← Chapters

ကံကြမ္မာများ ထိပ်တိုက်တွေ့ခြင်း

Vol. 27 Ch. 268

ကံကြမ္မာများ ထိပ်တိုက်တွေ့ခြင်း

Vol. 27 Ch. 268

​"သူ ငါတို့ကို မြင်သွားတာလား..."

​ပိုင်ယွီထျန်းက လန့်ဖျပ်ကာ မျက်လွှာချလိုက်ပြီး စိတ်ထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။

ယွင်ချိုင်၏ အကြည့်များမှာ သူ့ကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ အလွန် စူးရှလှသဖြင့် သူ့ကို အလိုအလျောက် ကြောက်ရွံ့သွားစေခဲ့သည်။

​"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်တောင် ရှိလို့လဲ... ငါ ရှိနေတာကို တစ်ချက်ကြည့်ရုံနဲ့ မမြင်နိုင်ပါဘူး... အများကြီး မတွေးပါနဲ့... အဲဒီလို လုပ်တာက သူ့ကို သံသယဝင်သွားစေရုံပဲ ရှိလိမ့်မယ်..."

အနက်ရောင်လက်၏ အသံက ထပ်မံ ထွက်ပေါ်လာပြီး ၎င်း၏ လေသံတွင် စိတ်ပျက်မှုများ ပြည့်နှက်နေ၏။

​ဒီကောင်လေးက ဘာလို့ ဒီလောက်တောင် သတ္တိကြောင်ရတာလဲ။

သူ့အပေါ် မျှော်လင့်ချက်တွေ အများကြီးထားခဲ့ပြီး ချင်းရှောင်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး တပည့်ဖြစ်လာမယ်လို့ မျှော်လင့်ခဲ့တာ နှမြောစရာပဲ….

​ဤစကားကို ကြားပြီးနောက် ပိုင်ယွီထျန်းမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်တော့ ယွင်ချိုင်က သူ့ကို စိုက်မကြည့်တော့ဘဲ ပရိသတ်ကိုသာ ကြည့်ကာ သူမ၏ ပြိုင်ဘက် တက်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

​ယင်းကို မြင်သောအခါမှသာ ပိုင်ယွီထျန်း သက်ပြင်းချနိုင်သွားသည်။

သို့သော် သူ မှားယွင်းစွာ မတွေးမိခဲ့ကြောင်း သူ မသိခဲ့ပေ။

​ ပြိုင်ဘက်ကို စောင့်ဆိုင်းရင်း အောက်ဘက်ရှိ ပရိသတ်ကို ဝေ့ကြည့်နေစဉ် ယွင်ချိုင်စိတ်ထဲ၌ ပိုင်ယွီထျန်းအကြောင်းကိုလည်း တွေးတောနေခဲ့သည်။

​"အဲဒီတစ္ဆေရဲ့ စွမ်းအားက အရင်တုန်းက ချန်းကျိုးစီရင်စုက မကောင်းဆိုးဝါးထက်တောင် ပိုအစွမ်းထက်နေသလိုပဲ... မိစ္ဆာကြီးလော့ ပြီးရင် ဒုတိယမြောက်ပဲ... ဂိုဏ်းချုပ်ကို ငါ ပြောပြသင့်လား..."

​ယွင်ချိုင်မှာ ဝေခွဲမရ ဖြစ်နေ၏။

သူမ၏ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံး သည် အခြားသူများ၏ အတွင်းတွင် ပုန်းကွယ်နေသော စွမ်းအားများကို ဖောက်ထွင်းမြင်နိုင်ပြီး၊ ထို့ကြောင့်ပင် တပည့်များစွာ၏ အခွင့်အရေးများမှာ သူမ၏ မျက်လုံးများမှ မလွတ်ကင်းနိုင်ခြင်း ဖြစ်သည်။

တပည့်များစွာက အစွမ်းထက်သော စွမ်းအင်များ ပါဝင်သည့် ဝိညာဉ်များ သို့မဟုတ် မှော်ပစ္စည်းများကို ပိုင်ဆိုင်ထားကြ၏။ အစပိုင်းတွင် သူမက ၎င်းတို့အကြောင်းကို ဂိုဏ်းချုပ်အား တစ်ခုချင်းစီ ပြောပြခဲ့သော်လည်း၊ နောက်ပိုင်းတွင် သူမ ကိုယ်တိုင်ပင် ပြဿနာအသေးလေးကို ကြီးကျယ်အောင် လုပ်နေမိသကဲ့သို့ ခံစားလာရသည်။

