← Chapters

ဝိညာဉ်အသိအာရုံအဆင့်ရှိ တစ္ဆေကျွန်

Vol. 27 Ch. 261

ဝိညာဉ်အသိအာရုံအဆင့်ရှိ တစ္ဆေကျွန်

Vol. 27 Ch. 261

​ယွင်တိမြို့ရှိ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၌….

​ရှန်ယွဲ့က လက်လေးဖက်မိစ္ဆာ၏ အလောင်းထဲမှ သစ်သားဓားကို ဆွဲထုတ်လိုက်၏။ ဤအခိုက်အတန့်တွင် ရှန်ယွဲ့၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် ရွှဲနစ်နေပြီး ဝတ်ရုံမှာလည်း စုတ်ပြတ်သတ်နေသည်။ ဘယ်ဘက်ခါးတွင် ထိတ်လန့်ဖွယ်ရာ ဒဏ်ရာကြီး တစ်ခု ရှိနေသော်လည်း မျက်နှာထားမှာမူ အေးစက်တည်ကြည်နေဆဲပင်။

​လက်လေးဖက်မိစ္ဆာမှာ သွေးအိုင်ထဲတွင် လဲလျောင်းနေပြီး မျက်လုံးများကို ဖုံးအုပ်ထားသည့် သွေးစွန်းနေသော အဝတ်စမှာလည်း မရှိတော့ချေ။ သူသည် သွေးကဲ့သို့ နီရဲနေသော မျက်လုံးများကို မနည်း အားယူဖွင့်၍ ရှန်ယွဲ့ကို ကြည့်ကာ တုန်ရီသော အသံဖြင့် မေးလိုက်၏။

"ဒါက... မင်း... အခုလေးတင်... ကိုယ်တိုင် ရှာဖွေတွေ့ရှိလိုက်တဲ့ အရာလား..."

​ရှန်ယွဲ့က သူ့ကို ငုံ့ကြည့်၍….

"မှန်တယ်... မင်းက ငါ့ကို အကျပ်အတည်းထဲအထိ တွန်းပို့ခဲ့လို့သာ ငါ ဒီလိုမျိုး နားလည်သဘောပေါက်မှု ရခဲ့တာ..."

​"အကျပ်အတည်း ဟုတ်လား... ဟက်..."

​လက်လေးဖက်မိစ္ဆာက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးမျိုး ပြုံးလိုက်၏။ သူသည် ရှန်ယွဲ့၏ စကားကို လုံးဝ မယုံကြည်ပေ။

ရှန်ယွဲ့က လီချင်းချိုး၏ အကူအညီကို ငြင်းပယ်လိုက်သည့် အချိန်ကတည်းက သူ့ကို အနိုင်ယူရန် ရှန်ယွဲ့တွင် အကြွင်းမဲ့ ယုံကြည်ချက် ရှိနေကြောင်း သူ သိခဲ့သည်။

​သူသည် မူလအားဖြည့်နယ်ပယ် နဝမအဆင့်ရှိ ဓားသမားတစ်ယောက်ကို အမှန်တကယ် ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤအခိုက်အတန့်တွင် နှလုံးသားထဲ၌ အရှက်ရမှုနှင့်အတူ ဖော်ပြမရနိုင်သော စိတ်သက်သာရာရမှုတို့သာ ရောယှက်နေ၏။

​"လူငယ်လေး... မင်းက မြောက်ပိုင်းနန်းတွင်းရဲ့ ဓားနတ်ဘုရား ဖြစ်တဲ့ ဒီအဘိုးကြီးကို အနိုင်ယူခဲ့ပြီပဲ... နောင်ကျရင် မင်းကိုယ်မင်း ဓားနတ်ဘုရားလို့ ခေါ်နိုင်ပါတယ်..."

လက်လေးဖက်မိစ္ဆာက မနည်း အားယူပြောလိုက်ရပြီး သူ့အသံမှာ တဖြည်းဖြည်း အားနည်းသွားသည်။

​ရှန်ယွဲ့က မည်သည့် ခံစားချက်မျှ မပြဘဲ….

"ငါ ဓားနတ်ဘုရား ဖြစ်နေတာ ကြာပါပြီ... ဒါပေမဲ့ ငါ့ဘာသာ ခေါ်တာမဟုတ်ဘူး... လောကကြီးကပဲ ငါ့ကို ဓားနတ်ဘုရားလို့ ခေါ်ကြတာ..."

​ထိုစကားကို ကြားသောအခါ လက်လေးဖက်မိစ္ဆာ၏ မျက်နှာတွင် အံ့အားသင့်သည့် အမူအရာ ပေါ်လာပြီးနောက် လက်ခံနိုင်သွားသည့် ပုံစံမျိုး ပြောင်းလဲသွားသည်။

​ဝှစ်...

