အခန်း (၂၈၆-၂၈၈)
Vol. 20 Ch. 286-288
အခန်း-(၂၈၆)
လီချီရွှမ်က သူ့ရဲ့ မိုးကြိုးနှင့် အပြာရောင်မီးတောက်ကိုသုံးပြီး ဇွန်ဘီတွေကို ဆက်လက်သတ်ဖြတ်နေတုန်းမှာပဲ ကျင်းရွှီယန်း နှင့် ဗီဇပြောင်းသူရဲ့ကြားမှ တိုက်ပွဲအတွင်းက အခြေအနေကို သူပြန်အမှတ်ရလိုက်တယ်။
ကျင်းရွှီယန်းက ဗီဇပြောင်းသူရဲ့တိုက်ခိုက်မှုကို ရှောင်လွှဲပြီး တန်ပြန်တိုက်ခိုက်ခဲ့တယ်ဆိုတာကို သူသေချာတယ်။ ဖုန်မှုန့်တွေဖုံးလွှမ်းနေတဲ့အချိန်မှာပဲ ဗီဇပြောင်းသူ ရုတ်တရက်ကြီးပျောက်ကွယ်သွားပြီးမှ ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့က ပျောက်ကွယ်သွားတာကို သူမြင်လိုက်ရတယ်။
ပြီးတော့ ချင်လူဇီရဲ့စကားတွေကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့ကို ကိုယ်စားပြုတဲ့အစက်က ပျောက်သွားပြီး မမြင်ရတော့ဘူးလို့ သူ မပြောသင့်ဘူး။ သူတို့ သေသွားပြီလို့ သူ ပြောသင့်တယ်။
သူ ဒီလိုပြောပြီးတဲ့အချိန်ကစပြီး ကျင်းရွှီယန်းနှင့် သူ့ချစ်သူတို့ အသက်ရှင်နိုင်ခြေက အရမ်းများပါတယ်။ တစ်ခုတည်းသောမေးခွန်းကတော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားနိုင်တဲ့ ဘယ်လိုမျိူးစွမ်းရည် သူတို့မှာရှိနေလဲဆိုတာပဲ။
သူ့အတွေးထဲမှာ ဒီမေးခွန်းပေါ်လာတာနဲ့ သူ့မျက်လုံးတွေက ဖျတ်ခနဲလင်းသွားပြီး စက်ရုံထဲက ဒီလိုစွမ်းရည်မျိုးရှိတဲ့ တစ်ယောက်ယောက်ကို သတိရသွားတယ်။
"သူတို့ထဲက တစ်ယောက်ယောက်မှာ တယ်လီပို့တ်စွမ်းရည် ရှိနိုင်လား" လို့ သူက တိုးတိုးလေးရေရွတ်လိုက်တယ်။
ဒီဖြစ်နိုင်ခြေအကြောင်းကို သူပိုတွေးလေ၊ ပိုယုံကြည်လေပဲ။ ဘာပဲဖြစ်ဖြစ် ၊ ဒီတယ်လီပို့တ်စွမ်းရည်ကလွဲလို့ ဘယ်သူကမှသတိမထားမိဘဲ ဒီနေရာကနေ ရုတ်တရက်ပျောက်ကွယ်သွားနိုင်မယ့် အခြေအနေကို သူစဉ်းစားလို့မရဘူး။
သူ ဒီလို ကောက်ချက်ချပြီးတဲ့နောက်မှာတော့ သူ့နှုတ်ခမ်းထောင့်တွေကမြင့်တက်သွားပြီး 'ဒီအဖွဲ့နဲ့ဆက်နေတာက မဆိုးဘူးလို့ ထင်တယ်။ ကျင်းရွှီယန်းရဲ့ စွမ်းရည်နှင့်ဆိုရင် စက်ရုံကစေလွှတ်လိုက်တဲ့ လူသတ်သမားတွေကို သူ နှိမ်နင်းနိုင်သင့်တယ်' လို့ တွေးလိုက်မိတယ်။
တိုက်ပွဲကဆက်လက်ဖြစ်ပွားနေပြီး အနီရောင်လက ဖြည်းဖြည်းချင်းပြန်ဝင်သွားကာ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းတွင်တော့ နေလုံးကြီး ပေါ်ထွက်လာသည်။
လနီနီရဲ့နေရာတွင် တောက်ပသောနေက အစားထိုးဝင်ရောက်လာပြီးသိပ်မကြာမီတွင်ပဲ ဇွန်ဘီများရဲ့ခွန်အားက အားနည်းလာပြီး ၎င်းတို့ရဲ့လှုပ်ရှားမှုများက ညအချိန်တွင်ကဲ့သို့ သွက်လက်မှုမရှိတော့ပေ။
ဒါကို သတိထားမိတော့မှ ကျန်းယွမ်ကသက်ပြင်းချပြီး "အားလုံးပဲ အလှည့်ကျ အနားယူကြပါ" လို့ ပြောလိုက်တယ်။
သူဒီလိုပြောလိုက်အပြီးမှာ တစ်ဖက်ဆီကနေ ကားတွေနှင့်အုပ်စုလိုက်လာနေကြတာကို သူမြင်လိုက်ရတယ်။ မျက်လုံးတွေကိုမှေးစင်းပြီး သေသေချာချာကြည့်လိုက်တော့ ကားတွေက ရင်းနှီးနေတယ်ဆိုတာကို သူတွေ့လိုက်ရတယ်။ ကားတွေပိုနီးကပ်လာတော့မှ လင်းယုန်အဖွဲ့ နှင့် ရွှီချွန်းတို့အဖွဲ့ရဲ့ ကားတွေဖြစ်မှန်း နောက်ဆုံးတော့ သူသဘောပေါက်သွားသည်။
သူတို့ ကားရပ်လိုက်တဲ့အခါမှာပဲ ကျန်းယွမ်က သတ္တုနံရံပေါ်ကနေခုန်ဆင်းပြီး ကားတွေဆီသို့လျှောက်သွားလိုက်တယ်။
