အခန်း (၃၈၃-၃၈၄)
Vol. 39 Ch. 383-384
အခန်း (၃၈၃) - ကောင်းကင်မိုးကြိုး ပင်လယ်နယ်မြေ၊ လျှိုရှန်ရွှမ်(၁)
ဝူရွှမ်ကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ဝူယွမ်၏အကြည့်များက အောက်ဘက်ရှိ ငြိမ်သက်နေသော ပင်လယ်ရေပြင်ပေါ်သို့ ကျရောက်သွားသည်။
သူက အေးစက်စက် လေသံဖြင့်ပြောလိုက်သည်။ “တိုက်ပွဲ ပြီးသွားပြီ၊ ခင်ဗျား ထွက်မလာသေးဘူးလား”
“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မင်းရဲ့ အာရုံခံနိုင်စွမ်းကို ငါလှည့်စားလို့ မရခဲ့ဘူး” ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
ဝုန်း!
ပင်လယ်ရေများ ဆူပွက်လာပြီး ကြမ်းတမ်းသော မုန်တိုင်းတစ်ခုပမာ ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးများကြားတွင် အပြာရောင်ဝတ်ရုံနှင့် လူတစ်ဦး လေထဲတွင် ရပ်နေ၏။
သူ၏မျက်နှာမှာ အလွန်တရာ ချောမောခံ့ညားပြီး အဝေးမှကြည့်လျှင် ကျယ်ပြောလှသော သမုဒ္ဒရာကြီးကို လွှမ်းခြုံထားသကဲ့သို့ နက်ရှိုင်းကာ နားလည်ရခက်သော နက်ရှိုင်းသည့် အပြာရောင်မျက်လုံးများ ရှိသည်။
“နောက်ထပ် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်” ဝူယွမ်၏ မျက်လုံးများက သူ့အပေါ်သို့ စူးစိုက်သွားသည်။
ဤလူထံမှ ဝူရွှမ်ထက်ပင် ပိုမိုအစွမ်းထက်သော အငွေ့အသက်တစ်ခုကို ဝူယွမ်ခံစားမိလိုက်သည်။
ထိုလူ၏စွမ်းအားမှာ ဝူရွှမ်ထက် သာလွန်ကြောင်း ထင်ရှားလှသည်။
“ခင်ဗျားက ဘယ်သူလဲ၊ ပြီးတော့ ဘာလို့ ကျွန်တော့်နောက်ကို အမြဲတမ်းလိုက်နေတာလဲ” ဝူယွမ်က မေးလိုက်သည်။
တစ်ဖက်လူထံမှ မည်သည့်ရန်လိုမှုကိုမျှ မခံစားရသော်လည်း ထိုလူက သူ့ကို အဘယ်ကြောင့် ပစ်မှတ်ထားနေရသည်ကို သူ စူးစမ်းလိုသေးသည်။
အစပိုင်းတွင် သူသည် ထိုလူမှာ ချန်ခွန်း လျှို့ဝှက်ဂူ၏ လျှို့ဝှက်ဂူသခင် ဖြစ်နိုင်သည်ဟုပင် သံသယရှိခဲ့သည်။ အထူးသဖြင့် ချန်ခွန်း လျှို့ဝှက်ဂူ၏ လျှို့ဝှက်ဂူသခင်လေး ကျိုးချန်ကို သူ ဖမ်းဆီးထားခဲ့သောကြောင့်ပင်။
သို့သော်လည်း ဝူရွှမ်က သူ့ကို တိုက်ခိုက်ချိန်တွင် တစ်ဖက်လူက ပုန်းကွယ်ကာ စောင့်ကြည့်နေခဲ့သဖြင့် ထိုလူမှာ ချန်ခွန်း လျှို့ဝှက်ဂူသခင် မဟုတ်ဟု ဝူယွမ် ထင်မြင်ခဲ့သည်။
“ဝူးး...”
ထိုအချိန်တွင် ဝူယွမ်နောက်သို့ လိုက်ပါလာသော ပင်လယ်ဖိနှိပ် ဆန်းကြယ်ဝေလငါးက တိုးညှင်းစွာ မြည်ကြွေးလိုက်ပြီး တစ်ဖက်လူဆီသို့ မျက်နှာချိုသွေးကာ ကူးခတ်သွားလေသည်။
“မိတ်ဆွေလေးဝူယွမ်၊ မစိုးရိမ်ပါနဲ့၊ ငါက မင်းဘက်ကပါ”
တစ်ဖက်လူက တခစ်ခစ်ရယ်မောလိုက်၏။
“သူက မသေမျိုး မြင့်မြတ်သောဝေလငါး မျိုးနွယ်စုရဲ့ တတိယမြောက်ဘိုးဘေး မုလန်ပဲ၊ မုလင်းရှန်ရဲ့ တတိယမြောက်အဘိုးလေ” ပင်လယ်ဖိနှိပ် ဆန်းကြယ်ဝေလငါးက ဝူယွမ်ကို စိတ်ချင်းဆက်သွယ်ကာ ပြောပြလိုက်သည်။
“ဒါဆို စီနီယာမုလန်ပဲ ဖြစ်ရမယ်” ထိုစကားကို ကြားသောအခါ ဝူယွမ်က လက်ချင်းယှက်ကာ နှုတ်ဆက်သည်။
“စီနီယာက ကျွန်တော့်ကို သိတယ်လား”
