အခန်း (၄၈၈-၄၉၀)
Vol. 45 Ch. 488-490
အပိုင်း (၄၈၈)
မဟာဝူအင်ပါယာမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မြို့တော်မှ ထွက်ခွာလာပြီးနောက် အဖွဲ့ခေါင်းဆောင်က ဘေးရှိ သာမန်ရုပ်ရည်ရှိသူတစ်ဦးဘက်သို့ လှည့်၍ မေးလိုက်သည်။ "အခြေအနေ ဘယ်လိုရှိလဲ"
ထိုသူသည် ရုပ်ရည်မှာလည်း မထင်မရှား၊ သိုင်းပညာမှာလည်း အလယ်အလတ်အဆင့်သာ ရှိသော်လည်း ထူးခြားဆန်းပြားသော ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။
ထူးခြားဆန်းပြားသော ပါရမီရှင်ဟု ဆိုရာ၌ ထူးကဲသော စွမ်းရည်ပိုင်ရှင်များကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသူတို့သည် သိုင်းပညာတွင် ထူးချွန်ချင်မှ ထူးချွန်မည်ဖြစ်သော်လည်း အရေးကြီးသော အချိန်များတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လေ့ရှိကြသည်။
အစဉ်အလာကြီးမားသော နိုင်ငံတိုင်းတွင် ထိုကဲ့သို့သော လူမျိုးများကို မွေးမြူထားလေ့ ရှိကြသည်။
လင်းပိုင်ဖန်ရှိရာ မဟာရှနိုင်ငံတွင်လည်း ထိုသို့သော လူစုတစ်စု ရှိပေသည်။ ကောင်းကင်ဘုံ၏ အလိုတော်ကို သိမြင်ပြီး ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်သော ယွမ်ထျန်းကန်းနှင့် နိပုတ၊ ခွေးထက်ပင် နှာခေါင်းကောင်းသော နတ်ခွေးစုံထောက်၊ ထောင်ပေါင်းများစွာသော စစ်သည်တော်များကို မိန်းမောတွေဝေသွားအောင် လုပ်နိုင်သော ကောင်းကင်၊ မြေပြင်နှင့် လူသား စစ်သူကြီးသုံးဦး၊ ထိပ်တန်း ဖုန်းရွှေပညာရှင် သခင် ဟူ၊ ဂူဗိမာန်တူးဖော်သူ ဝူရှဲ့နှင့် ဝမ်ပန်းကျီတို့အားလုံးမှာ ထူးခြားဆန်းပြားသော ပုဂ္ဂိုလ်များပင် ဖြစ်ကြသည်။
ကမ္ဘာပေါ်ရှိ အင်ပါယာကြီး လေးခုအနက် တစ်ခုအပါအဝင်ဖြစ်သော မဟာဝူအင်ပါယာသည်လည်း အစဉ်အလာ နက်ရှိုင်းလှသဖြင့် ထိုသို့သော ပုဂ္ဂိုလ်များ ကျိန်းသေပေါက် ရှိပေသည်။
ထိုသူမှာ ၎င်းတို့ထဲမှ တစ်ဦးဖြစ်ပြီး "ရှင်းယန် (စိတ်မျက်စိ)" ဟု လူသိများသည်။ အကြောင်းမှာ သူ၌ "စိတ်အာရုံ ထိုးဖောက်မြင်ခြင်း" အမည်ရှိသော စွမ်းရည် ရှိသောကြောင့် ဖြစ်သည်။ ထိုစွမ်းရည်မှာ လူတို့၏ စိတ်ကို ထိုးဖောက်မြင်နိုင်ပြီး စကားထဲမှ အမှန်နှင့် အလိမ်ကို ခွဲခြားနိုင်သည်။ ဤစွမ်းရည်သည် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများတွင် အလွန်ထိရောက်လှသည်။
အားလုံးက စောင့်ကြည့်နေစဉ် ထိုသူက ခေါင်းခါပြလိုက်သည်။ "သူတို့ထဲက ဘယ်သူမှ လိမ်မပြောကြဘူး"
"ကောင်းပြီ"
အဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်လိုက်ရင်း "ကြည့်ရတာ ခုနစ်ယောက်မြောက်မင်းသား ပျောက်ဆုံးတာက သူတို့နဲ့ မပတ်သက်ဘူးပဲ။ သူတို့ပြောစကားအရဆိုရင် ခုနစ်ယောက်မြောက်မင်းသားက မဟာရှမှာ တကယ်ပဲ စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ ကြုံခဲ့ပုံရတယ်။ အခု ငါတို့ မဟာရှကိုသွားပြီး အခြေအနေကို စုံစမ်းကြမယ်"
ထိုအဖွဲ့သည် နယ်စပ်ကို ဖြတ်ကျော်ကာ မဟာရှနိုင်ငံဘက်သို့ ဦးတည်သွားကြတော့သည်။
မကြာမီမှာပင် သူတို့သည် မဟာယန်မင်းဆက်ဟောင်း နယ်မြေအတွင်းရှိ ဗိုလ်ချုပ် ချိုင်ယွီရှင်း နှင့် အခြားသူများကို တွေ့ဆုံခဲ့ကြသည်။
"ကျုပ်တို့ ဒီကိုလာတာက ခုနစ်ယောက်မြောက်မင်းသား ကိစ္စအတွက်ပါ။ မင်းသားက အကြောင်းမဲ့ ပျောက်ဆုံးသွားတဲ့အတွက် အရှင်မင်းကြီးက အလွန်စိုးရိမ်တော်မူနေပါတယ်။ ဒါကြောင့် အဖြစ်မှန်ကို စုံစမ်းဖို့ ကျုပ်တို့ကို အထူးစေလွှတ်လိုက်တာပဲ။ အရင်က မင်းသား ဒီကိုလာတုန်းက မင်းတို့ မဟာရှနဲ့ အဆင်မပြေဖြစ်ခဲ့တာတွေ ရှိခဲ့တယ်။ မင်းသား ပျောက်ဆုံးတာက ဒါနဲ့ ပတ်သက်နေနိုင်လို့ မင်းသားရဲ့ သတင်းအစအနကို သိရအောင် ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်" ဟု အဖွဲ့ခေါင်းဆောင်က အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။
ချိုင်ယွီရှင်းက မျက်မှောင်ကြုတ်လိုက်သည်။
