အခန်း (၉၇-၉၈)
Vol. 7 Ch. 97-98
အပိုင်း(၉၇)
နောက်တစ်နေ့တွင် ချန်အန်းမြို့တော် တစ်ခုလုံးသည် ထူးကဲစွာ စည်ကားသိုက်မြိုက်နေပြီး ချန်အန်းမြို့တွင်းမှ သာမန်ပြည်သူများသာမက အဝေးမှ လာရောက်ကြသူများစွာတို့သည် ရေမြေပူဇော်ပွဲ အခမ်းအနား ကြီး၏ ခမ်းနားကြီးကျယ်သော မြင်ကွင်းကို ကြည့်ရှုရန် ရောက်ရှိလာကြလေသည်။
မကြာသေးမီရက်များအတွင်း ချန်အန်းမြို့တော်သည် အလွန်တရာ ဆူညံပွက်လောရိုက်နေခဲ့သည်။ လအနည်းငယ် အတွင်း ကမ္ဘာမြေကိုပင် တုန်လှုပ်စေနိုင်သော သတင်းများက တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်နေခဲ့လေသည်။
နံ့သာတိုင်ပူဇော်ပွဲ အတွင်း ရွှမ်ကျန်းဆရာတော် သည် နံ့သာတိုင် အမာရွတ် ဆယ့်နှစ်ခုကို ရရှိခဲ့သည့် ဇာတ်လမ်းက တစ်တိုင်းပြည်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ထို့နောက်... မိစ္ဆာ ကြီးနှစ်ကောင် အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။
ရွှမ်ကျန်းဆရာတော် နှင့် လီချွန်းဖုန်း တို့ ဒဿနရေးရာ အခြေအတင် ဆွေးနွေးခဲ့ကြပြီး၊ ပုံသဏ္ဌာန်မဲ့ ဂါထာတော်သည် ဗုဒ္ဓဘာသာဂိုဏ်း၏ အဖိုးတန် ကဗျာတစ်ပုဒ်အဖြစ် ချီးကျူးခံခဲ့ရသည်။
ထို့နောက် ရွှမ်ကျန်းဆရာတော် သည် မင်းသမီး ကောင်းယန် ကို လက်ထပ်မည်ဟု ကောင်းကင်ဘုံကို တိုင်တည်၍ သစ္စာဆိုခဲ့ပြန်သည်။
မဟာထန် ဧကရာဇ်သည် ကောင်းကင်ဘုံသို့ ဆုတောင်းပတ္ထနာပြုပွဲကို ကျင်းပခဲ့ပြီး ကျိုင်းကောင်ကပ်ဘေးကို အဆုံးသတ်ရန် ကျိုင်းကောင်များကို အရှင်လတ်လတ် မြိုချခဲ့သည်။
ယင်းနောက် မြတ်စွာဘုရား ကိုယ်ထင်ပြခြင်း အဖြစ်အပျက် ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်မှ နဂါးခေါင်းကြီးတစ်ခု ပြုတ်ကျလာခဲ့သည်။
မဟာထန် ဧကရာဇ် လီရှီမင် သေရာမှ ပြန်လည်ရှင်သန်လာခဲ့သည်။
နောက်ဆုံးတွင်တော့ ယနေ့၏ ရေမြေပူဇော်ပွဲ အခမ်းအနား ပင်ဖြစ်သည်။
သာမန်ပြည်သူများအနေဖြင့် ဆယ်စုနှစ်များစွာအတွင်း တစ်ကြိမ်တစ်ခါမျှပင် မမြင်တွေ့နိုင်သော မြင်ကွင်းများကို ချန်အန်းမြို့တော်သည် လအနည်းငယ်အတွင်း စုစည်းမြင်တွေ့ခဲ့ရပြီး ဤအဖြစ်အပျက် အများစုမှာ ရွှမ်ကျန်းဆရာတော် နှင့် ဆက်စပ်နေခဲ့လေသည်။
ရေမြေပူဇော်ပွဲ အခမ်းအနား အတွက် ဘုန်းတော်ကြီး တစ်ထောင့်နှစ်ရာ တိတိ စုဝေးရောက်ရှိနေသော မြင်ကွင်း၏ ခမ်းနားကြီးကျယ်မှုသည် လီရှီမင် ကောင်းကင်ဘုံသို့ ဆုတောင်းပတ္ထနာပြုခဲ့သော အခမ်းအနားထက်ပင် သာလွန်နေပြီး ပို၍ပင် ကြီးမားသော စိတ်အားထက်သန်မှုများကို ဆွဲဆောင်နိုင်ခဲ့လေသည်။
ကိုးကွင်းတောင်ဝှေး ကို ကိုင်ဆောင်ကာ ပိုးချည်သင်္ကန်း ကို ဝတ်ရုံထားပြီး တည်ကြည်၍ ဘုန်းကျက်သရေရှိသော အသွင်ရှိသည့် ကျန်းလျိုသည် ရေမြေပူဇော်ပွဲ အခမ်းအနား စင်မြင့်ထက်သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။ သူသည် ရင်ဘတ် အတွင်းမှ နှလုံးသားသုတ်တော် စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်လေသည်။
“ကွမ်ယင်ဗောဓိသတ်သည် နက်နဲသော ပညာပါရမီ ကို ကျင့်ကြံအားထုတ်သောအခါ ခန္ဓာငါးပါးကို ဉာဏ်အလင်းဖြန်းကာ ၎င်းတို့အားလုံးမှာ အချည်းနှီး သုညသာဖြစ်ကြောင်းကို ရှုမြင်တော်မူပြီး ဆင်းရဲဒုက္ခခပ်သိမ်းကို လွတ်ကင်းစေတော်မူ၏...”