ထိုစဉ် ​အေးစက်သော လေပြင်းတစ်ချက်နှင့်အတူ လက်လေးဖက်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ ပြာအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လွင့်စင် ပျောက်ကွယ်သွားတော့သည်။

ရှန်ယွဲ့မှာ သက်ပြင်းတစ်ချက်ကို ချလိုက်ပြီးနောက် လက်တစ်ဖက်က ဓားကို ထောက်၍ အခြားတစ်ဖက်က ဒဏ်ရာရထားသော ခါးကို ဖိကာ ဒူးထောက်ကျသွားပြီး မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။

​သူ မော့ကြည့်လိုက်တော့ အဝေးတွင် တိုက်ခိုက်နေကြဆဲ ဖြစ်သော တပည့်များ၏ ပုံရိပ်များကို မြင်နေရသော်လည်း ယွင်တိမြို့မှာ ယခင်ကကဲ့သို့ ဆူညံသံများ မရှိတော့ချေ။

သူတို့ ဤတိုက်ပွဲကို အနိုင်ရရှိခဲ့ပြီ ဖြစ်ပုံရသည်။

​ထို့နောက် ရှန်ယွဲ့က စောစောက တစ်လောကလုံးကို နေ့အလင်းရောင်ကဲ့သို့ လင်းထိန်သွားစေသည့် ဓားချက်ကို ပြန်လည် အမှတ်ရလိုက်ပြီး နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာ၏။

သူ ဒီဘဝတွင် လီချင်းချိုးကို အမှန်တကယ် မီနိုင်ပါ့မလား။

​ထို့နောက် ထိုင်ပုံထိုင်နည်းကို ပြင်လိုက်ပြီး ထိုနေရာမှာတင် တရားထိုင်ကာ ဒဏ်ရာများကို ကုသရန် စွမ်းအားများကို လည်ပတ်စေလိုက်သည်။

အတန်ကြာသော် ချင်းရှောင်ဂိုဏ်း တပည့်ငါးဦး သူ့ပတ်လည်သို့ ဆင်းသက်လာကြသည်။ အမျိုးသမီး တပည့်တစ်ဦးက စိတ်ဝိညာဉ်ပြန်လည်နုပျိုခြင်း တစ္ဆေအပ်စိုက်ပညာဖြင့် သူ့ကို ချက်ချင်း ကုသပေးပြီး အခြေအနေကို မေးမြန်းလိုက်၏။ ကျန်ရှိသော တပည့်လေးဦးမှာမူ သူတို့၏ ပတ်လည်တွင် ကင်းစောင့်ပေးနေကြသည်။

​"အခု အခြေအနေ ဘယ်လိုရှိလဲ..." ဟု ရှန်ယွဲ့က မျက်လုံးဖွင့်၍ မေးလိုက်တော့ ​အမျိုးသား တပည့်တစ်ဦးက….

"အကြီးအကဲကျန်းက မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်ကို သတ်ဖြတ်လိုက်ပါပြီ... စီနီယာအစ်ကို ကျောက်ကျိန်းနဲ့ စီနီယာအစ်ကို လီရန်တို့ကတော့ တပည့်တွေကို ဦးဆောင်ပြီး နောက်ထပ် မကောင်းဆိုးဝါး တစ်ကောင်ကို ဝိုင်းရံ နှိမ်နင်းနေကြပါတယ်... အဲဒါအပြင် ကျွန်တော်တို့ကို ဆက်လက် တိုက်ခိုက်နေတဲ့ မကောင်းဆိုးဝါး နောက်ထပ် နှစ်ကောင် ရှိပါသေးတယ်..."

​ကျန်းကျောက်ရှားက မကောင်းဆိုးဝါး တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်ဟူသော သတင်းကြောင့် ရှန်ယွဲ့ မအံ့သြပေ။

သူ့ကို အံ့သြစေသည့် အချက်မှာ ကျောက်ကျိန်းကလည်း တာဝန်များကို စတင် ပခုံးထမ်းလာနိုင်ခြင်းပင် ဖြစ်သည်။ ကျောက်ကျိန်းသာ မပါဝင်ပါက ဤတပည့်တစ်စုသည် မကောင်းဆိုးဝါးကို ဝိုင်းရံ နှိမ်နင်းနိုင်လိမ့်မည် မဟုတ်ကြောင်းမှာ ရှင်းလင်းလှသည်။

