← Chapters

အခန်း (၄၈၀-၄၈၁)

Vol. 45 Ch. 480-481

အခန်း (၄၈၀-၄၈၁)

Vol. 45 Ch. 480-481

အပိုင်း (၄၈၀)

​ ထိုဗိုလ်ချုပ်က လေးနက်တည်ကြည်သော မျက်နှာထားဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... မဟာရှရဲ့ စစ်အင်အားက အလွန်တရာကို တောင့်တင်းလှပါတယ်။ သူတို့ရဲ့ စစ်သည်အရေအတွက်က ကျွန်တော်မျိုးတို့ထက် နည်းပေမဲ့ တစ်ဦးချင်းစီက ထူးချွန်ထက်မြက်ပြီး လက်နက်အသုံးအဆောင် တပ်ဆင်မှုကလည်း ပြည့်စုံလွန်းလှပါတယ်။ ကျွန်တော်မျိုးတို့ မဟာယန်တပ်မတော်အနေနဲ့ သူတို့ကို ယှဉ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်"

​ "အရင်က မဟာဟုန်မင်းဆက်ဆိုရင်လည်း ကဏ္ဍပေါင်းစုံမှာ မဟာရှထက် အနည်းငယ် သာလွန်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့လည်း အပြတ်အသတ်ကို ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဒါကြောင့် အခုရှိတဲ့ အင်အားနဲ့ဆိုရင်တော့ ဒီစစ်ပွဲကို အနိုင်ရဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်မျိုး ထင်မြင်တာကတော့..."

​ မဟာယန်ဧကရာဇ်က အလောတကြီး ဖြတ်မေးလိုက်သည်။ "မောင်မင်းမှာ ဘယ်လို အကြံကောင်းတွေ ရှိသလဲ... အမြန်ပြောစမ်း"

​"အရှင်မင်းကြီး... အခုအချိန်မှာ အကောင်းဆုံး နည်းလမ်းကတော့ နန်းတွင်းက စီနီယာ မုရုံကို ပင့်ဖိတ်ဖို့ပါပဲ။ စီနီယာမုရုံသာ ရှိနေမယ်ဆိုရင် ဒီစစ်ပွဲကို အနိုင်မရရင်တောင် မဟာရှကို ခြိမ်းခြောက်နိုင်မှာဖြစ်လို့ သူတို့ ကျွန်တော်မျိုးတို့ကို ကျူးကျော်ဖို့ ဝံ့ရဲမှာမဟုတ်တော့ပါဘူး"

​ ထိုအခါ စစ်ဘက် နှင့် အရပ်ဘက် အမတ်အားလုံးက တညီတညွတ်တည်း လျှောက်တင်ကြသည်။ "အရှင်မင်းကြီး... နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် စီနီယာမုရုံကို ပါဝင်ကူညီပေးဖို့ အမိန့်ထုတ်ပြန်ပေးတော်မူပါ"

​ မဟာယန်ဧကရာဇ်မှာတော့ ရင်ထဲတွင် ထုံကျင်သွားတော့သည်။

​ သူသာ စီနီယာမုရုံကို ဆင့်ခေါ်နိုင်လျှင် အစောကတည်းက လုပ်ခဲ့မည် မဟုတ်ပါလား။ ပြဿနာက ထိုလူမှာ ပျောက်ဆုံးနေခြင်းပင်။ သူက ဘယ်နေရာမှာ သွားရှာရမည်နည်း။

​ "အမတ်မင်းတို့ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ စီနီယာမုရုံက အခုအချိန်မှာ သိုင်းပညာကျင့်ကြံမှုရဲ့ အရေးကြီးဆုံး အဆင့်ကို ရောက်နေတာမို့ လုံးဝ အနှောင့်အယှက် မပေးသင့်ဘူး။ အလွန်အရေးကြီးတဲ့ အခြေအနေ မဟုတ်ရင် သူ့ကို သွားမနှောင့်ယှက်တာ အကောင်းဆုံးပဲ။ တခြား နည်းဗျူဟာတွေကိုပဲ ဆက်ဆွေးနွေးကြရအောင်"

