မသေမျိုးလမ်းစဉ်၏ ရက်စက်မှု
Vol. 27 Ch. 266
"အရည်အချင်း ရှိပါလျက်နဲ့ ရည်မှန်းချက် မရှိတဲ့သူဟာ သူ့ရဲ့ အရည်အချင်းကိုတင် အားနာရမှာ မဟုတ်ဘဲ လောကကြီးကိုပါ အားနာရမှာပဲ..."
ပိုင်ယွီထျန်းက ကုတင်ပေါ်ရှိ အနက်ရောင်လက်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
လီချင်းချိုးနှင့် ချင်းရှောင်ဂိုဏ်း ရုတ်တရက် ပေါ်ထွက်လာခြင်းက ကမ္ဘာကြီးကို ပိုမို ကောင်းမွန်သော နေရာတစ်ခု ဖြစ်လာစေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ပိုင်ယွီထျန်းက တာ့လီမင်းဆက်၏ အုပ်ချုပ်မှုအောက်မှ ကမ္ဘာကြီးကို မကြုံတွေ့ခဲ့ဖူးသော်လည်း၊ သူ့ရဲ့ ဦးလေးတစ်ဦးမှာ ကျောက်ကျိကို ဆန့်ကျင်ရင်း သေဆုံးသွားခဲ့ဖူးသည်။
ဖုန်းရှားတောင်မှ လူကြီးသူမများက ကျောက်ကျိကို အလွန် နာကျည်းကြပြီး သူနှင့် ပတ်သက်၍ ကောင်းသော စကားတစ်ခွန်းမျှ မပြောကြချေ။
ကျောက်ကျိက ညီအစ်ကိုနှင့် သားဖြစ်သူကို သတ်ဖြတ်ခဲ့ပြီး၊ မသေဆေးကို ရှာဖွေရန်အတွက် မရေမတွက်နိုင်သော လူငယ်လေးများကို ပြန်ပေးဆွဲကာ သိုင်းဆရာပေါင်းများစွာ၏ အတွင်းအားကို စုပ်ယူခဲ့သူ ဖြစ်သည်။
ကျောက်ကျိ၏ ယုတ်မာမှုမှာ သမိုင်းတွင် ပြိုင်ဘက်ကင်းလှ၏။
ကျောက်ကျိ အုပ်ချုပ်ခဲ့သည့် ကာလမှာ အလွန် မှောင်မိုက်ခဲ့သဖြင့် ချင်းရှောင်ဂိုဏ်း၏ စွမ်းဆောင်ချက်များက အလွန် ကြီးမြတ်လှခြင်း ဖြစ်သည်။
အကယ်၍ အကျိုးစီးပွားအတွက်သာ ဆိုလျှင် မသေမျိုးဖြစ်အောင် ကျင့်ကြံခြင်းကို အာရုံစိုက်သည့် ချင်းရှောင်ဂိုဏ်းက ကျောက်ကျိ၏ အကြိုက်နှင့် ကွက်တိ ဖြစ်နေလိမ့်မည်။ သို့သော်လည်း လီချင်းချိုးက ထိုသို့ မလုပ်ဆောင်ခဲ့ချေ။ သူသည် ကျန့်ယန်ဧကရာဇ်မြို့တော်သို့ တစ်ကိုယ်တည်း သွားရောက်ခဲ့ပြီး စစ်တပ်ကြီး၏ အလယ်တွင် ကျောက်ကျိကို သတ်ဖြတ်ခဲ့သည်။ ဤအဖြစ်အပျက်မှာ ယနေ့တိုင် ပြောမကုန်အောင် ရှိနေဆဲပင်။
ပိုင်ယွီထျန်း၏ စကားကို ကြားသောအခါ အနက်ရောင်လက် မှင်တက်သွားသည်။
ကောင်လေးတွင် ဤမျှ ထိုးထွင်းသိမြင်မှုမျိုး ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပုံရသည်။
အနက်ရောင်လက်က….
"မင်း ဖုန်းရှားတောင်ကို ပြန်သွားပြီး ကျောင်းထိုင်ဘုန်းကြီး ဖြစ်လာတဲ့အခါ မင်းရဲ့ ဂိုဏ်းသားတွေက ချင်းရှောင်ဂိုဏ်းကို ဆန့်ကျင်ဖို့ မင်းကို အတင်းအကျပ် ခိုင်းစေကြလိမ့်မယ်... အဲဒီအခါ မင်း ဘာလုပ်မှာလဲ..."