ဝေယင်းနှင့် သူ့အဖွဲ့တွေ ကားထဲမှထွက်လာတော့ တစ်ကိုယ်လုံးမှာ ဖုန်မှုန့်များနှင့် ချွေးများဖြင့်ဖုံးလွှမ်းနေသော ကျန်းယွမ်ကို တွေ့လိုက်ရသည်။ သူဆီမှာက ဝမ်းနည်းနေသော အသွင်အပြင်ရှိသော်လည်း သူရဲ့ထက်မြက်သောမျက်လုံးများမှာတော့ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။
ဝေယင်းက သူ့ဆီသို့ လျှောက်သွားပြီး "အဘိုးကြီးကျန်း၊ ငါတို့က မင်းတို့ကို ကူညီဖို့ လာတာ" ဟု ပြောလိုက်သည်။
ဒါကိုကြားတော့ ကျန်းယွမ်က “လာပေးလို့ ကျေးဇူးတင်ပါတယ်။ ငါတို့ကို အားဖြည့်ကူပေးမယ့် တခြားသူတွေကို တကယ်လိုအပ်နေတယ်။ ငါတို့အဖွဲ့ဝင်အများစုက မောပန်းနေကြပြီး အနားယူဖို့ လိုအပ်နေတယ်” လို့ ပြောလိုက်တယ်။
ဝေယင်းက သတ္တုနံရံဆီကြည့်လိုက်ပြီး "အခြေအနေဘယ်လိုလဲ" လို့ မေးလိုက်တယ်။
"ဇွန်ဘီအုပ်ကိုတော့ ငါတို့ထိန်းချုပ်ထားတုန်းပဲ ၊ ဒါပေမယ့်လည်း အဆင့်မြင့်ဇွန်ဘီတစ်ကောင်က မနက်လင်းချိန်မှာမှ ပေါ်လာတယ်။ ငါတို့ရဲ့ ကပ္ပတိန်နဲ့ ရဲဘော်ကျိူးလီဇီက ဒီဇွန်ဘီနဲ့ တိုက်ခိုက်နေပေမယ့် ရုတ်တရက်ကြီး ပျောက်ကွယ်သွားကြတယ်။ အခုအချိန်မှာတော့ သူတို့ရဲ့အခြေအနေကို မသိရသေးဘူး" ဟု ကျန်းယွမ်က အကြောင်းစုံပြောပြလိုက်သည်။
သူဒီလိုပြောတာ ကြားတော့ လင်းယုန်အဖွဲ့ဝင်တွေနှင့် ရွှီချွန်းကစေလွှတ်လိုက်တဲ့ ကူညီဖို့လာတဲ့ စစ်သားတွေပါ အံ့အားသင့်သွားကြတယ်။ အဲဒီစုံတွဲက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာကို သူတို့သိကြတယ်။ သူတို့တောင်မှ ဒီဇွန်ဘီကို မသတ်နိုင်ဘူးဆိုရင် အခြေအနေက အန္တရာယ်များလာလိမ့်မယ်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှ “ဒီဇွန်ဘီအုပ်ကို ရှင်းလင်းပြီးရင် သူတို့ကို ရှာတွေ့မှာပါ” လို့ ဝေယင်းကပြောလိုက်ပြီး။ သူ့ရဲ့အဖွဲ့ဘက်ကိုလှည့်ကာ “အားလုံးပဲ တိုက်ပွဲအတွက် အသင့်ပြင်ထားကြ” လို့ ထပ်ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျန်းယွမ်ကလည်း အဖွဲ့သားတွေဘက်ကိုလှည့်ပြီး "ဝိန်ခိုင်၊ ဝိန်မို သူတို့အတွက် လှေကားတစ်ခုဆောက်ပေးလိုက်" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ"
အမိန့်အတိုင်းပဲ သတ္တုလှေကားတစ်ခုကို ငါးမိနစ်အတွင်းမှာ တည်ဆောက်ခဲ့သည်။
မနက်ခင်းနေရောင်အောက်မှာ တလက်လက်တောက်ပနေတဲ့ သတ္တုလှေကားကိုကြည့်ရင်း ဝေယင်းက အတွေးနက်သွားတယ်။
သတ္တုအမျိုးအစားစွမ်းရည်အသုံးပြုသူတွေက သတ္တုကို ထိန်းချုပ်နိုင်သော်လည်း သတ္တုကို လေထဲမှာဖန်တီးနိုင်တာမျိူးက ရှားပါးတယ်။ အများသောအားဖြင့်တော့ သတ္တုအမျိုးအစားစွမ်းရည်အသုံးပြုသူများက အပြင်မှရရှိသော သတ္တုကိုသာအသုံးပြုပြီး ၎င်းတို့ရဲ့ပုံသဏ္ဍာန်များကိုသာ ပြောင်းလဲနိုင်သည်။
ထို့ကြောင့် ဝမ်ခိုင်က အလွန်ရှားပါးသော စွမ်းရည်အသုံးပြုသူဖြစ်ပြီး သာမန်သတ္တုများနှင့်နှိုင်းယှဉ်လိုက်ပါက သူဖန်တီးတဲ့သတ္တုက ကွဲပြားပုံရသည်။ သူ မသိသည်မှာ ဝိန်ခိုင်ရဲ့သတ္တုက တန်စတင်ဖြစ်ကြောင်းပါ။
တန်စတင်က သိပ်သည်းဆအမြင့်ဆုံးဖြစ်သော်လည်း ထိခိုက်မှုကြောင့် ကွဲအက်သွားလိမ့်မည်။ ထို့ကြောင့် ဝိန့်မိုက သူ့အစ်ကိုရဲ့သတ္တုကိုအသုံးပြုပြီး ကျည်ဆန်များ၊ ဓားများ၊ သတ္တုနံရံများနှင့် အခြားအရာများကို ဖန်တီးသောအခါတွင် အခြားသောသတ္တုများနှင့် ပေါင်းစပ်ခဲ့သည်။
