အခန်း (၂၆၅၁-၂၆၅၂)
Vol. 206 Ch. 2651-2652
အခန်း(၂၆၅၁)
“ကျန်းချန်.. မင်းက ကိုယ့်သေလမ်းကိုယ်ရှာနေမှတော့ ငါ ဒီနေ့မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ယွမ်ဟွမ်ကျန့်က နှာခေါင်းရှုံ့လိုက်ပြီး ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ တောက်ပသော ရွှေရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်ဓားအလင်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် မီတာတစ်ထောင်ခန့် အရွယ်အစားရှိ အဖြူရောင်နဂါးကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အရာအာလုံးကို ဖျက်ဆီးပစ်နိုင်သော ကြောက်မက်ဖွယ်စွမ်းအားများနှင့်အတူ ကျန်းချန်ထံ ဦးတည်လာခဲ့သည်။
ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သော ယွမ်ဟွမ်ကျန့်သည် ပါရမီထူးချွန်သော ဓားသမားတစ်ဦး ဖြစ်ရုံသာမက မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ မဟာယာနအထွတ်အထိပ်အဆင့် ကျင့်ကြံသူအားလုံးထဲတွင် သူ၏ စွမ်းအားသည် အသန်မာဆုံးများထဲမှ တစ်ဦး ဖြစ်၏။
ဤဓားချက်သည် သာမန် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးကို စက္ကန့်ပိုင်းအတွင်း အလွယ်တကူ သတ်ပစ်ရန် လုံလောက်ပြီး မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင်လျှင် ဆုတ်သွားရလိမ့်မည် ဖြစ်သည်။
“သခင်ကြီး”
ယွမ်ဟွမ်ကျန့်၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်မှုကို မြင်လျှင် အောက်ဘက်တွင် ရှိနေသော ရွှယ်ချန်ကျဲ၏ မျက်ဝန်းများသည် ချက်ချင်းပင် အလွန်တရာ လေးနက်သွားခဲ့သည်။
ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ယွမ်ဟွမ်ကျန့်သည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားအကြီးဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ပြိုင်ဘက်ကင်းလုနီးပါး ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။
ထို့အပြင် ယွမ်ဟွမ်ကျန့်၏ နံဘေးတွင် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ဦးလည်း ရှိသေး၏။
ကျန်းချန်က ပြိုင်ဘက်ကင်း အစွမ်းထက်မှန်း သူသိသော်လည်း တစ်ယောက်တည်းနှင့် သုံးယောက်ကို ရင်ဆိုင်ရန်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ။
“စိတ်မပူပါနဲ့.. ကျန်းချန်ရဲ့ စွမ်းအားနဲ့ ဆိုရင် တကယ့်အင်မော်တယ်ကိုယ်တိုင် ဆင်းသက်မလာသရွေ့ ဘယ်သူမှ သူ့ကို ဘာမှ တတ်နိုင်မှာမဟုတ်ဘူး”
ရွှယ်ယွင်ထျန်း၏ မျက်နှာအမူအရာက အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။
သူက နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်၏ စွမ်းအားကို အလွန်ပင် ရှင်းရှင်းလင်းလင်း သိရှိထားခဲ့သည်။