ဤစကားများက ပိုင်ယွီထျန်းကို စကားမပြောနိုင်အောင် လုပ်လိုက်ပြီး မည်သို့ ပြန်ဖြေရမည်ကို သူ မသိတော့ချေ။
နောက်ဆုံးတွင် သူသည် အတွေ့အကြုံ နည်းပါးသေးသော အသက် ဆယ့်တစ်နှစ်အရွယ် ကောင်လေးသာ ဖြစ်သည်။
အနက်ရောင်လက်က ကုတင်ပေါ်မှ ခုန်ဆင်းကာ စားပွဲပေါ်သို့ ဆင်းသက်လိုက်ပြီး ပိုင်ယွီထျန်းဘက်သို့လှည့်၍….
"ချင်းရှောင်ဂိုဏ်းထဲမှာ ပါရမီရှင်တွေ အများကြီးပဲ... မင်းရဲ့ ပါရမီက ထိပ်တန်း အဆင့်မှာ မရှိသလို၊ မင်းရဲ့ နောက်ခံကလည်း ပြောပလောက်စရာ မရှိဘူး... ငါ မင်းကို ကူညီပေးဖို့ လိုသလား..."
"မင်းက ငါ့ကို ဘယ်လို ကူညီမှာလဲ..."
ဤလျှို့ဝှက်ဆန်းကြယ်သူနှင့် စတင် တွေ့ဆုံခဲ့သည့် အချိန်ကတည်းက ၎င်းသည် သူ့နောက်သို့ တကောက်ကောက် လိုက်နေခဲ့ခြင်း ဖြစ်သည်။ သူသည် ၎င်းကို သတိထားခဲ့သော်လည်း ၎င်းက သူ့ကို မထိခိုက်ခဲ့သည့်အပြင် အကြိမ်အနည်းငယ်ပင် ကူညီပေးခဲ့သေးသည်။
သူသည် ဤလျှို့ဝှက်ဆန်းကြယ်သူအပေါ် အတိုင်းအတာ တစ်ခုအထိ ယုံကြည်မှု ရှိလာခဲ့သော်လည်း၊ ၎င်း၏ ဇာစ်မြစ်နှင့် ရည်ရွယ်ချက်ကို လုံးဝ နားမလည်မချင်း ဆက်လက် သတိထားနေဦးမည် ဖြစ်သည်။
"ချင်းရှောင်ဂိုဏ်းရဲ့ စစ်မှန်သောသခင်ကြီး ဆယ်ပါး ဆိုတာက အတော်လေး အထင်ကြီးစရာ ကောင်းတယ်... မင်းကို စစ်မှန်သောသခင်ကြီး တစ်ယောက် ဖြစ်လာအောင် ငါ ကူညီပေးမယ်... ရိုးရိုးသားသား ပြောရရင် ငါ့မှာ မင်းကို သင်ပေးနိုင်တဲ့ နတ်ဘုရားစွမ်းရည် တစ်ခု ရှိတယ်... ဒါပေမဲ့ မင်း သင်ယူနိုင်၊ မသင်ယူနိုင် ဆိုတာကတော့ မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်လိမ့်မယ်..."
အနက်ရောင်လက်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်ရာ ပိုင်ယွီထျန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
စစ်မှန်သောသခင်ကြီး ဆယ်ပါး…
မင်းက အဲဒီအထိတောင် တွေးရဲတယ်ပေါ့…..
သူသည် ဖုန်းရှားတောင်တွင် နံပါတ်တစ် ပါရမီရှင် ဖြစ်သော်လည်း ချင်းရှောင်ဂိုဏ်းတွင်တော့ ထိုမျှ ယုံကြည်မှု မရှိချေ။ ထို့အပြင် အခြားသူများမှာ သူ့ထက် ဆယ်နှစ်ကျော် စော၍ ကျင့်ကြံနေခဲ့ကြသည် မဟုတ်လော။
ကျောက်ကျိန်း မည်မျှအထိ အောင်မြင်နေပြီလဲဆိုသည်ကို သူ စိတ်ကူးတောင် မယဉ်နိုင်ချေ။
သူ့ကို ရှစ်နှစ် အချိန်ပေးမည်ဆိုလျှင် သူသည် ဝိညာဉ်အသိအာရုံအဆင့်ရှိ တပည့်တစ်ယောက် ဖြစ်လာနိုင်ပါ့မလား။
အကယ်၍ အမှန်တကယ် လုပ်နိုင်မယ်ဆိုရင်တော့…..