ရေမြေပူဇော်ပွဲ အခမ်းအနား မှာ အပေါ်ယံ အခမ်းအနား သက်သက်မျှသာ ဖြစ်သည်။ ကျန်းလျိုက ကျမ်းစာများကို ကျက်မှတ်ခြင်းဖြင့် အချိန်ဖြုန်းရန် စိတ်ဝင်စားမှု မရှိပေ။ ထိုအချိန်များကို တရားထိုင်ခြင်းဖြင့် အသုံးပြုပါက ပို၍ အကျိုးရှိမည်ဖြစ်ရာ သူသည် ကျမ်းစာအုပ်ကို ကိုင်ကာ အသံထွက်၍သာ ဖတ်ပြနေလိုက်လေသည်။
ကျန်းလျိုက စင်မြင့်ပေါ်တွင် ဗုဒ္ဓတရားတော်အပေါ် သူ၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုများ အကြောင်းကို မဟောကြားဘဲ "နှလုံးသားသုတ်တော်" ကိုသာ ဖတ်ပြနေသည်ကို ကြားသောအခါ ဘုန်းတော်ကြီး တစ်ထောင့်နှစ်ရာသာမက ပတ်ဝန်းကျင်ရှိ ပြည်သူများကပါ အချင်းချင်း နားမလည်နိုင်စွာ အကဲခတ်ကြည့်ရှုကာ တီးတိုးရေရွတ် ပြောဆိုလာကြလေသည်။
ယနေ့ကျင်းပသော ရေမြေပူဇော်ပွဲ အခမ်းအနား မှာ သူတော်စင်ဆရာတော် ရွှမ်ကျန်း ၏ ဗုဒ္ဓတရားတော်အပေါ် အလင်းပြ ဟောကြားမှုများကို နားဆင်ရန် ဖြစ်သော်လည်း သူက "နှလုံးသားသုတ်တော်" ထဲမှ စာများကိုသာ ဖတ်ပြနေသည်။ ထိုအရာက ဘာအဓိပ္ပာယ်နည်း။
"ဟား ဟား ဟား... ဒါက မဟာထန်ရဲ့ သူတော်စင်ဆရာတော် တဲ့လား... ဒီလို အခမ်းအနားကြီးမှာ သူက ကိုယ်ပိုင် ထိုးထွင်းသိမြင်မှု တစ်ခုလေးတောင် မပါဘဲ ဗုဒ္ဓကျမ်းစာတွေကိုပဲ ဖတ်ပြနေတာလား..."
ထိုစဉ် ရုတ်တရက် ကျယ်လောင်သော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာပြီး အနာစက်များနှင့် ဘုန်းကြီး သည် ဟားတိုက်ရယ်မောကာ ခုန်ထွက်လာပြီး စင်မြင့်ပေါ်ရှိ ကျန်းလျိုကို လက်ညိုးထိုး၍ အော်ဟစ်လိုက်လေသည်။
"ဒီလူက ဘယ်သူလဲ… ဘယ်လိုလုပ် ပြဿနာ လာရှာရဲတာလဲ..."
ဘေးနားရှိ အစောင့်များမှာ အနာစက်များနှင့် ဘုန်းကြီး ခုန်ထွက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြပြီး တိုးညင်းသောအသံဖြင့် အော်ဟစ်ကာ သူ့ကို ဖမ်းဆီးရန် ရှေ့သို့ တိုးလာကြလေသည်။
"ဒါဆိုရင် သင့်အမြင်အရ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှု ဆိုတာက ဘာကိုဆိုလိုတာလဲ..."
ခုန်ထွက်လာသော ဘုန်းကြီးကို မြင်သောအခါ ကျန်းလျိုသည်လည်း သူ မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုက်ပြီး မတ်တတ်ရပ်ကာ မေးလိုက်လေသည်။
"သင့်ရဲ့ ပုံသဏ္ဌာန်မဲ့ ဂါထာတော် ကို ငါ တစ်ခါ ကြားဖူးတယ်… 'ခန္ဓာကိုယ်ဟာ ဗောဓိပင်ဖြစ်ပြီး စိတ်နှလုံးဟာ စင်မြင့်နဲ့ တူတယ် ဖုန်မှုန့်တွေ မကပ်ငြိအောင် အမြဲတမ်း သန့်စင်နေဖို့ ကြိုးစားရမယ်' တဲ့... အဲဒီကဗျာက ငါ့ရဲ့ ဗုဒ္ဓဘာသာ တရားအားထုတ်မှု အနှစ်သာရကို နက်နက်ရှိုင်းရှိုင်း ဖမ်းဆုပ်နိုင်ခဲ့တယ်..."
