အခန်း (၂၆၅၇-၂၆၅၈)
Vol. 206 Ch. 2657-2658
အခန်း(၂၆၅၇)
ကျန်းချန်၏ စကားကိုကြားလျှင် မိုဖန်သည် စိတ်အေးသွားခဲ့ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ညီနောင်ကျန်းချန်”
စန်းလန် သူတော်စင်မြို့တွင် ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးကိုယ်တာ အငြင်းပွား တိုက်ခိုက်မှုများကို တင်းတင်းကြပ်ကြပ်ပင် တားမြစ်ထားသည်။
အကယ်၍ ကျန်းချန်သာ မတားမြစ်ခဲ့လျှင် အစောပိုင်းက စိတ်လိုက်မာန်ပါဖြင့် တိုက်ခိုက်မိမည် ဖြစ်ပြီး ထိုကဲ့သို့ လုပ်ဆောင်မိလျှင် စစ်ဆေးမှုတွင်ပင် မပါဝင်ရဘဲ စန်းလန်သူတော်စင်မြို့ကနေ နှင်ထုတ်ခံရမည်မှာ သေချာသလောက်ပင်။
ကျင်းရှောင်က သူ့ကို တမင်သက်သက် ဒေါသထွက်အောင်လာဆွခြင်းသည် ထိုကဲ့သို့ ရည်ရွယ်ချက်မျိုး ရှိနေလောက်သည်။
“ကျင်းရှောင်.. မင်း ငါ့ကို ဒေါသထွက်အောင် လာဆွပြီး လှည့်စားဖို့ မကြိုးစားနဲ့.. ငါမင်းရဲ့အကွက်ထဲကို ဝင်မှာမဟုတ်ဘူး”
မိုဖန်က ကျင်းရှောင်ကို အေးစက်စက်ကြည့်ကာ လျစ်လျူရှုထားလိုက်သည်။
ဤစန်းလန်သူတော်စင်မြို့တွင် သူက အရင်စပြီး လက်မပါသရွေ့ ကျင်းမိသားစုမှ လူများသည် သူ့ကို ဘာမှ လုပ်ရဲမည်မဟုတ်ပေ။
“ဟမ့်.. မိုဖန်း မင်းကံကောင်းသွားတယ်လို့ မှတ်လိုက်ပါ.. ဒါပေမဲ့ စန်းလန်ဂိုဏ်းက မင်းဝင်ချင်တိုင်း ဝင်လို့ရတဲ့ နေရာမျိုး မဟုတ်ဘူး ဆိုတာတော့ မမေ့နဲ့”
သူ၏ ရည်ရွယ်ချက် လူမိသွားသည်ကိုမြင်လျှင် ကျင်းရှောင်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်ပြီး ကျန်းချန်ကို မကျေမနပ်တစ်ချက် ကြည့်လိုက်ကာ လှည့်ထွက်သွားခဲ့သည်။
“ညီနောင်ကျန်းချန် တောင်းပန်ပါတယ်.. ဒီတစ်ခါတော့ မင်းကိုပါ ထိခိုက်အောင် လုပ်မိပြီထင်တယ်.. ခုနက မင်းရဲ့လုပ်ရပ်က ကျင်းရှောင်ရဲ့ အကြံအစည်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတော့ ကျင်းမိသားစုက မင်းကို ဒီအတိုင်း မလွှတ်ပေးလောက်ဘူး”
မိုဖန်က ထွက်ခွာသွားသည့် ကျင်းရှောင်၏ ကျောပြင်ကို ကြည့်ကာ ကျန်းချန်ကို အားတုံ့အားနာ ပြောလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ရပါတယ်.. ဒါက ကိစ္စကြီးလည်း မဟုတ်ပါဘူး”
မိုမိသားစု၏ ရန်ဘက် ဖြစ်သည့် ကျင်းမိသားစုသည် နတ်ဘုရင်တစ်ပါး အုပ်စိုးသည့် နတ်ဘုရင်အင်အားစု တစ်စုမျှသာ ဖြစ်သည်။
ယင်းကဲ့သို့ အင်အားစုမျိုးသည် စန်းလန်စကြဝဠာတွင် ဒုတိယတန်းစား အင်အားစုပင် မဟုတ်ပေ။
သူက ကျင်းမိသားစုကို ဖျက်ဆီးချင်လျှင် မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလော။
“ဝုန်း..”