​ရှန်ယွဲ့ ပြုံးလိုက်မိသည်။ ချင်းရှောင်ဂိုဏ်း၏ မျိုးဆက်သစ် စွမ်းအားစုများ ပေါ်ထွက်လာနေပြီ ဖြစ်ကြောင်း သူ ခံစားလိုက်ရသောကြောင့်ပင်။

တစ္ဆေဘုရင်တောင်ကြားမှ မကောင်းဆိုးဝါးများနှင့် ကိုယ်တိုင် ထိပ်တိုက်တွေ့ဖူးမှသာ ဖိအားက မည်မျှ ကြီးမားကြောင်း သိနိုင်ပေသည်။

​တစ္ဆေဘုရင်တောင်ကြားအတွင်း ဤသို့သော မကောင်းဆိုးဝါးများစွာ ရှိနေသေးသည်ကို တွေးမိသောအခါ သူ့ပခုံးပေါ်ရှိ တာဝန်မှာ အလွန် လေးလံနေကြောင်း ရှန်ယွဲ့ ခံစားလိုက်ရသည်။

သူသည် ဝိညာဉ်အသိအာရုံအဆင့်သို့ အမြန်ဆုံး ရောက်ရှိရန် လိုအပ်သည်။ သို့မဟုတ်ပါက အလှည့်တိုင်းမှာ ပြင်းထန်သော ဒဏ်ရာများ ရနေလျှင် ဓားနတ်ဘုရား ဘွဲ့နာမနှင့် မည်သို့ ထိုက်တန်ပါတော့မည်နည်း။

​...

​လီချင်းချိုး ယွင်တိမြို့သို့ ပြန်ရောက်လာချိန်တွင် မြို့တွင်းမှ တိုက်ပွဲသံများ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ ညကောင်းကင်ယံတွင် နှင်းများ ကျဆင်းနေဆဲ ဖြစ်သော်လည်း တိုက်ပွဲ မစတင်မီကလို ဝိညာဉ်အထိ အေးစိမ့်သည့် အအေးဒဏ်မျိုး မရှိတော့ချေ။

​သူသည် တစ္ဆေကလေးငယ်ကို ပွေ့ချီထားသည့် ချူကျင်းနှင့်အတူ လမ်းမများအတိုင်း လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် အနားယူနေကြသော စစ်သားများနှင့် မြေပြင်ပေါ်ရှိ ပုပ်ပွနေသော အသားပုံများကို မြင်တွေ့ရပြီး အနံ့အသက်ဆိုးများမှာလည်း မြို့အတွင်း ပျံ့နှံ့နေ၏။

​ရှောင်ဝူချင်းက သူ့အနားသို့ ဆင်းသက်လာပြီး မြို့တွင်း အခြေအနေကို တင်ပြလိုက်ခဲ့သည်။

တပည့် ၁၂ ဦး သေဆုံးခဲ့ပြီး ၁၃၄ ဦး ဒဏ်ရာရရှိခဲ့သည်ဆိုတော့ လီချင်းချိုးက မည်သည့် အမူအရာမျှ မပြဘဲ ခေါင်းညိတ်လိုက်ပြီး…..

"တပည့်အားလုံးကို စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော် ပတ်လည်မှာ စုခိုင်းလိုက်..."

​"ဟုတ်ကဲ့ပါ..."

​ရှောင်ဝူချင်းက အမိန့်ကို သွားရောက် အကြောင်းကြားရန် ထွက်ခွာသွားပြီး လီချင်းချိုးကမူ အခြား အရပ်မျက်နှာတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။

​[ တာအိုမျိုးဆက်ကို ဦးဆောင်ပြီး တစ္ဆေလမ်းစဉ် အင်အားစုတစ်ခုကို ပထမဆုံးအကြိမ် ထိပ်တိုက် ချေမှုန်းနိုင်ခဲ့သလို၊ အပြည့်အဝ အောင်ပွဲရရှိပြီး တာအိုမျိုးဆက် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုန်းကွယ်နေတဲ့ အန္တရာယ်တွေကို ရှင်းလင်းနိုင်ခဲ့တဲ့အတွက် နတ်ဘုရားစွမ်းရည် အမွေအနှစ် ဆုလာဘ် တစ်ခုကို ရရှိသည်...]

