← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း (၃၈၁) - ဝူရွှမ်ကို တစ်ယောက်တည်း ဖိနှိပ်ခြင်း(၁)

ပြာလဲ့လဲ့ ပင်လယ်ပြင်ထက်တွင် ဧရာမ ဝေလငါးကြီးတစ်ကောင် လွင့်မျောနေသည်။ ရံဖန်ရံခါ ပင်လယ်လေများ တိုက်ခတ်လာတတ်သော်လည်း ထိုနေရာရှိ အစိုင်အခဲဖြစ်လုနီးပါး တင်းမာနေသော လေထုကိုမူ မဖြိုခွဲနိုင်ခဲ့ပေ။

မိစ္ဆာလေ လျှို့ဝှက်ဂူ၏ လျှို့ဝှက်ဂူသခင်ဖြစ်သော ဝူရွှမ်သည် လေထဲတွင် ရပ်တန့်နေပြီး ဧရာမဝေလငါးကြီးပေါ်တွင် ရပ်နေသော ဝူယွမ်ကို ကြည့်နေသည်။

သူ၏ မျက်နှာပေါ်တွင် အပြုံးပါးပါးတစ်ခုက ပေါ်လွင်နေပြီး သူ့ကို အတော်လေး နူးညံ့သိမ်မွေ့ပုံပေါက်စေသည်။ သို့သော်လည်း ထိုအပြုံးအောက်တွင် စီးဆင်းနေသော အေးစက်မှုကို ဝူယွမ် ခံစားသိရှိနေသည်။

သူ၏ အပြုံးသည် ဝူယွမ်ကို ရှာတွေ့သွားသည့်အတွက် ကျေနပ်မှု၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။

“ကျွန်‌တော်လုယူသွားတာ ငွေရောင်စေတီလေး တစ်ခုတည်းကိုတောင် ခင်ဗျားက အငြိမ်မနေနိုင်ဘဲ ကျွန်တော့်ကို ကိုယ်တိုင် လာရှာတယ်ပေါ့လေ၊ ဒါကိုသာ ကြိုသိခဲ့ရင် အဲဒီတုန်းက ထျန်းရှန်း အဆောက်အအုံ လေလံပွဲကို ဘာလို့ ခင်ဗျားကိုယ်တိုင် မသွားခဲ့တာလဲ၊ အဲဒါက ပိုရိုးရှင်းမနေဘူးလား”

ဝူယွမ်က ဝူရွှမ်ကို ခပ်ဖျော့ဖျော့ တစ်ချက်ကြည့်ကာ ပြန်လည်ချေပလိုက်သည်။

ဝူရွှမ်၏အမြင်တွင် ဝူယွမ်သည် သားကောင်ဖြစ်နေပြီဖြစ်သည်။

သို့သော် ဝူယွမ်၏ အမြင်တွင်မူ သူသည် ခြိမ်းခြောက်နိုင်လောက်သည့် အဆင့်တွင် မရှိသေးပေ။

“မင်းအတွက် တစ်ခုတည်းနဲ့တော့ လာတာတော့ မဟုတ်ပါဘူး၊ ငါ အပြင်ကနေ ပြန်လာရင်းနဲ့ သတင်းကြားလို့ လမ်းကြုံဝင်လာတာပါ၊ မင်းလို ကောင်လေးက ဒီလောက် မြန်မြန် ပြေးနိုင်လိမ့်မယ်လို့ မထင်ထားဘူး၊ ငါ အချိန်အတော်ကြာ လိုက်ခဲ့ရတယ်” ဝူရွှမ်က မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောလိုက်သည်။

“ကျွန်‌တော်လည်း ခင်ဗျား ကျွန်တော့်နောက်ကို လိုက်လာတယ်ဆိုတာ မသိခဲ့လို့ပါ၊ သိခဲ့ရင်တော့ သေချာပေါက် စောင့်နေမှာပေါ့” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။

“ဟက်ဟက်၊ မင်းက တကယ်ကို သတ္တိရှိတာပဲ၊ ငါ့ကို မြင်တာတောင် ဒူးမထောက်ဘူး၊ သနားခံဖို့လည်း မတောင်းဆိုဘူး၊ ပြီးတော့ ငါ့ကို ဒီလို လှောင်ပြောင်ရဲသေးတယ်၊ မင်း ငါ့ကို ကြောက်ပုံမရဘူးနော်” ဝူရွှမ်က ဝူယွမ်ကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်ရင်း ပြောလိုက်သည်။

‘ပထမတော့ ခြေလှမ်း၀က်ဆန်းကြယ်သေခြင်းအဆင့်မှာ ရှိတဲ့ အရိုးအဘိုးအိုကို သူ သတ်ပစ်ခဲ့တယ်၊ ပြီးတော့ ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်တဲ့ အကြီးအကဲမိုရှဲ့ကလည်း သူ့လက်ထဲမှာ ပျောက်ကွယ်သွားခဲ့တယ်'

‘ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် စွမ်းအားလောက်သာ ရှိသေးတဲ့ ဒီလူငယ်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သတ္တိကောင်းနေရတာလဲ'

ဝူယွမ်က “ခင်ဗျားကို ဘာလို့ကြောက်ရမှာလဲ၊ ခင်ဗျားက ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်သက်သက်ပဲလေ၊ ကျွန်တော် အရင်က မရိုက်ဖူးတာမှ မဟုတ်တာ” ဝူယွမ်က တုံ့ပြန်လိုက်သည်။

