အခန်း (၂၆၅၃-၂၆၅၄)
Vol. 206 Ch. 2653-2654
အခန်း(၂၆၅၃)
ယွမ်ဟွမ်ကျန့်သည် ကျန်းချန်၏ ဦးခေါင်းအထက်ရှိ ဧရာမနတ်ဘုရားကျောက်တိုင်ကြီးကို စိုက်ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
ကျန်းချန် ထုတ်ဖော်လိုက်သော အင်မော်တယ်ရတနာသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းနေခဲ့၏။
စန်းရှန်ဘိုးဘေးကဲ့သို့ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ အသန်မာဆုံး ကျင့်ကြံသူပင်လျှင် အလွယ်တကူ ထိန်းသိမ်းခံလိုက်ရသည်ဖြစ်ရာ သူတို့သည် ကျန်းချန်ကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါတော့မည်နည်း။
ဤတစ်ကြိမ်တွင် ကျန်းချန်ကို ရင်ဆိုင်ရန်အတွက် ယွမ်ဟွမ်ကျန့်တို့သည် စွန့်စားမှုအကြီးအကျယ် ပြုလုပ်ခဲ့ရပြီး မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ လေးဦးကို စုစည်းကာ သွေးနတ်ဆိုးဂိုဏ်း ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
သွေးအရိပ်ဘိုးဘေးကို ထိန်းထားရန် သူတို့ထဲမှ တစ်ဦးသာ လိုအပ်ပြီး ကျန်ရှိသော သုံးဦးက ကျန်းချန်ကို တိုက်ခိုက်ရန် ပူးပေါင်းလိုက်မည် ဆိုလျှင် အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်ဟု မူလက ထင်မှတ်ထားခဲ့သည်။
ကျန်းချန်သည် ဒဏ္ဍာရီလာ အင်မော်တယ် ဆက်သွယ်ခြင်းပညာရပ်ကို တတ်မြောက်ထားသော်လည်း အင်မော်တယ်များဆိုသည်မှာ စိတ်တိုင်းကျ ဖိတ်ခေါ်၍ မရပေ။
အင်မော်တယ်များကို ဖိတ်ခေါ်လိုသူတိုင်းသည် ထိုက်တန်သည့် တန်ဖိုးတစ်ခုခုကို ရင်းနှီးရစမြဲ ဖြစ်၏။
ထို့အပြင် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ဖြင့် ဆင့်ခေါ်ထားသော အင်မော်တယ်ကိုယ်ပွားသည် အချိန်အကြာကြီး မခံနိုင်ပေ။
ယွမ်ဟွမ်ကျန့်၏ မူလအစီအစဥ်မှာ စန်းရှန်ဘိုးဘေး၏ စွမ်းအင်သုံးပါးဓားဗျူဟာကို အသုံးပြု၍ ကျန်းချန်၏ အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို ရင်ဆိုင်ရန် ဖြစ်သည်။
စန်းရှန်ဘိုးဘေးက ကျန်းချန်၏ အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို ခုခံနိုင်လျှင် သို့မဟုတ် ကျန်းချန်တို့ နှစ်ဦးလုံး ထိခိုက်ဒဏ်ရာရသွားလျှင်ပင် သူတို့၏ အစီအစဥ်က အလုပ်ဖြစ်သည်ဟု ဆို၍ ရသည်။
အကြောင်းရင်းမှာ ထိုအခြေအနေတွင် ကျန်းချန်သည် အထွတ်အထိပ် အခြေအနေတွင် မရှိတော့သဖြင့် သူနှင့် ကျီယွင်ရှောင်တို့ ပူးပေါင်းကာ ကျန်းချန်ကို အလွယ်တကူပင် ရှင်းပစ်နိုင်လိမ့်မည် ဖြစ်သောကြောင့်ပင်။
သို့ရာတွင် စိတ်ကူးက လှပသော်လည်း လက်ရှိအရှိတရားကမူ ခါးသီးလှ၏။
ယွမ်ဟွမ်ကျန့်သည် အရာရာကို တွက်ချက်ထားခဲ့သော်လည်း ကျန်းချန်ထံတွင် အင်မော်တယ် ရတနာ ရှိနေလိမ့်မည်ဟု မတွက်ချက်မိခဲ့ပေ။
