← Chapters

ချင်းရှောင် တစ်ခုတည်းသာ ကြီးစိုးခြင်း

Vol. 27 Ch. 269

ချင်းရှောင် တစ်ခုတည်းသာ ကြီးစိုးခြင်း

Vol. 27 Ch. 269

​ထိုက်ကျွယ်ဂိုဏ်း…..

​လီချင်းချိုး၏ အမူအရာမှာ သိမ်မွေ့သွားချေပြီ။

​မိစ္ဆာကြီးလော့က ထိုက်ကျွယ်ဂိုဏ်းအကြောင်း ပြောခဲ့သည်ကို သူ သတိရသွားသည်။ မိစ္ဆာကြီးလော့၏ လေသံအရ ထိုက်ကျွယ်ဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ ချင်းရှောင်ဂိုဏ်းထက် မနိမ့်ကျကြောင်း သိနိုင်ပေသည်။ သို့မဟုတ်ပါက ချင်းရှောင်ဂိုဏ်း တည်ထောင်ခြင်းသည် ထိုက်ကျွယ်ဂိုဏ်း၏ အမွေအနှစ်အပေါ် အခြေခံထားသည်ဟု မိစ္ဆာကြီးလော့က သံသယဝင်မည် မဟုတ်ပေ။

​ကျန်းဖိန်လည်း ဂိုဏ်းချုပ်၏ တုံ့ပြန်မှုကို မြင်သောအခါ တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

​ဂိုဏ်းချုပ်ကလည်း စိတ်ဝင်စားနေတာလား…..

​အကယ်၍ ဂိုဏ်းချုပ်က သူ့ကို ပိုင်နင်းအာနှင့်အတူ သွားရန် ခိုင်းစေပါက သူ ငြင်းဆန်၍ မရတော့ဘဲ မတတ်သာဘဲ သွားရလိမ့်မည်။

​ပိုင်နင်းအာက ထိုက်ကျွယ်ဂိုဏ်းနှင့် ပတ်သက်၍ သိထားသည်များကို အကျဉ်းချုံး ပြောပြလိုက်၏။

"ဂိုဏ်းချုပ်... ထိုက်ကျွယ်ဂိုဏ်းက သာမန် မဟုတ်ဘူး... ရှေးဟောင်း ကျင့်ကြံရေး ဂိုဏ်းတွေ ထွက်ခွာသွားရတဲ့ လျှို့ဝှက်ချက်ကိုလည်း အဲဒီကနေ ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်ပါလိမ့်မယ်..."

"မှန်တယ်... အဲဒါက သေချာပေါက် စူးစမ်းကြည့်သင့်တယ်..."

​ထိုစကားကို ကြားသောအခါ ပိုင်နင်းအာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး ကျန်းဖိန်ကို အောင်ပွဲခံသည့် အကြည့်ဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်ရာ ကျန်းဖိန်မှာမူ သနားစရာကောင်းပြီး ကူကယ်ရာမဲ့နေသော အမူအရာဖြင့် ရှိနေရှာသည်။

​လီချင်းချိုးက…..

"ပြန်ပြီး စောင့်နေလိုက်ဦး... အကြီးအကဲ ရှန်ယွဲ့ကို မင်းနဲ့အတူ လိုက်သွားခိုင်းမယ်... ကျန်းဖိန်အတွက်ကတော့ သူ့ကို အတင်းအကျပ် မလုပ်ပါနဲ့..."

​ထိုစကားကို ကြားသောအခါ ပိုင်နင်းအာမှာ မှင်တက်သွားပြီး ကျန်းဖိန်မှာလည်း အလွန် ဝမ်းသာသွားကာ လီချင်းချိုးကို အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။

​ပိုင်နင်းအာ ကြောင်အမ်းအမ်း ဖြစ်နေသည်ကို မြင်သောအခါ လီချင်းချိုးက တည်ကြည်သော မျက်နှာဖြင့် မေးလိုက်ပြန်သည်။

"ဘာဖြစ်လို့လဲ... အကြီးအကဲရှန်ယွဲ့ကို သဘောမကျလို့လား..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အကြီးအကဲရှန်ယွဲ့သာ လိုက်လာမယ်ဆိုရင် ဒီကိစ္စက သေချာပေါက် ချောချောမွေ့မွေ့ ဖြစ်သွားမှာပါ... ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..."

