← Chapters

ပျံသန်းနိုင်သော ဝိညာဉ်မျှော်စင်

Vol. 27 Ch. 262

ပျံသန်းနိုင်သော ဝိညာဉ်မျှော်စင်

Vol. 27 Ch. 262

​နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာချိန်တွင် ချင်းရှောင်ဂိုဏ်းမှာ ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်မှု မရှိတော့ဘဲ မုန်တိုင်းတစ်ခု တိုက်ခိုက်တော့မည့်အလား တင်းမာသော လေထုထဲသို့ ကျဆင်းသွားခဲ့သည်။

​ဂိုဏ်းချုပ်က အတွင်းတပည့် တစ်ထောင်ကို ဦးဆောင်၍ မြောက်ဘက်သို့ ထွက်ခွာသွားခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ခရီးစဉ်မှာ ရှည်လျားပြီး အရာရာတိုင်း ချောမွေ့နေလျှင်ပင် ပြန်လာရန် အချိန်ယူရမည်ကို သူတို့ သိသော်လည်း ဂိုဏ်းအတွင်းရှိ တပည့်များမှာ အနည်းငယ် စိုးရိမ်နေကြဆဲပင်။

​ချင်းရှောင်ဂိုဏ်းသည် ၎င်း၏ စွမ်းအားဖွဲ့စည်းပုံ ပြည့်စုံလာသည်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မျှ မရှိဘဲ ဆက်လက် လည်ပတ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လီချင်းချိုးမှာမူ ကွဲပြားသည်။ သူသည် ချင်းရှောင်ဂိုဏ်းကို မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ဦးဆောင်ခေါ်ဆောင်ခဲ့သည့် အဓိက ပုဂ္ဂိုလ် ဖြစ်သည်။ ထို့အပြင် သူသည် တစ်ကြိမ်တစ်ခါမျှ အမှားမလုပ်ဖူးသလို ကျရှုံးခဲ့ဖူးခြင်းလည်း မရှိပေ။ ဂိုဏ်းမှ တပည့်များမှာ သူ့ကို မျက်ကန်းယုံကြည်မှု နီးပါး ကိုးကွယ်ကြပြီး ဂိုဏ်းချုပ်ပင် အနိုင်မယူနိုင်သော တစ္ဆေတစ်ကောင်သည် မည်မျှ အစွမ်းထက်မည်နည်းဟု သူတို့ တွေးတောင် မတွေးရဲကြပေ။

​နှင်းဖုံးနေသော တောအုပ်ထဲတွင် ဟူယန်က ဧရာမ နတ်ဆိုးခုတ်ပိုင်း ရွှေလက်ဝါးသိုင်းကို လေ့ကျင့်နေ၏။ ရွှေရောင် ပုံရိပ်ယောင် လက်ဝါးတစ်ခုက ညာလက်ပေါ်တွင် စုစည်းသွားပြီး လှုပ်ရှားမှုများနှင့်အတူ အလွန် ထက်မြက်ပြီး ကြမ်းတမ်းသော ပုံစံဖြင့် လှုပ်ရှားနေသည်။

ထိုစဉ် ​အနီးနားရှိ တောအုပ်ထဲမှ ပုံရိပ်သေးသေးလေး တစ်ခု ထွက်လာ၏။ ၎င်းမှာ အသက် ငါးနှစ်အရွယ် လီရှို့ကျန်းပင် ဖြစ်သည်။

​လီရှို့ကျန်းသည် ငယ်ရွယ်သော်လည်း ဓားကဲ့သို့ ဖြောင့်တန်းသော မျက်ခုံးများနှင့် ကြယ်များကဲ့သို့ တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူသည် သဘာဝအားဖြင့် နူးညံ့သိမ်မွေ့ပြီး တပည့်များ၏ ချစ်ခင်မြတ်နိုးမှုကို အလွန် ရရှိထားသူဖြစ်သည်။

​"ဂျူနီယာညီလေးဟူယန်... အဲဒါကို ဘယ်လို လုပ်တာလဲ..."ဟု လီရှို့ကျန်းက ရပ်တန့်၍ စပ်စုချင်သောလေသံဖြင့် မေးလိုက်သည်။

​ဟူယန်က ဂိုဏ်းထဲသို့ သူ့ထက် နောက်ကျမှ ဝင်လာသူ ဖြစ်သဖြင့် ဟူယန်က လီကျန်းရှို့ကို စီနီယာအစ်ကိုဟုသာ ခေါ်နိုင်သည်။ ဟူယန်က ၎င်းကို ဂရုမစိုက်ပေ။ ဂိုဏ်းအတွင်းတွင် အသက်အရွယ်သည် စီနီယာ၊ ဂျူနီယာ သတ်မှတ်သည့် အဓိက အတိုင်းအတာ မဟုတ်တော့သည်မှာ ကြာပြီ ဖြစ်သည်။

​ထိုစကားကို ကြားသောအခါ ဟူယန်က လေ့ကျင့်နေခြင်းကို ရပ်တန့်၍….

