လင်းရွှမ်ဖုန်း၏ မသေမျိုးရှာဖွေခြင်း လမ်းစဉ်
Vol. 27 Ch. 263
ကောင်းကင်လက်မှုပညာခန်းမတွင် နာရီဝက်ခန့် နေပြီးနောက် လီချင်းချိုးက အခြား ခန်းမများဆီသို့ သွားရောက်ခဲ့ပြန်သည်။
နေ့ရောညပါ သတင်းဖြန့်ချိပြီးနောက် ချန်းကျိုးရှိ လီချင်းချိုးနှင့် အခြားသူများ၏ အောင်မြင်မှုများမှာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ရာ သူ သွားလေရာရာတိုင်းတွင် တပည့်များက သူ့ကို လာရောက် ဂါရဝပြုရန် စိတ်လှုပ်ရှားစွာ ထွက်လာကြသည်။
ဤအဖြစ်နှင့်ကြုံရခြင်းမှာ လီချင်းချိုး တစ်ယောက်တည်းသာ မဟုတ်ချေ။ ရှန်ယွဲ့၊ ကျန်းကျောက်ရှား၊ ကျောက်ကျိန်း၊ လီရန်နှင့် အခြားသူများ၏ နာမည်ကျော်ကြားမှုများလည်း ပျံ့နှံ့သွားခဲ့ပြီး အထူးသဖြင့် ရှန်ယွဲ့ပင် ဖြစ်သည်။
မူလအားဖြည့်နယ်ပယ် နဝမအဆင့် ကျင့်ကြံမှုဖြင့် ဝိညာဉ်အသိအာရုံအဆင့်ရှိ မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ခြင်း
ဤသို့သော စွမ်းဆောင်ရည်က ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ရွှီနင်းသည်လည်း ဤအကြောင်းကို သိလိုက်ရသောအခါ အတော်လေး အံ့အားသင့်သွားရသည်။
ရှန်ယွဲ့၏ ဓားနတ်ဘုရားဟူသော ဘွဲ့နာမမှာ တပည့်များ၏ နှုတ်ဖျားတွင် ထပ်မံ ရေပန်းစားလာခဲ့၏။
လူအများအပြားက ရှန်ယွဲ့သည် ချင်းရှောင်ဂိုဏ်း၏ အစစ်အမှန် နံပါတ်တစ် ပါရမီရှင် ဖြစ်သည်ဟု ဆိုကြသော်လည်း သူသည် ဂိုဏ်းသို့ ဝင်ရောက်လာခြင်း နောက်ကျလွန်းသဖြင့် လူများက ဤအချက်ကို လျစ်လျူရှုမိခဲ့ကြခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း အမြန်နှုန်းတွင် ဖြစ်စေ၊ တိုက်ခိုက်ရေး စွမ်းဆောင်ရည်တွင်ဖြစ်စေ ရှန်ယွဲ့က မည်သူ့ထက်မျှ မနိမ့်ကျချေ။
ရှန်ယွဲ့၏ စွမ်းဆောင်ရည်ကြောင့် တပည့်အမြောက်အများက ဓားခန်းမသို့ ဝင်ရောက်လိုလာကြသည်။
လီချင်းချိုးက ရှန်ယွဲ့လိုလူများကို ကျေနပ်စေရန် သီးခြား ဘွဲ့နာမ တစ်ခု ဖန်တီးပေးသင့် မပေးသင့် တွေးတောနေခဲ့သည်။
၎င်းက အကြံကောင်း တစ်ခုဟု သူ ခံစားမိ၏။
ဤသည်က တပည့်များကို ဤဂုဏ်ပုဒ်အတွက် ကြိုးစား အားထုတ်လာစေရန် လှုံ့ဆော်ပေးနိုင်လိမ့်မည် ဖြစ်သည်။
တွေးတောနေရင်းနှင့် လီချင်းချိုးက ဝိညာဉ်ပစ္စည်းခန်းမ အတွင်းသို့ လျှောက်ဝင်သွားလိုက်သည်။
ဝိညာဉ်ပစ္စည်းခန်းမသည် ဂိုဏ်း၏ ဘဏ္ဍာရေး၊ ဝိညာဉ်ကျောက်တုံးများ၊ ကောင်းချီးမြေများရှိ နေရာချထားမှု စသည်တို့ကို စီမံခန့်ခွဲသည်။ ၎င်း၏ အဆင့်အတန်းမှာ အမြဲတမ်း မြင့်မားခဲ့သော်လည်း လီတုန်းယွဲ့က တပည့် အရေအတွက်ကို တိုးချဲ့ရန် အလျင်မလိုသောကြောင့် အခြား ခန်းမများလောက်တော့ မစည်ကားချေ။
"ဟူယန် အရွယ်ရောက်လာရင် သူ ဝိညာဉ်ပစ္စည်းခန်းမမှာ အလုပ်လုပ်ဖို့ ငါ စီစဉ်ပေးမယ်... ဘယ်လိုလဲ..."