တစ်ယောက်ထက် ပိုများမည်ဆိုပါက အနည်းငယ်ခက်ခဲနိုင်သော်လည်း ဤတစ်ယောက်တည်းနှင့်ဆိုလျှင် ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း၌ ဂိုဏ်းချုပ်ကြီး ယင်းရွှမ်ဇီ၊ အကြီးအကဲကြီး၊ အဘိုးအိုဖန်ထျန်းနှင့် ဝူယွမ်အပါအဝင် ဝင်စားခြင်းအဆင့် တိုက်ခိုက်ရေးသမား လေးဦး ရှိနေသည်ကို ထည့်ပြောစရာပင် မလိုတော့ပေ။

ဝူယွမ် တစ်ယောက်တည်းနှင့်ပင် ဖြေရှင်းနိုင်လောက်သည်။

“မျှော်လင့်ထားတဲ့အတိုင်း မောက်မာတာပဲ၊ ဒါပေမယ့် မင်းက ဝင်စားခြင်းအဆင့်အကြောင်းကို သိပ်နားမလည်သေးဘူးလို့ ငါထင်တယ်” ဝူရွှမ်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု တဖျပ်ဖျပ်လက်သွားပြီး ဤကောင်လေးကို သူ၏ မောက်မာမှုအတွက် တန်ဖိုးပေးဆပ်စေရန် ဆုံးဖြတ်လိုက်သည်။

မသိခြင်းသည် သုခပင်။

ဝူရွှမ်၏ အမြင်တွင် ဆန်းကြယ်ရှင်ခြင်းအဆင့်မျှသာ ရှိသေးသော ဝူယွမ်က ဝင်စားခြင်းအဆင့် မည်မျှအစွမ်းထက်ကြောင်းကို မည်သို့ သိရှိနိုင်မည်နည်း။

“အခု ငါ့ကို ပြောစမ်း၊ ရှဲ့ယန်နဲ့ မိုရှဲ့တို့ ဘယ်မှာလဲ၊ အဲ့တာပြောပြရင် မင်းရဲ့အသက်ကို ငါ ချမ်းသာပေးချင် ပေးဦးမယ်” ဝူရွှမ်က သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသည့်ဟန်ဖြင့် ပြောလိုက်သည်။

သူ ထွက်လာစဉ်က ရှဲ့ယန်နှင့် မိုရှဲ့တို့၏ ဝိညာဉ်မီးခွက်များ မငြိမ်းသေးသော်လည်း သူတို့ ဝိညာဉ်မီးခွက်များ၏ အခြေအနေမှာ မကောင်းလှဘဲ အချိန်မရွေး ငြိမ်းသွားနိုင်သည့်ပုံစံမျိုး ဖြစ်နေသည်။ ယခုအခါတွင် သူတို့၏ အခြေအနေကို သူ သေချာမသိတော့ပေ။

“သူတို့ အဆင်ပြေပါတယ်၊ သူတို့ကို ကျွန်တော် သိပ်ကို ဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံထားပါတယ်၊ သူတို့ အနှိပ်စက်ခံနေရတာ မဟုတ်ပါဘူး” ဝူယွမ်က ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။

လက်ရှိတွင် ရှဲ့ယန်နှင့် အခြားသူများမှာ ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ နှလုံးကြွေမီးတောက် မျှော်စင်အတွင်း၌ ဝူယွမ်၏ ဧည့်ဝတ်ကျေပွန်မှုကို ခံစားနေကြရသည်မှာ အမှန်ပင်။

ရှဲ့ယန်နှင့် အခြားသူများ အသက်ရှင်နေသေးကြောင်း ကြားသောအခါ ဝူရွှမ် အနည်းငယ် သက်သာရာရသွားသည်။ ဝူယွမ်က ရှဲ့ယန်တို့ကို သတ်ရဲမည်မဟုတ်ဟု သူ ထင်မှတ်သွားပြီး သူတို့ကို ဓားစာခံအဖြစ်အသုံးပြုရန် တမင်သက်သက် အသက်ရှင်ခွင့် ပေးထားခြင်းဖြစ်မည်ဟု ယူဆလိုက်သည်။

“သူတစ်ပါးဆီက ပစ္စည်းတွေကို ယူတာက အရမ်းဆိုးရွားတယ်၊ မင်းသာ ငွေရောင်စေတီလေးကို ပြန်ပေးမယ်၊ ရှဲ့ယန်နဲ့ အခြားသူတွေကို လွှတ်ပေးမယ်၊ ပြီးရင် ငါနဲ့အတူ မိစ္ဆာလေ လျှို့ဝှက်ဂူကို လိုက်ခဲ့မယ်ဆိုရင် အဆင်ပြေပါတယ်၊ ဘယ်လိုလဲ” ဝူရွှမ်၏ အပြုံးမှာ နူးညံ့သိမ်မွေ့နေပြီး သူ၏လေသံထဲတွင် စေ့စပ်ညှိနှိုင်းလိုသော အရိပ်အယောင်တစ်ခုပင် ပါဝင်နေသည်။

“နည်းနည်းမှ အဆင်မပြေဘူး”

ဝူယွမ်က တစ်ဖက်လူ၏စကားကို သဘောမတူကြောင်း ပြသရန် ခေါင်းယမ်းလိုက်သည်။

“ကိုယ့်အရည်အချင်းနဲ့ကိုယ် လုယူထားတဲ့ပစ္စည်းကို ဘာလို့ ပြန်ပေးရမှာလဲ”