"မင်းက မန္တန်အကြောင်း မေးနေတာလား... မင်းသာ များများ လေ့ကျင့်ရင် လုပ်နိုင်မှာပါ..."

"ကျွန်တော်က ခင်ဗျားရဲ့ စိတ်အခြေအနေကို မေးနေတာပါ... ခင်ဗျားက ဘာကိုမှ စိတ်အနှောင့်အယှက် မဖြစ်ဘဲ သီးခြား အလုပ်တစ်ခုကို အမြဲတမ်း အာရုံစိုက်ထားနိုင်ပုံရတယ်..."

"အဲဒါက ငါက အရာရာကို ရှင်းရှင်းလင်းလင်း မြင်လို့နေမှာပေါ့...ဆရာနဲ့ အခြားသူတွေက ကြီးကျယ်တဲ့ အောင်ပွဲတစ်ခုကို သေချာပေါက် ရယူနိုင်မယ်လို့ ငါ ခံစားရတယ်... ဒါကြောင့် ငါ့ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ မရှိဘဲ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားနိုင်တာ..."

​သူသည် လီရှို့ကျန်းအပေါ်တွင် ကောင်းသော အထင်အမြင်ရှိသည်။ အနှီကောင်လေးသည် ငယ်ရွယ်သော်လည်း မန္တန်များနှင့် ပတ်သက်၍ နားလည်နိုင်စွမ်းမှာ အလွန် မြင့်မား၏။ သူတို့ နှစ်ဦးသည် တောင်အရှင်သခင် နတ်ဘုရားမန္တန်အကြောင်း တစ်ခါက ဆွေးနွေးခဲ့ဖူးပြီး လီရှို့ကျန်းက သူ့ကို သိသာထင်ရှားသော စိတ်ကူးဉာဏ်ကွန့်မြူးမှုများ ပေးခဲ့ဖူးသည်။

​လီရှို့ကျန်းက သူ့ကို ဆော့ကစားရသည်ကို သဘောကျပုံရပြီး ငယ်စဉ်ကတည်းက အထီးကျန်ဆန်ခဲ့သော ဟူယန်က လီရှို့ကျန်း၏ နွေးထွေးမှုကို သဘာဝကျကျ ငြင်းပယ်မည် မဟုတ်ပေ။

​"တခြားသူတွေအပေါ် အကြွင်းမဲ့ ယုံကြည်မှု ထားဖို့ဆိုတာ မလွယ်ကူဘူး..."ဟု လီရှို့ကျန်းက လေးနက်စွာ ပြောလိုက်တော့ ​ဟူယန်က သူ့အနားသို့ လာကာ ခေါင်းကို ပွတ်သပ်၍ အပြုံးဖြင့် မေးလိုက်သည်။

"မင်းလို ကောင်ဆိုးလေးက တခြားသူတွေကို အမြဲ လေ့လာနေရတာကို သဘောကျတာပဲ... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."

​ဟူယန်သည် အခြားသူများထံမှ မကောင်းကြံမှုများကို အာရုံခံနိုင်သော်လည်း လီရှို့ကျန်းထံမှ မည်သည့် မကောင်းကြံမှုကိုမျှ မခံစားရဖူးသဖြင့် သူ့ကို လေ့လာရန် လီရှို့ကျန်းကို ခွင့်ပြုထားခြင်းဖြစ်သည်။

"ကျွန်တော် ဘာမှ လုပ်ဖို့ မကြိုးစားပါဘူး... ကျွန်တော်က လူတွေကို ကြည့်ပြီး သူတို့ ဘာတွေးနေလဲဆိုတာကို ခန့်မှန်းရတာ သဘောကျတာပါ... ဂျူနီယာညီလေးဟူယန်... ခင်ဗျားရဲ့ စိတ်အခြေအနေက ခင်ဗျားရဲ့ အကြီးမားဆုံး အားသာချက်ပဲလို့ ကျွန်တော် ထင်တယ်... စီနီယာအစ်ကိုကျိယာကလည်း ထူးခြားတဲ့ ကျင့်ကြံခြင်း ပါရမီကို ပိုင်ဆိုင်ထားပေမဲ့ အရင်က သူက သူ့စိတ်ကို တည်ငြိမ်အောင် ထားဖို့ ခက်ခဲခဲ့တယ်... အဲဒါကြောင့် သူ့ရဲ့ ကျင့်ကြံမှုအဆင့်က စီနီယာအစ်ကို ကျောက်ကျိန်းရဲ့ နောက်ကို ရောက်သွားခဲ့တာ..."