“ချင်းကျီက မင်းအကြောင်းပြောပြဖူးတယ်၊ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေကိုတောင် ဖိနှိပ်နိုင်လောက်တဲ့အထိ မင်း ဒီလောက်မြန်မြန် ကြီးထွားလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ဒီအဘိုးကြီးတောင် အခု မင်းရဲ့ပြိုင်ဘက် မဟုတ်တော့ဘူး”
မုလန်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
သူနှင့် ချင်းကျီတို့မှာ သူငယ်ချင်းကောင်းများဖြစ်ကြ၏။ ချင်းကျီက သူ၏အမွေကို ဝူယွမ်အား ပေးအပ်ခဲ့ချိန်တွင် မုလန်သည် ချင်းကျီနှင့်အတူ ရှိနေခဲ့ပြီး ဝူယွမ်အကြောင်းကို သူ့ထံမှကြားခဲ့ရ၏။
ထို့အပြင် ချင်းကျီသည် ဝူယွမ်ကို လျှို့ဝှက်စောင့်ကြည့်နေခဲ့လေသည်။
အစပိုင်းတွင် မုလန်သည် ဝူယွမ်ကို သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် လူငယ်လေးတစ်ယောက်မျှသာဖြစ်ပြီး သူ၏ ကိုယ်ပိုင်အမွေကို မရရှိခဲ့သောကြောင့်ဖြစ်သည်။
လွန်ခဲ့သည့် လအနည်းငယ်က ကမ္ဘာခြားနတ်ဆိုးမြို့တော်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဝူယွမ်သည် ယွမ်ဂိုဏ်း၏ တပည့်သုံးဦးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ချိန်တွင် လျှို့ဝှက်စောင့်ကြည့်နေခဲ့သော ချင်းကျီသည် ၎င်းကို မြင်တွေ့ခဲ့ပြီး တိုက်ပွဲမြင်ကွင်းကို မူလစိတ်ဝိညာဉ်ဖြင့် မှတ်တမ်းတင်ကာ သူတို့၏ မိတ်ဆွေဟောင်းအချို့ကို ပြသခဲ့သည်။
ထိုအချိန်မှသာ မုလန်သည် ဝူယွမ်ကို အမှန်တကယ် နားလည်သဘောပေါက်သွားခဲ့ကာ သူ အံ့အားသင့်သွားခဲ့ရသည်။
ဝူယွမ်၏ ကြီးထွားလာမှုမှာ ကြောက်မက်ဖွယ်ကောင်းပြီး နှစ်ပေါင်းရေတွက်၍မရနိုင်အောင် အသက်ရှင်နေထိုင်ခဲ့ကြသော သူတို့ကဲ့သို့ ရှေးဟောင်းပုဂ္ဂိုလ်ကြီးများပင် နားမလည်နိုင်သော လျှို့ဝှက်ချက်အများအပြားကို သူ ပိုင်ဆိုင်ထားသည်။
ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ဝူယွမ်၏စွမ်းအားသည် မည်သည့် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်နှင့်မဆို ရင်ပေါင်တန်းနိုင်နေခြင်းပင်။
“ဒါဆို စီနီယာချင်းကျီရဲ့ သူငယ်ချင်းပဲ ဖြစ်ရမယ်၊ မသိလြိက်တဲ့အတွက် တောင်းပန်ပါတယ်” ဝူယွမ်က အလျင်အမြန် လက်ချင်းယှက်ကာ ဂါ၀ရပြုလိုက်သည်။
ချင်းကျီသည် သူ့အပေါ် ကြီးကြီးမားမား ကူညီပေးခဲ့ဖူးပြီး ဝူယွမ်သည်လည်း အမြဲတမ်း ကျေးဇူးတင်နေခဲ့သည်။
“ငါက မင်းအတွက် အဓိကလာခဲ့တာ မဟုတ်ပါဘူး၊ ဒီမှာ မင်းနဲ့ တွေ့လိမ့်မယ်လို့လည်း ငါ မထင်ထားခဲ့ဘူး၊ ငါ့မြေးမလေးရဲ့ ဝေလငါးခေါ်သံကို ကြားလို့ လာခဲ့တာပါ”
မုလန်က ဝူယွမ်ကို စိုက်ကြည့်ကာ အကဲခတ်လိုက်ပြီး မေးလိုက်သည်။“လင်းရှန်က မင်းနဲ့အတူရှိနေရမယ် ဟုတ်တယ်မလား”
“စီနီယာက လင်းရှန်ကို ရှာနေတာကိုး၊ ဟုတ်ပါတယ်၊ လင်းရှန် ကျွန်တော်နဲ့အတူတူ ရှိနေပါတယ်” ဝူယွမ်က ပြုံးလိုက်သည်။