ပိုင်ယွီထျန်း၏ နှလုံးခုန်သံ ပုံမှန်ထက် ပိုမို မြန်ဆန်လာချေပြီ။
လူကဲခတ်ရာတွင် ကျွမ်းကျင်သည်ဟူသော လီချင်းချိုး၏ ကျော်ကြားမှုမှာ ဟိုးအရင်ကတည်းက ပျံ့နှံ့နေခဲ့ပြီး သူ ဂိုဏ်းထဲသို့ မဝင်ခင်ကတည်းက ကြားဖူးထားခဲ့ခြင်း ဖြစ်ရာ၊ လီချင်းချိုးက သူ့ကို တပည့်အဖြစ် တိုက်ရိုက် လက်မခံခဲ့သလို ပျိုးထောင်ပေးမည်ဟု ကတိမပေးခဲ့သည့်အတွက် သူ နောင်တရမိနေသည်။
ဇူလိုင်လ ရောက်ရှိလာသောအခါ လျူကျင်းက ချင်းရှောင်တောင်ရှိ လီချင်းချိုးထံသို့ ကိုယ်တိုင် လာရောက်ခဲ့ပြီး၊ ပထမဦးစွာ သူ့ရဲ့ ကြီးကျယ်သော လုပ်ငန်းစဉ် တိုးတက်မှုများကို တင်ပြခဲ့သည်။
ဤကိစ္စကို ပြောပြပြီးနောက် သူ လာရောက်ရသည့် ရည်ရွယ်ချက်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြောဆိုလေတော့သည်။
"မင်းဆက်ရဲ့ အမည်လား..."
လျူကျင်းတွင် ဤသို့သော ရည်ရွယ်ချက် ရှိလိမ့်မည်ဟု လီချင်းချိုး မမျှော်လင့်ထားသဖြင့် အံ့အားသင့်သွားရသည်။
လျူကျင်းက လေးနက်စွာဖြင့်…
"ဒီကမ္ဘာကြီးကို ကျွန်တော့်ကို ပေးခဲ့တာက ဂိုဏ်းချုပ်ပဲ ဖြစ်သလို၊ အမည်ကိုလည်း ဂိုဏ်းချုပ်ပဲ ဆုံးဖြတ်ပေးသင့်ပါတယ်... ဒါမှလည်း ကျွန်တော်က ဒီအချက်ကို အမြဲ အမှတ်ရနေမှာ ဖြစ်သလို၊ ကျွန်တော့်ရဲ့ မူလ ရည်ရွယ်ချက်ကိုလည်း ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး..."
လီချင်းချိုးက တစ်ခဏမျှ တွေးတောပြီး….
"ရွှမ်လို့ပဲ ခေါ်ရအောင်... မသေမျိုးတွေက ရွှမ် (နက်နဲခြင်း) ပဲ၊ တာအိုကလည်း ရွှမ် ပဲ... ရွှမ်မင်းဆက် ရဲ့ လူသားတွေဟာ အခုကစပြီး လူသားတွေအနေနဲ့ တာအိုလမ်းစဉ်ကို လိုက်စားကြလိမ့်မယ်..."
ဘဝဆိုသည်မှာ လိုက်စားမှု တစ်ခုပင် ဖြစ်သည်။
"ရွှမ်မင်းဆက်လား..."