မူလက သူမသည် တစ်ဖက်လူနှင့် တွေ့ဆုံရန် သဘောတူခဲ့ခြင်းမှာ အခြေအနေကို သိရှိလိုသောကြောင့် ဖြစ်သည်။ အဆုံးတွင်တော့ မဟာရှသည် အလကားနေရင်း အပြစ်ပုံချခံထားရသဖြင့် မည်သူမဆို စိတ်ထဲတွင်တော့ သက်သောင့်သက်သာ မရှိလှပေ။
သို့သော် တစ်ဖက်လူ၏ မောက်မာသော လေသံက သူမကို စိတ်ပျက်သွားစေသည်။
သူမက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး "ငါတို့ကို အဲဒီလို လေသံမျိုးနဲ့ လာမပြောနဲ့။ ငါတို့က မဟာရှရဲ့ နိုင်ငံသားတွေ၊ မင်းတို့ မဟာဝူနဲ့ ဘာမှ မပတ်သက်ဘူး။ ငါတို့ကို အမိန့်ပေးပိုင်ခွင့် မရှိဘူး။ ပြီးတော့ မင်းတို့မင်းသားရဲ့ အသေအပျောက်က မဟာရှနဲ့ ဘာဆိုင်လို့လဲ။ ငါတို့က ကူညီချင်လို့ ကူညီတာက စေတနာအရပဲ။ မကူညီဘူးဆိုရင်ရော မင်းတို့ ဘာလုပ်နိုင်မှာလဲ။ မင်းတို့က ဒီလိုပဲ ဆက်ပြီး အကျိုးအကြောင်းမရှိ ဖြစ်နေမယ်ဆိုရင်တော့ ပြန်ဖို့ လမ်းပြပေးရလိမ့်မယ်"
"ဟုတ်တယ်၊ ငါတို့က မဟာရှသားတွေပဲ။ မင်းတို့စကားကို နားထောင်စရာ မလိုဘူး"
"ကူညီချင်ရင် ကူညီမယ်၊ မကူညီချင်ရင် မကူညီဘူးကွာ။ မင်းတို့ ဘာလုပ်နိုင်မှာလဲ"
"မဟာဝူကလာတာဆိုပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ ငါတို့ကတော့ မျက်စိထဲမထည့်ဘူး"
လူတိုင်းက မကျေမနပ် ဝိုင်းပြောကြသဖြင့် အခြေအနေမှာ အတော်လေး တင်းမာသွားတော့သည်။
"မင်းတို့ ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ" မဟာဝူဘက်မှ လူငယ်တစ်ဦးက ရှေ့သို့ တိုးလာကာ ဓားကို ဆွဲထုတ်၍ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"တော်တော့... နောက်ဆုတ်စမ်း" အဖွဲ့ခေါင်းဆောင်က ရှေ့သို့တက်ကာ သူ့ကို တားလိုက်သည်။
သူက မဟာရှနိုင်ငံသားများကို အကဲခတ်ကာ ဦးညွှတ်လိုက်ပြီး တောင်းပန်သည့် လေသံဖြင့် ဆိုလိုက်သည်။ "စောစောက ကျုပ် စော်ကားမိသွားပါတယ်။ ဒါက မင်းသား ပျောက်ဆုံးနေတာကြောင့် အရှင်မင်းကြီးက အလွန်စိုးရိမ်နေပြီး ကျုပ်တို့ကလည်း အရှင်မင်းကြီးရဲ့ သောကကို ကိုယ်ချင်းစာမိလို့ စိတ်လောသွားတဲ့အတွက် အခုလို ရိုင်းစိုင်းမိသွားတာပါ။ ဒါအတွက် ကျုပ် တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးကြဖို့လည်း မျှော်လင့်ပါတယ်"
ချိုင်ယွီရှင်းလည်း စိတ်အနည်းငယ် လျော့သွားပြီး တစ်ဖက်လူကို အထင်ကြီးသွားသည်။ ဤသူသည် လိုအပ်လျှင် နှိမ့်ချတတ်ပြီး လိုအပ်လျှင်လည်း မားမားမတ်မတ် ရပ်တည်နိုင်သူဖြစ်ရာ မဟာဝူဧကရာဇ်က အရေးကြီးသော တာဝန်ကို ပေးအပ်သည်မှာ မဆန်းတော့ပေ။
ချိုင်ယွီရှင်းက ဘေးနားရှိ ထိုင်ခုံများကို ညွှန်ပြကာ "ထိုင်ကြပါ၊ ထိုင်ရင်းနဲ့ပဲ စကားပြောကြရအောင်"
"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ချိုင်၊ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"
သူတို့ ထိုင်လိုက်ကြပြီးနောက် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ကြသည်။ အမေးအဖြေလုပ်ရင်း အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
နာရီဝက်ခန့်အကြာတွင် သူတို့ ပြန်ရန် ထလိုက်ကြသည်။
"ဧည့်ခံကျွေးမွေးမှုနဲ့ ကူညီပေးမှုတွေအတွက် ဗိုလ်ချုပ်ချိုင်နဲ့ သူရဲကောင်းအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့မှာ အရေးကြီးတဲ့ တာဝန်ရှိနေသေးလို့ အခုတော့ နှုတ်ဆက်ခဲ့ပါတယ်။ နောက်နေ့မှပဲ အားလုံးကို အရက်နဲ့ ပြန်ပြီး ဧည့်ခံပါရစေ" ဟု အဖွဲ့ခေါင်းဆောင်က ယဉ်ကျေးစွာ ဆိုလိုက်သည်။
ချိုင်ယွီရှင်းက နားလည်စွာ ခေါင်းညိတ်ပြလိုက်ပြီး "ပြန်တော့မယ်ဆိုရင်လည်း လမ်းခရီးမှာ ဂရုစိုက်ပါ"
"နှုတ်ဆက်ပါတယ်"
……
စစ်စခန်းမှ ထွက်လာပြီးနောက် အဖွဲ့ခေါင်းဆောင်က ဘေးရှိ လူကို မေးလိုက်သည်။ "ဘယ်လိုလဲ"
ထိုသူက ခေါင်းခါပြလိုက်သည်။ "သူတို့လည်း လိမ်မပြောကြဘူး"
"တကယ်ပဲ သူတို့နဲ့ မပတ်သက်တာပဲ" အဖွဲ့ခေါင်းဆောင်က သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသကဲ့သို့ ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ခေါင်းဆောင်လျူ၊ သိုင်းလောကထဲမှာတော့ မဟာရှကပဲ သစ္စာဖောက်ပြီး လုပ်ကြံလိုက်တယ်လို့ ကောလဟာလတွေ ထွက်နေတာလေ..."
