အခန်း (၈၉-၉၀)
Vol. 7 Ch. 89-90
အပိုင်း(၈၉)
လမ်းတစ်လျှောက်လုံးတွင် ပတ်ဝန်းကျင်မှ ပြည်သူများက မည်သို့ပင် တွေးတောနေကြသည်ဖြစ်စေ ကျန်းလျိုက ဂရုမစိုက်ခဲ့ပေ။ သူသည် ကောင်းယန်ကို ပွေ့ချီထားရင်း လောလွန်းခြင်းမရှိ၊ နှေးလွန်းခြင်းမရှိသော ခြေလှမ်းများဖြင့် တစ်လှမ်းချင်းသာ လျှောက်လှမ်းသွားခဲ့လေသည်။
လူအများ၏ စောင့်ကြည့်နေမှုအောက်တွင် ကျန်းလျိုသည် လမ်းတစ်လျှောက်လုံး လျှောက်လှမ်းလာခဲ့ပြီး နောက်ဆုံးတွင် ရပ်တန့်လိုက်လေသည်။ သူ ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်သောအခါ သူ၏ တည့်တည့်တွင် မဟာဗုဒ္ဓကျောင်းတော်ကြီးကို မြင်တွေ့လိုက်ရလေသည်။
ကျန်းလျိုသည် အထဲသို့ ဝင်ရန် အလျင်စလို မဖြစ်ခဲ့ပေ။ မဟာဗုဒ္ဓကျောင်းတော်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် အရာအားလုံး ပြောင်းလဲသွားပြီဟု သူ ခံစားလိုက်ရလေသည်။
ယခင်က မဟာဗုဒ္ဓကျောင်းတော်တွင် လအနည်းငယ်ခန့် နေထိုင်ခဲ့ဖူးသဖြင့် ကျန်းလျိုသည် ကျောင်းတော်နှင့် ပတ်သက်သည့် အရာအားလုံးကို အမှန်တကယ် မုန်းတီးနေခဲ့ခြင်းတော့ မဟုတ်ပေ။
လုံဟိုင်ဆရာတော်သည် သူနှင့် ကောင်းယန်တို့၏ ပတ်သက်မှုကို ဆန့်ကျင်ခဲ့သော်လည်း သူ၏ နည်းလမ်းများက ကြမ်းတမ်းခက်ထန်ခြင်း မရှိခဲ့ပေ။ ကျန်းလျိုက ဧကရာဇ်နန်းတော်၌ ကောင်းယန်ကို နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံခွင့်ရရန် သူ၏အကူအညီကို တောင်းခံခဲ့ချိန်တွင်ပင် လုံဟိုင်ဆရာတော်က သဘောတူခွင့်ပြုပေးခဲ့လေသည်။
ထို့အပြင် မဟာဗုဒ္ဓကျောင်းတော်အတွင်းတွင် တောက်ကျိနှင့် သူ၏ ဆက်ဆံရေးမှာလည်း အလွန်ပင် ပြေပြစ်သင့်မြတ်ခဲ့သည်။ ပို၍ တိတိကျကျ ဆိုရလျှင် ကျန်းလျိုနှင့် တောက်ကျိတို့ကြားရှိ သံယောဇဉ်မှာ အသက်ကိုပါ ပေးဆပ်နိုင်သော သေတစ်ပန်သက်တစ်ဆုံး သူငယ်ချင်း ဆက်ဆံရေးမျိုး ဖြစ်ပေသည်။
ထိုသို့မဟုတ်ခဲ့လျှင် ကျန်းလျိုက အကူအညီကို တောင်းခံခဲ့ချိန်တွင် တောက်ကျိက လုံဟိုင်ဆရာတော်ကို လှည့်စားကာ သူ့အတွက် လိမ်ဆင်ပေးရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့မည် မဟုတ်ပေ။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ တောက်ကျိသည် နဂါးနိုင်ရဟန္တာ ဖြစ်သွားပြီးနောက်တွင် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းပင် ဖြစ်သည်။
တောက်ကျိက ကျန်းလျိုနှင့် ကောင်းယန်တို့ အတူနေထိုင်နိုင်ရေး အတွက် လိမ်ပေးရန် ဆန္ဒရှိခဲ့သော်လည်း နဂါးနိုင်ရဟန္တာကမူ ကောင်းယန် အမြန်ဆုံး သေဆုံးသွားရန်မှတစ်ပါး အခြား မည်သည့်အရာကိုမျှ မလိုလားခဲ့ပေ။
တစ်နည်းအားဖြင့် ဆိုရလျှင် နဂါးနိုင်ရဟန္တာ၏ အစစ်အမှန် ဝိညာဉ် နိုးထလာမှုနှင့်အတူ တောက်ကျိသည် သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
"ဆရာတော်... ရွှမ်ကျန်းဆရာတော်… ဆရာတော် ပြန်ရောက်လာတာလား..."