“သူမ ဘယ်လိုနေလဲ၊ ခုနက မင်း ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားကို သုံးတာ ငါမြင်လိုက်တယ်၊ မင်းရဲ့ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းစွမ်းအားက ဘယ်က ရလာတာလဲ” မုလန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တံတွေးတစ်ချက် မျိုချကာ မေးလိုက်သည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်မှာ မုလင်းရှန်နှင့် ပေါင်းစပ်သွားပြီဖြစ်ပြီး ၎င်းကို ဖယ်ရှားလိုက်ပါက မုလင်းရှန်၏အသက်ကို စတေးရမည်ကို သိရှိထားသဖြင့် ဝူယွမ်က မုလင်းရှန်ထံမှ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်ကို ယူဆောင်သွားပြီလားဟု သူ စိုးရိမ်နေမိသည်။
“မစိုးရိမ်ပါနဲ့ စီနီယာ၊ မုလင်းရှန် အခု အခြေအနေ အရမ်းကောင်းပါတယ်၊ သူမက ဆန်းကြယ်သေခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့တောင် ကြိုးစားနေပါပြီ”
ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။ မုလန်၏ စိုးရိမ်ပူပန်မှုကို သူ သတိပြုမိလိုက်သည်။
“လင်းရှန်က အခုအိပ်နေတယ်၊ ကျွန်တော် သူမကို အပြင်ထွက်လာဖို့ ခေါ်လိုက်ပါ့မယ်”
မုလန်ကို စိတ်အေးသွားစေရန်အတွက် ဝူယွမ်သည် မုလင်းရှန်ကို လူကိုယ်တိုင်ထွက်ပြစေရန် ဆုံးဖြတ်လိုက်သည်။
သူက ဟွမ်ယွမ်ထံသို့ သတင်းစကား ပေးပို့လိုက်၏။
ညွှန်ကြားချက်ကို ရရှိသည်နှင့်တစ်ပြိုင်နက် ဟွမ်ယွမ်သည် အိပ်ပျော်နေသော မုလင်းရှန်ကို အပြင်ဘက်သို့ တိုက်ရိုက်ပို့ဆောင်ပေးလိုက်သည်။
အလင်းတစ်ချက် လက်သွားပြီးနောက် အိပ်မှုန်စုံမွှားဖြစ်နေသော မိန်းမပျိုလေးတစ်ဦး ပင်လယ်ပြင်အထက် လေထဲတွင် လွင့်မျောလာလေသည်။
“ဟင်၊ အစ်ကိုကြီး၊ ကျွန်မကို ဘာလို့ အပြင်ခေါ်ထုတ်လာတာလဲ” မုလင်းရှန်က မျက်လုံးများကို ပွတ်သပ်ရင်း မေးလိုက်သည်။
မုလင်းရှန်သည် သူမ၏ ချိုမြိန်သောအိပ်မက်မှ အပြည့်အဝမနိုးသေးပေ။
“လင်းရှန်”
မုလန်က လှမ်းခေါ်လိုက်သည်။
“တတိယအဘိုး၊ ဒီကို ဘာလို့ ရောက်နေတာလဲ”
မုလင်းရှန်သည် မုလန်ကို မြင်သောအခါ လန့်ဖြန့်သွားပြီး သူမ၏အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
သူမသည် ဝူယွမ်၏ နောက်သို့ ချက်ချင်း ပြေးဝင်ကာ ပုန်းအောင်းလိုက်၏။
“တတိယအဘိုး၊ ကျွန်မကို ပြန်ခေါ်သွားမလို့ လာတာတော့ မဟုတ်ဘူးမလား၊ ကျွန်မ ပြန်မလိုက်ဘူးနော်၊ မျိုးနွယ်စုထဲမှာ အရမ်း ပျင်းစရာကောင်းတယ်၊ ပြီးတော့ အခု ကျွန်မ အိပ်ဖို့လိုနေတယ်၊ ကျွန်မ ဆော့နေတာမဟုတ်ဘူး၊ အခုချိန်မှာ အိပ်တာက ကျွန်မရဲ့ကျင့်ကြံမှုပဲ၊ ကျွန်မကို အိပ်ခွင့်မပေးရင် ကျွန်မကို ကျင့်ကြံခွင့်မပေးတာနဲ့ အတူတူပဲ၊ ကျွန်မ တကယ်ပြောတာ၊ ကျွန်မကို နောက်ထပ် တစ်နှစ် နှစ်နှစ်လောက် အိပ်ခွင့်ပေးရင် အဘိုးကိုတောင် ကျော်သွားလိမ့်မယ်”
မုလင်းရှန်မှာ စိုးရိမ်တကြီး ဖြစ်နေကာ သူမ၏ ပါးစပ်မှာ စက်သေနတ်တစ်လက်ပမာ တရစပ် ပြောဆိုနေလေသည်။
အချိန်တိုအတွင်းမှာပင် သူမ၏လက်ရှိ အခြေအနေအားလုံးကို ဖွင့်ဟဝန်ခံလိုက်သည်။
သူမကို မုလန်က ပြန်ခေါ်သွားမည်ကို တကယ်ပင် ကြောက်ရွံ့နေကြောင်း ထင်ရှားလှသည်။
“မင်း၊ မင်းက ဒီအဘိုးကို ဒေါသထွက်အောင် လုပ်တော့မှာပဲ”
မုလန်ကလည်း သူ၏ အဆော့မက်သော မြေးမလေးကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိပုံရသည်။