ဤလူငယ်သည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို အနိုင်ယူနိုင်စွမ်းရှိရုံသာမက ဝှက်ဖဲအများအပြား ရှိသူလည်း ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဟွမ်ယွမ်သူတော်စင်မြို့တော်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ရွှယ်ယွင်ထျန်းသည် ကျန်းချန်၏ လက်ထဲ၌ မဟာယာနအဆင့် ကျင့်ကြံသူများ တစ်ဦးပြီး တစ်ဦး ကျဆုံးသွားသည်ကို မြင်တွေ့ခဲ့ရသည်။
အထူးသဖြင့် စန်းလန်စကြဝဠာနှင့် တိုက်ပွဲတွင် ကျန်းချန်သည် အင်မော်တယ် တစ်ပါး၏ ကိုယ်ပွားကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။
ထို့ကြောင့် ယွမ်ဟွမ်ကျန့်တို့ သုံးယောက်က အင်အားကြီးမားသော်လည်း ကျန်းချန်ကို ကောင်းစွာ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ဟု သူ ထင်မြင်ခဲ့၏။
ဟင်းလင်းပြင်ထဲတွင် ရွှေရောင်နဂါးသည် ကောင်းကင်ယံကို ဖြတ်ကျော်ပြီး ကျန်းချန်၏ ဦးခေါင်းအထက်သို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။
ရွှေရောင်နဂါးသည် အလွန်အမင်း အားကောင်းသော ဓားစွမ်းအားများဖြင့် ဖွဲ့စည်းထားပြီး မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူများကိုပင် သတ်ဖြတ်ရန် လုံလောက်၏။
ရွှေရောင်နဂါးက သူ၏ ဦးခေါင်းအထက်သို့ ရောက်ရှိလာသောအခါတွင် ကျန်းချန်သည် လူသားဧကရာဇ်ဓားကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
သူက ဓားချက်ကို ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တုန်ခါသွားခဲ့ပြီး လူသားဧကရာဇ်ဓား ပေါ်မှ တောက်ပသော ဓားအလင်းသည် ဟင်းလင်းပြင် အတွင်းသို့ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့ကာ ရွှေရောင်နဂါးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ထို့နောက်တွင်မူ ရွှေရောင်နဂါးသည် ကျန်းချန်၏ ဓားချက်အောက်တွင် မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ဘဲ အသတ်ခံလိုက်ရ၏။
ထိုအချိန်မှာပင် ကျိယွင်ရှောင်၏ ဒေါသတကြီး အေးစက်စက် ကြုံးဝါးသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
“နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်.. ငါတို့ ဝူကျိအင်မော်တယ်ဂိုဏ်းရဲ့ ဖိုမလက်ညှိုးသိုင်းကွက်ကို မြည်းကြည့်လိုက်စမ်း”
ကျိယွင်ရှောင်က အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ဟင်းလင်းပြင်က တုန်ခါသွားခဲ့ပြီး မီတာတစ်ထောင်ခန့်အရွယ်အစားရှိ အနက်နှင့်အဖြူ ပေါင်းစပ်ထားသော ဧရာမလက်ညှိုးကြီး တစ်ခုသည် ကောင်းကင်တိုင်လုံး ကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်ကိုပင် ချေမှုန်းနိုင်လောက်သော စွမ်းအားဖြင့် ကျန်းချန်ကို ဖိနှိပ်လာခဲ့သည်။
“ဒီလောက်ပဲလား”
ကျန်းချန်၏ အမူအရာက အေးစက်စက်ဖြစ်နေခဲ့၏။
သူက ချက်ချင်းဆိုသလိုပင် အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း၏ ပထမဓားကွက်ကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်းသည် ဟင်းလင်းပြင်တွင် ပျံ့နှံ့သွားခဲ့သည်။