ကျန်းချန်တို့ နှစ်ယောက် စကားပြောနေစဥ်မှာပင် ဟင်းလင်းပြင်ထဲကနေ ပြင်းထန်သော စွမ်းအင်လှိုင်းဂယက်များသည် ရင်ပြင်တစ်ခုလုံးကို ရိုက်ခတ်သွားခဲ့သည်။
မကြာခင်မှာပင် ဟင်းလင်းပြင်ထဲကနေ လူရိပ်နှစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘယ်ဘက်မှ လူက အလွန်ပင် ခန့်ညားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်ပြီး ညာဘက်ကမူ ဆံဖြူအဘိုးအို တစ်ယောက် ဖြစ်သည်။
ထိုနှစ်ယောက်၏ အရှိန်အဝါသည် အလွန်တရာပင် သန်မာပြီး နတ်ဘုရင်အဆင့် အထက်ရှိ အုပ်စိုးသူအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
“ညီနောင်ကျန်းချန်.. အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက စန်းလန်သူတော်စင်မြို့ရဲ့ မြို့စား စန်းထျန်းခွေပဲ.. ညာဘက်က ဆံဖြူအဘိုးအိုကတော့ စန်းလန်ဂိုဏ်းရဲ့ အကြီးအကဲ စန်းဝူဟွေပဲ.. သူတို့ နှစ်ယောက်လုံးက စန်းလန်စကြဝဠာမှာ နာမည်ကျော်ကြားတဲ့ အုပ်စိုးသူအဆင့် ကျင့်ကြံသူတွေပေါ့”
ဟင်းလင်းပြင်ထဲမှ လူရိပ်နှစ်ခုကိုမြင်လျှင် မိုဖန်သည် ကျန်းချန်ကို လေသံတိုးတိုးဖြင့် မိတ်ဆက်ပေးလိုက်သည်။
သူ၏ မျက်နှာထက်တွင် ကြည်ညိုလေးစားသော အမူအရာများ အပြည့်အဝ ပေါ်လွင်နေခဲ့သည်။
အုပ်စိုးသူအဆင့် ကျင့်ကြံသူများသည် စန်းလန်စကြဝဠာတွင် အလွန်တရာ ရှားပါပြီး အထွတ်အထိပ် အဆင့်တွင် ရပ်တည်နေသူများ ဖြစ်ကြသည်။
ကျန်းချန်က ခေါင်းညိတ်ပြလိုက်သော်လည်း အမူအရာကမူ အပြောင်းအလဲ သိပ်မရှိခဲ့ပေ။
သူက စန်းလန်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကိုပင် အနိုင်ယူခဲ့ဖူးသည် ဖြစ်ရာ ယခုလို အုပ်စိုးသူ အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်လောက်ကို အဘယ်ကြောင့် ဂရုစိုက်ရပါမည်နည်း။
ထိုနှစ်ယောက်၏ အရှိန်အဝါသည် သူနှင့် စိမ်းသက်နေခဲ့၍ ထိုနှစ်ယောက်သည် စန်းလန်သူတော်စင်ဂိုဏ်းကနေ နတ်ဘုရားနယ်မြေကို ကျူးကျော်လာသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူများထဲတွင် မပါဝင်မှန်း သိသာနေခဲ့သည်။
ယင်းသည် သူ့အတွက် ပြဿနာတော်တော်များများကို သက်သာသွားစေခဲ့၏။
ထို့အပြင် ကျန်းချန်သည် စန်းလန်ဂိုဏ်း၏ အင်အားကိုလည်း မှန်းဆနိုင်ခဲ့သည်။
စန်းလန်ဂိုဏ်း၏ အုပ်စိုးသူအဆင့် ကျင့်ကြံသူ အများအပြားသည် သူ့လက်ထဲတွင် ကျဆုံးခဲ့၍ နောက်ပိုင်းတွင် စန်းလန်သူတော်စင်ဂိုဏ်းချုပ် ကိုယ်တိုင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်နှင့်အတူ နတ်ဘုရားနယ်မြေဆီ ရောက်လာခဲ့သည်။
ယခု သူ့ရှေ့မှ နှစ်ယောက်ကိုပါ ထပ်ပေါင်းလိုက်မည် ဆိုလျှင် စန်းလန်သူတော်စင်ဂိုဏ်းတွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဆယ့်ငါးယောက်ထက်မက ရှိနေသည်ဟု မှန်းဆ၍ရသည် မဟုတ်ပါလော။
ဤကဲ့သို့ အင်အားမျိုးသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ ဟွမ်ယွမ်ဓားဂိုဏ်းနှင့် ယှဥ်လျှင်ပင် မနိမ့်ကျပေ။
