အခန်း (၈၇-၈၈)
Vol. 7 Ch. 87-88
အပိုင်း(၈၇)
မိန်းမစိုး၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ ပြည်သူလူထုမှာ အံ့အားသင့်ကာ အချင်းချင်း အကဲခတ်ကြည့်ရှုနေကြသည်။ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများပင်လျှင် မှင်တက်သွားကြလေသည်။
ကောင်းကင်ပတ္ထနာပြုပွဲအပြီးတွင် ဧကရာဇ်မင်းမြတ်ထံ၌ ကြေညာစရာ သတင်းအသစ်တစ်ခု ရှိနေသည်ဆိုသည်ကို အရာရှိများရော သာမန်ပြည်သူများပါ မသိရှိခဲ့ကြပေ။
မိန်းမစိုးသည် စကားပြောဆိုရင်း သူ၏ ဝတ်ရုံထဲမှ တောက်ပခမ်းနားသော အမိန့်တော်ပြန်တမ်းတစ်ခုကို ထုတ်ယူကာ ဖြည်းညင်းစွာ ဖြန့်ချလိုက်ပြီး ဖတ်ကြားလေသည်။
"ကောင်းကင်ဘုံရဲ့ အလိုတော်အရ… ဧကရာဇ်မင်းမြတ် မိန့်တော်မူသည်မှာ… မကြာသေးမီက ဗုဒ္ဓဘာသာ ယုံကြည်မှုမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ ရွှမ်ကျန်းဆရာတော်ဟာ ယခင်က တစ်ခါမှ မကြုံစဖူးတဲ့ နံ့သာတိုင် အမာရွတ် ဆယ့်နှစ်ခုနဲ့ သတ်မှတ်ခြင်း ခံခဲ့ရတဲ့အပြင်… ခိုင်မာတဲ့ စိတ်နေသဘောထားနဲ့ နက်ရှိုင်းလှတဲ့ သစ္စာတရား၊ တရားမျှတမှုတွေကြောင့်လည်း ကျော်ကြားခဲ့ပါတယ်... ငါကိုယ်တော်က ရွှမ်ကျန်းဆရာတော်နဲ့ သစ္စာဆို ညီအစ်ကိုတွေ ဖြစ်ချင်ပါတယ်..."
ဝုန်း...
ဤအမိန့်တော်သည် တစ်ခဲနက်စုဝေးနေသူများအားလုံးကို တုန်လှုပ်ချောက်ချားသွားစေပြီး အရာရှိများနှင့် ပညာရှိများကြားတွင် ဆူညံပွက်လောရိုက်သွားစေတော့သည်။
ဧကရာဇ်မင်းမြတ်သည် ဤကဲ့သို့သော အမိန့်တော်ကို ရုတ်တရက် ထုတ်ပြန်လိုက်လိမ့်မည်ဟု မည်သူကမျှ ကြိုတင် မျှော်လင့်မထားခဲ့ကြပေ။
ကျန်းလျို ကောင်းကင်ဘုံကို တိုင်တည်၍ သစ္စာဆိုခဲ့သည့် အချိန်မှစ၍ ရွှမ်ကျန်းဆရာတော်သည် မင်းသမီး ကောင်းယန်ကို လက်ထပ်လိုကြောင်း မည်သူက မသိဘဲ နေမည်နည်း။ ယင်းတောင်းဆိုချက်ကို ဧကရာဇ်မင်းမြတ်က ယခင်က ငြင်းပယ်ခဲ့ဖူးသည်သာ ရှိခဲ့လေသည်။
ယခုကဲ့သို့သော အချိန်တွင် ရွှမ်ကျန်းဆရာတော်နှင့် သစ္စာဆို ညီအစ်ကိုများအဖြစ် ဖွဲ့ရန် အမိန့်တော် ထုတ်ပြန်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
ဤသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် ရွှမ်ကျန်းဆရာတော်နှင့် မင်းသမီး ကောင်းယန်တို့ကြားရှိ မျိုးဆက်အဆင့်အတန်းသည် တစ်ဆက်စာမျှ လုံးဝ ကွာဟပြောင်းလဲသွားမည် မဟုတ်ပါလော။
"ဒီလိုကိုး..."
