အခန်း (၂၆၅၅-၂၆၅၆)
Vol. 206 Ch. 2655-2656
အခန်(၂၆၅၅)
ကျန်းချန်က အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးဦးကို အင်မော်တယ်အကျဥ်းသားစွမ်းအားဖြင့် နှိမ်နင်းလိုက်ပြီးနောက်တွင် တင်ပျဥ်ခွေထိုင်၍ စတင် ကျင့်ကြံခဲ့သည်။
ယခုတစ်ကြိမ်တွင် ယွမ်ဟွမ်ကျန့် အပါအဝင် လေးဦးကို နှိမ်နင်းရန် အတွက် ကျန်းချန်သည် အင်မော်တယ် အကျဥ်းသားစွမ်းအားကို လေးကြိမ်တိုင်တိုင် အတင်းအကျပ် အသုံးပြုခဲ့ရ၍ သူ၏ ခန္ဓာကိုယ်သည် အင်မော်တယ်အကျဥ်းသားစွမ်းအား၏ တန်ပြန် တုံ့ပြန်မှုကို ခံစားခဲ့ရသည်။
ဆယ်ရက်ကြာ ကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် အင်မော်တယ်အကျဥ်းသားစွမ်းအားကို အလွန်အကျွံ အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်အတွင်းမှ တန်ပြန်တုံ့ပြန်မှုများကို အဆုံးသတ်တွင် ကုသနိုင်ခဲ့၏။
ကျင့်ကြံရာမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချန်ကျဲကို ခေါ်၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အခြေအနေကို မေးမြန်းခဲ့သည်။
အခြေအနေက ကျန်းချန် မှန်းဆထားသည့် အတိုင်းပင် ဖြစ်၏။
ယွမ်ဟွမ်ကျန့်တို့ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးဦး ကျန်းချန်၏ အင်မော်တယ် ကျောက်တိုင်ဖြင့် ဖိနှိပ်ခံရပြီးနောက်တွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အတော်လေး အားနည်းသွားခဲ့ပြီး ကြယ်စကြဝဠာနှင့် တိုက်ပွဲတွင် အရေးနိမ့်သွားခဲ့သည်။
ဟွမ်ယွမ်ဓားဂိုဏ်းမှ စန်းယွမ်ဘိုးဘေး ဦးဆောင်သော အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ကျင့်ကြံသူများသည် အစွမ်းကုန် ခုခံခဲ့ကြသော်လည်း ကြယ်စကြဝဠာ၏ တိုက်ခိုက်မှုကို မတွန်းလှန််နိုင်ခဲ့ပေ။
ကြယ်စကြဝဠာသည် အလျှော့မပေးဘဲ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အရှေ့ဘက်ရှိ နယ်မြေ တော်တော်များများကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော်လည်း ကြယ်စကြဝဠာသည် သိပ္ပံနှင့်နည်းပညာ ယဥ်ကျေးမှု ထွန်းကားသော စကြဝဠာတစ်ခု ဖြစ်၏။
သူတို့ ဖန်တီးထားသော နည်းပညာများသည် ကြယ်တာရာကောင်းကင်ယံတွင် တိုက်ခိုက်ရန် ပိုမို သင့်တော်သည်။
ထို့ကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ကျူးကျော်ပြီးနောက်တွင် ကြယ်စကြဝဠာ၏ တိုက်ခိုက်ရေးစွမ်းအားသည် သိသိသာသာပင် အားနည်းသွားခဲ့သည်။
စန်းယွမ်ဘိုးဘေး၏ ဦဆောင်မှုအောက်တွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် ကြယ်စကြဝဠာ၏ တိုက်ခိုက်မှုကို အဆုံးသတ်၌ ဟန့်တားနိုင်ခဲ့သည်။
သို့ရာတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ လက်ရှိအင်အားဖြင့် ကြယ်စကြဝဠာကို အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာထဲကနေ မောင်းထုတ်နိုင်စွမ်း မရှိဘဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အရှေ့ဘက်နယ်မြေအချို့ကို ကြယ်စကြဝဠာက သိမ်းပိုက်ထားဆဲပင်။