စွမ်းရည်သုံးပါး ဓားဗျူဟာကို ထုတ်ဖော်ထားသော စန်းရှန်ဘိုးဘေးသည်ပင် မျက်စိတစ်မှိတ်အတွင်း ကျန်းချန်၏ အင်မော်တယ်ရတနာဖြင့် ဖိနှိပ်ခံလိုက်ရသည် မဟုတ်ပါလား။
“ဒါက မင်းတို့ ထင်သလို ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ အင်မော်တယ်ရတနာ မဟုတ်ဘူး”
ကျန်းချန်က ယွမ်ဟွမ်ကျန့်ကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
“မင်းတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက ဒီအရာအတွက်နဲ့ ငါတို့နတ်ဘုရားနယ်မြေကို အသည်းအသန် ကျူးကျော်ခဲ့ကြတာ မေ့နေပြီလား”
“ဒါ ဒါက အင်မော်တယ်ကျောက်တိုင်လား”
ယွမ်ဟွမ်ကျန့်၏ မျက်ဝန်းများက လက်ခနဲဖြစ်သွားခဲ့ပြီး ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
“မင်း မင်းက ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်ကိုတောင် ပိုင်ဆိုင်ထားတယ်လား”
အင်မော်တယ်ကျောက်တိုင် ပေါ်ထွက်လာစဥ်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်ဂိုဏ်းကြီးများသည် အင်မော်တယ်ကျောက်တိုင် အတွက် တိုက်ခိုက်ခဲ့ကြသည်။
အဆုံးသတ်တွင် မည်သူကမျှ အင်မော်တယ်ကျောက်တိုင်ကို မပိုင်ဆိုင်ခဲ့သလို အင်မော်တယ်ကျောက်တိုင်၏ လျှို့ဝှက်ချက်ကိုလည်း မဖော်ထုတ်နိုင်ခဲ့ကြပေ။
အင်မော်တယ်ကျောက်တိုင်သည်လည်း နတ်ဘုရားနယ်မြေထဲသို့ ကျရောက်သွားခဲ့ပြီး အင်မော်တယ် ကျောက်တိုင်ကို ပြန်လည်ရရှိရန် အတွက် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠသည် နတ်ဘုရားနယ်မြေကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲသည် နတ်ဘုရားနယ်မြေ တစ်ခုလုံးကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့၏။
သို့သော်လည်း အဆုံးသတ်တွင် သူတို့သည် နတ်ဘုရားနယ်မြေကို အထင်သေးမိခဲ့ကြပြီး နတ်ဘုရားနယ်မြေကိုပင် ဆက်လက် မကျူးကျော်နိုင်တော့သလို အင်မော်တယ်ကျောက်တိုင်ကိုလည်း ပြန်မယူနိုင်ခဲ့ကြပေ။
ထိုဒဏ္ဍာရီလာ အင်မော်တယ် ကျောက်တိုင်ကို သူတို့ရှေ့ရှိ လူသားဧကရာဇ်က ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ချေ။
“ဂိုဏ်းချုပ်ယွမ်.. အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”
ယွမ်ဟွမ်ကျန့် အံ့ဩထိတ်လန့်နေစဥ်မှာပင် ကျိယွင်ရှောင်၏ လေးနက်သော စကားသံသည် ယွမ်ဟွမ်ကျန့်၏ စိတ်ထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့သည်။
“ဆုတ်ခွာကြစို့”
ယွမ်ဟွမ်ကျန့်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။
ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ကို ထုတ်ဖော်၍ စန်းရှန်ဘိုးဘေးကို ဖိနှိပ်လိုက်သည့်အချိန်မှစပြီး ယွမ်ဟွမ်ကျန့်သည် ကျန်းချန်ကို သတ်ဖြတ်ပြီး အင်မော်တယ်ရတနာကို လုယူမည့် သူတို့၏ အစီအစဥ်က ကျရှုံးသွားပြီ ဖြစ်ကြောင်း ကောင်းစွာ နားလည်သွားခဲ့သည်။
ထို့အပြင် ကျန်းချန်၏ လက်ထဲရှိ အင်မော်တယ် ကျောက်တိုင်သည် အလွန်တရာပင် လျှို့ဝှက်ဆန်းကြယ်၏။
စန်းရှန်ဘိုးဘေး ပင်လျှင် ထို အင်မော်တယ်ကျောက်တိုင်၏ ဖိနှိပ်မှုကို မျက်စိတစ်မှိတ် အတွင်း ခံလိုက်ရသည် မဟုတ်ပါလား။
သူတို့သာ ဤနေရာတွင် ဆက်ရှိနေမည် ဆိုလျှင် စန်းရှန်ဘိုးဘေး၏ ခြေရာအတိုင်း လိုက်သွားရပေလိမ့်မည်။
ယွမ်ဟွမ်ကျန့်က တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။
“အခုမှ ထွက်သွားချင်တာလား.. မင်းတို့တွေ ဒီအထိ ရောက်လာမှတော့ မင်းတို့ရဲ့ အသက်ကို ဒီနေရာမှာပဲ ထာဝရထားခဲ့ဖို့ ပြင်လိုက်ကြတော့
အင်မော်တယ်အကျဥ်းသားစွမ်းအား.. ဖိနှိပ်စမ်း”
ကျန်းချန်က မဲ့ပြုံးပြုံးကာ ရေရွတ်လိုက်ပြီး အင်မော်တယ် အကျဥ်းသားစွမ်းအားကို ထပ်မံ၍ အသုံးပြုလိုက်သည်။
မူလက ပိုထျန်း ကောင်းကင်နယ်မြေကနေ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် ဆွေးနွေးရန် အစီအစဥ်ရှိခဲ့ပြီး အဆုံးအထိ ချေမှုန်းပစ်ရန် ဆန္ဒမရှိခဲ့ပေ။
သို့သော်လည်း အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ လူများသည် အင်မော်တယ်ရတနာ၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ခဲ့ကြပေ။
သူတို့က စွန့်စားမှု အကြီးအကျယ် ပြုလုပ်ကာ စစ်မြေပြင်မှ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးဦးကို သူ့ကို တိုက်ခိုက်ရန် စေလွှတ်ခဲ့ကြသည်။
ယခုအခါတွင် စန်းရှန်ဘိုးဘေးသည် ကျန်းချန်၏ ဖိနှိပ်မှုကို ခံထားရပြီ ဖြစ်ပြီး ကျန်ရှိသော သုံးဦးမှာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းမှ ဂိုဏ်းချုပ်များ ဖြစ်ကြသည်။
အကယ်၍ ထိုသုံးဦးစလုံးကိုသာ ဖိနှိပ်နိုင်ခဲ့လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံး၏ အင်အားကို အကြီးအကျယ်ထိခိုက်စေရန် လုံလောက်သွားမည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် ကြယ်စကြဝဠာ၏ တိုက်ခိုက်မှုအောက်တွင် ကိုယ့်ကိုယ်ကိုယ်ပင် ကာကွယ်နိုင်ဖို့ ခက်ခဲသွားမည် ဖြစ်ရာ နတ်ဘုရားနယ်မြေကို ခြိမ်းခြောက်နိုင်စွမ်း အဘယ်ကဲ့သို့ ရှိနိုင်ပါတော့မည်နည်း။
ထို့ကြောင့် ယနေ့တွင် မည်မျှပင် ရင်းနှီးရပါစေ၊ ယွမ်ဟွမ်ကျန့်တို့ သုံးဦးကို ဖိနှိပ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နတ်ဘုရားနယ်မြေအား ခြိမ်းခြောက်နေသော ကိစ္စကို အပြီးအပြတ် ဖြေရှင်းရန် သူဆုံးဖြတ်လိုက်သည်။
“ဝုန်း..”
ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် သူ၏ ဦးခေါင်းအထက်ရှိ ဧရာမ နတ်ဘုရားကျောက်တိုင် ထံကနေ အင်မော်တယ်အကျဥ်းသားစွမ်းအားဖြင့် ပြောင်းလဲထားသော စွမ်းအင်သံကြိုး နှစ်ချောင်းသည် အရာအားလုံးကို ချုပ်နှောင်နိုင်သော စွမ်းအားဖြင့် ယွမ်ဟွမ်ကျန့်ကို တိကျစွာ ချုပ်နှောင်လိုက်သည်။
ယွမ်ဟွမ်ကျန့်၏ မျက်နှာ အမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကာ ရုန်းကန်လိုက်၏။
သို့သော်လည်း သူ၏ ရုန်းကန်မှု အားလုံးသည် အချည်းနှီးသာ ဖြစ်သွားခဲ့၏။
အင်မော်တယ်အကျဥ်းသား စွမ်းအားဖြင့် ဖွဲ့စည်းထားသော စွမ်းအင်သံကြိုးများသည် ယွမ်ဟွမ်ကျန့်၏ ခန္ဓာကိုယ်ကို ပိုမိုတင်းကျပ်စွာ ချည်နှောင်လိုက်ပြီး အဆုံးသတ်တွင် ယွမ်ဟွမ်ကျန့်၏ ခန္ဓာကိုယ်ကို ကောင်းကင်ယံရှိ အင်မော်တယ်ကျောက်တိုင် ထဲသို့ ဆွဲခေါ်သွားခဲ့သည်။
ယွမ်ဟွမ်ကျန့်ကို ဖိနှိပ်ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
သို့သော်လည်း ကျန်းချန်က ဂရုစိုက်မနေဘဲ ကျိယွင်ရှောင်ကို စူးစိုက်ကြည့်လိုက်ပြီး အင်မော်တယ် အကျဥ်းသား စွမ်းအားကို ထပ်မံ၍ ထုတ်ဖော်လိုက်သည်။
“မသတ်ပါနဲ့”
ကျိယွင်ရှောင်၏ မျက်နှာထက်တွင် မျှော်လင့်ချက် ကင်းမဲ့မှုနှင့် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက အသည်းအသန်ပင် အဝေးသို့ ထွက်ပြေးသွားခဲ့၏။
သို့ရာတွင် သူ၏ အရှိန်အဟုန်က မြန်ဆန်သော်လည်း အင်မော်တယ်ကျောက်တိုင်ပေါ်ရှိ အကျဥ်းသားစွမ်းအားသည် ပို၍ပင် မြန်ဆန်နေခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အင်မော်တယ် အကျဥ်းသားစွမ်းအားသည် ကျိယွင်ရှောင်၏ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်ပြီး အင်မော်တယ်ကျောက်တိုင် ထဲသို့ ဆွဲခေါ်သွားခဲ့သည်။
အင်မော်တယ် အကျဥ်းသား စွမ်းအားသည် အင်မော်တယ်များကိုပင် အကျဥ်းချနိုင်သော စွမ်းအား ဖြစ်သည်။
ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့် အင်မော်တယ်များကို အကျဥ်းရရန် မဖြစ်နိုင်သေးသော်လည်း မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးကို အကျဥ်းချရန်မှာ အလွန်ပင် လွယ်ကူ၏။
သို့သော် အင်မော်တယ် အကျဥ်းသားစွမ်းအားသည် အစွမ်းထက်သော်လည်း စွမ်းအင်စားသုံးမှုကမူ အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းသည်။
အင်မော်တယ် အကျဥ်းသား စွမ်းအားကို သုံးကြိမ် ညဆက်တိုက် အသုံးပြုပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင် အားလုံးနီးပါးသည် ကုန်ခမ်းသွားခဲ့၏။
သူက အံတင်းတင်း ကြိတ်လိုက်ပြီး စွမ်းအားဖြည့်ဆေးတစ်လုံးကို ချက်ချင်းပင် မျိုချလိုက်ကာ သွေးအရိပ်ဘိုးဘေးနှင့် တိုက်ခိုက်နေသော ကူကျွမ့်ကျွင်းကို စူးစိုက်ကြည့်လိုက်ပြီး အင်မော်တယ် အကျဥ်းသားစွမ်းအားကို ထပ်မံ လှုံ့ဆော်လိုက်သည်။
တစ်ဖက်တွင်လည်း သွေးအရိပ်ဘိုးဘေးနှင့် သူသေကိုယ်သေ ရင်ဆိုင်နေသော ကူကျွမ့်ကျင်း၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ယွမ်ဟွမ်ကျန့်တို့ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူသုံးဦးသည် ကျန်းချန်ကို ရင်မဆိုင်နိုင်ရုံသာမက တစ်ခဏအတွင်းမှာပင် ကျန်းချန်၏ ဖိနှိပ်မှုကို အလွယ်တကူ ခံလိုက်ရမည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။
