← Chapters

မွေးရာပါ ဝိညာဉ်အမြစ်

Vol. 27 Ch. 265

မွေးရာပါ ဝိညာဉ်အမြစ်

Vol. 27 Ch. 265

ဇွန်လအစောပိုင်းတွင် ကျောက်ကျိန်းက ဂိုဏ်း၏ ပထမဆုံးသော နတ်ဘုရားစွမ်းရည်တပည့် ဖြစ်လာကြောင်း ချင်းရှောင်ဂိုဏ်းက လူသိရှင်ကြား ကြေညာလိုက်လေသည်။ ကျန်းကျောက်ရှားမှာမူ ဓားဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်နေသဖြင့် တပည့်အဖြစ် ထည့်သွင်းစဉ်းစားခြင်း မရှိပေ။

​တပည့်များမှာ ဤကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ကြသဖြင့် အထူးတလည် အံ့အားသင့်ခြင်း မရှိကြသော်လည်း နတ်ဘုရားစွမ်းရည်တပည့်၏ အထူးအခွင့်အရေးများက အဘယ်နည်းဟု စတင် စူးစမ်းလာကြသည်။

​ရှောင်ညီနောင်သုံးဖော်နှင့် ယွင်ချိုင်တို့မှာလည်း နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံလိုသဖြင့် လီချင်းချိုးထံ သွားရောက်ခဲ့ကြသော်လည်း လီချင်းချိုးက ငြင်းပယ်ခဲ့သည်။

​"ဝိညာဉ်အသိအာရုံအဆင့်ကို အရင်ရောက်အောင်လုပ်... ပြီးမှ နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံခွင့်ပေးမယ်..."

​လီချင်းချိုး၏ ဤသတ်မှတ်ချက်မှာ ဂိုဏ်းအတွင်း ပျံ့နှံ့သွားခဲ့ပြီး၊ တပည့်များကို ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ရန် ပိုမို သတိပြုမိသွားစေခဲ့သည်။

​ဇွန်လကုန်တွင် ကျောက်ကျိန်းက အတိဒုက္ခကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီး ဂိုဏ်း၏ စတုတ္ထမြောက် ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။ ကျောက်ကျိန်းက ကောင်းကင်မိုးကြိုး လေးဆယ့်နှစ်ချက်ကို ကြံ့ကြံ့ခံနိုင်ခဲ့သဖြင့် ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့မှာ တိတ်ဆိတ်စွာပင် ထွက်ခွာသွားကြတော့သည်။

လီချင်းချိုးကလည်း​ ကျောက်ကျိန်းမှတစ်ဆင့် ကောင်းကင်ဘေးဒုက္ခအကြောင်းကို ပိုမို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်ခဲ့သည်။

ကျောက်ကျိန်းက ဆေးလုံးများ၊ အစီအရင်များနှင့် အဆောင်များကို အသုံးပြု၍ အတိဒုက္ခကို ရင်ဆိုင်ခဲ့သော်လည်း အတိဒုက္ခ၏ ပြင်းထန်မှုမှာ ပြောင်းလဲသွားခြင်း မရှိပေ။ ၎င်းက အတိဒုက္ခကို ကျော်လွှားရန် နည်းလမ်းများ ရှိနေကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

ဤအချက်ကို နားလည်သွားပါက ကောင်းကင်အတိဒုက္ခက ထိုမျှ ကြောက်စရာ မကောင်းတော့ချေ။

​ဂိုဏ်းတစ်ခု၏ အစောပိုင်း ဖွံ့ဖြိုးတိုးတက်မှု ကာလတွင် ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူများ ရှားပါးလှရာ၊ ဂိုဏ်းအနေဖြင့် အတိဒုက္ခရင်ဆိုင်နေရသော တပည့်များကို အောင်မြင်စွာ ကျော်လွှားနိုင်ရန် အရင်းအမြစ် အမြောက်အမြား ထောက်ပံ့ပေးနိုင်သည်။

ကျောက်ကျိန်းသည်အသက် ဆယ့်ကိုးနှစ်အရွယ်တွင် ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိခဲ့ပြီး ပါရမီကို အသုံးချကာ ဂိုဏ်းတစ်ခုလုံး၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။တစ်ပြိုင်နက်တည်းမှာပင် သူသည် ထိပ်တန်း ပါရမီရှင်များအတွက် စံနှုန်းသစ်တစ်ခုကိုလည်း သတ်မှတ်ပေးခဲ့သည်။