​ကျိယာကလည်း ဤအကြောင်းကို ယခင်က ဟူယန်အား ပြောပြခဲ့ဖူးသည်။ ကျိယာ၏ အမြင်တွင် ပါရမီ ဆိုသည်မှာ တစ်ပိုင်းဖြစ်ပြီး ကျင့်ကြံခြင်းကို အာရုံစိုက်နိုင်ခြင်းက အခြား တစ်ပိုင်း ဖြစ်သည်ဟု ခံစားခဲ့ရသည်။

​ဟူယန်သည်လည်း မည်သည့် အနှောင့်အယှက်မှ မရှိဘဲ ကျင့်ကြံခြင်းကို အဘယ်ကြောင့် အာရုံစိုက်နိုင်သည်ကို မသိပေ။

​သူသည် ချီးကျူးခံရခြင်းကို အသားမကျသဖြင့် စကားလမ်းကြောင်း လွှဲကာ လီရှို့ကျန်း၏ ကျင့်ကြံခြင်း တိုးတက်မှုအကြောင်းကို မေးမြန်းလိုက်သည်။

​လီရှို့ကျန်းနှင့်လီရှို့မင်တို့လည်း အချိန်အတန်ကြာ ကျင့်ကြံနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့မှာ အလွန် ငယ်ရွယ်သေးသဖြင့် လီချင်းချိုးက သူတို့အပေါ် ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် ဝိညာဉ်ဆေးလုံးများ ရင်းနှီးမြှုပ်နှံထားခြင်း မရှိပေ။ သို့တိုင်အောင် ဤကောင်လေး နှစ်ယောက်သည် မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူတို့အတွက် ကောင်းကင်ဘုံက ပေးသနားထားသော ပါရမီကို လျှို့ဝှက်ထား၍ မရနိုင်ချေ။

​ဟူယန်မှာ တိတ်တဆိတ် အံ့အားသင့်သွားသည်။ ဒီကောင်လေး နှစ်ယောက်က အသက် ဘယ်လောက် ရှိပြီလဲ….

​သူ လီရှို့ကျန်း အရွယ်တုန်းကဆိုလျှင် ကျင့်ကြံခြင်းကို မဆိုနှင့် အခြေခံ စာလုံးများကိုပင် မသိခဲ့ပေ။

​သူတို့ နှစ်ယောက် အတန်ကြာ စကားပြောခဲ့ကြပြီး မထွက်ခွာမီ လီရှို့ကျန်းက ဤအာရုံစိုက်မှုကို ဆက်လက် ထိန်းသိမ်းထားရန် သူ့ကို တိုက်တွန်းခဲ့ပြီး ဂိုဏ်းအတွင်း အစွမ်းအထက်ဆုံးသူ ဖြစ်လာမည့် နေ့ကို မျှော်လင့်နေကြောင်း ပြောခဲ့သည်။

​ဟူယန်က လီရှို့ကျန်း ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ သူ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။

​ဤကလေးက တစ်ခုခုကို ကြံစည်နေသလို သူ ခံစားလိုက်ရသည်။

​"ငါ ဘာတွေ တွေးနေတာလဲ... သူက ငါးနှစ်အရွယ် ကလေးလေးပဲလေ..."

​ဟူယန်က ခေါင်းယမ်း၍ ကိုယ့်ကိုယ်ကိုယ် ရယ်မောလိုက်၏။ သူ့တွင်လည်း ကိုယ်ပိုင် ရည်မှန်းချက်များ ရှိပေသည်။

​သူသည် ဆရာ့အတွက် အဂုဏ်ယူရဆုံးသော တပည့်ဖြစ်လာရန်နှင့် ဂိုဏ်းအတွင်း အစွမ်းအထက်ဆုံးသူ ဖြစ်လာရန် ဆန္ဒရှိသည်။ ယခု သူ့ဆရာက လူများကို တောင်ပေါ်မှ ခေါ်ဆောင်သွားပြီ ဖြစ်ရာ သူ လုပ်ရမည်မှာ ကြိုးစား ကျင့်ကြံရန်နှင့် အချိန်မဖြုန်းရန်ပင် ဖြစ်သည်။