ဤအခိုက်အတန့်တွင် ကူကျွမ့်ကျွင်းသည် ဝိညာဥ်လွင့်မတတ် ကြောက်ရွံ့နေခဲ့ပြီး သွေးအရိပ်ဘိုးဘေးနှင့် ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ ဓားအလင်း တစ်ခု အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲကာ ထွက်ပြေးသွားခဲ့သည်။
သို့သော်လည်း ဓားအလင်း ခပ်ဝေးဝေး မရောက်ခင်မှာပင် အကျဥ်းသားစွမ်းအားကနေ ပြောင်းလဲထားသည့် စွမ်းအင်သံကြိုးများ၏ ချုပ်နှောင်မှုကို ခံလိုက်ရသည်။
ကူကျွမ့်ကျွင်းက သူ၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ရုန်းကန်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။
အဆုံးသတ်တွင် ကူကျွမ့်ကျွင်းသည်လည်း အင်မော်တယ် အကျဥ်းသားစွမ်းအားဖြင့် အင်မော်တယ်ကျောက်တိုင် ထဲသို့ တိုက်ရိုက်ပင် ဆွဲခေါ်ခံလိုက်ရ၏။
ဤသို့ဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့် မဟာယာန အထွတ်အထိပ်အဆင့်ရှိ မွန်းစတားအိုကြီး စန်းရှန်ဘိုးဘေးသည် အင်မော်တယ်ကျောက်တိုင်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရတော့သည်။
အခန်း(၂၆၅၃)ပြီး၏။
အခန်း(၂၆၅၄)
ကျန်းချန်က ကူကျွမ့်ကျွင်းကို အကျဥ်းသားစွမ်းအားဖြင့် အင်မော်တယ် ကျောက်တိုင် အတွင်း ချုပ်နှောင်ပြီးနောက်တွင် သူ၏ ဦးခေါင်းအထက်ရှိ အင်မော်တယ်ကျောက်တိုင်သည် လက်ဖဝါး အရွယ်အစားခန့် ရှိသော ကျောက်တိုင်ငယ်လေးအဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ လက်ဖဝါးထဲသို့ ကျဆင်းလာခဲ့သည်။
မူလက အနည်းငယ် ဖြူဖျော့နေသော သူ၏ မျက်နှာသည် ယခုအခါတွင် လုံးဝ သွေးမရှိတော့သကဲ့သို့ ဖြစ်နေခဲ့သည်။
အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး နက်ရှိုင်းသည်။
အကျဥ်းသားစွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း ထိုစွမ်းအားကို အသုံးပြုရန်မှာ မလွယ်ကူပေ။
သို့သော်လည်း ကျန်းချန်က အင်မော်တယ်အကျဥ်းသားစွမ်းအားကို လေးကြိမ်ဆက်တိုက် အသုံးပြုခဲ့သည်။
ကျန်းချန်၏ အခြေခံအုတ်မြစ်ဖြင့်ပင် သိသိသာသာ ဝန်ပိသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် တန်ပြန် အကျိုးသက်ရောက်မှုကို ခံစားခဲ့ရ၏။
ထိုတန်ပြန်စွမ်းအားသည် အင်မော်တယ်ကိုယ်ပွားကို သတ်ဖြတ်ခဲ့သည့် အင်မော်တယ်ချေမှုန်းခြင်း စွမ်းအား၏ တန်ပြန်စွမ်းအားနှင့် နှိုင်းယှဥ်၍ မရသော်လည်း အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ရန်အတွက် အနည်းဆုံး ဆယ်ရက်ခန့် ကျင့်ကြံရလိမ့်မည် ဖြစ်သည်။
"ဒီအင်မော်တယ်တယ်ကျောက်တိုင်က တကယ့်ကို ပြိုင်ဘက်ကင်းရတနာပဲ"
ဟင်းလင်ပြင်ထဲရှိ သွေးအရိပ်ဘိုးဘေးသည် သူ၏ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အချိန်အတော်ကြာသည်အထိ မှင်တက်နေခဲ့သည်။
ကျန်းချန်က တိုက်ခိုက်ရေးစွမ်းရည်တွင် ပြိုင်ဘက်ကင်းပြီး မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုပင် ဖိနှိပ်နိုင်သော အင်မော်တယ် ရတနာကို ပိုင်ဆိုင်ထားမှန်း သွေးအရိပ်ဘိုးဘေး သိရှိထားသည်မှာ ကြာပြီ ဖြစ်သည်။
သို့သော်လည်း ကျန်းချန်သည် ယွမ်ဟွမ်ကျန့်တို့ လေးဦးစလုံးကို ဤမျှအထိ အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သိထားရမည့်အချက်မှာ ယွမ်ဟွမ်ကျန့်တို့ လေးဦးသည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သို့ရာတွင် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို ဖိနှိပ်ရန်မှာ ကျန်းချန်အတွက် အလွန်ပင် လွယ်ကူနေခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် ကျန်းချန်၏ လက်ထဲတွင် အင်မော်တယ်ကျောက်တိုင် ရှိနေသရွေ့ ကျန်းချန်သည် အဆင့်နိမ့်စကြဝဠာတွင် ပြိုင်ဘက်ကင်းပင် ဖြစ်သည်။
"အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အခြေအနေတော့ သွားပြီ ထင်တယ်"
သွေးအရိပ်ဘိုးဘေးက ခေါင်းခါရမ်းလိုက်ပြီး သက်ပြင်းကို အသာအယာ ချလိုက်သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် ကြယ်စကြဝဠာတို့ကြားတွင် စကြဝဠာအဆင့် တိုက်ပွဲဖြစ်ပွားနေချိန်တွင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ လေးဦးသည် ကျန်းချန်၏ ဖိနှိပ်မှုကို ခံလိုက်ရသည် ဖြစ်ရာ ယင်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားကို သုံးပုံတစ်ပုံခန့် လျော့နည်းသွားစေသည်နှင့် အတူတူပင် ဖြစ်သည်။
ထို့ကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် ကြယ်စကြဝဠာကို အသာစီးရနိုင်တော့မည် မဟုတ်သလို ကြယ်စကြဝဠာ၏ ထိုးစစ်ကို ခုခံနိုင်တော့မည် မဟုတ်ပေ။
အကယ်၍ ခုခံနိုင်ခဲ့လျှင်ပင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် ကြီးမားသော အဖိုးအခကို ပေးဆပ်ရလိမ့်မည်ဖြစ်၏။
ထို့အပြင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲတွင် ကြယ်စကြဝဠာထက်ပင် အားမနည်းသည့် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ် ကျန်းချန်၏ ခြိမ်းခြောက်မှုလည်း ရှိနေသေးသည်။
အကယ်၍ ကျန်းချန်သာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး လှုပ်ရှားလာခဲ့လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အမှန်တကယ်ပင် အဆုံးသတ်သွားပေလိမ့်မည်။
"ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းက ဒီလိုပဲ ရှုံးနိမ့်သွားခဲ့ပြီလား"
အောက်ဘက်တွင် သွေးနတ်ဆိုးဂိုဏ်းကို တိုက်ခိုက်နေသော သွေးဓားအင်မော်တယ်ဂိုဏ်းမှ ကျန့်ချုံရှန်း၏ မျက်နှာသည် အလွန်အမင်း ဖြူဖျော့နေခဲ့သည်။
ယခုတစ်ကြိမ်တွင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးဦးကိုပင် စေလွှတ်ခဲ့သော်လည်း နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်ကို မဖမ်းဆီးနိုင်ရုံသာမက လူသားဧကရာဇ် ထုတ်ဖော်လိုက်သော အင်မော်တယ်ကျောက်တိုင်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရမည်ဟု သူမည်သို့မျှ မထင်မှတ်ထားခဲ့ပေ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဟားဟား ကျန့်ချုံရှန်း.. ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက လူတွေ ရောက်လာရင် မင်းတို့ သွေးဓားအင်မော်တယ်ဂိုဏ်းက အမြတ်ထုတ်နိုင်မယ်လို့ ထင်နေတာ မဟုတ်လား.. အခု ဒီကို ရောက်လာပြီဆိုမှတော့ မင်းရဲ့အသက်ကို ငါတို့ဆီမှာပဲ ထာဝရထားခဲ့လိုက်တော့"
ရွှယ်ချန်ကျဲ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်းမှ အင်အားကြီးပုဂ္ဂိုလ်များကို ဦးဆောင်ကာ ကျန့်ချုံရှန်းတို့ အဖွဲ့ ဆီသို့ သတ်ဖြတ်ရန် ပြေးဝင်သွားခဲ့ကြသည်။
ယနေ့ခေတ် သွေးနတ်ဆိုးဂိုဏ်းတွင် မဟာယာန အထွတ်အထိပ်အဆင့်ရှိ သွေးအရိပ်ဘိုးဘေး အပြင် မဟာယာနနှောင်းပိုင်းအဆင့်ရှိ သွေးနတ်ဘုရားနှင့်ရွှယ်ယွင်ထျန်းတို့လည်း ရှိနေခဲ့၏။
ကျန့်ချုံရှန်း၏ အားကိုးရာမှာ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ မဟာယာန အထွတ်အထိပ် အဆင့် ပုဂ္ဂိုလ်များမှလွဲ၍ အခြားမရှိပေ။