"အဲဒီလို ကောလဟလတွေဆိုတာ ကောလဟာလ သက်သက်ပါပဲ။ မဟာရှအနေနဲ့ ဒီလိုလုပ်စရာ အကြောင်းမရှိဘူး။ အခုလည်း ဒီလူနဲ့ စစ်ဆေးကြည့်ပြီးပြီဆိုတော့ ငါတို့ သံသယက အတည်ဖြစ်သွားတာပေါ့။ ဒါပေမဲ့ မင်းသား ပျောက်သွားတာနဲ့ ကောလာဟလက ချက်ချင်း ပျံ့လာတာပဲ။ ဒါက ကွယ်ရာကနေ တစ်ယောက်ယောက်က အခြေအနေကို ဖန်တီးပြီး အင်ပါယာ နှစ်ခုကြား ပဋိပက္ခဖြစ်အောင် လုပ်နေတာပဲ။ မင်းသား ပျောက်ဆုံးတာကလည်း ဒါနဲ့ ပတ်သက်နေနိုင်တယ်" ဟု အဖွဲ့ခေါင်းဆောင်က မျက်မှောင်ကြုတ်၍ ဆိုလိုက်သည်။
အခြားသူများကလည်း နားလည်စွာ ခေါင်းညိတ်ကြသည်။
"ဒါပေမဲ့ ဒီနည်းလမ်းက အရမ်းကို အပေါစားဆန်ပြီး ဟာကွက်တွေ များလွန်းတယ်" ဟု တစ်ဦးက ဆိုလိုက်သည်။
"ကျုပ်သာဆိုရင် မင်းသားကို သတ်ပြီးရင် အလောင်းကို မဟာရှနယ်မြေထဲမှာပဲ ပစ်ထားမှာ။ စစ်စခန်းနားမှာ ပစ်ထားပြီး တစ်ယောက်ယောက်က 'မတော်တဆ' တွေ့သွားအောင် လုပ်မှာပေါ့"
"ပြီးမှ ကွယ်ရာကနေ မီးလောင်ရာ လေပင့်ပြီး ကိစ္စကို အကြီးအကျယ် ဖြစ်အောင်လုပ်လိုက်ရင် မဟာရှက လုပ်တာပဲဖြစ်ဖြစ်၊ မဟုတ်တာပဲဖြစ်ဖြစ် မဟာဝူအနေနဲ့ သူတို့ကို ရန်သူအဖြစ် သတ်မှတ်ဖို့ အခြေအနေက ဖိအားပေးလာမှာပဲ"
"အခုလို အလောင်းတောင် ရှာမရဘဲ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေပဲ ရှိနေတာကို ဘယ်သူက ယုံမှာလဲ"
အဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ "မင်းပြောတာလည်း ဟုတ်တာပဲ။ ဖြစ်နိုင်တာကတော့ သူတို့ တစ်ခုခု အမှားအယွင်း ဖြစ်သွားတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် မင်းသား အသက်အန္တရာယ်ရှိမရှိ ဆိုတာထက် အခု ငါတို့ရဲ့ အဓိက တာဝန်က မင်းသားကို အသက်ရှင်လျက် တွေ့အောင်ရှာဖို့... ဒါမှမဟုတ် မင်းသားရဲ့ ရုပ်အလောင်းကို ရှာဖို့ပဲ"
ထိုအချိန်တွင် လူတစ်ယောက် အပြေးအလွှား ရောက်လာခဲ့သည်။
"မင်းသားရဲ့ ရုပ်အလောင်းကို... ရှာတွေ့ပြီ"
အပိုင်း (၄၈၉)
အဖွဲ့ခေါင်းဆောင်၏ မျက်နှာအမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားပြီး "သွားကြစို့" ဟု အမိန့်ပေးလိုက်သည်။
တစ်နာရီခန့်အကြာတွင် သူတို့သည် လူသူကင်းဝေးရာ ဂူတစ်ခုသို့ ရောက်ရှိလာကြသည်။
ဂူအတွင်း၌ သူတို့သည် အလောင်းတစ်ဒါဇင်ကျော်ကို တွေ့ရှိခဲ့ကြရာ ထိုအလောင်းများမှာ အတော်အတန် ပုပ်ပွနေပြီဖြစ်ပြီး နံစော်သော အနံ့အသက်များလည်း ထွက်ပေါ်နေသည်။ မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်ရတော့သော်လည်း ဝတ်ဆင်ထားသော အဝတ်အစားများကို ကြည့်ခြင်းဖြင့် ဝူရှုံးယင်နှင့် သူ၏အပေါင်းအပါများဖြစ်ကြောင်း မှတ်မိနိုင်ပေသည်။
ထိုအလောင်းများအပြင် ဘေးနားတွင် အရောင်အသွေးစုံလင်သော ငှက်တစ်ကောင်လည်း ရှိနေသည်။
ဤငှက်ကို "ခြေရာခံငှက်" ဟု ခေါ်ဆိုပြီး ခွေးထက်ပင် အနံ့ခံအာရုံထက်မြက်ရာ ခြေရာခံရာတွင် အလွန်ကျွမ်းကျင်သော ရှားပါးမျိုးစိတ်တစ်ခု ဖြစ်သည်။ မဟာဝူ တော်ဝင်မိသားစုသည် မိသားစုဝင်များ၏ ကိုယ်နံ့ကို မှတ်သားထားနိုင်ရန် ထိုခြေရာခံငှက်များကို အစဉ်အမြဲ မွေးမြူထားလေ့ ရှိကြသည်။ တော်ဝင်မိသားစုဝင် တစ်စုံတစ်ဦး ပျောက်ဆုံးသွားပါက ထိုငှက်ကို အသုံးပြု၍ ရှာဖွေနိုင်ပေသည်။ ဝူရှုံးယင်၏ ရုပ်အလောင်းကိုလည်း ဤငှက်၏ အကူအညီဖြင့် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
"ဒါ... ဒါက မင်းသားရဲ့ ရုပ်အလောင်းပဲ ဖြစ်ရမယ်" အဖွဲ့ခေါင်းဆောင်၏ မျက်နှာမှာ အလွန်ပင် တည်ကြည်လေးနက်နေတော့သည်။
ဤတာဝန်ကို စတင်လက်ခံရရှိကတည်းက ခုနစ်ယောက်မြောက်မင်းသားမှာ သေဆုံးနေပြီဖြစ်စေ သို့မဟုတ် ပြန်မလာနိုင်တော့သည်ဖြစ်စေ တစ်ခုခုဖြစ်နေပြီဟု သူ ကြိုတင်ခန့်မှန်းခဲ့မိသည်။ ယခုအခါ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အခါတွင်တော့ သူ၏အထင်မှာ အမှန်တကယ် ဖြစ်သွားခဲ့လေပြီ ဖြစ်သည်။
မှတ်မိနိုင်စွမ်းမရှိတော့သော မင်းသား၏ ရုပ်အလောင်းကို ကြည့်ရင်း ဧကရာဇ်မင်းမြတ်ထံ မည်သို့ ပြန်လည်တင်ပြရမည်ကို သူ မသိတော့ပေ။ ထို့ကြောင့် ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ အဖြစ်မှန်ကို ဖော်ထုတ်ရန်ပင် ဖြစ်သည်။
