ဟွမ်ယွမ်ကျမ်းစာကို လေ့လာခြင်း
Vol. 27 Ch. 267
"ကျုပ် ကောင်းကင်မိုးကြိုး လေးဆယ့်သုံးချက် ကြံ့ကြံ့ခံခဲ့တယ်... အဲဒါက ကျောက်ကျိန်းထက် တစ်ချက် ပိုများတယ်..."
ရှန်ယွဲ့က အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။
လီချင်းချိုးက သူ့ရဲ့ စွမ်းဆောင်ချက်ကို သေချာပေါက် သိထားမည် ဖြစ်သော်လည်း ဤကိစ္စကို ရှင်းလင်းစွာ ပြောပြရန် လိုအပ်ပြီး ဖုံးကွယ်မထားနိုင်ပေ။
လီချင်းချိုးက မျက်ခုံးပင့်လိုက်ပြီး ရှန်ယွဲ့ကို အပေါ်အောက် အကဲခတ်လိုက်သည်။
ဤအဘိုးကြီးမှာ သာမန်လူ မဟုတ်ကြောင်း သူ ပို၍ ခံစားလာရသည်။
ကိုယ်ရေးအချက်အလက်များကို ကြည့်မည်ဆိုလျှင် ရှန်ယွဲ့၏ပါရမီက ကျောက်ကျိန်းလောက် မကောင်းပေ။ သူသည် မသေမျိုးဖြစ်အောင် ကျင့်ကြံခြင်းကို နောက်ကျမှ စတင်ခဲ့သော်လည်း စတင်လိုက်သည်နှင့် တစ်ပြိုင်နက် အရှိန်အဟုန်မှာ အားအကောင်းဆုံး ဖြစ်နေ၏။
"ရှန်ယွဲ့... ခင်ဗျားက တကယ်ကို အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်ပါပဲ... ခင်ဗျားက ကျွန်တော် အမြဲ သတ်မှတ်ထားတဲ့အတိုင်း ဂိုဏ်းမှာ ဒုတိယ အကောင်းဆုံးသူပဲ... ခင်ဗျားက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ပြိုင်ဘက်လို့ ကျွန်တော် အမြဲ ခံစားရတယ်..."ဟု လီချင်းချိုးက ရိုးသားစွာ ချီးကျူးလိုက်သည်။
ဤစကားကို ကြားသောအခါ ရှန်ယွဲ့မှာ အလွန် ဝမ်းသာသွားသော်လည်း မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မပြဘဲ နေလိုက်၏။
"မင်း ဒီစကားကို လူအများကြီးကို ပြောဖူးမှာပေါ့..."
"လူတိုင်းက ဒီစကားတွေကို ခံနိုင်ရည် မရှိပါဘူး... သေချာ စဉ်းစားကြည့်လေ... အကယ်၍ ဒီစကားတွေကို တခြားသူတွေကို ကျွန်တော် ပြောခဲ့ရင် ဘယ်နှစ်ယောက်က ယုံမှာလဲ..."
လီချင်းချိုးက လေးနက်သော အမူအရာဖြင့် ပြန်လည် ချေပလိုက်ပြီး မျက်လုံးများက ရှန်ယွဲ့ကို စူးစိုက်ကြည့်နေ၏။
ရှန်ယွဲ့၏ နှုတ်ခမ်းများက ကွေးတက်သွားသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ကာ……
"ငါက ကလေးလေး မဟုတ်ဘူး... မင်းရဲ့ လှည့်စားမှုကို ခံရမှာ မဟုတ်ဘူး... ဒီနေ့ မင်းကို ဒီအကြောင်းတွေ ပြောပြရတဲ့ အကြောင်းရင်းက နောင်ကျရင် ဂိုဏ်းမှာ အရေးကြီးတဲ့ တာဝန်တွေ ရှိရင် ငါ့ကို ထည့်စဉ်းစားလို့ ရတယ်ဆိုတာ မင်းကို သိစေချင်လို့ပဲ... ငါ့ရဲ့ အရိုးအိုကြီးတွေကို လှုပ်ရှားပေးဖို့ အချိန်တန်ပြီ..."