ယခုအခါတွင် သူအားကိုးရသော ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ စေလွှတ်လိုက်သည့် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ လေးဦးသည် ကျန်းချန်၏ ဖိနှိပ်မှုကို ခံလိုက်ရပြီ ဖြစ်ရာ သူ့အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါတော့မည်နည်း။
သွေးဓားအင်မော်တယ်ဂိုဏ်းသည် ဤတစ်ကြိမ်တွင်မူ လုံးဝ ပျက်စီးသွားခဲ့ချေပြီ။
--------------------------
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အပြင်ဘက်ရှိ ကြယ်တာရာမြို့တွင် မဟာယာနအဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်း များစွာသည် ခန်းမတစ်ခုတွင် အစည်းအဝေး ပြုလုပ်နေကြသည်။
ခန်းမအတွင်းရှိ လေထုက အလွန်တရာပင် လေးနက်နေခဲ့၏။
အဓိက ထိုင်ခုံတွင် ထိုင်နေသူမှာ ဆံဖြူအဘိုးအို တစ်ဦး ဖြစ်သည်။
ထိုဆံဖြူအဘိုးအိုသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ စန်းယွမ်ဘိုးဘေး ဖြစ်ပြီး စန်းရှန်ဘိုးဘေး နည်းတူ ကျော်ကြားသည့် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ယွမ်ဟွမ်ကျန့်တို့ လေးဦး ထွက်ခွာသွားပြီးနောက်တွင် စန်းယွမ်ဘိုးဘေးသည် စစ်မြေပြင်၏ ကိစ္စရပ်များကို ဦးဆောင်ကာ တာဝန်ယူ ကိုင်တွယ်နေခဲ့သူလည်း ဖြစ်၏။
ယခုတစ်ကြိမ်တွင် စန်းယွမ်ဘိုးဘေးသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားကြီးမားသော ပုဂ္ဂိုလ်များကို ဦးဆောင်ကာ ကြယ်စကြဝဠာကို အချိန်မရွေး တိုက်ခိုက်တော့မည့် ပုံစံဖြင့် လှည့်စား၍ ယွမ်ဟွမ်ကျန့်တို့ အတွက် အချိန်ဆွဲပေးနေခဲ့သည်။
ကြယ်စကြဝဠာသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အသေးစိတ် အခြေအနေကို တစ်ခဏအတွင်း မသိရှိနိုင်သောကြောင့် သဘာဝကျစွာပင် ရုတ်တရက် တိုက်ခိုက်ရန် မဝံ့ရဲဘဲ ဖြစ်နေခဲ့၏။
သို့ရာတွင် စန်းယွမ်ဘိုးဘေးတို့က ကြယ်စကြဝဠာကို အောင်မြင်စွာ အချိန်ဆွဲထားနိုင်ခဲ့သော်လည်း ယွမ်ဟွမ်ကျန့်တို့ လေးဦးသည် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်ကို ကိုင်တွယ်ရာတွင် မတော်တဆမှု တစ်ခု ဖြစ်သွားခဲ့သည်။
အစောပိုင်းကတင် ယွမ်ဟွမ်ကျန့် အပါအဝင် မဟာယာနအထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးဦးသည် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီဟူသော သတင်းအား သူတို့ ရရှိခဲ့သည်။
ထိုသတင်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ အင်အားကြီး ပုဂ္ဂိုလ်များစွာ အတွက် ဦးခေါင်းကို မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ပင်။
မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ လေးဦးပင်လျှင် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်ကို မကိုင်တွယ်နိုင်ခဲ့သည် ဖြစ်ရာ နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်စွမ်းအားသည် မည်မျှအထိပင် ကြောက်မက်ဖွယ်ကောင်းနေပါသနည်း။
ပို၍ အရေးကြီးသည်မှာ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးဦးကို ဆုံးရှုံးလိုက်ရခြင်းသည် ကြယ်စကြဝဠာနှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် အားနည်းချက် ဖြစ်လာမည်ကိုပင်။
“အားလုံးပဲ.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက အတွင်းအပြင် ပြဿနာတွေ ရှိနေခဲ့ပြီ.. ဒီကိစ္စကို ကိုင်တွယ်ဖို့ မင်းတို့မှာ ဘယ်လိုနည်းလမ်းတွေ ရှိကြလဲ”
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် စန်းယွမ်ဘိုးဘေးသည် အဆုံးသတ်၌ ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