“စိတ်မပူပါနဲ့၊ ဒီတစ်ခါ မင်းကို ငါ ပြန်မခေါ်သွားပါဘူး၊ မင်းကို ခေါ်သွားဖို့ အချိန်လည်းမရှိဘူး၊ မင်း ဝူယွမ်နောက်ကို လိုက်ချင်ရင် လိုက်သွားလိုက်လေ” မုလန်က အကူအညီမဲ့စွာ ပြောလိုက်ရသည်။
“ချင်းကျီက ငါ့ကို ဖိတ်ထားလို့ သူနဲ့ ကိစ္စတချို့ လုပ်စရာရှိတယ်၊ အဲဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်မလေးကို ငါ ခေါ်သွားလို့မရဘူးလေ”
“မိတ်ဆွေလေး ဝူယွမ်၊ လင်းရှန်က မင်းနဲ့အတူရှိနေတာဆိုတော့ သူမကို စောင့်ရှောက်ပေးဖို့ ဒုက္ခပေးရလိမ့်မယ်”
“မစိုးရိမ်ပါနဲ့ စီနီယာ၊ ကျွန်တော် လင်းရှန်ကို ညီမအရင်းလေးတစ်ယောက်လို ဆက်ဆံပါ့မယ်၊ အထဲမှာ သူမ အထီးကျန်နေမှာ မဟုတ်ပါဘူး၊ သူတို့နှစ်ယောက်စလုံးက အိပ်ရင်းနဲ့ ကျင့်ကြံနေကြတာဆိုပေမယ့် သူမမှာ အရမ်းကောင်းတဲ့ အိပ်ဖော်တစ်ယောက်ရှိပါတယ်” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။
ထာ၀ရအသက်ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းက အိပ်စက်ရုံဖြင့် ပိုမိုအစွမ်းထက်လာစေသည်ဖြစ်ရာ သူကိုယ်တိုင်ပင် မုလင်းရှန်နှင့် ကျန်းယင်ယင်တို့ကို အတော်လေးအားကျနေမိသည်။
“အို၊ လင်းရှန်က ဘယ်သူနဲ့အိပ်နေတာလဲ” မုလန်က တွေဝေစွာ မေးလိုက်သည်။ သူတို့နှစ်ဦးက အိပ်စက်ခြင်းအကြောင်းကို အကြိမ်ကြိမ် ပြောနေကြသည်။
အစပိုင်းတွင် မုလန်က မုလင်းရှန်သည် သူတို့ မသေမျိုး မြင့်မြတ်သောဝေလငါး မျိုးနွယ်စု၏ မသေမျိုး ကောင်းကင်ဘုံ-ဆင်းသက်ခြင်း ကျင့်စဉ်ကို ကျင့်ကြံနေသည်ဟု ထင်မှတ်ခဲ့သော်လည်း သူတို့၏စကားများကို နားထောင်ကြည့်ရာ ပိုမိုရှုပ်ထွေးပုံရသည်။
သူ၏ အကြည့်များက ဝူယွမ်၏ ရင်ဘတ်ပေါ်ရှိ ရှေးဟောင်းကျောက်တိုင်ငယ်လေးအပေါ်သို့ စူးစိုက်သွားပြီး အစောပိုင်းက အရှေ့ဘက်ရွှမ်ဒေသတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုဖြစ်သည့် တောင်ပိုင်းနယ်မြေ ပျောက်ကွယ်သွားခြင်းကို သူ ပြန်လည်သတိရသွားသည်။
ယခုလေးတင်ပြောသွားသော ဝူယွမ်၏စကားများအရ ဉာဏ်ရည်ထက်မြက်သော မုလန်သည် ပျောက်ကွယ်သွားသော တောင်ဂိုဏ်းမှာ ဝူယွမ်၏ ရင်ဘတ်ပေါ်ရှိ ရှေးဟောင်းကျောက်တိုင်အတွင်း၌ ရှိနေသည်ကို ချက်ချင်းသဘောပေါက်သွားလေသည်။
ဤရှေးဟောင်းကျောက်တိုင်က တောင်နယ်မြေတစ်ခုလုံးကို ဆန့်အောင် ထည့်ထားနိုင်သည်လော။
မုလန်သည် ဤမျှလောက်အစွမ်းထက်သော ဝိညာဉ်ရတနာမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ပေ။
“လင်းရှန်ကို ကျင့်ကြံခြင်းနည်းလမ်းအသစ်တစ်ခု ကျွန်တော်ပေးထားတယ်၊ စီနီယာတို့ရဲ့ မသေမျိုး ကောင်းကင်ဘုံ-ဆင်းသက်ခြင်း ကျင့်စဉ်နဲ့ နည်းနည်း ဆင်တူပေမယ့် ပိုပြီး အစွမ်းထက်ပါတယ်” ဝူယွမ်က ပြုံးကာ ရှင်းပြလိုက်သည်။
“ထပ်ပြောရရင် လင်းရှန်က အခု စီနီယာတို့ရဲ့ မသေမျိုး မြင့်မြတ်သောဝေလငါး မျိုးနွယ်စု ဘိုးဘေးရဲ့ ဝင်စားခြင်းအဆင့်ကျင့်ကြံသူနဲ့ အတူတူ ရှိနေတာ၊ ကျွန်တော် ခုနက ပြောခဲ့တဲ့ အိပ်ဖော်ဆိုတာ သူမကို ပြောတာပါ”
“အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း သခင်မရဲ့ ဝင်စားခြင်းအဆင့် ကျင့်ကြံသူက ကျန်းယင်ယင်လို့ ခေါ်တဲ့ မိန်းကလေးဆီမှာ ရောက်နေတာ...”
