← Chapters

အခန်း (၈၅-၈၆)

Vol. 7 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 7 Ch. 85-86

အပိုင်း(၈၅)

အောက်... အီ... အီး... အွတ်...

အရှေ့အရပ်မှ အရုဏ်တက်လာသည်နှင့်အမျှ ကြက်တွန်သံများက နံနက်ခင်းကို ကြိုဆိုနေကြသည်။

ချန်အန်းမြို့တော်မှ မိုင်ရာဂဏန်းခန့် ကွာဝေးသော တောင်ပေါ်ရွာလေးတစ်ရွာတွင်မူ ထူးဆန်းသော တိတ်ဆိတ်မှုကြီး လွှမ်းမိုးနေ၏။ ကျန်းလျိုနှင့် မင်းသမီး ကောင်းယန်တို့ ဤရွာတွင် ရုပ်ဖျက်၍ နေထိုင်ရန် ရွေးချယ်ခဲ့ပြီးကတည်းက ဓားပြများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးတွင် ထိုဓားပြများကို ကွပ်မျက်နိုင်ခဲ့သော်လည်း ရွာသားများစွာလည်း သေဆုံးခဲ့ရလေသည်။

အိမ်ခြေ ဒါဇင်အနည်းငယ်သာရှိသော တောင်ပေါ်ရွာလေးအတွက်မူ ဤသည်မှာ သဘာဝအားဖြင့် ကြီးမားလှသော ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်ခဲ့ပေသည်။

သို့တိုင် သေဆုံးသွားသူများက ထွက်ခွာသွားခဲ့ပြီဖြစ်ရာ ကျန်ရစ်သူများကတော့ မိမိတို့၏ ဘဝခရီးကို ဆက်လက် လျှောက်လှမ်းရမည်သာဖြစ်သည်။

ကြက်တွန်သံနှင့်အတူ ရွာသားများသည် တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ကြသည်။ထို့နောက် အသက်ခြောက်ဆယ်အရွယ် ခါးကိုင်းကိုင်း အဘိုးအိုတစ်ဦးသည် သူ၏ လယ်တောဆီသို့ ထွက်ခွာလာခဲ့လေသည်။

ယခု ရာသီချိန်ခါအရ လယ်ထဲရှိ သီးနှံများသည် ရိတ်သိမ်းရန် နီးကပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သီးနှံများ၏ ကြီးထွားမှုကို ဦးစွာ သွားရောက်စစ်ဆေးပြီးမှ ရိတ်သိမ်းရမည့်ရက်ကို ဆုံးဖြတ်ခြင်းက အကောင်းဆုံး ဖြစ်ပေမည်။

သို့သော်လည်း လယ်စိုက်ခင်းအစပ်သို့ အဘိုးအို ရောက်ရှိသွားသောအခါတွင်မူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အံ့ဩမှင်တက်ကာ ရပ်တန့်သွားခဲ့လေတော့သည်။

လယ်စိုက်ခင်းကြီးမှာ ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ နေရာအနှံ့အပြားတွင် ကျိုင်းကောင်အုပ်ကြီးများက ပြည့်နှက်နေပြီး သူစိုက်ပျိုးထားသော သီးနှံများအားလုံးနီးပါးကို ကိုက်ဖြတ်စားသောက်နေကြလေသည်။

အဝေးသို့ လှမ်းကြည့်လိုက်သောအခါတွင်လည်းကျိုင်းကောင်အုပ်ကြီးများသည် မည်းမှောင်နေသော တိမ်တိုက်ကြီးများပမာ အုပ်စုလိုက် ပျံသန်းနေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။

"ပြီးပြီ... အကုန်ပြီးသွားပြီ... အားလုံး ကုန်ပါပြီ..."

ဤမြင်ကွင်းကို ရင်ဆိုင်လိုက်ရသော အဘိုးအိုမှာ တိုးညင်းသောအသံဖြင့် ရေရွတ်လိုက်မိသည်။ ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်တစ်ခါမျှသာ ကြုံတွေ့ရခဲသော ဤကျိုင်းကောင်ကပ်ဘေးကြီးကို မြင်တွေ့လိုက်ရချိန်တွင် သူ၏ မျက်လုံးများထဲ၌ မျှော်လင့်ချက်မဲ့မှုများက အပြည့်အမောက် နေရာယူသွားခဲ့လေသည်။

ရွာသားများအတွက်မူ လယ်ကွင်းများမှ ရိတ်သိမ်းရရှိသော သီးနှံများသည် သူတို့ မိသားစုများ၏ ဘဝရပ်တည်ရေးအတွက် အဓိက အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ ယင်းသီးနှံများ မရှိတော့ပါက သူတို့သည် သေမင်းနှင့်သာ ရင်ဆိုင်ကြရမည် ဖြစ်တော့သည်။

...