ငွေရောင်စေတီလေးအတွက် အားပြိုင်မှုမှာ တကယ်တော့ အလွန်ရှင်းလင်းလှသည်။

လေလံဆွဲခြင်းမှာ ၎င်းကို ရယူရန် ပထမဆုံး ပုံစံတစ်ခုမျှသာဖြစ်ပြီး ဤရတနာကို ထိန်းချုပ်နိုင်ရန်မှာ စွမ်းအားအပေါ်တွင်သာ မူတည်ဆဲဖြစ်သည်။

မိစ္ဆာလေ လျှို့ဝှက်ဂူက ၎င်းကို လေလံဆွဲရယူပြီးသည်နှင့် ချန်ခွန်း လျှို့ဝှက်ဂူ၊ မာယာမိစ္ဆာဂိုဏ်းနှင့် ဝူယွမ်တို့အဖွဲ့၏ လုယူမှုကို ရင်ဆိုင်ခဲ့ရသည်။

မည်သည့် အင်အားစုက လေလံအောင်သည်ဖြစ်စေ အခြားအင်အားစုများ၏ လုယူမှုကို ခံရမည်သာ။

အကယ်၍ ဝူယွမ်ကသာ ထိုအချိန်က အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့ပါက သူသည် အခြားသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရမည်မှာ သေချာသည်။

လူတိုင်းက သိုင်းပညာရှင်တို့၏ ကျင့်ဝတ်များကို ဂရုမစိုက်ဘဲ ပြုမူနေကြခြင်းဖြစ်သည်။

နောက်ဆုံးတွင် အားလုံးသည် မည်သူ့လက်သီးက ပိုကြီးသလဲ ဆိုသည့်အပေါ်တွင်သာ မူတည်သွားသည်။

“မင်းက စကား ကောင်းကောင်းတတ်တာပဲ၊ မင်းနဲ့ စေ့စပ်ညှိနှိုင်းလို့ရမယ့်ပုံမပေါ်ဘူး”

ဝူရွှမ်၏ မျက်လုံးများ စူးရှသွားပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အမည်းနှင့် အဖြူရောင် အလင်းတန်းတစ်ခုက ဝူယွမ်ဆီသို့ ပစ်လွှတ်သွားလေသည်။

ဝူယွမ်၏ ခြေအောက်ရှိ ဧရာမဝေလငါးကြီးက တုန်ခါသံတစ်ခု ထုတ်လွှင့်လိုက်သည်။

အမည်းနှင့် အဖြူရောင် အလင်းတန်းကို ရင်ဆိုင်ရချိန်တွင် ၎င်းသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း အန္တရာယ်ကြီးတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

“မကြောက်နဲ့၊ ငါ ဒီမှာ ရှိတယ်” ဝူယွမ်က ဝေလငါးလေးကို နှစ်သိမ့်လိုက်သည်။

ထို့နောက် သူ၏နီဝမ်နယ်ပယ်အတွင်းရှိ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်က တဖျတ်ဖျတ်လက်သွားပြီး အမည်းနှင့် အဖြူရောင် အလင်းဝန်းတစ်ခုက သူ၏မျက်ခုံးနှစ်ခုကြားမှ ချက်ချင်း ပြန့်ကျဲထွက်ပေါ်လာသည်။

အလင်းဝန်းက ပြန့်ကျဲသွားပြီး အမည်းနှင့် အဖြူရောင် အလင်းဒိုင်းတစ်ခုကို ဖန်တီးလိုက်၏။

ဝူရွှမ်၏ အမည်းနှင့် အဖြူရောင် အလင်းတန်းက ၎င်းကို ဝင်တိုက်မိသော်လည်း ဝူယွမ်၏ပတ်ဝန်းကျင်ရှိ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများက တိုက်ရိုက် စုပ်ယူပစ်လိုက်သည်။

ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ အကြီးမားဆုံး လက္ခဏာမှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ညီမျှမှုပင်။ သူတို့၏ နည်းလမ်းမှာ ရှင်သန်ခြင်း ဆန်းကြယ်စွမ်းအားနှင့် သေဆုံးခြင်း ဆန်းကြယ်စွမ်းအားတို့ကို ပေါင်းစပ်ရန် ဖြစ်သည်။

အခြေခံအားဖြင့် ၎င်းတို့မှာ ဤစွမ်းအားနှစ်မျိုးသာ ဖြစ်နေသေးသည်။

ထို့အပြင် ဝူယွမ်က ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်ကို ကျွမ်းကျင်ပိုင်နိုင်သွားပြီးနောက် သူသည် ဤစွမ်းအားနှစ်မျိုးကို မကြောက်ရွံ့တော့ပေ။

ဤစွမ်းအားက အလွန်တရာ အစွမ်းထက်ပြီး တိုက်ရိုက်ဖိနှိပ်နိုင်စွမ်း မရှိသရွေ့ ဝူယွမ်က ၎င်းကို ဖြေရှင်းနိုင်စွမ်းရှိသည်။

ဝူယွမ်၏ လက်ရှိနယ်ပယ်ဖြင့် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးထံမှ သာမန် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအင်တိုက်ခိုက်မှုများက သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု မဖြစ်တော့ပေ။

အကယ်၍ ဝူရွှမ်က ဝူယွမ်အပေါ် ဖိအားပေးလိုပါက အစွမ်းထက်သော လှုပ်ရှားမှုတစ်ခုကို ထုတ်လွှတ်ရပေမည်။

“ဟင်”

မေးခွန်းသင်္ကေတကြီးတစ်ခု ဝူရွှမ်၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။

သူ၏တိုက်ခိုက်မှုကို ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်မျှသာရှိသေးသော လူငယ်လေးတစ်ယောက်က အလွယ်တကူ ဖြေရှင်းလိုက်သည်လော။

‘ဒါက ကြောက်ဖို့အကောင်းဆုံး အပိုင်း မဟုတ်သေးဘူး၊ အဲဒီလူငယ်လေးက ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားကိုတောင် အသုံးပြုနိုင်နေတာက….'