လျူကျင်း၏ မျက်လုံးများ အရောင်လက်သွားပြီး ၎င်းကို ထပ်ခါထပ်ခါ ရွတ်ဆိုကြည့်ရာ ပိုပို၍ ကျေနပ်လာခဲ့သည်။
ဤသည်က စိတ်ရင်းမှန်လား၊ မမှန်လားကို လီချင်းချိုး မသိသော်လည်း၊ ဤသဘောထားကြောင့် လီချင်းချိုးမှာ စိတ်ကျေနပ်မှုကို ခံစားလိုက်ရ၏။
ရွှမ်မင်းဆက် ဟူသော အမည်ကို ရရှိပြီးနောက် လျူကျင်း ဆက်လက် ပြောကြားသည်မှာ၊ သူသည် ယခုနှစ်ကုန်တွင် မင်းဆက် တည်ထောင်ရန်အတွက် ကောင်းကင်ဘုံသို့ ယဇ်ပူဇော်သည့် အခမ်းအနားကို ကျင်းပလိုကြောင်းနှင့် ၎င်းမှာ လာမည့်နှစ်သစ် အစနှင့်လည်း တိုက်ဆိုင်နေကြောင်း ဖြစ်သည်။
လီချင်းချိုးက ဤကိစ္စကို သဘာဝကျကျ ကန့်ကွက်ခြင်း မရှိသော်လည်း၊ လျူကျင်းက ယဇ်ပူဇော်ပွဲကို ချင်းရှောင်တောင်တွင် ကျင်းပလိုသည်ဟူသော ဆန္ဒကြောင့် လီချင်းချိုး တွန့်ဆုတ်သွားခဲ့သည်။
နောက်ဆုံးတွင် လီချင်းချိုးက ဤကိစ္စကို ဂိုဏ်း၏ အဆင့်မြင့် အရာရှိများနှင့် ဆွေးနွေးရန် လင်းရှောင်ခြံဝင်း ကောင်စီအစည်းအဝေးသို့ တင်ပြရန် ဆုံးဖြတ်လိုက်သည်။
လျူကျင်း ထွက်သွားပြီးနောက် လီချင်းချိုး ရုတ်တရက် သတိဝင်လာခဲ့သည်။
လျုကျင်း ဝင်ရောက် စွက်ဖက်မှုကြောင့် လီချင်းချိုး ဤကိစ္စကို အလေးအနက် ထားမိသွားခြင်း ဖြစ်သည်။
ယခင်က လီချင်းချိုးသည် မင်းဆက်နှင့် ပတ်သက်၍ အမြင်များစွာ မရှိခဲ့ဘဲ၊ တစ်သားတည်း ဖြစ်နေပြီး နာခံမှု ရှိနေသရွေ့ လုံလောက်သည်ဟု ယူဆခဲ့သည်။
ပြောရမည်ဆိုလျှင် လျူကျင်းက အတော်လေး ပါးနပ်လှပေသည်။
လီချင်းချိုးက ဤအချက်ကို ငြင်းပယ်ခြင်း မရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် အတန်ငယ် ကျေနပ်မိနေသည်။
ဤသို့သော လူမျိုးက သူ့ရဲ့ မျှော်လင့်ချက်များနှင့် ပို၍ ထိုက်တန်လှသည်။
ထိုညနေခင်းတွင် လင်းရှောင်ခြံဝင်း၌ အစည်းအဝေး ကျင်းပခဲ့ပြီး၊ နောက်ဆုံးတွင် လျူကျင်းကို ကောင်းကင်ဘုံသို့ ယဇ်ပူဇော်ရန် ချင်းရှောင်တောင်သို့ လာရောက်ခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။ အခုကစပြီး ကိုးပြည်ထောင်နယ်မြေရှိ အရာအားလုံးမှာ တရားဝင်ပြီး မှန်ကန်စွာဖြင့် ချင်းရှောင်ဂိုဏ်း၏ လက်အောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
နောက်ရက်များတွင် ဤသတင်းများ ပျံ့နှံ့သွားခဲ့ရာ ချင်းရှောင်ဂိုဏ်း တပည့်များကို ဂုဏ်ယူဝင့်ကြွားစေခဲ့သည်။
ရွှမ်မင်းဆက် တည်ထောင်ပြီးသည်နှင့် ချင်းရှောင်ဂိုဏ်းက လောကီမင်းဆက်များကို ကျော်လွန်သည့် အမှန်ကန်ဆုံးသော မသေမျိုးလမ်းစဉ် ဖြစ်လာမည် ဖြစ်ပြီး၊ သူတို့၏ အဆင့်အတန်းနှင့် ရာထူးမှာလည်း ထိုနည်းတူစွာ မြင့်တက်လာလိမ့်မည် ဖြစ်သည်။
…………………………
နေရောင်ခြည် တောက်ပနေပြီး ကောင်းကင်ယံမှာ တိမ်ကင်းစင်နေ၏။
ကုန်းမြေမှာ လှိုင်းတွန့်နေသော တောင်ကုန်းများဖြင့် ဖုံးလွှမ်းနေပြီး၊ စိမ်းလန်းစိုပြည်သော တောင်တန်းများမှာ ကမ္ဘာပေါ်ရှိ နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ သက်ရှိများဖြင့် ပြည့်နှက်နေသည်။