ကြယ်စကြဝဠာကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ မောင်းမထုတ်နိုင်သရွေ့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေကို ကျူးကျော်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။
ထို့အပြင် သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် သွေးနတ်ဆိုးဂိုဏ်း ဟူသည့် သံမှိုတစ်ချောင်းကို ချန်ထားခဲ့ကာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ လှုပ်ရှားမှုတိုင်းကို အမြဲမပြတ် စောင့်ကြည့်စေခဲ့သည်။
ယနေ့ခေတ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေကို မည်သည့် ခြိမ်းခြောက်မှုမှ မပေးနိုင်တော့သဖြင့် အင်မော်တယ် အဆင့်ကို ထိုးဖောက်ရန် အတွက် အချိန်တန်ပြီ ဖြစ်သည်။
“ချန်ကျဲ.. ကြယ်စကြဝဠာက အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာကို ကျူးကျော်လာခဲ့တဲ့ အတွက် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက သွေးနတ်ဆိုးဂိုဏ်းကို ကိုင်တွယ်ဖို့ အင်အားရှိမှာ မဟုတ်ဘူး.. လက်ရှိ သွေးနတ်ဆိုးဂိုဏ်းရဲ့အင်အားနဲ့ဆိုရင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ ခြေကုပ်ယူဖို့ လုံးဝ လုံလောက်တယ်.. ငါ့မှာ တောင်းဆိုချက်တစ်ခုပဲရှိတယ်...အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာကို နတ်ဘုရားနယ်မြေဆီ နောက်တစ်ကြိမ် ကျူးကျော်ခွင့်မပေးနဲ့.. မဟုတ်ရင် ငါမင်းကို ညှာနေမှာမဟုတ်ဘူး”
ကျန်းချန်က ရွှယ်ချန်ကျဲကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ရွှယ်ချန်ကျဲက တုန်လှုပ်သွားခဲ့ပြီး ကျန်းချန်ကို မေးလိုက်သည်။
“သခင်ကြီးက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်သွားတော့မလို့လား”
ကျန်းချန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ငါထွက်သွားဖို့ အချိန်တန်ပြီ”
ယခုအခါ နတ်ဘုရားနယ်မြေ၏ အကျပ်အတည်းက ပြေလည်သွားပြီဖြစ်ရာ သူနောက်ထပ် လုပ်ဆောင်ရမည့်အလုပ်မှာ အင်မော်တယ်အဆင့်ကို တက်လှမ်းရန်ပင် ဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် လမ်းညွှန်ချက်အရ အင်မော်တယ်အဆင့်ကို တက်လှမ်းလိုလျှင် တစ်ခုတည်းသော နည်းလမ်းမှာ အခြား စကြဝဠာသို့ သွားရောက်၍ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန်နှင့် ထိုကောင်းကင်လမ်းစဥ်၏ အသိအမှတ်ပြုမှုကို ရယူရန်ဖြစ်သည်။
သို့မှသာ အင်မော်တယ်ကပ်ဘေးကို လှုံ့ဆော်နိုင်ပြီး အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်လိမ့်မည် ဖြစ်၏။
ဤအင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းကြောင်းကိုမူ ပိယွင်အင်မော်တယ်နန်းတော်က ဖြတ်တောက်ထားခဲ့၍ ကောင်းကင်လမ်းစဥ်သည်လည်း ပိယွင်အင်မော်တယ်နန်းတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေနိုင်သည်။
သူ့အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အဆင့်တက်လိုလျှင် ပိယွင် မော်တယ်နန်းတော်ကို ရှောင်လွဲနိုင်လိမ့်မည် မဟုတ်ပေ။