​သူ့ရှေ့တွင် ပေါ်လာသော အသိပေးချက်ကို မြင်လိုက်ရသောအခါမှာသာ လီချင်းချိုးမှာ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။

ရန်သူအားလုံးကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့သော်လည်း မိစ္ဆာကြီးလော့ သေဆုံးသွားပြီ ဖြစ်ရာ ဤဘေးဒုက္ခမှာ ခေတ္တ ပြီးဆုံးသွားပြီ ဖြစ်သည်။ ကျန်ရှိနေသော မကောင်းဆိုးဝါးများက ဒုက္ခပေးဦးမည် ဖြစ်သော်လည်း အမှောင်ထုထဲတွင်သာ ကြောက်ရွံ့စွာ ပုန်းအောင်းနေကြရတော့မည် ဖြစ်သည်။

​သူသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကာ မြို့၏ မှောင်ရိပ်ကျသော နေရာတစ်ခုသို့ ရောက်ရှိသွားပြီး ပြိုပျက်နေသော နံရံတစ်ခုပေါ်သို့ ဆင်းသက်လိုက်ပြီး အသေအချာ ကြည့်လိုက်သည်။ ရှေ့ရှိ ပျက်စီးနေသော ခြံဝင်းအတွင်း၌ အရှည် ဆယ်ကျန်းကျော် ရှိသော တစ္ဆေရေနဂါးကြီး တစ်ကောင် လဲလျောင်းနေ၏။ ကောင်းကင်မိုးကြိုးဒဏ်ကို ပြင်းထန်စွာ ခံလိုက်ရပြီးနောက် ဤတစ္ဆေရေနဂါးမှာ လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ သေလုမြောပါး ဖြစ်နေသည်။

​လီချင်းချိုးက ၎င်း၏ မှတ်ဉာဏ်များကို ရယူရန် ဝိညာဉ်ချုပ်မန္တန်ကို တိုက်ရိုက် အသုံးပြုလိုက်တော့ ပြင်းထန်စွာ ဒဏ်ရာရထားသော တစ္ဆေရေနဂါးမှာ ခုခံနိုင်စွမ်း မရှိတော့ဘဲ လီချင်းချိုးက ၎င်း၏ တစ္ဆေဝိညာဉ်ကို စူးစမ်းသည်ကို အသာတကြည် ခံလိုက်ရုံမှတစ်ပါး အခြားမရှိတော့ချေ။

​ချူကျင်းက တစ္ဆေကလေးငယ်ကို ပွေ့ထားရင်း ဘေးနားမှ ကင်းစောင့်ပေးနေသည်။

ယွင်ချိုင် ဦးဆောင်သော တပည့်တစုက တစ်ဦးပြီး တစ်ဦး ကောင်းကင်မှ ဆင်းသက်လာကာ အနီးနားရှိ အပျက်အစီးများပေါ်တွင် နေရာယူလိုက်ကြသည်။

လီချင်းချိုး ဒဏ်ရာရခြင်း မရှိသည်ကို မြင်သောအခါ ယွင်ချိုင်မှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။ သူမက အနားသို့ မချဉ်းကပ်ဘဲ ချူကျင်းနှင့်အတူ ပတ်ဝန်းကျင်ကို သတိကြီးစွာ စောင့်ကြည့်နေသည်။

သူတို့၏ အကြည့်များမှာ ရံဖန်ရံခါ တစ္ဆေရေနဂါးကြီးဆီသို့ ရောက်သွားကြသည်။ ၎င်း၏ အရွယ်အစားမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်မဟုတ်ပေလော။

​အတန်ကြာသော်….

​လီချင်းချိုး၏ မျက်လုံးများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူ့ မျက်နှာတွင် စိတ်ဝင်စားဖွယ် အမူအရာ တစ်ခု ပေါ်လာသည်။

ဤတစ္ဆေရေနဂါးမှာ အခြား မကောင်းဆိုးဝါးများကဲ့သို့ ထူးဆန်းသော ဝိညာဉ်စွမ်းရည် မရှိပေ။ ၎င်း၏ မိစ္ဆာခန္ဓာမှာ အသွေးအသားများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ၎င်း၏ တစ္ဆေဝိညာဉ်မှာလည်း မိစ္ဆာခန္ဓာထဲမှ ထွက်ခွာ၍ မရနိုင်ချေ။ ထွက်ခွာလိုက်သည်နှင့် ဝိညာဉ် လွင့်စင် ပြန့်ကျဲသွားမည် ဖြစ်သည်။

ထို့ကြောင့်ပင် ဤတစ္ဆေရေနဂါး၏ စွမ်းအားမှာ မကောင်းဆိုးဝါး ဆယ့်ခြောက်ကောင်ထဲတွင် အနိမ့်ဆုံး အဆင့်မှာ ရှိနေခြင်း ဖြစ်သည်။

​၎င်းကို မိစ္ဆာကြီးလော့က တန်ဖိုးထားရသည့် အကြောင်းရင်းမှာ ၎င်းသည် လေခေါ် မိုးခေါ်သည့် မန္တန်များနှင့် ဆင်တူသော မှော်ပညာရပ်များကို တတ်ကျွမ်းသောကြောင့် ဖြစ်သည်။ ၎င်းသည် လေနှင့် မိုးထဲသို့ မိမိ၏ စိတ်ခံစားချက်များကို ထည့်သွင်း၍ သက်ရှိများကို သက်ရောက်မှု ဖြစ်စေနိုင်သည်။

