← Chapters

အခန်း (၂၆၅၉-၂၆၆၀)

Vol. 206 Ch. 2659-2660

အခန်း (၂၆၅၉-၂၆၆၀)

Vol. 206 Ch. 2659-2660

အခန်း(၂၆၅၉)

မိုဖန်က အမြင်မှားနေသည်အမှတ်ဖြင့် မျက်လုံးကို အားရပါးရ ပွတ်ကြည့်လိုက်မိသည်။

စန်းလန်သူတော်စင်ဂိုဏ်း၏ တာဝန်ခံက စစ်ဆေးမှုရလဒ်ကို ကြေညာလိုက်သည့်တိုင် မိုဖန်သည် ရလဒ်ကို မယုံကြည်နိုင်ဖြစ်နေဆဲပင်။

သူက အမှန်တကယ်ပင် ကြယ်ရှစ်ပွင့်ပါရမီကို စစ်ဆေးတွေ့ရှိခဲ့ပါသလော။

“ညီနောင်ကျန်းချန် ငါကြယ်ရှစ်ပွင့်ပါရမီ စစ်ဆေးတွေ့ရှိခဲ့တယ်”

မိုဖန်က ကျန်းချန်၏ နံဘေးသို့ ပြန်ရောက်လာချိန်တွင် အနည်းငယ် ဝေခွဲမရ ဖြစ်ကာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။

လွန်ခဲ့သော တစ်နှစ်ခန့်က စန်းလန်သူတော်စင်ဂိုဏ်းသို့ လာရောက် စစ်ဆေးစဥ်တွင် ကြယ်ခြောက်ပွင့် ပါရမီသာ စစ်ဆေးတွေ့ရှိခဲ့သည်။

ဤတစ်နှစ်အတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်သည် အနည်းငယ် မြင့်တက်လာခဲ့သော်လည်း ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် မည်သည့် အခွင့်အလမ်းကိုမျှ မကြုံတွေ့ခဲ့ရပေ။

သို့ဆိုလျှင် အဘယ်ကြောင့် ကြယ်ခြောက်ပွင့်ပါရမီကနေ ကြယ်ရှစ်ပွင့် ပါရမီသို့ အကြောင်းပြချက်မရှိ ရုတ်တရက် ပြောင်းလဲသွားရပါသနည်း။

မိုဖန်အနေဖြင့် ယင်းမှာ ကျန်းချန်က သူ၏ ပခုံးကို ပုတ်လိုက်သည့် အချိန်တွင် စတင်ခဲ့ခြင်း ဖြစ်မည်ဟု မည်သို့မျှ တွေးမိမည်မဟုတ်ပေ။

ကျန်းချန်က မိုဖန်ထက်အရင် စစ်ဆေးမှု ခံယူစဥ်တွင် ပါရမီကြယ်ပွင့်ကို စစ်ဆေးသည့် စန်းလန်သူတော်စင်ဂိုဏ်းမှ ရတနာ အကြောင်းကို နားလည်သွားခဲ့သည်။

ဤရတနာသည် နတ်ဘုရင်အဆင့်အောက်ရှိ ကျင့်ကြံသူများ၏ ပါရမီအဆင့်ကိုသာ စစ်ဆေးနိုင်၏။

အကယ်၍ နတ်ဘုရင်အဆင့်ထက် မြင့်မားသည့် အင်အားများ ပါဝင်လာခဲ့လျှင် အမြင့်ဆုံး ကြယ်ကိုးပွင့်အဆင့်အထိ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

ကျန်းချန်က မိုဖန်၏ ခန္ဓာကိုယ်ထဲကို သူ၏ အင်အားတစ်စိတ်တစ်ပိုင်း ထည့်သွင်းပေးခဲ့သည်။

ယင်းသည် မိုဖန်၏ စစ်ဆေးမှုကို ကြယ်ကိုးပွင့်အဆင့် အထိ ရောက်ရှိသွားစေရန် မလုံလောက်သော်လည်း ကြယ်ရှစ်ပွင့်အဆင့်ကို ရရှိစေရန် အတွက်မူ လုံလောက်သည်ထိပင် ပိုနေခဲ့၏။

“မိုဖန် ဂုဏ်ပြုပါတယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ခုနကလေးတင် အံ့ဖွယ်ဖြစ်ရပ်တွေ ဖြစ်လာနိုင်တယ်လို့ ငါ ပြောခဲ့တယ်မလား”

ထိုစကားကို ကြားလျှင် မိုဖန် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

သူက တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး ချက်ချင်းပင် အရာအားလုံးကို နားလည်သွားခဲ့သည်။

မိုဖန်၏ စစ်ဆေးမှု ပြီးဆုံးပြီးနောက်တွင် စန်းလန် သူတော်စင်ဂိုဏ်းသည် ပါရမီ စစ်ဆေးမှုကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

နောက်ဆက်တွဲ စစ်ဆေးမှုများတွင် ကြယ်ခုနစ်ပွင့်ပါရမီ ရှိသည့် ပါရမီရှင်များစွာ ပေါ်ထွက်လာခဲ့သော်လည်း ကြယ်ရှစ်ပွင့်ပါရမီ ရှိသူကမူ ထပ်မံ ပေါ်ထွက်မလာတော့ပေ။