ချန်အန်းမြို့တော်၏ ဧကရာဇ်နန်းတော်အတွင်း၌…

မင်းသမီး ကောင်းယန်၏ အခြေအနေက စိတ်ဆင်းရဲဖွယ်ကောင်းနေသော်လည်း လီရှီမင်သည် နိုင်ငံတစ်နိုင်ငံ၏ အရှင်သခင်ဖြစ်သည့်အလျောက် မဟာထန်နိုင်ငံတော်၏ အရေးကိစ္စများကိုသာ ပထမဦးစားပေးအဖြစ် ဆောင်ရွက်ရလေသည်။

သို့သော်လည်း ယနေ့တွင်မူ မိုးနှင့်မြေကို ဖုံးလွှမ်းသွားစေမည့် ကြုံဖူးနားဝပင်မရှိသော ဧရာမ ကျိုင်းကောင်ကပ်ဘေးကြီး ကျရောက်လာပြီဟူသော သတင်းဆိုးကြီး ရောက်ရှိလာခဲ့လေသည်။ အရပ်မျက်နှာ အသီးသီးမှ ကပ်ဘေးသတင်းများ ထွက်ပေါ်လာမှုကြောင့် နန်းတွင်းအမတ်များအားလုံး၏ မျက်နှာများထက်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေကြတော့သည်။

"အရှင်မင်းကြီး… အခုဆိုရင် ကျိုင်းကောင်ကပ်ဘေးကြီး စတင်ဖြစ်ပွားနေပါပြီ… ကျွန်တော်မျိုးတို့သာ တန်ပြန်ဖြေရှင်းမယ့် နည်းလမ်းကို ရှာမတွေ့ဘူးဆိုရင် နိုင်ငံတော်ကြီး ကမောက်ကမဖြစ်ပြီး ပြည်သူတွေလည်း ငြိမ်းချမ်းနိုင်တော့မှာ မဟုတ်ပါဘူး..."

အဓိကညီလာခံ ခန်းမဆောင်အတွင်းရှိ အသက်အရွယ်ကြီးရင့်သော အမတ်ကြီးတစ်ဦးက ငိုယိုကာ လျှောက်တင်လေသည်။

"ဘာအကြောင်းအရင်းမှ မရှိဘဲနဲ့ ဒီကျိုင်းကောင်ကပ်ဘေးက ဘယ်လိုလုပ် ဖြစ်လာရတာလဲ… ဒီမတိုင်ခင်ကဆို ဘာလက္ခဏာမှကို မပြခဲ့တာပါ..."

လီရှီမင်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေရင်း သူ၏ဘာသာ တိုးတိုးရေရွတ်လိုက်မိသည်။

ဘေးဒုက္ခများဟူသည် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ယခုကဲ့သို့ ကြိုတင်သတိပေးမှုမရှိဘဲ တောင်ပြိုကျသကဲ့သို့ ရုတ်တရက် ကျရောက်လာသော ဘေးဒုက္ခများသည်သာ လူကို လုံးဝ ကာကွယ်နိုင်စွမ်းမဲ့သွားစေပြီး ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်သူတစ်ဦးအနေဖြင့် သူ၏စိတ်အတွင်း၌ အငိုက်မိသွားသကဲ့သို့ ခံစားနေရသည်။ သို့သော်လည်း အပြင်ပန်းတွင်မူ မည်သို့မျှ ထုတ်ဖော်ပြသ၍ မရဘဲ တည်တည်ငြိမ်ငြိမ် ရှိနေစေရန် မိမိကိုယ်ကိုယ် အတင်းအကျပ် ထိန်းချုပ်ထားရလေသည်။

ကျိုင်းကောင်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ကောင်းစွာ သိရှိထားသော လီရှီမင်သည် အခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် သင့်လျော်သော အမိန့်များကိုသာ ထုတ်ပြန်နိုင်ခဲ့သည်။ ဘေးဒုက္ခကို တတ်နိုင်သမျှ လျော့ပါးသက်သာစေရန် ကြိုးပမ်းရလေတော့သည်။

သို့သော်လည်း အမိန့်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်ကာ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအားလုံး ကျိုင်းကောင်ကပ်ဘေးကို တိုက်ဖျက်ရန် အပြင်းအထန် ကြိုးပမ်းလှုပ်ရှားနေကြချိန်တွင် လီရှီမင်၏ စိတ်ထဲ၌ နဂါးနိုင်ရဟန္တာ ယခင်က ပြောကြားခဲ့သော စကားများကို ရုတ်တရက် ပြန်လည်သတိရသွားလေသည်။

ထိုစဉ်က နဂါးနိုင်ရဟန္တာ ပြောခဲ့သည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်ပြုမူမိသည့်အတွက် ဘေးဒုက္ခ ကျရောက်လာမည်မှာ သေချာသည်ဟူ၍ ဖြစ်သည်။

"ကောင်းပြီ… ညီလာခံကို ဒီမှာတင် ရပ်နားမယ်..."

လီရှီမင်သည် အမိန့်များပေးပြီးနောက် အခြားဆွေးနွေးရန် အရေးကြီးကိစ္စများ မရှိတော့သဖြင့် ညီလာခံကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာကာ အမတ်များကို အလျင်အမြန် အရေးယူဆောင်ရွက်ကြရန် တိုက်တွန်းလိုက်လေသည်။

သို့သော် ညီလာခံအပြီး သူ၏ ကိုယ်ပိုင်အဆောင်တော်သို့ ပြန်ရောက်သောအခါ လီရှီမင်သည် တာအို ဆရာတော် ယွမ်ထျန်းကန်းကို အလျင်အမြန် ပင့်ခေါ်လိုက်လေတော့သည်။

"တာအို ဆရာတော် ယွမ်..."