ဒီလောက်တောင် တက်ကြွနေတာလား။
ရှန်ယွဲ့က စစ်မှန်သောသခင်ကြီး ဆယ်ပါး နေရာကို ရည်မှန်းနေကြောင်း လီချင်းချိုး၏ အလိုအလျောက် သိစိတ်က ပြောပြနေသည်။
စစ်မှန်သောသခင်ကြီး ဆယ်ပါး ရွေးချယ်မှုသည် စွမ်းအားအပေါ်တွင်သာမက ဂိုဏ်းအပေါ် သူတို့၏ ပံ့ပိုးမှုများအပေါ်တွင်လည်း မူတည်သည်။
သေချာသည်မှာ သူ ဤအချက်ကို မြင်နေသော်လည်း ဖွင့်ပြော၍ မရချေ။ ဤသည်မှာ ဂိုဏ်းချုပ် တစ်ယောက်၏ အခြေခံ အရည်အသွေး ဖြစ်ပြီး တပည့်များ၏ အပြုသဘောဆောင်သော ပံ့ပိုးမှုများ ပြုလုပ်လိုသည့် စိတ်အားထက်သန်မှုကို မဖျက်ဆီးနိုင်ပေ။
လီချင်းချိုးက တွေးတောလိုက်ပြီး….
"လွန်ခဲ့တဲ့ အချိန်အနည်းငယ်ကမှ တစ္ဆေတွေနဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့ တတိယညီလေးကို တောင်အောက် စေလွှတ်လိုက်တယ်... လောလောဆယ် ခင်ဗျားမှာ လုပ်စရာ ကြီးကြီးမားမား တာဝန်တွေ မရှိသေးဘူး... အကယ်၍ တစ်ခုခု လုပ်ချင်တယ်ဆိုရင် ဓားဂိုဏ်းက တပည့်တွေကို ကျင့်ကြံပေးဖို့ ဘာလို့ အာရုံမစိုက်တာလဲ..."
ကျန်းကျောက်ရှား တောင်အောက်ဆင်းသွားကြောင်း ကြားရသောအခါ ရှန်ယွဲ့က မျက်ခုံးပင့်လိုက်ပြီး…..
"ကောင်းပြီလေ... ဒါဆို ငါ ဓားဂိုဏ်းက တပည့်တွေကို သေချာ သင်ပေးပြီး သူတို့ကို အခြား ခန်းမရှစ်ခုက တပည့်တွေထက် ပိုအစွမ်းထက်လာအောင် ကြိုးစားပေးမယ်..."
ဤစကားကို ပြောပြီးနောက် သူ ထရပ်ကာ လီချင်းချိုးကို အရိုအသေပေးလိုက်ပြီး လှည့်ထွက်သွားတော့သည်။
"လက်ဖက်ရည်တောင် မသောက်တော့ဘူးလား…..."
" မသောက်တော့ဘူး... နောက်တစ်ခါ လာမှ သောက်တော့မယ်..."
ရှန်ယွဲ့၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ လီချင်းချိုး နှုတ်ခမ်းမဲ့လိုက်မိသည်။
"နောက်တစ်ခါ လက်ဖက်ရည်လာသောက်ချင်သေးတယ်ပေါ့..."
ဘယ်သူကမှ ခင်ဗျားကို အဲဒီလောက် အရေးပေးမှာ မဟုတ်ဘူး...
ဂူ၏ ကျောက်တံခါး ထပ်မံ ပိတ်သွားသောအခါ လီချင်းချိုး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။
ဂိုဏ်းတွင် ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ နောက်တစ်ဦး တိုးလာခြင်းက ကြီးမားသော ဝမ်းမြောက်စရာပင် ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းသည် လောလောဆယ်တွင် ချက်ချင်း အန္တရာယ် မရှိသော်လည်း တစ္ဆေဘုရင်တောင်ကြားနှင့် မြောက်ဘက်ရှိ မိစ္ဆာနယ်မြေများမှာ အလားအလာရှိသော ခြိမ်းခြောက်မှုများ အဖြစ် ရှိနေဆဲ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ရန်သူ အနားရောက်လာမှ ဂိုဏ်းမှ တပည့်များကို အစွမ်းထက်လာအောင် အတင်းအကျပ် လုပ်ခိုင်း၍ မရချေ။
ဆယ်နှစ်အကြာတွင် စစ်မှန်သောသခင်ကြီး ဆယ်ပါး အားလုံးမှာ ဝိညာဉ်အသိအာရုံအဆင့်တွင် ရှိနေပြီး ဝိညာဉ်အသိအာရုံအဆင့်သည် ချင်းရှောင်ဂိုဏ်း၏ အဓိက တိုက်ခိုက်ရေး အင်အားစု ဖြစ်လာရန် လီချင်းချိုး မျှော်လင့်နေပေတော့သည်။
...