နှစ်နာရီခန့် ကြာပြီးနောက်တွင် စန်းလန်သူတော်စင်ဂိုဏ်း၏ ပါရမီစစ်ဆေးမှုသည် အဆုံးသတ်တွင် ပြီးဆုံးသွားခဲ့သည်။

“အားလုံးပဲ ပါရမီစစ်ဆေးမှူကတော့ ပြီးဆုံးသွားခဲ့ပြီ.. ပထမအဆင့်စစ်ဆေးမှုကို အောင်မြင်တဲ့ သူတွေက စန်းလန်သူတော်စင်ဂိုဏ်းကို ကိုယ့်အစီအစဥ်နဲ့ ကိုယ်သွားကြပါ.. စန်းလန်သူတော်စင်ဂိုဏ်းက သတ်မှတ်ထားတဲ့ စစ်ဆေးမှု သုံးခုကို အောင်မြင်တာနဲ့ စန်းလန်သူတော်စင်ဂိုဏ်းရဲ့ တရားဝင်တပည့် ဖြစ်လာပါလိမ့်မယ်”

ထိုအချိန်တွင် စန်းလန်သူတော်စင်ဂိုဏ်း၏ အကြီးအကဲ စန်းဝူဟွေ၏ စကားသံက ရင်ပြင်အထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ညီနောင်ကျန်းချန် ငါတို့သွားကြစို့.. ငါ စန်းလန်သူတော်စင်ဂိုဏ်းရဲ့ စစ်ဆေးမှု သုံးခုနဲ့ ပတ်သက်ပြီး အတော်လေး အကျွမ်းတဝင်ရှိတယ်...ဒီတစ်ကြိမ်တော့ ငါသေချာပေါက် ဒီစစ်ဆေးမှု သုံးခုကို ကျော်ဖြတ်ပြီး စန်းလန်သူတော်စင်ဂိုဏ်းထဲကို ဝင်ရောက်နိုင်မှာပါ”

စန်းဝူဟွေ၏ စကားကိုကြားလျှင် မိုဖန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး မိုဖန်ကို ပြောလိုက်သည်။

“မိုဖန် မင်းမေ့နေလား.. ကြယ်ရှစ်ပွင့်ပါရမီရှင်က နောက်ဆက်တွဲ စစ်ဆေးမှုတွေမှာ ပါဝင်စရာ မလိုတော့ဘူး.. မင်းက အခု စန်းလန်သူတော်စင်ဂိုဏ်းရဲ့ တပည့်ရင်း တစ်ယောက် ဖြစ်သွားခဲ့ပြီ”

“ကျွန်တော် သိပါတယ်...ဒါပေမဲ့ ကြယ်ရှစ်ပွင့်ပါရမီရှင်က နောက်ဆက်တွဲ စစ်ဆေးမှုတွေမှာ မပါဝင်ရဘူးလို့ မသတ်မှတ်ထားဘူးမလား”

မိုဖန်သည် စန်းလန်သူတော်စင်ဂိုဏ်းသို့ တိုက်ရိုက် ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိဘဲ ကျန်းချန်နှင့် အတူ နောက်ဆက်တွဲ စစ်ဆေးမှုများတွင် ပါဝင်ရန် ရည်ရွယ်နေခဲ့သည်။

“မင်း စန်းလန်သူတော်စင်ဂိုဏ်းကို အရင်သွားပြီး ငါ့ကို စောင့်နေပါ.. ငါ စန်းလန်သူတော်စင်ဂိုဏ်းရဲ့ စစ်ဆေးမှုကို အောင်မြင်ပြီး ဂိုဏ်းထဲကို သေချာပေါက် ဝင်လာခဲ့မယ်”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“သွားတော့.. မင်းကို လာကြိုမဲ့သူ ရောက်နေပြီ”

မိုဖန်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး ချက်ချင်းပင် မော့ကြည့်လိုက်ရာ စန်းလန်သူတော်စင်ဂိုဏ်း၏ အကြီးအကဲ စန်းဝူဟွေက သူ့ထံသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

“မိုဖန် မင်းမှာ ကြယ်ရှစ်ပွင့်ပါရမီ ရှိတဲ့ အတွက် နောက်ဆက်တွဲစစ်ဆေးမှုတွေမှာ ပါဝင်စရာမလိုတော့ဘူး.. ငါနဲ့အတူ တစ်ခါတည်း စန်းလန်သူတော်စင်ဂိုဏ်းကို လိုက်လာခဲ့ပါ.. ဂိုဏ်းကို ရောက်တာနဲ့ မင်းက စန်းလန်သူတော်စင်ဂိုဏ်းရဲ့ တပည့်ရင်း တစ်ယောက် ဖြစ်လာလိမ့်မယ်.. စန်းလန်သူတော်စင်ဂိုဏ်းရဲ့ ဘယ်အကြီးအကဲကို မဆို မင်းရဲ့ဆရာ အဖြစ် တောင်းဆိုနိုင်တယ်”