အသက် နှစ်ဆယ်အရွယ်သာ ရှိသေးသော အထီးကျန်ဓားက သူနှင့် ယှဉ်လျှင် သိသိသာသာ နိမ့်ကျနေသဖြင့် အခြား တပည့်များက အထီးကျန်ဓားမှာ ကျောက်ကျိန်းကို မမီဟု ခံစားကြရသည်။

ယခုနှစ်တွင် အထီးကျန်ဓားမှာ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့သာ မနည်း ရောက်ရှိနေသေးပြီး ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရန် အလှမ်းဝေးနေဆဲပင်။

​လက်ရှိတွင် ဟူယန်၊ လီရှို့ကျန်းနှင့် လီရှို့မင်တို့သာလျှင် ကျောက်ကျိန်း၏ စံချိန်ကို ချိုးဖျက်နိုင်မည့် အခွင့်အရေး ရှိကြသည်။

ဤသို့နှင့် ကျောက်ကျိန်းမှာ ချင်းရှောင်ဂိုဏ်း၏ အပြောအများဆုံး တပည့် ဖြစ်လာခဲ့တော့သည်။

အသက်အငယ်ဆုံး ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူနှင့် တစ်ဦးတည်းသော နတ်ဘုရားစွမ်းရည်တပည့်…..

ကျောက်ကျိန်း၏ အမည်မှာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ချင်းရှောင်ဂိုဏ်းတွင် ကျောက်ကျိန်း ရှိကြောင်း လူအများ ပိုမို သိရှိလာကြသည်။

လျူကျင်းပင်လျှင် ကျောက်ကျိန်းထံသို့ ဂုဏ်ပြုလက်ဆောင်များ ပေးပို့ခဲ့​သေးသည်။

​ဇူလိုင်လလယ်တွင် ပေလျန်စီရင်စုက လျူကျင်းထံသို့ သစ္စာခံလိုက်ပြီ ဖြစ်သည်။ ဤသို့ဖြင့် ကိုးပြည်ထောင်နယ်မြေ တစ်ခုလုံး လျူမိသားစု၏ လက်အောက်တွင် တစ်သားတည်း ဖြစ်သွားခဲ့ပြီ ဖြစ်ရာ လူထုမှာ ဝမ်းသာအားရ ဖြစ်နေကြသည်။

ငြိမ်းချမ်းသောကာလ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ကမ္ဘာသူ ကမ္ဘာသားများက လျူကျင်း နိုင်ငံတည်ထောင်မည့် အချိန်ကို စောင့်မျှော်နေကြတော့သည်။

​ယနေ့ မွန်းလွဲပိုင်းတွင်….

လီချင်းချိုးက လင်းရှောင်ခြံဝင်းအတွင်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ တာအိုမျိုးဆက် စနစ် ကို လှန်လှော ကြည့်ရှုရင်း အနားယူနေ၏။

ယခုဆိုလျှင် စာရင်းသွင်းထားသော တပည့်အရေအတွက် နှစ်သောင်း ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ဂိုဏ်းဝင်ရန် သတ်မှတ်ချက် ပိုပိုမြင့်မားလာသော်လည်း နေ့စဉ်နေ့တိုင်း စာရင်းသွင်းသည့် တပည့်အရေအတွက်မှာ များပြားနေဆဲ ဖြစ်ပြီး အလုပ်ကြမ်းတပည့်များကို ဆိုဖွယ်ရာပင် မရှိတော့ချေ။

ချင်းရှောင်ဂိုဏ်းရှိ အလုပ်ကြမ်းတပည့် အရေအတွက်မှာ တစ်သိန်းကျော်သွားပြီ ဖြစ်ရာ အလွန် ကြီးမားသော အရေအတွက်ပင် ဖြစ်သည်။

​ထိုစဉ် သူ့ရှေ့တွင် တပည့်တစ်ဦး၏ အချက်အလက်များကို သူ မြင်တွေ့လိုက်ရသောကြောင့် လီချင်းချိုး ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး အံ့သြစွာ ရေရွတ်လိုက်မိသည်။