ထို့အပြင် ဝိန့်မိုရဲ့ သတ္တုအမျိုးအစားစွမ်းရည်က သတ္တုများကိုထိန်းချုပ်နိုင်ရုံသာမကဘဲ သတ္တုဒြပ်စင်များကိုလည်း ရှာဖွေတွေ့ရှိနိုင်သည်။ ပတ်ဝန်းကျင်ရှိ မည်သည့်သတ္တုအစိတ်အပိုင်းကိုမဆို သူရှာဖွေတွေ့ရှိနိုင်သောကြောင့် သူလိုအပ်သော သီးခြားသတ္တုဒြပ်စင်များကိုစုဆောင်းရန်က ပိုမိုလွယ်ကူသည်။
ထို့ကြောင့် သူတို့နှစ်ယောက်သာ အတူတကွမလုပ်ဆောင်ပါက ခိုင်မာသော လက်နက်များနှင့် မာကျောသော နံရံတစ်ခု ဖန်တီးနိုင်မည် မဟုတ်ပေ။
ခဏတာ တွေးတောမှုအပြီးမှာတော့ စစ်သားတွေ အနောက်ကနေပြီး နံရံထိပ်ကို ဝေယင်းကအမြန်သွားလိုက်သည်။
သတ္တုနံရံတစ်ဖက်က အခြေအနေကို မြင်လိုက်ရတော့ သူအပါအဝင် စစ်သားတွေပါ အံ့အားသင့်သွားကြတယ်။ စစ်သားတချို့ဆိုဖြူဖျော့သွားပြီး ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြသည်။
ဒါကို သတိထားမိတော့ ရှန်းကျင်းဇီက "စိတ်မပူပါနဲ့၊ အလောင်းတွေကို မီးရှို့ပစ်လိုက်မယ်။ ဒါမှ သူတို့က နံရံပေါ်ကို မတက်လာနိုင်မှာ" လို့ ပြောလိုက်တယ်။ သူ့ရဲ့အသံကတော့ မောပန်းနွမ်းနယ်မှုကြောင့် အက်ကွဲနေသည်။
သူဒီလိုပြောလိုက်ပြီးတဲ့နောက်မှာပဲ ချန်ကျိရိက ဆက်ပြောတယ် “သူတို့တက်လာနိုင်ရင်တောင် ငါက နံရံကို ရေခဲနှင့်ဖုံးပစ်လိုက်မယ်၊ ဒါမှ သူတို့ချော်လဲကျကုန်မှာ”
ဒီစကားကိုကြားတော့ ရှန်းကျင်းဇီက မျက်ခုံးပင့်ပြီး "အစ်ကိုချန်၊ ကျွန်တော်မီးရဲ့ အပူချိန်ကမြင့်တာကြောင့် မင်းရဲ့ရေခဲတွေက အရည်ပျော်သွားလိမ့်မယ်" လို့ ပြောလိုက်တယ်။
"ကျင်းဇီ ငါ့ရဲ့ရေခဲတွေက ဒီလောက်လွယ်လွယ်နဲ့ အရည်ပျော်မှာ မဟုတ်ဘူး" လို့ ချန်ကျိရိက ယုံကြည်မှုရှိရှိနဲ့ ပြန်ပြောသည်။
သူတို့နှစ်ယောက် စကားလက်ဆုံကျနေတုန်းမှာပဲ နံရံအောက်က ဇွန်ဘီတွေရဲ့အလောင်းကို အပြာရောင်မီးတောက်ကဝါးမြိုလိုက်တယ်။ ဒီအတွက်ကြောင့်ပဲ သတ္တုနံရံရဲ့ အပူချိန်က မြင့်မားလာခဲ့ပြီး စစ်ဘွတ်ဖိနပ်တွေဝတ်ထားတဲ့ စစ်သားတွေတောင် သူတို့ရဲ့ခြေဖဝါးတွေကို လောင်ကျွမ်းစေတဲ့အပူကိုခံစားမိနေတယ်။
သူတို့ရဲ့ ခြေထောက်တွေက လှုပ်လှုပ်ရွရွဖြစ်နေတာကို ချန်ကျိရိက သတိထားမိလိုက်တဲ့အခါမှာတော့ သူ့လက်ကို သတ္တုနံရံပေါ်တင်ပြီး အပေါ်ယံကို ရေခဲပါးပါးလေးတစ်လွှာနှင့် ဖုံးအုပ်လိုက်သည်။
အပူချိန်ကို အများကြီး လျှော့ချပေးနိုင်ခြင်းမရှိသော်လည်း အပူရဲ့ တစ်စိတ်တစ်ပိုင်းကို ပိတ်ဆို့နိုင်သည်။ ပြီးတော့ ရေခဲအလွှာပါးလေးတစ်ခုက ၎င်းတို့ကို ချော်လဲစေမှာမဟုတ်ပါဘူး။
အခန်း-(၂၈၇)
အပူချိန်ကျဆင်းသွားတာကြောင့် စစ်သားတွေက စိတ်သက်သာရာရသွားပြီး သူတို့ရဲ့သေနတ်တွေကိုထုတ်ယူပြီး ဇွန်ဘီတွေကို စတင်သတ်ဖြတ်ကြပါတယ်။ ဒါကိုမြင်တော့ နတ်ဆိုးအဖွဲ့ဝင်တွေက သူတို့ရဲ့လေသေနတ်တွေကို ဆွဲထုတ်ပြီး စစ်သားတွေကို ငှားပေးခဲ့ကြတယ်။
"ရဲဘော်၊ ဘာလို့ မင်းတို့ရဲ့သေနတ်တွေကို ကျွန်တော်တို့ကို ပေးတာလဲ" ဟု စစ်သားတစ်ဦးက သံသယဖြင့် မေးလိုက်သည်။
"ဒါပဲသုံးလိုက်။ ငါ့တို့အသင်းရဲ့ သေနတ်တွေမှာက ကျည်ဆန်အကန့်အသတ်မရှိဘူး" ဟု ယူဖူယွင်က သူ့သေနတ်ရဲ့ ခလုတ်ကိုနှိပ်ရင်း ပြောလိုက်သည်။
"ပေါက် ပေါက် ပေါက်"