လီချင်းချိုးက လီတုန်းယွဲ့၏ ကုလားထိုင်တွင် ထိုင်ရင်း အပြုံးဖြင့် မေးလိုက်တော့ ဘေးတွင် မတ်တတ်ရပ်နေသော လီတုန်းယွဲ့က အံ့သြသွားပြီး…
"သူ့လို ပါရမီရှင် တစ်ယောက်ကို ဝိညာဉ်ပစ္စည်းခန်းမမှာ ထားတာက နည်းနည်း နှမြောစရာ ကောင်းမနေဘူးလား..."
"ဘာတွေ ပြောနေတာလဲ... ဝိညာဉ်ပစ္စည်းခန်းမက အလွယ်တကူ လုပ်လို့ရတဲ့ နေရာလို့ ထင်နေတာလား... ပြီးတော့ ဝိညာဉ်ပစ္စည်းခန်းမမှာ အလုပ်လုပ်တာက တာဝန်ခန်းမကနေ တာဝန်တွေ ယူတာနဲ့မှ မဆန့်ကျင်တာ..."
ဟူယန်၏ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ ကံကြမ္မာကို စည်းကမ်းထိန်းသိမ်းရေးခန်းမ သို့မဟုတ် ဝိညာဉ်ပစ္စည်းခန်းမတွင် မထားရှိပါက နှမြောစရာ ကောင်းလှပေလိမ့်မည်။
ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက ကိုယ်ရည်ကိုယ်သွေးကို အတိအကျ မသတ်မှတ်ထားသော်လည်း ဟူယန်၏ ဖြောင့်မတ်ပြီး မကောင်းမှုကို မုန်းတီးသော စိတ်သဘာဝမှာ စတင် ပေါ်လွင်နေပြီ ဖြစ်သည်။ သူသည် အခြားသူများကိုပင် ကူညီတတ်သေး၏။
လီတုန်းယွဲ့က လီချင်းချိုးကို ကြည့်၍ တစ်ခဏမျှ စဉ်းစားပြီးနောက်….
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို... ယန်ရွှမ်နဲ့ ဟူယန်တို့ ရှိနေရင် ဝိညာဉ်ပစ္စည်းခန်းမက နောင်ကျရင် ပါရမီရှင် တပည့်တွေ ဝင်လာအောင် ဆွဲဆောင်နိုင်တော့မှာပါ..."
သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး နူးညံ့ကာ ဆွဲဆောင်မှု ရှိလှပေသည်။
ယန်ရွှမ်အကြောင်း ပြောရလျှင် ဝိညာဉ်ပစ္စည်းခန်းမရှိ ပါရမီရှင်များအားလုံးကို လီချင်းချိုးက သူမထံသို့ တမင်တကာ တွန်းပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း လီတုန်းယွဲ့ သဘောပေါက်သွားသည်။
သူမကိုယ်တိုင် အပြိုင်အဆိုင် မလုပ်သော်လည်း သူမ၏ စီနီယာအစ်ကိုက သူမကို ထောက်ပံ့ပေးနေပေသည်။
"မသိမသာနဲ့ ဆယ့်ကိုးနှစ်တောင် ကုန်လွန်သွားခဲ့ပြီ... ဆရာ ဘယ်မှာ ရှိနေမလဲဆိုတာ ကျွန်မ မသိတော့ဘူး..."