"ဒီကနေ့မှာ ပိုပြီး သေသပ်လှပတဲ့ ဇင်တရားစကားတွေနဲ့ အံ့ဖွယ်တွေကို မျှော်လင့်ပြီး သင့်ရဲ့ တရားဟောကြားမှုနဲ့ ဗုဒ္ဓတရားတော် ဆွေးနွေးမှုတွေကို နားဆင်ဖို့ ငါ လာခဲ့တာပါ… ဒါပေမဲ့ စိတ်ပျက်စရာကောင်းတာက ဘာတစ်ခုမှ ထွက်မလာခဲ့ဘူး..."
အနာစက်များနှင့် ဘုန်းကြီး သည် စိတ်ပျက်နေဟန်ဖြင့် ခေါင်းခါယမ်းကာ မေးလိုက်လေသည်။
‘ပိဋကတ်တော်ပင့်ဆောင်ဖို့ အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ကို မစတင်ခင်မှာ ဗုဒ္ဓဘာသာအပေါ် ငါ့ရဲ့ လက်ရှိ သဘောထားကို သင်က စမ်းသပ်ချင်နေတာလား...’
ကျန်းလျိုသည် အနာစက်များနှင့် ဘုန်းကြီး၏ စကားများကို သတိကြီးစွာဖြင့် ဘာသာပြန်တွေးတောလိုက်ပြီး သူ၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း နားလည်သွားခဲ့လေသည်။ သူက လက်အုပ်ချီလိုက်၏။
"အောမိတော်ဖော... အဲဒီနေ့က ပုံသဏ္ဌာန်မဲ့ ဂါထာတော် ကို ငါ ဖွဲ့ဆိုခဲ့သလိုပဲ… ဒီကနေ့မှာလည်း ဗုဒ္ဓကဗျာ နောက်တစ်ပုဒ်ကို ဖွဲ့ဆိုပါရစေ... အဲဒါကို ဗောဓိဂါထာ လို့ နာမည်ပေးပြီး လူတိုင်း ခံစားနိုင်ဖို့ တင်ဆက်ပါရစေ..."
"ဗောဓိ တွင် မူလက သစ်ပင်မရှိ… မှန်သည်လည်း စင်မြင့်မဟုတ်..."
ဗောဓိ၌ မူလက သစ်ပင်မရှိ၊ ကြည်လင်သော မှန်သည်လည်း ခုံမဟုတ်ပေ။ မူလအစကပင် မည်သည့်အရာမှ မရှိခဲ့ပါလျှင် ဖုန်မှုန့်တို့သည် မည်သည့်နေရာ၌ သွားရောက်ကပ်ငြိနိုင်မည်နည်း။
ဤ ဗောဓိ ဂါထာ သည် အတိုင်းအတာတစ်ခုအထိ ယခင်က ဖော်ပြခဲ့သော ပုံသဏ္ဌာန်မဲ့ ဂါထာတော် နှင့် အလွန်ဆင်တူလှသည်။ သို့သော်လည်း ၎င်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာမူ လုံးဝကွဲပြားခြားနားနေသည်။
ပုံသဏ္ဌာန်မဲ့ ဂါထာတော် သည် ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓတရားတော်ကို ကျင့်ကြံအားထုတ်မှု အနှစ်သာရကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်စေသည်ဟု ဆိုလျှင် ဤ ဗောဓိ ဂါထာ မှာမူ ထိုအဆင့်၌ပင် အသွင်ပြောင်းလဲခြင်းနှင့် သန့်စင်ခြင်းကို ပြီးမြောက်နေပြီဖြစ်သည်။
ဗောဓိ ဂါထာ ကို ရွတ်ဆိုလိုက်သည်နှင့် တပြိုင်နက် ရေမြေပူဇော်ပွဲ အခမ်းအနား တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ထိုစကားလုံး အနည်းငယ်မျှသည် ရေတွက်၍မရနိုင်သော ဘုန်းတော်ကြီးများစွာကို နက်ရှိုင်းစွာ နစ်မျောသွားစေခဲ့သည်။
ဝေဝေဝါးဝါး ခံစားချက်အရ တစ်စုံတစ်ရာကို ဆုပ်ကိုင်မိလိုက်သကဲ့သို့ ရှိသော်လည်း သေချာစွာ ဆန်းစစ်ကြည့်သောအခါ သူတို့ အဘယ်အရာကို သဘောပေါက်သွားသည်ကို မခွဲခြားနိုင်ကြပေ။ ဤခံစားချက်သည် နက်ရှိုင်းလှပြီး ပို၍ပင် နက်ရှိုင်းနေတော့သည်။
"မူလအစတည်းက ဘယ်အရာမှ မရှိခဲ့ရင် ဖုန်မှုန့်တွေက ဘယ်နေရာမှာ သွားကပ်ငြိနိုင်မှာလဲ… ရွှမ်ကျန်းဆရာတော် က ဒီလောက်တောင် တွယ်တာမှုကင်းမဲ့တဲ့ စိတ်အခြေအနေကို ရောက်နေပြီလား… ငယ်ရွယ်ပေမယ့် ဒီလိုအဆင့်အတန်းမျိုး ပိုင်ဆိုင်ထားတယ်ဆိုတော့ သူက တကယ်ပဲ ဗောဓိသတ် တစ်ပါး ဝင်စားလာတာများလား..."