ခေါင်းကိုကြီးပစ်ပြီး သူ ဇွန်ဘီတွေကို သတ်လိုက်တာမြင်တော့ စစ်သားတွေက အံ့အားသင့်သွားကြတယ်။ နတ်ဆိုး အဖွဲ့က S-rank အဆင့်မှာရှိနေတာ အံ့သြစရာတော့မဟုတ်ဘူး။ သူတို့ရဲ့ သုတေသနအဖွဲ့ကလူတောင်မှ ဒီလောက်ထိ အစွမ်းထက်တယ်။
နတ်ဆိုးအဖွဲ့ အနားယူနေစဉ်တွင် ဝေယင်းနှင့် စစ်သားများက နံရံကို စောင့်ကြပ်နေကြသည်။
တစ်ချိန်တည်းမှာပဲ ကျင်းရွှီယန်းက ကျိူးလီဇီရဲ့အခန်းထဲက ကုတင်ဘေးကထိုင်ခုံမှာ ထိုင်နေတယ်။ သူ့ချစ်သူရဲ့လက်ကိုကိုင်ပြီး သူ့စွမ်းအင်ကိုအသုံးပြုကာ သူမရဲ့အခြေအနေကို စစ်ဆေးနေတယ်။
သူမရဲ့ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘာပြဿနာမှ မတွေ့ရတော့သလို ခန္ဓာကိုယ်မှာလည်း ဘာဒဏ်ရာမှ မတွေ့ရတော့တဲ့အခါကြမှ သူ သက်ပြင်းချလိုက်တယ်။ သူ့ချစ်သူက ဘာလို့သတိမေ့နေသေးလဲဆိုတာကို မသိပေမယ့် အရင်ကလောက်တော့ ထိတ်လန့်တုန်လှုပ်တာမျိူး မရှိတော့ပါဘူး။
ကန်ရေက ကုသပေးနိုင်တဲ့ အာနိသင်တချို့ရှိတယ်ဆိုတာ သတိရတော့ မီးဖိုချောင်ကိုသွားပြီး ဂါလံဗူးအလွတ်တစ်လုံးယူခဲ့တယ်။ ဗူးအလွတ်ကို ကန်ရေနှင့်ဖြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုချောင်ကိုသွားပြီး ရေကိုကျိုချက်လိုက်တယ်။ ပြီးတော့ သူ့ချစ်သူကို ရေမတိုက်ခင် အရင်ဆုံး အခန်းအပူချိန်အထိ အအေးခံလိုက်သည်။
သူမကို ရေတစ်ခွက်တိုက်ပြီးတဲ့နောက်တော့ အဝတ်အစားတွေကိုချွတ်ပစ်လိုက်တယ်။ သူတို့နှစ်ယောက်စလုံးမှာ အဝတ်စားတွေမဲ့သွားတဲ့ အချိန်ကြမှ သူမကို ရေချိုးခန်းဆီ ခေါ်သွားလိုက်တယ်။
ရေချိုးကန်ထဲသို့ဝင်ကာ သူ့ချစ်သူကို လက်မောင်းထဲမှာပွေ့ဖက်ထားပြီး အနောက်ကိုမှီလိုက်တယ်။ ရေချိုးကန်ထဲမှာ ရေတွေ ပြည့်လာတဲ့အခါကြမှ ရေမြှုပ်နဲ့ ခန္ဓာကိုယ်လိမ်းဂျယ်ကို အသုံးပြုပြီး သူမကို ရေချိုးပေးခဲ့သည်။
သူတို့ရဲ့ခန္ဓာကိုယ်တွေကိုရေသုတ်ပြီး သန့်ရှင်းတဲ့အဝတ်အစားတစ်စုံဝတ်ကာ သူ့ချစ်သူရဲ့ ကောက်ကြောင်းအလှကိုဖုံးအုပ်ဖို့ စောင်ပါးတစ်ထည်ဆွဲခြုံပေးပြီးမှသာ သူမှာ သက်ပြင်းချနိုင်ခဲ့တယ်။ သူ့မှာက စွမ်းအင်တွေအများကြီးရှိနေတာကြောင့် ဒီစွမ်းအင်တွေကို ဗီဇပြောင်းသွားသူကိုသတ်ဖို့ပဲ အသုံးပြုသင့်တယ်။
ဒီအတွေးနဲ့ သူ့ရဲ့ဓားရှည်ကိုယူပြီး မြက်ခင်းပြင်ဆီ လျှောက်သွားလိုက်တယ်။ သူရောက်သွားတဲ့အခါမှာတော့ ဗီဇပြောင်းသူဟာ မျက်နှာကလွဲလို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ နွယ်ပင်တွေနှင့် ချည်နှောင်ခံထားရပြီး မြက်ခင်းပြင်ပေါ်မှာ လဲလျောင်းနေဆဲပါ။
ဘေးတစ်ဖက်တွင်တော့ မျိူးပြောင်း အပင်ငယ်လေးတစ်ပင်က သူ့ရဲ့အရွက်ငယ်များကိုအသုံးပြု၍ ဗီဇပြောင်းသူရဲ့ မျက်နှာကို ရိုက်ခတ်နေသည်။ မျိူးပြောင်းအပင်ငယ်လေးက ဗီဇပြောင်းသူကို ဆူငေါက်နေသကဲ့သို့ အသံများ ဆက်တိုက်ထွက်ပေါ်လာနေသည်။
အနီးနားကို သူရောက်သွားတဲ့အခါမှာတော့ မျိူးပြောင်းအပင်ငယ်က လန့်ဖျပ်သွားပြီး မြေကြီးထဲတွင် လျင်မြန်စွာတိုးဝင်သွားကာ သူ့ရဲ့ဦးခေါင်း အစိတ်အပိုင်းအနည်းငယ်သာ ထုတ်ထားပြီး ပတ်ဝန်းကျင်ရှိ မြက်ခင်းပြင်နှင့် ဆင်တူနေစေသည်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက မျိူးပြောင်းအပင်ကို လျစ်လျူရှုလိုက်ပြီး တစ်ဝက်ဇွန်ဘီ တစ်ဝက် ဗီဇပြောင်းသူရဲ့ဘေးမှာ ရပ်လိုက်တယ်။