ကျန်းချန်သည် အင်မော်တယ်လောကသို့ ဝင်ရောက်ပြီးနောက်တွင် ပိယွင်အင်မော်တယ်နန်းတော်နှင့် မပတ်သက်ချင်ခဲ့ပေ။
သူက ပိုထျန်းဘိုးဘေး ချန်ထားရစ်ခဲ့သည့် အချိန်မျှော်စင်ကို ရရှိထားခဲ့သည် ဖြစ်ရာ သူ့အနေဖြင့် ပိယွင်အင်မော်တယ်နန်းတော်သို့ ဝင်ရောက်ပြီး ထိုနေရာမှ အစွမ်းထက်ကျင့်ကြံသူများ၏ သတိပြုမိခြင်းကို ခံရလျှင် ဆိုးရွားသော အကျိုးဆက်နှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ပါလား။
သိထားရမည့်အချက်မှာ ပိယွင် အင်မော်တယ်နန်းတော်တွင် တလော့ အင်မော်တယ်အဆင့်ကျင့်ကြံသူ ရှိနေခြင်းပင်။
သူကမူ အင်မော်တယ်လောကသို့ ယခုမှ စတင် တက်လှမ်းမည့် သူသာဖြစ်၍ ပိယွင် အင်မော်တယ်နန်းတော်နှင့် ယှဥ်ပြိုင်နိုင်စွမ်း မရှိသေးပေ။
ထို့ကြောင့် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက တစ်ဆင့် အင်မော်တယ်လောကသို့ ဝင်ရောက်ရန် အစီအစဥ်မရှိဘဲ တခြား စကြဝဠာများမှ တစ်ဆင့် အင်မော်တယ်လောကသို့ ဝင်ရောက်ကာ ပိယွင် အင်မော်တယ်နန်းတော်နှင့် ရင်မဆိုင်ခင် အချိန်အတော်ကြာ တိတ်တဆိတ်နေရန် ရည်ရွယ်ထားခဲ့သည်။
ရွှယ်ချန်ကျဲကို မှာကြားစရာရှိသည်များ မှာကြားပြီးနောက်တွင် ကျန်းချန်သည် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာတွင် အချိန်အကြာကြီး ဆက်လက် မနေတော့ဘဲ ရွှယ်ချန်ကျဲ ပြင်ဆင်ပေးထားသော ကြယ်တာရာ စစ်သင်္ဘောပေါ်သို့ တက်လိုက်ကာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ထွက်ခွာ၍ ကြယ်တာရာကောင်းကင်ယံ ဆီသို့ ဦးတည်သွားခဲ့သည်။
အဆုံးမဲ့ ကြယ်တာရာ ကောင်းကင်ယံတွင် သွေးရောင်ဖျော့ဖျော့ ကြယ်တာရာ စစ်သင်္ဘောတစ်စင်းသည် တိတ်ဆိတ် ငြိမ်သက်နေသော ဟင်းလင်းပြင်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားလာနေခဲ့သည်။
စစ်သင်္ဘောအတွင်းရှိ ဇိမ်ခံအခန်းတစ်ခုတွင် တိတ်တဆိတ်ထိုင်နေခဲ့ပြီး သူ၏ အကြည့်ကမူ သူ့ရှေ့ရှိ ရှေးဟောင်းစာလိပ်တစ်ခု ဆီသို့ ကျရောက်နေခဲ့သည်။
ထိုစာလိပ်သည် ကြယ်တာရာကောင်းကင်ယံ၏ မြေပုံပင်ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး အလွန်ပင် အင်အားကြီးမားသဖြင့် ကြယ်တာရာကောင်းကင်ယံကို စူးစမ်းရာတွင် နတ်ဘုရားနယ်မြေထက် အဆပေါင်းများစွာ သာလွန်၏။
ကျန်းချန် မထွက်ခွာမီတွင် ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်းမှ သိမ်းဆည်းထားသော ကြယ်တာရာ ကောင်းကင်ယံမြေပုံကို ကျန်းချန်ထံ ပေးအပ်ခဲ့သည်။
ထိုမြေပုံပေါ်တွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ပတ်ဝန်းကျင်ရှိ စကြဝဠာအချို့၏ အသေးစိတ် အချက်အလက်များကို မှတ်သားထားခဲ့သည်။
ကြယ်စကြဝဠာ၊ နတ်ဘုရားနယ်မြေ နှင့် မကြာသေးမီက နတ်ဘုရားနယ်မြေကို လာရောက် တိုက်ခိုက်ခဲ့သော စန်းလန်စကြဝဠာတို့ အပါအဝင် စကြဝဠာ အားလုံးနီးပါးသည် ဤမြေပုံပေါ်တွင် ပါဝင်နေခဲ့သည်။
ကျန်းချန်က မြေပုံပေါ်ရှိ အချက်အလက်များကို တစ်ခုချင်းစီ ကြည့်ရှု စစ်ဆေးခဲ့သည်။