စန်းဝူဟွေ၏ စကားကိုကြားလျှင် မရေမတွက်နိုင်သော လူများသည် မိုဖန်ကို မနာလို အားကျသောစိတ်များဖြင့် ကြည့်လိုက်ကြသည်။

သူတို့က မိုဖန်၏ နေရာတွင် ချက်ချင်းပင် အစားထိုးဝင်ရောက်ချင်နေကြ၏။

မိုဖန်သည် ဂိုဏ်းထဲကို ဝင်ရောက်သည်နှင့် စန်းလန်သူတော်စင်ဂိုဏ်း၏ တပည့်ရင်းတစ်ယောက် ဖြစ်လာမည့်အပြင် စန်းလန်သူတော်စင်ဂိုဏ်း၏ အစွမ်းထက် ကျင့်ကြံသူ မည်သူ့ကို မဆို ဆရာအဖြစ်လည်း တင်မြှောက်နိုင်မည် ဖြစ်သည်။

ထိုကဲ့သို့ အခွင့်အရေးသည် စန်းလန်စကြဝဠာရှိ မည်သည့်ကျင့်ကြံသူအတွက် မဆို စိတ်ကူးအိပ်မက်ထဲမှ အခွင့်အရေးပင် ဖြစ်သည်။

“ညီနောင်ကျန်းချန်.. ဒါဆို ကျွန်တော် စန်းလန် သူတော်စင်ဂိုဏ်းထဲကပဲ စောင့်နေပါ့မယ်”

မိုဖန်က အနည်းငယ် တုံ့ဆိုင်းနေသော်လည်း အဆုံးသတ်တွင် စန်းလန် သူတော်စင်ဂိုဏ်းသို့ အရင်သွားနှင့်ရန် ဆုံးဖြတ်လိုက်သည်။

ယခုတစ်ကြိမ် သူ့တွင် ကြယ်ရှစ်ပွင့်ပါရမီကို စစ်ဆေး တွေ့ရှိခဲ့ခြင်းသည် ကျန်းချန်နှင့် ပတ်သက်မှု ရှိနိုင်သည်ကို သူ မရေမရာ ခန့်မှန်းမိခဲ့သည်။

ကျန်းချန်က အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားချင်ရပါသနည်း။

သူ့ကို အဘယ်ကြောင့် အကူအညီပေးမှန်း သူ မသိသော်လည်း ကျန်းချန်သာ စန်းလန်သူတော်စင်ဂိုဏ်းထဲသို့ ဝင်ချင်လျှင် လွယ်ကူလိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။

စန်းဝူ‌ဟွေ၏ အကြည့်သည် ကျန်းချန် အပေါ်တွင် တစ်ခဏမျှ ရပ်တန့်သွားသော်လည်း ဘာစကားမျှ မပြောဘဲ မိုဖန်နှင့် အတူ ကောင်းကင်ယံသို့ တိုးဝင်ကာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

မိုဖန်နှင့် စန်းဝူဟွေတို့ ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်သည် ပါရမီစစ်ဆေးမှု အောင်မြင်သူများ ထဲသို့ ရောနှောလိုက်ပြီး စန်းလန်သူတော်စင်ဂိုဏ်းသို့ ဦးတည်လာခဲ့သည်။

စန်းလန်သူတော်စင်မြို့နှင့် စန်းလန်သူတော်စင်ဂိုဏ်းသည် သိပ်မကွာဝေးပေ။

နာရီဝက်မပြည့်မီမှာပင် ကျန်းချန် အပါအဝင် ပါရမီစစ်ဆေးမှုကို အောင်မြင်ခဲ့ကြသော လူအားလုံးသည် စန်းလန်သူတော်စင်ဂိုဏ်း၏ တောင်ခြေသို့ ရောက်ရှိလာခဲ့ကြသည်။

ကျန်းချန်က စန်းလန်သူတော်စင်ဂိုဏ်း ဆီသို့ ဦးတည်နေသော တောင်တက်လမ်းကို အကဲခတ်လိုက်ရာ နယ်မြေသုံးခု အဖြစ် ခွဲခြားထားသည်ကို တွေ့လိုက်ရသည်။

ယင်းမှာ သူတို့ကျော်ဖြတ်ရမည့် စစ်ဆေးမှု သုံးခု ဖြစ်နိုင်လောက်၏။

ကျန်းချန်၏ မြင်နိုင်စွမ်းနှင့် အာရုံခံစားမှုအရ စစ်ဆေးမှု သုံးခုကို တစ်ချက်ကြည့်ရုံဖြင့်ပင် နားလည်ခဲ့သည်။

ပထမအဆင့်မှာ ခရမ်းရောင်သန်းနေသော ပုံရိပ်ယောင် အစီအရင် နယ်မြေ ဖြစ်ပြီး ထင်ယောင်ထင်မှား အစီအရင်ကို ထိုနေရာတွင် ခင်းကျင်းထားသည်။