သူက ဗီဇပြောင်းသူရဲ့အကြည့်ကိုဆုံပြီး တည်ငြိမ်စွာပြောလိုက်တယ် “နှစ်တွေကြာပြီးတဲ့နောက်မှာတော့ သူတို့က ငါ့ရဲ့ကိုယ်ပွားကို ဖန်တီးရာမှာ တကယ်အောင်မြင်နိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး”
ဗီဇပြောင်းသူရဲ့ဘေးတွင် ထိုင်ချကာ အနက်ရောင်မျက်လုံးများကို စိုက်ကြည့်ပြီး "မင်း အသိဥာဏ်ရပြီလား" ဟု မေးလိုက်သည်။
ဗီဇပြောင်းသူက သူ့ကို ဆက်စိုက်ကြည့်နေပေမယ့် ဘာမှ မပြောဘူး။ အသံတိတ် ဗီဇပြောင်းလဲသူအပေါ် စိတ်ဝင်စားမှု ပျောက်ကွယ်သွားတဲ့ ကျင်းရွှီယန်းက လက်လှမ်းလိုက်ပြီး ဗီဇပြောင်းသူကို ပန်ကိတ်တစ်ချပ်လို လှန်ပစ်လိုက်တယ်။
သူ့ရဲ့ ဓားမြှောင်ကိုဆွဲထုတ်ပြီး ဗီဇပြောင်းသူရဲ့လည်ပင်းကို ထိုးလိုက်တယ်။ ဒဏ်ရာကနေ အနီရောင်ရင့်ရင့် သွေးတွေစီးကျလာတဲ့အခါမှာပဲ သူ့လက်ချောင်းတွေကို ဒဏ်ရာထဲထိုးထည့်လိုက်တယ်။
ခဏအကြာမှာတော့ ဗီဇပြောင်းလဲသူရဲ့ခန္ဓာကိုယ်ထဲကနေ ချစ်ပ်ပြားငယ်လေးတစ်ခုကို သူထုတ်ယူလိုက်သည်။ အနီရောင်မီးက မှိတ်တုတ်မှိတ်တုတ် လင်းနေပြီး အချက်ပြမှုတွေကို ဆက်ပြီးပို့လွှတ်နေတယ်။
ချစ်ပ်ပြားကိုကြည့်ရင်း သူ့မျက်လုံးတွေက မည်းမှောင်သွားကာ သတ်ဖြတ်ချင်စိတ်တွေက မျက်လုံးထဲမှာ ထင်ဟပ်တောက်ပလို့နေတယ်။ ကျင်းရွှီယန်းက လက်သီးကိုဆုပ်ပြီး ပြောလိုက်တယ် “အဲဒီအဘိုးကြီးတွေက သူတို့ကိုယ်သူတို့ တကယ်ပဲ အထင်ကြီးနေတာပဲ"
သူ့လက်ဖဝါးကိုဖြန့်လိုက်တော့ ချစ်ပ်ပြားက ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူက ဗီဇပြောင်းသူကို ကန်ထုတ်ပြီး မြေပြင်ပေါ်မှာလိမ့်နေတာကို ကြည့်လိုက်တယ်။
မျိုးဗီဇပြောင်းသူရဲ့ မျက်နှာကိုကြည့်လိုက်တော့ ဒီဗီဇပြောင်းသူနှင့် သူ့ရဲ့ ကြာမြင့်စွာ ပျောက်ဆုံးနေတဲ့ သူငယ်ချင်းကြားမှာ ဆင်တူမှုတွေ အများကြီးရှိတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။
ကျင်းရွှီယန်းက အနီးကပ်ကြည့်လိုက်တော့မှ ရင်းနှီးသော်လည်း မရင်းနှီးသော မျက်နှာတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူက ဗီဇပြောင်းသူရဲ့ မေးစေ့ကိုဆွဲကိုင်ပြီး မယုံနိုင်စွာ မေးလိုက်တယ် "ဖူကွေ့လား"
သူ့သူငယ်ချင်းက လူကုန်ကူးသူတွေရဲ့ ပြန်ပေးဆွဲတာခံရပြီးတဲ့နောက်မှာ အသက်မရှိတော့ဘူးလို့ပဲ သူထင်ခဲ့တယ်။ အဲဒီကောင်တွေလက်ထဲ ရောက်သွားလိမ့်မယ်လို့တော့ သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။
စမ်းသပ်ချက်လုပ်ငန်းစဉ်အတွင်းတွင် သူ့သူငယ်ချင်းက ဘယ်လောက်တောင်ညှဉ်းပန်းနှိပ်စက်ခံလိုက်ရမလဲဆိုတာကို စဉ်းစားမိတဲ့အခါမှာတော့ သူ့ရင်ထဲက ဒေါသများက မြင့်တက်လာသည်။ သူက မြေကြီးကို ထိုးလိုက်ပြီး အံကိုကြိတ်ကာပြောလိုက်တယ် “ပိုင်ရွှန်၊ ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်”
ယခုဆို သူက ဗီဇပြောင်းလဲသူရဲ့လက္ခဏာကို သိရှိပြီးဖြစ်တာကြောင့် သူ့ကို အရာဝတ္ထုတစ်ခုကဲ့သို့ မဆက်ဆံနိုင်တော့ပေ။ ဖူကွေ့ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ နွယ်ပင်များကိုမဖြည်ဘဲ သူ့ကို ရေကန်ဆီသို့ သယ်ဆောင်သွားခဲ့သည်။
ကျင်းရွှီယန်းက သူ့မေးရိုးကိုကိုင်ထားပြီး သူ့ပါးစပ်ကို ဟစေကာ ရေကန်ရေကို ယောက်ချိုကိုသုံးပြီးတိုက်လိုက်တယ်။(ဇွန်းဆို ဇွန်းငယ်လေးပဲ မြင်မှာစိုးလို့ ယောက်ချိုရေးတာပါ ) ရေတွေ သူ့ပါးစပ်ထဲ ဝင်လာတဲ့အခါမှာ ဖူကွေ့ကလည်း လည်စေ့ကို လိမ့်ပြီး ရေကိုသောက်လိုက်သည်။