မဟာဗုဒ္ဓကျောင်းတော်၏ အဝင်ဝတွင် ဘုန်းတော်ကြီးနှစ်ပါးသည် ပါးစပ်နှင့် နှာခေါင်းများကို ဖုံးအုပ်ထားကြရင်း ကျောင်းတော်တံခါးဝတွင် ရပ်နေသော ကျန်းလျိုကို အံ့အားသင့်စွာ ကြည့်ကာ ပြောလိုက်ကြလေသည်။
ရွှမ်ကျန်းဆရာတော်က မဟာဗုဒ္ဓကျောင်းတော်သို့ ရုတ်တရက် ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။ ထိုမျှမက ယခုအခါတွင် ခန္ဓာကိုယ်တစ်ခုလုံး ပုပ်ရွဲနေပြီဖြစ်သော မင်းသမီး ကောင်းယန်ကိုပါ ခေါ်ဆောင်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
ကျန်းလျိုသည် မည်သည့်စကားမျှ မဆိုဘဲ ကောင်းယန်ကို ပွေ့ချီကာ မဟာဗုဒ္ဓကျောင်းတော်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အဓိက ခန်းမဆောင်ကြီးဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။
မကြာမီမှာပင် လုံဟိုင်ဆရာတော်သည် ကျန်းလျို ပြန်လည်ရောက်ရှိလာသည့် သတင်းကို ကြားသိသွားပုံရကာ သူ့ ရှေ့မှောက်သို့ ရောက်ရှိလာလေသည်။
"အောမိတော်ဖော... ရွှမ်ကျန်း… သံသရာဆင်းရဲက အဆုံးအစမရှိ ကျယ်ပြောလှတယ်… ဒါပေမဲ့ နောက်ကြောင်းပြန်လှည့်တာကလည်း ကမ်းခြေတစ်ခုပါပဲ... သင် ပြန်ရောက်လာတာ ကောင်းပါတယ်… ဒါပေမဲ့ မင်းသမီး ကောင်းယန်ကတော့..."
လုံဟိုင်ဆရာတော်သည် ကျန်းလျိုကို ကြည့်ကာ စတင်ပြောဆိုလေသည်။
"ကျွန်တော် ကောင်းယန်ကို လာကယ်တာပါ..."
လုံဟိုင်ဆရာတော်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ကျန်းလျိုက စကားဆိုလိုက်လေသည်။
လုံဟိုင်ဆရာတော်အပေါ်တွင် ကျန်းလျို၏ ရင်ထဲ၌ မည်သည့် ရွံရှာမှု သို့မဟုတ် မကျေနပ်မှုမျိုးမျှ ရှိမနေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လမ်းခရီးတစ်လျှောက်လုံးတွင် လုံဟိုင်ဆရာတော်သည် သူ့အပေါ် အတော်လေး အကာအကွယ်ပေးခဲ့လေသည်။
"ဒါက..."
ကျန်းလျို၏ စကားများကြောင့် လုံဟိုင်ဆရာတော်၏ မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအရာများ ပေါ်ထွက်လာခဲ့လေသည်။ သူက ခေါင်းရမ်းပြရင်း…
"ရွှမ်ကျန်း… သင်က ငါ့ကို အထင်ကြီးလွန်းနေပါပြီ… ငါဟာ သူတော်စင်ဆရာတော်တစ်ပါးအဖြစ် လေးစားခံရပေမဲ့ ဒီဝိညာဉ်ပျက်စီးစေတဲ့ အဆိပ်ကို ကုသပေးနိုင်တဲ့ နည်းလမ်း ငါ့မှာ မရှိပါဘူး..."
ဆရာတော်လုံဟိုင်ကဆိုလေသည်။
"မဟုတ်ပါဘူး ဆရာတော်… ဆရာတော် အထင်လွဲနေပါပြီ… သူ့ကို ကယ်တင်ဖို့ ဆရာတော့်အကူအညီကို တောင်းခံနေတာ မဟုတ်ပါဘူး..."
လုံဟိုင်ဆရာတော်၏ အခက်တွေ့နေသော စကားများကြောင့် ကျန်းလျိုက ခေါင်းခါယမ်းပြရင်း ပြန်လည်ဖြေကြားလိုက်လေသည်။
ထို့နောက်... အသေးစိတ် ဆက်မရှင်းပြတော့ဘဲ ကျန်းလျိုသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ တောက်ကျိ... မဟုတ်သေး နဂါးနိုင်ရဟန္တာကို ယခုအထိ မတွေ့ရှိရသေးသဖြင့် အနည်းငယ်တော့ ထူးဆန်းသလို ခံစားရသည်။
"နဂါးနိုင်ရဟန္တာ ဘယ်မှာလဲ… သူ ဒီမှာ မရှိဘူးလား..."
ကျန်းလျိုက မေးလိုက်လေသည်။
"အင်း... လွန်ခဲ့တဲ့ ရက်အနည်းငယ် ဧကရာဇ်နန်းတော်ကို သွားခဲ့ပြီးကတည်းက… သူ ထွက်သွားတာ ပြန်မလာသေးဘူး..."