ကောင်းကင်ယံကို ဖြတ်သန်းလာသည့် ကျိယွင်ရှောင်၏ ဧရာမလက်ညှိုးကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန်၏ ဓားအလင်းထဲ၌ နစ်မြုပ်သွားခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် ကျိယွင်ရှောင်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပင် အနက်နှင့်အဖြူ ပေါင်းစပ်ထားသော စက်ဝိုင်းပုံသဏ္ဌာန် ဒိုင်းကာတစ်ခုကို ထုတ်ယူလိုက်ရာ ထိုဒိုင်းကာမှ နတ်စွမ်းအားများသည် ကျိယွင်ရှောင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။
ယင်းအချိန်မှာပင် ကျန်းချန်၏ ဓားအလင်းသည် အရှိန်အဟုန်ပြင်းစွာဖြင့် ကျိယွင်ရှောင်ထံ သက်ရောက်လာခဲ့၏။
ဝူကျိ အင်မော်တယ်ဂိုဏ်း၏ အထွတ်အမြတ် ကာကွယ်ရေးရတနာ ဖြစ်သော ဒိုင်းကာသည် ကျန်းချန်၏ ဓားအလင်းဖြင့် ထိတွေ့မိသည်နှင့် စက္ကူစုတ် ကဲ့သို့ ပြိုလဲသွားခဲ့သည်။
ကျိယွင်ရှောင်၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး လူတစ်ကိုယ်လုံးသည်လည်း ဟင်းလင်းပြင်ထဲတွင် မီတာထောင်ချီ အကွာအဝေးအထိ အရှက်တကွဲ လွင့်စင်သွားခဲ့သည်။
“ဒီကောင်လေးရဲ့ စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ”
သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအာများကို အတင်းအကျပ် ဖိနှိပ်ရင်း ကျိယွင်ရှောင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူနှင့် ယွမ်ဟွမ်ကျန့်တို့ နှစ်ဦးစလုံးသည် မဟာယာန အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့ နှစ်ဦးသည် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်နှင့် တိုက်ခိုက်ခဲ့သော်လည်း လူသားဧကရာဇ်သည် သူတို့ကို အပြတ်အသတ်ပင် အသာစီးရနေခဲ့သည်။
ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။
သိထားရမည့်အချက်မှာ သူတို့ရှေ့တွင် ရှိနေသည့် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်သည် ဒဏ္ဍာရီလာ အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကိုပါ တတ်မြောက်ထားခြင်းပင်။
ယခု လူသားဧကရာဇ်က အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးမပြုရသေးသည့်တိုင် တစ်ယောက်တည်းဖြင့် သူတို့နှစ်ယောက်ကို ယှဥ်နိုင်နေခဲ့ချေပြီ။
အကယ်၍သာ အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုခဲ့မည်ဆိုလျှင် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ သုံးယောက် ပူးပေါင်းလျှင်ပင် ကျန်းချန်ကို ရင်ဆိုင်နိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
“နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က ပြိုင်ဘက်ကင်းအစွမ်းထက်တယ်လို့ ကြားဖူးထားတာ ကြာပါပြီ.. ဒီနေ့ မျက်မြင် တွေ့လိုက်ရတော့ တကယ်ပဲ နာမည်ကျော်ကြားသလောက် အစွမ်းထက်ပါပေတယ်.. ငါ့ရဲ့ တိုက်ခိုက်မှုကိုလည်း ခံယူကြည့်လိုက်ပါဦး”
ထိုအချိန်တွင် ကျန်ရှိသည့် ပိန်ပါးပါး အဘိုးအိုက အေးစက်စက် ပြောလိုက်သည်။
သူ၏ အမူအရာက အလွန်ပင် လေးနက်နေခဲ့ပြီး သူ၏ နှုတ်ထွက်စကားသည် နွေဦးရာသီတွင် မိုးခြိမ်းသံ ကဲ့သို့ လေထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
