အခန်း (၄၈၄-၄၈၅)
Vol. 45 Ch. 484-485
အပိုင်း (၄၈၄)
နောက်ရက်များတွင် မဟာလျန်ဧကရာဇ်သည် တူတော် ဝူရှုံးယင်ကို မြို့တော်အတွင်း သုံးရက်တိုင်တိုင် ကိုယ်တိုင်ကိုယ်ကျ လိုက်လံပြသပေးခဲ့သည်။ သူတို့သည် အကောင်းဆုံးသော စားသောက်ဖွယ်ရာများ၊ အဖျော်ယမကာများနှင့် ဖျော်ဖြေရေးများကို စိတ်တိုင်းကျ ခံစားခဲ့ကြသည်။ ဝူရှုံးယင်မှာလည်း သူ၏ဦးလေးဖြစ်သူက လုပ်ကိုင်ပုံကိုင်ပုံ အတော်လေးသိတတ်သည်ဟု တွေးတောကာ အလွန်ပင် စိတ်ကျေနပ်နေတော့သည်။
စားသောက်ပျော်ပါးပြီးနောက်တွင်မူ အလုပ်ကိစ္စကို စတင်ရန် အချိန်ကျလာပြီဖြစ်သည်။ ထို့ကြောင့် သူက မိတ်ဆက်စာတစ်စောင်ကို ကိုယ်တိုင်ရေးသားကာ မဟာရှတပ်စခန်းသို့ ပေးပို့စေလိုက်သည်။
"မဟာဝူအင်ပါယာရဲ့ ခုနစ်ယောက်မြောက်မင်းသား ဝူရှုံးယင်က အရှင်မင်းကြီးနဲ့ တွေ့ဆုံချင်တယ် ဟုတ်လား"
ချိုင်ယွီရှင်းသည် သူမရှေ့ရှိ မိတ်ဆက်စာကို ကြည့်ကာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ "ငါတို့က မဟာဝူနဲ့ ဘာပတ်သက်မှုမှ မရှိဘူးပဲ၊ သူက ဘာကိစ္စနဲ့ အရှင်မင်းကြီးကို တွေ့ချင်ရတာလဲ၊ ပြီးတော့ ဒီစာကို ဘာလို့ ငါတို့ဆီ ပို့တာလဲ"
ထိုစဉ် လက်ထောက်စစ်ဗိုလ်တစ်ဦးက ချက်ချင်းပင် အစီရင်ခံလာသည်။ "ခုနစ်ယောက်မြောက်မင်းသား ဝူရှုံးယင်ရဲ့ မယ်တော်က မဟာဝူရဲ့ မင်းဖုရားတစ်ပါးဖြစ်သလို လက်ရှိ မဟာလျန်ဧကရာဇ်ရဲ့ ညီမတော်လည်း ဖြစ်ပါတယ်၊ တစ်နည်းပြောရရင် ဝူရှုံးယင်က မဟာလျန်ဧကရာဇ်ရဲ့ တူအရင်းပါ။ လွန်ခဲ့တဲ့ သုံးရက်လုံးလုံး သူတို့နှစ်ယောက်က မြို့ထဲမှာ အတူတူ လည်ပတ်ရင်း ရင်းနှီးတဲ့ သံယောဇဉ်တွေ ရှိနေကြတာပါ။ ဒါကြောင့် သူ့ရဲ့ လာရောက်မှုက မဟာလျန်နဲ့ မကင်းနိုင်ပါဘူး"
"ဪ... ဒီလိုကိုး" ချိုင်ယွီရှင်းက သူမ၏ မျက်မှောင်ကို ကြုတ်လိုက်ပြီး အခြေအနေအားလုံးကို ချက်ချင်းပင် ရိပ်မိသွားတော့သည်။
"ငါလည်း လောလောဆယ် အားနေတာနဲ့ပဲ သူနဲ့ တွေ့ကြည့်ရတာပေါ့"
ထိုနေ့ မွန်းလွဲပိုင်းတွင် ချိုင်ယွီရှင်းသည် စစ်ဗိုလ်ချုပ်တစ်စုကို ခေါ်ဆောင်ကာ မဟာယန်မင်းဆက်ရှိ အရက်ဆိုင်တစ်ခုတွင် ဝူရှုံးယင်နှင့် တွေ့ဆုံခဲ့သည်။