ပထမအဆင့်သို့ ဝင်ရောက်သွားလျှင် ပုံရိပ်ယောင် အစီအရင်ထဲတွင် လျင်မြန်စွာ ပိတ်မိသွားမည်ဖြစ်ပြီး ကျင့်ကြံသူများ၏ မျက်နှာထက်တွင် ဝေခွဲမရဖြစ်ခြင်း၊ ရုန်းကန်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ပြုံးစိစိ ဖြစ်ခြင်း စသည့် အမူအရာအမျိုးမျိုး ပေါ်ပေါက်လာမည် ဖြစ်သည်။

အကယ်၍ စိတ်ဓာတ်မကြံ့ခိုင်လျှင် ဤထင်ယောင်ထင်မှား အစီအရင်ထဲတွင် လမ်းပျောက်သွားမည် ဖြစ်ပြီး ပထမအဆင့်ကို လုံးဝ ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

ဒုတိယအဆင့်သည် စန်းလန်သူတော်စင်ဂိုဏ်း၏ တောင်ခါးပန်းတွင် တည်ရှိပြီး ထိုနေရာမှာ အလွန်တရာပင် မတ်စောက်သည်။

ယင်းနေရာတွင် ခရမ်းရောင်တိမ်တိုက်နှင့် မြူခိုးများ ဖုံးလွှမ်းနေခဲ့ပြီး ဧရာမ သားရဲကြီးများစွာလည်း ရှိ၏။

ထိုသားရဲကြီးများ၏ အင်အားသည် မနိမ့်ကျဘဲ ကောင်းကင်နတ်ဘုရား ပထမအဆင့်မှ ဆဋ္ဌမအဆင့်အထိ ရှိကြသည်။

နတ်ဘုရားနယ်မြေမှ သာမန် ပါရမီရှင်တစ်ဦး ပင်လျှင် ဤနေရာကို အထိအခိုက်မရှိ ဖြတ်ကျော်ရန်မှာ လုံးဝ မလွယ်ကူသော ကိစ္စ ဖြစ်သည်။

နောက်ဆုံးအဆင့်တွင်မူ မမြင်ရသော ဖိအားတစ်ခု ရှိနေခဲ့၏။

ထိုဖိအားကို အန်တုကာ ဖြတ်ကျော်နိုင်သရွေ့ ကျင့်ကြံသူသည် စန်းလန်သူတော်စင်ဂိုဏ်း၏ တရားဝင်တပည့် ဖြစ်လာနိုင်ပေသည်။

ကျန်းချန်က စန်းလန် သူတော်စင်ဂိုဏ်းမှ စစ်ဆေးမှု သုံးခုကို အကဲခတ်နေစဥ်မှာပင် လူအများအပြားသည် သူတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကာ စတင် ဖြတ်ကျော်နေကြပြီဖြစ်သည်။

စိတ်ဓာတ်ကြံ့ခိုင်သူအချို့သည် ပထမအဆင့်၏ ထင်ယောင်ထင်မှား အစီအရင်ကို ချက်ချင်းပင် ဖြတ်ကျော်နိုင်ခဲ့ပြီး ဒုတိယအဆင့်သို့ ဝင်ရောက်ကာ သားရဲများနှင့် တိုက်ခိုက်နေခဲ့ကြသည်။

ပထမအဆင့်ဖြစ်စေ၊ ဒုတိယအဆင့်ဖြစ်စေ အချိန်တိုင်းတွင် လူများသည် ပယ်ထုတ်ခံနေရသည်။

ကြယ်ခုနစ်ပွင့်ပါရမီ ရရှိထားသည့် ပါရမီရှင် အနည်းငယ်သာလျှင် အတားအဆီး အားလုံးကို တောက်လျှောက်ဖြတ်ကျော်နိုင်ခဲ့ပြီး တတိယအဆင့်သို့ ရောက်ရှိခဲ့ကြသည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ပထမအဆင့်ရှိ ထင်ယောင်ထင်မှား အစီအရင်ကို အေးအေးဆေး‌ဆေးပင် ဝင်ရောက်ကာ စတင် ဖြတ်ကျော်ခဲ့သည်။

ပထမအဆင့်ရှိ ထင်ယောင်ထင်မှား အစီအရင်သည် သူ့အပေါ်တွင် မည်သည့် သက်ရောက်မှုမျှ မရှိသော်လည်း သူက ဒုတိယအဆင့်သို့ မဝင်မီ ထင်ယောင်ထင်မှား အစီအရင်ထဲတွင် တခဏမျှ အချိန်ဖြုန်းနေခဲ့သည်။

ဒုတိယအဆင့်တွင်လည်း သားရဲများနှင့် ခဏမျှ ရုန်းကန် တိုက်ခိုက်နေခဲ့ပြီးမှသာ သူက တတိယအဆင့်ကို ဝင်ရောက်ခဲ့သည်။

ကျန်းချန်အတွက်မူ တတိယအဆင့်တွင် ကြုံတွေ့ရသည့် ဖိအားသည် ဘာမှ မပြောပလောက်ပေ။

သို့သော်လည်း သူက တတိယအဆင့်၏ ဖိအားကို ခက်ခက်ခဲခဲ ရုန်းကန်ပြီးမှ ခံနိုင်ရည်ရှိသည့် ပုံစံဖြင့် စန်းလန်သူတော်စင်ဂိုဏ်း အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်သည် စစ်ဆေးမှု သုံးခုကို အောင်မြင်သည့် ၂၆ ယောက်မြောက် ကျင့်ကြံသူ ဖြစ်လာခဲ့ပြီး စန်းလန်သူတော်စင်ဂိုဏ်း၏ တရားဝင် အပြင်စည်း တပည့် ဖြစ်လာခဲ့သည်။