ယွမ်ထျန်းကန်း ရောက်ရှိလာသည်ကို မြင်သောအခါ လီရှီမင်က သူ့ကို နေရာထိုင်ခင်းပေးကာ စတင်စကားပြောလေသည်။

သို့သော် လီရှီမင် အမေးစကား မဆိုရသေးမီပင် ယွမ်ထျန်းကန်းက ဦးစွာ စတင်၍…

"အရှင်မင်းကြီး ဘာမေးချင်သလဲဆိုတာ ကျုပ် သိပြီးသားပါ... ဒီကျိုင်းကောင်ကပ်ဘေးက တကယ်ကို ထူးဆန်းလွန်းပါတယ်… ကပ်ဘေးမဆိုက်ခင်ကတည်းက ကျွန်တော်မျိုး ဗေဒင်တွက်ချက်ကြည့်ခဲ့ပြီးပါပြီ… ဆုတောင်းပတ္ထနာပြုပြီး နံ့သာတိုင်ပူဇော်ပြီးတဲ့နောက်မှာတော့ အထက်က နတ်မင်းတွေဆီက ညွှန်ကြားချက်တစ်ခု ရရှိခဲ့ပါတယ်..."

ယွမ်ထျန်းကန်းက လျှောက်တင်လေသည်။

"အို... ဘာတွေ တွေ့ရှိခဲ့ရသလဲ… ဒီကျိုင်းကောင်ကပ်ဘေးရဲ့ အကြောင်းအရင်းက ဘာလဲ… နတ်မင်းတွေကရော ဘယ်လိုမျိုး လမ်းညွှန်ချက်တွေ ပေးခဲ့ပါသလဲ..."

ယွမ်ထျန်းကန်း၏ စကားကို ကြားသောအခါ လီရှီမင်က အလောတကြီး မေးလိုက်သည်။

"နဂါးနိုင်ရဟန္တာ ပြောခဲ့သလိုပါပဲ… ကျွန်တော်မျိုးရဲ့ တွက်ချက်မှုအရပဲဖြစ်ဖြစ်… အထက်က နတ်မင်းတွေရဲ့ လမ်းညွှန်ချက်အရပဲဖြစ်ဖြစ် ကောက်ချက်ချရတာကတော့ အတူတူပါပဲ… အရှင်မင်းကြီးရဲ့ လုပ်ရပ်တွေက ကောင်းကင်ဘုံရဲ့ နိယာမကို ဆန့်ကျင်နေတဲ့အတွက် ကောင်းကင်ဘုံက အမျက်ထွက်ပြီး အခုလို သဘာဝဘေးအန္တရာယ်ကို ပြစ်ဒဏ်အနေနဲ့ ကျရောက်စေခဲ့တာပါ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရွှမ်ကျန်းဆရာတော် ကောင်းကင်ဘုံကို တိုင်တည်ပြီး သစ္စာဆိုတုန်းကလည်း ကောင်းကင်ဘုံရဲ့ မိုးခြိမ်းသံကနေတစ်ဆင့် သတိပေးချက်တစ်ခု ပေးခဲ့ပါသေးတယ်..."

"ကောင်းကင်ဘုံကို ဆန့်ကျင်တာလား… တကယ်ပဲ ကောင်းကင်ဘုံကို ဆန့်ကျင်ခဲ့တာလား… ဒါဆို အဲဒီနေ့က နဂါးနိုင်ရဟန္တာ ပြောခဲ့တဲ့စကားတွေက အလကားသက်သက် ခြောက်လှန့်နေတာ မဟုတ်ဘူးပေါ့..."

ထိုစကားများကို ကြားလိုက်ရသောအခါ လီရှီမင်မှာ ကြက်သေသေသွားတော့သည်။

မြတ်စွာဘုရားနှင့် ဗောဓိသတ်တို့ မည်မျှပင် တန်ခိုးကြီးမားစေကာမူ ဗုဒ္ဓဘာသာဂိုဏ်း၏ ဩဇာလွှမ်းမိုးမှု မည်မျှပင် ကြီးမားစေကာမူ ၎င်းတို့သည် ကောင်းကင်ဘုံကို ကိုယ်စားမပြုနိုင်ပေ။ ထို့ကြောင့် လီရှီမင်သည် ထိုနေ့က နဂါးနိုင်ရဟန္တာ၏ စကားများကို အလကားသက်သက် ခြောက်လှန့်သော စကားများအဖြစ်သာ သဘောထားခဲ့ပြီး နှလုံးသွင်းထားခြင်း မရှိခဲ့ပေ။

သို့သော် ယနေ့တွင်တော့ ၎င်းသည် ကောင်းကင်ဘုံမှ အမှန်တကယ် ပေးသော ပြစ်ဒဏ်များ ဖြစ်နေမည်လော။

ရွှမ်ကျန်းဆရာတော်သည် မည်သို့သော တာဝန်များကို ထမ်းရွက်နေရသဖြင့် ကောင်းကင်ဘုံကပင် ဤမျှလောက် အမျက်ထွက်နေရသနည်း။ မဟာထန်နိုင်ငံတော်ကိုဘေးဒုက္ခများကျရောက်စေရလောက်သည့်အထိလော။

"အနန္တ ကောင်းကင်အရှင်... အရှင်မင်းကြီး… အခု အဓိကအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိရပြီဆိုတော့ အရှင်မင်းကြီးအနေနဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရပါလိမ့်မယ်… အဲဒီလိုမှမဟုတ်ရင် ဒီကျိုင်းကောင်ကပ်ဘေးတစ်ခုတည်းနဲ့ ပြီးသွားမှာ မဟုတ်ဘဲ ရေကြီးတာတွေ… ကပ်ရောဂါတွေပါ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်လာပါလိမ့်မယ်..."