‘ရှင်သန်ခြင်း စွမ်းအား၊ သေဆုံးခြင်း စွမ်းအားနဲ့ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအား….. ဒါတွေက မတူညီတဲ့ နယ်ပယ်သုံးခုကို ကိုယ်စားပြုတဲ့ သီးခြား စွမ်းအားသုံးမျိုးပဲ၊ ဒါပေမယ့် ဝူယွမ်က ဆန်းကြယ်ရှင်ခြင်းအဆင့်မှာပဲ ရှိသေးတာ အထင်အရှားပဲလေ'

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီနယ်ပယ်မှာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း စွမ်းအားကို ထိန်းချုပ်နိုင်ဖို့ဆိုတာက…. အဲ့တာ မင်းကိုယ်ပိုင်စွမ်းအား သေချာပေါက် မဖြစ်နိုင်ဘူး”

“မင်းဆီမှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင် ရှိနေတာလား” ဝူရွှမ်က ဝူယွမ်ကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်က ထုတ်လွှတ်လိုက်တဲ့ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားကပဲ ငါ့ရဲ့ တိုက်ခိုက်မှုကို ဖြေရှင်းနိုင်မှာ”

“လျှို့ဝှက်ဂူသခင် ဝူရွှမ်က တကယ်ကို ဗဟုသုတကြွယ်ဝတာပဲ၊ မှန်ပါတယ်၊ ကျွန်တော့်ဆီမှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင် ရှိပါတယ်” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။

“အရိုးအဘိုးအိုနဲ့ မိစ္ဆာအိုကြီး မိုရှဲ့တို့ နှစ်ယောက်လုံး မင်းလက်ထဲမှာ ကျရှုံးသွားတာ အံ့ဩစရာမရှိတော့ပါဘူး”

ဝူရွှမ်သည် ရုတ်တရက် သဘောပေါက်သွားပုံရပြီး အရာအားလုံး အဓိပ္ပာယ်ရှိသွားသည်ဟု ခံစားလိုက်ရသည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်ကဲ့သို့သော ဝှက်ဖဲတစ်ခုရှိသဖြင့် ဝူယွမ်သည် ဆန်းကြယ်သေခြင်းအဆင့်ကို ကြောက်ရွံ့နေမည် မဟုတ်ပေ။

“ဟူး... “

ဝူရွှမ်၏ အသက်ရှူသံများ မြန်ဆန်လာသည်။ ကစဉ်ကလျားမိစ္ဆာပင်လယ်ရှိ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်သော လေးစားရသည့် လျှို့ဝှက်ဂူသခင်တစ်ဦးအနေဖြင့်ပင် ဘိုးဘေးအဆောင်တစ်ခုအကြောင်းကို ကြားရသောအခါ တည်ငြိမ်စွာနေနိုင်ရန် ခက်ခဲလှသည်။

အကယ်၍ သူသာ ဘိုးဘေးအဆောင်တစ်ခုကို ရရှိနိုင်ပါက သူ၏ စွမ်းအားမှာ သေချာပေါက် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်ပြီး မိစ္ဆာလေ လျှို့ဝှက်ဂူသည်လည်း ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် မီးနတ်ဘုရားနန်းတော်နှင့် ရင်ပေါင်တန်းနိုင်သော အင်အားစုတစ်ခု ဖြစ်လာနိုင်ပေသည်။

မီးနတ်ဘုရားနန်းတော်မှ မိုလော့သည်လည်း သူ့ကဲ့သို့ပင် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း သူသည် မီးတောက် ဘိုးဘေးအဆောင်ကို ပိုင်ဆိုင်ထားခြင်းကြောင့် သံသရာဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိနေကြောင်း သိထားရမည်ဖြစ်သည်။

ဝူယွမ်ကို ကြည့်နေသော ဝူရွှမ်၏အကြည့်များက အလွန်အမင်း ပြင်းပြလာပြီး အရသာရှိသော မုန့်တစ်ချပ်ကို ကြည့်နေသကဲ့သို့ ဖြစ်လာသည်။ သူသည် ရှဲ့ယန်နှင့် အခြားသူများကို မေ့သွားခဲ့ပြီဖြစ်ပြီး ဘိုးဘေးအဆောင်ကို ရယူလိုစိတ်သာ ရှိတော့သည်။

“လျှို့ဝှက်ဂူသခင် ဝူရွှမ်၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်ကို ရချင်တဲ့ ခင်ဗျားရဲ့ စိတ်အားထက်သန်မှုကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို အရင်အနိုင်ယူရလိမ့်မယ်၊ အဲဒီလိုမှမဟုတ်ရင် ခင်ဗျားရဲ့ စိတ်ကူးယဉ် အိပ်မက်တွေက ဘာအသုံးကျမှာလဲ၊ ကျွန်တော်က ဒီတိုင်းတော့ ပေးမှာမဟုတ်ဘူးနော်”

