အခန်း (၄၈၆-၄၈၇)
Vol. 45 Ch. 486-487
အပိုင်း (၄၈၆)
ဤလျှို့ဝှက်ဆန်းပြားသော အစွမ်းထက်သိုင်းသမားတစ်စု မဟာရှနယ်မြေအတွင်းသို့ ခြေချလိုက်သည်နှင့် လင်းပိုင်ဖန်က ချက်ချင်းပင် သိရှိသွားလေသည်။
"ဒီလူတွေ ဘာလုပ်ဖို့ ကြံနေတာလဲ"
လင်းပိုင်ဖန်သည် အင်ပါယာမြေပုံကို အနီးကပ် ချဲ့ကြည့်လိုက်သည်။ အဆင့်မြင့်သိုင်းပညာရှင်တစ်စုသည် အလောင်းများထည့်ထားသော အိတ်များကို သယ်ဆောင်ကာ မဟာရှနယ်မြေအတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာကြသည်ကို မြင်လိုက်ရ၏။ ထိုအလောင်းများထဲတွင် ရွှေဝါရောင် နဂါးဝတ်ရုံကို ဆင်မြန်းထားသော လူငယ်တစ်ဦး ပါဝင်နေပြီး သူသည် မင်းမျိုးမင်းနွယ်ဖြစ်ကြောင်း အထင်အရှားပင်။
လင်းပိုင်ဖန်သည် ထိုလူငယ်ကို မမှတ်မိသော်လည်း သူဝတ်ထားသော ဝတ်ရုံကိုမူ မှတ်မိသည်။ ဤဝတ်ရုံမှာ မဟာဝူအင်ပါယာ၏ မင်းသားများသာ ဝတ်ဆင်ခွင့်ရှိသော ဝတ်ရုံဖြစ်ပြီး အလွန်ကောင်းမွန်သော ပိုးထည်များ၊ ရွှေချည်ထိုး နဂါးရုပ်ပုံလွှာများဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်ထားခြင်း ဖြစ်သည်။ ဤဝတ်ရုံတစ်ထည်တည်းနှင့်တင် ပြင်ပဈေးကွက်တွင် ငွေတေးပေါင်း ထောင်ချီတန်ကြေးရှိပေသည်။
"သူတို့ ဘာတွေများ ကြံစည်နေကြတာလဲ" လင်းပိုင်ဖန်က မျက်မှောင်ကြုတ်ကာ အကဲခတ်နေလိုက်သည်။
ထိုလူစုသည် အလောင်းများကို မဟာရှစစ်စခန်းအနီး (ယခင်က မဟာယန်နယ်မြေဖြစ်ခဲ့သော နေရာ) သို့ ဂရုတစိုက် သယ်ဆောင်လာကြသည်။
"ကဲ... ဒီနေရာပဲ" ဟု ခေါင်းဆောင်ဖြစ်ဟသူက ဆိုလိုက်သည်။
"နှစ်ယောက်က အခြေအနေကို စောင့်ကြည့်၊ ကျန်တဲ့သူတွေက ပြန်ပြီး အစီရင်ခံကြ၊ တာဝန်ပြီးဆုံးပြီလို့ ပြောလိုက်တော့"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်" အားလုံးက ညီညာစွာ ပြန်ထူးကြသည်။
ထိုစဉ် အခြေအနေမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ သူတို့ရပ်နေသော မြေပြင်မှာ ရုတ်တရက် ပြိုကျသွားလေတော့၏။
"ဘာဖြစ်တာလဲ... မြေငလျင်လှုပ်တာလား"
မမျှော်လင့်ဘဲ ကြုံလိုက်ရသဖြင့် ထိုလူတစ်စုနှင့် အလောင်းများမှာ မြေအောက်သို့ ပြုတ်ကျသွားကြသည်။ အမှောင်ထုဖုံးလွှမ်းနေသော တွင်းနက်ကြီးထဲတွင် သူတို့ကိုယ်သူတို့ ပြန်လည်ထိန်းလိုက်သော်လည်း မည်သည့်ဘက်တွင်မျှ ထွက်ပေါက်ကို ရှာမတွေ့တော့ပေ။ အပေါ်က ပြုတ်ကျလာခဲ့သော်လည်း အပေါ်သို့ ပြန်ကြည့်သည့်အခါတွင်လည်း ထွက်ပေါက်က ပျောက်ကွယ်နေသဖြင့် သူတို့အားလုံး ထိတ်လန့်သွားကြသည်။
ထိုစဉ် ဝူးခနဲ အသံနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်။
"ဘယ်သူလဲ" သူတို့အားလုံး လက်နက်များကို အသင့်ပြင်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်လိုက်ကြသည်။
ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ "မင်းတို့က ဘယ်သူတွေလဲ၊ ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ"
"ငါတို့ကို ဒီမှာ ပိတ်လှောင်ထားတာ ဘယ်သူလဲ" ခေါင်းဆောင်ဖြစ်သူက အသံလာရာကို လိုက်ရှာသော်လည်း မတွေ့ပေ။ ထိုအသံမှာ အရပ်မျက်နှာ အနှံ့အပြားမှ ထွက်ပေါ်နေပြီး လူသားတစ်ယောက်၏ အသံနှင့်ပင် မတူတော့ပေ။
"ငါမေးတာကိုပဲ ဖြေစမ်း၊ မဆိုင်တာတွေ မပြောနဲ့"
"တိုက်ခိုက်ကြ"
သူတို့အားလုံး ထွက်ပေါက်ရလိုရငြား နံရံများကို အစွမ်းကုန် တိုက်ခိုက်ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
"သင်ခန်းစာ မရသေးဘူးပဲ၊ ဒါဆိုရင်တော့ မင်းတို့ကို ပညာပေးရတော့မှာပေါ့"
ထိုအသံ ဆုံးသည်နှင့် နံရံများမှ တရှုရှုအသံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဦးခေါင်းလေးများ တစ်ခုပြီးတစ်ခု ထွက်လာကြသည်။ သေချာကြည့်လိုက်သည့်အခါတွင်မူ မြွေများ ဖြစ်နေတော့သည်။ မြွေတစ်ကောင်စ နှစ်ကောင်စ မဟုတ်ဘဲ ထောင်သောင်းချီသော မြွေများမှာ နံရံများပေါ်တွင် ပြည့်နှက်နေပြီး သူတို့ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဤမျှများပြားလှသော မြွေများကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ ကြက်သီးမွေးညင်းများ ထသွားကြတော့သည်။
ဤမျှများပြားလှသော မြွေများကို စေခိုင်းနိုင်သည့်သူမှာ မည်မျှအစွမ်းထက်လိုက်မည်နည်း။
ထိုစဉ် မြွေများမှာ လေးမှပစ်လိုက်သော မြားများကဲ့သို့ သူတို့ကို တိုက်ခိုက်တော့သည်။ သူတို့အားလုံး အစွမ်းကုန် ခုခံကြသော်လည်း မြွေများမှာ သတ်လေများလေ ဖြစ်နေတော့သည်။ ဂူအတွင်း၌ မြွေအလောင်းများမှာ ဒူးဆစ်ခန့်အထိ ပုံလာပြီး ပုပ်စပ်စပ် အနံ့အသက်များ ထွက်ပေါ်လာသည်။ ခွန်အားနိမ့်သော သူအချို့မှာ မြွေများ၏ ကိုက်ခဲမှုကြောင့် သေဆုံးသွားကြရသည်။
ရုတ်တရက် မြွေများအားလုံး နောက်ဆုတ်သွားကြပြီး မြွေအလောင်းများပါ တစ်စုံတစ်ရာ အစအန မကျန် ပျောက်ကွယ်သွားသည်။ ဤထူးဆန်းသော ဖြစ်ရပ်ကြောင့် လူတိုင်း အံ့အားသင့်ကာ ထိတ်လန့်နေကြတော့သည်။ သူတို့ ဘယ်လို နတ်ဘုရားနဲ့ တိုးနေတာပါလိမ့်။
"ဒါက အမြည်းပဲ ရှိသေးတယ်၊ အခု ပြောဖို့ အဆင်သင့် ဖြစ်ပြီလား" အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ဘာကို ပြောရမှာလဲ ကျွန်တော်တို့ မသိဘူး" ဟု ခေါင်းဆောင်က ခပ်တည်တည်ဖြင့် ပြန်ပြောသည်။
"သင်ခန်းစာက နည်းနေသေးတဲ့ပုံပဲ"
နံရံများ ထပ်မံ လှုပ်ရှားလာပြန်သည်။ ယခုတစ်ကြိမ်မှာ မြွေများ မဟုတ်ဘဲ ကုဋေကုဋာမကသော ပုရွက်ဆိတ်များ ဖြစ်သည်။ သူတို့က အချိန်အတော်ကြာအောင် အောင့်အည်း သည်းခံနေကြသဖြင့် လင်းပိုင်ဖန်က ချီးကျူးသည့်အနေနှင့် ကြွက်များဖြင့် လဲလိုက်ပြန်သည်။ ကြွက်များနှင့် မရသည့်အခါ လောက်များ၊ ထို့နောက် ပိုးဟတ်များနှင့် ကျိုင်းကောင်များ စသည်တို့ဖြင့်…..