မြေပုံပေါ်တွင် စကြဝဠာ စုစုပေါင်းဆယ်ခုကို ၎င်းတို့၏ တည်နေရာ၊ ယဥ်ကျေးမှု အမျိုးအစားနှင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှ အကွာအဝေး အစရှိသည့် အသေးစိတ် အချက်အလက်များဖြင့် မှတ်တမ်းတင်ထားသည်။
ဤစကြဝဠာ ဆယ်ခုထဲတွင် နှစ်ခုသည် သိပ္ပံနှင့်ယဥ်ကျေးမှုထွန်းကားသော စကြဝဠာများ ဖြစ်ပြီး သုံးခုသည် သိုင်းပညာယဥ်ကျေးမှု ထွန်းကားသော စကြဝဠာမှ ဖြစ်ကာ ကျန်ရှိသော စကြဝဠာများကမူ အင်မော်တယ် ကျင့်ကြံခြင်း ယဥ်ကျေးမှုထွန်းကားသော စကြဝဠာများ ဖြစ်ကြသည်။
ကျန်းချန်၏ အကြည့်သည် သိုင်းပညာ ယဥ်ကျေးမှု ထွန်းကားသော စကြဝဠာသုံးခု ဆီသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့၏။
သိပ္ပံနှင့်နည်းပညာ ထွန်းကားသော စကြဝဠာတွင် ဆိုလျှင် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်က ညွှန်ကြားလိုက်သောနည်းလမ်းဖြင့် အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ရန်မှာ မသေချာပေ။
အကယ်၍ အင်မော်တယ် ကျင့်ကြံခြင်း ယဥ်ကျေးမှု ထွန်းကားသော စကြဝဠာထဲသို့ ဝင်ရောက်ခဲ့လျှင် သူ သတိမထားမိသည်နှင့် ပို၍ပင် ဒုက္ခရောက်ရဖွယ် ရှိသည်။
နှိုင်းယှဥ်ချက်အရ သိုင်းပညာ ယဥ်ကျေးမှု ထွန်းကားသော စကြဝဠာသို့ ဝင်ရောက်ခြင်းသည် သူ့အတွက် ပို၍ လွယ်ကူနိုင်၏။
ထို့ကြောင့် ကျန်းချန် ပထမဆုံး စဥ်းစားမိသည်မှာ သိုင်းပညာယဥ်ကျေးမှု ထွန်းကားသော စကြဝဠာကိုပင် ဖြစ်သည်။
သိုင်းပညာ ယဥ်ကျေးမှု ထွန်းကားသော စကြဝဠာ သုံးခုထဲတွင် နတ်ဘုရားနယ်မြေအပြင် စန်းလန်စကြဝဠာနှင့်ထျန်းယန်စကြဝဠာ တို့လည်း ပါဝင်သည်။
ထိုစကြဝဠာ နှစ်ခုထဲတွင် စန်းလန် စကြဝဠာသည် သူနှင့်အတော်လေး နီးပြီး ထျန်းယန်စကြဝဠာကမူ ပို၍ဝေးကွာသော နေရာတွင် တည်ရှိသည်။
ထို့အပြင် မြေပုံပေါ်ရှိ စကြဝဠာ တစ်ခုချင်းစီ၏ အင်အားဖော်ပြချက်အရ ထျန်းယန်စကြဝဠာသည် ကြယ်ငါးပွင့်အဆင့်ရှိ စကြဝဠာဖြစ်သည်။
ယင်းကြောင့် ထျန်းယန်စကြဝဠာ၏ အင်အားသည် အလွန်တရာကြီးမားသည်ဟု ဆို၍ ရ၏။
စကြဝဠာ၏ အင်အားပိုမိုကြီးမားလေလေ၊ မွေးဖွားလာသော ကောင်းကင်လမ်းစဥ်က ပိုမို၍ အစွမ်းထက်လေလေ ဖြစ်ရာ ကျန်းချန် အနေဖြင့် ကောင်းကင်လမ်းစဥ်ကို အညံ့ခံခိုင်းရန် ပို၍ ခက်ခဲမည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် ကျန်းချန်က ထျန်းယန်စကြဝဠာကို မသွားရန် ဆုံးဖြတ်လိုက်သည်။
“ကြည့်ရတာ စန်းလန်စကြဝဠာကိုပဲ ရွေးချယ်ရတော့မယ် ထင်တယ်”
ကျန်းချန်က သူ့ရှေ့ရှိ ကြယ်တာရာ ကောင်းကင်ယံ မြေပုံကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
စန်းလန်စကြဝဠာ၏ အကြီးဆုံး အင်အားစု ဖြစ်သော စန်းလန်သူတော်စင်ဂိုဏ်း၏ အင်အားကို ကြည့်ခြင်းအားဖြင့် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် အင်အားသည် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် အထွတ်အထိပ်ရောက်စဥ်က အင်အားထက် သိပ်မသာလွန်နိုင်ပေ။
နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်သည် ၎င်း၏ အထွတ်အထိပ်အချိန်တွင် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ ဖျက်ဆီးလုနီးပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
အကယ်၍ စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် အဆင့်လောက်သာ အင်အားရှိလျှင် သူ့အနေဖြင့် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို အင်အားသုံး၍ ဖိနှိပ်ရန်မှာ မခက်ခဲလောက်ပေ။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် တွေဝေမနေတော့ဘဲ စန်းလန်စကြဝဠာ ရှိရာ အရပ်ဆီသို့ ဦးတည်လိုက်တော့သည်။
အခန်း(၂၆၅၅)ပြီး၏။
အခန်း(၂၆၅၆)
စန်းလန်စကြဝဠာရှိ စန်းလန်သူတော်စင်မြို့၏ အနောက်ဘက်အရပ်ရှိ ခြံဝန်းငယ်လေး တစ်ခုတွင် အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခြံဝန်းအတွင်း၌ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ အခြားသူ မဟုတ်ဘဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ စန်းလန်စကြဝဠာဆီ ရောက်လာခဲ့သည့် ကျန်းချန်ပင် ဖြစ်သည်။
သိုင်းပညာ ကျင့်ကြံခြင်း ယဥ်ကျေးမှု ထွန်းကားသော စကြဝဠာများတွင် ယေဘုယျအားဖြင့် သိုင်းပညာကျင့်ကြံသူများ ဝင်ထွက်သွားလာခြင်းကို ကန့်သတ်ထားခြင်းမရှိပေ။
ထို့ကြောင့် ကျန်းချန်သည် လွန်ခဲ့သော တစ်နှစ်ခန့်က စန်းလန်စကြဝဠာကို ရောက်ရှိလာခဲ့ပြီး ချောချောမွေ့မွေ့ပင် ဝင်ရောက်နိုင်ခဲ့သည်။
ဤတစ်နှစ်အတွင်း ကျန်းချန်သည် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် တည်နေရာကို ရှာဖွေနေခဲ့သည်။
သို့သော်လည်း ကောင်းကင်လမ်းစဥ် ဆိုသည်မှာ စိတ်ကူးယဥ်ဆန်ပြီး လူအများစုသည် ၎င်း၏ တည်နေရာကို မသိရှိကြပေ။
စုံစမ်းမေးမြန်းမှုများစွာ ပြုလုပ်ပြီးနောက်တွင် ကျန်းချန်သည် စန်းလန်စကြဝဠာ၏ တားမြစ်နယ်မြေတချို့ကိုပင် သွားရောက်ရှာဖွေခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ရသည်။
နောက်ပိုင်းတွင် ကျန်းချန်သည် စန်းလန်သူတော်စင်မြို့သို့ ရောက်လာခဲ့သည်။
ဤစန်းလန်သူတော်စင်မြို့သည် စန်းလန်စကြဝဠာ၏ နံပါတ်တစ် အင်အားစုဖြစ်သော စန်းလန် သူတော်စင်ဂိုဏ်း တည်ရှိရာမြို့လည်းဖြစ်သည်။
ကျန်းချန် စန်းလန်သူတော်စင်မြို့သို့ ရောက်လာရသည့် အကြောင်းရင်းမှာ စန်းလန်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ကာ အခွင့်အရေးကို ရှာဖွေရန် ဖြစ်၏။
အကယ်၍ စန်းလန်စကြဝဠာတွင် ကောင်းကင်လမ်းစဥ်၏ တည်နေရာကို သိနိုင်မည့်သူ ရှိမည်ဆိုလျှင် ယင်းမှာ စန်းလန်ဂိုဏ်းသာလျှင် ဖြစ်ပေလိမ့်မည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က တိုက်ပွဲသည် ကျန်းချန်သည် စန်းလန်စကြဝဠာမှ အင်အားကြီးမားသော ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ခဲ့သည်။
အကယ်၍ သူသာ မူလရုပ်သွင်ဖြင့် စန်းလန်ဂိုဏ်းသို့ တိုက်ရိုက်သွားမည် ဆိုလျှင် စန်းလန်ဂိုဏ်းသည် ကောင်းကင်လမ်းစဥ်၏ တည်နေရာကို သိနေလျှင်ပင် သူ့ကို အလွယ်တကူ ပြောပြမည် မဟုတ်ဘဲ မလိုလားအပ်သော ပြဿနာများ ဖြစ်လာစေနိုင်သည်။
