး သေဆုံးသွားခြင်းကြောင့် မင်ဝမ်ကြယ်သည် မကြာမီ စစ်မြေပြင်တစ်ခု ဖြစ်လာပေလိမ့်မည်။
နောက်ထပ် ဖြစ်လာမည့် ပြဿနာများကို ရင်ဆိုင်နိုင်ရန် ဤနေရာ၏ မရဏလမ်းကို ဖွင့်ထားခြင်းက အကောင်းဆုံး ရွေးချယ်မှုပင်။
ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာပြီးနောက်...
ဖန့်ချန်သည် မင်ဝမ်ကြယ်၏ တံလျှပ်တောင်တန်းကို ရှာတွေ့ခဲ့သည်။
သူသည် ပထမဦးစွာ ပျက်စီးနေသော အစီအရင်ဗဟိုချက် တစ်ခုကို ထိုတောင်ပေါ်သို့ ပစ်တင်လိုက်သည်။
အစီအရင်ဗဟိုချက်သည် ကောင်းကင်ဘုံ၏ သွေး အဖြစ် ပြောင်းလဲသွားပြီး တောင်ပေါ်ရှိ တားမြစ်အဆောင်လက်ဖွဲ့များကို စတင် အရည်ပျော်စေသော်လည်း၊ အရှိန်မှာ အလွန်နှေးကွေးနေပြီး သွေးပမာဏ မလောက်ငှကြောင်း သိသာနေသည်။
ဖန့်ချန်က ပျက်စီးနေသော အစီအရင်ဗဟိုချက် နောက်တစ်ခုကို ထပ်မံ ပစ်ထည့်လိုက်သည်။
အစိမ်းရောင်ရှိသော ကောင်းကင်ဘုံ၏ သွေးများသည် နောက်ဆုံးတွင် ပြည့်စုံသွားပြီး တောင်ပေါ်ရှိ တားမြစ်ချက်များကို အမြန်ဆုံး ဖျက်ဆီးလိုက်တော့သည်။
ခဏအကြာတွင် ဤနေရာ၏ မရဏလမ်းမှာ လုံးဝ ပွင့်သွားခဲ့ပြီ ဖြစ်သည်။
"ပျက်စီးနေတဲ့ အစီအရင်ဗဟိုချက် နှစ်ခုက သာမန်နယ်မြေတစ်ခုရဲ့ တားမြစ်ချက်ကို ဖွင့်နိုင်တယ်ဆိုတော့ မဆိုးပါဘူး"
ဖန့်ချန်၏ မျက်ဝန်းထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး၊ အရိပ်ထဲသို့ တစ်ဖန် ပြန်လည်ဝင်ရောက်ကာ နဂါးနက်လှေဖြင့် မြို့တော်ကြီးဆီသို့ ပြန်လာခဲ့သည်။
သီးသန့်ဝင်းသို့ ပြန်ရောက်သောအခါ၊ သူသည် မိယွီကို အိတ်ကပ်ထဲမှ ထုတ်၍ ကုတင်ပေါ်သို့ တင်လိုက်သည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် မြူဖြူများ ဖုံးလွှမ်းလာပြီး အခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။
မရဏလမ်း...