အတိုချုပ်ပြောရလျှင် လင်းပိုင်ဖန်သည် သူစဉ်းစားမိသမျှ ရွံရှာဖွယ်ကောင်းသော နည်းလမ်းမှန်သမျှကို အသုံးပြုလိုက်ရာ နောက်ဆုံးတွင် သူတို့ စိတ်ဓာတ်ကျဆင်းသွားပြီး သိသမျှအားလုံးကို ဖွင့်ပြောလိုက်ကြတော့သည်။ ထိုအခါမှသာ လင်းပိုင်ဖန်က သူတို့ကို အမြန်ဆုံး သေဆုံးခွင့် ပေးလိုက်သည်။
ဤလူစုမှာ အရှင်သခင်ကိုပင် မသိရဘဲ ခိုင်းစေသမျှကို လုပ်ဆောင်ရသော အသေခံ စစ်သည်တော်များ သာ ဖြစ်ကြသည်။ ထို့ကြောင့် လင်းပိုင်ဖန်သည် နောက်ကွယ်က ကြိုးကိုင်သူကို ရှာမတွေ့ခဲ့ပေ။
သူတို့၏ တာဝန်မှာ မဟာဝူ၏ ခုနှစ်ယောက်မြောက် မင်းသား ဝူရှုံးယင်ကို လုပ်ကြံပြီး အလောင်းကို မဟာရှနယ်မြေအတွင်း ထားခဲ့ရန် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မဟာရှကို အပြစ်ပုံချကာ အင်ပါယာနှစ်ခုကြား ပဋိပက္ခဖြစ်အောင် ဖန်တီးရန် ဖြစ်သည်။ ဤနည်းလမ်းမှာ ဟာကွက်များ ရှိနေသော်လည်း တစ်ခါတရံတွင် အလွန်ထိရောက်တတ်သည်။ မဟာရှနှင့် မဟာဝူတို့ ဆန္ဒရှိရှိ မရှိရှိ ဤကိစ္စကြောင့် ပဋိပက္ခဖြစ်လာမည်ဖြစ်ပြီး နောက်ကွယ်က လူကတော့ ကြားကနေ အမြတ်ထုတ်မည် ဖြစ်သည်။
"ငါ့ကို ဒုက္ခပေးချင်နေတဲ့သူက ဘယ်သူပါလိမ့်" လင်းပိုင်ဖန် စဉ်းစားနေမိသည်။
မဟာရှ အင်ပါယာ တည်ထောင်ပြီးကတည်းက လျှို့ဝှက်ဆန်းပြားပြီး အင်အားကြီးသော အဖွဲ့အစည်းတစ်ခုက သူတို့ကို ပစ်မှတ်ထားနေသည်ကို လင်းပိုင်ဖန် သတိထားမိခဲ့သည်။ ဥပမာအားဖြင့် မဟာရှကို နှိမ်နင်းရန် ဝတ်ရုံစိမ်းမျှော်စင်ကို ငွေတေး သန်း ၃၀ ပေးပြီး ငှားရမ်းခဲ့သည်မှာ အင်အားမကြီးလျှင် မည်သို့မျှ မဖြစ်နိုင်ပေ။ ယခုတစ်ကြိမ်တွင်လည်း အဆင့်မြင့် အသေခံ စစ်သည်များကို အသုံးပြုထားပြန်သည်။
အကယ်၍ လင်းပိုင်ဖန်သာ အင်ပါယာမြေပုံ မရှိခဲ့လျှင် သူတို့ အောင်မြင်သွားနိုင်ပြီး မဟာရှ၏ တိုးတက်မှုကို နှောင့်နှေးစေမည်မှာ အမှန်ပင်။ အစီအစဉ်တစ်ခု မအောင်မြင်လျှင် နောက်ထပ် အစီအစဉ်သစ်များဖြင့် ထပ်မံ နှောင့်ယှက်နေဦးမည် ဖြစ်သည်။
"...ဒါက ဘယ်သူဖြစ်နိုင်မလဲ"