လူတစ်ယောက်၏ တန်ဖိုးမှာ သူတို့ ပိုင်ဆိုင်ထားသည့်အရာအပေါ်တွင် မမူတည်ပေ။

​သို့သော်လည်း ထိုအနက်ရောင်လက်မှာ ယခင်က သူမ တွေ့ကြုံခဲ့ဖူးသည့် မည်သည့် တပည့်နှင့်မျှ မတူဘဲ အလွန် ထူးဆန်းလွန်းနေသည်။

​မဖြစ်ဘူး... ဒီတစ်ခါတော့ မမြင်ချင်ယောင်ဆောင်နေလို့ မရဘူး...

ယွင်ချိုင်က ဆုံးဖြတ်ချက်ချလိုက်ပြီး သူမ၏ အကြည့်များ စူးရှသွားကာ၊ စင်မြင့်ပေါ်သို့ ယခုလေးတင် တက်လာသော တပည့်တစ်ဦးကို အေးခဲသွားစေပြီး သူ့အနေဖြင့် သူမကို တစ်ခုခု ပြစ်မှားမိလေသလားဟု တွေးမိသွားစေတော့သည်။

​………

​"တစ္ဆေဘုရင်တောင်ကြားက မကောင်းဆိုးဝါးတွေထက်တောင် ပိုပြီး အစွမ်းထက်တဲ့ တစ္ဆေလက် ဟုတ်လား..."

ဂူအတွင်း၌ လီချင်းချိုးက ယွင်ချိုင်၏ စကားများကို ကြားသောအခါ အံ့အားသင့်သွားရသည်။

ချင်းရှောင်ဂိုဏ်းတွင် တပည့်များစွာ ရှိသဖြင့် သူ အမှားများ ပြုလုပ်မိမည်မှာ သေချာသည်။ သူသည် ယွင်ချိုင်၏ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးကို ယုံကြည်သော်လည်း ပဟေဠိဖြစ်နေဆဲပင်။

​အဲဒီလောက် အစွမ်းထက်တဲ့ မိစ္ဆာက ဘယ်ကနေ ရောက်လာတာလဲ။

အကယ်၍ သူတို့လည်း တစ္ဆေဘုရင်တောင်ကြားမှ လာခဲ့သည်ဆိုပါက ဘာကြောင့် မသတ်ဖြတ်ကြသေးတာလဲ…..

​"အဲဒီတပည့် နာမည်က ဘယ်လိုခေါ်လဲ..."

​"သူ့နာမည်က ပိုင်ယွီထျန်း ပါ..."

​"မင်းက သူ့ကို တိုက်ရိုက် မေးလိုက်တာလား..."

​"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူနဲ့ စကားပြောနေတဲ့ တပည့်ကို ကျွန်မ မေးလိုက်တာ..."

​ယွင်ချိုင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အထင်သေးခံရသည်ဟု ခံစားလိုက်ရ၏။

သူမ ဘယ်လိုလုပ် အဲဒီလောက်တောင် သတိလက်လွတ် ဖြစ်နေမှာလဲ…ယ

​လီချင်းချိုးက ခေါင်းညိတ်၍ ….

"ငါ နားလည်ပြီ... ဒီကိစ္စကို ငါ စုံစမ်းကြည့်မယ်... မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့ပါတယ်..."

ယွင်ချိုင်က မတ်တတ်ရပ်ကာ အရိုအသေပေးပြီးနောက် ထွက်ခွာသွားလေတော့သည်။

သူမသည် လီချင်းချိုးကို အလွန် သဘောကျသော်လည်း ယခုအခါ သူ့အနားတွင် တစ်ယောက်တည်း နေမည့်အစား သူမ၏ အချိန်များကို ကျင့်ကြံရာတွင် ကုန်ဆုံးရန် ပို၍ နှစ်သက်နေပြီ ဖြစ်သည်။

​ယွင်ချိုင် ထွက်သွားပြီးနောက် လီချင်းချိုးက ပိုင်ယွီထျန်း၏ ပုံရိပ်ကိုရှာကြည့်လိုက်သည်။