ဝူယွမ်က နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။

သူသည် ဝူရွှမ်နှင့် အားရပါးရ တိုက်ခိုက်ချင်နေသည်။

ယခင်က ယွမ်ဂိုဏ်းချုပ်သုံးပါးကို ရင်ဆိုင်ခဲ့စဉ်က ဝူယွမ်သည် ကန့်သတ်ချက်ထက်ကျော်လွန်သော စွမ်းအားပေါက်ကွဲမှုကို အသုံးပြုခဲ့ရပြီး ဝူယွမ်၊ ယင်းရွှမ်ဇီနှင့် အကြီးအကဲကြီးတို့က သူတို့ကို ထိန်းချုပ်ထားကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ခြင်း ဖြစ်သည်။

အခန်း (၃၈၂) - ဝူရွှမ်ကို တစ်ယောက်တည်း ဖိနှိပ်ခြင်း(၂)

တကယ့် တိုက်ပွဲတစ်ခုတွင် သူနှင့် ဝင်စားခြင်းအဆင့်ကြားရှိ ကွာဟချက်မှာ ထိုအချိန်က အတော်လေး ကြီးမားနေဆဲပင် ဖြစ်သည်။

သို့သော်လည်း ယခုအခါ ဝူယွမ်သည် များစွာ တိုးတက်လာခဲ့ပြီဖြစ်သည်။ သူ၏ စွမ်းအားများကို အစွမ်းကုန် မထုတ်လွှတ်ဘဲ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိမရှိကို သူ စမ်းသပ်လိုခဲ့သည်။

“ဟက်ဟက်၊ မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာပဲ၊ ဘိုးဘေးအဆောင်က အစွမ်းထက်တယ်ဆိုပေမယ့် သူ့ကို ကိုင်တွယ်ဖို့ လူတစ်ယောက်တော့ လိုသေးတယ်” ဝူရွှမ်က လှောင်ပြုံးပြုံးလိုက်သည်။

ဘိုးဘေးအဆောင်ကိုသာ အားကိုးပြီး နယ်ပယ်ကြီးနှစ်ခု ကျော်လွန်ကာ သူ့ကို တိုက်ခိုက်ရန် ကြိုးစားနေသော ဝူယွမ်မှာ ရူးသွပ်သွားပြီဟု သူ ထင်မှတ်လိုက်သည်။

“စကားများတာတော်လောက်ပြီ၊ လာခဲ့စမ်း”

“ကောင်းကင်ပြာနဂါး ကောင်းကင်တံဆိပ်”

ဝူယွမ်၏ အရှိန်အဝါက ရုတ်တရက် ဆူပွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကောင်းကင်ပြာနဂါး အလင်းပုံစံ ရာပေါင်းများစွာ လင်းလက်လာကာ ဧရာမကောင်းကင်ပြာနဂါး လက်ဝါးကြီးတစ်ခု ဆန့်ထွက်လာသည်။

ကျယ်ပြောလှသော အစိမ်းရောင်အလင်းတန်းများ ၎င်းအောက်မှ ထွက်ပေါ်လာပြီး ဝေဝါးဝါး အလင်းတံဆိပ်တစ်ခု ပေါ်ထွက်လာသကဲ့သို့ ဖြစ်နေသည်။

အလင်းတံဆိပ်မှာ နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်ရှိပြီး ထူးခြားသော ဖိအားတစ်ခု ၎င်းအတွင်းမှ ပြန့်ကျဲထွက်ပေါ်လာသည်။

ကောင်းကင်ယံတွင် ဝူရွှမ်၏မျက်နှာမှာ ရေခဲပမာ အေးစက်နေသည်။

သူက လက်ဖဝါးကို ရုတ်တရက် ဆန့်ထုတ်လိုက်ရာ အမည်းနှင့် အဖြူရောင် စွမ်းအင်စီးကြောင်းတစ်ခု ပြန့်ကျဲထွက်ပေါ်လာပြီး သူ၏လက်ထဲတွင် ပေတစ်ထောင်ခန့် ရှည်လျားသော အမည်းနှင့် အဖြူရောင် ဧရာမစပါးအုံးမြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။

ဧရာမစပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်ကြီးမှာ တုန်ခါသွားပြီး လေဟာနယ်ကိုယ်တိုင်ပင် ပြိုကျသွားလေသည်။

ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ဝူယွမ်၏ ခြေအောက်ရှိ ဧရာမဝေလငါးကြီးကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် ပင်လယ်ရေပြင်ပေါ်သို့ပင် မတက်ရဲတော့ပေ။

“နဝမမြောက် ကောင်းကင်ဖိနှိပ် လက်ဝါး”

ဝူရွှမ်၏ပါးစပ်မှ ဩရှရှ ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာရာ ချက်ချင်းပင် အမည်းနှင့် အဖြူရောင် အလင်းတန်းများ ကောင်းကင်ယံတွင် ဆူပွက်လာပြီး အမည်းနှင့် အဖြူရောင် စပါးအုံးမြွေကြီးက ချက်ချင်း ဟိန်းဟောက်ထွက်ပေါ်လာသည်။

၎င်း၏ခန္ဓာကိုယ်မှာ ကြီးမားသော်လည်း အရှိန်မှာ လျှပ်စီးတန်းတစ်ခုပမာ မြန်ဆန်လွန်းလှသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ အမည်းနှင့် အဖြူရောင် လျှပ်စီးတန်းတစ်ခုပမာ ဝူယွမ်၏ ကောင်းကင်ပြာနဂါး အလင်းတံဆိပ်ဆီသို့ တည့်မတ်စွာ ပြေးဝင်လာလေသည်။

“ဝုန်း”