​သူ အနည်းငယ် နောင်တရမိသွား၏။ ဆရာသမားများနှင့် စွန့်စားရခြင်းက သူငယ်ချင်းများနှင့် စွန့်စားရသည့် ပျော်ရွှင်မှုနှင့် ဘယ်လိုမှ မယှဉ်နိုင်ချေ။

​"ပြန်ပြီး ပြင်ဆင်လိုက်တော့..."

​လီချင်းချိုးက လက်ကို ဝှေ့ယမ်း၍ ပြောလိုက်ရာ ပိုင်နင်းအာက ချက်ချင်း ဦးညွှတ်ပြီး ထွက်ခွာသွားတော့သည်။

​ပိုင်နင်းအာ ထွက်သွားပြီးမှသာ ကျန်းဖိန် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။

​"မင်းရဲ့ ကျင့်ကြံမှုတွေ ဒီတလော ဘယ်လိုနေလဲ..."ဟု လီချင်းချိုးက ကျန်းဖိန်ကို အပြုံးဖြင့် မေးလိုက်သည်။

​ကံကြမ္မာကို ဆန့်ကျင်ပြီးကတည်းက ကျန်းဖိန်သည် ပါရမီရှင်များ စာရင်းတွင် ပါဝင်လာခဲ့သော်လည်း နှိမ့်ချစွာ နေထိုင်ပြီး သိပ်မကျော်ကြားချေ။

​သူသည် ယခုအခါ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်တွင် ရှိနေပြီ ဖြစ်၏။ အမှန်တကယ် တိုက်ခိုက်ရေး စွမ်းအားကို ကြည့်မည်ဆိုလျှင် အတွေ့အကြုံရှာဖွေရေးခန်းမ၏ ထိပ်တန်း တပည့်ဆယ်ဦးထဲမှ တစ်ဦးဖြစ်သော ယန်တုန်းပင်လျှင် သူ့ကို အနိုင်ယူရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ဤသည်မှာ လီချင်းချိုးကို ကျန်းယွီချွန်း ပြောပြခဲ့ခြင်း ဖြစ်သည်။

​ကျန်းဖိန်၏ ထူးချွန်လာမှုက ကျန်းယွီချွန်းကို လီချင်းချိုးအပေါ် အလွန် လေးစားသွားစေခဲ့သည်။ အကြောင်းမှာ ကျန်းဖိန်မှာ အတွေ့အကြုံရှာဖွေရေးခန်းမ၏ တပည့်တစ်ဦး ဖြစ်ပြီး ကျန်းယွီချွန်းက သူ့ကို ကောင်းစွာ သိသောကြောင့်ပင်။

​ကျန်းဖိန်၏ ပါရမီမှာ မည်သို့မျှ ပါရမီရှင် တစ်ဦး၏ ပါရမီမျိုး မဟုတ်သလို စရိုက်လည်း မကောင်းပေ။ ကျန်းယွီချွန်း၏ အမြင်တွင် ကျန်းဖိန်၌ အားနည်းချက်များ အလွန်များပြားလှ၏။ သို့သော်လည်း လီချင်းချိုးက သူ့ကို တန်ဖိုးထားခဲ့သည်။ နောက်ပိုင်းတွင် သူသည် ကံကောင်းခြင်း တစ်ခုကြောင့် အသွင်ပြောင်းသွားခဲ့ရာ လီချင်းချိုးက အခြားသူများ၏ ပါရမီများကို မြင်နိုင်ရုံသာမက ကံကြမ္မာကိုပါ အမှန်တကယ် ဟောကိန်းထုတ်နိုင်သည်ဟု ကျန်းယွီချွန်း သံသယဝင်သွားခဲ့သည်။

​လီချင်းချိုး၏ ဂရုစိုက်မှုကြောင့် ကျန်းဖိန်မှာ အလွန် ဝမ်းသာသွားသော်လည်း သူတို့ နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ရင်ဖွင့်တိုင်ပင်ဖူးပြီ ဖြစ်သဖြင့် လီချင်းချိုးကို လုံးဝ ယုံကြည်ပြီး မည်သည့် ဖိအားမှ မခံစားရပေ။ ထို့ကြောင့် ကျင့်ကြံမှု တိုးတက်မှုအကြောင်းကို သူ အမှန်တိုင်း ပြန်ပြောပြလိုက်သည်။

​ကျန်းဖိန် ပြောပြပြီးနောက် လီချင်းချိုးက…..