စောစောက ကျဆင်းခဲ့သော နှင်းထူထူများမှာ ၎င်း၏ လက်ချက်ပင် ဖြစ်သည်။ ၎င်းသည် လျူကျင်း၏ သုံးသိန်းသော စစ်တပ်ကို ဝိညာဉ်အထိ အေးစိမ့်သော အအေးဒဏ်ကို မခံနိုင်အောင် ပြုလုပ်ခဲ့သလို၊ တစ်ပြိုင်နက်တည်းမှာပင် စစ်တပ်၏ စိတ်ဓာတ်ကို နှောင့်ယှက်ကာ ချင်ယဲ့၏ ဆုံးဖြတ်ချက်ကို မှားယွင်းစေပြီး စစ်တပ်တစ်ခုလုံးကို ဖရိုဖရဲ ဖြစ်သွားစေခဲ့ခြင်း ဖြစ်သည်။

​"ကျွန်တော့် တောင်းပန်ပါတယ်... သခင်ကြီး... ကျွန်တော့်အသက်ကို... ချမ်းသာပေးပါ..."

တစ္ဆေရေနဂါးက မျက်လုံးဖွင့်၍ အားနည်းစွာ ပြောလိုက်တော့ ​လီချင်းချိုး အမှန်တကယ်ပင် တွန့်ဆုတ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤတစ္ဆေရေနဂါးမှာ ၎င်း၏ ယခင်ဘဝက ကောင်းမြတ်သော နိမိတ်လက္ခဏာ သားရဲ တစ်ကောင် ဖြစ်ခဲ့ပြီး မည်သူ့ကိုမျှ မထိခိုက်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ၎င်းသည် လောဘကြီးသော သိုင်းလောကသားများ၏ လိုက်လံ ဖမ်းဆီးမှုကြောင့် တစ္ဆေဘုရင်တောင်ကြားသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပြီး၊ တစ္ဆေဘုရင်တောင်ကြား၏ ကျိန်စာကြောင့် ယခုကဲ့သို့ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

​တစ္ဆေဘုရင်တောင်ကြားတွင် တစ္ဆေရေနဂါးမှာ အနိုင်ကျင့်မှုများစွာ ခံခဲ့ရပြီး မိစ္ဆာကြီးလော့နှင့် ပူးပေါင်းပြီးနောက်မှသာ အခြေအနေများ ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။

မိစ္ဆာကြီးလော့နှင့်အတူ ထွက်ပြေးလာပြီးနောက် မိစ္ဆာကြီးလော့အတွက် အလုပ်လုပ်ပေးခဲ့ရသည်။ လူသားများအပေါ် နာကျည်းချက် ရှိသော်လည်း အခြား မကောင်းဆိုးဝါးများနှင့် မတူဘဲ လူသားများကို စားရသည်ကို မနှစ်သက်ချေ။ဤသည်မှာလဲ စွမ်းအား အနိမ့်ဆုံး ဖြစ်နေရသည့် အကြောင်းရင်း တစ်ခုပင် ဖြစ်သည်။

​အသေအချာ စဉ်းစားပြီးနောက် လီချင်းချိုးက ရေနဂါး၏ မန္တန်များက အလွန် အသုံးဝင်ကြောင်း ခံစားလိုက်ရပြီး အပြစ်မှာလည်း မကြီးလေးသဖြင့် အသက်ချမ်းသာပေးရန် ဆုံးဖြတ်လိုက်သည်။

ဝိညာဉ်ချုပ်မန္တန်ကို အသုံးပြု၍ လီချင်းချိုးက တစ္ဆေရေနဂါး၏ ဝိညာဉ်ခန္ဓာအတွင်းသို့ ယင်ဝိညာဉ် အမှတ်အသား တစ်ခုကို ခတ်နှိပ်လိုက်ပြီး တစ္ဆေကျွန်အဖြစ် ပြုလုပ်လိုက်သည်။

​ဤသို့ဖြင့် လီချင်းချိုးတွင် နောက်ထပ် တစ္ဆေကျွန် တစ်ကောင် တိုးလာခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်အသိအာရုံအဆင့်ရှိ တစ္ဆေကျွန် တစ်ကောင်….