​ ဒါကတော့ သူ အပြင်လူတွေကို လှည့်စားရန် သုံးနေကျ ဆင်ခြေပင် ဖြစ်သည်။ အမတ်များမှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း လုံးဝတော့ မျှော်လင့်ချက် မပျက်သေးပေ။ ဘာပဲဖြစ်ဖြစ် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် ရှိနေခြင်းက သူတို့ကို ယုံကြည်မှု ပေးစွမ်းနိုင်လေသည်။ အကယ်၍သာ ထိုကောင်းကင်အဆင့်သာ မရှိဟု သိလိုက်ရလျှင် သူတို့အားလုံး ခြေရာဖျောက်ကာ ထွက်ပြေးကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

​ "ဒါပေမဲ့ စီနီယာမုရုံက လောလောဆယ် မလှုပ်ရှားနိုင်သေးဘူး ဆိုရင်တောင် သူတို့ကို တုန်လှုပ်သွားအောင် စာတစ်စောင်တော့ ရေးလို့ရတယ်။ ကျွန်တော်မျိုးတို့ မဟာယန်မှာလည်း ကောင်းကင်အဆင့် ရှိနေတယ်၊ ဘယ်စိန်ခေါ်မှုကိုမဆို မကြောက်ဘူးဆိုတာ မဟာရှကို သိအောင် လုပ်ပြရမယ်" ဟု မဟာယန်ဧကရာဇ်က ဒေါသတကြီးဖြင့် ကြွေးကြော်လိုက်သည်။

​ မကြာမီမှာပင် မဟာရှ၏ စစ်သေနာပတိ ချိုင်ယွီရှင်းထံသို့ မဟာယန်ဧကရာဇ်၏ စာတစ်စောင် ရောက်ရှိလာသည်။ ထိုစာထဲတွင် မဟာရှ၏ ကျူးကျော်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး မဟာယန်တွင်လည်း မကြာမီ အရေးယူတော့မည့် ကောင်းကင်အဆင့်တစ်ဦး ရှိကြောင်း သတိပေးထားသည်။ စစ်တပ်ကို ပြန်လည်ရုပ်သိမ်းရန်နှင့် မဟုတ်လျှင် အခြေအနေများမှာ ထိန်းချုပ်မရအောင် ဖြစ်သွားလိမ့်မည်ဟု ရေးသားထားသည်။

​ ချိုင်ယွီရှင်းက အသာအယာ ပြုံးလိုက်ပြီး သံတမန်၏ ရှေ့မှာပင် ထိုစာကို မီးရှို့ပစ်လိုက်သည်။ ထို့နောက် မြို့ရွာများကို ဆက်လက် သိမ်းပိုက်လေတော့သည်။

​ မဟာယန်ဧကရာဇ်မှာ အလွန်အမင်း ဒေါသထွက်သွားသည်။ သူသည် ဧကရာဇ်တစ်ပါး ဖြစ်ပါလျက်နှင့် အမျိုးသမီး စစ်ဗိုလ်ချုပ်လေး တစ်ဦး၏ လျစ်လျူရှုခြင်းကို ခံလိုက်ရသည်။ ဒါသာ လူသိရှင်ကြား ဖြစ်သွားလျှင် သူ၏ သိက္ခာမှာ ဘယ်နား သွားထားရမည်နည်း။

​ "သံတမန်ရဲ့ ရှေ့မှာတင် စာကို မီးရှို့တာက ငါကိုယ်တော်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်တာပဲ"

​ "အရှင်မင်းကြီး... ဒါကို သည်းမခံသင့်ပါဘူး။ သူတို့ကို သင်ခန်းစာ ပေးရပါမယ်"

​ "အရှင်မင်းကြီး... စီနီယာမုရုံကို အမြန်ဆုံး ပင့်ဖိတ်ပြီး အရေးယူခိုင်းပါတော့"

​ အမတ်များမှာ ဧကရာဇ်ထက်ပင် ပို၍ စိုးရိမ်တကြီး တိုက်တွန်းနေကြသည်။ ထိုအရှိန်ကြောင့် မဟာယန်ဧကရာဇ်လည်း ဒေါသများ ဟုန်းဟုန်းတောက်လာပြီး- "အမတ်မင်းတို့ ပြောတာ မှန်တယ်။ သူတို့ လုပ်ရပ်က ငါကိုယ်တော်နဲ့ မဟာယန်ကို လုံးဝ အထင်သေးလိုက်တာပဲ။ ဒါကြောင့် သူတို့ကို သင်ခန်းစာ ပေးရမယ်။ မဟာယန်ဆိုတာ... အစော်ကားခံရမဲ့ နိုင်ငံမဟုတ်ဘူးဆိုတာ သူတို့ကို သိအောင် လုပ်ပြရမယ်"