နှစ်ကုန်ပိုင်း ကုန်လွန်သွားပြီး နှစ်သစ်ကူး အချိန်အခါသို့ ရောက်ရှိလာခဲ့၏။

ကျန်းယွီချွန်းက ပွဲတော်ကို ကျင်းပရန် ခန်းမအသီးသီးကို စည်းရုံးနေဆဲဖြစ်ပြီး ချင်းရှောင်ဂိုဏ်း၏ တောင်အသီးသီးကို စည်ကားသိုက်မြိုက်သော အခြေအနေတွင် ရှိနေစေခဲ့သည်။

​ဂိုဏ်း၏ အဆင့်မြင့် အရာရှိများက ဤမျှ ယုံကြည်မှု ရှိနေသည်ကို မြင်သောအခါ တပည့်များ၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုများလည်း ပျောက်ကွယ်သွား၏။

​မွန်းလွဲပိုင်းအချိန်တွင်

​လေကို ခွင်းလာသော အသံများက ချင်းရှောင်ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာပြီး ဓားပျံများစီးနင်း၍ တောင်တန်းများကို ဖြတ်သန်းကာ ချင်းရှောင်တောင်ဆီသို့ ဦးတည်လာသော ချင်းရှောင်ဂိုဏ်း တပည့်များကို တစ်ယောက်ပြီး တစ်ယောက် မြင်တွေ့ရ၏။

သူတို့ကို ဦးဆောင်လာသူမှာ အခြားသူ မဟုတ်ဘဲ ဂိုဏ်းချုပ် လီချင်းချိုးပင် ဖြစ်သည်။

ဤမြင်ကွင်းကို မြင်တွေ့ရသော တပည့်များက သတင်းဖြန့်ရန် ဟိုဟိုဒီဒီ ပြေးလွှားသွားကြသည်။

​ဂိုဏ်းချုပ်က အဖွဲ့ကို ပြန်ခေါ်လာပြီ….

ဤ​သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားပြီး တောင်တိုင်းရှိ တပည့်များကို စိတ်အားတက်ကြွသွားစေခဲ့သည်။

​လီချင်းချိုးက လင်းရှောင် ခြံဝင်းအတွင်းသို့ တစ်ဟုန်ထိုး ပျံသန်းဆင်းသက်ပြီးနောက် လင်းရှောင်ခေါင်းလောင်းကို တီးရန် ရှောင်ဝူချင်းကို အမိန့်ပေးလိုက်သည်။

​ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာသော အတွင်းစည်းတပည့်များလည်း လူစုကွဲသွားကြပြီး အသီးသီး ခြံဝင်းများသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် တိုက်ပွဲအကြောင်း မေးမြန်းနေသော အခြား တပည့်များ၏ ဝိုင်းရံမှုကို ခံလိုက်ကြရသည်။

​အလောင်းတစ္ဆေများနှင့် တိုက်ခိုက်ခြင်းနှင့် မကောင်းဆိုးဝါးများကို ရင်ဆိုင်ခြင်း….

ဤတိုက်ပွဲကို ပြန်လည် အမှတ်ရခြင်းမှာ အတွင်းစည်းတပည့်များအတွက် စိတ်လှုပ်ရှားစရာ ကောင်းနေဆဲ ဖြစ်သည်။ သူတို့ မြင်တွေ့ခဲ့၊ ကြားသိခဲ့ရသမျှကို တစ်ခုချင်းစီ ပြန်လည် ပြောပြကြရာ ဂိုဏ်းမှ တပည့်များအားလုံး အဆက်မပြတ် အံ့သြမှင်တက်နေကြကုန်သည်။

​အမွှေးတိုင် တစ်တိုင်စာ လောင်ကျွမ်းချိန် ကြာပြီးနောက်….

​ခန်းမအသီးသီးမှ အဆင့်မြင့် အရာရှိများအားလုံး လင်းရှောင်ခြံဝင်းတွင် စုဝေးနေကြပြီဖြစ်သည်။

ထို့ကြောင့် လီချင်းချိုးက ရှောင်ဝူချင်းကို ခရီးစဉ်၏ ယေဘုယျ အခြေအနေကို ပြောပြခိုင်းလိုက်သည်။

​အချို့သော တပည့်များက သူတို့၏ အသက်ကို စတေးခဲ့ရကြောင်း ကြားရသောအခါ အဆင့်မြင့် အရာရှိများ၏ မျက်နှာထားများ လေးနက်သွား၏။ သို့သော်လည်း လီချင်းချိုးက မိစ္ဆာကြီးလော့ကို သတ်ဖြတ်နိုင်ခဲ့ပြီး အခြားသူများက မကောင်းဆိုးဝါး အများအပြားကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ကြားသောအခါ အဆင့်မြင့် အရာရှိများမှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြသည်။