"မဟာဝူအင်ပါယာရဲ့ ခုနစ်ယောက်မြောက်မင်းသား ဝူရှုံးယင်က မဟာရှရဲ့ ဗိုလ်ချုပ် ချိုင်ယွီရှင်းနဲ့တကွ စစ်ဗိုလ်ချုပ်ကြီးများအားလုံးကို ဂါရဝပြုပါတယ်" ဝူရှုံးယင်က အသံကျယ်လောင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
"မင်းသားဝူ... အားနာမနေပါနဲ့၊ အခမ်းအနားတွေ လုပ်နေဖို့ မလိုပါဘူး။ ထိုင်ပါဦး" ချိုင်ယွီရှင်းက ပြုံးလျက် သူမ၏ ဘယ်ဘက်ရှိ ပထမဆုံးနေရာကို ညွှန်ပြကာ ဆိုလိုက်သည်။
ဝူရှုံးယင်သည် သူ၏ စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ သူသည် ထိုက်တန်သော လေးစားမှုကို မရရှိဟု ခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။ သူသည် မဟာဝူ၏ မင်းသားတစ်ပါးဖြစ်ရာ အဆင့်အတန်း အလွန် မြင့်မားသူဖြစ်သည်။ ဧကရာဇ်များပင်လျှင် သူ့ကို လေးလေးစားစား ဆက်ဆံကြရသည်။
သို့သော် ယခုမူ သူ၏ရှေ့မှ အမျိုးသမီးစစ်သူကြီးမှာ သူ့ကို ကြိုဆိုရန် မတ်တတ်ပင် မရပ်ခဲ့ပေ။ သူမ၏ လေသံမှာလည်း နွေးထွေးမှု သို့မဟုတ် ယဉ်ကျေးပျူငှာသည့် အမူအရာများ ကင်းမဲ့နေသည်။ သူ့ကို လူငယ်လေးတစ်ယောက် သို့မဟုတ် အရေးမပါသူ တစ်ဦးကဲ့သို့ ဆက်ဆံနေသယောင် ရှိနေသည်။
ဝူရှုံးယင်သည် သူ၏ မကျေနပ်မှုများကို အောင့်အည်းထားလိုက်သည်။ သူက အရေးကြီးသော အလုပ်ကိစ္စဖြင့် လာခြင်းဖြစ်ရာ ကိစ္စအသေးအမွှားလေးများကြောင့် ပြဿနာမတက်ချင်ပေ။
"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ် ချိုင်" ဝူရှုံးယင်က နေရာတွင် ဝင်ထိုင်လိုက်ပြီး သူ၏ အခြွေအရံများကလည်း သူ့နောက်တွင် နေရာယူလိုက်ကြသည်။
"မင်းသားဝူ... ဒီမှာရှိနေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူရဲကောင်းတွေကို မိတ်ဆက်ပေးပါရစေ" ချိုင်ယွီရှင်းက ပြုံးလျက် ဆိုလိုက်သည်။
"ဒါကတော့ အရက်ဓားအင်မော်တယ်ပါ။ သူက ဓားသိုင်းပညာကို မြတ်နိုးသလို အရက်ကိုလည်း အလွန်နှစ်သက်ပါတယ်။ သူ့ရဲ့ ဓားသိုင်းက လှပပေမဲ့ အလွန်ကို ထက်ရှပြီး လက်ရှိမှာ ကြယ်တာရာချီအဆင့်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေသူပါ"