ဝင်တိုက်မိသည့်အချိန်တွင် ဤကောင်းကင်နှင့် မြေကြီးသည် ပြိုကျမည့် အရိပ်အယောင်များကို ပြသနေသကဲ့သို့ ဖြစ်လာသည်။

လေဟာနယ်က လျင်မြန်စွာ လိမ်ကောက်သွားပြီး မီတာတစ်သောင်းပတ်လည် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံကာ မိုးသည်းထန်စွာ ရွာသွန်းလာသည်။

အောက်ဘက်ရှိ ပင်လယ်ပြင်မှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး မီတာ စ်သောင်းခန့်ရှိသော ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာ၏။ အချိန်အတော်ကြာပြီးနောက် ပင်လယ်ရေများက ၎င်းကို နောက်ဆုံးတွင် ပြန်လည်ဖြည့်တင်းပေးလိုက်သည်။

ပင်လယ်ဖိနှိပ် ဆန်းကြယ်ဝေလငါးမှာ အောက်ဘက်တွင် ဝူယွမ်၏အကာအကွယ်အတွင်း ရှိနေသဖြင့် ထိခိုက်မှုမရှိခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲမြင်ကွင်းက ဝေလငါးကြီး၏ နှလုံးသားလေးကို မရပ်မနား တုန်လှုပ်စေခဲ့သည်။

“ငါ သယ်လာတဲ့ လူသားကောင်လေးက ဒီလောက်တောင် အစွမ်းထက်တာလား” ပင်လယ်ဖိနှိပ် ဆန်းကြယ်ဝေလငါးမှာ အလွန်တရာ စိတ်လှုပ်ရှားသွားရသည်။

ဝူယွမ်၏ စွမ်းအားမှာ သူ၏ စိတ်ကူးယဉ်နိုင်စွမ်းကို လုံးဝကျော်လွန်နေသည်။ ခုနက ဝူရွှမ် ပေါ်လာချိန်တွင် ဟူ သေရတော့မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးများက အချိန်အတော်ကြာပြီးနောက် တဖြည်းဖြည်း ရပ်တန့်သွားသည်။ ဤအချိန်တွင် ဝူယွမ်နှင့် ဝူရွှမ်တို့မှာ လေထဲတွင် မျက်နှာချင်းဆိုင် ရပ်နေကြပြီး နတ်ဘုရားလှံတံနှစ်ချောင်းပမာ ထက်ရှသော အရှိန်အဝါနှစ်ခုက ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်လုနီးပါး ဖြစ်နေသည်။

ယခင် တိုက်ခိုက်မှုတွင် ဝူယွမ်သည် ဝူရွှမ်ထက် အနည်းငယ်မျှပင် နိမ့်ကျမနေခဲ့ပေ။

“ဘယ်လောက်တောင် အစွမ်းထက်တဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်လဲ၊ ငါ မင်းကို အထင်သေးမိသွားတယ်”

ဝူရွှမ်၏မျက်နှာအမူအရာမှာ နောက်ဆုံးတွင် လေးနက်သွားခဲ့လေသည်။

ဤလူငယ်လေး၏ စွမ်းအားမှာ သူ့ထက် မနိမ့်ကျပေ။ တိုက်ခိုက်မှုတစ်ကြိမ်ကပင် ဝူရွှမ်ကို မကောင်းသော ကြိုတင်နိမိတ်တစ်ခု ခံစားရစေခဲ့သည်။

“ကျွန်တော့်ရဲ့ အစွမ်းအစတွေကို ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တစ်ခုတည်းမှာပဲ ကန့်သတ်မထားဘူး၊ လျှို့ဝှက်ဂူသခင် ဝူရွှမ်၊ ခင်ဗျား ဆက်ပြီးခံစားကြည့်သင့်တယ်” ဝူရွှမ် စကားမပြောနိုင်မီမှာပင် ဝူယွမ်က ထပ်မံတိုက်ခိုက်လိုက်သည်။

“ငရဲနတ်ဘုရားလှံ”

သူ၏ခန္ဓာကိုယ်တွင်းရှိ ယွမ်စွမ်းအင်များ ရူးသွပ်စွာ ဆူပွက်လာပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အမှုန်တိုင်း တုန်ခါသွားကာ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

စွမ်းအင်အမှုန်တိုင်းက ဂြိုဟ်တစ်ခုပမာ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဝူယွမ်၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် ဧရာမ လေဝဲကတော့ကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် စုစည်းထားသော ထူးခြားဆန်းကြယ်သည့် ခရမ်းရွှေရောင် လှံရှည်တစ်ခုက ထိုလေဝဲကတော့အတွင်းမှ ဆန့်ထွက်လာသည်။

ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး ငရဲပြည်၏ အငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့လေသည်။

ပင်လယ်ရေများပင် မည်းနက်သွားလေတော့သည်။

သူ၏ နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင် စွမ်းအားသည် မဟာပြည့်စုံခြင်းအဆင့်၏ ဒုတိယအလွှာသို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရေတွက်၍မရနိုင်သော စွမ်းအင်အမှုန်များမှာ စွမ်းအားများဖြင့် ပြည့်နှက်နေပြီး နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်၊ ဧကရာဇ်သွေးကြောတို့နှင့် ထပ်တူကျကာ ပေါင်းစပ်နေသည်။

ဤနတ်ဘုရားစွမ်းရည်သည် ဝူယွမ်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအားလုံးကို စုစည်းထားသည်ဟု ဆိုနိုင်ပေသည်။

ဝူယွမ်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ပိုမိုအစွမ်းထက်လေလေ ငရဲနတ်ဘုရားလှံ၏စွမ်းအားက ပိုမိုကြီးမားလေလေ ဖြစ်သည်။