တောင်တစ်ဝက်ခန့်တွင် ခြံဝင်းတစ်ခု ရှိပြီး ရုတ်တရက် အိမ်များထဲမှ တစ်ခု၏ တံခါး ပွင့်လာကယ ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လင်းရွှမ်ဖုန်း အပြင်သို့ ထွက်လာခဲ့သည်။
သူသည် တောက်ပသော နေရောင်အောက်တွင် အကြောဆန့်လိုက်ရင်း မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပျံ့နှံ့သွားခဲ့သည်။
သူသည် ယခုအခါ ထျန်းချင်းမသေမျိုးဂိုဏ်း၏ အပြင်တပည့် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ အဆင့်အတန်းမှာ အလွန် နိမ့်ကျနေသော်လည်း နောက်ဆုံးတွင် ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ ခြေချနိုင်ခဲ့ပြီ ဖြစ်သလို ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းလမ်းများကိုလည်း ရရှိခဲ့ပြီ ဖြစ်သည်။
အတိတ်မှ နောင်တများကို အစားထိုးရန် ကြိုးစားနေသဖြင့် အချိန်အများစုကို သိုင်းပညာ လေ့ကျင့်ရင်း ကုန်ဆုံးစေခဲ့သည်။
ယနေ့တွင်တော့ အနားယူရန်နှင့် နေပူစာလှုံရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ခြံဝင်းထဲရှိ ပန်းများနှင့် အပင်များကို ကြည့်ရင်း အပြုံးများ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
သူသည် အပြင်တပည့် တစ်ယောက် ဖြစ်လာခဲ့သော်လည်း၊ လင်းလင်ကျိုးမှာမူ ဆန္ဒ မပြည့်ဝခဲ့ချေ။ အကယ်၍ သူတို့မှာ ဆရာနှင့် တပည့် မဟုတ်ခဲ့လျှင် လင်လင်းကျိုးခင်မျာ ထျန်းချင်းမသေမျိုးဂိုဏ်းမှ နှင်ထုတ်ခံရပြီး ဖြစ်လိမ့်မည်။
ထျန်းချင်းမသေမျိုးဂိုဏ်းက တပည့်များကို ကျင့်ကြံခြင်း နည်းလမ်းများကို သီးသန့် လက်ဆင့်ကမ်းခြင်း မပြုရန် တားမြစ်ထားသဖြင့် လင်းလင်ကျိုးမှာမူ လင်းရွှမ်ဖုန်း ကျင့်ကြံခြင်းတွင် အောင်မြင်မှု ရရှိလာသည်နှင့်အမျှ သူ့အတွက်လည်း ကျင့်ကြံနိုင်မည့် အခွင့်အရေး တစ်ခု ရရှိရန် မျှော်လင့်ရင်း၊ အလုပ်ကြမ်းများကို ကူညီပေးရုံသာ တတ်နိုင်တော့သည်။
ဤဖြစ်ရပ်ကြောင့် လင်းရွှမ်ဖုန်းမှာ ကျင့်ကြံခြင်း လမ်းစဉ်၏ ရက်စက်မှုကို သဘောပေါက်သွားခဲ့ရသည်။
ဝိညာဉ်အမြစ် စမ်းသပ်မှုမှာ ကျင့်ကြံခြင်း လမ်းစဉ်၏ ပထမဆုံးသော အတားအဆီး ဖြစ်ပြီး ၎င်းသည် လူ ၉၀ ရာခိုင်နှုန်းကို ဟန့်တားထားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း သူသည် ဤအချက်ကြောင့် စိတ်ဓာတ်မကျခဲ့ဘဲ၊ လင်းလင်ကျိုး၏ မျှော်လင့်ချက်များကိုပါ ပခုံးထမ်း၍ ဆက်လက် လျှောက်လှမ်းရန် ဆုံးဖြတ်လိုက်သည်။
လင်းရွှမ်ဖုန်း အတွေးနက်နေစဉ်မှာပင် လင်းလင်ကျိုးမှာ ပခုံးထမ်းပိုး တစ်ခုကို ထမ်း၍ ခြံဝင်းအတွင်းသို့ ဝင်လာခဲ့သည်။
"ဆရာ..ဆရာ နောက်ဆုံးတော့ အပြင်ထွက်လာပြီပဲ... မသေမျိုး ကျင့်ကြံရတဲ့ အတွေ့အကြုံက ဘယ်လိုလဲ..."ဟု လင်းလင်ကျိုးက အပြုံးဖြင့် မေးလိုက်သည်။