လုံဟိုင်ဆရာတော်က ခေါင်းညိတ်ကာ ပြန်ဖြေလေသည်။
နဂါးနိုင်ရဟန္တာ ထွက်သွားပြီဖြစ်ကြောင်း ကြားသိရသောအခါ ကျန်းလျိုက ဆက်လက်၍ မစူးစမ်းတော့ပေ။ သူ၏ မေးခွန်းမှာ သာမန်ကာလျှံကာ မေးလိုက်ခြင်းမျှသာ ဖြစ်လေသည်။
မည်သို့မျှ ဆက်မပြောတော့ဘဲ ကျန်းလျိုသည် မင်းသမီး ကောင်းယန်ကို ပွေ့ချီကာ အဓိက ခန်းမဆောင်ကြီးဆီသို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။
ဘေးဘက်တွင်မူ လုံဟိုင်ဆရာတော်နှင့် မဟာဗုဒ္ဓကျောင်းတော်မှ ဘုန်းတော်ကြီးများသည် ကျန်းလျို မည်သို့ လုပ်ဆောင်မည်နှင့် မင်းသမီး ကောင်းယန်ကို မည်သို့ ကယ်တင်မည်ဆိုသည်ကို ကြည့်ရှုရန် အနောက်မှ လိုက်ပါသွားကြလေသည်။
မဟာဗုဒ္ဓကျောင်းတော်၏ အဓိက ခန်းမဆောင်ကြီး အတွင်း၌မူ တည်ကြည်ခန့်ညားသော မြတ်စွာဘုရား၏ ရုပ်ပွားတော်ကြီး တစ်ဆူ တည်ရှိနေသည်။ ၎င်း၏ရှေ့မှောက်တွင် မရေမတွက်နိုင်သော ယုံကြည်သူများက ဦးချကာ ကောင်းချီးမင်္ဂလာများအတွက် ဆုတောင်းပတ္ထနာ ပြုနေကြလေသည်။
သို့သော် အခိုက်အတန့်အတွင်းမှာပင် ထိုလူများသည် အံ့အားသင့်စွာဖြင့် သူတို့၏ ပါးစပ်နှင့် နှာခေါင်းများကို ဖုံးအုပ်လိုက်ကြလေသည်။ မဟာဗုဒ္ဓကျောင်းတော်အတွင်း ဤဆိုးရွားလှသော အပုပ်နံ့က မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း။
ပုပ်ရွဲနေသော ကောင်းယန်၏ ခန္ဓာကိုယ်ကို ပွေ့ချီထားသည့် ကျန်းလျိုသည် ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာပြီး မြတ်စွာဘုရား၏ ရုပ်ပွားတော်ကြီးဆီသို့ တိုက်ရိုက် လျှောက်သွားလေသည်။ ရုပ်ပွားတော်ကြီးကို အချိန်အတန်ကြာ မော့ကြည့်နေပြီးနောက် သူသည် ကောင်းယန်ကို ညင်သာစွာ ချထားလိုက်ပြီး မြတ်စွာဘုရားရှေ့မှောက်တွင် ခေါင်းငုံ့ကာ ဒူးထောက်လိုက်လေသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ခန်းမဆောင်ကြီးအတွင်းရှိ ယုံကြည်သူများသည် သူတို့၏ ပါးစပ်နှင့် နှာခေါင်းများကို လက်ဖြင့်ဖုံးအုပ်လျက် ခန်းမဆောင်ပြင်ပသို့ ဆုတ်ခွာသွားကြပြီး ရွှမ်ကျန်းဆရာတော်ကို အံ့အားသင့်စွာဖြင့် ကြည့်ရှုနေကြလေသည်။
ကျန်းလျိုသည် မြတ်စွာဘုရား ရုပ်ပွားတော်ကြီးရှေ့တွင် တိတ်ဆိတ်စွာ ဒူးထောက်နေလေသည်။
ဟုတ်ပေသည်။ ကောင်းယန်ကို ကယ်တင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းသာ ရှိပြီး ယင်းမှာ မြတ်စွာဘုရား ကိုယ်တိုင်မှတစ်ဆင့်သာ ဖြစ်လေသည်။
အနောက်အရပ်သို့ ပိဋကတ်တော်ပင့်ဆောင်သည့် ခရီးစဉ်ကြီးမှာ မြတ်စွာဘုရားနှင့် ကျောက်စိမ်းဧကရာဇ်တို့ နှစ်ဦးစလုံးက စီစဉ်ဖန်တီးထားခြင်း ဖြစ်သည်။ နတ်မင်းများနှင့် ဗုဒ္ဓများတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း ရှိစေကာမူ ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြင့် မြတ်စွာဘုရားနှင့် ကျောက်စိမ်းဧကရာဇ်တို့ အပေါ် မည်သူကမျှ အပြစ်ကျူးလွန်ရဲကြမည် မဟုတ်ပေ။
ယခုအချိန်တွင် မြတ်စွာဘုရား ကိုယ်တိုင်ကလွဲ၍ အခြား မည်သူကမျှ ကောင်းယန်ကို မကယ်တင်နိုင်တော့ပေ။
အနောက်အရပ်သို့ ပိဋကတ်တော်ပင့်ဆောင်သည့် ခရီးစဉ်သည် ဧရာမ စစ်တုရင်ကစားပွဲကြီး တစ်ခုဖြစ်ပြီး ကျန်းလျိုသည် မိမိကိုယ်မိမိ ယင်း၏ အရေးအကြီးဆုံးသော နယ်ရုပ်တစ်ခုဖြစ်သည်ဟု ယုံကြည်ထားလေသည်။ အကယ်၍ သူမကို ကာကွယ်ရန်အတွက် သူကိုယ်တိုင် အနစ်နာခံရန် ဆန္ဒရှိမည်ဆိုပါက မြတ်စွာဘုရားသည်လည်း လျစ်လျူရှုထားနိုင်မည် မဟုတ်ကြောင်း သူ အသေအချာ ယုံကြည်ထားလေသည်။
"ကောင်းယန်… အနာဂတ်မှာ အခက်အခဲတွေ ဘယ်လိုပဲ ပေါ်လာပါစေ မင်းနဲ့အတူ ငါ ရင်ဆိုင်မယ်လို့ တစ်ခါက ကတိပေးခဲ့ဖူးတယ်..."