ထိုစကားကို ပြောပြီးနောက်တွင် ပိန်ပါးပါး အဘိုးအိုသည် အလင်းအရိပ် အဖြစ်သို့ ပြောင်းလဲကာ အဆုံးသတ်တွင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ပိန်ပါးပါးအဘိုးအို၏ ခန္ဓာကိုယ်သည် သုံးကိုယ် ခွဲထွက်သွားခဲ့ပြီး ကျန်းချန်ကို တြိဂံပုံစံ ဝိုင်းရံလိုက်သည်။
ထိုပုံရိပ် သုံးခုစလုံးသည် တကယ့် အစစ်အမှန်ကဲ့သို့ပင် ဖြစ်နေခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များကို ပျက်စီးခြင်း ဓားအလင်းများက လွှမ်းခြုံနေခဲ့သည်။
ကျန်းချန်၏ ကျောဘက်မှ ပိန်ပါးပါး အဘိုးအိုသည် အနက်ရောင် ဓားရှည်တစ်လက်ကို ကိုင်စွဲထားပြီး ကျန်းချန်၏ ဘယ်ဘက်ဘက် နှင့် ညာဘက်မှ အဘိုးအို နှစ်ဦးကမူ အဖြူရောင်ဓားရှည် တစ်လက်နှင့် ရွှေရောင်ဓားရှည် တစ်လက်စီကို ကိုယ်စီ ကိုင်စွဲထားကြသည်။
ထိုဓားရှည်သုံးလက်သည် သာမန် ဓားရှည်များ မဟုတ်ဘဲ ကျန်းချန် လက်ထဲရှိ လူသားဧကရာဇ်ဓားထက်ပင် မနိမ့်ကျပေ။
မဟာယာန အထွတ်အထိပ်အဆင့်ရှိ ပိန်ပါးပါးအဘိုးအို သုံးဦးနှင့် ထူးခြားသော ဓားသုံးလက်တို့ ပေါင်းစပ်မှုသည် လောကတစ်ခုလုံးကို တုန်လှုပ်စေနိုင်လောက်သည် အထိ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
“ဘိုးဘေးက စွမ်းအင်သုံးပါး ဓားဗျူဟာကို အသုံးပြုလိုက်ပြီပဲ”
သူ၏ ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ယွမ်ဟွမ်ကျန့်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းများ လင်းလက်သွားခဲ့သည်။
ပိန်ပါးပါး အဘိုးအို၏ အမည်မှာ စန်းရှန် ဖြစ်ပြီး ဟွမ်ယွမ်ဓားဂိုဏ်း၏ အသက်အကြီးဆုံး ဘိုးဘေးအဆင့် ပုဂ္ဂိုလ် ဖြစ်ကာ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်သည်။
သူ တီထွင်ထားသော စွမ်းရည်သုံးပါး ဓားဗျူဟာသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင် နာမည်ကျော်ကြားသည့် ဓားသိုင်းတစ်ခု ဖြစ်သည်။
ထိုဓားသိုင်းကို အစွမ်းကုန် အသုံးချနိုင်ရန် အတွက် စန်းရှန်ဘိုးဘေးသည် သူ၏ ဘဝတစ်လျှောက်လုံး ကြိုးပမ်းအားထုတ်မှုများဖြင့် ကောင်းကင်၊ မြေကြီးနှင့် လူသား ဟူသော ဓားသုံးလက်ကို ဖန်တီးခဲ့သည်။
သူက ထိုစွမ်းရည်သုံးပါး ဓားဗျူဟာကို အသုံးပြု၍ မရေမတွက်နိုင်သော မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို အနိုင်ယူခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတစ် အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
စန်းရှန်ဘိုးဘေးသည် နှစ်ပေါင်းများစွာ ဇာတ်မြှုပ်နေထိုင်ခဲ့သော်လည်း မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းသည်ကို ယွမ်ဟွမ်ကျန့်သည် မည်သူ့ထက် မဆို ပို၍ သိရှိထားခဲ့၏။
ယခုအခါ စန်းရှန်ဘိုးဘေးသည် စွမ်းရည်သုံးပါး ဓားဗျူဟာကို ထုတ်ဖော်လိုက်ပြီ ဖြစ်ရာ နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်သည် မည်မျှပင် အစွမ်းထက်နေပါစေ၊ ထိုဓားဗျူဟာကို တားဆီးရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။