ပိုင်ယွီထျန်း၏ သစ္စာစောင့်သိမှု တဖြည်းဖြည်း တိုးလာနေပြီး ယခုအခါ ၉၁ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ ထိုတစ္ဆေလက်က မကောင်းသော ရည်ရွယ်ချက်များ ရှိနေပါက ပိုင်ယွီထျန်းကို သေချာပေါက် ဖြားယောင်းသွေးဆောင်မည် ဖြစ်ပြီး သစ္စာစောင့်သိမှု ကျဆင်းသွားမည်သာ ဖြစ်သည်။

အကယ်၍ ၎င်းမှာ ပိုင်ယွီထျန်း၏ ကိုယ်ပိုင် ကံကောင်းမှုသာ ဖြစ်မည်ဆိုလျှင် ပို၍ပင် ကောင်းသေးသည်။

​သို့သော်လည်း ဤတစ္ဆေလက်က အလွန် အစွမ်းထက်လွန်းနေသည်။ အကယ်၍ သေချာ စုံစမ်းစစ်ဆေးမှု မရှိဘဲ တပည့်များ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းများ ဖြစ်ပေါ်လာပါက ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် တာဝန်ပျက်ကွက်မှုသာ ဖြစ်ပေလိမ့်မည်။

​လီချင်းချိုးက နောက်တစ်နေ့တွင် ဂိုဏ်းကို လှည့်လည် စစ်ဆေးရန် ဆုံးဖြတ်လိုက်ပြီး ပိုင်ယွီထျန်းနှင့် မတော်တဆ တွေ့ဆုံရန် ဟန်ဆောင်လိုက်မည်ဟု တွေးလိုက်သည်။

တွေးတောပြီးနောက် သူ ထရပ်ကာ ကျောက်ကုတင်ပေါ်သို့ ပြန်သွားပြီး တရားထိုင်ကာ ဆက်လက် လေ့ကျင့်နေတော့သည်။

နောက်နေ့နံနက်တွင် လီချင်းချိုး ဂူထဲမှ တစ်ယောက်တည်း ထွက်လာခဲ့သည်။ သူသည် လင်းရှောင်ခြံဝင်းသို့ သွားရောက်ကာ နာရီဝက်ခန့် နေထိုင်ပြီးနောက် တောင်အောက်သို့ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။

ချင်းရှောင်တောင်၏ ဆောင်းရာသီ မြင်ကွင်းမှာ အလွန် လှပလှသည်။ ရွှမ်ရှင်းခန်းမကို ဖြတ်သန်းပြီးနောက် တပည့်များ နေရာအနှံ့ ကျင့်ကြံနေကြသည်ကို မြင်တွေ့နိုင်သည်။

လက်ရှိတွင် ဂူပေါင်း ၃၀၀ ကျော်ကို ခွဲဝေပေးထားပြီး ဖြစ်သော်လည်း ဂူများမှာ အမြဲတမ်း ရှားပါးသော အရင်းအမြစ်တစ်ခု ဖြစ်နေသဖြင့် တပည့်အများစုမှာ တောင်များနှင့် သစ်တောများထဲတွင် ကျင့်ကြံရန် ရွေးချယ်နေကြဆဲပင်။

ကျင့်ကြံနေသော တပည့်များကို ကြည့်ရင်း လီချင်းချိုး မပြုံးဘဲမနေနိုင်တော့ပေ။

ဤအရာများအားလုံးမှာ ချင်းရှောင်ဂိုဏ်း၏ တက်ကြွသော စိတ်ဓာတ်ကို ကိုယ်စားပြုသည့် သင်္ကေတများပင် ဖြစ်သည်။

​မကြာမီ တပည့်အချို့က လီချင်းချိုးကို တွေ့သွားကြသဖြင့် အဝေးမှ ဦးညွှတ် အရိုအသေပေးကြပြီး သူ့ကို အနှောင့်အယှက်ပေးရန် အလျင်စလို ပြေးမလာကြပေ။

ချင်းရှောင်တောင်၏ အထက်ပိုင်းတွင် ကျင့်ကြံနိုင်သော တပည့်များမှာ ယေဘုယျအားဖြင့် အရည်အချင်းပြည့်မီပြီး အရေးကြီးသော ရာထူးများကို ရယူထားသူများ ဖြစ်ကြသည်။

ဂိုဏ်းသို့ ဝင်ရောက်ပြီးသည်နှင့် ချင်းရှောင်တောင်ပေါ်သို့ တိုက်ရိုက် ပြောင်းရွှေ့ရန်မှာ မလွယ်ကူပေ။

ပိုင်ယွီထျန်းကတော့ အခြား တောင်တစ်လုံးပေါ်တွင် နေထိုင်သည်။

​"ဂိုဏ်းချုပ်လီ... တိုက်ဆိုင်လိုက်တာ..."