မြတ်စွာဘုရားရှေ့တွင် ဒူးထောက်နေစဉ် ကျန်းလျိုက တိုးတိုးရေရွတ်လိုက်လေသည်။
ခန်းမဆောင်ကြီး၏ အပြင်ဘက်တွင်မူ ဘုန်းတော်ကြီးများနှင့် ယုံကြည်သူများအားလုံးသည် အလွန်အမင်း တုန်လှုပ်ချောက်ချားသွားကြကာ အချင်းချင်း အကဲခတ် ကြည့်ရှုနေကြလေသည်။
ရွှမ်ကျန်းဆရာတော်နှင့် မင်းသမီး ကောင်းယန်တို့၏ အရေးကိစ္စကို တစ်ပြည်လုံးက သိရှိနေကြပြီး ဖြစ်သည်။ သို့သော် သူသည် မင်းသမီး ကောင်းယန်ကို မြတ်စွာဘုရားရှေ့မှောက်သို့ ခေါ်ဆောင်လာလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။ သူ ဘာလုပ်ရန် ကြိုးစားနေသနည်း။
ဝုန်း...
ကောင်းကင်နှင့် မြေကြီးကြားတွင် အဝေးဆီမှ ခေါင်းလောင်းထိုးသံတစ်ခု ပဲ့တင်ထပ်သွား၏။ ပြီးနောက် အနောက်ကောင်းကင်ဘုံမှ ရွှေရောင် ဗုဒ္ဓအလင်းတန်း တစ်ခုသည် မဟာဗုဒ္ဓကျောင်းတော်အတွင်းသို့ ကျဆင်းလာလေသည်။ ချက်ချင်းဆိုသလိုပင် နတ်ကမ္ဘာမှ တေးဂီတသံများ လွင့်ပျံ့လာပြီး ပန်းပွင့်များလည်း ဖရိုဖရဲ ကြွေကျလာလေတော့သည်။
မဟာဗုဒ္ဓကျောင်းတော်၏ အဓိက ခန်းမဆောင်ကြီးအတွင်းရှိ ယခင်က ငြိမ်သက်နေသော မြတ်စွာဘုရား ရုပ်ပွားတော်ကြီးသည် ရုတ်တရက်ဆိုသလို စူးရှတောက်ပသော အလင်းတန်းများနှင့်အတူ ထွက်ပေါ်လာခဲ့ပြီး ကြီးမြတ်ခမ်းနားကာ ကျက်သရေရှိလှပြီး ဝိညာဉ်ကိုပါ ငြိမ်းချမ်းမှု ပေးစွမ်းနိုင်လေသည်။
တစ်ချိန်တည်းမှာပင် မြတ်စွာဘုရား ရုပ်ပွားတော်ကြီး၏ မျက်ခွံများ ပွင့်ဟလာပြီး ယင်း၏ သက်ဝင်လှုပ်ရှားနေသော အကြည့်များသည် ကျန်းလျိုထံသို့ စူးစိုက်ကျရောက်လာလေသည်။
"အာ... မြတ်စွာဘုရား ကိုယ်ထင်ပြပြီ..."
ထိုသို့ အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် ခန်းမဆောင်ကြီး၏ အဝင်ဝရှိ လူအုပ်ကြီးနှင့် ယုံကြည်သူများအားလုံးသည် တစ်ခဲနက် ဒူးထောက်ကာ ကြည်ညိုလေးစားစွာ ရှိခိုးပူဇော်လိုက်ကြလေသည်။
ထို့အပြင် မဟာဗုဒ္ဓကျောင်းတော်၏ အပြင်ဘက်ရှိ ချန်အန်းမြို့တော်မှ ပြည်သူအားလုံးကလည်း အနောက်ကောင်းကင်ဘုံ အလင်းတန်း ကျဆင်းလာသည်ကို သတိပြုမိသွားကြလေသည်။ မရေမတွက်နိုင်သော လူများလည်း ဒူးထောက်လိုက်ကြလေသည်။
ပတ်ဝန်းကျင်ရှိ ထူးကဲသော ဖြစ်စဉ်ကို ခံစားမိလိုက်သော ကျန်းလျိုသည် ခေါင်းကို မော့ကာ မည်သည့် ဆုတ်ခွာလိုသည့် အရိပ်အယောင်မျှ မရှိဘဲ မြတ်စွာဘုရား ရုပ်ပွားတော်ကြီးကို တည့်တည့် စူးစိုက်ကြည့်လိုက်လေသည်။
"အောမိတော်ဖော... ရွှမ်ကျန်း…ဒါက တန်လို့လား..."
မြတ်စွာဘုရား ရုပ်ပွားတော်ကြီးက လူသားတို့၏ စကားသံဖြင့် ဟောကြားလိုက်ရာ ယင်းအသံတော်သည် ဟိန်းဟောက် ပဲ့တင်ထပ်သွားလေသည်။
"တန်ပါတယ်… သူ့အတွက်ဆိုရင် သေမင်းဆီကိုတောင် အတူတူလိုက်သွားဖို့ တပည့်တော် ဆန္ဒရှိပါတယ်..."