သူ၏ လက်ရှိအင်အားဖြင့် စန်းလန်ဂိုဏ်းကို ကြောက်စရာ မလိုသော်လည်း စန်းလန်ဂိုဏ်းသည် အင်မော်တယ်အဆင့်ရှိ ထိပ်တန်းအင်အားစု ဖြစ်သည်။
စန်းလန်းဂိုဏ်းသာ အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြု၍ အင်မော်တယ်များကို ပင့်ဖိတ်လိုက်လျှင် သူ့အတွက် အတော်လေး လုပ်ရ ကိုင်ရ ခက်ခဲသွားနိုင်ပေသည်။
ထို့ကြောင့် ကျန်းချန်သည် စန်းလန်သူတော်စင်ဂိုဏ်း အတွင်းသို့ ရောနှော ဝင်ရောက်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းရင်း စန်းလန်သူတော်စင်မြို့တွင် နေထိုင်နေခဲ့သည်။
ယနေ့သည် စန်းလန်သူတော်စင်ဂိုဏ်းက တစ်နှစ်တစ်ကြိမ် တပည့်သစ်များ ခေါ်ယူသောနေ့ ဖြစ်၏။
“ညီနောင်ကျန်းချန်.. စန်းလန်ဂိုဏ်းရဲ့ တပည့်သစ် ခေါ်ယူပွဲ စတော့မယ်.. ငါတို့ မြန်မြန်သွားကြရအောင်”
ထိုအချိန်တွင် အသက်နှစ်ဆယ်ကျော် အရွယ်ခန့်ရှိသည့် ခန့်ညားသော မျက်နှာထားပိုင်ရှင် အပြာရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် ကျန်းချန်၏ ခြံဝန်းအတွင်းသို့ ပြေးဝင်လာခဲ့သည်။
ကျန်းချန်က အပြာရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“ဒါက စန်းလန်သူတော်စင်ဂိုဏ်းရဲ့ တပည့်သစ် ခေါ်ယူပွဲလေးပဲ မဟုတ်လား.. ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ”
ဤအပြာရောင်ဝတ်စုံဝတ် လူငယ်မှာ မိုဖန်ဟု အမည်ရပြီး စန်းလန်သူတော်စင်မြို့ ဆီသို့ ကျန်းချန် ရောက်ရှိစဥ်က ရင်းနှီးခဲ့သည့် တစ်ဦးတည်းသော မိတ်ဆွေလည်း ဖြစ်သည်။
စန်းလန်သူတော်စင်မြို့သို့ ကျန်းချန် ရောက်လာချိန်တွင် စန်းလန်ဂိုဏ်း၏ တပည့်သစ် ခေါ်ယူပွဲ ကျင်းပခါနီးအချိန် ဖြစ်နေသောကြောင့် မြို့တော် တစ်ခုလုံးတွင် လူများ ပြည့်နှက်နေ၍ ကျန်းချန်သည် တည်းခိုရန် နေရာ ရှာမရ ဖြစ်ခဲ့သည်။
ထိုအချိန်မှာပင် ကျန်းချန်သည် မိုဖန်းနှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ပြီး မိုဖန်းက သူ၏ နေအိမ်သို့ ကျန်းချန်ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
“စိတ်လှုပ်ရှားတာပေါ့ ညီနောင်ကျန်းချန်ရာ.. ပြီးခဲ့တဲ့ နှစ်က ကျွန်တော် စန်းလန်ဂိုဏ်းရဲ့ စစ်ဆေးမှုကို အောင်မြင်ပြီး တပည့် ဖြစ်ဖို့ နည်းနည်းလေးပဲ လိုသွားခဲ့တာလေ”
မိုဖန်းက လက်သီးကို ခပ်တင်းတင်း ဆုပ်ကာ ပြောလိုက်သည်။
“ဒီတစ်ကြိမ်တော့ ကျွန်တော် သေချာပေါက် စစ်ဆေးမှုကို အောင်မြင်ပြီး စန်းလန်ဂိုဏ်းရဲ့ တပည့်ဖြစ်အောင် လုပ်မယ်”
ဤတစ်ကြိမ် စန်းလန်ဂိုဏ်းသို့ ဝင်နိုင် မဝင်နိုင် ဆိုသည်မှာ သူ၏ အနာဂတ်သာမက မိုမိသားစု၏ ရှင်သန်ခြင်းနှင့်လည်း သက်ဆိုင်နေခဲ့သည်။
မိုဖန်းအနေဖြင့် အောင်မြင်အောင် ကြိုးစားရမည် ဖြစ်ပြီး ကျရှုံး၍ လုံးဝ မဖြစ်ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ အများကြီးမပေးပါနဲ့.. မအောင်မြင်ခဲ့ရင်တောင် ဒါက တကယ့် ပြဿနာကြီး မဟုတ်ပါဘူး”
ကျန်းချန်က မိုဖန်းဆီကနေ မိုမိသားစုနှင့် ပတ်သက်၍ ကြားဖူးခဲ့၏။