ထိုစဉ်ရွှင်လန်းသော ရယ်မောသံတစ်ခု ရှေ့မှ ထွက်ပေါ်လာ၏။ လီချင်းချိုး မော့ကြည့်လိုက်တော့ ဝဖြိုးပြီး ချမ်းသာပုံပေါက်သော အဘိုးအို တစ်ဦးက သူ၏ထံသို့ သွက်လက်စွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

လျူလင်းပင် ဖြစ်သည်။

လျူလင်းသည် ကျင့်ကြံခြင်း အစောပိုင်း အဆင့်များတွင် ချင်းရှောင်ဂိုဏ်းကို ရင်းနှီးမြှုပ်နှံခဲ့သော ပထမဆုံး ကုန်သည် ဖြစ်သည်။ သမီးဖြစ်သူ လျူယန်သည်လည်း လီတုန်းယွဲ့၏ တပည့် ဖြစ်လာခဲ့ပြီး ယခုအခါ ဝိညာဉ်ပစ္စည်းခန်းမ၏ ကိုယ်စားလှယ် တပည့်များထဲမှ တစ်ဦး ဖြစ်ကာ သူမ၏ ကျင့်ကြံမှုမှာ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

​"အစ်ကိုလျူ... တိုက်ဆိုင်လိုက်တာ... မနက်စောစောစီးစီး ဘယ်သူ့ကို ရှာနေတာလဲ..."

​နှစ်များစွာ ကြာပြီးသည့်တိုင်အောင် လျူလင်းနှင့် ခင်မင်မှုမှာ ကောင်းမွန်နေဆဲ ဖြစ်သည်။ လျူလင်းမှာ နွေးထွေးသော နှလုံးသား ရှိပြီး သတ္တိကြောင်တတ်သူဖြစ်သည်။ ချင်းရှောင်ဂိုဏ်း မည်မျှပင် ကြီးမားလာပါစေ လျူလင်းသည် ဤတက်ကြွမှုကို အမြဲ ထိန်းသိမ်းထားပြီး ဘယ်တော့မှ အကြောက်မလွန်တတ်ပေ။

​"ခန်းမသခင်ကျန်းကို ရှာဖို့ တောင်ပေါ်တက်လာတာပါ... သူ့ဆီက ချန်းကျိုး ဂိုဏ်းခွဲမြို့တော်အကြောင်း ဆွေးနွေးမလို့ပါ... လျူမိသားစုကို အဲဒီ ဂိုဏ်းခွဲမြို့တော်မှာ အခြေချစေချင်လို့..."

သူသည် လီချင်းချိုးကို ကောင်းစွာ သိသောကြောင့် လီချင်းချိုးအပေါ် ပွင့်လင်းစွာ ဆက်ဆံသည်။ အကျိုးအမြတ်များအတွက် တိုက်ပွဲဝင်ရန် ဆန္ဒရှိပြီး ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သရွေ့ လီချင်းချိုးက ဂရုစိုက်မည် မဟုတ်ကြောင်း သိထားသည်။

အကယ်၍ တစ်စုံတစ်ယောက်က ကျောနောက်တွင် လျှို့ဝှက်ကြံစည်နေပါက လီချင်းချိုးဘက်ကလည်း မည်သည့် သနားညှာတာမှုမျှ ပြသမည် မဟုတ်ပေ။

​"ခင်ဗျား အသက်ဘယ်လောက် ရှိပြီလဲ... ဒီလို ကိစ္စမျိုးကို ခင်ဗျား ကိုယ်တိုင် လုပ်နေရတုန်းပဲလား... ခင်ဗျားရဲ့ လျူမိသားစုက ကြီးမားပြီး ချမ်းသာတဲ့ မိသားစုကြီး မဟုတ်ဘူးလား..."