ယွမ်ထျန်းကန်းက တိုးညင်းသောအသံဖြင့် သတိပေးလိုက်လေသည်။

မဟာထန်နိုင်ငံတော်၏ ပြည်သူလူထုအရေအတွက်သည် သန်းနှင့်ချီရုံသာမက နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ တစ်နိုင်ငံလုံးအပေါ် ကျရောက်မည့် ပျက်စီးဆုံးရှုံးမှုများကလည်း ပိုမို ကြီးမားလာပေလိမ့်မည်။

နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်သူတစ်ဦးအနေဖြင့် လီရှီမင်သည် ကိစ္စရပ်၏ အဓိကအကြောင်းရင်းကို နားလည်သွားသည်နှင့် တစ်ပြိုင်နက် ဆုံးဖြတ်ချက်တစ်ခုကို အနှေးနှင့်အမြန် ဆိုသလို ချမှတ်ရမည်သာ ဖြစ်လေသည်။

***

အပိုင်း(၈၆)

ကောင်းယန်၏ အိပ်ဆောင်အတွင်း၌ ကျန်းလျိုမှာ လူကြောင်ကြီးတစ်ယောက်လို ဖြစ်နေသော်လည်း သူ၏ မျက်လုံးများကတော့ ကုတင်ပေါ်တွင် လဲလျောင်းနေသော မိန်းကလေးထံသို့သာ စူးစိုက်ကြည့်နေခဲ့လေသည်။

အချိန်အားဖြင့် တစ်လနီးပါးခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ကောင်းယန်၏ ခန္ဓာကိုယ်ပေါ်ရှိ အပုပ်အရိအရွဲများက ဆက်လက်ပျံ့နှံ့နေကာ သူမထံမှ ပိုမိုဆိုးရွားသော အပုပ်နံ့များပင် ထွက်ပေါ်နေခဲ့လေပြီ။

မကြာသေးမီကာလများအတွင်း သူမသည် သတိလစ်မေ့မြောနေသည့် အချိန်ကသာ ပိုများနေပြီး သတိရလာကာ သူနှင့် စကားပြောနိုင်သည့် အချိန်များမှာ ပို၍ပို၍ နည်းပါးလာခဲ့သည်။

ဤရက်များအတွင်း ကျန်းလျိုသည် ဖြစ်နိုင်သမျှ ကုထုံးမှန်သမျှကို ကြိုးစားခဲ့ပြီး ဖြစ်သည်။

ကွမ်ယင် ဂါထာ နှင့် ကုသဆေးရည်တို့မှာလည်း မည်သို့မျှ အသုံးမဝင်ခဲ့သလို အဆိပ်ပျံ့နှံ့မှုကို နှေးကွေးသွားအောင်ပင် မလုပ်နိုင်ခဲ့ကြပေ။ သူ၏ အသားသည် အသက်ကို ရှည်စေနိုင်စွမ်းရှိသည့်အတွက် အနည်းငယ်များ အကျိုးသက်ရောက်မှု ရှိနိုင်မလားဟု တွေးကာ သူ့ကိုယ်သူ ဓားဖြင့်လှီး၍ သူ၏ သွေးကိုပင် သူမအား တိုက်ကျွေးခဲ့သေးသည်။

ရေနစ်သူ အတွက် ကောက်ရိုးလေး တစ်မျှင် ဖြစ်ကောင်းဖြစ်နိုင်သည့် သဘောဖြင့် သူ စမ်းသပ်ကြည့်ခဲ့သော်လည်း မည်သည့် တိုးတက်မှုမှ မရှိခဲ့ပေ။ သူ၏ ကိုယ်ပိုင်အသားသည် အသက်ကို ရှည်စေနိုင်စွမ်း ရှိသော်လည်း လူတစ်ယောက်ကိုတော့ သေခြင်းတရားမှ မတားဆီးနိုင်ချေ။

မကြာသေးမီရက်များအတွင်းတွင် နန်းတွင်းအစေခံမိန်းကလေးများ၏ တိုးညင်းစွာ ငိုကြွေးသံများကို သူ မကြာခဏ ကြားနေခဲ့ရသည်။ ယင်းမှာ လုံးလုံးနီးပါး ပုပ်ရွဲနေပြီဖြစ်သော ကောင်းယန်၏ အသွင်အပြင်ကြောင့် အလွန်တရာ စိတ်ဆင်းရဲပြီး ဝမ်းနည်းနေကြသည်မှာ ထင်ရှားလှပေသည်။

"ငါ နောက်ဆုံးအနေနဲ့ လောင်းကြေးထပ်ပြီး စွန့်စားကြည့်ဖို့ပဲ ကျန်တော့တာလား..."