ဤအမိန့်တော်ကို ရုတ်တရက် ကြားလိုက်ရချိန်တွင် ကျန်းလျိုမှာ အံ့အားသင့်သွားခဲ့သော်လည်း ဧကရာဇ်၏ နောင်တော် ဟူသော ဂုဏ်ပုဒ်နှင့် ပတ်သက်၍ မူရင်းဝတ္ထုထဲတွင် သူ ကြိုသိထားပြီးဖြစ်၍ လုံးဝ မှင်တက်သွားခြင်းမျိုးတော့ မရှိခဲ့ပေ။ ထို့ထက်ပို၍ သူသာ လီရှီမင်၏ နေရာတွင် ရှိနေမည်ဆိုပါကလည်း ဤဆုံးဖြတ်ချက်ကို သူ ကောင်းစွာ နားလည်ပေးနိုင်မည် ဖြစ်လေသည်။
အနောက်အရပ်သို့ ပိဋကတ်တော်ပင့်ဆောင်ရန် ခရီးစဉ်တာဝန်ကို လျစ်လျူရှုကာ အိမ်ထောင်ပြုရန် ရွေးချယ်ခဲ့ခြင်းကြောင့် ကောင်းကင်ဘုံ၏ ပြစ်ဒဏ်အဖြစ် ဤကျိုင်းကောင်ကပ်ဘေးကြီး ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။
ကျိုင်းကောင်ကပ်ဘေးကို အမြစ်ပြတ်ချေမှုန်းရန်ဆိုသည်မှာ လီရှီမင်၏ သာမန်ဆုတောင်းပတ္ထနာပြုမှုလေး တစ်ခုတည်းဖြင့် အောင်မြင်နိုင်မည့် ကိစ္စရပ်မျိုး မဟုတ်ပေ။ အဓိက အကြောင်းရင်းမှာ သူကိုယ်တိုင်အပေါ်တွင်သာ မူတည်နေခဲ့ခြင်း ဖြစ်ပေသည်။
ယနေ့တွင် သူနှင့် သစ္စာဆို ညီအစ်ကိုများ ဖွဲ့မည့် အမိန့်တော်တစ်ရပ်ကို ထုတ်ပြန်လိုက်ခြင်းအားဖြင့် လီရှီမင်သည် မင်းသမီး ကောင်းယန်နှင့် သူ လက်ထပ်နိုင်မည့် ဖြစ်နိုင်ခြေ မှန်သမျှကိုလည်း ထိရောက်စွာ ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်လေတော့သည်။
ဝုန်း... ဒိုင်း...
မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားပြီး မြေကြီးမှာလည်း တုန်လှုပ်သွားခဲ့ရာ ယင်းမှာ လီရှီမင်၏ ရည်ရွယ်ချက်များကို ကောင်းကင်ဘုံက သဘောတူခွင့်ပြုကြောင်း သိသာထင်ရှားစွာ ပြသလိုက်ခြင်းပင် ဖြစ်လေသည်။
"ဒီကနေ့ကစပြီး နောင်တော်ကို မြင်တာဟာ ငါကိုယ်တော်ကို မြင်တာနဲ့ အတူတူပဲ..."
လီရှီမင်က ကြေညာလိုက်ရာ သူ၏ ရှင်းလင်းပြတ်သားသော အသံတော်သည် အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားခဲ့လေသည်။
"ဧကရာဇ် နောင်တော်… ရွှမ်ကျန်းဆရာတော်ကို ဂါရဝပြုပါတယ်..."
ထိုကြေညာချက် ထွက်ပေါ်လာပြီးနောက် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအပြင် ပြည်သူအားလုံးကပါ ကျန်းလျိုထံသို့ ဒူးထောက်အရိုအသေပေးကာ တစ်ခဲနက် အော်ဟစ်လိုက်ကြလေသည်။
သို့သော်လည်း အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သော ကျန်းလျိုမှာမူ ယခုအခါတွင် ရွှမ်ကျန်းဆရာတော် ဟူသော ဂုဏ်ပုဒ်နှင့် ဧကရာဇ် နောင်တော် ဟူသော ဂုဏ်ပုဒ်နှစ်ခုလုံးကို ပိုင်ဆိုင်ထားပြီး အားလုံးထက် မြင့်မြတ်သူအဖြစ် ပြည်သူများနှင့် အရာရှိများအားလုံး၏ ဒူးထောက် အရိုအသေပေးမှုကို ခံယူနေရသည်။ သို့သော်လည်း... သူ၏ စိတ်နှလုံးထဲတွင်မူ မည်သည့် ဝမ်းမြောက်မှုမျိုးမျှ ရှိမနေခဲ့ပေ။
လီရှီမင်သည် ကောင်းယန်နှင့် သူ၏ ဆက်ဆံရေးကို ဖြတ်တောက်ရန်အတွက် သူနှင့် သစ္စာဆို ညီအစ်ကို ဖွဲ့ခဲ့ခြင်းဖြစ်ကြောင်းကို ကျန်းလျိုက အလွန်ပင် ရှင်းလင်းစွာ သိရှိထားလေသည်။
ပုဂ္ဂိုလ်ရေး ခံစားချက်ရှုထောင့်အရ ဆိုရလျှင် ကျန်းလျိုသည် ဝန်လေးနေခဲ့သော်လည်း ဤစကားများကိုမူ ဖွင့်ဟပြောဆိုခဲ့ခြင်း မရှိပေ။
လီရှီမင်၏ ရှုထောင့်မှကြည့်လျှင်လည်း သူသည် အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။ သူသည် ဖခင်တစ်ဦးဖြစ်ရုံသာမက နိုင်ငံတစ်နိုင်ငံ၏ ဧကရာဇ်မင်းမြတ်ဖြစ်ပြီး သူ၏ ပြည်သူပြည်သားအားလုံးအတွက် တာဝန်ယူရမည် ဖြစ်သောကြောင့်ပင်။