စန်းလန်ဂိုဏ်းမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူ နှစ်ယောက် ရောက်လာသည်နှင့် အမျှ ဆူညံပွက်လောရိုက်နေသော ရင်ပြင် တစ်ခုလုံးသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း၏ အကြည့်သည် ဟင်းလင်းပြင်မှ အုပ်စိုးသူအဆင့်ကျင့်ကြံသူ နှစ်ဦး ဆီသို့ စုပြုံကာ ကျရောက်သွားခဲ့ပြီး တပည့်သစ် ခေါ်ယူဖို့ စတင်မည်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
“အားလုံးပဲ သေချာနားထောင်ကြပါ.. ဒီနေ့က ငါတို့ စန်းလန်သူတော်စင်ဂိုဏ်းက တစ်နှစ်တစ်ကြိမ် တပည့်သစ် ခေါ်ယူတဲ့ပွဲ ဖြစ်တယ်.. အခုအချိန်ကစပြီးတော့ ပထမအဆင့် ဖြစ်တဲ့ ပါရမီ စစ်ဆေးမှုကို စတင်မယ်.. ထုံးစံအတိုင်းပဲ ပါရမီစစ်ဆေးမှုကို ကြယ်တစ်ပွင့်ကနေ ကိုးပွင့်အထိ ခွဲခြားထားတယ်"
"အနည်းဆုံး ကြယ်ငါးပွင့်အဆင့်ကို ရမှပဲ ပထမအဆင့် စစ်ဆေးမှုကို အောင်မြင်မှာ ဖြစ်တယ်.. တကယ်လို့ ကြယ်ရှစ်ပွင့်နဲ့ ကိုးပွင့်အဆင့် အထိ ရှိနေမယ် ဆိုရင်တော့ စန်းလန်သူတော်စင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့် အဖြစ် ချက်ချင်းသတ်မှတ်ခံရမှာ ဖြစ်တယ်”
ဟင်းလင်းပြင်ရှိ စန်းလန် သူတော်စင်ဂိုဏ်း၏ အကြီးအကဲ စန်းဝူဟွေက ရင်ပြင် တစ်ခုလုံးကို ဝေ့ကြည့်ရင်း တည်ငြိမ်သော လေသံဖြင့် ကြေညာလိုက်သည်။
ထို့နောက်တွင် သူက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ မီတာတစ်ရာလောက် အမြင့်ရှိသည့် မှန်ချပ်ကြီး တစ်ခု ကဲ့သို့ ပုံသဏ္ဌာန်ရှိသော ရတနာ တစ်ခုသည် ရင်ပြင်၏ အလယ်ဗဟိုကို တိုက်ရိုက်ပင် ကျဆင်းလာခဲ့သည်။
ကျန်းချန်က သူ့ရှေ့မှ အခြေအနေကို အနည်းငယ် အကဲခတ်လိုက်သည်။
စန်းလန်သူတော်စင်ဂိုဏ်း၏ တပည့်သစ် ခေါ်ယူပွဲသည်လည်း တခြားသော အင်အားစုများကိုပင် နည်းလမ်းဟောင်းကိုပင် အသုံးပြုထားခဲ့သည်။
ကျန်းချန်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း ကြယ်ဘယ်နှစ်ပွင့်လောက် ထားရှိရမလဲ ဆိုသည်ကို စဥ်းစားနေမိသည်။
အကယ်၍ သူ၏ ကြယ်ပွင့်က မြင့်လွန်းနေလျှင် စန်းလန် သူတော်စင်ဂိုဏ်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် စန်းလန် သူတော်စင်ဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများ၏ အာရုံစိုက်မှုကို သေချာပေါက် ခံရလိမ့်မည် ဖြစ်သည်။
“ကျန်းဟဲ.. ကြယ်လေးပွင့်ပါရမီ.. ကျရှုံးတယ်”
“ကျောက်လျန့်.. ကြယ်ခြောက်ပွင့်ပါရမီ.. အောင်မြင်တယ်”
“...........”
ကျန်းချန် တိတ်တဆိတ် စဥ်းစားနေစဥ်မှာပင် စန်းလန်သူတော်စင်ဂိုဏ်းသည် ပါရမီစစ်ဆေးမှုကို စတင်ခဲ့သည်။
ရင်ပြင်ပေါ်မှ လူငယ်အမျိုးသား၊ အမျိုးသမီးများသည် တစ်ယောက်ပြီး တစ်ယောက် အစီအစဥ်တကျဖြင့် ရင်ပြင်အလယ်ရှိ မှန်ချပ် ဆီသို့ လျှောက်သွားကာ ပထမအဆင့်၏ ပါရမီစစ်ဆေးမှုကို ပြုလုပ်ခဲ့ကြသည်။
တချို့က စစ်ဆေးမှု အောင်မြင်၍ စိတ်လှုပ်ရှားနေကြပြီး တချို့ကမူ စစ်ဆေးမှု ကျရှုံး၍ စိတ်ပျက်အားငယ်နေခဲ့ကြသည်။
“မိုဖန်.. စန်းလန်သူတော်စင်ဂိုဏ်းရဲ့ တပည့်သစ်ခေါ်ယူမှုမှာ အသက်အရွယ် ကန့်သတ်ချက် မရှိဘူးလား”