စန်းလန်ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရန် မိုဖန်း အသေအလဲကြိုးစားနေရခြင်းမှာ မိုမိသားစု၏ ရန်သူအင်အားစုများထဲတွင် ပါရမီရှင်တစ်ဦး ပေါ်ထွက်လာပြီး စန်းလန်ဂိုဏ်းသို့ ဝင်ရောက်သွားခြင်းကြောင့် ဖြစ်သည်။
အကယ်၍ မိုမိသားစုထဲတွင် မည်သူကမျှ စန်းလန်ဂိုဏ်း၏ တပည့်ဖြစ်မလာနိုင်ခဲ့လျှင် မိုမိသားစုသည် ရန်သူ၏ ဖိနှိပ်မှုကို ခံရမည် ဖြစ်ပြီး အဆုံးသတ်တွင် အမြစ်ဖြတ် ချေမှုန်းခံရမည့် ဘေးအန္တရာယ်နှင့်ပင် ကြုံတွေ့ရနိုင်ခြေ ရှိ၏။
မိုဖန်းနှင့် တွေ့ဆုံခဲ့ရသည်မှာ ကျန်းချန်အတွက် ရေစက်တစ်ခုဟုပင် သတ်မှတ်ထားခဲ့သည်။
ထို့ကြောင့် မိုဖန်းက စန်းလန်ဂိုဏ်း အတွင်းသို့ မဝင်ရောက်နိုင်ခဲ့လျှင်ပင် ကျန်းချန်သည် မိုမိသားစု၏ အခက်အခဲကို ဖြေရှင်းပေးရန် ရည်ရွယ်ထားခဲ့သည်။
ထို့အပြင် ကျန်းချန်သည် စန်းလန်ဂိုဏ်းသို့ မိုဖန်း မဝင်ရောက်နိုင်ခဲ့ခြင်းမှာ စစ်ဆေးမှုကို မအောင်မြင်ခဲ့၍ မဟုတ်ဘဲ တစ်စုံတစ်ရာသော အကြောင်းအရင်း တချို့ ရှိနေနိုင်သည်ဟု ခံစားမိခဲ့သည်။
စန်းလန်စကြဝဠာ၏ နံပါတ်တစ်ဂိုဏ်းကြီး ဖြစ်၍ စန်းလန်ဂိုဏ်း၏ တပည့်သစ် ခေါ်ယူရာတွင် သတ်မှတ်ချက်မြင့်မားသည်မှာ သဘာဝပင်။
သို့သော်လည်း မိုဖန်း၏ အသက်အရွယ်ဖြင့် ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိနေခြင်းသည် သာမန်နတ်ဘုရင်အဆင့် အင်အားစုထဲမှာပင် ရှားပါးသော ပါရမီရှင် တစ်ဦးဟု သတ်မှတ်၍ ရနေပြီ ဖြစ်သည်။
ထိုကဲ့သို့သော ပါရမီရှင်သည် စန်းလန်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်များနှင့် မယှဥ်နိုင်သော်လည်း စန်းလန်ဂိုဏ်းသို့ တပည့်တစ်ဦး အဖြစ် ဝင်ရောက်ရန်မှာ လုံးဝ ပြဿနာမရှိပေ။
သူ၏ ခန့်မှန်းချက်အရ အကယ်၍ မတော်တဆဖြစ်ရပ်များ မရှိခဲ့လျှင် ယခုတစ်ကြိမ်တွင်လည်း မိုဖန်းသည် ကျရှုံးရန် ကံကြမ္မာ ပါနေခဲ့၏။
“ကဲပါ.. ငါတို့ စန်းလန်ဂိုဏ်းရဲ့ တပည့်သစ် ခေါ်ယူပွဲကို သွားကြရအောင်”
ကျန်းချန်က ပြုံး၍ ပြောလိုက်ပြီး ခြံဝန်းအပြင်ဘက်သို့ တိုက်ရိုက်ပင် လှမ်းထွက်လာခဲ့သည်။
စန်းလန် သူတော်စင်ဂိုဏ်း၏ တပည့်သစ် ခေါ်ယူပွဲကို စန်းလန်သူတော်စင်မြို့၏ ဗဟိုရင်ပြင်တွင် ကျင်းပမည် ဖြစ်သည်။
ကျန်းချန်တို့နှစ်ဦးက မြို့အနောက်ဘက်နေ ဗဟိုရင်ပြင်သို့ ရောက်လာသောအခါတွင် ရင်ပြင် ပတ်ပတ်လည်၌ လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။
စန်းလန်စကြဝဠာ၏ နံပါတ်တစ်ဂိုဏ်းကြီး ဖြစ်သည့် အလျောက် စန်းလန်ဂိုဏ်းသည် စန်းလန်စကြဝဠာ အတွင်းရှိ ကျင့်ကြံသူများ အားလုံးအတွက် စိတ်ကူးအိပ်မက်ထဲမှ ကျင့်ကြံခြင်း နယ်မြေတစ်ခု ဖြစ်သည်။
ဆိုရလျှင် ဤနေရာတွင် စန်းလန်စကြဝဠာ၏ အကောင်းမွန်ဆုံး ပတ်ဝန်းကျင်၊ အကြွယ်ဝဆုံး အရင်းအမြစ်များနှင့် ထိပ်တန်း အမွေအနှစ်များ ရှိ၏။