ဖန့်ချန်သည် ယင်ဘူးကို ခါလိုက်ပြီး အတွင်းမှ ဝိညာဉ်ကိုးခုကို ထုတ်လိုက်သည်။
ယွင်ရှို့ကျယ်က ကြောင်တောင်တောင်ဖြင့်
"ဒါ ဘယ်နေရာလဲ"
ကျန်ဝိညာဉ် ရှစ်ခုကလည်း သူတို့၏ လက်ရှိအခြေအနေကို မသိသေးဘဲ တွေဝေနေကြသည်။
"နေဦး... ဒီအရှိန်အဝါက... ယင်လောက လား"
ယွင်ရှို့ကျယ်က ဝမ်းသာအားရ ဖြစ်သွားသည်
"ငါ ငါ့ဖခင်ဆီ ပြန်သွားလို့ရပြီ၊ သူ ငါ့ကို ယင်မသေမျိုး ဖြစ်အောင် လုပ်ပေးနိုင်မှာ"
သို့သော် သူ သတိပြန်ဝင်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ၊ လူငယ်တစ်စုနှင့် ဖန့်ချန်ကို မြင်လိုက်ရတော့သည်။
"မင်း"
ယွင်ရှို့ကျယ်၏ မျက်ဝန်းထဲတွင် ကြောက်လန့်မှုများ ဖြတ်ပြေးသွားသည်။
"ဝမ် အစ်ကို"
ကျန်ဝိညာဉ် ရှစ်ခုထဲမှ တစ်ဦးမှာ နေနက်အင်ပါယာမှ အမာခံတပည့် ဖြစ်နေသဖြင့် ယွင်ရှို့ကျယ်ကို မြင်လျှင် အံ့အားသင့်သွားသည်။
"မင်းတို့လည်း... ဒီလူ့လက်ချက်နဲ့ သေခဲ့တာလား"
ယွင်ရှို့ကျယ်သည် ထိုဝိညာဉ် ရှစ်ခု၏ မျက်နှာများကို မြင်လိုက်ရသောအခါ၊ သူ၏ ခံစားချက်မှာ အလွန်ပင် ရှုပ်ထွေးသွားရသည်။
"ငါတို့ သေသွားပြီလား..."
"ဟုတ်တယ်... ငါတို့ သေသွားပြီ..."
ဝိညာဉ် ရှစ်ခုလုံး သတိဝင်လာကြပြီးနောက် ဖန့်ချန်ကို လှမ်းကြည့်လိုက်ကြသည်။
ဤတစ်ကြိမ်တွင်မူ၊ သူတို့သည် ဤလူမှာ စားသောက်ဆိုင်တွင် သူတို့ စစ်ဆေးခဲ့ဖူးသော ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားကြတော့သည်။
လူငယ် ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားပြီး အလိုအလျောက် မေးလိုက်မိသည်။
"ခုနက အဲဒီဓားချက်ကို... မင်း ခုတ်လိုက်တာလား"
အခန်း (၁၇၁၈) - မုသားစမ်းသပ်ခြင်း
"ဘယ်ဓားချက်လဲ မင်းတို့က တကယ်ပဲ ဘယ်လိုသေကုန်ကြတာလဲ "
ယွင်ရှို့ကျယ်သည် ရုတ်တရက် သံသယများ ပြည့်နှက်သွားပြီး ထိုလူငယ်ကို လှမ်းကြည့်လိုက်သည်။
"ယွီဖုန်း... မင်းက ရှေးဟောင်းနတ်ဘုရားဂိုဏ်း ရဲ့ တပည့်တစ်ယောက်ဖြစ်သလို၊ မွေးရာပါ နတ်ဘုရားခန္ဓာကိုယ် ပိုင်ရှင်လည်း ဖြစ်တယ်။ လမ်းစဉ်ဖြတ် နတ်ဘုရားမျက်လုံး လည်း ရှိနေတာပဲ၊ ဘယ်လို မိစ္ဆာမျိုးမှ မင်းမျက်လုံးကို မလွတ်နိုင်ဘူးလေ။