ကျန်းချန်က ပါရမီစစ်ဆေးနေသည့် လူများကို ငေးကြည့်ရင်း မိုဖန်ကို မေးလိုက်သည်။
အကြောင်းရင်းမှာ အစောပိုင်းတွင် ကျန်းချန်သည် ပါရမီစစ်ဆေးမှုကို လာရောက်ခံယူသည့် အသက်အရွယ် ကြီးရင့်သော အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၍ ဖြစ်သည်။
“စန်းလန်သူတော်စင်ဂိုဏ်းရဲ့ တပည့်သစ် ခေါ်ယူမှုမှာ အရေးကြီးဆုံးက ပါရမီနဲ့ အလားအလာပဲ...အသက်အရွယ်ကန့်သတ်ချက်က သိပ်အရေးမပါဘူး.. ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ပါရမီ ထူးချွန်တဲ့ ကျင့်ကြံသူ အများစုက စန်းလန်သူတော်စင်ဂိုဏ်းကို ဝင်ချင်ကြတဲ့ အတွက် စောစောစီးစီးပဲ လာရောက်စစ်ဆေးမှု ခံယူကြတယ်.. အသက်ကြီးတဲ့အထိ အချိန်ဆွဲထားလေ့ မရှိကြဘူး"
"အသက်ကြီးတဲ့သူတွေကတော့ များသောအားဖြင့် ဂိုဏ်းမရှိတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေ ဖြစ်ပြီး ကံစမ်းကြည့်ချင်ရုံသက်သက်ပါပဲ.. ဒါ့အပြင် အသက်ကြီးလေ အလားအလာနည်းလေ ဆိုတော့ သူတို့အနေနဲ့ ပါရမီစစ်ဆေးမှုကို အောင်မြင်ရင်တောင် နောက်ထပ် စစ်ဆေးမှုတွေကို အောင်မြင်ဖို့ ခဲယဥ်းသွားခဲ့ပြီ”
မိုဖန်က အသေးစိတ်ရှင်းပြလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ခပ်သဲ့သဲ့ ရယ်မောကာ ပြောလိုက်၏။
“ကဲ ငါတို့လည်း စစ်ဆေးမှုကို ခံယူဖို့ ဝင်ရောက်တန်းစီကြစို့”
သူတို့ နှစ်ယောက်က တုံ့ဆိုင်းမနေဘဲ ပါရမီစစ်ဆေးရန် အတွက် တန်းစီနေသော လူအုပ်ထဲကို တိုက်ရိုက်ပင် ဝင်ရောက် တန်းစီလိုက်သည်။
စန်းလန်သူတော်စင်ဂိုဏ်း၏ ပါရမီစစ်ဆေးမှု သတ်မှတ်ချက်က အမှန်တကယ်ပင် မြင့်မားသည်။
ပါရမီ လာရောက်စစ်ဆေးသူများထဲတွင် ထက်ဝက်နီးပါးခန့်သည် ကြယ်ငါးပွင့် မပြည့်၍ ချက်ချင်းပင် အပယ်ခံလိုက်ရသည်။
အောင်မြင်သူများထဲတွင် အများစုမှာ ကြယ်ငါးပွင့်နှင့် ကြယ်ခြောက်ပွင့် ပါရမီရှင်များ ဖြစ်ပြီး ကြယ်ခုနစ်ပွင့် ပါရမီရှင်သည်ပင် အလွန်တရာ ရှားပါးနေခဲ့သည်။
သို့ဖြစ်ရာ ကြယ်ရှစ်ပွင့်နှင့် ကြယ်ကိုးပွင့် ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
“စန်းလန် သူတော်စင်ဂိုဏ်းရဲ့ ကြယ်ပွင့်အဆင့်တွေက ဘယ်လို အလားအလာတွေကို ဖော်ပြတာလဲ”
ကျန်းချန်က သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ မိုဖန်ကို မေးလိုက်သည်။
“စန်းလန်သူတော်စင်ဂိုဏ်းရဲ့ ပါရမီစစ်ဆေးမှု အရတော့ ကြယ်ခုနစ်ပွင့် ပါရမီ ဆိုတာက နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်တဲ့ အလားအလာရှိတာကို ဆိုလိုတယ်.. ကြယ်ရှစ်ပွင့်ပါရမီကတော့ အုပ်စိုးသူ အဆင့်ကို ထိုးဖောက်နိုင်တဲ့အလားအလာရှိတယ်လို့ အဓိပ္ပာယ်ရတယ်.. ကြယ်ကိုးပွင့်ပါရမီကတော့ အုပ်စိုးသူအဆင့်ကို ကျော်လွန်နိုင်တဲ့အလားအလာရှိတာမို့ ဒါက ဒဏ္ဍာရီလာ ပါရမီရှင် အဆင့်ပဲ”
မိုဖန်က လေးနက်စွာ ပြောပြလိုက်သည်။