"နှိမ့်ချစွာ နေထိုင်ရုံနဲ့ ပြဿနာတွေကို ရှောင်လွှဲလို့ မရဘူး... တတ်နိုင်သမျှ အစွမ်းထက်လာမှသာ အရာရာတိုင်းကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် ယုံကြည်မှု ရှိလာမှာ... ဘေးဒုက္ခ ရောက်လာမှ ပိုမကြိုးစားခဲ့မိလို့ ဒါမှမဟုတ် မတိုက်ခိုက်ခဲ့မိလို့ ဆိုပြီး နောင်တမရစေနဲ့..."

​"ချင်းရှောင်ဂိုဏ်းထဲမှာ မင်းလိုချင်တာကို ယုံယုံကြည်ကြည်နဲ့ ရဲရဲဝံ့ဝံ့ လိုက်စားနိုင်ပါတယ်... ငါက မင်းရဲ့ နောက်ခံအဖြစ် ရှိနေရင် မင်းက အရမ်း ထူးချွန်နေလို့ ပြဿနာတွေနဲ့ ကြုံတွေ့ရမှာ မဟုတ်ပါဘူး..."

​ဤစကားများက ကျန်းဖိန်ကို အလွန် ထိမိသွားစေပြီး ဂိုဏ်းချုပ်က သူ့ကို နားလည်သည်ဟု ခံစားလိုက်ရ၏။

"အကြောင်းပြချက်ကိုတော့ ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ တစ်ခါတလေ ကျွန်တော့်ရဲ့ စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်ဘဲ အမြဲတမ်း တုံ့ဆိုင်းနေမိတယ်..."

​"ကိုယ့်ကိုယ်ကိုယ် နည်းနည်း တွန်းအားပေးကြည့်ပါ... လာမယ့်နှစ်ရဲ့ သိုင်းပညာ ပြိုင်ပွဲကို ဥပမာအနေနဲ့ ယူပြီး မင်းသာ အစွမ်းကုန် ကြိုးစားရင် ဘယ်လို ရလဒ်တွေ ရနိုင်မလဲဆိုတာ ကြည့်လိုက်ပါ..."

​"ကျွန်တော်... ကောင်းပါပြီ... ကျွန်တော် ကြိုးစားကြည့်ပါ့မယ်..."

​ကျန်းဖိန်က လီချင်းချိုး၏ အကြည့်နှင့် ဆုံသွားသောအခါ စိတ်ကူး ပြောင်းလဲလိုက်ပြီး သဘောတူလိုက်သည်။

​ "အခြား တပည့်တွေကို အထင်မသေးနဲ့... မင်း အစွမ်းကုန် ကြိုးစားရင်တောင် မင်းမျှော်လင့်ထားတဲ့ ရလဒ်ကို ရချင်မှ ရမှာ..."

​သူက ကျန်းဖိန်၏ ပခုံးကို ပုတ်လိုက်ပြီး ဆက်လျှောက်သွားသဖြင့် ​ကျန်းဖိန်က လှည့်ကြည့်လိုက်ပြီး ကျောပြင်ကို ဦးညွှတ် အရိုအသေပေးလိုက်သည်။

​လီချင်းချိုး၏ စကားများက ကျန်းဖိန်၏ ယှဉ်ပြိုင်လိုစိတ်ကို တောက်လောင်သွားစေခဲ့သည်။

​ လက်ရှိ စွမ်းအားအပေါ် သူ အလွန် ယုံကြည်မှု ရှိသော်လည်း ဂိုဏ်းချုပ်က မလုံလောက်သေးဟု ထင်နေပုံရသည်။

​ထို့​ကြောင့် စိတ်ကို ပြောင်းလဲလိုက်ပြီး လာမည့်နှစ်တွင် ကျင်းပမည့် သိုင်းပညာ ပြိုင်ပွဲအတွက် အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်၏။ သူ အစွမ်းကုန် ကြိုးစားပါက မည်သို့သော ရလဒ်မျိုး ရနိုင်မည်ကို သိရန်အတွက် ဖြစ်သည်!

​...