ရှန်ယွဲ့ အတိဒုက္ခကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီး ဝိညာဉ်အသိအာရုံအဆင့်သို့ ဝင်ရောက်သွားခြင်းက ဂိုဏ်းကို တုန်လှုပ်သွားစေခဲ့ပြီး တပည့်အားလုံးကို စိတ်အားတက်ကြွစေခဲ့သည်။
ရှန်ယွဲ့အကြောင်း ပြောရလျှင် သူသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သသဖြင့် ရှန်ယွဲ့၏ဇာတ်လမ်းက တပည့်များကို လှုံ့ဆော်ပေးနိုင်သည်။
သူ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာချိန်တွင် အသက် အတော်လေး ကြီးနေပြီ ဖြစ်သည်။ သူသည် ချင်းရှောင်ဂိုဏ်းမှ တပည့်များ၏ အဆက်မပြတ် ကျော်တက်ခြင်းကို ခံရမည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အခြေအနေမှာ ထိုသို့ မဟုတ်ခဲ့ချေ။
သူသည် လူငယ် ပါရမီရှင်များထက်ပင် ပိုမို မြန်ဆန်သော ကျင့်ကြံမှု အရှိန်ကို ပြသနိုင်ခဲ့သည်။
တပည့်များမှာ ရှန်ယွဲ့၏ ထူးခြားသော အရည်အချင်းများကို အံ့သြနေကြစဉ် နောက်ထပ် ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူမှာ မည်သူ ဖြစ်လာမည်နည်းဟုလည်း တွေးတောနေကြသည်။
ဆောင်းဦးနှောင်းပိုင်းတွင် ထိုက်ခွန်းတောင်တန်းများမှာ ညှိုးရော်နေသော အရွက်ဝါများဖြင့် ဖုံးလွှမ်းနေပြီး တစ်မူထူးခြားသော အလှတရား တစ်ခုကို ဖန်တီးပေးနေ၏။
ချောက်ကမ်းပါးပေါ်တွင်…..
လီချင်းချိုးက ချောက်ကမ်းပါး အစွန်းတွင် ဓားသိုင်း လေ့ကျင့်နေပြီး ကျင်းလန်(ရွှေသူငယ်)က သူ့ ခြေအောက်တွင် ဓားသိုင်း လေ့ကျင့်နေသည်။
ယွင်ချိုင်၊ ရှောင်ညီနောင်သုံးဖော်၊ ဟူယန်၊ လီရှို့ကျန်းနှင့် လီရှို့မင်တို့မှာ နောက်ဘက်ရှိ တောင်စောင်းတွင် တရားထိုင်နေကြသည်။
ဓားသိုင်း လေ့ကျင့်နေစဉ် လီချင်းချိုးက ရှန်းကျယ် ဓားသုံးလက် ကို တွေးတောနေခဲ့သည်။
ဤနတ်ဘုရားစွမ်းရည်က မိစ္ဆာကြီးကို သတ်ဖြတ်ရန် ကူညီပေးခဲ့သဖြင့် သူ့ကို အလွန် ကျေနပ်စေခဲ့၏။ သူသည် အကြိမ်တစ်ထောင်သန့်စင်ခြင်း ကံကြမ္မာကို ပိုင်ဆိုင်ထားသဖြင့် အားထုတ်မှုများ အချည်းနှီး ဖြစ်မည် မဟုတ်ကြောင်း သိကာ ဆက်လက် တွန်းအားပေးရန် ဆုံးဖြတ်လိုက်သည်။
ရုတ်တရက်….
ယွင်ချိုင်က လီချင်းချိုး၏ အနောက်သို့ရောက်လာပြီး…..
"ဂိုဏ်းချုပ်... ကျွန်မ ဂိုဏ်းချုပ်ကို မေးချင်တာလေး တစ်ခု ရှိလို့ပါ..."
"ပြောလေ..."