“ကျွန်တော် သိသလောက်တော့ စန်းလန်သူတော်စင်ဂိုဏ်း စတင် တည်ထောင်စဥ်ကတည်းက ကြယ်ကိုးပွင့် ပါရမီရှင် တပည့် ဆိုတာ လက်ချိုးရေတွက်လို့ ရတဲ့အထိတောင် မရှိခဲ့ဖူးဘူး”
အခန်း(၂၆၅၇)ပြီး၏။
အခန်း(၂၆၅၈)
“ကြယ်ရှစ်ပွင့်ပါရမီက အုပ်စိုးသူအဆင့်ကို ထိုးဖောက်ဖို့အလားအလာရှိပြီး ကြယ်ကိုးပွင့်ပါရမီက အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်လောက်တဲ့ အထိ အလားအလာရှိတယ် ဆိုတဲ့ သဘောပေါ့”
ကျန်းချန်က ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။
အကယ်၍ ကြယ်ပွင့်များကို ဤကဲ့သို့သော နည်းလမ်းဖြင့် ခွဲခြားထားခြင်း ဆိုလျှင် ယင်းသည် အတော်လေး ယုတ္တိရှိသည်ဟု ဆိုရပေမည်။
အဆုံးသတ်တွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူများသည် စန်းလန်စကြဝဠာတွင်ပင် အလွန်တရာ ရှားပါးပြီး နှစ်ပေါင်းထောင်ချီ အကြာ၌ပင် တစ်ယောက်ပေါ်ထွက်ရန်ပင် ခဲယဥ်းသည်။
ထို့ကြောင့် စန်းလန်သူတော်စင်ဂိုဏ်းတွင် အုပ်စိုးသူအဆင့်ကိုထိုးဖောက်နိုင်မည့် အလားအလာရှိသော တပည့်တစ်ဦးပေါ်ထွက်ရန်မှာ လုံးဝ မလွယ်ကူသောကိစ္စ ဖြစ်၏။
“ကျင်းရှောင်.. ကြယ်ခြောက်ပွင့်ပါရမီ.. အောင်မြင်တယ်”
ကျန်းချန် စကားပြောနေစဥ်မှာပင် မိုဖန်ကို ရန်စရန် ကြိုးစားခဲ့သော ကောင်လေးသည် စစ်ဆေးရန် ရှေ့သို့ တက်လှမ်းသွားခဲ့ပြီး ကြယ်ခြောက်ပွင့် ပါရမီဖြင့် ပါရမီစစ်ဆေးမှုကို အောင်မြင်သွားခဲ့၏။
“မထင်မှတ်ဘဲ ကျင်းမိသားစုမှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့ပြန်ပြီ”
ကျင်းရှောင်၏ ပါရမီကြယ်ပွင့်ကို ကြည့်ရင်း မိုဖန်၏ အမူအရာက ပို၍ပင် လေးနက်လာခဲ့သည်။
လွန်ခဲ့သော တစ်နှစ်ခန့်က ကျင်းမိသားစုတွင် ကြယ်ခုနစ်ပွင့်ပါရမီရှိသော ကျင့်ကြံသူ တစ်ယောက် ထွက်ပေါ်ခဲ့သည်။
ထိုကျင့်ကြံသူက စန်းလန်သူတော်စင်ဂိုဏ်း ထဲသို့ ဝင်ရောက်ပြီးနောက်တွင် အကြီးအကဲ တစ်ဦး၏ မျက်စိကျခြင်းကို ခံရကာ တပည့် အဖြစ် သတ်မှတ်ခံခဲ့ရသည်။
မတော်တဆမှုများ မရှိသရွေ့ ထိုသူသည် အနာဂတ်တွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး သေချာပေါက် ဖြစ်လာနိုင်ပေသည်။
ယခု ကျင်းမိသားစုမှ ကျင်းရှောင်၏ ပါရမီကြယ်ပွင့်သည်လည်း ကြယ်ခြောက်ပွင့် အထိပင် ရှိနေခဲ့သည်။
ကျင်းရှောင်အနေဖြင့် စန်းလန်သူတော်စင်ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး အခွင့်အရေးလုံလောက်စွာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကြယ်ခြောက်ပွင့် ပါရမီသည် နတ်ဘုရင်အဆင့်ကို မထိုးဖောက်နိုင်လျှင်ပင် အနည်းဆုံး ကောင်းကင်အရှင်အဆင့် အင်အားကြီးမားသော ကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်သေး၏။
ဤအဆင့်ရှိ အင်အားသည် သူတို့ မိုမိသားစုတွင် ဖြစ်စေ၊ ကျင်းမိသားစုတွင် ဖြစ်စေ အသန်မာဆုံး ကျင့်ကြံသူ စာရင်းဝင်နေခဲ့ချေပြီ။