မင်းက သူတို့ ခုနစ်ယောက်ကို ဦးဆောင်လာတာ၊ အမာခံတပည့် ရှစ်ယောက်တောင် ရှိနေတာကို ဘာလို့ ဒီလူ့လက်ချက်နဲ့ သေကုန်ရတာလဲ သူ့ရဲ့ နည်းလမ်းတွေက မရိုးရှင်းဘူးဆိုပေမဲ့၊ တစ်ယောက်တည်းနဲ့ အစီအရင်လှေ ရှစ်ခုကို နှိမ်နင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
ယွင်ရှို့ကျယ်သည် တစ်ချိန်လုံး ယင်ဘူးထဲတွင် ရှိနေခဲ့သဖြင့် အပြင်လောကတွင် ဘာဖြစ်ပျက်ခဲ့သည်ကို လုံးဝ မသိရှိချေ။
ယွီဖုန်းသည် ဖန့်ချန်ကို စေ့စေ့ကြည့်နေပြီး၊ သူ၏မျက်ဝန်းထဲတွင် မကျေနပ်မှုများ အရိပ်အယောင် ဖြတ်ပြေးသွားကာ ယွင်ရှို့ကျယ်ကို အေးစက်စွာ ပြန်ဖြေလိုက်သည်။
"ငါတို့က မင်ဝမ်ကြယ်ပေါ်မှာ တိုက်ခိုက်ခံရတာ၊ ချင်းမင်ဟင်းလင်းပြင်ထဲမှာ မဟုတ်ဘူး။ သေတဲ့အချိန်မှာ ငါတို့ဆီမှာ အစီအရင်လှေ မရှိဘူး"
"မင်ဝမ်ကြယ် ဟုတ်လား မင်းတို့က မင်ဝမ်ကြယ်ကို ဘာသွားလုပ်တာလဲ "
ယွင်ရှို့ကျယ် အံ့အားသင့်သွားသည်
"မင်ဝမ်ကြယ်က စစ်ပြီးသားနယ်မြေ ဖြစ်သွားပြီလေ၊ ငါတို့ တပ်စွဲစောင့်ကြပ်ရမယ့်နေရာပဲ။ မင်းတို့က စစ်မျက်နှာကို ရှေ့တိုးမတိုက်ဘဲ ဘာလို့ နောက်ပြန်လှည့်လာကြတာလဲ "
"အထက်က လူတစ်ယောက်ကို ရှာခိုင်းလို့ ပြန်လာရတာ"
ယွီဖုန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်
"မင်းက စောစောသေသွားလို့ ဒီသတင်းကို မရလိုက်တာပဲ။ ဒါနဲ့ မင်းသေတုန်းကရော ငါတို့လိုပဲလား၊ ဒါမှမဟုတ်..."
ယွင်ရှို့ကျယ်၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး ဤမေးခွန်းကို မဖြေချင်ပေ။ ယွီဖုန်းက ထိုအမူအရာကို မြင်သော်လည်း ဂရုမစိုက်ဘဲ ဖန့်ချန်ကိုသာ ဆက်မေးလိုက်သည်။
"ခုနက ဓားချက်ကို မင်း ခုတ်လိုက်တာလား မင်းက အမာခံတပည့်တောင် မဟုတ်ဘဲနဲ့၊ ဘာလို့ ဒီဓားချက်က ဒီလောက်အထိ အစွမ်းထက်နေရတာလဲ။
ငါတို့ တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ဘူး။ မင်းက အဆင့် ၆ မသေမျိုးလား ဒါမှမဟုတ် အဆင့် ၇ ရှေးဟောင်းမသေမျိုး လား"
"နေဦး၊ သူက အမာခံတပည့် မဟုတ်ဘူးလို့ မင်းပြောတာလား"
ယွင်ရှို့ကျယ် အနည်းငယ် တုန်လှုပ်သွားသည်။
"ငါ့ရဲ့ လမ်းစဉ်ဖြတ် နတ်ဘုရားမျက်လုံးနဲ့ သူ့ကို ကြည့်ပြီးပြီ၊ သူ့ကိုယ်ပေါ်မှာ အစီအရင်ဗဟိုချက် မရှိဘူး"