​ "အရှင်မင်းကြီး" အမတ်များမှာ နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသကဲ့သို့ စိတ်လှုပ်ရှားသွားကြသည်။

​ "ငါ့ရဲ့ စုတ်တံ၊ မှင်နဲ့ စက္ကူတွေကို ယူခဲ့စမ်း" ဟု မဟာယန်ဧကရာဇ်က အော်ဟစ်လိုက်သည်။

​ "အရှင်မင်းကြီး... ဘာလုပ်မလို့ပါလဲ " အမတ်များမှာ ကြောင်သွားကြသည်။

​ "ဘာလုပ်ရမှာလဲ... နောက်ထပ် စာတစ်စောင် ထပ်ရေးပြီး သူတို့ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချရမှာပေါ့" မဟာယန်ဧကရာဇ်မှာ ခက်ထန်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

​ အမတ်များ- "..."

​ မကြာမီမှာပင် ချိုင်ယွီရှင်းထံသို့ နောက်ထပ် စာတစ်စောင် ရောက်လာပြန်သည်။ သူမက စာကို ဖတ်ပြီးနောက် သံတမန်ရှေ့မှာပင် ထပ်မံ မီးရှို့လိုက်ကာ စစ်ချီမှုကိုသာ ဆက်လုပ်နေသည်။

​ မဟာယန်ဧကရာဇ်မှာ အံ့အားသင့်သွားရသည်။ 'ဒါက ဒုတိယမြောက် စာလေ... ဒါကိုလည်း မင်းတို့က ရှို့လိုက်ပြန်ပြီလား။ ငါ့မျက်နှာကို လုံးဝ မထောက်တော့ဘူးလား။ ဒါက ငါ့ကို တော်တော် အခက်တွေ့စေတာပဲ'

​ "အရှင်မင်းကြီး... ဒါကိုတော့ လုံးဝ သည်းမခံနိုင်တော့ပါဘူး"

​ "စီနီယာမုရုံကို ဆင့်ခေါ်ပြီး လက်တုံ့ပြန်ရပါမယ်။ သူက ဧကရာဇ်ရဲ့ စာကို မီးရှို့ရဲရင် ကျွန်တော်မျိုးတို့က သူတို့ လူတွေကို သတ်ပစ်ရမယ်။ သူတို့ ကြောက်သွားတဲ့အထိ သတ်ပြလိုက်ရင် နောက်ထပ် ရမ်းကားဝံ့မှာ မဟုတ်တော့ဘူး"

​ "ဧကရာဇ်ကို မစော်ကားရ၊ မဟာယန်ကို မစော်ကားရ"

​ အမတ်များ၏ ပြင်းပြင်းထန်ထန် တိုက်တွန်းချက်များ အပြီးတွင် မဟာယန်ဧကရာဇ်က သူ၏ အမှားကို သတိပြုမိသွားပြီး ရှုတ်ချသည့် နည်းလမ်းကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ သူသည် စာရေးခြင်းကို ရပ်လိုက်ပြီး သံတမန်ကို စကားလုံးများဖြင့် အလွတ်ကျက်မှတ်စေကာ မဟာရှ၏ ဗိုလ်ချုပ်ကို သွားရောက် ပြစ်တင်မောင်းမဲခိုင်းလိုက်သည်။

​ မဟာယန်ဧကရာဇ်က မိမိကိုယ်ကိုယ် အလွန် ကျေနပ်နေကာ- "အခုတော့ မင်းတို့ ငါ့စာကို မီးရှို့လို့ မရတော့ဘူး မဟုတ်လား" ဟု တွေးနေသည်။

​ အမှန်ပင်... ချိုင်ယွီရှင်းက ထိုစကားများကို မီးရှို့၍ မရပေ။ ထို့ကြောင့် သူမသည် စကားတွေ တတွတ်တွတ် ပြောနေသော သံတမန်၏ ပါးစပ်ကို လှံဖြင့် ထိုးဖောက်လိုက်ပြီး ခေါင်းကို ဖြတ်ကာ မဟာယန် စစ်စခန်းအတွင်းသို့ ပြန်လည် ပေးပို့လိုက်လေသည်။

​ မျက်လုံးအပြူးသားဖြင့် သေဆုံးနေသော ခေါင်းပြတ်ကြီးကို ကြည့်ကာ မဟာယန်ဧကရာဇ်မှာ အတွေးနက်သွားတော့သည်။ အကြောင်းမှာ ထိုခေါင်းပြတ်ကြီး၏ ပါးစပ်မှာ အဟောင်းသား ပွင့်နေသောကြောင့် ဖြစ်သည်။

​ ထိုပါးစပ်က စကားတစ်ခွန်းကို ပြောနေသကဲ့သို့ပင်- "လစ်လိုက်တော့"

​……..