​လျူလင်းသည် အလွန် သားသမီး ထွန်းကားပြီး အနှစ်နှစ်ဆယ် မပြည့်မီအတွင်း သားသမီး ဒါဇင်ပေါင်းများစွာကို မွေးဖွားခဲ့သည်။ ဤသည်မှာ ဂိုဏ်း၏ အဆင့်မြင့် အရာရှိများကြားတွင် ရယ်စရာတစ်ခု ဖြစ်လာခဲ့ပြီး လျူယန်ကလည်း သူ့ကို မကြာခဏ ညည်းညူတတ်သည်။

ယခင် သားသမီးများနှင့် ဆွေမျိုးများအပြင် လျူမိသားစုသည် ဂိုဏ်းအတွင်း ဩဇာကြီးမားသော မိသားစုကြီး တစ်ခု ဖြစ်နေပြီ ဖြစ်ပြီး ဂိုဏ်းအတွင်း မသေမျိုးဖြစ်အောင် ကျင့်ကြံနေသော အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။

​လျူလင်းသည်လည်း ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ကာ တပည့်တစ်ယောက် ဖြစ်လာခဲ့သော်လည်း၊ ပါရမီ ညံ့ဖျင်းပြီး စိတ်ရှည်သည်းခံမှုလည်း မရှိသဖြင့် လက်ရှိ ကျင့်ကြံမှုအဆင့်မှာ မူလအားဖြည့်နယ်ပယ် ပထမအဆင့်တွင်သာ ရှိနေသေးသည်။

သူသည် မသေမျိုးဖြစ်ခြင်းနှင့် လုံးဝ အဆက်အသွယ် မရှိချေ။

​"သူတို့တွေ အသုံးမကျလို့ ကျူပ် ကိုယ်တိုင် လာခဲ့ရတာပေါ့... စကားမစပ် ဂိုဏ်းချုပ်... ကျုပ်ရဲ ကုန်သွယ်ရေး ယာဉ်တန်းက အနောက်ပိုင်း ကန္တာရအထိ တိုးချဲ့ထားပြီးပြီ... အကယ်၍ ဂိုဏ်းက အနောက်ဘက်ကို တိုးချဲ့ဖို့ လိုအပ်ရင် လျူမိသားစုကိုသာ အားကိုးလိုက်ပါ..."ဟု လျူလင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

သူသည် ယခုအခါ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး စီးပွားရေးသမားအဖြစ် လူသိများပြီး အချို့က နိုင်ငံတစ်နိုင်ငံထက်ပင် ပိုမို ချမ်းသာသည်ဟု ဆိုကြသဖြင့် သူ့ကိုယ်သူ သဘာဝကျကျ အလွန် ဂုဏ်ယူနေခြင်း ဖြစ်သည်။

​"အဲဒါကို နောက်မှ ပြောကြတာပေါ့..."

​လီချင်းချိုးက ခေါင်းယမ်း၍ တီးတိုး ရယ်မောလိုက်၏။ ကိုးပြည်ထောင်နယ်မြေတွင် အပြည့်အဝ မစူးစမ်းရသေးသော နေရာများစွာ ရှိနေသေးပြီး လောလောဆယ် တိုးချဲ့ရန် ဆန္ဒမရှိပေ။

တိုးချဲ့ခြင်းက ရန်ငြိုးသစ်များ ဖန်တီးခြင်းကို ဆိုလိုပြီး လက်ရှိအချိန်တွင် ချင်းရှောင်ဂိုဏ်းအတွက် မလိုအပ်ချေ။

အထူးသဖြင့် အနောက်ဘက်သို့ သွားခြင်းက မိုးပြာနဂါးနယ်မြေသို့ ရောက်ရှိသွားမည် ဖြစ်ရာ၊ ကျင့်ကြံရေးဂိုဏ်းများဖြင့် ပြည့်နှက်နေသော မိုးပြာနဂါးနယ်မြေကို လီချင်းချိုး သတိထားနေဆဲပင်။

​"ဂိုဏ်းချုပ်... ကျွန်တော့်သမီးအတွက် ဘယ်တော့လောက် အိမ်ထောင်ချပေးဖို့ စီစဉ်ထားလဲ... အခု သူ့ကို ကျွန်တော် မထိန်းချုပ်နိုင်တော့ဘူး... ဒါပေမဲ့ သူက ခင်ဗျား စကားကိုတော့ သေချာပေါက် နားထောင်မှာပါ..."