"ဟွမ်ယွမ်ကျမ်းစာမှာ အထူးတလည် အစွမ်းထက်တဲ့ အပိုင်းတွေ မရှိပေမဲ့ မတူညီတဲ့ မူလချီ အမျိုးအစားတွေကို လွှမ်းခြုံနိုင်ပြီး ဟွမ်ယွမ်ကျမ်းစာကနေ ကျင့်ကြံထားတဲ့ မူလချီက အသန့်စင်ဆုံး ဖြစ်တယ်ဆိုတာကို ကျွန်မ တွေ့ရှိခဲ့တယ်... ကျွန်မ ကိုယ်တိုင် ဖန်တီးထားတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေက ဟွမ်ယွမ်ကျမ်းစာနဲ့ မယှဉ်နိုင်ဘူး..."
ဟွမ်ယွမ်ကျမ်းစာကို လေ့ကျင့်သည့်အခါ သိသိသာသာ ထူးခြားမှု တစ်စုံတစ်ရာကို ခံစားရမည် မဟုတ်သော်လည်း အခြားသော နည်းလမ်းများကို လေ့ကျင့်လိုက်သည်နှင့် သိသာထင်ရှားသော ကွာခြားချက်ကို သတိပြုမိလိမ့်မည် ဖြစ်သည်။
"အဓိပ္ပာယ် မရှိတာ... ငါ မင်းကို သင်ပေးတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေက ဘယ်လိုလုပ် အောက်တန်းကျနိုင်မှာလဲ... ဟွမ်ယွမ်ကျမ်းစာက ချင်းရှောင်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ပဲ... အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန်သွားပါစေ ဒီအချက်က ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး..."
လီချင်းချိုးက သူ့နှလုံးသားထဲတွင် ဟွမ်ယွမ်ကျမ်းစာမှာ အကောင်းပြည့်စုံဆုံးသော ကျင့်ကြံခြင်း နည်းလမ်း ဖြစ်သည်ဟု ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
ဟွမ်ယွမ်ကျမ်းစာတွင အစောပိုင်း အဆင့်များ၌ မည်သည့် မန္တန်များ သို့မဟုတ် အထူး စွမ်းအင်များမျှ မပါဝင်သော်လည်း၊ ၎င်းသည် အခိုင်မာဆုံးသော အခြေခံအုတ်မြစ်ကို ချထားပေးနိုင်သည်။
ထို့အပြင် လူတစ်ဦး၏ ပါရမီ မည်မျှပင် ညံ့ဖျင်းပါစေ ဟွမ်ယွမ်ကျမ်းစာကို ဆက်လက် ကျင့်ကြံနေသရွေ့ မူလချီကို အမြဲတမ်း ကျင့်ကြံနိုင်ပုံရကြောင်းကို သူ တွေ့ရှိခဲ့သည်။ ၎င်းမှာ အံ့သြဖွယ်ကောင်းလှပြီး မိုးပြာနဂါးနယ်မြေရှိ မသေမျိုး ကျင့်ကြံရေးဂိုဏ်းများတွင် ဤသို့သော နည်းလမ်းမျိုးမရှိဟု သူ ယုံကြည်သည်။
ဟွမ်ယွမ်ကျမ်းစာ၏ မူလအမည်မှာ ဤစကားလုံး လေးလုံး မဟုတ်ဘဲ ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ ဖြစ်သည်။
လူတစ်ဦး၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ ထိုက်ချင်း ဟွမ်ယွမ်ကျမ်းစာမှာ ပို၍ ရှုပ်ထွေးလာသည်။ဥပမာအားဖြင့် လီချင်းချိုးသည်ပင် အဆင့်ငယ်တစ်ခုကို ချိုးဖျက်နိုင်တိုင်း စိတ်နှလုံးကျင့်ကြံခြင်းနည်းလမ်း အသစ်ကို နားလည်သဘောပေါက်ရန် အချိန်ယူရသည်။
"ဟွမ်ယွမ်ကျမ်းစာက အစွမ်းအထက်ဆုံး ကျင့်ကြံခြင်း နည်းလမ်း ဖြစ်နိုင်မလား...
"ဖြစ်နိုင်တယ်... ဒါပေမဲ့ ဒါကို သိတာက မင်းအပေါ် ဘယ်လို သက်ရောက်မှု ရှိလို့လဲ... မင်းက ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံနေတာ မဟုတ်ဘူးလား..."
"ကျွန်မ ဟွမ်ယွမ်ကျမ်းစာကို လေ့လာဖို့ စီစဉ်နေတယ်...ဒီနည်းလမ်းကနေတစ်ဆင့် မှော်ပညာရပ်တွေကို ကျွန်မ နားလည်နိုင်ကောင်း နားလည်နိုင်လိမ့်မယ်... ဂိုဏ်းချုပ်... ဘယ်လို ထင်လဲ..."