အခန်း(၂၆၅၉)ပြီး၏။

အခန်း(၂၆၆၀)

စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်းတပည့်များ နေထိုင်သော နေရာတွင် ကျန်းချန်သည် စန်းလန် သူတော်စင်ဂိုဏ်းက သူ့အတွက် စီစဥ်ပေးထားသော အခန်းတစ်ခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။

ကျန်းချန်၏ အရှေ့တွင်မူ စန်းလန်သူတော်စင်ဂိုဏ်း၏ အကြီးအကဲနှင့်အတူ ဂိုဏ်းထဲသို့ ကြိုတင်ဝင်ရောက်သွားနှင့်သော မိုဖန်ရှိနေခဲ့သည်။

ကျန်းချန်က မိုဖန်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“မိုဖန်.. မင်းက စန်းလန်သူတော်စင်ဂိုဏ်းကို အခုမှ ရောက်ခါစပဲရှိသေးတယ်.. ကိုယ့်ကိုယ်ကိုယ် အခြေကျအောင် အရင်လုပ်သင့်တယ် ဘာာလို့ ငါ့ဆီကို ဒီလောက် အလောတကြီး လာရတာလဲ.. ဒါနဲ့ အုပ်စိုးသူအဆင့် ကျင့်ကြံသူတွေထဲမှာ ဘယ်သူ့ကို ဆရာတင်မလဲ ဆိုတာကိုရော စဥ်းစားပြီးပြီလား”

“မစဥ်းစားရသေးပါဘူး ညီနောင်ကျန်းချန်”

မိုဖန်က ခေါင်းခါရမ်းလိုက်ပြီး စိုးရိမ်တကြီး အမူအရာဖြင့် ပြောလိုက်သည်။

“ညီနောင်ကျန်းချန် ကျွန်တော့်ရဲ့ ကြယ်ရှစ်ပွင့်ပါရမီက ညီနောင်နဲ့ ပတ်သက်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်.. ကျွန်တော့်ရဲ့ပါရမီကို ကျွန်တော် အသိဆုံးပါ.. ကျွန်တော်က စန်းလန်သူတော်စင်ဂိုဏ်းရဲ့ အုပ်စိုးသူအဆင့် ကျင့်ကြံသူတွေဆီမှာ တပည့်ခံဖို့ အရည်အချင်း မပြည့်မီပါဘူး”

မိုဖန်အနေဖြင့် ကျန်းချန်က သူ့ကို ကြယ်ရှစ်ပွင့်ပါရမီ ရလဒ် ထွက်လာစေရန် မည်ကဲ့သို့သော နည်းလမ်း အသုံးပြုခဲ့သည်ကို အတိအကျ မသိပေ။

သို့သော်လည်း သူက စန်းလန်သူတော်စင်ဂိုဏ်း၏ အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဆရာတင်လိုက်လျှင်မူ အချိန်ကြာလာသည်နှင့်အမျှ ရိပ်မိသွားနိုင်ပေသည်။

ထိုအချိန်တွင် စန်းလန်ဂိုဏ်းက အရှက်ရပြီး ဒေါသအလွန်အမင်း ထွက်ကာ အကျိုးဆက်မှာ ခန့်မှန်း၍ မရနိုင်လောက်အောင် ဖြစ်သွားနိုင်ပေသည်။

“စိတ်မပူပါနဲ့.. ငါက မင်းကို ဒီကြယ်ရှစ်ပွင့်ပါရမီ ပေးနိုင်တယ်ဆိုမှတော့ မင်းကိုမင်း ဒီကြယ်ရှစ်ပွင့်ပါရမီနဲ့ ထိုက်တန်အောင်လည်း လုပ်ပေးနိုင်တယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

ကျန်းချန်၏ စကားကို ကြားလျှင် မိုဖန်၏ တင်းကျပ်နေသော စိတ်နှလုံးသည် အနည်းငယ် ပြေလျော့သွားခဲ့၏။

ကျန်းချန်က သူ့ထက် အသက်သိပ်မကြီးဟု ထင်ရသော်လည်း အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ကျန်းချန်၏ စကားတိုင်းကို သူက ယုံကြည်ခဲ့သည်။

ကျန်းချန်က ပြဿနာမရှိဟု ပြောလျှင် သေချာပေါက် ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။

သူက ကျန်းချန်ကို လေးနက်စွာကြည့်၍ မေးလိုက်သည်။

“ညီနောင်ကျန်းချန်.. ညီနောင် စန်းလန်သူတော်စင်ဂိုဏ်းကို ဝင်လာတာ ကိစ္စတစ်ခုခု ရှိတယ်မဟုတ်လား...အကူအညီလိုရင် ကျွန်တော့်ကို ပြောပါ”