ပေတစ်ထောင်ကျော် ကြီးမားသော ရွှေရောင်လှံတံကြီးက ပင်လယ်ရေပြင်နှင့် ကောင်းကင်ယံတစ်စိတ်တစ်ပိုင်းကို လင်းထိန်သွားစေပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်ကာ ဝူရွှမ်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

“ငရဲဝိညာဉ်ဖိနှိပ်ကျောက်တိုင်”

ဝူရွှမ်က ဟိန်းဟောက်လိုက်ရာ အမည်းရောင် အလင်းတန်းတစ်ခု တဖျပ်ဖျပ်လက်သွားသည်။ အမည်းရောင် ရှေးဟောင်းကျောက်တိုင်တစ်ခုကြီး သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

မှောင်မိုက်သော စွမ်းအင်များက ကျောက်တိုင်ကို ရစ်ခွေနေပြီး ရေခဲပမာ အေးစက်သော လေပြင်းများ တိုက်ခတ်လာကာ တစ္ဆေအများအပြား ထွက်ပေါ်လာကြသည်။

ဧရာမကျောက်တိုင်ကြီးမှာ တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝူယွမ်၏ ရွှေရောင်လှံတံကြီးကို ဝါးမျိုပစ်လိုက်သည်။

ရွှေရောင်အလင်းတန်းများက ကျောက်တိုင်ကို ထိုးဖောက်သွားပြီး ငရဲကျောက်တိုင်က ဝူယွမ်၏ နတ်ဘုရားစွမ်းရည်တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်ခဲ့သော်လည်း ၎င်းမှာ အပေါက်များဖြင့် ပြည့်နှက်သွားလေသည်။

“သန့်စင်ယွမ်ရတနာလား” ဝူယွမ်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

အမည်းရောင်ကျောက်တိုင်မှာ အတော်လေးကောင်းမွန်သော သန့်စင်ယွမ်ရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားလှသည်။

“ဒါဆို ငါ့ရဲ့ ခေါင်းတလားအဖုံးကို စမ်းကြည့်ကြတာပေါ့” ဝူယွမ်သည် မုလင်းရှန်၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ခေါင်းတလားအဖုံးကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

ခေါင်းတလားအဖုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်လိုက်ရာ သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ရူန်းသင်္ကေတက တဖျပ်ဖျပ်လက်သွားပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများ ခေါင်းတလားအဖုံးသို့ စီးဆင်းသွားလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခေါင်းတလားအဖုံး၏ အရှိန်အဝါမှာ မြင့်တက်သွားပြီး ၎င်း၏စွမ်းအားမှာ နှစ်ဆကျော် တိုးလာခဲ့သည်။

ဝူယွမ်၏ နှုတ်ခမ်းပေါ်တွင် ရက်စက်သေ အပြုံးတစ်ခု ပေါ်လာပြီး ဝူရွှမ်ဆီသို့ ခေါင်းတလားအဖုံးဖြင့် ရိုက်ချလိုက်သည်။

“သေစမ်း” ဝူရွှမ်က တီးတိုးကျိန်ဆဲလိုက်ပြီး ငရဲ ဝိညာဉ်ဖိနှိပ်ကျောက်တိုင်ကို သိမ်းဆည်းကာ စတင်ရှောင်တိမ်းလေတော့သည်။

“မသေမျိုး မြင့်မြတ်သောဝေလငါးမျိုးနွယ်စုရဲ့ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ခေါင်းတလားက မင်းဆီမှာ ဘယ်လိုလုပ်ရှိနေတာလဲ” သူ တကယ်ကို တွေဝေသွားချေပြီ။

‘ဒီဝူယွမ်မှာ ဝှက်ဖဲတွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ’

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်နှင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ခေါင်းတလားတို့ ပေါင်းစပ်ထားမှုက သူ့ကို အကူအညီမဲ့သလို ခံစားရစေသည်။

ထို့အပြင် ဝူယွမ်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးထက် မနိမ့်ကျပေ။

ဝူရွှမ်သည် ဖရိုဖရဲရှောင်တိမ်းနေရုံသာ တတ်နိုင်ပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ခေါင်းတလားအဖုံးကို လုံးဝ မကိုင်တွယ်နိုင်ခဲ့ပေ။

ကြီးမြတ်သော ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကြောင့် ဤမျှလောက် အခြေအနေဆိုးသို့ ရောက်ရှိသွားရသဖြင့် ဝူရွှမ်တွင် ပြောပြ၍မရနိုင်လောက်အောင် ခါးသီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်သလဲ၊ လျှို့ဝှက်ဂူသခင် ဝူရွှမ်၊ ခင်ဗျား ဒါအကုန်ပဲလား” ဝူယွမ်က ဝူရွှမ်ကို ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ခေါင်းတလားအဖုံးကို သိမ်းဆည်းလိုက်သည်။

“ငါ မှားသွားတယ်ထင်တယ်၊ မင်းရဲ့ စွမ်းအားက ဘယ် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ထက်မှ မနိမ့်ကျဘူး၊ မင်းရဲ့ နာမည်ကို ငါ ဘာလို့ တစ်ခါမှမကြားဖူးရတာလဲ” အင်အားသုံး၍ မရတော့သည်ကို မြင်သောအခါ ဝူရွှမ်က နူးညံ့သော ချဉ်းကပ်မှုတစ်ခုကို စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။