ထို့အပြင် သူ၏ ကိုယ်ပိုင် အတ္တစိတ်ကြောင့် ကျိုင်းကောင်ကပ်ဘေးကြီး ပေါ်ပေါက်လာခဲ့ရပြီး ပြည်သူများမှာ သေရေးရှင်ရေး ရုန်းကန်နေကြရသည့်အတွက် ကျန်းလျိုသည် အလွန်တရာ အပြစ်ရှိသကဲ့သို့ ခံစားနေရလေသည်။
ကောင်းကင်ဘုံ၏ နိယာမ ဆိုသည်မှာ အရာခပ်သိမ်းအပေါ် မျက်နှာလိုက်ခြင်းမရှိဘဲ အလွန်တရာ တရားမျှတလှသည်ဟုဆိုသည်။ သို့သော်ငြားလည်း အခြားတစ်ဖက်တွင်မူ ယင်းသည် ရက်စက်ကြမ်းကြုတ်၍ တရားသေဆန်လွန်းသော ဓားတစ်လက်နှင့်လည်း တူနေပြန်လေသည်။
ကောင်းကင်ပတ္ထနာပြု စင်မြင့်ပေါ်တွင် ရပ်နေသော လီရှီမင်သည် ကျန်းလျိုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။ ဤရက်များအတွင်း သူသည် ကောင်းယန်ကို ကယ်တင်ရန် အရာအားလုံးကို ကြိုးပမ်းခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ လီရှီမင်၏ အမြင်တွင်မူ ကောင်းယန်သည် သေချာပေါက် သေမင်းနှင့် ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။
ရွှမ်ကျန်းဆရာတော်ကို ဧကရာဇ် နောင်တော် အဖြစ် ခန့်အပ်လိုက်ခြင်းသည် သူ့ကို အမှန်တကယ် ထိခိုက်နစ်နာစေခြင်း မရှိသည့်အပြင် ဤကြုံဖူးနားဝမရှိသော ကျိုင်းကောင်ကပ်ဘေးကြီးမှလည်း သူတို့ကို ကယ်တင်နိုင်မည် ဖြစ်သည်။ ဤသည်မှာ သူ စဉ်းစားတွေးတောနိုင်ခဲ့သမျှ အကောင်းဆုံး ဖြေရှင်းနည်းပင် ဖြစ်တော့သည်။
အကယ်၍သာ ကောင်းယန် အသက်ရှင်နိုင်မည့် မျှော်လင့်ချက် ရောင်ခြည်လေး တစ်စွန်းတစ်စမျှ ရှိနေခဲ့မည်ဆိုလျှင်တော့ လီရှီမင်သည် ချစ်သူနှစ်ဦးအား အတင်းအဓမ္မ ခွဲခွာစေခဲ့သည့်အတွက် အနည်းငယ်မျှ အပြစ်ရှိသလို ခံစားမိကောင်း ခံစားမိမည် ဖြစ်သည်။
"အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်..."
ကျန်းလျိုကလည်း လီရှီမင်ကို တိတ်ဆိတ်စွာ ပြန်လည်ကြည့်ရှုနေခဲ့၏။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ့ကို နက်ရှိုင်းစွာ ဦးညွှတ်အရိုအသေ ပေးလိုက်လေသည်။
ထို့နောက်တွင်တော့... ကျန်းလျိုသည် လှည့်ကာ ခြေဗလာဖြင့်ပင် ကောင်းကင်ပတ္ထနာပြု အခမ်းအနား ကျင်းပရာနေရာမှ ထွက်ခွာသွားလေတော့သည်။
ဒူးထောက်နေကြသော အရာရှိများနှင့် ပြည်သူများမှာ ကျန်းလျိုက ခပ်ပေါ့ပေါ့ ကျေးဇူးတင်စကား တစ်ခွန်းသာ ဆိုကာ လှည့်ထွက်သွားသည်ကို ကြည့်ရင်း အံ့အားသင့်ကာ အချင်းချင်း အကဲခတ်ကြည့်ရှုနေကြလေသည်။
ဤအပြုအမူက ဧကရာဇ်မင်းမြတ်အပေါ် မကျေနပ်မှုကို ရှင်းလင်းစွာ ပြသနေခြင်းပင် မဟုတ်ပါလော။
စစ်ဘက်ဆိုင်ရာ အရာရှိအချို့မှာမူ သူတို့၏ ဓားလက်ကိုင်ရိုးများပေါ်သို့ လက်တင်ထားလိုက်ကြပြီဖြစ်သည်။ သူတို့၏ အကြည့်များက ဧကရာဇ်မင်းမြတ်ထံသို့ စူးစိုက်ရောက်ရှိနေကြပြီး ဧကရာဇ်၏ အမိန့်ပေးသံ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှေ့သို့ ခုန်ထွက်ကာ အာဏာစက်ကို မလေးမစားလုပ်သော ဤသစ္စာဖောက်အား ဖမ်းဆီးရန် အသင့်အနေအထား ဖြစ်နေကြလေသည်။
နံ့သာတိုင် အမာရွတ်များ ပိုင်ဆိုင်ထားသော ဆရာတော်တစ်ပါး ဖြစ်နေစေကာမူ မဟာထန်နိုင်ငံတော်၏ နယ်နိမိတ်အတွင်းတွင် ဧကရာဇ်မင်းမြတ်၏ စကားသည်သာ ဥပဒေ ဖြစ်ပေသည်။
"ဟူး..."