ရဟန်းတော် တစ်ထောင်နှစ်ရာအလယ်တွင် သင်္ကန်း ကို ရုံလွှမ်းထားပြီး မုတ်ဆိတ်မွေးများ ဖြူဖွေးနေပြီဖြစ်သော ဆရာတော်ကြီးတစ်ပါးသည် စင်မြင့်ထက်ရှိ ငယ်ရွယ်သော ဘုန်းတော်ကြီးကို အံ့သြလေးစားစွာ ကြည့်ရင်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးနေမိသည်။
"အောမိတော်ဖော … ပုံသဏ္ဌာန်မဲ့ ဂါထာတော် တစ်ခုတည်းနဲ့တင် ဗုဒ္ဓဘာသာမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ကဗျာတစ်ပုဒ် ဖြစ်နေခဲ့ပြီ… ဒါပေမယ့် ဒီနေ့တော့ ဒီဗောဓိဂါထာ က အဲဒါကိုတောင် မှေးမှိန်သွားစေတယ်… ဒါဟာ တကယ့်ကို ထာဝရတည်တံ့မယ့် ဗုဒ္ဓဘာသာရဲ့ ပြိုင်ဘက်ကင်း ပဲ့တင်သံပဲ..."
စင်မြင့်အောက်မှ လုံဟိုင်ဆရာတော် သည် ဗောဓိ ဂါထာ ကို ကြားနာရသောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ အလွန်အမင်း ချီးကျူးလေးစားသွားသည်။
‘သူတော်စင်ဆရာတော် လို့ သမုတ်ခံရတဲ့ ငါတောင် ဒီလိုအဆင့်ကို မရောက်နိုင်ဘူး… ငါက သူ့ထက် နိမ့်ကျနေပါလား...’
"တကယ့် အကျိုးအမြတ်ပဲ… ဒါဟာ တကယ့်ကို ကြီးမားတဲ့ အကျိုးအမြတ်ပါပဲ..."
တက်ရောက်လာကြသော မြောက်မြားစွာသော သာမန်လူထုထဲမှ အသက်ကြီးကြီး အမျိုးသားတစ်ဦးသည်လည်း ဝမ်းသာပီတိဖြစ်နေသော မျက်နှာကို ပြသလာသည်။
“ ဒီ ရေမြေပူဇော်ပွဲ အခမ်းအနား ကို တက်ရောက်ဖို့ အဝေးကြီးကနေ ငါလာခဲ့တာ ရွှမ်ကျန်းဆရာတော် ရဲ့ ဗုဒ္ဓတရားတော် ရှင်းလင်းချက်ကို ကြားနာချင်လို့… ပြီးတော့…သူတော်စင်ဆရာတော် ရဲ့ အမြင်ကို သိချင်လို့ပဲ… ဒါပေမယ့် စင်မြင့်ထက်ကနေ ကိုယ်ပိုင်အမြင်တွေ၊ အတွေးအခေါ်တွေ မတင်ပြဘဲ သာမန် ကျမ်းစာရွတ်ရုံလေးပဲ လုပ်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး…”
“အစကတော့ အရမ်း စိတ်ပျက်ခဲ့ရပေမယ့်… အခု ဒီ ဗောဓိ ဂါထာ ကို ကြားပြီးတဲ့နောက်မှာတော့ ငါ့ခရီးစဉ်က အလကားမဖြစ်တော့ဘူးလို့ ခံစားလိုက်ရတယ်…”
ထို့ထက်ပို၍ အဘိုးအိုသည် သူတော်စင်ဆရာတော် ရွှမ်ကျန်းဆရာတော် ၏ ယခင်က ရိုးရှင်းသော ကျမ်းစာရွတ်ဆိုခြင်းမှာ အလွန်ပင် နက်ရှိုင်းလှသည်ဟု တွေးတောမိသွားသည်။
‘လူတိုင်းမှာ ကျမ်းစာနဲ့ပတ်သက်ပြီး နားလည်နိုင်စွမ်း မတူညီကြဘူး မဟုတ်လား… ဒါကြောင့် သူတော်စင်ဆရာတော် က ဒီလိုနည်းလမ်းနဲ့ သတ္တဝါအားလုံးကို ကိုယ်တိုင် ဆင်ခြင်တွေးတောဖို့ သတိပေးနေတာများလား… ဒီလိုမှမဟုတ်ရင် သူတော်စင်ဆရာတော် ရဲ့ ဗုဒ္ဓသဘာဝအရ ဘာကြောင့် သူ့ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ဉာဏ်အလင်းရမှုကို ထုတ်ဖော်မပြောဘဲ နေမှာလဲ...’