ကျန်းချန်၏ အရည်အချင်းဖြင့် ဆိုလျှင် ကြယ်ရှစ်ပွင့် သို့မဟုတ် ကြယ်ကိုးပွင့်ပါရမီကိုပင် အလွယ်တကူ စစ်ဆေးနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်းတပည့် အဖြစ် လူမသိသူမသိ ဂိုဏ်းထဲဝင်ရောက်လာခဲ့ပြီး သူ့ကိုသာ ကြယ်ရှစ်ပွင့်ပါရမီရှင် အဖြစ် လုပ်ဆောင်ပေးခဲ့သည်။

မိုဖန်က ငတုံးတစ်ယောက် မဟုတ်ပေ။

ကျန်းချန် စန်းလန် သူတော်စင်ဂိုဏ်းထဲသို့ ဝင်ရောက်လာရသည့် ရည်ရွယ်ချက်ကို သဘာဝကျစွာပင် မြင်နိုင်ခဲ့သည်။

ဆိုရလျှင် ကျန်းချန်သည် စန်းလန်သူတော်စင်ဂိုဏ်း၏ အာရုံစိုက်မှုကို လုံးဝ မခံယူချင်ခဲ့ပေ။

သူ့ကို ကြယ်ရှစ်ပွင့်ပါရမီရှင် ရရှိအောင် လုပ်ဆောင်ပေးခဲ့ခြင်းမှာလည်း စန်းလန်သူတော်စင်ဂိုဏ်းထဲတွင် သူ့အတွက်တစ်စုံတစ်ရာကို လုပ်ပေးစေချင်၍သာ ဖြစ်ရပေမည်။

ကျန်းချန် သူ့ကို အကူအညီပေးရသည့် ရည်ရွယ်ချက်က မရိုးရှင်းသော်လည်း မိုဖန်သည် ကျန်းချန်ကို အလွန်အမင်း ကျေးဇူးတင်နေဆဲပင်။

ကျန်းချန်၏ အကူအညီသာမပါလျှင် ကြယ်ခြောက်ပွင့်ပါရမီသာရှိသော သူသည် မနှစ်ကကဲ့သို့ပင် စန်းလန်သူတော်စင်ဂိုဏ်း၏ စစ်ဆေးမှု သုံးခုတွင် အတားအဆီးနှင့် ကြုံရနိုင်ပြီး စစ်ဆေးမှု မအောင်မြင်ဘဲ စန်းလန်သူတော်စင်ဂိုဏ်း၏ တပည့် ဖြစ်လာနိုင်မည် မဟုတ်ပေ။

ထိုသို့ဖြစ်လာခဲ့လျှင် သူတို့ မိုမိသားစုသည် ကျင်းမိသားစု၏ ဖိနှိပ်ခြင်းကို သေချာပေါက် ခံရမည်ဖြစ်ပြီး အမြစ်ပြတ်သုတ်သင်ခံရမည့် ကပ်ဘေးနှင့်ပင် ကြုံတွေ့ရနိုင်၏။

ယခုအခါတွင်မူ သူက ကျန်းချန်၏ အကူအညီဖြင့် ကြယ်ရှစ်ပွင့်ပါရမီကို စစ်ဆေးနိုင်ခဲ့ပြီး စန်းလန်သူတော်စင်ဂိုဏ်း၏ အစွမ်းထက် ပုဂ္ဂိုလ်တစ်ပါးကို ဆရာအဖြစ် တင်မြှောက်ရန် အခွင့်အရေး ရရှိနေပြီ ဖြစ်ရာ ကျင်းမိသားစုသည်ပင် သူတို့ မိုမိသားစုကို လုံးဝ မထိရဲတော့ပေ။

ဤအချက် တစ်ခုတည်းဖြင့်ပင် မိုဖန်သည် သူ၏ စိတ်ထဲကနေ ကျန်းချန်ကို အလွန်အမင်း ကျေးဇူးတင်နေမိသည်။

“မင်းက အတော်လေး ထက်မြက်တာပဲ.. ငါတကယ်ပဲ မင်းကို ငါ့အတွက် ကိစ္စတစ်ခု ဆောင်ရွက်ပေးစေချင်တယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“ငါ စန်းလန်သူတော်စင်ဂိုဏ်းမှာ ကိစ္စတချို့ကို စုံစမ်းဖို့ လိုအပ်တယ်.. ဒါပေမဲ့ င့ါရဲ့အ‌ထောက်အထားကို လူသိမခံချင်ဘူး ဒါကြောင့် မင်းကို ငါ့ကိုယ်စား စုံစမ်းပေးစေချင်တယ်”

“ညီနောင်ကျန်းချန်က ဘယ်လိုသတင်းမျိုးကို စုံစမ်းချင်တာလဲ”

ကျန်းချန်၏ စကားကိုကြားလျှင် မိုဖန်သည် အသက်ကို ဝဝရှုနိုင်သွားခဲ့သည်။

သူအစိုးရိမ်ဆုံးအရာမှာ ကျန်းချန်နှင့် စန်းလန်သူတော်စင်ဂိုဏ်းက ရန်သူများ ဖြစ်နေမည်ကိုပင်။