လင်းပိုင်ဖန် အလေးအနက် စဉ်းစားသော်လည်း အဖြေရှာမရပေ။ အကြောင်းမှာ သူသည် နယ်မြေသိမ်းပိုက်စဉ်က ကြီးမြတ်သော မျိုးနွယ်စုများ၊ သူဌေးကြီးများနှင့် သိုင်းလောကမှ ဂိုဏ်းပေါင်းစုံကို ရန်စခဲ့မိသောကြောင့် ရန်သူမှာ မရေမတွက်နိုင်အောင် များပြားလှသည်။ အိမ်နီးချင်းနိုင်ငံများကလည်း မဟာရှ တိုးတက်လာသည်ကို ကြည့်နေကြမည် မဟုတ်ပေ။
"ဒါကြောင့် အင်အားကြီးမားနေတာက ရာဇဝတ်မှုတစ်ခုလို ဖြစ်နေတာပဲ၊ ထူးချွန်လွန်းရင်လည်း ပစ်မှတ်ထားခံရတာပဲ။ ဘယ်အင်ပါယာမှတော့ ချောချောမွေ့မွေ့ တိုးတက်လာတာ မရှိဘူးပဲလေ။ တစ်ချိန်က ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ကောင်းကင်ခန်တောင်မှ ကမ္ဘာတစ်ခုလုံးကို ရန်သူတော် လုပ်ခဲ့ရတာပဲ မဟုတ်လား"
လင်းပိုင်ဖန်သည် သက်ပြင်းချလိုက်ရင်း သူကိုယ်တိုင်လည်း ထိုလမ်းစဉ်အတိုင်း လျှောက်လှမ်းနေရပြီဟု ခံစားလိုက်ရသည်။
"ထားလိုက်ပါတော့၊ စဉ်းစားလို့မရတာကို တွေးမနေတော့ဘူး။ ပြဿနာလာရင် လာသလို ရှင်းလိုက်ရုံပဲ။ ငါ့နယ်မြေထဲမှာတော့ ဘယ်သူမှ လာပြီး လုပ်ချင်သလို လုပ်လို့ မရစေရဘူး" ဟု လင်းပိုင်ဖန်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်လေသည်။
အပိုင်း (၄၈၇)
ထိုအချိန်တွင် အမှောင်ထဲ၌ ရှိနေသူများသည် သူတို့စေလွှတ်လိုက်သော လူများနှင့် အဆက်အသွယ် ပြတ်တောက်သွားသဖြင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။
"သူတို့ မဟာရှနယ်မြေထဲ ခြေချတာ တစ်ရက်ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ် အစအနပါမကျန် ပျောက်ကွယ်သွားရတာလဲ။ ဒါက ရိုးရိုးရှင်းရှင်း တာဝန်လေးတစ်ခုပဲကို"
"ဟုတ်ပလေ၊ သူတို့လုပ်ရမှာက အလောင်းတွေကို သတ်မှတ်ထားတဲ့နေရာဆီ သယ်သွားဖို့ပဲလေ။ သူတို့ရဲ့ အစွမ်းနဲ့ဆိုရင် ဒါကို မလုပ်နိုင်စရာ အကြောင်းမရှိဘူး"
"မဟာရှဘက်ကများ ရိပ်မိသွားတာလား"
"အစီအစဉ် ပေါက်ကြားသွားတယ်ဆိုရင်တောင် သတင်းတစ်ခုခုတော့ ပါးနိုင်ရမှာပေါ့။ သူတို့ရဲ့ အရည်အချင်းနဲ့ဆိုရင် ကောင်းကင်အဆင့်နဲ့ မတိုးသရွေ့ ဘယ်လိုအန္တရာယ်မျိုးကိုမဆို ကျော်လွှားနိုင်ရမှာ။ အခုလို ဘာသတင်းမှ မရှိတော့ဘူးဆိုတာ သူတို့အားလုံး သေသွားပြီလို့ပဲ အဓိပ္ပာယ်ရတယ်။ မဟာရှနယ်မြေက ဝင်သမျှလူ အသက်ပျောက်ရတဲ့ နဂါးတွင်းကြီးများ ဖြစ်နေလို့လား"