ထွက်ခွာသွားသော ကျန်းလျို၏ ကျောပြင်ကို ကြည့်ရင်း လီရှီမင်သည် မည်သည့် ဒေါသထွက်မှု အရိပ်အယောင်မျှ မပြဘဲ စိတ်ထဲမှသာ သက်ပြင်းချလိုက်လေသည်။ ကျန်းလျို၏ ရင်ထဲမှ မကျေနပ်မှုများကို သူ နားလည်ပေးနိုင်လေသည်။
ယုတ္တိကျကျ တွေးကြည့်လျှင် ကျန်းလျိုသည် ဧကရာဇ် နောင်တော် ဟူသော ဂုဏ်ပုဒ်ကို မဆန့်ကျင်ခဲ့သော်လည်း စိတ်ခံစားချက်အရမူ လက်ခံနိုင်ဖို့ ခဲယဉ်းပေလိမ့်မည်။ လူအများရှေ့တွင် ငြင်းဆန်မသွားခြင်းကပင် သူ ပြသနိုင်ခဲ့သော အကြီးမားဆုံးသော ထိန်းချုပ်မှု ဖြစ်ပေသည်။
"ကဲ...အားလုံးပဲ ပြန်ကြတော့..."
ကောင်းကင်ပတ္ထနာပြုပွဲကြီးလည်း ချောမွေ့စွာ ပြီးမြောက်သွားပြီဖြစ်၍ လီရှီမင်က လေးတွဲ့စွာ ပြောလိုက်လေသည်။ မိန်းမစိုး၏ ကြေညာချက်အောက်တွင် သူသည် နဂါးရထားလုံးပေါ်သို့ တက်ကာ နန်းတော်သို့ ပြန်လည်ထွက်ခွာသွားပြီး အရာရှိများနှင့် ပြည်သူများလည်း လူစုကွဲသွားကြလေတော့သည်။
ကောင်းကင်ပတ္ထနာပြုပွဲအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၊ ဧကရာဇ်မင်းမြတ်၏ ကရုဏာတော်နှင့်၊ သူနှင့် ရွှမ်ကျန်းဆရာတော်တို့ သစ္စာဆို ညီအစ်ကိုများ ဖြစ်သွားကြသည်ဟူသော အကြောင်းအရာတို့သည် ဟာရီကိန်းမုန်တိုင်းတစ်ခုပမာ အလျင်အမြန် ပျံ့နှံ့သွားလေတော့သည်။
***
အပိုင်း(၈၈)
"ဟူး... ကောင်းကင်ဘုံက ငါတို့ကို ကစားနေတာပဲ… ဧကရာဇ် နောင်တော် ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားပေမဲ့ ဝမ်းသာမှု တစ်စက်လေးတောင် ရှိမနေဘူး… စည်းစိမ်ဥစ္စာနဲ့ ဂုဏ်သတင်းကျော်ကြားမှုတွေ ဆိုတာကလည်း လွင့်မျောနေတဲ့ တိမ်တိုက်တွေလိုပါပဲ… သေချာတာပေါ့... ရွှမ်ကျန်းဆရာတော်ရဲ့ ရင်ထဲမှာ အရမ်းကို ခါးသီးနေရှာမှာပဲနော်..."
အထက်ကောင်းကင်ဘုံရှိ လနန်းတော်အတွင်း၌ ချန်အယ်နတ်သမီးသည် ကျောက်စိမ်းယုန်လေးကို တိတ်ဆိတ်စွာ ပွေ့ချီကာ ညင်သာစွာ သပ်ပေးနေခဲ့၏။ သူမ၏ အသံမှာ လေထဲတွင် လွင့်မျောနေလေသည်။
ရွှမ်ကျန်းဆရာတော် ကောင်းကင်ဘုံကို တိုင်တည်၍ သစ္စာဆိုခဲ့သည့် နေ့မှစပြီး ချန်အယ်နတ်သမီးသည် သူ၏ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာမည့် အဖြစ်အပျက်များကို အထူးတလည် စောင့်ကြည့် အာရုံစိုက်နေခဲ့လေသည်။
"ဒီလောကကြီးမှာ တကယ်ကို ထူးခြားပြောင်မြောက်တဲ့ ယောက်ျားတွေ ရှိနေတာပဲ… မင်းသမီး ကောင်းယန်.... သူ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ… ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဘယ်လောက်တောင် ကံဆိုးလိုက်သလဲနော်..."
ချန်အန်းမြို့တော်နှင့် မိုင်ပေါင်း သောင်းနှင့်ချီ၍ ဝေးကွာလှသော နတ်ဘုံနတ်နန်းတစ်ခု အတွင်း၌ ရောင်စုံ ဥဒေါင်းငှက်ကြီး တစ်ကောင်သည် လှပသော အမျိုးသမီး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွား၏။ သူမ၏ မျက်လုံးများတွင်မူ သနားကြင်နာမှုများနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။
"သမီးလေး... ဘာဖြစ်လို့လဲကွယ်..."