"အားလုံးပဲ... ပတ်ဝန်းကျင်ကို ရှာဖွေကြ၊ တခြားဘာတွေများ တွေ့ဦးမလဲဆိုတာ ကြည့်ကြစမ်း"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်လျူ"
လူတိုင်းက သဲလွန်စများရှာဖွေရန် လူစုခွဲလိုက်ကြသည်။
အဖွဲ့ခေါင်းဆောင်က အလောင်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ဦးညွှတ်လိုက်ပြီး "မင်းသား... အဖြစ်မှန်ကို ဖော်ထုတ်ဖို့၊ ကွယ်ရာက လက်သည်အစစ်ကို ဖမ်းဆီးဖို့နဲ့ မင်းသားအတွက် ကလဲ့စားချေပေးဖို့ ကျုပ် ရိုင်းစိုင်းမိပါလိမ့်မယ်။ အကယ်၍ တစ်စုံတစ်ရာ စော်ကားမိသွားရင်လည်း ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်" ဟု ဆိုလိုက်သည်။
စကားဆုံးသည်နှင့် သူသည် ဝူရှုံးယင်၏ ရုပ်အလောင်းကို စတင်စစ်ဆေးတော့သည်။ ရုပ်အလောင်းမှာ အတော်အတန် နဂိုအတိုင်း ရှိနေသော်လည်း ဓားဒဏ်ရာ၊ လှံဒဏ်ရာနှင့် လက်ဝါးရိုက်ချက် ဒဏ်ရာမျိုးစုံဖြင့် ပြည့်နှက်နေသည်ကို သူ တွေ့လိုက်ရသည်။ ဓားဒဏ်ရာနှင့် လှံဒဏ်ရာများမှာ အဆိပ်ရှိနေသဖြင့် သွေးများမှာ မည်းနက်နေပြီး အရေပြားများမှာလည်း ပြင်းထန်စွာ ပုပ်ဆွေးနေသည်။ အခြားသူများလည်း ထိုနည်းအတိုင်းပင် ဖြစ်ကြသည်။
ဤအချက်များအပေါ် မူတည်၍ ဖြစ်ပျက်ခဲ့သမျှကို သူ ခန့်မှန်းကြည့်လိုက်သည်။ မင်းသားနှင့် အဖွဲ့သည် ခြုံခိုတိုက်ခိုက်မှုကို ခံခဲ့ရပြီး ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲကာ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်ရမည်။ သို့သော် ဒဏ်ရာများမှာ ပြင်းထန်လွန်းသဖြင့် မကြာမီမှာပင် ဤနေရာ၌ အသက်ဆုံးရှုံးခဲ့ရပုံရသည်။ နောက်ကွယ်က ကြိုးကိုင်သူသည် မင်းသားတို့၏ အလောင်းကို ရှာမတွေ့သဖြင့် မဟာရှကို အပြစ်ပုံချရန် ကောလာဟလများကို အကြမ်းပတမ်း လွှင့်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
၎င်းမှာ သူ၏ထင်မြင်ချက်သာ ဖြစ်သော်လည်း အမှန်တရားနှင့် အလွန်နီးစပ်နေသည်ဟု သူ ခံစားရသည်။ သို့သော် ထိုအချိန်တွင် သူသည် ထူးခြားသောအချက်တစ်ခုကို သတိထားမိသွားသည်။
"ဟင်... ဒါက ဘာလဲ"
သူက ဝူရှုံးယင်၏ လက်ဖဝါးကို ဖြန့်ကြည့်လိုက်ရာ အောက်တွင် သွေးဖြင့်ရေးထားသော ဝေဝေဝါးဝါး စာလုံးအချို့ကို တွေ့လိုက်ရသည်။
"ငါ့ကို သတ်တာ... မဟာရှ"
အဖွဲ့ခေါင်းဆောင်၏ မျက်နှာမှာ ထူးဆန်းသွားသည်။ သူက မဟာရှကို သံသယစာရင်းထဲမှ ခုနလေးတင် ပယ်ဖျက်လိုက်ကာရှိသေး၊ ယခုတော့ မဟာရှတွင် တာဝန်ရှိကြောင်း ဖော်ပြနေသည့် သက်သေအသစ်ကို ထပ်တွေ့ရပြန်ပြီ ဖြစ်သည်။
"ခေါင်းဆောင်လျူ၊ ဒီကိုလာပြီး ကြည့်ပါဦး" တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သည်။
"ဘာတွေ့လို့လဲ" အဖွဲ့ခေါင်းဆောင်က လျှောက်သွားလိုက်သည်။
အလောင်းများထဲမှ တစ်ခုသည် ဓားတစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်ကို သူ တွေ့လိုက်ရသည်။ ထိုဓားမှာ ထိုသူ၏ ကိုယ်ပိုင်ဓားမဟုတ်သလို မဟာဝူမှ ဓားလည်း မဟုတ်ပေ။ တိုက်ခိုက်သူထံမှ လုယူထားခြင်း ဖြစ်ပုံရသည်။
"ဒီဓားက... မဟာရှ စစ်တပ်သုံးတဲ့ ဓားနဲ့ တူသားပဲ" အဖွဲ့ခေါင်းဆောင်မှာ အတွေးနက်သွားသည်။ ခုနက မဟာရှ စစ်စခန်းသို့ သွားစဉ်က လက်နက်များကို သူ အထူးတလည် သတိထားကြည့်ခဲ့ရာ ထိုနေရာရှိ ဓားများနှင့် ယခုတွေ့ရသော ဓားမှာ ထပ်တူကျနေသည်ကို သူ သတိထားမိလိုက်သည်။ ကောင်းပြီ၊ မဟာရှကို လက်ညှိုးထိုးနေသည့် ဒုတိယမြောက် သက်သေပင် ဖြစ်လေ၏။
"ခေါင်းဆောင်လျူ၊ ဒီမှာ နောက်တစ်ခု ရှိသေးတယ်" နောက်တစ်ယောက်က အော်ပြောလိုက်သည်။
အဖွဲ့ခေါင်းဆောင် သွားကြည့်လိုက်ရာ အလောင်းတစ်လောင်း၏ ဘေးရှိ ကျောက်တုံးပေါ်တွင် လက်ချောင်းဖြင့် ခြစ်ပြီး ရေးထွင်းထားသော စာလုံးအချို့ကို တွေ့ရပြန်သည် - "မဟာရှ... သေပေတော့"
အဖွဲ့ခေါင်းဆောင် : "..."
ကောင်းပြီ၊ တတိယမြောက် သက်သေကလည်း မဟာရှဆီကိုပဲ ဦးတည်နေပြန်ပြီ ဖြစ်သည်။
"ခေါင်းဆောင်လျူ၊ ဒါကို ကြည့်ပါဦး"
အဖွဲ့ခေါင်းဆောင် လျှောက်သွားလိုက်ရာ အလောင်းတစ်လောင်း၏ လက်ထဲတွင် အဝတ်စတစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည်။ ထိုအဝတ်စမှာ အဝတ်အစားတစ်ခုမှ ဆုတ်ဖြဲထားပုံရပြီး အပေါ်တွင် အလွန်ထင်ရှားသော "ရှ" စာလုံး ပါရှိနေသည်။
အဖွဲ့ခေါင်းဆောင် : "..."