လုံးဝနီးပါး ပုပ်ရွဲနေပြီး အသက်ရှူသံ သဲ့သဲ့မျှသာ ကျန်တော့သော ကောင်းယန်ကို ကြည့်ရင်း သက်ပြင်းရှည်ကြီးချကာ ကျန်းလျို တွေးတောနေမိလေသည်။

...

ကျိုင်းကောင်ကပ်ဘေးကြီး ကျရောက်လာပြီးနောက် မရေမတွက်နိုင်သော ပြည်သူများသည် ဝေးလံခေါင်ဖျားသော ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကြရကာ ဘေးဒုက္ခသည်များသည် အသက်ရှင်သန်ရပ်တည်ရေးအတွက် နေရာအနှံ့အပြားတွင် လုယက်ရုန်းကန်နေကြရလေသည်။

သို့သော်လည်း မဟာထန်နိုင်ငံတော် တစ်ဝန်းလုံးရှိ နယ်မြေတစ်ဝက်ခန့်မှာ ကျိုင်းကောင်ကပ်ဘေး၏ သားကောင်များ ဖြစ်နေခဲ့လေပြီ။ မည်သည့်နေရာတွင် အသက်ရှင်သန်ရန် လမ်းစကို ရှာတွေ့နိုင်မည်နည်း။

နေရာအနှံ့အပြားတွင် အလောင်းများ ပြန့်ကျဲနေပြီး လဝက်ခန့်အတွင်းမှာပင် မဟာထန်နိုင်ငံတော်ကြီးသည် ပျက်စီးယိုယွင်းနေသော မြင်ကွင်းကြီးတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့လေသည်။ လူထောင်ပေါင်းများစွာသည် အစာရေစာငတ်မွတ်ကာ အသက်ဆုံးရှုံးခဲ့ကြရပြီး ဘေးဒုက္ခသည် သိန်းနှင့်ချီ၍ နေရာအနှံ့သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ နန်းတွင်းမှ ကယ်ဆယ်ရေးနှင့် ပြည်သူများကို နှစ်သိမ့်ရန် မည်သို့သော အစီအမံများပင် ချမှတ်လုပ်ဆောင်စေကာမူ ယင်းတို့အားလုံးမှာ ကောက်ရိုးပုံထဲ ရေတစ်စက်ချသကဲ့သို့ အရာမထင် ဖြစ်နေခဲ့ရလေသည်။

အလျင်အမြန် ပျံ့နှံ့နေသော ဤကျိုင်းကောင်ကပ်ဘေးကြီးကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများသည် ဆက်လက်၍သာ ကျယ်ပြန့်လာခဲ့သည်။

လဝက်ခန့်ကာလအတွင်း ဧကရာဇ် မင်းကြီးမှစ၍ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအထိ အားလုံးမှာ အလွန်တရာ အလုပ်များနေကြသော်လည်း အောင်မြင်မှုကတော့ အနည်းငယ်မျှသာ ရှိခဲ့လေသည်။

ထိုနေ့တွင် ဧကရာဇ် လီရှီမင်သည် ကောင်းကင်ဘုံသို့ ဆုတောင်းပတ္ထနာပြုမည့် ကြီးကျယ်ခမ်းနားသော အခမ်းအနားကြီးတစ်ခုကို ကျင်းပရန် ယွမ်ထျန်းကန်းအား ညွှန်ကြားလိုက်သည်။ ထို့နောက် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကိုလည်း တက်ရောက်ကြရန် အမိန့်ပေးခဲ့သည်။ ယင်းမှာ ကောင်းကင်ဘုံသို့ ဆုတောင်းကာ ပြည်သူများကို ကောင်းချီးပေးရန်နှင့် ကျိုင်းကောင်ကပ်ဘေး၏ အခက်အခဲများကို အပြီးတိုင် ဖြေရှင်းနိုင်ရန်အတွက် ဖြစ်လေသည်။

ထိုသတင်း ပျံ့နှံ့သွားသောအခါ မျှော်လင့်ချက်မဲ့နေသော ပြည်သူများအတွက် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ပေါ်ထွက်လာစေခဲ့သည်။

တစ်ရက်တည်းနှင့်ပင် ဆုတောင်းပတ္ထနာပြုပွဲအတွက် လိုအပ်သော ပြင်ဆင်မှုများအားလုံးကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။ မရေမတွက်နိုင်သော ပြည်သူများ၏ စိတ်အားထက်သန်စွာ စောင့်ကြည့်နေမှုအောက်တွင် ဧကရာဇ်၏ စစ်တပ်ကြီးက လမ်းရှင်းပေးကာ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအားလုံး စုံလင်စွာ ရောက်ရှိလာကြပြီးနောက် အခမ်းအနားကို တရားဝင် စတင်လိုက်လေသည်။

"ရွှမ်ကျန်းဆရာတော်… ဧကရာဇ်မင်းမြတ်က ဆရာတော့်ကို ဆုတောင်းပတ္ထနာပြုပွဲမှာ ပါဝင်ဖို့ မိန့်တော်မူထားတာကို ဆရာတော်က ဒီပုံစံကြီးနဲ့ သွားမလို့လား..."