အခန်း(၂၆၅၁)ပြီး၏။
အခန်း(၂၆၅၂)
“ဒီဓားသိုင်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။
ထို့နောက်တွင် သူက တုံ့ဆိုင်းမနေဘဲ အင်မော်တယ် ဖျက်စီးခြင်း ဓားသိုင်း၏ ဒုတိယဓားကွက်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။
သူ၏ ဓားချက်က သူ၏ ကျောဘက်ရှိ ပိန်ပါးပါး အဘိုးအိုထံသို့ ဦးတည်သွားခဲ့သည်။
သူ၏ အာရုံခံစားမှုအရ သူ၏ ကျောဘက်ရှိ ပိန်ပါးပါးအဘိုးအို၏ အရှိန်အဝါသည် အားအကောင်းဆုံး ဖြစ်သောကြောင့် ထိုအဘိုးအိုသည် ပင်မခန္ဓာကိုယ် ဖြစ်နိုင်သည်ဟု ယူဆရ၏။
ပိန်ပါးပါး အဘိုးအို၏ ပင်မခန္ဓာကိုယ်ကိုသာ ရှင်းပစ်နိုင်လျှင် ဤဓားဗျူဟာသည် အလိုအလျောက် ဖြိုခွင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
“ဒါက ငါ့ရဲ့ ပင်မခန္ဓာကိုယ်လို့ မင်းတကယ်ပဲ ထင်နေတာလား”
ကျန်းချန်က သူ့ကို တိုက်ခိုက်လိုက်သည်အား မြင်လျှင် ပိန်ပါးပါး အဘိုးအိုသည် ထူးဆန်းသောအပြုံးကို ပြုံးလိုက်သည်။
ပိန်ပါးပါး အဘိုးအိုက ရှောင်တိမ်းခြင်း မပြုဘဲ သူ၏ လက်ထဲရှိ အနက်ရောင်ဓားရှည်ကို အသုံးပြုကာ ကျန်းချန်၏ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ဘယ်ဘက်နှင့် ညာဘက်ရှိ ပိန်ပါးပါး အဘိုးအို နှစ်ဦးသည်လည်း တစ်ပြိုင်နက်တည်းပင် ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူသုံးဦး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။
သို့သော်လည်း ကျန်းချန်၏ အမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။
သူက အနက်ရောင်ဓားရှည် ကိုင်ဆောင်ထားသည့် ပိန်ပါးပါး အဘိုးအိုကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်ပြီး ကျန်ရှိသော ပိန်ပါးပါး အဘိုးအိုနှစ်ဦး၏ တိုက်ခိုက်မှုကို ဓားချက်နှစ်ချက် ထုတ်ဖော်ကာ ချေမှုန်းပစ်လိုက်သည်။
ကျန်းချန်က ကျန်ရှိသော ပိန်ပါးပါး အဘိုးအို နှစ်ဦးကို အားကုန်ထုတ်၍ တိုက်ခိုက်တော့မည့် အချိန်မှာပင် အစောပိုင်းက သူဓားဖြင့် ခုတ်ပိုင်းကာ သတ်ဖြတ်လိုက်သော ပိန်ပါးပါး အဘိုးအိုသည် သူ၏ ကျောဘက်ရှိ ဟင်းလင်းပြင်တွင် တစ်ဖန် ပြန်ပေါ်လာခဲ့သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ကျန်းချန် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
ပိန်ပါးပါး အဘိုးအို၏ ဓားဗျူဟာသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး ကိုယ်ပွား ဖျက်ဆီးခံလိုက်ရလျှင်ပင် ချက်ချင်းပြန်လည် စုစည်းနိုင်ခဲ့သည်။
ဆိုရလျှင် ပိန်ပါးပါးအဘိုးအို၏ ပင်မခန္ဓာကိုယ် မသေဆုံးသရွေ့ ဤဓားဗျူဟာ၏ စွမ်းရည်ကြောင့် ပိန်ပါးပါး အဘိုးအိုသည် ပြိုင်ဘက်ကင်း အခြေအနေတွင် ရှိနေပြီ ဖြစ်သည်။
သို့ရာတွင် ပိန်ပါးပါး အဘိုးအို၏ မူလခန္ဓာကိုယ်ကို ရှာဖွေရန်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ။