“စန်းယွမ်.. အခြေအနေက ငါတို့ထင်သလောက် မဆိုးလောက်သေးဘူး”
ဝူကျိအင်မော်တယ်ဂိုဏ်းမှ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးက အေးစက်စက် ပြောလိုက်သည်။
“သူတို့လေးယောက်စလုံး အခုထိ အသက်ရှင်နေကြတုန်းပဲမဟုတ်လား"
"လေးယောက်စလုံး အသက်ရှင်နေသေးလို့ပဲ နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို ငါတို့ ပိုပြီး သတိထားရတော့မယ်”
စန်းယွမ်ဘိုးဘေးက လေးနက်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖို့ထက် အရှင်ဖမ်းဖို့က ပိုခက်ခဲတယ် ဆိုတာ မင်းတို့လည်း သိမှာပါ"
"အခုက ဒီကိစ္စကို တွေးနေရမဲ့အချိန် မဟုတ်တော့ဘူး”
ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ အပြာရောင်ဝတ်စုံဝတ် အဘိုးအို တစ်ဦးက လေးနက်စွာ ပြောလိုက်သည်။
“ကြယ်စကြဝဠာက လူတွေလည်း သိပ်မကြာခင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ ဖြစ်ပျက်ခဲ့တာတွေကို သိသွားကြတော့မယ်.. ကြယ်စကြဝဠာရဲ့တိုက်ခိုက်မှုကို ငါတို့တွေ ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကိုပဲ စဥ်းစားကြရအောင်”
ထိုစကားကိုကြားလျှင် စန်းယွမ်ဘိုးဘေးနှင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ယွမ်ဟွမ်ကျန့်တို့ လေးဦးက ကျန်းချန်၏ ဖိနှိပ်မှုကို ခံလိုက်ရသည့် သတင်းသည် ခဏမျှ ဖုံးကွယ်ထားနိုင်သော်လည်း တစ်သက်တာလုံး ဖုံးကွယ်ထားနိုင်မည် မဟုတ်၍ ကြယ်စကြဝဠာမှ လူများသည် အနှေးနှင့်အမြန် သိသွားကြလိမ့်မည်သာ ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက မဟာယာနအထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးဦးကို ဆုံးရှုံးလိုက်ရမှန်း သိသည်နှင့် ကြယ်စကြဝဠာသည် ဤအခွင့်အရေးကို မည်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။
“ဝုန်း..”
သူတို့သုံးဦး စကားပြောဆိုနေစဥ်မှာပင် ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး ကြယ်တာရာမြို့တော် တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။
“ကြယ်စကြဝဠာက ကြယ်တာရာမြို့တော်ကို တိုက်ခိုက်နေပြီ”
ကြယ်တာရာမြို့တော်၏ ပြင်ပမှ လှုပ်ရှားမှုကို ခံစားမိလျှင် စန်းယွမ်ဘိုးဘေးနှင့် အခြားသူများ၏ မျက်နှာအမူအရာသည် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
ယွမ်ဟွမ်ကျန့်တို့ ထွက်ခွာသွားပြီးနောက်တွင် စန်းယွမ်ဘိုးဘေးသည် ကြယ်စကြဝဠာကို လှည့်စားထားခဲ့သဖြင့် ကြယ်စကြဝဠာသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို အလွယ်တကူ မတိုက်ခိုက်ဝံ့ပေ။
သို့သော်လည်း ယခုအခါတွင် ကြယ်စကြဝဠာသည် ကြယ်တာရာမြို့တော်ကို ရုတ်တရက် တိုက်ခိုက်လာခဲ့၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ကြယ်စကြဝဠာမှ လူများသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ဖြစ်ပျက်သွားခဲ့သည်များကို သိရှိသွားပုံရသည်။
စန်းယွမ်ဘိုးဘေးက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
“အားလုံးပဲ.. ကြယ်စကြဝဠာက ဒီတစ်ကြိမ်မှာ အားကုန်ထုတ်ပြီး တိုက်ခိုက်လာတဲ့ပုံပဲ.. လက်ရှိ အခြေအနေအရတော့ ငါတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက အတော်လေး အားနည်းနေတာ အရှိတရားပဲ.. ဘာပဲဖြစ်ဖြစ် ငါတို့ အစွမ်းကုန် ရင်ဆိုင်ကြတာပေါ့”
အခန်း(၂၆၅၄)ပြီး၏။