နတ်ဘုရားစွမ်းရည်တပည့်များ၊ စစ်မှန်သောသခင်ကြီး ဆယ်ပါး
Vol. 27 Ch. 264
မတ်လအစောပိုင်း အရုဏ်တက်ချိန်တွင် ချင်းရှောင်တောင်ထိပ်ရှိ လင်းရှောင်ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။
ခန်းမအသီးသီးမှ အကြီးအကဲများက လင်းရှောင်ခြံဝင်း အတွင်းသို့ စကားစမြည် ပြောဆို ရယ်မောရင်း ဝင်ရောက်လာကြသည်။ နှစ်စကတည်းက ခန်းမတိုင်းမှ သတင်းကောင်းများ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်မဟုတ်ပေလော။
ချန်းကျိုးရှိ တိုက်ပွဲက ချင်းရှောင်ဂိုဏ်းအတွက် ကံကောင်းခြင်းများ ယူဆောင်လာပေးခဲ့ပုံရသဖြင့် လူတိုင်း အလွန် ပျော်ရွှင်နေကြသည်။
နေရာယူပြီးနောက် လီချင်းချိုး မရောက်လာမီ သူတို့ စတင် စကားပြောဖြစ်ခဲ့ကြသည်။
"ခန်းမသခသ်ကျူး... ကျွန်တော်တို့ ဓားဂိုဏ်းကို ဝိညာဉ်လှေ အနည်းငယ် တပ်ဆင်ပေးဖို့ လိုတယ်... ဒါမှ တောင်အောက်ဆင်းတဲ့အခါ ချင်းရှောင်ဂိုဏ်းရဲ့ ခမ်းနားထည်ဝါမှုကို ပိုပြီး ကောင်းကောင်း ပြသနိုင်မှာပေါ့..."
ရှန်ယွဲ့က ကျူးယန်ကို ကြည့်ကာ ပြောလိုက်ခြင်းပင်။
သူသည် ဓားဂိုဏ်း၏ ကိစ္စများတွင် ပါဝင်ပတ်သက်ရသည်ကို တစ်ခါမှ မနှစ်သက်ခဲ့သော်လည်း ယခုအခါ ကျန်းကျောက်ရှားက တံခါးပိတ် ကျင့်ကြံနေသလို ဟန်လန်ကလည်း သူ့ထံ အကူအညီ လာတောင်းနေသဖြင့် ဝင်မပါ၍ မရတော့ချေ။
သူ စကားပြောသည်နှင့် တစ်ပြိုင်နက် အခြား ခန်းမသခင်များကလည်း လိုက်ပါလာပြီး ကျူးယန်ထံ တောင်းဆိုမှုများ ပြုလုပ်ကြလေသည်။
ဝိညာဉ်လှကို ပျံသန်းမှု စမ်းသပ်ပြီး ဖြစ်ကာ ကောင်းကင်လက်မှုပညာခန်းမမှ တပည့်များက ဝိညာဉ်လှေကို စီး၍ ထိုက်ခွန်းတောင်တန်း တစ်ဝိုက် ပျံသန်းပြသောအခါ တပည့်များ အားလုံး စိတ်လှုပ်ရှားခဲ့ကြရသည်။
ပျံသန်းခြင်းနှင့် ဓားပျံစီးနင်းခြင်း နှစ်ခုစလုံးမှာ ပျံသန်းခြင်း သက်သက်သာ ဖြစ်သော်လည်း ဝိညာဉ်လှေ၏ မြင်ကွင်းအကျိုးသက်ရောက်မှုမှာ လုံးဝ ကွဲပြားခြားနားပြီး လူများစွာကိုလည်း တင်ဆောင်နိုင်သည်။
ဝိညာဉ်လှေကို စတင် မိတ်ဆက်လိုက်ခြင်းက နှစ်သစ်၏ စိတ်လှုပ်ရှားမှုများကို ပိုမို တောက်လောင်သွားစေခဲ့၏။ ထို့နောက် ကျင့်ကြံရေးခန်းမက တစ္ဆေများနှင့် မကောင်းဆိုးဝါးများကို တိုက်ခိုက်ရာတွင် အံ့ဖွယ် အာနိသင်များ ရှိသည့် ဆေးလုံးများနှင့် အဆောင်များ အပါအဝင် ဆေးလုံးများနှင့် အဆောင်များကို စတင် ထုတ်လုပ်လိုက်ရာ တပည့်များကို ပိုမို စိတ်အားတက်ကြွသွားစေခဲ့သည်။
နားလည်နိုင်စွမ်း အားနည်းလျှင်ပင် ဆေးလုံးများနှင့် အဆောင်များကို အသုံးပြု၍ တိုက်ခိုက်နိုင်သေးရာ ၎င်းက တပည့်များကို ဟွမ်ယွမ်ကျမ်းစာ ကျင့်ကြံခြင်းကိုသာ အပြည့်အဝ အာရုံစိုက်နိုင်စေသည်။
ခန်းမသခင်များ၏ တောင်းဆိုမှုများကို ရင်ဆိုင်ရချိန်တွင် ကျူးယန်က…..