ဤအကြောင်းကို ပြောရသောအခါ လျူလင်း၏ လေသံမှာ အနည်းငယ် လွမ်းဆွေးနေပုံရ၏။

သူသည် အသက် ခုနစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်ပြီး အသက်ရှင်ရန် နှစ်များစွာ မကျန်တော့ဟု ခံစားနေရသည်။ လျူယန်က သု့အတွက် အချစ်ဆုံး သမီးဖြစ်ပြီး သူမ အိမ်ထောင်ကျကာ သားသမီးများ ရရှိသည်ကို မြင်တွေ့ရရန် မျှော်လင့်မိပေသည်။

​လီချင်းချိုးက ခေါင်းယမ်း၍ …..

"အစ်ကိုလျူ... ကျွန်တော် ခင်ဗျားကို ဝေဖန်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး... ဒါပေမဲ့ ခင်ဗျားရဲ့ အမြင်တွေက ချင်းရှောင်ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကင်းကွာနေပြီ... လျူယန်က မသေမျိုးဖြစ်အောင် လိုက်စားနေတဲ့သူပါ... လောကီ သံယောဇဉ်တွေက သူ့အတွက် အဲဒီလောက် အရေးမကြီးဘူး... သူက အရာရာကို သဘာဝအတိုင်းပဲ ဖြစ်ခွင့်ပေးထားတာ... ခင်ဗျားရဲ့ လျူမိသားစုရဲ့ မျိုးဆက် ဆက်ခံဖို့ ကိစ္စအတွက်ကတော့ သူ့ကို မလိုအပ်ပါဘူး..."

​ "အဲဒါ မှန်ပါတယ်... ဒါပေမဲ့ မိဘတွေ အနေနဲ့ကတော့ သူ အားကိုးရမယ့်သူ တစ်ယောက်ကို ရှာတွေ့နိုင်ဖို့ မျှော်လင့်မိတုန်းပါပဲ..."

​"အိမ်ထောင်ရေးက အားကိုးစရာလား... သူ့ရဲ့ အားကိုးစရာက ချင်းရှောင်ဂိုဏ်းပဲလေ..."

ဤစကားကို ကြားသောအခါ လျူလင်းမှာ ကျေနပ်သွားပြီး သူတို့ နှစ်ဦးသား အတိတ်အကြောင်းများကို ပြန်လည် ပြောဆိုကြတော့သည်။

​လျူလင်းက အတိတ်အကြောင်းကို တွေးမိတိုင်း ချင်းရှောင်ဂိုဏ်း၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုကြောင့် အံ့အားသင့်ရမြဲ ဖြစ်သည်။ သူ ကိုယ်တိုင် တွေ့ကြုံခဲ့ပြီး ပါဝင်ခဲ့သော်လည်း ၎င်းမှာ မယုံနိုင်စရာကောင်းသည်ဟု သူ ခံစားရဆဲဖြစ်ပြီး လီချင်းချိုးကို အမှန်တကယ် လေးစားမိစေသည်။

မသေမျိုး တစ်ပါးသာ ဤသို့သော အရာကို လုပ်နိုင်မည် မဟုတ်လော။

​သူတို့ နှစ်ဦး အတန်ကြာ စကားပြောပြီးနောက် လီချင်းချိုး နှုတ်ဆက် ထွက်ခွာခဲ့သည်။ သူ လုပ်ဆောင်ရမည့် အရေးကြီးသော ကိစ္စများ ရှိနေပြီး လျူလင်းနှင့်အတူ အချိန်ဖြုန်းနေ၍ မရချေ။

လီချင်းချိုး ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ လျူလင်းမှာ နောင်တတစ်ခုကို ခံစားလိုက်ရသည်။

သူ့သမီးသာ လီချင်းချိုးနှင့် အတူရှိနိုင်လျှင် အလွန် ကောင်းမည်ဟု တွေးမိနေခြင်းပင်။

သူတို့ နှစ်ဦး၏ အသက်အရွယ်မှာ နီးစပ်ပြီး လိုက်ဖက်သော စုံတွဲတစ်တွဲ ဖြစ်လာမည်ဟု သူ ထင်မြင်ခဲ့သည်။

သို့သော်လည်း လျူယန်သည် လီတုန်းယွဲ့၏ တပည့်ဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားလိုက်သောအခါ ဤကိစ္စကို တွေးရုံသာ တွေးနိုင်တော့သည်။

အဆင့်အတန်း ဝါစဉ်ကို ကျော်လွန်၍ မရနိုင်ချေ။

​...