အံ့သြစရာပင်၊ စတုတ္ထမြောက် သက်သေကလည်း မဟာရှကိုပဲ ပြသနေပြန်ပြီ ဖြစ်သည်။
တစ်နာရီခန့်အကြာတွင် အနက်ရောင် ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ရောက်ရှိလာသည်။ အဖွဲ့ခေါင်းဆောင်က "အခြေအနေ ဘယ်လိုလဲ၊ ဘာတွေ ရှာတွေ့ခဲ့လဲ" ဟု မေးလိုက်သည်။
သူ၏ ရှေ့မှ လူသည် နတ်ခွေးစုံထောက် ဖြစ်ရုံသာမက ဝါရင့် အလောင်းစစ်ဆေးသူ တစ်ဦးလည်း ဖြစ်သဖြင့် အမှုစစ်ဆေးရန် သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
"သတင်းပို့ပါတယ် ခေါင်းဆောင်လျူ၊ အလောင်းတွေပေါ်က ဒဏ်ရာတွေကို ကျုပ် စစ်ဆေးပြီးပါပြီ"
"အလောင်းတွေပေါ်က ဓားဒဏ်ရာတွေဟာ အမျိုးအစားတူ ဓားတွေနဲ့ ထိုးနှက်ခံထားရတာ ဖြစ်ပြီး၊ အဲဒီဓားတွေဟာ လေးတောင် သုံးမိုက်ခန့် ရှည်ပြီး တစ်မိုက်ခန့် ထူပါတယ်၊ ဓားသွားရဲ့ ကွေးညွတ်မှုကလည်း အတော်လေး ထူးခြားပါတယ်။ နှိုင်းယှဉ်ကြည့်ပြီးတဲ့နောက်မှာတော့ သူတို့ဟာ မဟာရှ စစ်တပ်သုံး ဓားတွေနဲ့ ဒဏ်ရာရခဲ့တာလို့ ဆိုနိုင်ပါတယ်"
"လှံဒဏ်ရာတွေကတော့ အမျိုးမျိုးကွဲပြားနေတဲ့အတွက် ဘယ်ကလဲဆိုတာ အတည်မပြုနိုင်သေးပါဘူး"
"သူတို့ မိနေတဲ့အဆိပ်ကတော့ 'ခြေလှမ်းငါးလှမ်း' လို့ ခေါ်တဲ့ မြွေရဲ့ အဆိပ်ပါ။ ဒီမြွေအဆိပ်က အရမ်းပြင်းပါတယ်။ သာမန်လူဆိုရင် အကိုက်ခံရပြီး ခြေလှမ်းငါးလှမ်းထက် ပိုမလျှောက်နိုင်ခင်မှာပဲ သေဆုံးနိုင်ပါတယ်။ မင်းသားတို့ကတော့ သိုင်းပညာကျွမ်းကျင်ပြီး အတွင်းအား အထောက်အပံ့ရှိလို့ နာရီဝက်ခန့် ခံနိုင်ရည် ရှိခဲ့တာပါ။ နာရီဝက်အတွင်း အဆိပ်မဖြေနိုင်ရင်တော့ အဆိပ်က ရိုးတွင်းခြင်ဆီအထိ ပျံ့နှံ့သွားပြီး ကုသမရနိုင်တော့ပါဘူး"
"မင်းသားတို့ဟာ အဲဒီအချိန်မှာ တိုက်ခိုက်သူတွေနဲ့ ရင်ဆိုင်နေရတာမို့ အဆိပ်ကို အချိန်မီ မဖြေနိုင်ခဲ့ပုံ ရပါတယ်"
"ဒီ 'ခြေလှမ်းငါးလှမ်း' မြွေဆိုတာကလည်း မဟာရှနိုင်ငံရဲ့ မိုးပြာနဂါးတောင်တန်း တစ်ဝိုက်မှာပဲ တွေ့ရလေ့ရှိတဲ့ ဒေသ မြွေတစ်မျိုးပါ"
"ပြီးတော့ နောက်တစ်ခုက..."
တစ်ဖက်လူက ဆက်လက် သတင်းပို့နေသည်။ အဖွဲ့ခေါင်းဆောင်မှာတော့ အံ့အားသင့်နေတော့သည်။
သက်သေအထောက်အထား အားလုံးက မဟာရှနိုင်ငံဘက်သို့သာ ဦးတည်နေသည်။ သက်သေတွေက အလွန်ကို ခိုင်လုံလွန်းပြီး သိသာလွန်းနေသဖြင့် မဟာရှက လုပ်တာမဟုတ်ဘူးဆိုလျှင် မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။
"ဒါကြောင့် ကျုပ်ရဲ့ အယူအဆအရတော့ ဒီကိစ္စဟာ မဟာရှနဲ့ အများကြီး ပတ်သက်နေပြီး သူတို့လက်ချက် ဖြစ်ဖို့ကတော့ သေချာသလောက်ပါပဲ" ဟု စုံထောက်က ကောက်ချက်ချလိုက်သည်။
"လုံးဝ မဖြစ်နိုင်ဘူး... ဒါဟာ မဟာရှလက်ချက် မဖြစ်နိုင်ဘူး။ သူတို့က ငတုံးတွေ မဟုတ်ဘူး။ တကယ်လို့ သူတို့သာ လုပ်ခဲ့မယ်ဆိုရင် ဒီလောက် သိသာထင်ရှားတဲ့ သက်သေတွေကို ချန်ထားခဲ့မှာ မဟုတ်ဘူး။ မဟာရှရဲ့ ဓားတွေ၊ မဟာရှရဲ့ အဆိပ်တွေ၊ နောက်ဆုံး မဟာရှရဲ့ အဝတ်စတွေအထိ..."
"ဒါ့အပြင် သူတို့မှာ မင်းသားကို သတ်ရမယ့် အကြောင်းပြချက်လည်း မရှိဘူး။ ခုနတင် ရှင်းယန်ကို သွားပြီး စစ်ဆေးခိုင်းတုန်းကလည်း ငါ့ရဲ့ သံသယက အတည်ဖြစ်ခဲ့ပြီးသား။ ဒါကြောင့် ဒါဟာ တစ်ယောက်ယောက်က ဒီအခြေအနေကို ဖန်တီးပြီး အင်ပါယာ နှစ်ခုကြား ပဋိပက္ခဖြစ်အောင် ထောင်ချောက်ဆင်နေတာပဲ ဖြစ်ရမယ်" ဟု ခေါင်းဆောင်က တည်ကြည်စွာ ဆိုလိုက်သည်။
အပိုင်း (၄၉၀)
နတ်ခွေးစုံထောက်သည် ခါးသီးစွာ ပြုံးလိုက်ပြီး "ခေါင်းဆောင်လျူ ပြောတာ မှန်ပါတယ်။ ဒါဟာ မဟာရှရဲ့ လက်ချက်ဆိုတာ ကျုပ်လည်း မယုံပါဘူး။ ဒါပေမဲ့ ဘယ်ကိစ္စမှာမဆို သက်သေက အဓိကပဲလေ၊ အခုတော့ ဒီသက်သေတွေက မဟာရှကိုပဲ ညွှန်ပြနေတယ်" ဟု ဆိုလိုက်သည်။
အဖွဲ့ခေါင်းဆောင်က "ဒီသက်သေတွေက အမှားအယွင်းတွေနဲ့ ပြည့်နှက်နေပြီးတော့ သာမန်ကာလျှံကာ လုပ်ထားတာတွေပဲ၊ အတည်ယူလို့ မရနိုင်ဘူး။ ဧကရာဇ်မင်းမြတ်က အဖြစ်မှန်ကို ဖော်ထုတ်ဖို့ ကျွန်ုပ်တို့ကို စေလွှတ်ခဲ့တာ၊ အရှင်မင်းမြတ်ရဲ့ ယုံကြည်မှုကို အပျက်စီးမခံနိုင်ဘူး။ အားလုံးပဲ... တခြားဘာတွေများ ထပ်တွေ့ဦးမလဲဆိုတာ သေချာ ဂရုတစိုက် ဆက်ရှာကြစမ်း" ဟု အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်လျူ" ဟု အားလုံးက ပြိုင်တူ ပြန်ထူးကြသည်။
"ခေါင်းဆောင်လျူ... အဖြစ်မှန်ကို ပိုပြီး ရှင်းရှင်းလင်းလင်း သိချင်တယ်ဆိုရင်တော့ အလောင်းတွေကို ခွဲစိပ်စစ်ဆေးဖို့ ကျုပ် အကြံပြုချင်ပါတယ်။ ဒါပေမဲ့ သေသူကို ရိုသေရမှာဖြစ်သလို သူတို့ကလည်း ထူးခြားတဲ့ အဆင့်အတန်းရှိသူတွေ ဖြစ်နေတော့ ကျုပ်လည်း အဆင်ခြင်မဲ့ မလုပ်ရဲဘူး ဖြစ်နေတယ်..." ဟု စုံထောက်က သတိထား၍ ပြောလိုက်သည်။
အဖွဲ့ခေါင်းဆောင်က ခဏမျှ စဉ်းစားပြီးနောက် "မင်းသားရဲ့ ရုပ်အလောင်းကိုတော့ လုံးဝ ထိလို့မရဘူး၊ ဒါပေမဲ့ တခြားသူတွေကိုတော့ ခွင့်ပြုတယ်။ မင်းရဲ့အလုပ်ကို မင်း ဆက်လုပ်ပါ၊ အကျိုးဆက်အားလုံးကို ငါ တာဝန်ယူတယ်" ဟု ဆိုသည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လျူ"
ထို့နောက် စုံထောက်သည် အလောင်းများကို ခွဲစိပ်စစ်ဆေးတော့သည်။ ပထမဆုံး အလောင်းကို ခွဲစိပ်လိုက်သည်နှင့် သူ အံ့အားသင့်သွားပြီး "ဒါ... ဒါက..."