သို့ဖြစ်ရာ ထိုနှစ်ယောက်သာ ကြီးပြင်းလာလျှင် သူတို့ မိုမိသားစုအတွက် သေချာပေါက် ကောင်းမွန်သော ကိစ္စ မဟုတ်ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ အဲဒီကောင်ရဲ့ပါရမီက မင်းထက် ကြယ်တစ်ပွင့်ခွဲလောက် ပိုနိမ့်ပါတယ်.. မင်းရဲ့ပါရမီက အနည်းဆုံး ကြယ်ခုနစ်ပွင့် ဒါမှမဟုတ် အဲဒီအထက်မှာ ရှိနေမှာပါ.. ငါ့အမြင်တော့ ကြယ်ရှစ်ပွင့်တောင် ဖြစ်နိုင်ပါတယ်”
“ညီနောင် ကျန်းချန်.. ကျွန်တော့်ကို နှစ်သိမ့်ပေးဖို့ မလိုပါဘူး.. ကြယ်ရှစ်ပွင့် မပြောနဲ့.. ကြယ်ခုနစ်ပွင့်ပါရမီတောင် ဘယ်လောက် ခက်ခဲတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်”
မိုဖန်က ခါးသီးစွာ ပြုံးလိုက်သည်။
“မနှစ်က ကျွန်တော် တစ်ခါ စစ်ဆေးဖူးသေးတယ်.. အဲဒီအချိန်တုန်းကတောင် ကျွန်တော့်ရဲ့ပါရမီက ကြယ်ခြောက်ပွင့်ပဲ ရှိခဲ့တယ်.. ဒါပေမဲ့ နောက်ထပ် စစ်ဆေးမှုတွေမှာ ကျရှုံးသွားတဲ့အတွက် ဂိုဏ်းဝင်အဖြစ် သတ်မှတ်မခံခဲ့ရတာပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“မနှစ်က မနှစ်.. ဒီနှစ်က ဒီနှစ်ပဲ.. ဒီနှစ်မှာတော့ ထူးခြားတဲ့အံ့ဖွယ်ကိစ္စတွေ ဖြစ်လာနိုင်တာပဲ”
အစောပိုင်းက ကျန်းချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့ပြီး နည်းလမ်းကောင်း တစ်ခုကို ရုတ်တရက် စဥ်းစားမိခဲ့သည်။
သူ၏ အင်အားနှင့် အထောက်အထား အရ စန်းလန်သူတော်စင်ဂိုဏ်းတွင် အပြောင်းအလဲ အနည်းငယ် ဖြစ်ပေါ်ရုံနှင့် စန်းလန် သူတော်စင်ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများ၏ အာရုံစိုက်မှုကို ခံရနိုင်ပြီး စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် တည်နေရာကို စုံစမ်းရန် ခက်ခဲသွားနိုင်သည်။
ထို့ကြောင့် ကျန်းချန်သည် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို စုံစမ်းရန်အတွက် မိုဖန်ကို အသုံးချရန် ဆုံးဖြတ်လိုက်၏။
သူက မိုဖန်ကို ပါရမီစစ်ဆေးမှုတွင် ပို၍ ထူးချွန်အောင် ပြုလုပ်ပေးရန် ရည်ရွယ်ထားပြီး စန်းလန် သူတော်စင်ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများ မျက်စိကျခြင်းကို ခံရစေကာ စန်းလန် သူတော်စင်ဂိုဏ်း၏ လက်ရင်းတပည့် ဖြစ်လာစေရန် ရည်ရွယ်ထားခဲ့သည်။
သို့မှသာ စန်းလန် သူတော်စင်ဂိုဏ်း၏ အဓိက လျှို့ဝှက်ချက်များနှင့် ထိတွေ့နိုင်မည် ဖြစ်၏။
အကယ်၍ စန်းလန်သူတော်စင်ဂိုဏ်းတွင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်နှင့် ပတ်သက်သည့် အချက်အလက်များ အမှန်တကယ် ရှိနေခဲ့လျှင် မိုဖန်သည် ထိုလျှို့ဝှက်ချက်နှင့် ထိတွေ့နိုင်မည်မှာ သေချာသည်။
စန်းလန်သူတော်စင်ဂိုဏ်းသည် ပါရမီစစ်ဆေးမှုကို အစီအစဥ်တကျပင် ဆက်လက် လုပ်ဆောင်နေခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် အဆုံးသတ်၌ ကျန်းချန်၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။
“ညီနောင်ကျန်းချန်ရဲ့ အလှည့်ရောက်ပြီ”
မိုဖန်က ကျန်းချန်ကို သတိပေးလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ပါရမီ စစ်ဆေးခံရန်အတွက် တိုက်ရိုက်ပင် ရှေ့တက်သွားခဲ့သည်။