"ဝိညာဉ်လှေတွေ ထုတ်လုပ်ဖို့ အခြေအနေတွေက နည်းနည်း ခက်ခဲတယ်... ကျွန်မတို့ရဲ့ အစီအစဉ်က နှစ်မကုန်ခင် ခန်းမတစ်ခုစီအတွက် ဝိညာဉ်လှေ သုံးစင်း ပြင်ဆင်ပေးဖို့နဲ့ နောက်ထပ် ဝိညာဉ်လှေ ဆယ်စင်း ရောင်းချဖို့ပဲ... ဒါက မှော်ပစ္စည်း အရေအတွက် တစ်ခုကို တပည့်တွေရဲ့ လက်ထဲ ရောက်အောင် လုပ်ရမယ်ဆိုတဲ့ ဂိုဏ်းချုပ်ရဲ့ လိုအပ်ချက်ပဲ..."
ဂိုဏ်းချုပ်က စည်းမျဉ်းများ သတ်မှတ်ထားပြီး ဖြစ်ကြောင်း ကြားရသောအခါ လူအုပ်ကြီးမှာ သဘာဝကျကျပင် စကားများများစားစား မပြောတော့ချေ။ သူတို့က ကောင်းကင်လက်မှုပညာခန်းမမှ တပည့်များ၏ အကြံဉာဏ်ကောင်းများကိုသာ ချီးကျူးနိုင်တော့ပြီး ၎င်းက ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။
ခဏကြာသော်….
လီချင်းချိုးက နောက်ဘက်တောင်မှ ခြံဝင်းအတွင်းသို့ အေးအေးလူလူ လမ်းလျှောက်ဝင်လာ၏။ သူ ရောက်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် လူတိုင်းက ချက်ချင်း မတ်တတ်ရပ်၍ အရိုအသေပေးလိုက်ကြသည်။
အဆင့်မြင့် အကြီးအကဲများအားလုံး စိတ်ခံစားချက် ကောင်းမွန်နေရုံသာမက လီချင်းချိုး ကိုယ်တိုင်လည်း စိတ်ခံစားချက် ကောင်းမွန်နေသည်။ အကြောင်းမှာ ယနေ့တွင် အခြား ထူးချွန်သော တပည့်သစ် တစ်ဦး ဂိုဏ်းသို့ ဝင်ရောက်လာသောကြောင့်ပင်။
ထိုင်ပြီးနောက် လီချင်းချိုးက လက်နှစ်ဖက်ကို စားပွဲပေါ်တွင် တင်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ….
"ဒီနေ့ကစပြီး အတွင်းစည်းတပည့်တွေအထက်မှာ အဆင့်သစ် တစ်ခု သတ်မှတ်မယ်... နတ်ဘုရားစွမ်းရည်တပည့်လို့ ခေါ်မယ်... သူတို့ရဲ့ လစဉ် ရရှိမယ့် အရင်းအမြစ်တွေ နှစ်ဆတိုးပေးမယ့်အပြင် အချို့သော အထူး အခွင့်အရေးတွေကိုလည်း ရရှိလိမ့်မယ်... နတ်ဘုရားစွမ်းရည် တတ်မြောက်ထားတဲ့ အတွင်းစည်းတပည့်တွေသာ နတ်ဘုရားစွမ်းရည်တပည့် အဖြစ် ရာထူးတိုးမြှင့်ခံရနိုင်တယ်..."
ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
သူတို့တွေ နတ်ဘုရားစွမ်းရည်များကို ကြိုတင် မျှော်လင့်နေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
လက်ရှိတွင် ချင်းရှောင်ဂိုဏ်းက မဟာနတ်ဘုရားစွမ်းရည် ခြောက်ခုကို ပိုင်ဆိုင်ထားသည်။ကျီဟွမ်ဓမ္မပုံရိပ် နတ်ဘုရားစွမ်းရည်၊ စစ်မှန်နေမင်း သိုင်းပညာ၊ အစွန်းရောက်ရွေ့လျားမှုပညာ၊ တောင်ရွှေ့နတ်ဘုရားဖိနှိပ်ခြင်း၊ ရှန်းကျယ် ဓားသုံးလက် နှင့် ကျီးကန်းအသွင်ပြောင်းခြင်းပညာတို့ ဖြစ်သည်။ တာအိုကံကြမ္မာအမှတ်အရ ကြည့်လျှင် တစ်ခုစီတိုင်းမှာ အလွန် ဈေးကြီးသဖြင့် တပည့်များအတွက် လက်လှမ်းမမီနိုင်အောင် ဖြစ်နေသည်။
လီချင်းချိုး ဤမျှ ဈေးနှုန်းမြင့်မားစွာ သတ်မှတ်ရခြင်း၏ အကြောင်းရင်းမှာ သူ့တပည့်များ ကျင့်ကြံခြင်းကို မနှောင့်နှေးစေလိုသောကြောင့် ဖြစ်သည်။
နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံရန် ခက်ခဲရုံသာမက မူလချီ အမြောက်အမြားကိုလည်း ကုန်ဆုံးစေသည်။ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်အောက်ရှိ တပည့်များ နတ်ဘုရားစွမ်းရည်များကို အသုံးပြုသောအခါ ပြောင်းပြန် အကျိုးသက်ရောက်မှု ဖြစ်စေရန် လွယ်ကူသည်။
ကျောက်ကျိန်းမှလွဲ၍ ထိုနေရာတွင် ရှိနေသော အဆင့်မြင့် အရာရှိများအနက် မည်သူမျှ နတ်ဘုရားစွမ်းရည်များကို မတတ်မြောက်ထားကြဘဲ နတ်ဘုရားစွမ်းရည်တပည့် တစ်ဦး ဖြစ်လာရန် သတ်မှတ်ချက်မှာ အလွန် မြင့်မားလွန်းသည်ဟု သူတို့ ခံစားကြရသည်။
"ဂိုဏ်းချုပ်... နတ်ဘုရားစွမ်းရည်တပည့် ဖြစ်လာဖို့ နတ်ဘုရားစွမ်းရည်တွေကို တတ်မြောက်ထားရမယ်ဆိုတာက အရမ်း ကြမ်းတမ်းလွန်းတယ်... နတ်ဘုရားစွမ်းရည်တွေကို ကျင့်ကြံနေတဲ့ အတွင်းစည်းတပည့်တွေက နတ်ဘုရားစွမ်းရည်တပည့်တွေ ဖြစ်လာနိုင်တယ်လို့ ပြောင်းလိုက်ရင်ကော ဘယ်လိုလဲ..." ဟု ကျန်းယွီချွန်းက အကြံပြုလိုက်တော့ ဤအကြံပြုချက်ကို လူများစွာက သဘောတူခဲ့ကြသည်။
ချူကျင်းက…..
"ကျွန်တော်တို့ရဲ့ တပည့်တွေ လောလောဆယ် နတ်ဘုရားစွမ်းရည်တပည့်တွေ ဖြစ်လာဖို့ မလိုပါဘူး... အဲဒီအစား သူတို့ကို ကျင့်ကြံဖို့ ရည်မှန်းချက် တစ်ခု ရှိစေချင်တာပါ... နတ်ဘုရားစွမ်းရည်တပည့်တွေနဲ့ အတွင်းစည်းတပည့်တွေကြားမှာ အစစ်အမှန် ကွာခြားချက် မရှိဘူးဆိုရင် နတ်ဘုရားစွမ်းရည်တပည့်တွေအဖြစ် သတ်မှတ်ရတာ အဓိပ္ပာယ် မရှိတော့ဘူးပေါ့..."
ရှန်ယွဲ့နှင့် ရွှယ်ကျင်းတို့က ထိုစကားကို သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့တွေ နတ်ဘုရားစွမ်းရည်များကို မတတ်မြောက်သေးသော်လည်း တတ်မြောက်မည်ဟု ယုံကြည်ချက် ရှိကြသည်။
လီချင်းချိုးက……
"မှန်တယ်... နတ်ဘုရားစွမ်းရည်တပည့်တွေရဲ့ ခံစားခွင့်တွေကို သိသိသာသာ တိုးမြှင့်ပေးရုံသာမက သူတို့ရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်ပေးမယ်... အဲဒါကို နောက်မှ ဆွေးနွေးကြမယ်... ငါ့ရဲ့ မျှော်လင့်ချက်က နတ်ဘုရားစွမ်းရည်တပည့်တိုင်း ဂိုဏ်းရဲ့ ယုံကြည်စိတ်ချရတဲ့ မဏ္ဍိုင်ကြီး တစ်ခု ဖြစ်လာစေဖို့ပဲ... သူ ပေါ်လာတာနဲ့ တစ်ပြိုင်နက် အခြား တပည့်တွေက ယုံကြည်မှု တက်လာရမယ်..."