"ဘာတွေ့လို့လဲ" ခေါင်းဆောင်က ချက်ချင်းပင် အနားသို့ လျှောက်လာသည်။
"ခေါင်းဆောင်လျူ... တကယ်ပဲ ထူးခြားတာ တစ်ခုတွေ့တယ်၊ ဒီမှာ ကြည့်ပါဦး" စုံထောက်က အလောင်း၏ ကျောရိုးဆီသို့ ညွှန်ပြလိုက်သည်။
ခေါင်းဆောင်က သေချာကြည့်လိုက်ရာ ကျောရိုးပေါ်တွင် မည်းနက်နေသော အမှတ်အသားတစ်ခုကို တွေ့လိုက်ရပြီး "ဒါက လက်ဗွေရာနဲ့ တူတယ်..." ဟု ရေရွတ်မိသည်။
"ခေါင်းဆောင်လျူ မမှားပါဘူး၊ ဒါဟာ တကယ်ပဲ လက်ဗွေရာပါ"
စုံထောက်က လေးနက်သော လေသံဖြင့် ဆက်ပြောသည် - "ကျုပ် သိထားသလောက်တော့ ရှောင်လင်ကျောင်းတော်ရဲ့ ၇၂ မျိုးသော အထူးသိုင်းပညာရပ်တွေထဲက 'ပညာ လက်ညှိုး' သိုင်းကပဲ ဒီလို အာနိသင်မျိုးကို ဖြစ်စေနိုင်တာပါ"
"ရှောင်လင်ရဲ့ ပညာ လက်ညှိုး သိုင်းလား"
ခေါင်းဆောင်၏ မျက်လုံးအိမ်များ ကျုံ့သွားကာ "မဖြစ်နိုင်တာ ငါ သိသလောက်တော့ ရှောင်လင်ရဲ့ အဲဒီသိုင်းက အစွမ်းထက်တယ်ဆိုပေမဲ့ အလွန် ပြင်းထန်ပြီး မာကျောတဲ့ ယန်အတွင်းအားကို သုံးတာမဟုတ်လား။ သံချောင်းတွေကိုတောင် ချိုးဖျက်နိုင်ပေမဲ့ ခန္ဓာကိုယ်ထဲကို သဲလွန်စမကျန်ဘဲ ထိုးဖောက်နိုင်စွမ်း ရှိတယ်လို့တော့ မကြားဖူးဘူး။ ဒီမှာကြည့်... အရေပြားနဲ့ ကလီစာတွေမှာ ဘာဒဏ်ရာမှ မရှိဘူးလေ"
"ခေါင်းဆောင်လျူက တစ်ဖက်ပဲ သိပြီး တခြားတစ်ဖက်ကို မသိသေးတာပါ"
စုံထောက်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည် - "ရှောင်လင်ရဲ့ ဒီသိုင်းက သင်ယူဖို့ လွယ်ပေမဲ့ တတ်မြောက်ဖို့ ခက်ခဲတယ်။ လအနည်းငယ်အတွင်း အခြေတော့ ခံရနိုင်ပေမဲ့ အနည်းငယ် ကျွမ်းကျင်ဖို့ကိုတောင် ခုနစ်နှစ်၊ ရှစ်နှစ်လောက် အချိန်ပေးရတယ်။ အမြင့်ဆုံးအဆင့်အထိ ရောက်ဖို့ဆိုရင်တော့ ဆယ်စုနှစ် သုံး၊ လေးခုလောက် အားထုတ်ရတယ်"
"သင်ဖို့လွယ်ပြီး တတ်ဖို့ခက်တာကြောင့် အခြေခံလောက်နဲ့တင် လူအများစုက လက်လျှော့လိုက်ကြတာ။ အဲဒီအချိန်မှာတော့ ခေါင်းဆောင်ပြောသလို လက်ညှိုးရဲ့ အားက အလွန်မာကျော ပြင်းထန်နေတတ်တယ်။ ဒါပေမဲ့ အမြင့်ဆုံးအဆင့်ကို ရောက်သွားတဲ့အခါမှာတော့ အားအသွင်အပြင်က မာကျောရာကနေ နူးညံ့ရာကို ပြောင်းလဲသွားတယ်။ အရေပြားနဲ့ ကလီစာတွေကို ထိုးဖောက်ပြီး ကျောရိုးဆီကို တိုက်ရိုက် ထိမှန်စေနိုင်တယ်။ အသံမထွက်၊ ခြေရာမကျန်ဘဲ လက်ညှိုးတစ်ချက်တည်းနဲ့ အသက်ကို နှုတ်ယူနိုင်တဲ့ မမြင်နိုင်တဲ့ သတ်ဖြတ်ခြင်းမျိုးပေါ့"
"ဒီအကြောင်းကို သိတဲ့သူ သိပ်မရှိဘူး။ ကျုပ်က အမှုတွေ ခဏခဏ စစ်ဆေးရသလို သိုင်းလောက နယ်ပယ်က သတင်းအချက်အလက်တွေ စုဆောင်းထားလေ့ရှိလို့ သိနေတာ။ ဒီနေ့ ဒီမှာ ကြုံရလိမ့်မယ်လို့တော့ ထင်မထားမိဘူး"
"ဒါဆို... သူဟာ ရှောင်လင်ရဲ့ ပညာ လက်ညှိုးသိုင်းနဲ့ အသတ်ခံရတာ ဖြစ်နိုင်ခြေ များတာပေါ့"
"သေချာသလောက်ပါပဲ"
သူတို့နှစ်ဦး အကြည့်ချင်း ဆုံလိုက်ကြရာ မျက်လုံးများထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။ နောက်ကွယ်က ကြိုးကိုင်သူကို ရှာရန် အလောင်းစစ်ဆေးခဲ့သော်လည်း ဗုဒ္ဓဂိုဏ်းနှင့် ပတ်သက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
စုံထောက်သည် တည်ကြည်သော မျက်နှာထားဖြင့် ဆက်လက်စစ်ဆေးရာ နောက်ထပ် အလောင်းတစ်ခု၏ ဦးခေါင်းခွံတွင် "ရှောင်လင် နဂါးလက်သည်း" သိုင်းကွက်ကို တွေ့ရပြန်သည်။ ဤလက်သည်းသိုင်းမှာလည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး မာကျောရာမှ နူးညံ့သွားကာ ပြိုင်ဘက်၏ ဦးခေါင်းခွံကို ထိုးဖောက်ပြီး ဦးနှောက်ကို ကြေမွသွားစေခြင်း ဖြစ်သည်။ အကယ်၍ အလောင်းကို ခွဲစိပ်စစ်ဆေးခြင်း မပြုဘဲ စုံထောက်သာ ဗဟုသုတ မကြွယ်ဝပါက ဤအချက်ကို သတိပြုမိကြမည် မဟုတ်ပေ။