"ဒါက မယုံနိုင်စရာပဲ၊ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ"
"ဒါတွေကို ခဏထားလိုက်။ ငါတို့ ပြင်ဆင်လာတာ ကြာပြီပဲ၊ မူလအစီအစဉ်အတိုင်းပဲ ဆက်သွားမယ်"
မကြာမီမှာပင် သိုင်းလောကအတွင်း၌ အခြေအမြစ်မရှိသော ကောလာဟလတစ်ခု ပျံ့နှံ့လာတော့သည်။
မဟာဝူအင်ပါယာ၏ ခုနှစ်ေယာက်မြောက်မင်းသား ဝူရှုံးယင်သည် မဟာလျန်နိုင်ငံရှိ ဆွေမျိုးများထံ အလည်အပတ်သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်စဉ် ဦးလေးဖြစ်သူမှာ မဟာရှနှင့် ပတ်သက်သော ကိစ္စရပ်များကြောင့် စိတ်သောကရောက်နေသည်ကို မြင်သဖြင့် ဖြေရှင်းချက်တောင်းရန် မဟာရှနယ်မြေသို့ သွားရောက်ခဲ့သည်။ ထိုတွင် အခြေအမြစ်မရှိသော အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် မဟာရှဘက်မှ သူ့ကို လျှို့ဝှက်သတ်ဖြတ်လိုက်သည်ဟူသော ကောလာဟလပင် ဖြစ်သည်။
ဤကိစ္စသည် အင်ပါယာနှစ်ခုနှင့် ပတ်သက်နေသဖြင့် လူထုကြားတွင် ရုတ်ချည်းပင် အကြီးအကျယ် ဟိုးလေးတကျော် ဖြစ်သွားလေတော့သည်။
"မဟာရှက မဟာဝူရဲ့ မင်းသားကို သတ်လိုက်တယ် ဟုတ်လား။ ဒါက မဖြစ်နိုင်တာ။ နှစ်ဖက်စလုံး အဆင်မပြေဖြစ်ခဲ့ရင်တောင် ဒီလောက်အထိ လုပ်စရာ အကြောင်းမရှိဘူး"
"ငါလည်း ဒီသတင်းက အတုလို့ပဲ ထင်တယ်။ နှစ်ဖက်စလုံးမှာ သိသာလှတဲ့ ရန်ငြိုးလည်း မရှိဘူး။ ဒီလိုလုပ်လို့လည်း ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အဆိုးပဲ ဖြစ်လာမှာ။ ဒါက သက်သက် ကောလာဟလပဲ ဖြစ်မှာပါ"
"ဒါပေမဲ့လည်း အတတ်ပြောလို့တော့ မရဘူးနော်။ အမှန်ဆိုရင် မဟာရှက ဒါမျိုးမလုပ်လောက်ပေမယ့် မဟာရှဧကရာဇ်ကတော့ လုပ်ရင်လုပ်မှာ။ မဟာလော့မင်းဆက်တုန်းက တာအိုဂိုဏ်းရဲ့ ထောက်ပံ့မှုရှိတာတောင် မဟာရှဧကရာဇ်က စစ်တပ်လွှတ်ပြီး တိုက်ခိုက်ရဲသေးတာပဲ။ သူ ဘာမလုပ်ရဲတာ ရှိမှာလဲ"
"ဒီလူပြောတာ ဟုတ်သလိုပဲ။ မဟာရှဧကရာဇ်ရဲ့ လုပ်ရပ်တွေကို သာမန်အတွေးနဲ့ တိုင်းတာလို့ မရဘူးဆိုတာ မမေ့နဲ့။ ဒါကြောင့် သူ တခြားအင်ပါယာကလူကို သတ်လိုက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး"
"ဘာမှ ဆက်မပြောနဲ့တော့။ အခုက မဟာဝူအင်ပါယာက ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်"
........