ဤဖော်ပြချက်ကြောင့် နတ်ဘုရားစွမ်းရည်တပည့်မှာ အလွန် ထူးခြားပြီး ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့၏ တပည့်အဆင့်များနှင့် လုံးဝ နှိုင်းယှဉ်နိုင်ကြောင်း လူတိုင်း ခံစားလိုက်ရသည်။
"အဲဒါအပြင် ဂိုဏ်းက ဆယ်နှစ်အတွင်းမှာ ချင်းရှောင်ဂိုဏ်းရဲ့ စစ်မှန်သောသခင်ကြီး ဆယ်ပါး ကို ရွေးချယ်မယ်... စစ်မှန်သောသခင်ကြီးတွေက ခန်းမသခင်တွေနဲ့ အဆင့်အတန်း အတူတူပဲ... ငါ့ အမိန့်မရှိဘဲ စည်းကမ်းထိန်းသိမ်းရေးခန်းမနဲ့ ဓားဂိုဏ်းက သူတို့ကို ကြီးကြပ်လို့ မရဘူး... စစ်မှန်သောသခင်ကြီး ဆယ်ပါးဟာ ဂိုဏ်းထဲမှာ အစွမ်းအထက်ဆုံးနဲ့ ပံ့ပိုးမှု အများဆုံး ပေးတဲ့ လူဆယ်ယောက် ဖြစ်ရမယ်... အရေအတွက်က တိုးလာမှာ မဟုတ်ဘူး ပြောင်းလဲလို့ရတယ်... အရည်အချင်းရှိပြီး ကိုယ်ကျင့်တရား ကောင်းမွန်သူတွေကိုပဲ ရွေးချယ်မယ်..."
လီချင်းချိုး၏ စကားများက ဗုံးတစ်လုံး ကျသွားသကဲ့သို့ ဖြစ်သွားပြီး လူတိုင်းကို ဖြူလျော်သွားစေသည်။
ရွှီနင်း၊ ရှန်ယွဲ့၊ ရွှယ်ကျင်း၊ ယန်တောက်ကျုံး၊ ချိုင်ယွင်ရှန်း၊ လီစစ်ဖုန်း နှင့် စွမ်းအားကို ရည်မှန်းချက်ကြီးစွာ လိုလားသူတိုင်း အသက်ရှူ မြန်လာကြသည်။
စစ်မှန်သောသခင်ကြီး ဆယ်ပါး….
ဒါက အရမ်းကို အထင်ကြီးစရာ ကောင်းလိုက်တာ…..
ဤတစ်ကြိမ်တွင် မည်သူမျှ မေးခွန်းမထုတ်တော့ဘဲ မျှော်လင့်ချက်နှင့် တောင့်တမှုများသာ ရှိနေလေတော့သည်။
"ခန်းမသခင်တွေကရော စစ်မှန်သောသခင်ကြီး ရာထူးအတွက် ကြိုးစားခွင့် ရှိလား..."ဟု လီစစ်ဖုန်းက မေးလိုက်သည်။
"ရှိတယ်..."
”စစ်မှန်သောသခင်ကြီး ဆယ်ပါးကို ဘယ်သူက ရွေးချယ်မှာလဲ…”
"ငါပဲ ဖြစ်မှာပေါ့... ဒါပေမဲ့ ရွေးချယ်ပြီးရင် ဂိုဏ်းတစ်ခုလုံးက အမည်မဖော်ပြဘဲ မဲပေးရမယ်... အကယ်၍ လူတစ်ဝက်ထက် ပိုပြီး ကန့်ကွက်ရင် စစ်မှန်သောသခင်ကြီး ရာထူးကို ပြန်ရုပ်သိမ်းမယ်..."
ဤရွေးချယ်မှု နည်းလမ်းကို လူတိုင်းက သဘောတူကြ၏။ လီချင်းချိုး၏ စရိုက်လက္ခဏာကို သူတို့ ယုံကြည်သော်လည်း လူထုကို ပိုမို လက်ခံယုံကြည်စေမည့် စည်းမျဉ်းများ သတ်မှတ်ခြင်းက ကောင်းမွန်သောအရာ ဖြစ်သည်။ အကယ်၍ နောင်တစ်ချိန်တွင် လီချင်းချိုး ရာထူးမှ ဆင်းသွားလျှင်ရော….