သူက စိတ်ခံစားမှုတွေနှင့်ခံစားချက်တွေမရှိတဲ့ စက်ရုပ်တစ်ရုပ်လိုပါပဲ။ သူ့ရဲ့လည်ပင်းကို ဓားနှင့်ထိုးခံရတာတောင် အသံတစ်သံမှ မထွက်သလို မျက်မှောင်လည်း တစ်ချက်မကြုတ်ပါဘူး။
ကန်ရေကို တိုက်ကျွေးပြီးနောက်မှာတော့ ကျင်းရွှီယန်းက ဖူကွေ့ရဲ့ ဒဏ်ရာကို စစ်ဆေးလိုက်တယ်။ ဒဏ်ရာက အနာကျက်သွားပြီဆိုတာ မြင်လိုက်ရတဲ့အချိန်မှာ အံ့အားမှုကြောင့် မျက်လုံးတွေ ပြူးကျယ်သွားသည်။
သူ ခဏလောက်တွေးပြီးမှ ရေရွတ်လိုက်တယ် "သူတို့က မင်းကို ဗီဇပြောင်းလဲစေရုံသာမကဘဲ ငါ့ရဲ့ ဒီအန်အင်ကိုပါ ပြောင်းလဲပေးနေပုံပဲ”
အခန်း-(၂၈၈)
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာပဲ ကျင်းရွှီယန်းက သက်ပြင်းရှည်ကြီးချပြီး သူ့သူငယ်ချင်းကို အိမ်ဆီခေါ်သွားသည်။ ဒုတိယထပ်က သူနှင့်သူ့ချစ်သူရဲ့ အိပ်ခန်းဖြစ်တာကြောင့် သူ့သူငယ်ချင်းကို အဲဒီကို မခေါ်သွားဘဲ ဆိုဖာပေါ်မှာပဲ ထိုင်ခိုင်းလိုက်တယ်။
ဆိုဖာပေါ်မှာထိုင်နေတဲ့ ဖူကွေ့ရဲ့အကြည့်တွေက ကျင်းရွှီယန်းဆီကနေ ဘယ်တော့မှ မခွာသွားဘူး။ သူဘယ်သွားသွား သူ့အကြည့်တွေက လိုက်နေမှာပဲ။ မသိရင် ကျင်းရွှီယန်းကို ချစ်မိနေလို့ သူ့မျက်စိအောက်ကနေ ထွက်သွားခွင့်မပေးနိုင်သလိုပါပဲ။
ထိုအကြည့်ကို သတိပြုမိတဲ့ကျင်းရွှီယန်းက သူ့ရှေ့တွင် ဝင်ထိုင်လိုက်သည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေစဉ်တွင်ပဲ ဖူကွေ့ရဲ့ ခန္ဓာကိုယ်မှ အနက်ရောင်မြူများက ရုတ်တရက်ကြီး စိမ့်ထွက်လာသည်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက မတ်တပ်ရပ်ပြီး သူ့ကို စစ်ဆေးဖို့ အမြန်သွားလိုက်တယ်။
သူ့သူငယ်ချင်းရဲ့ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့စွမ်းအင်အတက်အကျတစ်ခု ထွက်လာတာကို ခံစားလိုက်ရတဲ့အခါမှာတော့ အနက်ရောင်မြူခိုးကို စစ်ဆေးဖို့ လက်လှမ်းလိုက်တယ်။ ဒါပေမယ့် သူထိလို့မရခင်မှာပဲ အနက်ရောင်မြူခိုးတွေက အငွေ့ပျံကာ ပျောက်ကွယ်သွားသည်။
ဖူကွေ့က ဘာမှမပြောပေမယ့် သူ့နဖူးမှာတော့ ချွေးအေးတွေ ထွက်နေတယ်။ သူ့ကို ချည်နှောင်ထားတဲ့ နွယ်ပင်တွေတောင်မှ တစ်ခုခုကြောင့် လောင်ကျွမ်းသွားသလိုမျိူး အဖြူရောင်မီးခိုးတွေ ထွက်နေတယ်။ နွယ်ပင်တွေက မြန်မြန်ဆန်ဆန် ပြေလျော့လိုက်ကြပြီး အိမ်ပြင်ကို ဆုတ်ခွာသွားကြသည်။
သူ့ကို ထပ်တိုက်ခိုက်လာဦးမယ်လို့ထင်ပြီး ကျင်းရွှီယန်းက တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တယ်။ မျှော်လင့်ထားသလိုမဟုတ်ဘဲ ဖူကွေ့က သူ့ကို တိုက်ခိုက်မယ့်အစား ရုတ်တရက်ကြီး မြေပြင်ပေါ်ကို ကွေးကွေးလေး လဲကျသွားသည်။ မကြာခင်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်မှာ ချွေးတွေနဲ့ ရွှဲစိုသွားပြီး ကြွက်သားတွေက တောင့်တင်းလာတယ်။
သူ့ရဲ့ခန္ဓာကိုယ်ဆီမှ အနက်ရောင်မြူများက ပိုမိုစိမ့်ထွက်လာပြီး သူ့လက်ချောင်းများရှိ အနက်ရောင်လက်သည်းရှည်များက ပုံမှန်အတိုင်း ဖြည်းဖြည်းချင်းပြန်ဖြစ်သွားသည်။ သူရဲ့အနက်ရောင်မျက်လုံးများကပင် ပုံမှန်အတိုင်း ပြန်ဖြစ်တော့မည့် လက္ခဏာများပြသနေသည်။