ချန်အန်းမြို့တော်ရှိ အရာရှိတစ်ဦး၏ အိမ်တော်တွင် ကောင်းကင်ပတ္ထနာပြုပွဲ ပြီးကတည်းက သူတို့၏ သမီးဖြစ်သူသည် အခန်းထဲမှ အပြင်သို့ လုံးဝ မထွက်တော့ဘဲ အခန်းတွင်းမှ ငိုရှိုက်သံများကိုပါ ကြားနေရကြောင်း အစေခံများက လာရောက် သတင်းပို့ကြလေသည်။ မိဘများက သူတို့၏ အစောင့်များကို အပျိုတော်ဆောင်အတွင်းသို့ အတင်းဖျက်ဝင်စေလိုက်ကြသည်။
"အဖေနဲ့ အမေ... ကျေးဇူးပြုပြီး ထွက်သွားပေးကြပါ… သွားကြပါတော့.... သမီး ဘာမှမဖြစ်ပါဘူး..."
အပျိုတော်ဆောင်အတွင်း၌ မိန်းကလေးသည် မှန်တင်ခုံပေါ်တွင် မှောက်ကာ ငိုရှိုက်ရင်း ပြောလိုက်လေသည်။
"သမီးလေး… သမီး ဘာတွေဖြစ်နေတာလဲ… ဘာလို့ ဒီလောက်တောင် ငိုနေရတာလဲကွယ်..."
သမီးဖြစ်သူ ဤကဲ့သို့ အကြောင်းရင်းမရှိ ငိုကြွေးနေသည်ကို မြင်ရသောအခါ မိဘနှစ်ပါးမှာ အလွန်အမင်း စိတ်ဆင်းရဲသွားကြရလေသည်။
"ဘာမှမဖြစ်ပါဘူး… သမီးအတွက်သမီး ငိုနေတာ မဟုတ်ပါဘူး… ရွှမ်ကျန်းဆရာတော်နဲ့ မင်းသမီး ကောင်းယန်တို့အတွက် ငိုနေတာပါ... ကောင်းကင်ဘုံက သူတို့ကို ကစားနေတာ… ကောင်းကင်ကြီးက ရွှမ်ကျန်းဆရာတော်အပေါ်မှာ အရမ်းကို ရက်စက်လွန်းပါတယ်...”
ယခင်က နံ့သာတိုင် အမာရွတ် ဆယ့်နှစ်ခုနှင့် ဗုဒ္ဓဘာသာဂိုဏ်းဝင် တပည့်တစ်ပါးအနေဖြင့် ရွှမ်ကျန်းဆရာတော်သည် မင်းသမီး ကောင်းယန်ကို ဇနီးအဖြစ် သိမ်းပိုက်မည်ဟု လူသိရှင်ကြား သစ္စာဆိုခဲ့သည်။ ဤကြေညာချက်သည် ခပ်သိမ်းသော နယ်ပယ်အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ပြီး သူ၏ အပြုအမူမှာ ရူးသွပ်နေသည်ဟု ထင်ခဲ့ရသည်။သို့သော်လည်း လူ၊ နတ်၊ နတ်သမီး သို့မဟုတ် မိစ္ဆာ အစရှိသည့် နယ်ပယ်အသီးသီးမှ အမျိုးသမီးများအားလုံးမှာ အလွန်တရာ စိတ်လှုပ်ရှား ထိခိုက်ခဲ့ကြရလေသည်။
ယခုတစ်ကြိမ်တွင် မဟာထန် ဧကရာဇ်က သူ့အား ဧကရာဇ် နောင်တော် အဖြစ် ခန့်အပ်လိုက်ခြင်းဖြင့် မင်းသမီး ကောင်းယန်နှင့် ပတ်သက်နိုင်မည့် ဖြစ်နိုင်ခြေ မှန်သမျှကို ထိရောက်စွာ ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။ ရွှမ်ကျန်းဆရာတော်သည် အရာရှိများနှင့် သာမန်ပြည်သူများ၏ ဒူးထောက်အရိုအသေပေးမှုကို ခံယူကာ အထွတ်အမြတ်ထားရာ နေရာတွင် ရပ်တည်နေခဲ့ရသည်။ သို့သော်လည်း ယင်းကို မငြင်းဆန်ခဲ့ဘဲ အေးစက်သော မျက်နှာထားဖြင့်သာ ထွက်ခွာသွားခဲ့သည်ကို ကြားသိလိုက်ကြရလေသည်။
ဤတုံ့ပြန်မှုက ထိုအမျိုးသမီးများ၏ နှလုံးသားတွင်းရှိ နူးညံ့သော နေရာလေးကို လှုပ်ခတ်သွားစေခဲ့ပြီး ရွှမ်ကျန်းဆရာတော်၏ ဝမ်းနည်းပူဆွေးမှုများကို အလွန်တရာ ကိုယ်ချင်းစာ မိသွားစေခဲ့လေသည်။