ထာဝရ ဂိုဏ်းချုပ်ဆိုသည်မှာ မရှိချေ။ ဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်များအနေဖြင့် အနာဂတ်အတွက် စဉ်းစားရမည် ဖြစ်သည်။
ထိုအဖွဲ့သည် ဂိုဏ်းအတွင်း အစွမ်းအထက်ဆုံး အဖွဲ့ဝင်ဆယ်ဦး ဖြစ်သော စစ်မှန်သောသခင်ကြီး ဆယ်ပါး အကြောင်းကို စတင် ဆွေးနွေးကြလေတော့သည်။
လက်ရှိတွင် ရွှီနင်း၊ ကျန်းကျောက်ရှား၊ ရှန်ယွဲ့နှင့် ကျောက်ကျိန်းတို့သာ အတော်လေး တည်ငြိမ်မှု ရှိပုံရသည်။ သို့သော်လည်း ဆယ်နှစ် လိုသေးပြီး အရာများစွာ ပြောင်းလဲသွားနိုင်သည်။ မျိုးဆက်သစ် ကြယ်ပွင့်လေးများက ကြီးမားသော အလားအလာများကို ပြသနေကြပြီး ၎င်းက သူတို့ကို မျှော်လင့်ချက်များ ပြည့်နှက်သွားစေ၏။
နာရီဝက်ခန့် အကြာတွင် အစည်းအဝေး ပြီးဆုံးသွားသည်။
ထိုနေ့တွင် အတွေ့အကြုံရှာဖွေရေးခန်းမ က တောင်ထွတ်တိုင်းနှင့် ပင်မခြံဝင်းတိုင်းသို့ သွားရောက်၍ ချင်းရှောင်ဂိုဏ်း၏ စစ်မှန်သောသခင်ကြီး ဆယ်ပါးနှင့် နတ်ဘုရားစွမ်းရည်တပည့်များအတွက် သက်ဆိုင်ရာ အခြေအနေများကို ရှင်းပြသော ကြေညာချက်များကို ကပ်ထားလိုက်ကြသည်။
၎င်းက ချင်းရှောင်ဂိုဏ်း တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ဂိုဏ်းက ဤမျှ ကြီးမားသော လှုပ်ရှားမှု တစ်ခု ပြုလုပ်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ချေ။ သူတို့ အားလုံးမှာ စစ်မှန်သောသခင်ကြီး ဆယ်ပါး ဟူသော အမည်ကြောင့် ဆွဲဆောင်ခံလိုက်ရ၏။
ဤဘွဲ့နာမမှာ အလွန် အထင်ကြီးစရာ ကောင်းလှသဖြင့် လူငယ် တပည့်များ၏ သွေးများကို ဆူပွက်လာစေသည်။
ဓားဂိုဏ်း၌……
အထီးကျန်ဓား ခြံဝင်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ဆယ်နှစ်အကြာတွင် စစ်မှန်သောသခင်ကြီး ဆယ်ပါး ဝင်နိုင်မည်ဟု ယုံကြည်မှု ရှိ၊ မရှိ မေးမြန်းနေသော ဓားဂိုဏ်း တပည့်အများအပြား၏ ဝိုင်းရံမှုကို ခံလိုက်ရရှာသည်။
အထီးကျန်ဓားမှာ တစ်ခဏမျှ မှင်တက်သွားပြီးနောက် စစ်မှန်သောသခင်ကြီး ဆယ်ပါး ဆိုသည်မှာ အဘယ်နည်းဟု အံ့သြစွာ မေးလိုက်သည်။
တပည့်များက ရှင်းပြသည်ကိုနားထောင်ပြီးနောက် သူ့မျက်လုံးများ အရောင်လက်သွားပြီး တိုက်ခိုက်လိုစိတ်များ တောက်လောင်လာတော့သည်။
"ငါက သေချာပေါက် စစ်မှန်သောသခင်ကြီး ဆယ်ပါးထဲက တစ်ယောက် ဖြစ်လာစေရမယ်..."