သူ့နှင့် သိပ်မဝေးတဲ့နေရာမှာရပ်နေတဲ့ ကျင်းရွှီယန်းက ဒီပြောင်းလဲမှုတွေကို သတိထားမိလိုက်တယ်။ သူ့ သူငယ်ချင်းက ဘာဖြစ်သွားမလဲဆိုတာကို သူမသိတာကြောင့် ရေကန်ဆီကိုပဲ ခေါ်သွားနိုင်ခဲ့ပါတယ်။ သူ့ကို ချထားလိုက်ပြီး ကန်ရေကို မြန်မြန်ထပ်တိုက်လိုက်သည်။
အစကတော့ ဖူကွေ့က သောက်နိုင်လိမ့်မယ်လို့ သူမထင်ခဲ့ဘူး။ ဒါပေမယ့် ရေက သူ့နှုတ်ခမ်းကို ထိလိုက်တော့ သူက မျိုချလိုက်တယ်။ သူ ထပ်သောက်ချင်သေးတာကို မြင်တော့ ကျင်းရွှီယန်းက ရေဆက်တိုက်လိုက်တယ်။
တစ်ချိန်တည်းမှာပဲ ဖူကွေ့ရဲ့ခန္ဓာကိုယ်မှ စိမ့်ထွက်လာသော အနက်ရောင်မြူခိုးများဟာလည်း စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး နေရာလွတ်မှစုပ်ယူသွားသည်။ နေရာလွတ်က မကျယ်ပြန့်လာသော်လည်း နေရာလွတ်ရှိ စွမ်းအင်မှာ ပိုမိုထူထဲပြီး သန့်ရှင်းလာသည်။
ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ကျိူးလီဇီကတော့ သူမခေါင်းကအရမ်းကိုက်ပြီး ခန္ဓာကိုယ်ကလည်း ပူကျစ်နေတာကို ခံစားလိုက်ရတဲ့အခါမှာတော့ မျက်မှောင်ကြုတ်လိုက်မိတယ်။ ဒီအချိန်မှာပဲ သူမရဲ့ခန္ဓာကိုယ်ထဲက အမြုတေက နေရာလွတ်ထဲက စွမ်းအင်တွေကို စုပ်ယူပြီး မြန်ဆန်တဲ့အမြန်နှုန်းနဲ့ လည်ပတ်နေသည်။
နှစ်နာရီအကြာတွင် ဖူကွေ့ရဲ့ ခန္ဓာကိုယ်အတွင်းရှိ ဖုတ်ကောင်ဗိုင်းရပ်စ်ကို နေရာလွတ်မှ စုပ်ယူပြီး စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သောကြောင့် အမြုတေကလည်း စွမ်းအင်စုပ်ယူမှုကို နောက်ဆုံးတော့ ရပ်တန့်သွားခဲ့သည်။
ခဏအကြာမှာတော့ ကျိူးလီဇီနှင့် ဖူကွေ့တို့ နှစ်ယောက်စလုံးဟာ မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။
သူ့သူငယ်ချင်းရဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ ကျင်းရွှီယန်းက အံ့အားသင့်သွားတယ်။
သူ့မျက်လုံးတွေက ပုံမှန်ပြန်ဖြစ်သွားပါပြီ။ သူ့ရဲ့မျက်ဆံမှာက ငွေရောင်အတိုင်း ကျန်ရှိနေသေးပေမယ့် အရင်လို အနက်ရောင်တော့ မဟုတ်တော့ပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့လည်း တောင့်တင်းနေတာမျိုး မရှိတော့သလို သူ့ရဲ့လက်သည်းရှည်တွေကလည်း ပုံမှန်ပြန်ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။
သူက သူ့ကိုကြည့်ပြီး "ဖူကွေ့ ၊ မင်းငါ့ကို မှတ်မိလား" လို့ မေးလိုက်တယ်။
သူ့ကိုကြည့်ရင်း ဖူကွေ့ကစိတ်ရှုပ်ထွေးသွားပြီး နှုတ်ခမ်းတွေ တွန့်သွားတယ်။ တစ်ခုခုပြောနေပုံရပေမယ့် ဘာစကားမှ ထွက်မလာဘူး။ သူ့ရဲ့လည်ချောင်းကို လက်နှင့်ဖိထားရင်း ခေါင်းခါလိုက်သည်။
"ငါ့နာမည်က ကျင်းရွှီယန်းလေ ငါတို့က မိဘမဲ့ဂေဟာမှာ အတူတူကြီးပြင်းလာခဲ့ကြတာ။ မင်း ပြန်ပေးဆွဲတာမခံရခင် နှစ်ပေါင်းများစွာကတည်းက အကောင်းဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတာ" ဟု သူက ပြောပြလိုက်သည်။
ဒါကိုကြားတော့ ဖူကွေ့က ခေါင်းကို ထပ်ခါတလဲလဲ ခါယမ်းလိုက်တယ်။
ဒါကိုမြင်တော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ပြောင်းလဲဖို့ စက်ရုံက တစ်ခုခုလုပ်ခဲ့တယ်ဆိုတာကို ကျင်းရွှီယန်းက သိလိုက်ပြီး "မင်းနာမည်ကို သိလား" လို့ မေးလိုက်တယ်။
ဖူကွေ့က အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှာ ခေါင်းခါပြန်သည်။