အသက် တစ်ဆယ့်နှစ်နှစ် အရွယ်တွင် သူသည် ဝိညာဉ်အမြစ် စမ်းသပ်မှု၏ သက်ရောက်မှု မရှိပုံရဘဲ တောက်ပပြီး ရွှင်ပျနေဆဲပင် ဖြစ်သည်။
သူ အလွန်အမင်း စိတ်မကောင်း မဖြစ်ခဲ့ပေ။ သူ မသေမျိုးအဖြစ် ကျင့်ကြံနိုင်ခြင်း မရှိသော်လည်း၊လက်ရှိ ဘဝမှာ ယခင်ကထက် များစွာ ပိုမို ကောင်းမွန်နေပြီး စားဝတ်နေရေးအတွက် စိုးရိမ်စရာ မရှိတော့ချေ။
လင်းရွှမ်ဖုန်းနှင့် မတွေ့ဆုံမီက သူသည် ဆင်းရဲဒုက္ခများစွာဖြင့် ရှင်သန်ခဲ့ရသော မိဘမဲ့ကလေး တစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် ဆရာဖြစ်သူ၏ ဝိညာဉ်အမြစ်များအတွက် မနာလိုခြင်း မရှိဘဲ အမှန်တကယ် ဝမ်းသာပေးနေခဲ့ခြင်း ဖြစ်သည်။
"ကောင်းပါတယ်... အဲဒါက သိုင်းပညာနဲ့ တကယ်ကို ကွဲပြားခြားနားတယ်... ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံမှု အရှိန် မြန်၊ မမြန်ဆိုတာကိုတော့ ငါ မဆုံးဖြတ်နိုင်သေးဘူး... လောလောဆယ်တော့ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်ရဲ့ အဆင့်အတန်းကို မမြင်နိုင်သေးဘူး..."
လင်းရွှမ်ဖုန်းက ပြန်ဖြေလိုက်ပြီး၊ မသေမျိုး ကျင့်ကြံခြင်းအကြောင်း ပြောရသောအခါ သူ့မျက်နှာတွင် စိတ်အားထက်သန်မှုများ ပြန်လည် နိုးထလာခဲ့သည်။
လင်းလင်ကျိုးက မသေမျိုး ကျင့်ကြံခြင်းကို အလွန် စိတ်ဝင်စားသဖြင့် ထမ်းပိုးကို ချထားလိုက်ပြီး လင်းရွှမ်ဖုန်း၏ အနားသို့ လာကာ၊ မသေမျိုး ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အမျိုးမျိုးသော မေးခွန်းများကို စတင် မေးမြန်းတော့သည်။
လင်းရွှမ်ဖုန်းကလည်း ဗဟုသုတများကို ပွင့်လင်းစွာ ပြောပြခဲ့သည်။ ပညာရပ်များကို လင်းလင်ကျိုးအား လက်ဆင့်ကမ်း၍ မရသော်လည်း၊ ကျင့်ကြံခြင်းကို ကြိုတင် နားလည်ထားစေခြင်းက နောက်ပိုင်းတွင် ကျင့်ကြံမှုအတွက် အကျိုးရှိစေလိမ့်မည် ဖြစ်သည်။
ဆရာနှင့် တပည့်တို့မှာ အချိန်အတော်ကြာ စကားပြောခဲ့ကြပြီး သူတို့မှာ ပြောမကုန်နိုင်အောင် ရှိနေကြဆဲ ဖြစ်သည်။
ဝတ်စုံစိမ်းကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး ဓားပျံစီး၍ ရောက်ရှိလာမှသာ ဆရာနှင့် တပည့်တို့၏ စကားဝိုင်း အဆုံးသတ်သွားခဲ့သည်။
"သခင်မလေး ရွှန်းအာ..."
လင်းလင်ကျိုးက ဝတ်စုံစိမ်းနှင့် အမျိုးသမီးကိုတွေ့တော့ ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
မြေပြင်ပေါ်ဆင်းသက်ပြီးနောက် သခင်မလေးရွှန်းအာဟု သိကြသော ဝတ်စုံစိမ်းနှင့် အမျိုးသမီးက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် လင်းရွှမ်ဖုန်းကို ကြည့်ကာ၊ သူမ၏ ခါးမှ အပြာရောင် အဝတ်အိတ်လေး တစ်လုံးကို ထုတ်ပေး၍….
"ဒါတွေက နတ်သမီးက ရှင့်အတွက် ပြင်ဆင်ပေးထားတဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေပဲ... ဆေးလုံးတွေအပြင် မှော်ကျမ်းစာ တစ်အုပ်လည်း ပါတယ်... ကြိုးစားပြီး ကျင့်ကြံဖို့ မမေ့နဲ့ဦး..."