သဘာဝအတိုင်းပင် ထိုကောလာဟလမှာ မဟာဝူအင်ပါယာသို့ ရောက်ရှိသွားသော်လည်း သူတို့က အလေးအနက် မထားခဲ့ကြပေ။
အကြောင်းမှာ မည်သည့်ရန်ငြိုးမျှ မရှိဘဲနှင့် မဟာရှက သူတို့၏ မင်းသားကို အကြောင်းမဲ့ သတ်ဖြတ်စရာ အကြောင်းမရှိသောကြောင့် ဖြစ်သည်။ ၎င်းမှာ မည်သည့်အကျိုးကျေးဇူးမှ မရှိဘဲ ဒုက္ခကို လက်တို့ခေါ်သလိုသာ ဖြစ်ပေလိမ့်မည်။
သို့သော် ဝူရှုံးယင်နှင့် လုံးဝ အဆက်အသွယ် မရတော့သည့်အခါမှသာ တစ်ခုခုတော့ အကြီးအကျယ် လွဲချော်နေပြီဖြစ်ကြောင်း သူတို့ သိရှိသွားကြသည်။
ထိုအခါ အမျက်ရှနေသော မဟာဝူဧကရာဇ်က အဖြစ်မှန်ကို စုံစမ်းရန်နှင့် ခုနှစ်ယောက်မြောက်မင်းသားကို ရှာဖွေရန် အမိန့်ထုတ်ပြန်လိုက်သည်။ မင်းသားကို အရှင်မိမိ၊ အသေမိမိ ပြန်တွေ့အောင် ရှာရန် ရာဇသံ ပေးလိုက်လေသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ခရီးတာ ထောင်ချီနှင်၍ မဟာလျန်မင်းဆက်သို့ ရောက်ရှိလာခဲ့သည်။
မဟာလျန်ဧကရာဇ်က သူတို့ကို ခမ်းနားစွာ ကြိုဆိုခဲ့သည်။ သို့သော် အဖွဲ့ခေါင်းဆောင်ကမူ ထိုကြိုဆိုမှုကို ဂရုမစိုက်ဘဲ အေးစက်စွာ ဆိုလိုက်သည်။
"မဟာလျန်ဧကရာဇ်၊ ခုနှစ်ယောက်မြောက်မင်းသား ပျောက်ဆုံးနေတဲ့အတွက် အရှင်မင်းကြီးက အလွန်အမျက်ထွက်နေတယ်။ ဒါကြောင့် အဖြစ်မှန်ကို စုံစမ်းဖို့ ကျုပ်တို့ကို စေလွှတ်လိုက်တာပဲ။ အချိန်က အလွန်တန်ဖိုးရှိတဲ့အတွက်ကြောင့် အပိုလုပ်ထုံးလုပ်နည်းတွေကို ဘေးဖယ်ထားလိုက်ကြရအောင်။ ကျုပ် မေးတာတွေကို အမှန်အတိုင်း ဖြေပေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်"
"ဒါပေါ့... ကျွန်တော် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှာပါ" မဟာလျန်ဧကရာဇ်သည် အလွန်နှိမ့်ချသော အနေအထားဖြင့် ဦးညွှတ်ကာ ပြန်ပြောလိုက်သည်။
အခြားတစ်ဖက်မှလူမှာ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းသမားတစ်ဦးသာ ဖြစ်သော်လည်း သူသည် မဟာဝူဧကရာဇ်ကို ကိုယ်စားပြုသော တော်ဝင် တမန်တော်နှင့် တူညီပေသည်။ သူကိုယ်တိုင်မှာ မင်းဆက်တစ်ခု၏ ဧကရာဇ်ဖြစ်သော်လည်း မဟာဝူဧကရာဇ်နှင့် ယှဉ်လျှင်မူ အလွန်ကွာခြားလှသဖြင့် မည်သည့်အခြေအနေတွင်မှ ထိုသူများကို မပြစ်မှားရဲပေ။
"ပူးပေါင်းဆောင်ရွက်ပေးတာ ကျေးဇူးတင်ပါတယ်"