‘ဒီလိုတွေးကြည့်မယ်ဆိုရင် သူတော်စင်ဆရာတော် ရဲ့ ကြိုးစားအားထုတ်မှုက တကယ့်ကို ပင်ပန်းကြီးစွာပါလား...’
ကွမ်ယင် ဖန်ဆင်းထားသော အနာစက်များနှင့် ဘုန်းကြီး သည်လည်း ကျန်းလျို ကို အံ့သြတကြီး ကြည့်နေမိသည်။ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့သည့်တိုင်အောင် အစပိုင်းတွင် ပုံသဏ္ဌာန်မဲ့ ဂါထာတော် ကို ချီးကျူးဖွယ်တစ်ခုအဖြစ်သာ ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ဤ ဗောဓိ ဂါထာ ကမူ ကွမ်ယင် ကိုပင် အမှန်တကယ် မှင်တက်သွားစေခဲ့ကြောင်း ဝန်ခံရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤသူသည် ရွှေပုစဉ်းဆရာတော် ဝင်စားခြင်း ဖြစ်၍ အံ့ဩစရာ မရှိဟု ရင်ထဲ၌ မတွေးဘဲ မနေနိုင်အောင် ဖြစ်ရသည်။ လူဝင်စားပြီးနောက် နှစ်ထောင်ပေါင်းများစွာသော မှတ်ဉာဏ်များ မရှိတော့သော်ငြားလည်း ဤမျှလောက်သော ဉာဏ်ပညာကို ပိုင်ဆိုင်ထားဆဲပင်။
မူလက ကွမ်ယင် ၏ အစီအစဉ်မှာ ရွှမ်ကျန်းဆရာတော် နှင့် ကောင်းယန် တို့ကြားရှိ အချစ်ရေးကို ဖူးစာနီကြိုး အသုံးပြု၍ နက်ရှိုင်းစေရန်ဖြစ်သည်။ ထို့နောက်တွင် သူမကို စတေးကာ သူ၏ ဈာန်စိတ်ကို ခိုင်မာစေပြီး အနောက်အရပ် ခရီးစဉ် သို့ စေလွှတ်ရန်ဖြစ်သည်။ သို့ရာတွင် နဂါးနိုင်ရဟန္တာ ၏ အမှားကြောင့် ကျန်းလျို အနေဖြင့် ဗုဒ္ဓဘာသာဂိုဏ်း၏ လျှို့ဝှက်လုပ်ရပ်များကို ရိပ်မိသွားနိုင်လိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ထို့ကြောင့် ဗုဒ္ဓဘာသာဂိုဏ်းအပေါ် သူ၏ သဘောထား မည်သို့ရှိသည်ကို စမ်းသပ်ကြည့်ရှုရန် ကွမ်ယင် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ယခုမူကား ဗုဒ္ဓတရားတော်အပေါ် သူ၏ နားလည်သဘောပေါက်မှုသည် ပို၍ပင် နက်ရှိုင်းလာပုံရသည်။
ဤ ဗောဓိ ဂါထာ ကြောင့် အံ့သြမှင်တက်နေရသော်လည်း သူမ၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို မေ့လျော့သွားမည်မဟုတ်ပေ....။
***
အပိုင်း(၉၈)
ဗောဓိ ဂါထာ ကို ရွတ်ဆိုပြီးသည်နှင့် အနာစက်များနှင့် ဘုန်းကြီး သည် ရုတ်တရက် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
"ဟား ဟား ဟား…ဒါက မဟာထန် ရဲ့ သူတော်စင်ဆရာတော် လို့ ခေါ်တဲ့သူလား… သိပ်ပြီးတော့လည်း ထူးခြားမနေပါဘူး..."
"ဟေ့ ဘုန်းကြီး… မင်းက သိပ်ရိုင်းစိုင်းပါလား… ဒီနေရာမှာ သူတော်စင်ဆရာတော် ကို လာပြီးလှောင်ပြောင်ရဲတယ်ပေါ့လေ..."
ပုံသဏ္ဌာန်မဲ့ ဂါထာတော် သည် လူတိုင်း၏ လေးစားမှုကို ရရှိပြီးနောက် ယခုကဲ့သို့ အနာစက်များနှင့် ဘုန်းကြီး ၏ လှောင်ပြောင်စကားကို ကြားလိုက်ရသဖြင့် လူအုပ်ကြီးကြားတွင် မခံမရပ်နိုင်ဖြစ်ကာ ဆူညံပွက်လောရိုက်သွားတော့သည်။
"ဟားဟားဟား… ငါက ဘာလို့ ရိုင်းစိုင်းရမှာလဲ… မဟာထန် ရဲ့ သူတော်စင်ဆရာတော် အနေနဲ့ ဗုဒ္ဓတရားတော်ကို အဟောအပြော ကောင်းကောင်းနဲ့ ပြောဆိုနေပေမယ့် အဆုံးမှာတော့ ဒါက ဟိနယာန ကျင့်စဉ်သာသာပဲ ရှိသေးတာလေ… ဒီလို အယူအဆတွေနဲ့ သူတော်စင်ဆရာတော် လို့ ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ..."