ပြောပြီးနောက သိုလှောင်အိတ်ကို လင်းရွှမ်ဖုန်းထံသို့ ပစ်ပေးလိုက်သည်။
လင်းရွှမ်ဖုန်းက ၎င်းကို လက်ခံရယူလိုက်ပြီး လျင်မြန်စွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
သခင်မလေး ရွှန်းအာက သူ့ကို စကားများများစားစား မပြောခဲ့ပေ။ သူမက လင်းလင်ကျိုးကို မေးခွန်း အနည်းငယ် မေးမြန်းပြီးနောက် ဓားပျံစီး၍ ထွက်ခွာသွားခဲ့သည်။
လေကဲ့သို့ လာပြီး လေကဲ့သို့ ပြန်သွားသော ဤသို့သော အမူအရာမျိုးမှာ လင်းလင်ကျိုးအတွက် လောကီလူသားများကြားရှိ မသေမျိုး တစ်ဦးကဲ့သို့ ထင်မှတ်ရပြီး သူ့ကို တောင့်တမှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။
လင်းလင်ကျိုး၏ အကြည့်ကြောင့် လင်းရွှမ်ဖုန်း၏ နှလုံးသားမှာ နာကျင်မှုကို ခံစားလိုက်ရသည်။
တစ်ခုခုကြောင့် လင်းရွှမ်ဖုန်းမှာ ချင်းရှောင်ဂိုဏ်းတွင် ထားရစ်ခဲ့သော တပည့် ခုနစ်ယောက်ကို ရုတ်တရက် သတိရသွားခဲ့သည်။
ချင်းချိုးနဲ့ တခြားသူတွေမှာ ဝိညာဉ်အမြစ်တွေ ရှိပါ့မလားလို့ ငါ တွေးမိတယ်...
ရှိလိမ့်မယ်လို့ ငါ ထင်တာပဲ...
တပည့် ခုနစ်ယောက်ကို လက်ခံခဲ့စဉ်က သူတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို စမ်းသပ်ခဲ့ရာ၊ သူတို့ တစ်ယောက်စီတိုင်းတွင် ကောင်းမွန်သော ခန္ဓာကိုယ် ရှိကြပြီး သိုင်းပညာအတွက် ကောင်းမွန်သော ကုန်ကြမ်းများ ဖြစ်ကြကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် မသေမျိုး လိုက်စားမှုကို အာရုံစိုက်နိုင်ရန်အတွက်၊ လီချင်းချိုး နောက်ပိုင်းတွင် သူ လက်ခံခဲ့သော တပည့်တိုင်းကို ဂရုတစိုက် ရွေးချယ်ခဲ့ပြီး လီချင်းချိုးအတွက် ဇနီးတစ်ယောက်ကိုပင် ရွေးချယ်ပေးခဲ့သေးသည်။
"ငါ သူတို့ကို တကယ် လွမ်းမိတယ်... သူတို့အားလုံး အဆင်ပြေကြဖို့နဲ့ ဘယ်သူမှ ငယ်ငယ်ရွယ်ရွယ်နဲ့ သေမသွားကြဖို့ ငါ မျှော်လင့်ပါတယ်..."
လင်းရွှမ်ဖုန်းမှာ တိတ်တဆိတ် တွေးတောနေမိပြီး အတွေးများမှာ အလွန် ဝေးကွာလှသော အရှေ့ဘက် အရပ်ဆီသို့ လွင့်ပျံနေခဲ့သည်။
နွေရာသီမှ ဆောင်းဦးသို့ ကူးပြောင်းလာသောအခါ လီချင်းချိုး၏ နေ့ရက်များ ပိုမို အေးအေးလူလူ ရှိလာခဲ့ပြီး၊ အချိန်အများစုကို ကျင့်ကြံရင်း ကုန်ဆုံးစေကာ ဝိညာဉ်အသိအာရုံအဆင့် ပဉ္စမအဆင့်သို့ ပိုပို၍ နီးကပ်လာခဲ့သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင်…..
ကျောက်တံခါး အပြင်ဘက်မှ ရှောင်ဝူချင်း၏ အသံ ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်... အကြီးအကဲ ရှန်ယွဲ့က အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်ကို တက်လှမ်းနေပါပြီ..."
၎င်းကို ကြားသောအခါ လီချင်းချိုး မျက်လုံးများကို ဖွင့်လိုက်ပြီး အလွန် အံ့အားသင့်သွားရသည်။
ရှန်ယွဲ့၏ ကျင့်ကြံမှု အရှိန်က အလွန် မြန်ဆန်လှ၏။ ၎င်းမှာ ထူးခြားသော ကျင့်ကြံခြင်း ပါရမီ ရှိသူများထက်ပင် ပိုမို မြန်ဆန်နေသကဲ့သို့ ခံစားရသည်။
ဓားဝိညာဉ် ကျင့်ကြံခြင်း နည်းလမ်း တိုးတက်သွားပြန်တာလား...