​လီချင်းချိုးသည် ခဏခဏ ရပ်လိုက် လျှောက်လိုက် လုပ်နေပြီး နောက်ဆုံးတွင် မိုးမချုပ်မီ ပိုင်ယွီထျန်း၏ ခြံဝင်းသို့ ရောက်ရှိလာခဲ့သည်။

​ဤနေရာရှိ တပည့်များမှာ တပည့်သစ်များသာ ဖြစ်ပြီး ဂိုဏ်းချုပ် ရောက်လာသည်ကို ကြားသိရသဖြင့် အားလုံး စိတ်လှုပ်ရှားနေကြသည်။

​သတင်းရရှိပြီးနောက် ပိုင်ယွီထျန်း ချက်ချင်း အပြင်ထွက်လာခဲ့ပြီး လီချင်းချိုးက လူအုပ်ကြီးကြားတွင် ဝိုင်းရံခံနေရသည်ကို မြင်သောအခါ သူ့ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

​လီချင်းချိုးနှင့် စကားပြောဖူးသော်လည်း လီချင်းချိုးကို အလွန် လေးစားနေဆဲပင် ဖြစ်သည်။

​မသေမျိုးဖြစ်အောင် ကျင့်ကြံလာသည်နှင့်အမျှ ဤခံစားချက်မှာ ပိုမို နက်ရှိုင်းလာခဲ့၏။

​အမှန်တကယ် မသေမျိုးဖြစ်အောင် ကျင့်ကြံသူများသာ လီချင်းချိုး၏ ကြီးမြတ်မှုကို နားလည်နိုင်ပြီး ဤသည်က ဖုန်းရှားတောင်တွင် သူ မခံစားနိုင်ခဲ့သော ခံစားချက်မျိုး ဖြစ်သည်။

​ဖုန်းရှားတောင်တွင်ရှိစဉ်က သူ့အမြင်တွင် လီချင်းချိုးသည်သာ ကမ္ဘာပေါ်တွင် အကောင်းဆုံး ဖြစ်သည်။

​ကမ္ဘာပေါ်တွင် အကောင်းဆုံး ဖြစ်ရန် မည်မျှ ဝေးကွာကြောင်း သူ မသိခဲ့ပေ။

​'ကမ္ဘာ့နံပါတ်တစ်' ဟူသော ဘွဲ့နာမမှာ သူ့အတွက် မည်မျှ ဝေးကွာနေသေးကြောင်း သူ မသိသေးသော်လည်း၊ ၎င်းမှာ အလွန် အလွန် ဝေးကွာနေကြောင်းကိုမူ သူ သိထားသည်။

​လီချင်းချိုးက ပိုင်ယွီထျန်းအနားသို့ ချက်ချင်း မသွားခဲ့ပေ။ ပတ်ဝန်းကျင်ရှိ တပည့်များနှင့် ပေါ့ပေါ့ပါးပါး စကားပြောနေပြီး အရေးမကြီးသော ကိစ္စများကို ပြောနေလျှင်ပင် တပည့်များကို စိတ်လှုပ်ရှားစေကာ သူတို့ကိုယ်သူတို့ အရေးပါသည်ဟု ခံစားရစေနိုင်သည်။

​မြင့်မြတ်လှသော လီချင်းချိုးက အောက်ခြေမှ တပည့်များကို ဤကဲ့သို့ စကားပြောနိုင်သည်ကို မြင်သောအခါ လီချင်းချိုးမှာ အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းလှသည်ဟု ပိုင်ယွီထျန်း ခံစားလိုက်ရ၏။

​သူ့ဆရာနှင့် ဘိုးဘေးတို့မှာ ဂျူနီယာများကို ရင်ဆိုင်ရာတွင် ဤမျှ ညင်သာနိုင်စွမ်း မရှိကြချေ။

​ချင်းရှောင်ဂိုဏ်းအပေါ် လီချင်းချိုး၏ ထိန်းချုပ်မှုမှာ အခြား မည်သည့် ဂိုဏ်းချုပ်ထက်မဆို သာလွန်ကြောင်း သတိပြုသင့်သည်။

​အကြွင်းမဲ့ အာဏာရှိနေသည့်တိုင် လီချင်းချိုး၏ ချဉ်းကပ်ရလွယ်ကူသော သဘောသဘာဝက ဟန်ဆောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ် ထိုကဲ့သို့ ဖြစ်ကြောင်း ပြသနေ၏။