"ဒီနဂါးလက်သည်းသိုင်းက ပြည့်စုံလွန်းနေတယ်၊ အနည်းဆုံး နှစ်ပေါင်း ၃၀ ကျော် ကျင့်ကြံထားတာ ဖြစ်ရမယ်။ ဗုဒ္ဓဂိုဏ်းက ဝါရင့်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ရင် ဒါမျိုး မလုပ်နိုင်ဘူး" ဟု စုံထောက်က ကောက်ချက်ချသည်။
"ဆက်စစ်စမ်း" ခေါင်းဆောင်၏ မျက်နှာမှာ ပို၍ လေးနက်လာသည်။
ဆက်လက် စစ်ဆေးကြည့်သည့်အခါ ရှောင်လင်၏ တခြားသော အထူးသိုင်းပညာရပ်များကိုပါ တွေ့ရှိရသည်။ ဥပမာ - သွေးကြောပိတ်လက်ညှိုးဖြင့် လည်ချောင်းကွဲအက်သွားခြင်း၊ ပန်းပွင့်လိမ်သိုင်း ကြောင့် အရိုးထဲအထိ ထိခိုက်သွားခြင်း စသည်တို့ ဖြစ်သည်။ ၎င်းသိုင်းပညာရပ်တိုင်းမှာလည်း ဆယ်စုနှစ်များစွာ ကျင့်ကြံထားသည့် အဆင့်မြင့်အဆင့်များ ဖြစ်နေသည်။
သူတို့နှစ်ဦး စိတ်ဓာတ်များ လေးလံသွားရသည်။ အခြေအနေမှာ သူတို့ ထိန်းချုပ်နိုင်သည့်အဆင့်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
"ခေါင်းဆောင်လျူ... မင်းသားနဲ့ သူ့လူတွေဟာ ဗုဒ္ဓဂိုဏ်းက အဆင့်မြင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံရတာ ဖြစ်ဖို့ များပါတယ်။ အခင်းဖြစ်နေရာက သက်သေတွေအရ ကျုပ် ဒီလို ခန့်မှန်းမိတယ်"
စုံထောက်က ဦးညွှတ်၍ လေးနက်စွာ ဆိုလိုက်သည် - "မင်းသားတို့အဖွဲ့ အပြန်လမ်းမှာ ဗုဒ္ဓဂိုဏ်းက သိုင်းပညာရှင်တစ်ယောက်ရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံခဲ့ရတာပါ။ သူတို့က ရှောင်လင်သိုင်းတွေကို လျှို့ဝှက်သုံးပြီး မင်းသားရဲ့လူတွေကို သတ်ခဲ့တယ်။ အဲဒီနောက် အလောင်းတွေကို ဒီနေရာကို ရွှေ့ပြီး မဟာရှကို အပြစ်ပုံချဖို့ ဇာတ်လမ်းဆင်ခဲ့တာပဲ။ ဓားဒဏ်ရာတွေ၊ လှံဒဏ်ရာတွေနဲ့ အဆိပ်တွေဟာ သေပြီးမှ တမင်လုပ်ထားတာ ဖြစ်နိုင်ပါတယ်"
"အလောင်းတွေ ပုပ်ပွနေပြီမို့ မသေခင်ရတဲ့ဒဏ်ရာလား၊ သေပြီးမှရတဲ့ဒဏ်ရာလားဆိုတာ ခွဲရခက်အောင် သူတို့ အချိန်ဆွဲထားခဲ့တာပါ။ အစစ်အမှန် အသက်ဆုံးရှုံးစေတဲ့ ဒဏ်ရာတွေကတော့ လျှို့ဝှက်လွန်းလို့ ဘယ်သူမှ သတိမထားမိနိုင်ဘူး။ ဒါကြောင့် သူတို့က မဟာရှကို အကွက်ကျကျ ထောင်ချောက်ဆင်ခဲ့တာပဲ။ အကယ်၍ ကျွန်ုပ်တို့သာ အဖြစ်မှန်ကို မသိခဲ့ရင် ဒါဟာ လှည့်ကွက်မှန်း သိနေရင်တောင် သက်သေပြနိုင်မှာ မဟုတ်ဘူး"
အဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး "မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ မဟာရှနဲ့ ဗုဒ္ဓဂိုဏ်းက အမြဲတမ်း ပဋိပက္ခဖြစ်နေတာဆိုတော့ ဗုဒ္ဓဂိုဏ်းဘက်က ဒါမျိုးလုပ်ဖို့ အကြောင်းပြချက် ရှိနေတယ်"
အဖြစ်မှန်ကို သိလိုက်ရသော်လည်း သူတို့အတွက် ပို၍ ခေါင်းခဲစရာ ဖြစ်လာသည်။ အကြောင်းမှာ ဤကိစ္စတွင် မဟာရှအင်ပါယာသာမက အင်အားကြီးလှသော ဗုဒ္ဓဂိုဏ်းပါ ပါဝင်နေသောကြောင့် ဖြစ်သည်။ ဗုဒ္ဓဂိုဏ်းသည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိပြီး သူတို့၏ မဟာဝူအင်ပါယာထက်ပင် ပို၍ အင်အားတောင့်တင်းလှသည်။
အဖွဲ့ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး "ဒီကိစ္စတွေက ငါတို့ ထိန်းချုပ်လို့မရတော့ဘူး။ အလောင်းတွေကို အရင် ပြန်သယ်သွားကြစို့၊ အဖြစ်မှန်ကို ဧကရာဇ်မင်းမြတ်ထံ တင်ပြပြီး အရှင်မင်းမြတ်ရဲ့ အဆုံးအဖြတ်ကိုပဲ စောင့်ရတော့မယ်"
မကြာမီမှာပင် အလောင်းအားလုံးကို မဟာဝူသို့ ပြန်လည် သယ်ဆောင်သွားပြီး အခြေအနေအားလုံးကို အရှိအတိုင်း တင်ပြလိုက်ကြသည်။
.........