ဒီတစ်ခါမှာတော့ သူ့သူငယ်ချင်းက မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီဆိုတာ ကျင်းရွှီယန်းက သေချာသွားသည်။ စက်ရုံက လုပ်ခဲ့တဲ့ စမ်းသပ်ချက်တွေကြောင့်လား၊ ဇွန်ဘီဗိုင်းရပ်စ်ကြောင့်လားဆိုတာတော့ သူမသိဘူး။ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ဒီအကြွေးကို မှတ်သားထားပြီး တစ်နေ့နေ့တော့ ပြန်ပေးဆပ်ခိုင်းမှာပဲ။
တစ်ချိန်တည်းမှာပဲ အိပ်ခန်းထဲက ကျိူးလီဇီကလည်း ကိုယ်လုံး ပေါ်မှန်ဆီလျှောက်သွားလိုက်တယ်။ မှန်ကိုကြည့်လိုက်တော့ သူမရဲ့ မျက်ဆံနက်တွေက အပြာရောင်ပြောင်းသွားတာကို တွေ့လိုက်ရတော့ လန့်သွားတယ်။
မှန်ထဲက သူမရဲ့မျက်လုံးတွေရဲ့ ရောင်ပြန်ဟပ်မှုကို ထိလိုက်ရင်း သူမက တိုးတိုးလေးရေရွတ်လိုက်တယ် "ဒုတိယဆင့်ကဲဖြစ်စဉ်က ဒီလောက်မြန်မြန် မဖြစ်လာသင့်ဘူး။ ဒုတိယမိုးက မရောက်သေးဘူးလေ၊ ငါ့ရဲ့စွမ်းရည်က ဘယ်လိုလုပ်ပြီးဆင့်ကဲပြောင်းလဲနေပြီလဲ"
သူမရဲ့ချစ်သူကို သူမရဲ့နေရာလွတ်ထဲကို ခေါ်လာရုံသာမကဘဲ ဗီဇပြောင်းလဲထားတဲ့သူကိုပါ ဆွဲခေါ်လာခဲ့တာကို သတိရတော့ အိပ်ခန်းထဲက အမြန်ထွက်သွားလိုက်တယ်။ အောက်ထပ်ကိုဆင်းလာတော့ သူမရဲ့ချစ်သူက အမျိုးသားတစ်ယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်ရတယ်။
"အစ်ကိုယန်း" ဟု သူမက ထိုလူကို စိုက်ကြည့်ရင်း ခေါ်လိုက်သည်။
သူ့ချစ်သူရဲ့အသံကိုကြားတော့ ကျင်းရွှီယန်းက လှည့်ပြီး မြန်မြန်လျှောက်သွားလိုက်တယ်။ သူမကို ခေါင်းကနေ ခြေဖျားအထိ သေချာကြည့်လိုက်ပြီးမှ "အာဇီ ဘယ်လိုနေလဲ။ ဘယ်နေရာမှာမှ မသက်မသာဖြစ်နေသေးလဲ" လို့ မေးလိုက်တယ်။
သူမက သူ့ကိုပြန်မဖြေနိုင်ခင်မှာပဲ သူ့ရဲ့စွမ်းအင်ကိုအသုံးပြုပြီး သူမရဲ့ခန္ဓာကိုယ်ကို စစ်ဆေးလို့ပြီးသွားတယ်။ ကျိူးလီဇီက သူ့ကို ယုံကြည်တာကြောင့် သူမရဲ့ အတွင်းပိုင်းခန္ဓာကိုယ်ကို ခုခံမှုမရှိဘဲ စစ်ဆေးနိုင်ခဲ့ပါတယ်။
ခဏကြာတော့မှ သူကသက်ပြင်းချပြီး "အာဇီ မင်းရဲ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှမရှိတာ ဝမ်းသာစရာပဲ။ ဒါပေမယ့် မင်းက ရုတ်တရက်ကြီးမေ့လဲသွားပြီး ကိုယ့်ကို ကြောက်အောင်လုပ်လိုက်တာပဲ" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက သူမကိုစစ်ဆေးနေတုန်းမှာ ကျိူးလီဇီကတော့ ဖူကွေ့ကို ကြည့်နေတယ်။ သူမက သူ့မျက်နှာကို အသေချာကြည့်လိုက်တော့မှ ရင်းနှီးနေသလို ခံစားလိုက်ရတယ်။ မကြာခင်မှာပဲ သူမရဲ့မျက်လုံးတွေက ပြူးကျယ်လာပြီး "အစ်ကိုယန်း၊ ဗီဇပြောင်းသူကို ဘာလို့လွှတ်ပေးလိုက်တာလဲ" လို့ မေးလိုက်တယ်။
သူမက ဒီလိုပြောလိုက်ပြီးတာနဲ့ သူမရဲ့ချစ်သူကို ဘေးဆီ တွန်းထုတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်တယ်။ ရေခဲအပ်တွေ အများကြီးကို ဖူကွေ့ဆီ မြန်မြန်ဆန်ဆန်ပဲပျံသန်းသွား စေလိုက်ပြီး သူ့ကို တစ်ချက်တည်းနဲ့ သတ်ဖို့ ရည်ရွယ်လိုက်တယ်။
တိုက်ခိုက်မှုကိုမြင်တော့ ဖူကွေ့ရဲ့ မျက်လုံးများက အေးစက်သွားပြီး လက်ကိုမြှောက်လိုက်သည်။
"ကလန့် ကလန့် ကလန့်"
သူမရဲ့တိုက်ခိုက်မှုကို ရေခဲဒိုင်းကာနှင့် ကာကွယ်တာကိုမြင်တော့ ကျိူးလီဇီက အံ့အားသင့်သွားပြီး "မင်းက ရေခဲအမျိုးအစား စွမ်းရည်အသုံးပြုသူပဲ" လို့ ပြောလိုက်တယ်။