အကယ်၍သာ ဤအချိန်တွင် နယ်ပယ်အသီးသီးမှ အမျိုးသမီးများက လောကတွင် မည်သူသည် အချစ်မူးယစ်ဆုံး အမျိုးသားဖြစ်သနည်းဟု မဲပေးရွေးချယ်ကြမည်ဆိုလျှင် ကျန်းလျိုသည် သေချာပေါက် မဲအများဆုံး ရရှိမည်ဖြစ်သည်။ ခပ်သိမ်းသော နယ်ပယ်အရပ်ရပ်တွင် အချစ်ရူးဆုံး အမျိုးသားအဖြစ် သတ်မှတ်ခံရမည်မှာ အသေအချာပင် ဖြစ်လေသည်။
ဤအကြောင်းအရာများကို မသိရှိသော ကျန်းလျိုသည် ကောင်းယန်အပေါ်တွင်သာ အာရုံစိုက်ထားခဲ့လေသည်။ ကောင်းကင်ပတ္ထနာပြုပွဲ ကျင်းပရာ နေရာမှ ထွက်ခွာလာပြီးနောက် သူသည် ကောင်းယန်၏ အိပ်ဆောင်ဆီသို့ ခြေဗလာဖြင့်ပင် တိုက်ရိုက် လျှောက်လှမ်းသွားခဲ့လေသည်။
အခြားသော ခန်းမဆောင်ကြီး တစ်ခုအတွင်း၌မူ ကောင်းကင်ပတ္ထနာပြုပွဲမှ ပြန်လည်ရောက်ရှိလာပြီးနောက် လီရှီမင်သည် သူ၏ ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ သူ၏ ရှေ့မှောက်တွင် မှော်ဆရာကြီး ယွမ်ထျန်းကန်းက တိတ်ဆိတ်စွာဖြင့် တွက်ချက်ဟောကိန်းထုတ်ခြင်းကို ပြုလုပ်နေလေသည်။
သို့သော် အခိုက်အတန့် တစ်ခုအကြာတွင် ယွမ်ထျန်းကန်းက မျက်လုံးများကို ဖွင့်လိုက်ပြီး လီရှီမင်၏ မေးခွန်းထုတ်နေသော အကြည့်များနှင့် ဆုံတွေ့လိုက်ကာ အရိုအသေပေး၍…
"အရှင်မင်းကြီး… သတင်းကောင်းပါပဲ… ကျိုင်းကောင်ကပ်ဘေးကြီးက တဖြည်းဖြည်း လျော့ကျသွားနေပြီး မကြာခင်မှာ လုံးဝ ပျောက်ကွယ်သွားပါတော့မယ်..."
"ဒါဆိုလည်း ကောင်းတာပေါ့ကွာ… ကောင်းပါတယ်..."
ယွမ်ထျန်းကန်း၏ အဖြေကို ကြားသောအခါ လီရှီမင်သည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ကျိုင်းကောင်ကပ်ဘေးကြီးကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီဖြစ်၍ စိတ်အေးလက်အေး ဖြစ်သွားလေသည်။
မကြာသေးမီ ရက်များအတွင်း ဧကရာဇ်မင်းမြတ် အပါအဝင် တစ်နန်းတော်လုံးသည် ကျိုင်းကောင်ကပ်ဘေးကြီး၏ ဒဏ်ကြောင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ကြရလေသည်။
"အရှင်မင်းကြီး..."
သို့သော်လည်း လီရှီမင် လုံးဝ စိတ်အေးမသွားနိုင်မီမှာပင် ရုတ်တရက် နန်းတွင်းအစေခံမိန်းကလေးတစ်ဦး အလောတကြီး ပြေးဝင်လာလေသည်။
"ဟင်... မင်းက မင်းသမီး ကောင်းယန်ရဲ့ အစေခံ မဟုတ်လား… ဘာဖြစ်လို့လဲ… မင်းသမီး တစ်ခုခုဖြစ်လို့လား..."
အစေခံမိန်းကလေး ပြေးဝင်လာသည်ကို မြင်သောအခါ လီရှီမင်သည် ထိတ်လန့်သွားကာ ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။
"ရွှမ်ကျန်းဆရာတော်က... သူ... သူက မင်းသမီးကို ခေါ်ပြီး ထွက်သွားပါပြီ..."
အစေခံမိန်းကလေးမှာ ပြေးလာရသဖြင့် အမောဆို့နေကာ စကားကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။
"သူက ကောင်းယန်ကို ခေါ်သွားတယ် ဟုတ်လား..."