ထို့အပြင် တစ္ဆေရေနဂါးသည် ကိုယ်ပိုင် အသွေးအသားခန္ဓာကိုယ် ရှိသဖြင့် လီချင်းချိုးနှင့် ခွဲခွာ၍ အချိန်အတော်ကြာ သီးခြား လှုပ်ရှားနိုင်သည်။

​သခင်အသိအမှတ်ပြု အမှတ်အသား ခတ်နှိပ်ပြီးသည်နှင့် တစ္ဆေရေနဂါးက အော်ဟစ်လိုက်ကာ လျင်မြန်စွာ ကျုံ့သွားပြီး လီချင်းချိုးထံသို့ ပျံသန်းလာကာ ညာဘက် လက်ဖမိုးပေါ်တွင် နက်မှောင်သော ရေနဂါးပုံစံ အမှတ်အသားတစ်ခုအဖြစ် နေရာယူလိုက်သည်။

လီချင်းချိုးက ၎င်းကို ဘယ်လက်ဖြင့် ထိကြည့်လိုက်ရာ အသားစိုင်လေး တစ်ခုကဲ့သို့သာ ခံစားလိုက်ရသည်။

​၎င်းမှာ ဝိညာဉ်ချုပ်မန္တန်နှင့် မသက်ဆိုင်ဘဲ တစ္ဆေရေနဂါး၏ ကိုယ်ပိုင် မန္တန်စွမ်းရည် ဖြစ်သည်။

တစ္ဆေမကောင်းဆိုးဝါးဟု ခေါ်သော်လည်း တစ္ဆေရေနဂါးမှာ အမှန်တကယ်တော့ တစ္ဆေလမ်းစဉ်ကို ကျင့်ကြံသည့် မိစ္ဆာသားရဲ တစ်ကောင်သာ ဖြစ်သည်။ ၎င်းမှတစ်ဆင့် လီချင်းချိုး သိလိုက်ရသည်မှာ ကောင်းမြတ်သော နိမိတ်လက္ခဏာ သားရဲများသည် အရွယ်ရောက်လာပါက မန္တန်များ နိုးထလာတတ်ကြခြင်း ဖြစ်သည်။ တစ္ဆေရေနဂါး၏ လေခေါ် မိုးခေါ်နိုင်စွမ်းမှာ မွေးရာပါ ပါရမီ ဖြစ်ပြီး မည်သူမျှ သင်ပေးထားခြင်း မဟုတ်ပေ။

​သူသည် ငရဲချီလင် အရွယ်ရောက်လာပါက မည်သို့သော မန္တန်များ နိုးထလာမည်နည်းဟု တွေးမိသွား၏။

​ယွင်ချိုင်နှင့် အခြား တပည့်များမှာ အရှည် ဆယ်ကျန်းကျော် ရှိသော တစ္ဆေရေနဂါးကြီး လီချင်းချိုး၏ လက်ထဲသို့ တိုးဝင်သွားသည်ကို မြင်သောအခါ မျက်လုံးပြူး သွားကြသည်။

ဤအရာအားလုံး ပြီးဆုံးသွားပြီးနောက် လီချင်းချိုးက ချူကျင်း၊ ယွင်ချိုင်နှင့် အခြားသူများကို ဦးဆောင်၍ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဆီသို့ လျှောက်သွားလိုက်သည်။

​ထိုစဉ်မှာပင် ချူကျင်း၏ ရင်ခွင်ထဲရှိ တစ္ဆေကလေးငယ်က မျက်လုံးပွင့်လာပြီး လီချင်းချိုး၏ ပခုံးပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်သဖြင့် အခြားသူများက ကြည့်လိုက်ကြသည်။

​"အောင်မြင်သွားပြီလား..."

လီချင်းချိုးက စပ်စုသည့်လေသံဖြင့် မေးလိုက်လေသည်။

ဤခရီးစဉ်မှ သူရရှိလိုက်သော အကျိုးကျေးဇူးများမှာ အတော်လေး များပြားလှသည်။ ပထမဆုံးအနေဖြင့် ဝိညာဉ်အသိအာရုံအဆင့်ရှိ တစ္ဆေကျွန် တစ်ကောင်ကို ရရှိခဲ့ပြီး၊ ဒုတိယအနေဖြင့် လင်းချွမ်အား လျှို့ဝှက်ဆန်းကြယ်သော တစ္ဆေကလေးငယ် ခန္ဓာကိုယ်ကို ရရှိစေခဲ့သည်။

​ဤတစ္ဆေကလေးငယ် ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေကြောင်း သူ ခံစားနိုင်ပြီး လင်းချွမ်က ၎င်းကို မည်မျှအထိ ထိန်းချုပ်နိုင်မည်နည်းဟု သူ တွေးမိသည်။

သေချာသည်မှာ လင်းချွမ်သည်လည်း အနာဂတ်တွင် လီချင်းချိုးအတွက် အရေးပါသော တိုက်ခိုက်ရေး အင်အားစုတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။

​"အခုထိတော့ မနေတတ်သေးဘူး..."