ယွီဖုန်းက အသံတွင် ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ သူက အဆင့် ၆ ဒါမှမဟုတ် အဆင့် ၇ မသေမျိုး ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ခဏတာ ပေါ့လျော့မိသွားလို့ အခုလို ဖြစ်သွားတာပဲ"
ကျန်ရှိသော အမာခံတပည့် ခုနစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲမှ ကံဆိုးလှချေတကားဟု ရေရွတ်မိနေကြသည်။
သူတို့ နိုးထလာတာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်၊ စွမ်းရည်တွေ ထုတ်ပြဖို့ ကြံရွယ်ထားတုန်း ရှိသေး၊ အခုတော့ အားလုံး အတူတူ သေကုန်ကြပြီ။ အဓိကကတော့ ပြိုင်ဘက်ရဲ့ နောက်ကြောင်းကိုတောင် သေချာမသိရသလို၊ ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲဆိုတာတောင် မခန့်မှန်းနိုင်ကြခြင်းပင်။
"မဟုတ်ဘူး၊ မင်းပြောတာ မှားနေပြီ။ သူက အမာခံတပည့်ပဲ၊ ပြီးတော့ သူက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဝမ်ယဲ့ ပဲ"
ယွင်ရှို့ကျယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဝမ်ယဲ့
ယွီဖုန်းနှင့် အခြားသူများသည် ယွင်ရှို့ကျယ်သည် ဝမ်ယဲ့၏လက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်းကို ရုတ်တရက် သတိရသွားကြသည်။ သူတို့သည် ထိတ်လန့်သွားကြပြီး ဖန့်ချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြတော့သည်။
တကယ်လို့ တစ်ဖက်လူက ဝမ်ယဲ့ဆိုရင်၊ ဘာလို့ လမ်းစဉ်ဖြတ် နတ်ဘုရားမျက်လုံးက ဘာသဲလွန်စမှ မမြင်ရတာလဲ။
ဒါဆို ကျွယ်မင်နန်းတော်ရဲ့ အမာခံတွေက ထိုက်ချန်းနယ်မြေက အမာခံတွေထက် အများကြီး ပိုတောင် အစွမ်းထက်နေတာလား။
"မဖြစ်နိုင်တာ၊ ငါ့ရဲ့ နတ်ဘုရားမျက်လုံးက မင်းကိုယ်ပေါ်မှာ အစီအရင်ဗဟိုချက် တစ်ခုမှ မတွေ့ခဲ့ဘူး"
ယွီဖုန်းက ယခုထိ မယုံကြည်နိုင်သေးပေ။
"ဒါနဲ့... ငါတို့ အခု ယင်လောကထဲ ရောက်နေတာဆိုရင် ဘယ်လိုနည်းနဲ့ ရောက်လာတာလဲ။
ထိုက်ချန်းနယ်မြေထဲမှာ ယင်လောကထဲကို ဝင်လို့ရတဲ့နေရာက သိပ်မရှိဘူးလေ..."
တစ်စုံတစ်ဦးက သံသယဖြင့် မေးခွန်းထုတ်လိုက်သည်။
ချက်ချင်းပင် အားလုံး သတိဝင်လာကြပြီး ရင်ထဲ၌ တုန်လှုပ်သွားကြသည်။
ဒါဟာ အကြောင်းရင်း နှစ်ခုပဲ ရှိနိုင်တယ်။
တစ်ခုက တစ်ဖက်လူက သူတို့ကို ထိပ်တန်းအင်အားကြီးဂိုဏ်းတစ်ခုခုရဲ့ နယ်မြေထဲကို ခေါ်လာတာ။
နောက်တစ်ခုက တစ်ဖက်လူက မင်ဝမ်ကြယ်ပေါ်က တားမြစ်ချက်ကို ဖြေဖျက်လိုက်တာ။