သူက သူ၏လက်ဖဝါးကို သူ့ရှေ့ရှိ မှန်ချပ်ပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်ရာ မှန်ချပ်ပေါ်တွင် အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ကြယ်ပွင့်များသည် မှန်ချပ်ထဲကနေ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က မှန်ချပ်ထဲမှ အပြောင်းအလဲများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
မှန်ချပ်ပေါ်တွင် ကြယ်ခြောက်ပွင့် ပေါ်လာသော အခိုက်အတန့်၌ သူက သူ၏ လက်ဖဝါးကို မှန်ချပ်ပေါ်ကနေ ဆန်စေ့တစ်စေ့စာခန့် မသိမသာ ခွာလိုက်သည်။
ထို့နောက်တွင် သူက လက်ဖဝါးကို ဖြည်းညင်းစွာ ပြန်လည်ရုတ်သိမ်းလိုက်၏။
စစ်ဆေးမှုကို ကြီးကြပ်နေသော စန်းလန် သူတော်စင်ဂိုဏ်း၏ တာဝန်ခံသည် ကျန်းချန်၏ ကြယ်ပွင့် တိုးတက်လာသော အရှိန်အဟုန်ကို စောင့်ကြည့်နေခဲ့သည်။
ကျန်းချန်က အနည်းဆုံး ကြယ်ခုနစ်ပွင့် ပါရမီ ဖြစ်လိမ့်မည်ဟု မှန်းဆထားခဲ့သော်လည်း မထင်မှတ်ဘဲ ကြယ်ခြောက်ပွင့်ပါရမီတွင် ရပ်တန့်သွားသည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားခဲ့သည်။
သို့ရာတွင် သူ၏ စိတ်ထဲ၌ သံသယအချို့ ရှိသော်လည်း ကျန်းချန်၏ စစ်ဆေးမှုရလဒ်ကို ကြေညာလိုက်သည်။
“ကျန်းချန်...ကြယ်ခြောက်ပွင့် ပါရမီ.. အောင်မြင်တယ်”
ထိုအခိုက်အတန့်တွင် မိုဖန်သည် သူ၏ အနားသို့ ရောက်လာသော ကျန်းချန်ကို ကြည့်ကာ ဝေခွဲမရသော အမူအရာဖြင့် ရုတ်တရက် ပြောလိုက်သည်။
“ညီနောင်ကျန်းချန်က ဘာလို့ ကြယ်ခြောက်ပွင့်ပါရမီပဲ ရှိရတာလဲ”
သူ၏အမြင်တွင် ကျန်းချန်သည် အင်အားကြီးမားသော ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး ပါရမီတွင်လည်း သူ့ထက်များစွာ သာလွန်သည်။
ကျန်းချန်က အနည်းဆုံး ကြယ်ခုနစ်ပွင့်ပါရမီ ရှိလောက်မည်ဟု သူ ထင်ထားသော်လည်း ကြယ်ခြောက်ပွင့်ပါရမီသာ ရှိနေမည်ဟု သူ ထင်မထားခဲ့ပေ။
ဤသည်က အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းနေခဲ့၏။
“ငါ့ရဲ့ပါရမီက မင်းထင်ထားသလောက် မဟုတ်ပါဘူး.. ငါက မင်းထက် ကျင့်ကြံတဲ့ သက်တမ်းပိုရှည်ရုံလောက်ပါပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် မိုဖန်၏ ပခုံးကို သူ၏ လက်ဖြင့် ပုတ်လိုက်သည်။
“မိုဖန် မင်းအလှည့်ရောက်ပြီ.. အစွမ်းကုန်ကြိုးစားပါ”
ထိုအခိုက်အတန့်တွင် မိုဖန်သည် နွေးထွေးသောစီးဆင်းမှု တစ်ခုက သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသလို ခံစားလိုက်ရသည်။
သူက ချက်ချင်းပင် ပို၍ သက်သောင့်သက်သာ ဖြစ်သွားခဲ့၏။
မိုဖန်က တုံ့ဆိုင်းမနေဘဲ ခေါင်းကို အားပါးတရ ညိတ်ပြလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ကာ ပါရမီ စစ်ဆေးသည့် မှန်ချပ် ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
သူ၏ လက်ဖဝါးကို ပါရမီစစ်ဆေးသည့် မှန်ချပ်ပေါ်သို့ တင်လိုက်သည်နှင့် တစ်ပြိုင်နက် မှန်ချပ်ပေါ်ရှိ ကြယ်ပွင့်များသည် ကြောက်မက်ဖွယ်ရာကောင်းသာ အရှိန်အဟုန်ဖြင့် မြင့်တက်သွားခဲ့သည်။
“ကြယ်တစ်ပွင့်”
“ကြယ်နှစ်ပွင့်”
“ကြယ်သုံးပွင့်..”