အရက်ဓားအင်မော်တယ်က ပြုံးလျက် သူ၏ ခွက်ကို မြှောက်ကာ ဝူရှုံးယင်ကို ဂုဏ်ပြုလိုက်သည်။
"ဒီနှစ်ယောက်ကတော့ ဟန်နှင့်ဟာ စစ်သူကြီးတွေပါ။ သူတို့က အရက်နဲ့ အသားကို နှစ်သက်တဲ့ အမွှာညီအစ်ကိုတွေပေါ့။ ခွန်အားဗလ အလွန်ကြီးမားသလို သူတို့ရဲ့ ခန္ဓာကိုယ်ကလည်း ကြေးနီနဲ့ သံမဏိလို မာကျောပြီး ဓားလှံတွေ မဖောက်နိုင်ဘူး။ သူတို့ကလည်း ကြယ်တာရာချီ အဆင့်ကို ရောက်ရှိနေသူတွေပါ”
ဟန်နှင်ဟာ စစ်သူကြီးနှစ်ယောက်ကလည်း တစ်ယောက်တစ်ခွက်စီ မြှောက်ကာ ဝူရှုံးယင်ကို ဂုဏ်ပြုလိုက်ကြသည်။
"ဒါကတော့ သေမင်းတမန်ကျောင်းတော်သားပါ။ သူ့ရဲ့ ပညာတတ်ရုပ်ရည်ကို ကြည့်ပြီး အထင်မသေးလိုက်နဲ့၊ သူ့ရဲ့ ဓားချက်တွေက အလွန်စူးရှတယ်။ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အများအပြားဟာ သူ့ရဲ့ ဓားအောက်မှာ ကျဆုံးခဲ့ရဖူးပြီး သူကလည်း ကြယ်တာရာချီ အဆင့်ကို ရောက်နေပါပြီ"
"မင်းသားလေးကို ဂုဏ်ပြုပါတယ်" သေမင်းတမန်ကျောင်းတော်သားက တိုးညှင်းသော လေသံဖြင့် ဆိုလိုက်သည်။
ချိုင်ယွီရှင်းက တစ်ယောက်ပြီးတစ်ယောက် ဆက်လက်မိတ်ဆက်ပေးနေစဉ် ဝူရှုံးယင်မှာ ပို၍ပို၍ အံ့သြတုန်လှုပ်လာရသည်။
ဤသူများမှာ သာမန်သိုင်းပညာရှင်များ မဟုတ်ဘဲ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ ဖြစ်နေကြပြီး သာမန်အဆင့်ပင် မဟုတ်ဘဲ ကြယ်တာရာချီ အဆင့်များ ဖြစ်နေကြသည်။ သာမန်အားဖြင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ဆယ်ယောက်တွင် နှစ်ယောက် သို့မဟုတ် သုံးယောက်ခန့်သာ ကြယ်တာရာချီ အဆင့်သို့ တက်လှမ်းနိုင်ခြင်း ဖြစ်သည်။
သို့သော် ယခု ဤနေရာမှ ချီဖွဲ့တည်ခြင်းအဆင့်ရှိသူ အားလုံးမှာ ကြယ်တာရာချီ အဆင့်ရှိသူများ ဖြစ်နေကြသည်။ သူ့ကို ပို၍ အံ့သြစေသည်မှာ ဤသူရဲကောင်းများ၏ ငယ်ရွယ်မှုပင် ဖြစ်သည်။
အသက်အကြီးဆုံးမှာ လေးဆယ်ဝန်းကျင်သာ ရှိပြီး အသက်အငယ်ဆုံးမှာ နှစ်ဆယ်ကျော်သာ ရှိသေးသည်။ သာမန်လူများအတွက် ဤအသက်အရွယ်မှာ လူလတ်ပိုင်းဟု ဆိုနိုင်သော်လည်း အသက်ရာကျော် နေထိုင်နိုင်သည့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ အတွက်မူ လူငယ်လေးများသာ ဖြစ်ကြသေးသည်။ ငယ်ရွယ်ခြင်းမှာ အလားအလာရှိခြင်းဖြစ်ပြီး ပိုမိုတိုးတက်နိုင်သည့် အခွင့်အရေးများ ရှိနေခြင်းပင် ဖြစ်သည်။