​[အမည် - ပိုင်ယန်]

[လိင် - ကျား]

[အသက် - ၆၆ နှစ်]

[သစ္စာစောင့်သိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၆၉/၇၂ (အများဆုံး ၁၀၀)]

[ကျင့်ကြံခြင်း ပါရမီ - ထူးချွန်]

[နားလည်နိုင်စွမ်း - ထူးချွန်]

[ကံကြမ္မာ - သိုင်းပညာပါရမီရှင်၊ မသေမျိုးဖြစ်ရန် ရူးသွပ်သူ]

[သိုင်းပညာပါရမီရှင် - သိုင်းပညာနှင့် ပတ်သက်လျှင် ထူးခြားသော ထိုးထွင်းသိမြင်မှုများ အမြဲရှိသည်]

[မသေမျိုးဖြစ်ရန် ရူးသွပ်သူ - မသေမျိုးဖြစ်ရန် အစွမ်းကုန် ကြိုးစားသူ ဖြစ်ပြီး ၎င်းအတွက် အရာအားလုံးကို စွန့်လွှတ်ရန် အသင့်ရှိသည်]

​ပိုင်ယန်…ဒါက ဖုန်းရှားတောင်က ပိုင်ယန်လူကြီးမင်းမလား….

သိုင်းပညာမှတစ်ဆင့် တာအိုလမ်းစဉ်ထဲသို့ ဝင်ရောက်နိုင်မည့် အလားအလာရှိသူ သုံးဦးထဲတွင် ပိုင်ယန်လူကြီးမင်းပါဝင်ကြောင်း ရှန်ယွဲ့ ပြောပြခဲ့သည်ကို လီချင်းချိုး ကြားဖူးသည်။

​ အချက်အလက်များကို ဆက်ကြည့်လိုက်တော့ ကျန်းယွီချွန်း ယခင်က ပြောပြခဲ့ဖူးသော ဖုန်းရှားတောင်မှ အခြား ပါရမီရှင် တစ်ဦးကို တွေ့လိုက်ရပြန်သည်။

​[အမည် - ပိုင်ယွီထျန်း]

[လိင် - ကျား]

[အသက် - ၁၁ နှစ်]

[သစ္စာစောင့်သိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၈၉/၇၇ (အများဆုံး ၁၀၀)]

[ကျင့်ကြံခြင်း ပါရမီ - ထူးချွန်]

[နားလည်နိုင်စွမ်း - အံ့မခန်း]

[ကံကြမ္မာ - ခေတ်အဆက်ဆက် ပါရမီရှင်၊ မွေးရာပါ ဝိညာဉ်အမြစ်]

[ခေတ်အဆက်ဆက် ပါရမီရှင် - မျိုးဆက်ပေါင်းများစွာ၏ အမွေအနှစ်ဖြင့် ပျိုးထောင်ခံထားရသူ၊ ကံကြမ္မာ၏ ပြောင်းလဲပေးမှုကို ရရှိထားသူ၊ ကမ္ဘာကြီး၏ ကံကောင်းခြင်းများက စောင့်ရှောက်ထားသဖြင့် အတွင်းနတ်ဆိုး နှောင့်ယှက်မှုကို မခံရသူ]

[မွေးရာပါ ဝိညာဉ်အမြစ် - ကျင့်ကြံခြင်းအတွက် အစစ်မှန်ဆုံးသော ဝိညာဉ်အမြစ် ဖြစ်ပြီး ကျင့်ကြံခြင်း နည်းလမ်းများ မရှိလျှင်ပင် ကိုယ်ပိုင် နားလည်မှုဖြင့် တရားထူးကို ရရှိနိုင်သည်]

​ကောင်းလိုက်လေခြင်း….