အစောပိုင်းလေးတင် သူက သူ၏ ကျောဘက်ရှိ အဘိုးအို၏ အရှိန်အဝါအရ ပင်မခန္ဓာကိုယ် ဖြစ်နိုင်သည်ဟု ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
သို့သော်လည်း သူဓားဖြင့် ခုတ်ပိုင်းလိုက်သည့် အခိုက်အတန့်တွင် ပိန်ပါးပါး အဘိုးအိုသည် ကိုယ်ပွားနှင့် ပင်မခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို နေရာ ပြောင်းလဲပစ်လိုက်သည်။
“ကောင်လေး.. ငါ့ဘဝတစ်လျှောက်လုံး တွေ့ခဲ့ဖူးတဲ့ ပါရမီရှင်တွေထဲမှာ မင်းက အထူးချွန်ဆုံးပဲ.. တကယ့် အင်မော်တယ်ဆင်းသက်မလာသရွေ့ င့ါရဲ့စွမ်းရည်သုံးပါး ဓားဗျူဟာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ပိန်ပါးပါး အဘိုးအို သုံးဦးက ကျန်းချန်ကို ကြည့်ကာ အေးစက်စက် ရေရွတ်လိုက်ရာ ထပ်တူကျသော အသံသုံးသံသည် မတူညီသော အရပ်မျက်နှာ သုံးခု ဆီကနေ ထွက်ပေါ်လာခဲ့သည်။
“သေချာလို့လား”
ကျန်းချန်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
“ဒါဆိုရင် မင်းရဲ့ မျက်လုံးတွေကို ပြူးနေအောင် ဖွင့်ထားပြီး မင်းရဲ့ စွမ်းရည်သုံးပါး ဓားဗျူဟာကို ငါဘယ်လိုဖျက်ဆီးမလဲဆိုတာ စောင့်ကြည့်နေလိုက်”
ထိုစကားကို ပြောပြီးနောက်တွင် အုပ်စိုးသူ အထွတ်အထိပ်အဆင့် အရှိန်အဝါသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ အတားအဆီးမရှိ ထွက်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ယွမ်ဟွမ်ကျန့်သည် ချက်ချင်းပင် သတိလှမ်းပေးလိုက်သည်။
“စန်းရှန်ဘိုးဘေး သတိထားပါ.. ဒီလူက အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို တတ်မြောက်ထားတယ်”
သူတို့ကဲ့သို့ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများသည် စန်းရှန်ဘိုးဘေး၏ စွမ်းရည်သုံးပါး ဓားဗျူဟာကို ရင်မဆိုင်နိုင်သော်လည်း သူတို့ရှေ့မှ နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်ကမူ ခြွင်းချက်ဖြစ်သည်။
လူသားဧကရာဇ်သည် အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို တတ်မြောက်ထားသည် မဟုတ်ပါလား။
“အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်တဲ့လား”
ပိန်ပါးပါးအဘိုးအိုက ကျန်းချန်ကို လှောင်ပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေတာက အချိန်အတော်ကြာမြင့်ခဲ့ပြီ.. ဒါကြောင့် ဘယ်သူကမှ အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုနိုင်မှာ မဟုတ်ဘူး.. မင်း ယွမ်ဟွမ်ကျန့် တို့ကို ဘယ်လို လှည့်စားခဲ့လဲ ဆိုတာ ငါမသိပေမဲ့ ဒါက အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ် မဖြစ်နိုင်ဘူး.. ဟုတ်တယ်မလား”
“ခင်ဗျား ခန့်မှန်းတာ မှန်ပါတယ်.. ကျုပ် တကယ်ပဲ အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို မတတ်မြောက်ထားပါဘူး”
ကျန်းချန်က ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူများသည် သူ၏ အပြာရောင် ဧကရာဇ်ဓားသိုင်းမှ နောက်ဆုံးဓားကွက်ကို အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ် အဖြစ် သတ်မှတ်ခဲ့ကြသည်။