ဝူယွမ်က မုလန်ကို စိတ်ချင်းဆက်သွယ်ကာ သူ၏ အခြေအနေအချို့ကို ရှင်းပြလိုက်သည်။
“အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းသခင်မ၊ ဘိုးဘေးလား” မုလန် လုံးဝ တုန်လှုပ်သွားလေသည်။
သူ့ဘိုးဘေး ပြန်လည်၀င်စားထားသည့် ကျင့်ကြံသူက ဝူယွမ်နှင့်အတူ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
“သူမကို ငါတွေ့လို့ရမလား” မုလန်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
အခန်း (၃၈၄) - ကောင်းကင်မိုးကြိုး ပင်လယ်နယ်မြေ၊ လျှိုရှန်ရွှမ်(၂)
“မရလောက်ဘူး စီနီယာမုလန်၊ ကျန်းယင်ယင်က အပြည့်အဝမနိုးထသေးဘူး၊ သူမက ကျန်းယင်ယင်ပဲ ရှိသေးတယ်၊ ကိုယ်ပိုင်မိသားစု၊ ကိုယ်ပိုင်ဘဝနဲ့ပါ၊ သူမ အနှောင့်အယှက် ပေးခံရတာမျိုးကို ကျွန်တော် မလိုလားဘူး၊ အနာဂတ်မှာ သူမ နိုးထလာမလားဆိုတာကတော့ နောက်မှစဉ်းစားရမယ့်ကိစ္စပါ” ဝူယွမ်က ပြတ်သားစွာ ငြင်းပယ်လိုက်သည်။
“ကောင်းပါပြီ”
မုလန်က သဘောတူရုံသာ တတ်နိုင်ပေသည်။
ဝူယွမ်၏ လက်ရှိစွမ်းအားမှာ သူ့ထက် မနိမ့်ကျသကဲ့သို့ သူသည် တောင်ဂိုဏ်းတစ်ခုလုံးကိုလည်း သယ်ဆောင်ထားလေသည်။ သူ၏ စုစုပေါင်း အင်အားမှာ သူတို့၏ မသေမျိုး မြင့်မြတ်သောဝေလငါး မျိုးနွယ်စုထက် များစွာ နိမ့်ကျနေမည် မဟုတ်ပေ။
“မင်းနဲ့ အဲဒီဝူရွှမ်ရဲ့ အခြေအနေက ဘယ်လိုလဲ” မုလန်က မေးလိုက်သည်။
ဝူယွမ်က ဖြေလိုက်သည်။ “အင်း၊ ကျွန်တော်တို့ မိစ္ဆာလေ လျှို့ဝှက်ဂူဆီကနေ ငွေရောင်စေတီလေးတစ်ခုကို လုယူခဲ့လို့ သူက လိုက်လာတာပါ”
“အို၊ ဘယ်လိုငွေရောင်စေတီမျိုးက သူ့လို လျှို့ဝှက်ဂူသခင်ကိုတောင် လန့်သွားစေရတာလဲ” မုလန် စူးစမ်းလိုစိတ် ဖြစ်လာသည်။
“အဲဒါက သံသရာဝင်စားသူတစ်ယောက်နဲ့ ဆက်စပ်နေပြီး သံသရာဝင်စားသူတစ်ယောက်ရဲ့ လျှို့ဝှက်ဂူအတွက် သော့ချက်ဖြစ်ပုံရတယ်၊ အဲဒါ ထျန်းရှန်း လေလံပွဲမှာ ထွက်ပေါ်လာခဲ့တာ” ဝူယွမ်က ဘာမှ မဖုံးကွယ်ဘဲ ပြုံးကာ ပြောလိုက်သည်။
မုလန်က ပြောလိုက်သည်။ “ဪ၊ ဒီကိစ္စကိုး၊ ငါကြားဖူးတယ်၊ အဲဒီ လျှို့ဝှက်ဂူက ကောင်းကင်မိုးကြိုးပင်လယ်နယ်မြေမှာ ရှိတယ်လို့ ပြောကြတယ်၊ ဒါပေမယ့် အထဲတော့ ငါ မဝင်ဖူးသေးဘူး၊ အဲဒီ ပင်လယ်နယ်မြေမှာ ချိတ်ပိတ်ထားတဲ့အရာ တစ်ခုခု ရှိပုံရတယ်၊ အရမ်းအစွမ်းထက်တဲ့သူတွေ ဝင်လို့မရဘူး”
“ထပ်ပြောရရင် ငါသိသလောက်တော့ အဲဒီ လျှို့ဝှက်ဂူအတွက် သော့သုံးချောင်းရှိသင့်တယ်၊ အဲဒါက မင်းတို့ရထားတဲ့ ငွေရောင် စေတီလေးပဲ၊ ကျန်တဲ့ နှစ်ခုက တခြားပင်လယ်နယ်မြေတွေမှာ ပေါ်လာပြီး ရယူပြီးသွားကြပြီ”
“ဘယ်သူတွေ ရသွားတာလဲ” ဝူယွမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ရွှမ်ထျန်း နန်းတော်နဲ့ နဝမမြောက် မြေအောက်ကမ္ဘာ ဂိုဏ်း” မုလန်က တဟားဟား ရယ်မောကာ ပြောလိုက်သည်။
“သူတို့ နှစ်ခုလုံးက ကစဉ်ကလျားမိစ္ဆာပင်လယ်မှာ အတော်လေးအစွမ်းထက်တဲ့ အင်အားစုတွေပဲ၊ မိစ္ဆာလေ လျှို့ဝှက်ဂူထက် အများကြီး ပိုအစွမ်းထက်တယ်၊ ဒါပေမယ့် မင်းနဲ့ တွေ့တာ သူတို့ကံမကောင်းတာပဲ၊ သူတို့အတွက် ဝေစုရဖို့ မလွယ်လောက်ဘူးလို့ ငါထင်တယ်”
ဝူယွမ်က ပြုံးလိုက်ပြီး ဘာမှ မပြောတော့ပေ။ မည်သူပင်ဖြစ်စေ မိုးကြိုးဘိုးဘေးအဆောင်အတွက် သူ့ကို ယှဉ်ပြိုင်လိုသူတိုင်း ဖိနှိပ်ခံရမည်သာ ဖြစ်သည်။