သူတို့သည် ကောင်းကင်အဆင့် သိုင်းပညာရှင်များ ဖြစ်မလာနိုင်လျှင်တောင် အင်ပါယာချီ အဆင့်သို့ ရောက်ရှိနိုင်သည့် အခွင့်အလမ်းမှာ အလွန်ပင် မြင့်မားလှသည်။
ဝူရှုံးယင်သည် အနည်းငယ် မနာလိုပင် ဖြစ်သွားရသည်။ အကယ်၍ ဤသူများက သူ့ကို အလုပ်အကျွေး ပြုမည်ဆိုလျှင် နောင်တစ်ချိန် ထီးနန်းလုပွဲတွင် သူ အောင်မြင်နိုင်ခြေမှာ အလွန်ပင် သေချာသွားပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သူတို့သည် အခြားနိုင်ငံမှ လူများဖြစ်နေကြရာ သူ့ဘက်ပါအောင် စည်းရုံးရန် မဖြစ်နိုင်ပေ။
"ဗိုလ်ချုပ် ချိုင်... မဟာရှမှာ တကယ်ကို အရည်အချင်းရှိသူတွေ ပေါများတာပဲ" ဝူရှုံးယင်က ချီးကျူးစကား မဆိုဘဲ မနေနိုင်တော့ပေ။
"ဒါတွေက အရှင်မင်းကြီးရဲ့ ကျေးဇူးတော်တွေကြောင့်ပါ"
အရက်ဓားအင်မော်တယ်က ပြုံးလျက် ခွက်ကို မြှောက်ကာ ပြန်လည်ပြောကြားလိုက်သည်။ "ကျွန်တော်တို့ အရှင်မင်းကြီးက ပညာရှိပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတယ်၊ အရည်အချင်းရှိသူတွေကို တန်ဖိုးထားသလို ဆုလာဘ်တွေကိုလည်း ရက်ရက်ရောရော ချီးမြှင့်တတ်တယ်၊ ဒါကြောင့်လည်း ကျွန်တော်တို့ ဒီနေ့လို အခြေအနေကို ရောက်လာတာပါ။ ကဲ... အရှင်မင်းကြီးအတွက် ဂုဏ်ပြုကြရအောင်"
"အရှင်မင်းကြီးအတွက်..." လူတိုင်းက ခွက်များကို မြှောက်ကာ မြောက်ဘက်အရပ်သို့ ဦးတည်၍ ဂုဏ်ပြုလိုက်ကြသည်။
ဝူရှုံးယင်မှာ နောက်တစ်ကြိမ် ထပ်မံ အံ့သြသွားရပြန်သည်။
မာနကြီးပြီး မည်သူ့ကိုမျှ အလျှော့မပေးတတ်သော ဤသိုင်းပညာရှင်များမှာ အရှင်မင်းကြီး လင်းပိုင်ဖန်အပေါ် စစ်မှန်သော ကြည်ညိုလေးစားမှုများ ရှိနေကြသည်ကို သူ တွေ့မြင်လိုက်ရသည်။ သူ့အနေဖြင့် မစဉ်းစားတတ်တော့ပေ။ သူ့ထက်ပင် ငယ်ရွယ်သော ထိုဧကရာဇ်သည် မည်သို့သော နည်းလမ်းများဖြင့် ဤခေါင်းမာလှသော သိုင်းသမားများကို ဖမ်းစားထားနိုင်ပါသနည်း။
အပိုင်း (၄၈၅)