“တိုက်ပြီးမှ စကားပြောတာပေါ့၊ ကျွန်တော့်မှာ နောက်ထပ်အကွက်တစ်ကွက် ကျန်သေးတယ် လျှို့ဝှက်ဂူသခင် ဝူရွှမ်၊ ခင်ဗျား ဒါကို ခံနိုင်ရည်ရှိရင် ငါတို့ စကားဆက်ပြောကြတာပေါ့” ဝူယွမ်က ဝူရွှမ်ကို စကားပြောခွင့် မပေးတော့ပေ။

ဝူရွှမ်က သူ့နောက်ကို စတင်လိုက်လာကတည်းက သူ့ကို ပြန်လွှတ်ပေးရန် ဝူယွမ် မရည်ရွယ်ခဲ့ပေ။ သူက ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်ကို ပိုင်ဆိုင်ထားသည်ဟု တစ်ဖက်လူက အထင်လွဲနေရာ လွှတ်ပေးဖို့ဆိုသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။

“ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်” ဝူယွမ်က ဩရှရှ ဟိန်းဟောက်လိုက်ရာ သူ၏ဝိညာဉ်စွမ်းအင်များ ချက်ချင်း ရူးသွပ်စွာ ဆူပွက်လာပြီး နီဝမ်နယ်ပယ်အတွင်း၌ အမည်းရောင် ဓားသန္ဓေသားငယ်လေးတစ်ခုကို ဖန်တီးလိုက်သည်။

ရွှီး….

မူလစိတ်ဝိညာဉ် ဓားသန္ဓေသားက ဝူရွှမ်ကို ပစ်မှတ်ထားကာ တည့်မတ်စွာ တိုး၀င်လေသည်။

“ဒါ ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှုလား” ဝူရွှမ်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူရော်သွားလေသည်။

ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုများမှာ သာမန်ကျင့်ကြံသူများအတွက် အကြောက်ရဆုံး နည်းလမ်းများ ဖြစ်သည်။

‘ဒီဝူယွမ်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့ ယွမ်စွမ်းအင်မှာ ကျွမ်းကျင်ရုံသာမက သူရဲ့ ဝိညာဉ်စွမ်းအင်ကလည်း ဒီလောက်တောင် အစွမ်းထက်နေသေးတယ်လား’

ဝူရွှမ်သည် မစင်စားလိုက်ရသကဲ့သို့ မသက်မသာ ခံစားလိုက်ရတော့၏။

သူ ရူးသွပ်စွာ နောက်ဆုတ်သွားသော်လည်း မူလစိတ်ဝိညာဉ် ဓားသန္ဓေသားက သူ၏ ဝိညာဉ်အရှိန်အဝါကို တိုက်ရိုက်ပစ်မှတ်ထားကာ ဝူရွှမ်၏ ယွမ်စွမ်းအင်အကာအကွယ်ကို လျစ်လျူရှုပြီး ဝိညာဉ်စွမ်းအင်အကာအကွယ်ကို ထိုးဖောက်ကာ အမည်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စိတ်ထဲသို့ ဝင်ရောက်သွားလေသည်။

“အား...” ဝူရွှမ်က အော်ဟစ်လိုက်ပြီး ခေါင်းကိုကိုင်ကာ ချက်ချင်း ငိုကြွေးလေတော့သည်။

ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများမှာ ကစဉ်ကလျားဖြစ်နေသော ယွမ်စွမ်းအင်များကြောင့် အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားကြသည်။

“မျှော်လင့်ထားတဲ့အတိုင်း ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ဆိုတော့ တကယ်ကို သတ်ရခက်တာပဲ” ဝူယွမ်က သက်ပြင်းချလိုက်သည်။

သူ၏ လက်ရှိ မူလစိတ်ဝိညာဉ် ဓားသန္ဓေသားက ချက်ချင်းသတ်နိုင်သည့် အခြေအနေကို မစွမ်းဆောင်နိုင်သေးပေ။

“အရမ်း ဆူညံလွန်းတယ်၊ သူ့ကို အရင်ဆုံး ပိတ်လှောင်ထားလိုက်မယ်” ဝူယွမ်က သူ၏ ရင်ဘတ်ပေါ်ရှိ ရှေးဟောင်းကျောက်တိုင်ငယ်လေးကို အသက်သွင်းလိုက်သည်။

ရှေးဟောင်းကျောက်တိုင်က ကြီးထွားလာပြီး ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။

ကျောက်တိုင်အောက်တွင် လေဟာနယ်တံခါးတစ်ခု ပေါ်လာပြီး ရူးသွပ်စွာ လူးလှိမ့်နေသော ဝူရွှမ်ကို ချက်ချင်း စုပ်ယူသွားလေသည်။

“ဟွမ်၊ သူ့ကို အရင်ဖိနှိပ်ထားလိုက်၊ သူက နားမထောင်ရင် ကမ္ဘာသစ်ပင်ကို သူ့ဆီက သွေးနည်းနည်းစုပ်ခိုင်းလိုက်” ဝူယွမ်က ဟွမ်ကို ညွှန်ကြားလိုက်သည်။

ကမ္ဘာသစ်ပင်သည် ကြီးထွားလာစေရန်အတွက် စွမ်းအားမျိုးစုံကို စုပ်ယူနိုင်သည်။ ကမ္ဘာခြားနတ်ဆိုးများ၏ မိစ္ဆာချီများကိုပင် စုပ်ယူနိုင်ရာ ဝူရွှမ်ကဲ့သို့ ယွမ်ချီကျင့်ကြံသူကိုဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့ပေ။

All Chapters