တစ်ခဏအတွင်းမှာပင် မိုဖန်၏ ပါရမီကြယ်ပွင့်သည် ကြယ်ခြောက်ပွင့်ကို ကျော်ဖြတ်ကာ ကြယ်ခုနစ်ပွင့်သို့ပင် ရောက်ရှိသွားခဲ့ပြီး ရပ်တန့်မည့် အရိပ်အယောင်ပင် မရှိသေးပေ။
အဆုံးသတ်တွင် မိုဖန်း၏ ပါရမီကြယ်ပွင့်သည် ကြယ်ခုနစ်ပွင့်ကို တိုက်ရိုက် ကျော်ဖြတ်ကာ ကြယ်ရှစ်ပွင့်သို့ ရောက်ရှိသွားခဲ့သည်။
“ကြယ်ရှစ်ပွင့်ပါရမီရှင်”
ရင်ပြင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဆူညံသွားခဲ့သည်။
စန်းလန်သူတော်စင်ဂိုဏ်း၏ တပည့်သစ် ခေါ်ယူပွဲတွင် ကြယ်ရှစ်ပွင့်ပါရမီရှင် ပေါ်ထွက်လာခဲ့ချေပြီ။
လူအများအပြားသည် မိုဖန်ကို မနာလိုအားကျသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။
ကြယ်ရှစ်ပွင့်ပါရမီ ဆိုသည်မှာ အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်မည့် အလားအလာရှိသော ပြိုင်ဘက်ကင်းပါရမီ ဖြစ်သည်။
ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးသည် စန်းလန်သူတော်စင်ဂိုဏ်းကို ဝင်ရောက်သွားလျှင် စန်းလန် သူတော်စင်ဂိုဏ်းမှ အထွတ်အထိပ် အကြီးအကဲများ၏ လေ့ကျင့်ပေးမှုကို သေချာပေါက်ရရှိမည် ဖြစ်သည်။
ဆိုရလျှင် မတော်တဆမှုများ မရှိသရွေ့ ကြယ်ရှစ်ပွင့် ပါရမီရှင်သည် အနာဂတ်တွင် အုပ်စိုးသူအဆင့်ကို သေချာပေါက် ထိုးဖောက်နိုင်လိမ့်မည် ဖြစ်သည်။
“ကြယ်ရှစ်ပွင့်ပါရမီလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျင်းရှောင်က မိုဖန်၏ စစ်ဆေးမှုရလဒ်ကို ကြည့်ကာ မှင်တက်နေခဲ့ပြီး သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။
မိုဖန်သည် လွန်ခဲ့သောနှစ်က စန်းလန်သူတော်စင်ဂိုဏ်းသို့ လာရောက်စစ်ဆေးစဥ်တွင် ကြယ်ခြောက်ပွင့်ပါရမီသာ ရှိခဲ့သည်။
တစ်နှစ်မျှသာ ကြာပြီးနောက်တွင် အဘယ်ကြောင့် ရုတ်တရက် ကြယ်ရှစ်ပွင့်ပါရမီ ရှိသည့် မွန်းစတားတစ်ကောင် ဖြစ်သွားရပါသနည်း။
သိထားရမည့်အချက်မှာ ပါရမီ အလားအလာသည် အထူး အခွင့်အလမ်း တစ်စုံတစ်ရာ မရှိလျှင် ယေဘုယျအားဖြင့် ပုံသေဖြစ်ပြီး ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည့်တိုင် များစွာ တိုးတက်လာလေ့ မရှိပေ။
ဤတစ်နှစ်အတွင်း မိုဖန်သည် မယုံကြည်နိုင်လောက်စရာ အခွင့်အလမ်း တစ်ခုခုနှင့် ကြုံတွေ့ခဲ့ပါသလော။
ကျင်းရှောင်၏ မျက်ဝန်းများက တစ်ခဏအတွင်း အလွန်တရာ သုန်မှုန်သွားခဲ့သည်။
မိုဖန်က ကြယ်ရှစ်ပွင့်ပါရမီရှင် ဖြစ်လာခဲ့၍ နောက်ဆက်တွဲစစ်ဆေးမှုများတွင် ပါဝင်ရန် မလိုအပ်တော့ဘဲ စန်းလန်သူတော်စင်ဂိုဏ်း၏ တိုက်ရိုက်တပည့် တစ်ဦး ဖြစ်လာခဲ့သည်။
ထို့ကြောင့် သူတို့အနေဖြင့် မနှစ်ကကဲ့သို့ မိုဖန်ကို နောက်ဆက်တွဲ စစ်ဆေးမှုများတွင် လှည့်ကွက်အချို့ သုံးကာ စန်းလန်သူတော်စင်ဂိုဏ်း၏ တပည့် ဖြစ်မလာအောင် တားဆီးရန် မဖြစ်နိုင်တော့ပေ။
မိုဖန်၏ ကြယ်ရှစ်ပွင့်ပါရမီဖြင့်သာ ဆိုလျှင် စန်းလန်သူတော်စင်ဂိုဏ်း၏ လက်ရင်းတပည့် သေချာပေါက် ဖြစ်လာပေတော့မည်။
ယင်းသည် သူတို့ ကျင်းမိသားစု အတွက် အမှန်တကယ်ပင် ဆိုးရွားသည့် သတင်းတစ်ခု ဖြစ်၏။
“ငါ့မှာ တကယ်ပဲ ကြယ်ရှစ်ပွင့်ပါရမီ ရှိနေတာလား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မိုဖန်ပင်လျှင် သူ၏ စစ်ဆေးမှုရလဒ်ကို မှင်တက်နေခဲ့ပြီး တစ်ခဏမျှ သတိပြန်ဝင်မလာခဲ့ပေ။
သူက လွန်ခဲ့သောနှစ်က စန်းလန် သူတော်စင်ဂိုဏ်း၏ တပည့်သစ် ခေါ်ယူပွဲတွင် ပါဝင်ခဲ့စဥ်၌ ကြယ်ခြောက်ပွင့် ပါရမီသာ စစ်ဆေးတွေ့ရှိခဲ့သည်။
သို့ဆိုလျှင် အဘယ်ကြောင့် ယခုတစ်ကြိမ်၌ ကြယ်ရှစ်ပွင့်ပါရမီကို စစ်ဆေး တွေ့ရှိရပါသနည်း။
အခန်း(၂၆၅၈)ပြီး၏။