အရက်အနည်းငယ် သောက်ပြီးနောက် နှစ်ဖက်စလုံး၏ ဆက်ဆံရေးမှာ အနည်းငယ် ပိုမိုနွေးထွေးလာသည်။ ထိုအခါ ချိုင်ယွီရှင်းက ဖြည်းညှင်းစွာ မေးလိုက်သည်။ "မင်းသားဝူ... အခုလို ကိုယ်တိုင်ကိုယ်ကျ ရောက်လာရတဲ့ အကြောင်းရင်းကို သိပါရစေဦး"
"ကျွန်တော်က မဟာဝူအင်ပါယာရဲ့ ခုနှစ်ယောက်မြောက်မင်းသား ဖြစ်ပေမဲ့ ကျွန်တော့်ရဲ့ မယ်တော်ဘက်က ဆွေမျိုးတွေကတော့ မဟာလျန်မှာ ရှိနေတာပါ။ လက်ရှိ မဟာလျန်ဧကရာဇ်က ကျွန်တော့်ရဲ့ ဦးလေးအရင်းပေါ့။ အခုရက်ပိုင်းအတွင်းမှာ ခင်ဗျားတို့ရဲ့ မဟာရှနိုင်ငံက မြောက်ကနေ တောင်အထိ နယ်မြေအားလုံးကို သိမ်းပိုက်လာခဲ့တာ အခုဆိုရင် မဟာလျန်ရဲ့ နယ်စပ်ကိုတောင် ရောက်နေပြီပဲ။ ဒါကြောင့် ကျွန်တော့်ရဲ့ ဦးလေးက စိတ်မအေးဖြစ်နေရရှာတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် ရောက်လာရတာက နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို တန်ဖိုးထားပြီး ပဋိပက္ခတွေကို အလွယ်တကူ မဖန်တီးစေချင်လို့ပါ"
ချိုင်ယွီရှင်းက ခေါင်းခါယမ်းလိုက်ပြီး "ဒီကိစ္စတွေက ကျွန်မတို့ ဆုံးဖြတ်လို့ရတဲ့ အရာတွေ မဟုတ်ဘူး။ ကျွန်မတို့အားလုံးက အရှင်မင်းကြီးရဲ့ အစေခံတွေဖြစ်လို့ အမိန့်တော်အတိုင်း နာခံကြရတာပါ"
"ဒါကို ကျွန်တော် နားလည်ပါတယ်၊ ဒါကြောင့်လည်း မဟာရှဧကရာဇ်နဲ့ တွေ့ဆုံချင်တာပေါ့။ ကျွန်တော့်ကို မိတ်ဆက်ပေးနိုင်ရင် ကျေးဇူးတင်မိမှာပါ" ဟု ဝူရှုံးယင်က ဆိုသည်။
"မင်းသားမှာ နိုင်ငံတော်အဆင့် သံတမန်စာပါသလား" ချိုင်ယွီရှင်းက မေးလိုက်သည်။
"ဒါကတော့... ကျွန်တော့်မှာ သံတမန်စာ မပါလာပါဘူး။ ကျွန်တော်က ကိုယ်ရေးကိုယ်တာအနေနဲ့ လာခဲ့တာပါ" ဝူရှုံးယင်၏ လေသံမှာ အနည်းငယ် ပျော့သွားသည်။
ချိုင်ယွီရှင်း၏ လေသံမှာလည်း ချက်ချင်းပင် အေးစက်သွားတော့သည်။ "သံတမန်စာ မပါဘဲနဲ့တော့ တွေ့ဆုံဖို့ စီစဉ်ပေးလို့ မရပါဘူး။ မင်းသား... ပြန်ပါတော့"
"ဘာဖြစ်လို့လဲ" ဝူရှုံးယင်မှာ အံ့အားသင့်သွားခဲ့သည်။