ထိုသို့ဆိုလျှင် သူက ကြားထဲကနေ အနေခက်ရလိမ့်မည် မဟုတ်ပါလော။

သတင်းစုံစမ်းခိုင်းရုံ သက်သက်သာ ဆိုလျှင် သူ့အတွက် များစွာ ပို၍ လွယ်ကူသွားခဲ့ချေပြီ။

ကျန်းချန်က မိုဖန်ကို ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။

“ငါ စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ် တည်နေရာကို သိချင်တယ်”

“စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ် တည်နေရာလား”

မိုဖန် ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

စကြဝဠာတိုင်းတွင် ကောင်းကင်လမ်းစဥ် ရှိသည်ကို မိုဖန်သိထားပြီး သူတို့ အဆင့်တက်တိုင်းတွင် ကြုံတွေ့ရသည့် ကပ်ဘေးသည် ကောင်းကင်လမ်းစဥ်နှင့် သက်ဆိုင်သည်ကို ကောင်းစွာ သိထားခဲ့သည်။

သို့သော်လည်း ကောင်းကင်လမ်းစဥ် ဆိုသည်မှာ စိတ်ကူးယဥ်ဆန်ပြီး အလွန်တရာပင် လျှို့ဝှက်ဆန်းကြယ်သည်။

စန်းလန်စကြဝဠာ၏ နံပါတ်တစ်ဂိုဏ်းကြီး ဖြစ်သော စန်းလန်သူတော်စင်ဂိုဏ်း ပင်လျှင် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ် အကြောင်းကို သိချင်မှ သိပေလိမ့်မည်။

သို့သော်လည်း စန်းလန်စကြဝဠာတွင် ကောင်းကင်လမ်းစဥ်၏ တည်နေရာကို သိနိုင်မည့်သူ ရှိမည် ဆိုလျှင် ယင်းမှာ စန်းလန်သူတော်စင်ဂိုဏ်းသာ ဖြစ်မည်ကို မိုဖန် ကောင်းစွာ သိထားခဲ့သည်။

“ညီနောင်ကျန်းချန်.. စန်းလန်စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ် တည်နေရာကို ကျွန်တော် သေချာပေါက် စုံစမ်းပေးပါ့မယ်.. ကျွန်တော့်ဆီကနေ သတင်းကောင်းကိုသာ စောင့်နေပါ”

မိုဖန်က ကျန်းချန်ကို ကတိပေးလိုက်ပြီးနောက်တွင် ကျန်းချန်ကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

နောက်ပိုင်းကာလတွင် ကျန်းချန်သည် စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်း ခြံဝန်းထဲတွင် လူမသိသူမသိ နေထိုင်ရင်း မိုဖန်ဆီမှ သတင်းကို စောင့်ဆိုင်းနေခဲ့သည်။

သို့ရာတွင် ကျန်းချန်က လူမသိသူမသိ နေထိုင်ခဲ့သော်လည်း ပြဿနာကမူ သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာခဲ့သည်။

ကျန်းချန်က ထုံးစံအတိုင်း သူ၏ အခန်းထဲတွင် မိုဖန်ဆီမှသတင်းကို စောင့်ဆိုင်းနေစဥ်တွင် သူ၏ အခန်းတံခါးသည် ရုတ်တရက် ကန်ဖွင့်ခြင်း ခံလိုက်ရ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် လူရိပ်ငါးခုသည် အပြင်ဘက်ကနေ အထဲသို့ တိုက်ရိုက်ပင် ပြေးဝင်လာကြသည်။

ခေါင်းဆောင်လာသူမှာ ခက်ထန်သော ရုပ်ရည်ရှိပြီး သန်မာထွားကျိုင်းသော လူငယ်တစ်ဦး ဖြစ်ကာ ကျင့်ကြံခြင်းအဆင့်ကမူ နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့်ကိုပင် ရောက်ရှိနေပြီဖြစ်သည်။

ကျန်းချန် သိထားသလောက် နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့်သည် စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်းတပည့်တွင် အသန်မာဆုံးဟု ဆို၍ရသည်။

ဆိုရလျှင် ဤသန်မာထွားကျိုင်းသော လူငယ်၏ အဆင့်အတန်းသည် စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်းတပည့်များထဲတွင် အလွန်ပင် မြင့်မားလောက်၏။

ထိုသန်မာထွားကျိုင်းသော လူငယ်၏ အနောက်တွင်မူ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူလေးဦး ရှိနေခဲ့သည်။

၎င်းတို့ထဲမှ တစ်ဦးမှာ ကျန်းချန်နှင့် မစိမ်းပေ။

ထိုသူက မကြာသေးမီက စန်းလန်သူတော်စင်မြို့တွင် မိုဖန်နှင့်ပြဿနာဖြစ်ခဲ့သော ကျင်းရှောင်ပင် ဖြစ်သည်။

ယနေ့ ဖြစ်ပေါ်လာသော ပြဿနာ၏ လက်သည် တရားခံမှာ ကျင်းရှောင် ဖြစ်မှန်း ကျန်းချန် ချက်ချင်းပင် နားလည်သွားခဲ့သည်။