ဘယ်အကြောင်းရင်းပဲ ဖြစ်ဖြစ်၊ သူတို့ကို အလွန်အမင်း တုန်လှုပ်သွားစေသည်။
"မင်းက တကယ်တော့ ဘယ်သူလဲ"
ယွီဖုန်းနှင့် အခြားသူများက ဖန့်ချန်ကို စေ့စေ့ကြည့်လိုက်ကြသည်။
"ယွင်ရှို့ကျယ် ပြောပြပြီးသားပဲလေ။ ငါက ကျွယ်မင်နန်းတော််က ဝမ်ယဲ့ပါ"
ဖန့်ချန်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"မင်းတို့အားလုံး အခု အခြေအနေကို နားလည်သွားပြီဆိုတော့၊ ငါ မေးခွန်းမေးမယ့် အလှည့်ရောက်ပြီ"
"နေဦး"
ယွင်ရှို့ကျယ်က ရုတ်တရက် ဝင်ပြောသည်
"မင်း မေးခွန်းမမေးခင် ငါ အရင်မေးမယ်၊ ငါတို့ ယင်လောကကို ဘယ်လိုရောက်လာတာလဲ ဒီနေရာက ဘယ်ယင်လောကလဲ "
"မိတ်ဆွေယွင်က လက်ရှိ အခြေအနေကို မေ့နေပုံရတယ်"
ဖန့်ချန်က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ ယွင်ရှို့ကျယ်၏ မျက်နှာပေါ်ရှိ ယင်အရှိန်အဝါများမှာ ရုတ်တရက် စတင် လှုပ်ခတ်လာပြီး၊ လူတိုင်း ထိတ်လန့်သွားစေသည်မှာ သူ၏ မျက်စိ၊ နား၊ နှာ၊ ပါးစပ် (ခုနစ်ပေါက်) စလုံးသည် သဲလွန်စမရှိ ပျောက်ကွယ်သွားပြီး မျက်နှာပြင်တစ်ခုလုံးမှာ ပြန့်ပြူးချောမွေ့သွားခြင်းပင်။
ယွင်ရှို့ကျယ် ပြာယာခတ်သွားပြီး အသက်ရှူရကျပ်သကဲ့သို့ ခံစားလာရကာ၊ နာကျင်မှုကြောင့် ဒူးထောက်ကျသွားပြီး သူ၏လက်များဖြင့် မျက်နှာကို အတင်းကုတ်ဖဲ့နေတော့သည်။ သို့သော် သူသည် ဝိညာဉ်ဖြစ်နေသဖြင့် အသက်ရှူစရာမလိုဘဲ သေဆုံးသွားခြင်း မရှိသောကြောင့်၊ ဤနာကျင်မှုကို အချိန်တိုင်း ခံစားနေရခြင်း ဖြစ်သည်။
ယွီဖုန်းနှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာများ ပျက်သွားကြပြီး နောက်ဆုံးတွင် သတိဝင်လာကြတော့သည်။ သူတို့သည် ယခုအခါ တစ်ပါးသူ၏ လက်ခုပ်ထဲက ရေ ဖြစ်နေပြီဖြစ်ကြောင်း၊ အရင်ကဲ့သို့ မြင့်မြတ်လှသော အမာခံတပည့်များ မဟုတ်တော့ကြောင်း နားလည်သွားကြသည်။
အမာခံတပည့် ရှစ်ဦးစလုံးသည် ဘာကြောင့် ဘေးကင်းလှသော အစီအရင်လှေထဲမှာ မနေဘဲ ကိုယ်တိုင် ကိုယ်ကျ အန္တရာယ်ကြားထဲ ဝင်လာခဲ့မိပါလိမ့်ဟု နောင်တကြီးစွာ ရနေကြတော့သည်။
"မိတ်ဆွေယွီ... ကျုပ် မေးမယ်၊ မင်း ဖြေပေးရမယ်"
ဖန့်ချန်က ဆိုသည်။
ယွီဖုန်း၏ အမူအရာ လှုပ်ခတ်သွားပြီး အသာအယာ ခေါင်းညိတ်လိုက်သည်။