​သူလည်း ထိုကဲ့သို့ လူမျိုး ဖြစ်ချင်သည်။

​ပိုင်ယွီထျန်းက လီချင်းချိုးကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်မိသည်။

​အတန်ကြာသော် လီချင်းချိုးမှာ လူအုပ်ထဲမှ နောက်ဆုံးတွင် ထွက်လာခဲ့သည်။ သူက ပိုင်ယွီထျန်းကို မတော်တဆ တွေ့သွားသကဲ့သို့ ဟန်ဆောင်ကာ အပြုံးဖြင့် လျှောက်လာနေသည်။

​ပိုင်ယွီထျန်းက ကမန်းကတန်း လီချင်းချိုးကို ဦးညွှတ် အရိုအသေပေးလိုက်သည်။ လီချင်းချိုးကို ရင်ဆိုင်ရာတွင် သူ အနည်းငယ် စိုးရိမ်နေပြီး ဂိုဏ်းချုပ်နှင့် မည်သို့ စကားပြောရမည်ကို မသေချာချေ။

​...

​ပိုင်ယွီထျန်းနှင့် အတန်ကြာ စကားပြောပြီးနောက် လီချင်းချိုး စိတ်သက်သာရာ ရသွားခဲ့သည်။

​ပိုင်ယွီထျန်း၏ ခန္ဓာကိုယ်အတွင်းရှိ တစ္ဆေချီကို သူ ခံစားနိုင်သည်။ ဤတစ္ဆေချီတွင် ကိုယ်ပိုင် အသိအာရုံ ရှိသော်လည်း ပိုင်ယွီထျန်း၏ သဘာဝ သို့မဟုတ် ယုံကြည်ချက်များကို မပြောင်းလဲစေဘဲ တစ္ဆေမှာ မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း ပြသနေသည်ဖယ

​၎င်းမှာ သူ့တပည့်၏ အခွင့်အရေး ဖြစ်သဖြင့် သူ ဝင်မစွက်ဖက်သင့်ပေ။

​လီစစ်ဖုန်း၏ ခန္ဓာကိုယ်ထဲတွင်လည်း လျှို့ဝှက်ဆန်းကြယ်သော ဓားဝိညာဉ် တစ်ခု ကိန်းအောင်းနေသည် မဟုတ်လော။

​နောက်တစ်နေ့နံနက်တွင် ရှန်ယွဲ့နှင့် ယန်တောက်ကျုံးတို့က ပိုင်နင်းအာကို သွားရှာပြီး သူတို့ သုံးဦး အတူတကွ တောင်အောက်သို့ ဆင်းသွားကြသည်။

​အစက ရှန်ယွဲ့ကိုသာ လိုက်သွားရန် စီစဉ်ခဲ့သော်လည်း ရှန်ယွဲ့က ယန်တောက်ကျုံးကိုပါ ခေါ်သွားရန် အကြံပြုခဲ့သည်။ လီချင်းချိုးကလည်း ကြီးကြီးမားမား ပြဿနာများ မရှိဟု တွေးကာ သဘောတူလိုက်သည်။

​သူတို့ သုံးဦး တောင်အောက်သို့ ဆင်းသွားခြင်းက ချင်းရှောင်ဂိုဏ်းတွင် မည်သည့် ရုတ်ရုတ်သဲသဲမျှ မဖြစ်စေခဲ့ပေ။အဘယ့်ကြောင့်ဆိုသော် တပည့်များ၏ အာရုံစိုက်မှုမှာ အခြား လူများနှင့် အဖြစ်အပျက်များစွာပေါ်တွင် ရှိနေသောကြောင့်ပင်။

​နွေဦးပွဲတော် မတိုင်မီကပင် ချင်းရှောင်တောင်မှာ ပွဲတော်ရက်တစ်ခုကဲ့သို့ စည်ကားသိုက်မြိုက်နေခဲ့သည်။

​နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာသောအခါ….