အပြာရောင်ဧကရာဇ်ဓားကွက်သည် ဓားအင်မော်တယ်ကို ဖိတ်ခေါ်နိုင်၍ အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်နှင့် ဆင်တူသော်လည်း တကယ်တမ်းတွင် အင်မော်တယ် ဆက်သွယ်ခြင်းပညာရပ် မဟုတ်ပေ။
ထို့အပြင် လက်ရှိအချိန်တွင် အပြာရောင်ဧကရာဇ်ဓားကွက်သည် အသိစိတ်ရှိသော ဓားအင်မော်တယ်ကို မဖိတ်ခေါ်နိုင်တော့၍ အားကောင်းသော ဓားကွက်တစ်ကွက် အဖြစ်သာ သတ်မှတ်နိုင်တော့၏။
သို့ရာတွင် အသိစိတ်ရှိသော ဓားအင်မော်တယ်ကို မဖိတ်ခေါ်နိုင်သည့်တိုင် ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့် ထိုဓားကွက်ကို အသုံးပြုမည် ဆိုလျှင် စန်းရှန်ဘိုးဘေး၏ ဓားဗျူဟာကို အနိုင်ယူရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤအခိုက်အတန့်တွင် ကျန်းချန်သည် အပြာရောင်ဧကရာဇ် ဓားကွက်ကို အသုံးပြုရန် အစီအစဥ် မရှိခဲ့ချေ။
သူ၏ စွမ်းအားဖြင့် သူ၏ ရှေ့မှ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ သုံးဦးကို လုံးဝ မကြောက်ရွံ့သော်လည်း ထိုသုံးဦးကို ရှင်းပစ်ရန်မှာမူ မလွယ်ကူပေ။
ထို့ကြောင့် ကျန်းချန်က တုံ့ဆိုင်းမနေဘဲ အတွေးတစ်ချက်ဖြင့်ပင် အင်မော်တယ်ကျောက်တိုင်ကို ထုတ်ယူလိုက်သည်။
ယခုအခါတွင် သူက အထွတ်အထိပ်အခြေအနေတွင် ရှိနေသေးသဖြင့် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို အသုံးပြုကာ မဟာယာန အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူများကို အလွယ်တကူ ဖိနှိပ်နိုင်မည်ဖြစ်သည်။
အချိန်ဆွဲနေမည်ဆိုလျှင် မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူသုံးဦး၏ တိုက်ခိုက်မှုကြောင့် သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင် များများစားစား မကျန်ရှိတော့ဘဲ အကျဥ်းသားစွမ်းအားကို အသုံးပြုနိုင်စွမ်းရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်သည် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် အတွက် အသင့်ဖြစ်နေခဲ့သည်။
အချိန်ကြန့်ကြာနေလျှင် အခြေအနေသည် သူ့အတွက် ပို၍ ဆိုးရွားလာလိမ့်မည် မဟုတ်ပါလား။
“အင်မော်တယ်အကျဥ်းသားစွမ်းအား.. ဖိနှိပ်စမ်း”
ထိုသို့ တွေးမိသည်နှင့် ကျန်းချန်သည် ဆန်းကြယ်သောလက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် အင်မော်တယ်ကျောက်တိုင်သည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး နတ်ဘုရားကျောက်တိုင်ကြီး အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
“ဒါ.. ဒါက ဘာကြီးလဲဟ”
ကျန်းချန်၏ ဦးခေါင်းအထက်ရှိ ဧရာမနတ်ဘုရားကျောက်တိုင်ကြီးကို ကြည့်ရင်း စန်းရှန်ဘိုးဘေးသည် အန္တရာယ် အငွေ့အသက်ကို ခံစားမိခဲ့ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ချက်ချင်းပင် ဖိနှိပ်လိုက်သည်။