​မိစ္ဆာကြီးလော့ သေဆုံးသွားပြီ ဖြစ်ရာ တစ္ဆေမင်းဆက်၏ အစီအစဉ် ပျက်စီးသွားပြီဟု ယူဆရသည်။ အခြား မကောင်းဆိုးဝါးများမှာ ဖရိုဖရဲ အနည်းငယ်သာ ဖြစ်စေနိုင်ပြီး ကိုးပြည်ထောင်ကိုတော့ မှောက်လှန်ပစ်နိုင်မည် မဟုတ်ချေ။

​"ငါ မြောက်ပိုင်းနန်းတွင်းကို သွားခဲ့တယ်... မြောက်ပိုင်းနန်းတွင်းရဲ့ ဧကရာဇ်က သေသွားပြီ... သူ့ကို ဝင်ပူးထားတဲ့ တစ္ဆေကလည်း ထွက်ပြေးသွားတာ ကြာပြီ... မြောက်ပိုင်းနန်းတွင်းက ဧကရာဇ်သစ် တစ်ပါးကို ထောက်ခံပြီး ငါတို့ဆီကို တရားဝင်လာရောက် ဂါရဝပြုဖို့ လူတွေ စေလွှတ်လိမ့်မယ်... အခုကစပြီး မြောက်ပိုင်းနန်းတွင်းကလည်း ချင်းရှောင်ဂိုဏ်းရဲ့ လက်အောက်ခံ မင်းဆက် တစ်ခုပဲ..."

​လီချင်းချိုးက ပြောလိုက်ရာ သူ၏ စကားများကြောင့် လူတိုင်း၏ မျက်လုံးများ အရောင်လက်သွား၏။

​မြောက်ပိုင်းနယ်မြေများမှာ လူသူကင်းမဲ့သော်လည်း နယ်မြေဧရိယာ ကျယ်ဝန်းလှသဖြင့် ထိုနေရာတွင် ဝိညာဉ်ကြေးနီတောင်တန်းလို ရတနာမြေများ ပုန်းကွယ်နေနိုင်ပေသည်။

​"လျူကျင်းက ကိုးပြည်ထောင်နယ်မြေကို တစ်သားတည်း ဖြစ်အောင် လုပ်ပြီးတာနဲ့ ဒီကမ္ဘာကြီးက ခေါတ်အဆက်ဆက် တစ်ခါမှ မကြုံဖူးတဲ့ ငြိမ်းချမ်းရေးခေတ်ကို ရောက်ရှိလာလိမ့်မယ်... ဂိုဏ်းချုပ်... ခင်ဗျားရဲ့ စွမ်းဆောင်ရည်က အတိတ်က မင်းဆက်တွေရဲ့ ဧကရာဇ်တွေရဲ့ အောင်မြင်မှုတွေထက်တောင် ပိုမြင့်မားတယ်..." ဟု ယန်ကျွယ်တိန်က ချီးကျူးလိုက်သည်။

​အခြားသူများကလည်း သူတို့၏ သဘောတူညီမှုကို ဆက်လက် ဖော်ပြကြသည်။ ဤသည်မှာ နှလုံးသားထဲမှ စကားများသာ ဖြစ်ကြပေသည်။

​တာ့လီမင်းဆက်၏ ဘိုးဘေးကြီးသည် ကိုးပြည်ထောင်နယ်မြေကို တစ်သားတည်း ဖြစ်အောင် လုပ်ရန်အတွက် မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းခဲ့ရသော်လည်း၊ တာ့​လီသည် မြောက်ပိုင်းလူရိုင်းများ၏ နှောင့်ယှက်မှုကို နှစ်စဉ်နှစ်တိုင်း ခံခဲ့ရသည်။

​ယခုအခါ မြောက်ပိုင်းနန်းတွင်းက ချင်းရှောင်ဂိုဏ်းကို အညံ့ခံလိုက်ပြီး လျူကျင်းကို လီချင်းချိုးက ထောက်ခံထားပြီ ဖြစ်ရာ နှစ်ဖက်ကြားရှိ အမုန်းတရားများ ဤနေရာတွင် သဘာဝကျကျ အဆုံးသတ်သွားမည် ဖြစ်သည်။ သမိုင်းတစ်လျှောက်လုံးကို ပြန်ကြည့်လျှင် ဤသို့သော ငြိမ်းချမ်းရေး ကာလမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။