​ကောင်းကင်ဘုံသို့ ယဇ်ပူဇော်ရန်နှင့် မင်းဆက် တည်ထောင်ရန် နေ့ရက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​လီချင်းချိုးက ကိုယ်ထင်မပြခဲ့ဘဲ ဂူအတွင်း၌သာ သိုင်းပညာ လေ့ကျင့်နေခဲ့သည်။

​ကျန်းယွီချွန်းကမူ ချင်းရှောင်ဂိုဏ်းကိုယ်စား လျူကျင်းအတွက် ခေါင်းလောင်း တီးပေးခဲ့သည်။ လျူကျင်းက ကောင်းကင်ဘုံကို ကတိသစ္စာပြုလိုက်သည်နှင့်အမျှ နိုင်ငံတစ်ဝန်းလုံးအတွက် ခေတ်သစ်တစ်ခု စတင်ခဲ့ပြီ ဖြစ်သည်။

​ရွှမ်မင်းဆက်ကို တည်ထောင်လိုက်ပြီ….

​……….

​မင်းဆက် တည်ထောင်ပြီးနောက် နှစ်သစ်သို့ ရောက်ရှိလာခဲ့ပြီး ချင်းရှောင်တောင်မှာလည်း စည်ကားသိုက်မြိုက်သော လေထုကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

​ယခုနှစ်၏ နွေဦးပွဲတော်မှာ ချင်းရှောင်ဂိုဏ်း တပည့်များအတွက် ပိုမို စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ အကြောင်းမှာ မင်းဆက်သစ် တည်ထောင်ခြင်းကို သူတို့ မြင်တွေ့ခဲ့ရပြီး ဆယ်နှစ်တစ်ကြိမ် ကျင်းပသော သိုင်းပညာ ပြိုင်ပွဲကိုလည်း ကြိုဆိုရတော့မည် ဖြစ်သောကြောင့်ပင်။

​ဂိုဏ်းရှိ လူတိုင်းမှာ သိုင်းပညာ ပြိုင်ပွဲကို မျှော်လင့်နေကြသည်။

​ကျန်းယွီချွန်းက မှော်ပညာရပ် အားပြိုင်မှုကို အလွန် အရေးပါသည်ဟု သတ်မှတ်ထားသည်။ သူက ကောင်းကင်လက်မှုပညာခန်းမ ကို တောင်ခြေတွင် ပြိုင်ပွဲဝင် စင်မြင့် ကိုးခု တည်ဆောက်ရန် ညွှန်ကြားထားပြီး ဖြစ်သည်။ ပြိုင်ပွဲ မစတင်မီကပင် အချို့သော တပည့်များက ဤစင်မြင့်များပေါ်တွင် စတင် ယှဉ်ပြိုင်နေကြပြီ ဖြစ်၏။

​မွန်းလွဲပိုင်းတွင်….

​လင်းရှောင်ခြံဝင်း အတွင်း၌ လီချင်းချိုးတယောက် ဖရဲစေ့ စားရင်း ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ လီတုန်းယွဲ့က သူ့အတွက် လက်ဖက်ရည် ဖျော်ပေးနေပြီး ယွင်ချိုင်က အသီးအခွံခွာပေးနေသည်။ သူက လီစစ်ဖုန်းနှင့် ယန်ကျွယ်တိန်တို့ တစ်ယောက်ကိုတစ်ယောက် ကြွားလုံးထုတ်နေသည်ကို ကြည့်နေ၏။

​ကျောက်ကျိန်း၊ ယွမ်လီ၊ ကျိယာ၊ ဟူယန်၊ ရှောင်ညီနောင်သုံးဖော်၊ လီရှို့ကျန်းနှင့် လီရှို့မင်တို့လည်း ထိုနေရာတွင် ရှိနေကြပြီး အခြားသော ဂိုဏ်းများမှ အဆင့်မြင့် အရာရှိများလည်း ပါဝင်သဖြင့် လင်းရှောင်ခြံဝင်းမှာ အနည်းငယ် ပြည့်ကျပ်နေတော့သည်။

​လူများပြားနေခြင်းကြောင့်သာလျှင် ပိုမို စည်ကားသည်ဟု ခံစားရခြင်း ဖြစ်သည်။

​အချို့က ထိုင်နေကြပြီး အချို့က မတ်တတ်ရပ်နေကြကာ လူတိုင်းတွင် ကိုယ်ပိုင် စကားဝိုင်းများ ရှိနေကြသည်။

​ရွှီနင်းက ကောင်းကင်လက်မှုပညာခန်းမက နောက်ထပ် ဘာလုပ်မည်ကို ကျူးယန်နှင့် စကားပြောနေပြီး ကျူးယန်က ရွှီနင်း၏ အကူအညီကို ရရှိရန် မျှော်လင့်နေသည်။