ထို့နောက်တွင် သူ၏ ပုံရိပ်သုံးခု စလုံးသည် ကျန်းချန်ဆီသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားခဲ့ကြသည်။
သို့သော်လည်း စန်းရှန်ဘိုးဘေး တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဘုရားကျောက်တိုင်ပေါ်မှ စွမ်းအင်သံကြိုးနှစ်ချောင်းသည် အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့ပြီး စန်းရှန်ဘိုးဘေး၏ခန္ဓာကိုယ်ကို တိကျစွာ ချည်နှောင်လိုက်သည်။
ထို့နောက်တွင် စန်းရှန်ဘိုးဘေး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် စန်းရှန်ဘိုးဘေး၏ ခန္ဓာကိုယ်ကို ဧရာမနတ်ဘုရားကျောက်တိုင် ထဲသို့ ဆွဲခေါ်သွားခဲ့၏။
ပိန်ပါးပါးအဘိုးအို၏ ပင်မခန္ဓာကိုယ်က အကျဥ်းသားစွမ်းအားဖြင့် ဖိနှိပ်ခံလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်ရှိသော ကိုယ်ပွားနှစ်ခုသည် ဟင်းလင်းပြင်တွင် ပေါက်ကွဲပျက်စီးသွားခဲ့သည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
စန်းရှန်ဘိုးဘေးက ကျန်းချန် ထုတ်ဖော်လိုက်သည့် နတ်ဘုရားကျောက်တိုင်၏ ဖိနှိပ်မှုကို ချက်ချင်းဆိုသလို ခံလိုက်ရသည်အား မြင်လျှင် ယွမ်ဟွမ်ကျန့်တို့ လူစုသည် အံ့အားသင့်သွားခဲ့ပြီး သူတို့၏ မျက်လုံးများကိုပင် ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။
စန်းရှန်ဘိုးဘေး၏ စွမ်းရည်သုံးပါး ဓားဗျူဟာကို ကျန်းချန်သည် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုမှသာ ရင်ဆိုင်နိုင်လိမ့်မည်ဟု သူတို့ ထင်ထားခဲ့သည်။
ကျန်းချန်က အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုခဲ့လျှင် စန်းရှန်ဘိုးဘေးကို အနိုင်ယူခဲ့သည့်တိုင် ခွန်အား အလွန်အမင်း ကုန်ခမ်းသွားလိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ရောက်မှသာ သူတို့က အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ကျန်းချန်ကို တစ်ထိုင်တည်းဖြင့် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပါလား။
သို့သော်လည်း စိတ်ကူးနှင့် လက်တွေ့က အလွန်ပင် ကွာခြားနေခဲ့ပြီး လက်တွေ့ အရှိတရားကမူ ခါးသီးနေခဲ့သည်။
ဤတစ်ကြိမ်တွင် ကျန်းချန်သည် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကိုပင် လုံးဝ အသုံးမပြုခဲ့ပေ။
ထိုအစား ကျန်းချန်က လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရား ကျောက်တိုင်ကို အသုံးပြုကာ ကျန်းချန်ဘိုးဘေးကို တစ်ခဏအတွင်း ဖိနှိပ်လိုက်၏။
ယွမ်ဟွမ်ကျန့်က ကျန်းချန်၏ ဦးခေါင်းအထက်ရှိ ဧရာမနတ်ဘုရားကျောက်တိုင်ကို စိုက်ကြည့်နေရင်း သူ၏ စိတ်ထဲတွင် တစ်စုံတစ်ရာကို တွေးမိသွားသကဲ့သို့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူ၏ အော်ဟစ်သံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
“အင်မော်တယ်ရတနာပါလား.. ဒါက ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ဘိုးဘေး ချန်ရစ်ခဲ့တဲ့ အင်မော်တယ်ရတနာများလား”
အခန်း(၂၆၅၂)ပြီး၏။