ကျန်းလျိုက မြတ်စွာဘုရားကို ပြတ်သားစွာ စူးစိုက်ကြည့်ရင်း ပြန်လည်ဖြေကြားလိုက်လေသည်။
***
အပိုင်း(၉၀)
ခေါင်းလောင်းကို ထိုးခဲ့သူကသာလျှင် ခေါင်းလောင်းသံကို တိတ်စေရမည် ဖြစ်သည်။ ဤအခြေအနေမှာ မြတ်စွာဘုရား၏ ဖန်တီးစီစဉ်မှုသာဖြစ်ရာ ကိုယ်တော်တိုင်သာလျှင် ဖြေရှင်းနိုင်ပေမည်။ အခြားသော နတ်မင်းများနှင့် ဗုဒ္ဓများမှာ ဝင်ရောက်စွက်ဖက်ရန် အရည်အချင်း မပြည့်မီကြပေ။
သို့ဖြစ်ရာ ကောင်းယန်ကို ကယ်တင်ရန်အတွက် မြတ်စွာဘုရားထံတွင် ကိုယ်တိုင် သွားရောက် အကူအညီတောင်းရမည်ကို ကျန်းလျို ကောင်းစွာ သိရှိထားလေသည်။
သို့သော်လည်း ဗုဒ္ဓဘာသာဂိုဏ်း၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက သူ အနောက်အရပ်သို့ ပိဋကတ်တော်ပင့်ဆောင်သည့် ခရီးစဉ်ကို အမြန်ဆုံး စတင်နိုင်ရန်အလို့ငှာ ကောင်းယန် သေဆုံးသွားသည်ကိုသာ ပို၍ လိုလားကြပေလိမ့်မည်။ ထို့ကြောင့် မြတ်စွာဘုရားထံမှ တောင်းဆိုမှုများ ပြုလုပ်ရန် သူ့ထံတွင် မည်သည့် အလဲအလှယ်ပြုစရာ အရာများ ရှိနေသနည်း။
အကြိမ်ကြိမ် စဉ်းစားချင့်ချိန်ပြီးနောက်တွင် ကျန်းလျိုသည် မိမိကိုယ်မိမိ အလဲအလှယ်ပြုစရာအဖြစ် အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ဟု ခံစားလိုက်ရလေသည်။
မိမိ၌ မည်သည့်အရာမျှ မရှိတော့သော အချိန်တွင် မိမိကိုယ်မိမိသာ လောင်းကြေးထပ်ရမည် ဖြစ်သည်။ ဤသည်မှာ သမိုင်းတစ်လျှောက်လုံးတွင် အမြဲတမ်း မှန်ကန်ခဲ့သော အရာပင် ဖြစ်ပေသည်။
"ရွှမ်ကျန်း… ယောက်ျားနဲ့ မိန်းမကြားက ချစ်ခြင်းမေတ္တာဆိုတာ သေးငယ်တဲ့ အချစ်တစ်ခုသာ ဖြစ်တယ်… သတ္တဝါအပေါင်းနဲ့ ပြည်သူတွေအပေါ်ထားရှိတဲ့ ကျယ်ပြောလှတဲ့ အချစ်နဲ့ ယှဉ်လိုက်ရင် အဲဒါကမှ ပိုကြီးမြတ်တဲ့ အချစ်ဖြစ်တယ်… ဒီလို သေးငယ်တဲ့ ခံစားချက်လေးတွေအတွက်နဲ့ သင်ရဲ့ အသက်ကို ဘာလို့ စွန့်လွှတ်ရမှာလဲ… သင်ရဲ့ ကံကြမ္မာဟာ စကြာဝဠာနဲ့ သတ္တဝါတွေအတွက် ကြီးမြတ်တဲ့ အချစ်နဲ့ တရားအားထုတ်ဖို့ပဲ ဖြစ်သင့်တယ်..."
တည်ကြည်ခန့်ညားသော မြတ်စွာဘုရား ရုပ်ပွားတော်ကြီးသည် တည်ငြိမ်သော အသံဖြင့် ဟောကြားလိုက်ရာ စကားလုံး တစ်လုံးချင်းစီတိုင်းသည် ညနေခင်း စည်တော်သံနှင့် နံနက်ခင်း ခေါင်းလောင်းသံများပမာ ပဲ့တင်ထပ်ကာ နက်ရှိုင်းစွာ ထိရှသွားစေလေသည်။
"ကြီးမြတ်တာပဲဖြစ်ဖြစ် သေးငယ်တာပဲဖြစ်ဖြစ်၊ အားလုံးက ချစ်ခြင်းမေတ္တာတွေပါပဲ… ကိုယ့်ရဲ့ သားမယားအပေါ်ထားတဲ့ သေးငယ်တဲ့ အချစ်ကိုတောင် စွန့်လွှတ်နိုင်တယ်ဆိုရင်… လောကကြီးရဲ့ ကြီးမြတ်တဲ့ အချစ်အကြောင်းကို ဘယ်လိုလုပ် ပြောနိုင်ပါတော့မလဲ…သူ့ကို ကယ်တင်ပေးဖို့ မြတ်စွာဘုရားကို ကျွန်တော် တောင်းဆိုပါတယ်..."
ကျန်းလျိုက မြတ်စွာဘုရားကို တည့်တည့်စူးစိုက်ကြည့်ကာ စကားလုံးတိုင်းကို ရိုးသားပွင့်လင်းစွာဖြင့် လျှောက်ထားလိုက်လေသည်။
"အောမိတော်ဖော..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မြတ်စွာဘုရား ရုပ်ပွားတော်ကြီး၏ ရှေ့မှောက်တွင် ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ကောင်းယန်အပေါ်သို့ ကျရောက်သွားလေသည်။ လေထဲတွင် လွင့်မျောသွားသော သူမ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ သေးငယ်သွားပြီး ရုပ်ပွားတော်ကြီး၏ မျက်ခုံးကြားသို့ စုပ်ယူခြင်း ခံလိုက်ရလေတော့သည်။
"ဒီအမျိုးသမီးက ဗုဒ္ဓနဲ့ ရေစက်ရှိတယ်… ဒါကြောင့် သူ့ကို ငါ ကယ်တင်ပေးမယ်… ဒီကနေ့ကစပြီး သူဟာ ကွမ်ယင်ဗောဓိသတ်ရဲ့ လမ်းညွှန်မှုအောက်မှာ လင်းရှန်းတောင်တော်မှာပဲ နေထိုင်ပြီး တရားအားထုတ်ရလိမ့်မယ်… သင်တို့ ပြန်ဆုံတွေ့ရမယ့် ကံကြမ္မာပါလာတဲ့ နေ့တစ်နေ့အထိပေါ့..."