ထောင်ပေါင်းများစွာသော လူတို့၏ ပြစ်တင်ရှုတ်ချမှုများနှင့် ရင်ဆိုင်ရသော်လည်း အနာစက်များနှင့် ဘုန်းကြီးသည် ကြောက်ရွံ့ခြင်း အလျင်းမရှိဘဲ ကျယ်လောင်စွာ တုံ့ပြန်ပြောဆိုလိုက်သည်။
"ဒါဆို ငါ မေးပါရစေ… ရွှမ်ကျန်း ဟောပြောနေတာတွေက ဟိနယာန ကျင့်စဉ် သက်သက်ပဲလို့ မင်းက အခိုင်အမာ ပြောနေမှတော့… ဘာက ဟိနယာန ဖြစ်ပြီး ဘာက မဟာယာန ဗုဒ္ဓဘာသာလဲ ဆိုတာ ပြောစမ်းပါအုံး..."
အနာစက်များနှင့် ဘုန်းကြီး ၏ စကားဆုံးသည်နှင့် လုံဟိုင်ဆရာတော် က မတ်တပ်ရပ်ကာ ပရိသတ်အလယ်မှ မေးခွန်းထုတ်လိုက်သည်။
အနာစက်များနှင့် ဘုန်းကြီးသည် တက်ရောက်လာသူ အားလုံးကို အကဲခတ်လိုက်၏။ အဆုံးတွင် သူ၏ အကြည့်များကို ကျန်းလျိုထံတွင် ရပ်တန့်ကာ ပြန်လည်ဖြေကြားလိုက်သည်။
"ကိုယ့်အကျိုးအတွက်ကိုယ် ကျင့်ကြံတာ… တောက်ပတဲ့ နတ်ဒေဝါတွေရဲ့ သဘာဝကို မြင်တွေ့တာ… အဲ့တာဟာ ဟိနယာန ဗုဒ္ဓဘာသာပဲ..."
သူသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်လက်၍...
"လောကကြီးကို ကယ်တင်တာ… သတ္တဝါတွေကို ဆင်းရဲဒုက္ခပင်လယ်ထဲကနေ ကယ်တင်ပြီး တစ်ဖက်ကမ်းကို ပို့ဆောင်ပေးတာ… ဒါဟာ မဟာယာန ဗုဒ္ဓဘာသာရဲ့ အနှစ်သာရပဲ..."
"သူတော်စင်ဆရာတော် ရွှမ်ကျန်း… မဟာယာန ဗုဒ္ဓဘာသာရဲ့ တရားတော်တွေကို အနောက်အရပ် မဟာမိုးကြိုးကျောင်းတော်မှာရှိတဲ့ ငါတို့ရဲ့ မြတ်စွာဘုရား ထံတော်မှာ သိမ်းဆည်းထားတယ်… ဒီလောကက လူသားတွေအတွက် အခက်အခဲတွေကို သည်းခံပြီး မဟာယာန ဗုဒ္ဓဘာသာရဲ့ ပိဋကတ်တော် စစ်စစ်တွေကို သွားရောက်ပင့်ဆောင်ပေးဖို့ ဆန္ဒရှိပါသလား..."
‘ငြင်းလို့ရလား...’
ဤစကားများကို ကြားသောအခါ ကျန်းလျို သည် မသိမသာ မျက်လုံးလှန်လိုက်မိသည်။ အထက်ပါ စကားလုံးများကိုတော့ စိတ်ထဲမှ ကြိတ်၍ မြည်တွန်တောက်တီးခြင်းသာ ဖြစ်၏။ ဗုဒ္ဓဘာသာဂိုဏ်း သည် ဤနေ့အတွက် အချိန်ကြာမြင့်စွာ ပြင်ဆင်ခဲ့ပြီး မရေမတွက်နိုင်သော စီစဉ်မှုများ ပြုလုပ်ခဲ့သည်မဟုတ်ပါလော။ သူတို့က ဟန်ပြအနေဖြင့်သာ သူ့ကို မေးနေခြင်းဖြစ်ပြီး၊ အမှန်တကယ်တွင်မူ သူ့အတွက် ငြင်းဆန်ပိုင်ခွင့် လုံးဝမရှိချေ။
"အောမိတော်ဖော…တပည့်တော် ဆန္ဒရှိပါတယ်..."