​ ထိုကဲ့သို့ဖြင့် မဟာရှတပ်မတော်မှာ တားဆီး၍မရသော အရှိန်အဟုန်ဖြင့် မြို့ရွာများကို သိမ်းပိုက်လာခဲ့ရာ လဝက်ပင် မပြည့်မီမှာပင် မဟာယန်၏ မြို့တော်ရှေ့သို့ ရောက်ရှိလာတော့သည်။

​ "အရှင်မင်းကြီး... အခုတော့ စီနီယာမုရုံကို ဆင့်ခေါ်လို့ ရပြီလား။ အခုမှ မဆင့်ခေါ်ရင်တော့ မဟာယန် ပျက်စီးတော့မှာပါ" ဟု အမတ်များက မျှော်လင့်ချက်အပြည့်ဖြင့် အသည်းအသန် တောင်းပန်ကြသည်။

​ "အဟမ်း... အမတ်မင်းတို့ ပြောတာ မှန်တယ်။ မင်းတို့ ရှေ့တန်းကနေ ခံစစ်ကို ထိန်းထားကြ... ငါကိုယ်တော် အခုချက်ချင်းသွားပြီး စီနီယာမုရုံကို သွားပင့်လိုက်မယ်" ဟု မဟာယန်ဧကရာဇ်က အလွန် တည်ကြည်သော လေသံဖြင့် မိန့်ကြားလိုက်သည်။

​ "အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" အမတ်များမှာ စစ်ပွဲကို အနိုင်ရရှိတော့မည့်အလား စိတ်လှုပ်ရှားသွားကြသည်။

​ သို့သော်လည်း တစ်နေ့ပတ်လုံး အသက်ပေးကာ အသည်းအသန် ခုခံကာကွယ်ပြီးနောက်တွင်တော့ သူတို့သည် စီနီယာမုရုံကိုလည်း မမြင်ရသလို၊ မဟာယန်ဧကရာဇ်ကိုလည်း အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။

​ သူတို့ အဖမ်းခံရသည့် အချိန်တွင်တော့ ခေါင်းထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။

​ 'ဧကရာဇ်က ငါတို့ကို လိမ်သွားတာပဲ'

အပိုင်း (၄၈၁)

​ထိုအချိန်တွင် မဟာယန်ဧကရာဇ်ကတော့ ထုံးစံအတိုင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

​ သူသည် နန်းတော်အတွင်းမှ မြို့ပြင်သို့ ပေါက်ရောက်သော လျှို့ဝှက်မြေအောက်လမ်းမှတစ်ဆင့် ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ မြို့တော်ပြင်ပရှိ ဝေးလံခေါင်ဖျားသော တောင်ကြားတစ်ခုတွင် ပုန်းအောင်းနေလေသည်။ သို့သော်လည်း မြို့တော်တစ်ခုလုံးကိုတော့ မဟာရှတပ်မတော်က သိမ်းပိုက်လိုက်ပြီဖြစ်ရာ ထိုနယ်မြေမှာ မဟာရှ၏ ပိုင်နက်ဖြစ်သွားခဲ့လေပြီ ဖြစ်သည်။

​ လင်းပိုင်ဖန်၏ 'အင်ပါယာမြေပုံ' ရှေ့မှောက်တွင်တော့ သူပုန်းနေသည့်နေရာမှာ ချက်ချင်းပင် ပေါ်လွင်သွားတော့သည်။ လင်းပိုင်ဖန်က လက်ချောင်းလေးကို တစ်ချက်ခါလိုက်ရုံဖြင့် ထိုသူတို့ကို ငရဲဘုံသို့ ပို့ဆောင်ပေးလိုက်လေသည်။