အဖွဲ့ခေါင်းဆောင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားသော်လည်း အေးစက်စက် လေသံဖြင့်ပင် မေးမြန်းလိုက်သည်။ "မဟာလျန်ဧကရာဇ်၊ ခုနှစ်ယောက်မြောက်မင်းသား ဘယ်တုန်းက ရောက်လာတာလဲ။ ဒီမှာ ဘယ်နှစ်ရက်ကြာခဲ့သလဲ။ ဘာတွေလုပ်ခဲ့ပြီး ဘယ်သူတွေနဲ့ ပဋိပက္ခဖြစ်ခဲ့သေးလဲ"
မဟာလျန်ဧကရာဇ်သည် မည်သည့်အချက်ကိုမျှ မချန်ဘဲ အမှန်အတိုင်း ဖြေကြားခဲ့သည်။
ထို့နောက် အဖွဲ့ခေါင်းဆောင်သည် မဟာလျန်မှ အရာရှိအချို့ကို ဆက်လက်စစ်ဆေးခဲ့ရာ အားလုံးက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ စုံစမ်းစစ်ဆေးသူများသည် ဤအမှု၏ အစအဆုံး အကြမ်းဖျင်း ပုံဖော်နိုင်ခဲ့ကြသည်။
ထိုအခါမှ မဟာလျန်ဧကရာဇ်က သတိကြီးစွာဖြင့် မေးလိုက်သည်။ "ကျွန်တော့်တူတော်မောင်ရှုံးယင်... ဆိုလိုတာက ခုနှစ်ယောက်မြောက်မင်းသားက တကယ်ပဲ အန္တရာယ်နဲ့ တွေ့နေတာလား"
အဖွဲ့ခေါင်းဆောင်က ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။ "အခုထိတော့ အတည်မပြုနိုင်သေးဘူး၊ ဒါပေမဲ့ မင်းသား ပျောက်ဆုံးနေတာကတော့ အမှန်ပဲ။ ဒါကြောင့်လည်း အရှင်မင်းကြီးက အဖြစ်မှန်ကို စုံစမ်းပြီး မင်းသားကို ရှာဖွေဖို့ ကျွန်တော်တို့ကို လွှတ်လိုက်တာပါ"
မဟာလျန်ဧကရာဇ်၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
ခုနှစ်ယောက်မြောက်မင်းသား ပျောက်ဆုံးမှုအတွက် သူကိုယ်တိုင်တွင် တာဝန်မရှိသော်လည်း ဤကိစ္စမှာ သူ့ကြောင့် အစပြုခဲ့ခြင်း ဖြစ်သည်။ အကယ်၍ မင်းသား တစ်ခုခုဖြစ်သွားခဲ့ပါက သူလည်း အခက်တွေ့ပေလိမ့်မည်။ အနည်းဆုံးတော့ သူ၏ တော်ဝင်ညီမတော်နှင့် ဆက်ဆံရေးမှာ ပြတ်တောက်သွားနိုင်ပြီး သူမ၏ ဩဇာအရှိန်အဝါကိုလည်း အသုံးချနိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်တွင် အဖွဲ့ခေါင်းဆောင်က ပစ္စည်းများကို သိမ်းဆည်းရင်း အားလုံးကို ပြောလိုက်သည်။ "အားလုံးပဲ ပူးပေါင်းဆောင်ရွက်ပေးတာ ကျေးဇူးတင်ပါတယ်။ အကယ်၍ နောက်ပိုင်းမှာ အရေးကြီးတဲ့ သတင်းအချက်အလက် တစ်ခုခု သတိရလာခဲ့ရင် ကျုပ်တို့ကို အသိပေးပါ။ ကျွန်တော်တို့ အလွန်ကျေးဇူးတင်မှာပါ"
"ဒါပေါ့... ကျိန်းသေပေါက် အသိပေးပါ့မယ်" အားလုံးက ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
"သွားကြစို့"