အံ့မခန်း နားလည်နိုင်စွမ်းတဲ့လား…

သူ့တွင် မွေးရာပါ ဝိညာဉ်အမြစ် ကံကြမ္မာလည်း ရှိနေသဖြင့် ကျင့်ကြံခြင်းအတွက် အစစ်အမှန် ပါရမီရှင် တစ်ဦးပင် ဖြစ်သည်။

ကံမကောင်းသည်မှာ ဤနှစ်ဦးမှာ ဖုန်းရှားတောင်မှ ဖြစ်နေကြသဖြင့် သူတို့ကို ချင်းရှောင်ဂိုဏ်းထဲသို့ အပြည့်အဝ ရောက်ရှိလာစေရန် အားထုတ်မှု အနည်းငယ် လိုအပ်လိမ့်မည်။

ပိုင်ယန်လူကြီးမင်းကတော့ မသေမျိုးဖြစ်ရန် ရူးသွပ်သူ ဖြစ်သဖြင့် သူ့ကို ဆွဲဆောင်ရန် လွယ်ကူသည်။

ပိုင်ယွီထျန်းမှာမူ လီချင်းချိုးအပေါ် သစ္စာစောင့်သိမှု မြင့်မားနေပြီ ဖြစ်၏။ သစ္စာစောင့်သိမှုကို ၉၀ ကျော်အထိ မြှင့်တင်နိုင်လျှင် လီချင်းချိုးက သူ့ကို အစွမ်းကုန် ကျိုးစား ပြုစုပျိုးထောင်ပေးရဲသည်။

​"ဘာလို့ တစ်ခုခု လိုနေသလို ခံစားနေရတာလဲ... ငါ့ကို စိတ်လှုပ်ရှားစေဖို့ မလုံလောက်သေးတာလား..."

​လီချင်းချိုး သူ့ကိုယ်သူ ပြန်လည် ဆန်းစစ်ကြည့်လိုက်မိသည်။

သူ ဝမ်းသာသော်လည်း စိတ်လှုပ်ရှားခြင်း မရှိပေ။ နောက်ဆုံးတွင် ချင်းရှောင်ဂိုဏ်း၏ အခြေခံအုတ်မြစ် ခိုင်မာလာခဲ့ပြီ ဖြစ်ရာ၊ ပိုင်ယန်နှင့် ပိုင်ယွီထျန်းတို့၏ ပါရမီများမှာ ချင်းရှောင်ဂိုဏ်းကို စိန်ခေါ်နိုင်ရန် မလုံလောက်သေးချေ။

ဤသို့သော ပါရမီရှင်များကို အများအပြား မြင်ဖူးလာသဖြင့် လီချင်းချိုး၏ အံ့သြမှု သဘာဝကျကျ လျော့နည်းသွားခြင်း ဖြစ်သည်။

​အသေအချာ တွေးတောပြီးနောက် သူသည် ဤနှစ်ဦးကို ကိုယ်တိုင် သင်ကြားမပေးဘဲ အခြား ခန်းမသခင်များကို အခွင့်အရေး ပေးရန် ဆုံးဖြတ်လိုက်သည်။

သေချာသည်မှာ သူသည် သူ့တပည့်များအတွက် ပြိုင်ဘက်အချို့ ထားရှိပေးလိုခြင်းကြောင့် ဖြစ်သည်။

လီချင်းချိုး၏ အမြင်တွင် ပိုင်ယွီထျန်းသည် ရွှီနင်း၊ ကျောက်ကျိန်း၊ ယွမ်လီ၊ ကျိယာ၊ ယွင်ချိုင်နှင့် ဟူယန်တို့နှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကွာဟချက် ရှိနေသေးသည်။

ဤနှစ်ဦးနှင့် နှိုင်းယှဉ်လျှင် လီချင်းချိုးက ယန်တောက်ကျုံးသာ မသေမျိုးလမ်းစဉ်သို့ ကူးပြောင်းပြီးနောက် မည်သို့သော စွမ်းဆောင်ရည် ပြသမလဲဆိုသည်ကို ပို၍ မျှော်လင့်နေမိသည်။

​လီချင်းချိုး တွေးတောနေစဉ်မှာပင် ကျန်းယွီချွန်း ခြံဝင်းအတွင်းသို့ လျှောက်ဝင်လာသည်။

"စီနီယာအစ်ကို... ဖုန်းရှားတောင်က ပိုင်ယန်လူကြီးမင်းနဲ့ ပိုင်ယွီထျန်းတို့ ကျွန်တော်တို့ ဂိုဏ်းကို ဝင်လာကြပြီ... သူတို့ကို တွေ့ချင်လား... စီနီယာအစ်ကိုရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဘာကတိမှ မပေးရင်တောင် သူတို့ကို တွေ့ဆုံပေးတာကပဲ ချင်းရှောင်ဂိုဏ်းရဲ့ စိတ်ရင်းမှန်မှုကို သက်သေပြဖို့ လုံလောက်ပါတယ်..."