ကျန်းလျို သည် မတ်တပ်ရပ်ကာ ခိုင်မာပြတ်သားသော အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ မည်သို့ပင်ဖြစ်စေ ရွေးချယ်စရာ မရှိတော့သည့်အတွက် သူသည်လည်း ကြီးကျယ်ခမ်းနားမှုနှင့် စိတ်အားထက်သန်မှုကို ပြသလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ဘေးတွင် ရပ်နေသော လီရှီမင် သည် တစ်ခွန်းမျှ မဟဘဲ တိတ်ဆိတ်စွာ ကြည့်ရှုနေလေသည်။ ယခုပေါ်လာသော ဤ အနာစက်များနှင့် ဘုန်းကြီး မှာ ယမန်နေ့က ပိုးချည်သင်္ကန်း နှင့် တောင်ဝှေး လာရောက်ပို့ဆောင်ပေးခဲ့သူ ဖြစ်ကြောင်းကို သူ မှတ်မိနေသည်။
ယခု အနောက်အရပ် ခရီးစဉ် အကြောင်းကို ကြားလိုက်ရသောအခါ လီရှီမင် ၏ ရင်တွင်း၌ သဘောပေါက်သွားတော့သည်။ ဤသည်ကား ဗုဒ္ဓဘာသာဂိုဏ်း ၏ အမှန်တကယ် ရည်ရွယ်ချက် ဖြစ်နေခဲ့သည်ပေါ့။
"အောမိတော်ဖော… ရွှမ်ကျန်း မင်း အရမ်းတော်တယ်..."
ကွမ်ယင်သည် ကျန်းလျို ၏ တုံ့ပြန်မှုကို အတော်လေး ကျေနပ်သွားပုံရ၏။ သူမ၏ ခန္ဓာကိုယ်သည် လင်းလက်သွားကာ ကြာပလ္လင်ထက်တွင် ထိုင်လျက် စစ်မှန်သော ပုံစံအမှန်သို့ ပြန်လည်ပြောင်းလဲသွားသည်။ သူမ၏ ဗုဒ္ဓရောင်ခြည်တော်မှာ စူးရှတောက်ပနေသော်လည်း နူးညံ့သိမ်မွေ့နေပြီး ကျန်းလျို အား ကျေနပ်အားရသော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကွမ်ယင် မယ်တော်… ကွမ်ယင် မယ်တော်ကြီး လူ့ပြည်ဆင်းလာပြီဟေ့..."
ကွမ်ယင်၏ ပုံစံအမှန်ကို မြင်တွေ့ရသောအခါ ရေမြေပူဇော်ပွဲ အခမ်းအနား ရှိ ရဟန်းတော် တစ်ထောင်နှစ်ရာတို့သည် စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်ကာ သူမအား ရိုသေလေးမြတ်စွာ ရှိခိုးပူဇော်ကြလေသည်။
လာရောက်ကြည့်ရှုကြသော သာမန်ပြည်သူများသည်လည်း ကြက်သွန်ဖြူထောင်းနေသကဲ့သို့ ခေါင်းမြေကြီးနှင့်ထိကာ အဆက်မပြတ် ရှိခိုးကြတော့သည်။
"မနေ့က မဟာထန် ဧကရာဇ်ရဲ့ လက်ကတစ်ဆင့် ပိုးချည်သင်္ကန်း နဲ့ ကိုးကွင်းတောင်ဝှေး ကို ငါ ချီးမြှင့်ခဲ့တယ်… အဲဒီ သင်္ကန်းကို ရုံလွှမ်းထားသူဟာ သံသရာစက်ဝန်းထဲကို ကျရောက်မှာ မဟုတ်သလို… တောင်ဝှေးကို ကိုင်ဆောင်ထားသူဟာလည်း အဆိပ်အတောက်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးခံရလိမ့်မယ်..."
"ဒါပေမယ့် အနောက်အရပ် ကိုသွားမယ့် ခရီးစဉ်ဟာ မိုင်ရှစ်သောင်းတစ်ထောင် ကွာဝေးပြီး အန္တရာယ်များတဲ့ တောင်တန်းတွေ၊ ကြမ်းတမ်းတဲ့ ရေပြင်တွေ၊ ဝံပုလွေတွေ၊ ပိုးမွှားတွေ၊ ကျားတွေ၊ ကျားသစ်တွေနဲ့ ပြည့်နှက်နေတယ်၊ အနောက်အရပ် ကို သွားဖို့အတွက် ကြီးမားတဲ့ ဉာဏ်ပညာ၊ မလျှော့သော ဇွဲလုံ့လနဲ့ မြင့်မြတ်တဲ့ ရဲရင့်ခြင်းစိတ်ဓာတ်တွေကို ပိုင်ဆိုင်ထားဖို့ လိုအပ်တယ်..."
"မင်း သွားဖို့ ဆန္ဒရှိရဲ့လား..."
ကြာပလ္လင် ထက်တွင် ထိုင်နေသော ကွမ်ယင်၏ မျက်နှာသည် ကရုဏာတရား၊ တည်ငြိမ်အေးချမ်းမှုတို့ဖြင့် ပြည့်နှက်နေပြီး သူမ၏ ရွတ်ဆိုသံမှာ သဲ့သဲ့မျှသာ ကြားရသည်။
"တပည့်တော် ဆန္ဒရှိပါတယ်..."
"အောမိတော်ဖော… ကောင်းပြီလေ… အနောက်အရပ် ခရီးစဉ် ကို အောင်မြင်စွာ ပြီးဆုံးတဲ့အခါမှာ မင်းဟာ ရွှေရောင်ခန္ဓာကိုယ်နဲ့ စစ်မှန်တဲ့ အသီးအပွင့်တွေကို သေချာပေါက် ရရှိမှာပါ..."