လင်းချွမ်က ခေါင်းကို စောင်း၍ ပြောလိုက်တော့ လီချင်းချိုးက လက်ကို မြှောက်၍ လင်းချွမ်၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ထပ်မံ မမေးတော့ပေ။ ပြန်ရောက်မှသာ အသေအချာ လေ့လာရန် ဆုံးဖြတ်လိုက်သည်။

​ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ရှေ့သို့ လီချင်းချိုး ရောက်ရှိချိန်တွင် ချင်းရှောင်ဂိုဏ်း တပည့်များမှာ ထိုနေရာတွင် စုဝေးနေကြပြီ ဖြစ်ပြီး ကျန်းကျောက်ရှားက ချင်ယဲ့နှင့် စကားပြောနေသည်။

လီချင်းချိုးက ရှန်ယွဲ့၏ စုတ်ပြတ်သတ်နေသော အခြေအနေကို သတိပြုမိလိုက်၏။ ဤအဘိုးကြီးက အမှန်တကယ်ပင် သတ္တိပြချင်နေခဲ့သည်မဟုတ်လော။

​လီချင်းချိုး ရောက်ရှိလာသည်ကို မြင်သောအခါ တပည့်များ အားလုံးက အရိုအသေပေးလိုက်ပြီး အနီးနားရှိ လမ်းမများတွင် တရားထိုင်နေကြသော တပည့်များကလည်း သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။

​ဤတိုက်ပွဲတွင် ချင်းရှောင်ဂိုဏ်း တပည့်အားလုံး ပါဝင်ခဲ့ကြသည်။ မကောင်းဆိုးဝါးများ၏ စွမ်းအားက သူတို့ကို ထိတ်လန့်စေခဲ့သော်လည်း တိုက်ပွဲ ပြီးဆုံးသွားပြီးနောက်တွင်မူ သူတို့အားလုံးမှာ ဂုဏ်ယူမှုနှင့် စိတ်သက်သာရာရမှုတို့ကိုသာ ခံစားနေကြရသည်။

သေချာသည်မှာ စောစောက မြို့ပြင်မှ ထွက်ပေါ်လာသော စူးရှတောက်ပသည့် အဖြူရောင် အလင်းတန်းကို သူတို့ မေ့နိုင်မည် မဟုတ်ပေ။ ၎င်းမှာ ဂိုဏ်းချုပ်၏ ဓားအလင်းတန်း ဖြစ်ကြောင်း သူတို့ သိလိုက်ရသဖြင့် သူတို့ ဒဏ်ရာများကို ကုသနေစဉ်မှာပင် ဂိုဏ်းချုပ်က မည်မျှ အစွမ်းထက်ကြောင်းကို ဆွေးနွေးနေကြသည်။

​အဆုံးမရှိသော အလောင်းတစ္ဆေများ ရုတ်တရက် ပုပ်သိုးနေသော အသားပုံများအဖြစ် ပြောင်းလဲသွားခဲ့ခြင်းမှာ သူတို့၏ နောက်ကွယ်မှ ကြိုးကိုင်သူကို ဂိုဏ်းချုပ်က သတ်ဖြတ်လိုက်သောကြောင့် ဖြစ်ကြောင်း ရှင်းလင်းလှသည်။

အကယ်၍ ဂိုဏ်းချုပ်က အလောင်းတစ္ဆေများ၏ နောက်ကွယ်မှ အစွမ်းထက်သော မကောင်းဆိုးဝါးကို အမြန် မသတ်နိုင်ခဲ့ပါက ဤတိုက်ပွဲ၏ ရလဒ်မှာ ပို၍ ဆိုးရွားသွားနိုင်ပေသည်။

​"ဒီည မြို့ထဲမှာပဲ အနားယူပြီး ပြန်လည် ပြင်ဆင်ကြမယ်..."