အထီးကျန်ဓားက ရဲဝံ့စွာ ပြောဆိုလိုက်ပြီး ဆယ်နှစ် အချိန်ရသေးသဖြင့် အမီလိုက်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။
သူ့ စကားများက တပည့်များကြား နှုတ်မှတစ်ဆင့် ဂိုဏ်းတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
အတွေ့အကြုံရှာဖွေရေးခန်းမမှ ယန်တုန်း၊ ကောင်းကင်လက်မှုပညာခန်းမမှ ကျူးရွှမ်ယန်၊ စည်းကမ်းထိန်းသိမ်းရေးခန်းမမှ လုချင်းနှင့် ကူးချန်ဖိန်၊ ကျင့်ကြံရေးခန်းမမှ ယန်ချန်ယွီ၊ ဝိညာဉ်ပစ္စည်းခန်းမမှ ယန်ရွှမ် နှင့် အခြား နာမည်ကျော် ပါရမီရှင် တပည့်များက သူတို့၏ ထင်မြင်ချက်များကို အော်ဟစ် ပြောဆိုလိုက်ကြပြီး ခန်းမများကြား ယှဉ်ပြိုင်မှုများ ချက်ချင်း စတင်သွားကာ ဂိုဏ်းတစ်ခုလုံးကို ယခင်က မကြုံစဖူး စည်ကားသိုက်မြိုက်သော လေထုထဲသို့ တွန်းပို့လိုက်တော့သည်။
ရက်အနည်းငယ် အကြာတွင် ရှောင်ဝူတိ နှင့် ရှောင်ဝူမင်တို့ တာဝန်မှ ပြန်လည် ရောက်ရှိလာကြပြီး ဤအကြောင်းကို သိရသောအခါ သူတို့မှာလည်း ထိုနည်းတူစွာ စိတ်လှုပ်ရှားသွားကြပြီး တံခါးပိတ် ကျင့်ကြံခြင်းကို ချက်ချင်း စတင်လိုက်ကြသည်။
စစ်မှန်သောသခင်ကြီး ဆယ်ပါးမှာ အထူးချွန်ဆုံးသော ပါရမီရှင်များသာ ယှဉ်ပြိုင်နိုင်သည့် နေရာများ ဖြစ်လာရန် ဖန်တီးထားခြင်း ဖြစ်သည်။ ဤလှိုင်းလုံးကြီး လျော့ကျသွားသောအခါ တပည့်များက နတ်ဘုရားစွမ်းရည်တပည့်များကို စတင် အာရုံစိုက်လာကြသည်။
နတ်ဘုရားစွမ်းရည်များ၏ ဈေးနှုန်းက အလွန် မြင့်မားလွန်းသည်။ နတ်ဘုရားစွမ်းရည်တပည့် တစ်ယောက် ဖြစ်ချင်လျှင် ဂိုဏ်းတာဝန်များစွာကို ထမ်းဆောင်ပြီး တာအိုကံကြမ္မာအမှတ်များကို စုဆောင်းရမည် မဟုတ်လော။
မကြာမီ တပည့်များက နတ်ဘုရားစွမ်းရည်များ ရရှိနိုင်မည့် အခြား နည်းလမ်းများကို သူတို့၏ဆရာ၊ မိသားစုများကို စတင် မေးမြန်းလာကြသည်။
ကျင့်ကြံရေးခန်းမကလည်း စူးစမ်းရှာဖွေရေး တာဝန်များကို ပိုမို စတင် ထုတ်ပြန်လာသည်။ မည်သို့ပင်ဆိုစေကာမူ ကိုးပြည်ထောင်နယ်မြေတွင် ချင်းရှောင်ဂိုဏ်းကို ခြိမ်းခြောက်နိုင်သည့် အင်အားစု မရှိတော့ရာ တာအို အခွင့်အရေးများ ပိုမို ဖြန့်ဝေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ စူးစမ်းရှာဖွေရေး တာဝန်များကို စတင်ခြင်းပင် ဖြစ်သည်။
…….