​ကျင့်ကြံရေး အင်အားစုများ ပေါ်ထွက်လာခြင်းကို လုံးဝ မဟန့်တားနိုင်သဖြင့် လီချင်းချိုးက အစီအစဉ်များစွာကို ရေးဆွဲခဲ့ပြီး ဖုန်းရှားတောင်သည်လည်း ထိုအစီအစဉ်များ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။

လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး ….

"ဒီည စားသောက်ပွဲကို သူတို့ကို ခေါ်လာခဲ့ပါ..."

​ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်း ချက်ချင်း ဝမ်းသာသွားပြီး စီစဉ်ရန်အတွက် လှည့်ထွက်သွားတော့သည်။

လီချင်းချိုးက ယန်တောက်ကျုံးကို သတိရသွားသဖြင့် သွားရောက် ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

ယခင် သိုင်းသူတော်စင် နှစ်ဦးစလုံး ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းသည် သိုင်းလောက တစ်ခုလုံးနှင့် လူသားအားလုံးကို မသေမျိုးဂိုဏ်းတစ်ခု၏ ခမ်းနားထည်ဝါမှုကို ပြသသွားမည် ဖြစ်ပြီး၊ ချင်းရှောင်ဂိုဏ်းသည် လောကီအကျိုးစီးပွားအတွက် တိုက်ခိုက်နေခြင်း မဟုတ်ဘဲ ပိုမို ဝေးကွာသော ရည်မှန်းချက်တစ်ခုအတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ကမ္ဘာကို သိစေမည် ဖြစ်သည်။

​……………….

​သီးခြားခြံဝင်းတစ်ခုအတွင်း၌ ကျန်းဖိန်နှင့် မုရုံရှီးတို့က မုရုံမိသားစုမှ အဖွဲ့ဝင် နှစ်ဦးကို ဧည့်ခံနေကြသည်။

၎င်းတို့မှာ မုရုံထျန်းချန်နှင့် မုရုံထျန်းရွှမ် တို့ ဖြစ်ကြသည်။

လီစစ်ဖုန်းကို ရှာဖွေရန် လီချင်းချိုး မြောက်ဘက်သို့ သွားစဉ်က လမ်းခရီးတွင် လူနှစ်ဦးကို ကယ်ဆယ်ခဲ့ပြီး ထိုလူနှစ်ဦးမှာ ယခုအခါ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။

​မုရုံထျန်းရွှမ်က သူမတို့ မောင်နှမနှင့် ဂိုဏ်းချုပ်တို့၏ အဖြစ်အပျက်ကို ပြန်လည် ပြောပြသည်ကို နားထောင်ရင်း ကျန်းဖိန်နှင့် မုရုံရှီးတို့ စိတ်လှုပ်ရှားသွားကြသည်။

သူတို့လည်း ငရဲဘုံမှ တစ္ဆေဘုရင်၏ စွမ်းအားအကြောင်းကို ကြားဖူးထားသဖြင့် ဤနှစ်ဦး ၎င်း၏ လက်ထဲမှ အသက်ရှင် လွတ်မြောက်လာခဲ့ခြင်းမှာ အမှန်တကယ်ပင် ကံကောင်းလှပေသည်။

​"ကျွန်တော်ကတော့ ချင်းရှောင်ဂိုဏ်းက ကျွန်တော့်လို မစွမ်းမသန် တစ်ယောက်ကို လက်ခံမှာ မဟုတ်ဘူးလို့ ထင်ထားတာ... ဒါပေမဲ့ သူတို့က ကျွန်တော့်ကို ခွဲခြားခြင်း မရှိဘဲ စမ်းသပ်မှု ဝင်ခွင့်ပေးခဲ့တယ်... ပြီးတော့ ကျွန်တော် စမ်းသပ်မှု အောင်သွားခဲ့တယ်..."