ဤစကားကို ကြားသောအခါ လီရှီမင်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး အပြင်သို့ အပြေးအလွှား ထွက်သွားလေတော့သည်။
ဧကရာဇ်နန်းတော်၏ တံခါးပေါက်ဝတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကာ ခြေဗလာဖြစ်နေသော ကျန်းလျိုသည် ကောင်းယန်ကို ပွေ့ချီထားရင်း နန်းတော်တံခါးများကို ဖြတ်သန်းသွားနေလေသည်။
တံခါးပေါက်ရှိ အစောင့်များမှာ သူ့ကို မတားဆီးရဲကြဘဲ ဒူးထောက်ကာ အရိုအသေပေးနေကြလေသည်။
ဧကရာဇ်မင်းမြတ် မိန့်ဆိုထားခဲ့သည်မှာ ဧကရာဇ် နောင်တော် ကို မြင်ခြင်းသည် ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ကို မြင်ရခြင်းနှင့် တူညီသည်ဟူ၍ ဖြစ်သည်။
ကျန်းလျိုသည် ခေတ္တမျှပင် ရပ်တန့်မနေဘဲ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သော်လည်း သူ ဖြတ်သန်းသွားရာလမ်းရှိ လူအများအပြားမှာ နှာခေါင်းများကို ခိုး၍ ပိတ်ထားကြလေသည်။
ခန္ဓာကိုယ်တစ်ခုလုံး လုံးဝနီးပါး ပုပ်ရွဲနေပြီဖြစ်သော ကောင်းယန်ထံမှ အလွန်ဆိုးရွားသော အပုပ်နံ့များ ထွက်ပေါ်နေသဖြင့် အခြားသူများမှာ အနားသို့ပင် မကပ်ရဲကြပေ။သို့သော်လည်း သူမကို ပွေ့ချီထားသော ကျန်းလျိုကမူ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပြည်များနှင့် သွေးများ ပေကျံနေသည့်တိုင် မည်သို့မျှ ဂရုမစိုက်သည့်ဟန် ရှိနေလေသည်။
"နောင်တော်… ခဏစောင့်ပါဦး..."
အချိန်တိုအတွင်းမှာပင် မဟာထန် ဧကရာဇ် လီရှီမင်သည် အစောင့်အများအပြား ခြံရံလျက် အလျင်စလို ထွက်ပေါ်လာလေသည်။
ကျန်းလျို၏ ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားသော်လည်း နောက်သို့ လှည့်မကြည့်သလို ပြန်လည်တုံ့ပြန်ခြင်းလည်း မရှိခဲ့ပေ။
"နောင်တော်… ဘယ်ကိုသွားမလို့လဲ..."
ဆိုးရွားသော အပုပ်နံ့ကို ရလိုက်ချိန်တွင် လီရှီမင်၏ ရင်ထဲ၌ နာကျင်သွားရလေသည်။
"လူ သွားကယ်မလို့ပါ..."
ထိုသို့ဆိုကာ ကျန်းလျိုသည် ဆက်လက် လျှောက်လှမ်း ထွက်ခွာသွားလေသည်။
မဟာထန် ဧကရာဇ် လီရှီမင်မှာမူ ကျန်းလျိုက ကောင်းယန်ကို ပွေ့ချီကာ ဝေးရာသို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် ရပ်ကျန်နေခဲ့လေတော့သည်။
‘လူသွားကယ်မယ် ဟုတ်လား…’
သူသည် အရာအားလုံးကို ကြိုးစားခဲ့ပြီးသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ သူမကို ကယ်တင်ရန် မည်သည့်နေရာသို့ သွားမည်နည်း။ သူမကို မည်သူက ကယ်တင်နိုင်မည်နည်း။
ကျန်းလျိုသည် ကောင်းယန်ကို ပွေ့ချီထားရင်း တစ်လှမ်းချင်း ရှေ့သို့ လျှောက်လှမ်းသွားလေသည်။
ကျန်းလျို ဖြတ်သန်းသွားသောအခါ လုံးဝနီးပါး ပုပ်ရွဲနေပြီဖြစ်သော ကောင်းယန်၏ ခန္ဓာကိုယ်မှ ပြည်များနှင့် သွေးများသည် သူ၏ ဝတ်ရုံကိုပင် စွန်းထင်းသွားစေသည်။ ထိုမှတစ်ဆင့် မြေကြီးပေါ်သို့ တစ်စက်စက် ကျဆင်းနေသဖြင့် အနောက်မှ လူများမှာ ပါးစပ်နှင့် နှာခေါင်းများကို ဖုံးအုပ်ထားကြရလေသည်။
သေချာသည်မှာ ထိုသူများ၏ ဤကဲ့သို့သောအမူအရာများသည် ကျန်းလျို ဖြတ်သန်းသွားပြီးနောက်မှသာ ပြုမူရဲကြခြင်း ဖြစ်သည်။ သူ မရောက်လာမီကမူ ထိုသာမန်ပြည်သူများသည် တစ်ဦးပြီးတစ်ဦး ဒူးထောက်အရိုအသေပေးကာ လမ်းဖယ်ပေးခဲ့ကြလေသည်။
ဧကရာဇ် နောင်တော်၏ အဆင့်အတန်းသည် အလွန်တရာ မြင့်မြတ်လှပေသည်။ ထို့အပြင် မဟာထန် ဧကရာဇ်က ကမ္ဘာမြေကြီးပေါ်ရှိ လူခပ်သိမ်းတို့အတွက် 'ဧကရာဇ် နောင်တော်ကို မြင်ခြင်းသည် ငါကိုယ်တော်ကို မြင်ခြင်းနှင့် အတူတူပင်ဖြစ်သည်' ဟုပင် အမိန့်တော် ချမှတ်ထားခဲ့သည် မဟုတ်ပါလော။
"နံ့သာတိုင် အမာရွတ် ဆယ့်နှစ်ခုကို ရရှိထားပြီး ဧကရာဇ် နောင်တော် ဖြစ်လာတဲ့ ရွှမ်ကျန်းဆရာတော်က ဘာလို့ ဒီလောက်တောင် အရူးကြီး ဖြစ်နေရတာလဲကွာ..."