စန်းလန်ဂိုဏ်းသို့ ဝင်ရောက်နိုင်သည်နှင့် နဂါးတံခါးကို ကျော်ဖြတ်လိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး အနာဂတ်က အကန့်အသတ်မရှိ တောက်ပလာလိမ့်မည် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် စန်းလန်စကြဝဠာရှိ မရေမတွက်နိုင်သော တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် အင်အားစုအားလုံးနီးပါးသည် စန်းလန် သူတော်စင်ဂိုဏ်း၏ တပည့်သစ် ခေါ်ယူပွဲကို ပါဝင်ကြပြီး နဂါးတံခါးကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးကို ကြိုးစားလိုခဲ့ကြသည်။
ကျန်းချန်က အရှိန်အဝါ ဖုံးကွယ်ခြင်း ပညာရပ်ကို အသုံးပြု၍ သူ၏ အရှိန်အဝါကို ဆဋ္ဌမအဆင့် ကောင်းကင် နတ်ဘုရား အဖြစ် အသွင်ပြောင်းထားလိုက်ပြီး မိုဖန်းနှင့် အတူ နေရာတစ်နေရာ ရှာဖွေကာ စန်းလန် သူတော်စင်ဂိုဏ်း၏ တပည့်သစ် ခေါ်ယူမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။
သို့သော်လည်း ကျန်းချန်တို့ နှစ်ယောက် တိတ်တဆိတ် နားနေစဥ်မှာပင် လှောင်ပြောင်ရေရွတ်သံ တစ်သံသည် သူတို့၏ နားထဲသို့ ချက်ချင်းပင် ဝင်ရောက်လာခဲ့သည်။
“ဝိုး.. ဒါက မိုမိသားစုရဲ့ သခင်လေး မဟုတ်လား.. ငါတို့ရဲ့ သခင်လေးက ဒီနှစ်မှာလည်း စန်းလန်ဂိုဏ်းရဲ့ တပည့်သစ် ခေါ်ယူပွဲကို ထပ်ပါဝင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ကြည့်ရတာ မနှစ်က အပယ်ခံလိုက်ရတာတောင် အမှတ်မရှိသေးဘူးထင်တယ်”
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ လှောင်ပြုံးပြုံးကာ သူတို့ဆီသို့ လျှောက်လာသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
ထိုလူငယ်ကို မြင်လျှင် မိုဖန်း၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားခဲ့သည်။
“ကျင်းရှောင်.. မင်းဘာလာလုပ်တာလဲ”
“ငါလည်း မင်းတို့လို စန်းလန်ဂိုဏ်းရဲ့ တပည့်သစ် ခေါ်ယူပွဲကို ပါဝင်မလို့ ရောက်လာတာပေါ့”
လူငယ်က ဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်သည်။
“ဒီနေ့ ပြီးတာနဲ့ ငါတို့ ကျင်းမိသားစုမှာ စန်းလန်ဂိုဏ်းဝင်တပည့်နှစ်ယောက် ရှိလာတော့မယ်.. မင်းတို့ မိုမိသားစုကတော့ ဒီနေ့ကစပြီး ငါတို့ ကျင်းမိသားစုရဲ့ ခြေဖဝါးအောက်မှာ ပြားပြားမှောက်ပြီး နေရတော့မှာပဲ”
လူငယ်၏ စကားကိုကြားလျှင် ကျန်းချန်သည် ချက်ချင်းပင် နားလည်သွားခဲ့သည်။
သူ့ရှေ့မှ ကောင်လေးသည် မိုဖန် သူ့ကို ပြောပြခဲ့သည့် မိုမိသားစု၏ ရန်သူ အင်အားစုမှ ဖြစ်ပေလိမ့်မည်။
မိုဖန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မီးပွင့်မတတ် အကြည့်ဖြင့် လူငယ်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
ထို့နောက် သူ တိုက်ခိုက်တော့မည့် အချိန်မှာပင် လက်ဖဝါးတစ်ဖက်သည် သူ၏ ပခုံးပေါ်သို့ ခပ်ဖွဖွ ကျရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် တည်ငြိမ်သော စကားသံ တစ်သံက ထွက်ပေါ်လာခဲ့၏။
“သူ့လို လူမျိုးနှင့်ယှဥ်ပြီး မမိုက်ချင်စမ်းနဲ့.. တကယ်လို့ သူ့လိုကောင်မျိုးတောင် စန်းလန်ဂိုဏ်းရဲ့ တပည့် ဖြစ်လာနိုင်တယ်ဆိုရင် မင်းလည်း သေချာပေါက် စန်းလန်ဂိုဏ်းရဲ့ တပည့် ဖြစ်နိုင်ပါတယ်”
အခန်း(၂၆၅၆)ပြီး၏။