သူမ အချိန်အတော်ကြာ ကျင့်ကြံလာခဲ့ပြီးနောက် သူမ၏ နားလည်နိုင်စွမ်းက အံ့မခန်း ဖြစ်ကြောင်း တဖြည်းဖြည်း တွေ့ရှိလာခဲ့သည်။ သူမ စတင် ကျင့်ကြံစဉ်က သူမ၏ နားလည်နိုင်စွမ်းမှာ အခြား ပါရမီရှင်များလောက် မကောင်းခဲ့သော်လည်း သူမ ဆက်လက် ကြိုးစားနေသရွေ့ သူမ၏ အောင်မြင်မှုများမှာ အခြားသူများနှင့် မယှဉ်နိုင်အောင် ရှိနေမည် ဖြစ်သည်။
ဤစကားကို ကြားသောအခါ လီချင်းချိုးက ဓားသိုင်းလေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်သည်။
အကြိမ်တစ်ထောင်သန့်စင်ခြင်း နည်းလမ်းကို ဟွမ်ယွမ်ကျမ်းစာတွင် အသုံးပြုသင့်သလား….
လီချင်းချိုးက ယွင်ချိုင်ကို တစ်ချက် ကြည့်လိုက်ပြီး ဤမိန်းကလေးမှာ အဆုံးအစမဲ့ အလားအလာရှိသော လမ်းစဉ်တစ်ခုကို ရှာတွေ့သွားကြောင်း ခံစားလိုက်ရသည်။
"မင်း စမ်းကြည့်လို့ ရပါတယ်..."
ယွင်ချိုင်က ခေါင်းညိတ်လိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် လက်မြှောက်ပြကာ သူမ၏ ပညာများကို ဆက်လက် လေ့ကျင့်ရန် ပြန်သွားခဲ့လေသည်။
လာမည့်နှစ်တွင် ဒုတိယအကြိမ် ဓမ္မညီလာခံပြိုင်ပွဲ ကျင်းပမည် ဖြစ်ပြီး ဂိုဏ်းမှ လူငယ် တပည့်များအားလုံး အသက်ရှူအောင့်၍ စောင့်မျှော်နေကြရာ ယွင်ချိုင်သည်လည်း ထိုအထဲမှ တစ်ဦး ဖြစ်သည်။
ယွင်ချိုင်သည် ယခုအခါ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်တွင်ရှိနေပြီ ဖြစ်သည်။ ပထမအကြိမ် တိုက်ခိုက်ရေး ပြိုင်ပွဲတွင် ရွှီနင်းနှင့် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေး တစ်ခု ရှိခဲ့လိမ့်မည်။ သို့သော်လည်း ဒုတိယအကြိမ် ပြိုင်ပွဲတွင် သူမ မည်မျှအထိ ရောက်နိုင်မည်ကို လီချင်းချိုး မသေချာချေ။
လက်ရှိတွင် ဂိုဏ်း၌ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေသော တပည့် အယောက်နှစ်ဆယ် ရှိသည်။ သူတို့ထဲမှ အများစုမှာ အရင်းအမြစ်များ အလုံးအရင်းဖြင့် ပံ့ပိုးပေးထားသော မြင့်မြတ်သည့် မိသားစုများမှ ပြုစုပျိုးထောင်ပေးထားသည့် ပါရမီရှင်များ ဖြစ်ကြပြီး သူတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို လျှော့တွက်၍ မရချေ။
ထို့အပြင် တပည့် ငါးဦးမှာ အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဤငါးဦးမှာ သိုင်းပညာ ပြိုင်ပွဲတွင် သေချာပေါက် အားကောင်းသော အင်အားစုတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ဤအချက်ကို တွေးမိသောအခါ လီချင်းချိုးသည်လည်း လာမည့်နှစ်၏ မှော်ပညာရပ် အားပြိုင်မှုကို စတင် မျှော်လင့်လာတော့သည်။
တစ်ပြိုင်နက်တည်းမှာပင်…..