ဧကရာဇ်နန်းတော်အတွင်း၌ ကျန်းလျိုမှာလည်း အသင့်ဖြစ်နေပြီဖြစ်သော်လည်း သူ၏အသွင်အပြင်ကို မြင်လိုက်ရသော နန်းတွင်းအစေခံမိန်းကလေးတစ်ဦးမှာ နားမလည်နိုင်စွာဖြင့် ရပ်တန့်သွားလေသည်။

ကျန်းလျို၏ မျက်နှာသည် ပြောင်စင်နေအောင် ရိတ်သင်ထားသော်လည်း ခေါင်းပေါ်တွင် ဝိဒျာရာဇာ သရဖူကို ဆောင်းမထားသလို လည်ပင်းတွင်လည်း စိပ်ပုတီးကို ကုံးထားခြင်း မရှိဘဲ အဖြူရောင်ဝတ်ရုံရှည်ကြီးကိုသာ ဝတ်ဆင်ထားလေသည်။ သူသည် ဘုန်းကြီးဝတ်ရုံကိုပင် ဝတ်ဆင်မထားသည့်အပြင် ခြေဗလာဖြင့်လည်း ဖြစ်နေသည်။ သူ၏ပုံစံမှာ ဘုန်းတော်ကြီးတစ်ပါးနှင့် မတူဘဲ မှန်ကန်သောလမ်းစဉ်ကို စွန့်ပယ်ထားသူတစ်ဦးနှင့် ပို၍တူနေလေသည်။

"ကောင်းယန်… အစ်ကို အပြင်ခဏသွားလိုက်ဦးမယ်… မကြာခင် ပြန်လာခဲ့မယ်နော်..."

ကျန်းလျိုက အသာအယာ ကိုင်းညွတ်လိုက်ပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော ကောင်းယန်ကို ညင်သာစွာ ပြောလိုက်လေသည်။

အသက်ရှူသံ သဲ့သဲ့မျှသာရှိတော့သော ကောင်းယန်သည် နှစ်ရက်တိုင်တိုင် သတိမရတော့သဖြင့် ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။

စကားဆုံးသည်နှင့် သူက အစေခံမိန်းကလေးအား ကောင်းယန်ကို သေချာဂရုစိုက်ရန် မှာကြားလိုက်ပြီးနောက် အပြင်သို့ ထွက်လာခဲ့လေသည်။

"ရွှမ်ကျန်းဆရာတော်… ကျွန်တော်မျိုးမတို့နောက်ကနေ လိုက်ခဲ့ပေးပါ..."

နန်းတော်ပြင်ပတွင် အစောင့်များစွာ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ ခြေဗလာနှင့် လျှောက်လာသော ကျန်းလျိုကို မြင်သောအခါ သူတို့လည်း အံ့အားသင့်ကာ ရပ်တန့်သွားကြသော်လည်း မည်သို့မျှ ဆက်မမေးတော့ဘဲ ခေါင်းငုံ့ကာ ရိုသေစွာဖြင့်သာ လျှောက်တင်လိုက်ကြသည်။

ကျန်းလျိုသည် မင်းသမီးနှင့် လက်ထပ်မည်ဟု ရဲဝံ့စွာ ကြေညာခဲ့သည့်နေ့မှစ၍ ယခုဆိုလျှင် တစ်လနီးပါးခန့် ရှိနေပြီဖြစ်ရာ ဤကိစ္စသည် မဟာထန်နိုင်ငံတော် တစ်ဝန်းလုံးသို့ လေဆင်နှာမောင်းတစ်ခုပမာ ပျံ့နှံ့သွားခဲ့လေပြီ။

နံ့သာတိုင် အမာရွတ် ဆယ့်နှစ်ခုနှင့် ဗုဒ္ဓဘာသာဂိုဏ်းဝင် တပည့်တစ်ပါးအနေဖြင့် ကျန်းလျိုသည် ဤကဲ့သို့သော စကားမျိုးကို မဆိုသင့်ကြောင်း လူအများက ထင်မြင်ခဲ့ကြသည်။ သို့သော်လည်း သူ၏စကားများသည် လူအများအပြားထံမှ လေးစားအားကျမှုများစွာကို ရရှိခဲ့သည်ဟူသောအချက်မှာ ငြင်းဆန်၍မရနိုင်ပေ။

အထူးသဖြင့် အမျိုးသမီးများအတွက်မူ ဤလုပ်ရပ်က ပို၍ပင် ကြည်နူးထိရှဖွယ်ရာ ကောင်းနေခဲ့လေသည်။

မင်းသမီး ကောင်းယန်၏ ဘဝသည် နိဂုံးချုပ်ရန် နီးကပ်နေပြီဖြစ်သော်လည်း အမျိုးသမီးများစွာ၏ အမြင်တွင်မူ သူသည် ဘုန်းတော်ကြီးတစ်ပါး ဖြစ်နေပါစေဦးတော့ မိမိကို တကယ်ချစ်မြတ်နိုးသော အမျိုးသားတစ်ဦးနှင့် ဤဘဝတွင် ဆုံတွေ့ခဲ့ရခြင်းကပင် ကောင်းချီးတစ်ခု ဖြစ်သည်ဟု ယူဆခဲ့ကြလေသည်။