မုရုံထျန်းချန်က လက်တွန်းထိုင်ခုံပေါ်တွင် ထိုင်ရင်း ပြုံး၍ ပြောလိုက်သည်။

သူ ချင်းရှောင်ဂိုဏ်းသို့ လာခြင်းမှာ မသေမျိုးဖြစ်အောင် ကျင့်ကြံရန်သာမက လီချင်းချိုးကို ကျေးဇူးတင်စကား ပြောရန်အတွက်လည်း ဖြစ်သည်။ အကယ်၍ ချင်းရှောင်ဂိုဏ်းက သူ့ကို လက်မခံခဲ့လျှင်ပင် သူ နောင်တရမည် မဟုတ်ပေ။ ကမ္ဘာပေါ်တွင် နံပါတ်တစ် ဂိုဏ်း၏ ခမ်းနားမှုကို မြင်တွေ့ခွင့်ရသည့် အခွင့်အရေး တစ်ခုဟုသာ သူ ယူဆလိမ့်မည် ဖြစ်သည်။

​ကျန်းဖိန်က….

"ချင်းရှောင်ဂိုဏ်းက တပည့်တွေကို လက်ခံတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုပဲ ကြည့်တာ မဟုတ်ပါဘူး... မင်းရဲ့ ခန္ဓာကိုယ် အခြေအနေကိုလည်း ဂိုဏ်းထဲမှာ ကုသပေးနိုင်လိမ့်မယ်..."

​မုရုံထျန်းချန်က သူ့ကို အံ့သြစွာ ကြည့်လိုက်ပြီး ထိုစကားကို သူ နားမလည်ချေ။

မုရုံထျန်းရွှမ်၏ မျက်လုံးများမှာ အရောင်လက်သွားပြီး….

"စီနီယာအစ်ကိုကျန်းဖိန်... အဲဒါ ဘာကို ဆိုလိုတာလဲ... ချင်းရှောင်ဂိုဏ်းမှာ ပြတ်တောက်သွားတဲ့ ကိုယ်လက်အင်္ဂါတွေကို ပြန်လည် ကောင်းမွန်စေတဲ့ အံ့ဖွယ်ဆေး ရှိလို့လား..."

​မုရုံရှီးက ခေါင်းယမ်း၍ …..

"လောလောဆယ်တော့ မရှိသေးပါဘူး... ဒါပေမဲ့ အနာဂတ်မှာ ဖြစ်လာနိုင်ပါတယ်... အချို့သော တပည့်တွေက ဒီနယ်ပယ်ကို စတင် လေ့လာနေကြပြီ ဖြစ်သလို၊ အခြား တပည့်တွေအတွက် လက်တွေ၊ ခြေထောက်တွေကို အစားထိုး တပ်ဆင်ပေးဖို့တောင် ကူညီပေးခဲ့ဖူးတယ်... ချင်းရှောင်ဂိုဏ်းက မသေမျိုးဖြစ်အောင် ကျင့်ကြံရုံတင် မကဘူး၊ ကျင့်ကြံခြင်း လမ်းစဉ်ကိုလည်း စူးစမ်းရှာဖွေနေတာ... ဂိုဏ်းချုပ်က ကဏ္ဍပေါင်းစုံမှာ ဆန်းသစ်တီထွင်မှုတွေကို တန်ဖိုးထားတယ်..."

​ဤစကားများကြောင့် မုရုံထျန်းချန်နှင့် မုရုံထျန်းရွှမ်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ အနာဂတ်အတွက် ပိုမို မျှော်လင့်ချက်များ ရှိလာကြတော့သည်။

ထို့နောက် သူတို့က ကျန်းဖိန်နှင့် မုရုံရှီးတို့ထံမှ ချင်းရှောင်ဂိုဏ်းနှင့် လီချင်းချိုးအကြောင်းကို စူးစမ်း မေးမြန်းခဲ့ကြ၏။

ကျန်းဖိန်နှင့် မုရုံရှီးတို့မှာလည်း အလွန် စိတ်အားထက်သန်စွာဖြင့် ချင်းရှောင်ဂိုဏ်း၏ အဖြစ်အပျက်များနှင့် ပုံပြင်များကို ပြောပြခဲ့ကြသည်။