​ရွှီနင်း၏ ကောင်းကင်မိုးကြိုးချီမှာ ကောင်းကင်လက်မှုပညာခန်းမမှ ဖန်တီးမှုအားကောင်းသော တပည့်များအတွက် ကြီးမားသော အကူအညီ တစ်ခု ဖြစ်သဖြင့် ကျူးယန်က သူမထံသို့ အမြဲ သွားရောက်လေ့ရှိပြီး ထို့ကြောင့် သူတို့ နှစ်ဦးမှာ ပိုမို ရင်းနှီးလာကြသည်။

​"မကြာသေးခင်က သိုင်းလောကမှာ ထောင်ချိုးဂိုဏ်းလို့ ခေါ်တဲ့ မသေမျိုး ကျင့်ကြံရေး ဂိုဏ်းသစ်တစ်ခု ပေါ်လာတယ်... သူတို့ရဲ့ ဂိုဏ်းချုပ်က ကိုးကောင်းကင် မသေမျိုးသခင် ဝင်စားတာလို့ ဆိုတယ်... သူက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့ ပုံစံမျိုးနဲ့ စကားပြောတယ်... သူ့ရဲ့ ဩဇာလွှမ်းမိုးမှုကလည်း အတော်လေး ကြီးမားတယ်..."

​ချင်းရှောင်ဘိုးဘေးက ရုတ်တရက် ကိစ္စတစ်ခုကို တင်ပြလာရာ စားပွဲရှည်ကြီးရှိ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။

​ယင်းကို မြင်သောအခါ သူက ကျောကို မတ်မတ်ထားလိုက်ပြီး ထောင်ချိုးဂိုဏ်း နှင့် ပတ်သက်သော ကောလာဟလများကို ဆက်လက် ပြောပြလိုက်သည်။

​လီချင်းချိုးကလည်း နားထောင်နေသော်လည်း ဂရုမစိုက်ဘဲ ပျော်စရာအဖြစ်သာ နားထောင်နေခြင်း ဖြစ်သည်။

​ရွှမ်မင်းဆက် တည်ထောင်လိုက်ခြင်းနှင့်အတူ ချင်းရှောင်ဂိုဏ်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ယခုမှစ၍ ကမ္ဘာမြေအောက်ရှိ ကိုးပြည်ထောင်နယ်မြေ အားလုံးမှာ ချင်းရှောင်ဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်သွားပြီ ဖြစ်၏။ သူတို့ကို ဆန့်ကျင်ရန် သို့မဟုတ် ကျင့်ကြံရေး အရင်းအမြစ်များကို သိမ်းပိုက်ရန် ရဲဝံ့သည့် မည်သည့် ဂိုဏ်းကိုမဆို သူတို့က တရားဝင် အကြောင်းပြချက်ဖြင့် နှိမ်နင်းနိုင်သည်။

​အကယ်၍ သင်က အရင်းအမြစ်များကို မသုံးစွဲဘဲ မသေမျိုးဖြစ်အောင် တစ်ယောက်တည်း ကျင့်ကြံနေမည်ဆိုလျှင် စိုးရိမ်စရာ ဘာမှ မရှိချေ။

​လီချင်းချိုးက အလွန် သဘောထားကြီးလှသည်။

​သေချာသည်မှာ မသေမျိုးဖြစ်အောင် ကျင့်ကြံခြင်းဆိုသည်မှာ အခြားသူများနှင့် ယှဉ်ပြိုင်ခြင်းနှင့် ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်း ဖြစ်ကြောင်းကိုလည်း သူ ကောင်းစွာ သိထားသည်။ ကျင့်ကြံရေး ဂိုဏ်းတစ်ခု ထင်ရှားလာသရွေ့ ချင်းရှောင်ဂိုဏ်း၏ ရန်သူများ သေချာပေါက် ပေါ်ထွက်လာမည်သာ။

​သူတို့သည် ချင်းရှောင်ဂိုဏ်းအတွက် ရန်သူများ ဖြစ်သလို စမ်းသပ်မှု တစ်ခုလည်း ဖြစ်သည်။