အစောင့်အများအပြား၏ ခြံရံစောင့်ရှောက်မှုဖြင့် ကျန်းလျိုသည် မကြာမီမှာပင် ဆုတောင်းပတ္ထနာပြုပွဲ ကျင်းပရာ နေရာသို့ ရောက်ရှိလာခဲ့လေသည်။

ဤအခမ်းအနားကို မဟာထန်နိုင်ငံတော်၏ ပြည်သူများ အကျိုးအတွက် ကျင်းပခြင်းဖြစ်သောကြောင့် နန်းတော်၏ အတွင်းပိုင်းအထိ နက်ရှိုင်းသောနေရာများတွင် ဖုံးကွယ်မထားဘဲ အပြင်ဘက်၌သာ ကျင်းပရန် စီစဉ်ထားခဲ့ရာ ချန်အန်းမြို့တော်ရှိ မြို့သူမြို့သားအားလုံးနီးပါးကို ဆွဲဆောင်နိုင်ခဲ့လေသည်။

ကျန်းလျို ရောက်ရှိလာသောအခါ လမ်းတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သော လူအများက သူ့ကို ရွံရှာခြင်း၊ လေးစားခြင်း၊ အားကျခြင်း အစရှိသော ရှုပ်ထွေးလှသည့် ခံစားချက်များဖြင့် ကြည့်ရှုနေကြလေသည်။

ကျန်းလျိုကမူ ထိုအကြည့်များကို ဂရုမစိုက်ဘဲ အစောင့်များ လမ်းရှင်းပေးမှုနှင့်အတူ ရှေ့သို့သာ တိတ်ဆိတ်စွာ လျှောက်လှမ်းသွားခဲ့လေသည်။

"ရွှမ်ကျန်းဆရာတော်… ဒီနေရာမှာ ခဏစောင့်နေပေးပါ..."

ကျန်းလျို ရောက်ရှိလာချိန်တွင် ဆုတောင်းပတ္ထနာပြုပွဲမှာ တရားဝင် စတင်နေပြီ ဖြစ်သည်။ အစောင့်က ကျန်းလျိုအား ဘေးဘက်တွင် စောင့်ဆိုင်းနေရန် ပန်ကြားလိုက်လေသည်။

ဧကရာဇ်ဝတ်ရုံတော်ကို ဆင်ယင်ထားသော ဧကရာဇ် လီရှီမင်သည် ဩဇာညောင်းသောအသံဖြင့် ဆုတောင်းစာကို ကျယ်လောင်စွာ ရွတ်ဆိုနေလေသည်။

"ငါကိုယ်တော်ဟာ ကောင်းကင်ဘုံရဲ့ စေခိုင်းချက်အရ… ကောင်းကင်ဘုံကိုယ်စား ဒီလောကကြီးက သားသမီးတွေကို အားသွန်ခွန်စိုက်နဲ့ မမောမပန်း အုပ်ချုပ်စောင့်ရှောက်ဖို့ တာဝန်ယူထားသူဖြစ်တယ်..."

ကျန်းလျိုသည် လူအုပ်ကြားတွင် ရပ်ကာ တိတ်ဆိတ်စွာ နားထောင်နေလေသည်။ လီရှီမင်၏ ဆုတောင်းစာ အစပိုင်းတွင် ဧကရာဇ်တစ်ပါးအနေဖြင့် ပြည်သူများကို စောင့်ရှောက်ရာ၌ သူ၏ ကြိုးစားအားထုတ်မှုများနှင့် လွန်ခဲ့သော နှစ်များတစ်လျှောက် မဟာထန်နိုင်ငံတော်ရှိ ပြည်သူများ၏ ငြိမ်းချမ်းပျော်ရွှင်မှုများအကြောင်းကို အဓိကထား၍ ဇာတ်ကြောင်းပြန်ထားလေသည်။

ထို့နောက်တွင်မူ ဆုတောင်းစာသည် လက်ရှိကျရောက်နေသော ကျိုင်းကောင်ကပ်ဘေးကြီးနှင့် ယင်း၏ ကြောက်မက်ဖွယ် ကောင်းလှသော အန္တရာယ်များအကြောင်းကို ညည်းတွားပြောဆိုခြင်းဆီသို့ ပြောင်းလဲသွားလေသည်။

"အကယ်၍ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ငါကိုယ်တော်ရဲ့ အမှားတွေကြောင့်များ ဒီလိုဘေးဒုက္ခမျိုး ကျရောက်လာရတာဆိုရင်… ဒီဘေးဒုက္ခကို ငါကိုယ်တော် တစ်ယောက်တည်းအပေါ်မှာသာ ကျရောက်စေဖို့ ကောင်းကင်ဘုံကို တောင်းဆိုပါတယ်… ပြည်သူလူထုရဲ့ အုပ်ချုပ်သူ လူ့ဘုံဧကရာဇ်တစ်ပါးအနေနဲ့ ငါကိုယ်တော် တစ်ယောက်တည်း ခံယူပါ့မယ်… ကျိုင်းကောင်တွေက ငါကိုယ်တော်ရဲ့ ကလီစာတွေကိုပဲ စားသုံးပြီး ဒီလောကကြီးက သားသမီးတွေကိုတော့ နောက်ထပ် ဘေးအန္တရာယ် မပြုကြပါနဲ့တော့..."