​"မြောက်ပိုင်းနန်းတွင်းက အရမ်း ဝေးလွန်းတယ်... ငါက လောလောဆယ် မြောက်ပိုင်းနန်းတွင်းမှာ ဂိုဏ်းခွဲမြို့ တစ်မြို့ တည်ထောင်ဖို့ အစီအစဉ် မရှိသေးဘူး... နောင်ကျရင် မြောက်ပိုင်းနန်းတွင်းမှာ ဒုက္ခကြုံလာရင် သူတို့က ချင်းရှောင်ဂိုဏ်းဆီလာပြီး တာဝန်တွေ အပ်နှံနိုင်တယ်..."ဟု ​လီချင်းချိုးက ပြောလိုက်ပြီး ကိစ္စကို အဆုံးသတ်လိုက်၏။

​သူက တပည့်များ၏ လှုပ်ရှားမှု နယ်ပယ် ကျယ်ပြန့်လွန်းသွားပြီး တစ္ဆေဘုရင်တောင်ကြားအတွင်းသို့ မတော်တဆ ရောက်ရှိသွားမည် သို့မဟုတ် မြောက်ဘက်သို့ ထပ်မံ ထွက်ခွာသွားကာ မိစ္ဆာနယ်မြေကို အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်မိသည်။

​အခြားသူများကလည်း ကန့်ကွက်ခြင်း မရှိကြပေ။ ကိုးပြည်ထောင်နယ်မြေသည် ချင်းရှောင်ဂိုဏ်းအတွက် လုံလောက်အောင် ကျယ်ဝန်းနေပြီ ဖြစ်သည်။ ကိုးပြည်ထောင်နယ်မြေကို အပြည့်အဝ မထိန်းချုပ်နိုင်မီတွင် မြောက်ပိုင်းနယ်မြေများသို့ တပည့်များ စေလွှတ်ရန် အမှန်တကယ် မလိုအပ်ချေ။

​"စီနီယာအစ်ကို... ကျွန်တော်တို့ကို မြန်မြန် ပြောပြပါဦး... အဲဒီ မိစ္ဆာကြီးလော့က ဘယ်လောက် အစွမ်းထက်လဲ..."

လီစစ်ဖုန်းက နောက်ဆုံးတွင် အခွင့်အရေးရသွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။

​ဤစကားကို ကြားသည်နှင့် တစ်ပြိုင်နက် အခြားသူများအားလုံးက လီချင်းချိုးကို ကြည့်လိုက်ကြသည်။ သူနှင့်အတူ ချန်းကျိုးသို့ လိုက်ပါသွားခဲ့သော ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့ အပါအဝင် အားလုံးပင် ဖြစ်သည်။

​မကောင်းဆိုးဝါး တစ်ဝက်ကို လီချင်းချိုးက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ လီချင်းချိုးသာ မပါဝင်ပါက သူတို့တွေ ထိုတစ္ဆေများကို လုံးဝ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

​သူတို့ ပြန်အလာလမ်းတွင် မေးခဲ့ကြသော်လည်း ပြန်ရောက်မှသာ ပြောပြမည်ဟု လီချင်းချိုးက ဆိုခဲ့သည်။

​"အရမ်း အစွမ်းထက်ပြီး အရမ်းလည်း ပါးနပ်တယ်..."

​လီချင်းချိုးက မိစ္ဆာကြီးလော့နှင့် တိုက်ခိုက်ခဲ့သည့် အဖြစ်အပျက်ကို ဖြည်းညင်းစွာ ပြောပြလိုက်၏။

​မိစ္ဆာကြီးလော့က စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်တွင် ချန်ထားရစ်ခဲ့သူမှာ ကိုယ်ပွားတစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရသောအခါ လူတိုင်းမှာ တိတ်တဆိတ် အံ့အားသင့်သွားကြသည်။ ဤတစ္ဆေများမှာ မောက်မာပုံရသော်လည်း အမှန်တကယ်တွင် အလွန် ဉာဏ်များကြ၏။

​လီချင်းချိုးက ခန်းမသခင်များ ဗဟုသုတများ တိုးပွားစေရန် တစ္ဆေရေနဂါး၏ စွမ်းရည်များကိုလည်း ရှင်းပြခဲ့သည်။

​” နောင်ကျရင် ထူးဆန်းတဲ့ ရာသီဥတု အပြောင်းအလဲတွေနဲ့ ကြုံတွေ့ရရင် ငါတို့ ပိုပြီး သတိထားရမယ်..."