မုလန်နှင့် အတန်ကြာ စကားပြောပြီးနောက် ဝူယွမ်နှင့် သူ၏အဖွဲ့သည် သူတို့၏ ခရီးစဉ်ကို ဆက်လက် ထွက်ခွာခဲ့ကြသည်။
မိုးကြိုးဘိုးဘေးအဆောင် တည်ရှိရာ ပင်လယ်နယ်မြေကို ကောင်းကင်မိုးကြိုးပင်လယ်နယ်မြေဟု ခေါ်ပြီး လူနေနည်းပါးသော နေရာတစ်ခု ဖြစ်သည်။
သို့သော်လည်း ယခုအခါ သံသရာဝင်စားသူ၏ လျှို့ဝှက်ဂူအကြောင်း သတင်းများ ပြန့်နှံ့သွားသဖြင့် သတင်းကြားသော အင်အားစုအများအပြားလည်း ထိုနေရာသို့ အလျင်စလို သွားရောက်နေကြလေသည်။
လမ်းခရီးတွင် လူအများအပြားနှင့် ဝူယွမ် ကြုံတွေ့ခဲ့ရသော်လည်း သူတို့အားလုံးမှာ သူစီးနင်းလာသော ပင်လယ်ဖိနှိပ် ဆန်းကြယ်ဝေလငါးကြောင့် ကြောက်လန့်ကာ ထွက်ပြေးသွားခဲ့ကြသည်။
ဝူယွမ်နောက်သို့ လိုက်ပါလာသော ဝေလငါးကြီးသည် အခွင့်အရေးကို ရှာတွေ့သွားခဲ့ပြီဟု ဆိုနိုင်ပေသည်။
ဝူယွမ်၏ ဝိညာဉ်ဆေးပင်များ၊ ဝိညာဉ်သစ်သီးများနှင့် အခြား အထောက်အကူများ၏ အကူအညီဖြင့် ၎င်းသည် ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားခဲ့လေပြီ။
ယခုအခါ ၎င်းသည် ဝူယွမ်ကို အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုကာ သူ၏နောက်သို့ လိုက်ပါရန် စိတ်ပိုင်းဖြတ်ထားလေပြီ။
ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းရှိ ပင်လယ်နယ်မြေမှာ ယခုလေးတင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းအတွင်း နေထိုင်သော အစွမ်းထက် မျိုးစိတ်များ မရှိသေးပေ။
ဤပင်လယ်ဖိနှိပ် ဆန်းကြယ်ဝေလငါးမှာ ကောင်းမွန်သဖြင့် သူ၏ဆွေမျိုးအချို့ကို အတွင်း၌နေထိုင်ဖို့ရာ စည်းရုံးခေါ်ဆောင်လာစေရန် ဝူယွမ် စီစဉ်ထားသည်။
ထိုအစီအစဉ်မှာ ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ ရေနေပတ်ဝန်းကျင်ကို ကြွယ်ဝလာစေရန် ဖြစ်သည်။
လမ်းခရီးတွင် သူတို့သည် ငါးများ၊ ပင်လယ်မိစ္ဆာအများအပြားနှင့် ကြုံတွေ့ခဲ့ရပြီး ၎င်းတို့အားလုံးကို ဝူယွမ်က ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာမှာ ကမ္ဘာဦး အစပျိုးချိန်၊ တောရိုင်းများ ဖန်တီးသည့်အဆင့်တွင်သာ ရှိနေသည်။ အတွင်းသို့ ဝင်ရောက်လာသော သတ္တဝါများအတွက် ၎င်းသည် ကံကောင်းမှု တစ်မျိုးဖြစ်သည်ဟု ဆိုနိုင်ပေသည်...
ဝုန်း…ဂျိန်း…
ပင်လယ်ပြင်ထက်တွင် မိုးခြိမ်းသံများ မြည်ဟည်းနေပြီး ကောင်းကင်ယံတွင် မည်းနက်သော တိမ်တိုက်များ ပြည့်နှက်နေသည်။
ဆယ်ရက်ကျော်ကြာ ခရီးသွားပြီးနောက် ကောင်းကင်မိုးကြိုးပင်လယ်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဝူယွမ်သည် လေထဲတွင် လွင့်မျောနေပြီး အဝေးရှိ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ပင်လယ်ရေပြင်မှာ ပြာလဲ့လဲ့အရောင်မှ မည်းနက်သော အရောင်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး ထိုနေရာရှိ ကောင်းကင်ယံတွင်လည်း အဆုံးအစမရှိသော မည်းနက်သည့် မိုးကြိုးတိမ်တိုက်များဖြင့် ပြည့်နှက်နေသည်။
လျှပ်စီးတန်းများက ရေကူးနေသော နဂါးများပမာ ၎င်းတို့ကြားတွင် ဖြတ်သန်းသွားလာနေကြပြီး မိုးခြိမ်းသံနိမ့်နိမ့်သံများက ပဲ့တင်ထပ်ကာ ပြန့်ကျဲထွက်ပေါ်လာသည်။
မြင်ကွင်းမှာ ငွေရောင် စေတီလေးအတွင်း ဝူယွမ် မြင်တွေ့ခဲ့ရသည့်အတိုင်း တစ်ထပ်တည်းပင် ဖြစ်သည်။
“လူတွေတော်တော်များတာပဲ”