ကောင်းယန်ကို တိုက်ရိုက် ခေါ်ဆောင်သွားပြီးနောက် မြတ်စွာဘုရား ရုပ်ပွားတော်ကြီးက မိန့်တော်မူလေသည်။
အသံတော် ပျောက်ကွယ်သွားသည်နှင့်အမျှ စူးရှတောက်ပသော ဗုဒ္ဓအလင်းတန်းများနှင့် အထက်ရှိ အံ့ဩဖွယ်ရာ ထူးကဲသော ဖြစ်စဉ်များလည်း လွင့်စဉ်ပျောက်ကွယ်သွားခဲ့သည်။ ရုပ်ပွားတော်ကြီး၏ မျက်လုံးများလည်း ညင်သာစွာ မှိတ်ကျသွားကာ မူလ ရုပ်တုပုံစံအတိုင်း ပြန်လည်ရောက်ရှိသွားလေတော့သည်။
မြတ်စွာဘုရား ထွက်ခွာသွားပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။
"တပည့်တော်က မြတ်စွာဘုရားကို ကျေးဇူးတင်ပါတယ်… ကန်တော့ပါတယ် ဘုရား..."
ကျန်းလျိုက ခေါင်းငုံ့ကာ ကျယ်လောင်စွာ လျှောက်ထားလိုက်လေသည်။ မြတ်စွာဘုရားက ကောင်းယန်ကို ခေါ်ဆောင်သွားပြီး သူမကို ကယ်တင်မည်ဟု ကိုယ်တိုင် ကတိပေးခဲ့သည်ဖြစ်ရာ ဤကိစ္စနှင့်ပတ်သက်၍ မြတ်စွာဘုရားက သူ့ကို လှည့်စားလိမ့်မည်ဟု ကျန်းလျိုက လုံးဝ သံသယမရှိခဲ့ပေ။
ပထမအချက်အနေဖြင့် ဗုဒ္ဓဘာသာဂိုဏ်း၏ အကြီးအကဲတစ်ပါးက ဤမျှ အသေးအဖွဲကိစ္စလေးတစ်ခုအတွက် သူ၏ စကားကို ပြန်လည်ရုပ်သိမ်းမည်လော။ ကောင်းယန်၏ ကိစ္စသည် သူကိုယ်တိုင်အတွက် အရေးကြီးလှသော်လည်း မြတ်စွာဘုရားအတွက်မူ အသေးအဖွဲ ကိစ္စလေးတစ်ခုမျှသာ ဖြစ်လေသည်။
ထို့အပြင် သူသာ အနာဂတ်တွင် အနောက်အရပ်သို့ ပိဋကတ်တော်ပင့်ဆောင်သည့် ခရီးစဉ်ကို စတင်ခဲ့မည်ဆိုလျှင် မူရင်းဝတ္ထုဇာတ်လမ်းများအရ စွန်ဝူခုန်းသည် မြတ်စွာဘုရားနှင့် ကွမ်ယင်တို့အား တွေ့ဆုံရန် အခွင့်အရေးများစွာ ရရှိမည်ဖြစ်သည်။ ထိုအချိန်တွင် ကောင်းယန်ကို မတွေ့ရပါက ရှင်းပြ၍မရနိုင်သော ကိစ္စတစ်ခု ဖြစ်သွားမည် မဟုတ်ပါလော။
ထို့ကြောင့် မြတ်စွာဘုရားသည် ကောင်းယန်ကို ကယ်တင်ရန် သဘောတူခဲ့သော်လည်း သူ၏ အနာဂတ် အနောက်အရပ်ခရီးစဉ်အတွက် စိတ်ပိုင်းဖြတ်မှုကို ပိုမိုခိုင်မာစေရန်အလို့ငှာ သူမကို လင်းရှန်းတောင်တော်၌သာ ခေါ်ထားခြင်းဖြစ်ကြောင်း ကျန်းလျို နားလည်လိုက်လေသည်။
...
အနောက်ကောင်းကင်ဘုံ၊ လင်းရှန်းတောင်တော်၌ ရောင်ခြည်တော်များ လင်းလက်လာပြီးနောက် ယခင်က ပုပ်ရွဲနေခဲ့သော မင်းသမီး ကောင်းယန်သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ အေးချမ်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
"အောမိတော်ဖော...မြတ်စွာဘုရား… ဒါက ကိုယ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ မဟုတ်ဘူးလား..."