​ ထို့နောက်တွင်တော့ မဟာယန်နန်းတွင်းအဖွဲ့အစည်းမှာ အစအနမကျန် ပျက်စီးသွားရပြီး မဟာရှတပ်မတော်က မဟာယန်မင်းဆက်တစ်ခုလုံးကို အချိန်တိုအတွင်း ဝါးမြိုကာ နယ်မြေချဲ့ထွင်လိုက်တော့သည်။

​ ထိုအကျိုးဆက်ကြောင့်ပင် အင်ပါယာမြေပုံအတွင်း၌ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

​……

အင်ပါယာမြေပုံ ( စူပါအဆင့် )

နယ်မြေဧရိယာ: ၁၈.၅ သန်း စတုရန်းလီ (စိုက်ပျိုးနိုင်သောမြေ ၁၀.၈ သန်း စတုရန်းလီ)

နိုင်ငံတော်သယံဇာတ: ၃.၃၂ ဘီလီယံ (ရွှေတွင်း ၁၀ ခု၊ ငွေတွင်း ၁၉ ခု၊ ကြေးတွင်း ၂၆ ခု၊ သံတွင်း ၃၉ ခု...)

လူဦးရေ: ၁၉၅ သန်း ( လူချမ်းသာ ၁%၊ လူလတ်တန်းစား ၃၈%၊ ဆင်းရဲသား ၆၁%)

စစ်အင်အား: ၆.၁၂ သန်း ( ကောင်းကင်အဆင့် ၄ ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ၇၄ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် ၃၂,၀၀၀ ကျော်...)

နိုင်ငံတော်၏ စုစုပေါင်း အင်အား: ၂၆,၅၀၀ (အင်ပါယာအဆင့်)

​ နယ်မြေဧရိယာမှာ စတုရန်းလီ ၂ သန်းကျော် တိုးပွားလာခဲ့သည်။ နိုင်ငံတော်၏ သယံဇာတမှာလည်း ငွေတေး သန်း ၄၀၀ ကျော် တိုးလာပြီး လူဦးရေမှာ ၃၀ သန်းကျော် တိုးပွားလာခဲ့လေသည်။

​ စစ်အင်အားအနေဖြင့် အရေအတွက်မှာ သိသိသာသာ တိုးမလာသော်လည်း အရည်အသွေးပိုင်းမှာမူ မြင့်တက်လာခဲ့သည်။ ကောင်းကင်အဆင့် ၁ ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ၅ ဦးနှင့် ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် ၂,၀၀၀ ကျော် တိုးလာခြင်းဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံတော်အင်အားမှာ ၃,၀၀၀ နီးပါး ခုန်တက်သွားခဲ့သည်။

​ မဟာရှနိုင်ငံတော်မှာ နောက်ထပ် ကြီးမားသော ခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

​ “ ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား ကြီးထွားလာသည်နှင့်အမျှ သင်၏ခွန်အားမှာလည်း လိုက်ပါမြင့်တက်လာခဲ့သည်။ ဆုလာဘ်အဖြစ် 'ရှောင်လင်၏ အထူး ၇၂ ရပ် ပညာရပ်များ' ကို ရရှိခဲ့သည်"

​ "ရှောင်လင်၏ အထူး ၇၂ ရပ် ပညာရပ်များသည် ရှောင်လင်၏ 'ယိကျင်အရိုးသန့်စင်ခြင်း' ကျမ်းစာနှင့် ရင်ဘောင်တန်းနိုင်သော ပညာရပ်များဖြစ်သည်။ ၎င်းတွင် သံမဏိလက်ပညာ၊ ကြေးသဲလက်ဝါး၊ ခြေကန်ချက်ပညာ စသည်တို့ ပါဝင်ပြီး ရှောင်လင်၏ စစ်မှန်သော တပည့်များသာ သင်ယူခွင့်ရှိသည့် လျှို့ဝှက်ပညာရပ်များ ဖြစ်သည်"

​ လင်းပိုင်ဖန်က ထိုပညာရပ် ၇၂ မျိုးလုံးကို အချိန်တိုအတွင်း စုပ်ယူလိုက်သည်။ ဤပညာရပ် တစ်ခုချင်းစီမှာ နတ်ဘုရားအဆင့် ပညာရပ်ထက် တစ်ဆင့်သာ နိမ့်သော်လည်း ၇၂ မျိုးလုံး ပေါင်းစပ်လိုက်ပါက 'ယိကျင်အရိုးသန့်စင်ခြင်း' နှင့် အဆင့်တူသွားလေသည်။