ဓားဂိုဏ်း အနောက်ဘက်ရှိ ချောက်ကမ်းပါးပေါ်တွင် ရှန်ယွဲ့က အထီးကျန်ဓား၏ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးနေ၏။
အထီးကျန်ဓားက ချောက်ကမ်းပါး အစွန်းတွင် ထိုင်နေပြီး ဓားဆန္ဒများ အလိုအလျောက် ထွက်ပေါ်နေကာ ဆံပင်များပင် လေထဲတွင် လွင့်လူးနေသည်။
"ဓမ္မညီလာခံ စတင်တဲ့အချိန်ကျရင် မင်းရဲ့ ကျင့်ကြံမှုက အများဆုံး မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်ကိုပဲ ရောက်လိမ့်မယ်... ဒီအချက်က မင်း ပထမရမယ်လို့ အာမမခံနိုင်ဘူး... မင်း ယုံကြည်နိုင်တဲ့ တစ်ခုတည်းသောအရာက မင်းရဲ့ ဓားဆန္ဒပဲ... မင်းရဲ့ ဓားဆန္ဒက တစ်မူထူးခြားတယ်... အဲဒါက မင်း မွေးကတည်းက ပါလာတဲ့ စွမ်းအားတစ်ခုပဲ... အဲဒီမှာ ထုတ်မသုံးရသေးတဲ့ စွမ်းအားတွေ အများကြီး ရှိနေသေးတယ်... မင်းရဲ့ ဓားဆန္ဒကို ဘယ်လို အပြည့်အဝ အသုံးချရမလဲ ဆိုတာကို အခု သေချာ စဉ်းစားဖို့ လိုတယ်..."
ရှန်ယွဲ့က အထီးကျန်ဓား၏ အနောက်တွင် မတ်တတ်ရပ်ကာ လက်များကို နောက်ပစ်ထားပြီး ဓားနတ်ဘုရား တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်ရင်း ညင်သာစွာ ပြောလိုက်သည်။
အထီးကျန်ဓားသည် ကျန်းကျောက်ရှား၏ တပည့် ဖြစ်သော်လည်း ဓားဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်လည်း ဖြစ်သည်။ ရှန်ယွဲ့က တိုက်ခိုက်ရေး ပြိုင်ပွဲတွင် သူ ဓားဂိုဏ်းအတွက် ဂုဏ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေ၏။ အကယ်၍ သူ ဂုဏ်ဆောင်လိုပါက ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင်ရုံဖြင့် မလုံလောက်ချေ။
အထီးကျန်ဓားက ပြန်မဖြေခဲ့သော်လည်း ဓားဆန္ဒကတော့ သိသိသာသာ ပိုမို အားကောင်းလာခဲ့သည်။
ရှန်ယွဲ့၏ လမ်းညွှန်မှုကို လိုက်နာရင်း သူသည် ကိုယ်ပိုင် ဓားဆန္ဒနှင့် ပိုမို နီးကပ်သော ဆက်သွယ်မှု တစ်ခုကို တည်ဆောက်ခဲ့ပြီး အသိအာရုံကို ဓားဆန္ဒထဲသို့ ဝင်ရောက်ခွင့်ပြုရန် ကြိုးစားခဲ့သည်။
အထီးကျန်ဓား တစ်ယောက်တည်းသာ မဟုတ်ဘဲ ယွမ်လီ၊ ကျိယာ၊ ကျန်းဖိန်၊ လုချင်း၊ ဟန်လန်၊ ကူးချန်ဖိန်၊ ကျူးရွှမ်ယန် နှင့် အခြားသူများလည်း တိုက်ပွဲအတွက် တက်ကြွစွာ ပြင်ဆင်နေကြသည်။
ယခင် ပြိုင်ပွဲမှ ထိပ်ဆုံး သုံးယောက်မှလွဲ၍ ယခင်က ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင်ခဲ့သော တပည့်များ အားလုံးကလည်း သူတို့ကိုယ်သူတို့ ထပ်မံ သက်သေပြလိုကြသည်။
သူတို့ ရှိနေခြင်းက ပြိုင်ပွဲတွင် တစ်ခါမှ မပါဝင်ဖူးသော ပါရမီရှင်များကိုလည်း ဖိအားပေးခဲ့သည်။ နောက်ဆုံးတွင် ကျင့်ကြံခဲ့သည့် နှစ်များ၏ ကွာခြားချက်ကို လျစ်လျူရှု၍ မရနိုင်ချေ။