​ဤသည်မှာ တပည့်သစ်များ ဂိုဏ်းသို့ ဝင်ရောက်လာပုံ၏ ပုံစံငယ်လေးပင် ဖြစ်သည်။ တပည့်သစ်များစွာမှာ ဂိုဏ်းအတွင်းရှိ လူများကို သိရှိထားကြပြီး ထိုလူများမှတစ်ဆင့် ချင်းရှောင်ဂိုဏ်းနှင့် လီချင်းချိုးအကြောင်းကို လေ့လာကြခြင်း ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ လီချင်းချိုးကို လူအများက ကောင်းကင်ဘုံမှ နတ်သားတစ်ပါးကဲ့သို့ ပိုမို သတ်မှတ်လာကြတော့သည်။

လီချင်းချိုးသည် ချင်းရှောင်ဂိုဏ်း၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်ပင် ဖြစ်သည်။

​...

​ညပိုင်းတွင်…

​ပိုင်ယွီထျန်းက အခန်းအတွင်း၌ ချင်းရှောင်ဂိုဏ်းမှ ထုတ်ပေးထားသော အဝတ်အစားများနှင့် စာအုပ်များကို သိမ်းဆည်းနေ၏။ ဤပစ္စည်းများကပင် ချင်းရှောင်ဂိုဏ်း မည်မျှ ချမ်းသာကြွယ်ဝပြီး အစွမ်းထက်ကြောင်း ပြသနေသည်။

ဖုန်းရှားတောင်မှာမူ တပည့်သစ်များကို ဤသို့ မပြုမူနိုင်ချေ။

​ဒေါက် ဒေါက်……

"ဝင်ခဲ့ပါ..."

​ပိုင်ယန်လူကြီးမင်းက တံခါးကို တွန်းဖွင့်၍ ဝင်လာသည်။ သူက တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် စားပွဲဆီသို့ လျှောက်သွား၍ ထိုင်ကာ အပြုံးတခုဖြင့်…..

"ဒီနေ့ မင်းလည်း ချင်းရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ တွေ့ခဲ့ရပြီဆိုတော့ ဘာတွေ တွေးမိလဲ..."

​ပိုင်ယွီထျန်းက သူ လုပ်နေသည်များကို ရပ်တန့်၍ တွေးတောလိုက်ပြီး….

"သူက ကျွန်တော် စိတ်ကူးထားတာထက် ပိုပြီး ရင်းနှီးဖော်ရွေတယ်... ပြီးတော့ သူ့ဆီကနေ ဘာဖိအားမှ ကျွန်တော် မခံစားရဘူး... သူ့ဆီကနေ ချင်းရှောင်ဂိုဏ်းရဲ့ ဖြောင့်မတ်မှုကို ကျွန်တော် ခံစားရသလို၊ ချင်းရှောင်ဂိုဏ်းမှာ အာဏာနဲ့ အကျိုးစီးပွားအတွက် တိုက်ခိုက်နေတာထက် ပိုပြီး ဝေးကွာတဲ့ ရည်မှန်းချက် ရှိတယ်ဆိုတာကိုလည်း ကျွန်တော် ယုံကြည်တယ်..."

​ပိုင်ယန်လူကြီးမင်းက သက်ပြင်းချလိုက်ပြီး..

"ဟုတ်တယ်... သူက အဲ့လိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... ဒါကြောင့်လည်း ချင်းရှောင်ဂိုဏ်းက ဒီလောက် မြန်မြန် ထွန်းကားလာနိုင်တာ ဖြစ်ရမယ်... ချင်းရှောင်ဂိုဏ်းက အခြား ဂိုဏ်းတွေကို ကျင့်ကြံခြင်း နည်းလမ်းတွေကို နားလည်အောင် ကူညီပေးဖို့ လိုလားနေတယ်...ဒီလိုသဘောထားကြီးမှုက အခြား ဂိုဏ်းတွေ မယှဉ်နိုင်တဲ့အရာပဲ..."

​ "ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အခြားဂိုဏ်းတွေက မသေမျိုးဖြစ်အောင် ကျင့်ကြံချင်တဲ့ လူတွေအားလုံး ချင်းရှောင်ဂိုဏ်းဆီကို စုပြုံလာကြလိမ့်မယ်..."