သတင်းကို ကြားလိုက်ရသည့်အခါ မဟာဝူဧကရာဇ်၏ မျက်နှာမှာ ဖြူလျော့သွားသည်။ ပြီးခဲ့သည့်လကမှ ဝူရှုံးယင်ကို မြင်ခဲ့ရသေးသော်လည်း ယခုတော့ နောက်ဆုံးခရီးကို ပို့ဆောင်နေရပြီ ဖြစ်သည်။ သူ့တွင် သားသမီးများစွာ ရှိသော်လည်း ဝူရှုံးယင်မှာ သူ အချစ်ရဆုံး သားတစ်ယောက် ဖြစ်သဖြင့် အလွန်ပင် ဝမ်းနည်းကြေကွဲရပေသည်။
ထို့ပြင် ၎င်းကိစ္စမှာ ဗုဒ္ဓဂိုဏ်းနှင့် ပတ်သက်နေသဖြင့် ပို၍ ရှုပ်ထွေးနေတော့သည်။ ဗုဒ္ဓဂိုဏ်းကို လက်စားချေချင်သော်လည်း ၎င်းတို့၏ အင်အားမှာ မသေးလှပေ။ အကယ်၍ မဟာဝူက စတင်လှုပ်ရှားပါက နှစ်ဖက်စလုံး အထိနာပြီး နိုင်ငံ၏ အင်အားပါ ချည့်နဲ့သွားနိုင်သည်။ သို့သော်လည်း မိမိသားအတွက် ဘာမှမလုပ်ဘဲ နေရန်မှာလည်း ဖခင်တစ်ယောက်အနေဖြင့် မဖြစ်နိုင်ပေ။
"ဒါဟာ ဗုဒ္ဓဂိုဏ်းရဲ့ လက်ချက်ဆိုတာ သေချာသလား" မဟာဝူဧကရာဇ်က မေးလိုက်သည်။
သူ၏ အသံမှာ ဩဇာညောင်းပြီး ထည်ဝါလှသည်။ အသက် ၆၀ ကျော်နေပြီ ဖြစ်သော်လည်း ၄၀ ကျော်အရွယ်ကဲ့သို့ နုပျိုဆဲပင် ဖြစ်သည်။ နန်းတက်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း နယ်မြေတွေကို မချဲ့ထွင်ခဲ့သော်လည်း လူဦးရေ တိုးတက်လာအောင်နှင့် ပြည်သူများ အေးချမ်းသာယာအောင် အုပ်ချုပ်နိုင်ခဲ့သည့် စွမ်းဆောင်ရည်ရှိသော မင်းတစ်ပါး ဖြစ်သည်။
"အရှင်မင်းကြီး... အကြိမ်ကြိမ် စစ်ဆေးပြီးတဲ့နောက်မှာတော့ မင်းသားနဲ့ တခြားသူတွေဟာ ရှောင်လင်ရဲ့ ၇၂ မျိုးသော အထူးသိုင်းပညာရပ်တွေကြောင့် သေဆုံးခဲ့တာလို့ အတည်ပြုနိုင်ပါတယ်" ဟု အဖွဲ့ခေါင်းဆောင်က တင်ပြလိုက်သည်။
သူသည် ဗုဒ္ဓဂိုဏ်း၏ လက်ချက်ဟု တိုက်ရိုက် မပြောသော်လည်း အခြေအနေမှာ ရှင်းလင်းနေပြီ ဖြစ်သည်။ ရှောင်လင်ကျောင်းတော်က အဆင့်မြင့် သိုင်းပညာရှင်များ မဟုတ်လျှင် မည်သူက ရှောင်လင်သိုင်းများကို ဤမျှ ကျွမ်းကျင်စွာ သုံးနိုင်မည်နည်း။
မဟာဝူဧကရာဇ်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားလေသည်။ ထိုအချိန်တွင် အသတ်လတ်ပိုင်း အရွယ်ရှိသော ကြင်ယာတော်တစ်ဦးမှာ ငိုယိုကာ ပြေးဝင်လာပြီး - "အရှင်မင်းကြီး... ကျွန်မရဲ့သားလေး သနားစရာကောင်းလိုက်တာ၊ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ မှတ်တောင် မမှတ်မိတော့ဘူး။ သူ့အတွက် တရားမျှတမှု ရှာပေးပါဦး။ အရှင်မင်းကြီးက မဟာဝူဧကရာဇ်တင် မကပါဘူး၊ ဖခင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သားလေး မျက်စိမမှိတ်နိုင်ဘဲ သေရတာကို အရှင်မင်းကြီး ကြည့်နေနိုင်မှာလား"
ထိုအမျိုးသမီးမှာ မဟာဝူ၏ နန်းဆောင်အမျိုးသမီးဖြစ်သလို ဝူရှုံးယင်၏ မိခင်လည်း ဖြစ်သည်။ မျက်ရည်များ စိုရွှဲနေပြီး မျက်လုံးများမှာလည်း နီရဲဖောင်းကြွနေလေသည်။
၎င်းကို မြင်သည့်အခါ ဧကရာဇ်မင်းမြတ်လည်း စိတ်မကောင်းဖြစ်ရပြီး "စိတ်ချပါ... ရှုံးယင်အတွက် ငါ တရားမျှတမှု ရှာပေးမယ်လို့ ကတိပေးတယ်" ဟု ကျယ်လောင်စွာ ဆိုလိုက်သည်။
ကြင်ယာတော်ကို ပြန်လွှတ်ပြီးနောက် ဧကရာဇ်၏ မျက်လုံးများမှာ ခက်ထန်လာပြီး "ငါ့သားကို အလကား အသေမခံနိုင်ဘူး။ ဗုဒ္ဓဂိုဏ်းဆီကနေ ရှင်းလင်းချက် တောင်းရမယ်။ ပြီးတော့ မဟာရှကလည်း သားကောင်ဖြစ်နေတာပဲ။ သူတို့နဲ့ ဆက်သွယ်ပြီး ဗုဒ္ဓဂိုဏ်းကို အတူတူ လက်စားချေကြမယ်"
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"
မကြာမီမှာပင် လင်းပိုင်ဖန်ထံသို့ မဟာဝူထံမှ စာတစ်စောင် ရောက်ရှိလာသည်။ ထိုစာတွင် မဟာဝူက စုဆောင်းထားသော သက်သေများနှင့် ဖြစ်ရပ်မှန်အားလုံးကို ဖော်ပြထားသည်။ မဟာရှမှာလည်း ထောင်ချောက်ဆင်ခံရသည့် သားကောင်ဖြစ်ကြောင်းနှင့် နိုင်ငံနှစ်ခု ပူးပေါင်းပြီး ရှောင်လင်ကျောင်းတော်ထံမှ ရှင်းလင်းချက် တောင်းခံရန် အကြံပြုထားသည်။
လင်းပိုင်ဖန်ကတော့ ပြောစရာမလိုအောင်ပင် အလွယ်တကူ သဘောတူလိုက်သည်။ မဟာရှအနေဖြင့်လည်း အလကားနေရင်း အပြစ်ပုံချခံရမှုကို အသာတကြည် လက်ခံနိုင်မည် မဟုတ်ပေ။
“ တပည့်... မင်းက ဗုဒ္ဓဂိုဏ်းနဲ့ အကြိမ်ကြိမ် ပတ်သက်ဖူးသလို ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိတာဆိုတော့ ဒီကိစ္စကို မင်းပဲ တာဝန်ယူလိုက်ပါ"
ဓားအဖိုးအို၏ မျက်နှာမှာ အနည်းငယ် တွန့်သွားသည်။ ရင်းနှီးတဲ့ ဆက်ဆံရေးလား…၊ အကြိမ်ကြိမ် ပတ်သက်ဖူးတယ် ဟုတ်လား…၊ သူတို့က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြပြီး ရန်ငြိုးတွေကလည်း နက်ရှိုင်းနေတာ မဟုတ်ပါလား…။
"ဟုတ်ကဲ့ပါ ဆရာ"