​ ပုံမှန်အားဖြင့် ပညာရပ်တစ်ခုတည်းကိုပင် ကျွမ်းကျင်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်ရသည်။ ရှောင်လင်မှ ဘုန်းတော်ကြီးများပင် တစ်သက်လုံး လေ့ကျင့်မှ ပညာရပ် ၁၀ မျိုးကျော်ခန့်သာ တတ်မြောက်နိုင်ကြပြီး ထိုသို့တတ်မြောက်ပါက သိုင်းလောကတွင် နာမည်ကျော်ပုဂ္ဂိုလ်ကြီးများ ဖြစ်လာကြသည်။

​ သို့သော် ၇၂ မျိုးလုံးကိုသာ တတ်မြောက်သွားပါက ခန္ဓာကိုယ်မှာ ဘယ်အရာမှ ထိုးဖောက်၍မရအောင် မာကျောသွားပြီး အစိတ်အပိုင်းတိုင်းမှာ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအတွက် လက်နက်သဖွယ် ဖြစ်သွားကာ လောကတွင် ယှဉ်ဖက်ကင်းသွားမည် ဖြစ်သည်။

​ ဒဏ္ဍာရီလာ ဗောဓိဓမ္မ တစ်ဦးတည်းသာ ဤ ၇၂ မျိုးလုံးကို တတ်မြောက်ခဲ့ပြီး နောက်ဆုံးတွင် ပြိုင်ဘက်ကင်းသော မြင့်မြတ် ကောင်းကင်အဆင့်သို့ ရောက်ရှိခဲ့သည်ဟု ဆိုကြသည်။

​ လင်းပိုင်ဖန်အနေဖြင့် ဤမျှခက်ခဲသော ပညာရပ်များကို အချိန်တိုအတွင်း တတ်မြောက်ပြီး ဗောဓိဓမ္မ၏ အဆင့်မျိုးသို့ လိုက်မီနိုင်ခြင်းမှာ 'အင်ပါယာမြေပုံ' ကြောင့်သာ ဖြစ်လေသည်။

​ "အခုတော့ ငါက ရှောင်လင်ရဲ့ ၇၂ မျိုးလုံးကို တတ်နေပြီပဲ။ ငါက ဗုဒ္ဓဂိုဏ်းက စီနီယာတစ်ယောက် မဟုတ်ဘူးလို့ ပြောရင်တောင် ဘယ်သူမှ ယုံကြမှာ မဟုတ်တော့ဘူး" လင်းပိုင်ဖန်က အကြံကြီးလှသော အတွေးတို့ဖြင့် တစ်ယောက်တည်း ပြုံးနေမိသည်။ နောင်တွင် သူသည် နည်းဗျူဟာပြောင်းကာ ဗုဒ္ဓဂိုဏ်း၏ အမည်ကို အသုံးချ၍ ဆက်လက် ကစားနိုင်ပေဦးမည် ဖြစ်သည်။

​ ယခုအချိန်တွင် လင်းပိုင်ဖန်၏ သိုင်းပညာမှာ တစ်ဆင့် ထပ်မံမြင့်တက်သွားခဲ့ပြီး မြင့်မြတ်ကောင်းကင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေ ဖြစ်သည်။ လောကတွင် နံပါတ်တစ်ဟု မဆိုနိုင်သေးသော်လည်း ထိပ်သီး ၃ ဦးစာရင်းတွင်တော့ သေချာပေါက် ပါဝင်နေပြီဖြစ်သည်။

​ နိုင်ငံတော်အင်အား ၃၀,၀၀၀ ကျော်သွားသည်နှင့် သူသည် ဒဏ္ဍာရီလာ မြင့်မြတ်ကောင်းကင်အဆင့်သို့ ရောက်ရှိမည်ဟု သူ ခံစားနေရသည်။

​ "ဒီနှစ်ထဲမှာ ဖြစ်လာမယ်လို့ မျှော်လင့်ရတာပဲ။ မဟာလျန်ကိုပါ သိမ်းပိုက်ပြီးရင်တော့ ငါ မြင့်မြတ်ကောင်းကင်အဆင့် ဖြစ်ကြောင်း သက်သေပြနိုင်မယ့် အချိန်ပဲ"

​ လင်းပိုင်ဖန်က တောင်ဘက်အရပ်ရှိ 'မဟာလျန်' မင်းဆက်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ မဟာယန်ကို ဝါးမြိုပြီးနောက် သူသည် မဟာလျန်သို့ ဆက်လက်ချီတက်ကာ လောကကြီး၏ ကံကြမ္မာကို တစ်ချက်တည်းဖြင့် ဆုံးဖြတ်တော့မည်ဖြစ်သည်။

​……..