"မင်းသား သိထားသင့်တာက အရှင်မင်းကြီးဟာ အင်ပါယာနိုင်ငံတစ်ခုလုံးရဲ့ အရှင်သခင်ဖြစ်တာကြောင့် နိုင်ငံတော်ကိစ္စတွေနဲ့ အလွန်အလုပ်များနေသူပါ။ အရေးမပါတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေအတွက် အချိန်မပေးနိုင်ပါဘူး။ ဒီကိစ္စကိုသာ ကျွန်မတို့က အစီရင်ခံလိုက်ရင် အရှင်မင်းကြီးက ကျွန်မတို့ကို ပြစ်တင်ရှုတ်ချပါလိမ့်မယ်"
"ကျွန်တော် ကိုယ်တိုင်လာတာက အရေးမပါတဲ့ ကိစ္စလို့ ခင်ဗျား ပြောချင်တာလား"
"မဟုတ်လို့လား" ချိုင်ယွီရှင်းက ပြန်လည် တုံ့ပြန်လိုက်သည်။ "ကျွန်မတို့ အရှင်မင်းကြီးက အင်ပါယာနိုင်ငံတစ်ခုရဲ့ အရှင်သခင်၊ မင်းသားရဲ့ ခမည်းတော်ကလည်း အင်ပါယာနိုင်ငံတစ်ခုရဲ့ အရှင်သခင်ပဲ။ သူတို့က အဆင့်အတန်း တူညီကြတယ်။ မဟာဝူရဲ့ မင်းသားတစ်ပါးအနေနဲ့ ကြည့်ရင် မင်းသားဟာ အရှင်မင်းကြီးထက် မျိုးဆက်တစ်ဆက် နိမ့်ကျနေတာပဲ"
"မင်းသားက သံတမန်စာလည်း မပါဘဲနဲ့ လူကြီးတစ်ယောက်ကို လာတွေ့တဲ့ လူငယ်တစ်ယောက်လို ဖြစ်နေတယ်။ ပြီးတော့ ဒါက မဟာဝူနဲ့လည်း မဆိုင်တဲ့ ကိစ္စပဲ။ ဒါဟာ အရေးမပါတဲ့ ကိစ္စမဟုတ်ရင် ဘာဖြစ်ဦးမလဲ။ မင်းသားသာ ကျွန်မတို့ နေရာမှာဆိုရင် မရင်းနှီးတဲ့ လူငယ်တစ်ယောက်ကို အလွယ်တကူ တွေ့ဆုံပါ့မလား"
"ဒါပေမဲ့ ကျွန်တော်က မဟာဝူအင်ပါယာရဲ့ ခုနှစ်ယောက်မြောက်မင်းသားပဲ" ဝူရှုံးယင်က မာန်တက်စွာဖြင့် အသံမြှင့်ပြောလိုက်သည်။
ချိုင်ယွီရှင်းက နှာခေါင်းရှုံ့လိုက်ပြီး "မဟာဝူမှာ မင်းသားတွေ အများကြီး ရှိတာပဲ။ မျိုးဆက်တစ်ခုမှာတင် တစ်ဒါဇင်၊ နှစ်ဆယ်လောက် ရှိနိုင်ပြီး သုံးမျိုးဆက်ဆိုရင် ရာကျော်နေပြီ။ တစ်ခုခုက အရေအတွက် များလွန်းလာရင် တန်ဖိုး မရှိတော့ဘူး။ မင်းသားက အများကြီးထဲက တစ်ယောက်ပဲ၊ အိမ်ရှေ့စံမင်းသားတောင် မဟုတ်ဘူး။ ဘာတွေများ ဂုဏ်ယူနေတာလဲ"
ထိုနေရာရှိ လူအားလုံးမှာ ဝိုင်းဝန်းရယ်မောကြတော့သည်။
"ဗိုလ်ချုပ် ပြောတာ မှန်တယ်၊ မဟာဝူမှာ မင်းသားတွေ အများကြီးပဲ။ မင်းက အဲဒီထဲက တစ်ယောက်ပဲလေ"
"ငါ့လက်နဲ့ သတ်ခဲ့တဲ့ မင်းသားတွေတင် ၁၀ ယောက်တောင် မကတော့ဘူး"
"မင်းသားဖြစ်နေတာက ဘာမှ ထူးခြားနေတာ မဟုတ်ဘူး"
"မင်းတို့... မင်းတို့အားလုံး" ဝူရှုံးယင်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းကာ လည်ပင်းကြောများပင် ထောင်ထွက်လာသည်။ "ငါ့ကို ဒီလို မလေးမစား လုပ်ကြတာ... မဟာဝူကို စော်ကားမိမှာ မကြောက်ကြဘူးလား"