"ငါတို့က အခုတော့ လေလွင့်ဝိညာဉ်တွေ ဖြစ်နေပြီဆိုမှတော့၊ မင်းအတွက် အသုံးဝင်မယ့် သတင်းအချက်အလက်တွေ ပေးရမှာပေါ့။ အဲဒီအတွက်ကြောင့် မင်း ငါတို့ကို ပြန်လွှတ်ပေးပြီး လူပြန်ဝင်စားခွင့် ပေးမယ်လို့ မျှော်လင့်ပါတယ်။ နောက်ဘဝမှာ လူပြန်ဖြစ်ခဲ့ရင်လည်း မိစ္ဆာတော့ အလွယ်တကူ မဝင်တော့ပါဘူး"
ဖန့်ချန်က သူ၏ လိမ်ညာလှည့်ဖြားနေသော စကားများကို ဂရုမစိုက်ဘဲ တည့်တည့်ပင် မေးလိုက်သည်။
"မင်းတို့ ရှာနေတဲ့လူက ဘယ်သူလဲ"
"မသိဘူး၊ အထက်က လူတစ်ယောက်ကို ရှာခိုင်းလို့ ထွက်လာခဲ့တာပဲ။ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သက်နေပုံရတယ်၊ အသေးစိတ်ကတော့ ငါတို့လိုလူတွေ သိခွင့်မရှိဘူး"
ယွီဖုန်းက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
"ဒီအဖြေကို ငါ မကျေနပ်ဘူး၊ မင်းတို့ ပိုပြီး အသုံးဝင်တာတွေ ပြောရမယ်"
ဖန့်ချန်က ပြုံး၍ ဆိုသည်
"ဒါဆိုရင် ဒီလိုလုပ်ရအောင်၊ ဘယ်သူပဲဖြစ်ဖြစ် အသုံးဝင်တဲ့ သတင်းအချက်အလက် သုံးချက်ထက် ပိုပေးနိုင်ရင် ဒီနေရာကနေ ထွက်သွားလို့ရမယ်"
"မင်း တကယ်ပဲ ငါတို့ကို လွှတ်ပေးမှာလား"
တစ်စုံတစ်ဦးက မေးလိုက်သည်။
"ဘာလို့ မလွှတ်ပေးရမှာလဲ မိတ်ဆွေယွီ ပြောသလိုပဲ၊ မင်းတို့က အခု လေလွင့်ဝိညာဉ်တွေပဲလေ၊ ဘာများ လုပ်နိုင်ဦးမှာလဲ။
ဒါ့အပြင် မင်းတို့ မိစ္ဆာမဝင်ခင်တုန်းက ငါတို့ရဲ့ မိတ်ဆွေကျင့်ကြံသူတွေ မဟုတ်ခဲ့ဘူးလား။
သေဆုံးသွားပြီဆိုမှတော့ အရင်က အပြစ်တွေကို တစ်ခန်းရပ်လိုက်တာပေါ့"
ဖန့်ချန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
လူတိုင်းက ဤစကားသည် အလွန်ပင် ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။
အနည်းဆုံးတော့ ရှေ့ကလူဟာ အမှန်တရားကို သေချာမသိဘဲ သူတို့ကို မိစ္ဆာဝင်သွားတဲ့ လူသားကျင့်ကြံသူတွေလို့ပဲ သဘောထားနေပုံရသည်။
ထိုသို့ တွေးမိလိုက်သည်နှင့် တစ်ဦးက တိုက်ရိုက်ပင် ဆိုလိုက်သည်။
"ငါ အသုံးဝင်တဲ့ သတင်း သုံးချက် ပေးနိုင်တယ်၊ အနည်းဆုံးတော့ မင်းရဲ့ လက်ရှိ အခြေအနေအတွက် အသုံးဝင်လိမ့်မယ် "
"ပြောပြပါဦး"