​လီချင်းချိုး တောင်အောက်သို့ ဆင်းလာစဉ် ရင်းနှီးသော မျက်နှာဟောင်းများစွာနှင့် ကြုံတွေ့ခဲ့ရ၏။ အချို့က လျူကျင်း၏ ကောင်းကင်ဘုံသို့ ယဇ်ပူဇော်သည့် အခမ်းအနားကြောင့် ရောက်လာကြခြင်း ဖြစ်ပြီး၊ အချို့က လာမည့်နှစ်၏ မှော်ပညာရပ် အားပြိုင်မှုကို ကြည့်ရှုရန် ရောက်လာကြခြင်း ဖြစ်သည်။

လီချင်းချိုး ချင်းရှောင်တောင်မှ ထွက်ခွာရန် နှစ်နာရီနီးပါး ကြာခဲ့သည်။

တောင်ခြေသို့ ရောက်သောအခါ အသွားအလာ လုပ်နေသော တပည့်များ ပိုမို များပြားလာပြီး ဘုရားဖူးများ၏ ရထားလုံးများစွာကိုလည်း မြက်ခင်းပြင်ပေါ်တွင် ရပ်နားထားသည်ကို တွေ့ခဲ့ရသည်။

​ရုတ်တရက်….

လူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် တွန်းထိုးနေသည်ကို မြင်လိုက်ရသည်။ သူတို့မှာ ကျန်းဖိန်နှင့် ပိုင်နင်းအာတို့ ဖြစ်ကြပြီး သူတို့ နှစ်ဦးစလုံး အလွန် စိတ်လှုပ်ရှားနေပုံရသည်။

​ဒီနှစ်ယောက်က အရမ်း ရင်းနှီးတာ မဟုတ်ဘူးလား….

ဘာလို့ ရန်ဖြစ်နေကြတာလဲ…

လီချင်းချိုးသည် ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူ၏ တပည့်များကြားရှိ ပဋိပက္ခကို မမြင်ချင်ယောင်ဆောင်၍ မရဟု ခံစားလိုက်ရ၏။

ထို့ကြောင့် သူ အနားသို့ သွားလိုက်သည်။

​"ငါ ဘယ်မှ မသွားဘူးလို့ ပြောပြီးပြီလေ..."

​"မင်း တကယ်ပဲ သိုင်းပညာ ပြိုင်ပွဲမှာ နာမည်ရနိုင်မယ်လို့ ထင်နေတာလား... ငါနဲ့အတူ တောင်အောက် လိုက်ခဲ့ပါ... အရာရာ အဆင်ပြေရင် မင်း အချိန်မီ ပြန်ရောက်နိုင်ပါတယ်..."

​"မင်းရဲ့ ကံကောင်းခြင်းဆိုတဲ့ အကြံအစည်ကို ငါ မယုံဘူး..."

​"မင်း ငါနဲ့အတူ တောင်အောက်ကို အကြိမ်ပေါင်းများစွာ ဆင်းဖူးတယ်လေ... ငါ ဘယ်တုန်းက ရှုံးဖူးလို့လဲ..."

​"မင်း မရှုံးခဲ့ပေမဲ့ အဲဒါကလည်း မလွယ်ကူခဲ့ပါဘူး... မင်း အရင်ဆုံး တခြား တစ်ယောက်ယောက်ကို ရှာကြည့်သင့်တယ်..."