စုတ်ပြတ်စွာ ဝတ်ဆင်ထားသော လူရမ်းကားတစ်ဦးသည် ကျန်းလျို ဖြတ်သန်းသွားသည်ကို ကြည့်ရင်း ပါးစပ်နှင့်နှာခေါင်းကို အုပ်ကာ မတ်တတ်ရပ်လိုက်၏။ သူ၏ မျက်လုံးများတွင် မနာလိုမှုများ ပြည့်နှက်နေလျက် သူ့ဘာသာ သက်ပြင်းချကာ ရေရွတ်လိုက်လေသည်။
အကယ်၍ သူသာ နံ့သာတိုင် အမာရွတ် ဆယ့်နှစ်ခုနှင့် သူတော်စင်ဆရာတော်တစ်ပါး ဖြစ်လာခဲ့မည်ဆိုလျှင်၊ သူသာ ဧကရာဇ် နောင်တော် ဖြစ်လာခဲ့မည်ဆိုလျှင် လေကိုခေါ်၊ မိုးကိုပင့်နိုင်သလိုမျိုး သူ လိုချင်တာမှန်သမျှ ရနိုင်မည် မဟုတ်ပါလော။
သို့ပါလျက်နှင့် သူသည် ခန္ဓာကိုယ်တစ်ခုလုံး ပုပ်ရွဲနေပြီး သေလုမျောပါး ဖြစ်နေသူတစ်ဦးကို ပွေ့ချီကာ မြို့ထဲတွင် လမ်းလျှောက်နေလေသည်။ ဤကဲ့သို့သော အရူးတစ်ယောက်က ဘာကြောင့်များ ဤမျှလောက် ရရှိနေရသနည်း။ ထိုလူရမ်းကားမှာ ကောင်းကင်ကြီးက သိပ်ကို တရားမမျှတဘူးဟု ခံစားနေရလေသည်။
"ဟူး... သူက ကလေးလေးပဲ ရှိသေးတာကိုး..."
အဘိုးအိုတစ်ဦးကလည်း မြေကြီးပေါ်မှ မတ်တတ်ရပ်လိုက်ပြီး ထွက်ခွာသွားသော ကျန်းလျို၏ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။
အခြားသူများကမူ သူ၏ နံ့သာတိုင် အမာရွတ် ဆယ့်နှစ်ခုနှင့် ပြိုင်ဘက်ကင်းသော ဧကရာဇ် နောင်တော်၏ ဂုဏ်ဒြပ်ကိုသာ မြင်တွေ့ကြလေသည်။ သို့သော် ဤအဘိုးအိုအတွက်မူ ရွှမ်ကျန်းဆရာတော်သည် ဤမျှ နာကျင်ဖွယ်ကောင်းသော ခွဲခွာခြင်းများနှင့် သေဆုံးခြင်းကို ခံစားနေရရှာသော ဆယ့်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးမျှသာ ဖြစ်နေသဖြင့် သူ၏ ရင်ထဲတွင် လွန်စွာ နာကျင်နေရလေသည်။
သူသည် မည်သူ၏ မြေးဖြစ်ပြီး မည်သူ၏ သားဖြစ်သနည်း။ အကယ်၍ အိမ်ရှိ သူ၏ မိဘများနှင့် အဘိုးအဘွားများသာ သူ ကြုံတွေ့နေရသမျှကို သိရှိသွားကြမည်ဆိုလျှင် သူတို့၏ ရင်တွေ ကွဲအက်သွားကြမည် မဟုတ်ပါလော။
"အီး... ဟီး... ဟီး..."
လမ်းမကြီးဘေးရှိ မဏ္ဍပ်ငယ်လေးတစ်ခု၏ လသာဆောင်ပေါ်တွင်မူ ကောင်းယန်ကို ပွေ့ချီကာ ထွက်ခွာသွားသော ကျန်းလျိုကို ကြည့်ရင်း မိန်းကလေးတစ်ဦးမှာ မျက်ရည်များ တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းလာသည်ကို မတားဆီးနိုင်တော့ပေ။
ထိုမျက်ရည်များသည် သူမကိုယ်တိုင်အတွက် ကျဆင်းလာသော မျက်ရည်များ မဟုတ်ခဲ့ဘဲ ဖော်ပြရန်ခက်ခဲကာ နားလည်နိုင်စွမ်းမရှိသော်လည်း အလိုအလျောက် စီးကျလာခဲ့ခြင်းသာ ဖြစ်လေတော့သည်။
***