နွေဦး ကုန်လွန်ပြီး နွေရာသီ ရောက်ရှိလာခဲ့ပြန်ပြီ……
ကိုးပြည်ထောင်နယ်မြေ၏ တောင်ပိုင်းမှာ ယခုအခါ ငြိမ်းချမ်းသွားပြီ ဖြစ်ပြီး ဒေသအားလုံး တဖန် ပြန်လည် ဖွံ့ဖြိုးတိုးတက်လာကာ ကြီးပွားတိုးတက်သော မြင်ကွင်းကို ပြသနေသည်။
နန်ချူစီရင်စုရှိ တောင်ပေါ် သစ်တောတစ်ခုထဲတွင် တာအိုဘုန်းကြီး နှစ်ပါးက စမ်းချောင်းလေးဘေး၌ အနားယူနေကြပြီး သူတို့က တူညီသော တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ တစ်ပါးမှာ အသက် သုံးဆယ်အရွယ်ခန့် ရှိပြီး အခြားတစ်ပါးမှာ အသက် ဆယ်နှစ်ခန့်သာ ရှိသေးပုံရသည်။
သူတို့သည် ဖုန်းရှားတောင်မှ လာကြခြင်း ဖြစ်သည်။ အသက်ကြီးသူမှာ ပိုင်ယန်လူကြီးမင်းဟု အမည်ရပြီး ငယ်ရွယ်သူမှာ ပိုင်ယွီထျန်းပင် ဖြစ်သည်။
ပိုင်ယွီထျန်းသည် ယခုနှစ်မှ အသက် ဆယ့်တစ်နှစ်သာ ရှိသေးသော်လည်း မျက်လုံးများမှာ ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေသည်။ သူသည် ငယ်ရွယ်သော်လည်း တည်ငြိမ်သော စရိုက်လက္ခဏာကို ပြသနေပြီး လက်ရှိ အသက်အရွယ်၊ ရုပ်ရည်သွင်ပြင်တို့နှင့် လုံးဝ ကိုက်ညီမှု မရှိချေ။
"ဆရာ... ဖုန်းရှားတောင်ရဲ့ မျိုးဆက်က လောကမှာ အမှန်ကန်ဆုံးနဲ့ သမိုင်းဝင် အရင်းအမြစ် အများဆုံး ရှိတယ်လို့ ဆရာ ပြောခဲ့တယ် မဟုတ်လား... ဆရာက ကျွန်တော့်ကို မသေမျိုးလမ်းစဉ် ရှာဖွေဖို့ ချင်းရှောင်ဂိုဏ်းကို ဘာလို့ ခေါ်လာတာလဲ..."
ပိုင်ယွီထျန်းက ပိုင်ယန်လူကြီးမင်းကို ကြည့်ကာ မေးလိုက်ခြင်းပင်ယ
သူတို့က လင်းရွှမ်ဖုန်းနှင့် လင်းလင်ကျိုးတို့ကဲ့သို့ပင် မသေမျိုးလမ်းစဉ်ကို အတူတကွ ရှာဖွေရန် ခရီးထွက်လာသော ဆရာနှင့် တပည့်တို့ ဖြစ်ကြ၏။
ကွာခြားချက်မှာ မှော်ပညာရပ်များ ဘယ်မှာ ရှိသည်ကို သူတို့ သိနေခြင်းပင် ဖြစ်သည်။
ပိုင်ယန်လူကြီးမင်း မျက်လုံးများကို ဖွင့်လိုက်တော့ သူ့မျက်ခုံးများနှင့် မျက်လုံးများတွင် ခမ်းနားထည်ဝါမှုများ ပြည့်နှက်နေ၏။ အကြည့်များက ကမ္ဘာပေါ်ရှိ လူများ၏ နှလုံးသားကို ထိုးထွင်းမြင်နိုင်ပုံရသည်။
"ဖုန်းရှားတောင်ရဲ့ လောကကြီးက ကိုးပြည်ထောင်နယ်မြေ ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းရဲ့ မျိုးဆက်ကတော့ ပိုမို ကျယ်ပြန့်တဲ့ လောကကြီးကနေ ဆင်းသက်လာတာ..."
"အကယ်၍ ကျွန်တော် ချင်းရှောင်ဂိုဏ်းမှာ မသေမျိုး မှော်ပညာရပ်တွေကို သင်ယူခဲ့ရင် နောင်ကျရင် ဖုန်းရှားတောင်ကို ပြန်သွားလို့ ရမလား..."
"သေချာတာပေါ့... ဒါပေမဲ့ မင်းက ချင်းရှောင်ဂိုဏ်းရဲ့ အမွေအနှစ်ကို ဖုန်းရှားတောင်ဆီ ယူသွားလို့ မရဘူး... မင်းရဲ့ နားလည်မှုကို ဖုန်းရှားတောင်ရဲ့ တာအိုနည်းလမ်းတွေနဲ့ ပေါင်းစပ်ပြီး အသစ်တစ်ခုခု ဖန်တီးပြီး ဖုန်းရှားတောင်အတွက် အကျိုးရှိအောင် လုပ်ပေးလို့ပဲ ရမယ်..."
ဆရာဖြစ်သူ၏ အဖြေကြောင့် ပိုင်ယွီထျန်း မျက်မှောင်ကြုတ်သွားသည်။
"ကျွန်တော်က ဖုန်းရှားတောင်က လာတာဆိုတော့ ချင်းရှောင်ဂိုဏ်းက ကျွန်တော့်ကို လက်ခံပါ့မလား..."