​ကျန်းဖိန် စကားပြောပြီးနောက် သူ ထွက်သွားတော့မည့်ဆဲဆဲတွင် လီချင်းချိုး ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် ကမန်းကတန်း နှုတ်ဆက်လိုက်သည်။

ယင်းကို မြင်သောအခါ ပိုင်နင်းအာက ခေါင်းလှည့်ကြည့်လိုက်ရာ လီချင်းချိုး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ကမန်းကတန်း ဦးညွှတ် အရိုအသေပေးလိုက်သည်။

​"မင်းတို့ ဘာတွေ ရန်ဖြစ်နေကြတာလဲ... လူအများရှေ့မှာ မင်းတို့ရဲ့ ဝါစဉ်ကိုမှမထောက် ဘယ်လိုတွေဖြစ်နေကြတာလဲ..."

ထိုအခါ ​ပိုင်နင်းအာက ချက်ချင်းပင် ညည်းညူလေတော့သည်။ သူ့ အမြင်တွင် ကောင်းသောအရာများကို ကျန်းဖိန်နှင့် မျှဝေရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့ဆိုလျှင် ကျန်းဖိန်က အဘယ်ကြောင့် ၎င်းကို တန်ဖိုးမထားရသနည်း။

​အကြောင်းရင်းကို ကြားပြီးနောက် လီချင်းချိုးမှာ ရယ်လည်း ရယ်ချင်၊ ဒေါသလည်း ထွက်မိသွားသည်။

ဒီကိစ္စလေးအတွက်လား….

ကံကောင်းသူက ကံကောင်းခြင်းကို ရှာဖွေပြီး ကံဆိုးခြင်းကို ရှောင်ရှားလိုသူနှင့် တွေ့ဆုံသွားခြင်း ဖြစ်သည်။ သူတို့၏ ကံကြမ္မာများ ထိပ်တိုက်တွေ့နေကြချေပြီါ

​လီချင်းချိုးလည်း မနေသာတော့ဘဲ….

"မင်းက စေတနာနဲ့ ဆိုရင်တောင် တခြားသူတွေကို အတင်းအကျပ် လုပ်ခိုင်းလို့ မရဘူးလေ... မင်း ဘယ်လို ထင်လဲ..."

​ထိုစကားကို ကြားသောအခါ ပိုင်နင်းအာ၏ မျက်နှာ ညှိုးကျသွားပြီး….

"ကျွန်တော် တခြားသူကို ရှာမတွေ့လို့တော့ မဟုတ်ပါဘူး..."

ထိုစကားကို ကြားသောအခါ ကျန်းဖိန်မှာ ပို၍ပင် ဒေါသထွက်သွားတော့သည်။

​"ပြောစမ်း... အကြောင်းရင်းက ဘာလဲ... မင်းကို ကူညီဖို့ တစ်ယောက်ယောက်ကို ငါ စေလွှတ်ပေးနိုင်တယ်..."ဟု လီချင်းချိုးက ပိုင်နင်းအာကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

သူသည် ပိုင်နင်းအာ၏ "ကံကောင်းသူကံကြမ္မာ" ကို ယုံကြည်နေဆဲ ဖြစ်ပြီး ဂိုဏ်းအတွက် ကြီးမားသော အကျိုးကျေးဇူးများ ယူဆောင်လာပေးနိုင်သည်ဟု ထင်မြင်နေ၏။

ထိုအခါ ​ပိုင်နင်းအာမှာ ချက်ချင်းပင် အလွန် ဝမ်းသာသွားပြီး…..

"ကျွန်တော် အရင်က ရှာတွေ့ခဲ့တဲ့ အရာတွေကို ပြန်ရှာကြည့်ရင်းကနေ ကျောက်စိမ်းပုလင်း တစ်လုံးထဲမှာ ရှေးဟောင်း ဂိုဏ်းတစ်ခုက ချန်ထားခဲ့တဲ့ သတင်းစကား တစ်ခုကို တွေ့ခဲ့တယ်...အဲ့ဒိ့ရှေးဟောင်း ဂိုဏ်းက ယွီစီရင်စု မှာ တည်ရှိတယ်... ကျွန်တော် သွားပြီး ကြည့်ချင်တယ်... အဲဒီမှာ တစ်ခုခုများ ရှာတွေ့နိုင်မလားလို့..."

​"အဲဒါက ဘာရှေးဟောင်း ဂိုဏ်းလဲ... နာမည်က ဘယ်လိုခေါ်လဲ..."

​"ထိုက်ကျွယ်ဂိုဏ်းပါ..."

All Chapters