လီတုန်းယွဲ့က ရုတ်တရက် သက်ပြင်းချလိုက်ပြီး သူမ၏ လေသံတွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေသည်ယေ
ယခုမှသာ ဤသို့သော စကားမျိုးကို သူမ ပြောရဲခြင်း ဖြစ်သည်။ လင်းရွှမ်ဖုန်း ထွက်ခွာသွားပြီး ပထမနှစ်အနည်းငယ်အတွင်းက လီချင်းချိုးရှေ့တွင် ဆရာ့ကို လွမ်းဆွတ်ကြောင်း သူမ မပြသရဲခဲ့ပေ။
အကယ်၍ လီချင်းချိုးသာ ဂိုဏ်းချုပ် ရာထူးကို လွှဲပြောင်းမယူခဲ့ပါက အရပ်တစ်ပါးသို့ လှည့်လည်သွားလာနေသော မသေမျိုး တစ်ပါး၏ ဘဝကို ဖြတ်သန်းနေလောက်ပြီ ဖြစ်သည်။ အဘယ်ကြောင့် ဤမျှများပြားသော ဂိုဏ်းကိစ္စများဖြင့် ချည်နှောင်ခံထားရမည်နည်း။ အကြိမ်ကြိမ် ရှေ့တန်းမှ ဦးဆောင်၍ အန္တရာယ်များကို ရင်ဆိုင်နေရခြင်းကို ဆိုဖွယ်ရာပင် မရှိတော့ချေ။
သူမက လင်းရွှမ်ဖုန်းအကြောင်း ပြောသည်ကို ကြားသောအခါ လီချင်းချိုး၏ အပြုံး ပျောက်ကွယ်သွားလေသည်။
အမှန်တကယ်တော့ လင်းရွှမ်ဖုန်းအပေါ် လီချင်းချိုး၏ နာကျည်းချက်မှာ ထိုမျှ မနက်ရှိုင်းချေ။ လင်းရွှမ်ဖုန်း ပြန်လာမည့်အချိန်ကိုပင် သူ မျှော်လင့်နေမိသေးသည်။ ကံမကောင်းစွာဖြင့် နှစ်ပေါင်းများစွာ ကြာပြီးနောက် လင်းရွှမ်ဖုန်း၏ သတင်း အစအနမျှ မရခဲ့ပေ။
"သူသာ ကိုးပြည်ထောင်နယ်မြေမှာ ရှိနေသေးရင် ပြန်လာတာ ကြာလောက်ပြီ... သူ တကယ်ပဲ မသေမျိုးဖြစ်ဖို့ သဲလွန်စတစ်ခုခုကို ရှာတွေ့သွားပြီး အနောက်ဘက်ကို သွားခဲ့တာ ဖြစ်နိုင်တယ်..." ဟု လီချင်းချိုးက ခန့်မှန်းလိုက်သည်။
လက်ရှိတွင် အနောက်ဘက်သို့ သွားမှသာ မသေမျိုးများ၏ ခြေရာများကို ရှာဖွေရ လွယ်ကူပေမည်။
တောင်ဘက်တွင် သမုဒ္ဒရာ ရှိသဖြင့် လှေဖြင့် ဖြတ်ကူးခြင်းက သေတွင်းထဲသို့ ခုန်ဆင်းခြင်းနှင့် အတူတူပင် ဖြစ်သည်။
မြောက်ဘက်သို့ သွားခြင်းက လူသူကင်းမဲ့လွန်းလှ၏။
"အဲဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်... ဒီတစ်သက်မှာ ဆရာ့ကို ထပ်မတွေ့ရတော့ဘူးဆိုရင် အရမ်း နှမြောစရာ ကောင်းမှာပဲ..."
လီတုန်းယွဲ့က သက်ပြင်းချလိုက်ရာ လီချင်းချိုးက သူမ၏ စကားကို ကြားပြီးနောက် တွေးတောနေမိ၏။
လင်းရွှမ်ဖုန်းကို ရှာဖွေရန် တာဝန်ခန်းမတွင် ရေရှည် တာဝန်တစ်ခု တင်ထားသင့်သလား…..
အကယ်၍ လင်းရွှမ်ဖုန်းက အမှန်တကယ် ကိုးပြည်ထောင်နယ်မြေတွင် ရှိနေသေးသော်လည်း ချင်းရှောင်ဂိုဏ်းက ကျင့်ကြံရေး ပြုလုပ်နေသည်ကို ကြားသိပြီး ပြန်လာရန် ရှက်နေမည်ဆိုလျှင်ကော။
ဤအချက်ကလည်း မဖြစ်နိုင်စရာမရှိပေ။
နောက်မှ တာဝန်ခန်းမသို့ သွားပြီး ဤတာဝန်ကို တင်ရန် လီချင်းချိုး ချက်ချင်း ဆုံးဖြတ်လိုက်၏...
…………………………………..