"လက်ခံပါတယ်... ချင်းရှောင်ဂိုဏ်းရဲ့ ခန်းမသခင်ကျန်းနဲ့ ငါ စကားပြောပြီးပြီ... သူက ငါတို့ကို ဝင်ရောက်ဖို့ ဖိတ်ခေါ်ထားတယ်... ဒါပေမဲ့ ငါတို့ ထွက်သွားတာနဲ့ လာမယ့် အနှစ်နှစ်ဆယ်အတွင်း မင်းက ဖုန်းရှားတောင်ကို ပြန်ချင်တဲ့ အချိန်တိုင်း ပြန်သွားလို့ မရတော့ဘူး..."
ပိုင်ယန်လူကြီးမင်းက စကားပြောပြီးနောက် အထက်ရှိ သစ်ပင်များကြားကနေ နေရောင်ကို မော့ကြည့်ကာ အချိန်ကို တွက်ချက်လိုက်ပြီးနောက် မတ်တတ်ရပ်လိုက်သည်။
"သွားရအောင်... ဆက်သွားကြစို့... မိုးမချုပ်ခင် မြို့ကို ရောက်အောင် ကြိုးစားရမယ်..."
ဆရာဖြစ်သူ၏ စကားကို ကြားသောအခါ ပိုင်ယွီထျန်းလည်း ငေးမောမှုမှ သတိဝင်လာပြီး ထရပ်လိုက်သည်။
"ဆရာ... ချင်းရှောင်ဂိုဏ်းက အခု ကမ္ဘာပေါ်မှာ နံပါတ်တစ် ဂိုဏ်း ဖြစ်နေပြီလို့ ကျွန်တော် ကြားတယ်... အဲဒါ အမှန်ပဲလား..."
"ဂုဏ်သိက္ခာ အရပဲဖြစ်ဖြစ်၊ အခြေခံအုတ်မြစ် အရပဲဖြစ်ဖြစ်၊ လောကမှာ အမှန်တကယ် နံပါတ်တစ်ပဲ..."
"ချင်းရှောင်ဂိုဏ်းရဲ့ဂိုဏ်းချုပ် လီချင်းချိုးက တကယ်ပဲ မသေမျိုး တစ်ပါး ဝင်စားတာလား..."
"အဲဒါတော့ ငါမသိဘူး... မင်းဘာသာ နောက်မှ လေ့လာရလိမ့်မယ်..."
"ဆရာ.."
"မင်း ဘာလို့ မေးခွန်းတွေ အများကြီး မေးနေရတာလဲ... တောင်ပေါ်မှာတုန်းက မင်း ဒီလို မဟုတ်ပါဘူး..."
"ရိုးရိုးသားသား ပြောရရင် ချင်းရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လီချင်းချိုးကို ကျွန်တော် အမြဲတမ်း စပ်စုချင်နေခဲ့တာ..."
"ဒီကောင်လေးကတော့လေ... မင်းရဲ့ ဂိုဏ်းချုပ်ကြီးသာ သိရင် အရမ်း ဒေါသထွက်မှာပဲ..."
ဆရာနှင့် တပည့်တို့က လမ်းလျှောက်ရင်း စကားပြောနေကြပြီးသူတို့၏ နောက်ကွယ်ရှိ သစ်ပင်ကြီး တစ်ပင်ပေါ်တွင် အနက်ရောင် လက်တစ်ဖက် ပေါ်လာသည်ကို သူတို့ သတိမထားမိကြချေ။
အနီရောင် အမွေးအနည်းငယ်ဖြင့် ဖုံးလွှမ်းထားသော ဤအနက်ရောင် လက်သည် သစ်ပင်စည်ပေါ်တွင် ခေတ္တ ရပ်တန့်သွားပြီးနောက် ရှေ့သို့ ခုန်ဆင်းကာ ၎င်း၏ ရှေ့ရှိ လူနှစ်ဦးထံသို့ တည်ငြိမ်စွာ ချဉ်းကပ်သွားသည်။
"ချင်းရှောင်ဂိုဏ်းလား... သွားကြည့်ဖို့ အချိန်ကောင်းပဲ... အဲဒီမှာ မိစ္ဆာကြီးလော့ကို ကျော်ဖြတ်နိုင်မယ့် အခွင့်အရေးကို ငါ ရှာတွေ့ကောင်း ရှာတွေ့နိုင်တယ်..."
အနက်ရောင် လက်က ရပ်တန့်သွားပြီး အမျိုးသား၊ အမျိုးသမီးဟု ခွဲခြား၍ မရနိုင်သော သဲ့သဲ့မျှသော လူသားအသံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။