"အမှန်အတိုင်း ပြောရရင်... မကြောက်ဘူး"
ချိုင်ယွီရှင်းက ဂုဏ်ယူစွာဖြင့် ဆိုလိုက်သည်။ "ကျွန်မတို့ မဟာရှက အောက်ခြေကနေ စတင်ခဲ့ပြီး ဒီနေ့လို အခြေအနေကို ခက်ခဲစွာ တည်ဆောက်ခဲ့ရတာ။ ဘယ်လို မုန်တိုင်းတွေ၊ ဘယ်လို ရန်သူတွေကို မကြုံခဲ့ဖူးလို့လဲ။ ဒါပေမဲ့ အားလုံးကို အောင်နိုင်ခဲ့တာပဲ မဟုတ်လား"
"မဟာရှရဲ့ နယ်မြေတွေကို ကျွန်မတို့ရဲ့ သံမဏိလက်သီးတွေနဲ့ တစ်ချက်ချင်း ထိုးနှက်ပြီး သိမ်းပိုက်ခဲ့တာ။ ကျွန်မတို့ မဟာရှဟာ ရန်သူ့ရဲ့ ကရုဏာကြောင့် မဟုတ်ဘဲ ကျွန်မတို့ လက်ထဲက ဓားတွေကြောင့် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူစွာ ရပ်တည်နေနိုင်ခဲ့တာ။ ကျွန်မတို့ရဲ့ ဓားဦးတည်တဲ့ နေရာတိုင်းမှာ ရန်သူဆိုတာ အသက်ရှင်ကျန်ရစ်လေ့ မရှိဘူး"
အရာရှိများနှင့် စစ်သည်များအားလုံးမှာ စိတ်ဓာတ်များ တက်ကြွလာကြသည်။ "ဗိုလ်ချုပ် ပြောတာ အမှန်ပဲ။ ငါတို့က နယ်မြေတွေကို ကိုယ်တိုင် တိုက်ယူခဲ့တာ၊ ဘယ်သူ့ရဲ့ သနားကရုဏာကိုမှ မယူခဲ့ဘူး"
"ငါတို့တွေ တစ်ခါမှ မကြောက်ဖူးသလို၊ တစ်ခါမှလည်း မရှုံးဖူးဘူး"
"မဟာရှရဲ့ ဓားဦးတည်ရာမှာ ရန်သူဟူသမျှ အမှုန့်ဖြစ်စေရမယ်"
ချိုင်ယွီရှင်းက မျက်နှာနီမြန်းနေသော ဝူရှုံးယင်ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။ "ဒါ့အပြင် မင်းသားလေးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ မကျေနပ်မှုလေးကြောင့်နဲ့ မဟာဝူက ကျွန်မတို့ မဟာရှကို ရန်စလိမ့်မယ်လို့လည်း ကျွန်မ မယုံကြည်ဘူး"
"ဒါကြောင့် မင်းသားဝူ... ကျွန်မတို့ အရှင်မင်းကြီးနဲ့ တွေ့ချင်ရင် သံတမန်စာ ယူလာခဲ့ပါ၊ ဒါမှသာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးလို့ ရမှာ။ မပါရင်တော့ ပြန်ပါတော့။ လူတိုင်းရဲ့ အချိန်ကို မဖြုန်းပါနဲ့တော့"
အားလုံး၏ လှောင်ပြောင်သော အကြည့်များအောက်တွင် ဝူရှုံးယင်မှာ ဆက်မနေနိုင်တော့ပေ။
"ကောင်းပြီ၊ ငါပြန်သွားပြီး သံတမန်စာ တောင်းလာခဲ့မယ်။ မင်းတို့အားလုံး စောင့်နေကြဦး"
........