သဲကန္တာရထဲတွင် သဲမှုန်များ လွင့်ပျံနေပြီး ပုံရိပ်နှစ်ခုက ယိုင်နဲ့နဲ့ ရှေ့သို့ ဆက်သွားနေကြသည်။
သူတို့မှာ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးနှင့် ကောင်လေး တစ်ဦးတို့ ဖြစ်ကြ၏။
သူတို့ နှစ်ဦးစလုံး၏ ဝတ်ရုံများမှာ စုတ်ပြတ်သတ်နေပြီး ကွဲအက်နေသော သူတို့၏ နှုတ်ခမ်းများအရ သူတို့နှစ်ယောက် နိဂုံးချုပ်လုနီးပါး ဖြစ်နေကြောင်း သိနိုင်သည်။
"ဆရာ... မသေမျိုး ဖြစ်ဖို့ လမ်းစဉ်က တကယ်ရော ဘယ်မှာလဲ..."
လူလတ်ပိုင်းအရွယ် အမျိုးသားကို တွဲထားသော ကောင်လေးက အားနည်းစွာ မေးလိုက်ခြင်းပင်။ သူသည် အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ် အရွယ်သာ ရှိသေးပုံရပြီး အသားအရေ မည်းနက်နေကာ မျက်လုံးများမှာလည်း အရောင်အဝါ ကင်းမဲ့နေသည်။
ဤလူလတ်ပိုင်းအရွယ် အမျိုးသားမှာ အခြားသူ မဟုတ်ဘဲ လီချင်းချိုး၏ ဆရာဖြစ်သူ လင်းရွှမ်ဖုန်းပင် ဖြစ်သည်။
လင်းရွှမ်ဖုန်း၏ အမြင်အာရုံများမှာ ဝေဝါးနေပြီ ဖြစ်ပြီး သူသည်လည်း ထိုနည်းတူစွာ အားနည်းသော အခြေအနေတွင် ရှိနေ၏။
ချင်းရှောင်တောင်မှ ထွက်ခွာလာစဉ်က စိတ်ဓာတ် တက်ကြွမှုနှင့် နှိုင်းယှဉ်ပါက သူသည် အခြား လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ယခုအခါ အောက်တန်းကျ၍ စိတ်ဓာတ်ကျနေကာ တခေါင်းလုံးဖြူဖွေးနေပြီ နောက်ဆုံး ထွက်သက်ကို မနည်း ဆွဲဆန့်ထားရရှာသည်။
"အဲဒါက... ရှေ့နားလေးတင်..."
လင်းရွှမ်ဖုန်းက မနည်း အားယူ၍ ပြန်ဖြေလိုက်သော်လည်း မျက်ခွံများမှာ ယခင်ကထက် ပိုမို လေးလံလာသည်ကို ခံစားရပြီး အိပ်ချင်စိတ်များ အပြင်းအထန် ဖြစ်ပေါ်နေ၏။
သို့သော် နှလုံးသားထဲမှ အသံတစ်ခုက ဇွဲမလျှော့ရန်နှင့် ဤနေရာတွင် မလဲကျသွားရန် အော်ဟစ်နေသည်။
အတိတ်မှ မှတ်ဉာဏ်များက မျက်လုံးရှေ့တွင် အဆက်မပြတ် ပေါ်လာ၏။ ဆရာဖြစ်သူ ချင်းရှောင်ဘိုးဘေးနှင့်အတူ သိုင်းပညာ လေ့ကျင့်ခဲ့သည့် ပုံရိပ်များ၊ သားဖြစ်သူ လင်းချွမ် သူ့ရင်ခွင်ထဲတွင် သေဆုံးသွားခဲ့သည့် ပုံရိပ်များ၊ အကြီးဆုံး တပည့် လီချင်းချိုးကို ချင်းရှောင်တောင်သို့ ကျောပိုး၍ ပြန်ခေါ်လာခဲ့သည့် ပုံရိပ်များ……
ဤပုံရိပ်များက အတိတ်ဘဝတစ်ခုမှ ဖြစ်သကဲ့သို့ ပိုပို ဝေးကွာနေချေပြီ။
"ဆရာ... ကျွန်တော်တော့... မခံနိုင်တော့ဘူး..."