နေ့ရက်များ ကုန်လွန်သွားပြီးဆောင်းဦးမှ ဆောင်းရာသီသို့ ကူးပြောင်းလာသောအခါ ချင်းရှောင်ဂိုဏ်းသည် ကြီးကျယ်သော အခမ်းအနား တစ်ခုကို စတင်တော့မည် ဖြစ်သည်။
ဧကရာဇ် လျူကျင်းက ချင်းရှောင်တောင် တစ်ဝက်ခန့်တွင် ကောင်းကင်ဘုံသို့ ယဇ်ပူဇော်မည် ဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် မင်းဆက်၏ ခေတ်သစ် အမည်ကို သတ်မှတ်မည် ဖြစ်သည်။ ဤသည်မှာ ကမ္ဘာကြီး၏ ကြီးကျယ်ခမ်းနားသော အဖြစ်အပျက် တစ်ခု ဖြစ်လာမည် ဖြစ်သည်။
ထို့ကြောင့် တောင်ခြေရှိ ရွမ်ရှန်းမြို့လေးတွင် စည်ကားလာခဲ့ပြီး သမိုင်းတွင် မှတ်တမ်းတင်ခံရမည့် ဤအခိုက်အတန့်ကို မြင်တွေ့နိုင်ရန် နိုင်ငံတစ်ဝန်းမှ မြင့်မြတ်သော မိသားစုများနှင့် အဆင့်မြင့် အရာရှိများ အုံ့အုံ့ကျက်ကျက် ရောက်ရှိလာကြသည်။
လီချင်းချိုးက ဤကိစ္စတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုဘဲ ကျန်းယွီချွန်းကိုသာ နန်းတွင်းမှ လူများနှင့် ဆက်သွယ်ခိုင်းခဲ့သည်။ ဤသည်မှာ သူ အလွန် သဘောကျသော အရာဖြစ်ပြီး အာဏာ၏ အံ့ဖွယ် အရသာကို သူ ခံစားနိုင်သည်။
………………………..
ပိုင်ယွီထျန်းသည် သစ်တောအစွန်းတွင် မတ်တတ်ရပ်ကာ အဝေးရှိ သိုင်းပညာစင်မြင့်ကို ငေးကြည့်နေ၏။ စင်မြင့်ပေါ်တွင် တပည့်နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး အောက်တွင် ပရိသတ် နှစ်ရာ၊ သုံးရာခန့် စုဝေးနေကြသည်။
"အရမ်း အံ့သြစရာကောင်းတာပဲ..."
ပိုင်ယွီထျန်းက တပည့်နှစ်ဦး၏ မန္တန်များကို မျက်လုံးပြူးကာ စိုက်ကြည့်နေပြီး အလိုအလျောက် ပါးစပ်ဟနေမိတော့သည်။
ဤတပည့်နှစ်ဦးမှာ အထူးတလည် နာမည်ကြီးသူများ မဟုတ်သော်လည်း သူတို့ ပြသသော စွမ်းအားက ပိုင်ယွီထျန်းကို အံ့အားသင့်စေခဲ့သည်။ ဖုန်းရှားတောင်မှ လူအားလုံး ပေါင်းလိုက်လျှင်တောင် သူတို့ကို ယှဉ်နိုင်မည် မဟုတ်ဟု သူ ခံစားလိုက်ရသည်။
"ဒီချင်းရှောင်ဂိုဏ်းက တကယ်ကို ထူးခြားတယ်... ဒီတပည့်တွေက ချီကို စုပ်ယူရုံတင် မကဘူး၊ မှော်ပညာရပ်တွေကိုလည်း ကျင့်ကြံကြတယ်... မှော်ပစ္စည်းတွေကိုတောင် အသုံးပြုနိုင်သေးတယ်... ချင်းရှောင်ဂိုဏ်းက ကျင့်ကြံခြင်း လမ်းစဉ်ပေါ်ကို ရောက်ရှိလာတာ အနှစ်နှစ်ဆယ်တောင် မပြည့်သေးဘူးဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်တယ်..."
အနက်ရောင်လက်၏ အသံက ပိုင်ယွီထျန်း၏ နားထဲတွင် ထွက်ပေါ်လာပြီး စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
"ရှောင်ဟေး... မင်းရဲ့ ချင်းရှောင်ဂိုဏ်းအပေါ် အမြင်က ပိုပိုပြီး မြင့်လာတယ်ဆိုတာ ငါ သတိထားမိတယ်..."