ဤအချိန်တွင် ကောင်းကင်မိုးကြိုးပင်လယ်နယ်မြေ၏ အစွန်အဖျားတွင် လေခွင်းသံများ ရံဖန်ရံခါ ထွက်ပေါ်လာပြီး ကြီးမားသော အလင်းတန်းများက ကောင်းကင်ယံကို ဖြတ်သန်းသွားကြသည်။ ဤသူများအားလုံးမှာ သံသရာဝင်စားသူ၏ လျှို့ဝှက်ဂူကြောင့် ဆွဲဆောင်ခံရသော အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်ကြောင်း ထင်ရှားလှသည်။
“ရွှမ်ထျန်းနန်းတော်နဲ့ နဝမမြောက် မြေအောက်ကမ္ဘာ ဂိုဏ်းက ဒီလောက် လူတွေအများကြီးကို ဆွဲဆောင်ပြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” ဝူယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ငွေရောင် စေတီလေးများကို ရရှိခဲ့သော အင်အားစု ခုလုံးမှာ ရတနာရှာဖွေရန် လျှို့ဝှက်စွာ ရောက်လာခဲ့ကြခြင်းဖြစ်သည်။
ဒီလူတွေက တခြား အင်အားစု နှစ်ခုရဲ့ ဆွဲဆောင်မှုကြောင့် ရောက်လာတာ ဖြစ်ရမယ်။
“ရှောင်တျောင်း၊ ညီနှစ်၊ ငါတို့ရောက်ပြီ၊ လမ်းလျှောက်ထွက်ကြတာပေါ့” ဝူယွမ်က လင်းတုန်နှင့် အခြားသူများကို ခေါ်ထုတ်လိုက်သည်။
“အစ်ကိုကြီး”
ရှောင်တျောင်း၊ လင်းတုန်၊ ရှောင်ယန်နှင့် ပိုင်ယွမ်တို့ ငါးဦးအဖွဲ့ ပြန်လည်ဆုံစည်းသွားကြသည်။
လှိုင်းထန်နေသော မိုးကြိုးပင်လယ်ပြင်ကြီးကို ကြည့်ကာ သူတို့အားလုံး အလွန်တရာ စိတ်လှုပ်ရှားနေကြသည်။
“ဒီနေရာလား၊ မိုးကြိုးဘိုးဘေးအဆောင်က” ရှောင်တျောင်းက နှုတ်ခမ်းကို သပ်လိုက်သည်။
သူတို့သည် ဒုတိယမြောက် ဘိုးဘေးအဆောင်ကို နောက်ဆုံးတွင် ရရှိတော့မည်ဖြစ်သည်။
“ရှေ့မှာ စွမ်းအင်အရှိန်အဝါတွေ အများကြီး စုစည်းနေတယ်၊ သွားကြည့်ကြတာပေါ့” ဝူယွမ်က အဝေးသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ကျွန်းတစ်ကျွန်းကို ဝေဝါးဝါးမြင်တွေ့နေရပြီး ကောင်းကင်ယံရှိ အလင်းတန်းများအားလုံး စုစည်းနေသည့် ဦးတည်ချက်မှာလည်း ထိုနေရာသို့ပင်ဖြစ်သည်။
သူတို့ ငါးဦးသည် ကောင်းကင်ယံကို ဖြတ်သန်းပျံသန်းသွားကြသည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် ဧရာမကျွန်းကြီးက သူတို့၏မြင်ကွင်းထဲသို့ ရောက်ရှိလာ၏။
ကျွန်း၏အထက်တွင် ရေတွက်၍မရနိုင်သော အလင်းတန်းများက ယှက်နွှယ်နေပြီး မျက်စိကျိန်းမတတ် တောက်ပသော အလင်းပိုက်ကွန်တစ်ခုကို ဖန်တီးထားသည်။
ကျွန်း၏ဗဟိုချက်တွင် ရှေးဟောင်း ကျောက်မြို့တော်တစ်ခု ရှိပြီး ဤအချိန်တွင် မြို့တော်သည် လူများဖြင့် စည်ကားနေကာ ဆူညံသံများက ထိုနေရာ၏ တိတ်ဆိတ်မှုကို ဖြိုခွဲနေလေသည်။
ကျွန်းပေါ်သို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဝူယွမ်၏ သိုလှောင်အိတ်အတွင်းရှိ ငွေရောင်စေတီလေးက စတင်တုန်ခါလာသည်။
“ကျန်တဲ့ ငွေရောင်စေတီလေး နှစ်ခုက ကျွန်းပေါ်မှာ ရောက်နေပြီထင်တယ်” ဝူယွမ်သည် ငွေရောင်စေတီလေး ပြသနေသည့် ဦးတည်ချက်အတိုင်း လိုက်ပါသွားလေသည်။
မကြာမီ သူတို့သည် မြို့တော်အတွင်းရှိ တစ်ခုတည်းသော ကျောက်မျှော်စင် အဆောက်အအုံသို့ ရောက်ရှိလာကြသည်။ အဆောက်အအုံ၏ အထက်တွင် လူရိပ်နှစ်ခု တည်ငြိမ်စွာ ထိုင်နေကြသည်။
ထိုလူရိပ်နှစ်ခုမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားက လက်ဖက်ရည် တစ်ခွက်ကို ဖြည်းညင်းစွာ သောက်နေပြီး သူ၏မျက်လုံးများက ဝူယွမ်နှင့် သူ့အဖွဲ့ရှိရာသို့ လှမ်းကြည့်နေသည်။
သူကလည်း ဝူယွမ်ကို အာရုံခံမိပုံရသည်။
သို့သော်လည်း ဝူယွမ်မှာ လူအုပ်ကြီးထဲတွင် ရှိနေသဖြင့် ထိုအမျိုးသားက တိတိကျကျ မမြင်တွေ့သေးပေ။