သူ့ဘေးရှိ ကောင်လေးက မနည်း အားယူ၍ ပြောလိုက်ရင်းရုတ်တရက် သူ ခလုတ်တိုက်မိသွားပြီး ဆရာနှင့် တပည့် နှစ်ဦးစလုံး သဲကန္တာရထဲသို့ လဲကျသွားကြလေသည်။
လင်းရွှမ်ဖုန်း၏ မျက်နှာက ပူပြင်းလှသော သဲများထဲသို့ နစ်ဝင်သွားသည်။ ထရပ်ရန် မဆိုထားနှင့်၊ ခေါင်းမော့ရန်ပင် ခွန်အား မရှိတော့ချေ။
ထိုစဉ် အမြင်အာရုံများက အမှောင်ထုထဲသို့ ကျဆင်းသွားပြီး ယခင်က မကြုံစဖူး မောပန်းနွမ်းနယ်မှု တစ်ခုက နှလုံးသားထဲသို့ လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်လာကာ စိတ်ဆန္ဒကို အဆုံးမဲ့ ချောက်ကမ်းပါးထဲသို့ ဆွဲချသွားလေသည်။
"စီနီယာအစ်မ... သူတို့ နှစ်ယောက်က မသေမျိုး လမ်းစဉ်ကို ရှာဖို့အကြောင်း တီးတိုး ပြောနေကြတယ်... ကြည့်ရတာ အရှေ့ဘက်က လာတဲ့ မသေမျိုး လမ်းစဉ် ရှာဖွေသူတွေ ဖြစ်ပုံရတယ်..."
"စီနီယာအစ်မ... ကျွန်မတို့ သူတို့ကို တကယ်ပဲ မကူညီဘူးလား... သူတို့က အတော်လေး သနားစရာ ကောင်းတယ်..."
"သူတို့ကို ပြန်ခေါ်သွားပြီး ကြည့်ရအောင်... အဆင်မပြေဘူးဆိုရင် တောင်အောက်ကို နှင်ချလိုက်ရုံပေါ့..."
လင်းရွှမ်ဖုန်းက နူးညံ့ပြီး သာယာသော အမျိုးသမီး အသံတစ်ခုကို ဝေဝါးဝါး ကြားလိုက်ရ၏။ တုန်းယွဲ့နှင့် စစ်ကျင်တို့သာ ကြီးလာပါက ဤသို့ အသံမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ထို့နောက် အသိစိတ်မှာ ကမောက်ကမ လောကကြီးထဲသို့ လုံးဝ နစ်မြုပ်သွားတော့သည်။
အိပ်မက်ဆိုးတစ်ခုမှ နိုးလာသကဲ့သို့ လင်းရွှမ်ဖုန်းက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး အသက်ကို လုရှူလိုက်ပြီး မျက်လုံးများ ပြူးကျယ်ကာ သွေးကြောများ ယှက်နေပြီး မြင်ကွင်းထဲတွင် ခေါင်မိုးတန်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
အတန်ကြာမှသာ မှတ်ဉာဏ်များက စိတ်ထဲသို့ တဖြည်းဖြည်း ပြန်လည် ဝင်ရောက်လာပြီး စိတ်ခံစားမှုများလည်း အလိုက်သင့် တည်ငြိမ်သွား၏။
"ဆရာ…ဆရာ နောက်ဆုံးတော့ သတိရလာပြီပဲ..."
သူ့တပည့် လင်းလင်ကျိုး၏ အသံက နားထဲသို့ ဝင်ရောက်လာပြီး လေသံထဲတွင် အံ့အားသင့်မှုနှင့် ဝမ်းသာမှုများ ပြည့်နှက်နေ၏။
လင်းရွှမ်ဖုန်းက မနည်း အားယူ၍ ခေါင်းလှည့်ကြည့်လိုက်ရာ လင်းလင်ကျိုးက ရေနွေးခွက် တစ်ခွက်ကို ကိုင်ကာ လျှောက်လာသည်ကို မြင်လိုက်ရသည်။
သူ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွား၏။ လင်းလင်ကျိုး ဤမျှ သန့်ရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
လင်းလင်ကျိုးက အစိမ်းရောင် အဝတ်အစား တစ်စုံကို ဝတ်ဆင်ထားသည်။ ချမ်းသာပုံ မပေါ်သော်လည်း သူ သတိလစ်မသွားမီကထက် များစွာ ပို၍ စိတ်အားတက်ကြွနေပုံရပြီး လုံးဝ အခြား လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
စိတ်လှုပ်ရှားနေသော လင်းလင်ကျိုးက ရေခွက်ကို ကြမ်းပြင်ပေါ်တွင် ချလိုက်ပြီး စားပွဲဆီသို့ လျင်မြန်စွာ လျှောက်သွားကာ ရေတစ်ပန်းကန် လောင်းထည့်၍ ကုတင်နားသို့ ယူလာပြီး ဆရာဖြစ်သူကို စတင် တိုက်ကျွေးလိုက်သည်။
ရေက လည်ချောင်းထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် လင်းရွှမ်ဖုန်းက စူးရှသော နာကျင်မှု တစ်ခုကို ပထမဆုံး ခံစားလိုက်ရသော်လည်း အလွန် ရေငတ်နေသဖြင့် နာကျင်မှုကို အံကြိတ်ခံကာ ရေတစ်ပန်းကန်လုံးကို တစ်ကျိုက်တည်းနှင့် သောက်ချလိုက်သည်။
ဤရေတစ်ပန်းကန်ကို သောက်ပြီးနောက် လင်းရွှမ်ဖုန်းမှာ အသက်ပြန်ရှင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဤမျှ အရသာရှိသော ရေကို သူ တစ်ခါမှ မသောက်ဖူးခဲ့ချေ။ ၎င်းတွင် အရသာ မရှိသော်လည်း ခန္ဓာကိုယ် တစ်ခုလုံးကို လန်းဆန်းသွားစေ၏။
"ဒါက ဘယ်နေရာလဲ..."