လီချင်းချိုးက ညွှန်ကြားလိုက်တော့ မည်သူမျှ ကန့်ကွက်ခြင်း မရှိဘဲ ရှောင်ဝူချင်းက အမိန့်ကို လိုက်လံ အကြောင်းကြားရန် ချက်ချင်း ထွက်သွားသည်။

​လီချင်းချိုးက ကျန်းကျောက်ရှားကို ကြည့်လိုက်ရာ ကျန်းကျောက်ရှားက တိုက်ပွဲ၏ ယေဘုယျ အခြေအနေကို ချက်ချင်း အကျဉ်းချုံး တင်ပြလိုက်သည်။

ချင်းရှောင်ဂိုဏ်း၏ အမှန်တကယ် အသေအပျောက်မှာ ရှောင်ဝူချင်း စောစောက ပြောခဲ့သည်ထက် အနည်းငယ် ပိုများသော်လည်း၊ လျူကျင်း၏ စစ်တပ်မှ အသေအပျောက်များကိုမူ လီချင်းချိုးက စိတ်မဝင်စားပေ။

​မကောင်းဆိုးဝါး ဆယ့်ခြောက်ကောင်အနက် မိစ္ဆာကြီးလော့ အပါအဝင် ကိုးဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

တစ္ဆေရေနဂါးအပြင် ကမ္ဘာကြီးကို ဆက်လက် ဒုက္ခပေးနေဦးမည့် မကောင်းဆိုးဝါး ခြောက်ဦး ရှိနေသေးသော်လည်း ၎င်းကိုမူ လုပ်ဆောင်ရန် နည်းလမ်း မရှိသေးချေ။

​ကျန်းကျောက်ရှား တင်ပြပြီးနောက် ချင်ယဲ့မှာ ခဏမျှ တွန့်ဆုတ်နေပြီး ရှေ့သို့ တက်ကာ မေးလိုက်၏။

"ဆရာ... လီမိသားစုက တစ်ယောက်ဟာ မကောင်းဆိုးဝါးတွေ အသုံးချတာကို ခံခဲ့ရပါတယ်... သူက အတင်းအကျပ် ခိုင်းစေခံရတာ ဖြစ်ပေမဲ့ ထောင်ချောက်ဆင်ခဲ့တာတော့ အမှန်ပါပဲ... သူ့ကို ဘယ်လို..."

​လီချင်းချိုးသည် သူ မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော ချင်ယဲ့ကို ကြည့်လိုက်ရာ ဆရာနှင့် တပည့်ကြား ဆက်ဆံရေးမှာ အနည်းငယ် စိမ်းသက်သွားကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။

"လောကီရေးရာတွေကို လောကီလူသားတွေပဲ ကိုင်တွယ်ပါစေ... သူ့ကို လျူကျင်းဆီ လွှဲပေးလိုက်ပြီး လျူကျင်းပဲ သူ့ရဲ့ အသက်ကို ဆုံးဖြတ်ပါစေ..."

​"ဟုတ်ကဲ့ပါ..."

ချင်ယဲ့က အမိန့်ကို နာခံရန် လက်သီးဆုပ်ပြလိုက်ပြီးနောက် နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။

​လီချင်းချိုးက သူ့ကို ကြည့်ကာ နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။

"မင်း ချင်းရှောင်တောင်ကို ဘယ်တော့ ပြန်လာမှာလဲ..."

​ထိုစဉ်က ချင်မိသားစုက ချင်းရှောင်ဂိုဏ်းအတွက် ပေးခဲ့သည့် အကျိုးကျေးဇူးများကြောင့် ချင်ယဲ့ကို တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သော်လည်း၊ ဆရာနှင့် တပည့်ဟူသော အမှန်တရားရှိနေသဖြင့် လီချင်းချိုးမှာ ချင်ယဲ့ကို လျစ်လျူရှုထားမည် မဟုတ်ပေ။

​ဆရာဖြစ်သူ၏ မေးခွန်းကို ကြားလိုက်ရသောအခါ ချင်ယဲ့မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ကမ္ဘာကြီး တစ်သားတည်း ဖြစ်သွားတာနဲ့ ကျွန်တော် သံချပ်ကာတွေကို ချွတ်ပြီး တောင်ပေါ်ကို ပြန်လာပြီး ကျင့်ကြံပါ့မယ်..."

​ယနေ့ည တိုက်ပွဲအပြီးတွင် ချင်းရှောင်ဂိုဏ်းမှ ထွက်ပေါ်လာသော ပါရမီရှင်များမှာ သူ မျှော်လင့်ထားသည်ထက် များစွာ ပိုများကြောင်း သဘောပေါက်သွားခဲ့သည်။ တပည့်များစွာမှာ သူ့ထက် အစွမ်းထက်နေကြသဖြင့် သူသည် ဂိုဏ်းချုပ်၏ တပည့်ဖြစ်သည်ဟု ဝန်ခံရန်ပင် ရှက်မိသွားသည်။

​ထို့​ကြောင့် သူ့နှလုံးသားထဲတွင် မသေမျိုးလမ်းစဉ် ကျင့်ကြံလိုသည့် ဆန္ဒမှာ နောက်တစ်ကြိမ် ပြန်လည် တောက်လောင်လာခဲ့ပြီ ဖြစ်သည်။

All Chapters