​ မဟာလျန်မင်းဆက်၏ နန်းတော်အတွင်း၌...

​ မဟာလျန်ဧကရာဇ်က တစ်စုံတစ်ခုကို အာရုံရသကဲ့သို့ မြောက်ဘက်အရပ်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် လောကကြီးကို တုန်လှုပ်စေပြီး စကြာဝဠာကို ဝါးမြိုမည့် အရှိန်အဟုန်မျိုးဖြင့် မဟာရှနိုင်ငံတော် တည်ရှိနေပြီး ယခုအခါ သူ၏ အိမ်ဦးတံခါးဝသို့ပင် ရောက်ရှိနေပြီဖြစ်သည်။

​ "မဟာယန်တို့ ခံနိုင်ရည်ရှိပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ" မဟာလျန်ဧကရာဇ်မှာ သက်ပြင်းချလိုက်သည်။

​ နိုင်ငံတော်အင်အားချင်း ယှဉ်လျှင် မဟာလျန်မှာ မဟာရှထက် အများကြီး နိမ့်ကျနေသည်။ သို့သော်လည်း အင်အားကြီးတိုင်း စစ်နိုင်သည်ဟု မဆိုနိုင်ပေ။ ပတ်ဝန်းကျင် အခြေအနေနှင့် နှစ်ဖက်လုံးမှ သိုင်းပညာရှင်များ၏ ခွန်အား စသည့် အချက်များစွာကို ထည့်သွင်းစဉ်းစားရဦးပေမည်။

​ ယခုအခါ မဟာယန်က ရှေ့တန်းမှ ခံတိုက်ပေးနေသဖြင့် သူက နောက်ကွယ်မှနေ၍ အေးအေးဆေးဆေး အကြံထုတ်နိုင်ပေသည်။ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေစဉ် ကြားကနေ အမြတ်ထုတ်နိုင်မည့် အခွင့်အရေးပင် ရရှိနိုင်သည်။

​ ထိုစဉ် စစ်သည်တစ်ဦး အလောတကြီး ပြေးဝင်လာသည်။

​ "အရှင်မင်းကြီး... အရေးကြီးနေပါပြီ၊ မဟာရှတပ်တွေက တားဆီးလို့မရအောင် အင်အားကြီးမားလွန်းပါတယ်။ သူတို့က မဟာယန်ရဲ့ မြို့တော်ကို သိမ်းပိုက်လိုက်ပြီး မင်းဆက်တစ်ခုလုံးကို ဝါးမြိုလိုက်ပါပြီ။ အခု ကျွန်တော်မျိုးတို့ နယ်စပ်ကို ချီတက်လာနေပါပြီ"

​ မဟာလျန်ဧကရာဇ်မှာ လန့်ဖျပ်ကာ မတ်တတ်ရပ်လိုက်မိသည်။ "ဘာ... မဟာယန်က ဒီလောက် မြန်မြန်ကြီး ကျဆုံးသွားတာလား"

​ မဟာယန်၏ အင်အားမှာ မဟာရှလောက် မကြီးသော်လည်း သေးလှသည်တော့ မဟုတ်ပေ။ အဓိကအချက်မှာ သူတို့တွင် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ရှိနေခြင်းပင်။

​ ကောင်းကင်အဆင့်၏ ခွန်အားမှာ နတ်ဘုရား သို့မဟုတ် မိစ္ဆာတစ်ပါးကဲ့သို့ပင် ဖြစ်ပြီး စစ်သည်ထောင်သောင်းကို ရင်ဆိုင်နိုင်ကာ တိုင်းပြည်နှင့် မြို့ရွာများကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ကောင်းကင်အဆင့်ရှိသော နိုင်ငံတစ်ခုကို အလွယ်တကူ သိမ်းပိုက်၍ မရနိုင်ခြင်း ဖြစ်လေသည်။

All Chapters