"ဆရာ... ဒါက ဆရာ ရှာဖွေနေတဲ့ မသေမျိုး နယ်မြေပဲ... ဆရာ မှန်တယ်... ဒီကမ္ဘာပေါ်မှာ မသေမျိုးဖြစ်အောင် ကျင့်ကြံတဲ့လူတွေ တကယ် ရှိတယ်..."
မသေမျိုးနယ်မြေ….
လင်းရွှမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းထဲတွင် အူဝေသွား၏။
ထို့နောက် လုံးဝ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရပြီး ကုတင်ပေါ်သို့ ပျော့ခွေကျသွားကာ ခေါင်မိုးတန်းကို ငေးကြောင်စွာ စိုက်ကြည့်နေမိသည်။
ဘယ်လောက်တောင် ကြာခဲ့ပြီလဲ…
အနောက်ဘက်သို့ တစ်လျှောက်လုံး ခရီးထွက်ခဲ့ပြီး နောက်ဆုံးတွင် မသေမျိုး နယ်မြေ တစ်ခုကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
ဤအရာကို သူ အကြိမ်ပေါင်းများစွာ အိပ်မက်မက်ခဲ့သော်လည်း ယခု အချိန်ရောက်လာသောအခါ စိတ်ထဲတွင် ဗလာကျင်းနေပြီး မည်သည့် အတွေးမျှ မရှိတော့ချေ။
ဆရာဖြစ်သူ၏ ပုံစံကိုမြင်သောအခါ လင်းလင်ကျိုး အနည်းငယ် စိုးရိမ်သွားသည်။
ထို့ကြောင့် ဆရာဖြစ်သူ၏ မျက်နှာကို ကမန်းကတန်း ပုတ်လိုက်ပြီး မည်သည့် တုံ့ပြန်မှုမျှ မရသောအခါ သူ့ကို ချက်ချင်း ပါးရိုက်လိုက်သည်။
ပါးရိုက်ခံလိုက်ရသဖြင့် လင်းရွှမ်ဖုန်း၏ အိုမင်းနေသော မျက်နှာမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားပြီး ….
"ဒီခွေးကောင်လေးကတော့... မင်း ဆရာ့ကို ရိုက်ရဲတယ်ပေါ့..."
ထိုအခါ လင်းလင်ကျိုးက ကြောက်ရွံ့စွာ တုန်ယင်သွားပြီး အံ့သြနေသော လေသံဖြင့်….
"ဆရာ…ဆရာက ကျွန်တော့်ကို သေမလောက် လန့်သွားအောင် လုပ်တာပဲ... သတင်းကြားပြီး အရမ်း စိတ်လှုပ်ရှားသွားလို့ ဆရာ သေတော့မယ်လို့ ကျွန်တော် ထင်နေတာ..."
လင်းရွှမ်ဖုန်း မျက်လုံးလှန်လိုက်မိသည်။ ဤကောင်လေးက ဘယ်လိုလုပ် လီချင်းချိုးနဲ့ ဤမျှ တူနေရသနည်း။
လီချင်းချိုးကို သူ့အား သင်ခန်းစာ ပေးခိုင်းသင့်သည်။
"မင်း သိထားသမျှ အရာအားလုံး ငါ့ကို ပြောပြစမ်း..."
လင်းရွှမ်ဖုန်းက ဒေါသကို မြိုသိပ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်တော့ လင်းလင်ကျိုးက ကမန်းကတန်း ခေါင်းညိတ်၍ ….