​သူသည် သူတို့နှင့် သင့်မြတ်အောင် နေထိုင်ရန် ပိုမို ကောင်းမွန်သော နည်းလမ်းကိုလည်း ရှာဖွေနေခဲ့သည်။ အကယ်၍ မရှိခဲ့လျှင် ဤဂိုဏ်းငယ်လေးများကို ချင်းရှောင်ဂိုဏ်း တပည့်များ အဆင့်တက်ရန် နေရာများအဖြစ် သူ သဘောထားမည် ဖြစ်သည်။

​ခဏကြာ နားထောင်ပြီးနောက် ယွင်ချိုင်သည်ပင် ထောင်ချိုးဂိုဏ်း အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားသည်။

​"ဂိုဏ်းချုပ်... သိုင်းပညာ ပြိုင်ပွဲ ပြီးသွားရင် ကျွန်မ တစ်နှစ်လောက် လေ့ကျင့်ရေးဆင်းဖို့ တောင်အောက်ကို ဆင်းချင်ပါတယ်... ရမလား..."ဟု း ယွင်ချိုင်က လီချင်းချိုးကို တီးတိုး မေးလိုက်သည်။

​"သေချာတာပေါ့ ရပါတယ်... မင်းရဲ့ ညီမတွေကိုရော ခေါ်သွားချင်လား..."

​"ဟုတ်ကဲ့... ကျွန်မတို့ အတူတူ ဆွေးနွေးပြီးပါပြီ..."

​"သွားပြီး ကမ္ဘာအနှံ့ လှည့်လည်ကြည့်ပါ... သတိထားပါ... မင်းက ကျင့်ကြံသူ တစ်ယောက် ဖြစ်နေလို့ ဘယ်သူ့ကိုမှ မကြောက်ရဘူးလို့ မတွေးပါနဲ့..."

​လီချင်းချိုးက ယွင်ချိုင်ကို ဝိညာဉ်အသိအာရုံအဆင့်သို့ ချက်ချင်း ချိုးဖျက်ရန် အလျင်မလိုကြောင်းနှင့် သင့်လျော်သော လေ့ကျင့်ရေးဆင်းခြင်းကလည်း ကောင်းသောအရာ ဖြစ်ကြောင်း သတိပေးလိုက်သည်။

​ယွင်ချိုင်က ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ပျံ့နှံ့သွားသည်။ လီချင်းချိုးက သူမကို လေ့ကျင့်ရေးဆင်းရန် တောင်အောက်ဆင်းခွင့်ပြုမည်ကို သူမ သိထားပေသည်။

​လီချင်းချိုး၏ အခြားတစ်ဖက်တွင် ထိုင်နေသော လီတုန်းယွဲ့က ရုတ်တရက် ရယ်မောကာ …….

"မင်း ပြန်လာရင် လောကီလောကက မင်းရဲ့ တပည့်တွေကိုရော ခေါ်လာမှာလား..."

​ယွင်ချိုင်က…..

"ကျွန်မ တောင်ခြေမှာ တပည့် လက်ခံမှာ မဟုတ်ပါဘူး... အများဆုံး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးရုံပါပဲ..."

​လီချင်းချိုးက…..

"မင်း ရေစက်ပါတဲ့ လူတစ်ယောက်ကို တွေ့ရင် တပည့်အဖြစ် လက်ခံလို့ ရပါတယ်... ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ချက်တွေ အရမ်းကြီး ထားနေစရာ မလိုပါဘူး..."

​"မေ့လိုက်တာ ပိုကောင်းပါတယ်... တပည့်လက်ခံတာက အရမ်း အလုပ်ရှုပ်တယ်..." ဟု ယွင်ချိုင်က ခေါင်းယမ်း၍ ပြောလိုက်တော့ လီချင်းချိုးက စကားများများစားစား မပြောတော့ချေ။ သူ ခေါင်းလှည့်လိုက်တော့ ကျန်းယွီချွန်းက ဟင်းပွဲပူပူ တစ်ခွက် ကိုင်လာသည်ကို တွေ့လိုက်ရသည်။

​"ဝိညာဉ်ငါးရဲ့ အသား တစ်လုပ်က ခင်ဗျားတို့ကို သုံးရက်စာ ပင်ပန်းခက်ခဲတဲ့ ကျင့်ကြံမှုတွေကနေ ကယ်တင်ပေးလိမ့်မယ်..."

​ကျန်းယွီချွန်း၏ ရယ်မောသံ ထွက်ပေါ်လာရာ လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားတော့သည်။

All Chapters