သူက ကြေညာလိုက်လေသည်။ အဆုံးတွင် လီရှီမင်သည် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်ပြီး သူ၏ အော်ဟစ်သံကြားတွင် အစောင့်များက အသက်ရှင်နေသော ကျိုင်းကောင်အချို့ကို ဆက်သလိုက်ကြသည်။ လီရှီမင်သည် ထိုကျိုင်းကောင်များကို ဖမ်းဆုပ်ကာ အရှင်လတ်လတ် မြိုချလိုက်လေတော့သည်။

လီရှီမင်၏ စကားများနှင့် လုပ်ရပ်များသည် အလွန်တရာ ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် လူတိုင်းမှာ "အရှင်မင်းကြီးက သိပ်ကို ကရုဏာကြီးမားလှပါတယ်..." ဟု မပြောဘဲ မနေနိုင်အောင် ဖြစ်သွားကြရသည်။ ကောင်းကင်ဘုံထံသို့ သူ၏ လှိုက်လှဲသော တောင်းဆိုချက်က ပြည်သူအားလုံးအတွက် ဤဘေးဒုက္ခကို ခံစားပေးမည့် သူ၏ စိတ်ပိုင်းဖြတ်မှုကို ပြသနေလေသည်။

မင်းကြီး ကျိုင်းကောင်များအား အရှင်လတ်လတ် မြိုချလိုက်သည်ကို ကြည့်ရင်း ပတ်ဝန်းကျင်ရှိ ပြည်သူလူထုမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှား ထိခိုက်သွားကြပြီး တစ်ခဲနက် ဒူးထောက်ကာ ကျယ်လောင်စွာ ချီးကျူးထောမနာ ပြုကြလေတော့သည်။

"ဒါဟာ သမိုင်းအစစ်အမှန် မဟုတ်ဘဲ ဒဏ္ဍာရီဆန်တဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်နေတယ်ဆိုရင်တောင်မှ လီရှီမင်ဟာ ပညာရှိဧကရာဇ်ဆိုတဲ့ ဘွဲ့နာမနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်..."

ကောင်းကင်ပတ္ထနာပြု စင်မြင့်အောက်တွင် ရပ်နေသော ကျန်းလျိုသည် လီရှီမင် ပြုမူသမျှကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး စိတ်ထဲမှ သဘောတူလက်ခံကာ ခေါင်းညိတ်လိုက်လေသည်။

ကျိုင်းကောင်များကို အရှင်လတ်လတ် မြိုချခြင်းဆိုသည်မှာ ဤခေတ်ဤအခါတွင် မည်သူမဆို လုပ်နိုင်သည့် ကိစ္စမျိုး မဟုတ်ပေ။

ကောင်းကင်ဘုံသို့ ဆုတောင်းပတ္ထနာပြုခြင်း ပြီးဆုံးသွားပြီဖြစ်ရာ မည်သို့ဆိုစေ ဤခမ်းနားလှသော အခမ်းအနားကြီးသည်လည်း တရားဝင် ပြီးဆုံးသွားသင့်ပြီ ဖြစ်သည်။

လူ့ဘုံဧကရာဇ်တစ်ပါးအနေဖြင့် လီရှီမင်သည် ကောင်းကင်ဘုံသို့ တရားဝင် ဆုတောင်းပတ္ထနာပြုပြီးဖြစ်သည်။ ကျိုင်းကောင်ကပ်ဘေးကြီး ဆုတ်ခွာသွားမည်၊ မသွားမည်မှာ ယခုအခါ နတ်ဒေဝါတို့၏ အလိုဆန္ဒအပေါ်တွင်သာ မူတည်နေပြီ ဖြစ်သည်။

သို့သော်လည်း လီရှီမင်သည် အခမ်းအနားကို ရုပ်သိမ်းမည့် အရိပ်အယောင်မျှ မပြဘဲ သူ၏ဘေးမှ မိန်းမစိုးတစ်ဦးအား ခေါင်းညိတ်ပြလိုက်လေသည်။

လီရှီမင်၏ အချက်ပြမှုအရ မိန်းမစိုးသည် ရှေ့သို့ ထွက်လာကာ ပြည်သူများကို ဝေ့ကြည့်လိုက်ပြီး စူးရှသောအသံဖြင့် ကြေညာလေသည်။

"ကောင်းကင်ပတ္ထနာပြုပွဲ ပြီးမြောက်ပါပြီ… ကောင်းကင်ဘုံက ကျွန်ုပ်တို့ရဲ့ မဟာထန်နိုင်ငံတော်ကြီးကို ထာဝရတည်တံ့ခိုင်မြဲအောင် ကောင်းချီးပေးပါစေသတည်း… ဒါပေမဲ့ ဒီကနေ့မှာ အရှင်မင်းကြီးက အားလုံးကို ကြေညာစရာ အမိန့်တော်သစ်တစ်ခု ရှိနေပါတယ်..."

***

All Chapters