"ဆရာ့လိုပဲ ကျွန်တော်လည်း နိုးလာတာနဲ့ ဒီအိမ်ထဲမှာ လဲလျောင်းနေတာကို တွေ့လိုက်ရတယ်... ကျွန်တော်တို့ကို ပြုစုပေးတာက သခင်မလေး ရွှန်းအာပါ... ဖန်ရွှမ်ဆိုတဲ့ နတ်သမီး တစ်ပါးက ကျွန်တော်တို့ကို ဒီကို ခေါ်လာတာလို့ ကျွန်တော့်ကို ပြောတယ်... ဒါက မိုးပြာနဂါးနယ်မြေမှာ ရှိတဲ့ ထျန်းချင်းမသေမျိုးဂိုဏ်းတဲ့... ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေ သက်သာသွားတာနဲ့ ကျွန်တော်တို့ဆီမှာ ဝိညာဉ်အမြစ် ပါရမီရှိ၊ မရှိ စစ်ဆေးဖို့ သွားလို့ရတယ်... အကယ်၍ ရှိတယ်ဆိုရင် မသေမျိုးဖြစ်အောင် ကျင့်ကြံဖို့ ကျွန်တော်တို့ နေလို့ရတယ်... မရှိဘူးဆိုရင်တော့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ နေရာတစ်ခု သူတို့ စီစဉ်ပေးနိုင်တယ်တဲ့..."
မိုးပြာနဂါးနယ်မြေ…ထျန်းချင်းမသေမျိုးဂိုဏ်း...
လင်းရွှမ်ဖုန်းက စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရသော်လည်း ဝိညာဉ်အမြစ် ပါရမီ ရှိ၊ မရှိ စစ်ဆေးရန် လိုအပ်ကြောင်း ကြားရသောအခါ သူ ထပ်မံ စိုးရိမ်သွားပြန်သည်။
အကယ်၍ သူ့တွင် ဝိညာဉ်အမြစ် ပါရမီသာ မရှိပါက ဤခရီးရှည်ကြီးကို အချည်းနှီး လာခဲ့ခြင်း ဖြစ်သွားမည် မဟုတ်လော။
မဖြစ်ဘူး….
ဘာပဲဖြစ်ဖြစ် သူသည် ကျင့်ကြံခြင်း၏ တံခါးပေါက်ကို ကျော်ဖြတ်ရမည် ဖြစ်သည်။
ထိုသို့တွေးမိသောအခါ လင်းရွှမ်ဖုန်း၏ အကြည့်များက ခိုင်မာသွား၏။ သူက တပည့်များ၏ အမည်များကို စိတ်ထဲတွင် တိတ်တဆိတ် ရွတ်ဆိုလိုက်ပြီး တပည့်များကို အတူတကွ ကျင့်ကြံရန် ပြန်သွားခေါ်ရန် တွေးနေဆဲ ဖြစ်သည်။
လင်းလင်ကျိုးတွင် စိုးရိမ်ပူပန်မှုများ ထိုမျှလောက် မရှိချေ။ သူသည် ကျင့်ကြံသူ တစ်ဦးအဖြစ် ဘဝကို စတင် ပုံဖော်နေပြီ ဖြစ်ပြီး လွန်ခဲ့သော နှစ်ရက်အတွင်း သူ မြင်တွေ့ ကြားသိခဲ့ရသမျှကို အားလုံး ပြောပြလိုက်သည်။
တောင်ပံဖြန့်အလျား ဆယ်ကျန်းကျော် ရှိသော အစိမ်းရောင် ငှက်များ၊ တိမ်ပင်လယ်ထဲတွင် လှုပ်ရှားနေသော ရေနဂါးများ၊ တောင်တန်းများကို ဖြတ်သန်းသွားလာနေသော ဧရာမ တောင်လိပ်ကြီးများ အစရှိသည်တို့ကိုလည်း လင်းလင်ကျိုး မြင်ခဲ့ရသေးသည်။
မသေမျိုးများနှင့် တူသော အမျိုးသားများက ဓားများဖြင့် ထွက်ခွာသွားသည်ကို သူ မြင်တွေ့ခဲ့ရပြီး နတ်သမီးများနှင့် တူသော အမျိုးသမီးများက တိမ်တိုက်များကို ဖြတ်သန်း ပျံသန်းနေကြသည်ကို သူ မြင်တွေ့ခဲ့ရသည်။
ဤအခန်းထဲမှ သူ ထွက်သွားနိုင်သရွေ့ နေ့စဉ်နေ့တိုင်း အံ့သြဖွယ် မြင်ကွင်းများကို သူ မြင်တွေ့နိုင်မည် ဖြစ်သည်။
ထိုဖော်ပြချက်များကို နားထောင်ရင်း လင်းရွှမ်ဖုန်းကလည်း တောင့်တမှု တစ်ခုကို ခံစားလိုက်ရ၏။
အကယ်၍ သူသာ ကျင့်ကြံခြင်း နည်းလမ်းကို ရရှိပါက ကလဲ့စားချေရန် ပြန်သွားပြီး နတ်ဆိုးဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်မည်မှာ သေချာသည်။
……………………..