ချင်းရှောင်ဘိုးဘေးက အံ့သြတကြီး ပြောလိုက်ရာ အခြားသူများကလည်း သဘောတူကြ၏။

​တစ္ဆေဘုရင်တောင်ကြားမှ မကောင်းဆိုးဝါးများသည် ဝိညာဉ်စားခြင်း၊ ကိုယ်ပွားများ၊ မြေအောက်လှိုဏ်ခေါင်းတူးခြင်း၊ သွေးမြူခိုး၊မိုးလေဆင့်​ခေါ်ခြင်း အစရှိသည့် မတူညီသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ သာမန် ကျင့်ကြံသူ တစ်ဦးသာ သူတို့နှင့် ထိပ်တိုက်တွေ့ပါက သေချာပေါက် ထိတ်လန့်သွားမည် ဖြစ်သည်။

"တပည့်တွေရဲ့ တိုက်ခိုက်ရေး အသိအမြင်တွေ ကျယ်ပြန့်လာစေဖို့ ဒီမကောင်းဆိုးဝါးတွေရဲ့ စွမ်းရည်တွေနဲ့ သူတို့ကို ငါတို့ သတ်ဖြတ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ အပါအဝင် အရာအားလုံးကို ရေးမှတ်ထားဖို့ တစ်ယောက်ယောက်ကို ငါ ခိုင်းလိုက်မယ်... ထွက်ပြေးသွားတဲ့ တစ္ဆေတွေက ပုန်းကွယ်နေတဲ့ အန္တရာယ် တစ်ခု ဖြစ်ပေမဲ့ သူတို့ကို ငါတို့ နောက်မှ ဖြည်းဖြည်းချင်း လိုက်လံ ရှာဖွေနိုင်ပါတယ်... အခုတော့ လူတိုင်း ပျော်ရွှင်စရာ နှစ်သစ်ကူးလေးအချိန်လေး ပိုင်ဆိုင်နိုင်ပါပြီ..."

​လီချင်းချိုး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာတော့ လူတိုင်းကို အလွန် ပျော်ရွှင်သွားစေပြီး အားလုံးက သူ့ကို နှစ်သစ်ကူး ဆုတောင်းပေးရန် မတ်တတ်ရပ်လိုက်ကြသည်။

​လီချင်းချိုးက လက်ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ပြီး သူတို့ အားလုံး အလုပ်ကိစ္စများကို ဆက်လုပ်နိုင်ကြောင်း အချက်ပြလိုက်သည်။

​လူစုကွဲသွားပြီးနောက် လီတုန်းယွဲ့က မတ်တတ်ရပ်နေသော လီချင်းချိုးကို ကြည့်ကာ….

"စီနီယာအစ်ကို... နှစ်သစ်မှာ အရာရာတိုင်း အဆင်ပြေချောမွေ့ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်..."

​လီချင်းချိုးက အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး သူမကို ဆုပြန်ပေးလိုက်သည်။

​ မသေမျိုးဂူ သို့ ပြန်ရောက်ပြီးနောက် လီချင်းချိုးက ကျောက်ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး နတ်ဘုရားစွမ်းရည်၏ အမွေအနှစ်ကို ချက်ချင်း စတင် လက်ခံလိုက်သည်။

​ယခုတစ်ကြိမ် မိစ္ဆာကြီးလော့ကို ရင်ဆိုင်ရာတွင် နတ်ဘုရားစွမ်းရည်များ၏ အခန်းကဏ္ဍက အလွန် ကြီးမားခဲ့သည်။ ရှန်းကျယ် ဓားသုံးလက်သာ မရှိပါက မိစ္ဆာကြီးလော့ကို သတ်ဖြတ်ရန် များစွာ ပိုမို ခက်ခဲလိမ့်မည် ဖြစ်ပြီး မိစ္ဆာကြီးလော့ကို ထွက်ပြေးသွားခွင့် ပေးလိုက်မိနိုင်ပေသည်။

​ထို့အပြင် တာအိုမျိုးဆက်စနစ်မှ နတ်ဘုရားစွမ်းရည် အမွေအနှစ်များက သူ့ကို တိုက်ရိုက် တတ်မြောက်နိုင်စေသည်။ ကျင့်ကြံရန် အချိန်ယူရသည့် မန္တန် အမွေအနှစ်များနှင့် မတူချေ။

​[နတ်ဘုရားစွမ်းရည် အမွေအနှစ် ဆုလာဘ်ကို တောင်းဆိုခြင်း]

[တာအိုမျိုးဆက် နတ်ဘုရားစွမ်းရည် အမွေအနှစ်ကို ဖွင့်လှစ်ခြင်း]

[သင်သည် နတ်ဘုရားစွမ်းရည်တခုဖြစ်သော ကျီးကန်းအသွင်ပြောင်းခြင်းပညာကို ရရှိပါသည်။...]

[အမွေအနှစ်ကို လက်ခံမလား...]

​ကျီးကန်းအသွင်ပြောင်းခြင်းပညာ…..