ပိုင်ယွီထျန်းက လှောင်ပြောင်သည့် လေသံဖြင့် တီးတိုး ရယ်မောလိုက်သည်။
"ငါ ဒီကို လာတာက ချင်းရှောင်ဂိုဏ်းကို စပ်စုချင်လို့ လာခဲ့တာလေ..."
"ဒါဆို မင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန်က ဘာလဲ..."
ပိုင်ယွီထျန်းက မနေနိုင်တော့ဘဲ ထပ်မေးလိုက်ပြန်သည်။ အနက်ရောင်လက်မှာ အလွန် လျှို့ဝှက်ဆန်းကြယ်လွန်းလှ၏။ ၎င်း၏ အသွင်အပြင်အရ မိစ္ဆာ သို့မဟုတ် မကောင်းဆိုးဝါး တစ်ကောင်နှင့် တူသော်လည်း ၎င်းနှင့် အချိန်ဖြတ်သန်းပြီးနောက် အနက်ရောင်လက်မှာ ပုံမှန်လူ တစ်ယောက် ဖြစ်သည်ဟု သူ ခံစားလာရသည်။
၎င်းကို ယခုအခြေအနေသို့ ရောက်ရှိသွားစေသည့် ရှောင်လွှဲ၍ မရနိုင်သော အကြောင်းရင်းများ ရှိကောင်း ရှိနိုင်ပေသည်။
"မင်း နည်းနည်းသိလေ မင်းအတွက် ပိုကောင်းလေပဲ... မင်းရဲ့ ဂိုဏ်းချုပ်က တစ္ဆေမှော်ပညာရပ်တွေကို ကျွမ်းကျင်ပြီး မင်းရဲ့ ဝိညာဉ်ကို ရှာဖွေပြီး မင်းရဲ့ မှတ်ဉာဏ်တွေကို စူးစမ်းနိုင်တယ်... အကယ်၍ မင်းက ငါ့ရဲ့ ဇာစ်မြစ်ကို သိနေရင် မင်းက အပြစ်ရှိသူ ဖြစ်သွားပြီး ဘယ်လိုမှ ရှင်းပြလို့ရတော့မှာမဟုတ်ဘူး..."
အနက်ရောင်လက်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ရာ ၎င်း၏ လေသံမှာ အနည်းငယ် ပျင်းရိနေပုံရ၏။
ပိုင်ယွီထျန်းက နှုတ်ခမ်းဆူလိုက်ပြီး အနက်ရောင်လက် ပြောသည်မှာ မှန်ကန်သည်ဟု တွေးကာ သိုင်းပညာစင်မြင့်ဆီသို့ ပြန်လှည့်လိုက်သည်။
ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် သူ ထွက်သွားတော့မည့်ဆဲဆဲတွင် အံ့သြတကြီး အော်ဟစ်သံ တစ်ခုကို သူ ကြားလိုက်ရသည်။
"စီနီယာအစ်မ ယွင်ချိုင် ရောက်လာပြီဟေ့..."
ယွင်ချိုင်….
သူမသည် ဂိုဏ်းချုပ် ကိုယ်တိုင် ပြုစုပျိုးထောင်ပေးထားသည့် ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်ပြီး အဆင့်တူ ကျင့်ကြံသူများကြားတွင် တစ်ခါမှ မရှုံးဖူးဟု ဆိုကြသည်။
ပိုင်ယွီထျန်းက ယွင်ချိုင်ကို အလွန် စပ်စုချင်စိတ် ဖြစ်ပေါ်လာပြီး သူမကို မျက်စိဖြင့် လိုက်ရှာကြည့်လိုက်သည်။
မကြာမီ သူ့အကြည့်များက ယွင်ချိုင်အပေါ်သို့ ရောက်ရှိသွားပြီး စင်မြင့်ပေါ်သို့ သူမ လျှောက်လှမ်းလာသည်ကို ကြည့်နေလိုက်သည်။
ရုတ်တရက်….
ယွင်ချိုင်က ခေါင်းလှည့်လာပြီး သူမ၏ အကြည့်များကို ပိုင်ယွီထျန်းအပေါ် အာရုံစိုက်လိုက်၏။ အကွာအဝေး တစ်ခုမှ အကြည့်ချင်းဆုံသွားကြရာဝယ် ပိုင်ယွီထျန်း၏ နှလုံးသားကို တုန်လှုပ်သွားစေတော့သည်။