နှစ်သစ်ကူး အပြီးတွင် ချင်းရှောင်ဂိုဏ်းက ချန်းကျိုးရှိ မကောင်းဆိုးဝါးများကို သတ်ဖြတ်ခဲ့သည့် သတင်းမှာ ချန်းကျိုး၊ ဝေ့ကျိုးစီရင်စု၊ ပေလျန်ကျိုးနှင့် ကျုံးထျန်းစီရင်စုတို့တွင် စတင် ပျံ့နှံ့သွားခဲ့သည်။ မိစ္ဆာကြီးလော့က တစ္ဆေမင်းဆက် တည်ထောင်လိုသည့် သတင်းကလည်း ပျံ့နှံ့သွားခဲ့ပြီး ဤမကောင်းဆိုးဝါးများ မည်မျှ ရွံရှာဖွယ်ကောင်းကြောင်းကို ကမ္ဘာလောကကြီးအား သိစေခဲ့သည်။
ဤအဖြစ်အပျက်က လူများ၏ နှလုံးသားထဲတွင် ချင်းရှောင်ဂိုဏ်း၏ အဆင့်အတန်းကို ပိုမို မြင့်မားသွားစေခဲ့သည်။ ချင်းရှောင်ဂိုဏ်းက ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို အမှန်တကယ် ကာကွယ်ပေးနေသည်ဟု သူတို့ ယုံကြည်သွားကြသည်။
အဆင့်မြင့် ကောင်းမှုကုသိုလ်များကို ခေတ္တ ဖယ်ထားလိုက်လျှင်ပင် လျူကျင်း ကမ္ဘာကြီးကို အောင်နိုင်ရန် လီချင်းချိုးက ထောက်ခံပေးခြင်းသည်ပင်လျှင် ကမ္ဘာသူ ကမ္ဘာသားများ မျှော်လင့်နေသည့်အရာ ဖြစ်သည်။
အချို့က ချင်းရှောင်ဂိုဏ်း၏ လုပ်ရပ်မှာ အနည်းငယ် နောက်ကျလွန်းသည်ဟုပင် ခံစားနေကြရသည်။
ကမ္ဘာသူ ကမ္ဘာသားများက ချင်းရှောင်ဂိုဏ်း၏ မကောင်းမှုကို အပြစ်ပေးသည့် လုပ်ရပ်အပေါ် အံ့အားသင့်နေကြစဉ် လျူကျင်း၏ ကမ္ဘာကြီးကို အောင်နိုင်သည့် အရှိန်အဟုန်မှာလည်း ပိုမို မြန်ဆန်လာခဲ့သည်။
မကောင်းမှုကို အပြစ်ပေးရန် တပည့်များကို ဦးဆောင်ခဲ့သော လီချင်းချိုး၏ လုပ်ရပ်က ကမ္ဘာသူ ကမ္ဘာသားများကို စိတ်အားတက်ကြွစေရုံသာမက ဂိုဏ်းအတွင်းရှိ တပည့်များကိုလည်း လှုံ့ဆော်ပေးနိုင်ခဲ့၏။ တပည့်များက လျူကျင်း ကမ္ဘာကြီးကို အောင်နိုင်ရန် ကူညီပေးရာတွင် တက်ကြွစွာ ပါဝင်လာကြသည်။ နန်ချူစီရင်စု စီရင်စုအစိုးရရုံးတွင် ထိုင်နေသော လျူကျင်းမှာ နေ့စဉ်နေ့တိုင်း အညံ့ခံကြောင်း အသနားခံစာများကို လက်ခံရရှိနေသဖြင့် အံ့သြမှင်တက်နေရသည်။
"ချင်းရှောင်ဂိုဏ်းရဲ့ သဘောတူညီမှုကို ရတဲ့သူက ကမ္ဘာကြီးကို အောင်နိုင်တာပဲ..."