ဘာလို့ ငါ့ဆီ လာပြီး မပြောရတာလဲ...
"ငါ သိပြီ..."
လီချင်းချိုးက ပြန်ဖြေလိုက်ပြီး၊ ရှောင်ဝူချင်းက ကျောက်တံခါးကို ဦးညွှတ်လိုက်ကာ လှည့်ထွက်သွားခဲ့သည်။
လီချင်းချိုးက ရှန်ယွဲ့၏ အတိဒုက္ခကို ကြည့်ရန် ရည်ရွယ်ချက် မရှိပေ။
ရှန်ယွဲ့ဘက်က ကိုယ်ပိုင် အစပျိုးမှုဖြင့် သူ့ထံသို့ လာမည့် အချိန်ကို စောင့်ရန်သာ ဆုံးဖြတ်လိုက်သည်။
ရက်အနည်းငယ် အကြာတွင် ရှန်ယွဲ့ အမှန်တကယ်ပင် ရောက်ရှိလာခဲ့သည်။
"ဂိုဏ်းချုပ်... ကျုပ် အတိဒုက္ခကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါပြီ..."
ကျောက်တံခါး အပြင်ဘက်မှ ရှန်ယွဲ့၏ အသံ ထွက်ပေါ်လာပြီး၊ သူ့လေသံမှာ အရေးမကြီးသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်နေသည်။
ထ်ုစဉ် ကျောက်တံခါး ပွင့်သွားသဖြင့် ရှန်ယွဲ့က ခေါင်းကို မော့၍ ဂူအတွင်းသို့ လျှောက်လှမ်း ဝင်ရောက်လာခဲ့သည်။
ရှန်ယွဲ့က စားပွဲဆီသို့ လျှောက်သွား၍ ထိုင်လိုက်ရာ၊ ဓားနတ်ဘုရား တစ်ဦး၏ အမူအရာကို ပြည့်စုံစွာ ဖော်ပြနေသလိုပင်။
"နောက်ကျရင် ဘယ်လို နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံဖို့ စီစဉ်ထားလဲ..."
"ကျန်းကျောက်ရှားရဲ့ ရှန်းကျယ် ဓားသုံးလက်က ကျုပ်အကြိုက် မဟုတ်ဘူး... ဒါကြောင့် ကိုယ်ပိုင် နတ်ဘုရားစွမ်းရည် တစ်ခုကို ဖန်တီးမယ်..."
ဤလေသံမှာ သူ ကိုယ်ပိုင် နတ်ဘုရားစွမ်းရည် တစ်ခုကို ဖန်တီးပြီးသွားသကဲ့သို့ပင် ဖြစ်နေ၏။
" လမ်းညွှန်မှု အချို့ ပေးဖို့ လိုသလား..."
"မလိုဘူး..."
ရှန်ယွဲ့က လက်ကို ဝှေ့ယမ်း၍ ပြောလိုက်ရာ လီချင်းချိုးကလည်း ခေါင်းညိတ်၍ ပြန်တုံ့ပြန်လိုက်ပြီး
ချက်ချင်းပင် သူတို့ နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။
အတန်ကြာသော် ရှန်ယွဲ့မှာ မနေနိုင်တော့ဘဲ မေးလိုက်လေတော့သည်။
"ဂိုဏ်းချုပ် …ကျုပ်ကို ဂရုမစိုက်ဘူးလား..."
"စောစောက ခင်ဗျားပဲ ဂရုမစိုက်ဘူးနဲ့ဆို..."
" ကောင်းကင်မိုးကြိုး ဘယ်နှစ်ချက် ကြံ့ကြံ့ခံခဲ့ရလဲဆိုတာလောက်တော့ မေးသင့်တာပေါ့..."
"အဲဒါ မလိုပါဘူး... အဲဒီထဲက ဘယ်နှစ်ချက်က ကျုပ်ထက် သာမှာမလို့လဲ..."
"..."
ထိုအခါ ရှန်ယွဲ့၏ မျက်နှာထား ချက်ချင်းပင် မည်းမှောင်သွားပြီး မတ်တပ် ထရပ်၍ ထွက်ခွာသွားလုနီးပါး ဖြစ်သွားခဲ့တော့သည်။