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးမှာ အသက်ရှူမှားလောက်အောင် လှပလှသည်။ သူမ၏ နူးညံ့သော လက်များက ကျောက်စိမ်းလက်စွပ်တစ်ကွင်းကို ညင်သာစွာ ကိုင်ဆောင်ထားပြီး သူမ၏ မည်းနက်သော ဆံကေသာများက နူးညံ့သော ပခုံးများပေါ်သို့ ကျဆင်းနေသည်။
သူမ၏မျက်နှာမှာ အလွန်တရာ လှပပြီး အသားအရေမှာ နှင်းပမာ ဖြူဖွေးကာ သူမ၏မျက်ခုံးများမှာ ပန်းချီရေးဆွဲထားသကဲ့သို့ လှပလှသည်။
ထိုကဲ့သို့သော အလှတရားသည် မျက်မှောင်ကြုတ်တိုင်း သို့မဟုတ် ပြုံးပြတိုင်းတွင် ငြင်းဆန်၍မရနိုင်သော ဆွဲဆောင်မှုတစ်ခုကို ထုတ်လွှင့်နေသည်။
“တတိယ ငွေရောင်စေတီလေးရဲ့ ပိုင်ရှင်လား” အဖြူရောင်ဝတ် အမျိုးသမီးက မော့ကြည့်လာကာ သူမ၏အလွန်လှပသော မျက်နှာပေါ်တွင် အပြုံးလေးဖြင့် ပြောလိုက်သည်။
အမည်းရောင်ဝတ်အမျိုးသားက ခေါင်းညိတ်ကာ တခစ်ခစ်ရယ်မောရင်း ပြောလိုက်သည်။ “သူ့နာမည်က ဝူယွမ်လို့ ပြောကြတယ်၊ ငါ ရထားတဲ့ အချက်အလက်တွေအရ ဒီငွေရောင်စေတီလေးကို သူက ဆန်းကြယ်သေခြင်းအဆင့်ထဲ ဝင်ရောက်ထားတဲ့ မိစ္ဆာလေ လျှို့ဝှက်ဂူရဲ့ အကြီးအကဲတစ်ယောက်ဆီကနေ အတင်းအဓမ္မလုယူခဲ့တာလို့ သိရတယ်”
“ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဆီကနေ တစ်ခုခုကို လုယူနိုင်တယ်ဆိုတော့ သူ့ရဲ့ စွမ်းအားက အတော်လေးကောင်းတာပဲ” အဖြူရောင်ဝတ် အမျိုးသမီးက အနည်းငယ် အံ့အားသင့်သွားသည်။
သူတို့နှစ်ဦး ဝူယွမ်အကြောင်း ဆွေးနွေးနေစဉ် ဝူယွမ်နှင့် သူ၏အဖွဲ့ကလည်း သူတို့ပတ်ဝန်းကျင်ရှိ လူများ၏ စကားပြောသံများကို နားထောင်နေကြသည်။
“အဲဒါ နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်းက နတ်ဆိုးဗိုလ်ချုပ် လေးယောက်ရဲ့ ခေါင်းဆောင် ဖန်ဟောင်ပဲ”
“သူ့ဆီမှာ ငွေရောင်စေတီလေးတစ်ခု ရှိတယ်”
“အဲဒီ အဖြူရောင်ဝတ် အမျိုးသမီးက ရွှမ်ထျန်းနန်းတော်ရဲ့ သူတော်စင်မလေး လျှိုရှန်ရွှမ်ပဲ၊ ဟဲဟဲ၊ သူမက ကစဉ်ကလျားမိစ္ဆာပင်လယ်က အလှဆုံးအမျိုးသမီးတွေထဲက တစ်ယောက်လေ”
“လှတယ်ဆိုပေမယ့် သူက ပျော်ဖို့ကောင်းတဲ့သူ မဟုတ်ဘူးလို့ ထင်တယ်၊ ဘယ်လို အမျိုးသားကများ ဒီလိုအမျိုးသမီးမျိုးကို အပြည့်အဝအညံ့ခံနိုင်အောင် လုပ်နိုင်မှာလဲ”
ဤလူများ၏ ဆွေးနွေးမှုဗဟိုချက်မှာ အလှတရားသာ ဖြစ်နေဆဲပင်။
ဝူယွမ်နှင့် သူ၏ အဖွဲ့ကလည်း သူတို့၏ စကားပြောဆိုမှုများမှ သတင်းအချက်အလက် အများအပြားကို ရရှိခဲ့ကြသည်။
“သူမက တကယ်လှပါတယ်၊ ဒါပေမယ့် ညီမလေး ပိုင်ယွမ်လောက်တော့ မလှသေးပါဘူး” ရှောင်တျောင်းက လျှိုရှန်ရွှမ်ကို တစ်ချက်ကြည့်ကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
ပိုင်ယွမ်သည် သူမ၏ ကျားနားရွက်များနှင့် လိုက်ဖက်သော အဖြူရောင် အမွေးပွခေါင်းစွပ်ကို ဝတ်ဆင်ထားသဖြင့် လမ်းသွားလမ်းလာများက သူမ၏ ပြိုင်ဘက်ကင်းအလှတရားကို တိုက်ရိုက် မမြင်တွေ့နိုင်ကြပေ။
ထိုသို့မဟုတ်လျှင် သူမသည် ကိလေသာရမ္မက်ပြည့်နှက်နေသော အဘိုးကြီးများ၏ ငေးမောကြည့်ရှုမှုများကို သေချာပေါက် ဆွဲဆောင်မိပေလိမ့်မည်။
“ငွေရောင်စေတီလေးတွေက သူတို့ဆီမှာ ရှိတာမလား၊ အစ်ကိုကြီး၊ သူတို့ဆီက အရင်လုယူလိုက်ရမလား”
လင်းတုန်က လျှိုရှန်ရွှမ်ကို တစ်ချက်ပင် မကြည့်ဘဲ တိုက်ခိုက်ရန်သာ တွေးတောနေလေသည်။