"ပထမအချက်၊ ငါတို့ ရှစ်ယောက်စလုံးမှာ အသက်မီးအိမ် တွေ ရှိတယ်။ မီးအိမ်တွေ တစ်ပြိုင်နက် ငြိမ်းသွားတာဟာ မိစ္ဆာမဟာမိတ်အဖွဲ့ ရဲ့ အာရုံစိုက်မှုကို ခံရမှာပဲ။ သုံးရက်မပြည့်ခင်မှာ မင်ဝမ်ကြယ်ရဲ့ ဟင်းလင်းပြင် ကြယ်တာရာ အစီအရင်ကြီးက ပြန်ပွင့်လာလိမ့်မယ်၊ ပြီးတော့ ငါတို့ထက် ပိုအစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ရောက်လာပြီး ဒီကိစ္စကို စစ်ဆေးလိမ့်မယ်။"
"ဒုတိယအချက်၊ မင်းကို နေနက်အင်ပါယာကနေ ဝရမ်းထုတ်ထားပြီးပြီ "
"တတိယအချက်၊ နတ်ဘုရားဘုရင်နယ်မြေ ထဲမှာ ငါတို့နဲ့ ပူးပေါင်းနေတဲ့သူ ရှိတယ်၊ ဒါပေမဲ့ ဘယ်သူလဲဆိုတာတော့ ငါ အတိအကျ မသိဘူး "
ထိုသူက စကားဆုံးသော် ဖန့်ချန်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
"မိတ်ဆွေ... ငါ သွားလို့ရပြီလား"
"မုသားစမ်းသပ်ရအောင်"
ဖန့်ချန်က လက်ကို ဝှေ့ယမ်းကာ ဘွဲ့နှင်းအပ်ခြင်းတစ်ခုကို ထိုသူ၏ ခန္ဓာကိုယ်ထဲသို့ ရိုက်ထည့်လိုက်သည်။
သူသည် သာမန်ဝိညာဉ်မျှသာ ဖြစ်သဖြင့် ဖန့်ချန်၏ အမိန့်တော်ပြန်တမ်းမှာလည်း အလွန်ပင် ရိုးရှင်းလှသည်။ လူတိုင်း ဘာလဲဆိုတာကို သေချာပင် မမြင်လိုက်ရချေ။
"ခုနက သုံးကြောင်းကို ထပ်ပြောပါဦး။ မင်း အကုန်ပြောနိုင်ရင် သွားလို့ရပြီ"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
ထိုသူသည် သံသယများဖြင့် စကားစရန် ပြင်လိုက်သော်လည်း၊ ချက်ချင်းပင် နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လူးလှိမ့်အော်ဟစ်တော့သည်။
သူ၏ ခန္ဓာကိုယ်မှ မီးခိုးပြာများ တလိပ်လိပ် ထွက်ပေါ်လာပြီး၊ မမြင်ရသော မီးတောက်များက သူ၏ဝိညာဉ်ကို ပြင်းထန်စွာ လောင်မြိုက်နေသကဲ့သို့ပင်။
ယွီဖုန်းနှင့် အခြားသူများသည် ဒေါသတကြီးဖြင့်
"မင်း စကားမတည်ဘူးလား"
"သူ့စိတ်ထဲမှာ အမှန်အတိုင်း ပြောဖို့ပဲ တွေးနေမယ်ဆိုရင်တော့၊ ဒီလောက်အထိ နာကျင်မှာ မဟုတ်ပါဘူး"
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
သူ၏စကားကြောင့် ထိုသူသည် သတိဝင်လာပြီး အမှန်အတိုင်း ပြောရန် တွေးလိုက်ရာ နာကျင်မှုမှာ သိသိသာသာ လျော့ပါးသွားတော့သည်။
ယွီဖုန်းတို့အုပ်စုမှာ အလွန်ပင် တုန်လှုပ်သွားကြသည်။
ဒါက ဘယ်လို နည်းလမ်းမျိုးလဲ
လေလွင့်ဝိညာဉ်ဆိုတာ ဘာကိုမှ ဂရုစိုက်စရာမလိုဘဲ လိမ်ချင်သလို လိမ်လို့ရတဲ့အမျိုး။
ဘယ်လို အစွမ်းမျိုးက သရဲတစ်ကောင်ကိုတောင် လိမ်လို့မရအောင် လုပ်နိုင်ရတာလဲ။