မင်းသမီး ကောင်းယန်ကို တရားအားထုတ်ရန် ခေါ်ဆောင်လာသည့်အပေါ် ကွမ်ယင်ဗောဓိသတ်က ကန့်ကွက်စရာ မရှိသော်လည်း မြတ်စွာဘုရားကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် နားလည်ရန် ခက်ခဲနေခဲ့လေသည်။
အနောက်အရပ်သို့ ပိဋကတ်တော်ပင့်ဆောင်သည့် ခရီးစဉ်ဆိုသည်မှာ ကြီးမားလှသော ကိစ္စရပ်ကြီးတစ်ခု ဖြစ်သည်။ ယခု မြင်တွေ့နေရသည့် အခြေအနေများအရ ရွှမ်ကျန်း အနောက်အရပ်သို့ ခရီးထွက်ရသည့် အကြောင်းရင်းတစ်စိတ်တစ်ပိုင်းသည် အမျိုးသမီးတစ်ဦးကို ရှာဖွေရန် ဖြစ်နေမည်ဆိုပါက ဗုဒ္ဓဘာသာဂိုဏ်းအတွက် အနည်းငယ်မျှ အရှက်ရစရာ ဖြစ်မနေဘူးလော။
ကောင်းယန်၏ ကိစ္စက သေးငယ်ကောင်း သေးငယ်နိုင်သော်လည်း ဗုဒ္ဓဘာသာဂိုဏ်း၏ ဂုဏ်သိက္ခာမှာမူ ကြီးမားလှပေသည်။
ဆယ့်ရှစ်တောင် အမြင့်ရှိသော ရွှေရောင်ကိုယ်ထည်တော်ဖြင့် ကိုယ်ထင်ပြနေသော မြတ်စွာဘုရားသည် တည်ငြိမ်စွာဖြင့် မိန့်တော်မူလေသည်။
"ကိစ္စမရှိပါဘူး... ရွှမ်ကျန်း တကယ်နိုးထလာပြီး ရွှေပုစဉ်းဆရာတော်အဖြစ် ပြောင်းလဲသွားတဲ့အခါ… သူကိုယ်တိုင်က ကောင်းယန်ရဲ့ ဝိညာဉ်ကို ဖျက်ဆီးလိုက်မယ်ဆိုရင် ဒီလိုထင်ကြေးပေးမှုတွေလည်း ရှိလာတော့မှာ မဟုတ်ဘူး..."
"ဒီလိုကိုး..."
မြတ်စွာဘုရား၏ စကားတော်ကို ကြားသောအခါ ကွမ်ယင်ဗောဓိသတ်သည် နားလည်သွားသော အမူအရာဖြင့် ခေါင်းကို အနည်းငယ် ညိတ်လိုက်လေသည်။
တောက်ကျိသည် နဂါးနိုင်ရဟန္တာ ဖြစ်သော်လည်း နဂါးနိုင်ရဟန္တာမှာမူ တောက်ကျိ မဟုတ်ပေ။ စစ်မှန်သော ဝိညာဉ် နိုးထလာသည်နှင့် တစ်ပြိုင်နက် ဆယ်စုနှစ်အနည်းငယ်မျှသာရှိသော မှတ်ဉာဏ်များသည် ထောင်ပေါင်းများစွာသော နှစ်များနှင့် နှိုင်းယှဉ်လိုက်လျှင် သေးငယ်သော လှိုင်းဂယက်လေးများမျှသာ ဖြစ်ပြီး မည်သို့မျှ လွှမ်းမိုးနိုင်စွမ်း မရှိပေ။ ထို့ကြောင့် အစစ်အမှန် ဝိညာဉ် နိုးထလာချိန်တွင် တောက်ကျိ သေဆုံးသွားခဲ့ပြီး အသက်ရှင်နေသူမှာ နဂါးနိုင်ရဟန္တာသာ ဖြစ်လေသည်။
ထိုနည်းတူစွာပင် ရွှမ်ကျန်းသည် ကောင်းယန်အပေါ် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေနိုင်လောက်အောင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ထားရှိနေခဲ့သည်။သို့သော်လည်း တစ်နေ့တွင် သူ လင်းရှန်းတောင်တော်သို့ ရောက်ရှိသွား၍ သူ၏ အစစ်အမှန် ဝိညာဉ် နိုးထလာကာ ရွှေပုစဉ်းဆရာတော်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ထိုအခါ ရွှမ်ကျန်းသည်လည်း သေဆုံးသွားမည်ဖြစ်ပြီး ကောင်းယန်အပေါ်ထားရှိသော သူ၏ ခံစားချက်များသည်လည်း ရွှေပုစဉ်းဆရာတော် နိုးထလာမှုနှင့်အတူ လွင့်စဉ်ပျောက်ကွယ်သွားမည်သာ ဖြစ်လေသည်။
ထို့ကြောင့် ရွှေပုစဉ်းဆရာတော် ကိုယ်တိုင်အရေးယူဆောင်ရွက်စေခြင်းကသာလျှင် အသင့်လျော်ဆုံး ဖြစ်ပေလိမ့်မည်။
ထို့အပြင် မင်းသမီး ကောင်းယန်ကို လင်းရှန်းတောင်တော်၌ ခေါ်ထားခြင်းက ရွှမ်ကျန်း၏ စိတ်ပိုင်းဖြတ်မှုကို ပိုမို ခိုင်မာစေလိမ့်မည် ဖြစ်သည်။ ဤမျှ စစ်မှန်သော ချစ်ခြင်းမေတ္တာက လမ်းခရီးတစ်လျှောက်ရှိ ဖြားယောင်းသွေးဆောင်မည့် မိစ္ဆာများထံမှ သူ၏ စိတ်နှလုံးကို ဟန့်တားကာကွယ်ပေးနိုင်မည် ဖြစ်ပေသည်။
ဤသည်မှာ အလွန် အဆင်ပြေချောမွေ့သော စီစဉ်မှုတစ်ခုပင် ဖြစ်သည်။ အပေါ်ယံကြည့်လျှင် မြတ်စွာဘုရားက ကောင်းယန်ကို ကယ်တင်ရန် သဘောတူခဲ့သည်။သို့သော်လည်း တကယ်တမ်းတွင်မူ ရွှမ်ကျန်းသည် အနောက်အရပ်သို့ ပိဋကတ်တော်ပင့်ဆောင်ရန် ခရီးထွက်ကာ အနောက်ကောင်းကင်ဘုံသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ရွှမ်ကျန်းရော ကောင်းယန်ပါ ပျောက်ကွယ်သွားမည်ဖြစ်ပြီး ရွှေပုစဉ်းဆရာတော် တစ်ပါးတည်းသာ ကျန်ရစ်နေမည် ဖြစ်လေသည်။
ဗုဒ္ဓဘာသာဂိုဏ်းနှင့် ပိဋကတ်တော်ရှာဖွေရေး ခရီးစဉ်တာဝန်အတွက် အနည်းငယ်မျှပင် ဆိုးရွားသော သက်ရောက်မှု မရှိနိုင်ပေ။ ဤသည်မှာ မြတ်စွာဘုရား၏ ရည်ရွယ်ချက်ပင် ဖြစ်တော့သည်။
...