နှစ်နာရီခန့်အကြာတွင် ဝူရှုံးယင်သည် မဟာလျန်သို့ ပြန်ရောက်လာသည်။ မဟာလျန်ဧကရာဇ်က ချက်ချင်းပင် ထွက်ကြိုကာ စိုးရိမ်တကြီး မေးလိုက်သည်။ "ရှုံးယင်... ဘယ်လိုဖြစ်ခဲ့လဲ"
ဝူရှုံးယင်၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေသည်။ "ဦးလေး... မဟာရှက တကယ်ကို ရိုင်းစိုင်းလွန်းတယ်။ ကျွန်တော့်ကို လုံးဝ အလေးမထားဘူး။ ကျွန်တော်က ငြိမ်းချမ်းရေးအတွက် မဟာရှဧကရာဇ်နဲ့ တွေ့ဖို့ ပြောတာကို သူတို့က အခွင့်အရေး မပေးတဲ့အပြင် မောင်းထုတ်လိုက်ကြသေးတယ်"
"အိုး... အခု ဘာဆက်လုပ်ကြမလဲ" မဟာလျန်ဧကရာဇ်မှာ တစ်ဖန် ပြန်လည်စိုးရိမ်ကာ မျက်မှောင်ကြုတ်မိပြန်သည်။ မူလက ဝူရှုံးယင်၏ နောက်ခံအရှိန်အဝါကို အသုံးချပြီး မဟာရှကို သတိပေးရန် မျှော်လင့်ခဲ့သော်လည်း သူတို့က လုံးဝ အရေးမစိုက်ကြပေ။ ဤရက်ပိုင်းအတွင်း ကြိုးစားခဲ့သမျှ အားလုံးမှာ အလဟဿ ဖြစ်သွားရချေလေပြီ။
မဟာလျန်ဧကရာဇ်၏ စိတ်ပျက်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ဝူရှုံးယင်မှာ ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
"ဦးလေး မစိုးရိမ်ပါနဲ့။ ကျွန်တော် အခုချက်ချင်း ပြန်သွားပြီး ခမည်းတော်ဆီကနေ မဟာလျန်ကို အကာအကွယ်ပေးဖို့ သံတမန်စာ တောင်းပေးမယ်" ဟု ဝူရှုံးယင်က အသံကျယ်ကျယ်ဖြင့် ကတိပေးလိုက်သည်။
"ဒါက... တကယ်ပဲ ဖြစ်နိုင်ပါ့မလား" မဟာလျန်ဧကရာဇ်က ဝမ်းသာတစ်လှည့် စိုးရိမ်တစ်လှည့်ဖြင့် မေးလိုက်သည်။
"သေချာပေါက် ဖြစ်နိုင်တာပေါ့။ ခမည်းတော်က ကျွန်တော့်ကို အမြဲ အလိုလိုက်တာ။ သံတမန်စာ တစ်စောင်တောင်းတာက ဘာမှ ပြဿနာမရှိပါဘူး" ဝူရှုံးယင်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။
ကိုယ်ရေးကိုယ်တာ ကိစ္စကို နိုင်ငံတော်ကိစ္စနှင့် ရောထွေးလိုက်ခြင်းကြောင့် ခမည်းတော်က စိတ်ဆိုးနိုင်သော်လည်း သူ ဂရုမစိုက်နိုင်တော့ပေ။ သူ၏ ဒေါသကို ဖြေဖျောက်နိုင်ရန်သာ အဓိက ဖြစ်နေတော့သည်။
သို့သော် သူ အပြန်လမ်းတွင် အင်အားကြီးသော သိုင်းသမားများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ဝူရှုံးယင်နှင့် သူ၏ အခြွေအရံများမှာ အစွမ်းကုန် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် အသတ်ခံလိုက်ရလေသည်။
"မြန်မြန်... သူတို့ရဲ့ အလောင်းတွေကို မဟာရှနယ်မြေထဲ ပစ်ချလိုက်ကြ"