​"ပြီးပြည့်စုံတဲ့အရာဆိုတာ မရှိပါဘူး... မင်းသာ ဂိုဏ်းချုပ်ဆိုရင် ဒီစိုးရိမ်မှုတွေကြောင့် ချင်းရှောင်ဂိုဏ်းကို ငြင်းပယ်မှာလား..."

ပိုင်ယန် မေးလိုက်သောအခါ ပိုင်ယွီထျန်းက ခေါင်းယမ်းလိုက်သည်။

သူသည် ချင်းရှောင်ဂိုဏ်း၏ ခမ်းနားထည်ဝါမှုကို မေးခွန်းထုတ်ခြင်း မဟုတ်ဘဲ ၎င်း၏ အနာဂတ် လမ်းကြောင်းကို မြင်တွေ့နိုင်ခြင်း ဖြစ်သည်။

ချင်းရှောင်ဂိုဏ်း အတွင်းပိုင်း ကွဲအက်မသွားသရွေ့ အခြားဂိုဏ်းတွေက ချင်းရှောင်ဂိုဏ်းကို ကျော်တက်ဖို့ မဖြစ်နိုင်ပေ။

​ "ဆရာ…ဆရာ နောင်ကျရင် ဖုန်းရှားတောင်ကို ပြန်သွားဦးမှာလား..."

​ "သေချာပေါက် ပြန်မှာပေါ့... ဒါပေမဲ့ ချင်းရှောင်ဂိုဏ်းက လျှောက်လှမ်းတဲ့ လမ်းစဉ်ကို ငါ ပိုသဘောကျတယ်..."

ထိုအခါ ​ပိုင်ယွီထျန်း တိတ်ဆိတ်သွား၏။ဆရာဖြစ်သူက ချင်းရှောင်ဂိုဏ်းသို့ ရောက်သည့် ပထမဆုံးနေ့မှာတင် သူ့စိတ်ကူးကို ပြောင်းလဲလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူသည်လည်း ချင်းရှောင်ဂိုဏ်းကို အမှန်တကယ် သဘောကျမိကြောင်း ဝန်ခံရမည် ဖြစ်သည်။ ဤနေရာရှိ အရာရာတိုင်းမှာ အလွန် အံ့သြဖွယ်ကောင်းလှသည်။

ဖုန်းရှားတောင်မှာမူ အသက်မဲ့နေပုံရပြီး ၎င်း၏ လောကကို ကယ်တင်ခြင်း အတွေးအခေါ်မှာ ချင်းရှောင်ဂိုဏ်းလောက် အစွမ်းထက်ပုံမရချေ။

​"ကောင်းကောင်း အနားယူလိုက်ဦး... မနက်ဖြန် မနက်ကျရင် ဂိုဏ်းကို ထပ်ပြီး အကျွမ်းတဝင်ရှိအောင် သွားကြည့်ကြတာပေါ့..."

​ပိုင်ယွီထျန်းက ခေါင်းညိတ်လိုက်ပြီး ဆရာဖြစ်သူ ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

တံခါးပိတ်သွားပြီးနောက် ပိုင်ယွီထျန်းတယောက် အခန်းအတွင်းရှိ ဆီမီးခွက်ကို ကြည့်ရင်း အတွေးများ လွင့်ပျံနေခဲ့သည်။

​"တွေ့လား... ချင်းရှောင်ဂိုဏ်းက ကြောက်စရာကောင်းတယ်... လီချင်းချိုးက ပြီးပြည့်စုံအောင် ဟန်ဆောင်ထားတာ... သူက တကယ်တော့ ကမ္ဘာကို အုပ်စိုးဖို့ ရည်မှန်းချက် ရှိတာ..."

​အေးစက်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသော်လည်း ပိုင်ယွီထျန်းမှာ အံ့အားသင့်ခြင်း မရှိပေ။

သူ ကုတင်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်တော့ ​ကုတင်ပေါ်တွင် အနီရောင် အမွေးများပါသည့် အနက်ရောင် လက်တစ်ဖက် ရှိနေပြီး ပင့်ကူတစ်ကောင်ကဲ့သို့ ခွေနေသည်ကိုမြင်နေရသည်။

All Chapters