အရာရာတိုင်းသည် အလွန်ရိုးရှင်းလှသည်။ ဤအချိန်၌ ကွမ်ယင်ဗောဓိသတ် သည် အနောက်အရပ် သို့ သွားရောက်ကာ ပိဋကတ်တော် ပင့်ဆောင်ရန် သူ့အား တောင်းဆိုခဲ့ပြီးဖြစ်ရာ သူ့အတွက် ငြင်းဆန်ရန် လမ်းစမရှိတော့ပေ။ သဘောတူလိုက်သည့်အတွက် ကွမ်ယင်ဗောဓိသတ်က သူ့အား အားပေးစကား ဆိုလိုက်ခြင်းပင် ဖြစ်သည်။
ရွှမ်ကျန်းအား သူ၏ အနောက်အရပ် ခရီးစဉ် တွင် လမ်းညွှန်ပေးရန် တာဝန်ကျေပွန်သွားပြီဖြစ်သောကြောင့် သူမသည် ထပ်မံနေထိုင်ရန် အစီအစဉ်မရှိတော့ပေ။ ထို့နောက် ကွမ်ယင်ဗောဓိသတ် သည် ထွက်ခွာရန် ပြင်ဆင်လေသည်။
"ကွမ်ယင် မယ်တော်… ခဏလေးစောင့်ပါဦး..."
ကွမ်ယင်ဗောဓိသတ် လှည့်ထွက်သွားမည်ကို မြင်လိုက်ရသောကြောင့် ကျန်းလျို မှာ မအော်ခေါ်ဘဲ မနေနိုင်တော့ပေ။
လေထုထဲတွင် ရပ်တန့်သွားကာ ကွမ်ယင် သည် ကျန်းလျို ထံသို့ လှမ်းကြည့်လိုက်၏။
"ရွှမ်ကျန်း… မင်း မေးစရာ တစ်ခုခု ရှိသေးလို့လား..."
ကွမ်ယင်ဗောဓိသတ်က မေးလိုက်သည်။
"ဗောဓိသတ်… ဒီကို တစ်ယောက်တည်း လာခဲ့တာလား ဆိုတာ တပည့်တော် သိချင်ပါတယ်…အခြားဘယ်သူ့ကိုမှ ခေါ်မလာခဲ့ဘူးလား..."
ကောင်းယန်၏ အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုကို မထိန်းချုပ်နိုင်တော့သဖြင့် ကျန်းလျို သည် တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။
လောလောဆယ်တွင် ဗုဒ္ဓဘာသာဂိုဏ်း အနေဖြင့် ကောင်းယန် အား ဒုက္ခပေးရန် အကြောင်းမရှိဟု ခံစားရသော်လည်း သူမကို မျက်မြင်ကိုယ်တွေ့ မမြင်ရဘဲနှင့်တော့ သူ စိတ်မချနိုင်ဖြစ်နေသည်။
ကွမ်ယင်ဗောဓိသတ် သည် ကျန်းလျို ၏ မေးခွန်းထဲမှ သွယ်ဝိုက်သောအဓိပ္ပာယ်ကို နားလည်သွားပြီး ပြန်ဖြေလိုက်သည်။
"အောမိတော်ဖော… အမှန်ပါပဲ… ဒီတစ်ခေါက် ငါ တစ်ယောက်တည်း လာခဲ့တာပါ… ဒါပေမယ့် ဒီကိုမလာခင် တစ်စုံတစ်ယောက်က မင်းဆီကို စကားပါးလိုက်ပါတယ်… မင်း လင်းရှန်းတောင်တော် ကို ရောက်တဲ့နေ့ကျရင် မင်းအတွက် ပြင်ဆင်ပေးထားမယ့် ထမင်းတစ်နပ် စောင့်ကြိုနေလိမ့်မယ် တဲ့..."
ထိုစကားများနှင့်အတူ ကွမ်ယင်ဗောဓိသတ် သည် ဗုဒ္ဓရောင်ခြည်တော် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ အဝေးသို့ ထွက်ခွာသွားလေတော့သည်။
ထိုအဖြေကြောင့် ကျန်းလျို ၏ မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာခဲ့သည်။
အတိတ်တုန်းက ကောင်းယန် နှင့်အတူ တိတ်ဆိတ်စွာ နေထိုင်ခဲ့စဉ်က သူသည် ဟင်းချက်ပေးသူဖြစ်ခဲ့ဖူးသည်။ ပြင်းထန်သောအဆိပ်မိ၍ သေခါနီးအချိန်တွင် ကောင်းယန် သူ့အား ကတိတစ်ခု ပေးခဲ့သည်ကို ကျန်းလျို ရှင်းလင်းစွာ မှတ်မိနေသည်။ အကယ်၍ နောက်ဘဝဆိုတာ ရှိခဲ့ပါလျှင် သူ၏ မီးဖိုချောင်တွင် ဟင်းချက်ပေးရသူ ဖြစ်ချင်ပါသည်ဟူ၍ပင်။
***