၎င်းက တိုက်ခိုက်ရေး အမျိုးအစား နတ်ဘုရားစွမ်းရည်တစ်ခုနှင့် မတူချေ။

​လီချင်းချိုးမှာ စိတ်ရှုပ်ထွေးသွားပြီးနောက် အမွေအနှစ်ကို လက်ခံရန် ရွေးချယ်လိုက်သည်။

​မြောက်ပိုင်းမှ မကောင်းဆိုးဝါးများကို နှိမ်နင်းလိုက်နိုင်ခြင်းနှင့် ဂိုဏ်းချုပ်၏ အဖွဲ့ ပြန်လည် ရောက်ရှိလာခြင်းတို့က ချင်းရှောင်ဂိုဏ်း၏ လေထုကို မြင့်တက်သွားစေခဲ့သည်။ တပည့်များက သူတို့၏ စိတ်အားထက်သန်မှုကို ပြသကြပြီး သတင်းများကို စတင် ဖြန့်ဝေကြ၏။ ခေါင်းလောင်းသံများ ဗျောက်အိုးသံများ အကြိမ်ကြိမ် ထွက်ပေါ်လာပြီး တောင်တိုင်းရှိ သိုင်းပညာစင်မြင့် များလည်း စည်ကားလာခဲ့သည်။

​သူ ပြန်ရောက်ပြီး ဒုတိယမြောက်နေ့တွင် လီချင်းချိုးက ကောင်းကင်လက်မှုပညာခန်းမသို့ လမ်းလျှောက် ထွက်လာခဲ့၏။

​ဝူရှင်းယွဲ့က အလွန်ကောင်းမွန်သော မှော်ပစ္စည်း တစ်ခုကို ဖန်တီးခဲ့ကြောင်း သူ ကြားသိရသဖြင့် လာရောက် ကြည့်ရှုရခြင်း ဖြစ်သည်။

​ကျူးယန်၊ ဝူရှင်းယွဲ့နှင့် ကောင်းကင်လက်မှုပညာခန်းမမှ အကြီးအကဲများ ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီဖြစ်ပြီး လီချင်းချိုးကို သီးခြား ခြံဝင်းတစ်ခုသို့ ခေါ်ဆောင်သွားကြသည်။

​လီချင်းချိုး ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ခြံဝင်းအတွင်းရှိ မဟော်ဂနီ လှေတစ်စင်းက လီချင်းချိုးကို ဆွဲဆောင်သွားလေသည်။

​ဝူရှင်းယွဲ့က လီချင်းချိုးကို မြင်သောအခါ သူမ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူမက သူ့ကို ချက်ချင်း အရိုအသေပေးလိုက်ပြီးနောက် မစောင့်နိုင်တော့ဘဲ မိတ်ဆက်ပေးလိုက်၏။

"ဂိုဏ်းချုပ်... ဒါက ကျွန်မ ဖန်တီးထားတဲ့ ဝိညာဉ်လှေပါ... သူက ကောင်းကင်ယံမှာ ပျံသန်းနိုင်တယ်... ဝိညာဉ်ကျောက်တုံးတွေ အလုံအလောက် ရှိမယ်ဆိုရင် တစ်နေ့ကို မိုင်သုံးထောင် ခရီးသွားဖို့ဆိုတာ ပြဿနာ မရှိပါဘူး..."

​ကျူးယန်က….

"ဒီလှေက သယံဇာတ အမျိုးမျိုးကို သယ်ယူပို့ဆောင်ရာမှာ အတော်လေး အဆင်ပြေပါတယ်..."

​လီချင်းချိုးက ၎င်းကို အသေအချာ ကြည့်ရှုပြီးနောက် ခေါင်းအနည်းငယ် ညိတ်ကာ ချီးကျူးလိုက်သည်။

"အတော်လေး ကောင်းပါတယ်... ဒီဘက်ကို ပိုပြီး စဉ်းစားလို့ရတယ်... ပျံသန်းနိုင်တဲ့ ဝိညာဉ်မျှော်စင်တစ်ခု တည်ဆောက်လို့ ရမလား... ဒါမှမဟုတ် ဝိညာဉ်မြို့တော်တစ်ခု တည်ဆောက်လို့ ရမလား... အဲဒီလိုဆိုရင် နောက်တစ်ခါ ဂိုဏ်းက ခရီးထွက်တဲ့အခါ ပိုပြီး အဆင်ပြေသွားမှာပေါ့..."

​ထိုစကားကို ကြားသောအခါ ဝူရှင်းယွဲ့ အတွေးနက်သွားတော့သည်။

All Chapters