ယခုအခါတွင် မိုဖန်သည် စန်းလန်သူတော်စင်ဂိုဏ်း၏ လက်ရင်းတပည့် ဖြစ်သွားခဲ့ပြီ ဖြစ်ရာ ကျင်းရှောင်သည် မိုဖန်ကို မကိုင်တွယ်နိုင်တော့၍ သူ့အပေါ်တွင် ဒေါသပုံချချင်နေသည်မှာ ထင်ရှားနေခဲ့သည်။

“ဒါက ဘာသဘောလဲ.. ဘာလို့ ငါ့ရဲ့အခန်းထဲကို အကြောင်းပြချက်မရှိ ကျူးကျော်ဝင်ရောက်လာရတာလဲ”

ကျန်းချန်က သူ့ရှေ့မှ ငါးဦးကို တည်ငြိမ်စွာ ကြည့်၍ မေးခွန်းထုတ်လိုက်သည်။

“လူသစ် မင်းက စည်းကမ်းတွေကို မျက်ကွယ်ပြုရဲတယ်.. ဂိုဏ်းထဲဝင်လာတာ ဒီလောက်ကြာနေပြီကို အခုထိ ငါတို့ခေါင်း‌ဆောင်ဆီ လာပြီး အစီအရင်မခံသေးဘူး.. မင်းကိုယ်မင်း ဘာထင်နေတာလဲ”

သန်မာထွားကျိုင်းသော လူငယ်၏ အနောက်မှ ကောင်းကင်နတ်ဘုရား တတိယအဆင့် နောက်လိုက်တစ်ဦးက ကျန်းချန်ကို ပြင်းထန်စွာ အော်ငေါက်လိုက်သည်။

ကျန်းချန်က ထိုလူငယ်ကို လှည့်ပင် မကြည့်ဘဲ စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။

“မင်းတို့ခေါင်းဆောင်က ဘာမို့လို့ ငါက သူ့ဆီ သွားပြီး အစီအရင်ခံရမှာလဲ.. ငါ လက်မပါခင် အခုချက်ချင်း ငါ့ရှေ့က ထွက်သွားကြစမ်း”

“ကောင်လေး မင်းတော်တော် မောက်မာတာပဲ”

ကျန်းချန်၏ စကားကို ကြားလျှင် သန်မာထွားကျိုင်းသောလူငယ်သည် ရုတ်တရက် ခက်ထန်သွားခဲ့သည်။

“ဘာလဲ.. မင်းမှာ ကြယ်ရှစ်ပွင့်ပါရမီရှိတဲ့ မိတ်ဆွေ တစ်ယောက် ရှိနေရုံနဲ့ပဲ ငါကျောက်မန်ကို သောက်ဂရုစိုက်စရာ မလိုဘူးလို့ ထင်နေတာလား”

“ဟေ့ကောင်.. စီနီယာအစ်ကိုကျောက်မန်က အပြင်စည်းရဲ့ ထိပ်တန်းတပည့် သုံးယောက်ထဲက တစ်ယောက်ပဲ.. မင်းက စီနီယာအစ်ကိုကျောက်ကိုတောင် ခံပြောရဲတယ်.. အခုချက်ချင်း စီနီယာအစ်ကိုကျောက် ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်လိုက်စမ်း”

ကျင်း‌ရှောင်က ကျန်းချန်ကို ပြင်းထန်စွာ အော်ငေါက်လိုက်သည်။

သူ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ထို့နေ့က စန်းလန်သူတော်စင်မြို့တွင် ဤလူသာ မိုဖန်ကို မတားခဲ့လျှင် သူက မိုဖန်ကို ဒေါသထွက်အောင် ဆွနိုင်မည်ဖြစ်ပြီး မိုဖန်အနေဖြင့် စန်းလန်သူတော်စင်ဂိုဏ်းသို့ ဝင်ရောက်ခွင့်လုံးဝ ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။

ယခုအခါတွင် မိုဖန်သည် စန်းလန်သူတော်စင်ဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ခဲ့ရုံသာမက ကြယ်ရှစ်ပွင့် ပါရမီရှင်ပင် ဖြစ်သွားခဲ့ပြီး စန်းလန်သူတော်စင်ဂိုဏ်း၏ လက်ရင်းတပည့် ဖြစ်လာခဲ့သည်။

ထို့ကြောင့် ကျန်းချန်အပေါ်၌ ကျင်းရှောင်သည် အလွန်ပင် မုန်းတီးနေခဲ့သည်။

လက်ရှိအချိန်တွင် ထိုအကောင်သည် စန်းလန်သူတော်စင်ဂိုဏ်း၏ အပြင်စည်းတွင် ရှိနေခဲ့ရာ မိုဖန်ပင်လျှင် ထိုအကောင်ကို အမြဲတစေ ကာကွယ်ပေးနိုင်မည် မဟုတ်၍ သူက ထိုကောင်ကို အဘယ်ကြောင့် အလွယ်တကူ လွှတ်ပေးနိုင်ပါမည်နည်း။

ထိုအကြောင်းကြောင့်ပင် သူက ကျန်းချန်ကို ပြဿနာရှာရန် ကျောက်မန်ကို တိုက်တွန်းပြီး ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

အခန်း(၂၆၆၀)ပြီး၏။

All Chapters