လူ့ပြည်ရှိ မဟာဗုဒ္ဓကျောင်းတော်၌မူ၊ မင်းသမီး ကောင်းယန်ကို မြတ်စွာဘုရား ခေါ်ဆောင်သွားပြီးနောက် ကျန်းလျိုသည် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်လေသည်။
"ရွှမ်ကျန်းဆရာတော်ကို ဂါရဝပြုပါတယ်..."
ကျန်းလျို နောက်သို့ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက်၊ မဟာဗုဒ္ဓကျောင်းတော်မှ တပည့်များနှင့်တကွ ယုံကြည်သူ အများအပြားပါ ကျန်းလျိုအား ဦးညွှတ်အရိုအသေပေးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြလေသည်။
အထူးသဖြင့် မဟာဗုဒ္ဓကျောင်းတော်မှ တပည့်များမှာ ကျန်းလျိုအား ပို၍ပင် စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်ရှုနေကြလေသည်။
မြတ်စွာဘုရားဟူသည် မည်သူနည်း။ ကိုယ်တော်သည် ဗုဒ္ဓဘာသာဂိုဏ်း၏ အမြင့်မားဆုံးသော အရှင်သခင်ဖြစ်ပြီး အလွန် ဝေးကွာ၍ နက်နဲကာ ထိတွေ့ရန် မဖြစ်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။ လုံဟိုင်ဆရာတော် ပင်လျှင် မြတ်စွာဘုရားထံမှ တရားအလင်းပြမှုကို အိပ်မက်မက်ခဲ့ဖူးသောကြောင့်သာ မဟာဗုဒ္ဓကျောင်းတော်၏ ကျောင်းထိုင်ဆရာတော် ဖြစ်လာခဲ့ပြီး မဟာထန်နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးသော ဘုန်းတော်ကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ရွှမ်ကျန်းဆရာတော်ကရော မည်သို့နည်း။ သူသည် အမျိုးသမီးတစ်ဦးကို ပွေ့ချီကာ မြတ်စွာဘုရား၏ အကူအညီကို တောင်းခံရန် ရောက်လာခဲ့ပြီး မြတ်စွာဘုရား ကိုယ်တိုင် အမှန်တကယ် ကိုယ်ထင်ပြခဲ့သည် မဟုတ်ပါလော။
လောကတွင် မြတ်စွာဘုရားကို ကိုယ်ထင်ပြစေပြီး လူတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ ကယ်တင်လာစေရန် စွမ်းဆောင်နိုင်သည့် အရည်အချင်းမျိုး မည်သည့်ဘုန်းတော်ကြီး၌ ရှိပါသနည်း။ ရွှမ်ကျန်းဆရာတော် တစ်ပါးတည်းသာလျှင် ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
"အောမိတော်ဖော...ကျွန်တော် နည်းနည်း ပင်ပန်းနေလို့ သေချာ အနားယူဖို့ လိုတယ်..."
ဘုန်းတော်ကြီးများနှင့် ယုံကြည်သူများစွာ၏ အရူးအမူး ကြည်ညိုလေးစားမှုများကို ရင်ဆိုင်နေရသော်လည်း ကျန်းလျိုသည် လက်အုပ်ချီကာ မည်သည့် ဝမ်းမြောက်မှုမျိုးမျှ မပြဘဲ တိတ်ဆိတ်စွာပင် ပြောလိုက်လေသည်။
ကျန်းလျို၏ စကားကို ကြားသောအခါ ထိုဘုန်းတော်ကြီးများနှင့် ယုံကြည်သူများအားလုံး ဘေးသို့ ဖယ်ပေးလိုက်ကြပြီး ကျန်းလျိုအား မဟာဗုဒ္ဓကျောင်းတော်ရှိ သူ၏ အခန်းငယ်ဆီသို့ တိုက်ရိုက် ပြန်သွားခွင့်ပြုလိုက်ရာ သူလည်း ချက်ချင်းပင် အိပ်ပျော်သွားလေတော့သည်။
ဤရက်များအတွင်း ကောင်းယန်အတွက် စိတ်ပူပန်နေရသဖြင့် ကောင်းစွာ စားမဝင် အိပ်မပျော်ဖြစ်ခဲ့ရသော ကျန်းလျိုသည် အမှန်တကယ်ပင် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ ယခုအခါ မြတ်စွာဘုရား၏ ဝင်ရောက်စွက်ဖက် ကယ်တင်ပေးမှုကို ရရှိခဲ့ပြီဖြစ်သည်။ အနည်းဆုံးတော့ ကောင်းယန်၏ အသက်အန္တရာယ် မရှိတော့သည့်အတွက် ကျန်းလျိုလည်း နောက်ဆုံးတွင် စိတ်အေးသွားနိုင်ခဲ့လေပြီ။
သူ၏ ပူပန်မှုများကို ဘေးဖယ်ထားလိုက်ပြီးနောက် ကုတင်ပေါ်သို့ ပစ်လဲချလိုက်ကာ မကြာမီမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေတော့သည်။
***